“မစ်ဂျီးဒ်” ကျောင်းတော်၏ အခန်းကဏ္ဍ မုဖ်သီ ဦးသန်းအောင် (LL.B)
“မစ်ဂျီးဒ်” ကျောင်းတော်၏အခန်းကဏ္ဍ
မုဖ်သီ ဦးသန်းအောင် (LL.B)
ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။
ဒီအပတ်မှာ ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်ကတော့ `ကျောင်းတော်(မစ်ဂျီဒ်)´ ၏ အခန်းကဏ္ဍဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ရမဿွာန်လရဲ့ နောက်ဆုံးအပတ်မှာ `ကုရ်အာန်´ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြခဲ့ပါတယ်။ `ကုရ်အာန်´ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြပြီးတဲ့အခါမှာ အဲဒီ`ကုရ်အာန်´ကို ဆက်လက်ပြီးတော့ ပုံဖော်၊ ကျင့်သုံးလိုက်နာဖို့အတွက် မစ်ဂျီးဒ်´ကျောင်းတော်တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန်အရေးပါ အရာရောက်တယ်ဆိုတာကို သဘော ပေါက်မိတဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီခေါင်းစဉ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော့် အနေနဲ့ အထူးမေတ္တာရပ်ခံချင်တာက မစ်ဂျီးဒ်ကို ကျောင်းတော်လို့ပဲ ပြောသွားတဲ့ဟာကို နားလည်ပေးဖို့ လိုပါ တယ်။
ကျွန်တော်တို့ မွတ်ဆလင်မ်အများစု သိထားတဲ့မစ်ဂျီးဒ်ဆိုတာ ဗလီ(သို့မဟုတ်)ပလီ (သို့မဟုတ်) ၀တ်ပြု ကျောင်း၊ အဲဒီလောက်အနေအထားကနေ ခွဲထွက်ပြီးတော့ ဗလီအဖြစ်သော်လည်းကောင်း၊ ပလီအဖြစ်သော် လည်းကောင်း၊ ၀တ်ပြုကျောင်းအဖြစ်သော်လည်းကောင်း၊ အသုံးချနေရာကနေ တဆင့်တက်ပြီးတော့ မစ်ဂျီးဒ်ကျောင်းတော်ရဲ့ အခန်းကဏ္ဍအရေးပါ အရာရောက်လှတဲ့အကြောင်းကို ကျွန်တော် တို့အဆင့်မြှင့်တင်ဖို့ လိုနေတဲ့အနေအထားကို ကျွန်တော်လေ့လာတွေ့ရှိရတဲ့ အထဲကနေ တင်ပြသွားမှာဖြစ်ပါ တယ်။
ကျွန်တော်တို့ ကျမ်းမြတ်ကုရ်အာန်ကိုသာ တကယ်လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့ ဒီမစ်ဂျီးဒ်ကျောင်းတော်တွေကနေ လူတွေကို သွန်သင်ဆုံးမနည်းပေးလမ်းပြမှုတွေလုပ်ရင်းနဲ့ အဲဒီမစ်ဂျီးဒ်တွေဟာ ကျွန်တော်တို့အားလုံးရဲ့ နှစ်ဘ၀သခင်ကျေးဇူးတော်ရှင်တမန်တော်မြတ် မုဟမ္မဒ်(ဆွ)လက်ထက်က တကယ် မစ်ဂျီးဒ်ကို အသုံးပြုခဲ့တဲ့ဗဟိုဌာနကြီး Centre ကြီးဆိုတာ ရုပ်လုံးပေါ်လာလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည် ယူဆမိပါတယ်။ အဲဒီတော့ မစ်ဂျီးဒ်ဖြစ်လာမယ့် မူလဝေါဟာရရင်းမြစ်(စူဂျူးဒ်)ကို သွားပြီး လေ့လာမယ် ဆိုရင် အဘိဓါန်ပညာရှင်များရဲ့ ဖွင့်ဆိုထားမှုကို အရင်တင်ပြပါမယ်။ အတ်စ် စူဂျူးဒ်ဆိုတာ ဦးခေါင်းကို ကိုင်းညွတ် နှိမ့်ချခြင်း၊ ပျပ်ဝပ်ညွတ်သွားခြင်း (ကိုယ်၊ နှုတ်၊ နှလုံး)သုံးပါစလုံးဖြင့် (ဥပမာ လူဟာတစ်ခုခုကို ဆောင်ရွက်တဲ့ အခါမှာ သူ့ရဲ့ရင်ထဲအသဲထဲ နှလုံးသားထဲကနေ နှစ်နှစ်ကာကာ လိုလိုလားလားနဲ့ သူ့ရဲ့အရှင်သခင်ဖြစ်တဲ့ အလ္လာဟ်ကို သူဦးညွတ်၊ ညွတ်သွားဖို့) အဲဒီအလ္လာဟ်ရဲ့ အမိန့်ကို နာခံလိုက်ရပြီဆိုတာကို သိလိုက်ရတဲ့အချိန်မှာ သူဟာ အဲဒီအလ္လာဟ်အရှေ့မှာ `အလ္လာဟ်ဟုအက္ကဘရ်´ဆိုပြီး လက်ကမြှောက်ပြီးသား ဖြစ်သွားတယ်။ `အလ္လာဟ် ဟု အက္ကဘရ်´ဆို`ရုကူဟ်´ကိုင်းညွတ်ပြီးသားဖြစ်သွားတယ်။ `အလ္လာဟ်ဟု အက္ကဘရ်´ဆို စဂ်ျဒါ တခါတည်း ပျပ်ဝပ်ပြီးသားဖြစ်သွားတဲ့ အနေအထားကို ကုရ်အာန်ရဲ့အသုံး အရဗီသဒ္ဒါရဲ့အသုံးကို ဖော်ပြထားတာတွေ့ရမှာ ဖြစ်ပါတယ်။
ပြဌာန်းချက်အမိန့်တော်ကို ဦးထိပ်ပန်ဆင် ရိုကျိုးလိုက်နာခြင်း ပြုလျက် တပြိုင်တည်းတွင် သွေဖည်အာခံ၊ အန်တုဖီဆန်မှုကင်းမဲ့ခြင်းဟု နားလည်သိရှိနိုင်ပါတယ်။ (စုဂျူဒ်)လုပ်ပြီဆိုတဲ့ အချိန်မှာ သူ့မှာအန်တုဖီဆန်ချင်တဲ့ (အီဗ်လီစ်)မှာရှိနေတဲ့ (အစ်္စသဂ်ဘရ)ဆိုတဲ့ အနေအထားကို သူ့နှလုံးသားထဲက သူ့ရဲ့အသိဥာဏ်ထဲက သူ့ရဲ့ စိတ်ထဲကနေ ကင်းစင်အောင် လုပ်ထားခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။ နောက်တခါ အမိန့်တော်ပြဌာန်းချက် ပြုသည့်အတိုင်း တိကျမှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။ စိတ်နှလုံးထဲက နှစ်နှစ် ကာကာ၊ လိုလိုလားလား နှစ်ခြိုက်ကာ၊ ဦးညွတ်ပျပ်ဝပ်နာခံဆောင်ရွက်ခြင်းလို့လည်း အဓိပ္ပါယ်ရပါတယ်။ ဦးညွတ် လို့ပြောခြင်းဟာ ကျွန်တော်တို့(မုဆွလ္လာဟ်)မှာ (စိဂ်ျဒါ)လုပ်တာ အပါအ၀င် အလ္လာဟ်ဥပဒေလမ်းညွှန်မိန့်ကြား ချက်တွေကို တိကျစွာလိုက်နာကျင့်သုံးခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ပေးပါတယ်။
(စဂ်ျဒါ)ဆိုတာ ပျပ်ဝပ်ဦးညွတ်နာခံလျက် အမိန့်တော်ကို ထက်ကြပ်မကွာ အပြည့်အ၀နာခံလိုက်နာခြင်း ပြုသောအချိန်နှင့် နေရာပြနာမ်ကို (မစ်ဂျီးဒ်)လို့ အရဗီမှုမှာ သုံးပါတယ်။ ဆက်လက်ပြီး အချိန်ပြမှုနှင့် တပြိုင်တည်း နေရာပြထားတဲ့အကြောင်းကို ကျမ်းမြတ်ကုရ်အာန်မှာ ကျွန်တော်လေ့လာတွေ့ရှိထားတဲ့ အနေအထားအရ တင်ပြ ပါမယ်။ (မစ်ဂျီးဒ်)ဆိုတဲ့ စကားလုံးအားလုံးဟာ ဦးညွတ်နာခံရာ နေရာလို့ပဲ ကျွန်တော်သိထားခဲ့ပါတယ်။ ဒါပေမယ့် ကျမ်းမြတ်ကုရ်အာန်ပါ အာယသ်နှစ်ခုကို လေ့လာတွေ့ရှိချက်အရ (မစ်ဂျီးဒ်)ဆိုတာ အချိန်ကိုလည်း ပြတယ်ဆို တာကို ကျွန်တော်လေ့လာတွေ့ရှိရတဲ့အတွက် လူကြီးမင်းတို့ကို ကျွန်တော်မျှဝေပေးမှာ ဖြစ်ပါတယ်။
(မစ်ဂျီးဒ်)ဆိုတာဘာလဲ။ အရဗီဝေါဟာရ (မစ်ဂျီးဒ်)ဆိုတာကို မြန်မာမှုပြုပြီး လေ့လာကြည့်လိုက်ရင် အလ္လာဟ်အရှင်မြတ် လမ်းညွှန်ထုတ်ပြန်ပေးထားသော ကျမ်းမြတ်ကုရ်အာန်တွင် သွန်သင်ဆုံးမထားသော တရား လမ်းညွှန်ချက်များ၊ လူသားတို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအလို့ငှာ မူဝါဒများချမှတ်ပေးသော လေ့ကျင့်သင်ကြားပေးသောနေရာ၊ ကျောင်းတော် ဗဟိုဌာန Centre လို့ ကျွန်တော်နားလည် သဘောပေါက်မိပါတယ်။
ကျွန်တော်တို့အားလုံး နောက်ဆုံးအန္တိမတမန်တော်မြတ်(ဆွ) အဲဒီ Centre ကြီးမှာ ဘာတွေလုပ်ခဲ့လဲ ဆိုတဲ့ဟာကို လေ့လာကြည့်လိုက်ရင် အဖြေထွက်လာပါလိမ့်မယ်။ လူသားတို့၊ မွတ်ဆလင်မ်တို့၏ အရေးကိစ္စ အ၀၀ကို ကုရ်အာန်နည်းကျ ဆောင်ရွက်ဖြေရှင်းနိုင်ရန်အတွက် လိုအပ်သည်တို့ကို လေ့လာဆည်းပူး၊ သင်ကြား ပို့ချပျိုးထောင်ရာ လေ့ကျင့်ထိန်းကျောင်းပေးသော ဌာနကျောင်းတော်ဖြစ်ပါတယ်။ အဲဒီကျောင်းတော်ကြီးမှာ မည်သူမဆို မည်သည့်အချိန်မဆို လိုအပ်တဲ့အကူအညီတွေကို တောင်းခံရယူ ရနိုင်တဲ့ဌာနလည်းဖြစ်ရပါလိမ့်မယ်။
ကျွန်တော်တို့ရဲ့ ဆရာကြီး ကွယ်လွန်သူမုဖ်သီ ဦးမြတ်သူ အမြဲပြောတဲ့စကားတစ်ခွန်းရှိပါတယ်။ ရန်ကုန် မြို့မှာ ကျူလီယာပလီ၊ ရခိုင်ပလီ၊ ကာကာပလီ၊ စူရတီပလီ၊ ဘင်္ဂလီပလီ၊ စွန္နီပလီတွေ၊ ရှီအာပလီ၊ မိုးကျပလီလို့ခေါ်တဲ့ နာဆာပူရီပလီလည်းရှိပါတယ်။ လူမျိုးနွယ်စုနာမည်တွေနဲ့ ပလီတွေအများကြီးရှိပါတယ်။ ဂုဏ်ယူစရာကောင်းတာကတော့ မန္တလေးမြို့မှာတော့ စူရတီပလီနှင့် ရှီအာပလီကလွဲရင် ကျန်ပလီတော်တော် များများဟာ အရပ်ဒေသနာမည်တွေပေးပြီး ရှေးဘုရင်မင်းများလက်ထက်ထဲက ဂုဏ်ပြုချီးမြှင့်ထားတဲ့ ပလီတွေ ဖြစ်ပါတယ်။ အဲဒီလို ပလီတွေအများကြီးရှိတဲ့အထဲမှာဗျာတဲ့ `အလ္လာဟ်ပလီ´ရှားနေတယ်လို့ ဆရာဦးမြတ်သူအမြဲပြောလေ့ရှိ ပါတယ်။ တကယ်တော့ (မစ်ဂျီးဒ်)ဆိုတာ အလ္လာဟ်အမှုတော် ထမ်းရွက်တဲ့၊ အလ္လာဟ်ကျောင်းပဲဖြစ်ရမယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၇၂း၁၈ မှာ ဖော်ပြထားတာက `ဧကန်စင်စစ် မစ်ဂျီးဒ်ကျောင်းတော်များသည် အလ္လာဟ်ပိုင်ဖြစ်သည်။´
အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပြသသွန်သင်ဆုံးမတော်မူသော လူ့လောကဘက်စုံ စည်ပင်သာယာဝ ပြောရေး၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာဌာနအဖြစ်သာ ထားရှိပြီး အလ္လာဟ်လမ်းညွှန်ချက်(ကုရ်အာန်) ကိစ္စရပ် များကိုသာ ဆောင်ရွက်ရန်ဖြစ်သည်။ `ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ကို (အလ္လာဟ်လမ်းညွှန်ပြသသည့် စနစ်နဲ့ ကုရ်အာန်)ကို တစ်စုံတစ်ရာသော အခြားမည်သည့် လူပုဂ္ဂိုလ်၊ အရာ၊ မည်သည့်စနစ်နှင့်မျှအတူ ဖိတ်ခေါ်ဖြန့်ချိ ကြွေးကြော်ပို့ချလေ့ကျင့်ပျိုးထောင်ပေးခြင်းမျှ အလျင်းမရှိစေရ။´လို့ ဆက်ပြီးဖော်ပြထားတာကို တွေ့ရပါတယ်။
ဒီအာယသ်အရ မူလ(မတ်စ်ဂျီစ်ဒ်)ကို လှူတန်းသူများသည် လှူတန်းပြီးနောက် သူတို့နှင့်မဆိုင်။ အလ္လာဟ် ပိုင်သာဖြစ်သည်။ လှူဒါန်းမှုအတွက် ရလာဒ်သည်အလ္လာဟ်နှင့်အလှူရှင်တို့၏ နောင်ကိစ္စ။ (မတ်စ်ဂျစ်ဒ်)၏ ပိုင်ရှင် သည် အလ္လာဟ်သာဖြစ်သည်။ အဲဒီတော့ (မတ်စ်ဂျစ်ဒ်)ကို တစ်ခုခုလုပ်လိုက်ပြီဆိုရင် အဲဒါဟာ အလ္လာဟ်ကို ပုန်ကန်ခြင်းသာဖြစ်တယ်။ အရမ်းကြောက်စရာကောင်းပါတယ်။ (မတ်စ်ဂျစ်ဒ်)အားလုံး အလ္လာဟ်ပိုင်တယ်လို့ ပြောတဲ့အတွက် ကျွန်တော်တို့ ၅၉လမ်းဝါဒ ကြေညာလို့မရပါဘူး။ ကျွန်တော်တို့ရဲ့ဘာဝါဒ၊ ဘာလမ်းစဉ်ထူထောင် လို့မရပါဘူး။ ဒီမတ်စ်ဂျစ်ဒ်မှာ အလ္လာဟ်လမ်းညွှန်ပြသသွန်သင်ဆုံးမချက်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့လမ်းညွှန် မိန့်ကြားချက်တွေကို လူတွေကို သွန်သင်ဆုံးမပေးတဲ့ထိန်းကျောင်းပေးတဲ့ ကျောင်းသာလျှင်ဖြစ်ရပါမယ်။ အလ္လာဟ် နဲ့ပတ်သက်တဲ့ကိစ္စ၊ အလ္လာဟ်လမ်းစဉ်နဲ့ ပတ်သက်တဲ့ကိစ္စ တနည်းအားဖြင့် ကုရ်အာန်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုပဲ တင်ပြရမှာဖြစ်ပါတယ်။ သန်းအောင်က တစ်ချိန်ချိန်မှာ သန်းအောင်လမ်းစဉ်ထူထောင်ဖို့ ဒီနေရာကို အသုံးပြုပြီ ဆိုရင် အဲဒီသန်းအောင်ကို မောင်းထုတ်ဖို့ လူကြီးမင်းများအားလုံးမှာ တာဝန်ရှိမှာဖြစ်ပါတယ်။ ဒီ(မတ်စ်ဂျစ်ဒ်)တွေ မှာ အလ္လာဟ်အကြောင်းကိုသာ ပြောရမှာဖြစ်ပြီး အလ္လာဟ်ရဲ့သွန်သင်ဆုံးမမှုများကို အလ္လာဟ်စေလွှတ်တော်မူခဲ့ သော ရစူလ်နဗီတမန်တော်မြတ်များက ဘယ်သို့ဘယ်ပုံ ပုံဖော်ကြိုးစားကျင့်ကြံလိုက်နာ အကောင်အထည် ဖော်ခဲ့တယ် ဆိုတာကို ကုရ်အာန်နဲ့အညီ သွန်သင်ဆုံးမတင်ပြရမှာဖြစ်ပါတယ်။
ဒါကြောင့် သေချာတာတစ်ခုက တိုင်းပြည်နိုင်ငံဆူပူအုံကြွ ဘေးဒုက္ခရောက်စေမယ့် ညီညွတ်ရေးပြိုကွဲတဲ့ ကိစ္စတွေအပါအ၀င် အကြမ်းဖက်မှု မှန်သမျှကို (မတ်စ်ဂျစ်ဒ်)ကျောင်းတော်ကနေ ဘယ်တော့မှ မလုပ်ဘူး။ လုပ်ခွင့်လည်းမရှိဘူး။ ဒါဟာ ကုရ်အာန်ကပြထားတဲ့ (မတ်စ်ဂျစ်ဒ်)ရဲ့ အနေအထားတစ်ရပ်ကို တွေ့ရှိရခြင်းဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ (မတ်စ်ဂျစ်ဒ်)ရယ်၊ အများကိန်း(မစာဂျစ်ဒ်)ရယ်ပါဝင်တဲ့ စကားလုံးအရေအတွက်တွေကို လေ့လာကြည့်မယ်ဆိုရင် တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ မတ်စ်ဂျစ်ဒ်ဆိုတဲ့ စကားလုံးက အကြိမ်(၂၀)ပါ ပါတယ်။ (မတ်စ်ဂျိဒါန်) ဆိုတာ (၂)ကြိမ်ပဲ ပါပါတယ်။ (မစာဂျစ်ဒ်)အများက (၆)ကြိမ်ပါ ပါတယ်။ အဲဒီ အကြိမ်(၂၀)ပါတဲ့ (မတ်စ်ဂျစ်ဒ်)ထဲ မှာ (မတ်စ်ဂျစ်ဒုလ် ဟရာမ်)လို့ပြောတဲ့ ဗဟိုဌာနကြီးအကြောင်း (၁၅)ကြိမ်ပါ ပါတယ်။ ဗဟိုဌာနကြီးရဲ့ အရေးပါ အရာရောက်မှုကို ကုရ်အာန်က မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်။ ပြီးတော့ (မတ်စ်ဂျီဒုလ် အက္ကဆွာဟ်)ဆိုတဲ့ ဝေးလံတဲ့(မတ်စ်ဂျစ်ဒ်)တစ်ကြိမ် ပါပါတယ်။ ဒါကြောင့် (၄)ကြိမ်ပဲကျန်ပါတော့တယ်။ ပြန်ညှိကြည့်တော့ (မတ်စ်ဂျိ ဒါန်)(၂)ကြိမ်ရယ်၊ ကျန်တဲ့ (မတ်စ်ဂျိဒွန်)(၄)ကြိမ်ရယ် ပေါင်းလိုက်တော့ (၆)ကြိမ်ရပါတယ်။ အများကိန်းက (၆)ကြိမ် ပါတယ်။
(အလ်မတ်စ်ဂျစ်ဒူလ် ဟရာမ်) ကြီးကျယ်မြင့်မြတ် ရိုသေအပ်သောကျောင်းတော်။ ယနေ့ခေတ်မှာ ပုံပျက် နေတဲ့ကိစ္စကိုတော့ လူကြီးမင်းများ နားလည်ပေးလိုက်ပါ။ ကျွန်တော်တို့ အခြေအနေနဲ့ အချိန်အခါအရ သေချာ တာကတော့ ဒီ(မတ်စ်ဂျစ်ဒုလ်ဟရာမ်)ဆိုတဲ့ နေရာကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ မွတ်ဆလင်မ်တွေအားလုံးရဲ့ ဗဟို ဌာနကြီး ဖြစ်လာပြီး အဲဒီကနေ ကမ္ဘာ့နိုင်ငံအရပ်ရပ် ဒေသအသီးသီးမှာရှိတဲ့ လူတွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်း သာယာဝပြောရေး စည်ပင်တိုးတက်ရေးကို ကမကထပြုပြီး ဆောင်ရွက်လာမယ့် နေ့တစ်နေ့ကိုတော့ အချိန်အခါ နဲ့ အခြေအနေတစ်ရပ် (အင်န်ရှာအလ္လာဟ်) သေချာပေါက်ရောက်လာပါလိမ့်မယ်။
အဲဒီ (မတ်စ်ဂျစ်ဒ်) အလ္လာဟ်ပိုင်တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်ရဲ့ဝဟီ လမ်းညွှန်ချက် အဆုံးအမတရားတော်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်တို့ကို သင်ကြားပို့ချပျိုး ထောင်လေ့ကျင့်ပေးရာ၊ စီမံခန့်ခွဲ အကောင်အထည်ဖော်ရာ ဗဟိုဌာနချုပ်ကို (အလ်မတ်စ်ဂျစ်ဒုလ်ဟရာမ်)လို့ ကုရ်အာန်မှာ သုံးစွဲထားတာကို ကျွန်တော်လေ့လာတွေ့ရှိရပါတယ်။ အဲဒီ (မတ်စ်ဂျစ်ဒ်)ကို လာရောက်တဲ့ လူတွေနဲ့ ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၄၄။ ဒီအာယသ်ကို လူကြီးမင်းများ တော်တော်များများ ကြားဖူး နေပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အမျိုးသမီးများ (မတ်စ်ဂျစ်ဒ်)ကို လာခွင့်ရှိတယ်ဆိုတဲ့ဘက်မှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့အခါကျတော့ ဖော်ပြလေ့ရှိကြပါတယ်။ မစ်ဂျီးဒ်ကျောင်းတော်ကို လာရောက်ခြင်းမှတားဆီး ပိတ်ပင်ကြတဲ့လူတွေထက် ဆိုးသွမ်းမိုက်မဲတဲ့ လူတွေဘယ်သူရှိလဲလို့ အလ္လာဟ်က မေးထားတာဖြစ်ပါတယ်။ စူရာဟိ ၂း၁၄၄ မှာ အလ္လာဟ်ပြောထားတာက
`အလ္လာဟ်အရှင်မြတ်၏ မတ်စ်ဂျစ်ဒ် ကျောင်းတော်များတွင် ထိုအရှင်မြတ်၏ လမ်းညွှန်သွန်သင်ဆုံးမမှု များ(သင်ယူဆည်းပူးပို့ချ၊ လေ့ကျင့်ပျိုးထောင်) သတိရပုံဖော်ရေးကို ပိတ်ပင်သူများ၊ ထိုမတ်စ်ဂျစ်ဒ်ကျောင်းတော် များ၏ ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြသူများထက်သာလွန် ဆိုးယုတ်မိုက်မဲတဲ့ လူမိုက် အဘယ်မှာ ရှိမှာလဲ။´လို့ အလ္လာဟ်က မေးထားပါတယ်။
ဒါကြောင့် ဒီလိုကိစ္စမျိုးကို မွတ်ဆလင်မ်က လုပ်ရင်လည်း မွတ်ဆလင်မ်လူမိုက်။ မွတ်ဆလင်မ် မဟုတ်တဲ့ လူကလုပ်ရင်လည်း အဲဒီမွတ်ဆလင်မ်မဟုတ်တဲ့လူ လူမိုက်။ မွတ်ဆလင်မ်မဟုတ်တဲ့ အဖွဲ့အစည်းတွေက လုပ်ရင် လည်း အဲဒီမွတ်ဆလင်မ် မဟုတ်တဲ့အဖွဲ့အစည်းက လူမိုက်များသာ ဖြစ်ပါမယ်။ မွတ်ဆလင်မ်အဖွဲ့အစည်းတွေက လုပ်ရင် လည်း မွတ်ဆလင်မ်အဖွဲ့အစည်းတွေက လူမိုက်။ အဲဒါ ဘယ်သူပြောတာလဲဆိုရင် ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်က တင်ပြပြောကြားထားတာ ဖြစ်ပါတယ်။
`အမှန်တကယ်ဆိုရင် ဒီငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကြီးကို သူတို့ ကိုယ်တိုင်ပင်လျှင် အလ္လာဟ်အရှင်ြမတ်အား ကြောက်ရွံ့ခြင်း၊ ရှက်တတ်ခြင်း (ဟီရိသြတ္တပ္ပ)စိတ်နှလုံးဖြင့် ထို မတ်စ်ဂျစ်ဒ် ကျောင်းတော်များအတွင်းသို့ ၀င်ရောက်လာကြသင့်ပါသည်။´ မတ်စ်ဂျစ်ဒ်ထဲကို ကျွန်တော်တို့ ၀င်ပြီ ဆိုရင် ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ `ကလ်ဘိစလင်မ်´ငြိမ်းအေးနေတဲ့ နှလုံးသားပိုင်ရှင်တွေအဖြစ် မတ်စ် ဂျစ်ဒ်ထဲကို ၀င်လာပြီးသားဖြစ်ရမယ်။ အာယသ်က ဆက်လက်ဖော်ပြတာက
`ကျောင်းတော်များသို့ လာရောက်ခြင်းမှ တားဆီးပိတ်ပင်သူများ၊ ပျက်စီးစေရန် ဖျက်ဆီးသူများ၊ ဖျက်ဆီးရန် ကြိုးပမ်းအားထုတ်သူများအတွက် ဤမျက်မှောက်လောကတွင် ဂုဏ်သရေဆုတ်ယုတ်ခြင်းရှိသလို လာမည့် အနာဂါတ်တွင်လည်း ကြီးလေးသောပြစ်ဒဏ်ချမှတ်ခြင်းခံရမည် ဖြစ်ပေသတည်း။´ လို့ဖော်ပြထားတာကို စူရာဟ် ၂း၁၁၄ မှာ တွေ့ရှိရပါတယ်။
ဒီအာယသ်ကို ကျွန်တော်လေ့လာလိုက်တဲ့အခါမှာ အချက်(၄)ချက်ကို တွေ့မြင်မိပါတယ်။
(၁) မည်သူမဆို (ကျား၊ မ၊ လူကြီး၊ လူငယ်၊ ကလေး၊ ကျန်းမာသန်စွမ်းသူ၊ ကျန်းမာရေးချို့ယွင်းနေသူ၊ မသန်စွမ်း သူ၊ ဆင်းရဲ၊ ချမ်းသာ၊ ဆူကြုံနိမ့်မြင့်) ခွဲခြားမှုမရှိစေဘဲ အလ္လာဟ်လမ်းညွှန်ချက်၊ ပြဌာန်းချက်ကို သင်ယူဆည်းပူး လေ့လာပုံဖော်တည်ဆောက်မှုပြုခြင်း(ကျွန်တော်တို့ လူတွေကျေနပ်အောင်လည်း ထည့်ပေးရမယ်ဆိုရင်) တရား ဘာဝနာစီးဖြန်းအားထုတ်ခြင်း ပြုသည်ကို တားဆီးပိတ်ပင်မှု မည်သူတစ်ဦးတစ်ယောက်ကမျှ မပြုလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်များကိုသာ ဆောင်ရွက်ရန်ဌာန၊ ကျောင်းတော်အဖြစ်သာ သတ်မှတ်ရမှာဖြစ်ပါတယ်။
(၂) မည်သူမျှ မတ်စ်ဂျစ်ဒ် ကျောင်းတော်တွင်ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်း၊ စီစဉ်ခြင်း၊ အားပေးကူညီခြင်း မပြုရပါ။ ကျောင်းတော်၌ ပျက်စီးရာ ပျက်စီးကြောင်းဟုဆိုရာတွင် လူနှင့်လူ့ပတ်ဝန်း ကျင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စည်ပင်သာယာဝပြော ငြိမ်းအေးနေပြီးဖြစ်တဲ့ ပတ်ဝန်းကျင်ကောင်းကို ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်းအားထုတ်ဆောင်ရွက်ခြင်း၊ ကူညီအားပေးခြင်း၊ စီစဉ်ခြင်း၊ ကြံစည်ခြင်းအရေးကိစ္စများကို လုံးဝမပြုလုပ်ရလို့ အလ္လာဟ်က သင်ပေးထားပါတယ်။
(၃) အလ္လာဟ်အရှင်မြတ် လမ်းညွှန်မိန့်ကြားချက်များကို တိကျစွာဆောင်ရွက်ရမည့်အပြင် ပြစ်မှုကျူးလွန်ရမည်ကို ရှက်ခြင်း၊ ကြောက်ခြင်းတို့ဖြင့် စိတ်နှလုံးသားတွင် ရိုသေလေးမြတ်မှု အပြည့်အ၀ဖြင့်သာ မတ်စ်ဂျစ်ဒ်ကျောင်း တော်များသို့ ၀င်ရောက်ကြရန်ဖြစ်ပါသည်။ (မတ်စ်ဂျစ်ဒ်)ကျောင်းတော်ဟာ အလ္လာဟ်လမ်းညွှန်ချက် ပုံဖော်ရာဌာန ဖြစ်ပါတယ်။
(၄) အထက်ပါ အချက်အလက်များကို (တစ်နည်း) မတ်စ်ဂျစ်ဒ်ကျောင်းတော်သို့ ၀င်ရောက်ခြင်းကို တားဆီးပိတ်ပင် သူ မည်သူမဆို၊ မတ်စ်ဂျစ်ဒ်ကျောင်းတော် ပျက်စီးရာပျက်စီးကြောင်း ကြိုးပမ်းအားထုတ်သူ၊ ကူညီသူ၊ စီစဉ်ဆောင် ရွက်သူ မည်သူမဆို နှစ်ဘ၀နှစ်ဌာန ပျက်စီးဆုံးရှုံး ဂုဏ်သရေ ဆုတ်ယုတ်မယ်လို့ ဖော်ပြထားတာကို လေ့လာ တွေ့ရှိရပါတယ်။
လူကြီးမင်းများ နေ့စဉ်သတင်းတွေကို ကြည့်ရင်လည်း တွေ့ရမှာပါ။ မည်သူ၊ မည်သည့်အဖွဲ့အစည်းရဲ့ သာသနိကအဆောက်အအုံကို ဖျက်ဆီးလိုက်တယ်။ မီးရှို့လိုက်တယ်။ တားဆီးတယ်။ ပိတ်ပင်တယ်။ ကန့်သတ် တယ်။ ဖျက်လိုဖျက်ဆီးလုပ်တဲ့ လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေဟာ ပုံရိပ်မကောင်းကြပါဘူး။ သူတို့မှာ ဂုဏ်သိက္ခာ တွေ၊ ထိခိုက်မှုတွေ ကြုံတွေ့ရပါတယ်။ ဒါဟာ ကျမ်းမြတ်ကုရ်အာန်က အလ္လာဟ်သင်ကြားပြသနေတဲ့ အာယသ် တော်တွေရဲ့ `အိုင်နူလ်ယကီးန်´လို့ခေါ်တဲ့ မျက်မြင်ဒိဌမြင်နေရတဲ့ အမှန်တရားဆိုတာ ပေါ်လွင်ပါတယ်။
အခုဆက်လက်ပြီး မတ်စ်ဂျစ်ဒ်ကျောင်းတော်နဲ့ ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၉ အာယသ် ၁၇ နဲ့ ၁၈ ကို ဆက်လက်တင်ပြသွားပါမယ်။ စူရာဟ် ၉း၁၈ဟာ ဒီပလီမှာလည်း အလှခြယ်ရေးသားထားတာကို လူကြီး မင်းများမြင်တွေ့ရမှာပါ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၉း၁၇ မှာ ပါတာက
`အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာ (လူပုဂ္ဂိုလ်/အရာဝတ္ထု/စွမ်းအားစု/ လုပ်ပိုင်ခွင့်အာဏာ/ အတ္တ ဆန္ဒ)ကို ဂုဏ်ရည်တူဟု မှတ်ယူယုံကြည်ထားသူ မွတ်ရှ်ရစ်က်တို့၌ ၎င်းတို့သည် အမှန်သစ္စာတရားကို မယုံကြည်၊ သွေဖည်ငြင်းဆန်၊ ဆန့်ကျင်ဖုံးကွယ်လျက်ရှိကြောင်း သက်သေခံလျက်ရှိနေကြစဉ် အလ္လာဟ်အရှင်မြတ်၏ မတ်စ် ဂျစ်ဒ်ကျောင်းတော်များကို စည်ကားသိုက်မြိုက်အောင် ပြုလုပ်ရန် အရည်အချင်းအလျင်းမရှိပြီ။ ၎င်းတို့၏ အပြုအမူ၊ အကျင့်အကြံလုပ်ရပ်တို့သည် အချည်းအနှီးဖြစ်ခဲ့ကြသည့်အပြင် ပျက်စီးဆုံးရှုံးမှုသောက၊ ဒုက္ခပင်လယ်ဝေမှု၊ လောင်ကျွမ်းမှု၌ အမြဲတမ်းနေထိုင်ကြရမည့်သူများပင် ဖြစ်ကြပေသတည်း။´ (၉း၁၇)
ဒါဟာ အလ္လာဟ်မတ်စ်ဂျစ်ဒ်ကို စည်ကားအောင် မလုပ်နိုင်တဲ့လူ၊ အရည်အချင်းမရှိတဲ့လူတွေအတွက် အလ္လာဟ်က ပြောထားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ကျွန်တော်တို့သည်ပင်လျှင် အလ္လာဟ် ကုဖ်ရ် လုပ်တဲ့ကိစ္စရပ်မျိုးတွေ အလ္လာဟ်ကို ရှရစ်က်လုပ်တဲ့ကိစ္စရပ်မျိုးတွေအတွက် ဒီမတ်စ်ဂျစ်ဒ်ကျောင်းတော်တွေကို အသုံးပြုနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့လုပ်ရပ်က ဘယ်တော့မှ အရာထင်မှာမဟုတ်ဘူး။ ဘယ်တော့မှ အောင်မြင် လာမှာလည်း မဟုတ်ဘူး။ ဘယ်တော့မှ ရပ်တည်လို့ရမှာလည်း မဟုတ်ဘူး။ အမြဲတမ်းစိုးရိမ်သောက ဗျာပါဒတွေနဲ့ သောကပင်လယ်ဝေနေလိမ့်မယ်။ အလ္လာဟ်ပြောတဲ့ `နားရ်´ထဲမှာပဲ တ၀ဲလည်လည်ဖြစ်နေလိမ့်မယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄း၄၈ မှာ ဖော်ပြထားတဲ့ ရှိရ်က်နဲ့ပတ်သက်တဲ့ အာယသ်ကို လေ့လာမယ် ဆိုရင်
`ရှရီက်ကို ကိုင်စွဲပြီး အလ္လာဟ်ထံပါးကနေ တစ်စုံတစ်ရာခွင့်လွှတ်ချမ်းသာမှုကို လိုချင်လို့ မရဘူး။ အလ္လာဟ်ထံကနေ မဟာကရုဏာတော်ကို လိုချင်လို့ ရှရစ်က်ကိုင်စွဲပြီး လုပ်မယ်ဆိုရင် ဘယ်တော့မှ ရမှာမဟုတ် ဘူး။´လို့ ဖော်ပြထားပါတယ်။ အဲဒီ အလ္လာဟ်ကျောင်းတော် မတ်စ်ဂျစ်ဒ်တွေကို စည်ပင်သာယာဝပြောဖွံ့ဖြိုး တိုးတက်စည်ကားအောင် ဘယ်လိုလူတွေပဲ လုပ်နိုင်ပါသလဲ။ စူရာဟ် (၉း၁၈)မှာ ဖော်ပြထားတာက
`အလ္လာဟ်အရှင်မြတ်၏ မတ်စ်ဂျစ်ဒ်ကျောင်းတော်များကို ဖော်ပြပါ သူတို့သာလျှင် စည်ကားသိုက်မြိုက် သာယာအောင် ပြုလုပ်နိုင်ကြပေသည်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ အနာဂတ်ကာလကို လည်းကောင်း၊ အကြွင်းမဲ့ သံသယမဲ့၊ စောဒကမဲ့ သက်ဝင်ယုံကြည်ခဲ့ကြသည်။ ၎င်းပြင် ဆွလားသ်( မိမိဘ၀ သက်တမ်းတစ်လျှောက် အလ္လာဟ်လမ်းညွှန် သွန်သင်ဆုံးမချက်များအတိုင်း ဘ၀တည်ဆောက်လျက် လိုက်နာ ကျင့်သုံးသော) လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်စေသော စနစ်ဇယားရုပ်လုံးပေါ်စေရန် စနစ်တကျတည်ဆောက်ကြသည်။ ဇကားဟ် ခေါ် အခြားလူသားများ၏ ဘ၀အားမိမိကဲ့သို့ ဖွံ့ဖြိုးတိုးတက်စေရန် မျှဝေချီးမြှင့်မှုကို ပုံမှန်ပြုလုပ်လျက် ရှိကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်မှတပါး အခြားမည်သူတစ်စုံတစ်ဦးကိုမျှ စိုးရိမ်ကြောက်ရွံ့ကြသည်လည်း မရှိချေ။ သို့ဖြစ်ရာ ၎င်းတို့သည် တရားလမ်းမှန်ရရှိကြသူများ ဖြစ်ကြသည်ဟု မျှော်လင့်နိုင်ကြပေသည်။´
ကျွန်တော်တို့ဟာ အလ္လာဟ်ကိုယုံရမယ်။ အလ္လာဟ်ကို ယုံရမယ်လို့ပြောခြင်းသည် အလ္လာဟ်ယုံကြည်ရန် ညွှန်ကြားထားတဲ့ (အာမန်သုဘိလ္လာဟ်၊ ၀မလာအိကသိဟိ၊ ၀ကုသုဘိဟိ၊ ၀ရုဆုလိဟိ၊ ၀လ်ယောင်မိလ်အာခိရ်) အဲဒီယုံကြည်ချက် ၅ ရပ်စလုံးကို အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ ယုံရမယ်လို့ ပြောတာဖြစ်ပါတယ်။ (၀လ်ယောင် မိလ်အာခိရ်) အနာဂတ်ကာလကို ယုံရမယ်။ ဘာဖြစ်လို့လဲ။ ဒီမတ်စ်ဂျီးဒ်ကျောင်းတော်ကို အသုံးပြုပြီး ကျွန်တော်တို့ ကိုယ်ကျိုးစီးပွားရှာမယ်။ မတ်စ်ဂျီးဒ်ကျောင်းတော်မှာရနေတဲ့ ငွေကြေးတွေ၊ ဥစ္စာပစ္စည်းတွေကို ကိုယ့်အိတ်ကပ်ထဲ ထည့်၊ ကိုယ့်စီးပွားရေးအဖြစ် သတ်မှတ်မယ်။ အဲဒီမတ်စ်ဂျီးဒ်ကို အကြောင်းပြုပြီး ကိုယ့်အတွက်၊ ကိုယ်ကျိုးအတွက် ရှာဖွေ၊ ဆည်းပူး လုပ်ကိုင်ဆောင်ရွက်ရင် အာခေရသ်ကိုယုံတဲ့လူဟာ အလ္လာဟ်လမ်းညွှန်ဥပဒေပြဌာန်းချက် (ကုရ်အာန်)ပါ အစားပေးခံရမှာကို ကြောက်မှာဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်လမ်းညွှန်ဥပဒေပါ အာခေရသ်ကို ယုံကြည်သူဟာ လူတစ်ယောက်၊ လူအုပ်စုတစ်စုကို ဖျက်ဆီးဖို့၊ မမှန်မကန်ဆောင်ရွက်ဖို့ မတရားပြုကျင့်ဖို့ တော်တော်မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူဟာ လူတစ်ယောက်၊ လူ့အဖွဲ့အစည်းဝင်တစ်ခုကို မတရားပြုကျင့်လိုက်ရင် အဲဒီရဲ့အကျိုးဆက်ရလာဒ်၊ တုန့်ပြန်မှု (ကာနူးန် မုကဖာသေအာမာလ်)လို့ ခေါ်တဲ့ Law of Equilable တစ်နည်း ကံ၊ ကံ၏အကျိုး ခံစားရမယ်ဆိုတာကို ယုံတယ်။ ဒါကြောင့် ဒီအာခေရသ်ကို ယုံထားတဲ့လူဟာ မတ်စ်ဂျစ်ဒ်ကျောင်းတော်ကို စည်ကားသိုက်မြိုက်အောင် ဆောင်ရွက်တဲ့အခါမှာ အခြားသော မဟုတ်မမှန်တာလုပ်ဖို့ မဖြစ်နိုင်ဘူး။
ဆွလားသ်လို့ခေါ်တဲ့ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်ကို ဦးထိပ်ပန်ဆင်ပြီး တမန်တော်မြတ်မုဟမ္မဒ်(ဆွ) ကိုယ်တော် ဆောင်ရွက်ခဲ့တဲ့အတိုင်း လူနဲ့လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်တဲ့စနစ်ကို ဆောင်ရွက် တယ်။ အများနဲ့စုဝေးဆောင်ရွက်ရသော ရုပ်ပိုင်းဆိုင်ရာဆွလားသ်များကိုလည်း ပါဝင်တည်ဆောက်တယ်။ လူ့အဖွဲ့ အစည်းတစ်ခု တည်ထောင်တဲ့အခါမှာ ဆွလားသ်စနစ်ကို ပုံဖော်ဖို့အတွက် ဇကားသ်စနစ်ကို အလ္လာဟ်သွန်သင် ဆုံးမပါတယ်။ လူတွေ သူတို့ကြိုးပမ်းလုပ်ကိုင် ဆောင်ရွက်လို့ရလာတဲ့ ၀င်ငွေရရှိလာမှုအပေါ်မှာ အဲဒီအထဲက အချို့ကို တစ်ခြား လိုအပ်ချက်ရှိနေသူများကို မျှဝေသုံးစွဲစေတယ်။ အဲဒီလူတွေရဲ့ဘ၀တွေကို စင်ကြယ်ဖွံ့ဖြိုး တိုးတက်စေမှုကို ရရှိစေတယ်။ မတ်စ်ဂျစ်ဒ်ကျောင်းတော်ကို စည်ကားသိုက်မြိုက်အောင်လုပ်မယ့်လူတွေဟာ အလ္လာဟ်ကလွဲရင် ဘယ်သူ့ကိုမှ မကြောက်ဘူး။ သူတို့ကြောက်တာ အလ္လာဟ်။ အလ္လာဟ်ဥပဒေ လမ်းညွှန် ပြဌာန်းချက်(ကုရ်အာန်)ကို ဦးထိပ် ပန်ဆင်ထားကြတဲ့အတွက် အမှန်တရားနဲ့ ဆန့်ကျင်တဲ့ လူတွေနဲ့ဆန့်ကျင်ဖက် ထော်လော်ကန့်လန့် လုပ်ကောင်းလုပ်ရမယ်။ လူတစ်ယောက် ချင်းစီရဲ့အကြိုက်ကို ဘယ်သူမှလိုက်မလုပ်နိုင်ပါဘူး။
မနာလို ငြူစူမေးငေါ့တဲ့ လူတွေရဲ့မေးငေါ့ငြူစူမှု ပြစ်တင်ရှုံ့ချမှုကို အဲဒီလူတွေမကြောက်ဘူး။ အလ္လာဟ်ရဲ့ လမ်းညွှန်မိန့်ကြားပြဌာန်းချက်ကို ဆန့်ကျင့်လိုက်ရမှာကိုပဲကြောက်တယ်။ အဲဒါကို မလိုက်နာမိမှာကိုပဲ ကြောက် တယ်။ အလ္လာဟ်ကလည်း ပြောထားပါတယ်။ (၀လားသာက် ရှောင်နန်နားဆ၊ ၀ါက်ရှောင်နိ) လူတွေကို မကြောက်နဲ့။ လူသားတွေစိတ်ကူးနဲ့ ပုံဖော်ထားတဲ့ စနစ်ဇယားဆိုတာ အမှားတွေနဲ့ရှိတယ်။ အလ္လာဟ်ရဲ့စနစ်ဇယားက ဘယ်တော့မှ မမှားဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်သွန်သင်ဆုံးမမှုဟာ ဘယ်တော့မှမမှားဘူး။ အဲဒီလူတွေဟာ တရားလမ်းမှန်ရရှိကြသူများဖြစ်ကြသည်ဟု မျှော်လင့်နိုင်ကြပေသည်။
ဒါကြောင့် ဒီအာယသ် စူရာဟ် ၉း၁၈ ဟာ ကျောင်းတော်ဂေါပက၊ အုပ်ချုပ်ရေးအဖွဲ့၊ တရပ်စ်တီ၊ မွတ္တ၀လီ များရှိရမယ့် အရည်အချင်းနဲ့လိုက်နာကျင့်သုံးရမယ့် ပြဌာန်းချက်များကို ဖော်ပြတဲ့အပြင် လူသားတွေအနက်က အချို့လူတွေရဲ့ အကြောင်းနဲ့ ၎င်းတို့ကဲ့သို့ မဖြစ်ကြစေရေးကို လမ်းညွှန်သွန်သင်ဆုံးမပြဌာန်းထားပါကြောင်း တင်ပြ ရင်း နိဂုံးချုပ်အပ်ပါတယ်။ (အင်န်ရှာအလ္လာဟ် – အပိုင်း-၂ ဆက်လက်ဖော်ပြပါမယ်။)