မိုးခြိမ်းသံ (အပိုင်း-၃) ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

မိုးခြိမ်းသံ (အပိုင်း-၃)

၄-၁၀-၂၀၁၉

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

            “အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟု”

            ကျွန်တော် ဒီကနေ့တင်ပြမယ့် ခေါင်းစဉ်က “မိုးခြိမ်းသံ (အပိုင်း-၃)” ဖြစ်ပါတယ်။ မိုးခြိမ်းသံကဏ္ဍ စူရာဟ် ၁၃ ၊ စူရာဟ် ရအ်ဒ် ဖြစ်ပါတယ်။ ဒီစူရာဟ်မှာ အာယသ်တော်ပေါင်း ၄၃ ပါး ပါဝင်ပါတယ်။ အရင် ဂျုမ္မာဟ် ခွတ္တဗှာဟ်မှာ ကျွန်တော် ဒီစူရာဟ်ရဲ့ အာယသ်တော် ၁၃ပါး အထိ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့ (၄-၁၀-၂၀၁၉)မှာ အာယသ်တော် ၁၄ ကနေစပြီး တင်ပြပါမယ်။ အာယသ်တော် ၁၃ အထိကို အကျဉ်းရုံး ပြန်လည်တင်ပြရမယ်ဆိုရင် ဒီစူရာဟ်မှာ (အာလိဖ်၊ လာမ်၊ မီမ်၊ ရာ) နဲ့စထားပါတယ်။ အကြွင်းမဲ့သိတော်မူသော အလ္လာဟ်အရှင်မြတ်က စကြာဝဠာကြီးကို စနစ်တကျ ပြုစု ပျိုးထောင်ထား ပါတယ်။ အဲ့ဒီအထဲမှာ စွဲအား (Gravity) နဲ့ ကမ္ဘာဂြိုလ်နဲ့ စကြာဝဠာတွေကို ထိန်းသိမ်းထားတယ်ဆိုတာကို မိုးကောင်းကင်ကို တိုင်များ မရှိဘဲ မြှင့်တင်ထားတော်မူ၏ လို့ ဖော်ပြထားပါတယ်။ နေနဲ့လကို  စနစ်တကျ လှည့်ပတ်သွားလာစေတယ်။ အပင်အမျိုးမျိုးကိုလည်း ပေါက်ရောက်စေတယ်။ နေ့နဲ့ညကိုလည်း ပြောင်းလဲ ဖြစ်ပေါ်စေထားတယ်။

            ဒီသက်သေလက္ခဏာတွေဟာ ကျွန်တော်တို့ သဘာဝတရားကြီးမှာ ရှိနေသလို၊ ကျမ်းတော်မြတ်ကုရ်အာန်မှာလည်း ဖော်ပြထားတယ်။ ဒါပေမယ့် သက်ဝင်ယုံကြည်သူတွေကတော့ လူနည်းစုဘဲ ဖြစ်နေလိမ့်မယ်ဆိုပြီးတော့ ဖော်ပြထားပါတယ်။ သက်သေလက္ခဏာများကို အသေးစိတ်ဖော်ပြပေမယ့်လည်း အချို့လူတွေက သေပြီးနောက် ပြန်လည်ရှင်ပြန်ထရမှာကို သံသယစိတ်ရှိနေကြတာဟာ အင်မတန်မှ အံ့သြဖို့ကောင်းပါတယ်လို့ ကျမ်းတော်မြတ်ကုရ်အာန်က ဖော်ပြထားပါတယ်။ လူသားတွေရဲ့သဘောသဘာဝ အနေနဲ့လည်းမကောင်းမှုတွေနဲ့ဘဲ လူတွေဟာ ပျော်မွေ့နေကြတယ်။ လူသားတွေရဲ့ ဒီလို မကောင်းမှုအပေါ်မှာ ပျော်မွေ့နေတာကို အလ္လာဟ်အရှင်မြတ်ဟာ တမန်တော်တွေအဆက်ဆက်စေလွှတ်ပြီး အသိပေး ဆုံးမတော်မူခဲ့ပါတယ်။ နောက်ဆုံးတမန်တော်မုဟမ္မဒ်(SAW)အထိ တမန်တော်တွေကို စေလွှတ်ပေမယ့် သူတို့ရဲ့ စောဒကတက်မှုကတော့ ဒီတမန်တော်တွေဟာ အလ္လာဟ်ဘက်က စေလွှတ်တဲ့ တမန်တော်တွေ ဖြစ်ကြပေမယ့်လည်း၊ သူတို့ဆီမှာ ဘာတန်ခိုး ဣဒ္ဓိပါဒ်မှလည်း မပါပါလား ဆိုပြီးတော့ စောဒက တက်ကြပါတယ်။

            တမန်တော်မြတ်တွေဟာ သူတို့နဲ့သက်ဆိုင်ရာ သက်ဆိုင်ရာ တန်ခိုး ဣဒ္ဓိပါဒ် (မုအ်ဂျီဇာ)တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လူအများ မျှော်လင့်ထားတဲ့ မိုးပေါ်ပံျနိုင်တဲ့ မုအ်ဂျီဇာ၊ မြေလျှိုးနိုင်တဲ့ မုအ်ဂျီဇာ၊ ကောင်းကင်ကနေ အစားအသောက်တွေ ချပေးနိုင်တဲ့ မုအ်ဂျီဇာတွေ မဟုတ်ဘဲနဲ့၊ လူ့သဘာဝနဲ့လျော်ညီတဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ မုအ်ဂျီဇာပဲ ဖြစ်ပါတယ်။ တမန်တော်မြတ်(SAW) အတွက် အကြီးအကျယ်ဆုံး မုအ်ဂျီဇာကတော့ ကျမ်းတော်မြတ် ကုရ်အာန်ဘဲ ဖြစ်တယ်ဆိုတာကို လူတွေက  ဒါဟာ မုအ်ဂျီဇာ တစ်ပါးဖြစ်တယ်။ ကျမ်းတော်မြတ် ကုရ်အာန်ဟာ တမန်တော်မြတ်(SAW )ရဲ့ အကြီးအကျယ်ဆုံး မုအ်ဂျီဇာ တစ်ပါးဖြစ်တယ် ဆိုတာကို လက်မခံနိုင်ကြဘူး၊ နားမလည်နိုင်ကြဘူး ဖြစ်နေကြတယ်။ ကျမ်းတော်မြတ် ကုရ်အာန်မှာ တမန်တော်မြတ် မုဟမ္မဒ်(SAW)ဟာ လူသားမျိုးနွယ်တိုင်းကို ကျမ်းမြတ်ကုရ်အာန်နဲ့ အလင်းပြခဲ့သူ ရဆူလ်တမန်တော် တစ်ပါးဖြစ်ပါတယ်။ (ဝလိ ကုလ်လိ ကောင်မင်န် ဟာဒင်)လူမျိုးနွယ်တိုင်းကို အလင်းပြတဲ့တမန်တော်ဖြစ်တယ် ဆိုပြီးတော့ ထောက်ခံ ထားပါတယ်။

            တမန်တော်မြတ်ကို တစ်ချို့က မယုံကြည်ကြသလို၊ ယုံကြည်တဲ့ မွတ်စလင်မ်ထဲက တချို့ကလည်း အချစ်လွန်ကဲပြီးတော့ အလ္လာဟ်နေရာကို ပို့ထားတဲ့ အလွန်အကျွံ အပြုအမူတွေ ပြုလုပ်တာလည်း ရှိကြပါတယ်။ ဒါတွေကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ စနစ်ဇယားတွေကို စနစ်တကျသေချာစွာ လေ့လာကြပါဆိုပြီးတော့ ဒီစူရာဟ်မှာ ဖော်ပြထားပါတယ်။ နောက်ထပ်ဖော်ပြတဲ့ အာယသ်တော်မှာ သက္ကဒီရ် ဆိုတာ အလ္လာဟ်အရှင်မြတ်ပြဌာန်းထားတဲ့ စနစ်အတွင်းမှာ လူသားတွေရဲ့ လုပ်ဆောင်မှုများကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ အကျိုးရလဒ် ဖြစ်တယ်ဆိုပြီးတော့ တင်ပြထားပါတယ်။

            တခြား တိရိစ္ဆာန်တွေ၊ အရာဝတ္ထုတွေကတော့ သူတို့ဟာ အလ္လာဟ်သတ်မှတ်ထားတဲ့ သက္ကဒီရ်ကို ပြောင်းလဲနိုင်စွမ်း မရှိဘူး။ အလ္လာဟ်အရှင်မြတ်က လူသားတွေကိုလည်း ဘယ်တော့သေရမယ်၊ ဘယ်တော့ အိမ်ထောင်ပြုရမယ်၊ ကလေး ဘယ်နှစ်ယောက်ရမယ်၊ ချမ်းသာမယ်၊ ဆင်းရဲမယ်ဆိုတာ သတ်မှတ်ပြီး လူ့လောကကို စေလွှတ်လိုက်တာ မဟုတ်ပါ။ သက္ကဒီရ် ဆိုတာ နဖူးစာမဟုတ်ပါ။ အလ္လာဟ် သတ်မှတ်ထားတဲ့ စနစ်ဇယားအတွင်းမှာ လူသားဟာ မိမိရဲ့ စွမ်းဆောင်ရည်အလိုက် ရရှိလာတဲ့ အကျိုးရလဒ်တွေကို ခံစားဖို့၊ ဒီစနစ်ဇယားအတွင်းမှာ လူသားဟာ မိမိရဲ့ နဖ်စ်ကို ပါဝါမြင့်အေလ္လာဟ်အရှင်မြတ်က စေလွှတ်လိုက်တာ။ ဒါကြောင့် လူသားရဲ့ သက္ကဒီရ်ဟာ လူသားရဲ့လက်ထဲမှာဘဲ ရှိပါတယ်။  လူသားတစ်ယောက်ဟာ မိမိဘဝကို မိမိကိုယ်တိုင် ပဲ့ကိုင်ထိန်းကျောင်းရတာဖြစ်တယ်။ လူဟာ မိမိကံကြမ္မာရဲ့ အရှင်သခင် ဖြစ်ပါတယ်။

            ဆက်လက်ပြီးတော့ အလ္လာဟ့်ရဲ့ဂုဏ်တော် အများအပြားထဲက အကြွင်းမဲ့သိမြင်တော်မူသောအရှင် (အာလေ မုဂိုက်ဗေ ဝရှ်ရှဟာဒဟ်) ဆိုတဲ့ ဂုဏ်တော်နဲ့ ကြီးကဲမြင့်မားသော ဂုဏ်သိက္ခာနှင့် ပြည့်စုံတော်မူသောအရှင် (ကဘီးရုလ် မွတ်တအာလ်) ဂုဏ်တော်များကို ဖော်ပြထားပါတယ်။ဒီဂုဏ်တော်ရှင် အလ္လာဟ်အရှင်မြတ်ဟာ နေ့မှာဖြစ်စေ၊ ညမှာဘဲဖြစ်စေ၊ အလင်းမှာဘဲဖြစ်စေ၊ အမှောင်မှာဘဲဖြစ်စေ၊ ပုန်းလျှိုးကွယ်လျှိုး ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာဘဲ ဖြစ်စေ၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေတဲ့ ကိစ္စတွေမှာဘဲဖြစ်စေ၊ အလ္လာဟ်ထံပါးမှာ အတူတူဘဲဖြစ်တယ်။ ဘယ်ဟာကိုမှ ဝိုးတိုးဝါးတား မြင်ရတယ်၊ ဘယ်ဟာက မှောင်နေလို့ မသိလိုက်ရဘူး၊ ဘယ်ဟာက အကွယ်မှာမို့လို့ မသိလိုက်ရဘူးဆိုတာ အလ္လာဟ့်မှာ လုံးဝမရှိပါ။ ပြီးတော့ လူသားရဲ့ လုပ်ဆောင်ချက် အကျိုးဆက်ဟာ ဘယ်တော့မှ ပျောက်ပျက်မသွားတဲ့အကြောင်း၊ အကျိုးရလဒ်ဟာ တစ်ချိန်ချိန်မှာတော့ ပြန်လည် ပေါ်ထွန်းလာမည့် အကြောင်းကိုလည်း သတိပေးထားပါတယ်။ 

            လူသားဟာ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးကို ရကိုရမယ်။ ဒါပေမယ့် နောက်ကျကောင်း နောက်ကျလိမ့်မယ်။ ချက်ချင်းဖြစ်ရင်လည်း ဖြစ်လိမ့်မယ်။ ဆိုးတဲ့လုပ်ရပ်ကိုလည်း ချက်ချင်းရရင်လည်းရမယ်။ နောက်ကျပြီးတော့မှ ကိုယ်မေ့နေတဲ့အချိန်မှ ပြန်လည်ပေါ်ထွန်းလာတာလည်း ဖြစ်နိုင်တယ်။ ဒီဟာတွေကို ကျမ်းတော်မြတ်ကုရ်အာန်မှာ ဖော်ပြထားခြင်းဟာ တချို့လူတွေအတွက် မျှော်လင့်ချက်တွေ ဖြစ်စေပြီးတော့၊ တချို့လူတွေအတွက် စိုးရိမ် ထိတ်လန့်မှုတွေ ဖြစ်စေတယ်။ ဒါကို အလ္လာဟ်အရှင်မြတ်က ဘာနဲ့ ပမာပြထားသလဲဆိုတော့ လျှပ်ပြက်ခြင်း၊ မိုးခြိမ်းသံ ဖြစ်ပေါ်ခြင်းတွေနဲ့ ကျွန်တော်တို့ကို ပမာပြထားပါတယ်။ ဒါကြောင့် ဒီကဏ္ဍကို မိုးခြိမ်းသံကဏ္ဍ စူရာဟ် ရအ်ဒ် ဆိုပြီးတော့ ပေးထားတာပါ။ အဲ့ဒါက ပြီးခဲ့တဲ့ ခွတ္တဗာဟ်မှာ ကျွန်တော်တို့ လေ့လာခဲ့ကြတဲ့ စူရာဟ် ၁၃ ရဲ့ အာယသ်တော် ၁၃ ပါး အထိဖြစ်ပါတယ်။

            အခုလာမယ့် အာယသ်တော် ၁၄ ကို ဆက်လက်လေ့လာ တင်ပြပါမယ်။ ဒီအာယသ်တော်က ဒုအာရဲ့ သဘောတရားကို ရှင်းပြထားတာပါ။ ကျွန်တော်တို့ ငယ်စဉ်ကတော့ လျှပ်စီးတွေလက်၊ မိုးကြိုးတွေပစ်ရင် ကျွန်တော်တို့ ဖတ်ရွတ်တဲ့ ဒုအာရှိတယ်။ အဲ့ဒီ ဒုအာကို ကျွန်တော်ငယ်ငယ်က ဘာမှန်းညာမှန်း မသိဘဲ ဆိုခဲ့တယ်။ ဆိုပြီးတော့ စိတ်ထဲမှာ နဲနဲတော့ စိတ်သက်သာရသွားတာပေါ့။ ဒီဒုအာက စူရာဟ် ၂၁ ၊ အာယသ်တော် ၈၇ (လားအိလားဟ၊  အိလ္လာဟ် အန်န်သ၊ ဆွဗ်ဟာနက၊ အင်းန်နိ ကွန်သု၊ မီနပ်ဇ် ဇွါလေမီနန်) “ အို…အလ္လာဟ်၊ အလ္လာဟ်ကလွဲပြီး ကျွန်တော်တို့မှာ ကိုးကွယ် အားထားရာမရှိပါဘူး၊  အလ္လာဟ်ရဲ့ စနစ်ဇယား တွေဟာဘယ်လိုချွတ်ယွင်းချက်မှ မရှိပါဘူး။ (ဒီစနစ်ဇယားအတွင်း ဝင်ရောက်သွားမယ်ဆိုရင်၊ ဒီစနစ်ဇယားရဲ့ အကျိုးသက်ရောက်မှုကို ကျွန်တော်တို့ခံစားရမှာ မုချဘဲဖြစ်တယ်) ဧကန်မုချ ကျွန်တော်တို့သည် လွဲမှားချွတ်ချော်သူတွေထဲမှာ အပါအဝင်ဖြစ်ပါတယ် ” အလ္လာဟ်ရဲ့ စနစ်ဇယားတွေ ရှိတယ်နော်။ ဒီစနစ်ဇယားတွေကို နားမလည်ဘဲနဲ့ ဆိုးကျိုးဖြစ်စေမယ့် စနစ်တစ်ခုထဲကို ကျွန်တော်တို့ရောက်သွားရင် ကျွန်တော်တို့ ဆိုးကျိုးတွေ ခံစားရလိမ့်မယ်။ဆိုးကျိုးဖြစ်စေတဲ့ စနစ်ဇယားထဲ ရောက်ရှိသွားခြင်းဟာ ကျွန်တော်တို့ရဲ့ လွဲမှားမှုပါပဲ။ ဒီဒုအာကို ရွတ်ဆိုပြီး မိုးကြိုးစက်ကွင်းနဲ့ မလွတ်တဲ့နေရာမှာ သွားရပ်နေရင် မိုးကြိုးပစ်ခံရဖို့ အလ္လာဟ် အလိုရှိတဲ့လူ ဖြစ်သွားလိမ့်မယ်။

            ကျွန်တော်တို့က မိုးကြိုးပစ်နေတဲ့အချိန်၊ လျှပ်စီးလက်နေတဲ့အချိန်မှာ ကျွန်တော်တို့က ဒုအာ လုပ်နေကြတာ။ ဒုအာဆိုတာ ဘာလဲ။ တစ်ခုခုကို ရယူဖို့ တောင်းခံတာ။ ဘေးအန္တရာယ်မှ လွတ်ကင်းအောင် အလ္လာဟ်ဆီမှာ တောင်းခံတာ။ တစ်နည်းအားဖြင့် ဘာလဲဆိုရင် ဒီဟာက အဓိဌာန်တစ်ခုလည်း ဖြစ်တယ်။ မိမိလိုချင်တာ ရယူဖို့ အဓိဌာန်ပြုလိုက်တာ ဖြစ်တယ်။ ဘယ်သူဆီမှာ ဒုအာလုပ်ရမှာလဲ။ ဘယ်သူ့ဆီမှာ အဓိဌာန်ပြုရမှာလဲဆိုတာ အာယသ်တော် ၁၄ မှာ ဖော်ပြထား ပါတယ်။

            ဘယ်လိုဖော်ပြထားသလဲဆိုရင် – “ အလ္လာဟ်ထံ၌ ဆုတောင်းခြင်းသည်သာ မှန်ကန်၏။ အရှင့်အား ဘက်ပြိုင်လျှက် သူတို့ဆုတောင်းနေသော အရာများသည် စိုးစဉ်းမျှ ကောင်းကျိုးပေးနိုင်မည် မဟုတ်ချေ။ ၎င်းတို့၏ ဥပမာကား ရေရှိရာဘက်သို့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပါးစပ်ထဲသို့ရေရောက်ရှိရန် တောင်းခံသူများနှင့် ပမာတူ၏။ ရေ ကား ပါးစပ်ထဲသို့ ရောက်လာမည်မဟုတ်ပေ။ ငြင်းဆန်သွေဖည်သူတို့၏ ဆုတောင်းကား လွဲမှားမှု၌သာ ရှိနေပေ၏ ” (၁၃း၁၄)

            ရေရှိရာဖက်ကိုလက်ဖြန့်ပြီး ရေသောက်ချင်တယ်လို့ ဆုတောင်းရင်၊ အဓိဌာန်ပြုရင် ပါးစပ်ထဲကို ရေရောက်မလား။  သေချာတယ် လုံးဝမရောက်ဘူး။ ဒါပေမယ့် အဓိဌာန်ပြုပြီး ရေပေါ်လမ်းလျှောက်သွားတာ၊ မိုးပေါ်ပံျသွားတာ၊ မြေလျှိုးသွားတာ၊ စသည် စသည်ဖြင့် ပုံပြင်ဒဏ္ဍာရီတွေကို ကျွန်တော်တို့ ကြားဖူးထားပါတယ်။ ပုံပြင်ကို ပုံပြင်လို့ဘဲ ကျွန်တော်တို့ နားလည်ထားကြပါ။ လက်တွေ့ဘဝထဲကိုတော့ ယူမလာခဲ့ပါနဲ့။ ရေဆာရင် “ အို…အလ္လာဟ် ကျွန်တော်တို့ကို ရေကောင်း ရေသန့်ပေးပါ။ ရေရှိရာဘက်ကို လမ်းညွှန်ပေးပါလို့ ဆုတောင်းပါ၊ ပြီးရင် ရပ်မနေနဲ့၊ ပါးစပ်ထဲကို ရေရောက်လာမှာ မဟုတ်ဘူး၊ ရေရှိရာကို သွားပြီး ခပ်သောက်ရမယ်၊ ဒုအာဆိုတာ အဓိဌာန်ပြုလိုက်တာ။ မိမိရဲ့စိတ်ကို စွမ်းအားမြှင့်တင်လိုက်တာ။ ရေဆာနေတယ်၊ ရေကိုမတွေ့ရသေး၊ တွေ့ကိုတွေ့ရမယ်၊ အလ္လာဟ်ဆီမှာ ဒုအာတောင်းထားတယ်။ အဲဒီလို မိမိရဲ့ စိတ်စွမ်းအားကို မြှင့်တင်လိုက်တာ။ လုပ်ငန်းတစ်ခုကို အောင်မြင်ချင်ရင်လည်း ဒုအာလုပ်ပြီးတော့ ထိုင်နေရင်ရမလား။ မရဘူး။ အဲ့ဒီလုပ်ငန်းအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို လေ့လာရှာဖွေပြီး လက်တွေ့ဆောင်ရွက်၊ အဲ့ဒီလို ဆောင်ရွက်ရင် အခက်အခဲတွေ့လည်း ငါဒုအာတောင်းထားတယ်၊ တစ်နေ့ကျရင်တော့ ဒီအခက်အခဲတွေကနေ လွတ်မြောက်နိုင်စွမ်းရှိရမယ်ဆိုတဲ့ စိတ်စွမ်းအား ကိုယ့်ဆီမှာဖြစ်လာမယ်။ အို…အလ္လာဟ် ကျွန်တော့်အခက်အခဲတွေ ပြေလည်အောင်လုပ်ပါ ” ဆိုပြီး အိမ်ထဲမှာပဲ ထိုင်နေ၊ အိပ်နေပြီး ဒုအာပဲ လုပ်နေရင် အခက်အခဲက ပြေလည်ဖို့ မရှိဘူး။

            ကိုယ်တိုင်လုပ်ဆောင်မှ၊ ကိုယ်တိုင်အားထုတ်တာနဲ့ အလ္လာဟ်ထံက အကူအညီရောက်လာမယ်။ ကိုယ်တိုင် အားထုတ်မှုမရှိရင် အလ္လာဟ်ဘက်ကလည်း အကူအညီ ရောက်လာဖို့မရှိဘူး။ ဘာမှလည်း ဖြစ်လာဖို့ မရှိဘူး။ ဒါဟာ အလ္လာဟ် ချမှတ်ထားတဲ့ စနစ်ဇယားဖြစ်တယ်။ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီစနစ်ဇယားကို ရှိရှိသမျှ အရာအားလုံးလိုက်နာနေရတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၃း၁၅ မှာ ဘယ်လိုပြောထားလဲ ဆိုရင်  “မြေကမ္ဘာ နှင့် စကြာဝဠာအတွင်း ရှိရှိသမျှ အရာအားလုံးသည် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အလ္လာဟ် အရှင်၏ စနစ်ကို လိုက်နာနေရပေသည်။ နေတက်ချိန်နှင့် နေကျချိန် အရိပ်များလည်း အပါအဝင်ဖြစ်၏။ ” ကမ္ဘာနှင့် စကြာဝဠာမှ ရှိရှိသမျှ အရာအားလုံး၊ အရိပ်များအပါအဝင် အလ္လာဟ်၏ စနစ်ဇယားအတိုင်း ရပ်တည်လှုပ်ရှားနေကြရပါတယ်။ ဒီစနစ်ဇယားတွေကို ကျွန်တော်တို့က သေသေချာချာသိအောင် လေ့လာဖို့ အလ္လာဟ်အရှင်မြတ်က ဒီအကြောင်းတွေကို ပြောပြနေတာပါ။

            အလ္လာဟ်ရဲ့စနစ်ဇယားကို ကျွန်တော်တို့ နားလည်သဘောပေါက်ပါမှ အလ္လာဟ်ရဲ့စနစ်အတိုင်း လိုက်နာကျင့်သုံး ပြီးတော့ ကျွန်တော်တို့ရဲ့ ဘဝတွေကို တိုးတက်မြင့်မားအောင် ဆောင်ရွက်နိုင်စွမ်းရှိမယ်။ အရိပ်အကြောင်းကို အလ္လာဟ်အရှင်မြတ်က ပြောထားတယ်။ အရိပ်ကိုလေ့လာတဲ့သူတွေကြောင့် ဓါတ်ပုံပညာရပ်တွေ၊ ရုပ်ရှင်၊ ဗွီဒီယို မှတ်တမ်း ပညာရပ်တွေ ပေါ်ပေါက်လာခဲ့တယ်။ အလ္လာဟ်က ပြောထားတယ်။ ရှိရှိသမျှ အရာအားလုံးဟာ အလ္လာဟ်အမိန့်ကို နာခံနေကြ ရတယ်ဆိုတာကို လူတွေက အမှုမဲ့၊ အမှတ်မဲ့၊ ဒါက သဘာဝအတိုင်းဖြစ်တာလေ၊ မိုးရွာတာ သဘာဝအတိုင်းဖြစ်နေတာလေ၊ မြင့်ရာကနေ နိမ့်ရာကို စီးဆင်းတဲ့ရေတွေဟာ သူ့သဘာဝအတိုင်းဘဲလေလို့ လျစ်လျူရှုထားကြလေ့ရှိတယ်။ ဒါက  အခုခေတ်မှ မဟုတ်ပါ။ ဟိုး တမန်တော် အီဗရာဟင်မ်(AS)လက်ထက် ဘုရင်တစ်ပါးကလည်း ဒီလိုဘဲ ထင်ခဲ့တယ်။ အလ္လာဟ်က သေစေ၊ ရှင်စေတော်မူသော အရှင်ဖြစ်တယ်ဆိုတော့  ငါလည်း ဘုရင်တစ်ပါးဖြစ်တယ်။ ငါလည်း သေစေ၊ ရှင်စေနိုင်တယ်လို့ ပြောခဲ့တယ်။ ဒီတော့ တမန်တော် အီဗရာဟင်မ်(AS)က အလ္လာဟ်အရှင်မြတ်သည် နေကို အရှေ့အရပ်မှ ထွက်စေတော်မူပြီး၊ အနောက်အရပ်သို့ ဝင်စေတော်မူတယ်လို့ ပြောလိုက်တော့ ဒါက ဒီဘုရင်တစ်ခါမှ မစဉ်းစားခဲ့မိတဲ့ အကြောင်းအရာ ဖြစ်သွားတယ်။ ဒါက သဘာဝလို့ဘဲ ထင်ခဲ့တာ၊ သူအံ့သြသွားခဲ့တယ်။ ကျွန်တော်တို့ လူတွေတော်တော်များများမှာလည်း ဒီလိုအတွေးတွေ ရှိနေတယ်။ ရေက မြင့်ရာကနေ နိမ့်ရာကို စီးဆင်း နေတယ်။ နေက နေ့စဉ်အရှေ့က ထွက်နေတာ၊ အနောက်ဘက်ကို ဝင်နေတာ။ ဒီလိုတွေဖြစ်အောင် ဘယ်သူက လုပ်ဆောင် နေတာလဲ။ ဘယ်သူ့စနစ်ဇယားလဲဆိုတာကို စဉ်းစားဆင်ခြင်တဲ့အတွေး ကျွန်တော်တို့ဆီမှာမရှိဘူး။

            ဒီစူရာဟ် ၁၃ ၊ အာယသ်တော် ၁၅ ကို ပညာရှင်တွေကစဂျ်ဒါ အာယသ် လို့ သတ်မှတ်ထားပါတယ်။ ကြားတဲ့သူရော၊ ဖတ်တဲ့သူရော စဂျ်ဒါ ချရမယ်လို့ သတ်မှတ်ထားပါတယ်။ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ အရာအားလုံးဟာ  စဂျ်ဒါ မှာရှိနေတယ်။ ကျွန်တော်တို့က အလ္လာဟ်အမိန့်ကို နှစ်သက်လိုက်နာပါတယ်ဆိုတာ ပြချင်လို့ဒီအာယသ်တော်ကို ဖတ်လိုက်၊ ကြားလိုက်တာနဲ့ နဖူးနဲ့ကြမ်းပြင်အပ်လိုက်တယ်။ စဂျ်ဒါ လုပ်လို့ ပြီးသွားပြီလား။ ဒီလောက်လေး မဟုတ်ဘူး။ အလ္လာဟ် ပြောနေတာက ဒီလို အယူအဆ ကျဉ်းကျဉ်းလေးမဟုတ်ဘူး။ ဘယ်လို စဂျ်ဒါ လုပ်ရမလဲဆိုတာကို သေချာ လေ့လာ ကြည့်သင့်တယ်။ ဒီအာယသ်တော်က ကျွန်တော်တို့ကို အသိတွေ နှိုးဆွပေးနေတာ၊ စဉ်းစားဖို့ ပြောနေတာ၊ ကျွန်တော်တို့က မစဉ်းစားချင်ကြဘူး။

            ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၃း၁၆ ကို ဆက်လက် တင်ပြရမယ်ဆိုရင် “ စကြာဝဠာများနှင့် မြေကမ္ဘာ၏ ပြုစုပျိုးထောင်ရှင်ကား မည်သူနည်းဟု မေးပြီး အလ္လာဟ်ဖြစ်သည်ဟု ဖြေကြားလော့၊ သင်လူသားတို့က မိမိတို့အား ကောင်းကျိုး ဆိုးကျိုး မပေးနိုင်သူများကို အဆွေခင်ပွန်း အဖြစ် မှတ်ယူကြမည်လောဟု မေးကြည့်ဦးလော့ ”

            တမန်တော်မြတ် (saw)ကို အလ္လာဟ်က လူသားတွေကို မေးခိုင်းတာ။ စကြာဝဠာများနှင့် မြေကမ္ဘာ၏ ပြုစုပျိုးထောင်ရှင် ဘယ်သူလဲလို့ မေးခိုင်းပြီး တမန်တော်ကို ဖြေခိုင်းပြတာက စကြာဝဠာ နှင့် ကမ္ဘာဂြိုလ်ကို ပြုစုပျိုးထောင်ရှင်ကား အလ္လာဟ်သာလျှင် ဖြစ်ပါတယ်လို့ ဖြေခိုင်းပါတယ်။ အလ္လာဟ်ကလွဲပြီး ဘယ်သူမှ ကောင်းကျိုး ဆိုးကျိုးဖြစ်စေနိုင်တာ မဟုတ်ဘူးလို့ သတိပေးထားတာပါ။ လူတွေက ကောင်းကျိုး၊ ဆိုးကျိုးမပြုနိုင်တဲ့သူတွေကို (ဝလီ၊ အောင်လီယာ) အဆွေခင်ပွန်း တွေအဖြစ် မှတ်ယုူနေကြတယ်။ ကျွန်တော်တို့ (လားအိလားဟ၊ အစ်လ်လလ်လာဟ်) အလ္လာဟ်အရှင်မှတစ်ပါး အခြား အားထားကိုးကွယ်ရာ အရှင်ဆိုပြီး ခံယူထားပေမယ့်၊ ဝလီအောင်လီယာတွေဟာ အလ္လာဟ်ရဲ့ အချစ်တော်တွေ ဖြစ်တယ်။ အခက်အခဲ တစ်စုံတစ်ရာဖြစ်ရင် သူတို့က တဆင့် ပြေလည်အောင် ဖြေရှင်းဖို့ လုပ်ကြတယ်။ ကိုယ်တိုင် အလ္လာဟ်ထံမှာ ဒုအာတောင်းဖို့နဲ့၊ အခက်အခဲကနေ လွတ်မြောက်အောင် ကိုယ်တိုင် ကြိုးစားချင်စိတ်မရှိကြဘူး။ ဒီလိုမျိုး အပြုအမူကို အလ္လာဟ်အရှင်မြတ်က လုံးဝမနှစ်သက်ပါ။

            အလ္လာဟ်အရှင်မြတ်က လူသားတိုင်းကို စွမ်းအားပေးထားပြီး ဖြစ်ပါတယ်။ မိမိမှာ စွမ်းအားရှိရဲ့သားနဲ့ မိမိလိုလူသား တစ်ယောက်ဆီမှာ သွားပြီး တောင်းခံနေတာဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ ပြောနေတာပါ။ ဒီအပြုအမူတွေကြောင့်  လူသားတွေရဲ့ နဖ်စ်(အရည်အသွေး)တွေဟာ ဂျန္နသ်နဲ့ မထိုက်တန်တဲ့ နဖ်စ်တွေ ဖြစ်သွားလိမ့်မယ်လို့ သတိပေးနေတာပါ။ ဒီအာယသ်တော် ၁၃း၁၆ မှာ ဆက်လက်ပြီး မေးခွန်းထုတ်ထားတာက “ကန်းနေသူနှင့် မြင်နိုင်သူသည် အတူတူ ဖြစ်နိုင်ပါ့မလား။ အလင်းနှင့်အမှောင်သည် ထပ်တူဖြစ်နိုင်ပါသလား။ သူတို့သည် အလ္လာဟ်နှင့်ရောပြွန်းကိုးကွယ်ရန် လုပ်ဆောင်နေကြသလော။ ၎င်းတို့၏ ကိုးကွယ်ခံများသည် အလ္လာအရှင်မြတ်ကဲ့သို့ ဖြစ်ထွန်းပေါ်ပေါက်စေနိုင်ပါသလောဟု မေးမြန်းဦးလော့။ အလ္လာအရှင်မြတ် သည်သာ (ခါလိကူ ကုလိရှှိုင်းအင်)ခပ်သိမ်းကုန်အား ဖြစ်တည်ပေးတော်မူသော အရှင်၊ (ဝါဟိဒုလ် ကဟ်ဟာရ်) နိုင်နင်းလွှမ်းမိုးနိုင်သည့် တစ်ပါးတည်းသော အရှင်ဖြစ်တော်မူ၏ ဟု ပြောကြားပါလေ။

            အပေါ်က အာယသ်တော်တွေမှာ အလ္လာဟ်ရှိကြောင်း သက်သေလက္ခဏာတော်တွေကို ပြောပြထားပြီး၊ ဒီသက်သေ လက္ခဏာတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့တဓူဝ မြင်နေရတဲ့ နေ၊ လ၊ နေ့၊ ည၊ သစ်ပင် ပန်းမာလ်၊ တောတောင် ရေမြေတွေ ဖြစ်ပါတယ်။ အဲဒါတွေကို မြင်နေရပါလျက်နှင့် အလ္လာဟ်ကို မယုံကြည်ဘူးဆိုတဲ့ သူတွေဟာ မျက်စေ့မြင်နေရ ပါလျက် ကန်းနေတဲ့သူတွေ ဖြစ်တယ်လို့ ပြောတာပါ။ ကန်းနေသူနဲ့ မြင်သူတူပါ့မလားလို့ မေးခွန်းမေးနေတာပါ။ ဒီလို မေးခွန်းတွေက အမေးခံရတဲ့ သူတွေရဲ့ စိတ်ကို စူးစမ်းလေ့လာချင်စိတ်တွေ ပေါ်ပေါက်စေပါတယ်။ ဒီနေရာမှာ ကန်းသူလို့ပြောတာက ကိုယ်အင်္ဂါချို့တဲ့နေတဲ့ မျက်မမြင်တွေကိုပြောနေတာမဟုတ်ပါဘူး။ ဥပမာ ဖန်ခွက်တစ်ခုကို မြင်တဲ့သူတစ်ယောက်က ဖန်ခွက်ဆိုတာ ရေ (သို့မဟုတ်) အရည်တစ်ခုခု တည့်သောက်လို့ရတယ်ဆိုတာလောက်ဘဲ သိတဲ့လူနဲ့၊ ဖန်ဆိုတာ သဲကနေဖြစ်လာတာ၊ ဒီလိုဖန်နဲ့ သောက်စရာခွက်အဖြစ်သာမက စားသောက်စရာ ပန်းကန်၊ ခွက်ယောက်တွေ စားပွဲတွေ၊ ကြမ်းခင်းတွေ လုပ်လို့ရပါတယ်လို့ သိမြင်တဲ့လူ အတူတူ ဖြစ်နိုင်ပါ့မလား။

            ဒီအာယသ်မှာ (အအ်မား) နဲ့ (ဗစွီးရ်) ကို ခွဲခြားပြထားတာပါ။ ဒီအာယသ်တော်မှာ ပြောထားတဲ့ (အအ်မား) အကန်း ဆိုတာက မြင်တာကို မြင်ထားတဲ့အတိုင်းမှာတင် ရပ်နေတာ၊ ဆက်ပြီး မတွေးတော့ဘူး။ (ဗစွီးရ်) ဆိုတာက တွေးခေါ် မြော်မြင်စဉ်းစား ဆင်ခြင်ပြီး အဆုံးထိ မြင်တတ်သွားတာကို ပြောတာ။ အထောက်အထားနဲ့  မြင်သွားတာ။ ကျွန်တော်တို့ကို စဉ်းစားပါ၊ စဉ်းစားပါ ဆိုပြီးတော့ ဒီအာယသ်တော်တွေက ပြောဆိုနေတာဖြစ်တယ်။ တမန်တော် ဆူလိုင်မန်(AS) လက်ထက်မှာ ရှီဗာဘုရင်မ ကို ဆူလိုင်မန်(AS) က သူရဲ့နန်းတော်ကို ဖိတ်ခေါ်ခဲ့တယ်။ ဧည့်သည်တော် ရှီဗာဘုရင်မက နန်းတော်ကို လာတဲ့အချိန်မှာ နန်းတော်ရဲ့ကြမ်းခင်းက  ဖန်သားပြင်ရဲ့အောက်မှာ ရေပြင်ကြီးလုပ်ထားတာ တွေ့ပါတယ်။ ဒါပေမယ့် ဘုရင်မဟာ ဖန်သားပြင်ကို သတိမမူမိဘဲ ရေပြင်ကြီး ဆိုပြီး သူဝတ်ဆင်ထားတဲ့ ချပ်ဝတ်ကို မ ပြီးမှ ခြေလှမ်းခဲ့တယ်။ ဒီလို ထင်ယောင်ထင်မှား ဖြစ်သွားတာဟာ ရှီဗာဘုရင်မအတွက် စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ ဘုရင်မဟာ နေတို့လတို့ကို ကိုးကွယ်သူ ဖြစ်တယ်။ သူတို့အတွက် နေဟာ အကြီးအကျယ်ဆုံးဘဲ၊ အမှန်လည်းဘဲ ကျွန်တော်တို့ရနေတဲ့ စွမ်းအင်တွေ မှန်သမျှဟာ နေ က နေ ရနေတာဖြစ်တယ်။ ဒါပေမယ့် ဒီနေကို ပြုစုပျိုးထောင်ရှင်ရှိတယ်။ ဒီနေကို ဖြစ်ပေါ်စေတဲ့ အရှင်ရှိတယ်ဆိုတာ ရှီဗာဘုရင်မ မတွေးနိုင်ဘူး။ ဒီဖြစ်ရပ်ကြောင့် မြင်တွေ့တဲ့အရာတိုင်းဟာ ပကတိ အမှန်တရား မဖြစ်နိုင်ဘူး။ သေသေချာချာ စဉ်းစားဖို့လိုတယ်။ ရှီဗာဘုရင်မကလည်း ဉာဏ်ပညာရှိ ဘုရင်မတစ်ပါးဖြစ်တာနဲ့အညီ နောက်ဆုံးမှာ သူတို့ကိုးကွယ်တဲ့ နေ၊ လ၊ နက္ခတ်တာရာတွေကို ဖြစ်ထွန်းပေါ်ပေါက်စေတော်မူသောအရှင် အလ္လာဟ့်ကို ယုံကြည်လက်ခံ သွားခဲ့တယ်။ အဲ့ဒီလို တွေးခေါ်စဉ်းစားနိုင်ပါမှ အလ္လာဟ်အရှင်မြတ်ဟာ (ဝါဟိဒုလ် ကဟ်ဟာရ်) နိုင်နင်းလွှမ်းမိုးနိုင်စွမ်းရှိသော တစ်ပါးတည်းသော အရှင်ဖြစ်တော်မူတယ်ဆိုတာ လက်ခံနိုင်ပါလိမ့်မယ်။

            အလ္လာဟ်ကို လက်ခံယုံကြည်ဖို့ဆိုတာက အလ္လာဟ်က တမန်တော်တိုင်းကို စေလွှတ်ပြီး သောင်ဟီးဒ် ကို ကြေညာခဲ့တာဖြစ်တယ်။ သောင်ဟီးဒ် ဆိုတာက ကမ္ဘာပေါ်ရှိ အရာအားလုံးထဲမှာ လူသားဟာ စွမ်းရည်အမြင့်ဆုံး ဖြစ်တယ်။ အဲ့ဒီလူသားကို ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ အရှင်ဟာ အလ္လာဟ်ဖြစ်တယ် ဆိုတဲ့ သဘောတရားပါ။ အခု ဒီအာယသ်တော် မှာလည်း အမျိုးမျိုးသော သက်သေလက္ခဏာတွေ ပြပြီး၊ အလ္လာဟ်တစ်ပါးတည်းရှိတယ်ဆိုတာ ယုံကြည်ဖို့ ပြောနေတယ် ဆိုတာ ဘာလို့လဲ။ အလ္လာဟ်ကို ကျွန်တော်တို့ ရှိခိုး ပူဇော်ပသဖို့လား ဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ဒီလို သောင်ဟီးဒ်ကို လက်ခံနိုင်မှ၊ အလ္လာဟ်တစ်ပါးတည်း ရှိတယ်ဆိုမှ တစ်ခြားဟာတွေက စွမ်းအားမရှိဘူး၊ အလ္လာဟ်မှာဘဲ စွမ်းအားရှိတယ်၊ ငါတို့လူသားတွေမှာ အလ္လာဟ်ပေးထားတဲ့ စွမ်းအားကိုယ်စီရှိကြတယ်။ ငါတို့ ကိုးကွယ်အားထားရာ အရှင်မြတ်က အလ္လာဟ်ဘဲ ဖြစ်တယ်။ ကျန်တာတွေက ငါတို့လို ဖြစ်ထွန်းခံ(ဖန်ဆင်းခံ)တွေဘဲ ဖြစ်တယ်ဆိုတဲ့ အသိတွေ ကျွန်တော်တို့ရလာရင် ကျွန်တော်တို့ရဲ့ ဘဝတွေဟာ တိုးတက်လာပြီး၊ နဖ်စ် ရဲ့ အရည်အသွေးတွေ မြင့်မားလာမယ်။ နဖ်စ် ရဲ့အရည်အသွေးမြင့်မားမှ ကျွန်တော်တို့ ဂျန္နသ်ကို ရောက်မှာနော်။ ဒီလောကထက် အဆင့်မြင့်တဲ့ ဂျန္နသ်ကို ရောက်မှာပါ။

`          ဆက်လက်ပြီး စူရာဟ် ၁၃ ၊ အာယသ် ၁၇ မှာ ထင်ပေါ်ကျော်ကြားမှုအတွက် ဆောင်ရွက်သူနှင့် လောကကို အမှန်တကယ် အကျိုးပြုနေတဲ့သူတွေနဲ့ ပတ်သက်ပြီး အင်မတန် ရှင်းလင်းလှပတဲ့ ဥပမာတစ်ခုနဲ့ဖော်ပြထားပါတယ်။  “အလ္လာဟ် အရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေပြီး တောင်ကြားလွင်ပြင်များ၌ ရေကို သတ်မှတ်ထားသည့် စံချိန်အတိုင်းစီးဆင်းစေ၏။ ၎င်းရေစီးသည် ထင်ရှားပေါ်လွင်သော ရေမြှုပ်များကို ဖြစ်စေ၏။ လက်ဝတ်ရတနာများ (သို့မဟုတ်) အဖိုးတန် အသုံးအဆောင်များ ပြုလုပ်ရန် ပစ္စည်းများကို မီးဖြင့်ဖုတ်သောအခါ၌လည်း အလားတူ အမြှုပ်များ၊ ချေးများ ထွက်လာ၏။ ဤသို့ဖြင့် အလ္လာဟ်အရှင်မြတ်သည် အမှန်နှင့်အမှားကို ပုံဆောင်ပြ၏။ အမြှုပ်များ၊ချေးများသည်ကား အသုံးမကျသော အရာများအဖြစ် ပျောက်ကွယ်သွားကြလေတော့သည်။ လူသားတို့အတွက် အကျိုးရှိရာများ သည်သာ ကမ္ဘာမြေပေါ်၌ ရေရှည်တည်တံ့နေပေသတည်း။ ” ရေမြှုပ်တွေ၊ ချေးတွေဟာ အင်မတန် ထင်ရှားပေါ်လွင်ပေမယ့်ခဏလေးသာ တည်တံ့ပါတယ်။ တန်ဖိုးရှိတဲ့ ရွှေတွေ၊ ရတနာတွေကသာ ရေရှည်တည်တံ့ ခိုင်မြဲနေမှာဖြစ်တယ်။

            ဒီလိုဘဲ အမှားလုပ်တဲ့ သြဇာကြီးမားတဲ့ မသမာသူများဟာ ထင်ရှားကြော်ကြားလှပေမယ့် ရေရှည်မခံဘဲ၊ အမြှုပ်များ၊ ချေးများကဲ့သို့ ခဏတာအတွင်းမှာ ပျောက်ကွယ်သွားရတယ်။ အမှန် သစ္စာတရားကို စောင့်ထိန်းကာကွယ်သူတွေဟာ အခက်အခဲ အကြပ်အတည်း များနှင့် ဖုံးကွယ်ခံထားရပြီး သူတို့ရဲ့ လုပ်ရပ်ရဲ့ အကျိုးကျေးဇူးဟာ အဖိုးတန်ရတနာများကဲ့သို့ ရေရှည်တည်တံ့ ခိုင်မြဲပါတယ်။ ဒီစနစ်ဇယားကို လက်ခံသူနဲ့ လက်မခံသူတွေရဲ့ ရလဒ်ကို အာယသ်တော် ၁၈ မှာ အခုလို ဖော်ပြထားပါတယ်။ “မိမိရဲ့ ပြုစုပျိုးထောင်ရှင်ကို အရေးတယူ တုန့်ပြန်သူတို့အတွက် (ဟုစနာ)ကောင်းမွန်လှပေ၏။ ထိုအရှင်အား အရေးတယူမရှိသူတို့အတွက်  ကမ္ဘာမြေပြင်တွင် ၎င်းတို့ပိုင်ဆိုင်သမျှနှင့် ညီတူညီမျှရှိသော လျော်ကြေးပေး သော်လည်း ယင်းတို့၏ စာရင်းချုပ်သည် အကုသိုလ်ပင် ဖြစ်၏ ၊ ၎င်းတို့၏ နေရာဌာနကား ငရဲဘုံပင်ဖြစ်လေသတည်း။ ”

            အာယသ်တော် ၁၉ မှာ ဖော်ပြထားတာက “သင်၏ ပြုစုပျိုးထောင်ရှင်ထံမှ ချမှတ်ပေးသော စည်းစနစ်သည်သာ သစ္စာတရားဟု သိသောသူသည် ကန်းနေသူကဲ့သို့ ဖြစ်နိုင်ပါမည်လော။ စင်စစ် အသိဉာဏ်ရှိသူများသည်သာ သင်ခန်းစားရယူ နိုင်ကြပေသတည်း။” ကောင်းမှုလုပ်တဲ့လူတွေရဲ့ အရည်အသွေးတွေကို အာယသ်တော် ၂၀ နဲ့ ၂၁ မှာ ဆက်ပြီး ဖော်ပြထားတာက “သူတို့သည် အလ္လာဟ်ခွင့်ပြုထားသော ကတိသစ္စာကို ဖြည့်ဆည်းကြ၏၊ ပဋိဉာဏ်ကို ချိုးဖောက်မုှ မရှိကြ”

            ကျွန်တော်တို့အားလုံး အလ္လာဟ်နဲ့ ကတိသစ္စာပြုထားကြပါတယ်။ “လားအိလားဟ၊ အစ်လ်လာလ်လာဟ်၊ မုဟမ္မဒ်ဒူရ် ရစူလ်လုလ္လာဟ်” ကျွန်တော်တို့က အလ္လာဟ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာမရှိလို့ ပြောပြီး အလ္လာဟ်နဲ့တွဲဖက် ယှဉ်တွဲထားတဲ့ အရာတွေကို အားကိုးအားထားပြုနေကြပါတယ်။ တမန်တော် မုဟမ္မဒ်(saw) ဟာ အလ္လာဟ်ရဲ့ တမန်တော်ဖြစ်တယ်လို့ ပြောပြီးတော့ တခါတခါ အလ္လာဟ်နဲ့ တန်းတူ နေရာပေးကြတယ်။ (အလ်ကုရ်အာန် ဟူဒလ်လီန် နပ်စ်) ကုရ်အာန်သည်  လူသားခပ်သိမ်းအတွက် လမ်းညွှန်ဖြစ်တယ်လို့ပြောပြီး ကုရ်အာန်က မွတ်စလင်တွေနဲ့ဘဲဆိုင်တယ်။ ကုရ်အာန်က မကောင်းမှု လုပ်တဲ့လူတွေအကြောင်းပြောရင် မွတ်စလင်မ်တွေမဟုတ်ဘူး၊ အဲ့ဒါ ကာဖိရ်၊ မုရှရိက်တွေ။ ကုရ်အာန်က ကောင်းတဲ့လူတွေ အကြောင်းပြောရင် အဲ့ဒါ ငါတို့မွတ်စလင်မ်တွေကို ပြောတာလို့ မှတ်ယူကြတယ်။ ကုရ်အာန်ရဲ့ အနှစ်သာရတွေကို အခြားသူ တွေကို တင်ပြဖို့ အခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကုရ်အာန်ရဲ့ အနှစ်သာရတွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ မလုပ်ဆောင်ကြဘူး။

            အဲ့ဒါ အလ္လာဟ်နဲ့ ပဋိဉာဉ်ကို ချိုးဖောက်နေကြတာ။ ဆက်လက်ပြီး အာယသ်တော် ၁၃း၂၁ မှာ “သူတို့သည် အလ္လာဟ် ချမှတ်ထားသည့် စည်းကမ်းအတိုင်း ပူးပေါင်းဆောင်ရွက်ကြကုန်၏။ အလ္လာဟ်စည်းမျဉ်းများကို ချိုးဖေါက်မိမည်ကို စိုးရိမ်ကြောက်ရွံ့ကြ၏။ မကောင်းမှု ရလဒ်ကို စိုးရိမ်ထိတ်လန့်ကြလေသတည်း။” ဒါက ဟုစနာ ဖြစ်မယ့် လူတွေရဲ့ အရည်အသွေး ဖြစ်ပါတယ်။ ဒီလူတွေဟာ အလ္လာဟ်နဲ့လုပ်ထားတဲ့ ပဋိဉာဉ်ကို စောင့်ထိန်းကြတယ်။ တခြားသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်တွေလည်း ရှိတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တဲ့နေရာမှာလည်း အလ္လာဟ်ရဲ့စည်းမျဉ်း တွေကို ချိုးဖောက်မိမှာ၊ အကျိုးရလဒ်တွေ ဆိုးရွားမှာကို စိုးရိမ်ထိတ်လန့်ပြီး အသိ သတိနဲ့ ယှဉ်ပြီး အလုပ်တွေကို လုပ်ကြတယ် ဆိုတာကို တင်ပြရင်း ရပ်နားလိုက်ပါတယ်။