ဘယ်လိုပြောင်းလဲ (Change) ကြမလဲ (အပိုင်း – ၁/၂)- မုဖ်သီ ဦးစန်းအောင်(B.Sc)

ဘယ်လိုပြောင်းလဲ (Change) ကြမလဲ

ယနေ့ယောင်မွလ်ဂျူမုအာမှာ အလ္လာဟ်ရှင်မြတ်ကို အေဗါဒသ်ပြုရန် ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု´

        အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်အရှင်မြတ်ကို အေဗါဟ်ဒသ်ပြုခွင့်ရတဲ့အပေါ်မှာ ကျွန်တော်တို့အားလုံး အရှင်မြတ်ကို အထူးပဲ ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ပြီးတဲ့နောက်အစ္စလာမ်နဲ့ပတ်သက်ပြီး ကျွန်တော် ဖတ်မိ၊ မှတ်မိ၊ လေ့လာမိသမျှကို ပြန်လည်တင်ပြခွင့် ရရှိတဲ့အပေါ်မှာ တင်ပြခွင့်ပြုတဲ့ ၀တ်ကျောင်းတော်အုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်တကွ ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

ဒီနေ့ ကျွန်တော်တင်ပြရန် ရွေးထားတဲ့ခေါင်းစဉ်က `ဘယ်လိုပြောင်းလဲ (Change) ကြမလဲ´ ဆိုတဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်က  မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှုတွေ လုပ်တဲ့အခါမှာ အထူးသဖြင့် Muslim community (မွတ်ဆလင်မ်လူ့အဖွဲ့အစည်း)နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေး(Change)လုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒီလို တိုက်တွန်းချက်အပေါ်မှာ ကျွန်တော့်ကို အချို့မွတ်ဆလင်မ်တွေက ဘယ်လိုပြောင်းလဲ (Change) ရမလဲဆိုတာကို မကြာခဏမေးလေ့ရှိတယ်။ ဘာကို Change လုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။

ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က Change လုပ်ဖို့ (၁၃း၁၁)မှာ တိုက်တွန်းထားတယ်။ အဓိပ္ပါယ်က-

“ဧကန်အမှန်ပင် လူ့အစုအဖွဲ့တစ်ရပ်သည် မိမိတို့ကိုယ်ကို ပြုပြင်ပြောင်းလဲမှု မလုပ်သမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်ကလည်း (ထိုလူ့အစုအဖွဲ့ကို) ပြုပြင်ပြောင်းလဲပေးမည်မဟုတ်ပေ။”       (ကုရ်အာန် – ၁၃း ၁၁)

ဒီအာယသ်တော်အရ အလ္လာဟ်အရှင်မြတ်က Change လုပ်ခြင်းကို နှစ်သက်မြတ်နိုးတော်မူတဲ့ သဘော သက်ရောက်တယ်။ ဒါ့ကြောင့် ခေတ်တိုင်း ခေတ်တိုင်းမှာလို ဒီကနေ့ ဒီအချိန်မှာလည်း လူ့အဖွဲ့အစည်းတွေ အထူးသဖြင့် အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ကြတဲ့ Muslim Community ဟာ ပြောင်းလဲခြင်း Change ကို မဖြစ်မနေ ပြုလုပ်ရမယ်။

ဒါပေမဲ့ ဘာကို ဘယ်လို Change လုပ်ရမယ် ဆိုတာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာရှိပါတယ်။ ဥပမာ-ပြောင်းလဲမှု(Change) ပြုလုပ်ရမယ်ဆိုတော့ ယောကျာ်းတွေက မိန်းမအဖြစ်သို့ပြောင်းလဲပြီး၊ မိန်းမတွေက ယောကျာ်းတွေအဖြစ် ပြောင်းလဲရမှလား။ ဒါမှမဟုတ် မွတ်ဆလင်မ်တွေက အခြားဘာသာ၊ သာသနာကို ကူးပြောင်း ခြင်းဖြင့် အပြောင်းအလဲ(Change) လုပ်ရမှာလား၊ စသည်အားဖြင့် ဘာကို ဘယ်လို ပြောင်းလဲ(Change) ကြရမှာလဲ။ ဒီလိုမေးခွန်းတွေနဲ့ပတ်သက်ပြီး ဒီနေ့သောကြာခွတ္တဗါဟ်မှာ ကျွန်တော့်အနေနဲ့ တတ်နိုင်သလောက် ရှင်းပြသွားမှာ ဖြစ်ပါတယ်။

ပြောင်းလဲခြင်း Change ရဲ့အဓိပ္ပါယ်သတ်မှတ်ချက်ကို ဦးစွာ သိဖို့လိုအပ်တယ်။

Change = to become different – ကွဲပြားခြားနားလာသည်။

Change = to pass or make sb/sth pass from one state or form into another.

Change = to replace one thing, person, service with something new or different.

ဥပမာပေါ့ဗျာ မော်တော်ကားတစ်စီးဟာ လောင်စာဆီစစ်(Fuel filter) ပိတ်သွားတယ်ဆိုပါတော့။ ဒါဆိုရင် သေချာတဲ့ပြုပြင်မှုတစ်ခုကတော့ ဒီဆီစစ်ကို အသစ်တစ်ခုနဲ့ မပြောင်းလဲသမျှကာလပတ်လုံး ဒီကားဟာ ခရီးဆက်လို့ မရတော့ပါဘူး။ ဒါက Change ရဲ့အခြေခံသဘောကို ထင်သာမြင်သာဖြစ်အောင် အရိုးရှင်းဆုံးနည်းနဲ့ ရှင်းပြခြင်း ဖြစ်ပါတယ်။

အစ္စလာမ့်သမိုင်းမှာ တမန်တော်မြတ်(ဆွ)ဟာ အရဗ်လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို Change ပြောင်းလဲမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဟုတ်၏/မဟုတ်၏ကို ပြန်လည်သုံးသပ်ကြည့်ကြပါ။ ဒီလိုပြောင်းလဲသွားခြင်းအပေါ် ဒီအရဗ် လူ့အဖွဲ့အစည်းဟာ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ကမ္ဘာပေါ်မှာ သမိုင်းမှတ်တမ်းတင် ခံခဲ့ရပါတယ်။ တမန်တော်မြတ်ကြီးက အရဗ်လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ပြောင်းလဲပေးလိုက်တဲ့အရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တာကတော့ အလ္လာဟ်ရဲ့ဝဟီ တစ်နည်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်ပဲ ဖြစ်ပါတယ်။

အစ္စလာမ်သမိုင်းမှာ တမန်တော်မြတ်က အရဗ်လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို Change လုပ်တဲ့အခါမှာ တမန်တော်မြတ်ကြီးနဲ့ ဆွဟာဘာ သာဝကကြီးများရဲ့ စိတ်အခြေအနေ(Mind set)ဟာ “ပြောင်းလဲဝံ့ခြင်း” (Dare to Change) အနေအထားမှာ ရှိပါတယ်။ ဒီလို ပြောင်းလဲဝံ့တဲ့အနေအထား (Dare to Change) မရှိဘူးဆိုရင် ဒီအရဗ် လူ့အဖွဲ့အစည်းဟာ ဘယ်လိုမှ တိုးတက်ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ ဒါက ဘာကို ပြသလဲဆိုရင် တမန်တော်မြတ်(ဆွ) အပေါ်မှာ သူ့ရဲ့ ဆွဟာဘာ သာဝကကြီးများ ဘယ်လောက်အထိ ယုံကြည်ကိုးစားသလဲဆိုတာကို ပြသနေခြင်းပါ။

တမန်တော်မြတ်(ဆွ)ကို နှစ်နှစ်ကာကာယုံကြည်ကြတဲ့ သူ့ရဲ့ဆွဟာဘာ သာဝကကြီးများဟာ တမန်တော် မြတ်ကြီး ချပြခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို ရဲရဲဝံ့ဝံ့လိုက်နာခဲ့ကြပြီး မိမိတို့ရဲ့ မှားယွင်းနေတဲ့လမ်းစဉ်တွေကို စွန့်လွှတ်ခဲ့ကြပါတယ်။ ဒီကနေ့ တမန်တော်မြတ်ကို အလွန်မတန် ချစ်ခင်မြတ်နိုးပါတယ်ဆိုတဲ့ ကျွန်တော်တို့က မှားယွင်းနေတဲ့လမ်းစဉ်တွေကို စွန့်လွှတ်ပြီး တမန်တော်မြတ် လိုက်နာကျင့်သုံးပြသခဲ့တဲ့ ကုရ်အာန်လမ်းစဉ်ကို အမှန်တကယ် ပြောင်းလဲဖက်တွယ် လိုက်နာနေကြပြီလား ဆိုတာကို သုံးသပ်ကြည့်ကြပါဦး။ ဒီလိုပြောင်းလဲဝံ့တဲ့ သတ္တိ(Dare to change) မရှိဘူးဆိုရင် အဲဒီလူ့အစုအဖွဲ့ဟာ ဘယ်လိုမှ တိုးတက်လာမှာမဟုတ်တော့ပါဘူး။

Change ဖြစ်စဉ်ကို ဆက်စပ်ဖော်ပြနေတဲ့ ကုရ်အာန် ဆူရာဟ် အဆွရ်၊ ဆူရာဟ်အမှတ် (၁၀၃)ကို လည်း တင်ပြပါရစေ။

`ခေတ်ကာလကို တိုင်တည်ပါ၏။ ဧကန်မုချပင် လူသားသည် Dehumanization လူ့အရည် အသွေးမှ လျော့ကျသွားခြင်းအခြေအနေ၌ ရှိကြလေသည်။ သို့ရာတွင် အီမာန်သက်ဝင်ယုံကြည်ပြီး ဘ၀ကို အမှန်တရားနှင့်အညီ ပြုပြင်ပြောင်းလဲ တည်ဆောက်နေသူများ၊ ပြီးနောက် အမှန်တရား (အလ်ဟက်) ကို လူ့အဖွဲ့အစည်း၌ လှုံ့ဆော်တိုက်တွန်း နှိုးဆော်နေသူများနှင့် ဘ၀ကို ကြံ့ကြံ့ခံရင်ဆိုင် ရပ်တည်ရန် တိုက်တွန်းနှိုးဆော်သူများသည်ကား Dehumanization လူ့အရည်အသွေး နိမ့်ကျပျက်စီးသွားသူများတွင် ပါဝင်ကြမည် မဟုတ်ကြချေ။´ (ကုရ်အာန် – ၁၀၃)

အထက်ပါ ဆူရာဟ် (၁၀၃)အရ `ခေတ်စနစ်´ဆိုသည်မှာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလျက် ရှိသည်။ ထိုတိုးတက်ပြောင်းလဲလာသော ခေတ်စနစ်ကို လိုက်လျောညီထွေစွာ Change မလုပ်နိုင်သော လူ့အဖွဲ့ အစည်းသည် လူ့အရည်အသွေးမှ လျော့ကျသွားစေမည်။ Dehumanization အနေအထားသို့ ရောက်ရှိသွားပေမည်။

ဒီဆူရာဟ်မှာပါဝင်တဲ့-    `၀သ၀ါ ဆောင်ဗစ်လ် ဟက်က်၊ ၀သ၀ါ ဆောင်ဗစ်ဆွဗ်ရ်´

ဆိုတဲ့အပိုင်းကို မြန်မာဘာသာနဲ့ ပြန်ဆိုမယ်ဆိုရင်

`အမှန်တရား၊ သစ္စာတရားအတွက်နဲ့ ဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပ်တည်ရန် တိုက်တွန်းနှိုးဆော်နေသူများ´

ဒီစာပိုဒ်ကို ကျွန်တော် နိုင်ငံရေးအမြင်နဲ့ သုံးသပ်ပါရစေ။ အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့ဟာ အာဏာရှင် လက်အောက်မှာ နှစ်ပေါင်း(၅၀)ကျော် (ရာစုနှစ်တစ်ဝက်ကျော်) နေထိုင်ခဲ့ကြရတယ်။ အာဏာရှင်စနစ်ဆိုတာက မိမိအာဏာတည်မြဲဖို့ ကိုယ့်ရဲ့ ဆန့်ကျင်ဘက်ကိုဖြစ်စေ၊ ကိုယ်သဘောမကျတဲ့ လူ့အဖွဲ့အစည်းကိုဖြစ်စေ၊ လူသား အဆင့်ကနေပြီး လျော့ကျသွားအောင် ရည်ညွှန်းပြောဆို၊ လုပ်ကိုင်ပြုမူခြင်းအားဖြင့် Dehumanization လုပ်လေ့ ရှိပါတယ်။

အာဏာရှင်တွေဟာ မီဒီယာများကိုချုပ်ကိုင်ပြီး တစ်ဖက်သက်ဝါဒဖြန့်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း၊ နှစ်ပေါင်းများစွာ သွတ်သွင်းပြောဆို ၀ါဒဖြန့်ကြတယ်။ အခြားတစ်ဖက်က ဇာတ်ကြောင်း တွေ၊ အခြားတစ်ဖက်က သတင်းမှန်တွေကို ပိတ်ဆို့ပြီး မိမိလိုချင်သော၊ မိမိဖြစ်စေချင်သော သတင်းအနေအထားကိုပဲ အများပြည်သူကို ကြားနာခွင့်ပေးပါတယ်။

အဲဒီတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ အခြားတစ်ဖက်က သတင်းမှန်ကို ကြားနာခွင့်မရတော့တဲ့ အများပြည်သူတွေဟာ အဲဒီသတင်းအမှန်နဲ့အတူ ပါလာမယ့်ခံစားမှုတွေ၊ ဆင်ခြင်စဉ်းစားရမယ့် အချက်တွေကို မရရှိ တော့ပါဘူး။ ဒီအပေါ်မှာ သတင်းမီဒီယာနဲ့ ၀ါဒဖြန့်ချီရေး ယန္တရားအောက်မှာနေထိုင်ရတဲ့ သာမန် အများပြည်သူတွေ အနေနဲ့ တစ်ဦးကိုတစ်ဦး နားလည်မှုပေးဖို့ အခက်အခဲများစွာ ဖြစ်သွားရပါတယ်။

အာဏာရှင်က မိမိနဲ့ဆန့်ကျင်ဖက်တွေ မိမိ မလိုလားသူတွေကို လူသားအဖြစ်မှ လျော့ကျသွားအောင် ပြောဆိုရည်ညွှန်း Dehumanization လုပ်လေ့ရှိပါတယ်။ အာဏာရှင်တွေရဲ့ မလိုလားတဲ့အုပ်စုထဲမှာ မွတ်ဆလင်မ် တွေကို အစိုးရဌာနတွေမှာ နေရာမပေးတာတို့၊ ခရီးသွားလာခွင့် ပိတ်ပင်တာတို့၊ နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်တာတို့၊ ဘာသာရေးဆိုင်ရာ ဆောင်ရွက်ခွင့် ကန့်သတ်တာတို့၊ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း ကန့်သတ်ပိတ်ပင်တာတို့ အစရှိတဲ့ ကန့်သတ်မှုတွေဟာ အာဏာရှင်က မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကို `မလိုလားသူများ´အဖြစ် သဘောထားရှိနေတာကို ပြသနေခြင်းပါ။

မိမိနဲ့ ဆန့်ကျင်ဖက်တွေ၊ မိမိ မလိုလားသူတွေကို လူ့အဆင့်အတန်းမရှိသူများအဖြစ် Dehumanization ပြုလုပ်လိုက်တဲ့အခါ အများပြည်သူအကြားမှာ ‘Hatred’ အမုန်းပွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ပညာရှင်များရဲ့ သုတေသနအရဆိုရင် (၁၉၈၀)လွန်နှစ်များမှာ ဗုဒ္ဓဘာသာအများစု နေထိုင်တဲ့ မြန်မာနိုင်ငံမှာ မွတ်ဆလင်မ်များအပေါ် မုန်းတီးခြင်း (Hatred)ဟာ (၈၀%)ကျော် ရှိနေတာကို တွေ့ရပါတယ်။ အဲဒီတော့ မွတ်ဆလင်မ်ဆိုတာ မြန်မာ့လူ့ ဘောင်မှာ မလိုလားအပ်သော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တံဆိပ်ကပ် ခံလိုက်ရတဲ့အပေါ်မှာ တစ်နည်းအားဖြင့် အာဏာရှင်က မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကို Dehumanization လုပ်လိုက်တဲ့အပေါ်မှာ မွတ်ဆလင်မ် လူ့အဖွဲ့ အစည်းကို ရိုင်းစိုင်းကြမ်းကြုတ်စွာ ပြုမူဆက်ဆံခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ချေမှုန်းသုတ်သင်ခြင်းတို့ဟာ တရားဝင် ခွင့်ပြုထားတဲ့ အနေအထားတစ်ရပ်ဆီ ဆိုက်ရောက်သွားပါတယ်။ ဒီအခြေအနေမျိုးကို ရခိုင်ပြည်နယ်၊ မိတ္ထီလာ၊ ပဲခူးတိုင်း အနောက်ခြမ်းနဲ့ လားရှိုးမြို့တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ တွေ့ရပါတယ်။

အဲဒီတော့ ကုရ်အာန်(၁၀၃)မှာ ပါရှိတဲ့     `၀သ၀ါ ဆောင်ဗစ်လ် ဟက်က်၊ ၀သ၀ါ ဆောင်ဗစ်ဆွဗ်ရ်´

`အမှန်တရား၊ သစ္စာတရားအတွက်နဲ့ ဘ၀ကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပ်တည်ရန် တိုက်တွန်းနှိုးဆော်သူများ´ မရှိတော့ဘူးဆိုရင် ကျွန်တော်ဖတ်ဖူးတဲ့ ဒုတိယကမ္ဘာစစ်က ဖြစ်ရပ်ကလေးတစ်ခုကို တင်ပြပါရစေ။

First they came for the Jews and I did not speak out become I was not a Jew.

“ပထမဦးဆုံး သူတို့ကဂျူးတွေကို ဖမ်းဖို့ရောက်လာကြတယ်။ အဲဒီအချိန်မှာ ကျုပ်က ထုတ်ဖေါ်ကန့်ကွက်မှုတစ်ရပ်ကို မလုပ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ်က ဂျူးတစ်ယောက်မဟုတ်လို့ပါ။”

Then they came for the Communists and I did not speak out become I was not a Communist.             “နောက်တစ်ခါ သူတို့က ကွန်မြူနစ်တွေကိုဖမ်းဖို့ ရောက်လာကြပြန်တယ်။ ကျုပ်အနေနဲ့ ဘာတစ်ခွန်းမှ ထုတ်ဖေါ် ကန့်ကွက်ခြင်း မလုပ်ခဲ့ဖူးလေ။ ဘာကြောင့်လဲဆိုတော့ကျုပ်က ကွန်မြူနစ်တစ်ယောက်မှ မဟုတ်တာ။”

Then they came for the trade unionist and I did not speak out because I was not a trade unionist.

“ဒီတစ်ခါ သူတို့က အလုပ်သမားသမဂ္ဂ၀င်တွေကို ဖမ်းဖို့ရောက်လာကြပြန်တယ်။ ကျုပ်ကဘာတစ်ခွန်းမှ ထုတ်ဖေါ်ကန့်ကွက်ခြင်း မလုပ်ခဲ့ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျုပ်က အလုပ်သမားသမဂ္ဂ၀င်တစ်ယောက်မှ မဟုတ်တာကိုးဗျ။”

Then they came for me and there was no one left to speak out for me.

“နောက်ဆုံးတော့ ကျုပ်ကိုဖမ်းဖို့သူတို့ရောက်လာကြပြီ။ ကျုပ်အတွက် ထုတ်ဖေါ်ဝေဖန်ကန့်ကွက်ပေးမဲ့လူ တစ်ယောက်မှ မရှိတော့ဖူးဗျ။”

ဒီဖြစ်ရပ်ကလေးက ဘာကို ရည်ညွှန်းပြနေသလဲဆိုတော့ မိမိပတ်ဝန်းကျင်မှာဖြစ်နေတဲ့ မတရားမှုတွေဟာ မိမိနဲ့မဆိုင်ဘူးဆိုပြီး လစ်လျူရှုနေသူတစ်ဦးအတွက် နောက်ဆုံးမှာတော့ အဲဒီမတရားမှုကို မိမိကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ ခံစားလိုက်ရတယ် ဆိုတာကိုပဲ ဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်မှာ တမန်တော်မြတ်(ဆွ)က သူ့ရဲ့အရဗ်လူ့အဖွဲ့အစည်းကို ဘယ်လိုပြုပြင်ပြောင်းလဲ (Change) လုပ်ပေးခဲ့သလဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင် တမန်တော်မြတ်ဟာ အပြောင်းအလဲ(၄)ခုကို တစ်ဆင့်ပြီး တစ်ဆင့် အရဗ်လူ့အဖွဲ့ အစည်းအတွက် ပြောင်းလဲပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒါတွေကတော့-

(၁) Personal Change

တစ်ဦးချင်းစီ၏ စိတ်ထားများ၊ အပြုအမူများ နှင့် အသိအမြင်များကို ပြုပြင်ပြောင်းလဲခြင်း။

(၂) Relational Change

မိမိအုပ်စုအတွင်း၊ မိမိအုပ်စုနှင့် အခြားအုပ်စုများအတွင်း၊ ဆက်နွယ် ဆက်ဆံမှုကိုပြောင်းလဲခြင်း။

(၃) Cultural Change

ငြိမ်းချမ်းသာယာရေး၊ မျှတညီညွတ်ရေးကို တန်ဖိုးထားသော ယဉ်ကျေးမှုဆီသို့ ပြောင်းလဲခြင်း။

(၄) Structural Change

မူဝါဒနှင့် ဖွဲ့စည်းပုံများ၊ ခေါင်းဆောင်မှု ပုံသဏ္ဍာန်များ ပြောင်းလဲခြင်း။

ဆက်လက်ပြီး “ဘယ်လိုပြောင်းလဲ (Change) လုပ်ကြမလဲ” ဆိုတာနဲ့ပတ်သက်ပြီး အပိုင်း(၂)ကို နောက်တစ်ပါတ်ခွတ္တဗါဟ်မှာ ဆက်လက်တင်ပြသွားပါမယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးရင်းနဲ့ ဒီတစ်ပတ် ခွတ္တဗါဟ်ကို ဒီမှာပဲနားလိုက်ပါမယ်။

  အတ်စ္စလားမုအလိုင်းကွန်းမ် ……..

 

565656565656

 

ဘယ်လိုပြောင်းလဲ (Change) ကြမလဲ (၂)

      ဒီနေ့( ၁၂.၇.၂၀၁၃)မှာ ကျွန်တော်တင်ပြမယ့် ခွတ္တဗါဟ်ရဲ့ခေါင်းစဉ်ကတော့ “ဘယ်လိုပြေင်းလဲ (Change) ကြမလဲ – အပိုင်း(၂) ”   ဖြစ်ပါတယ်။ ဒီနေ့တင်ပြသွားမယ့် အပိုင်းမှာတော့-

“မည်သည့်အချက်များ၊ အကြောင်းအရာများက ပြောင်းလဲခြင်း(Change)ကို တားဆီးဟန့်တားနေရသနည်း” ဆိုတဲ့ အပိုင်းကို အဓိကထားပြီးတင်ပြသွားမှာ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းတစ်ရပ်အနေနှင့် `ဘယ်လိုပြောင်းလဲ (Change) ကြမလဲ´ ဟူသောမေးခွန်းကို ဖြေဆိုဖို့ ကြိုးပမ်းကြရာမှာ `မည်သည့်အချက်များက ပြောင်းလဲခြင်းကို ဟန့်တားနေသနည်း´ဆိုတဲ့ အချက်ကို ထည့်သွင်းစဉ်းစား ဖို့ လိုအပ်ပါတယ်။ ခေတ်အဆက်ဆက် လူ့အဖွဲ့အစည်းများမှာ လူ့အဖွဲ့ အစည်းဆိုင်ရာ ပြောင်းလဲခြင်း (Community Change) ကို ကန့်သတ်တားဆီးနေသော အနေအထားများ၊ အချက်အလက်များ ရှိနေပါတယ်။ ဒီအချက်အလက်တွေ၊ အနေအထားတွေကို သတိမမူဘဲ၊ မဖော်ထုတ်ဘဲ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ၊ လူ့အဖွဲ့အစည်းတစ်ရပ် ပြောင်းလဲခြင်း ပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ပြောင်းလဲခြင်းကို ကန့်သတ်တားဆီးနေတဲ့ အချက်အလက်တွေ၊ အနေအထားတွေကို တတ်နိုင်သလောက် ဖော်ထုတ်တင်ပြသွားပါမယ်။

၁။ (Dispute) ငြင်းခုံခြင်း (သို့မဟုတ်) အပြန်အလှန် ဆွေးနွေးမှုမရှိခြင်း ။

ကျမ်းတော်မြတ်ကုရ်အာန် (၄၂း၃၈) မှာ-

…..`၀အမ်ရုဟွမ် ရှူးရာ ဘိုင်းနဟွမ်း´…..

— And whose affairs are decided by their mutual consultation —– (Quran- 42 : 38)

        `သူတို့၏ အရေးအရာကိစ္စများကို သူတို့ကိုယ်တိုင် အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဆုံးဖြတ်ဆောင် ရွက်ကြသည်။´ (ကုရ်အာန် – ၄၂း၃၈)

အပြန်အလှန်ဆွေးနွေးပြောဆိုမှု (Dialogue) ဆိုတဲ့ အခန်းကဏ္ဍမှာ ပါဝင်သူတိုင်းဟာ အဖြေကိုယ်စီ ရှိနေ ကြပါတယ်။ အဲဒီအဖြေတွေကို အားလုံး အတူတကွ၊ နေရာတကျ ထားသိုနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပြန်အလှန် ဆွေးနွေးခြင်း (Dialogue) နဲ့ တစ်ဖက်သတ်ပြောဆိုငြင်းခုံခြင်း (Dispute) ကိုတော့ ခွဲခွဲခြားခြား နားလည်ထားဖို့ လိုအပ်ပါတယ်။ ဒီနှစ်ခုဟာ သဘောသဘာဝအားဖြင့် အလွန်ကွဲပြားပါတယ်။

အပြန်အလှန် ဆွေးနွေးခြင်းရဲ့သဘောက အခြေခံတူညီမှုကို ရှာဖွေခြင်းဖြစ်ပြီး၊ ငြင်းခုံခြင်းက ကွဲပြားမှုများကိုသာ ရှာဖွေခြင်းဖြစ်ပါတယ်။

အပြန်အလှန်ဆွေးနွေးခြင်းသည် တူညီသော နားလည်မှုရစေရန် ကြိုးစားခြင်းဖြစ်ပြီး၊ ငြင်းခုံခြင်းက မိမိသိသော အသိသည်သာလျှင် မှန်ကန်ကြောင်းပြရန် အားထုတ်မှုဖြစ်သည်။

အပြန်အလှန်ဆွေးနွေးခြင်းမှာ နားလည်မှုရရှိရန်၊ အဓိပ္ပါယ်သိရှိနိုင်ရန်နှင့် သဘောတူညီမှုတစ်ရပ်ကို ရှာဖွေရန် နားထောင်ခြင်းဖြစ်ပြီး၊ ငြင်းခုံမှုမှာ အပြစ်ရှာရန်၊ တန်ပြန်ငြင်းဆိုရန်အတွက်သာ နားထောင်ခြင်းဖြစ်တယ်။

အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းမှာ မိမိရဲ့ မူလအယူအဆအပေါ်မှာ ပြန်လည်သုံးသပ်မှု ပြုတယ်။ ငြင်းခုံခြင်းမှာ တော့ မိမိရဲ့ မူလအယူအဆကို အမှန်တရားအဖြစ် တရားသေ ဆုပ်ကိုင်ထားပါတယ်။ တစ်နည်းပြောရရင် အပြန်အလှန် ဆွေးနွေးမှုမှာ မိမိရဲ့ မူလပြောင်းလဲနိုင်ခြေ (Change)ကို ရှာဖွေတယ်။ ငြင်းခုံခြင်းဆိုတာက မိမိရဲ့ မူလရှိရင်းစွဲအမြင်ကိုပဲ ပိုမို ဆုပ်ကိုင်ထားခြင်းဖြစ်တယ်။

အပြန်အလှန် ပြောဆိုဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေး(Peace)ကို ဦးတည်စေတယ်။ ငြင်းခုံခြင်းကတော့ ပဋိပက္ခဖြစ်မှု၊ ၀ိဝါဒကွဲမှု (Conflict) ဆီကိုသာ ဦးတည်စေပါတယ်။

အဲဒီတော့ ကုရ်အာန်နည်းကျ တည်ငြိမ်အေးချမ်းပြီး တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြောင်းလဲလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ငြင်းခုံခြင်း (Dispute)ဆိုတာ ပြောင်းလဲခြင်း (Change) ကို ဟန့်တားနေတဲ့ အဆီးအတား တစ်ရပ် ဖြစ်နေပါတယ်။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ပြောင်းလဲခြင်းကို အဟန့်အတားဖြစ်စေတဲ့ ငြင်းခုံခြင်း ဆိုတာကို `အပြန်အလှန် ဆွေးနွေးခြင်းဆီသို့´ Change ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။

ဒါကို ကျမ်းမြတ်ကုရ်အာန် (၁၆း၁၂၅)မှာ-

`– ၀ဂျာဒီလ်ဟွမ်း ဘိလ်လသီ ဟိယာ အဟ်ဆန် –´

— And argue with them in a way that is best – (Quran-16:125)

        `သင်သည် သူတို့နှင့် အကောင်းဆုံးသောနည်းအားဖြင့် အပြန်အလှန် ဆွေးနွေးပါလေ။´(၁၆း၁၂၅)

        ကျမ်းမြတ်ကုရ်အာန် (၈း၄၆)မှာလည်း ဒီလို ပြဆိုထားပါတယ်။ အဓိပ္ပါယ်က-

သင်တို့သည် ငြင်းခုံမှုကို မပြုကြလေနှင့်။ ယင်းသည်ကား သင်တို့ လေကုန်၊ အာညောင်းရုံမျှသာဖြစ်သည်။ ပြီးနောက် သင်တို့သည် ကြံ့ကြံ့ခံကြပါလေ။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည်ကြံ့ကြံ့ခံသူတို့နှင့် အတူရှိလေသည်။ ”     (ကုရ်အာန်- ၈း၄၆)

ဒါ့ကြောင့် အပြန်အလှန်ဆွေးနွေးခြင်း (Dialogue) ဆိုတာ တစ်ဖက်နဲ့တစ်ဖက် မယုံမကြည် ဖြစ်နေတာ တွေကို ကျော်လွှားဖို့၊ ရှုပ်ထွေးနေတာတွေကို လွတ်မြောက်စေဖို့၊ အတိတ်ကို နားလည်ပြီး အနာဂတ်ကို ပွင့်လင်း မြင်သာစွာ ကြည့်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအပြန်အလှန်ဆွေးနွေးခြင်း (Dialogue)မလုပ်ဘဲ ငြင်းခုံခြင်း (Dispute) ကိုပဲ ပြုလုပ်နေကြမယ်ဆိုရင် ငြင်းခုံနေခြင်းဆိုတာက Change ပြုလုပ်ဖို့ အတားအဆီးတစ်ရပ် ဖြစ်နေပါတယ်။

၂။ အစုအဖွဲ့တစ်ရပ်၏ တွေးမြင်ခံယူပုံဓလေ့     (Organizational Culture)

လူ့အဖွဲ့အစည်းတစ်ရပ်ထဲမှာ ပါဝင်နေကြတဲ့ လူတွေရဲ့စိတ်ထဲမှာ တရားမျှတမှုကင်းမဲ့ခြင်း၊ တစ်ဖက်သားအပေါ် မတရား အမြတ်ထုတ်လိုခြင်း၊ ကြမ်းတမ်း ရိုင်းပြခြင်း၊ အပေါ်စီးက ဆက်ဆံလိုခြင်း အစရှိတဲ့ စိတ်နေသဘောထား (Mindset)တွေဟာ အခိုင်မာ ကိန်းဝပ်ပြီး (Institutionalized exploitation) ဖြစ်နေတတ်ပါတယ်။  အဲဒီလို စိတ်နေ စိတ်ထားရှိတဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ မိမိတို့ရဲ့ တရားမျှတမှု ကင်းမဲ့ခြင်း၊ ကြမ်းတမ်းရိုင်းပြခြင်းတွေကို သာမန်ဖြစ်ရိုး ဖြစ်စဉ် တစ်ရပ်အနေနဲ့ သဘောထားကြပါတယ်။ အကယ်၍များ သူတို့ရဲ့ စိတ်နေသဘောထားတွေ၊ ပြောဆိုပြုမူပုံတွေကို ဝေဖန်ဆန်းစစ်ပေးဖို့၊ ပြောင်းလဲပေးဖို့၊      တွန်းအားတစ်စုံတစ်ရာ မရှိခဲ့ဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ တိုးတက်မှု၊ ငြိမ်းချမ်းသာယာမှု ကင်းမဲ့သွားတော့မှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့်ဆိုရင် သူတို့ရဲ့ စိတ်နေသဘောထားတွေ၊ သူတို့ရဲ့ ပြုမူ၊ ပြောဆိုလုပ်ကိုင်နေပုံတွေဟာ ပြောင်းလဲခြင်း(Change)ဆီသို့ ဦးတည်ဖို့ အကန့်အသတ်၊ အတားအဆီးတွေ ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ အစုအဖွဲ့ တစ်ရပ်ရဲ့ တွေးမြင်ခံယူထားပုံ ဓလေ့တစ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်ပါ။

အစုအဖွဲ့တစ်ခုအတွင်းမှာ ပါဝင်ဖွဲ့စည်းထားတဲ့ လူတွေရဲ့ တွေးမြင်ခံယူပုံ ဓလေ့နဲ့ပတ်သက်ပြီး နောက်အုပ်စု တစ်စု ရှိပါတယ်။ သူတို့က `ငါတို့သည် သာလျှင် သာလွန်မြင့်မြတ်သူများ ဖြစ်သည်´ ဆိုတဲ့ ခံယူချက် (Internalized sense of superiority) မျိုးကို ခံယူထားကြပါတယ်။ အုပ်ချုပ်မှုစနစ်ကြောင့် ဖြစ်စေ၊ ပတ်ဝန်းကျင်အနေအထားကြောင့် ဖြစ်စေ၊ ၀ါဒတစ်ရပ်ကို သွတ်သွင်းခံထားရခြင်းကြောင့် ဖြစ်စေ၊ ဒီလို ခံယူချက်မျိုးကို ခံယူလိုက်ရခြင်း ဖြစ်ပါတယ်။ ဒီခံယူချက်က အခြားအဖွဲ့အစည်းများ၊ လူမျိုးစုများ၊ ဘာသာခြားများအပေါ် ခွဲခြားဆက်ဆံလိုစိတ် ကိုဖြစ်ပေါ်စေပါတယ်။ ပဋိပက္ခအသွင်ကို ဆောင်စေပါတယ်။

ယနေ့အခါမှာ လူအချို့ဟာ လွဲမှားနေတဲ့ တွေးမြင်ခံယူပုံဓလေ့တွေကို လက်ကိုင်ပြုထားကြပါတယ်။ သူတို့က `ငါတို့ ဂျူးဘာသာဝင်များသည်သာလျှင် အမြင့်မြတ်ဆုံးဖြစ်သည်´ဟုလည်းကောင်း၊ `ငါတို့ ခရစ်ယာန်ဘာသာဝင်များ သည်သာလျှင် အမြင့်မြတ်ဆုံးဖြစ်သည်´ဟုလည်းကောင်း၊ `ငါတို့ ဗုဒ္ဓဘာသာဝင်များသည်သာလျှင် အမြင့်မြတ်ဆုံး ဖြစ်သည်´ ဟုလည်းကောင်း၊ `ငါတို့ အစ္စလာမ်ဘာသာဝင်များသည်သာလျှင် အမြင့်မြတ်ဆုံးဖြစ်သည်´ဟု လည်း ကောင်း ခံယူကြွေးကြော်လျက် ရှိကြပါတယ်။

အမှန်တကယ်မှာတော့ လူတစ်ဦးတစ်ယောက်ဟာ မည်သည့်ဘာသာဝင်တစ်ယောက် ဖြစ်ရုံမျှနှင့်တော့ မြင့်မြတ်သူတစ်ယောက် ဖြစ်မသွားနိုင်ပါ။ သက်ဆိုင်ရာဘာသာတရား၏ အဆုံးအမများ၊ လမ်းညွှန်ချက်များကို လက်ခံယုံကြည်ပြီး၊ လက်တွေ့ကျင့်ကြံဆောင်ရွက်မှသာ မြင့်မြတ်သူဟု သတ်မှတ်နိုင်မှာပါ။ ဘာသာတစ်ခုကို အကြောင်း ပြုပြီး `အဲဒီဘာသာဝင်ဖြစ်ခြင်းသည် မြင့်မြတ်ပါသည်´လို့ ခံယူချက်ထားလိုက်ခြင်းဟာ အခြားဘာသာ၊ သာသနာကို ဖိနှိပ်ခွဲခြားခြင်းသာ ဖြစ်ပါတယ်။ မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာကို ဘာသာဝင်တစ်ဦးအနေနဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အလေးပေးခြင်းကတော့ ဘာမှဝေဖန်စရာမရှိပါဘူး။ ဒါပေမဲ့ အလွန်အမင်း အမွှန်းတင်ပြီး၊ အခြားဘာသာ၊ သာသနာကို ထိပါးပြောဆိုခြင်းကတော့ အမြင်ကျဉ်းမြောင်းခြင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် (၆း၁၀၈)မှာ ဒီလိုပြဌာန်းထားပါတယ်။

        `အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲပြီး အခြားအရာများကို ကိုးကွယ်ဆည်းကပ်နေသူများ (အစ္စလာမ်မဟုတ်သူ ဘာသာခြားများ)၏ ယုံကြည်ကိုးကွယ်မှုများကို ကဲ့ရဲ့ရှုတ်ချခြင်း မပြုလုပ်ကြနှင့်။ အကယ်၍ (ပြုလုပ်ခဲ့သည်ရှိသော်) သူတို့ကလည်း သင်တို့ ယုံကြည်အားထားရာ အလ္လာဟ်အရှင်မြတ်ကို အသိမဲ့စွာဖြင့် ပြန်လည်တုံ့ပြန် ကဲ့ရဲ့ရှုတ်ချကြလိမ့်မည်´ (ကုရ်အာန် – ၆း၁၀၈)

ကုရ်အာန် (၆း၁၀၈)ရဲ့ ပြဌာန်းချက်အရဆိုလျှင် အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ အစ္စလာမ် မဟုတ်သည့် အခြားဘာသာများ၏ ယုံကြည်ကိုးကွယ်မှုကို ကဲ့ရဲ့ရှုတ်ချခြင်း ပြုလုပ်ခွင့် အလျဉ်းမရှိပါ။

ဒါကြောင့် အစုအဖွဲ့အသီးသီးမှာပါဝင်ကြတဲ့ လူများရဲ့ တွေးမြင်ခံယူပုံ ဓလေ့စရိုက် (Organizational culture) ဟာ မှန်ကန်မှု၊ မျှတမှု မရှိခဲ့လျှင် Change of Community လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြောင်းလဲခြင်းမှာ အကန့်အသတ်၊ အတားအဆီးတစ်ရပ် ဖြစ်လာပါလိမ့်မယ်လို့ ပြောကြားရင်းနဲ့ ဒီတစ်ပါတ်ခွတ္တဗါဟ်ကို ဒီနေရာမှာပဲ နိဂုံးချုပ်လိုက်ရပါတယ်။

     အတ်စ္စလားမုအလိုင်းကွန်းမ် ……..

မွဖ်သီ ဦးစန်းအောင် (B.Sc)