မည်သူမပြု မိမိမှု မုဖ်သီ ဦးသန်းအောင် (LL.B)

မည်သူမပြု မိမိမှု

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါ တယ်။

ကျွန်တော့်အနေနဲ့ ဒီအပတ်တင်ပြမယ့်ခေါင်းစဉ်ကတော့ `မည်သူမပြုမိမိမှု´ဖြစ်ပါတယ်။ ကျွန်တော်တို့ တွေဟာ လူသားတွေဖြစ်တဲ့ အားလျော်စွာ ကျွန်တော်တို့ဆီကို ကောင်းခြင်းတွေဝေဖြာစွာ သက်ရောက်လာတဲ့ အခါမှာ ကျွန်တော်တို့ဟာ `ငါကွ´လို့ ပြောဆိုလျက်ရှိကြပါတယ်။ ငါတော်လို့ ၊ ငါတတ်လို့၊ ငါလုပ်လို့၊ ငါမှငါလို့ အမြဲတမ်းပြောဆိုလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ အကြံအစည်၊ ကျွန်တော်တို့ရဲ့အပြုအမူ၊ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်၊ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုကျိုးတွေဖြစ်ပေါ်လာတဲ့အခါမှာ အဲဒီ တုန့်ပြန်ရလာဒ်ကြောင့် ရလာတဲ့ အကျိုးဆက်ကို ကျွန်တော်တို့ဟာ အနီးစပ်ဆုံးမှာရှိတဲ့ ပထမဦးဆုံး ဒါဟာ ကျွန်တော်တို့ မိဘကြောင့်၊ ဒါဟာကျွန်တော့် ဆရာသမားတွေကြောင့်၊ ဒါဟာ အကြီးအကဲတွေကြောင့်၊ ဒါဟာ ရှိုင်သွာန်ကြောင့် နောက်ဆုံး အမြင့်ဆုံးမှာ ဒါဟာ အလ္လာဟ်ကြောင့်ဆိုပြီးတော့ ကျွန်တော်တို့ လွှဲချလေ့ရှိကြ ပါတယ်။

မည်သို့ပင်ဆိုစေ ကျွန်တော်တို့ လူရဲ့မသိစိတ်က တခြားအရာတွေကို အပြစ်ပုံချရင်းနဲ့ ဆိုးရွားတဲ့ ဆုံးရှုံးမှု တွေ ကြုံလာတဲ့အခါမှာ အလ္လာဟ်ကို အပြစ်ပုံချပေမယ့် သူ့ရဲ့မသိစိတ်က သူ့ကို စေ့ဆော်ပြီး ပြောတဲ့စကားတစ်ခွန်း ရှိပါတယ်။ အဲဒါဟာ ကျွန်တော်တို့ မနောကံကနေ လွှမ်းမိုးမှုတွေ လွန်ကဲဖြစ်ပေါ်လာပြီး ၀စီကံကို ပေါ်ပေါက်စေတာ ပါ။ အဲဒီအချိန်မှာ သူပြောတဲ့ စကားကတော့ `အလ္လာဟ်လုပ်သမျှ အကောင်းချည်းပါဘဲ´လို့ သူပြောပါတယ်။

သူ့စိတ်ထဲမှာ ပထမ မကျေမချမ်းဖြစ်နေတာက သူ့ကိုထိခိုက်လာတဲ့ သူ့ရဲ့ကြံစည်လုပ်ကိုင်မှုရဲ့ တုန့်ပြန် မှုရလဒ်၊ သူဆိုးတာကို လုပ်လို့ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး (ဥပမာ – မီးခဲကို ကိုင်လိုက်လို့ ပူသွားတဲ့အချိန်မှာတော့ သူရုတ်တရက် နည်းလမ်းမျိုးစုံနဲ့ အပြစ်တင်ခဲ့ပေမယ့် သူ့ရဲ့နှုတ်က တကယ်ထွက်လာတဲ့ အမှန်တရားကကျတော့ `အလ္လာဟ်လုပ်သမျှ အကောင်းချည်းပါဘဲ´လို့ ပြောတယ်။ ဒါကို သူသေသေခြာခြာ လေ့လာသုံးသပ်လိုက်မယ် ဆိုရင် မှန်ပါတယ်။ အလ္လာဟ်လုပ်သမျှဟာ အကောင်းတွေချည်းပါပဲ။ ဆိုးတာတွေနဲ့ ပတ်သက်လာတဲ့ထိတွေ့မှုတွေ ဟာ ကိုယ်ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ့်ပတ်ဝန်းကျင်သော်လည်းကောင်း၊ ရှိနေတဲ့ လူသားတွေရဲ့ လက်ချက်ကြောင့် ဖြစ်လာတယ်ဆိုတာကို သူနှလုံးသွင်းနိုင်မယ်ဆိုရင် သူ့အတွက် တော်တော်လေးကို မှတ်သား စရာဖြစ်လာပါလိမ့်မယ်။

ဒါကြောင့်ဒီကနေ့ ကျွန်တော် ဘယ်သူမပြု မိမိမှု ဆိုပြီးရွေးချယ်ပြောရခြင်းဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၁၃ အာယသ် ၁၁ ကို ကျွန်တော်တို့ အမြဲပြောလေ့ရှိပါတယ်။

`ဧကန်မုချ အလ္လာဟ်အရှင်မြတ်ဟာ မည်သည့်လူ့အဖွဲ့အစည်း တစ်ခုကိုမဆို၊ အဲဒီလူ့အဖွဲ့အစည်းဝင်တွေ ဟာ မိမိတို့ရဲ့အခြေအနေကို မပြောင်းလဲသမျှကာလပတ်လုံး အလ္လာဟ်အရှင်မြတ်က ပြောင်းလဲပေးမှာမဟုတ်ဘူး´ ဆိုပြီးတော့ ညွှန်ကြားထားတာကို ကျွန်တော်တို့ အမြဲတမ်း ပြောင်းလဲမှုကို လိုလားတယ်။ ပြောင်းလဲမှုဆိုတာ ကိုယ့်မှာ မှားယွင်းနေတဲ့၊ ခေတ်မမီတော့တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လာရင် မှန်တဲ့ဘက်၊ ခေတ်မီတဲ့ဘက်၊ တိုးတက်တဲ့ဘက်၊ ပညာတတ်တဲ့ဘက်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမယ့်ဘက်တွေကို ပြောင်းလဲဖို့ ကျွန်တော်တို့တွေ အမြဲတမ်းကြိုးစားနေကြပါတယ်။

လူ့အဖွဲ့အစည်းဝင်တွေဘက်က ဘေးဒုက္ခ၊ အန္တရာယ်ဖြစ်စေရန်၊ ပျက်စီးယိုယွင်းပြီး နိမ့်ကျဂုဏ်ရည် သေးသိမ်စေရန် စီမံခန့်ခွဲလုပ်ကိုင်ဆောင်ရွက်လိုက်ကြမယ်ဆိုရင် အလ္လာဟ်လမ်းညွှန်ချက် ဥပဒေပြဌာန်းချက်က အဲဒီလုပ်ရပ်ရဲ့အကျိုးဆက်ကို သတ်မှတ်ခဲ့ပြီဆိုရင် အဲဒီဘေးဒုက္ခအန္တရာယ်၊ ပျက်စီးယိုယွင်း နိမ့်ကျဂုဏ်ရည်သေး သိမ်စေခြင်းကို ဘယ်သူမှတွန်းလှန်နိုင်ခြင်း အလျင်းမရှိတော့ပေ။ ဒါ့အပြင် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်ပြ ဌာန်းချက်၊ ကျေးဇူးတော်မှတပါး ကာကွယ်စောင့်ရှောက်သူ တစ်ဦးတစ်လေမျှ မရှိပေ။

လူ့ရဲ့သဘာဝမှာ ဘာရှိလဲဆိုရင် ပတ်ဝန်းကျင်မှာရှိတဲ့ အနီးကပ်ဆုံးက လူတွေကို ဟိုလိုလုပ်ပါလား၊ ဒီလို လုပ်ပါလား ဆိုပြီးတော့ပဲ တိုက်တွန်းတယ်။ လမ်းညွှန်တယ် ဆရာကြီးလုပ်တယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကျ တော့  မလုပ်တတ်ဘူး၊ မလုပ်ဘူး။ ကျွန်တော်မနေ့က ခရီးတစ်ခုသွားတော့ လူတစ်ယောက်ကပြောတယ်။ ဘွတ်ဖိနပ်တစ်မျိုးစီး လိုက်ရင် အားလုံးလုပ်တတ်သွားတဲ့ လူတန်းစားတွေထဲမှာ ကျွန်တော်တို့မပါဖို့ အလ္လာဟ်ကသင်ပေးတယ်ဗျာ။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂ အာယသ် ၄၄ မှာ

`လူတွေကို လောကကောင်းကျိုးပြုဖို့၊ ကောင်းမြတ်တဲ့ လုပ်ငန်းဆောင်တာ ကျင့်မူဆောင်ရွက်ရန် သွန်သင်ဆုံးမ၊ လမ်းညွှန်ပဲ့ပြင်နေကြတယ်။ အသင် တို့ ကိုယ်တိုင်မှန်ကန်တော်တည့်၊ ဖြောင့်မတ်တဲ့ လူနှင့် လူ့ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် လုပ်ငန်းတွေကို လုပ်ဖို့ မေ့လျော့လျှက်ရှိနေကြသလား။´

မမေ့ကြနဲ့လို့ အလ္လာဟ်ကပြောတော့၊ အဲဒီမှာ အလ္လာဟ်အရှင်မြတ်က အသိ၊ သတိတွေကို ကျွန်တော်တို့ ကို ပေးနေတာ။ သိအောင်လုပ်ရမယ်။ သတိရှိရမယ်။ သတိပဲရှိပြီး အသိမရှိလို့လဲ မရဘူး။ အသိပဲရှိပြီး သတိမရှိလို့ လဲ မရဘူး။ အသိနဲ့သတိအမြဲဒွန်တွဲနေဖို့ အလ္လာဟ်က ကျွန်တော်တို့ကို ဆုံးမထားခြင်းဖြစ်တယ်။ ပြီးတော့ ဆက်ပြောတာက

`အသင်တို့ ဒီကုရ်အာန်ကို သေသေခြာခြာသေလာဝသ် လုပ်နေကြတယ်။´ ဟုတ်ပါသလား။ သေသေ ခြာခြာလေ့လာကြည့်ပါ။ ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာပြီးနောက် ကမ္ဘာပေါ်မှာအများဆုံး အရွတ်ဖတ်ဆုံးကျမ်းကို ပြောပါဆိုရင် (အလ်ကုရ်အာန်)ဖြစ်ပါတယ်။ ဒီနေရာမှာ သေလာဝသ်ရဲ့အဓိပ္ပါယ်နှစ်ခုထဲမှ ကျွန်တော်တို့ မွတ်ဆ လင်မ်တွေက တစ်ခုကိုပဲ လုပ်နေကြတယ်။

အဲဒီကုရ်အာန်ထဲက စာတွေကို တဖတ်ထဲဖတ်နေကြတယ်။ တဖတ်ထဲဖတ်နေကြတယ်။ ဖတ်တဲ့အလုပ် လုပ်နေကြတယ်။ သေလာဝသ်ရဲ့ ဒုတိယအဓိပ္ပါယ်ဖြစ်သော `နောက်မှထက်ကြပ်မကွာ လိုက်နာကျင့်သုံး ခြင်း´ဆိုတဲ့အပိုင်းကြတော့ ကျွန်တော်တို့ မေ့ထားကြတယ်။

`၀အန်သွန်မ် သသ်လူးနာလလ် ကိသားဗ အဖလာ သအ်ကိလူးန်´

`မင်းတို့တွေ ကျမ်းစာကို ဖတ်ရွတ်သရစ္ဇျယ်လျက်ရှိကြတယ်။ ဒါတောင် အကလ်ကို အသုံးမပြုဘူးလား၊ စဉ်းစားဆင်ခြင်တွေးခေါ်မြော်မြင်ခြင်း မရှိကြဘူးလားလို့ မေးတယ်။ ကျွန်တော်တို့ကဖြေမယ်။ Yes / အမှန်က ဖြေရမှာဘာလဲ။ ကျွန်တော်တို့ ကျမ်းမြတ်ကုရ်အာန်ကို စနစ်တကျဖတ်ပါမည်။ ကျွန်တော်တို့ ကျမ်းမြတ် ကုရ်အာန်ကို စနစ်တကျ အဓိပ္ပါယ်နှင့်တကွ သိနားလည် သဘောပေါက်အောင်လုပ်ပါမည်။ ကျွန်တော်တို့ ကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပါယ်နှင့်တကွ သိနားလည်သဘောပေါက်ထားမှုကို ဖြန့်ထွက်တွေးပြီး စဉ်းစား ဆင်ခြင်မှုပြုပါမည်။ ကျွန်တော်တို့ ကျမ်းမြတ်ကုရ်အာန်ကို အဓိပ္ပါယ်နှင့်တကွ သိနားလည် သဘောပေါက်ပြီး စဉ်းစားဆင်ခြင်တွေးခေါ်မြှော်မြင်လျှက် ထက်ကြပ်မကွာလိုက်နာကျင့်သုံးပါမည် ဆိုတဲ့မူ (၄)ချက်ကို ကျွန်တော်တို့ ရင်ဝယ်ပိုက်ပြီး လက်တွေ့လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂း၁၁၀)မှာ ဒီအာယသ်ရဲ့ အဆုံးသတ်မှာမျိုးလိုပဲ ဆူရာဟ် ၇၃း၂၀ရဲ့ အဆုံး သတ်မှာလည်း အလားတူဖော်ပြထားပါတယ်။ (၀အာကီးမုစ် ဆွလာဟ်၊ ၀အားသွဇ် ဇကားဟ်)

`လူ့အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းထူထောင်ရေးအတွက် လိုအပ်ချက်ဖြစ်သော ကျမ်းမြတ်ကုရ်အာန်၏ သွန်သင်ဆုံးမမှုအတိုင်း ခေါင်းဆောင်အီမာမ်ဖြစ်သော တမန်တော်မြတ်(ဆွ)၏ လမ်းညွှန်ချက်နှင့်အညီ လူ့အဖွဲ့ အစည်းထူထောင်ရေးမှာ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြ။ အဲဒီ လူ့အဖွဲ့အစည်း ထူထောင်ဆောင်ရွက်တဲ့ လုပ်ငန်းကို ပြုလုပ်ဆောင်ရွက်တဲ့အခါမှာ မရှိမဖြစ်လိုအပ်သော လူအချင်းချင်း ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့် ကွာဟချက်ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းမြောင်းအောင်၊ အားသာချက်ရှိတဲ့ လူတွေက အားနည်းချက်ရှိတဲ့လူတွေကို ဖေးမကူညီ၊ ပံ့ပိုးမှုပြုရင်းနဲ့ စင်ကြယ်ဖွံ့ဖြိုးတိုးတက်မှု ရလာဒ်တွေဖြစ်ပေါ်လာအောင် အကောင်အထည်ဖော်ကြ။´

(၀မာ သူကဒ်ဒေမူ လိအာန်ဖုစေကွန်မ် မီန်ခိုင်ရင်းန် သဂျေဒုဟ်ဟု အီန်န်ဒလ္လာဟ်)

`မည်သည့် လူ့အဖွဲ့အစည်းဝင်မဆို၊ မည်သူမဆို အဲဒီလို ဆွလာသ်နဲ့ဇကားသ်စနစ်ကို ပုံဖော်ပြီးတဲ့နောက် သူရဲ့အကျိုးစီးပွားအတွက်၊ သူတို့လူ့အဖွဲ့အစည်းဝင်တွေရဲ့ အကျိုးစီးပွားအတွက်၊ လူနဲ့လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုး တက် ကောင်းကျိုးချမ်းသာဖြစ်စေမယ့် ကိစ္စရပ်တွေ အားလုံးအတွက်၊ သူတို့အနာဂါတ်အတွက် ကြိုတင်ပြင် ဆင်ဖို့ဆောင်ထားကြ၊ စီမံဆောင်ရွက်ထားကြမယ်ဆိုရင် အဲဒီကောင်းခြင်းကို အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းချက်ဥပဒေသရဲ့ ရှေ့မှောက်မှာ အသေအခြာပဲ ပြန်တွေ့ရလိမ့်မယ်။´

ကျွန်တော်တို့အတွက် ပစ္စုပ္ပန်ဆိုတာ တန်ဖိုးအရှိဆုံးဖြစ်တယ်။ အခုဆိုတာ ကျွန်တော်တို့အတွက် တန်ဖိုး အရှိဆုံးဘဲ။ အဲဒီအခုဆိုတာကနေ ကျွန်တော်တို့ရဲ့ အနာဂါတ်ကို ကျွန်တော်တို့ ကြိုတင်စီမံဆောင်ရွက် အကောင် အထည်ဖော်ထားဖို့လိုအပ်မယ်။ ဘာလုပ်မလဲ။ ပြောင်းလဲခြင်းဆိုပြီးတော့ ကျွန်တော်တို့ ပြောခဲ့ပြီးတော့ ကျွန်တော် တို့အရှေ့ကိုလှမ်းတော့မယ်။ ဘယ်လိုပြောင်းလဲမှာလဲ။ ဘယ်လောက်ပြောင်းလဲမှာလဲ။ ဘယ်သူတွေ ပြောင်းလဲ မှာလဲ။ ဘယ်သူတွေနဲ့ ပါဝင်ပြောင်းလဲမှာလဲ။ ဘယ်လိုပြောင်းလဲမှာလဲ။

အဲဒီပြောင်းလဲမှုဆိုတဲ့ ကိစ္စတွေဆောင်ရွက်တဲ့အချိန်မှာ ကျွန်တော်တို့ကရော၊ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ဘယ်လိုပြောင်းလဲမှာလဲ။ ဘယ်လောက်ပြောင်းလဲမှာလဲ။ ဘယ်သူတွေနဲ့အတူတူ ပူးပေါင်းပါဝင်ပြီး ပြောင်းလဲမှာလဲ။ အဲဒါတွေအတွက်လည်း စီစဉ်ထားဖို့လိုတယ်။ အဲဒီလိုဘဲ အနာဂါတ်ကာလမှာ ဖြစ်ပေါ်လာနိုင် မယ့်စနစ်နဲ့ပတ်သက်ပြီး ပြောင်းလဲလာမယ့် အခြေအနေနဲ့အတူ၊ ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားကြမလဲ။ လူမှုရေးတွေကို ဘယ်လိုပြောင်းမလဲ။ ကျွန်တော်တို့ရဲ့ အမူအကျင့်၊ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်၊ လုပ်ကိုင်ဆောင်ရွက်မှု အကျင့်ဆိုးတွေကို ဘယ်လိုပြောင်းမလဲ။ ကျွန်တော်တို့ရဲ့စီးပွားရေးဆိုင်ရာ အခွင့် အလမ်းတွေကို ဘယ်လိုပြောင်းမလဲ။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ဘ၀အခြေအနေ၊ အလုပ် အကိုင်အခွင့်အလမ်းတွေ ရရှိလာအောင် ကျွန်တော်တို့ ဘာတွေပြောင်းကြမလဲ။ လာမယ့်အနာဂါတ်အတွက် ဘာတွေလုပ်ထားမလဲ။ အဲဒီကောင်းကျိုးတွေနဲ့ ပတ်သက်တဲ့ အလုပ်လုပ်ဖို့ အလ္လာဟ်က ကျွန်တော်တို့ကို သင်ပေး ထားတယ်။ အဲဒီလို လုပ်ရပ်တွေလုပ်ရင် သေချာပေါက် ကျွန်တော်တို့ဟာ အခုကောင်းရင်၊ နောင်လည်းကောင်း လာလိမ့်မယ်။ အဲဒီကောင်းကျိုးတွေ ဝေဖြာလာတာကို သေချာပေါက်တွေ့မြင်ခံစားရလိမ့်မယ်။

`အင်န် နလ္လာဟ်ဟ၊ ဘေမာ သအ်မလူန ဘဆွီရ်´

ဒီအတိုင်း ထိုင်နေလိုက်။ ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အဲဒီတာ့ ဒီအတိုင်း ထိုင်နေလိုက် ရင် ဒီအတိုင်းဘဲ ကျန်နေရစ်ပါလိမ့်မယ်။ အလ္လာဟ်ကဘာပြောသလဲ။

`အလ္လာဟ်ဟာ သင်တို့တတွေ ဘာတွေကို ကြိုတင်စီမံဆောင်ရွက် အကောင်အထည်ဖော်၊ လုပ်ကိုင် နေသလဲ ဆိုတာကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်ဖြစ်တယ်။´

ဘာမှ မလုပ်ဘဲနဲ့ထိုင်နေရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ `ရေလိုက် ငါးလိုက်´ (Water Follow Fish Follow) နေရင် ရေလိုက်ငါးလိုက်နေရမှာဖြစ်တယ်။ ကျွန်တော်တို့ ဘယ်အုပ်စုမှာ ပါကြမလဲဆိုတာ ရွေးချယ်ရမှာက ကျွန်တော်တို့တာဝန်ဖြစ်တယ်။ ဆူရာဟ် အမှတ် ၁၇ (ဘနီအိစ္စရာအီလ်)၊ အာယသ် အမှတ် ၇ မှာ (ဒီအာယသ် ကျွန်တော်လေ့လာကြည့်တော့ လွန်ခဲ့တဲ့ ၁၉၆၉/၇၀ ကို သတိရမိတယ်။ ကျွန်တော်တို့ ယာစနလ် ကုရ်အာန်ကို ဖတ်တော့ အလယ်လောက်ရောက်တဲ့အခါ ဒီအာယသ်ပါတယ်။

(အင်န် အဟ်စန်သွန်မ် အဟ်စန်သွန်မ် လိအာန် ဖုစေကွန်မ်၊ ၀အီန် အဆအ်သွန်မ် ဖလာဟာ)

`အကယ်၍ ညီညွတ်မျှတ အချိုးအစားကျပြီး၊ ဖွံ့ဖြိုးတိုးတက်ပြီး လောကအလှဆင်မှုကို အသင်တို့ ပြုမူ ဆောင်ရွက်မယ်ဆိုရင် အဲဒီညီညွတ်မျှတ၊ အချိုးအစားကျပြီး၊ ကောင်းမှုအကျိုးဖြစ်ထွန်းစေမယ့် လောကအလှ ဆင်မှုဟာ အသင်တို့ အကျိုးအတွက်ပဲ ဖြစ်ပါလိမ့်မယ်။´

ကျွန်တော်တို့ အခုညီညွတ်မျှတ အချိုးအစားကျပြီး ကောင်းရာကောင်းကျိုး ပထမဦးဆုံးစတင် လုပ်ဆောင် ရမှာက ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်မိဘအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ့်မြို့ရွာ အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်ကမ္ဘာကြီးအတွက် လုပ်ဆောင်ရမှာဖြစ်တယ်။ လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ ကျွန်တော်တို့ အကျိုးအတွက်ဘဲ ဖြစ်ပါတယ်။ သူ့ရဲ့ဆန့်ကျင်ဘက်ကို အလ္လာဟ်ကပြောတယ်။

စောစောက လုပ်ရပ်တွေရဲ့ ဆန့်ကျင်ဖက်လုပ်ရပ်တွေ တစ်နည်းပြောရရင် အဖျက်အမှောင့်လုပ်ရပ်တွေနဲ့ လူနဲ့လူ့ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးနစ်နာစေမယ်။ သွေးထွက်သံယိုမှုတွေဖြစ်စေမယ်။ ငြိမ်းချမ်းနေတဲ့လူ့အဖွဲ့ အစည်းဟာ ငြိမ်းချမ်းမှုကွယ်ပျောက်ပြီးတော့ ဒုက္ခဆိုတဲ့နေရာကို ရောက်သွားမယ်။ အဲဒီလိုဖြစ်လာစေ မယ့်ကိစ္စရပ်တွေကို ကျွန်တော်တို့လုပ်ကိုင်ဆောင်ရွက်ခဲ့ရင်လည်း အဲဒီဒုက္ခဆင်းရဲခြင်း၊ မငြိမ်းချမ်းခြင်း၊ သောက ဖြစ်ခြင်း၊ လောကကို ဖျက်ဆီးခြင်းရဲ့ ဆိုးကျိုးကိုလည်း ကျွန်တော်တို့ဘဲ သေချာပေါက်ခံရမှာဖြစ်ပါတယ်။

အလ္လာဟ်က ဥပဒေပြဌာန်းသတ်မှတ်ပြီးသား ဖြစ်တယ်။ လူတွေအကျိုးဖြစ်ထွန်းစေမယ့်လုပ်ရပ်တွေကို လုပ်မလား၊ အဲဒါမင်းတို့အတွက်ဘဲ ဖြစ်တယ်။ မဟုတ်ဘူးလား။ လူတွေဘေးဒုက္ခအန္တရာယ်ဆိုးကျိုးတွေဖြစ်စေ မယ့် လုပ်ရပ်တွေလုပ်မလား။ အဲဒါလည်း မင်းတို့အတွက်ဘဲဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ဟာ အလွန်အင်မတန်တရား မျှတတော်မူသော အရှင်ဖြစ်ကြောင်းကို နောက်အာယသ်တစ်ခုမှာ အလ္လာဟ်ကဖော်ပြထားပါတယ်။ ကျမ်းမြတ် ကုရ်အာန် ဆူရာဟ်အမှတ် (၄) အာယသ် အမှတ် (၄၆)မှာ –

(မာန်း အမိလ၊ ဆွလေဟန်းန်၊ ဖလေနာဖ်စေဟိ)

ဒီနေရာမှာ (ဆွာလိဟ)ရဲ့ အဓိပ္ပါယ်ကို အနည်းငယ်ရှင်းပြချင်ပါတယ်။ (အမလေဆွာလိဟာ)ဆိုရင် ကျွန်တော်တို့ သိထားတာက ကောင်းမှုကုသိုလ်လို့ဘဲ သိတယ်။ တကယ်တော့ (ဆွ၊ လ၊ ဟ)ရဲ့ မူလရင်းမြစ်က ပထမဦးဆုံး၊ သူသည် မိမိမှာရှိနေသော မကောင်းမှုကို စေ့ဆော်တဲ့၊ မဟုတ်တာလုပ်ချင်တဲ့ စိတ်ကို ပြင်လိုက်တာ။ ပြုပြင်တည့်မတ်လိုက်တာ။ ပြောင်းလဲလိုက်တာ။ ပြီးတဲ့နောက် အဲဒီစကားလုံးအရပဲ။ သူဟာ လူနဲ့လူ့ပတ်ဝန်းကျင် (သူကိုယ်တိုင်ရော၊ သူ့ပတ်ဝန်းကျင်ကိုရော) ဖွံ့ဖြိုးတိုးတက်စည်ပင်ဝပြောအောင် လုပ်ပေးလိုက်တာကို (ဆွ၊လ၊ဟ) လို့ အရဗီရင်းမြစ်က ဖော်ပြပါတယ်။

`အမိလ၊ ဆွာလေဟန်းန်´ဆိုရင် သူသည် မိမိကိုယ်မိမိ လွန်စွာပဲ့ပြင်ဆုံးမ၍ လူနဲ့လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးကို လုပ်ကိုင်ဆောင်ရွက်သူ မည်သူပင်ဖြစ်စေ(အဲဒီမှာ တော်တော်လှတဲ့ စကားလုံးကဘာလဲဆိုရင် `မားန်´အရဗီလို `မားန်´ အင်္ဂလိပ်လိုပြန်လိုက်ရင် Men လို့ပဲ သုံးလိုက်ပြီးသွားပြီ။ `လူ´- လူ မည်သူမဆိုလို့ ပြောတာ။ အဲဒီလို မိမိကိုယ်မိမိ လွန်စွာဆုံးမ၍လောကကောင်းကျိုး၊ လူသားကောင်းကျိုးကို လွန်စွာဆောင်ရွက် မယ်ဆိုရင် အဲဒါသူ့အကျိုးအတွက်ပါဘဲတဲ့။ တကယ်ပါဘဲ။ ကျွန်တော်တို့ အပင်လေးတစ်ပင်ပဲစိုက်ခဲ့တဲ့ သရက်ပင်၊ အခုအကြီးကြီး၊ အရိပ်ရတယ်၊ အသီးသီးတာစားရတယ်။ ပန်းပွင့်တဲ့ခရေပင်လည်းရှိတယ်။ ဒါတွေဟာ ပထမဦးဆုံး ဘယ်သူ့အတွက်လည်း၊ ကိုယ့်အတွက်ပြီးရင် နောက်လူတွေအတွက်လည်း ဖြစ်လာတာပေါ့။ အဲဒီတော့ စောစောက ကျွန်တော်ပြောတဲ့ ခေါင်းစဉ်မည်သူမပြု၊ မိမိမှု ကောင်းတာလုပ်ရင်လည်း ကိုယ့်အတွက်၊ မကောင်းတာ လုပ်ရင် လည်း ကိုယ့်အတွက်။

မည်သူမဆို လူနှင့်လူ့ပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းစေမယ့်၊ ဒုက္ခဘေးဆိုးအန္တရာယ် ရောက်စေမယ့်၊ ဖျက်လိုဖျက်ဆီးဖြစ်စေမယ့်၊ အဖျက်လုပ်ရပ်တွေ မကောင်းမှု ဒုစရိုက်တွေ ဆောင်ရွက်ခဲ့မယ်ဆိုရင် အဲဒီလုပ်ရပ် တွေအတွက် အဲဒီအပေါ်မှာ လုပ်ကိုင်ဆောင်ရွက်သူရဲ့တာဝန်ရှိစေရမည်။ လုပ်သူရဲ့တာဝန်ဖြစ်တယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ `တာဝန်ယူမှု၊ တာဝန်ခံမှု´ဆိုတာဖြစ်တယ်။ အလ္လာဟ်က သူ့နာခံတော်တွေ တစ်နည်းအားဖြင့် သူ့ရဲ့ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ လူတွေအပေါ်မှာ (ဇုလွန်မ်)မတရား ဘယ်သောအခါမှ မလုပ် ဘူး။ ဒီနေရာမှာ ဘယ်မွတ်ဆလင်မ်တစ်ယောက်ကိုမှ၊ ဘယ် မုအ်မင်န်တစ်ယောက်ကိုမှ၊ ဘယ်မွတ္တကီးန် တစ်ယောက်ကိုမှလို့ ခွဲပြီးမပြောဘူး။ ဘယ်လိုလူတစ်ယောက်ကိုမှ မတရားမလုပ်ဘူးလို့ ပြောတာ။

အလ္လာဟ်ကို ယုံသည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ အလ္လာဟ်မရှိဘူးပြောပြော၊ အလ္လာဟ်ရှိတယ် ပြောပြော၊ အလကားပါလို့ပဲ ပြောပြော၊ ဒီကျမ်းကြီးဟာ အလကားပါလို့ စွပ်စွဲပြောဆိုပါစေ၊ အလ္လာဟ်ချီးမြှင့်ထား တာတွေရပ်သွားမှာ မဟုတ်ဘူး။ လူတွေအသက်ရှူဖို့ ဖန်တီးထားတဲ့ အောက်စီဂျင် သူဆက်ပြီးရနေမှာပဲ ဖြစ်တယ်။ အဲဒီလိုတွေ ဆောင်ရွက်ရမယ့်ကိစ္စအမှန်တရားတွေကို အလ္လာဟ်က နောက်ဆုံးအန္တိမ တမန်တော်မုဟမ္မဒ်(ဆွ) ကနေတဆင့် ကမ္ဘာ့လူသားခပ်သိမ်းအတွက် လမ်းညွှန်ချက်အဖြစ်နဲ့ ချီးမြှင့်ပေးသနားတော်မူခဲ့ပါတယ်။ အဲဒီ ကုရ်အာန်ကျမ်းဟာ ကျွန်တော်တို့ဆီ တဖြည်းဖြည်း ရောက်လာတဲ့ပုံစံကို ကြည့်မယ့်ဆိုရင် ကျွန်တော်တို့အားလုံး ဟာ ဆက်ခံသူတွေအဖြစ် ရရှိလာတာပါ။

တနည်းအားဖြင့် တမန်တော်မုဟမ္မဒ်(ဆွ)ကိုယ်တော်တိုင် ၀ဟီကို ရှေးတမန်တော် အဆက်ဆက်ဆီကနေ ဆက်ခံလာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီကိစ္စရပ်မျိုးကို ကျွန်တော်တို့က အမွေဆက်ခံခြင်းဆိုပြီး သုံးနှုန်း ကြပါတယ်။ `၀ရစ်ဇ်´ဆိုတဲ့ အရဗီစကားလုံးရဲ့ အဓိပ္ပါယ်ကို အမွေလို့သုံးလိုက်တဲ့ အချိန်မှာ ကျွန်တော်က ဥပဒေ ပညာသင်ထားသူတစ်ယောက်အနေနဲ့ ကျွန်တော်တော်တော် ၀မ်းသာသွားတယ်။ ကျွန်တော်တို့ အမြဲတမ်းပြော တယ်လေ။  အမွေဆိုတာ စားထိုက်မှ စားရတာ။ အမွေဆိုတာ မစားထိုက်ရင် မစားရဘူး။ အဲဒါအမှန်တရားဘဲ။ ကျမ်းမြတ်ကုရ်အာန်ဟာလည်း အလ္လာဟ်ကပြောတယ်။ ကျွန်တော်တို့အတွက် အမွေတဲ့။ ကုရ်အာန်အမွေကိုလည်း ကျွန်တော်တို့စားထိုက်(လက်ခံရယူနိုင်စွမ်းရှိ)မှ စားရမယ်။ မစားထိုက်တဲ့ လူတွေဘယ်တော့မှ စားရမှာ (လက်ခံရယူအသိတရား ရနိုင်စွမ်းရှိမှာ) မဟုတ်ဘူး။ ဘာဖြစ်လို့လဲ။ အမွေဖြစ်နေလို့။ အလ္လာဟ်က ဘာပြောလဲ။

အခုကျွန်တော်ဖော်ပြမယ့် အာယသ်မှာပါတဲ့အတိုင်း အုပ်စုသုံးစုဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ ကျွန်တော်တို့ရဲ့ ဆန္ဒနဲ့အညီ သုံးနေရာရွေးချယ်ခဲ့ကြတယ်။ အခု ကျွန်တော်ဖော်ပြမယ့် အာယသ်မှာ လည်း သုံးအုပ်စု ရွေးရပါလိမ့်မယ။် ကြိုက်တာ ရွေးလို့ရပါတယ်။ ကြိုက်နှစ်သက်ရာအုပ်စုမှာ လွတ်လပ်စွာပါလို့ ရတယ်။ ကိုယ်ရွေးတဲ့အုပ်စုမှာပဲ ကိုယ်နေရာရမှာဖြစ်တယ်။ ကြိုက်တာရွေးပါ။ ကြိုက်တဲ့အုပ်စုကို ရွေးပါလို့လဲ မေတ္တာရပ်ခံအပ်ပါတယ်။ နောက် ဓမ္မမိတ်ဆွေတွေကိုလည်း ပြောပါ။ ကုရ်အာန်ထဲမှာတော့ အုပ်စုသုံးစုအကြောင်း ပါတယ်။ မင်းဘယ်ဖက်မှာနေမလဲ။ မင်းဘယ်မှာပါမလဲ။ ကြိုက်တဲ့နေရာမှာနေပါ။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်အမှတ် ၃၅ အာယသ်အမှတ် ၃၂

`ငါအရှင်မြတ်ရဲ့ ဖြစ်ထွန်းပေါ်ပေါက်စေခြင်းခံရသော နာခံတော်များအပေါ်မှာ၊ ငါအရှင်မြတ်က အဲဒီလူ တွေထဲကနေ သေသေချာချာ ရွေးချယ်လိုက်တဲ့ လူတွေအတွက် ဒီကျမ်းမြတ်ကုရ်အာန်ကို အမွေဆက်ခံခွင့်ပြု လိုက်ပြီ။´

လူတွေရှိတယ်။ အခုဆိုရင် ကမ္ဘာမှာသန်းပေါင်း ခုနှစ်ထောင်ရှိတယ်။ အဲဒီလူတွေ အများကြီးထဲမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ အနှစ်သာရကို နှလုံးသားထဲမှာ နာဇီလ်ဖြစ်ပြီး ကုရ်အာန်ရဲ့(ဖိုက်စ်)ကို ရင်ဘတ်ကြီးထဲ ထိတဲ့ လူဘယ်လောက်ရှိမယ် ထင်လို့လဲ။ ကျမ်းမြတ်ကုရ်အာန်ကို သိနားလည်သဘောပေါက်ပြီး လက်တွေ့ လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူတွေဘယ်လောက်ရှိမယ်ထင်လို့လဲ။ အဲဒီလူတွေထဲမှာ ကျွန်တော်တို့ပါဖို့ မလိုအပ်ဘူးလား။ ပါဖို့ မကြိုးစားသင့်ဘူးလား။ ကျွန်တော်တို့ကတော့ ကြိုးစားနေပါတယ်။

လူတွေထဲက ရွေးချယ်ခြင်းခံရတဲ့ လူတွေအပေါ်မှာ(ဒါဆိုရင် လူတိုင်းတော့မရဘူး) ကျမ်းမြတ်ကုရ်အာန်က (အလ်ကုရ်အာန် ဟုဒလ်လင်န် နားစ်)လူခပ်သိမ်းကို လမ်းညွှန်တယ်။ ဒါက သူ(ကုရ်အာန်)ရဲ့အလုပ်၊ အဲဒီ ခပ်သိမ်းကုန်သော လူတွေထဲက ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ဆုံးမ၊ လမ်းညွှန်ခြင်းကို ရယူခြင်းဟာ အဲဒီလူတွေ ကျမ်းမြတ်ကုရ်အာန်ကို ယုံကြည်သက်ဝင်လိုက်နာပါမှ မွတ္တကီးန်ဖြစ်မှာပေါ့။

အုပ်စု နံပါတ်(၁) အဲဒီလူတွေထဲမှာ ကုရ်အာန်ကို ချီးမြှင့်ပေးသနားတော်မူခြင်းခံရပြီးတဲ့နောက် ကုရ်အာန် အမွေရလာတဲ့နောက်မှာ သူတို့ကိုယ်သူတို့ အကျိုးဖျက်ဆီးနေတဲ့၊ အလွဲသုံးစားလုပ်နေတဲ့၊ နေရာတလွဲသုံးနေတဲ့၊ ဇုလုန်မ် လုပ်နေတဲ့၊ လူမိုက်အုပ်စုတွေလည်းရှိတယ်။ ကုရ်အာန်ကို ရယူထားပြီးဖြစ်တယ်။ ဖတ်ချင်ဖတ်တယ်။ မဖတ်ချင်မဖတ်ဘူး။ ကုရ်အာန်က သူ့နေရာမှာသူနေတယ်။ လူကသူ့နေရာမှာ သူနေတယ်။

အုပ်စု နံပါတ်(၂) အဲဒီအုပ်စုက အလယ်အလတ်လမ်းစဉ် လိုက်တယ်။ သူက ကျမ်းမြတ်ကုရ်အာန်ကို သက်ဝင်ယုံကြည်မှု အပြည့်ရှိတယ်။ လိုက်နာကျင့်သုံးတဲ့နေရာမှာ သူအတတ်နိုင်ဆုံး လိုက်နာကျင့်သုံးမယ်။ ဒါပေမယ့် သူဟာ ကြိုးစားအားထုတ်မှုအဆင့်မှာ ခွဲခြားကြည့်ရင် ကောင်း၊ သင့်၊ ညံ့ဆိုတဲ့ အဆင့်နဲ့တိုင်းတာရင် သူဟာ သင့် ဆိုတဲ့ နေရာမှာရှိတယ်။ ဒေါက်တာ ဇာကိရ်နိုက်စကားနဲ့ ပြောရရင်အောင်မှတ် ၅၀ ပေါ့။ ၁၀၀ ပေးတာ ၅၀ ရရင်တော်ပါပြီဆိုတဲ့ လူမျိုး။ အဲဒီအောင်ရင်တော်ပါပြီပေါ့ဆိုတဲ့ မွတ်က်သဆွီဒ်တွေရှိတယ်။ တော်သေးတာပေါ့။

အုပ်စု နံပါတ် (၃) ကတော့ (သူတို့ကို ချီးကျူးထားတဲ့ ဆူရာဟ်၊ ဆူရာဟ်သွလ်ဝါကီအာ အဖြစ်အပျက်ကဏ္ဍ ဆူရာဟ်အမှတ် ၅၇၊ အာယသ် အမှတ် ၇ကနေ ၁၁ အထိ ဒီအုပ်စု ၃ စုအကြောင်းကို ဟိုဘက်မှာ ပြန်ရှင်းထား တယ်။ ကုရ်အာန်က ကုရ်အာန်ကိုရှင်းတဲ့နည်း။ )

အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်နဲ့ ပတ်သက်ပြီး အကောင်းဆုံးအထိရောက်ဆုံး ကြိုးစားအားထုတ်ပြီး ထိပ်ဆုံးကနေ ဦးဆောင်ရပ်တည်နေတဲ့ Leadership . ကမ္ဘာပေါ်မှာ လက်ချိုးရေတွက်လို့ရပါတယ်။ သန်းပေါင်း ၇၀၀၀ မှာ လူနည်းစုပဲရှိတဲ့ ခေါင်းဆောင်။

လက်ယာဘက်တော်သားတွေကတော့ အလ္လာဟ်လမ်းညွှန်မိန့်ကြားချက်တွေကို ယုံတယ်။ လက်တွေ့ လိုက်နာ ကျင့်သုံး အကောင်အထည်ဖော်တယ်။ လူမိုက်တွေ လူ့ဗာလတွေ၊ လူနဲ့လူ့ပတ်ဝန်းကျင်ကို ပျက်စီး ယိုယွင်းစေတဲ့ လူတွေ၊ အလ္လာဟ့်လမ်းညွှန်ပြဌာန်းချက်တွေကို မယုံကြည်သွေဖီ၊ ဆန့်ကျင်တဲ့လူတွေက လက်ဝဲ ဘက်သား။ အလ္လာဟ်က ဘာပြောလဲ။ ထိပ်ဆုံးကလူတွေက ထိပ်ဆုံးမှာပဲတဲ့။ ဒီတော့ ဘယ်အုပ်စုထဲမှာ ကျွန်တော်တို့နေမလဲ။ ညာလား၊ ဘယ်လား၊ ကျွန်တော်တို့ စိတ်ကြိုက်ရွေးရမှာပေါ့။ အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်ကို အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်နဲ့အညီ အထူးကြိုးပမ်းဆောင်ရွက်ပြီး ရှေ့ဆုံးမှ ဦးဆောင်တဲ့ခေါင်းဆောင် Leadership ဖြစ်ကြမလား။ အလယ်အလတ်လမ်းစဉ်ပဲ လိုက်ပြီး Water Follow Fish Follow ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်၊ သွားမလား။ သို့မဟုတ် နောင်ခါ လာနောင်ခါဈေး ဖြစ်ချင်တာဖြစ်၊ ပြောချင်တာပြော၊ ငါတို့လဲ လုပ်ချင်တာလုပ်မယ်။ ငါတို့ ယုံချင်တာယုံမယ်။ ယုံ ချင်မှ ယုံမယ်။ အဲဒီလိုနေကြမလား။ အဲဒါကတော့ ကျွန်တော်တို့ ရွေးချယ်ရမယ့်အပိုင်း။ လက်သန်းနဲ့ရွေးပြီးပြီ ဆိုတော့ လက်ဗွေနှိပ်ထားရမယ်။ ကျွန်တော်တို့ ဘယ်အုပ်စုထဲမှာပါမလဲ။ အလ္လာဟ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့ အလ္လာဟ်ချီးမြှင့်မယ့် ကောင်းကျိုးချမ်းသာ ရရှိဖို့၊ အလ္လာဟ်လမ်းညွှန်ကို လက်တွေ့လိုက်နာ ကျင့်သုံးရပါမယ်။ အဲဒီအရာက ကိစ္စတွေကို အင်မတန် ကြီးမားလှစွာသော အလ္လာဟ်ရဲ့ ကျေးဇူးတော် အသေအချာဖြစ်တယ်။ အဲ့ဒီတော့ အလ္လာဟ်ရဲ့ကျေးဇူးတော် ဖဇီလသ်ကို ကျွန်တော်တို့မျှော်လင့်မက်ထားတယ်ဆိုရင် ကျွန်တော်တို့ ထိပ်ဆုံးကိုရောက်နေအောင် လုပ်ရ ပါလိမ့်မယ်။

သေချာတာကတော့ ကျွန်တော်တို့ရဲ့ နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် မုဟမ္မဒ်(ဆွ)ဟာ လူသားခပ်သိမ်း အပါအ၀င် လူကြီးမင်းများ အားလုံးနဲ့ ကျွန်တော်တို့ကို ထိပ်ဆုံးကနေ ဦးဆောင်လမ်းညွှန်ပြသခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အနီးကပ်ဆုံးဖြစ်အောင် ကျွန်တော်တို့လိုက်သွားဖို့ ကြိုးစားကြပါစို့လို့ ပြောလိုပါတယ်ခင်ဗျား။ အဲဒီတော့ ကျွန်တော်တို့ မည်သူမပြုမိမိမှုရဲ့ အဆုံးသတ်ကို ကြည့်ရင် ဆူရာဟ် အမှတ် ၁၀ အာယသ် အမှတ် ၁၀၈ မှာ- (အို – တမန်တော်)

`လူတွေအားလုံးကို အသင်ပြောလိုက်ပါ။ အသင်တို့ လူသားအားလုံးအတွက် အသင်တို့ရဲ့ပြုစုပျိုးထောင် ရှင်ထံက အမှတ်သစ္စာတရားဟာ အသေအချာပဲရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ မည်သူမဆိုလမ်းမှန်ကို ညွှန်ပြ ခြင်းခံရတာကို သူလမ်းမှန်ကို ရယူလိုက်မယ်ဆိုရင် အဲဒီလမ်းမှန်ကို ရယူခြင်းဟာ သူ့အကျိုးအတွက်ပဲဖြစ်တယ်။ ဒါမှမဟုတ် အချည်းအနှီး အကျိုးမဲ့ဖြစ်စေမယ့် လမ်းလွှဲလမ်းမှားကိုပဲ ရွေးချယ်လက်ခံရယူပြီး လမ်းလွှဲလမ်းမှားမှာဘဲ နေလိုက်မယ်ဆိုရင်လည်း အဲဒီလမ်းလွှဲလမ်းမှားကို လိုက်ခြင်း၊ သဲထဲရေသွန်ဖြစ်ခြင်း၊ အကျိုးမဲ့ဖြစ်စေတဲ့ ကိစ္စကို ရွေးချယ်လိုက်တဲ့အပေါ်မှာ သူပဲတာဝန်ရှိပါလိမ့်မယ်။´

ကျွန်တော်တို့ မွတ်ဆလင်မ်တွေက ထင်နေတယ်။ ကေယာမသ်နေ့ကျရင် ဂျန္နသ်ကို ၀င်ဖို့လုပ်တဲ့ အချိန် မှာ  တမန်တော်မြတ် မုဟမ္မဒ်(ဆွ)က ဂျဟန္နမ်သွားရမယ့် မွတ်ဆလင်မ်ဆိုသူတွေအတွက် ရှဖာအသ် တောင်းပန် ပေးလိမ့်မယ်လို့ ထင်နေကြတယ်။ အလ္လာဟ်အရှင်မြတ်က ကမ္ဘာပေါ်မှာရှိခဲ့တဲ့ လူသား(၀ကီးလ်) တရားသူကြီးလို မဟုတ်ဘူး။ လွှတ်ပေးမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ တမန်တော်မြတ်ကလည်း ရှေ့နေမဟုတ်သလို ကိုယ်စားလှယ် အုပ်ထိန်းသူလည်း မဟုတ်ဘူး။ တမန်တော်မြတ်က ငါဟာဘယ်သူ့အပေါ်မှာမှ အုပ်ထိန်းသူကိုယ်စားလှယ် လုံးဝမဟုတ်ဘူး။ ကျွန်တော်တို့ သတိ ထားရမှာက ဆူရာဟ် ၁၀း၁၀၈ရဲ့ နောက်ဆုံးအပိုဒ်က သိပ်အရေးကြီးတယ်။

ဘယ်သူမပြု၊ မိမိမှု။ ကျွန်တော်တို့ လုပ်ချင်တာလုပ်ပြီးတော့ လိုချင်တာယူလို့တော့ မရဘူး။ နောက် အာယသ် တစ်ခုမှာ အလ္လာဟ်တမန်တော်တစ်ပါးလောက် လွှတ်ပေးလိုက်ရင် ကျွန်တော်တို့သူ့စကားနားထောင် လိုက်မှာပေါ့တဲ့။ အလ္လာဟ်က တမန်တော်မလွှတ်ပဲနဲ့ ဘယ်သူ့ကိုမှ အရေးမယူဘူး။ အလ္လာဟ်က ခေတ်အဆက် ဆက် တမန်တော်တွေကို လွှတ်ပြီးမှ လူတွေကို လမ်းမှန်လို့ညွှန်ပြခဲ့တယ်။ လူတွေက အီဆာနဗီလာမယ်လို့ မျှော်နေသူတွေရှိသေးတယ်။ အီဆာနဗီလဲလာမှာ မဟုတ်တော့ဘူး။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကလည်း ကယ်တင်ပေးမှာ မဟုတ်တော့ဘူး။ ကယ်တင်ပေးခဲ့ပြီးပြီ။

ကယ်တင်ခြင်း ဘာနဲ့ပြုခဲ့သလဲဆိုရင် ဒီကျမ်းမြတ်ကုရ်အာန်နဲ့ ကယ်ခဲ့ပြီးပြီ။ ဒီကုရ်အာန်ရောက်တဲ့ အရပ် ဒေသက လူတိုင်းလူတိုင်းကို ဒီကုရ်အာန်နဲ့သွန်သင်ဆုံးမ ပဲ့ပြင်ဖို့ ငါကိုယ်တော်မြတ်ထံကို ဒီကုရ်အာန်ချပေးပါ တယ်လို့ တမန်တော်မြတ်က ဆူရာဟ် (၆း၁၉) မှာ သွန်သင်ဆုံးမခဲ့ပြီး သတိပေးနှိုးဆော်ခဲ့ပြီးဖြစ်တယ်။ ကျွန်တော် တို့ကို ကယ်တင်ခြင်းပြုပြီးပြီ။

အဲဒီကယ်တင်ခြင်းပြုခဲ့တဲ့ဟာကို လွတ်မြောက်အောင် ကြိုးစားဖို့ ကျွန်တော်တို့ အားလုံးမည်သူမပြု မိမိမှု ဆိုတာကို တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။