မာရ်နတ်ရဲ့ အလုပ်တာဝန်များ 26.9.2014 ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
မာရ်နတ်ရဲ့ အလုပ်တာဝန်များ
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား
အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရှင်မြတ်ရဲ့`ဇကိရ်´ကို ဟောပြောတင်ပြခွင့်၊ နားသောတဆင်ခွင့် ရတဲ့အတွက် ဦးစွာပထမအလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ ချီးမွမ်းထောပနာပြုအပ်ပါ တယ်။ ဆက်လက်ပြီးတော့ လူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနဲ့ လူကြီးမင်းများအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
`အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လာဟိ ၀ဘရကားသုဟု´
ဒီကနေ့ ကျွန်တော်ဟောပြောတင်ပြမယ့် အကြောင်းအရာရဲ့ ခေါင်းစဉ်က `မရ်နတ်ရဲ့ အလုပ်တာဝန်များ´ ဖြစ်ပါတယ်။ ကျွန်တော်ဒီခေါင်းစဉ်ကို ဘယ်ကရသလဲဆိုတာ ၀န်ခံရမယ်ဆိုရင် ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က ဒီဝတ်ကျောင်းတော်မှာကျင်းပခဲ့တဲ့ `အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ´အခမ်းအနားကျင်းပခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားမှာ ဆရာ ညီမင်းညိုက နောက်ဆုံးမှာ ကဗျာလေးတစ်ပုဒ်ဖတ်ပြီး နိဂုံးချုပ်ပါတယ်။ အဲ့ဒီကဗျာရဲ့ ခေါင်း စဉ်က (မရ်နတ်တော့ မဟုတ်ဘူး) စစ် – စစ်၏ တာဝန်များတဲ့။
`စစ်ပွဲ´ဟာ အရမ်းတာဝန်ကျေပါတယ်တဲ့။ ချစ်သူတွေကို လွမ်းစေတယ်။ ဂျာနယ်စာမျက်နှာတွေကို တိုးစေတယ်။ အရောင်းမြှင့်တင်ပေးတယ်။ နိုင်ငံရေးသမားတွေကိုလည်း အလုပ်ရှုပ်စေတယ်။ လွှတ်တော်တွေကို လည်း အကြီးအကျယ် အငြင်းပွားစေတယ်။ ကဗျာဆရာတွေကိုလည်း ကုန်ကြမ်းတွေပေးတယ်။ မိခင်တွေရဲ့ မျက်ရည်ပင်လယ်ဝေစေတယ်။ စစ်ဟာ ဘယ်တော့မှ သူ့တာဝန်တွေကို မလစ်ဟင်းစေဘူး။ သူဟာ သူ့တာဝန်ကို ကျေပွန်စွာအလုပ်လုပ်နေတယ်။
ကျွန်တော်အဲဒါလေးကို နားထောင်ပြီးတော့ ဒီနေ့မာရ်နတ်ရဲ့ အလုပ်တာဝန်များဆိုပြီး ပြောမှာပါ။ တစ်နည်း အားဖြင့် မိစ္ဆာ၊ မာရ်နတ်၊ ရှိုင်တွာန်ပေါ့။ သူ တော်တော်အလုပ်လုပ်တယ်။ ကျွန်တော်တို့က သူ့ကိုအလုပ်မရှိ အကိုင် မရှိ၊ အီယောင်ဝါး၊ အာဝါရား၊ လူတွေကို လိုက်ဖျက်ဆီးနေတယ်လို့ ထင်နေကြတယ်။ မဟုတ်ဘူး။ သူတော်တော်ကို အလုပ်လုပ်တယ်။ သူ့အလုပ်က ဘာလဲဆိုရင် လူတွေကို အလ္လာဟ်ပြစနစ်ဇယား(ကုရ်အာန်)နဲ့ ဘယ်လိုလမ်းလွဲ အောင်သွားအောင် လုပ်ရမလဲဆိုတဲ့ အလုပ်ပဲဖြစ်ပါတယ်။
တချို့ကထင်တယ်။ ပလီထဲမှာ ရှိုင်တွာန်မရှိဘူး။ သန့်ပြန့်တဲ့ အလ္လာဟ်အိမ်ဖြစ်တယ်။ သူနေလို့ ၀င်လို့ မရဘူးလို့ထင်နေကြတယ်။ မဟုတ်ဘူး။ ပလီထဲမှာပဲ ရှိုင်တွာန်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာပဲ သူလူ တွေကိုဖျက်ဆီးမှာ အရက်ဆိုင်တွေ၊ မကောင်းတဲ့နေရာမှန်သမျှကို သူမသွားဘူး။ မကောင်းတဲ့နေရာမှန်သမျှကို သူသွားဖို့ မလိုဘူး။ ပျက်စီးပြီးသား။ သူသွားရင် သူပါပျက်သွားလိမ့်မယ်။ အဲဒီနေရာမှာက အားလုံးပျက်နှင့်ပြီးသား။ အရှုပ်ထုတ်နေရာတွေ၊ ပြဿနာရှာတဲ့နေရာတွေ၊ စစ်ဖြစ်တဲ့နေရာတွေကို ရှိုင်တွာန်မသွားဘူး။ သူစဉ်ဆက်မပြတ် လုပ်ရမယ့်တာဝန်က ပလီလာတဲ့လူတွေကို နှောက်ယှက်မယ်။ ပလီမှာ တရားဟောတဲ့ဆရာတွေ( ကျွန်တော် အပါ အ၀င်) ပေါက်ကရတွေပြောအောင် သွေးထိုးပေးမယ်။ ဒီလိုပဲ လာတဲ့လူတွေကိုလည်း အမျိုးမျိုး အတွေးခေါ်တွေ ဖြစ်အောင် လုပ်မယ်။ ပြောချင်တာက ဒီမကောင်းဆိုးဝါး၊ ရှိုင်တွာန်၊ အိဗ္ဗလစ်၊ မာရ်နတ်ဘယ်လိုခေါ်ခေါ် ဘာသာ တရားတိုင်းမှာရှိတယ်။
သူဟာ သူ့အလုပ်တာဝန်တွေကို မပျက်မကွက်လုပ်တယ်။ ကျွန်တော် ဒီရှိုင်တွာန်ဆိုတဲ့အကြောင်းကို ပလီ မှာကျွန်တော်ပထမဦးဆုံး ခွတ္တဗာဟ်ပြောခဲ့ဘူးတယ်။ ဒါပေမယ့် အခုပြောမှာက သူရဲ့ Activity ကို ပြောမှာ။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေဟာ `အို— အီမာန်သက်ဝင်ယုံကြည်သူ အပေါင်းတို့´လို့ ပြောရင်၊ ဒါ ငါတို့ကို ပြောတာ၊ ငါတို့ကို ခေါ်လိုက်တာလို့ပြောကြတယ်။ ပြောချင်တာက `အို— အီမာန်သက်ဝင်ယုံကြည်သူ အပေါင်းတို့´လို့ ခေါ်လိုက်ရင် သိပ်စိတ်ဝင်စားတယ်။ `အို—- ကာဖိရ်(မယုံကြည်သူ၊ သွေဖည်၊ ငြင်းပယ်)သူ အပေါင်းတို့´လို့ ခေါ်လိုက်ရင် သိပ်စိတ်မ၀င်စားဘူး။ ငါတို့ကို ပြောတာမဟုတ်ဘူး။ ဟိုကောင်တွေကို ပြောတာ။ `ဟို ဘေဒီန်တွေ ဂျူးတွေ၊ နဆွာရာနီတွေကို ပြောတာ´ ငါတို့နဲ့ မဆိုင်ဘူး။ နောက်က အကြောင်းအရာတွေကို လည်း မဖတ်ဖြစ်တော့ဘူး။ ဖတ်ခဲ့ရင်လည်း အရမ်းကိုပျော်နေရပြီ။ ဒီကောင်တွေ ဂျဟန္နမ်မှာ မီးနဲ့တွေ့မယ်။ ဒုက္ခ ရောက်မယ်။ ကယ်သူမရှိဘူး။ ပျော်နေတယ်။ ကိုယ်နဲ့မဆိုင်ဘူးလေ။ ကိုယ်က အီမာန်သက်ဝင်ယုံကြည်သူလေ။
အခုလည်း ဒီလိုပဲ။ ရှိုင်တွာန်ဘာလုပ်မယ်။ ဘာတွေလုပ်မယ်ဆို သိပ်စိတ်မ၀င်စားဘူး။ ဘာဖြစ်လို့လဲဆို တော့ ကိုယ့်ကိုယ်ကို ရှိုင်တွာန်မဟုတ်ဘူးလို့၊ အပြီးတွက်ထားပြီးသား၊ ရှိုင်တွာန် ဘယ်သူလဲ၊ ဘယ်မှာလဲ၊ သူများ တွေကိုပဲ လိုက်ကြည့်ကြတယ်။ ကိုယ့်ကိုယ်ကို ငါရောရှိုင်တွာန်ဖြစ်နေသလားလို့ ဘယ်တော့မှ မစဉ်းစားဘူး။ တကယ်လို့ ရှိုင်တွာန်(တနည်းအားဖြင့်) မာရ်နတ်ပေါ့။ သူဘာတွေလုပ်သလဲ။ သူရဲ့လုပ်ငန်းဆောင်တာတွေထဲမှာ ကျွန်တော်တို့ပါဝင်ဆောင်ရွက်မိပြီဆိုရင် သေချာပြီ။ ကျွန်တော်တို့ ရှိုင်တွာန်ဖြစ်ပြီ။ ကိုယ့်ဘာသာသုံးသပ် ရတော့ မယ်။ ပထမဦးဆုံးပြောချင်တာက ကျွန်တော်တို့ဒီဗလီမှာ ငြိမ်းချမ်းရေးနေ့(Peace Day) လုပ်တော့ ရှိုင်တွာန်တွေနဲ့ စတွေ့တာပဲ။ အကြီးအကျယ်၊ ဝေဖန်၊ ဆဲဆို၊ နှိပ်ကွပ်၊ ပြဿနာရှာ ကျွန်တော်တို့ကို မေးခွန်းတွေမေးတဲ့အခါမှာ ပြန်ပြီး ရှင်းပြရတာပေါ့။ ငြိမ်းချမ်းရေးနေ့ ဘာလို့လုပ်သလဲ။
ငြိမ်းချမ်းရေးနေ့ဆိုတာ မွတ်ဆလင်မ်တွေနဲ့ မဆိုင်ဘူးလား၊ အစ္စလာမ်ရဲ့ အနက်အဓိပ္ပါယ်ကိုက ငြိမ်းချမ်း ရေး။ ဒါပေမယ့် ဒီကနေ့ကမ္ဘာပေါ်မှာ မငြိမ်းချမ်းသောမောင်ငြိမ်းချမ်းများဟာ မွတ်ဆလင်မ်တွေပါပဲ။ ကိုယ့်ကြောင့်၊ သူ့ကြောင့်၊ ဘက်ပေါင်းစုံကြောင့် မငြိမ်းချမ်းဘူး။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကို မောင်ငြိမ်းချမ်းပါလို့ ခေါင်းစဉ်တပ်ထား ပါလျက်နဲ့ ငြိမ်းချမ်းရေးနေ့ဟာ ငါတို့နဲ့မဆိုင်ပါဘူးလို့ ပြောလို့ရပါ့မလား။ ပြီးတော့ ပလီတွေထဲမှာရော ငြိမ်းချမ်းရေး နေ့ လုပ်လို့ရလား။ ဒါကို ပြချင်လို့ ကျွန်တော်တို့ငြိမ်းချမ်းရေးနေ့ လုပ်ခဲ့တာ။ တမန်တော်ခေတ်ကလည်း လုပ်ခဲ့တာ အများကြီးရှိတယ်။ နောက်တစ်ချက်က အမျိုးသမီးတွေ၊ ဘာသာခြားတွေ ပလီထဲဝင်လို့ရတယ်ဆိုတာကို ပြချင် တာ။ ပွဲလုပ်တယ်ဆိုတာ ကျွန်တော်တို့က ပွဲခံနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ရည်ရွယ်ချက်တွေရှိတယ်။ အဲ့ဒီရည်ရွယ်ချက်တွေကို မသိတာ။ မသိအောင်လုပ်တာက ရှိုင်တွာန်ကလုပ်တာ။
နောက်တစ်ချက်က ဒီကနေ့ အခြေအနေတွေ၊ ဒီလောက်ဆိုးဝါးနေတဲ့ အခြေအနေမှာ ကျွန်တော်တို့ တစ်သီးတစ်ခြားနေလို့ ရမလား။ နေသင့်သလား။ လွန်ခဲ့တဲ့ နှစ် ၅၀ ကနေစပြီး တစ်သီးတစ်ခြားနေခဲ့ကြပြီးပြီ။ မွတ်ဆလင်မ်တွေ ဘာတွေလုပ်သလဲ။ ကုသိုလ်ရေးတွေပဲလုပ်တယ်။ မိမိကုသိုလ်ရရေး၊ ဂျနသ်သွားရေးအတွက် ဆိုပြီး တစ်သီးတစ်ခြားနေခဲ့ကြတာ။ အခုအချိန်မှာ တစ်သီးတစ်ခြားနေလို့မရဘူးဆိုတာ သိစေချင်လို့ ဒီလိုပွဲတွေ ကျွန်တော်တို့လုပ်နေရခြင်းဖြစ်ပါတယ်။ စဉ်းစားကြည့်ပါ။ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ မွတ်ဆလင်မ်တွေရဲ့ image၊ မွတ်ဆလင်မ် Community ရဲ့ Image တက်အောင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျာ။
ဆရာကြီး ဦးရာဇတ် ကျွန်တော်တို့သိတယ်။ ဆရာကြီး ဦးရရှစ် ကျွန်တော်တို့သိတယ်။ ရဲဘော် ကိုထွေး။ ကျွန်တော်တို့သိတယ်။ ပင်လုံ ဦးဖေခင် သိတယ်။ ကျွန်တော်မေးခွန်းထုတ်မယ်ဗျာ။ ဆရာကြီး ဦးရာဇတ် နမားဇ် (၅)ကြိမ် ပြည့်အောင်ဖတ်သလား။ ဒါမှ မဟုတ်(သီးန် သစ္စဗီးဟ်) မှန်မှန်စိပ်သလား။ ဒါမှမဟုတ် ဂျမအ်ထွက်သ လား။ ဒါမှမဟုတ် (ခါန်ကာ)သွားသလား။ ဒါမှမဟုတ် ဒါရ်ဂါသွားသလား။ ဒါမှမဟုတ် ဘာလုပ်သလဲ။ ကျွန်တော် သိချင်တယ်။ ဒါမှမဟုတ် ဆရာကြီးဘာမှ မလုပ်ဘူးလား။ မဖြစ်နိုင်ဘူး။ သူနာမားဇ် ဖတ်စရာရှိတာ ဖတ်လိမ့်မယ်။ ဇိကိရ်လုပ်စရာရှိတာ လုပ်လိမ့်မယ်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းမှာပါ မြန်မာပြည်က အာဇာ နည်ဆိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ပါနေတော့ မွတ်ဆလင်မ်တွေရဲ့ Image ကိုပါ တက်စေခဲ့တယ်။ ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်ခဲ့တယ်။ ဒါဟာဆရာကြီး ဖတ်ခဲ့တဲ့ နမားဇ်တွေက ကျွန်တော်တို့ဆီ ရောင်ပြန်ဟပ်တာလား။
ဆိုလိုတာက လူတစ်ယောက်ဟာ ကုသိုလ်ရေးတွေ ဘယ်လောက်ပဲလုပ်လုပ် အဲ့ဒါသူနဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့ နားလည်မှုတော့ မလွဲစေချင်ဘူး။ ကုသိုလ်ရေးတွေ မလုပ်ရဘူးလို့၊ မလုပ်ဘူးလို့ ပြောနေတာ မဟုတ် ဘူး။ တစ်ဦးချင်း တစ်ယောက်ချင်း ကုသိုလ်ရေးတွေကြီးပဲလုပ်ပြီး၊ ဂျန္နသ်တွေနဲ့ မွေ့လျော်ပျော်ပိုက်နေပေတော့။ ဒါပေမယ့် ကမ္ဘာ့မွတ်ဆလင်မ်ထု မပြောနဲ့။ မြန်မာ့မွတ်ဆလင်မ်တစ်ယောက်ကိုမှ ကောင်းကျိုးမပြုဘူး။ မြန်မာမွတ် ဆလင်မ်ထုတစ်ရပ်လုံးနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူသားအားလုံးအတွက် အကျိုးပြုဖို့ နိုင်ငံ့အရေး၊ တိုင်းပြည် အရေး၊ လူမျိုးရေး၊ လူသားအရေး၊ ဒါတွေကို ကျွန်တော်တို့ ဆောင်ရွက်ရမယ်။
ဆရာကြီး ဦးရာဇတ်တို့လို လူပုဂ္ဂိုလ်တွေ မြန်မာနိုင်ငံရေးမှာ မြန်မာ့သမိုင်းမှာ ထိပ်တန်းရောက်နေတာကို ဂုဏ်ယူဝင့်ကြွားပြီးပြောနေတာက သူတို့နိုင်ငံအတွက် အလုပ်လုပ်ခဲ့တာ။ အသက်ပါပေးဆပ်ခဲ့ရတာ။ တိုင်းပြည် အတွက် နိုင်ငံသားတွေ အကျိုးရှိဖို့အတွက် သူတို့လုပ်ခဲ့တာ။ အဲ့ဒီအတွက် ကျွန်တော်တို့ဂုဏ်ရှိစေတာ။ သူ ကုသိုလ်ရေးလုပ်ခဲ့မှာပေါ့။ ဒါ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့သိတာက သူ မြန်မာနိုင်ငံအတွက မြန်မာနိုင်ငံ သားတွေအတွက် အလုပ်လုပ်ခဲ့တာ။
မကြာသေးခင်ရက်ကပဲ မုဒုံသား ထွန်းထွန်းမင်း၊ မြန်မာ့လက်ဝှေ့ချန်ပီယံဆုကို ရလိုက်ပြီ။ သူဟာ မွတ်ဆ လင်မ်ဖြစ်တယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော်တို့ရဲ့ Image ဘယ်လောက်တက်သလဲ။ ဘယ်လောက်ပဲ မွတ်ဆလင်မ်တွေရဲ့ အခြေအနေကို ချိုးနှိမ်ပါစေ။ ဒါဟာ တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က အစ္စလာမ်ကို ထိန်းသိမ်းတဲ့ နည်းတွေထဲက တစ်နည်းပါပဲ။ အလ္လာဟ်က အစ္စလာမ်ကို ထိန်းသိမ်းထားတာ။ ကုရ်အာန်ကို ထိန်း သိမ်းထားတာ၊ ဒီသာသနာ (လမ်းစဉ်၊ စနစ်ဇယား)ကို ထိန်းသိမ်းတာဟာ ဟာဖိဇ်တွေ၊ မော်လ၀ီတွေနဲ့ မဟုတ်ပါ ဘူး။ အဲ့ဒါတွေက အကြောင်းခံတွေ။
အစ္စလာမ်ကို ဘယ်လိုထိုးနှက်တိုက်ခိုက်နေပါစေ။ အနောက်ကမ္ဘာမှာ အဲ့ဒီလူရဲ့သမီးကို မွတ်ဆလင်မ် ဖြစ်စေတယ်။ အလ္လာဟ်ထိန်းသိမ်းတဲ့နည်း။ ဟိုတလောက ဘောလုံးသမား ဂိုးသွင်းပြီးတော့ အောင်ပွဲခံတာ ကွင်းဒေါင့်မှာ စိဂ်ျဒါချလိုက်တယ်။ သူနမားဇ် ဖတ်မဖတ်တော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ မြန်မာမွတ်ဆ လင်မ်ထုတစ်ရပ်လုံးအတွက်တော့ Heavy Image ပဲ။ ကျွန်တော်တို့ ရင်ကော့နိုင်တယ်။ ခေါင်းမော့နိုင်တယ်။ စက်တင်ဘာ ၂၄ရက် ၂၀၁၄ ထုတ် 7 Day Journal မှာ အသက် ၁၀၀ပြည့်တော့မယ့် ဦးခန်းအကြောင်းပါတယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်း ပင်လုံစာချုပ်လက်မှတ်ရေးထိုးဖို့ ရှမ်းပြည်လာတုန်းက သူ့ကိုယ်ပိုင် ဂျစ်ကားနဲ့အကြို အပို့လုပ်ခဲ့သူ။ ဖေရွတ်ခန်းခေါ် ဦးခန်း။ ၁၉၅၀ ကနေ ၁၉၆၀အထိ တောင်ကြီးမြို့တော်ဝန် ၁၀ နှစ် တာဝန်ထမ်း ရွက်ခဲ့သူ။
ကျွန်တော်ဘာပြောချင်တာလဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အလုပ်လုပ်၊ နိုင်ငံအတွက် အလုပ်လုပ်၊ နိုင်ငံသားတွေအတွက် အလုပ်လုပ်။ အဲ့ဒီလို အလုပ်လုပ်နေရင်းနဲ့မှ မြန်မာမွတ်ဆလင်မ် Image ကို မြင့်တက်အောင်လုပ်ရမယ်။ အဲ့ဒီလို မလုပ်နိုင်သေးဘူးဆိုရင်တော့ ကျွန်တော်တို့မွတ်ဆလင်မ်ထုအတွက် လမ်း ကြောင်းအမှန် မမြင်သေးဘူး။ ဒီထက်ပိုဆိုးဝါးတာက အဲဒီလိုလုပ်နေတဲ့ လူတွေကိုပါ ပြဿနာရှာနေတယ်။ အပို အလုပ်တွေ။ နမားဇ်ကော ဖတ်ကြသလား။ အဓိပ္ပါယ်မရှိဘူး။ ဒါတွေပြောနေ၊ ဝေဖန်နေ၊ လေကန်နေခြင်းကိုက အမှန်တော့ ရှိုင်တွာန်ရဲ့ သွေးဆောင်ဖြားယောင်းမှုကို ခံနေရတာ။
အခုဆို ကုရ်ဘာနီကလည်း နီးကပ်နေပြီ။ ဟဂ်ျခရီးလည်း တစ်ချို့သွားကုန်ပြီ။ တစ်ချို့က အဲဒီအကြောင်း အရာတွေ ဟောပြောတင်ပြဖို့ တောင်းဆိုပါတယ်။ တကယ်တော့ `မာရ်နတ်ရဲ့ အလုပ်တာဝန်´တွေကို စွန့်လွှတ် ခြင်းဟာလည်း `ကုရ်ဘာနီ´မည်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နိုင်ငံကောင်းကျိုး၊ နိုင်ငံသူနိုင်ငံသားတွေ ကောင်းကျိုး မွတ်ဆလင်မ်အရေးကိစ္စတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ လူတွေဟာ ကျွန်တော်တို့ မြန်မာ မွတ်ဆလင်မ်ထုတစ်ရပ်လုံး အကျိုးရှိစေတယ်ဆိုတာ ကျွန်တော်တို့သိထားရမှာ ဖြစ်ပါတယ်။ ဒါကို နှောက်ယှက် ဖျက်ဆီးဖို့၊ ကြိုးစားမယ်ဆိုရင် ဒါဟာ မာရ်နတ်ရဲ့ အလုပ်တာဝန်များလို သူ့တာဝန်သူလုပ်နေခြင်းဖြစ်ပါတယ်။ ရှိုင် တွာန်က အဲဒီအလုပ်တွေလုပ်တယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၅၈)၊ အာယသ် (၁၉၊၂၀)မှာ
`ရှိုင်တွာန် မိစ္ဆာကောင်သည် လူတို့အားနိုင်နင်းကြီးစိုးလျက် အလ္လာဟ်အရှင်မြတ်၏ ကျမ်းဂန်ကုရ်အာန် အား မေ့ပျောက်စေတယ်။ ဧကန်မလွဲ ရှိုင်တွာန်မိစ္ဆာကောင်အုပ်စုကား ဆုံးရှုံးသူများပင်ဖြစ်သည်။´
ရှိုင်တွာန်ရဲ့ Heavy Duty တစ်ခုက ကုရ်အာန်ကို မေ့အောင်လုပ်တဲ့နည်း။ ကုရ်အာန်ကို မေ့အောင် ဆိုတော့ခေါင်းကို ရိုက်ခွဲပြီး အတိတ်မေ့အောင်၊ ကုရ်အာန် မဖတ်တတ်အောင် လုပ်မှာလား။ အဲဒီလို မဟုတ်ပါဘူး။ ကုရ်အာန်ကို မေ့အောင်ဆိုတာက လူ့ဦးနှောက်ကနေ ကုရ်အာန်ကို လျစ်လျူရှူလိုက်အောင်၊ ကုရ်အာန်ရဲ့ နည်းစနစ်ဥပဒေ လမ်းညွှန်ချက်တွေကို မသိနားမလည်အောင် လုပ်ခြင်းဟာ ကုရ်အာန်ကို ဖတ်တတ်ရုံ၊ အလွတ်ရရုံသာဖြစ်စေတဲ့ ရှိုင်တွာန်ရဲ့ ကုရ်အာန်ကို မေ့အောင်လုပ်တဲ့နည်းပဲ။ ကုရ်အာန်ကို သေခါနီးအနားမှာ ၀ိုင်းဖတ်၊ သေရင်ဖတ်၊ သေပြီး (၇)ရက်မှာဖတ်၊ ရက် (၄၀)မှာဖတ်၊ ကလေးမွေးခါနီးဖတ် (ကုရ်အာန်ဖတ်တာ ကောင်းတယ်နော်။ မဖတ်ရဘူးလို့ ပြောတာ မဟုတ်ဘူးနော်။)ဒါပေမဲ့ ဖတ်ရင်းဖတ်ရင်းနဲ့ မေ့သွားတာ။ ကုရ်အာန်နဲ့ဝေးသွားတာ။
ကုရ်အာန်အတိုင်း လက်တွေ့၊ လိုက်နာ၊ ကျင့်သုံး အကောင်အထည်ဖော် လူ့ဘ၀တည်ဆောက်ရမယ် ဆိုတာကို မသိတော့ဘူး။ ဖတ်မယ်။ ကုသိုလ်ရမယ်။ ကျန်တာ မသိတော့ဘူး။ ကုရ်အာန်ထဲမှာ မွတ်ဆလင်မ် အကြောင်း၊ တွင်းထွက်တွေအကြောင်း၊ စစ်ပွဲတွေအကြောင်း၊ မိခင်လောင်းရဲ့သားအိမ်ကြောင်း၊ ပင့်ကူအကြောင်း စသည်ဖြင့် အဲ့ဒါတွေဘာမှမသိဘူး။ အတွေးအခေါ်တွေ၊ နိုင်ငံရေးပေါ်လစီတွေပါတယ်။ အဲဒါတွေဘာမှ မသိတော့ ဘူး။ သိဖို့မလိုဘူးလို့ ထင်စေအောင် ရှိုင်တွာန်က တာဝန်ကျေတယ်။ ကုရ်အာန်တစ်အုပ်လုံး အလွတ်ရတဲ့ ဟာဖိဇ်ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ မေ့နေတယ်။ တစ်နည်းအားဖြင့် ဝေးနေတယ်။ အခြောက်တရားနဲ့ အမြှောက် တရားတွေအပေါ်မှာ ယုံကြည်ကိုးစားပြီး သံသရာလည်နေတယ်။ ကုရ်အာန်ကို မေ့ထားကြတယ်။ နောက်ပြီး အဓိပ္ပါယ်မသိဘူး။ ဘာသာပြန်တွေနဲ့ ဘောင်ခတ်ခြင်း ခံနေကြတယ်။
စာပေတွေ၊ သမိုင်းလိမ်တွေ၊ အတုတွေ၊ လုပ်ကြံဖန်တီးမှုတွေလွှမ်းမိုးခြင်းကို ခံပြီးတော့ ကုရ်အာန်ကို မေ့ထားတယ်။ ကုရ်အာန်က ဘယ်လိုပဲဆိုဆိုလေ။ ဟိုမှာက ဟိုစာအုပ်မှာက ဟိုလိုလုပ်ရင် ရတယ်လို့ပါတယ်လေ။ ဒီလိုနဲ့ပဲ ကုရ်အာန်က မွတ်ဆလင်မ်တွေကြားထဲမှာ တိုးမပေါက်တော့ဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလို အခြေအနေတွေဖြစ်နေတယ်။ အဲ့ဒီတော့ ဘာဖြစ်သလဲဆိုရင် ကုရ်အာန်က ပြောထားတယ်။ ရှိုင်တွာန်ဆိုတာ ဒါတွေ၊ ဒါတွေလုပ်ရင် ရှိုင်တွာန်။ ရှိုင်တွာန်ကတော့ လုပ်နေမှာပဲလေ။ တာဝန်ကျေမယ်လေ။ မလစ်ဟင်းစေရဘူး။ အဲ့ဒီလို ရှိုင်တွာန်က သူရဲ့အလုပ်တာဝန်တွေကို လုပ်နေတာကို လူတွေကသူရဲ့ Planအတိုင်း လိုက်လုပ်နေကြ တော့ ဘာဖြစ်ပြီလဲဆိုရင် ပြဿနာပေါင်း သောင်းခြောက်ထောင်မှာ စည်းမျောနေကြတယ်။
ဆူရာ(၄၃)အာယသ်တော်(၃၆)ဆိုရင်—-
`မည်သူမဆို၊ အလ္လာဟ်ပြစနစ်ဇယား ဥပဒေသ(ကုရ်အာန်)များကို မသိခြင်း၊ မသိချင်ယောင်ဆောင်ခြင်း၊ နားမလည်ချင်ယောင်ဆောင်နေမည်ဆိုပါက ထိုသူအတွက် ရှိုင်တွာန်တစ်ကောင်ကို မိတ်ဆက်ပေးစေ၏။ ထိုရှိုင် တွာန်ကား သူ၏အဖော်သာဖြစ်၏။´ ဆိုလိုတာက တစ်ခုခုကို သိနေရမယ်လို့ဆိုလိုတာ။ ကုရ်အာန်ကို မသိဘူး လား။ ဒါဆို နောက်တစ်ခုကို သိနေမယ်။ အစ္စလာမ်ကို မသိဘူးလား။ ဒါဆိုနောက် ဘာသာတစ်ခုလက်ခံစေရမယ်။ ဘယ်ဘာသာမှ လက်မခံဘူးလား။ ဒါဆိုလည်း Free Thinker ဆိုတာ လက်ခံထားပြီးဖြစ်တယ်။ ဆိုလိုတာက လူတစ်ယောက်ဟာ မှန်ကန်တဲ့စနစ်ဇယားတစ်ခုအပေါ်မှာ မလျှောက်နိုင်ဘူးဆိုရင် မှားယွင်းတဲ့စနစ်ဇယားက အဖော်အဖြစ် ကပ်လိုက်လာမှာပဲ။ ဒါဟာ ရှိုင်တွာန်ရဲ့လမ်းကြောင်း အများကြီးထဲကလမ်းကြောင်းတစ်ခု။ အဲ့ဒီ လမ်းကြောင်းနဲ့ အဲ့ဒီလူ မိတ်ဆွေဖြစ်သွားမယ်လို့ ပြောနေတာ။
ကျွန်တော်တို့ Muslim Community မှာက အများအကျိုးကောင်းတာလုပ်၊ နောက်ကလည်းမလိုက်၊ ရှေ့ ကလည်း ဦးမဆောင်ဘေးတိုက်လိုက်၊ ကဲ့ရဲ့ပြစ်တင်ရှုတ်ချ။ ရှိုင်တွာန်ဘယ်သူဖြစ်မလဲ။ ဂျာနယ်တစ်ခုမှာ ကျွန်တော်လေ့လာတွေ့ရှိချက်တစ်ခုကို တင်ပြရမယ်ဆိုရင် `ရန်ဖြစ်ရင်းနဲ့ အတူတွေး ခေါ်ခြင်း´ ဆိုတဲ့ စာပိုဒ် တစ်ခုပေါ့။ လွန်ခဲ့တဲ့နှစ် ၅၀ လောက်က ကမ္ဘာပေါ်မှာ အမျိုးသမီး ဆရာဝန်တစ်ယောက်က လေ့လာ တွေ့ရှိခဲ့တယ်။ မိခင်လောင်းတွေကိုယ်ဝန်ဆောင်ချိန်မှာ ဓါတ်မှန် ရိုက်လို့ ကလေးတွေမှာ ကင်ဆာဖြစ်နိုင်တယ်လို့ ရှိခဲ့တယ်။ ဒီလိုအမှန်တရားတစ်ခုကို ပညာရှင်အသိုင်းအ၀ိုင်းကြား တင်ပြတော့ဘယ်ပညာရှင်ကမှ လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဓါတ်မှန်ရဲက ကောင်းကျိုးက အများကြီးရှိနေတာကိုး။ နောက် ၂၅ နှစ်လောက်ကြာမှ ဒါကို လက်ခံခဲ့တယ်။ ဒီလို လက်ခံလာအောင် သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ဒီနေရာမှာ ပြောချင်တာ။
သူ့ရဲ့တွေ့ရှိချက်မှန်ကန်ကြောင်းပြဖို့အတွက် ဆရာဝန်ကြီးတွေ၊ ပညာရှငိတွေဆီ တင်ပြတဲ့အခါမှာ ဘယ် သူကမှ ထောက်ခံအားပေးခဲ့တာ မရှိဘူး။ ဒီတော့ သူဘာလုပ်သလဲဆိုတော့ သူ့တွေ့ရှိချက်ကို အကြီးအကျယ် ဝေဖန်ထောက်ပြပြဿနာရှာမယ့်လူကို သူရှာခဲ့တယ်။ အဲ့ဒီမှာ လူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီလူနဲ့ အလုပ်လုပ်နေရင်းနဲ့ သူအောင်မြင်ခဲ့တယ်။ ဒီနေရာမှာ မွတ်ဆလင်မ်တွေလည်းအတူတူပဲ။ ခင်ဗျားအဖြူဆိုရင် အမဲလို့ ပြောမယ်လူ အယောက်၁၀၀ရှိတယ်။ အမှန်က ကျွန်တော်တို့ Muslim Community မှာက တစ်ယောက်လုပ်ရင် တစ်ယောက်အပြုသဘောနဲ့ ဝေဖန်ထောက်ပြ၊ အကြံဥာဏ်ပေးတာထက် ကဲ့ရဲ့၊ ရှုတ်ချ၊ ပြစ်တင်၊ မကောင်းပြောဖို့ပဲ တတ်ကြတော့ အလုပ်မဖြစ်ဘူး။
အမှန်က ကျွန်တော်တို့ Muslim Community မှာက အဝေဖန်မခံနိုင်ကြဘူး။ သူများကို ဝေဖန်ဖို့ပဲရှိတယ်။ ဒါကလည်း အပြုသဘောထက် အပျက်သဘောပဲ။ ဒါကဘာလဲဆိုရင် `ငါလုပ်တာ မှန်သမျှ အမှန်´၊ `မင်းတို့က အမှား´ဆိုတဲ့ မာန်မာနထောင်လွှားမှု တစ်ရပ်ပဲ။ ဒါလည်း ရှိုင်တွာန်ရဲ့အလုပ်တစ်ခုပဲ။ နောက်တစ်ချက်က ကျမ်း မြတ်ကုရ်အာန် ဆူရာဟ (၂း၁၈၆)မှာ — `အို လူသားအပေါင်းတို့၊ အသင်တို့ ကမ္ဘာပေါ်ရှိ ရှိသမျှအရာများအနက် (ဟာလားလန် သွိုင်ယေဘန်း) စားခွင့်ပြုပြီး၊ သန့်ရှင်းစင်ကြယ် ဘေးဥပါဒ်ကင်းသော အစားအစာများကို စားသုံး ကြကုန်။ သို့ရာတွင် ရှိုင်တွာန်၏ခြေရာကို မလိုက်ကြနှင့်။ ရှိုင်တွာန်သည်ကား အသင်တို့၏ရန်သူ၊ ရန်ဘက်ပင်ဖြစ် သည်။ ဒီနေရာမှာ ကျွန်တော်လေ့လာတွေ့ရှိချက်အရ ကုရ်အာန်ရဲ့ ချိတ်ဆက်မှုကိုပဲ။ အရမ်းထိမိတယ်။ သူ့ရဲ့ အရေးအသားတွေကို ခေတ်မီနေတယ်ဆိုတာပြနေတယ်။
ဆူရာဟ် (၆း၆၈)မှာ ပြောထားတာက–
`အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို သွေဖီငြင်းဆန်သူ ရှိုင်တွာန်နှင့်အတူတကွ ယှဉ်တွဲ မနေနှင့်။´ ဆိုလိုရင်း အနှစ်သာရက လူတစ်ယောက်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေ၊ ရှိုင်တွာန်လုပ်ရပ်တွေ ကိုလုပ်နေပြီဆိုရင် အဲ့ဒီလူ့အဖွဲ့အစည်းနှင့် ရောနှောမနေဖို့ ပြောနေတာ။ သူတို့နဲ့သွားပြီး ပူးပေါင်းအလုပ်မလုပ်နဲ့။ သူတို့ကအလ္လာဟ်ပြစနစ်ဇယားအတိုင်း လျှောက်ပြီလား။ ဒါဆို ပူးပေါင်းလို့ရပြီ။ ဒါကို ညွှန်ပြနေခြင်းဖြစ်တယ်။ အစ္စလာမ်ကို ထိုးနှက်နေတဲ့ ဘယ်သူနဲ့မှ ကျွန်တော်တို့မိတ်ဆွေဖွဲ့လို့ မရဘူး။ အကြီးအကျယ်ဒုက္ခပေးနေတဲ့ ပြဿနာကောင်တွေနဲ့အတူတကွ ယှဉ်တွဲနေထိုင်ပြီး ဘယ်လိုငြိမ်းချမ်းရေးပွဲလုပ်မှာလဲ။ ကျွန်တော်ပြောတာ အားလုံး သဘောပေါက်မယ်လို့ထင်ပါတယ်။
အလ္လာဟ်ပြောတာက ရှိုင်တွာန်ကရန်သူ၊ အသင်တို့ပူးပေါင်းအလုပ်မလုပ်နဲ့လို့ပြောတာ။ ကျွန်တော်တို့ Muslim Community မှာကို ဒါတွေသိထားရမယ်။ ကျွန်တော်တို့ထဲက အကြီးအကျယ်စာရိတ္တ ချွတ်ယွင်းပျက်စီး နေတဲ့လူတွေနဲ့ ကျွန်တော်တို့ဘာအလုပ်မှ တွဲလုပ်နေဖို့ အကြောင်းမရှိဘူး။ တစ်ခါ ဆူရာဟ်(၂း၁၀၂)မှာ – တမန်တော်မြတ် စူလိုင်မာန်(အ)လက်ထက် စုန်း၊ ပယောဂ၊ ဗေဒင်အကြောင်း တင်ပြထားတာ။ အခုခေတ်ရော ဘာထူးလဲ။ ကျွန်တော်တို့ မွတ်ဆလင်မ်ကြီးပဲမဟုတ်ဘူး။ တစ်တိုင်းပြည်လုံးပဲ။ ကမ်းနားမှာ မျှော်တော်ယောင် ဘ၀နဲ့ ရူးနေကြတယ်။ ဟုတ်သလိုလိုနဲ့ ဘာမှမဟုတ်ဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာဖြစ်နေတာ။ ပညာရေးက လည်း နိမ့်ပါးနေတာကိုး။
မွတ်ဆလင်မ်တွေရော ဘာထူးလဲ။ ဖရဲသီးကို ခွဲလိုက်တာ အလ္လာဟ်ပုံထွက်လာတယ်ဆိုပြီး facebook မှာ ဓါတ်ပုံတင်လိုက်တယ်။ သစ်ပင်က စိဂ်ျဒါချနေတယ်ဆိုပြီး ဓါတ်ပုံထုတ်၊ စာအုပ်ထုတ်လုပ်ကြတယ်။ အမှန်က သစ်ပင်က နဂိုကတည်းက ကိုင်းညွှတ်နေတဲ့အပင်။ အမှန်က ကျွန်တော်တို့ မွတ်ဆလင်မ်တွေ ကိုယ်တိုင်က ရူးကြောင်ကြောင် အတွေးအခေါ်တွေနဲ့ နစ်မွမ်းနေသမျှကာလပတ်လုံး ကျွန်တော်တို့ အနှိမ်ခံနေရမယ်။ အလှိမ့်ခံ နေရမယ်။ အလိမ်ခံမယ် လူရှိနေသမျှတော့ လိမ်မယ့်သူက အခန့်သင့်ပဲ။ နောက်တစ်ချက်က အဲ့ဒီလို ရူးကြောင် ကြောင် အလုပ်တွေကြောင့် မွတ်ဆလင်မ်ထုတစ်ရပ်လုံး ဒုက္ခဖြစ်စေမယ့် အလုပ်မျိုးလည်း မလုပ်နဲ့ဦး။ စင်္ကာပူနိုင်ငံ မှာဆိုရင် နိုင်ငံခြားသားအရူးဆို လက်မခံဘူး။ ပြန်ပို့တယ်။ ရူးချင်ရင် ကိုယ့်တိုင်းပြည် ကိုယ်ပြန်ရူး။
မွတ်ဆလင်မ်တွေမှာဆိုရင် ဓါတ်ပုံမီးရှို့တာတို့၊ ဖယောင်းတိုင်ထွန်းတာတို့လုပ်တော့ အကြီးအကျယ် ဒုက္ခ ရောက်တဲ့အပြင် မွတ်ဆလင်မ်ထုတစ်ရပ်လုံး မျက်နှာပျက်ရတယ်။ ဟာသအလုပ်ခံရတယ်။ ကာတွန်းတွေရေးပြီး အလှောင်ခံရတယ်။ ကဘရ်စတန်က မြေကြီးယူ၊ ဆေးလုပ်၊ မကောင်းတာမှန်သမျှလုပ်ပြီး သူများလှောင်ပြောင်သမျှ ဟာ ရှိုင်တွာန်ရဲ့ အလုပ်တာဝန်တွေပဲ။ မာရ်နတ်ကို ဆရာတင်သူများ၊ မိတ်ဆွေဖွဲ့သူများ၊ ပေါင်းစားသူများအားလုံး ရှိုင်တွာန်ရဲ့အလုပ်တာဝန်တွေမှာ တတပ်တအား ရိုင်းပင်းနေသူများပင်ဖြစ်တယ်။
ကုရ်အာန် ဆူရာဟ်(၄)၊ အာယသ် (၆၀)မှာ- ကျွန်တော်တို့ လုပ်ရပ်တိုင်းလုပ်ရပ်တိုင်းမှာ ရှိုတွာန်ကို ဆရာတင်တယ်။ ရှိုင်တွာန်ရဲ့ စနစ်ဇယားတွေနဲ့ အလုပ်လုပ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ လူတွေဆင်းရဲနေ ကြတယ်။ စားစရာမရှိ၊ ၀တ်စရာမရှိ၊ နေစရာအိမ်မရှိ အများကြီးပဲ။ အဲဒီလိုအခြေအနေမျိုးမှာ လူပေါ်လူဇော်လုပ်၊ ဂုတ်သွေးစုပ်၊ ရှိုင်တွာန်နဲ့အပေါင်းအသင်းလုပ်။ နိုင်ငံခြားနဲ့ပေါင်း တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ မွတ်ဆလင်မ်တွေ လည်းပါတယ်။ အမှန်က ရှိုင်တွာန်ကို အပေါင်းအသင်းလုပ်ပြီး ဆရာတင်ခြင်းပဲဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာ အဲ့ဒီ ကိစ္စက တော်တော်ဆိုးဝါးတယ်။ ဆရာမောင်သာချိုပြောတဲ့ စကားတစ်ခုပေါ့။ ဒီစကားကို ဒေါ်အောင်ဆန်းစုကြည် ကပြောတာ။ ကျွန်တော်တို့တိုင်းပြည်မှာ ဒီလောက်ဆင်းရဲ၊ မွဲတေ၊ ငတ်ပြတ်နေတဲ့အချိန်မှာ သိန်းတွေသန်းတွေချီပြီး သုံးစွဲသုံးဖြုန်းနေတဲ့ လူတွေရှိတယ်တဲ့။ ဒီလိုလူတွေကို ဘယ်လိုမိဘတွေကများ မွေးထားတာပါလိမ့်တဲ့။
နောက်တစ်ခုက မရေရာ၊ မသေချာတဲ့ ကောလဟာလတွေကို ၀ါဒဖြန့်ခြင်းဖြစ်တယ်။ အဲဒီ ကောလဟာလ ဆိုတာအကြောင်းအရတစ်ခုခုကနေ အကြောင်းခံပြီးပေါ်လာတာ။ ကျွန်တော်တို့ဒီအပေါ်မှာ သေသေချာချာ လေ့ လာသုံးသပ်နိုင်စွမ်းမရှိဘူး။ နောက်လာမဲ့ မျိုးဆက်သစ်တွေအတွက် ဘာတစ်ခုမှ မစဉ်းစားမတွေးခေါ်ပဲနဲ့ ကိုယ့် သဘောနဲ့ကိုယ် ဖန်တီးနေကြတာ။ ကျွန်တော်လူဦးရေနေ့တုန်းက တစ်ခါပြောဖူးတယ်။ ကုလသမဂ္ဂက ပညာရှင် တွေဟာ နောင်နှစ်ပေါင်းများစွာကြာခဲ့ရင် ကမ္ဘာ့လူဦးရေ အဆမတန်များလာပြီး ဘယ်လိုနေထိုင်စားသောက်၊ အသက်ရှင်ရပ်တည်မလဲဆိုတာ စဉ်းစားနေကြ၊ ဆွေးနွေးတိုင်ပင် အကြံဥာဏ်ထုတ်နေကြတယ်။ သူလည်းရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် အကြီးအကျယ်စဉ်းစားပြီး အလုပ်လုပ်နေကြတယ်။ ဒါပေမယ့် ဒီလိုမစဉ်းစားအောင် ရှိုင်တွာန်ကလုပ်လိမ့်မယ်။
လက်ရှိကျွန်တော်တို့ Muslim Community မှာအနာဂါတ်အတွက် ဘာမှမစဉ်းဘူး။ အနာဂါတ်ဆိုတာထက် မျိုးဆက်သစ်အတွက် မစဉ်းစားဘူး။ အနာဂါတ်အတွက်ဆို ကျွန်တော့်အတွက်၊ ကျွန်တော့်သားသမီးအတွက် မြေး၊ အတွက်လောက်တော့ စဉ်းစားကောင်း စဉ်းစားမယ်။ ၁၂ ဆက်မြောက် မျိုးဆက်အတွက် စဉ်းစားမလား။ အဲ့ဒါ အလ္လာဟ်လက်ထဲမှာ အလ္လာဟ်ကြည့်ကောင်းအောင် စီစဉ်လိမ့်မယ်။ ဒီလိုအတွေးမှား၊ ခံယူချက်မှားတွေ မွတ်ဆ လင်မ်ထဲမှာ အပြည့်။ ဒါနဲ့ ပတ်သက်ပြီး နိဂုံးချုပ်ပြောရရင် တရုတ်မုဆိုးတွေ တောကစားထွက်ရင်းနဲ့ တွေ့ကြုံခဲ့ရတဲ့ သမိုင်းအဖြစ်အပျက်မှတ်တမ်းတစ်ခုကို တင်ပြပါ့မယ်။
တစ်ရက်မုဆိုးတစ်သိုက် တောလိုက်ထွက်ရင်းနဲ့ တောထဲမှာ တောင်ဆိတ်အုပ်တစ်အုပ်ကို သွားတွေ့ တယ်။ အဲ့ဒီမှာ မုဆိုးကလိုက်၊ ဆိတ်အုပ်ကပြေးနဲ့ အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ ဒီအချိန်မှာ မုဆိုးတွေက စဉ်းစား ပြီး လူပီပီဥာဏ်နီဥာဏ်နက်ထုတ်သုံးပြီး အလွန်နက်ပြီး အလှမ်းကျယ်တဲ့ ချောက်ကမ်းပါးဘက်ကို မောင်းဖို့ဆုံးဖြတ် ကြတယ်။ ပြေးရင်းပြေးရင်း ချောက်ထဲကျသေမှာပဲလေ။ ချောက်ထဲမှာလည်း မုဆိုးတစ်ချို့ သွားစောင့်ပါ။ ဒီလိုနဲ့ တောင်ဆိတ်အုပ်ဟာ မုဆိုးတွေရဲ့အစီအမံအတိုင်း လျှိုထိပ်ကိုရောက်သွားကြတယ်။ အဲ့ဒီအချိန်မှာ အဲ့ဒီတောင် ဆိတ်အုပ်ကြီးဟာ ရုတ်တရက်တုန့်ကနဲရပ်သွားကြတယ်။ ရှေ့မှာက လျှိုပဲရှိတယ်လေ။ နောက်မှာက မုဆိုးတွေ လေ။
ကဲ– ကျွန်တော်တို့ တွေးကြည့်ကြရအောင်။ သေပြီ။ တောင်ဆိတ်အားလုံး ကုန်တော့မယ်။ မျိုးကန်းပြီ။ နွံနစ်ပြီ။ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပြီ။ ဘ၀ပျက်ပြီး ဒုက္ခရောက်ပြီ။ အစုလိုက်၊ အပြုံလိုက်သေကြ တော့မယ်။ ဒီဇာတ်လမ်းက အဲဒီမှာပါတဲ့ မုဆိုးတွေပြန်ရေးတာနော်။ အဲဒီလိုအချိန်မှာ အကြီးဆုံးလို့ထင်ရတဲ့ တောင် ဆိတ်ကြီးတစ်ကောင်ဟာ မုဆိုးတွေတစ်ခါမှ မကြားဘူးတဲ့ အသံနဲ့တစ်ချက်အော်လိုက်ပါတယ်။ စက္ကန့်ပိုင်း အတွင်းမှာ တောင်ဆိတ်အုပ်စုဟာ အုပ်စုနှစ်ခုကွဲသွားတယ်။ တစ်ဖက်တစ်ချက်စီပေါ့။ အဲ့ဒီလို အော်လိုက်တဲ့ တောင်ဆိတ်အိုကြီးက အလယ်မှာ လမ်းဖြစ်နေတဲ့ လမ်းပေါ်တစ်ပတ်လျှောက်ပြီး ကြည့်လိုက်တယ်။ တစ်ကောင် ခြင်းကိုကြည့်တယ်။
ပြီးတော့ နောက်ထပ်အသံတစ်ချက်အော်လိုက်တယ်။ အဲဒီမှာ အလုပ်စတော့တယ်။ ဘယ်လိုစတာလဲ။ (ဒီနေရာမှာ ၀ါရင့်ကျွမ်းကျင်မုဆိုးတွေရဲ့  မှတ်တမ်းမှာ တောင်ဆိတ်အုပ်စုနှစ်ခုအနက် တစ်စုက အသက်ငယ်တဲ့ အုပ်စု၊ အုပ်စုတစ်စုက အသက်ကြီးတဲ့ အုပ်စု) သူတို့ရဲ့ မှတ်တမ်းအရ တောင်ဆိတ်တစ်ကောင်ရဲ့ ခုန်နိုင်ခြေဟာ ခြောက်လံဆိုလားပဲ။ အတိအကျ ကိန်းဂဏန်းတော့ ကျွန်တော်မမှတ်မိဘူး။ အဲဒီလျှိုဟာ ၁၀ လံရှိတယ်။ အကုန် သေမှာပဲ။ မုဆိုးတွေက အပိုင်တွက်ပြီးသား။ ခုန်နိုင်တဲ့လျှိုကို မရွေးပဲမခုန်နိုင်တဲ့ လျှိုကို တမင်ရွေးမောင်းခဲ့တာလေ။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ တောင်ဆိတ်အုပ်စုနှစ်စုထဲက အသက်ကြီးတဲ့အုပ်စုက တောင်ဆိတ်တစ်ကောင် ဟာ ပြေးပြီးလျှိုကို ခုန်လိုက်တယ်။ ဒီဘက်က တောင်ဆိတ်ပျိုအုပ်စုထဲက တစ်ကာင်ကလဲ တစ်ပြိုင်နက် နောက်က လိုက်ခုန်တယ်။ ခုန်နိုင်ခြေအားရှိတဲ့ ၆ လံရောက်တာနဲ့ တောင်ဆိတ်အိုရဲ့ ကျောပြင်ပေါ်ကို တောင်ဆိတ်ပျိုက ခြေထောက်ပြိး နောက်တစ်ချက်ခုန်လိုက်တော့ တောင်ဆိတ်ပျိုဟာ ဟိုဘက်ကမ်းပေါ်ရောက်ပြီးအသက်ရှင်တယ်။ တောင်ဆိတ်အိုကတော့ ချောက်ထဲကျပြီး အသက်သေတယ်။ တစ်ကောင်ခုန်ပြီး ဟိုဘက်ကမ်းရောက် အသက်ရှင် တဲ့ တောင်ဆိတ်ပျိုတစ်ကောင်နဲ့အညီ လျှိုထဲကျပွဲပြီးသွားတဲ့ တောင်ဆိတ်အိုတစ်ကောင်ရှိခဲ့တယ်။
တောင်ဆိတ်ဟာ လူမဟုတ်ဘူး။ လူလို အသိဥာဏ်မပြည့်စုံပေမယ့် မျိုးဆက်သစ်အတွက် နောင်အနာဂါတ် အတွက် သူတို့စဉ်းစားတယ်။ အသက်ပေးစွန့်လွှတ်စွန့်စား အနစ်နာခံတယ်။ တောင်ဆိတ်ပျိုတွေကလည်း တောင် ဆိတ်အိုကြီးရဲ့ စေတနာနဲ့အမိန့်ကို စောဒကမဲ့ တစ်သဝေမတိမ်း နာခံတာကို တွေ့ရမယ်။ တိရစ္ဆာန်ပေမယ့် မျိုး တော့အကန်းမခံဘူး။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိနေတဲ့ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းအနေနဲ့ ဘာတွေ လုပ်ကြမလဲ။ အဲ့ဒီတိရစ္ဆာန်တွေလောက်တောင် စဉ်းစားကြရဲ့လား။ ရှိုင်တွာန်ရဲ့ စနစ်အတိုင်းဆက်သွား ကြမလား။
ရှေးကမြန်မာမွတ်ဆလင်မ်တွေရဲ့ သမိုင်းတွင်တဲ့ပုံရိပ်တွေကို ပြန်ဖော်ကြမလား။ ရှိုင်တွာန်ရဲ့လုပ်ရပ်တွေ ကိုပဲ ပုံဖော်ကြမလား။ အနာဂါတ်မျိုးဆက်သစ်တွေ ကျွန်တော်တို့လို ဂုဏ်ယူ၊ ၀င့်ကြွား၊ ရင်ကော့၊ ခေါင်းမော့နိုင် အောင် ကျွန်တော်တို့ ကြိုးစားကြမလားဆိုတာ စဉ်းစားကြပါလို့ ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။