ပညာရေး အတွေးစများ (၂) 1.8.2014 ကုရ်အာန်သုတေသီ ဦးတင်ဝင်း (LL.B)
ပညာရေး အတွေးစများ (၂)
ကုရ်အာန်သုတေသီ ဦးတင်ဝင်း (LL.B)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ပြီးခဲ့တဲ့တစ်ခေါက်က ပညာရေးနဲ့ပတ်သက်ပြီး ပညာရေးအရေးကြီးပုံကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ပညာရေးသည် လူ့အဖွဲ့အစည်းတိုင်းအတွက် အခြေခံအဆောက်အအုံဖြစ်ကြောင်း၊ ပညာရေးစနစ်တစ်ခုမှားလျှင် မျိုးဆက်တစ်ခုလုံး ဒုက္ခရောက်သွားနိုင်ကြောင်းကို ဆွေးနွေးတင်ပြခဲ့ပါသည်။ ယခုတစ်ပတ်တွင် ပညာသင်ကြား နေရခြင်းရဲ့ ရည်ရွယ်ချက်ကို ဆွေးနွေးတင်ပြပါမည်။ ပညာသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်မှာ စဉ်းစားတွေးခေါ် တတ်အောင် ပြုစုပျိုးထောင်ပေးခြင်းဖြစ်ပါသည်။ ဒီကနေ့ကျွန်တော်တို့ သင်ယူခဲ့ရသည့် ပညာရပ်များသည် ကျွန်တော်တို့အား စဉ်းစားတွေးခေါ်တတ်အောင် လေ့ကျင့်ပျိုးထောင်ပေးနေသလားဆိုသည်ကို ကျွန်တော်တို့ သင် ယူခဲ့သည့် ပညာရပ်များကို အရင်ဆုံးဆန်းစစ် ဝေဖန်ကြည့်ပါမည်။ ကျွန်တော်တို့ ဆယ်တန်းတွင် ရေသည်ပြ ဇာတ်ကိုသင်ရပါသည်။ ရေသည်ပြဇာတ်တွင် ဥဒယမင်းကြီးသည် ရေသည်ယောက်ျားအား ငွေပိဿာကုဋေ တစ်ရာ နောက်ဆုံး တိုင်းပြည်တစ်ဝက်(၀ါ) တိုင်းပြည်အာဏာတစ်ဝက်ကို အပ်နှင်းလိုက်သည်။ ထိုကိစ္စကို ဥဒယ မင်းကြီးရဲ့ ကျေးဇူးကြီးမားပုံ၊ ရက်ရောသည့်ပုံစံကိုသာ သင်ကြားခံခဲ့ရသည်။ ကျောင်းသားတစ်ယောက်က ဥဒယ မင်းကြီးရဲ့ ကျေးဇူးကြီးမားပုံကိုသာ ဖော်ပြခွင့်ရှိသည်။ ဥဒယမင်းကြီးရဲ့ အသိပညာ ကင်းမဲ့မှု၊ တိုင်းပြည်ရဲ့ ဘဏ္ဍာ ငွေကိုအလွဲသုံးစား လုပ်သည့်အရာကို ကိုယ်ပိုင်အမြင်ဖြင့် ချဉ်းကပ်ခွင့်မရခဲ့ပေ။ ဤသို့စဉ်းစားတွေးခေါ်မှု မပေးခြင်းသည် ပညာရေးတွင် တွေးခေါ်မှုစနစ်အလေ့အကျင့်ကို ပိတ်ပင်လိုက်ခြင်းသာဖြစ်သည်။
တစ်ဖန် ဝေသန္တရာဇာတ်တော်ကြီးတွင်လည်း အလားတူပင်ဖြစ်သည်။ ဝေသန္တရာမင်းကြီးသည် အလှူ ရက်ရောသော ဘုရင်တစ်ပါးဖြစ်သည်။ သားတော် နှင့် သမီးတော်ကို အလှူခံသည့်အခါ အလှူပေးလိုက်သည်။ ဤတွင်လည်း ဝေသန္တရာမင်းကြီးရဲ့ သဒ္ဓါတရားကြီးမားပုံကိုသာ ဖော်ပြခွင့်ရခဲ့သည်။ ၂၁ ရာစုအမြင် ဖြင့် ဝေသန္တရာ မင်းကြီးက သားသမီးအပေါ်၌ လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်။ ထိုကိစ္စကို ဝေဖန်ခွင့်မပေး။ ထိုကိစ္စကို ဝေဖန်သုံး သပ်ကြည့်လျှင် ရှင်ဘုရင်တို့သည် အာဏာရှင်ဖြစ်သည်။ အာဏာရှင်တို့၏ လုပ်ကိုင်ဆောင်ရွက်မှုသည် မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဝေဖန်ခွင့်မရှိဆိုသည့် အတွေးအမြင်တစ်ရပ်ကို မသိမသာ ရိုက်သွင်းပေးနေခြင်း သာဖြစ်သည်။
ဤသင်ရိုးများသည် ဆယ်တန်းနှစ်တွင်ပြဌာန်းထားသည်။ မူလတန်းအဆင့်တွင်လည်း ထိုထက်ပင်သာ၍ ဆိုးသေးသည်။ ကုဋေရှစ်ဆယ်သူဌေးသားကို လေ့လာကြည့်လျှင်သိနိုင်သည်။ ကုဋေရှစ်ဆယ်သူဌေးသားက ပညာ မတတ်ခြင်း၊ မိဘအမွေချန်ခဲ့သည့် ငွေကြေးပိုက်ဆံများကို သုံးဖြုန်း၍ ဆင်းရဲရခြင်း၊ တောင်းရမ်း စားသောက် ရခြင်းများကိုသာလျှင် လေ့ကျင့်သင်ကြားပေးခြင်းခံခဲ့ရသည်။
ကဗျာကို ဝေဖန်ကြည့်ပါက …..
….. `သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်း ခိုးယူ၊ ယူ၍ပြေးရှောင်´ …… တကယ်တော့ သူဌေးသားမှာ ဘာမှအပြစ်မရှိ။ မိဘက စာမသင်ပေးလို့ သူ စာမတတ်တာ သူ့မိဘတွေသေတော့ သူ့ပစ္စည်းတွေကို ကျွန်တွေနဲ့သူခိုးတွေက ခိုးပြေးကြတာ၊ သူသုံးဖြုန်းတာ မဟုတ်။
….. ` အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်ဆွဲကာ၊ တောင်းစားပါလည်း၊ နင်သာ လူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်´ …… သူ့အိမ်ကို ရောင်းလိုက်ရတယ်။ နောက်ဆုံး သူ သူတောင်းစားဖြစ်သွားရတယ်။ ဒါပေမယ့် သူဟာရိုးသားတယ်။ ခိုးဝှက်မစားဘူး၊ တောင်းစားတယ်။ စေတနာရှိ ရင်ပေး၊ မရှိရင်မပေးနဲ့ပေါ့။ ဘာဖြစ်လို့ နင်သာလူမိုက်၊ ဒုစရိုက်ဆိုပြီး ၀ိုင်းရိုက်ရတာလဲ။ နောက်ဆုံးသူသေသွား တယ်။ ပိုက်ဆံမရှိလို့တောင်းစားတာဟာ ဒုစရိုက်မှုကျူးလွန်တာလား။ မတောင်းစားစေချင်ရင် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းက ကလေးရဲ့ပိုင်ဆိုင်မှုတွေကို ယုံကြည်စိတ်ချရတဲ့ ရပ်ကွက်လူကြီးတွေကနေ မထိန်းသိမ်း မစောင့် ရှောက်သင့်ဘူးလား။ ကလေးကငယ်သေးတယ်ဆိုပြီး လူကြီးလူကောင်းတွေက အတန်းပညာ ဆက်မထားပေး သင့်ဘူးလား။ ၀ိုင်းပြီးရိုက်သတ်လိုက်တဲ့ လူတွေကမှ ဒုစရိုက်သမားတွေ မဟုတ်ဘူးလား။
ဤကဲ့သို့စဉ်းစားမှုမျိုးကို ကျောင်းသားများအား ဆရာများက ဖော်ထုတ်ပေးရန်တာဝန်ရှိသည်။ ပညာသင် ကြားခြင်းရဲ့ ရည်ရွယ်ချက်က ဘက်စုံထောင့်စုံကနေ စဉ်းစားဝေဖန်တတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးရခြင်း ဖြစ်သည်။ တဖန် မင်းတုန်းမင်းနဲ့ငါးခြောက်ပြားကိစ္စတွင်လည်း အလားတူပင်ဖြစ်သည်။ မင်းတုန်းမင်းက ရှင်ဘုရင်မဖြစ်မီ မင်းသားလေးဘ၀တွင် ဆရာတော်တစ်ပါးထံတွင် ပညာသင်ကြားရသည်။ တစ်နေ့တွင် ဆရာ တော်က မင်းသားလေးအား ငါးခြောက်ပြားတစ်ပြားကို သိမ်းထားခိုင်းသည်။ စားမည်ဟု ကြံရွယ်၍ ငါးခြောက်ပြား ပြန်တောင်းသည့်အခါ မရှိတော့ပေ။ ထိုအခါဆရာတော်က ငါးခြောက်ပြားလေးတောင်မှ မစောင့်ရှောက်နိုင်လျှင် တိုင်းပြည်တစ်ခုလုံး မည်ကဲ့သို့စောင့်ရှောက်မည်နည်းဟု ပြောဆိုဆုံးမ၍ ကျောကွဲအောင် ရိုက်နှက်ပါတော့သည်။ သင်ခန်းစာတစ်ရပ် အနေဖြင့်မူကောင်းလှပါသည်။ ဝေဖန်ရေးအမြင်ဖြင့်ဆိုလျှင် ကလေးကိုဆုံးမဖို့ထက် ဆရာတော် က ငါးခြောက်ပြား မစားရသောကြောင့် ဒေါသမထိန်းနိုင်ဘဲ ရိုက်နှက်နေသည် မဟုတ်ပါလော။ တကယ်ဆိုလျှင် မင်းသားလေးကိုရိုက်နှက်ဖို့ကော လိုအပ်ပါသလား စသဖြင့်အမြင် ပေါင်းစုံဖြင့်စဉ်းစားတတ်အောင် ဆရာများက ဖော်ထုတ်ပေးရမည်။ သို့မှသာ ပညာရေးရည်ရွယ်ချက်ဖြင့် ကိုက်ညီပါမည်။ ပညာရေးစနစ်တစ်ခု၌ စဉ်းစား ဝေဖန်ခြင်းကို မပျိုးထောင်ပေးဘဲ တစ်လမ်းသွား စနစ်ဖြင့်တစ်ဖက်သတ် အမြင်ပုံစံမျိုးဖြင့်သာ သင်ကြားပေး ခြင်းသည် မသင့်လျော်ပေ။ ပညာရေးစနစ်ရဲ့ အဓိက ထောက်တိုင်ကို ရိုက်ချိုးဖျက်ဆီးပစ်ရာကျပါသည်။
ယနေ့ ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်း၊ အစ္စလာမ်စာသင်ကျောင်းများတွင်လည်း စဉ်းစားဝေဖန် ခြင်း ကင်းမဲ့သော ပညာရေးစနစ်မျိုးသည်သာ ကြီးစိုးလွှမ်းမိုးထားဆဲဖြစ်သည်။ မဒရ်ဆာ ကျောင်းတော်ကြီးများ တွင် ခေတ်စနစ်နှင့်လုံးဝမလျော်ညီသော စိတ်ပျက်ဖွယ်ရာ သင်ခန်းစာအများစုကိုသာလျှင် ပြဌာန်းထားလေသည်။ မဒရ်ဆာကျောင်းတော်ကြီးများတွင် ပြဌာန်းထားသည့် သင်ခန်းစာများကို သုံးသပ်ကြည့်ပါမည်။ ၀ူဇူလုပ်ပြီး လေလည်လျှင် ၀ူဇူပျက်ပါသလား။ ၀ါရှောင်ထားပြီး တံတွေးမျိုချလျှင် ၀ါပျက်ပါသလား စသည့်သင်ခန်းစာများသာ လျှင်အများစုဖြစ်သည်။ လက်ဖက်ရည်ဖန်ခွက်ထဲတွင် ယင်ကောင်တစ်ကောင်ပြုတ်ကျသွားသည်။ ထိုလက်ဖက် ရည် သောက်သုံးပါက ပိုင်မပိုင်စသည့်အရာများ။ လက်ဖက်ရည်ထဲ ယင်ကောင်ကျရင် ဖယ်ထုတ်လိုက်ပေါ့။ ဒါမှမ ဟုတ် မသတီဘူးဆိုလျှင် အသစ်တစ်ခွက်သာ ၀ယ်သောက်လိုက်ပေါ့။ ဒီလောက်လွယ်ကူရိုးရှင်းနေသည့်ကိစ္စကို ကျောင်းသင်ခန်းစာအနေဖြင့် ထည့်သွင်းသင်ကြားနေခြင်းမှာ မွတ်ဆလင်မ်တို့ ခေတ်နောက်ပြန်ဆွဲနေခြင်းသာ ဖြစ်သည်။ ဤသင်ရိုးများသည် မွတ်ဆလင်မ်ရင်သွေးငယ်များအဖို့ စဉ်းစားဝေဖန်တတ်လာအောင် မည်ကဲ့သို့ ပျိုးထောင်ပေးပါသနည်း။ ထိုကျောင်းတော်ကြီးမှ ဆင်းလာသော ကလေးငယ်များသည် မွတ်ဆလင်မ်လူ့အဖွဲ့ အစည်းကို မည်ကဲ့သို့ ဦးဆောင်မည်နည်း။ ဤအရာများသည် မွတ်ဆလင်မ်တို့၏ ၂၁ရာစု သင်ရိုးညွှန်းတမ်းများပင် ဖြစ်နေပါတော့သည်။ အဲဒီ အကျိုးဆက်က မွတ်ဆလင်မ် လူ့အဖွဲ့အစည်းထဲမှာ ကမ္ဘာနှင့်ချီသော ပြသနာတစ်ရပ် ဖြစ်လာပါပြီ။ နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်တွေက မွတ်ဆလင်မ်ကလေးငယ် အယောက်၂၀၀ ပြန်ပေးဆွဲခဲ့ကြ သည်။ မွတ်ဆလင်မ်က မွတ်ဆလင်မ်ကို ပြန်ပေးဆွဲခြင်းဖြစ်သည်။ ရှရီအတ်နဲ့မညီတဲ့ ခေတ်ပညာရပ်တွေ(၀ါ) နဆွရာနီ ပညာရပ်တွေကို သင်ယူလို့ ဆိုပြီး အကြောင်းပြချက်ပေးသည်။ သူတို့ပြောနေတဲ့ နဆွရာနီပညာရပ်သည် တစ်ချိန်က အစ္စလာမ့်ပညာရပ်တွေမှန်း ခမျာရှာတွေ မသိရှာပါ။ ရှရီအတ်ခေါင်းစဉ်တပ်ပြီး လုပ်ချင်ရာ အကုန်လုပ် နေကြသည်။
ကျမ်းတော်မြတ်ကုရ်အာန်ကတော့ဖြင့် ဝေဖန်ပိုင်းခြားတတ်သည့် ပညာရပ်များကို လေ့လာဆည်းပူးဖို့ရန် အတွက် ပြဌာန်းထားပါသည်။ (၄၉း၁၃)တွင် `အိုလူသားအပေါင်းတို့– ငါအရှင်သည် အသင်တို့အား အဖိုမျိုးစေ့၊ အမမျိုးဥတို့ ၂ ခု ပေါင်းစပ်ခြင်းဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေထားသည်။ ၎င်းပြင် ငါအရှင်သည်အုပ်စုအသီးသီး၊ မျိုး နွယ်အသီးအသီးတို့ကို ပြုလုပ်ထားတော်မူခဲ့သည်။ ဤသည်မှာတစ်ဦးကိုတစ်ဥိး အပြန်အလှန်အသိအမှတ်ပြုကြရန် အလို့ငှာ ဖြစ်သည်။ အသင်တို့အနက် အမွန်မြတ်ဆုံးသော လူသားသည် တက္က၀ါအရှိဆုံးသူသာဖြစ်သည်။
အာယတ်တွင် အလေးအနက်စဉ်းစားစရာများ အများအပြားပါဝင်နေသည်။ လူမျိုးနွယ်စုမတူခြင်းဟာ အပြန်အလှန်အသိအမှတ် ပြုရန်ဖြစ်ပေသည်။ မဒရ်ဆာကျောင်းတွေမှာ မွတ်ဆလင်မ်ကလေးတွေဟာ မွတ်ဆ လင်မ် မဟုတ်သူတွေနဲ့ လူမျိုးချင်း၊ ဘာသာချင်း၊ အသားအရောင်ချင်းမတူညီမှုအပေါ်မှာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ဖို့အတွက် သင်ခန်းစာထည့်သွင်းသင်ကြားပေးရမည်။
မတူညီတာကို အသိအမှတ်ပြုခြင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းသည် တက္က၀ါတည်းဟူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံခြင်းဖြစ်ကြောင်းရှင်းပြပေးရမည်။ ယခုက ထိုသို့မဟုတ် တက္က၀ါဆိုသည် မှာ မုတ်ဆိတ်ထားခြင်း၊ အင်္ကျီအရှည်ဝတ်ခြင်း၊ မွတ်ဆလင်မ်မဟုတ်သည့် ဆိုင်များတွင် မစားသောက်ခြင်း အစရှိ သည့် အခြေအမြစ်မရှိသည့်အရာများကို လေ့ကျင့်သင်ကြားပေးနေသည်မှာ ကုရ်အာန်၏ လမ်းညွှန်မှုအောက်တွင် အံ့သြဖွယ်ရာ ဖြစ်နေရပါတော့သည်။ ထို့ကြောင့် မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကို တိုးတက်မြင့်မားစေသူတိုင်းသည် ကုရ်အာန်နှင့်မလျော်ညီသော သင်ရိုးညွှန်းတမ်းများ မပါရှိစေရေးအတွက် ၀ိုင်းဝန်းပြုပြင် တည့်မတ်ပေးကြရန်သာ ရှိသည်။ မဒရ်ဆာကျောင်းတော်ကြီးက အစပြု၍ သင်ရိုးညွှန်းတမ်းများခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ရေးဆွဲ မည်ဆိုပါက မွတ်ဆလင်မ် လူ့အဖွဲ့အစည်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုများပါလိမ့်မည်။ စဉ်းစားစေချင် ပါသည်။
ယနေ့မဒရ်ဆာကျောင်းတော်မှ ထွက်လာသည့် ပုဂ္ဂိုလ်များ၏ အခြေအနေအား ပုံပြင်တစ်ပုဒ်ဖြင့် အဆုံးသတ်လိုပါသည်။ ဟရှရ်ကွင်းပြင်မှာ လူတစ်ယောက်ဟာ ဦးနှောက်တွေကို ရွှေလင်ဗန်းပေါ်တင်ပြီး၊ လိုက် ရောင်းနေတယ်။ ဒါနဲ့ လူတစ်ယောက်ဝယ်ချင်လို့ခေါ်ပြီး မေးကြည့်တော့၊ ဒါက ဘာဦးနှောက်လဲ။ အဲဒါက အိုင်းစတိုင်းဦးနှောက်၊ ဒေါ်လာတစ်ရာကျပါတယ်။ နောက်တစ်ခုကတော့ ဘယ်သူ့ ဦးနှောက်လဲ၊ အဲဒါက နယူတန် ဦးနှောက် ဒေါ်လာနှစ်ရာကျပါတယ်။ နောက်တစ်ခုကကော ဒေါ်လာသုံးရာပါ၊ ဆိုကရေးတီးမို့လို့ပါ။ ဒါဖြင့် ဟိုဘက် ထောင့်စွန်းကကော အဲဒါက ဒေါ်လာတစ်ထောင်ကျပါတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ဈေးကြီးရတာတုန်း။ အေး — သူက မော်လီဆပ်ဦးနှောက်မို့လို့ပါ။ အခုချိန်ထိ ဘာတစ်ခုမှ မစဉ်းစားရသေးဘူး။ အသစ်အတိုင်းပဲ ရှိသေးတယ်။ ဒါကြောင့် ဈေးကြီးတာဟူသတည်း။