မိလ်လသေ့ အီဘရာဟ်ီမ်း (တမန်တော်အီဘရာဟီမ်း(အ)၏ ယုံကြည်ချက်ဆိုင်ရာ လူနေမှုစနစ်ဇယား) မုဖ်သီ ဦးစန်းအောင် (B.Sc)

မိလ်လသေ့ အီဘရာဟ်ီမ်း

(တမန်တော်အီဘရာဟီမ်း(အ)၏ ယုံကြည်ချက်ဆိုင်ရာ လူနေမှုစနစ်ဇယား)

မုဖ်သီ ဦးစန်းအောင် (B.Sc)

ဒီကနေ့ ၂ဝ၁၆၊မေလ၊၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဂျူမုအာဟ်နေ့မှာ အလ္လာဟ်အရှင် မြတ်ကို အေဗာဒသ်ပြုရန် ကြွရောက်လာကြတဲ့လေးစားအပ်ပါသော မွတ်စလင်မ်ညီနောင် အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ ခင်ဗျား။

“အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လားဟိ ဝဘရကာသုဟု”

ဒီကနေ့ ကျွန်တော်တင်ပြဖို့ ရွေးချယ်ထားတဲ့ ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ `မိလ်လသေ့ အီဘရာဟီမ်း´ ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကျွန်တော်ဘာကြောင့် ရွေးချယ်လိုက်ရသလဲဆိုတော့ ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းမှာ ..

(၁) ကုရ်အာန်ကို သေသေချာချာ နှံ့နှံ့စပ်စပ်မလေ့လာမိခြင်း။

(၂) အစ္စလာမ်သည် ဘယ်လိုသမိုင်းဆိုင်ရာ အချက်အလက်တွေအပေါ်မှာ အခြေခံပြီး တိုးတက်ပြောင်းလဲလာတဲ့ `အရွှေ့´တစ်ခုဖြစ်တယ် ဆိုတာကို နားမလည်ခြင်း။

(၃) အစ္စလာမ်ရဲ့ယုံကြည်ချက်ဆိုင်ရာ လူနေမှုစနစ်ဇယား (မိလ်လသ်)၏ အတိုင်းအတာနှင့် အပြောကျယ်မှုသည် မည်မျှလောက်ရှိသည်ကို သိနားလည်မှုမရှိခြင်း။

ဆိုတဲ့အချက် (၃)ချက်ကို သိနားလည်သူတွေရှိကြသလို မသိနားမလည်သူတွေကလည်း အများစုဖြစ်နေ တဲ့အတွက် ဒီအခြေခံအချက်(၃)ချက်အပေါ်မှာ ကျွန်တော်တို့ ဘယ်လိုသိနားလည်အောင်လုပ်ခြင်းအားဖြင့် ယနေ့ ဖြစ်ပေါ်နေတဲ့ အငြင်းပွားမှုအချို့ကို ဖြေရှင်းနိုင်ရေးအတွက် ကျွန်တော်တတ်သိနားလည်ထားသလောက် ကျွန်တော့ဖက်က ကျွန်တော် ရှာဖွေသုတေသနပြုချက်တွေကို အစပျိုးတင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။

အမှန်တကယ်မှာတော့ ဒီခေါင်းစဉ်ဟာ၊ ဒီဘာသာရပ်ဟာ အင်မတန်ကျယ်ဝန်းလှပါတယ်။ ဒီဘာသာရပ်ကို လေ့လာမယ်ဆိုရင် ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၄ဝဝဝ)ကျော်ရဲ့သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ သက်သေအထောက်အထားတွေ၊ သုတေသနပြုချက်တွေကိုပါ လှမ်းမျှော်ကြည့်နိုင်မဲ့၊ သုံးသပ်စဉ်းစားဆင်ခြင်နိုင်မဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ စူးစမ်းပြိး လက်သင့်ခံနိုင်ဖို့လည်း လိုအပ်ပါ လိမ့်မယ်။ ဆိုလိုတာက ကျွန်တော်တို့ ဦးနှောက်တွေ ဖြန့်ကျက်ဖွင့်ထားဖို့၊ ကျွန်တော်တို့ရဲ့ နှလုံးသားတံခါးတွေကို ဖွင့်လှစ်ထားဖို့၊ ကျွန်တော်တို့လက်ရှိလက်ခံထားတဲ့အချက်အလက်တွေဟာ အားနည်းချွတ်ချော်မှုတွေရှိခဲ့ရင် ဒီအချက်တွေကို တရားသေဆုပ်ကိုင်ထားမဲ့အစား ပြောင်းလဲပစ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ကျွန်တော်ရဲ့လေ့လာသုံးသပ်ချက်တွေအပေါ်မှာ ဘယ်အချက်ကိုတွေ့ရသလဲဆိုတော့ ကျွန်တော်တို့ မွတ်ဆလင်မ် အများစုက `အစ္စလာမ်´ဆိုတဲ့ လူနေမှုစနစ်ဇယားဟာ တမန်တော် မုဟမ္မဒ်(ဆွ)လက်ထက်ရောက်မှ ပေါ်ထွန်းလာတယ်ဆိုတဲ့ အယူမှားတစ်ခုကို လက်လွှတ်လိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီအယူအဆကို ဆက်လက်ပြီး လက်ခံထားမယ်ဆိုရင်တော့ အခုကျွန်တော်တင်ပြမဲ့ အချက်တွေကို လက်ခံလို့ရမှာ မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ဘာသာရေးယုံကြည်ချက်နဲ့ ပတ်သက်လာရင် အဓိကအုပ်စုကြီး (၂)အုပ်စု ကွဲပါတယ်။ `ဖန်ဆင်းရှင် (Creator)´ကို လက်ခံတဲ့အုပ်စုနဲ့ `ဖန်ဆင်းရှင်´မရှိဘူးဆိုတဲ့ ဘာသာရေးအုပ်စုကြီး(၂)အုပ်စုပဲဖြစ်ပါ တယ်။ ဒီအုပ်စု(၂)စုထဲမှာ ဖန်ဆင်းရှင်းကို လက်ခံတဲ့အဓိက အုပ်စုကြီးကတော့ ဂျူး၊ ခရစ်ယာန်နှင့် အစ္စလာမ်ကတော့ အဓိကပါ။ ကျမ်းတော်မြတ်ကုရ်အာန် (၆း၇၄-၇၅-၇၆-၇၇-၇၈-၇၉)အရဆိုရင် တမန်တော် အီဘရာဟီမ်း(အ)ဟာ `ဖန်ဆင်းရှင်´ကို ပြတ်ပြတ်သားသား လက်ခံလိုက်တဲ့ အထောက်အထားတွေပါ။ တမန် တော်အီဘရာဟီမ်းရဲ့ ယုံကြည်ချက်ဆိုင်ရာတွေနဲ့ လူနေမှုဘ၀ဖြစ်တဲ့ ‘မိလ်လသ်’ အထိကိုပါ ကျယ်ပြန့်စွာ ဆင်းသက်၊ သက်ရောက်လာတဲ့ အနေအထားကို ကျွန်တော်နိဒါန်းပိုင်းမှာ ရွတ်ဖတ်သွားတဲ့ ကုရ်အာန်(၁၆း၁၂ဝ-၁၂၁-၁၂၂-၁၂၃) အစရှိတဲ့ အာယသ်တွေနဲ့ သက်သေအထောက်အထားပေးပါမယ်။

“ဧကန်မုချ အီဘရာဟီမ်းသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို တသွေမတိမ်းလိုက်နာသူ လူ့အဖွဲ့အစည်းဝင် တစ်ဦးဖြစ်ပြီး၊ အလ္လာဟ်အရှင်မြတ်အပေါ် တစ်စိတ်တစ်လက်တည်းဖြင့် ဖြောင့်မတ်မှန်ကန်စွာ တည်ကြည်လိုက်နာသူဖြစ်ခဲ့ပေပြီ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို နှိုင်းယှဉ်တွဲဖက် ကိုးကွယ်သူတို့ အနက်မှလည်း မဟုတ်ခဲ့ပေ။”  (ကုရ်အာန် ၁၆း၁၂ဝ)

“(တမန်တော်အီဘရာဟီမ်းသည်) အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို အလွန်သိတတ်တော် မူခဲ့၍၊ အလ္လာဟ်အရှင်မြတ်က သူ့အားရွေးချယ်တော်မူခဲ့ပြီး ဖြောင့်မတ်မှန်ကန်သော တရားလမ်းမှန်ကို ညွှန်ပြခဲ့လေ သည်။”  (ကုရ်အာန် ၁၆း၁၂၁)

“ထို့ပြင် ငါအရှင်မြတ်က သူ(တမန်တော်အီဘရာဟီမ်း)အား ဤမျက်မှောက်ကာလ၌ ကောင်းမြတ်တင့် တယ်ခြင်းကို ချီးမြှင့်ပေးသနားတော်မူခဲ့ပြီ။ ဧကန်အမှန်ပင် သူ၏အနာဂါတ်ကာလအတွက်ကိုလည်း သူတော်စင်တို့ ၏ အဆင့်အတန်းကို ချီးမြှင့်ခဲ့ပေပြီ။”  (ကုရ်အာန် ၁၆း၁၂၂)

ဒီအာယသ် (၃)ခုက တမန်တော်အီဘရာဟီမ်း(အ)ရဲ့အနေအထားနဲ့ အဆင့်အတန်းကို ညွှန်ပြနေတာပါ။ ဒီလို အနေအထား၊ ဒီလိုအဆင့်အတန်းရှိတဲ့ တမန်တော်အီဘရာဟီမ်း(အ)နဲ့ ပတ်သက်ပြီး တစ်ဆက်တည်းမှာ ကျမ်းမြတ်ကုရ်အာန်က ကျွန်တော်တို့ရဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်အရှင်မြတ်က ဘယ်လို `ဝဟီ´အမိန့်ပေးလမ်းညွှန်တယ်ဆိုတာကို ကုရ်အာန် (၁၆း၁၂၃)မှာ တင်ြပပါရစေ။

“တစ်ဆက်တည်းမှာပင် ငါအရှင်မြတ်က အသင်တမန်တော်(မုဟမ္မဒ်)အား `အသင်သည် တမန်တော် အီဘရာဟီမ်း၏ မိလ်လသ်ကို ဖ၀ါးခြေထပ်လိုက်နာပါလေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တွဲဖက်ကိုးကွယ်သူတို့အနက်မှ မဖြစ်ပါစေနှင့်။´ဟု ဝဟီထုတ်ပြန်အမိန့်ပေးခဲ့လေသည်။”   (ကုရ်အာန် ၁၆း၁၂၃)

ဒီိအာယသ် (၁၆း၁၂၃)အရဆိုရင် ကျွန်တော်တို့ တမန်တော်မြတ်ကြီးကို အလ္လာဟ်အရှင်မြတ်က သူ့ရဲ့အထက်နှစ်ပေါင်း(၂ဝဝဝ) ကျော်လောက်က ပွင့်ပေါ်ခဲ့တဲ့ ရှေးတမန်တော်ကြီး အီဘရာဟီမ်း(အ)ရဲ့ `မိလ်လသ်´လို့ခေါ်တဲ့ `ယုံကြည်ချက် ဆိုင်ရာ လူနေမှုစနစ်ဇယား´ကို ဖ၀ါးခြေထပ်လိုက်နာဖို့ ညွှန်ကြားခဲ့တယ်ဆိုတာ အတိအကျပါပဲ။ ဒီနေရာမှာ `မိလ်လသ်´လို့ခေါ်တဲ့ `ယုံကြည်ချက်ဆိုင်ရာ လူနေမှုစနစ်ဇယား´ဆိုတဲ့ စကားရပ်ကို ရှင်းပြဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ အစ္စလာမ်ကို သက်ဝင်ယုံကြည်လက်ခံတဲ့ လူ့အဖွဲ့အစည်းဝင်တွေမှာ အခြားသော လူ့အဖွဲ့အစည်းဝင် တွေနဲ့ အခြေခံမတူညီချက်တွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ လူမှုဘဝနေထိုင်ရေးပုံစံ (Lifestyle)တွေဖြစ်တဲ့ နေ့တစ်ဓူဝ စားသောက်၊ နေထိုင်၊ သွားလာရေးပုံစံတွေမှာ ယုံကြည်ချက်ကို အခြေခံထားတဲ့၊ အခြေပြုထားတဲ့ သဘောတရား တွေရှိပါတယ်။ ဥပမာ ကျွန်တော်တို့ဟာ အသားစားမယ်ဆိုရင် လည်လှီးသွေးဖောက်ထုတ်ထားတဲ့ သားကောင်ရဲ့ အသားကိုမှ စားသောက်တယ်။ အခြားနည်းနဲ့ သတ်ဖြတ်ထားတဲ့၊ ဒါမှမဟုတ် သေဆုံးသွားတဲ့သားကောင်ရဲ့အသားကို စားသုံး ခွင့်မရှိဘူး။ ကျွန်တော်တို့ရဲ့ ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံပေါင်းသင်းမှု၊ ဥပဒေဆိုင်ရာ လက်ထပ်ထိမ်းမြားမှု၊ အမွေခွဲဝေမှု အစရှိတာတွေမှာ ‘အီမာန်ယုံကြည်ချက်အပေါ်မှာ အခြေခံထားတဲ့ လူနေမှုစနစ် (Faith Based Lifestyle)’ အပေါ်မှာ အခြေခံထားတဲ့ ပညတ်ချက်တွေအပေါ်မှာ  လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ ဒါကို အရဗီလို `မိလ်လသ်´လို့ခေါ်ပါတယ်။ မြန်မာလိုတော့ `ယုံကြည်ချက်ဆိုင်ရာ လူနေမှုစနစ်ဇယား´လို့ခေါ်ပါတယ်။ အဲဒီတော့ `မိလ်လသေ့ အီဘရာဟီမ်း´ဆိုတာက တမန်တော်အီဘရာဟီမ်း၏ ယုံကြည်ချက်ဆိုင်ရာ လူနေမှုစနစ်ဇယားလို့ အဓိပ္ပါယ်ရပါ တယ်။

တမန်တော်ကြီး အီဘရာဟီမ်း(အ)ရဲ့ `မိလ်လသ်´လမ်းစဉ် စနစ်ဇယားတွေကို ရှေးကျတဲ့သာသနာ အုပ်စုဝင်တွေဖြစ်တဲ့ `ဗနီအီစ်ရာအီလ်း´တွေ၊ ဂျူးတွေ၊ ခရစ်ယာန်တွေမှ အဆင့်ဆင့်လက်ခံကျင့်သုံးလာခဲ့ပြီး၊ နောက်ဆုံး အစ္စလာမ်အထိကို လွှမ်းမိုးသက်ရောက်လာတဲ့အတွက် ဂျူး၊ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာတွေကို ပညာရှင်တွေက `Abrahamic religion´လို့ အမှတ်သညာပြုပြီး ခေါ်ဆိုကြပါတယ်။ ဒီနေရာမှာ Abrahamic religion လို့ပြောလိုက်တဲ့အခါမှာ တမန်တော်အီဘရာဟီမ်း(အ)က ဘယ်လမ်းစဉ်ကို သက်ဝင်ယုံကြည်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကုရ်အာန် (၃း၆၇)မှာ ဒီလိုဖော်ပြထားပါတယ်။

“ အီဘရာဟီမ်းသည် ရဟူဒီ မဟုတ်သလို နဆ်ွရာနီ(ခရစ်ယာန်)လည်းမဟုတ်ပေ။ အမှန်သော်ကား သူသည်ဖြောင့်မတ်မှန်ကန် တည်ကြည်သော `မွတ်ဆလင်မ်´(အမိန့်ကိုနာခံသူ)သာလျှင်ဖြစ်ပြီး၊ `မွရှ်ရီက်း´ ဟူသော တုဖက်ယှဉ်တွဲယုံကြည်ကိုးကွယ်သူများ အနက်မှလည်း မဟုတ်ပေ။”  (ကုရ်အာန် – ၃း၆၇)

ဒီအာယသ်မှာပါဝင်တဲ့ `ဟနီးဖ်´ဆိုတဲ့ ဝေါဟာရဟာ ‘လမ်းမှားကို ကျောခိုင်းပြီး ဖြောင့်မတ်မှန်ကန်မှုကို နှစ်ခြိုက်ခြင်း’ လို့ အဓိပ္ပါယ်ရပါတယ်။ အမှန်တကယ်မှာလည်း တမန်တော်အီဘရာဟီမ်း(အ)ရဲ့ နောက်နှစ်ပေါင်း တော်တော်ကြာမှ `သောဝ်ရသ်´ကျမ်း၊`အင်ဂျီလ်း´ကျမ်းဆိုတာတွေ ပေါ်ထွန်းလာတာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော် တို့ မွတ်ဆလင်မ်တွေအနေနဲ့ `ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းနေတဲ့ တမန်တော် အီဘရာဟီမ်း(အ)ရဲ့ `မိလ်လသ်´တွေဟာ ဘာတွေလဲ။ အမှန်တကယ်ရော၊ ဒီ `မီလ်လသ်´တွေကို ကျွန်တော်တို့ ဘယ်လောက်အတိုင်း အတာအထိ လက်ခံကျင့်သုံးနေပါသလဲဆိုတာကို စူးစမ်းသုတေသနပြု၊ ဆန်းစစ်သင့်ပါတယ်။

အမှန်တကယ်တော့ ကျွန်တော်တို့ မွတ်ဆလင်မ်တွေအတွက် တမန်တော်အီဘရာဟီမ်း(အ)ရဲ့ `မိလ်လသ်´ဆိုတာက ကျွန်တော်နားလည်သလောက် ထင်သာမြင်သာရှိစွာပြရမယ်ဆိုရင် အစ္စလာမ့်ရေးရာ ကျင့်စဉ်ကျင့်ရပ်တွေဖြစ်တဲ့ `ဆွလားသ်´ဆိုတဲ့အပိုင်း၊ `ဟဂ်ျ´ဆိုတဲ့အပိုင်းတွေနဲ့  လူ့အဖွဲ့အစည်းအတွင်းမှာ `တွဟာရသ်´အဖြစ်လက်ခံကျင့်သုံးနေကြတဲ့ အမျိုးသားများရဲ့`ခတ္တနာ´အရေပြားလှီးဖြတ်ခြင်းအပိုင်း၊ ကွယ်လွန် သေဆုံးသူကို မြေမြှုပ်`ဒဖ်နာ´လုပ်တဲ့အပိုင်း၊ ဒီစနစ်ဇယားတွေဟာ တမန်တော်ကြီး အီဘရာဟီမ်း(အ)လက်ထက် မှာကတည်းက သူ့ရဲ့လူ့အဖွဲ့အစည်းဝင်တွေက ဆောင်ရွက်ခဲ့တာပါ။ ဒီစနစ်ဇယားတွေဟာ တမန်တော်ကြီး အီဘရာဟီမ်း(အ)ရဲ့ သားစဉ်မြေးဆက် နဗီတမန်တော်အပါးပါးဆီသို့လည်း လက်ဆင့်ကမ်းပြန့်နှံ့ရောက်ရှိ ကျင့်သုံး ခဲ့ပါတယ်။ သမိုင်းကြောင်းပြန်ကြည့်မယ်ဆိုရင် ပွင့်ပေါ်လာခဲ့တဲ့ တမန်တော်အားလုံးဟာ တမန်တော်အီဘရာဟီမ်း (အ)ရဲ့ အမျိုးအနွယ်တွေချည်းပဲဖြစ်နေတာကို လေ့လာတွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဂျူးတွေ၊ ခရစ်ယာန်တွေမှာ ကြည့်လိုက်ရင် တမန်တော်အီဘရာဟီမ်(အ)ရဲ့ `မိလ်လသ်´တွေကို တွေ့ရပါတယ်။ သူတို့လက်ခံရရှိခဲ့တဲ့ ကျမ်းစာတွေမှာဆိုရင်လည်း တမန်တော် အီဘရာဟီမ်း(အ)ရဲ့ အမည်နာမကို ထည့်သွင်းဖော်ပြခြင်းခံရတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ကျမ်းမြတ်ကုရ်အာန်မှာလည်း အီဘရာဟီမ်(အ)ရဲ့ အမည်က (၆၈)ကြိမ်ပါရှိသလို၊ ဆူရာဟ်တစ်ပုဒ်ရဲ့အမည်မှာလည်း `ဆူရာဟ် အီဘရာဟီမ်း´လို့ အမည်ပေးပါရှိပါတယ်။

ကျွန်တော်ဘာဖြစ်လို့ တမန်တော် အီဘရာဟီမ်း(အ)နဲ့ ပတ်သက်ပြီး မီးမောင်းထိုးပြ ရှင်းပြနေရသလဲဆို တော့ ဒီကနေ့ အစ္စလာမ်ဘာသာရေးလောကမှာ တမန်တော်အီဘရာဟီမ်(အ)ရဲ့ ‘မိလ်လသ်’ အပိုင်းကပျောက်ကွယ်သလိုဖြစ်နေလို့ပါ။ အချို့ကလည်း သမိုင်းဆိုတာကို လုံးဝလက်ခံစရာ၊ ထည့်သွင်းစဉ်းစားစရာမလိုဘူးဆိုပြီး ပြောဆိုမှုတွေရှိပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ကြည့်လိုက်ပါ။ ရှေးတမန်တော်တွေ၊ ရှေးကလူ့အစုအဖွဲ့တွေအကြောင်း ဖော်ပြနေပါ တယ်။ ဒါကသမိုင်းမဟုတ်ဖူးလား။ သမိုင်းဖြစ်စဉ်တိုင်းကို အီမာန်သက်ဝင်ယုံကြည်စရာမလိုပေမဲ့ အီမာန်ယုံကြည် ချက်မှာ သမိုင်းဆိုင်ရာ အချက်အလက်တွေပါဝင်နေတာကို တွေ့ရပါလိမ့်မယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထား တဲ့ သမိုင်းဖြစ်စဉ်တွေကိုတော့ အီမာန်သက်ဝင်ယုံကြည်ချက်ထဲ ထည့်သွင်းရပါလိမ့်မယ်။ ကျွန်တော်နားလည် သလောက်ပြောရမယ်ဆိုရင် မွတ်ဆလင်မ်တစ်ဦးအနေနဲ့တော့ အစ္စလာမ်သည် ဘယ်လိုသမိုင်းဆိုင်ရာ အချက် အလက်တွေအပေါ်မှာ အခြေခံပြီးတိုးတက်ပြောင်းလဲလာနေတဲ့ `အရွေ့´တစ်ခုဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ သိနားလည်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့သမိုင်းဖြစ်စဉ်တွေကို သေသေချာချာလေ့လာ မယ်ဆိုရင် Evolution လို့ခေါ်တဲ့ `ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်´တွေကို တွေ့ရသလို `Revolution´လို့ခေါ်တဲ့ `ရုတ်ချည်းပြောင်းလဲမှုဖြစ်စဉ်´တွေကိုပါ တွေ့ရပါလိမ့်မယ်။ အလ္လာဟ်အရှင်မြတ်က ဒီလိုပြောင်းလဲမှုဖြစ်စဉ်တွေမှာ ကျွန်တော်တို့ နောက်ပိုင်းလူသားတွေအတွက် နမူနာယူစရာ၊ သင်ခန်းစာယူစရာအဖြစ် အများအပြားထားရှိခဲ့တာ ကို တွေ့ရှိရပါတယ်။

ဒီကနေ့ ကျွန်တော်တို့ မွတ်ဆလင်မ်တွေ `ဖရဇ်´တာဝန်အဖြစ် အသိအမှတ်ပြုဆောင်ရွက်နေတဲ့`ဟဂ်ျ´ လုပ်ငန်းစဉ်ကို သုံးသပ်ကြည့်ပါ။ ဒီ `ဟဂ်ျ´လုပ်ငန်းစဉ်ဟာ တမန်တော်အီဘရာဟီမ်း(အ)က စတင်ခဲ့တာပါ။ `ကအ်ဘာ´ကျောင်းတော်ကြီးကို တမန်တော်အီဘရာဟီမ်း(အ)နဲ့ သားတော်တမန်တော် အီစ်မာအီလ်း(အ)တို့က အုတ်မြစ်ချတည်ဆောက်ခဲ့တာပါ။ ဒီလိုတည်ဆောက်ခဲ့တဲ့ `ကအ်ဗာ´ကျောင်းတော်ကြီးဟာ ယနေ့အထိ သက်ဝင် လှုပ်ရှားနေပါတယ်။

ကျမ်းတော်မြတ်ကုရ်အာန်(၂း၁၂၈)မှာ တမန်တော်အီဘရာဟီမ်း(အ)နဲ့ သားတော်အီစ်မာအီလ်း(အ)တို့က အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်နဲ့ `ကအ်ဗာ´ကျောင်းတော်ကြီးကို တည်ဆောက်ပြီးတဲ့အခါမှာ အလ္လာဟ်အရှင် မြတ်ထံ သူတို့နှစ်ဦးရဲ့ တောင်းဆုဒုအာပြုပုံကို တင်ပြပါရစေ။

“ ကျွန်ုပ်တို့အား မွေးမြူ ပြုစုပျိုးထောင်စောင့်ရှောက်တော်မူသော အရှင်မြတ်၊ ကျွန်တော်မျိုးတို့အား အရှင့်အမိန့်ကို နာခံသူမွတ်ဆလင်မ်(၂)ဦးဖြစ်စေတော်မူပါ။ ထိုနည်းတူ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် များကိုလည်း အရှင့်အမိန့်တော်ကို နာခံသူ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းအဖြစ် ဆောင်ကြဉ်းပေးတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးတို့အား အရှင်မြတ်ကို နာခံဘဝတည်ဆောက်ရာတွင် လိုအပ်သည့် ပညတ်ချက်များ(ဝါ)လုပ်ထုံးလုပ် နည်းများကို ပြသတော်မူပါ။ ကျွန်တော်မျိုးတို့အား အရှင်မြတ်၏ခွင့်လွှတ်ချမ်းသာမှုကို လွှမ်းခြုံပေးတော်မူပါ။ ဧကန်မုချပင် အရှင်ြမတ်သည် အဖန်တလဲလဲ ခွင့်လွှတ်ချမ်းသာမှုကို လွှမ်းခြုံပေးပြီး၊ လိုအပ်ချက်အဝဝကို လိုလေသေးမရှိအောင် တင်ကြိုထောက် ပံ့ပေးတော်မူသော အရှင်မြတ်ဖြစ်တော်မူသည်။”  (ကုရ်အာန် ၂း၁၂၈)

ဒီအာယသ်အရဆိုရင် တမန်တော်အီဘရာဟီမ်(အ)နဲ့ သားတော်အီစ်မာအီလ်း(အ)တို့ဟာ `ကအ်ဘာ´ ကျောင်းတော်ကြီးကိုတည်ဆောက်စဉ်မှာ `မိလ်လသ်´လို့ခေါ်တဲ့ အစ္စလာမ်တစ်ဦးအနေနဲ့ သူ့ဘဝမှာ သာသနာ ကျင့်စဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံကျင့်ကြံအားထုတ်ရမလဲ၊ အစ္စလာမ်ရဲ့လူနေမှုဘဝမှာ ဘယ်လိုစနစ်ဇယား တွေကို ကျင့်ကြံဆောင်ရွက်ရမလဲ ဆိုတာကို အလ္လာဟ်အရှင်မြတ်ထံက တောင်းဆိုခြင်းပဲဖြစ်ပါတယ်။ အလ္လာဟ် အရှင်မြတ်က ဒီတမန်တော်(၂)ပါးရဲ့ ဆုမွန်ဒုအာပြုမှုအပေါ်မှာ လက်ခံခဲ့တဲ့အတွက် `မိလ်လသ်´ဆိုတာဟာ တမန်တော်အီဘရာဟီမ်(အ) လက်ထက်ကတည်းက ပေါ်ထွန်းလာခဲ့ပြီး ဒီစနစ်ဇယားတွေဟာ ကျွန်တော်တို့ရဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ) အထိ ဆင်းသက်လာခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော်တို့ရဲ့ `ဆွလားသ်´တို့၊`ဟဂ်ျ´တို့ ဆိုတာက ကျွန်တော်တို့ရဲ့ တမန်တော်ကြီး မုဟမ္မဒ်(ဆွ)လက်ထက်ကမှ စတင် ပေါ်ပေါက်လာတာမဟုတ်ပဲ၊ လွန်ခဲ့တဲ့နှစ်ပေါင်း(၄ဝဝဝ)ကျော် တမန်တော်အီဘရာဟီမ်း(အ)လက်ထက်မှာ ကတည်းက ရှိခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ဖက်က အကြံပြုရမယ်ဆိုရင် ဒီကနေ့ ရုပ်ပိုင်းဆိုင်ရာ `ဆွလားသ်´ပုံစံ သည် ကုရ်အာန်ထဲမှာ မပါရှိလို့ ရုပ်ပိုင်းဆိုင်ရာ `ဆွလားသ်´ကို လက်မခံသူများနဲ့ `ဆွလားသ်´ရဲ့ ပုံစံဟာ ကုရ်အာန်ထဲမှာ မပါရှိလို့ ကုရ်အာန်နဲ့ဘယ်လို `ဆွလားသ်´တည်ဆောက်မလဲလို့ မေးခွန်းထုတ်နေသူများအနေနဲ့ ကျွန်တော်အခုတင်ပြနေတဲ့ `မိလ်လသေ့ အီဘရာဟီမ်း´ဆိုတဲ့ ကုရ်အာန်ပြသမိုင်းဖြစ်စဉ်တစ်ရပ်ကိုလည်း အဖြေ တစ်ခုရှာဖွေရေးမှာ ထည့်သွင်းစဉ်းစားရမဲ့ အချက်တစ်ချက်အဖြစ် လက်ခံစဉ်းစားပေးပါလို့ တိုက်တွန်းအကြံပြုလို ပါတယ်။

ကျွန်တော်လေ့လာမိသလောက်တော့ `ဆွလားသ်´ဆိုတဲ့ စကားလုံးဟာ တမန်တော်အဆက်ဆက်မှာ ရှိခဲ့ ပါတယ်။ ဥပမာ ကုရ်အာန်(၂း၈၃)မှာဆိုရင် `ဗနီအီစ်ရာအီလ်း´မျိုးနွယ်တွေနဲ့ ပတ်သက်ပြီးရည်ညွှန်းတဲ့နေရာမှာ `ဆွလားသ်´နဲ့`ဇကားသ်´ကို `ဗနီအီစ်ရာအီလ်း´မျိုးနွယ်စုတို့အတွက် တမန်တော်မူစာ(အ)မှတဆင့် ဝဟီဗျာဒိတ် ပေးခဲ့ပါတယ်။ ‘ဆွလားသ်’ ဆိုတဲ့ဝေါဟာရသည် မူရင်း ‘အာရမိုက်-Aramaic’ ဘာသာစကား ‘ဆွလုသ’ကနေပြီးဆင်းသက်လာတာပါ။ အာရမိုက်ဘာသာမှာ ‘ ဦးညွှတ် အလေးအမြတ်ပြုခြင်း၊ ကိုင်းညွှတ်ရိုကျိုးခြင်း’ (Bow down) လို့အဓိပ္ပါယ်ထွက်ရှိပါတယ်။ အရဗီမှာလည်း ဒီအဓိပ္ပါယ်ဟာ မူလရင်းမြစ်မှာပါရှိပြီးသားပါ။ ကျွန်တော်တို့ အထူးပြုအနက်သဘောတွေ ဘယ်လောက်ရှိရှိပါ၊ မူလရင်းမြစ်သလောကိုတော့ ဘေးဖယ်ထားလို့မရပါဘူး။ ဒါကိုလည်း တမန်တော်အီဘရာဟီမ်း(အ)ရဲ့ ‘ မိလ်လသ်’ တစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားသင့်ပါတယ် လို့ ကျွန်တော်အကြံပြုချင်ပါတယ်။ ဆိုလိုတာက ကုရ်အာန်မှာဖေါ်ပြနေတဲ့ ‘ဆွလားသ်’ ဟာ တမန်တော်မုဟမ္မဒ်(ဆွ)လက်ထက်ရောက်မှ စတင်ခဲ့တာမဟုတ်ဖူးဆိုတာလေးကို ထည့်သွင်းစဉ်းစားဖို့ပါ။ ဒါကြောင့် ကုရ်အာန်က ပုံစံပိုင်းကို အကျယ်မပြပေမဲ့ တမန်တော်မြတ်(ဆွ) မမွေးခင်ကတည်းက ဆောင်ရွက်ချက်တစ်ရပ်အဖြစ်၊ ‘မိလ်လသေ့ အီဘရာဟီမ်း’ အဖြစ်တည်ရှိနေတာပါ။

နိဂုံးချုပ်ကိုတင်ပြရမယ်ဆိုရင် ကျွန်တော်တို့ တမန်တော်အီဘရာဟီမ်းရဲ့ `မိလ်လသ်´ကို လေ့လာဖော် ထုတ်ပါ။ အထူးသဖြင့် ကျွန်တော်တို့ ကုရ်အာန်ကို လေ့လာ၊ လိုက်နာ၊ ကျင့်သုံးလိုသူအနေနဲ့ အလ္လာဟ်အရှင်မြတ် က တမန်တော်မြတ်ကို ကျမ်းမြတ်ကုရ်အာန်(၁၆း၁၂၃)မှာ တမန်တော်အီဘရာဟီမ်း(အ)ရဲ့ `မိလ်လသ်´ကို လိုက်နာဖို့ ပြဌာန်းထားတဲ့အတိုင်း ကျွန်တော်တို့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို စံပြအဖြစ် ထားရှိသူတိုင်း ကလည်း တမန်တော်အီဘရာဟီမ်း(အ)ရဲ့ `မိလ်လသ်´ကို မျက်ခြေမပြတ်ပါစေနဲ့။ အလားတူ ဒီကိစ္စဟာ ကုရ်အာန်မှာမပါလို့ မင်းတို့ကုရ်အာန်ကို ကျင့်သုံးနေတဲ့လူတွေ ဘယ်လိုလုပ်ကြမလဲဆိုသူတွေကိုလည်း ပြောချင်တာက တမန်တော်အီဘရာဟီမ်ရဲ့ `မီလ်းလသ်´မှာ ပါရှိပြီးတဲ့ကိစ္စတွေကို ကျမ်းမြတ်ကုရ်အာန်က အသေး စိပ် ထပ်မံပြဌာန်းစရာမလိုတဲ့အတွက် ရှေးအစဉ်အလာအတိုင်း ဆက်လက်လုပ်ကိုင်သွားကြပါလို့ တင်ပြရင်းနဲ့ နိဂုံးချုပ် လိုက်ပါတယ်။