မှန်တဲ့ဘက်က ရပ်တည်ပါ ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

မှန်တဲ့ဘက်က ရပ်တည်ပါ

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား

အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရှင်မြတ်ရဲ့`ဇကိရ်´ကို ဟောပြောတင်ပြခွင့်၊ နားသောတဆင်ခွင့် ရတဲ့အတွက် ဦးစွာပထမအလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ ချီးမွမ်းထောပနာပြုအပ်ပါ တယ်။ ဆက်လက်ပြီးတော့ လူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်းနဲ့ လူကြီးမင်း များအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

`အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လာဟိ ၀ဘရကားသုဟု´

ဒီကနေ့ ကျွန်တော် ဟောပြောတင်ပြမယ့် အကြောင်းအရာက `မှန်တဲ့ဘက်က ရပ်တည်ပါ´ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ နည်းနည်းရိုးနေမလားတော့ မသိပါဘူး။ ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီး ကျွန် တော်နည်းနည်း ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အခု စာအုပ်တစ်အုပ်ဝယ်ထား တယ်။ အဲဒီစာအုပ်က `အဆိုအမိန့်များ´ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီကနေ့မှာ မဖြစ်မနေစာဖတ်ကြရမှာဖြစ်ပါတယ်။ အဆိုအမိန့်ဆိုတာက ဥပမာ `မာတင် လူသာကင်း´က ဘယ်လိုပြောခဲ့တယ်။ ဘယ်ပုဂ္ဂိုလ်ကြီးကတော့ ဘယ်လိုအဆိုအမိန့်တွေ ရှိခဲ့တယ်။ သိပ္ပံပညာရှင် အိုင်းစတိုင်းက ဘယ်လိုပြောခဲ့တယ်။ ဒါတွေကို ကျွန်တော်တို့စိတ်ဝင်တစား ဖတ်နေပြီး အဲဒီထဲကရတဲ့ Message တွေနဲ့ ကျွန်တော် ဒီခွတ္တဗာဟ်ကို ပြောချင်တာ။ ဒီတော့ `မှန်တဲ့ဘက်က ရပ်တည်ပါ´ဆိုတာဟာလည်း ဘယ်လို အကြောင်းအရာမျိုးကို ပြေချင်တာလည်းဆိုတော့ ကျွန်တော်တို့ Community တွေမှာ (မွတ်ဆလင်မ်တစ်မျိုးတည်းမဟုတ်) ကျွန်တော်တို့က အမှန်တရားနဲ့ပတ်သက်ပြီးပြောဆို ထုတ်ဖော်ဖို့အရေးမှာ ဆွံ့အ၊ နှုတ်ဆိတ် နေကြတယ်။ ကျွန်တော်က ကျွန်တော်တို့ Community ကိုပဲ ဦးတည်ပြီးပြောမှာ။ တခြား Community မှာလည်း ရှိ ပါတယ်။ လူကြီးမင်းများအနေနဲ့ ဖြည့်စွက်ပြီး တွေးပေါ့။ ကျွန်တော်တို့ တခြား Community ဘယ်သူဘယ်ဝါပါလို့ ပြောလို့ မသင့်လျော်ဘူး။ ကျွန်တော်တို့ Community အကြောင်းပဲ ကျွန်တော်ပြောမယ်။

`မာတင်လူသာကင်း´က ပြောခဲ့တယ်။ သူပြောခဲ့တာကို ကျွန်တော်နားလည်သလိုမျိုး ပြန်ပြောရရင် (ကျွန်တော့်ရင်ထဲ အသည်းထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားမှာက ရန်သူတွေရဲ့ ထိုးနှက်ချက်တွေ မဟုတ်ဘူး။ မိတ်ဆွေ တွေရဲ့ နှုတ်ပိတ်၊ နှုတ်ဆိတ်ဆွံ့အ နေခြင်းပဲ)လို့ ပြောခဲ့ပါတယ်။ သူပြောချင်တာက အမေရိကန်မှာ လူမည်းအမျိုးသား ခေါင်းဆောင်ဖြစ်နေချိန်မှာ သူ့မိတ်ဆွေတွေကို သူကစိတ်နာနေတာ။ ရန်သူဆိုတာက ရန်သူ့အလုပ် လုပ်နေမှာပဲ။ အမြဲတမ်းအကွက်ချောင်း အမှားကိုအမှန်လုပ်နေမှာဘဲ။ အဲဒီအချိန်မှာ သူ့ရဲ့မိတ်ဆွေတွေက ဘာမှမသိသလိုလိုနဲ့ နှုတ်ဆိတ်နေတာ။ ဆွံ့အနေတာ၊ ဒါကိုပြောချင်တာ။ အဲဒါကိုကျွန်တော်က ကျမ်းတော်မြတ်ကုရ်အာန်ကို လေ့လာပြီး တင်ပြမှာဖြစ်ပါတယ်။

နောက်ထပ်ဘာရှိသေးလဲဆိုရင် (ဓမ္မနဲ့အဓမ္မကြားထဲမှာ အသင်ဟာ ကြားနေမယ်ဆိုလို့ရှိရင် အသင်ဟာ အဓမ္မမတရားမှုဘက်ကို ဘက်လိုက်နေခြင်းပဲဖြစ်တယ်။) ဘာလဲဆိုတော့ အမှန်တရားနဲ့ အမှားကြားမှာ ငါဟာ ကြားနေမယ်ဆိုရင် တစ်နည်းအားဖြင့် ဘယ်သူ့ဘက်မှ မလိုက်ဘူးဆိုရင် အဲဒါဟာ အမှားကိုထောက်ခံအားပေးခြင်း၊ ဘက်လိုက်ခြင်းပဲ ဖြစ်တယ်လို့ဆိုလိုတာ။ အမှန်တရားနဲ့အမှားကြားမှာ ကြားနေခြင်းဆိုတာ မရှိရဘူး။ အကယ်၍ အဲဒီလိုကြားနေမယ်ဆိုရင် ခင်ဗျားဟာ ဘက်လိုက်သူပဲဖြစ်သွားမယ်လို့ ပြောခြင်းဖြစ်တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံက ငရဲခွေးကြီးလွတ်နေပြီဆိုတဲ့ ဆောင်းပါးကို ရေးသားခဲ့တဲ့ သတင်းစာဆရာကြီး အိုးဝေဦးညိုမြက ဘာပြောခဲ့လဲဆိုရင် ကြားနေ၀ါဒဆိုတာ၊ မိန်းမရွှင်ဝါဒနဲ့ အတူတူဘဲ။ အမှန်နဲ့အမှား၊ ဓမ္မနဲ့အဓမ္မ မှာကြားဆိုတာ ဘယ်တော့မှမရှိဘူးလို့ ပြောခဲ့ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၅ အာယသ် ၂ မှာ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို သင်ကြားပေး ထားတယ်။ ကျွန်တော်တို့ဆိုတာထက် ကျမ်းမြတ်ကုရ်အာန်သည် လူသားအားလုံးအတွက် ဖြစ်သည်ဆိုခြင်းကြောင့် လူသားအားလုံးကို သင်ပေးခြင်းဖြစ်တယ်။ အဲဒီအာယသ်ကို ကျွန်တော်ရော၊ လူကြီးမင်းများရော တစ်ကမ္ဘာလုံးရော လိုက်နာလိုရင် လိုက်နာလို့ရတယ်။ အာယသ်က အရှည်ကြီးပဲ။ ကျွန်တော်ပြောချင်တဲ့ အပိုင်းလေးက

“အသင်တို့ဟာ အကြင်လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည်၊ အသင်တို့အား တရားစည်းမျဉ်းကို ကျူးလွန် ဖောက်ဖျက်ရန် လှုံ့ဆော်ရန် မရှိစေရ။”

ဒါကျွန်တော် ဆရာဃာဇီရဲ့ ဘာသာပြန်ကိုဖတ်ပြခြင်းဖြစ်ပါတယ်။ ပြောချင်တာက ကျွန်တော်တို့ Community မှာလည်း အွလ္လမာရှိတယ်။ ကောင်စီရှိတယ်။ အဖွဲ့အများကြီးရှိတယ်။ ၇၃ ဂိုဏ်းကွဲမယ်လို့လည်း ပြောတယ်။ ဆိုလိုတာက လူ့အဖွဲ့အစည်းတစ်ခု၊ လူမျိုးစုတစ်ခု၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်သင်းနဲ့တစ်သင်း၊ ချဲ့ပြီးစဉ်းစား ရင် တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်ပေါ့။ မုန်းတီးခြင်းက တရားလက်မဲ့ဖြစ်ဖို့အတွက် အခွင့်အရေးမဖြစ်စေနဲ့တဲ့။ ဆိုလိုတာက လူတစ်ယောက်ကို မုန်းတယ်။ အဲဒီလူကို မုန်းတဲ့အတွက် ကျွန်တော်တို့က တရားဥပဒေကို၊ တရား စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လို့ရမယ့် အခြေအနေမျိုးကို အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ခွင့်မပြု ထားဘူး။

မုန်းတာက မုန်းတာပဲ။ ဒါပေမယ့် အမှန်တရားဘက်ကတော့ ရပ်တည်ရမယ်။ ကိုယ်က လူကိုမုန်းနေတဲ့ အတွက် ကိစ္စရပ်တစ်စုံတစ်ခုဖြစ်လာရင် အမှန်တရားဘက်က ရပ်တည်ပေးခြင်းမရှိတာဘဲ။ ငါနဲ့ဘာဆိုင်လဲ ဆိုပြီး ကြားနေတဲ့ကိစ္စမျိုး။ ဒါမျိုးတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အများကြီးတွေးရတယ်။ ဘတ်စ်ကားစီးပြီးသွား မယ်။ သက်ကြီးရွယ်အိုတွေပါမယ်။ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေပါမယ။် စပယ်ယာကရိုင်းစိုင်းယုတ်မာတဲ့ စကားလုံးတွေနဲ့ ပြောဆိုဆက်ဆံနေတဲ့အချိန်မှာ ကျွန်တော်တို့တစ်တွေ နှုတ်ဆိတ်ဆွံ့အ နားမကြားလုပ်နေကြ တယ်။ မပြောရဲတာလည်း ပါမယ်။ ပြောပြန်ရင်လည်း ရန်ဖြစ်ရမယ်။ အလုပ်ရှုပ်မယ်။ ပြဿနာတက်မယ်။ ပြီးတော့ ခရီးသည်အများကြီးထဲမှာ ဘယ်နှယောက် ကိုယ့်ဘက်က(တနည်းအားဖြင့် အမှန်တရားဘက်က)ပါမလဲ။

ပြောချင်တာက ကျွန်တော်တို့ရဲ့လက်တကမ်းမှာ၊ မျက်စိအရှေ့မှာ အမှန်တရားမဟုတ်တဲ့ မတရားမှုတွေ အမှားတွေကို လွန်လွန်ကျူးကျူး၊ ကျူးလွန်နေတာ တွေ့နေရတယ်။ ဒါကို ကိုယ်နဲ့ဘာမှမဆိုင်ဘူးဆိုပြီး နှုတ်ဆိတ် နေကြတယ်။ မျက်စိကမမြင်ဘူး။ နားကမကြားဘူး ပါးစပ်က ဆွံ့အနေကြတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၁၆ အာယသ် ၈၉ မှ ၉၄ အထိ ညွှန်ကြားထားပါတယ်။

“ မိမိတို့ရဲ့ ဆွေမျိုးသားချင်းပင်ဖြစ်လင့်ကစား ဘက်မလိုက်ရ။” ဆိုပြီး ပြောပါတယ်။ လေ့လာကြည့်ကြပါ။

ကိုယ့်ရဲ့ခံယူချက်အတိုင်း တိတိကျကျလုပ်။ အသင်းအပင်းတွေ၊ အဖွဲ့အစည်းတွေလုပ်ပြီဆိုရင် ကျွန်တော် တို့မှာ မူဝါဒတွေ၊ အဖွဲ့အစည်းတွေလုပ်ပြီဆိုရင် မူဝါဒတွေ အရမ်းကောင်းတယ်။ သာယာရေး၊ ကောင်းစားရေး၊ ဖွံဖြိုး ရေး၊ တိုးတက်ရေး၊ ကာကွယ်ရေး၊ ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးအားလုံး စာရွက်ပေါ်မှာ ရေးထားတာ အကုန် အကောင်း။ ဒါပေမယ့် လက်တွေ့လုပ်တဲ့အခါကျတော့ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ခြင်း မရှိဘူး။ မူဝါဒတွေ အရမ်းကောင်းတယ်။ အလုပ်လုပ်တဲ့အခါ တလွဲ။ အဲဒါနဲ့ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ် ၁၆ အာယသ် ၈၉ မှ ၉၄ အထိထဲမှာပါတယ်။

စောစောကပြောသလို အမှန်တရားဘက်က မရပ်တည်ဘူး။ နှုတ်ဆိတ်နေရတဲ့ အကြောင်းကို ပြန်ကောက် ရရင် ကျွန်တော်တို့ ဘာကြောင့် အမှန်တရားဘက်က မရပ်တည်ရဲရတာလဲ။ ဘာကြောင့်နှုတ်ဆိတ်နေကြရတာလဲ။ ဒါတွေကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ ညွှန်ကြားချက်တွေကတော့ ရှိပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၅၈ အာယသ် ၉ မှာ

“ အသင်တို့သည် အချင်းချင်း လျှို့ဝှက်တိုင်ပင် ဆွေးနွေးကြတဲ့အခါ အကောင်းဆုံးတွေကိုသာ တိုင်ပင်ကြ ရမည်။”

အခြားသူတပါးကို နှောက်ယှက်ဖျက်ဆီးဖို့ အစည်းအဝေးတောင် မလုပ်ရဘူးလို့ တားမြစ်ထားခြင်းဖြစ် တယ်။ ဒါပေမယ့် ကုရ်အာန်က ဘယ်လောက်ပဲပြောပြော ကျွန်တော်တို့ မလိုက်နာကြဘူး။ လေ့လာမှုကလည်း အားနည်းတယ်။ ဟိုတစ်နေ့က စာတစ်ပုဒ်ဖတ်ရတယ်။ ဆော်လမွန်ကျွန်းသားတွေအကြောင်း။ ရေးသူတော့ မမှတ် မိဘူး။ အင်တာနက်မှာပါ။ အဲဒီ ကျွန်းသားတွေဟာ သစ်ပင်မစိုက်တတ်ဘူး။ သစ်ပင်ကို ဘယ်လိုစိုက်ရမယ်။ ဘယ် လိုပြုစုပျိုးထောင်ရမယ် မသိဘူး။ ဒါပေမယ့် ထူးထူးခြားခြား သူတို့သိတာက `သစ်ပင်သတ်နည်း´ သစ်ပင်တစ်ပင် ကို ဘယ်လိုသေအောင်လုပ်ရမလဲဆိုတာ သူတို့သိတယ်။ ဘယ်လိုလုပ်သလဲဆိုရင် သစ်တစ်ပင်ခြောက်သွေ့ပြီး သေစေချင်တယ်ဆိုရင် ပထမဆုံး အဲဒီသစ်ပင်ကို အမှတ်အသားတစ်ခုလုပ်ခဲ့လိုက်တယ်။

ပြီးရင် နောက်တစ်နေ့မနက် အာရုဏ်မတက်ခင် တစ်ယောက်က ဒီသစ်ပင်ထိပ်ကို တက်ပြီးတော့ ပြင်းထန် စွာ အော်ဟစ်ငိုကြွေးရတယ်။ ဒီလို ငိုကြွေးတာဟာ သူတို့တစ်ရွာလုံးကြားအောင် အချက်ပေးလိုက်ခြင်းပဲဖြစ်တယ်။ အဲ့သည်နေ့ကစလို့ တစ်ရွာလုံးမှာရှိတဲ့ လူတွေဟာ ဒီအမှတ်အသားပြုထားတဲ့ သစ်ပင်ရှေ့ကဖြတ်တိုင်း တံတွေးနဲ့ ထွေးသူကထွေး၊ ဆဲသူကဆဲနဲ့ နည်းမျိုးစုံနဲ့ ပုတ်ခတ်ရှုံချတယ်။ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် ဆက်တိုက်ကို ဖြတ်သွားဖြတ်လာပြုတိုင်း ရွာသားတွေက သစ်ပင်ကို ဆဲရေးတိုင်းထွာလာတဲ့အခါမှာ ရက်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်လောက်အကြာမှာ သစ်ပင်ဟာ အရွက်တွေ ခြောက်သွေ့ပြီး အမြစ်မှ ကျွတ်ကာ ဘုန်းဘုန်းလဲရပါတော့ တယ်။ ဆဲဆိုသံများက သစ်ပင်ရဲ့ရှင်သန်လိုမှုကို ပျောက်သွားစေပါတယ်။ ဒါကသူတို့ရဲ့ နည်းစနစ်ပေါ့။ ပြီးတော့ အဲဒီကျွန်းပေါ်မှာလည်း လူစုကတောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး နှစ်ပိုင်းကွဲနေတယ်။ လူ့ထုံးစံအတိုင်း တောင်ပိုင်းနဲ့ မြောက်ပိုင်းကလည်း မတည့်ကြဘူး။ တောင်ပိုင်းသားတွေနဲ့ မြောက်ပိုင်းသားတွေဟာ သစ်ပင်စိုက်နည်းမသိပဲ၊ သစ်ပင်တစ်ပင် ဘယ်လိုစိုက်ရတယ်။ ဘယ်လိုပြုစုပျိုးထောင်ရတယ်ဆိုတာ မသိတာချင်းတူသလို သစ်ပင်သတ် နည်းကို သိတာချင်းလဲ အတူတူပဲ။ ရှေးအစဉ်အဆက်ကတည်းက နတ်ဘုရားတွေက ပေးသနားတဲ့ အထူးလက်ဆောင် လို့ပဲ သိထားကြတယ်။

အဲဒီလို မတည့်ကြတဲ့ တောင်ပိုင်းဆော်လမွန်သားတွေနဲ့ မြောက်ပိုင်းဆော်လမွန်သားတွေ ဘယ်သူ့ဘက် အခြမ်းက ပိုပြီးတော့ သာယာစိုပြေစိမ်းလန်းသလဲဆိုတာ ပြိုင်ကြတော့မယ်ဆိုရင် ဘာလုပ်တယ်ထင်သလဲ။ သူတို့ အနေနဲ့ ကိုယ့်ရပ်၊ ကိုယ့်ရွာ ကိုယ့်မြေပေါ်မှာ သစ်ပင်တွေကို စိုက်ပြီးစိမ်းလန်းစိုပြေအောင် လုပ်ရမယ့်အလုပ်ကို မလုပ်တတ်ကြပဲနဲ့ ညဘက်မှာ တိတ်တဆိတ်ဟိုဘက်ရွာကို အုပ်စုလိုက်သွားတယ်။ ပြီးရင် သစ်ပင်သစ်တောတွေ ကို ဆဲဆို၊ တံတွေးထွေး ဂါထာမန္တာန်တွေမှုတ် စတဲ့အလုပ်တွေလုပ်ကြတယ်။ ကိုယ့်ရပ်၊ ကိုယ်ရွာ၊ ကိုယ့်ဒေသမှာ သစ်ပင် မစိုက်တတ်ကြပဲနဲ့၊ သူများရွာသွားပြီး သစ်ပင်တွေ သေအောင်လုပ်ကြတယ်။ တောင်ပိုင်းက လူတွေကမြောက်ပိုင်း ကို သွားလုပ်သလို၊ မြောက်ပိုင်းကလူတွေကလည်း တောင်ပိုင်းကို အဲဒီလို သွားလုပ်ကြတယ်။ ဒီဖြစ်ရပ်က အမှန် ဖြစ်ချင်ဖြစ်မယ်။ ပုံပြင်ဖြစ်ချင်ြဖစ်မယ်။ ဒါပေမယ့် ပြောချင်တာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒါမျိုးတွေရှိနေ တယ်။ ဒါမျိုးတွေလုပ်နေတယ်လို့ ပြောတာ။ ကိုယ့်လူ့အဖွဲ့အစည်းကိုတိုးတက်အောင်တီထွင်ကြံဆပြီးလုပ်ကိုင်ဆောင်ရွက်ရမည့်အစားသူများလူ့အဖွဲ့အစည်းကို ဖျက်လိုဖျက်ဆီးလုပ်တတ်ကြတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၅၈ အာယသ် ၉ အရလည်း တခြားသောလူ့အဖွဲ့အစည်းတွေ ပျက်သုဉ်း သွားဖို့အတွက်၊ ပျက်စီးသွားဖို့အတွက် ကျွန်တော်တို့ ဘာမှလျှို့ဝှက်တိုင်ပင်ဆွေးနွေးခြင်းတွေ မလုပ်ကြနဲ့။ လုပ်ခွင့် မရှိဘူး။ စဉ်းစားစရာမလိုဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်။ ကိုယ့်အလုပ်ကဘာလဲ။ အကောင်းဆုံးဆိုတဲ့ စနစ်တွေဖော်ထုတ်ပြီး တော့ တည်ဆောက်ရမယ်။ ကိုယ့် Community တစ်ခုချင်းစီပေါ့။ ကိုယ့် Community ရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အကောင်းဆုံးတည်ဆောက်ရမယ်။ ငါတို့အဖွဲ့ အောင်မြင်ဖို့အတွက် အခြားအဖွဲ့မရှိမှ ဖြစ်မယ်ဆိုပြီး ဒုတ်ထိုးတာတွေ၊ ချောက်ချတာတွေ၊ ပြဿာနာရှာဖန်တီးတာတွေ မလုပ်ကြနဲ့လို့ ကုရ်အာန်အာယသ်က ပြောနေတာ။ အဲဒါမျိုးတွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ရှောင်ရမယ်။ ကင်းအောင်နေရမယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂၂ အာယသ် ၄၀ မှာ –

“လူတစ်ဦးနဲ့ တစ်ဦး၊ အဖွဲ့တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ ဘာသာတရားတစ်ခုနဲ့ တစ်ခု၊ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း များသည် လည်းကောင်း၊ ခရစ်ယာန်ဝတ်ကျောင်းများသည် လည်းကောင်း၊ ယဟူဒီဝတ်ကျောင်းတော်များသည် လည်းကောင်း၊ မွတ်ဆလင်မ်များ၏ ဗလီဝတ်ကျောင်းတော်များသည် လည်းကောင်း၊ အချင်းချင်း ထိန်းကျောင်း စေခြင်းအားဖြင့်” ဒီကနေ့အထိ ရပ်တည်နေအောင် ထိန်းသိမ်းထားတယ်။ ကျွန်တော်တို့က တစ်ခုခုကို ဖျောက်ဖျက် ပစ်လိုက်လို့ မရဘူး။

အလ္လာဟ်အရှင်မြတ်ကိုယ်တိုင်က စနစ်တကျဟန်ချက်မျှအောင် ထိန်းသိမ်းထားတယ်ဆိုတဲ့သဘောကို ပြောတာ။ နောက်တစ်ခုက တမန်တော်တွေ စေလွှတ်တဲ့ ပုံစံကိုကြည့်လိုက်ရင်လည်း အရဗ်တွေအတွက် တမန် တော်ကို စေလွှတ်ချင်ရင် အာရဗ်တစ်ယောက်ကိုပဲ တမန်တော်အဖြစ်နဲ့ စေလွှတ်ခဲ့တယ်။ အဲဒီလိုပဲ ရှေးခေတ်က ဗနီအိစ္စရာအီလ်တွေအတွက်ဆိုရင်လည်း အဲဒီဗနီအိစ္စရာအီလ်ထဲကပဲ စေလွှတ်ခဲ့တယ်။ အင်မတန်ဆိုးရွား ယုတ်မာ သော လူ့အဖွဲ့အစည်း အိုင်ယာမေဂျာဟီလီယသ်ခေတ်၊ အမိုက်မှောင်ဖုံးလွှမ်းနေသော ခေတ်မှာတောင်မှ တမန် တော်မြတ် မုဟမ္မဒ်(ဆွ)ကို အဲဒီအာရဗ်ထဲကပဲ ပေါ်ပေါက်စေတော်မူခဲ့တယ်။

တရားမျှတမှုမရှိတဲ့ အချိန်မှာ ဘက်လိုက်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အခါမှာ လူ့အဖွဲ့အစည်းအတွင်းမှာ အလွန်ဆိုးရွားနေတဲ့အချိန်မှာ၊ အဲဒီလူ့အဖွဲ့အစည်းထဲကနေပဲ တကယ့်အမှန်အကန်၊ အမှန်တရားဘက်မှာ ရပ်တည် မယ့်လူတွေကို ဖော်ထုတ်ပေးခဲ့တယ်။ သမိုင်းကြောင်းတစ်လျှောက်မှာလည်း ဖော်ထုတ်ပေးခဲ့တယ်။ နောင်လည်းပဲ ဖော်ထုတ်ပေးလိမ့်မယ်။ ဒီစနစ်က မပျောက်ဘူး။ ဆိုလိုတာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းဘယ်လိုမျိုး ဒုက္ခတွေ တွေ့ကြုံခံစားနေရသလဲ။ သေချာပေါက် အဲဒီလူ့အဖွဲ့အစည်းထဲကပဲ တကယ့်ကို မှန်ကန်မျှတတဲ့ လူတွေကို မွေးထုတ်ပေးမယ်။ ကျွန်တော်တို့က အဲဒါကို ရှာဖွေရမယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလမ်းကြောင်းပေါ် ရောက် အောင်တက်ပြီး အကောင်းဆုံး ပုံစံနဲ့တည်ဆောက်ယူရမယ်။

ပြောချင်တာက ဘာသာခြားတစ်ခုနဲ့တစ်ခု ထိန်းကျောင်းတဲ့ပုံစံကရှိပြီးသား၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု ထိန်းကျောင်းတဲ့ပုံစံကရှိပြီးသား။ ကျွန်တော်တို့ ကိုယ်တိုင်က မရှိအောင်၊ တခြား ဘာသာတရားတစ်ခုကို မရှိအောင်၊ ပျောက်ပျက်သွားအောင် လုပ်လို့မရဘူး။ ဒီလိုပဲ မွတ်ဆလင်မ်တွေ မရှိအောင်ပျောက်ပျက်သွားအောင် ဆိုပြီးတော့လည်း၊ ဘယ်သူမှလုပ်လို့မရဘူး။ ဒီလိုထိန်းကျောင်းတဲ့စနစ်ကို အလ္လာဟ်ကဖန်တီးထားပြီးသား။ ကျွန်တော်တို့ကတော့ ပုံပြင်ထဲက ဆော်လမွန်ကျွန်းသား လူရိုင်းတွေလို့ပဲ ကျင့်ကြံဖို့ကြိုးစားကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Community မှာ ရှိနေတဲ့ ပညာရေးစနစ်တွေမှာ ဒီကိစ္စရပ်တွေကို ထည့်သွင်းပေးရမှာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ အခြားသောဘာသာတရားများ အကြောင်းကိုလည်း ကျွန်တော်တို့ရဲ့ နောင်မျိုးဆက်တွေကို သင်ပေးကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မဒရ်ဆာပညာရေးစနစ်မှာတော့ မရှိသေးဘူး။ အင်ရှာအလ္လာဟ် နောက်တော့ ရှိလာမယ်ထင်တာပဲ။ လုပ်ကိုလုပ်ရမှာဖြစ်တယ်။ ပညာရေးစနစ်တွေမှာ အခြားအခြားသော ဘာသာ တရားများအကြောင်းကို ထည့်သွင်းပေးရမှာဖြစ်တယ်။ ဒီကနေ့ ကျွန်တော်တို့ ခံစားနေတဲ့အချက်က အမှန်တရားနဲ့ ပတ်သက်လာရင် တရားရုံးတွေမှာ သက်သေထွက်ဆိုဖို့ကိစ္စတွေမှာ၊ လတ်တလောကိုယ့်ဝန်းကျင်မှာ မြင်တွေ့နေရ တဲ့ ကိစ္စရပ်တွေမှာ ကျွန်တော်တို့အမှန်တရားဘက်ကရပ်တည်ထွက်ဆို ပေးဖို့အတွက် ကျွန်တော်တို့ နှုတ်ဆိတ်နေ တယ်။ မပြောရဲဘူး။ ပြောလိုက်ရင် ကိုယ့်ဘက်ပတ်လာမှာ စိုးရိမ်နေတယ်။ သက်သေခေါ်ရင် မလိုက်ချင်ဘူး။ အလုပ်ရှုပ်တယ်လို့ ယူဆနေကြတယ်။

ဒါကြောင့်စောစောက `မာတင်လူသာကင်း´ပြောတဲ့စကားက အကျိုးသက်ရောက်မှုတွေရှိလာတယ်။ အဲဒါ ဘာလဲဆိုတော့ မိတ်တွေတွေ နှုတ်ဆိတ်နေပြီး အသံမထွက်ဘူး။ ဘယ်လိုကိစ္စမျိုးဖြစ်ပါစေ။ ကျွန်တော်တို့ မွတ် ဆလင်မ်များရဲ့ နောက်ခံသမိုင်းကြောင်းကို လေ့လာကြည့်လိုက်တော့ ဟိုးရှေးဘိုးဘေးဘီဘင် လက်ထက် ကတည်းက ကျွန်တော်တို့ မြန်မာမွတ်ဆလင်မ်တွေရဲ့ သမိုင်းတွေရှိခဲ့တယ်။ ဟိုတုန်းက မြန်မာမွတ်ဆလင်မ်တွေရဲ့ အနေအထားက (၁၂)လရာသီပွဲတော်တွေမှာ ဘယ်လိုဘယ်ပုံပါဝင်ခဲ့တယ်။ ကျွန်တော်တို့ ၂၀၁၆ ပြက္ခဒိန်ထုတ် တယ်။ ရောင်းကောင်းတယ်။ ကုန်သွားပါပြီ။ ထူးထူးခြားခြား နှစ်ပေါ့နော်။ အဲဒီမှာ ဘာတွေပါလဲဆို မြန်မာမွတ် ဆလင်မ်သမိုင်းကြောင်းပေါ့။ မြန်မာမွတ်ဆလင်မ် သမိုင်းဝင်ပုဂ္ဂိုလ်တွေရဲ့ အကြောင်းပေါ့။

တလောကပုဂ္ဂိုလ်တစ်ယောက်က ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်ကပြောတယ်။ ဆရာတို့ ဘယ်လို လုပ်တာလဲ။ ဆရာပြဿာနာရှာလိုက်ပြီထင်တယ်တဲ့။ ပြက္ခဒိန်ထဲက ပုဂ္ဂိုလ်ဟာ မွတ်ဆလင်မ်ဆိုတာ သေချာလို့ လားပေါ့။ ဘာဖြစ်လို့ မွတ်ဆလင်မ်လို့ ပြောရတာလဲ။ မွတ်ဆလင်မ်အမှန် ဟုတ်လို့လားပေါ့။ သူကတော့ စိုးရိမ်လို့ပြောတာပါ။ ဒါပေမယ့် ကျွန်တော်တို့ သိလိုက်ရတာက သမိုင်းကြောင်းမှာ ကျွန်တော်တို့မွတ်ဆလင်မ် ပုဂ္ဂိုလ်တွေရဲ့ သမိုင်းဝင်ကိစ္စရပ်တွေကို ကျွန်တော်တို့ မွတ်ဆလင်မ်တော်တော်များများ မသိဘူး။ နောင်လာမယ့် မျိုးဆက်လည်းမသိဖို့ များနေပြီး ၀မ်းနည်းစရာကောင်းတယ်။ ကိုယ့်ကိုယ်တိုင်မသိဘူးဆိုရင် အခြားဘာသာဝင် တွေဆို ပိုဆိုးပြီ။

ဟိုးအဝေးကြီး အလောင်းဘုရားခေတ် ဘိုးတော်ဘုရားခေတ်ကို မကြည့်နဲ့ဦး။ လွန်ခဲ့တဲ့ နှစ် ၆၀က သမိုင်းဝင်မွတ်ဆလင်မ်တွေဖြစ်တဲ့ ဦးခန်းတို့ ဦးဖေခင်၊ ဦးရာဇတ်၊ ဦးကိုထွေး၊ ဦးရာရှစ်တို့ကိုတောင် မသိတဲ့လူတွေ အများကြီး။ ကျွန်တော်တို့ စာဖတ်ပါလို့ ပြောပြန်ရင်လည်း ကမ္ဘာပေါ်မျာ အဖတ်အများဆုံးကျမ်းအဖြစ်နဲ့ ရပ်တည် နေတာက ကုရ်အာန်ကျမ်း၊ မွတ်ဆလင်မ်တွေက ကုရ်အာန်တော့ တော်တော်ဖတ်ကြပါတယ်။ ဒါပေမယ့် ပြင်ပ သမိုင်းဆိုင်ရာတွေ၊ ဗဟုသုတဖြစ်ဖွယ် စာတွေကိုတော့ မဖတ်ကြဘူး။ အမှန်ကဖတ်ဖို့လိုတယ်။

ကျွန်တော်တို့မှာ အလွန်ကောင်းတဲ့၊ ဂုဏ်ယူဖွယ် သမိုင်းနောက်ခံ အချက်အလက်တွေရှိနေပါလျက်နဲ့ ကျွန်တော်တို့မသိဘူး။ မလေ့လာဘူး။ ဒီကနေ့ ကျွန်တော်တို့ တိုင်းပြည်မှာ ဘာတွေဖြစ်နေသလဲ။ ဒါတွေကို ကျွန်တော်တို့ လေ့လာကြည့်ရမယ်။ အမှန်တရားနဲ့ ပတ်သက်ရင် ကျွန်တော်တို့ နှုတ်ဆိတ်နေခဲ့ကြတယ်။ အခုတော့ နှုတ်ဆိတ်မနေတော့ဘူးပေါ့။ အင်ဒိုနီးရှားမှာ ပြဿနာတစ်ခုခုဖြစ်ရင်၊ ကမ္ဘာအရပ်ရပ်မှာ ပြဿနာတစ်ခုခုဖြစ်ရင် ဒါမွတ်ဆလင်မ်နဲ့မဆိုင်ဘူး။ မွတ်ဆလင်မ်တွေရဲ့လုပ်ရပ် မဟုတ်ပါဘူးလို့ ကြေညာတယ်။ အလ်ကိုင်ဒါ၊ ဘိုကို ဟာရမ်၊ တာလီဘန်၊ ISIS အဖွဲ့တွေက အကြမ်းဖက်မှုတစ်ခုခုလုပ်ပြီဆိုရင် ဗမာပြည်မှာရှိတဲ့ မွတ်ဆလင်မ် အဖွဲ့ အစည်းတွေက မသက်ဆိုင်ကြောင်း၊ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာရတယ်။

ကျွန်တော်တို့ ဘ၀ကလည်း ဘယ်လိုဖြစ်နေသလဲဆိုတော့ ရပ်ကွက်ထဲမှာ လူတစ်ယောက် မူးယစ်ရမ်း ကားဆဲဆိုသောင်းကျန်းနေပြီဆိုရင် အဲဒီလူ ငါတို့နဲ့ဘာမှမဆိုင်ပါဘူးလို့ အိမိအပြင်ထွက်ပြီး တွေ့တဲ့လူကို တင်ပြနေ ရတဲ့ဘ၀ ဖြစ်နေတယ်။ အခြေအနေက အဲဒီလိုဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ တစ်သက်လုံးနှုတ်ဆိတ်နေလာခဲ့ တာ အခုတော့ နှုတ်ဆိတ်နေလို့မရတော့ဘူးလေ။

ကျမ်းမြတ်ကုရ်အာန်ရဲ့ အမှန်တရားနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေကို ကျွန်တော်တို့မလိုက်နာခဲ့ကြလို့ အခုတော့ ကျွန်တော်တို့ရှေ့ကဦးဆောင်ပြီး လုပ်ပြနေရတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေလည်း နှုတ်ဆိတ်မနေ ပဲနဲ့ ပြောလာဆိုလာရအောင် ကျွန်တော်တို့က လုပ်ပြနေရတာ ဖြစ်တယ်။

မိတ္ထီလာကိစ္စမျိုးပေါ့။ အခြားဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေမှာပါ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ အသံထွက်ခဲ့ ကြသလားပေါ့။ ကျွန်တော်တို့ လေ့လာရမှာပေါ့။ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေ အမှန်တရားဘက်က ပြတ်ပြတ် သားသားရပ်တည် ပေးခဲ့ကြပါရဲ့လား။ ကျွန်တော်တို့ ကိုယ်တိုင်ကရော အဲဒီလိုပြတ်ပြတ်သားသား ကုရ်အာန်နဲ့ အညီရပ်တည်ပေးခဲ့ကြပါသလား။ ဒါကြောင့် ကျွန်တော်တို့ဘက်က အမှန်တရားကို လက်ကိုင်ထားပြီးရပ်တည်ပေး မယ့် လူတွေကျွန်တော်တို့ လိုအပ်လာပြီ။

တစ်ချိန်က ကျွန်တော်တို့ နှုတ်ဆိတ်နေသလို နေလို့မရတော့ဘူးဆိုတာ သိလာရပြီလေ။ ကျွန်တော်တို့ တစ်ချိန်က နှုတ်ဆိတ်နေခြင်းရဲ့ အကျိုးဆက်ကို ကျွန်တော်တို့အခုအချိန်မှာ ပြန်လည်ခံစားနေရပြီလေ။ ဒီအခြေ အနေတွေ ဒီဖြစ်ရပ်မျိုးတွေ ဘာကြောင့်ဖြစ်နေရတာလဲဆိုတာကို ဒီဖြစ်ရပ်မျိုးတွေ ဘာကြောင့်ဖြစ်နေရတာလဲ ဆိုတာကို လေ့လာကြည့်လိုက်ရင် ဘာသာရေးကို အခြေခံတဲ့ လူမျိုးရေးဝါဒစွဲတွေ၊ ကျွန်တော်တို့မှာ အားကောင်း တယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ တစ်ခုခု Message ပေးလိုက်ရင် အဲဒါအမှန်တရားဟုတ်ရဲ့လား။ ဒါကိစ္စက လက်တွေ့ကျရဲ့လား။ ကောလဟလများလား။ သွေးထိုးလှုံ့ဆော်နေတာလား။ စကားကိုဆက်လက်ထုတ်ဖော် ဖြန့်ဝေသင့်သလားဆိုပြီး ကျွန်တော်တို့က စဉ်းစားဆင်ခြင်နိုင်တဲ့ အနေအထားမရှိဘူး။ ဘာသာရေးဆရာတွေရဲ့ ၀ါဒဖြန့်ချိမှု၊ ကျွန်တော်တို့မှာလည်း ရှိတာပဲလေ။ ပလီဆရာတွေက ပြောလိုက်ရင် ပြန်လှန်မေးခွန်းထုတ် မေးမြန်း တာတွေ မရှိတော့ဘူးလေ။

အခြေခံကျတဲ့ အခြေခံဝါဒီတွေရဲ့ လွှမ်းမိုးမှုပေါ့။ ကျွန်တော်တို့ အားလုံးဟာ ဒီလွှမ်းမိုးမှုကို ခံနေရတယ်။ ပြန်မပြောဆိုရဲဘူး။ မတော်လှန်ရဲဘူး။ မငြင်းရဲဘူး။ ငါပြောလိုက်လို့၊ ငါဆန့်ကျင်လိုက်လို့ရှိရင် လူတွေ ငါ့ကိုကလန် လိုက်မလား။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေမှာ ပိုရှိတယ်။ မွတ်ဆလင်မ်ဆိုပိုဆိုးတယ်။ ငါတော့ ဒီဆရာကို ပြော လိုက်ရင် ငါသေလို့ရှိရင် ဂျနာဇာမှဖတ်ပေးပါ့မလား။ ဒုက္ခရောက်တော့မှာပဲ။ ဒါမျိုးတွေးပူနေတယ်။ ငါ့ သားသမီး တွေ နေကာဟ်ကြရင်တော့ ငါတော့ဒုက္ခရောက်တော့မှာပဲလို့ အတွေးမျိုး ကျွန်တော်တို့ဆီမှာ ရှိနေတယ်။ သေချာ ပေါက်ရှိတယ်။ အဲဒီလို တစ်ခြားလူ့အဖွဲ့အစည်းမှာလည်း ရှိတယ်။ မပြောရဲဘူး။ မှန်တာကို သိတယ်။ ဒါပေမယ့် ဘာသာရေးခေါင်းဆောင်ဆိုသူတွေရဲ့ လွှမ်းမိုးမှုအရမ်းကြီးတယ်။ ဒါကြောင့်နှုတ်ဆိတ်နေတယ်။ ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး နှုတ်ပိတ်နေတယ်။ ကိုယ်လည်း ထိတာမဟုတ်ဘူးဆိုပြီး နေနေကြတယ်။

နောက်တစ်ချက်ကကျတော့ ဥပဒေမှာမည်သို့ပင် ရှိစေကာမူ အခြေအနေအရ၊ အချိန်အခါအရ ဒီလို လုပ်ရပါတယ်ဆိုတာမျိုး ကျွန်တော်တို့မှာရှိတယ်။ လက်တွေ့မှာ ကျွန်တော်တို့ ဥပဒေကြောင်းအရ သွားလို့ရှိရင် အခြေအနေမကောင်းတာတွေ ရှိတာကိုး။ ဒါတွေကြောင့် ကျွန်တော်တို့ နှုတ်ဆိတ်နေကြတာပေါ့။ နှုတ်ဆိတ်နေတာ ပါးစပ်ပိတ်နေတာ အကောင်းဆုံးပဲလို့ မှတ်ယူထားကြတော့တာပေါ့။ အဲဒီတော့ အမှန်တရားဘက်ကို ရပ်တည်ဖို့ အတွက် အားနည်းသွားတာပေါ့။ အဲဒီဘက်ကို မသွားနိုင်တော့ဘူး။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှာ ဘယ်လိုပဲရည်ညွှန်ထား ရည်ညွှန်းထား၊ လောလောဆယ် ငါပြောလိုက်ရင်တော့ ငါဒုက္ခရောက်မယ်။ ငါ့ဘက် ကနေ ရပ်တည်ပေးမယ့်လူမရှိဘူး။ ငါတို့ပဲဆုံးရှုံးသွားမှာ။ နင့်ကို ဘယ်သူထမင်းလာကျွေးမှာလဲ။ ကျမ်းမြတ်ကုရ် အာန်မှာ ဘယ်လိုပါပါ။ တမန်တော်မြတ် ဘယ်လိုပဲပြောခဲ့ပြောခဲ့။ ကျွန်တော်တို့ လက်တွေ့မှာ အဲဒီလို မလုပ်ရဲဘူး။ လုပ်ရင် ကိုယ်ပဲဒုက္ခရောက်မယ်လေ။ ကိုယ့်ကို ဘယ်သူက ကာကွယ်မလဲ။ ဒီပုံစံမျိုးတွေမြင်နေရတယ်။ ဥပဒေရဲ့ မခိုင်မာမှု။ တရားရုံးသွားပြီး ဗလီတစ်လုံးဖျက်ဆီးခံရလို့ တိုင်ကြည့်ပါလား။ အမှုကို လက်ခံရင်တောင် ကံကောင်း။

ပြီးတော့ ပညာရေး အခြေခံနိမ့်ပါးနေခြင်း။ အဲဒါကတော့ ကျွန်တော်တို့ Community အတွက် ကွက်တိပဲ။ ကျွန်တော်တို့ရဲ့ မဒရ်ဆာပညာရေးကိုပဲ လေ့လာကြည့်။ စောစောကပြောခဲ့သလိုမျိုး ဘာသာရေး ကျောင်းတွေမှာ ကျွန်တော်တို့ တခြားဘာသာများအကြောင်း သင်ခဲ့သလား။ အခု Civic Education တွေ ဘာတွေလုပ်နေတော့။ ကျွန်တော်တို့က အကြံတွေသွားပေးတာပေါ့။ အစ္စလာမ်မှာရှိတဲ့ နီတိတွေ ဘာတွေ၊ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တာတွေပေးပေါ့။ ကောင်းနိုးရာရာလေးတွေ။ အဲဒါလေးတွေ သင်ရိုးထဲထည့်မယ်ပေါ့။ ဆရာ အူမရ်မြင့်နိုင် တို့၊ ဆရာဝါးခယ်မမောင်မင်းနိုင်တို့ စတဲ့ဆရာတွေရဲ့ စာတွေရှိပါတယ်။ နည်းတော့ နည်းတာပေါ့။ ဒါပေမယ့် ပြောချင်တာက အဲဒီစာအုပ်တွေက ကျွန်တော်တို့မွတ်ဆလင်မ်တွေရဲ့ ကျောင်းသုံးစာအုပ်တွေဖြစ်ပြီလား။ ကျွန်တော်တို့မေးခွန်းထုတ်ရမယ်။ မဒရ်ဆာပေါင်း မြောက်များစွာရှိတယ်။ အခုကျွန်တော်တို့ဆီကနေ အခြား ဘာသာခြားတွေက တောင်းပြီ။ ကျွန်တော်တို့တော့ မသင်ခဲ့ရဘူး။ အရင်တုန်းက ကျောင်းသုံးပြဌာန်းစာအုပ် မှာ သမ္မတကြီးအူမရ်နှင့် မင်းလုလင်ဆိုတာ သင်ခဲ့ရတယ်လို့ ရှေးလူကြီးတွေပြောတယ်။ အခုတော့ မရှိတော့ဘူး။ ပြည် သူ့နိတိလည်း မရှိတော့ဘူး။

ကျွန်တော်တို့က တစ်ဖက်ကို ဒါမျိုးတွေသွားပေးပါပြီတဲ့။ ကျွန်တော်တို့ ကိုယ်တိုင်ကရော ကိုယ့်ဘာသာရေး စာသင်ကျောင်းတွေမှာ ဒါတွေသင်နေပြီလား။ ဒါတွေဘာကြောင့်လုပ်နေသလဲ။ ကျွန်တော်တို့ အစ္စလာမ်တွေ တစ်ခြားဘာသာအကြောင်းမသိသလို၊ တစ်ခြားဘာသာဝင်တွေကလည်း အစ္စလာမ်အကြောင်း မသိဘူးလေ။ ဒီတော့ တစ်ဖက်နဲ့တစ်ဖက် ဆိုးကျိုးတွေ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်ပေါ့။ ဒါကြောင့်ပညာရေးကို မြှင့်တင်ပြီး ဒါတွေသင်ဖို့ လိုအပ်လာပြီလို့ ယူဆပြီး သင်ကြရမယ်ပေါ့။

ကျွန်တော်တို့ကရော ဂေါတမမြတ်စွာဘုရားအကြောင်း သိအောင် ကျွန်တော်တို့ရဲ့ မဒရ်ဆာတွေက သင်ဖို့ အစီအစဉ်ရှိပြီလား။ ကျွန်တော်တို့မှာ မရှိခဲ့ဘူး။ မရှိသေးဘူေးလ။ ကျွန်တော်တို့ ငယ်ငယ်က သိခဲ့လို့ဘား။ မသိခဲ့ ဘူး။ ဒါက ပညာရေးအားနည်းစေတဲ့ အချက်ပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေမှာ အဖွဲ့အစည်းအသီးသီးမှာ ဒီအားနည်းချက်ရှိနေတယ်။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက်သူမှုအားနည်းတယ်။

ဟိုတစ်နေ့က ရှီအာတွေ မီးနင်းပွဲလုပ်တယ်။ သတင်းတွေ အကြီးအကျယ် ကြေညာကြတယ်။ အဲဒီမှာ အဆိုးရွားဆုံးက ကျွန်တော်တို့ မွတ်ဆလင်မ်တွေက ဘာပြောလဲဆိုရင် အဲဒါဟိန္ဒူတွေလို့ပြောတယ်။ ကျွန်တော် က ဘာသာရေးခံယူချက်၊ လုပ်ကိုင်ဆောင်ချက်တွေမှားတယ်။ မှန်တယ် ပြောနေတာမဟုတ်ဘူး။ ရှီအာ ဆိုတာ ဘာလဲဆိုတာ မသိတာကိုပြောနေတာ။ ဘီဘီစီရဲ့သတင်းအောက်မှာ comment ရေးတဲ့ မွတ်ဆလင်မ်တွေ ရှီအာနဲ့ဟိန္ဒူမခွဲတတ်တာကို ပြောတာ။ မွတ်ဆလင်မ်ဆို ဘယ်မွတ်ဆလင်မှ မီးမနင်းဘူးဆိုပြီး တစ်ယူသန် တစ်ဇောက်ကန်းပြောနေတာကို ပြောချင်တာ။

ကိုယ့်မွတ်ဆလင်မ်အချင်းချင်း ဂိုဏ်းဘယ်နှခုကွဲနေမှန်းတောင် ကိုယ်တိုင်မသိဘူးဖြစ်နေတာ။ ပြောချင် တာက အခြေခံပညာရေး ဘာသာတရားများအကြောင်း၊ တစ်ဖက်နဲ့တစ်ဖက် လေးစားတန်ဖိုးထား ရမှာတွေ၊ တစ်ဖက်နဲ့တစ်ဖက် ကာကွယ် စောင့်ရှောက်ရမှာတွေကို ပညာရေးက သင်ပေးမှာဖြစ်တယ်။ ကျွန်တော်တို့ Community မှာ ဒါတွေအင်မတန် အားနည်းတယ်။ တစ်ချို့တစ်ဖက်ဆို လုံးဝတောင်မရှိဘူး။

နောက်ပြီးတော့ မျက်ကန်းမျိုးချစ်ဝါဒအားကောင်းခြင်း ဖြစ်တယ်။ ကိုယ့်အမျိုးမှ ကိုယ့်အမျိုးချစ်တာ။ အဲဒီလို မျက်ကန်းမျိုးချစ်ဝါဒထွန်းကားလာရင် ကုရ်အာန် ဆူရာဟ် ၅ အာယသ် ၂ ကို လိုက်နာဖို့ လွယ်တော့မလား။

ကျွန်တော်ဆိုရင် ဘင်္ဂါလီ၊ ဘင်္ဂါလီနဲ့ ကျူလီယာနဲ့ ရန်ဖြစ်ရင် မှားမှား၊ မှန်မှန် ဘင်္ဂါလီဘက်က လိုက်ချင် တယ်။ မဟုတ်ပဲနဲ့ ဘင်္ဂါလီဘက်ကလိုက်ချင်တယ်။ မဟုတ်ပဲနဲ့ ဘင်္ဂါလီဘက် မလိုက်ပဲ ကျူလီယာဘက်ကရပ်ရင် ရင် လည်း မင်းကွာ၊ ဘင်္ဂါလီဖြစ်ပြိး ကျူလီယာဘက်လိုက်ရသလားလို့ ပြောမယ်။ ပြောခံရမှာ ကြောက်တယ်။ အဲဒီ တော့ ဘာဖြစ်လာသလဲ။ ပါးစပ်ပိတ်နေတာပဲ ကောင်းတာပေါ့လို့ ထင်လာတယ်။ နှုတ်ဆိတ်နေတယ်ဆိုတာ အဲဒီလို ဇာတ်လမ်းမျိုးတွေက စတာလေ။ အဲဒါဘာလဲဆိုတော့ ဟုတ်တာ၊ မှန်တာ မှားတာမသိဘူး။ စုံလုံးကန်းတာ၊ ဒါတွေ ဟာ အမှန်တရားဘက် ရပ်တည်ရမယ့်ကိစ္စကို နှုတ်ဆိတ်နေရခြင်း ကိစ္စရပ်တွေထဲက အရေးကြီးတဲ့အချက်ဖြစ် တယ်။

ငါတို့က ဘာမျိုးကွ၊ မဟာမျိုးကွ၊ ဘာကွ၊ ညာကွဆိုပြီး ဟစ်ကြွေးနေပြီး အမှန်တရားဘက်က ရပ်တည် ပေးဖို့ဝန်လေးလာကြရော။ ရပ်တည်လိုက်ရင် သစ္စာဖောက်ဖြစ်မယ်လို့ ပြောခံရမယ်လို့ တွေးပူနေရော။ မျိုးမချစ် သလိုလို၊ ဒီလိုတွေကြောင့် ဘာမှမပြောပဲ ကြားနေလိုက်ကြရော။ မြင်တယ်။ ဒါပေမယ့် ကန်းနေတယ်။ ကြားတယ်။ ဒါပေမယ့် ပင်းနေတယ်။ ပြောရမည်။ ဒါပေမယ့် ဆွံအဖြစ်နေတယ်။ တချို့တလေတော့ ရှိတာပေါ့။ ပြောချင်တာ ပြော။ ဖြစ်ချင်တာဖြစ်။ အမှန်တရားပေါ်မှာ ရပ်တည်မယ့် လူအချို့တော့ရှိပါတယ်။ ဒါပေမယ့် အရမ်းကို နည်းပါ တယ်။

ကုရ်အာန်မှာလည်း ပြောထားတယ်။ လူ့အဖွဲ့အစည်းတွေမှာ ဘယ်လောက်ပဲဆိုးရွားနေပါစေ၊ ဘယ် လောက်ပဲ ရက်စက်ယုတ်မာနေပါစေ။ အဲဒီ Community တွေထဲမှာ အလ္လာဟ်ကတမန်တော်တွေ မွေးထုတ်ပေးခဲ့ တယ်။ အဲဒီလိုမျိုးပဲ အမှန်တရားဘက်က ရပ်တည်မယ့် ရှဟာဒသ်ပေးမယ့်။ အမှန်သက်သေထွက်ဆိုမယ့် ပုဂ္ဂိုလ် တွေ ဖန်တီးပေးဦးမှာပဲ။ ထွက်လာဦးမှဲာ။ ပေါ်လာဦးမှာပဲ။ ဒါပေမယ့် အခုအချိန်မှာ အရမ်းအင်အားနည်းပါးတယ်။ အဲဒီလိုမျိုး အမှန်တရားဖေါ်ထုတ်မှုကြောင့် လူအုပ်စုနဲ့အနိုင်ကျင့်ခံရသည် ဖြစ်စေ၊ ထောင်ကျသည်ဖြစ်စေ၊ နောက်လူတွေ ပိုပြီး နှုတ်ဆိတ်ကုန်ကြတယ်။ ကြောက်ရွံတုန်လှုပ်ထိတ်လန့် ကုန်ကြတယ်။

အဲဒီတော့ တရားဥပဒေစိုးမိုးရေးနဲ့ မျက်ကန်းမျိုးချစ်ဝါဒနဲ့ ပတ်သက်နေတယ်။ ဒါကြောင့် အများစုက အမှန် တရားဘက်က မရပ်တည်ပေးဘဲနဲ့ နှုတ်ဆိတ်သွားတယ်။

နောက်တစ်ချက်က ဘာသာရေး ကိစ္စရပ်တွေကို နိုင်ငံ ရေးမှာသုံးတာ။ ဒါ ကျွန်တော်တို့ နိုင်ငံမှာတွင်မက အခြားနိုင်ငံအချို့မှာလည်းရှိတယ်။ ကမ္ဘောဒီးယားတို့၊ သီရိ လင်္ကာတို့ စသဖြင့်ပေါ့။ ရွေးကောက်ပွဲ တစ်ခါလာရင် တစ်ခါပြဿနာဖြစ်ကြတာပေါ့။ ဒီမှာလည်း နိုင်ငံရေးကိစ္စရပ် တွေထဲမျာ ဘာသာရေးကိစ္စကို အသုံးချတော့ ကျွန်တော်တို့ မွတ်ဆလင်မ်တွေက ကြားညပ်နေကြရတာပေါ့။ အဲဒီ ဖြစ်ရပ်တွေ ဖြစ်ခဲ့ရင် အမှန်တရားနဲ့ ပတ်သက်လာရင် နှုတ်ဆိတ်သွားပြန်ရော။

ကျွန်တော်ပြောချင်တာက အမှန်တရားနဲ့ပတ်သက်လာရင် ကျွန်တော်တို့နှုတ်ဆိတ်နေလို့မရဘူး။ ကုရ် အာန်ကပြောတယ်။ အမှန်တရားနဲ့ ပတ်သက်ရင် ဆွေမျိုးဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် ဘက်မလိုက်နဲ့၊ ပြောရမယ်။ နှုတ် ဆိတ်မနေနဲ့။ ကုရ်အာန်ရဲ့ လမ်းညွှန်ချက်ကတော့ အားလုံးကိုညွှန်ကြားတာပေါ့။ အစ္စလာမ်ကြီးပဲ မဟုတ်ဘူး။ ကျွန် တော်တို့ နှုတ်ဆိတ်နေတာ ဘာကြောင့်လဲ၊ ဒီအချက်ကလည်း အရေးကြီးတယ်။ တခြားကိစ္စတွေမှာ တစ်မျိုးဖြစ်ပေ မယ့်၊ နိုင်ငံရေးနဲ့နှီးနွယ်ပတ်သက်လာပြီဆိုရင် မပြောရဲမဆိုရဲ ဖြစ်သွားရော၊ ပြောလိုက်ရင် ပါတီအနေနဲ့ ကုလား ပါတီဖြစ်သွားမလား။ လူပုဂ္ဂိုလ်အနေနဲ့ဆိုလည်း ကုလားမယား၊ ကုလားမလင်များဖြစ်သွားမလား။ ပြောခံရမလား ဆိုပြီး ကြောက်သွားကြရော။

ကျွန်တော်တို့ မွတ်ဆလင်မ်ဘက်ကလည်း အသံမထွက်ရဲဘူး။ ပိုဆိုးသွားမလားမသိဘူး။ ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ဟာ အမှန်တရားဖော်ထုတ်နိုင်စွမ်းဟာ သေနေပြန်ရော။

ပြီးတော့ media သမားတွေကလည်း အမှန် တရားနဲ့ပတ်သက်ပြီးရေးဖို့ လိုအပ်တယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်မီဒီယာတွေကလည်း ဘယ်လိုပြောရမလဲ။ မွတ်ဆလင်မ်ကလည်း တီဗွီမကြည့်ရ။ ဘာမလုပ်ရ။ ညာမလုပ်ရဆိုတာတွေရှိနေတော့ မီဒီယာနဲ့ မွတ်ဆလင်မ် မသက်ဆိုင်သလို ဖြစ်နေတာကရှိသေးတယ်။ အခုမှ အစပျိုးလုပ်ရတာရှိပြန်တော့ တိုက်ခတ်ခံရ၊ လဲသွား၊ ပြန်ထ ဒါမျိုးတွေဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ မီဒီယာနဲ့ပတ်သက်ရင် အရမ်းကို အားနည်းနေသေးတယ်။

မီဒီယာသမားက သတင်းတစ်ခုကို ဖော်ပြရင်တော် အဲဒီ Media Ethic ကို ချိုးဖောက်တယ်။ ဒီမိုကရေစီ စနစ်မရင့်သန်သေးတော့ လူတွေရဲ့စိတ်ဓါတ်တွေလည်း မရင့်သန်ဘူး။ အမှန်တရားနဲ့ပတ်သက်ပြီး ငါအမှန်အတိုင်း ရေးလိုက်ရင် ငါ့ စာစောင်ရောင်းအားများ ကျသွားမလား။ ပိတ်များခံရမလား။ လက်တွေ့လည်း အပိတ်ခံရတာကိုး။ ဒါကြောင့် ရင်မဆိုင်ရဲတော့ဘူး။ တစ်ခါ ကိုယ့်ဂျာနယ်၊ ကိုယ့်စာစောင် အားကောင်းလာအောင်ဆိုပြီး သတင်းကို Ethic ဖောက်ပြီးရေးတယ်။ ဆိုကြပါစို့။ မုဒိန်းမှုတစ်ခုဖြစ်ပြီဆိုရင် (ဥပမာ-ဘင်္ဂလီလူမျိုး အစ္စလာမ်ဘာသာဝင် မာမွတ်သား ယာကွတ် အသက် ဘယ်လောက်)ဆိုပြီး ခေါင်းကြီးပိုင်းကနေ ရေးထည့်ပေးပြီး သွေးထိုးလိုက်ကြတယ်။ မုဒိန်းမှုက မွတ်ဆလင်မ် မဟုတ်ဘူးဆိုရင် အတွင်းစာမျက်နှာမှာ ဘာသာလူမျိုး မဖော်ပြတဲ့အပြင် နာမည်ပါဖျောက်ထားကြပြန်ရော။

အဲဒါဘာလဲဆိုတော့ အမှန်တရားနဲ့ပတ်သက်ပြီး မီဒီယာသမားတွေရဲ့ နှုတ်တွန့်မှုနဲ့ဘက်လိုက်မှုတွေ ဖြစ် တယ်။ ဘာကြောင့်လဲဆိုတော့ မီဒီယာသမားတွေဟာ ဒီမိုကရေစီ မရင့်သန်မှု၊ မီဒီယာသမားစစ်စစ်တွေ မဟုတ်မှု၊ ဘက်တစ်ဖက်ထဲမှာ ရပ်တည်နေရမှု၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ဘာသာတရားများရဲ့ လွှမ်းမိုးချုပ်ကိုင် ခံထားရမှုစတဲ့ အကြောင်းကြောင်းတွေကြောင့် အမှန်တရားမှာ နှုတ်ဆိတ်နေကြရတယ်။

ဒါကြောင့် အမှန်တရားဘက်မှာ ရပ်တည်မယ့်မွတ်ဆလင်မ် မီဒီယာသမားတွေ အများကြီးလိုအပ်ပါတယ်။ ခက်တာက ကျွန်တော်တို့ မွတ်ဆလင်မ်မီဒီယာသမားတွေကလည်း ကျောက်တုံးကြီးကို ခွဲလိုက်တာ အလ္လာဟ်ဆို တဲ့ စာတမ်းကြီးပေါ်လာတယ်။ မုဟမ္မဒ်ဆိုတာကြီး ပေါ်လာတယ်ဆိုတာလောက်ပဲ ရေးပြီး၊ တစ်ဖက်ကလည်း ဘုရား ပုံတော်၊ ဘိုးတော်ပုံတော်တွေပေါ်လာတယ်ဆိုတာလောက် ရေးနေကြတော့။ ကျွန်တော်တို့ မွတ်ဆလင်မ် မီဒီယာ တွေအနေနဲ့ကလည်း အမှန်တရားနဲ့ ပတ်သက်လာရင် ပြတ်ပြတ်သားသား၊ ဘက်မလိုက်ပဲ ဘာသာစွဲ၊ လူမျိုးစွား ဒေသစွဲ၊ နိုင်ငံစွဲ ဘာမှမထားပဲနဲ့ မီဒီယာသမားစစ်စစ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။

ကိစ္စရပ်တိုင်းမှာ အမှန်တရားအတိုင်း ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။ နိုင်ငံတကာ မီဒီယာကို ကြည့်လိုက်ရင်လည်း အစ္စလာမ်နဲ့ ပတ်သက်ပြီး ပုံဖော်တဲ့ ပုံစံတွေဟာ တစ်ဖက်စောင်းနင်း ဖြစ်နေတာကို တွေ့ရမယ်။ ဒါကို အတုယူပြီး ဒီက မီဒီယာတွေကလည်း လိုက်နာကျင့်သုံးကြတယ်။

နောက်ပြီးတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေ မသိတော့ဘူး။ ဒီတော့ တစ်ဖက်ကလည်း မွတ်ဆလင်မ်တွေရဲ့ သမိုင်းကို ဖျောက်ဖျက်ပစ်ဖို့ လွယ်သွားရော။ ဒီလိုကိစ္စရပ်တွေဟာ ကျွန်တော်တို့ အမှန်တရားနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်ဆွံ့အနေတဲ့ အကြောင်း ကြောင့်ပဲ ဖြစ်ပါတယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်ပါတယ်။