ဘ၀ရဲ့ နှစ်သက်စွဲလန်းဖွယ်ရာများ
ဘ၀ရဲ့ နှစ်သက်စွဲလန်းဖွယ်ရာများ
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဗါဒသ်ပြုရန် ကြွရောက်လာ ကြတဲ့ ဂျမာအသ်သားများခင်ဗျား-
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီကနေ့ဟာ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ(၁၄)ရက်၊ ဟစ်ဂျရီ (၁၄၃၅)ခုနှစ် ရဗီအုဆ်ဆာနီ (၁၄)ရက်နေ့ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ်အရပြောရရင် (၁၃၇၅)ခုနှစ်၊ တပို့တွဲလပြည့်နေ့ဖြစ်ပါတယ်။ တောကျေး ရွာတွေမှာဆိုရင် ဒီကနေ့မှာ အားကောင်းမောင်းသန်အမျိုးသားတွေက ထမနဲတွေကို ချွေးတစ်လုံးလုံးနဲ့ထိုးနေကြပြီး လှပယဉ်ကျေးတဲ့အမျိုးသမီးတွေ က ဧည့်ခံကျွေးမွေးကြနဲ့ အင်မတန်ပျော်ရွှင်ဖွယ်ကောင်းတဲ့လဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်မှာလည်း ချစ်သူများနေ့ဆိုပြီးတော့ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြတဲ့ လလည်းဖြစ်ပါတယ်။ လက်ဆောင်တွေ အပြန်အလှန် လဲလှယ်ကြတယ်။ ချစ်ခြင်းမေတ္တာတွေကိုဖော်ပြနေတဲ့ နေ့ရက်လို့ပဲသတ်မှတ်ကြ ပါစို့။ ချစ်ခြင်းမေတ္တာဆိုတာ လူ့ဘ၀ရဲ့ နှစ်သက်စွဲလန်းမှုတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်ရဲ့ခွတ္တဗါဟ်ကို ကုရ်အာန်ကပြောတဲ့ ဘ၀ရဲ့ နှစ်သက်စွဲလန်းဖွယ်ရာများအကြောင်းကို လေ့လာတင်ပြ သွားမှာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်မှာ `အလ်ဟွက်ဘွန်၊ အလ်မုဟာဘသ်´ဆိုတဲ့စကားလုံးကိုသုံးပြီး ချစ်ခင်ခြင်း၊ စွဲလန်းခြင်းကို ဖော်ပြထားပါတယ်။ အဲဒီဝေါဟာရရဲ့ ဆန့်ကျင်ဘက်ကတော့ ကျွန်တော်တို့က မက္ကရူဟ်လို့သိထား တဲ့ `ကုရ်ဟွန်´မုန်းတီးရွံရှာခြင်းပဲဖြစ်ပါတယ်။
လေးစားအပ်ပါသော ညီအစ်ကို၊ မောင်နှမများခင်ဗျား-
ချစ်ခြင်း၊ မုန်းခြင်းဆိုတာဟာ လူသားတွေရဲ့ စိတ်ခံစားချက်ဖြစ်ပါတယ်။ ဒီခံစားချက်တွေဟာ လူသားတွေ ရဲ့ နှစ်သက်စွဲလန်းဖွယ်ရာတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ချစ်ခြင်းကြောင့်၊ မုန်းခြင်းကြောင့် ကျွန်တော်တို့ အကျိုး၊ အပြစ်တွေ မြောက်များစွာ ဖြစ်ပေါ်လာပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကတော့ လူ့ဘ၀ရဲ့ တဒင်္ဂရရှိ လာတဲ့ သက်တမ်းအတွင်းမှာရရှိလာတဲ့ ကောင်းကျိုးလို့ထင်ရတဲ့အရာတွေကြောင့် ချစ်ခင်မြတ်နိုးခြင်းတွေ၊ လူ့ဘ၀ ရဲ့ခဏတာမှာ ခံစားရတဲ့ဆိုးကျိုးလို့ထင်ရတဲ့အရာတွေကြောင့် ရရှိလာတဲ့မုန်းတီရွံရှာခြင်းတွေကို အားမပေးပါ။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂) အာယတ်(၂၁၆)မှာ အလ္လာဟ်အရှင်မြတ်က ဘယ်လိုမိန့်ဆိုထားလဲဆိုရင် “ လူသားတို့သည် တစုံတရာ၊ တစ်ဦးတစ်ယောက်ကို မုန်းတီးရွံရှာကောင်း ရွံရှာနေကြလိမ့်မည်။ သို့သော် ၎င်းရွံရှာဖွယ်အရာမှ မုန်းတီးဖွယ်လူသားမှ ကောင်းကျိုးများဖြစ်ပေါ်လာနိုင်ပေသည်။ လူသားတို့သည် တစုံတရာ၊ တစ်ဦးတစ်ယောက်ကို နှစ်သက်စွဲလန်းကောင်း စွဲလန်းနေလိမ့်မည်။ သို့သော် ၎င်းနှစ်သက်ဖွယ်အရာ၊ ချစ်ခင်ဖွယ်ရာ လူတစ်ဦးထံမှ ဆိုးကျိုးများလည်း ကျရောက်လာနိုင်ပေသည်။ အလ္လာဟ်သည် အရာရာကို သေချာဂဏ သိတော်မူ သောအရှင်၊ လူသားတို့မူကား အရာရာကို ဂဏသေချာ မသိမြင်နိုင်ကြပေ ” (၂း၂၁၆)
အဲဒီချစ်ခြင်း၊ မုန်းခြင်းနဲ့ပတ်သက်ပြီး လူသားတွေရဲ့ခံစားမှု တွေဟာ လွဲမှားချွတ်ချော်နိုင်ပါတယ်။ ချစ်ခင်မြတ်နိုးရတဲ့အရာတွေကြောင့် ဆိုးကျိုးတွေသက်ရောက်နိုင်သလို၊ မုန်းတီးရွံရှာတဲ့အရာတွေထဲကနေလည်း ကောင်းကျိုးတွေ ရရှိလာနိုင်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်၊ တစ်စုံတစ်ရာကို ချစ်မြတ်နိုးခြင်း၊ မုန်းတီးရွံရှာ ခြင်းဟာ ကာလဒေသ ပယောဂလိုက်ပြီးတော့ အချိန်အခါ၊ ဒေသအလိုက်၊ ဖြစ်ပေါ်နေတဲ့အခြေအနေကိုလိုက်ပြီး တော့ လွဲမှားချွတ်ချော်နိုင်ပါတယ်။ ကောင်းခြင်း၊ ဆိုးခြင်းကို အသေအချာသတ်မှတ်နိုင်သောအရှင်က အလ္လာဟ် ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို သေချာဂဏ မသိရှိကြပါဘူးလို့ ကျွန်တော်တို့ကို အသိပေးနေတာပါ။
ဒီအာယတ်တော်ကတော့ ခံစားချက်ကဖြစ်တဲ့ အချစ်တရား၊ အမုန်းတရားတွေကို အခြေခံပြီးတော့ ကျွန်တော်တို့ရဲ့ အရေးအရာကိစ္စတွေကို ဆုံးဖြတ်ဆောင်ရွက်ခြင်း မပြုလုပ်ကြဖို့ သတိပေးထားတဲ့အာယတ် တော်ဖြစ်ပါတယ်။ လူသားတွေ နှစ်သက်စွဲလန်းတဲ့အရာတွေထဲမှာ စိတ်ခံစားမှုဖြစ်တဲ့ ချစ်ခြင်း၊ မုန်းခြင်း၊ ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ ၀မ်းနည်းပူဆွေးခြင်း စတဲ့ အရာတွေပါသလို ရုပ်ဝတ္ထုပစ္စည်းတွေလည်း ပါဝင်ပါတယ်။ တိုက်တာအိမ်ရာ၊ ဥယျာဉ်၊ ခြံမြေ စတဲ့အရာတွေဟာလည်း လူသားတွေရဲ့ စွဲလန်းနှစ်သက်မှုကို လှုံ့ဆော်နေပါ တယ်။ အဲဒီဥစ္စာပစ္စည်းတွေကို လူတွေက အငမ်းမရ ချစ်ခင်မြတ်နိုးတတ်ပါတယ်။ ဥစ္စာပစ္စည်းတွေကို ပိုင်ဆိုင် ကြွယ်ဝလာရင် လိုအပ်ချက်ရှိနေတဲ့လူတွေကို မျှဝေပေးကမ်းဖို့ ၀န်လေးတတ်ကြပါတယ်။
မိမိနှစ်သက်မြတ်နိုးတဲ့ ဥစ္စာပစ္စည်းတွေကို စွန့်လွှတ်ပေးကမ်းနိုင်မှသာလျှင် မြင့်မြတ်သူတွေဖြစ်တယ်လို့ ဓနဥစ္စာကြွယ်ဝတဲ့လူတွေကို အလ္လာဟ်အရှင်မြတ်က လမ်းညွှန်ထားပါတယ်။ မိမိမြတ်နိုးတဲ့ ပစ္စည်းဥစ္စာတွေကို ပေးကမ်းစွန့်လှူနိုင်မှသာလျှင် အလ္လာဟ့်ထံပါးမှာ မြင့်မြတ်သူတွေဖြစ်မှာပါ။ လူတွေရဲ့ချစ်ခြင်းဟာ တစ်မိသားရင်း ကနေ ပေါက်ဖွားလာတဲ့ ညီရင်းအစ်ကို မောင်ရင်းနှမကြားထဲမှာတင်မဟုတ်ကြဘဲ တစ်စိမ်းတစ်ရံစာက ပေါက်ဖွား လာတဲ့ အမျိုးသားနဲ့ အမျိုးသမီးဟာ အိမ်ရာထူထောင်လိုက်တဲ့အခါ ချစ်ခြင်းမေတ္တာ၊ အကြင်နာတရားတို့ ပေါက် ဖွားလာနိုင်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၃၀) အာယတ် (၂၁)မှာ-
“ အသင်တို့လူသားများအနက် ဇနီး၊ ခင်ပွန်းများကြား ချစ်ခြင်းမေတ္တာနှင့် တစ်ဦး၏လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းဆောင်ရွက်ပေးသည့် ကြင်နာယုယမှုများကို အလ္လာဟ်အရှင်မြတ်က စီမံပေးထားပေသည် ” (၃၀း၂၁) တစ်စိမ်းတစ်ရံစာနဲ့လက်တွဲပြီးတော့ ဘ၀တစ်ခုထူထောင်တဲ့နေရာမှာ အဲဒီအမျိုးသားနဲ့ အမျိုးသမီးတွေဆီမှာ အိမ်ယာသစ်ထူထောင်လိုက်တာနဲ့ တစ်ပြိုင်နက် အလ္လာဟ်အရှင်မြတ်ဘက်ကနေ `မုဝါဒ်ဒါ´ ဆိုတဲ့ချစ်ခြင်းမေတ္တာနဲ့ `ရဟ်မသ်´ဆိုတဲ့ တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးတဲ့ အကြင်နာမေတ္တာတွေကို အလ္လာဟ် အရှင်မြတ်ဘက်ကနေ စီမံပေးထားပါတယ်။
အဲဒီ ပေါ်ပေါက်လာတဲ့ ` မုဝါဒ်ဒါ ´ နဲ့ `ရဟ်မသ်´ကို အိမ်ထောင်သည် ဇနီးမောင်နှံတွေကြားမှာ တဖြည်း ဖြည်းရှင်သန်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရပါမယ်။ အဲဒီလို ပြုစုပျိုးထောင်ပေးမယ်ဆိုရင် ဇနီးနဲ့ ခင်ပွန်းကြားမှာ ချစ်ခြင်းမေတ္တာတရားတွေ ခိုင်မာပြီး သံယောဇဉ်ကြိုးတွေ ရစ်ပတ်နှောင်ဖွဲ့ပြီးတော့ တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်စုတစ်ခု၊ မိသားစုတစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဒါပေမဲ့လည်း မေတ္တာတရားတွေ၊ အကြင်နာတရားတွေ ပေါ်ပေါက်လာစေပေမဲ့ အဆုံးစွန်ဆုံး၊ အရမ်းကာရော နှစ်သက်သဘောကျပြီးတော့ သတိလက်လွတ်လည်း မနေသင့်ပါဘူး … တဲ့။ ဘာဖြစ်လို့လဲဆို တော့ အင်မတန်ခါးသီးလှပေမဲ့ ကျွန်တော်တို့ လက်ကိုလက်ခံရမယ့် အမှန်တရားတစ်ခုကို အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၆၄) အာယတ် (၁၄-၁၅)မှာ တင်ပြထားပါတယ်။
“ အို… ယုံကြည်သက်ဝင်ကြသူအပေါင်းတို့ အသင်တို့ ဇနီး(သို့)ခင်ပွန်းနဲ့ သားသမီးတွေဟာ သင်တို့နဲ့ ဆန့်ကျင်ဖက်ရန်သူများသဖွယ် ဖြစ်လာနိုင်သည်။ ထိုသူများကို ထိန်းသိမ်းပြုစုစောင့်ရှောက်ကြပါ။ သူတို့၏အတိုက် အခံလုပ်မှုများကို ရင်ဆိုင်ဖြေရှင်းပြီး ကြံ့ကြံ့ခံကြပါ။ သူတို့၏လုပ်ရပ်များ၊ အမှားများကို ခွင့်လွှတ်ပေးကြပါ။ ဥပေက္ခာပြု ပေးကြပါ။ ဧကန်မုချ အလ္လာဟ်သည် လုံခြုံမှုပေးနိုင်တော်မူသောအရှင်၊ လိုအပ်သည်များကို အစဉ်အမြဲ ထောက်ပံ့ပေးနေသော ဂရုဏာတော်ရှင်ဖြစ်၏ ” (၆၄း၁၄)
သားသမီးဆိုတာ စွန့်ပစ်ရိုးထုံးစံမရှိပါဘူး။ ဘယ်လို သားဆိုး၊ သမီးဆိုးတွေဖြစ်ဖြစ် ကျွန်တော်တို့ စွန့်လွှတ်ရိုးထုံးစံမရှိပါဘူး။ မိမိရဲ့မိသားစုမှာ မိမိမျှော်မှန်းထားတဲ့ သားတွေ၊ သမီးတွေဟာ မိမိပြုစုပျိုး ထောင်လို့ မိမိလိုအပ်ရာ၊ လိုအင်ဆန္ဒနဲ့အညီ ကျွန်တော်တို့က ပုံသွင်းချင်ကြတယ်။ အစ္စလာမ်က ဒီလိုပုံသွင်းဖို့ မပြောထားဘူး။ သူတို့ကို လွတ်လပ်ခွင့်ပေးရမယ်လို့ ပြောထားပါတယ်။ အဲဒီလို လွတ်လပ်ခွင့်ရလာတာနဲ့ တစ်ပြိုင်နက် သူတို့မှာ အားအင်ရှိလာတာနဲ့တစ်ပြိုင်နက် မိမိရဲ့အယူအဆနဲ့ ဆန့်ကျင်ပြီးတော့ မိမိချမှတ်ထားတဲ့ လမ်းစဉ်နဲ့ဆန့်ကျင်ပြီး တော့ ဆန့်ကျင်ဖက်တွေ လုပ်လာတာကိုလည်း တွေ့ကြုံနိုင်ပါတယ်။ အဲဒီလိုလုပ်လာကြတဲ့အခါ သူတို့ကို ခွင့်လွှတ် ပေးပါတဲ့။ ဥပေက္ခာပြုပေးပါတဲ့။ အဲဒီလိုသားဆိုး၊ သမီးဆိုးဒဏ်ကို ရင်ဆိုင်နိုင်ရင် ကျွန်တော်တို့ဟာ ရင့်ကျက်တဲ့ လူသားတွေဖြစ်လာနိုင်ပါတယ်။
အလားတူ မိမိရဲ့ဇနီး၊ ခင်ပွန်းကလည်း မိမိကိုဆန့်ကျင်ဘက်ပြုလာမယ်။ မိမိလျှောက်လှမ်းနေတဲ့လမ်း၊ မိမိချမှတ်ထားတဲ့ စီးပွားရေးလမ်းတွေ၊ ချမှတ်ထားတဲ့ မူဝါဒတွေကို ဆန့်ကျင်လာမယ်ဆိုရင် သူတို့ကို ခွင့်လွှတ်ပေး ပြီး အိမ်ထောင်စုမပြိုကွဲရလေအောင် ထိန်းသိမ်းမယ်ဆိုရင်တဲ့ အဲဒီလူတွေဟာ အလ္လာဟ်အရောင်ဆိုးသလိုပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အလ္လာဟ်အရှင်မြတ်ဟာ လုံခြုံမှုပေးသနားတော်မူတဲ့အရှင်၊ အစဉ်အမြဲ ကရုဏာ တရား၊ အကြင်နာတရားကို ဖြန့်ဝေပေးသနားတော်မူနေတဲ့အရှင်လို့ မိန့်ဆိုထားပါတယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ သားသမီးတွေကို ကောင်းမွန်စွာ ပြုစုထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်တွေရှိတယ်။ ဇနီး၊ ခင်ပွန်းအချင်းချင်း ဆွေးနွေးတိုင်ပင်ပြီးတော့ လိုချင်တဲ့လမ်းစဉ်ကို စည်းရုံးဆွဲဆောင်ရ မယ့်တာဝန်တွေရှိပါတယ်။ မိသားစုအရေးမှာ ဒီဆိုးကျိုးတွေမဖြစ်အောင် အလ္လာဟ်အရှင်မြတ်က ဘယ်လို အဓိဌာန်ပြုခိုင်းလဲဆိုတော့ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၅) အာယတ် (၇၄)မှာ
“ အို… ကျွန်တော်မျိုးတို့ကို ပြုစုပျိုးထောင်တော်မူသောအရှင် ကျွန်တော်မျိုးတို့၏ခင်ပွန်း (သို့မဟုတ်) ဇနီး၊ ကျွန်တော်မျိုးတို့၏ သား၊ သမီးတွေကို ကျွန်တော်တို့အတွက် မျက်စိကြည်လင် အေးမြမှုကို ပြုလုပ်ပေးသနားတော်မူ ပါ။ အလ္လာဟ့်လမ်းစဉ်ကို တစ်သွေမတိမ်း လိုက်နာကြတဲ့လူတွေရဲ့ ခေါင်းဆောင်အဖြစ် ဖြစ်စေတော်မူပါ ” လို့ ကျွန်တော်တို့ကို အဓိဌာန်ပြုခိုင်းတယ်။ ဒုအာ တောင်းခိုင်းတယ်။ ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ်က ဒုအာ တောင်းခိုင်းတယ်ဆိုတာက ကျွန်တော်တို့ကို အဓိဌာန်ပြုခိုင်းတာဖြစ်တယ်။ အလ္လာဟ်ဆီကတောင်းတဲ့ ဒုအာ အတိုင်း ကျွန်တော်တို့ရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ မျက်စိရဲ့ ကြည်လင်အေးမြစေတဲ့ အပြုအမူတွေပြုလာအောင် စည်းရုံးစွဲဆောင်သိမ်းသွင်းဖို့တာဝန် ကျွန်တော်တို့ဆီမှာရှိ တယ်။
ဒါတင်မက အလ္လာဟ်အရှင်မြတ်ပြောတာက အလ္လာဟ်လမ်းစဉ်ကို တစ်သွေမတိမ်းလိုက်နာတဲ့ လူတွေရဲ့ ခေါင်းဆောင်ဖြစ်အောင် အလ္လာဟ့်လမ်းစဉ်ပေါ်မှာရှိနေတဲ့ လူတွေရဲ့ခေါင်းဆောင်ဖြစ်အောင်ထိ ရည်မှန်းပြီး ပြုစုပျိုး ထောင်ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗမာစကားပုံမှာ `ဒူးလောက်တင်မှ ရင်လောက်ကျတယ်´ ဆိုတာလည်းရှိပါ တယ်။ ကျွန်တော်တို့က သာသာထိုးထိုး၊ ပိုပိုသာသာရည်မှန်းပြီး ဆောင်ရွက်လုပ်ကိုင်မှသာလျှင် ကျွန်တော်တို့ လိုချင်တဲ့ မျက်စိကြည်လင်အေးမြခြင်းဆိုတာကို ရရှိမှာဖြစ်ပါတယ်။ ဒီလိုတာဝန်ကျေစွာ ပြုစုပျိုးထောင်ပေးပါ လျက်နဲ့ ကျွန်တော်တို့ထင်သလို ဖြစ်မလာခဲ့ရင်လည်း `ဆွဗရ်´ကြံ့ကြံ့ခံရင်ဆိုင်ပြီး သူတို့ကို ခွင့်လွှတ်စိတ်ထား အတတ်နိုင်ဆုံး ပြုပြင်ပေးရမယ့်တာဝန်၊ အိမ်ထောင်တစ်ခုမပြိုကွဲအောင် ပြုပြင်ထိန်းသိမ်းပေးရမယ့်တာဝန်ရှိပါ တယ်။ ကျွန်တော်တို့ရဲ့သားသမီးတွေကြောင့် ကျွန်တော်တို့ရဲ့ဘ၀တွေ ပျက်စီးမသွားအောင် ကျွန်တော်တို့ရဲ့မိသား စုတွေ ပြိုကွဲမသွားအောင် ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါတင်မက ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၄၆) အာယတ် (၁၅)မှာဆိုရင်
“ … အိုအရှင် ကျွန်တော်မျိုးတို့အား မိဘနှစ်ပါး၏ကျေးဇူးကို သိတတ်နိုင်စွမ်းရှိစေတော်မူပါ။ မိမိကိုယ်တိုင်နှင့် သားစဉ်မြေးဆက်ကိုလည်း အလ္လာဟ်နှစ်သက်စေသည့် ပြုပြင်ပြောင်းလဲမှုများကို ပြုနိုင်စွမ်းရှိစေတော်မူပါ။ မိမိကိုယ် တိုင် အမှားကိုပြင် အမှန်ကို ဆောင်ရွက်နိုင်စွမ်း ပေးတော်မူပါ။ ကျွန်တော်တို့သည် ငြိမ်းချမ်းရေးကို တည်ဆောက်လို သူများ မုချဧကန်ဖြစ်ကြပါသည် ” (၄၆း၁၅)
မိမိတို့ရဲ့သားသမီးတွေမက သားစဉ်မြေးဆက်အထိ မျှော်မှန်းပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင် တာတွေကို ဆောင်ရွက်ထားရမှာဖြစ်ပါတယ်။ အဲဒါမှသာလျှင် အမှန်တရားဘက်ကိုပြန်လှည့်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ မွတ်ဆလင်မ်တွေဖြစ်လာပါလိမ့်မယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ မွတ်ဆလင်မ်ဟေ့ဆိုလို့ရှိရင် အကြမ်းဖက်သမား၊ အဖျက်သမားတွေလို့ မြင်နေကြတာဟာ ကျွန်တော်တို့ရဲ့ ပြုစုပျိုးထောင်မှုတွေ လိုအပ်နေလို့ဖြစ်ပါတယ်။ မှန်မှန်ကန်ကန် ပြုစုပျိုးထောင်ကြမယ်ဆိုရင် အစ္စလာမ်ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်ပါ တယ်။ မွတ်ဆလင်မ်ဆိုတာ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးသူဖြစ်ပါတယ်ဆိုတာ သက်သေပြနိုင်မှာဖြစ်ပါတယ်။ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တဲ့ ကမ္ဘာသူ၊ ကမ္ဘာသားတွေ ဖြစ်ကြပါလိမ့်မယ်။
ဒီဟာက ကျွန်တော်တို့ရဲ့ စွဲလန်းနှစ်သက်ဖွယ်ထဲမှာ ချင်ခင်ကြင်နာမှုဟာ ကျွန်တော်တို့ဘ၀အတွက် အင်မတန်လိုအပ်တဲ့၊ အင်မတန်လည်း စွဲလန်းနှစ်သက်ဖွယ်ဖြစ်ပါတယ်။ ချစ်လည်းအချစ်ခံချင်၊ ကိုယ်ကလည်း ပြန်ချစ်ချင်တဲ့စိတ်ဆန္ဒတွေ ကျွန်တော်တို့အားလုံးမှာရှိပါတယ်။ အဲဒီလိုကိစ္စမှာ မှန်မှန်ကန်ကန် ချစ်တတ်မှ၊ မှန်မှန် ကန်ကန် မြတ်နိုးတတ်မှ၊ မှန်မှန်ကန်ကန် ပြုစုပျိုးထောင်တတ်မှသာလျှင် ကျွန်တော်တို့ဟာ စစ်မှန်တဲ့ မွတ်ဆလင်မ်တွေ ဖြစ်မှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့ကိုယ်တိုင် မိဘကို ပြုစုပျိုးထောင်တဲ့ သားကောင်းသမီးကောင်းတွေဖြစ်ဖို့ ကိုယ်တိုင် အမှားကိုအမှန်ဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိမှသာ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်ဟာ မျက်စိအရှုမှာ ကြည်လင်အေးမြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ စိတ်အေးချမ်း သာမှာဖြစ်ပါတယ်။
အစ္စလာမ်က လူရဲ့ခံစားချက်ဖြစ်တဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အဲဒီချစ်ခြင်း၊ မုန်းခြင်းသက်သက်နဲ့ ဘ၀ကို မတည်ဆောက်ဖို့ အရေးအရာကိစ္စတွေကို မဆောင်ရွက်မိစေဖို့ တားမြစ်ထားပါ တယ်။
လေးစားအပ်ပါသော ညီအစ်ကို၊ မောင်နှမများခင်ဗျား-
လူ့အဖွဲ့အစည်းကို ခေတ်အဆက်ဆက် ဦးဆောင်ဦးရွက်ပြုခဲ့သူတွေက ယေဘုယျအားဖြင့် ယောက်ျား သားတွေဖြစ်ပါတယ်။ အောင်မြင်တဲ့ ဦးဆောင်ဦးရွက်ပြုတဲ့ ယောက်ျားသားတွေရဲ့နောက်ကွယ်မှာ ပါရမီဖြည့်တဲ့ ပါရမီ ဖြည့်ဖက် မိန်းမသားတွေလည်း သေချာပေါက်ရှိနေပါတယ်။ အဲဒီလိုလူတွေအတွက် ဆွဲဆောင်သိမ်းသွင်း နိုင်တဲ့အရာတွေ၊ စွဲဆောင်သိမ်းသွင်းပြီး လမ်းမှားရောက်အောင် ပြုနိုင်တဲ့အရာတွေရှိနေတာကိုလည်း ကျမ်းမြတ် ကုရ်အာန် ဆူရာဟ် (၃) အာယတ် (၁၄)မှာ အလ္လာဟ်အရှင်မြတ်က သတိပေးထားတာ တွေ့ရမှာဖြစ်ပါတယ်။
“ အမျိုးသမီးများ၊ သားသမီးများ၊ ရွှေငွေရတနာများ ကောင်းမွန်စွာလေ့ကျင့်ထားသည့် မြင်း(အစီးအနင်း)များ ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသော ခြေလေးချောင်းသတ္တ၀ါများ၊ လယ်ယာမြေများသည် လူသားများအဖို့ စွဲလန်းနှစ်သက် ဖွယ်အဖြစ် စီမံထားသောအရာများဖြစ်သည်။ လောကီအသုံးအဆောင်များဖြစ်သည်။ အလ္လာဟ်ထံတော်တွင် ၎င်းအရာများထက် ကောင်းမွန်သောအရာများ ရှိနေပေသည် ” ( ၃း၁၄)
အဲဒီလိုလောကီစည်းစိမ်တွေက လူ့ဘ၀ကို ပျက်စီးအောင် စွဲဆောင်နိုင်တဲ့အရာတွေဖြစ်တယ်တဲ့။ အဲဒါတွေကို အလ္လာဟ်အရှင်မြတ်က လှပတင့်တယ် စွဲမက်ဖွယ်ဖြစ်အောင် လုပ်ထားတာတဲ့။ အဲဒီလှပတင့်တယ်တဲ့ ပစ္စည်းဥစ္စာတွေကို မရှာဖွေ၊ မစုဆောင်း၊ မပိုင်ဆိုင်ကြနဲ့လို့ အလ္လာဟ်အရှင်မြတ်က တားမြစ်နေတာမဟုတ်ဘူး။ ဒါတွေကို ရှာဖွေ၊ စုဆောင်း ပိုင်ဆိုင်သင့်တယ်။ ဒါတွေဟာ လူ့လောကီရဲ့အဆောင်အယောင်တွေဖြစ်တယ်။ လယ်ယာကိုင်းကျွန်း၊ အစီးအနင်း တွေ၊ ဥစ္စာဓနတွေ၊ လက်တွဲဖော် ဇနီး၊ ခင်ပွန်း လိုအပ်သလို သားကောင်း၊ သမီးကောင်းတွေလိုအပ်တယ်။ လူ့ဘ၀ရဲ့ လိုအပ်ချက်တွေဖြစ်တယ်။ ဒါပေမဲ့ အဲဒီအရာတွေကို အရမ်းကာရော ခုံခုံမင်မင်၊ စွဲစွဲလန်းလန်း၊ ဖက်တွယ်မှုမျိုး မလုပ်ကြပါနဲ့လို့ အလ္လာဟ်က သတိပေးထားခြင်းသာဖြစ်ပါတယ်။
`ဘာကြောင့်လဲဆိုတော့ အလ္လာဟ့်ထံတော်ပါးမှာ အဲဒီထက်ကောင်းတဲ့အရာတွေရှိတယ်´။ အလ္လာဟ့်ထံမှာရှိ တဲ့အရာတွေဟာ လောကီလူ့ဘုံမှာရှိတဲ့ အရာရာတိုင်းထက် ပိုမိုလှပ၊ တင့်တယ်ကောင်းမွန်တဲ့ အရာတွေဖြစ်တယ် လို့ ပြောနေခြင်းဖြစ်ပါတယ်။ လောကရဲ့အဆောင်အယောင်တွေကို လက်နက်ကရိယာအဖြစ်အသုံးချပြီး အလ္လာဟ့်ထံမှာရှိတဲ့ ပိုမိုကောင်းမွန်တဲ့အရာတွေကို ရယူနိုင်စွမ်းရှိအောင် ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအရာတွေပေါ်မှာပဲ နစ်မွန်းပြီးမနေပါနဲ့လို့ အလ္လာဟ်က သတိပေးနေခြင်းဖြစ်ပါတယ်။
နှစ်သက်ဖွယ်ဖြစ်အောင် စီမံပေးထားတော်မူတာက အလ္လာဟ်ဖြစ်တယ်။ လူတွေက နှစ်သက်ဖွယ်တွေကို စွဲလန်းပြီး နစ်မွန်းသွားတတ်တယ်။ `နှစ်သက်ဖွယ်စွဲလန်းမှု´ဆိုတာကို အရဗီဝေါဟာရမှာ `ယှဟာဝါသ်´ဆိုပြီးတော့ သုံးနှုန်းဖော်ပြထားပါတယ်။ လူးသ်နဗီခေတ်က လူသားများရဲ့ လိင်တူချင်း စွဲလန်းနှစ်သက်မှုကို `ယှဟာဝါသ်´ဆိုတဲ့ အသုံးနှုန်းနဲ့ဖော်ပြပါတယ်။ ကောင်းမြတ်သော နှစ်သက်စွဲလန်းဖွယ်ရာများကိုပင်လျှင် အလ္လာဟ်ရဲ့လမ်းညွှန်ချက်နဲ့အညီသာ လောကီအတွက် အသုံးဝင်တဲ့အရာတွေကို ရယူပိုင်ဆိုင်ခွင့်ရှိပြီး မတော်မတရား အဓမ္မရယူပါက မုချဧကန် ဆိုးကျိုးဆိုးပြစ်များနဲ့ ကြုံတွေ့ကြရလိမ့်မယ်။ အလ္လာဟ်က စွဲလန်းနှစ်သက်ဖွယ်ပြုလုပ်ထားပေမဲ့ ကျွန်တော်တို့ကို သတိပေးခြင်းဖြစ်တယ်။ နောက်တစ်ချက်က ကျွန်တော်တို့ အဲဒီဥစ္စာပစ္စည်းနဲ့ နှစ်သက်မြတ်နိုးဖွယ်အရာတွေ ပိုင်ဆိုင်ရယူချင်တဲ့ဆန္ဒ လွန်ကဲပြီး ဥပမာ- ဘိန်းဖြူ၊ အရက်စတဲ့ အလ္လာဟ်တားမြစ်ပြီးဖြစ်တဲ့ လူသားတွေအတွက် လူညွှန့်တုံး၊ ဘ၀ပျက်သွား စေမယ့် လုပ်ရပ်လုပ်ငန်းမျိုးတွေလုပ် ပြီး ရှာဖွေစုဆောင်းမယ်ဆိုရင် တစ်နေ့ ဆိုးဝါးတဲ့ဆိုးကျိုးတွေကို ခံစားရမှာဖြစ်တယ်။
ဒါကြောင့် လောကရဲ့ ကောင်းမြတ်တဲ့အရာတွေဟာ ကျွန်တော်တို့အတွက် နှစ်သက်စွဲလန်းဖွယ်ရာ ပြုလုပ်စီမံထားခြင်းဖြစ်ပေမဲ့ မတော်မတရားတဲ့နည်းနဲ့တော့ မကြိုးစားနဲ့။ ရယူပိုင်ဆိုင်လိုရင် တော်တည့်မှန်ကန် ရိုးသားဖြောင့်မှန်တဲ့ နည်းနဲ့ ရယူပိုင်ဆိုင်ခွင့်ရှိကြောင်းကို ဆူရာဟ်(၁၃) အာယတ် (၁၄)က လမ်းညွှန်ခြင်းဖြစ်ပါ တယ်။

လူ့ဘ၀မှာ နှစ်သက်စွဲမက်ဖွယ်ရာတွေရှိသလို စိုးရိမ်ထိတ်လန့်မှု၊ ပူပင်သောကရောက်စရာတွေနဲ့လည်း ပြည့်နှက်နေပါတယ်။ ဒီလို စိုးရိမ်သောကတွေ ရင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ စွဲလန်းနှစ်သက်ဖွယ်တွေထဲမှာ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်တွေလည်း ပါဝင်ပါတယ်။ အဲဒီလို မိတ်ဆွေစစ်၊ မိတ်ဆွေမှန်တွေကို ကျမ်းတော်မြတ် ကုရ်အာန်က `၀လီ´၊ အများကိန်းက `အောက်လီယာ´လို့သုံးနှုန်းထားပါတယ်။
အဆွေခင်ပွန်း `၀လီ´ဆိုတာ အနီးနားမှာရှိနေပြီးတော့ တစ်ဦးနဲ့တစ်ဦး သင့်မြတ်ကြည်ဖြူပြီး တစ်ဦးရဲ့ အခက်အခဲကို တစ်ဦးက ကူညီဖြေရှင်းပေးသူများဖြစ်ပါတယ်။ ဒီလိုမိတ်ဆွေစစ်၊ မိတ်ဆွေမှန်၊ မိတ်ဆွေကောင်းတွေ လူ့လောကမှာ အင်မတန်ကို ရှားပါးနေပါတယ်။ မိတ်ဆွေတု၊ မိတ်ဆွေယောင်တွေသာ ပေါများနေပါတယ်။ မိမိရဲ့ အကျိုးအတွက် တစ်ဦးဦးကို အသုံးချဖို့ ပေါင်းသင်းနေထိုင်သူများဟာ မိတ်ဆွေတုများဖြစ်ပါတယ်။ လူ့ဘ၀သက် တမ်းတစ်လျှောက်မှာ အပေါင်းအသင်းကောင်းများ၊ မိတ်ဆွေစစ်၊ မိတ်ဆွေမှန်များရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီလို စစ်မှန်တဲ့မိတ်ဆွေများဟာ ကျွန်တော်တို့ဘ၀ရဲ့ ရတနာများလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်သက်စွဲလန်းဖွယ် ရာများထဲမှာလည်း မိတ်ဆွေစစ်များ ပါဝင်ပါတယ်။ မိတ်ဆွေအတုများဟာ လူ့ဘ၀ရဲ့ အဆိပ်အတောက်များသာ ဖြစ်ပါတယ်။ မိတ်ဆွေအတုများဟာ လူ့ဘ၀ရဲ့ နှစ်သက်စွဲလန်းဖွယ်ရာတွေကိုဗန်းပြပြီး စိုးရိမ်သောက ချောက်ကမ်း ပါးထဲကို ဆွဲချသွားနိုင်ပါတယ်။ မိတ်ဆွေအတုများဟာ အဖျက်သမားတွေဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်မှ မိတ်ဆွေအတုများကို ရှိုင်တွာန်၊ သွာရုသ်လို့ သုံးနှုန်းထားပါတယ်။ မိတ်ဆွေစစ်များဟာ မိမိတို့ အပေါင်းအသင်း၊ မိတ်ဆွေရဲ့ကောင်းကျိုးချမ်းသာကို ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင်ရွက်ကြသူတွေဖြစ်တယ်။ ဒီလိုမျိုးမိတ်ဆွေစစ်တွေနဲ့ အပေါင်းအသင်းဖြစ်ရင် သောကတွေ၊ စိုးရိမ်မှုတွေ ကင်းဝေးနိုင်မှာပါ။ သောက ကင်းဝေးနေ နိုင်ရေးအတွက် မိတ်ဆွေစစ်တွေ လိုအပ်တာအမှန်ပါ။ အဲဒီလို မိတ်ဆွေစစ်တွေကို အလ္လာဟ်အရှင်မြတ်ကလည်း အလ္လာဟ့်ရဲ့မိတ်ဆွေများ (အောက်လီယလ္လာဟ်)လို့ ခေါ်ဝေါ်ဂုဏ်ပြုထားပါတယ်။
အလ္လာဟ်နဲ့လူသားတွေရဲ့ ဆက်သွယ်မှုကို အလ္လာဟ်က `၀လီ၊ အောက်လီယာ´ လို့ သုံးနှုန်းထားပါတယ်။ ၀လီအောက်လီယာတွေဆိုတာက ကျွန်တော်တို့ထင်နေသလို ဂမ္ဘီရဆန်တဲ့ လူလွန်မသားတွေမဟုတ်ပါဘူး။ လူထဲက လူတွေဖြစ်ပြီးတော့ တစ်ဦးရဲ့အကျိုးကို တစ်ဦးက ဖေးမကူညီကြ တဲ့ လူတွေသာဖြစ်ပါတယ်။ အဲဒီလို ဖေးမကူညီကြသူတွေကို အလ္လာဟ်က `၀လီယွလ္လာဟ်´ `အောက်လီယာအလ္လာဟ်´ လို့ သတ်မှတ်သုံးနှုန်းထားပါတယ်။ အလ္လာဟ်က ကျွန်တော်တို့ကို သူ့ရဲ့ကျေးကျွန်တွေအဖြစ် ဘယ်တော့မှ မသုံးဘူး။ တခါတရံမှာ `အေဗါဒီ´ ငါအရှင်မြတ်ရဲ့နာခံတော်များလို့ သုံးနှုန်းတယ်။ အလ္လာဟ်ရဲ့မိတ်ဆွေများလို့သာ သုံးနှုန်းပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၀) အာယတ်(၆၂)မှာ- “ အလ္လာဟ့်ရဲ့ စနစ်ဇယား(ကုရ်အာန်)ပေါ်မှာရှိနေသူများသည် အလ္လာဟ်ရဲ့မိတ်ဆွေများဖြစ်ကြသည်။ ထိုသူတို့အတွက် စိုးရိမ်ပူပန်စရာတွေ၊ သောကရောက်စရာတွေ လုံးဝရှိမည်မဟုတ်ပေ ” ကျွန်တော်တို့ဘ၀မှာ စိုးရိမ်ပူပန်စရာတွေ၊ သောကရောက်စရာတွေ တော်တော်များများ ပြေပျောက်သွားပြီဆိုရင် ကျွန်တော်တို့ဟာ ကျန်းသေ အလ္လာဟ့်ရဲ့မိတ်ဆွေ ၀လီယွလ္လာဟ် အောက်လီယာအလ္လာဟ်တွေဖြစ်ကြပါပြီ
ဝလီတို့ အောက်လီယာတို့ဆိုတာ ကျွန်တော်တို့ ဝေးဝေးမှာရှာနေဖို့မလိုပါဘူး။ ဒါရ်ဂါတွေမှာ ရှာနေဖို့မလိုပါ ဘူး။ ကိုယ့်အနီးပတ်ဝန်းကျင်မှာ ရှာလို့ရတယ်။ ကျွန်တော်တို့ဟာ အလ္လာဟ့်ရဲ့မိတ်ဆွေဖြစ်နိုင်ကြဖို့အတွက် မိမိရဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အခက်အခဲ၊ အကြပ်အတည်းတွေကို ကူညီဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ ဒါတွေကို ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂) အာယတ်(၂၅၇)မှာလည်း `အလ္လာဟ်ဟာ ယုံကြည်သူများရဲ့ မိတ်ဆွေဖြစ်ပါတယ်´ လို့ဆိုထားပါတယ်။ အလ္လာဟ်ကို ယုံကြည်ပြီးတော့ အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ စနစ်ဇယား (ကုရ်အာန်) နဲ့အညီ ရှိနေရင်လည်း အလ္လာဟ်က ၀လီဖြစ်နေပါတယ်တဲ့။ ဆိုလိုတာက ထိုသူအတွက် အလ္လာဟ်က မိတ်ဆွေဖြစ်တယ်။ ဒါကြောင့် မိမိကို အလ္လာဟ်က မိတ်ဆွေ(၀လီ)အဖြစ်သတ်မှတ်တာခံချင်ရင် ဒါမှမဟုတ် အလ္လာဟ်ကို မိမိရဲ့မိတ်ဆွေ(၀လီ)ဖြစ်စေချင်ရင် မိမိရဲ့အပေါင်းအသင်းမိတ်ဆွေတွေကို စိတ်ရင်းစေတနာ ဖြူစင်သန့်ရှင်းစွာနဲ့ ကူညီပေးဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့ဟာ တကယ် အီမာန်ပေါ်မှာရပ်တည်ပြီးတော့ အလ္လာဟ့်အမိန့်ကိုနာခံပြီး အလ္လာဟ်သတ်မှတ် ပြဌာန်းထားတဲ့ ညွှန်ကြားချက်(ကုရ်အာန်)ကို တကယ်လိုက်နာကျင့်ကြံအားထုတ်ပြီး နေထိုင်မယ်ဆိုရင် အလ္လာဟ် ဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်မှာဖြစ်ပါတယ်။ အလ္လာဟ်ဟာ ယုံကြည်သူများရဲ့မိတ်ဆွေဖြစ်တယ်။ အလ္လာဟ်ရဲ့ မိတ်ဆွေဖြစ်ရင် ထိုသူဟာ အမိုက်မှောင်တွင်းကနေ အလင်းရောင်ကို ထုတ်ယူခြင်းခံရမှာဖြစ်တယ်။ ဘယ်လောက် ပဲ အမိုက်မှောင်ကျနေပါစေ။ မိမိရဲ့ဘ၀မှာ သောက၊ ဒုက္ခတွေ ဘယ်လောက်ပဲကျနေပါစေ။ အလ္လာဟ်ရဲ့မိတ်ဆွေ ဖြစ်ခဲ့ရင် အလင်းရောင်ဟာ မကြာခင်ပဲ ရောက်ရှိလာမှာဖြစ်ပါတယ်။
`အမှန်တရားကို ငြင်းဆန်သွေဖည်နေသူတွေဟာ အဖျက်မိစ္ဆာတွေရဲ့မိတ်ဆွေဖြစ်ပါတယ်´ တဲ့။ အဖျက်မိစ္ဆာတွေရဲ့မိတ်ဆွေဖြစ်ရင် ကျွန်တော် တို့ရဲ့ဘ၀မှာ ဘယ်လောက်ပဲ အလင်းရောင်ရှိနေပါစေ။ စည်းစိမ်ဥစ္စာတွေ ပြည့်စုံနေပါစေ၊ ဂုဏ်ဓနတွေ ၀န်းရံနေပါ စေ၊ ခြွေရံသင်းပင်းတွေ များနေပါစေ၊ မကြာခင် ထိုသူတို့ဟာ အမိုက်မှောင်ထုထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖျက်မိစ္ဆာတွေနဲပ အပေါင်းအသင်းဖြစ်နေလို့ပါ။ အဲဒီလူ တွေဟာ ပူပင်သောကထဲမှာပဲ ထာဝစဉ်နေထိုင်သွားကြရမယ်တဲ့။
လေးစားအပ်ပါသော ညီအစ်ကို မောင်နှမများခင်ဗျား-
ဒီကနေ့ ကျွန်တော်တင်ပြခဲ့တဲ့ခေါင်းစဉ်က `ဘ၀ရဲ့ နှစ်သက်စွဲလန်းဖွယ်ရာများ´ ဖြစ်ပါတယ်။ လူ့ဘ၀မှာ နှစ်သက်စွဲလန်းဖွယ်ရာတွေက များစွာရှိပါတယ်။ ဒါတွေကို လူ့အကျိုးပြုတွေဖြစ်လို့ ရယူပိုင်ဆိုင်ခွင့်ရှိပေမဲ့ မတော်မတရားလုပ်ငန်းများနဲ့မဟုတ်ဘဲ သမာအာဇီဝနည်းနဲ့ ရယူရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့က မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းတွေလည်း လိုအပ်ပါတယ်။ `၀လီ´`အောက်လီယာ´ဆိုတဲ့ မိတ်ဆွေစစ်တွေဆိုတာ ဂမ္ဘီရဆန်တဲ့လူတွေ မဟုတ်ဘဲနဲ့ မိမိအနီးအနားမှာရှိတဲ့ မိမိရဲ့အခက်အခဲ၊ အကြပ်အတည်းများကို ပူးပေါင်းဖြေရှင်းကြမယ့်လူတွေဖြစ်ပါ တယ်။
ချစ်ခင်မြတ်နိုးရပါသော သားငယ်၊ သမီးငယ်များကိုလည်း အမှာစကား ပါးချင်ပါတယ်။ ဒီနေ့ဟာ ချစ်သူများ နေ့ဆိုပြီး အချို့သောလူငယ်၊ လူရွယ်များက အမှတ်တရ၊ အခမ်းအနားများ ကျင်းပကြပါတယ်။ အဲဒီထဲက အချို့သောအခမ်းအနားများက မိမိကိုယ်ကို (သို့) တစ်ပါးသူကို နစ်မွန်းစေတဲ့ အဖြစ်အပျက်တွေဖန်တီးပေးကြပါ တယ်။ ဒီအထဲမှာ ကျွန်တော်တို့ရဲ့ရင်သွေးလေးတွေ နစ်မွန်းစွဲလန်း ပျက်စီးမှုထဲ မပါဝင်မိဖို့ အရေးတကြီး လေးလေး စားစား သတိပေးပါတယ်။ နောက်ပြီး ကြင်ဖော်ရှာနေကြတဲ့ သားငယ်၊ သမီးငယ်များကိုလည်း ဘ၀ရဲ့ နှစ်သက်စွဲ လန်းဖွယ် ကြင်ဖော်များကို တွေ့ဆုံနိုင်ကြပါစေ။ ကြင်ဖော်ကြင်ဖက်များကို အချစ်တစ်ခုတည်း၊ စည်းစိမ်ဥစ္စာတစ်ခု တည်း၊ ဂုဏ်ဓနတစ်ခုတည်းနဲ့ မသတ်မှတ်ဘဲ တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးနိုင်မယ့် လက်တွဲ ဖော်များ၊ ချစ်ခင်ကြင်နာမှုတွေ နှောင်ဖွဲ့ပြီး စိတ်တူညီမျှတဲ့လက်တွဲဖော်များ တွေ့ဆုံနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ရပ်နားလိုက်ပါတယ် ။ ။