ဘယ်လိုပြောင်းလဲ (Change) ကြမလဲ (အပိုင်း-၅) မုဖ်သီဦစန်းအောင် (B.Sc)

ဘယ်လိုပြောင်းလဲ (Change) ကြမလဲ (အပိုင်း-၅)

ယနေ့ယောင်မွလ်ဂျူမုအာဟ်မှာ အလ္လာဟ်ရှင်မြတ်ကို “အေဗါဒသ်”ပြုရန် ကြွရောက်လာကြတဲ့ လေးစား အပ်ပါသော မွတ်စလင်မ်အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား- `အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ  ၀ဘရ်ကဟ်သုဟု´  အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရှင်မြတ်ကို အေဗါဟ်ဒသ်ပြုခွင့်ရတဲ့အပေါ်မှာ ကျွန်တော်တို့ အားလုံး အရှင်မြတ်ကို အထူးပဲ ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ပြီးတဲ့နောက် အစ္စလာမ်နဲ့ပတ်သက်ပြီး ကျွန်တော် ဖတ်မိ၊ မှတ်မိ၊ လေ့လာမိသမျှကို ပြန်လည်တင်ပြခွင့်ရရှိတဲ့အပေါ်မှာ တင်ပြခွင့်ပြုတဲ့ ၀တ်ကျောင်းတော်အုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့်တကွ ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ယနေ့ (၁၁.၁၀.၂၀၁၃)မှာ ကျနော်တင်ပြသွားမယ့်ခေါင်းစဉ်ကတော့ ကျွန်တော် အခန်းဆက်အဖြစ် ဟောကြားတင်ပြနေတဲ့ `ဘယ်လိုပြုပြင်ပြောင်းလဲ (Change) ကြမလဲ´ အပိုင်း(၅)ကို ဆက်လက်တင်ပြ သွားပါမယ်။ ဒီနေ့အပိုင်းမှာတော့ ကျနော့်အနေနဲ့ ခေါင်းစဉ်ကွဲဖြစ်တဲ့ `မည်သည့်အချက်များက (Change) ပြောင်းလဲခြင်းဖြစ်စဉ် ကို ဟန့်တားနေသနည်း´ ဆိုတဲ့ ခေါင်းစဉ်ကွဲအောက်က နောက်ဆုံးအပိုင်းဖြစ်တဲ့ (Sense of  Justice) တရားမျှတ မှုကို သိမြင်နားလည်စိတ်မရှိခြင်း ဆိုတဲ့ အခန်းကဏ္ဍကို ဆက်လက်ရှင်းလင်း တင်ပြသွားပါမယ်။ ဒီအပိုင်းကတော့ ဒီကနေ့ မြန်မာနိုင်ငံရဲ့ ပြည်သူတွေအကြားမှာ ရေပန်းစားပြောဆိုနေကြတဲ့ (Rule of Law) တရားဥပဒေစိုးမိုးမှုရှိ ခြင်းဆိုတဲ့အပိုင်းနဲ့လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ဆိုရှယ်လစ်စနစ်ဖြစ်စေ၊ ကွန်မြူနစ်စနစ်ဖြစ်စေ၊ ဒီမိုကရေစီစနစ်ဖြစ်စေ၊ ကြိုက်တဲ့ စနစ်နဲ့သွားပါစေ။အဲဒီနိုင်ငံ၊အဲဒီလူ့အဖွဲ့အစည်းမှာ(Rule of Law )တရားဥပဒေစိုးမိုးမှုမရှိရင် ဘယ်စနစ်မှ တိုးတက် အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ Rule of Law ရှိဖို့က အဓိက ဘာလိုသလဲဆိုတော့ Sense of Justice တရားမျှတမှုကို သိမြင်နားလည်နိုင်တဲ့စိတ် ရှိဖို့လိုအပ်ပါတယ်။ Sense of Justice ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတော်အကြီးအကဲကြီးမှစပြီး အောက်ခြေလူတန်းစားအထိ ရှိဖို့လိုအပ်ပါတယ်။ (Sense of Justice) တရားမျှတမှုကို သိမြင်နားလည်စိတ်မရှိဘဲ (Rule of Law) တရား ဥပဒေစိုးမိုးရေးကို ဘယ်လိုမှ သွားလို့မရပါဘူး။ Sense of Justice ရှိဖို့ ကျမ်းမြတ်ကုရ်အာန် (၁၆း၉၀)မှာ ဒီလို ပြဌာန်းထားတာ တွေ့ရပါတယ်။ “ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုနှင့် တင့်တယ်လှပ ကောင်းမွန်သော လူ့အကျိုးပြု လုပ်ငန်းများလုပ်ဆောင်ရန် အမိန့်ထုတ်ပြန်ထားသည်။ ပြီးနောက် ဆွေမျိုးမိတ်သင်္ဂဟများကို ချီးမြှင့်ထောက်ပံ့ရန် လည်း အမိန့်ထုတ်ပြန်ထားသည်။ ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာသော မကောင်းမှုကိုလည်း ကောင်း၊ လီဆယ်အကြံအဖန် လုပ်ဆောင်မှုကိုလည်းကောင်း၊ သူတစ်ပါး၏ပိုင်ဆိုင်မှုအပေါ် ကျူးကျော်စော်ကား ဖျက်ဆီးမှုကိုလည်းကောင်း၊ မပြုလုပ်ရန် တားမြစ်လျက်ရှိသည်။ အလ္လာဟ်အရှင်မြတ်က သင်တို့ သတိတရားရရှိကြ စေရန်အတွက် တရားပြလျက်ရှိသည်။ ”  ( ကုရ်အာန် – ၁၆း၉၀) ဒီအာယသ်တော်ကို မွတ်ဆလင်မ်တိုင်း သိကြပါတယ်။ သောကြာခွတ္တဗါဟ် ဒုတိယပိုင်းရဲ့ အဆုံးသတ်မှာ ခွတ္တဗါဟ်ရှင်များက ဒီအာယသ်ကို ရွတ်ဖတ်ကြပါတယ်။ အဲဒီအခါမှာ ဂျမာအသ်သားများဟာ ဒီအာယသ်ရဲ့ အဓိပ္ပါယ်နဲ့ လေးနက်မှုကို သိရှိခြင်းထက် `ခွတ္တဗါဟ်ပြီးတဲ့အတွက် ငါတို့ နမားဇ်ဖတ်ရတော့မယ်´ဆိုတဲ့အသိ လောက်ကိုပဲ သိရှိကြပြီး `နမားဇ်´ဖတ်ကြတာကို တွေ့ရှိရတာကတော့ ၀မ်းနည်းဖို့ကောင်းပါတယ်။ ဒီအနေအထား လေးကိုတော့ ကျနော် ၀မ်းနည်းစွာ မှတ်ချက်ပြုပါရစေ။ လေးစားအပ်ပါသော ဂျမာအသ်သားများခင်ဗျား- ဒီကုရ်အာန်အာယသ် (၁၆း၉၀)ကိုလေ့လာကြည့်ရင် `ပြုလုပ်ရန်´ အမိန့်ပေးထားတဲ့အချက်(၃)ချက်ကို တွေ့ရှိရသလို `တားမြစ်ချက်´ (၃)ချက်ကိုလည်း တွေ့ရှိရပါတယ်။ ပြုလုပ်ဆောင်ရွက်ရန် အမိန့်ပေးထားတဲ့ အချက် (၃)ချက်က (၁) တရားမျှတမှု (Justice)ကို အလေးထားရန်။ (၂) မိမိ၏ပတ်ဝန်းကျင်၊ မိမိ၏လူ့အဖွဲ့အစည်းအတွင်းမှာ လူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ (တစ်နည်းပြောရ ရင်) မိမိသည် မိမိလူ့အဖွဲ့အစည်းက အားကိုးစံထားရမယ့် လူတစ်ယောက်ဖြစ်ဖို့၊ မိမိသည် မိမိလူ့အဖွဲ့အစည်း အတွင်းမှာ အသုံးတည့်သည့် လူတစ်ယောက်ဖြစ်ဖို့။ (ဒီနေရာမှာ ကျနော့်အနေနဲ့ စကားညှပ် တစ်ခုလောက် ပြောချင်ပါတယ်။ အချို့လူတွေရှိတယ်။ စကားအရာမှာတော့ အာဘောင်အာရင်း သန်ကြတယ်။ ဝေဖန်ရေးနဲ့ လေကန်ရေးမှာ အင်မတန်မှ အသံကျယ်တယ်။ တကယ် အလုပ်လုပ်ရမယ့်အချိန်ရောက်ရင် မရှိတော့ဘူး။ ပျောက် သွားပြီ။ ဒီလိုလူမျိုးတွေကို ကုရ်အာန်က နေရာမပေးပါဘူး။ ဒီလိုလူမျိုးတွေရှိရင် လူ့အဖွဲ့အစည်းတစ်ရပ်ဟာ မတိုး တက်၊ မအောင်မြင်နိုင်ပါဘူး။) (၃) ဆွေမျိုး မိတ်သင်္ဂဟများကို ချီးမြှင့်ထောက်ပံ့ပေးရန်။ လူသည် အစုအဖွဲ့နှင့်နေထိုင်သည့် သတ္တ၀ါမျိုးဖြစ်ပါတယ်။ ဒါကြောင့် လူမှာ ဆွေမျိုး၊ မိတ်သင်္ဂဟ၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ အိမ်နီးနားချင်းဆိုတာတွေ ရှိပါတယ်။ လူတစ်ဦးချင်းဟာ မိမိမှာရှိတဲ့ အားသာချက် တွေကို မိမိပတ်ဝန်းကျင်မှာရှိတဲ့ လူ့အဖွဲ့အစည်းတွေအတွက် ဝေမျှခွဲဝေ (Share) လုပ်ပေးပါမှ ကုရ်အာန်က ပြောတဲ့ လူပီသလာပါလိမ့်မယ်။ အဆုံးအစွန်အားဖြင့် လူတစ်ယောက်ဟာ မိမိပတ်ဝန်းကျင်ကို ယဉ်ကျေးသိမ်မွေ့ စွာ ပြောဆိုမယ်။ ချိုသာတဲ့အပြုံးနဲ့ ဆက်ဆံမယ်ဆိုတာကပင် တစ်နည်းအားဖြင့် မိမိရဲ့ပတ်ဝန်းကျင်ကို မိမိမှာရှိနေ တဲ့ `ကောင်းမွန်တင့်တယ် လှပခြင်း´ဆိုတဲ့ `အဲဟ်ဆာန်´ကို ဝေမျှခွဲဝေ (Share) လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။ မိမိရဲ့ပတ်ဝန်းကျင်ကို အသိအမှတ်ပြုခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေရဲ့ အရင်းအမြစ်ကို ပြန်သုံးသပ်လိုက်မယ်ဆိုရင် မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို အသိအမှတ်မပြုနိုင်တဲ့ အတွက် ဖြစ်ပွားရတယ်ဆိုတာ ရာခိုင်နှုန်းတစ်ခုအထိ တွေ့ရပါတယ်။ အထက်မှာ ကျနော်တင်ပြခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်က လူသားတွေပြုလုပ်ဆောင်ရွက်ရမယ့် အချက်(၃) ချက်သည် လူတစ်ဦးချင်းအတွက် (Positive side of man’s moral development) ပါ။ ကိုယ်ကျင့်တရား ဖွံ့ဖြိုး တိုးတက်ဖို့ရာ လမ်းကြောင်းတစ်ရပ်ပဲဖြစ်ပါတယ်။ လူတွေဟာ ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Sense of Justice လို့ခေါ်တဲ့ တရားမျှတမှုကို သိမြင်နားလည်တဲ့ စိတ်အနေအထားတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ဆက်လက်ပြီး ကုရ်အာန်(၁၆း၉၀)က တားမြစ်ထားတဲ့အချက်(၃)ချက်ကို တင်ပြသွားပါမယ်။ (၁) `အလ်ဖဟ်ရှားဟ်´ စက်ဆုပ်ဖွယ်ရာသော မကောင်းမှုကို ပြုလုပ်ရန်တားမြစ်သည်။ (၂) `အလ်မွန်ကရ်´ လီဆယ်ပြီး လုပ်ကြံဖန်တီးမှုကို မပြုလုပ်ရန် တားမြစ်သည်။ ဒီအပိုင်းမှာ Rumour လို့ခေါ်တဲ့ ကောလဟာလ လွှင့်ထုတ်ခြင်း၊ Hate Speech လို့ခေါ်တဲ့ အမုန်းစကားပြောဆိုခြင်းတို့ ပါဝင်ပါတယ်။ ဒီကနေ့ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေမှာ Rumour တွေ Hate Speech တွေဟာ ရှေ့တန်းက ပါဝင်နေတာကို အားလုံး သိပါတယ်။ မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ၀ါဒဖြန့်မယ်။ ဒီအပေါ်မှာ ပညာမဲ့တွေ၊ အသိမဲ့တွေက ဆူပူထကြွ သောင်းကျန်းကြတယ်။ ပြီးတော့လည်း ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ ဒီမှာက အိုးပျက်အိမ်ပျက် လူတွေ ဒုက္ခရောက်နေ ရပြီ။ နိုင်ငံက သိက္ခာကျသွားပြီ။ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်ပြီ။ ဒါကြောင့် ကုရ်အာန် (၄၉း၆) မှာ ဒီလိုပြဌာန်း ထားပါတယ်။  “ အို … အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အကယ်၍ သင်တို့ထံသို့ လူယုတ်မာတစ်ယောက် က သတင်းစကားတစ်ရပ် ယူဆောင်လာခဲ့ပါလျှင် လူ့အဖွဲ့အစည်းတစ်ရပ်အပေါ် သင်တို့အနေနှင့် နားလည်မှုလွဲမှား စွာဖြင့် ဘေးအန္တရာယ်မပြုစေရေးအလို့ငှာ သေချာစွာ လေ့လာစီစစ်ပြီး အထောက်အထား ခိုင်လုံမှုကို ရယူပါ။ (သို့မဟုတ်လျှင်) သင်တို့သည် မိမိ၏စိတ်လိုက်မာန်ပါ ပြုကျင့်ခဲ့မှုကြောင့် ကြေကွဲကြရပေလိမ့်မည် ”  ( ကုရ်အာန် – ၄၉း၆) အထက်ပါ ကုရ်အာန် (၄၉း၆)အရ အစ္စလာမ်က၊ ကျမ်းမြတ်ကုရ်အာန်က၊ ကောလဟာလနှင့် Hate Speech လို့ခေါ်တဲ့ မုန်းတီးရေးစကားတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ မလိုလားအပ်သော အရေးကိစ္စအဖြစ် သတ်မှတ် ထားပြီးဖြစ်သည်။ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်ဟာ Rumour ကောလဟာလတွေ၊ Hate Speech မုန်းတီးရေး စကားတွေနဲ့ လုံးထွေးရစ်ပတ်နေရပြီဆိုရင် ဒီလူ့အဖွဲ့အစည်းဟာ စည်းလုံးညီညွတ် ပြိုကွဲပျက်စီးသွားမှာပဲ ဖြစ်ပါ တယ်။ ဒီအပေါ်မှာ ကောက်ချက်ချနိုင်တာကတော့ Rumour နဲ့ Hate Speech တွေနဲ့ လုံးထွေးရစ်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ Sense of Justice လို့ခေါ်တဲ့ တရားမျှတမှုကို သိမြင်နားလည်တဲ့စိတ်ထားနဲ့ ဝေးကွာ ရပါတော့တယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း Rumour နဲ့ Hate Speech တွေဟာ နိုင်ငံရေးအရ သတိကြီး စွာထားရမယ့် ပြသနာတစ်ရပ် (A politically sensitive issue) ဖြစ်နေပြန်ပါတယ်။ ဒီကနေ့ အများပြောနေကြ သလို `ထိလွယ်ရှလွယ်´တဲ့အခြေအနေတွေပါ။ ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန်က `အလ်မွန်းကရ်´လို့ခေါ်တဲ့ လီဆယ်လုပ်ကြံဖန်တီးမှုကို မပြုလုပ် ရန် လုံးဝတားမြစ်ထားပါတယ်။ (၃) `အလ်ဘဂ်ယု´ သူတစ်ပါး၏ပိုင်ဆိုင်မှုအပေါ် ကျူးကျော်စော်ကားမှုကို မပြုလုပ်ရန် အလ္လာဟ်အရှင်မြတ်က တားမြစ်သည်။ လူဆိုတာ စုပေါင်းနေထိုင်တတ်တဲ့ သတ္တ၀ါဖြစ်သည့် အားလျော်စွာ စုပေါင်းနေထိုင်တဲ့အခါမှာ မိမိ၏ နယ်နိမိတ်၊ မိမိ၏ပိုင်ဆိုင်မှုဆိုတဲ့ ကိစ္စတွေဟာ အရေးအရာတစ်ရပ်အနေနဲ့ ပါဝင်လာပါတယ်။ လူ့အစုအဖွဲ့ထဲမှာ လူတွေရဲ့နယ်နိမိတ်ပိုင်ဆိုင်မှုတွေကို ဥပဒေအရ အကာအကွယ်ပေးထားရပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာဖြစ်ပေါ် နေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေမှာ ဒီဥပဒေချိုးဖောက်ခံနေရတာကို တွေ့နေရပါတယ်။ တစ်နည်း `အလ်ဘဂ်ယု´ဆိုတဲ့ သဘောတရားကို တွေ့နေရပါတယ်။  အမှန်တကယ်မှာတော့ တိုးတက်ဖွံ့ဖြိုးတဲ့၊ ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ခြင်းကို တိုင်းထွာသတ်မှတ်တဲ့နေရာမှာ တစ်ပါးသူရဲ့ နယ်နိမိတ်၊ တစ်ပါးသူရဲ့ပိုင်ဆိုင်မှုကို ဘယ်လောက်အထိ လေးစား၊ အသိအမှတ်ပြုသလဲ ဆိုတဲ့အချက်ကလည်း အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။  ဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ အဖြစ်ဆိုးတစ်ရပ်ကတော့ ဘာသာဝင်တစ်ဦးရဲ့ မိုက်မဲမှုကြောင့် အခြားသော အပြစ်မဲ့တဲ့ ဘာသာဝင်တွေဟာ ဒေါသထွက်နေတဲ့လူအုပ်စုကြီးရဲ့ အကြမ်းဖက်မှုတွေကို မတရားခံနေ ရပါတယ်။ ဘာသာဝင်တစ်ဦးရဲ့ပြစ်မှုကို ကျန်ဘာသာဝင်တွေကပါ ခံစားရမယ်ဆိုရင်တော့ ဒါဟာ တရားမျှတမှု မရှိပါဘူး။ သဘာဝလည်း မကျပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာဝင်တိုင်းမှာ လူဆိုးလူမိုက်တွေ၊ လူရမ်းကား တွေ ရှိနေလို့ပါ။ အမှန်တကယ်မှာတော့ ဘာသာတရားတိုင်းမှာရှိတဲ့ လူဆိုးလူမိုက်ဆိုတာက သက်ဆိုင်ရာဘာသာ တရားက လမ်းညွှန်ပြဌာန်းထားတဲ့အပေါ်မှာ ဆိုးကြ၊ မိုက်ကြတာမဟုတ်ဘဲ၊ ဘာသာတရားရဲ့ လမ်းပြဆုံးမမှုကို မလိုက်နာလို့သာ ဆိုးကြ၊ မိုက်ကြခြင်းဖြစ်ပါတယ်။ အကယ်၍ Sense of Justice လို့ခေါ်တဲ့ တရားမျှတမှုကို သိမြင် နားလည်စိတ်သာမရှိခဲ့ရင် ကုရ်အာန် (၁၆း၉၀)မှာ ပြဌာန်းတားမြစ်ထားတဲ့ `အလ်ဘဂ်ယု´လို့ခေါ်တဲ့ သူတစ်ပါး ပိုင်ဆိုင်မှုတွေကို ကျူးကျော်စော်ကား ဖျက်ဆီးမိကြမှာပဲဖြစ်ပါတယ်။  လေးစားအပ်ပါသော ဂျမာအသ်သားများခင်ဗျား-  ကျနော့်အနေနဲ့ အစောပိုင်းမှာ Sense of Justice တရားမျှတမှုကို သိမြင်နားလည်စိတ်မရှိခဲ့ဘူးဆိုရင် Rule of Law ဆိုတာကို အကောင်အထည်ဖော်လို့ရမှာ မဟုတ်ဘူးလို့ တင်ပြခဲ့ပါတယ်။ ဟုတ်ပါတယ်။ လက်ရှိ အနေအထားမှာ လူအများစု နားလည်ထားတာက Rule of Law ဆိုတာ လက်နက်ကိုင်တပ်ဖွဲ့ကြီးတစ်ဖွဲ့က လက်နက်ခဲယမ်း မီးကျောက်အပြည့်အစုံနဲ့ အဆင်သင့် အနေအထားစောင့်ကြပ်နေခြင်းလို့ မျက်စိထဲ မြင်ယောင်နေ ကြတယ်။ ဒီလိုမြင်ရခြင်းဟာ ကျနော့်တို့နိုင်ငံအနေနဲ့ ဒီလိုမြင်ကွင်းမျိုး၊ ဒီလိုအနေအထားမျိုးကို ဖြတ်ကျော်ခဲ့ရတာ ကိုး။ ဆိုလိုတာက ကျနော်တို့ပြည်သူတွေက Rule of Law လို့ ဆိုလိုက်တာနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပဲ မျက်စိထဲ တန်းပြီးမြင်လိုက်ကြပါတယ်။ အဲဒီတော့ မြန်မာပြည်မှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်လိုက်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက လူမြင်ကွင်းထွက်လာလိုက်၊ ပဋိပက္ခတွေဖြစ်လိုက်၊ လက်နက်ကိုင် အဖွဲ့အစည်း တွေက လူတွေအရှေ့ ထွက်လာလိုက်နဲ့။ ဒီလိုနဲ့ပဲ `မြန်မာပြည်ကြီးကို လက်နက်ကိုင်အဖွဲ့အစည်းက အုပ်ချုပ်တာ ကပဲ ပိုကောင်းမှာပေါ့´ ဆိုတဲ့ အတွေးအခေါ်က ၀င်လာပါတော့တယ်။ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကလည်း ဘာပဲ ဖြစ်ဖြစ် မြန်မာပြည် တည်ငြိမ်တာကိုပဲ လိုချင်ကြတယ်။ မြန်မာပြည်တွင်းရေး မတည်ငြိမ်ရင် သူတို့လည်း ခေါင်းကိုက်ရတာပဲလေ။ အဲဒီတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့က ရှေ့တန်းထွက်ရပ်တာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တစ်ရပ်လို့ပဲ မြင်သွားပါလိမ့်မယ်။                                 Rule of Law တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အစိုးရမှာပဲ ရာနှုန်းပြည့်တာဝန်ရှိတယ်ဆိုတဲ့ အယူအဆဟာ ကျမ်းမြတ်ကုရ်အာန်နဲ့ လွဲနေပါတယ်။ ကျနော်တင်ပြပြီးခဲ့သလို Rule of Law ရှိဖို့ Sense of Justice ကို အရင်းခံဖို့ လိုအပ်ပါတယ်။ အဲဒီတော့ တိုင်းပြည်တစ်ပြည်မှာ Sense of Justice ဟာ ဘယ်သူတွေမှာ ရှိရမှာလဲ။ ကျနော် နားလည်သလောက် တင်ပြရရင် အစိုးရအဖွဲ့မှာတင် Sense of Justice ရှိရုံနဲ့ မလုံလောက်ဘူး။ ပြည်သူတိုင်းမှာလဲ Sense of Justice ရှိဖို့လိုအပ်တယ်။ ဒီအခါမှာ Rule of Law ဟာ အသက်ဝင်လာပါတယ်။ ဒီအနေအထားကိုရောက်အောင် ကျနော်တို့ပြည်သူတွေ ပြုပြင်ပြောင်းလဲ (Change) လုပ်ကြရပါမယ်။ ဒါကြောင့် ကျနော်တင်ပြနေတဲ့ ခေါင်းစဉ်အရဆိုရင် Sense of Justice တရားမျှတမှုကို သိမြင်စိတ်မရှိခြင်းဟာ ပြုပြင်ပြောင်း လဲရေး (Change) လုပ်ဖို့ကို အတားအဆီး အဟန့်အတားဖြစ်စေပါတယ်။  လေးစားအပ်ပါသော ဂျမာအသ်သားများခင်ဗျား-  ဒီကနေ့ လူ့အဖွဲ့အစည်းတွေထဲမှာ လူအုပ်စုတစ်စုရှိပါတယ်။ သူတို့ဟာ ဘယ်လိုအခြေအနေကို ဖြစ်နေပါ စေ။ ရောက်နေပါစေ။ သူတို့ဟာ မှန်ကန်ဖြောင့်မတ်သော၊ လုပ်သင့်လုပ်ထိုက်သော၊ တရားနည်းလမ်းကျသော လုပ်ငန်းများကိုပဲ ဆောင်ရွက်လုပ်ကိုင်မယ်လို့ ခံယူပြီး လှုပ်ရှားနေကြပါတယ်။ သူတို့ကို `အရင်းခံကိုယ်ကျင့် တရား´ ရှိသူများကို ခေါ်ပါတယ်။ သူတို့ရဲ့အနေအထားကို လေ့လာကြည့်မယ်ဆိုရင် ရတိုင်းလည်းမယူဘူး။ ကျွေးတိုင်းလည်းမစားဘူး။ အနိမ့်ဆုံးပြောရရင် သူတို့ဟာ စည်းမဲ့ကမ်းမဲ့ အမှိုက်မပစ်ဘူး။ အမြင်မတော်ရင် ထလုပ်လိုက်မယ်။ ခိုင်းမှ လုပ်တတ်တဲ့ `ကျွန်´စရိုက်မျိုး သူတို့မှာမရှိဘူး။ သူတို့ တာဝန်သိကြတယ်။ ဘယ်လောက်ပဲ သူတို့ကို ဖိအားပေးပါစေ။ အများကို ထိခိုက်နစ်နာမယ့်အလုပ်မျိုးဆိုရင် သူတို့ ငြင်းဆန်ကြတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ် ကတော့ မပျက်နိုင်ဘူးဆိုတဲ့ လူမျိုးတွေ။ ကုရ်အာန်က သူတို့ကို `မွတ္တကီ´ဆိုပြီး သတ်မှတ်တယ်။ ယနေ့ပြည်သူတွေထဲမှာ Sense of Justice ရှိဖို့ Intrinsic Moral Value `အရင်းခံ ကိုယ်ကျင့် တရား´ ကောင်းဖို့ လိုအပ်တယ်ဆိုတာကို တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။