မိုးခြိမ်းသံ (အပိုင်း-၂) ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟ်
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား။
ပြီးခဲ့တဲ့ (၁၂-၇-၂၀၁၉) ကျွန်တော် အလှည့်ကျ ဟောပြောခဲ့တဲ့ ခွတ္တဗာဟ်မှာ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ကဏ္ဍ (၁၃) ဖြစ်တဲ့ စူရာဟ်သွန် ရဟ် ၊ မိုးခြိမ်းသံ ကဏ္ဍကို အာယသ်တော် (၆)ပါး အထိ ကျွန်တော် လေ့လာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီအာယတ်တော် (၆)ပါးကို အကျဉ်းခြုံး ပြောပြရမယ်ဆိုရင် ကျမ်းမြတ်ကုရ်အာန်ဟာ အကြွင်းမဲ့ သိမြင်တော်မူသော အလ္လာဟ်ထံပါးမှ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) ထံသို့ ချပေးသနားတော်မူတဲ့ သစ္စာတရား ဖြစ်တယ်။
ဒီသစ္စာတရားကို လက်ခံကြတဲ့ လူတွေက လူနည်းစုသာ ဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်ဟာ နေ၊ လ၊ နက္ခတ် တာရာတွေ၊ သစ်ပင် ပန်းမာလ်တွေ ရေ၊ မြေ၊ တောတောင်တွေကို ပြုစုဖြစ်ထွန်းထားပုံ၊ နေ့နဲ့ည ပြောင်းလဲမှုတွေကို စနစ်တကျ ဖြစ်ထွန်းထားမှု တွေကို စီမံထားတယ်။ လူသားတွေအနက် ကမ္ဘာလောကရဲ့ သဘောသဘာဝကို သိရှိနားလည်သူတွေ သာလျှင် သစ္စာတရားကို လက်ခံနိုင်တဲ့ အရည်အသွေး ပိုင်ရှင်များ ဖြစ်ကြောင်းကို တင်ပြထားပါတယ်။
နောက်တစ်ခုကတော့ လူသားတွေဟာ သေဆုံးကွယ်လွန်ပြီးနောက် ပြန်လည် ရှင်ပြန်ထရမှာကို မယုံမကြည် မေးခွန်းထုတ်တဲ့သူ တွေဟာ အံ့သြဖွယ် ကောင်းတဲ့သူတွေ ဖြစ်တယ်။ လူရယ်လို့ ဖြစ်လာတာကိုက ဘာမှမရှိရာကနေ လူလို့ ဖြစ်လာပြီးတော့ ဒီလူတွေဟာ သေသွားပြီးနောက် ပြန်လည် ရှင်ပြန် ထရမှာကို လက်မခံနိုင် ဖြစ်နေတာဟာ တော်တော် ထူးဆန်းတယ်လို့ ကျမ်းတော်မြတ် ကုရ်အာန် (၁၃း၆)မှာ ဖော်ပြထားတာကို တင်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒီနေ့ (၃၀-၈-၂၀၁၉)မှာတော့ စူရာဟ် (၁၃) အာယသ်တော် (၇)ကို ဆက်လက် တင်ပြပါမယ်။
“အမှန်တရားကို ဖုံးကွယ် ငြင်းဆန်သူများက ပြုစုပျိုးထောင်ရှင်ထံမှ တမန်တော်မြတ်ထံသို့ သက်သေ လက္ခဏာ တစ်ရပ် ချပေးသင့်တယ်လို့ ဆိုကြတယ်။ သင်တမန်တော်သည် သတိပေးနှိုးဆော်သူ လူမျိုးနွယ်တိုင်းကို လမ်းပြသူသာ ဖြစ်သည်” လို့အလ္လာဟ် အရှင်မြတ်က ဒီအာယသ်မှာ ညွှန်းဆိုထားပါတယ်။
ဒီအာယသ်တော်ကို ဖွင့်ဆိုသူအများစု ကတော့ (ဝလိကုလ်လိ ကောင်မင်န် ဟာဒင်)ကို လူမျိုးနွယ်တိုင်း အတွက် တမန်တော် တစ်ပါးစီ စေလွှတ်ခဲ့ပြီး ဖြစ်သည် လို့ ဘာသာပြန်ဆိုထားပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်ကို လေ့လာနေတဲ့ ကျွန်တော် အနေနဲ့တော့ ဒီအာယသ်တော် တမန်တော်မြတ်ရဲ့ တာဝန်ကို ညွှန်ပြနေတာ ဖြစ်တယ်လို့ နားလည်နေပါတယ်။
တမန်တော်မြတ်(ဆွ) ဟာ ကမ္ဘာ့ လူသား အားလုံး၊ လူမျိုးနွယ်တိုင်း အတွက် ပွင့်ပေါ်လာတဲ့ တမန်တော် ဖြစ်တယ်။ ဟိုးအရင် တမန်တော်တွေဟာ မိမိရဲ့ လူမျိုးတွေ၊ မိမိရဲ့ အရပ်ဒေသတွေ အတွက်သာလျှင် ပွင့်ပေါ်လာတဲ့ တမန်တော်တွေသာ ဖြစ်တယ်။ စူရာဟ် (၁၃)၊ အာယသ်တော်(၇) ဟာ တမန်တော်မြတ်ရဲ့ တာဝန်တစ်ရပ်ကို ဖော်ပြနေတာ ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ တမန်တော်မြတ်(ဆွ)သည် လူမျိုးနွယ်တိုင်းကို သတိပေးနှိုးဆော်သူဖြစ်တယ် လို့ ကျွန်တော် ဘာသာပြန် လိုက်တာပါ။
(အလ်ကုရ်အာန် ဟူဒလ်လိနာ့စ်)ဆိုတဲ့ လူသားတိုင်းအတွက် ကုရ်အာန်သည် လမ်းညွှန်ချက် ဖြစ်သည်လို့ ဆိုထားတဲ့ အတွက် အဲဒီ ကုရ်အာန်ကို ချပေးခြင်းခံရတဲ့ တမန်တော်မြတ်သည် ကုရ်အာန်နဲ့အညီ လူသားတိုင်းကို သတိပေး နှိုးဆော်သူ လမ်းမှန်ကို ပြသူသာ ဖြစ်ပါတယ်။ မယုံကြည်သူများက တမန်တော်ကို တမန်တော် ဖြစ်ကြောင်း အလ္လာဟ်က ဘာကြောင့် သက်သေလက္ခဏာတစ်ရပ် မပြရတာလဲလို့ စောဒကတက်ကြတာပါ။ ဒီစောဒကအရ တမန်တော်မြတ်ဟာ သဘာဝလွန် တန်ခိုး တစ်စုံတစ်ခုကိုမျှ မပြခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။
တမန်တော်မြတ်ရဲ့ အကြီးဆုံးသော တန်ခိုး ပြာဋိတော်ဟာ ကမ္ဘာကြေသည့်အထိ တည်တံ့နေမယ့် ကျမ်းတော်မြတ် ကုရ်အာန်ဖြစ်ပါတယ်။ ဒါကို နားမလည်လို့သာ သူတို့ဟာ တမန်တော်ဖြစ်ကြောင်း သက်သေလက္ခဏာ တစ်ရပ်ကို အလ္လာဟ်ထံက ချပေးသင့်ကြောင်း စောဒက တက်ခြင်း ဖြစ်ပါတယ်။ ကုရ်အာန် စူရာဟ် (၁၃)၊ အာယသ်တော်(၈) မှာ “အလ္လာဟ် အရှင်မြတ်သည် အမသဘာဝအရ လွယ်ပိုးထားသော ကိုယ်ဝန်ဆောင်ထားမှုကိုလည်းကောင်း၊ ၎င်းတို့၏ ဝမ်းကြားသိုက်မှ လျော့နည်းလာမှုများ၊ တိုးပွား လာခြင်းများကို လည်းကောင်း၊ စဉ်ဆက်မပြတ် သိနေတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်ထံပါးတွင် အရာ အားလုံးသည် သတ်မှတ် ပြဌာန်းပြီး ဖြစ်သည်။
(ကုလ်လု ရှိုင်းအင်န် အင်န်ဒဟု ဗိမိစ်က်ဒါရ်) ဆိုတာက သူရဲ့ Root က(က၊ဒရ) ဖြစ်ပါတယ်။ ကျွန်တော်တို့ အများစု သိထားတာက သက္ကဒီရ် ဆိုတဲ့ စကားလုံးပါ။ အလ္လာဟ် အရှင်မြတ် ပြဌာန်းထားတဲ့ သက္ကဒီရ် ဆိုတာ ဘာလဲ ဆိုတာကို ဒီထဲမှာ ဖော်ပြထားတာပါ။ အရာရာကို အလ္လာဟ် အရှင်မြတ်က စနစ်တကျ ပြဌာန်း သတ်မှတ်ထားပြီး ဖြစ်တယ်။ အဲ့ဒီ စနစ် အတွင်းမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရရှိလာမယ့်အကျိုးရလဒ်တွေ ဖြစ်ပါတယ်။
ကျွန်တော်တို့ ကြားဘူးသလို ဒဏ္ဍာရီတွေထဲကလို အလ္လာဟ် အရှင်မြတ်ဟာလူသားတွေကို မွေးကတည်းက သူဌေး ဖြစ်မယ်၊ ဆင်းရဲသား ဖြစ်မယ်ဆိုတာ သတ်မှတ်ခဲ့တာ မဟုတ်ဖူး၊ ဆင်းရဲသား ဖြစ်စေမယ့် သူဌေး ဖြစ်စေမယ့် နည်းလမ်း တွေသာ အလ္လာဟ်အရှင်မြတ်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေဖြစ်လျှင် ကိုယ်ဝန်ဆောင် ရမယ်၊ ဘယ်အချိန်ကာလရောက်လျှင် ကလေးမွေးလိမ့်မယ်၊ ဘယ်လိုအခြေအနေမျိုးမှာ ကလေးပျက်ကျနိုင်တယ်၊ ကျား ဖြစ်စေမယ့်၊ မ ဖြစ်စေမယ့် စနစ်ဇယားတွေကိုသာ အလ္လာဟ်အရှင်မြတ်က စီမံသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နဖူးမှာ ရေးပြီးသား နဖူးစာနဲ့ စေလွှတ်လိုက်တယ် ဆိုတဲ့ ဒဏ္ဍာရီ ကို ဒီအာယသ်တော်က ငြင်းပယ်ထားတာ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် (၁၃)၊ အာယသ် တော်(၉)မှာ အလ္လာဟ် အရှင်မြတ်ရဲ့ ဆွေဖသ် ဂုဏ်တော် အများကြီး ရှိတဲ့ အထဲက အချို့ကို ဖော်ပြထားပါတယ်။
“အလ္လာဟ် အရှင်မြတ်သည် ဖုံးကွယ်ထားသော အရာများ၊ ထင်ရှားစွာ ပေါ်လွင်နေသော အရာများကို စဉ်ဆက်မပြတ် သိနေတော်မူသော အရှင်၊ ကြီးကဲ မြင့်မြတ်တော်မူသော ဂုဏ်ရှိန် မြင့်မားတော်မူသော အရှင် ဖြစ်တော်မူသည်။”
ဒီသဘောကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ဖြစ်အောင်လို့ လူသားတွေရဲ့ အမြင်နဲ့ယှဉ်တွဲပြီး ဖော်ပြထားတာကတော့ စူရာဟ် (၁၃)၊ အာယသ်တော်(၁၀)ဖြစ်ပါတယ်။
“ အသင်တို့အနက် လျှို့ဝှက်ထားသူနှင့် ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုတတ်သူ၊ ညအမှောင်မှာ ပုန်းလျှိုး၊ ကွယ်လျှိုး အပြုအမူများကို ပြုမူ ဆောင်ရွက်တတ်သူနှင့် နေ့အလင်းရောင် အောက်၌ ထင်ရှားပေါ်လွင်အောင် ပြုမူဆောင်ရွက်တတ်သူ များသည် မည်သူမဆို အလ္လာဟ်ထံတော်ပါးမှာ အတူတူဘဲ ဖြစ်သည်။”
ကျွန်တော်တို့ အတွက်က တူပါသလား။ ထုတ်ဖော်မပြောရင် ကျွန်တော်တို့ မသိဘူး။ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောမှ ကျွန်တော်တို့ သိနိုင်ပါတယ်။ဒါပေမယ့် အလ္လာဟ်ကတော့ သိတယ်။ ထုတ်ဖော်ဘဲ ပြောပြော၊ မထုတ်ဖော်ဘဲ လျှို့ဝှက်ထားပါစေ၊ ဒါပေမယ့် အလ္လာဟ်ကတော့ သိနေတယ်။ ပြီးရင် ညအမှောင်မှာ ပုန်းလျှိုး ကွယ်လျှိုး ဆောင်ရွက် နေတာတွေ နေ့အလင်းရောင်အောက်မှာ ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား ပြုမူနေတဲ့ လူတွေ မည်သို့သော အခြေအနေ ဖြစ်နေစေကာမူ အလ္လာဟ် အရှင်မြတ်က အကြွင်းမဲ့ သိနေတော်မူတယ်။
အလ္လာဟ်အတွက် အမှောင်ကလည်း အတားအဆီး မဖြစ်စေသကဲ့သို့၊ အလင်းရောင်ကလည်း အလ္လာဟ် မြင်စေဘို့ ပိုပြီး အထောက်အကူ မပေးဘူးလို့ ပြောနေခြင်း ဖြစ်ပါတယ်။ ဒါဟာ လူသားတွေနဲ့ အလ္လာဟ်ရဲ့ ကွာခြားချက် ဖြစ်ပါတယ်။ လူသားတွေဟာ ကိုယ့်မျက်စိရှေ့မှာ ဖြစ်ပါမှ၊ အလင်းရောင် ရှိပါမှ မြင်နိုင်ပေမယ့်၊ အလ္လာဟ် အတွက် အလင်းရောင် မလိုသလို၊ မြင်ဘို့ မျက်စိလည်း မလိုအပ်ပါ။ ကြားဘို့ နားလည်းဘဲ မလိုအပ်ပါ။ ပြောဘို့ ပါးစပ် မလိုပါဘူး။ အလ္လာဟ် အရှင်မြတ်ဟာ ထုတ်ဖော် ပြောသည်ဖြစ်စေ၊ လျှို့ဝှက် ထားသည် ဖြစ်စေ လူသားရဲ့ စိတ်ထဲမှာ ဘာတွေ ဖြစ်ပေါ်နေလည်းဆိုတာ အလ္လာဟ် သိတော်မူတယ်။
အလ္လာဟ်အတွက် မမြင်ကွယ်ရာဆိုတာ မရှိပါ။ အမှောင်ကလည်း အလ္လာဟ်ကို မဖုန်းကွယ်ထားနိုင်ပါဘူး။ ဒီသဘောကို ကျွန်တော့်ကို ငယ်စဉ်က ကျမ်းတော်မြတ်ကုရ်အာန်က သင်ပေးတဲ့ မော်လဝီတစ်ပါးက ဘယ်လို ပြောသလဲဆိုရင် (အလ္လာဟ်အရှင်မြတ်ဟာ လကွယ်ည သန်းခေါင်ယံ အချိန်မှာ ကျောက်တုံးနက်ကြီးပေါ်ကပုရွက်ဆိတ် အမဲတစ်ကောင်ရဲ့ အသံကိုလည်း ကြားတယ်၊ အဲ့ဒီ ပုရွက်ဆိတ်ရဲ့ လှုပ်ရှား သွားလာနေမှုကိုလည်း သိမြင်တော်မူတဲ့ အရှင်ဖြစ်တယ်)လို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျွန်တော်အတွက်တော့ အလ္လာဟ်ရဲ့ ဂုဏ်တော်တွေကို သဘောပေါက်စေတဲ့ စကားတစ်ခွန်း ဖြစ်ပါ တယ်။ ဒီအာယသ်တော်ကလည်း ဒီလိုမျိုးဘဲ ရှင်းပြထားခြင်းသာ ဖြစ်ပါတယ်။ အလ္လာဟ် အရှင်မြတ်အတွက် အမှောင်တွေ၊ အရောင်တွေ မလိုအပ်ပါဘူး။ ဆက်လက်ပြီး စူရာဟ် (၁၃) အာယသ်တော် (၁၁)မှာ တင်ပြထားတာက
“လူသားရဲ့ လုပ်ဆောင်ချက် အကျိုးဆက်တွေကို အလ္လာဟ်ရဲ့ အစီအမံဖြင့် သူ့ရှေ့မှာ လည်းကောင်း၊ သူ့နောက်မှာ လည်းကောင်း၊ ထိန်းသိမ်း စောင့်ရှောက်ထားတယ်။ မိမိတို့ရဲ့ ဓလေ့စရိုက်များကို မိမိတို့ကိုယ်တိုင် မပြောင်းလဲသမျှ ကာလပတ်လုံး လူမျိုးတစ်မျိုးကို အလ္လာဟ်အရှင်မြတ်ကလည်း၊ ပြုပြင် ပြောင်းလဲပေးမှာ မဟုတ်ပါ။ အလ္လာဟ်အရှင်မြတ်ဟာ လူမျိုးတစ်မျိုးကို ဘေးသင့်စေပြီဆိုရင် အဲ့ဒီဘေးအန္တရာယ်ကို ဘယ်အခြေအနေတွေကဖြစ်စေ၊ ဘယ်သူဖြစ်စေမှ လွှဲဖယ်နိုင်မှာ မဟုတ်ပါ။ ထိုသူများ အတွက် အလ္လာဟ်က လွဲပြီး ကူညီနိုင်မယ့်သူ မရှိပါ။”
ဒီအာယသ်မှာ ပါတဲ့ (မုအာက်ကေဗါသွန်န်)ဆိုတာ ကျွန်တော်တို့ရဲ့ ပတ်ပတ်လည်မှာ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ ဟာ ဝိုင်းနေတယ်လို့ ဆိုလိုတာပါ။ လုပ်ရပ်ရဲ့ အကျိုးရလဒ်ဟာ ကျွန်တော်တို့ ပတ်ပတ်လည်မှာ ရှိနေတယ်။ကျွန်တော်တို့ ငယ်စဉ်က စလုပ်ခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးရလဒ်တွေဟာ ကျွန်တော်တို့ကို မထိခိုက်သေးသရွေ့ ကျွန်တော်တို့ ရှေ့မှာ လည်းကောင်း၊ အနောက်မှာ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ထိန်းသိမ်း စောင့်ရှောက်ထားတော်မူတယ်။ ကျွန်တော်တို့ မမြင်ကွယ်ရာမှာဘဲ လုပ်သည်ဖြစ်စေ၊ ဘယ်သူမှ မသိအောင်ဘဲ ဆောင်ရွက်ခဲ့သည် ဖြစ်စေ၊ မိမိကိုယ်တိုင်ပင် မေ့ကောင်း မေ့နေပေမယ့်၊ ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ဟာ ကျွန်တော်တို့နဲ့ တပါတည်း ရှိနေတယ်၊ ဒါဟာ အလ္လာဟ်ရဲ့ အစီအမံသာ ဖြစ် တယ်။ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဘယ်သူမှ မသိအောင်လုပ်ခဲ့ပြီး၊ ဒီအကျိုးဆက် တွေက မပေါ်ဘူးလို့ မထင်ပါနဲ့။ မကြာခင် ပေါ်လိမ့်မယ်။ မိမိလုပ်ရပ်ရဲ့ အကျိုးဆက်ဟာ ချက်ချင်း လက်ငင်းလည်း ဖြစ်နိုင်တ ယ်။ ဒါမှမဟုတ် နောက်နှစ်ပေါင်း မြောက်များစွာ ကြာမှလည်းဖြစ်နိုင်တယ်။
ဒီဒွန္နယာမှာလည်း ဖြစ်နိုင်တယ်။ ကွယ်လွန်သေဆုံးပြီးနောက်မှလည်း ဖြစ်နိုင်တယ်။ ပျောက်ပျက်သွားမှာတော့ မဟုတ်ဘူး။ နှေးတာနဲ့ မြန်တာဘဲ ရှိတယ်။ ကျွန်တော်တို့ကသာ နှေးတယ်၊ မြန်တယ်လို့ ထင်နေပေမယ့် အလ္လာဟ်အတွက် အချိန်ဆိုတာ မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်၊ ငါးရာ၊ ငါးသောင်း၊ တစ်သိန်း ဆိုတဲ့ အချိန်နဲ့ ယခုအချိန် အလ္လာဟ် အရှေ့မှာ အတူတူသာ ဖြစ်တယ်။ နောက်တစ်ချက်က လူမျိုးတစ်မျိုးဟာ ကိုယ်တိုင် မပြုပြင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာဟ် အရှင်မြတ် ကလည်း ပြောင်းလဲ ပေးမှာ မဟုတ်ဘူး။ ဒါတွေကို တွေးခေါ်စဉ်းစား ထုတ်နုတ် ကောက်ချက်ချတဲ့ ပညာရှင်တွေက လူသားရဲ့ လွတ်လပ်ခွင့်ကို အလ္လာဟ် အရှင်မြတ်က ပေးထားတာလို့ ပြောပါတယ်။
အလ္လာဟ်အရှင်မြတ်ဟာ လူသားတွေကို ဖြစ်ထွန်းပေါ်ပေါက်စေတယ်။ စနစ်ဇယားတွေ ချမှတ်ပြီး ဒီစနစ်ဇယား အတွင်းမှာ လူသားတွေကို ကြီးပြင်းလာစေတယ်။ ပြီးတော့ လူသားတွေရဲ့ လုပ်ရပ်ဟာ အလ္လာဟ်ရဲ့ စနစ်ဇယား အတွင်းမှာ ဆိုးကျိုးတွေ၊ ကောင်းကျိုးတွေ သက်ရောက်စေထားတယ်။ လူသားဟာ မိမိလုပ်ချင်တာကို လုပ်နိုင်စွမ်းကို အလ္လာဟ်က ပေးထားတယ်။ လူသား မလုပ်နိုင်တဲ့ အရာဆိုတာ ဘာမှ မရှိဘူး။ အလ္လာဟ်အရှင်မြတ် ချမှတ် စီမံပေးထားတဲ့ သဘာဝ ဝန်းကျင်ကြီးကိုတောင် လူသားဟာ ပျက်စီးသွားအောင် လုပ်လို့ရသလို၊ ပိုမို ကောင်းမွန်အောင်လည်း လုပ်လို့ ရပါတယ်။ ပျက်စီးအောင် လုပ်ရင် ပျက်စီးတဲ့ ဆိုးကျိုးတွေကိုကျွန်တော်တို့ ခံစားရမယ်။ ကောင်းအောင်လုပ်ရင် ကောင်းအောင်လုပ်တဲ့ ကောင်းကျိုးတွေကို ကျွန်တော်တို့ ခံစားရမယ်။ အလ္လာဟ်ရဲ့ စနစ်ဇယားအတွင်းကနေ လူသားဟာ မလွတ်သွားဘူး။ ဒါပေမယ့် လုပ်ချင်တာကို လုပ်နိုင်စွမ်း လူသားဆီမှာ ရှိတယ်။ ကိုယ်လုပ်လိုက်တဲ့ လုပ်ရပ်ရဲ့ အကျိုးကိုတော့ လူသားဟာ ပြောင်းလဲ ချင်လို့ မရဘူး။
မီးကိုကိုင်ရင် ပူမယ်။ မီးကို ကိုင်ပြီး အေးချင်လို့တော့မရဘူး။ စတင် ရွေးချယ်လုပ်ကိုင်ရမှာက လူသား။ အကျိုးရလဒ် ကိုတော့ အလ္လာဟ်က သတ်မှတ်ထားပြီးသား။ စောစောက ပြောခဲ့တဲ့ သက္ကဒီရ် ဆိုတာ အဲ့ဒါပါဘဲ။ ဒီတော့ လူသားဟာ မိမိရဲ့ Mind Set တွေ အပြုအမူတွေကိုဓလေ့စရိုက်တွေကို ပြုပြင်ပါမှ အလ္လာဟ်ရဲ့ သတ်မှတ်ချက် အကျိုးဆက်တွေကလည်း လိုက်ပါ ပြောင်းလဲမှာ ဖြစ်တယ်လို့ အသိပေးနေခြင်း ဖြစ်ပါတယ်။ လူသားဟာ ကိုယ်လုပ်တဲ့ လုပ်ရပ်တွေ အောင်မြင်နေတဲ့ အချိန်မှာဘဲ ဖြစ်ပါစေ၊ ဒုက္ခရောက်နေတဲ့ အချိန်မှာဘဲ ဖြစ်ပါစေ အမြဲမပြတ် ပြန်လည် သုံးသပ်နေဘို့တော့ လိုပါတယ်။ မိမိကိုယ် မိမိ ြ‘သောင်ဗာဟ်’ ပါ ။ မိမိအမှားကို သိပြီး ပြန်လည်ပြုပြင်ခြင်း ဖြစ်ပါတယ်။
တစ်ချို့ ကိုယ်မှားလို့ မှားမှန်းမသိတဲ့ လူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လုပ်ရပ်တွေ အကောင်းလို့ဘဲ ထင်ပြီး ဆက်လုပ်နေရင်း ဆိုးကျိုးတွေ သက်ရောက်လာပြီး၊ ကောင်းတာလုပ်နေရင်းနဲ့ ဆိုးကျိုးတွေ လာရမလားဆိုပြီး အလ္လာဟ် အရှင်မြတ်ကို ပုန်ကန်ခြားနားသွားသူတွေ ပတ်ဝန်းကျင်မှာ အများကြီး ရှိနေပါတယ်။ ကိုယ့်လုပ်ရပ်ကို ပြန်လည် သုံးသပ်ခြင်း မရှိလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် သဟ်ဂျွဒ် ဆိုတာကို ပြဌာန်းထားတာ ဖြစ်တယ်။
သဟ်ဂျွဒ် ဆိုတာ အလ္လာဟ်ရှေ့မှာ ရုကူလုပ်လိုက် စဂျ်ဒဟ်ချလိုက် နဲ့တင် ပြည့်စုံတာ မဟုတ်ဘူး။ ညတိတ်ဆိတ် ငြိမ်သက်နေတဲ့ အချိန်မှာ မိမိတစ်နေ့တာ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်လည် ဝေဖန် သုံးသပ်ပြီး အမှားတွေကို အမှန် ပြင်ရမှာ၊ (သောင်ဗာဟ်လုပ်ရမှာ)ဖြစ်ပါတယ်။အမှားရှိလျှင် အမှန်ဘက်ကို ပြန်လှည့်ခြင်း သောင်ဗာဟ်ကို ကျွန်တော်တို့ ဆုပ်ကိုင်ထား ရမှာ ဖြစ်ပါတယ်။ မိမိလုပ်ရပ် အမှားကို အခြားသူတွေကနေ တဆင့် ခွင့်လွှတ်ဖို့တောင်းခံတာ၊ အလ္လာဟ်ဆီမှာ ဒုအာတောင်းပြီး အလ္လာဟ် ခွင့်လွှတ်ပါလို့ ဒိုအာ တောင်းတာတင်မက မိမိကိုယ်တိုင်ကလည်း အမှန်တကယ် ပြုပြင် ပြောင်းလဲရပါမယ်။
မိမိရဲ့ သောင်ဗာဟ်ကို အလ္လာဟ် ကဘူလ် လုပ်၏၊ မလုပ်၏ ဆိုတာလည်း ကိုယ်တိုင်သိနိုင်တဲ့ နည်းရှိတယ်။ ကျူးလွန်ခဲ့တဲ့ အမှားကို နောက်ထပ် ဘယ်တော့မှ မကျူးလွန်တော့ဘူးဆိုရင် မိမိရဲ့ သောင်ဗာဟ်ကို အလ္လာဟ် ကဘူလ် လုပ်လိုက်ပြီ မိမိရဲ့အမှားကို အလ္လာဟ် ခွင့်လွှတ်လိုက်ပြီဆိုတာ သေချာသွားပါပြီ။
မိမိက မတော်မတရား လုပ်ပြီး ဒါက အလ္လာဟ်ရဲ့ သက္ကဒီရ်ဘဲ၊ အလ္လာဟ် ခွင့်ပြုလို့သာ ငါလုပ်နေတာပါ ဆိုရင်တော့ ဆိုးကျိုးတွေ ဆက်တိုက် ဆက်တိုက် တွေ့နေရမှာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ လုပ်ရပ် အမှားတွေကို အမြဲမပြတ် ပြန်လည်သုံးသပ်နေရမှာ ဖြစ်ပါတယ်။ ဒီလို သုံးသပ်နိုင်ဖို့အတွက်ကျွန်တော်တို့ နှလုံးသားတွေ၊ ရင်ဘတ်တွေ၊ ကျွန်တော်တို့ရဲ့ အမြင်တွေဟာ ကျယ်ပြန့်ဖို့တော့ လိုပါမယ်။ ကျွန်တော်တို့ကို မပြောနဲ့။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) ကိုတောင် အလ္လာဟ် အရှင်မြတ်က (အလမ်နရှ်ရလက၊ စွဒရက) သင့်ရဲ့ရင်ကို ငါအရှင်မြတ်က ကျယ်ဝန်းစေထားတော် မူပြတယ်လို့ မိန့်ခဲ့ပါတယ်။
ဒါကြောင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဟာ မိမိရဲ့စိတ်သဘောထားချင်း မတိုက်ဆိုင်တဲ့အလ္လာဟ်ရဲ့ ညွှန်ကြားချက် တွေကိုလည်း လိုက်ပါဆောင်ရွက်နိုင်စွမ်းရှိ တယ်။ မိမိနဲ့ အမြင်မတူတဲ့ သူတွေကိုလည်း လက်ခံစကားပြော၊ လက်တွဲ ဆောင်ရွက်နိုင်စွမ်းရှိတယ်။ ဒါကြောင့် တမန်တော်မြတ်ရဲ့ ဘဝတစ်လျှောက်လုံးကိုကြည့်လိုက်ရင် တမန်တော် မဒီနာကိုရောက်တဲ့အခါ မဒီနာမှာ စိုးမိုးအုပ်ချုပ်နေတဲ့ အစ္စရာအီလ်မျိုးနွယ်တွေနဲ့ ငြိမ်းချမ်းရေး စာချုပ်တစ်နည်း မဒီနာဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့တယ်။ အဲဒီ မဒီနာမြို့ပြဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ယခုအထိ ကမ္ဘာအရပ်ရပ်မှာ ကမ္ဘာ့ပထမဦးဆုံး မြို့ပြ ဖွဲ့စည်းပုံဥပဒေ ဖြစ်တယ်ဆိုပြီး ကျော်ကြားလျက်ရှိပါတယ်။ ကျမ်းမြတ် ကုရ်အာန်မှာပါတဲ့ (လကွန်မ်ဒီနကွန်မ် ဝလိယဒီးန်) ဆိုတဲ့အတိုင်း တမန် တော်မြတ်က သင်တို့ရဲ့ လမ်းစဉ်နဲ့ သင်တို့နေပါ၊ ငါတို့ရဲ့ လမ်းစဉ်နဲ့ ငါတို့နေမယ်ဆိုပြီး နေထိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အလ္လာဟ်ပြ ဥပဒေလမ်းညွှန်ချက်တွေကို သေသေချာချာ မလေ့လာမဆည်းပူးကြတဲ့အတွက် တစ်ခါတစ်ရံမှာ အစွန်းရောက်သွား ကြပါ တယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အလ္လာဟ်ရဲ့စည်းမျဉ်းတွေက ဘာလဲ ညွှန်ကြားချက်တွေက ဘာလဲဆိုတာကို သေသေချာချာ နားလည်မှ၊ အဲဒီအတိုင်း လိုက်နာဆောင်ရွက်နိုင်မှသာ ကျွန်တော်တို့အတွက် ကောင်းကျိုးတွေဖြစ်လာမယ်။ အခုခေတ်မှာ ကမ္ဘာပေါ်မှာကြည့်လိုက်ရင် မွတ်ဆလင်မ်တွေဟာ နာမည်ပျက်ဖြစ်နေတယ်။ ဘာကြောင့်လဲ ကျွန်တော်တို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေ၊ အယူသီး၊ အစွန်းရောက်တဲ့လုပ်ရပ်တွေ လုပ်ဆောင်နေလို့ဖြစ်တယ်။ တမန်တော်မြတ်ဟာ မဒီနာ မြို့မှာ ဂျူးတွေ၊ ခရစ်ယာန်တွေ၊ မီးကိုးကွယ်သူတွေနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ပြီး လူ့အကျိုးစီးပွား ဖြစ်စေတာတွေကို စုပေါင်း လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တင်ပြခဲ့တဲ့ အာယသ်တော်တွေထဲမှာ အလ္လာဟ်ရဲ့ညွှန်ကြားချက်တွေဟာ ကျွန်တော်တို့အတွက် မျှော်လင့် ချက်တွေလည်းရှိသလို၊ စိုးရိမ်ထိတ်လန့်ရမှာတွေလည်း ရှိတယ်။ ကိုယ်ကကောင်းတာ လုပ်နေရင် မျှော်လင့်ချက်တွေ ရှိနိုင်ပြီး၊ မကောင်းတာတွေ လုပ်နေရင် စိုးရိမ်ထိတ်လန့်နေရမှာ ဖြစ်တယ်။ ဒီအချက်အလက် တွေကို စူရာဟ် ၁၃ အာယသ်တော် ၁၃ နဲ့ ၁၄ မှာ လျှပ်ပြက်ခြင်း၊ မိုးခြိမ်းသံ၊ မိုးကြိုးပစ်ခြင်းတွေရဲ့ သာဓကတွေနဲ့ ဖော်ပြထား ပါတယ်။ ကုရန်အာန် (၁၃း၁၂ )မှာ
“အလ္လာဟ်အရှင်မြတ်သည် အသင်လူသားတို့အား ထိတ်လန့်ဖွယ်ရာနှင့် မျှော်လင့်ချက်ကို ဖြစ်စေသော လျှပ်စီးလက်ခြင်း နှင့် မိုးရေများကို သယ်ဆောင်ထားသဖြင့် လေးလံနေသော မိုးတိမ်ထုကို ပြသတော်မူသည်။”
ဆက်လက်ပြီးတော့ ကုရ်အာန် (၁၃း၁၃)မှာ
“မိုးခြိမ်းသံသည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်ကို ကျူးရင့်နေပါသည်။ ဒီမိုးခြိမ်းသံဟာ မလာအိကာဟ် သဘာ၀ စွမ်းအားစုများသည်ပင်လျှင် တုန်လှုပ်ခြောက်ခြားကြကုန်၏။ အလ္လာဟ်အရှင်မြတ်သည် အလိုရှိသူတို့အား မိုးကြိုးထိမှန် စေတော်မူသည်။ သို့ရာတွင် ယင်းသူတို့သည် အလ္လာဟ်နှင့် ပတ်သက်ပြီး ငြင်းခုံနေကြသည်။ စင်စစ် အလ္လာဟ်သည် ပြတ်သားသော ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံတော်မူသော အရှင် ” လို့ဖော်ပြထားပါတယ်။
အင်မတန် ကျယ်လောင်တဲ့ မိုးခြိမ်းသံဟာ အလ္လာဟ်ရဲ့ဂုဏ်တော်ကို လှစ်ဟပြနေတာဖြစ်ပါတယ်။ ဒီမိုးခြိမ်းသံကြောင့် သဘာဝအင်အားစုတွေဖြစ်တဲ့ ရေ၊ မြေ၊ လေတွေတောင်မှ တုန်လှုပ်ခြောက်ခြားကုန်ကြတယ်။ အဲဒီ မိုးခြိမ်းသံဟာ မိုးရွာမှာဆိုတဲ့ မျှော်လင့်ချက်နဲ့ လူအချို့ကို ဝမ်းမြောက်စေသလို လူအချို့ကို မိုးကြိုးပစ်မယ်၊ လေပြင်းတွေ တိုက်မယ်၊ ရေတွေကြီးမယ်ဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုကိုလည်းဖြစ်ပေါ်စေတယ်။ အလ္လာဟ်ရဲ့ အာယသ်တော်တွေရဲ့ သတိပေးဆုံးမမှု တွေကလည်း ယုံကြည်သူတွေကို ဝမ်းမြောက်စေပြီး၊ သွေဖီငြင်းဆန်သူတွေကို ထိတ်လန့်စေပါတယ်။
“အလ္လာဟ်အရှင်မြတ်သည် အလိုရှိသူတို့အား မိုးကြိုးထိမှန်စေတော်မူ၏။” ဆိုတာကတော့ သတ်မှတ်ပြဌာန်းထားတဲ့ မိုးကြိုးထိမှန်နိုင်တဲ့ အခြေအနေအတွင်း နေရာအတွင်း ရောက်ရင် မိုးကြိုးပစ်ခံရမယ်ဆိုတဲ့ သဘောပါ။ မိုးခြိမ်းသံ တဝုန်းဝုန်း ကြားနေတဲ့အချိန်အခါအတွင်းမှာ ကွင်းပြင်ထဲမှာ၊ အရာအားလုံးထက်အမြင့်ဖက်မှာ ရှိနေရင် မိုးကြိုးထိမှန်လိမ့်မယ်။ မိုးကြိုးပစ်တယ်ဆိုတာ မိုးတိမ်ထောင်ထုအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လျှပ်စီးဓါတ်က ကမ္ဘာ့မြေလွှာထဲ စီးဝင်တဲ့ ဖြစ်ရပ်တစ်ခုပါ။ ဒီလိုစီးဝင်ဖို့ ကြားခံအမြင့် တစ်ခု လိုအပ်ပါတယ်။ လျှပ်စီးဓါတ်က မြေဆီလွှာထဲ ဝင်ရောက်သွားခြင်းဖြင့် မြေဆီသြဇာတွေ ပိုမို ကောင်းမွန်လာပြီး သီးနှံတွေ ပိုမို ဖြစ်ထွန်းစေပါတယ်။ တိမ်တောင်နဲ့ မြေပြင်ကြားမှာ ကိုယ်က အမြင့်တစ်နေရာမှာ ရှိနေမယ်ဆိုရင် မိုးကြိုးပစ်ခံရဖို့ အလ္လာဟ် အလိုရှိတဲ့သူ ဖြစ်သွားနိုင်ပါတယ်။
အချိန်ပြည့်ပြီမို့ ကျွန်တော်ရဲ့ လေ့လာတင်ပြချက်ကို အာယသ်တော် ၁၃ မှာပဲ ရပ်နားလိုက်ပါမယ်။ အင်ရှာအလ္လာဟ် စူရာဟ် ရအ်ဒ် ရဲ့ အာယသ်တော် ၄၃ အထိကို လာမယ့် ဂျွမ္မာနေ့ ကျွန်တော့် အလှည့်တွေမှာ ဆက်လက် လေ့လာ တင်ပြသွား ပါမယ်လို့ ပြောကြားရင်း ရပ်နားလိုက်ပါတယ်။