ပညာရေး အတွေးစများ
ကုရ်အာန်သုတေသီ ဦးတင်ဝင်း (LL.B)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´ ဒီကနေ့ ၂၁ရာစုမှာ မွတ်ဆလင်မ်ကမ္ဘာအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ပညာရေးစိန်ခေါ်မှုဖြစ် သည်။ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး နယ်ပယ်အသီးသီးတို့တွင် လည်ပတ်နေသည့် အရေးကြီးသည့် အခြေခံအဆောက်အအုံ ယန္တရားကြီးဖြစ်သည်။ တစ်နည်းဆိုရသော် လူသားအရင်းအမြစ် Human Resources သည် မွတ်ဆလင်မ်ကမ္ဘာအတွက် ရှားပါးပစ္စည်း ဖြစ်လာနေသည်။ ဤတွင် ပညာရေးသည် အဓိကကျ သော အခန်းကဏ္ဍက ပါလာပါသည်။ ပညာတတ်ခြင်း၊ မတတ်ခြင်းသည် လူတစ်ယောက်အား ကျွန်နှင့်သခင် လောက် ခြားနားသွားစေပါသည်။ အင်္ဂလိပ်တို့သည် မြန်မာပြည်အကြောင်းသာမက မြန်မာပြည်တွင်း ဘာရှိသည်ဆိုသည်ကအစ အကုန်သိ ထားသူဖြစ်သည်။ ထို့ကြောင့် သူ့ကျွန်ဘ၀တွင် နှစ်ပေါင်းများစွာ နေခဲ့ရခြင်းဖြစ်သည်။ အလားတူပင် တစ်ချိန်က အရဗ်တို့သည် ရေနံကို ဖင်ခုထိုင်နေရာမှ အင်္ဂလိပ်တို့ လာရောက်တူးဆွကာမှ ပိုက်ဆံတွေကို ဖင်ခုထိုင်နေမှန်း သိကြသူများဖြစ်သည်။ စင်္ကာပူနိုင်ငံကို လေ့လာကြည့်ပါဦး။ စင်္ကာပူနိုင်ငံသည် ရန်ကုန်မြို့သာသာလောက်သာ ရှိသည့်နိုင်ငံဖြစ်သည်။ တွင်းထွက် သဘာဝသယံဇာတ မထွက်သည့်နိုင်ငံဖြစ်သည်။ သို့သော် အရှေ့တောင်အာရှ နိုင်ငံတွင် အချမ်းသာဆုံးဖြစ်နေသည်။ ဂျပန်တွင် မေဂျီခေတ်တစ်ခေတ် ထွန်းကားခဲ့ဖူးသည်။ ထိုခေတ်သည် ဂျပန် တို့၏ ဉာဏ်ပညာထွန်းကားသောခေတ်ဖြစ်သည်။ ဂျပန်ဧကရာဇ်က မိမိနိုင်ငံ တိုးတက်ထွန်းကားအောင် အပြောင်း အလဲအကြီးအကျယ် ပြုလုပ်ခဲ့သည်။ မေဂျီခေတ်သည် ဂျပန်ပြည်အား ခေတ်နောက်ကျသော မြေရှင်ပေဒသရာဇ် နိုင်ငံတစ်ခုမှ ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်ခုအဖြစ်ထူထောင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ အနောက်တိုင်း တို့၏နည်းနာများကိုလေ့လာရန် စောစွာဆုံးဖြတ်ခဲ့ကြသည်။ ကမ္ဘာအနှံ့သို့ သံတမန်များစေလွှတ်ကာ အနောက် နိုင်ငံများအကြောင်းကို လေ့လာစေသည်။ နိုင်ငံခြားသာ ကျွမ်းကျင်သူများကို ငှားရမ်းသည်။ မေဂျီခေတ်အုပ်စိုးသူများသည် ပဒေသရာဇ်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းခဲ့သည်။ ဆာမူရိုင်းစစ်သည်တော် တို့ကို အငြိမ်းစားပေးခဲ့သည်။ ဆာမူရိုင်းတို့အား ဓါးလွယ်ကိုင်ခွင့်ကို ရုပ်သိမ်းခဲ့သည်။ သူတို့ခေါင်းတွင်ထားသည့် သျှောင်ကိုပင် ထားခွင့်မပြုဘဲ ပိတ်ပင်ခဲ့သည်။ အရွယ်ရောက်သူတိုင်း ပညာသင်ကြားရေးစနစ်ကို အကောင်အ ထည်ဖော်ခဲ့သည်။ ဂျပန်တို့၏ ကြီးမားသောပြုပြင်ပြောင်းလဲမှုကြောင့် ယနေ့ ဂျပန်ပြည်သည် တိုးတက်ထွန်းကား သောနိုင်ငံတစ်နိုင်ငံဖြစ်နေသည်မဟုတ်ပါလား။ တိုးတက်သော နိုင်ငံ၊ လူမျိုး၊ လူ့အဖွဲ့အစည်းတိုင်းသည် မိမိတို့၏ မူလအခြေအနေများကို အကြီးအကျယ် ပြုပြင်ပြောင်းလဲ ယူခဲ့ရသည်ချည်းသာဖြစ်သည်။ ယနေ့မွတ်ဆလင်မ်တို့အတွက် အကြီးမားဆုံးသော ပြုပြင်ပြောင်း လဲရေးမူဝါဒသည်ကား ပညာရေးသာဖြစ်သည်။ ပညာသင်ယူခြင်းသည် မွတ်ဆလင်မ်ကမ္ဘာအတွက် အဓိကကျ သော စိန်ခေါ်မှုတစ်ခုဖြစ်နေပါသေးသည်။ ပါကစ္စတန်တွင် မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရှိရေးအတွက် တက်ကြွလှုပ်ရှားသူ မာလာလာအကြောင်းကို ကြားဖူးကြပါလိမ့်မည်။ တာလီဘန်တွေက မာလာလာအား သတ်ပစ် ဖို့ ကြိုးစားနေခြင်းမှာ မာလာလာအား မုန်း၍မဟုတ်။ မွတ်ဆလင်မ်တို့၏ တိုးတက်လိုသော အတွေးအမြင်များ၊ အနာဂတ်မျှော်မှန်းချက်များအား ရိုက်ချိုးဖျက်ဆီးပစ်ခြင်းသာဖြစ်သည်။ တာလီဘန်တို့သည် ရှရီအတ်နှင့်အညီဟု သာ ပါးစပ်က ပြောဆိုနေကြသော်လည်း၊ အမျိုးသမီးကလေးငယ်များ ခေတ်ပညာသင်ကြားခွင့်ကို ပိတ်ပင်တားဆီး နေခြင်းမှာ ကျမ်းမြတ်ကုရ်အာန်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေခြင်းသာဖြစ်သည်။ တမန်တော် စာမတတ်ဟူ သော အတွေးအမြင်တစ်ရပ်ကို မွတ်ဆလင်မ်တို့ထံတွင် ရိုက်သွင်းထားကာ ပညာမတတ်၊ စာမတတ်ခြင်းသည်သာ လျှင် တမန်တော်၏ စွန္နသ်တော်တစ်ခုလိုပင်ဖြစ်နေတော့သည်။ ထို့ကြောင့်လည်း မွတ်ဆလင်မ်တို့၏ ယနေ့ပညာ ရေးကို စူးစမ်းကြည့်ပါလေ။ အရဗီ မဒရ်ဆာကျောင်းတော်ကြီးများတွင် `အစ္စလာမ်အရဗီသိပ္ပံကျောင်းတော်ကြီး´ဟူ သော ဆိုင်းဘုတ်အား အကြီးကြီးတပ်ထားကြကုန်၏။ သို့ရာတွင် သင်ကြားရသော သင်ရိုးညွှန်းတမ်းတို့သည် နှစ် တစ်ထောင်သက်တမ်းရှိသော အိုလျှင်မင်းမစွမ်းသည့် အိုမင်းမစွမ်း သင်ရိုးညွှန်းတမ်းများသာလျှင် ဖြစ်နေသေး သည်ကား မဟုတ်ပါလား။ ယနေ့မွတ်ဆလင်မ်တို့၏ ပညာရေးစနစ်သည်ကား ယနေ့နှင့်အနာဂတ် မွတ်ဆလင်မ်များအတွက် ကြောက် မက်ဖွယ်ရာဖြစ်နေပါသည်။ ပညာရေးစနစ်တစ်ခု မှားယွင်းပြီဆိုလျှင် မျိုးဆက်တစ်ဆက်ကား လုံးဝမ၏နလန်မထူ နိုင်အောင် မျိုးကန်းသွားပါလိမ့်မည်။ ပညာရေးသည် အစမ်းသပ်မခံပေ။ လုပ်ကြည့်သေးတာပေါ့။ မှားလျှင် ပြန်ပြင် ကြစို့ဟူသည့် (Trial And Error) ၀ါဒသည် ပညာရေး၌ လုပ်ဆောင်၍မရပေ။ ပညာရေးစနစ်တစ်ခု၏ ချို့တဲ့ချက်ကို သိသာထင်ရှားလာစေရန် အနည်းဆုံး (၁၀)နှစ် (၁၅)နှစ်ကြာမှ သိရသည်။ မှားမှန်းသိသောအခါ ပြန်ပြင်ကြစို့ဆို သော် နောက်မျိုးဆက်တစ်ခုကို ပြန်လည်ပျိုးထောင်ရန်မှာ (၁၀)နှစ် (၁၅)နှစ် စောင့်ရပေဦးမယ်။ ကြားကာလ အနှစ်(၂၅-၃၀) လူမျိုးနွယ်တစ်ခုလုံးမှာမူ နာလန်မထူနိုင်တော့ပေ။ မြန်မာ့ပညာရေးစနစ်လည်း ဤသို့မှားခဲ့ဖူးသည် မဟုတ်ပါလော။ တစ်ချိန်က သိပ္ပံဘာသာရပ်များကို မြန်မာ လိုသင်ကြားရမည်ဟု ညွှန်ကြားခဲ့ဖူးသည်။ သိပ္ပံပညာကို မြန်မာလိုသင်ကြားပြီး၊ မြန်မာဆေးတက္ကသိုလ်ထွက် ကျောင်းသူကျောင်းသားများသည် ဘွဲ့လွန်နှင့်ပါရဂူသင်တန်းများအတွက် အင်္ဂလန်တွင် သွားရောက်ပညာသင် ကြားရပါသည်။ ၀င်ခွင့်စာမေးပွဲများတွင် ကျရှုံးကြသည့်အခါမှ သိပ္ပံဘာသာကို အင်္ဂလိပ်လိုသင်ရမည်ဟု ဖုတ်ပူမီး တိုက်လုပ်ရပြန်တော့သည်။ သို့ရာတွင် မျိုးဆက်တစ်ဆက်သည်ကား ဆုံးရှုံးသွားရလေပြီ။ ထို့ကြောင့် အစမ်းသပ်မခံသော ပညာရေးစနစ်တွင် မွတ်ဆလင်မ်တို့၏ မှားယွင်းနေသော မဒရ်ဆာပညာ ရေးစနစ်အား အချိန်မီပြုပြင်ပြောင်းလဲပစ်နိုင်ရန် အကြံပြုဆွေးနွေးတင်ပြနေရခြင်းဖြစ်သည်။ နောက်တစ်ခုပြောလို သည်မှာ အသိပညာဖြန့်ဝေရေးကိစ္စဖြစ်သည်။ မွတ်ဆလင်မ်တို့အတွက် အသိပညာဖြန့်ဝေနိုင်သည့် အကောင်းဆုံး နေရာမှာ မစ်ဂျစ်ဗလီကျောင်းများဖြစ်သည်။ ဗလီများတွင် အနိမ့်ဆုံးအဆင့် စာကြည့်တိုက်များ ထားရှိပေးသင့်ပါ သည်။ ဗလီများတွင် စာကြည့်တိုက်များထားရှိခြင်းသည် မွတ်ဆလင်မ်တို့၏ ပညာရေးကို တစ်ဖက်တစ်လမ်းမှ ကြီး စွာအထောက်အကူဖြစ်စေပါသည်။ ကျမ်းမြတ်ကုရ်အာန်ရှိ `စာဖတ်ပါ´ဟူသော အာယတ်တော်ကို အကောင်အ ထည်ဖော်ခြင်းလည်းမည်၏။ အလျဉ်းသင့်၍ Online ပညာရေးကိုလည်း ပြောလိုပါသည်။ ကနေ့ လူကြီးလူငယ်အများဆုံး အသုံးပြုနေ သည်ကား Facebook ဖြစ်သည်။ Facebook သည် Social Network တင်မက ပညာဆည်းပူးရမည့်နေရာဆိုရင် လည်း မမှားနိုင်ပါ။ သို့ရာတွင် ယနေ့ လူကြီးလူငယ် အတော်များများ(အားလုံးမဟုတ်)သည် Facebook တွင် လူမျိုး ရေးမုန်းတီးမှု၊ ဘာသာရေးမုန်းတီးမှုများဖြင့်သာ အသုံးချနေကြသေးသည်။ အခြားသူများအတွက်ကား မပြောလို ပေ။ ကျွန်တော်တို့ မွတ်ဆလင်မ်များသည် ထိုကိစ္စကို လုံးဝရှောင်ကြဉ်ရပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင်လည်း အတိအလင်း တားမြစ်ထားပြီးဖြစ်ပါသည်။ အလွဲသုံးစားလုပ်သော မည်သူမဆို ထိုသူအား ဇွာလင်မ်ဟုသာ သတ် မှတ်ပါသည်။ ထို့ကြောင့် Facebook တွင်လည်း ကျွန်တော်တို့ မွတ်ဆလင်မ်များသည် သူများဆဲတိုင်း လိုက်မဆဲ၊ လူမျိုးရေးမုန်းတီးမှုများကို မလှုံ့ဆော်၊ မှန်မှန်ကန်ကန်အသုံးချရန် တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။