ဘယ်လိုပြောင်းလဲ (Change) ကြမလဲ (အပိုင်း – ၄)- မုဖ်သီ ဦးစန်းအောင်(B.Sc)

ဘယ်လိုပြောင်းလဲ (Change) ကြမလဲ

(အပိုင်း-၄)

မုဖ်သီဦးစန်းအောင် (B.Sc)

ယနေ့ယောင်မွလ်ဂျူမုအာဟ်မှာ အလ္လာဟ်ရှင်မြတ်ကို “အေဗါဒသ်”ပြုရန် ကြွရောက်လာကြတဲ့ လေးစား အပ်ပါသော မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ  ၀ဘရ်ကဟ်သုဟု´

        အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရှင်မြတ်ကို အေဗါဟ်ဒသ်ပြုခွင့်ရတဲ့အပေါ်မှာ ကျွန်တော်တို့ အားလုံး အရှင်မြတ်ကို အထူးပဲ ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ပြီးတဲ့နောက် အစ္စလာမ်နဲ့ပတ်သက်ပြီး ကျွန်တော် ဖတ်မိ၊ မှတ်မိ၊ လေ့လာမိသမျှကို ပြန်လည်တင်ပြခွင့်ရရှိတဲ့အပေါ်မှာ တင်ပြခွင့်ပြုတဲ့ ၀တ်ကျောင်းတော်အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့်တကွ ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

ယနေ့ ကျနော်တင်ပြသွားမယ့်ခေါင်းစဉ်ကတော့ ကျွန်တော် အခန်းဆက်အဖြစ် ဟောကြားတင်ပြနေတဲ့ `ဘယ်လိုပြောင်းလဲ (Change) ကြမလဲ´ အပိုင်း(၄)ကို ဆက်လက်တင်ပြသွားပါမယ်။ ဒီခေါင်းစဉ်ကြီးရဲ့အောက်မှာ ကျနော်တင်ပြနေတာက `မည်သည့်အချက်များက (Change) ပြောင်းလဲခြင်းဖြစ်စဉ်ကို ဟန့်တားနေသနည်း´ဆို တဲ့ Subtitle ခေါင်းစဉ်ကွဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကွဲအောက်မှာ ကျနော့်အနေနဲ့

(၁) ငြင်းခုံခြင်း (Dispute)

(၂) အစုအဖွဲ့တစ်ရပ်၏ တွေးမြင်ခံယူပုံဓလေ့ (Organizational Culture)

(၃) ဖြစ်ရိုးဖြစ်စဉ်ဟု ယူဆလိုက်ခြင်း   (Naturalization)

(၄) အပြောင်းအလဲမရှိသောဖြစ်တည်မှုဟု မှတ်ယူခြင်း  (Eternalization )

(၅) တရားဝင်ဖြစ်တည်မှုသဖွယ် မှတ်ယူခြင်း  (Legitimatization)

        ဆိုတဲ့ လူ့အစုအဖွဲ့တစ်ရပ်အတွင်းမှာ ပြုပြင်ပြောင်းလဲခြင်း (Change) ကို ဟန့်တားပိတ်ဆို့မှုပြုနေတဲ့ အယူအတွေးတွေကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီကနေ့ (၆-၉-၂၀၁၃)မှာတော့ ပြုပြင်ပြောင်းလဲမှုကို အဟန့်အတား ဖြစ်စေတဲ့   (၆) စုံလင်ကွဲပြားမှု၏တန်ဖိုး  (Valuing Diversity)  ကို နားမလည်ခြင်း ဆိုတဲ့အပိုင်းကို ဆက်လက် တင်ပြသွားပါမယ်။ ဒီလိုမတင်ပြခင်မှာ ကျနော် နိဒါန်းပိုင်းမှာ ရွတ်ဖတ်သွားတဲ့ ကုရ်အာန် (၆း၁၃၅)ကို ဦးစွာ ရှင်းလင်းတင်ပြပါရစေ။ သူ့ရဲ့အဓိပ္ပါယ်က –

“ သင်တမန်တော် ကြွေးကျော်လိုက်ပါ။ အို .. အမျိုးသား (မက္ကာဟ်သား) အပေါင်းတို့ သင်တို့သည် သင်တို့၏ရပ်တည်ချက်ကို အကောင်အထည်ဖော်ကြပါလေ။ ငါ (တမန်တော်)သည်လည်း ငါ၏ရပ်တည်ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်သည်။ သို့ဖြစ်ရာ မကြာခင်သော အချိန်ကာလမှာ အောင်မြင်ခြင်း ပန်းတိုင်သည် ဘယ်သူ့အတွက်ဖြစ်သည်ဆိုသည်ကို သင်တို့ သိမြင်လာကြပေတော့မည်။ ဧကန်အမှန်ပင် အရှင်မြတ်သည် `ဇွာလင်မ်´ ခေါ် `မတော်မတရားပြုလုပ်နေသူများကို အောင်မြင်မှုကို ချီးမြှင့်တော်မူမည် လုံးဝ မဟုတ်ပေ။ ”    ( ကုရ်အာန် – ၆း၁၃၅ )

ဒီကုရ်အာန်အာယသ်ဟာ တမန်တော်မြတ်ကြီးရဲ့ အင်မတန်မှ တိကျပြတ်သားတဲ့လမ်းစဉ်တစ်ရပ်ပဲ ဖြစ်ပါ တယ်။ ဒီကနေ့ တမန်တော်မြတ်ရဲ့လမ်းစဉ်ကို လိုက်နာဖော်ဆောင်လိုသူတွေအတွက်၊ တမန်တော်မြတ်ကို ချစ်မြတ် နိုးသူများအတွက် စံနမူနာယူရမယ့် အတုယူလိုက်နာရမယ့် ကုရ်အာန်ပြ လမ်းစဉ်တစ်ရပ်ပဲ ဖြစ်ပါတယ်။

ကျနော်တို့ရဲ့ တမန်တော်မြတ်(ဆွ)ဟာ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချထားတဲ့ ကုရ်အာန်လမ်းစဉ် အပေါ်မှာသူ့ရဲ့ဦးတည်ချက်၊ရည်ရွယ်ချက်တွေကိုအခြေပြုခဲ့ပါတယ်။ဒီလိုအခြေပြုတဲ့အပေါ်မှာအစ္စလာမ်ကို၊ ကုရ်အာန်ကို မလိုလားတဲ့ `မက္ကာဟ်´သားတွေဟာ တမန်တော်မြတ်ကို ဆန့်ကျင်စော်ကားကြတယ်။ စင်ပြိုင်လုပ် ရပ်တွေကို အပြိုင်လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ တမန်တော်မြတ် လျှောက်လှမ်းခဲ့တဲ့လမ်းစဉ် အောင်မြင်ခဲ့တာကို အချိန် က အဆုံးအဖြတ်ပေးခဲ့ပါတယ်။

ဒါကြောင့် ဒီကနေ့မှာလည်း စစ်မှန်တဲ့လမ်းစဉ်အပေါ်မှာ ဘ၀ကို လျှောက်လှမ်းတည်ဆောက်နေသူတွေ ရှိသလို အတုအယောင်တွေကို အစစ်အမှန်ဆိုပြီး ဘ၀ကို ပုံအပ်ကာ လျှောက်လှမ်းနေသူများလည်း ရှိပါတယ်။ ဘယ်သူမှန်တယ်ဆိုတာကတော့ အထက်ပါ ကုရ်အာန်(၆း၁၃၅)က ရည်ညွှန်းသလို `အချိန်´က ဆုံးဖြတ်ပေးပါလိမ့် မယ်။ ဒါကြောင့် စစ်မှန်တဲ့ ကုရ်အာန်လမ်းစဉ်အပေါ်မှာ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့နှင့်အညီ ယုံယုံကြည်ကြည် လုပ်ဆောင်ကြဖို့ ကျနော့်အနေနဲ့ ဦးစွာပထမ တိုက်တွန်းလိုက်ပါတယ်။

ဆက်လက်ပြီး ကျနော့်အနေနဲ့ ကျနော် တာဝန်ယူထားတဲ့ အခန်းကဏ္ဍကို ဆက်လက်တင်ပြသွားပါမယ်။

(၆) စုံလင်ကွဲပြားမှု၏တန်ဖိုး  (Valuing Diversity)  ကို နားမလည်ခြင်း။

စုံလင်ကွဲပြားမှု၏တန်ဖိုးကို နားမလည်ဘူးဆိုရင်၊ လက်မခံနိုင်ဘူးဆိုရင် လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပြုပြင် ပြောင်းလဲခြင်း (Change) လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဒီကနေ့ ကျနော်တို့ရဲ့ လူ့အစုအဖွဲ့အသီးသီးမှာ လူ့ကမ္ဘာမှာ မတူ ကွဲပြားနေတဲ့ စုံလင်ကွဲပြားမှုတွေကို နားလည်တန်ဖိုးထားတတ်ရပါလိမ့်မယ်။

ကျမ်းမြတ်ကုရ်အာန် (၆း၁၄၁)မှာ အလ္လာဟ်အရှင်မြတ်က ဒီလိုမိန့်ကြားထားပါတယ်။

“ အလ္လာဟ်အရှင်မြတ်သည် ဥယျာဉ်များကို ဖြစ်ထွန်းစေပြီး ယင်းဥယျာဉ်များ၌ တွယ်တက်သော နွယ်ပင် မျိုးကိုလည်းကောင်း၊ နွယ်ပင်မျိုးမဟုတ်သော (မိမိ၏ပင်စည်အပေါ် ရပ်တည်နိုင်သော) အပင်များကိုလည်းကောင်း၊ အရသာနှင့်ပြည့်စုံသော စားသုံးဖွယ်ရာ စွံပလွံပင်ကိုလည်းကောင်း၊ အရောင်အသွေး အရသာအမျိုးမျိုး ကွဲပြားစုံလင် လှသော သီးပင်စားပင်များကိုလည်းကောင်း၊ မျိုးတူမျိုးကွဲဖြစ်ကြသော ဆီထွက်သီးနှံနှင့် သလဲသီးများကိုလည်း ကောင်း၊ ပေါက်ရောက်ဖြစ်ထွန်းစေသည်။

        အသင်တို့သည် ယင်းအပင်များ၊ အသီးအနှံများကို သီးပွင့်လာကြသောအခါ စားသုံးကြပါလေ။ ထို့ပြင် အသီးအနှံများကို ဆွတ်ခူးရိတ်သိမ်းသောအခါ ပေးကမ်းလှူဒါန်းမှုကိုလည်း တာဝန်ကျေစွာ ပြုလုပ်ဆောင်ရွက်ကြပါ လေ။ သင်တို့ အလွဲသုံးစားမပြုကြလေနှင့်။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည် ဖြုန်းတီးခြင်း၊ အလွဲသုံးစားပြု လုပ်ခြင်းကို လုံးဝ နှစ်သက်သည်မဟုတ်ပေ။ ”       ( ကုရ်အာန် – ၆း၁၄၁ )

ဒီအာယသ်ကို လေ့လာကြည့်မယ်ဆိုလျှင် အခြေခံသဘောအရတော့ အလ္လာဟ်အရှင်မြတ်က လူသားတို့ စားသုံးဖို့ အပင်မျိုးစုံ၊ အသီးအနှံမျိုးစုံကို စီရင်ဖြစ်ထွန်းစေထားတယ်။ ဒီအပင်တွေ၊  အသီးအနှံတွေကို လူတွေက စားသုံးကြတယ်။ လှူဒါန်းပေးကမ်းကြတယ်။ အလွဲသုံးစားမပြုလုပ်ဖို့ မဖြုန်းတီးဖို့ အလ္လာဟ်အရှင်မြတ်က တားမြစ် သတိပေးထားတယ်။ သာမန်ကြည့်မယ်ဆိုရင်တော့ ဒီလောက်ပဲပေါ့။ ဒါပေမဲ့ ဒီအာယသ်ကို သေသေချာချာ လေ့လာမယ်ဆိုရင်တော့ ဒုတိယအဆင့် တွေးမြင်ပုံ (Secondary thought) တစ်ရပ်ကို တွေ့မြင်သိရှိရပါတယ်။ ဒုတိယအဆင့် တွေးမြင်ပုံအရဆိုရင် –

“ အလ္လာဟ်အရှင်မြတ်က အရောင်အသွေးစုံ၊ အရသာစုံ၊ အမျိုးအစားစုံ၊ အရွယ်စုံအပင်များ၊ သစ်သီး ၀လံများကို တစ်နည်းအားဖြင့် မတူကွဲပြားသောအပင်နှင့် သစ်သီးဝလံများကို လူသားတွေ စားသုံးဖို့အတွက် လူသားတွေ အကျိုးရှိစေဖို့အတွက် စီရင်ဖြစ်ထွန်းစေထားတယ်။ လူသားတွေဘက်က အလ္လာဟ်အရှင်မြတ်ရဲ့ မတူကွဲ ပြားစွာ ဖြစ်ပေါ်စေမှုကို နားလည်သဘောပေါက်ပြီး လက်ခံပေးရမယ်။ အသိအမှတ်ပြုရမယ်။ အလွဲသုံးစား မပြုရဘူး”    ဆိုတဲ့ သဘောတရားကို ရည်ညွှန်းနေတာ တွေ့မြင်ရပါတယ်။

ကျနော်တို့ ဒီကနေ့ ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဖန်ဆင်းခံအရပ်ရပ်ကို လေ့လာသုံးသပ်ကြည့်လိုက်တဲ့အခါမှာ မတူကွဲပြားမှု(Diversity)အမျိုးမျိုးကို တွေ့မြင်ရပါလိမ့်မယ်။ ဥပမာ ယခင်က မေမြို့လို့ခေါ်တဲ့ ပြင်ဦးလွင်မြို့မှာ အင်မတန်မှ လှပတဲ့ အမျိုးသားဥယျဉ်ကြီးတစ်ခုရှိပါတယ်။ ဒီဥယျာဉ်ထဲကို ရောက်သွားမယ်ဆိုရင် အရမ်းအေးချမ်းသွားပါတယ်။ ကြည်နူးသွားရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥယျာဉ်ထဲ မှာ အရောင်အသွေးစုံ၊ အမျိုးအစားစုံ၊ အရွယ်စုံ၊ သစ်ပင်တွေ၊ ပန်းပင်တွေရှိလို့ပါပဲ။ ဒီလိုစုံလင်စွာ တည်ရှိနေမှုကို ကြည့်ရတာ အင်မတန်မှ စိတ်ကြည်နူးရပါတယ်။ အကယ်၍ ဒီပန်းခြံဥယျာဉ်ကြီးထဲမှာ တစ်မျိုးတည်းသော၊ တစ်ရောင်တည်းသော ပန်းပွင့်တွေပဲရှိမယ်ဆိုရင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်ပါ။

ဒါကြောင့် ပြုပြင်ပြောင်းလဲရေး (Change) ကို လိုလားတဲ့ လူ့အစုအဖွဲ့တစ်ရပ်ဟာ စုံလင်ကွဲပြားမှု၏တန်ဖိုး (Valuing Diversity) ကို နားလည်အသိအမှတ်ပြု လက်ခံပေးရပါလိမ့်မယ်။ စုံလင်ကွဲပြားမှု၏တန်ဖိုးကို နားလည် အသိအမှတ်ပြုလက်ခံခြင်းသည် စည်းလုံးညီညွတ်ခြင်းဆီသို့ သွားမယ့်လမ်းရဲ့ မုခ်ဦးတံခါးပေါက်သာလျှင်ဖြစ်သည်။ ဒီမုခ်ဦးကို ကျော်ဖြတ်လိုက်မယ်ဆိုရင် အတွင်းဘက်မှာ လူ့အစုအဖွဲ့တစ်ရပ်လုံးက တူညီစွာလက်ခံထားတဲ့ တန်ဖိုး တစ်ရပ်ကို တွေ့မြင်ရပါလိမ့်မယ်။

ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ လူ့အဖွဲ့အစည်းအသီးသီးမှာ လက်မခံနိုင်တဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါ ကတော့ လူလူချင်းဖြစ်ပေမဲ့ အသားအရောင်မတူတဲ့အပေါ်မှာ၊ ယုံကြည်ချက်မတူတဲ့အပေါ်မှာ၊ လူမျိုးနဲ့ဘာသာမတူတဲ့ အပေါ်မှာ၊ ခံယူချက်မတူတဲ့အပေါ်မှာ၊  နေထိုင်ရာဒေသ မတူတဲ့အပေါ်မှာ အစရှိ သည်ဖြင့် ခွဲခြားဆက်ဆံမှု (Discrimination) ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ စုံလင်ကွဲပြားမှုရှိခြင်း (Diversity) ကို တန်ဖိုးအဖြစ် မရှုမြင်တတ်ဘူးဆိုရင်တော့ ခွဲခြားဆက်ဆံမှု (Discrimination)ဆိုတာ နေရာဝင်ယူလာပါလိမ့်မယ်။ အမျိုးအစား စုံလင်ခြင်းဆိုသည်မှာ ကွဲပြားခြားနားသော ဖြစ်တည်မှုရှိသည်ဟူသော အဓိပ္ပါယ်ကို သက်ရောက်စေပါတယ်။

အဲဒီတော့ လူ့အစုအဖွဲ့တစ်ရပ်မှာ မိမိနှင့်ကွဲပြားခြားနားသော အခြားလူမျိုးစု၊ လူအုပ်စုကို နှိမ့်ချခွဲခြား ဆက် ဆံခြင်းဟာ မိမိရဲ့ဖြစ်တည်မှုကသာ အခြားသူတွေထက် သာလွန်သည်ဟု ယူဆလိုက်တဲ့အပေါ်မှာ ခွဲခြားဆက်ဆံမှု (Discrimination)အဆင့်ကို ရောက်ရှိသွားရပါတယ်။ စုံလင်ကွဲပြားမှုကို တန်ဖိုးထားခြင်း (Valuing Diversity) ကို နားလည်လက်ခံမှသာ ခွဲခြားဆက်ဆံမှုနဲ့ အဲဒီခွဲခြားဆက်ဆံမှုကတဆင့် ဖြစ်ပေါ်လာတတ်တဲ့ ဖိနှိပ်မှုနဲ့ လူမှုပဋိပက္ခ တွေကို ရှောင်ရှားနိုင်ဖြစ်တယ်။

လွန်ခဲ့တဲ့တစ်လလောက်က အမေရိကန်နိုင်ငံသား ဂျပန်လူမျိုးတစ်ဦးဖြစ်တဲ့ ပါမောက္ခ Dr.Tatsuo Arai ဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး အခု မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး `ဘယ်လိုငြိမ်းချမ်းရေးတည်ဆောက်ကြမလဲ´ ဆိုတာကို စာတမ်းပြုစုဖို့ ရောက်လာခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ မြန်မာနိုင်ငံက ပုဂ္ဂိုလ်အချို့နဲ့ အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီလို အင်တာဗျူးလုပ်တဲ့အခါမှာ ကုရ်အာန် အသိပညာပြန့်ပွားရေးအဖွဲ့အနေနဲ့ ကျနော်လည်း တစ်ယောက်အပါအ၀င် အင်တာဗျူးခံခဲ့ရပါတယ်။ ဒီဝတ်ကျောင်း တော်မှာပဲ သူကိုယ်တိုင်လာပြီး အင်တာဗျူးသွားတာပါ။

အဲဒီလိုဆွေးနွေးတဲ့အခါမှာ Valuing Diversity လို့ခေါ်တဲ့ စုံလင်ကွဲပြားမှု၏တန်ဖိုးကို နားလည်သဘော ပေါက် လက်ခံပါမှသာ ငြိမ်းချမ်းရေးရနိုင်မယ်ဆိုတဲ့အပိုင်းကို သူ့ဘက်က အဓိကထားတင်ပြသွားပါတယ်။ အမေရိကန်သမ္မတ `အိုဘားမား´ မြန်မာပြည်မှာ မိန့်ခွန်းပြောတော့ ဒီအချက်ကို သူထည့်သွင်းပြောသွားတာ ကျနော်တို့ သတိပြုမိကြပါလိမ့်မယ်။ သူပြောသွားတာက –

“ မြန်မာနိုင်ငံမှာ လူမျိုးစုံလင်ကွဲပြားမှုကို ပြသနာတစ်ရပ်လို့ ကျနော်မမြင်ပါဘူး။ ဒါဟာ ခွန်အားတစ်ရပ်ပါ။ ယဉ်ကျေးမှုတွေ ပေါင်းစုံဖွဲ့စည်းနေတာဟာ မြန်မာနိုင်ငံ ပိုပြီးအင်အားကြီးဖို့ပါ။ ဒီအခွင့်အရေးကို ခင်ဗျားတို့ အမိအရ ဖမ်းဆုပ်ကြရမယ်။ ရှိနေတဲ့အင်အားကို ခင်ဗျားတို့ မြင်မှရမယ်။ ”    ဆိုလိုတာက စုံလင်ကွဲပြားမှုကို တန်ဖိုးထားခြင်း ဆိုသည်မှာ မတူကွဲပြားမှုများသည် လူ့အဖွဲ့အစည်းကို ကြွယ်ဝဖွံ့ဖြိုးစေသော အရာများဖြစ်သည်ဆိုပြီး ခံယူခြင်းပဲ ဖြစ်ပါတယ်။ `ငါနဲ့မတူ နိမ့်ကျသူ´ ဆိုပြီး မယူဆခြင်းဖြစ်ပါတယ်။

ယနေ့မြန်မာနိုင်ငံမှာ စုံလင်ကွဲပြားမှု၏တန်ဖိုး (Valuing Diversity) ကို နားမလည်တဲ့အပေါ်မှာ ခွဲခြားဖိနှိပ် ဆက်ဆံခြင်း (Discrimination) တွေဖြစ်လာပြီး၊ လူမှုရေးဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဘာသာရေးပဋိပက္ခတွေ ဖြစ် လာပါတယ်။ အဲဒီအပေါ်အခြေခံပြီး သာသနိကအဆောက်အအုံတွေ မီးရှို့ဖျက်ဆီးခံရတာတို့၊ လူနေအိမ်တွေ ဖျက် ဆီးခံရတာတို့၊ လူတွေ အစုလိုက် အပြုံလိုက်အသတ်ခံရတာတို့ ဖြစ်ပေါ်လာပါတယ်။ ဒီလိုဖြစ်ပျက်လာတဲ့အပေါ်မှာ အထူးသဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေဟာ ခရစ်ယာန်နဲ့ ဟိန္ဒူဘာ သာရေးခေါင်းဆောင်တွေပါ ပူးပေါင်းပြီး ဘာသာရေးရှုထောင့်က ဖြေရှင်းခဲ့ကြပါတယ်။ ဒါပေမဲ့ ပြသနာက မပြီးခဲ့ပါ ဘူး။ ဒီနေ့မှာ ငြိမ်းချမ်းရေးလုပ်တယ်။ နောက်တစ်နေ့မှာ တစ်နေရာမှာ ဆူပူမှုက ထပ်ဖြစ်တယ်။ အကြိမ်ပေါင်း လည်း မနည်းတော့ပါဘူး။

အဲဒီတော့ ဒီလိုဖြစ်ပျက်နေတဲ့ပြသနာကို ဘာသာရေးခေါင်းဆောင်တွေ ဖြေရှင်းတာ အဖြေမထွက်ပါဘူး။ မဖြေရှင်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ ဘာသာရေးပြသနာမဟုတ်တော့ဘဲ နိုင်ငံရေးပြသနာ ဖြစ်နေ လို့ပါ။ ဒါကြောင့် ဒီကိစ္စကို နိုင်ငံရေးသမားတွေက ဖြေရှင်းပေးဖို့လိုအပ်လာပါပြီ။ မြန်မာနိုင်ငံမှာ လူထုကိုယ်စားပြု နိုင်ငံရေးပါတီတွေ အများအပြားရှိနေပါပြီ။  လူထုကိုယ် စားပြု နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အဆင့်ဆင့်သော လွှတ်တော် များလည်း ပေါ်ထွန်းလာပါပြီ။ ဒီအရေးကိစ္စကို လွှတ်တော်တွေမှာတင်ပြီး ဆွေးနွေးပေးဖို့ တိုက်တွန်းတောင်းဆို လိုက်ပါတယ်။

အဲဒီတော့ ဒီကနေ့ကျနော်တို့ ပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုဆိုင်ရာ ပုံသဏ္ဍာန် (Type of Discrimination) တွေကို လေ့လာကြည့်လိုက်မယ်ဆိုရင် အဓိကအားဖြင့် အောက်ပါအတိုင်း အပိုင်း(၄)ပိုင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။

(၁) မိမိလူမျိုး၊ မိမိကိုးကွယ်ရာဘာသာက အခြားလူမျိုးစု၊ အခြားသူတို့ ကိုးကွယ်ရာဘာသာတရားထက် သာလွန် သည်ဟူသော လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုအယူအဆ (Racism)

(၂) အမျိုးသမီးများသည် အမျိုးသားများထက် နိမ့်ကျသည်ဟုယူဆကာ နှိမ့်ချဆက်ဆံလိုသော အယူအဆ (Sexism)

(၃) ကိုယ်ခန္ဓာ မသန်စွမ်းသူများကို နိမ့်ကျသူများဟု ခွဲခြားဆက်ဆံတတ်သော အယူအဆ (Disablism)

(၄) အသက်အရွယ်ကြီးရင့်သူများကို ပစ်ပယ်သောအယူအဆ (Ageism)

ဒီကိစ္စတွေ၊ ဒီအကြောင်းအရာတွေဟာ ဒီကနေ့ ကျနော်တို့ရဲ့ပတ်ဝန်းကျင်၊ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်း တွေမှာ ပြုပြင်ပြောင်းလဲခြင်း (Change) လုပ်ရမယ့်အကြောင်းအရာတွေပါ။ ဒါကို ပြုပြင်ပြောင်းလဲခြင်း မလုပ်ကြ ဘူးဆိုရင် ယနေ့ တိုင်းရင်းသားတွေအကြားမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ၊ နိုင်ငံသားအချင်းချင်းအကြားမှာရှိတဲ့ လူမှုရေးပဋိပက္ခတွေ၊ ဘာသာရေးအကြမ်းဖက်ကိစ္စတွေကို ဖြေရှင်းနိုင်မှာမဟုတ်သလို နိုင်ငံတော်အတွင်းမှာ ငြိမ်းချမ်းစွာ၊ သဟဇာတဖြစ်စွာ၊ အတူတကွယှဉ်တွဲနေနိုင်ရေးဟာ ဖြစ်လာစရာအကြောင်း မရှိတော့ပါဘူး။

ကျမ်းမြတ်ကုရ်အာန် (၆း၁၄၁)မှာ အလ္လာဟ်အရှင်မြတ်က ပြဆိုထားချက်အရဆိုရင် စုံလင်ကွဲပြားမှု (Diversity) သည် တစ်မျိုးတစ်စားတည်းဖြစ်မှုထက်ပိုပြီး အားကောင်းပြည့်စုံတဲ့သဘောကို ရည်ညွှန်းနေပါတယ်။ အဲဒါကြောင့် ကျနော်တို့ဟာ စုံလင်ကွဲပြားမှုရဲ့တန်ဖိုး (Valuing Diversity) ကို နားလည်လက်ခံဖို့ လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ပတ်ဝန်းကျင်မှာ တိုင်းရင်းသားလူမျိုးစုံ၊ ဓလေ့ထုံးတမ်းမျိုးစုံ အတူတကွနေထိုင်ကြတဲ့အတွက် စုံလင် ကွဲပြားမှုဆိုင်ရာ အချိတ်အဆက်မိခြင်း (Pluralist Engagement) ရှိဖို့ လိုအပ်ပါတယ်။ ဒီလိုအချိတ်အဆက်မိဖို့ ဆိုတာ အတူတကွနေထိုင်ကြသူများအကြားမှာ အောက်ပါစိတ်နေစိတ်ထား(၂)မျိုး ရှိဖို့လိုအပ်ပါတယ်။

        (၁) မိမိမှာ ကွဲပြားခြားနားသော ထင်မြင်ယူဆချက်ရှိပေမဲ့ အခြားတစ်ဖက်ရဲ့ရပ်တည်ချက်နဲ့ စဉ်းစားပုံကို လေးစားနားလည်ပေးရမည်။

        (၂) မိမိရဲ့ရပ်တည်ချက်နဲ့ ထင်မြင်ချက်ကို အခြားတစ်ဘက်ရဲ့ရပ်တည်ချက် နေရာကနေပြီး ပြန်ကြည့်ပေး ရမည်။

ဒါကြောင့် ပြုပြင်ပြောင်းလဲခြင်း (Change) ကို လိုလားသူများ၊ ပြောင်းလဲလိုသူများဟာ တရားသေ၀ါဒကို ဘေးဖယ်ပြီး မိမိရဲ့အတွေးအမြင် နယ်နိမိတ်ကို ချဲ့ထွင်ဖို့လိုအပ်ကြောင်း တင်ပြလိုပါတယ်။

အချိန်ပြည့်သွားပြီဖြစ်လို့ ဒီတစ်ပတ် ခွတ္တဗါဟ်ကို ဒီမှာပဲ နားလိုက်ပါတယ်။

`အတ်စလားမုအလိုင်းကွမ်း´