ဘယ်လိုပြောင်းလဲ (Change) ကြမလဲ (အပိုင်း-၃) မုဖ်သီဦးစန်းအောင်(B.Sc)
ယနေ့ယောင်မွလ်ဂျူမုအာဟ်မှာ အလ္လာဟ်ရှင်မြတ်ကို “အေဗါဒသ်”ပြုရန် ကြွရောက်လာကြတဲ့ လေးစား အပ်ပါသော မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား- `အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု´ အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရှင်မြတ်ကို အေဗါဟ်ဒသ်ပြုခွင့်ရတဲ့အပေါ်မှာ ကျွန်တော်တို့ အားလုံး အရှင်မြတ်ကို အထူးပဲ ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ပြီးတဲ့နောက် အစ္စလာမ်နဲ့ပတ်သက်ပြီး ကျွန်တော် ဖတ်မိ၊ မှတ်မိ၊ လေ့လာမိသမျှကို ပြန်လည်တင်ပြခွင့်ရရှိတဲ့အပေါ်မှာ တင်ပြခွင့်ပြုတဲ့ ၀တ်ကျောင်းတော်အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့်တကွ ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီနေ့ ကျနော်တင်ပြဖို့ ရွေးထားတဲ့ခေါင်းစဉ်က `ဘယ်လို ပြောင်းလဲ (Change) ကြမလဲ’ (အပိုင်း-၃) ဖြစ်ပါတယ်။
ဒီခေါင်းစဉ်ရဲ့အောက်မှာ လက်ရှိကျနော်တင်ပြနေတဲ့အပိုင်းက `မည်သည့် အချက်များက (Change) ပြောင်းလဲခြင်းဖြစ်စဉ်ကို ဟန့်တားနေသနည်း´ ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၁၂.၇.၂၀၁၃) ဂျုမုအာဟ် ခွတ္တဗါဟ်မှာ ကျနော့အနေနဲ့ ပြောင်းလဲခြင်း(Change) ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေတဲ့ `ငြင်းခုံခြင်း´ (Dispute) နဲ့ `အစုအဖွဲ့တစ်ရပ်၏ တွေးမြင်ခံယူပုံဓလေ့´ (Organizational Culture) ဆိုတဲ့ အခန်းကဏ္ဍတွေကို တင်ပြ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။
ဒီအပါတ်မှာတော့ ပြောင်းလဲခြင်း (Change)ကို အဟန့်အတားဖြစ်စေတဲ့ အကြောင်း အရာတွေ အနက်က (၁) ဖြစ်ရိုးဖြစ်စဉ်ဟု ယူဆလိုက်ခြင်း (Naturalization) (၂) အပြောင်းအလဲမရှိသောဖြစ်တည်မှုဟု မှတ်ယူခြင်း (Eternali -zation ) (၃) တရားဝင်ဖြစ်တည်မှုသဖွယ် မှတ်ယူခြင်း (Legitimatization) (၄) စုံလင်ကွဲပြားမှု၏တန်ဖိုး (Valuing Diversity) ကို နားမလည်ခြင်း။ (၅) တရားမျှတမှုကို သိမြင်နားလည်စိတ် (Sense of Justice) မရှိခြင်း။ ဆိုတဲ့ အခန်းကဏ္ဍတွေကို တင်ပြသွားမှာဖြစ်ပါတယ်။ ဒီအခန်းကဏ္ဍတွေကို မတင်ပြခင်မှာ ခွတ္တဗါဟ်ရဲ့ နိဒါန်းပိုင်းမှာ ကျနော်ရွတ်ဖတ်ပြသွားတဲ့ ကုရ်အာန် (၃၀း၂၉)ကို ဦးစွာ ရှင်းလင်း တင်ပြပါရစေ။ “ သို့ပါသော်လည်း တရားမျှတမှုကို ကျောခိုင်းထားသူ `ဇွာလင်မ်´တို့က အသိပညာမဲ့စွာဖြင့် သူတို့၏ စိတ်ဆန္ဒများကိုသာ ဖ၀ါးခြေထပ်လိုက်နာလျက် ရှိကြပေသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က လမ်းမှားစေ ထားပြီးသောသူကို မည်သူက လမ်းမှန်ကို ညွှန်ကြားပြသနိုင်မည်နည်း။ သူတို့အတွက် အကူအညီပေးမည့် သူများလည်း ရှိမည်မဟုတ်ပေ။ ” ( ကုရ်အာန် – ၃၀း၂၉ )
ဒီအာယသ် (၃၀း၂၉)မှာပါတဲ့ `အလ္လာဟ်အရှင်မြတ်က လမ်းမှားစေထားပြီး´ ဆိုတဲ့ စကားရပ်ကိုတော့ နားလည်မှုမလွဲကြဖို့ ဦးစွာအသိပေးပါရစေ။ အချို့က ဒီစကားရပ်ကို ထောက်ပြပြီး၊ `အလ္လာဟ်သည် လမ်းမှားကို ပို့ဆောင်ပေးသည်´ဆိုပြီး စောဒက တက်လေ့ရှိပါတယ်။ အမှန်တကယ်မှာတော့ အလ္လာဟ်က ဘယ်လူသားကိုမှ လမ်းမှားကိုမပို့ပါဘူး။ အလ္လာဟ်အရှင်မြတ်က လူသားအတွက် မှန်ကန်တဲ့လမ်းညွှန်ချက် ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခဲ့တယ်။ ဒီကုရ်အာန်ထဲမှာ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှားဆိုတာကို လမ်းကြောင်းနှစ်သွယ်ချပေးပြီး၊ လူသားကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးတယ်။ အလ္လာဟ်အရှင်မြတ်က မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် အသိဉာဏ်ကို လည်း လူသားကိုပေးတယ်။ ဒါပေမဲ့ လူသားဟာ အလ္လာဟ်ပေးထားတဲ့အသိဉာဏ်ကို ရှေ့တန်းမတင်ဘဲ၊ မိမိရဲ့ စိတ်ဆန္ဒကို ရှေ့တန်းတင်လိုက်တဲ့အတွက် အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ထားတဲ့ ကျမ်းမြတ်ကုရ်အာန်ကို ငြင်း ပယ်ကျောခိုင်းမိသွားပါတော့တယ်။
ဒီနေရာမှာ ‘ဇွာလင်မ်’ ဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး ကုရ်အာန်ရဲ့အရဗီအသုံးကို အနည်းငယ် ရှင်းပြ ပါရစေ။ ‘ဇွာလင်မ်’ ဆိုတာက “လူတစ်ယောက်သည် မိမိပိုင်ပစ္စည်းကိုဖြစ်စေ၊ မိမိကိုယ် မိမိဖြစ်စေ၊ မိမိတတ်မြောက် ထားသော ပညာတစ်ရပ်ရပ်ကိုဖြစ်စေ၊ မှန်ကန်စွာ၊ အကျိုးရှိစွာ အသုံးမချလျှင် ထိုသူကို ‘ဇွာလင်မ်’ လို့ ခေါ်ဆိုပါ တယ်။” ဒါကြောင့် မည်သူမဆို မိမိကိုယ်မိမိလည်းကောင်း၊ မိမိပိုင်ဆိုင်မှုများကိုသော်လည်းကောင်း၊ မိမိတတ် မြောက်ထားသော ပညာရပ်တစ်ခုခုကိုသော်လည်းကောင်း၊ လူသားအကျိုးပြုလုပ်ငန်းစဉ်များမှာ မှန်မှန်ကန်ကန် အသုံးမချဘူးဆိုရင် သူဟာ ‘ဇွာလင်မ်’ ဖြစ်သွားပါလိမ့်မယ်။ ဒီအာယသ်တော်မှာပါရှိတဲ့ “အလ္လာဟ်အရှင်မြတ်က လမ်းမှားစေထားပြီး” ဆိုတာက ဘယ်လိုသဘောလဲ ဆိုတော့ အလ္လာဟ်အရှင်မြတ်က လွတ်လပ်စွာရွေးချယ်ခွင့်ပြုထားတဲ့အပေါ်မှာ လူသားရွေးချယ်ရာကို အလ္လာဟ် အရှင်မြတ်က သဘောတူလိုက်ခြင်းသာဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က လမ်းမှားဆီကို ပို့ပေးလိုက်တာ မဟုတ်ပါဘူး။ လူသားဟာ ရွေးချယ်ခွင့်မှာ လွတ်လပ်ခွင့်ရှိပေမဲ့ မိမိရွေးချယ်လိုက်တဲ့လမ်းကို လျှောက်လှမ်းတဲ့ အပေါ်မှာ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကိုတော့ လက်ခံရပါလိမ့်မယ်။ ရွေးချယ်ခွင့်၊ ငြင်းပယ်ခွင့်မရှိပါဘူး။ ဥပမာပေါ့ဗျာ- လူတစ်ယောက် တစ်ဖက်မှာ`ရေ´ရှိမယ်။ ကျန်တစ်ဖက်မှာ `မီးပုံ´ရှိမယ်။ ဒီပုဂ္ဂိုလ်ဟာ `ရေ´ကို ကိုင်မလား။ ဒါမှမဟုတ် `မီး´ကို ကိုင်မလား။ ဒါကို သူ့အနေနဲ့ ရွေးချယ်ခွင့်ရှိတယ်။ `မီး´ ရဲ့ပူလောင်မှုနဲ့ `ရေ´ ရဲ့အေးမြမှုကို ခံစားသိရှိနိုင်တဲ့ အသိဉာဏ်ကိုလည်း သူ့ကို အလ္လာဟ်အရှင်မြတ်က ပေးထားပြီးဖြစ်တယ်။ ဆိုပါတော့။ ဒီပုဂ္ဂိုလ်က `မီး´ကို ကိုင်ဖို့ရွေးချယ်ပြီး ကိုင်လိုက်ပြီဆိုပါတော့။ ဒီလို`မီး´ကို ကိုင်လိုက်တဲ့ အတွက် ခံစားရရှိလာမယ့် ပူလောင်ခြင်းဆိုတဲ့ အကျိုးဆက်ကိုတော့ သူ့အနေနဲ့ခံစားရတော့မှာပါ။ `မီး´ကို ကိုင်ပြီး တော့ `ရေ´ကို ကိုင်ခြင်းရဲ့အကျိုးဆက်ဖြစ်တဲ့ အေးမြခြင်းကို သူ့အနေနဲ့ ရွေးချယ်ခွင့်မရှိတော့ပါဘူး။ သူ့ရဲ့ ရွေးချယ်ခြင်း အပေါ်မှာ သူရရှိတဲ့အကျိုးဆက်ပါ။ ဒီသဘောတရားက အစ္စလာမ်ရဲ့ တစ်နည်းအားဖြင့် ကုရ်အာန်က ချမှတ်ထားတဲ့ ပုံသေနည်းတစ်ရပ်ပါ။ ကုရ်အာန် (၃၀း၂၉)မှာပါရှိတဲ့ ` အလ္လာဟ်အရှင်မြတ်က လမ်းမှားစေထားပြီး´ ဆိုတဲ့စကားရပ်ဟာ အမှန်တကယ်မှာတော့ `ရွေးချယ်မှုအပေါ်မှာ ရရှိလိုက်တဲ့ အကျိုးဆက်´ကို ရည်ညွှန်းနေခြင်းသာ ဖြစ်ပါတယ်။
အချို့ပုဂ္ဂိုလ်တွေ ယူဆတင်ပြထားသလို `အလ္လာဟ်အရှင်မြတ်က လမ်းမှားဆီကို ပို့ဆောင်ပေးသည်´ ဆိုတဲ့ သဘောမဟုတ်ပါဘူး။ အဲဒီတော့ ဒီအာယသ် (၃၀း၂၉)မှာပဲ `ဘိဂိုင်းရိအိလ်မ်´ ဆိုတဲ့အပိုဒ် ပါ ပါတယ်။ အဓိပ္ပါယ်ကတော့ `အသိပညာမဲ့စွာဖြင့်´ လို့ ရပါတယ်။ ဒီနေ့ ကျနော်တင်ပြမဲ့ `မည်သည့်အချက်များက ပြောင်းလဲခြင်း (Change) ကို ဟန့်တားနေပါသနည်း´ ဆိုတဲ့ ခေါင်းစဉ်ကွဲအောက်မှာ ကုရ်အာန် (၃၀း၂၉)က ရည်ညွှန်းနေတဲ့ `အသိပညာမဲ့ခြင်း´ `အသိတရားမဲ့ခြင်း´ဆိုတဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ မလိုလားအပ်တဲ့ အနေအထားတစ်ရပ်ကို အဓိကမီးမောင်းထိုးပြီး တင်ပြသွားပါမယ်။
ကျမ်းမြတ်ကုရ်အာန် (၁၃း၁၁)မှာ အလ္လာဟ်အရှင်မြတ်က လူနဲ့လူ့အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲ (Change) လုပ်ကြဖို့၊ ဒီလိုပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်တဲ့အခါမှာ လူတစ်ဦးချင်းက မိမိတို့ကိုယ် မိမိတို့၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ကြဖို့၊ မိမိတို့ကိုယ်တိုင်ကမှ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် အလ္လာဟ်အရှင်မြတ်ကလည်းပဲ ပြောင်းလဲပေးမှာမဟုတ်ဘူးလို့ ပြဌာန်းထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပြုပြင် ပြောင်းလဲမှုပြုလုပ်တဲ့အခါမှာ အဟန့်အတားဖြစ်စေတဲ့ အချက်များအနက် (၁)နဲ့(၂)ကို (၁၂.၇.၂၀၁၃)နေ့ ခွတ္တဗါဟ် မှာ တင်ပြပြီးဖြစ်တဲ့အတွက် ကျန်အချက်များကို ဒီနေ့ ခွတ္တဗါဟ်မှာအချိန်ရသလောက် တင်ပြသွားပါမယ်။
အပိုင်း(၁) ငြင်းခုံခြင်း နဲ့ အပိုင်း(၂) လူ့အစုအဖွဲ့တစ်ရပ်၏ တွေးမြင်ခံယူပုံဓလေ့ဆိုတဲ့ အပိုင်းနှစ်ပိုင်းကိုတော့ ကျနော့အနေနဲ့ (၁၂.၇.၂၀၁၃)နေ့ ခွတ္တဗါဟ်မှာ တင်ပြခဲ့ပြီးဖြစ်လို့ ဒီနေ့ (၉.၈.၂၀၁၃) ခွတ္တဗါဟ်မျာတော့ အပိုင်း(၃) က စပြီး တင်ပြသွားပါမယ်။ (၃) ဖြစ်ရိုးဖြစ်စဉ်ဟု ယူဆလိုက်ခြင်း (Naturalization) အကြောင်းအရာတစ်ခု၊ ကိစ္စတစ်ရပ်ဟာ မြင်တွေ့ဖန်၊ ကြုံတွေ့ဖန်များလာတဲ့အခါမှာ မူရင်းအမှန်တရား၊ မူရင်းပြဌာန်းချက်နှင့် လွဲနေစေကာမူ ဒီကိစ္စ၊ ဒီအကြောင်းအရာကို ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်အနေနဲ့ မှတ်ယူပြီး ဆက်လက်ကျင့်သုံးနေပါတော့တယ်။
ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းအတွင်းမှာ `အမျိုးသမီးများ ဗလီမလာရ´ဆိုတဲ့ ခွဲခြားသတ်မှတ်ချက်မျိုး ဖြစ်ပါတယ်။ မူရင်း အစ္စလာမ်ရဲ့ပြဌာန်းချက်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန် (၂း၁၁၄)မှာ အမျိုးသမီးများ ၀တ်ကျောင်းတော် သို့လာရောက်ပြီး တရားအားထုတ်၊ ဘာဝနာ စီးဖြန်းခြင်းကို တားမြစ်ခြင်းမပြုဖို့ ပြဌာန်းထားပေမဲ့ လက်ရှိ အနေအထားမှာ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအချို့မှာ အမျိုးသမီးများ ဗလီဝတ်ကျောင်းတော် တက်ရောက်ရေးဟာ တားမြစ်၊ ဟန့်တားခြင်း ခံနေရပါတယ်။ ကာလကြာမြင့်လာသည်နှင့်အမျှ အစ္စလာမ်ဘာသာဝင်အမျိုးသမီးများ ဗလီဝတ်ကျောင်းတော်၌ ၀တ်ပြုခွင့် မရရှိတော့ခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်အနေနဲ့ ယူဆလိုက်ခြင်း(Naturalization) အနေအထားသို့ရောက်ရှိ သွားပြီး အများမွတ်ဆလင်မ်တွေရဲ့အသိမှာ `အမျိုးသမီးများ ဗလီဝတ်ကျောင်းတော်မ၀င်ရ´ ဆိုတဲ့အသိက နေရာ ယူသွားပါတော့တယ်။
အလားတူပါပဲ။ ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကလေးသူငယ်များ အရွယ်မရောက်မီ အလုပ်ခွင်သို့ ၀င်ရောက်သွားခြင်းဟာ လက်ခံနိုင်ဖွယ် အနေအထားမဟုတ်ပါဘူး။ ဒါပေမဲ့ မြင်တွေ့ရဖန်များလာတဲ့အခါကျတော့ ကလေးသူငယ်များ အရွယ်မရောက်မီ အလုပ်ခွင်ထဲကို ၀င်ရောက်သွားခြင်းဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်ကို ဖြစ်သွားပါ တော့တယ်။ ဖြစ်ရိုးဖြစ်စဉ်တစ်ရပ်လို့ ယူဆလိုက်ခြင်း (Naturalization)ဟာ များပြားလာတဲ့အခါမှာတော့ ပြုပြင်ပြောင်း လဲရမယ့် အနေအထားကိုတောင်မှ ပြုပြင်ပြောင်းလဲဖို့ အားထုတ်မှု နည်းသွားပါတော့တယ်။ (၄) အပြောင်းအလဲမရှိသော ဖြစ်တည်မှုဟု မှတ်ယူခြင်း (Eternalization) လူ့အဖွဲ့အစည်းများ အတွင်းမှာ အချို့သော လူမှုဘ၀အခြေအနေများကို အပြောင်းအလဲမရှိ တည်မြဲနေ မည့် အနေအထားများအဖြစ် မှတ်ယူထားကြပါတယ်။
ဥပမာအားဖြင့် အစိုးရ၀န်ထမ်းများအကြား အကျင့်ပျက် လာဘ်စားမှုကို ပပျောက်အောင် ဆောင်ရွက်နိုင်မည်မဟုတ် ဟူသော အယူအဆမျိုးဖြစ်ပါတယ်။ အဲဒီလို အခြေ အနေတစ်ရပ်ဟာ အပြောင်းအလဲမရှိဘဲ ဖြစ်တည်နေမယ်လို့ ယူဆလိုက်တဲ့အပေါ်မှာ တိုးတက်ပြောင်းလဲအောင် ကြံဆောင်လိုစိတ်ဟာ လျော့ပါးသွားပါတော့တယ်။ (၅) တရားဝင်ဖြစ်တည်မှုသဖွယ် မှတ်ယူခြင်း (Legitimatization) တရားဝင်မဟုတ်သောအရာများ၊ တရားဝင်ပြဌာန်းထားခြင်းမရှိသည့်အရာများ။
ဥပမာ- အထက်မှာဖော်ပြခဲ့ တဲ့ ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းတားမြစ်ထားခြင်းမရှိသည့် အမျိုးသမီးများ ဗလီဝတ်ကျောင်းတော်များသို့ တက်ရောက်ခွင့်ကို ပိတ်ပင်တားဆီးခြင်း၊ လူ့အဖွဲ့အစည်းအတွင်း အကျင့်ပျက်လာဘ်စားခြင်းသည် ဘယ်သော အခါမှ မပျောက်ပျက်ဘဲ ဆက်လက်တည်ရှိသွားမည်ဟု မှတ်ယူခြင်းတို့သည် ကာလကြာမြင့်လာသည်နှင့်အမျှ Legitimatization လို့ခေါ်တဲ့ တရားဝင်ဖြစ်တည်မှုသဖွယ် မှတ်ယူသွားပါတော့တယ်။ ဒီအနေအထားက တစ်ဦး ချင်းစီရဲ့ ပြုပြင်ပြောင်းလဲခြင်း (Personal Change) ကို အကန့်အသတ်၊ အတားအဆီးတစ်ရပ် ဖြစ်လာပါတယ်။ အချိန်ပြည့်သွားပြီဖြစ်လို့ ဒီတစ်ပတ် ခွတ္တဗါဟ်ကို ဒီမှာပဲ နားလိုက်ပါတယ်။
‘အတ်စလားမုအလိုင်းကွမ်း’
မုဖ်သီဦးစန်းအောင်(B.Sc)