မိုးခြိမ်းသံ (အပိုင်း-၁) ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟ်
ယခုလို ဂျူမုအာဟ် ခွတ္တဗာဟ်ဟောပြောတင်ပြခွင့် ရရှိတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင် ချီးမွမ်းမှုပြုအပ်ပါတယ်။ ပြီးတဲ့နောက် ကျွန်တော်ရဲ့ မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ရဲ့သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကိုလည်းကောင်း၊ ကြွရောက်အားပေး နားသောတဆင်နေကြပါသော လူကြီးမင်းများကိုလည်းကောင်း ကျေးဇူးတင်ရှိပါ ကြောင်းနဲ့ လူကြီးမင်းများအားလုံးအပေါ်သို့ ရဟ်မသ်၊ ဗရ်ကသ်၊ မင်္ဂလာအဖြာဖြာ ကျရောက်ပါစေကြောင်း ဆုမွန်ကောင်း နှုတ်ခွန်း ဆက်သအပ်ပါတယ်။
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား ကျွန်တော်တို့ဟာ အခုလိုမိုးရာသီမရောက်ခင်မှာ အင်မတန်ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီကာလကြီးကို ဖြတ်သန်းခဲ့ရပါတယ်။ ပူပြင်းခြောက်သွေးလွန်းလို့ မိုးဘယ်တော့ရွာပါ့မလဲလို့ ကျွန်တော် တို့ တမ်းတခဲ့ကြပါတယ်။ မိုးခြိမ်းသံလေးများကြားရင် မိုးရွာတော့မယ်ဆိုပြီး ဝမ်းမြောက်ပျော်ရွှင်ခဲ့ကြပါတယ်။ အဲဒီ မိုးခြိမ်းသံ ဟာ ကျွန်တော်တို့အတွက် အပူဒဏ်သက်သာမယ့် မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒီမိုးခြိမ်းသံဟာ မိုးတွေရွာလာပြီး ခြောက်သွေ့ နေတဲ့ ကမ္ဘာမြေကြီးဟာ စိမ်းလန်းစိုပြည်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝမ်းမြောက်ဖွယ်ရာဖြစ်ခဲ့ကြပါတယ်။ အခုလို မိုးတွေရွာလာတော့လည်း အချို့နေရာမှာ ရေတွေကြီး၊ အချို့နေရာတွေမှာ မြေတွေပြို၊ အချို့နေရာတွေ လေပြင်းမုန် တိုင်းတွေတိုက်ပြီး ဒုက္ခရောက်တဲ့ အကြောင်းတွေ တွေ့ရမြင်ရကြားရပြန်တော့လည်း အင်မတန်မှ စိတ်မကောင်းဖြစ်ရပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ စူရာဟ်ပေါင်း ၁၁၄ ခုရှိတဲ့နောက်၊ ၁၃ ခုမြောက် စူရာဟ်၊ စူရာဟ် ၁၃ စူရာသုရ် ရအ်ဒ် (မိုးချုန်းသံ၊ မိုးကြိုးသံကဏ္ဍ)လို့ အမည်ရတဲ့ စူရာဟ်တော်တစ်ပုဒ်ရှိပြီး အာယသ်တော်ပေါင်း ၄၃ ပါးပါဝင်ပါတယ်။
ကျွန်တော်လည်း ရာသီဥတုအကြောင်းတွေကို လေ့လာရင်းနဲ့ ကျမ်းမြတ်ကုရ်အာန်ပါ ဒီစူရာဟ်မှ လေ့လာတွေ့ရှိချက် များကို ဒီအပတ် ၂၀၁၉ ဂျူလိုင် ၁၂ ရက် ခွတ္တဗာဟ်မှာ တင်ပြဆွေးနွေးမယ်လို့ ဆုံးဖြတ်ပြီး ဒီကနေ့ ကျွန်တော်တင်ပြမယ့် ခေါင်းစဉ်ကို “မိုးခြိမ်းသံ”လို့ အမည်ပေးထားပါတယ်။ ဒီစူရာဟ်ကို ဘာကြောင့်မိုးခြိမ်းသံလို့ ပေးထားသလဲလို့ လေ့လာ ကြည့်တော့ မိုးချုန်းသံများ၊ လျှပ်ပြက် ခြင်းများမှ မိုးစက်များအဖြစ် ကမ္ဘာမြေသို့ ကျရောက်လာပြိး ကမ္ဘာမြေကို စိမ်းလန်း စိုစေပြီး၊ သီးပင်၊ သီးနှံများ ပေါက်ရောက်စေ ပါတယ်။ တခါတရံမှာတော့ မိုးချုန်းသံများ၊ မိုးကြိုးပစ်ခြင်းများကြောင့် မိုးကြိုး ထိမှန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းတို့ဖြစ်ပြီး ဘဝပျက် သွားသူများလည်း ရှိတယ်။ မိုးခြိမ်းသံများသည် အချို့ကို မျှော်လင့်ချက်ကို ဖြစ်စေတယ်။ အချို့ကို ဘေးဒုက္ခသက်စေတယ်။ ကျမ်းမြတ်ကုရ်အာန်ပါ အာယသ်တော်များကလည်း တွေးခေါ်စဉ်းစားပြီး လက်တွေ့လိုက်နာကျင့်သုံးသူများကို အကျိုးပြုသလို၊ မလိုက်နာ မကျင့်သုံးသူများ၊ သွေဖီသူများကို ဘေးအန္တရာယ်ဖြစ်စေကြောင်းကို လောကသဘာဝ၏ အချင်းအရာများနှင့် ယှဉ်တွဲ၍ အသိပေးထားသော စူရာဟ်ဖြစ် ပါတယ်။
အလ္လာဟ်အရှင်မြတ်ဟာ ကမ္ဘာဂြိုဟ်ကို စနစ်တကျပြုလုပ်ထားတော်မူပါတယ်။ စကြဝဠာအတွင်းမှာရှိတဲ့ ဂြိုဟ်များ အနက် ကျွန်တော်တို့ရဲ့ နေမိသားစုအတွင်းမှာရှိတဲ့ ကမ္ဘာဂြိုဟ်တစ်ခုမှာသာ လူနဲ့အခြားသတ္တဝါကြီးငယ်များ တော၊ တောင်၊ ပင်လယ်၊ သမုဒ္ဒရာများ၊ သစ်ပင်ပန်းမာလ်များ ရှိနေတာဖြစ်ပါတယ်။ အခြားဂြိုဟ်များမှာ သက်ရှိများ ရှိနိုင်မလားဆိုတာ မသေချာဘဲ ယခုအချိန်ထိ ပညာရှင်များက စူးစမ်းရှာဖွေ လေ့လာနေဆဲဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာတော့ ကမ္ဘာဂြိုဟ် ကို (အရ်ဒ်)လို့ ဖော်ပြထားပါတယ်။ ကမ္ဘာဂြိုဟ်မှာလူနဲ့ သတ္တဝါကြီးငယ်တွေ ရှင်သန်နေစေဖို့ နေနဲ့လ၊ နေ့နဲ့ည၊ ရေမြေ၊ တောတောင်တွေနဲ့ သီးနှံတွေကို စနစ်တကျ ဖြစ်ထွန်းစေထားတယ်။ အဲဒီမှာ စဉ်းစားတွေးခေါ်တတ်ရင် တစ်ပါးတည်းသော အရှင်ရဲ့ အမျိုးမျိုးသော သက်သေလက္ခဏာများကို တွေ့ရပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ကျွန်တော်တင်ပြနေတဲ့ စူရာဟ် ၁၃၊ အာယသ် ၁ နဲ့ ၂ မှာ ဖော်ပြထားတာက
“အလ္လာဟ်အရှင်မြတ်သည် အကုန်အစင်သိနေ၊ မြင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။ ဤသည်ကား ကျမ်းမြတ် ကုရ်အာန်၏ ဒေသနာတော်များဖြစ်၏။ ပြုစုပျိုးထောင်ရှင်က သင်တမန်တော်မြတ်ထံသို့ ပို့ချပေးသော သစ္စာတရားပင် ဖြစ်ပေသည်။ သို့ရာတွင် လူအများစုက ယုံကြည်ကြမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ တွေ့မြင်နေရသည့် အတိုင်း မိုးကောင်းကင်ကို တိုင်များမရှိဘဲ မြှင့်တင်ထားတော်မူ၏။ ထို့နောက် ဖြစ်တည်ထားသော အရာများအပေါ် သြဇာအာဏာလွှမ်းမိုး သက်ရောက် စေထား၏။ နေ နှင့် လအားသတ်မှတ်ချိန်အတွင်း လှည့်လည်သွားလာနေစေပြီး အကျိုး ဖြစ်ထွန်းစေထား၏။ အလ္လာဟ်၏ စီမံချက်များသည် ဥပဒေအဖြစ် တည်စေတော်မူ၏။ သင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ဆုံတွေ့ရမည်ကို ယုံ ကြည်ကြစေရန် သက်သေလက္ခဏာတော်များကို အသေးစိပ်ရှင်းပြထားပေသည်။”
ကျွန်တော်တို့ မွတ်စလင်မ်အများစုက အချိန်တစ်ချိန်ရောက်ရင် တစ်ကမ္ဘာလုံးမှာ လူသားတွေတစ်ယောက်မကျန် မွတ်စလင်မ်များဖြစ်သွားလိမ့်မယ်ဆိုတဲ့ ယူဆချက်တစ်ခုရှိပါတယ်။ ဒီကုရ်အာန် အာယသ်တော်အရဆိုရင်တော့ မွတ်စလင်မ် ဟာဘယ်တော့အခါမှ လူအများစုဖြစ်မှာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးတစ်ယောက်မကျန် မွတ်စလင်မ်ဖြစ်ဖို့ဆိုတာ ယူတိုးပီးယား အိပ်မက်ပါ။ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်ပါတယ်။အလ္လာဟ်အရှင်မြတ်ကတော့ အလ်ဟပ်က် ဆိုတဲ့ သစ္စာတရားကို တမန်တော်မြတ်ကနေ တဆင့်ချမှတ်အသိပေးထားပြီးဖြစ်တယ်။ ဒီသစ္စာတရားကို လူအများစုကြီးက ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ဒီအာယသ်ပါ မိုးကောင်းကင်ကို တိုင်များမပါဘဲမြှင့်တင်ထား တော်မူသည်ဆိုတာကို တစ်ချို့က “အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်ကို သင်တို့မမြင်ရသော တိုင်းများဖြင့် ပင့်မထား တော်မူ၏။”လို့ ဘာသာပြန်ကြပါတယ်။
စမာဝါးသ်ဆိုတာ မြေပြင်ကနေ အထက်မှာရှိတဲ့အရာအားလုံးကို ပြောတာဆိုတော့ မိုးကောင်းကင်လို့ ပြောကြတဲ့အခါ ဟိုးအဝေးထိကို ကျွန်တော်တို့လက်လှမ်းမမီနိုင်သေးတဲ့ စကြဝဠာအထိ ပါဝင်ပါတယ်။ စကြဝဠာခပ်သိမ်းမှာရှိတဲ့ ဂြိုဟ်တွေ၊ နက္ခ တာရာတွေအားလုံးက တစ်ခုကိုတစ်ခု ဆွဲငင်အားတွေနဲ့ တူညီတဲ့အကွာအဝေးအသီးသီးမှာ ကိုယ့်ပတ်လမ်းနဲ့ ကိုယ်လည်ပတ်နေကြတယ်။ မမြင်ရစာတတိုင်များကို ဆွဲငင်အားလို့ သဖ်စီရ်ဖွင့်ဆိုကြပါတယ်။ ထို့နောက်ဖြစ်တည်ပြီးသော အရာများကို သြဇာအာဏာ လွှမ်းမိုးထားတော်မူ၏လို့ ဆိုတာကို များသောအားဖြင့် “အလ္လာဟ်အရှင်မြတ်သည် အရ်ရှ်ပလ္လင် တော်၌ စံမြန်းတော်မူ၏လို့ ဘာသာပြန်ကြပါတယ်။” အရ်ရှိဆိုတာကို လေ့လာလိုက်တဲ့အခါမှာ အရိပ်ရအောင် မိုးထားတဲ့ အရာ၊ ဒီအရိပ်ကြောင့် အဲဒီအရာဝတ္ထုပေါ်မှာ လွှမ်းမိုးနေတာ၊ ဘုရင်များထိုင်သော ကုလားထိုင်(ပလ္လင်)မှာ အပေါ်ကထီးဖြူမိုးထား တာ၊ ရွှေထီးမိုးထားတာကို အရ်ရှ် လို့သုံးပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၂ရး၂၃) မှာ ရှီဗာဘုရင်မအကြောင်းကို ဖော်ပြ ရာမှာ
“သူမတွင် ကြီးမားသော (အရ်ရှ်) ပလ္လင်ကြီးရှိ၏။” လို့ဖော်ပြထားပါတယ်။ တနည်းအားဖြင့် အရ်ရှ်ဆိုတာ ကုလားထိုင် တို့ ပလ္လင်တို့ဆိုတာထက် အဲဒီအရာကို အုပ်မိုးထားသောအရာကို ဆိုလိုတာဖြစ်ပါတယ်။ လူသားတွေအတွက်ဆိုရင် (အရ်ရှ်) ဆိုတာ ပလ္လင်ဖြစ်ပါတယ်။
အလ္လာဟ်နှင့်ပတ်သက်လျှင် အရ်ရှ်ကို သြဇာအာဏာလွှမ်းမိုးမှုလို့ ကုရ်အာန်ကသုံးနှုန်းပါတယ်။ လူသားဘုရင်တွေ အတွက် အရ်ရှ်က ထိုင်ခုံပလ္လင်လို့သုံးပြိး အလ္လာဟ်နဲ့ပတ်သက်ရင် သြဇာအာဏာလွှမ်းမိုးခြင်းလို့ နားလည်ရပါတယ်။ ဒီ အာယသ်တော်မှာအလ္လာဟ်အရှင်မြတ်က ကမ္ဘာလောကကြီးကို စီမံထားတာကို နေနဲ့လကို ဥပမာပေးပြီး ဖော်ပြထားပါတယ်။ နေနဲ့လရဲ့ သတ်မှတ်ချိန်အတွင်း လှည့်လည်သွားလာနေ တာတွေဟာ လောကကမ္ဘာကို အကျိုးများစွာဖြစ်ထွန်းနေစေပါတယ်။ အဲဒီလို သဘာဝလောကကြီးမှာ ဖြစ်ပျက်နေသမျှဟာ အလ္လာဟ်ရဲ့စီမံထားမှုဘဲဖြစ်ပါတယ်။ အဲဒီ စီမံမှုကိုကြည့်ပြိး အလ္လာဟ် တည်ရှိတော်မူကြောင်းကို လူသားတွေ သိစေနိုင်ပါတယ်။ စူရာဟ် (၁၃း၃) မှာ ဆက်လက်ပြီး ဖော်ပြထားတာက
“အလ္လာဟ်အရှင်မြတ်သည်သာပင် ကမ္ဘာမြေကို ဖြန့်ခင်းထားတော်မူ၏။ ထိုကမ္ဘာမြေပေါ်၌ ရေ၊ မြေ၊ တောတောင်တွေ အစုံလိုက်ရှိသော သစ်သီးဝလံပန်းမာလ်တွေကို ဖြစ်ထွန်းစေထားတော် မူပါ၏။ ညဉ့်ဖြင့်နေ့ကို ဖုံးလွှမ်းစေတော်မူ၏။ ဤသည်တို့ကား စဉ်းစားသုံးသပ်သူများအတွက် သက်သေလက္ခဏာများပင် ဖြစ်လေသတည်း။ ” (၁၃း၃)
ဆက်လက်ပြီး (၁၃း၄)မှာ ဖော်ပြတာက
“ကမ္ဘာမြေပေါ်၌ ဆက်စပ်လျက်ရှိသော လယ်ယာမြေများ၊ စပျစ်ခြံများ၊ စွန်ပလွန်ခြံများ၊ အမြစ်တစ်ခုမှ တစ်ပင်မကပေါက်သော ကိုင်းကူးစိုက်ပျိုးပင်များ၊ အမြစ်တစ်ခုမှ တစ်ပင်သာ ပေါက်သော မျိုးစေ့ချ စိုက်ပျိုးရသော အပင်များလည်းရှိကြပေသည်။ ၎င်းအပင်များသည် တစ်မျိုးတည်းသောရေကိုသာ သောက်ရပါလျက် စားသုံးရာတွင် တစ်ချို့ကို တစ်ချို့ထက်ထူးကဲစေထား၏။ ဤသည်တို့ကို တွေးခေါ်တတ်သူများအတွက် သက်သေလက္ခဏာ များပင်ဖြစ်ပေသတည်း။”
ကမ္ဘာမြေပေါ်တွင် ဖြန့်ခင်းထားပြီး ထိုမြေပေါ်၌ ရေမြေတောတောင်တွေ ဖြစ်ထွန်းနေတာ၊ အစုံလိုက် ပေါင်းစပ်ဖြစ် ထွန်းနေကြတဲ့ သစ်သီးဝလံပန်းမာလ်တွေ၊ နေ့နဲ့ညဖြစ်ပေါ်မှုတွေ၊ တမျှော်တခေါ်တည်ရှိနေတဲ့ လယ်ယာမြေတွေ၊ ဥယျာဉ်ခြံ မြေတွေအမျိုးမျိုးအဖုံဖုံ၊ စိုက်ပျိုးဖြစ်ထွန်းနေတဲ့ အပင်တွေကိုလေ့လာပြီး၊ စဉ်းစားသုံးသပ်သူ၊ တွေးခေါ်စဉ်းစားတတ်သူတွေ အတွက် ကမ္ဘာလောကကြီးကလည်း အလ္လာဟ်ရဲ့အာယသ်တော်များ၊ အရှင်မြတ်တည်ရှိကြောင်း သက်သေလက္ခဏာတော် များ ဖြစ်ပါတယ်။ ယခုစူရာဟ် ၁၃ အာယသ်တော် ၄ ပါးကို ကျွန်တော်ပြန်လည်မျှဝေခဲ့တာပါ။ ပထမဆုံး (အလိဖ်၊ လာမ်၊ မီးမ်၊ ရာဟ်) ဆိုပြီး အလ္လာဟ်ရဲ့ဂုဏ်တော်တစ်ခုကို အတိုကောက်စာလုံးတွေနဲ့ ဖော်ပြထားပါတယ်။ နောက်ပြီးလူသားအများစုရဲ့ စရိုက် လက္ခဏာတစ်ခုဖြစ်တဲ့ အမှန်သစ္စာတရားကို လက်ခံနိုင်တဲ့သူဟာ လူနည်းစုသာဖြစ်ပါတယ်လို့ အသိပေးထားပါတယ်။ ကျွန်တော်တို့က လူအများစုလက်ခံထားတာကိုမှ အမှန်တရားလို့ထင်နေကြပါတယ်။ အလ္လာဟ်ကတော့ လူအများစုက အမှန် တရားကို လက်မခံကြဘူးလို့ အသိပေးထားတာ တွေ့ရပါတယ်။ ကမ္ဘာဂြိုဟ်ကနေပြီးတော့ စကြဝဠာဆိုင်ရာ သက်သေ လက္ခဏာများ၊ နေလ အပါအဝင် ကမ္ဘာဂြိုဟ်ပေါ်က ရေ၊ မြေ၊ တောတောင်သဘာဝတွေ၊ သစ်ပင်ပန်းမာလ်တွေရဲ့ အကြောင်း တွေကို ဖော်ပြပြီး စဉ်းစားဆင်ခြင်တဲ့သူတွေ၊ တွေးခေါ်တတ်တဲ့သူတွေအတွက်တော့ အလ္လာဟ်နဲ့တွေ့ဆုံရမယ်ဆိုတဲ့ သက်သေ လက္ခဏာတွေ ပါလို့ ဖော်ပြထားပါတယ်။
လူတစ်ချို့က ကမ္ဘာကြီးဟာဖြစ်ချင်တိုင်း ပရမ်းပတာဖြစ်ပျက်နေတာလို့ ထင်မြင်ယူဆနေတဲ့သူတွေ ရှိကြပါတယ်။ ငါတို့ဟာ ငါတို့ဆန္ဒမပါဘဲ လူဖြစ်လာရတယ်။ ဆန္ဒမပါဘဲ အသက်ကြီး၊ အိုမင်းမစွမ်းဖြစ် သေဆုံးရတယ်လို့ တွေးကြတယ်။ ကျမ်းမြတ်ကုရ်အာန်မှာတော့ အရေးကိစ္စအားလုံးကို အလ္လာဟ်အရှင်မြတ်က စီမံခန့်ခွဲထားလို့ သဘာဝဥပေဒသအဖြစ် စနစ် တကျ တည်ရှိနေတယ်။ ကောင်းတာလုပ်ရင် ကောင်းတာရမယ်။ မကောင်းတာလုပ်ရင်၊ မကောင်းတာရမယ်ဆိုတဲ့ အလ္လာဟ်ရဲ့ စီမံဖန်တီးပေးထားမှုတွေရှိနေပြီး ကျွန်တော်တို့ကို ဖြစ်ချင်တာဖြစ်ဆိုပြီး လွှတ်ထားခြင်းမဟုတ်ပါဘူး။ စနစ်တကျ ဆင်ခြင် သုံးသပ် ကြည့်မှသဖကုရ်လုပ်နိုင်မှ၊ ဦးနှောက်(အကလ်)ကို အသုံးချပြီး တွေးခေါ်တတ်မှ အလ္လာဟ်တည်ရှိကြောင်းကို သိရှိ နားလည် သဘောပေါက်နိုင်တယ်လို့ အသိပေးထားပါတယ်။
ဒီစူရာဟ် ၁၃ မှာပါတဲ့ အာယသ်တော် ၄ ပါးမှာ ကမ္ဘာမြေအပါအဝင်၊ စကြဝဠာ နေ၊ လ၊ တောတောင်ရေမြေ၊ သစ်ပင် ပန်းမန်အကြောင်းတွေကို တင်ပြထားတာတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ သက်သေလက္ခဏာတော် တွေဖြစ်ပါတယ်။ ကျွန်တော်တို့ မတွေ့ဖူး၊ မမြင်ဖူးတဲ့အရာတွေတစ်ခုမှ မပါဘူး။ သဘာဝအချင်းအရာတွေချည်းပါ။ အလ္လာဟ်ရဲ့ သက်သေလက္ခဏာတွေကို ခံစားသိရှိခံယူတတ်ဖို့အတွက် ကျွန်တော်တို့ဟာ လောကသဘာဝနဲ့ တစ်သွေးတည်း တသား တည်း ရှိနေပါမှ၊ သဘာဝတရားနဲ့အညီ နေထိုင်မှလို့ အသိပေးထားတာတွေ့ရပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေက ငါတို့ဟာ ကမ္ဘာလောကကြီးရဲ့ ခလီဖာ၊ ကမ္ဘာဂြိုဟ်ပေါ်မှာ စီမံခန့်ခွဲပိုင်ခွင့်ရှိသူတွေဆိုပြိး သဘဝတရားနဲ့ တသီးတခြား ကင်းကွာနေရင် အလ္လာဟ်ရဲ့သက်သေလက္ခဏာတော်တွေကို မြင်နိုင်မှာမဟုတ်ပါဘူး။
ကျွန်တော်တို့ဟာ ကမ္ဘာကြီးဆီကနေ ကောင်းကျိုးတွေ ခံစားစံစားခွင့်ရှိသလို ကမ္ဘာလောကကြီးကို ထိန်းသိမ်းစောင့် ရှောက်ဖို့ တာဝန်ရှိပါတယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ အာယသ်တော်တွေဟာ အလ္လာဟ်ရဲ့အာယသ်တော်တွေဖြစ်သလို၊ လောကမှာရှိတဲ့ မပြောင်းလဲတဲ့ သဘာဝတရားကြီးကလည်း အလ္လာဟ်ရဲ့အာယသ်တော်တွေဖြစ်ပါတယ်။ ကမ္ဘာလောကကြီးရဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို မသိရင်ကုရ်အာန်ကို နားမလည်နိုင်ဘူး။ ကျွန်တော်ငယ်စဉ်က ကြားခဲ့ဘူးတာက ကုရ်အာန်ကို သိဖို့ နားလည်ဖို့ ဆိုတာမလွယ်ဘူး။ ဘာသာရပ် ၁၅ မျိုး၊ မျိုး ၂၀ လောက် အရင်လေ့လာပြီးမှ ကုရ်အာန်ကို လေ့လာလို့ရမယ်လို့ ပြောကြပါတယ်။ ဘာသာရပ်အမျိုးမျိုးကို တတ်သိနားလည်လေ ကမ္ဘာလောကကြီးအကြောင်းကို သိလေဖြစ်မယ်။ ကမ္ဘာ လောကကြီးအကြောင်း လူတွေအကြောင်းကိုသိမှ ကုရ်အာန်ကို နားလည်နိုင်ပါလိမ့်မယ်။ အလ္လာဟ်ချမှတ်ပေးထားတဲ့ အစ္စလာမ့်လမ်းစဉ်ကို မှန်မှန် ကန်ကန်၊ တိတိကျကျ၊ နည်းစနစ်မှန်ကန်စွာ ကျင့်သုံးလိုက်နာနိုင်မယ်ဆိုတာ သဘော ပေါက် ဖို့ လိုအပ်ပါတယ်။ ကမ္ဘာလောကနဲ့လူတွေအကြောင်း သိနိုင်တဲ့အရည်အသွေး ပြည့်မှီအောင် မိမိကိုယ်ကို ပြုစုပျိုးထောင်ကြ ရပါမယ်။
နောက်လာမယ့်(စူရာဟ် ၁၃း၅) အာယသ်တော်မှာဆိုရင် အရည်အသွေးနိမ့်ကျသူတွေရဲ့ စောဒကတစ်ခုကို ဖော်ပြ ထားပြီးသူတို့ရဲ့ အခြေအနေကို သုံးသပ်ပြထားပါတယ်။ စူရာဟ် ၁၃း၅ မှာ ဖော်ပြထားတာက
“အံ့သြတတ်လျှင် ၎င်းတို့၏စကားသည် အလွန်ပင်အံ့သြဖွယ် ကောင်းလှပေသည်။ ၎င်းတို့က ကျွန်ုပ်တို့သည် မြေမှုန့် ဖြစ်ပြီးနောက် အသစ်တဖန်ပြန်လည်ဖြစ်တည်ခြင်းခံရဦးမည်လောဟု ပြောကြလေသည်။ ထိုသူတို့သည်လည်ပင်း၌ ကွင်းများ စွပ်ခံထားရသူများဖြစ်ကြ၏။ သူတို့သည် သောကမီး၏ အပေါင်းအဖော်များဖြစ်ကြ၏။ ယင်း၌ အချိန်ကာလမဲ့ တာရှည်စွာ နေကြရမည့်သူများဖြစ်ကြလေသတည်း။ ”
အဲဒီလိုအတွေးအခေါ်မှားတွေကြောင့် ဘဝတစ်လျှောက်အမှားတွေနဲ့ဘဲ ကြုံရမှာဖြစ်ပါတယ်။ ဒါဟာ အံ့သြရလောက် အောင် အရည်အသွေးနိမ့်ကျသူတို့ရဲ့ စကားဖြစ်ပါတယ်။
လူတစ်ယောက်သေကြေပျက်စီးပြီးနောက် မြေမှုန့်ဖြစ်သွားပြီးနောက် ထိုမြေမှုန့်မှ လူပြန်ဖြစ်လာမှာ၊ ဒီလူရဲ့ခန္ဓာကိုယ် ကြီးဖြစ်လာမှာလို့ ထင်နေကြတာဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန်ကပြောနေတာက (ကွလ်လွန် နာဖ်စင် ဇာအိကသွလ် မောက်သ်) နာမ်တိုင်းသည် သေခြင်း၏အရသာကို မြည်းစမ်းကြရမည်သာဖြစ်၏။ သေခြင်းတရားကိုမြည်းစမ်းတာ၊ လုံးဝချုပ် ငြိမ်းသွားတာမဟုတ်။ ဘာသာတရားတစ်ခုခုကို ယုံကြည်လက်ခံသူတိုင်းသည် အထက်ပါအာယသ်တော်ကို နားလည်သဘော ပေါက်ကြပါတယ်။ ရုပ်သဘောချုပ်ငြိမ်းသွားသော်လည်း နာမ်သဘောကရှိနေမယ်။ ကျွန်တော်တို့ လက်လှမ်းမမီသောနေရာ တွင် ဆက်လက်ရှိနေဦးမယ်။ မြေမှုန့်ဖြစ်သွားပြီး အသစ်တဖန်ဖြစ်တည်ခြင်းဟူသော လက်ရှိဖြစ်တည်နေသောဘဝမှ မတူကွဲ ပြားသောဘဝတစ်ခုကို တက်လှမ်းသွားခြင်းဖြစ်သည်။ အဲဒါက မော့သ်ဖြစ်သွားတာ သေဆုံးသွားတာဖြစ်တယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ဘဝဟာ ကမ္ဘာလောကမဟုတ်တဲ့နေရာမှာ အသစ်တဖန်ပြန်လည်ရှင်သန်မယ်လို့ ကျမ်းမြတ်ကုရ်အာန်က ရည် ညွှန်းနေတာပါ။
ဒီလိုမျိုး အတွေးအခေါ်ရှိဖို့၊ ဒီလိုစဉ်းစားဆင်ခြင်နိုင်ဖို့ ကမ္ဘာလောကတစ်ခွင်မှာ မြင်နေတွေ့နေရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး တစ်သားတည်းရှိဖို့ လိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လည်ပင်းမှာ ကွင်းစွပ်ထားကြသူများလို ခေါင်းကမော့နေ ပြီး မိမိပတ်ဝန်းကျင်ကို မသိတော့၊ မမြင်တော့ပဲ ကိုယ့်ကိုယ်ကို အထင်ကြီးနေကြတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၁၃း၆) မှာ ဖော်ပြတာက
“လူတွေဟာကောင်းမှုကို လုပ်ရမှာထက် မကောင်းတဲ့အရာတွေကိုဘဲ တောင်းဆိုနေကြတယ်။ သူတို့အရင် က များစွာသော သာဓကတွေလည်း ရှိခဲ့ ဘူးပြီ။ ဒါပေမယ့် သူတို့ရဲ့ပြုစုပျိုးထောင်ရှင်ဟာ သူတို့ရဲ့ လွဲမှားချွတ်ချော်မှုတွေကနေ ကာကွယ်ပေးတော်မူသောအရှင်၊ ပြတ်သားစွာ ဆုံးဖြတ်ပေးတော်မူသောအရှင်၊ ပြတ်သားစွာ တုန့်ပြန်တော်မူသောအရှင်လည်း ဖြစ်ပေတယ်။ ”
အလ္လာဟ်အရှင်မြတ်ဟာ ဂဖူးရုရ်ရဟီးမ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့လွဲမှားချွတ်ချော်မှုတိုင်းကို ခွင့်လွှတ်မှာဘဲလို့ မထင် ပါနဲ့။ အလ္လာဟ်အရှင် မြတ်ပြတ်သားစွာ သတိပေးတော်မူသောအရှင် (လရှဒီးဒုလ်အေကားဗ်)လည်းဖြစ်ပါတယ်။ အတိတ် သမိုင်းကို ပြန်ကြည့်ရင် တမန်တော် နူးဟ်(ဆွ)လက်ထက်ထဲက သောင်ဟီးဒ်ဆိုတဲ့တရားကို ဟောပြောတင်ပြခဲ့ပေမယ့် လက်မခံဆန့်ကျင် ပုန်ကန်သူတွေကို ရေလွှမ်းမိုးခြင်းဘေးဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးတော်မူခဲ့ပါတယ်။ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်ကဖြစ်ပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လူးတွ်(အ)လက်ထက် လိင်တူငြခ်း ဆက်ဆံတဲ့ အပြုအမူတွေစတင်ကျင့်ကြံလာတဲ့အခါ အလ္လာဟ်အရှင်မြတ်က မီးတောင်ပေါက်ကွဲ၊ မြေငလျင်တွေလှုပ်ပြီး မြို့ကြီး ကို မြေအောက်သို့ နစ်မြုပ်စေခဲ့တယ်။ ယခုခေတ်တူးဖော်တာတွေရှိတဲ့အခါမှာ လူတွေဟာ အလုပ်လုပ်နေရင်း၊ အိပ်နေရင်း၊ စားသောက်နေရင်း သေဆုံးခဲ့ကြတာကို ရှာဖွေတွေ့ရှိပါတယ်။ အဲဒီ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို ကြည့်ပြိး ကျွန်တော်တို့ သတိ သံဝေဂရသင့်ပါတယ်။ ဒါက အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကိုပြသတဲ့ သက်သေသာဓကဖြစ်ပါတယ်။ အလ္လာဟ်အရှင် မြတ်က သာဓကတွေ ဘယ်လောက်ပြပြ၊ လူတွေဟာ အမှန်တရားကို လိုက်နာကြတာ လူနည်းစုသာဖြစ်ပါတယ်။ လူးတွ်(အ) လက်ထက်မှာ လိင်တူခြင်းဆက်ဆံတာစတင် ပေါ်ပေါက်လာပြီး အလ္လာဟ်က ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပေမယ့် ဒီကနေ့ ခေတ်မှာတော့ အဖိုလိင်၊ အမလိင်အပြင် တတိယလိင်ဆိုပြီး ပေါ်လာတာကို တွေ့ရမှာပါ။ တတိယလိင်ကို LGBT လို့ ခေါ်ပါ တယ်။
အလ္လာဟ်က ချမှတ်ထားတဲ့ စနစ်ကိုချိုးဖောက်ရင် ပြင်းထန်တဲ့ ဆိုးကျိုးတွေကို ခံစားရမယ်ဆိုတဲ့ သာဓကတွေ ပြသထားတာတောင် လူတွေဟာ မလိုက်နာကြတာတွေ့ရပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က စူရာဟ် ၁၃း၁ မှာ လူအများစုကတော့ ယုံကြည်ကြမှာ မဟုတ်ပါဘူးလို့ အသိပေးထားတာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ လက်ခံနားလည်ဖို့ တော့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တွေကို ဝက်သားမစားနဲ့တားတာဟာ ဝက်ကို အလိုလို နေရင်းမုန်းခိုင်း တာတော့ မဟုတ်ပါဘူး။ ဝက်ကလည်း အလ္လာဟ့်အဖန်ဆင်းခံဖြစ်ပါတယ်။ ဝက်ကို ကျွန်တော်တို့မုန်းဖို့ မလိုပါဘူး ဝက်သား မစားဖို့သာ လိုအပ်ပါတယ်။ ဒီလိုပဲ အခုပေါ်လာတဲ့ LGBT တွေကိုလည်း ကျွန်တော်တို့ မုန်းဖို့မလို သလို၊ ပစ်ပယ်ထားဖို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ မိသားစုထဲမှာ LGBT မဖြစ်အောင် ငယ်စဉ်ထဲကပြုစု ပျိုးထောင်ပေးရမှာသာဖြစ်တယ်။ ဒီလိုပြုစု ပျိုးထောင်တဲ့နေရာမှာ ကျွန်တော်တို့ဟာ အတင်းအဓမ္မဖိအားပေးလို့လည်း မရပါဘူး။ သူတို့ကို ကောင်းရာကောင်းကြောင်း လုပ်ငန်းတွေမှာ အသုံးချရမှာဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်း ဝင်ဖြစ်တာနဲ့အညီ သူတို့ကို မပစ်ပယ်ဘဲ အတတ်နိုင်ဆုံးလက်တွဲ ခေါ်ယူရမယ်ဆိုတာ တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်။