မျှခြေရှိသောလူ့အဖွဲ့အစည်း (Balanced Society) မုဖ်သီဦးစန်းအောင် (B.Sc)

မျှခြေရှိသောလူ့အဖွဲ့အစည်း (Balanced Society)

မုဖ်သီဦးစန်းအောင် (B.Sc)

        ဒီကနေ့ (၁၃-၁၁-၂ဝ၁၅)၊ ယောင်မွလ်ဂျူမုအာဟ်ဖြစ်တဲ့ သောကြာစုရုံးရာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ်ပြုရန် ကြွရောက်လာကြတဲ့ (၅၉)လမ်း၊ ဆုတောင်းပြည့်အစ္စလာမ့်ဝတ်ကျောင်းတော်ကြီးရဲ့ ဂျမာအသ် သားများခင်ဗျား —-

အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ်လားဟိ ဝဘရကားသုဟု….

ဒီကနေ့ ကျွန်တော်တင်ြပမဲ့ ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ ကျမ်းမြတ်ကုရ်အာန် (၂း၁၄၃)မှာဖော်ပြပါရှိတဲ့ `အွမ္မသွန်ဝဆသွန်´တနည်းအားဖြင့် “မျှခြေရှိသောလူ့အဖွဲ့အစည်း” (Balanced Society) ခေါင်းစဉ် ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကျွန်တော်ရွေးချယ်ပြီးဟောကြားတင်ပြရခြင်းကတော့ ဒီကနေ့မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားနဲ့ ကိုက်ညီထင်ဟပ်နေလို့ဖြစ်ပါတယ်။

လူကြီးမင်းများမှတ်မိပါလိမ့်မယ်။ ပြီးခဲ့တဲ့(၂ဝ၁၃)ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ ကျွန်တော့်အနေနဲ့ “ဘယ်လိုပြောင်းလဲ (Change) ကြမလဲ” ဆိုတဲ့ ခေါင်းစဉ်ကိုအပိုင်း(၅)ပိုင်းခွဲပြီး `ခွတ္တဗာဟ်´တင်ပြခဲ့ဖူးပါတယ်။ အဲဒီလိုတင်ပြတဲ့အခါမှာကမ္ဘာ့ပညာရှင်ကြီးတွေ သုတေသနပြုဖော်ထုတ်ထားတဲ့ အပြောင်းအလဲပုံစံ (Form of Change) ပုံစံ လေးမျိုးကိုကျနော်တင်ပြခဲ့ပါတယ်။ ပြန်လည်အမှတ်ရစေဖို့ တင်ပြရမယ်ဆိုရင်-

(၁) Pesonal Change – တစ်ဦးချင်းစီ၏ စိတ်ထားများ၊ အပြုအမူများနှင့် အသိအမြင်များကိုပြောင်းလဲခြင်း။

(၂) Relational Change – မိမိအုပ်စုအတွင်း၊ မိမိအုပ်စုနှင့် အခြားအုပ်စုများအတွင်းဆက်နွယ်၊ ဆက်ဆံမှုကို ပြောင်းလဲခြင်း။

(၃) Cultural Change – ငြိမ်းချမ်းသာယာရေး၊ ညီညွတ်မျှတရေးကိုတန်ဖိုးထားသောယဉ်ကျေးမှုဆီသို့ ပြောင်းလဲ ခြင်း။

(၄) Structural Change – မူဝါဒနှင့်ဖွဲ့စည်းပုံများ၊ ခေါင်းဆောင်မှု ပုံသဏ္ဍာန်များ ပြောင်းလဲခြင်း။

ဒီလိုပြောင်းလဲခြင်းဆိုင်ရာခေါင်းစဉ်တွေကို ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့(၂ဝ၁၃)ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းရက်များ မှာ ခွတ္တဗာဟ်အဖြစ် တင်ပြခဲ့သလို ဆွေးနွေးပွဲများလည်းလုပ်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲခြင်းဆိုင်ရာအဆင့်(၄)ဆင့် ရှိတဲ့အနက်မှာ ကျွန်တော့်အနေနဲ့ ပြောင်းလဲခြင်းရဲ့အဆင့်(၁)ဖြစ်တဲ့ Personal Change အပိုင်းကိုပဲကျမ်းမြတ် ကုရ်အာန်ရဲ့ အကိုးအကားတွေနဲ့ အကျယ်တဝင့်တင်ပြခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အဖွဲ့အစည်းတစ်ရပ်မှာ ကျွန်တော်တင်ပြခဲ့တဲ့ ပြောင်းလဲခြင်းအဆင့်(၄)ဆင့်ဟာတစ်ခုပြီးတစ်ခု၊ အဆင့်လိုက်ပြောင်းလဲသွားရမှာဖြစ်တဲ့ အတွက်၊ ပထမအဆင့်ဖြစ်တဲ့ Personal Change လို့ခေါ်တဲ့ `တစ်ဦးချင်းစီ၏ စိတ်ထားများ၊ အပြုအမူများ၊ အသိ အမြင်များကိုပြောင်းလဲခြင်း´အပိုင်းကိုစပြီး တင်ပြခဲ့ပါတယ်။ အဲဒီအဆင့်ကနေပြီး၊ တစ်ဆင့်ပြီးတစ်ဆင့် သွားမယ် လို့ ရည်ရွယ်ခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ (၈)ရက်နေ့မှာကျင်းပခဲ့တဲ့ (၂ဝ၁၅)ခုနှစ် သမိုင်းဝင်ရွေးကောက်ပွဲရဲ့ ရလာဒ်ဟာ ပြောင်းလဲမှု အဆင့်ဆင့်ကို ရုတ်ချည်းကျော်တက်သွားမဲ့သဘောမျိုးဆောင်သွားမှာကို ကျွန်တော်တို့တွေ့ရပါတယ်။ Revolution အနေအထားပေါ့။ အမှန်တကယ် ကျွန်တော်တို့ အားလုံးတွက်ချက်ထားတာက လွှတ်တော်ထဲမှာ ပါတီကြီး (၂)ခုဟာမဲမပြတ်ပဲ ကုလားထိုင်အညီအမျှရမယ်လို့ တွက်ချက်ထားပေမ၊ဲ့ တစ်နည်းအားဖြင့် Evolution ဆင့်ကဲသဏ္ဍာန်နဲ့ ပြောင်းလဲသွားမယ်လို့ ထင်ထားပေမဲ့ အမှန်တကယ် ဖြစ်သွားတဲပုံစံက ဘယ်သူကမှ မထင်ထား တဲ့ Revolution အသွင်သဏ္ဍာန်နဲ့ `အရွေ့´တစ်ခုကိုရွှေ့ပြောင်းသွားတာတွေ့ရပါတယ်။

ဒါကလက်ရှိနိုင်ငံရေးဖြစ်စဉ်တွေပါ။ ဒို့မွတ်ဆလင်မ်နဲ့ ဘာဆိုင်လို့လဲ။ ဒို့ ဘာသာရေးနဲ့ ဘာဆိုင်လို့လဲဆိုပြီး စောဒကတက်သူတွေလည်းရှိမှာပါ။ အဲဒီပုဂ္ဂိုလ်တွေအတွက်တော့ သေသေခြာခြာနားထောင်ပြီး စဉ်းစားသုံးသပ်ကြ ပါလို့ပဲ ပြောချင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ Revolution လို့ခေါ်တဲ့ ရုတ်ချည်းဖြစ်စဉ်ဟာ ကျွန်တော်တင်ပြခဲ့တဲ့ ပြောင်းလဲခြင်း (Change)ဖြစ်စဉ်တွေရဲ့ အဆင့်ဆင့်ကို တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဖြစ်နိုင်တဲ့ သဘောကဥပမာ Personal Change ကနေပြီး အဆင့်(၂)ဖြစ်တဲ့ Relational Change ကိုအဆင့်ကျော်ပြီးအဆင့် (၃) ဖြစ်တဲ့ Cultural Change နဲ့ အဆင့်(၄)ဖြစ်တဲ့ Structural Change ဆီကိုခုန်ကျော်ရောက်သွားတတ်ပါတယ်။ ဒီအခြေအနေကအားသာချက်တွေရှိသလို၊ စိုးရိမ်ဖွယ်ရာအနေအထားတွေလည်းရှိပါတယ်။ ဒီနေရာမှာမေးစရာ ရှိပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်လိုအခြေအနေမျိုးကြောင့် ပြောင်းလဲခြင်းဖြစ်စဉ်ဟာအဆင့်ကျော်တတ် ပါသလဲဆိုတာပေါ့။ ဟုတ်ပါတယ်။ ပြောင်းလဲခြင်းဖြစ်စဉ် အဆင့်ကျော်မှုဆိုတာကပုံသေနည်းတစ်ခုလို သတ်သတ် မှတ်မှတ် ပြောလို့မရပါဘူး။ အုပ်ချုပ်သူအစိုးရ၊ အုပ်ချုပ်ခံပြည်သူ၊ နိုင်ငံရဲ့စီးပွားရေး၊ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ ပါဝင်စွက်ဖက်မှု၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ ချိန်ခွင်လျှာထိန်းညှိမှုတွေကိုထည့်သွင်းစဉ်းစားရပါတယ်။

ကောင်းပါပြီ။ ကျွန်တော် ဒီကနေ့တင်ပြမဲ့ `အွန်မသွန် ဝဆသွန်´ `မျှခြေရှိသောလူ့အဖွဲ့အစည်း´ (Balanced Society) ဆိုတဲ့ ခေါင်းစဉ်ကိုလက်ရှိမြန်မာနိုင်ရဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ချိတ်ဆက်မီးမောင်းထိုးပြရပါလိမ့် မယ်။ခွတ်ဗာဟ်ရဲ့ နိဒါန်းအပိုင်းမှာ ကျွန်တော်ရွတ်ဖတ်ခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန် (၂း၁၄၃)ကိုရှင်းပြပါရစေ။

“ထိုနည်းတူစွာပင် ငါအရှင်မြတ်သည် သင်တို့ကို မျှခြေရှိသောလူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ် စေရခြင်းမှာ၊ သင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် စံနမူနာယူအသိအမှတ်ပြုနိုင်ရန်အတွက် လည်းကောင်း၊ ရစူလ် တမန်တော်မြတ်သည်လည်းသင်တို့အတွက် စံနမူနာဟုအသိအမှတ်ပြုနိုင်ရန်အတွက် လည်းကောင်းဖြစ်သည်။ –” (ကုရ်အာန် ၂း၁၄၃)

အမှန်တော့ ဒီအာယသ်ကအရှည်ကြီးပါ။ ကျွန်တော့ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့အပိုင်းကိုပဲယူလိုက်တာပါ။ ဒီအာယသ်ကိုလေ့လာကြည့်မယ်ဆိုရင် အစ္စလာမ့် လူ့အဖွဲ့အစည်းပေါ်ထွန်းလာရခြင်းရဲ့ မူလရည်ရွယ်ချက်ကိုက `အွမ်မသွန်ဝဆသွန်´လို့ခေါ်တဲ့ `မျှခြေရှိသောလူ့အဖွဲ့အစည်း´ (Balanced Society)တစ်ရပ် ပေါ်ထွန်းလာစေလို သော အလ္လာဟ်အရှင်မြတ်ရဲ့ ဆန္ဒတော်တစ်ရပ်ပါ။

ဒီနေရာမှာ `အွမ်မသွန် ဝဆသွန်´ဆိုတဲ့ အရဗီဝေါဟာရကို ရှင်းပြချင်ပါတယ်။ `အွမ်မသွန်´ဆိုတာက လူ့အဖွဲ့အစည်းလို့အဓိပ္ပါယ်ထွက်ပါတယ်။ `ဝဆသွန်´ဆိုတာကတော့ `အလယ်အလတ်ဖြစ်သော´`မျှခြေရှိသော´ `အစွန်းမရောက်သော (Between two Extreme)´လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီတော့ `အွမ်မသွန်ဝဆသွန်´ဆို တာက မြန်မာလို `အစွန်းမရောက်သောလူ့အဖွဲ့အစည်း´ `မျှခြေရှိသောလူ့အဖွဲ့အစည်း´ဆိုပြီးအဓိပ္ပါယ်ထွက်ရှိပါ တယ်။

အမှန်တကယ်တော့ ဒီအာယသ် (၂း၁၃၄)ကိုဆက်ဖတ်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်က `ကိဗ်လာဟ်´ လို့ခေါ်တဲ့ `ဦးတည်ချက် (Direction)´ တစ်ရပ်ကို လူသားတွေအတွက် ချမှတ်ပေးတယ်။ ဒီအချိန်မှာအလ္လာဟ် အရှင်မြတ်ချမှတ်ပေးတဲ့ ဦးတည်ချက် `ကိဗ်လာဟ်´ကိုမလိုက်နာလိုသူတွေက အလ္လာဟ်အရှင်မြတ်စေလွှတ် လိုက် သော တမန်တော်မြတ်(ဆွ)အား ကျောခိုင်းသွားတဲ့ အကြောင်းကိုရည်ညွှန်းဖော်ပြထားတဲ့ အာယတ်တော်ပါ။ ဒီအာယသ်တော်ကရည်ညွှန်းတဲ့ဖြစ်စဉ်လေးကိုအနည်းငယ်တင်ပြပါရစေ။

အလ္လာဟ်အရှင်မြတ်ဟာတမန်တော် အီဗရာဟင်မ်ရဲ့သားတော် (၂) ပါးအနက် သားတော် အီစ်ဟာက်(အ) ဖက်မှ အဆင့်ဆင့်သောတမန်တော်တွေကို ပွင့်ပေါ်စေခဲ့ပါတယ်။ တမန်တော် အီဆာ(အ)မှာ`အီစ်ဟာက်´ ဖက်က တမန်တော်ပွင့်ပေါ်ခြင်းကိုရပ်ဆိုင်းလိုက်ပါတယ်။ တမန်တော်အီဆာ(အ)အပါအဝင် အားလုံးသောတမန်တော်တွေ ဟာ ဂျူးအနွယ်ဝင်တွေပါ။ တမန်တော်မုဟမ္မဒ်(ဆွ)ကိုတော့ ဂျူးအနွယ်၊ ခရစ်ယာန်အနွယ်က ပွင့်ပေါ်စေခြင်းမပြု တော့ပဲ တမန်တော်အီဘရာဟင်မ်(အ)ရဲ့ ကျန်သားတော်တစ်ပါးဖြစ်တဲ့ တမန်တော်အီစ်မာအီလ်(အ) အနွယ်ဖက် ကပွင့်ပေါ်စေခဲ့ပါတယ်။ အရဗ်မျိုးနွယ်ဖက်ကပါ။ ဒီအနေအထားကို ဂျူးနဲ့ခရစ်ယာန်တို့က၊ အစွန်းရောက် လူမျိုးရေးဝါဒီတွေက အရဗ်အနွယ်ကပွင့်လာတဲ့ တမန်တော်မုဟမ္မဒ်(ဆွ)ကိုလက်မခံပဲ အပြင်းအထန် ငြင်းဆန် ကန့်ကွက်ပါတော့တယ်။ ဒီနေရာမှာအလ္လာဟ်အရှင်မြတ်ကဦးတည်ရာလမ်းကြောင်း ရုတ်ချည်းပြောင်းလဲလိုက်ပါ တယ်။ တစ်နည်းအားဖြင့် `ငါတို့ အမျိုးသားဖက်သာတမန်တော် ပွင့်ရမယ်၊ ´ဆိုတဲ့ လူမျိုးစွဲဝါဒကို (Revolution) ပြုပြင်ပြောင်းလဲတော်လှန်ရေးလုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာအစ္စလာမ်ကိုတမန်တော်မြတ် (ဆွ)အားဖြင့် ပြန်လည်ပြုစုပျိုးထောင်ပြီးလူမျိုးကြီး၊ လူမျိုးစွဲဝါဒကို ဆန့်ကျင်စေတဲ့`မျှခြေရှိသောလူ့အဖွဲ့အစည်း´ ဖြစ်တဲ့ `အွမ်မသွန်ဝဆသွန်´ကို စံပြုတည်ဆောက်ခဲ့ပါတယ်။

ကျမ်းမြတ်ကုရ်အာန် (၂း၁၃၄)အရအလ္လာဟ်အရှင်မြတ်က အစ္စလာမ်ကိုသက်ဝင်ယုံကြည်သူတို့အဖို့ လူသားထုတစ်ရပ်လုံးရဲ့ ထင်သာမြင်သာသောသက်သေခံဖြစ်ရမယ်လို့ လမ်းညွှန်လိုက်တဲ့အပေါ်မှာလူတစ် ယောက်ဟာအစ္စလာမ်ကို သက်ဝင်ယုံကြည်တယ်ဆိုရင် သူ့ရဲ့လူသားဖြစ်မှုဟာ သူ့ရဲ့ပတ်ဝန်းကျင်ရဲ့ စံပြုစရာဖြစ် လာရပါလိမ့်မယ်။

ကျမ်းမြတ်ကုရ်အာန် (၂း၃ဝ)မှာအလ္လာဟ်အရှင်မြတ်ကဒီလိုမိန့်ထားပါတယ်။

“ — ဧကန်အမှန်ပင် ငါအရှင်မြတ်သည် ဤကမ္ဘာဂြိုဟ်ပေါ်တွင် စီမံအုပ်ချုပ်သူကိုယ်စား လှယ်တော်ကို စီမံဆောင်ရွက်တော်မူပေမည်။ —” (ကုရ်အာန် ၂း၃ဝ)

ဒီအာယသ်တော်ဟာ အလ္လာဟ်အရှင်မြတ်က ဤကမ္ဘာဂြိုဟ်ပေါ်မှာ ဤကမ္ဘာဂြိုဟ်ကိုစီမံအုပ်ချုပ်ဖို့ လူသား မျိုးဆက်တစ်ရပ်ကို စီမံပြုလုပ်တော်မူမည့်အကြောင်းကို မလာအိကာဟ်လို့ဆိုတဲ့ သဘာဝအင်အားစုကြီးကို အသိ ပေးကြေညာလိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီအာယသ်တော်အရ ကျွန်တော်တို့လူသားတွေဟာ ဒီကမ္ဘာကြီး ပေါ်မှာအလ္လာဟ်အရှင်မြတ်ရဲ့ သံတမန်တော်များ (Ambassadors of Allah) အဖြစ်ရောက်ရှိလာတာပါ။ ဒါကြောင့် ကျွန်တော်တို့ဆီမှာ တာဝန်တွေ၊ ဝတ္တရားတွေရှိတယ်။ လုပ်ပိုင်ခွင့်တွေရှိတယ်။ ကျွန်တော်တို့ရဲ့ လုပ်ပိုင်ခွင့် တွေကိုကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်နဲ့အညီမှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းဖြင့် လူသားရဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါမယ်။

အစောပိုင်းမှာ ကျွန်တော်တင်ပြခဲ့တဲ့အတိုင်းလတ်တလောမှာ မြန်မာနိုင်ငံအခြေအနေဟာ ရွေးကောက်ပွဲ ရလာဒ်အပေါ်မှာ ရုတ်ချည်းပြောင်းလဲမှုဖြစ်စဉ်တစ်ရပ်ကို ရင်ဆိုင်ရပါတော့မယ်။ တစ်နည်းအားဖြင့် Evoluation ဖြစ် စဉ်တစ်ရပ်ကို နိုင်ငံရေးအကျိုးဆက်တစ်ရပ်အဖြစ်ရင်ဆိုင်ရပါတော့မယ်။ အစောပိုင်းမှာ ကျွန်တော်တင်ပြခဲ့သလို မြန်မာနိုင်ငံရဲ့ အနေအထားဟာပထမအဆင့်ဖြစ်တဲ့ Personal Change (လူတစ်ဦးချင်းစီ၏ စိတ်နေစိတ်ထားများ၊ အပြုအမူများ၊ အသိအမြင်များကိုပြောင်းလဲခြင်း) အဆင့်မှသည် တတိယအဆင့်ဖြစ်တဲ့ Cultural Change (ငြိမ်းချမ်းသာယာရေး၊ ညီညွတ်မျှတရေးကိုတန်ဖိုးထားသောယဉ်ကျေးမှုဆီသို့ ပြောင်းလဲခြင်း)နဲ့ စတုတ္ထအဆင့် ဖြစ်တဲ့ Structural Change (မူဝါဒနှင့်ဖွဲ့စည်းပုံများ၊ ခေါင်းဆောင်မှုပုံသဏ္ဍာန်များပြောင်းလဲခြင်း) ဆီကိုတစ်ဟုန်ထိုး ပြောင်းလဲပေးရမဲ့ အခြေအနေတစ်ရပ်ကို (၂ဝ၁၅)ခုနှစ် ရွေးကောက်ပွဲရလာဒ်ကပုံဖော်ပေးလိုက်ပါပြီ။ အဲဒီတော့ ဒုတိယအဆင့်ဖြစ်တဲ့  Relational Change (မိမိအုပ်စုအတွင်းမှာသော်လည်းကောင်း၊ မိမိအုပ်စုများအတွင်း ဆက်နွယ်၊ ဆက်ဆံမှုပြောင်းလဲခြင်း) ဟာ ခုန်ကျော်သွားခြင်းကို ခံလိုက်ရပါတယ်။

ဒီနေရာမှာ ကျွန်တော် ကုရ်အာန် (၈း၅၃)ကိုတင်ပြပါရစေ။

“ လူမျိုးတစ်မျိုးသည် မိမိတို့ကိုယ်တိုင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ်က ချီးမြှင့်သောအကျိုးကျေးဇူးတော်များသည်ပင်လျှင်၊ ထိုလူမျိုးတို့ကို ပြုပြင်ပြောင်းလဲပေးမည် မဟုတ်ပေ။ ဧကန် မုချပင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်သည်။” (ကုရ်အာန် ၈း၅၃)

ဒီအာယသ်တော်အရဆိုရင် လူ့အဖွဲ့အစည်းတစ်ရပ်ဟာ ပြောင်းလဲချိန်တန်နေပြီဖြစ်ပါလျက်၊ ကိုယ်တိုင်ပြု ပြောင်းလဲခြင်းကိုလက်မခံဘူးဆိုရင် ပြောင်းလဲခြင်းကြောင့်ရရှိလာမဲ့ အကျိုးကျေးဇူး၊ တစ်နည်းအားဖြင့် အလ္လာဟ် အရှင်မြတ်ရဲ့ `နေအ်မသ်´တော်နဲ့ ဝေးကွာသွားရမယ်လို့ ဆိုလိုနေခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်နားလည် လိုက်တာကတော့ ပြောင်းလဲချိန်တန်တဲ့ အနေအထားမှာပြောင်းလဲခြင်း မပြုလုပ်ဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ `မျှခြေရှိတဲ့ လူ့အဖွဲ့အစည်း´`အွမ်မသွန် ဝဆသွန်´မဖြစ်နိုင်တော့ပါဘူး။

အဲဒီတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းတွေဟာ `မျှခြေရှိတဲ့လူ့အဖွဲ့အစည်း´တစ်ရပ်ကိုတည်ဆောက်ဖို့ အရေးမှာဒီအစောပိုင်းမှာ ကျွန်တော်တင်ပြခဲ့တဲ့ Cultural Change လို့ခေါ်တဲ့ ငြိမ်းချမ်းရေးသာယာရေးညီညွတ်မျှ တရေးကိုတန်ဖိုးထားလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ပြုပြင်ပြောင်းလဲရပါမယ်။ တစ်ဆက်တည်းမှာပဲ Sturctural Change လို့ခေါ်တဲ့ မူဝါဒနဲ့ဖွဲ့စည်းပုံများ၊ ခေါင်းဆောင်မှုပုံသဏ္ဍာန်များ ပြောင်းလဲခြင်းကိုလည်း ဆောင် ရွက်ရပါမယ်။ လက်ရှိအခြေအနေမှာ ဒီလိုအပြောင်းအလဲတွေဟာ ယနေ့မြန်မာနိုင်ငံရေးအတွက် လိုအပ်ချက် တစ်ရပ်ဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေအနေနဲ့ ဒီလိုမျိုး Cultural Change တွေ၊ Structural Change တွေကိုရင်ဆိုင် ဖြေရှင်းပြီး ‘Balanced Society’ တစ်ရပ်ကိုထူထောင်နိုင်ဖို့မှာပထမဦးဆုံးလိုအပ်ချက်အရ `Community Space´ လို့ခေါ်တဲ့ `လူမှုရပ်ဝန်း´တွေ လိုအပ်ပါတယ်။ `လူမှုရပ်ဝန်း´ဆိုတာဘာလဲ။

`လူမှုရပ်ဝန်း´ဆိုတာက လူတစ်ဦးချင်းအနေနဲ့ တစ်သီးပုဂ္ဂလအခက်အခဲအကြပ်အတည်းတွေကိုအများနဲ့ သက်ဆိုင်တဲ့ပြည်သူ့ဘဝ အခက်အခဲအကြပ်အတည်းအဖြစ် (Private Troubles into Public Issues) ပြောင်းလဲတင်ပြဆွေးနွေးနိုင်တဲ့ လူ့အစုအဝေးဆိုင်ရာ ဆွေးနွေးပွဲလေးတွေကိုခေါ်တာပါ။ လူမှုရပ်ဝန်းထဲမှာ လူတစ်ဦးချင်းဟာသူတို့ ရဲ့အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဘေးဒုက္ခတွေကိုစိုးရိမ်ထိတ်လန့်မှုကင်းစင်စွာနဲ့ ပြောဆို၊ ညှိနှိုင်း၊ တင်ပြခွင့်ကိုပေးရပါမယ်။ ဒီလိုလူမှုရပ်ဝန်း (Community Space) တွေဟာ၊ နိုင်ငံထဲမှာ လွတ်လပ်စွာရပ်တည်ခွင့်ရှိရမှာ ဖြစ်ပြီး၊ အုပ်ချုပ်သူ အာဏာပိုင်များအနေနဲ့လည်း ဒီလိုလူမှုရပ်ဝန်းတွေကို လူ့အဖွဲ့ အစည်းရဲ့ ဖွံ့ဖြိုးမှုအတွက် အခြေခံကောင်းတွေအဖြစ် သဘောထားပေးရပါမယ်။ ဒီနေရာမှာ လူမှုရပ်ဝန်းကောင်း တစ်ရပ်ဖြစ်ဖို့ဟာ Inclusion လို့ခေါ် တဲ့ `အားလုံးပူးပေါင်းပါဝင်စေဖို့´နဲ့ Public Deliberation လို့ခေါ်တဲ့ `ပွင့်လင်းစွာဆွေးနွေးတင်ပြ ဖော်ထုတ်ကြခြင်း´ဆိုတဲ့ အချက်(၂)ချက်ကိုတော့ ကျောရိုးအဖြစ် သတ်မှတ်ထားရ ပါမယ်။

ကျမ်းမြတ်ကုရ်အာန်ထဲမှာတော့ လူမှုရပ်ဝန်း (Community Space) ကိုကုရ်အာန် (၄၂း၃၈)မှာဒီလို ပြဆို ထားပါတယ်။

—- `ဝအမ်းရုဟွန် ရှူးရာဘိုင်းနဟွမ်း´—-

—- And Whose Affairs are Decided by Their Mutual Consultion —- (Quran 42:38)

“သူတို့၏ အရေးအရာကိစ္စများကို သူတို့ကိုယ်တိုင် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ဆုံးဖြတ် ဆောင်ရွက်ကြသည်”—- (ကုရ်အာန် ၄၂း၃၈)

အဲဒီတော့ ကျွန်တော်ဖတ်ဖူးတဲ့ စာပိုဒ်လေးတစ်ပိုဒ်ကိုဖတ်ပြပါရစေ။

Civil Societies serves as “ school of democracy” ; they may provide individuals with information, educate them, develop their sense of political efficacy, cultivate their capacities for negotiation and deliberation, and instill for civic virtues such as toleration, trust, respect for others, and sense of reciprocity.

“ပြည်သူ့လူ့အဖွဲ့အစည်းများသည် ဒီမိုကရေစီသင်တန်းကျောင်းကြီးသဖွယ်ဖြစ်သည်။ လူတစ်ဦးချင်းသည် သတင်းအချက်အလက်ရယူနိုင်၊ ဝေမျှနိုင်သည်။ ဆွေးနွေးညှိနှိုင်းတင်ပြမှုဆိုင်ရာ စွမ်းရည်များလေ့ကျင့်ဖော်ထုတ် နိုင်သည်။ စိတ်ရှည်သည်းခံခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်း၊ အပြန်အလှန်နားလည်မှု ရှိခြင်းစသည့် လူမှုတန်ဖိုး များကို စိမ့်ဝင်ရောက်ရှိစေနိုင်သည်။”

ကျွန်တော့်အနေနဲ့ နိဂုံးချုပ်အားဖြင့် ယနေ့မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီးအကောင်းမြင်စိတ်ရှိသူနဲ့ မယုံ မကြည်ဖြစ်နေတဲ့ အဆိုးမြင်စိတ်ရှိနေတာလေးကို ယှဉ်တွဲသုံးသပ်ပြချင်ပါတယ်။

“အကောင်းမြင်စိတ်ရှိခြင်းဟာ နိုင်ငံ့အရေးတက်ကြွလှုပ်ရှားမှုကို ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့ အပြောင်း အလဲဟာ ဖြစ်နိုင်ခြေမရှိဘူးလို့ ယုံကြည်လိုက်တဲ့အခါမှာစိတ်ပျက်ပြားမှု ဆိုတာကိုပဲရွေးချယ်စရာ ဖြစ်လာပါတော့ တယ်။ စိတ်ပျက်ပြားနေတဲ့သူတွေဟာ ဘာကိုမှအပြောင်းအလဲ မဖြစ်စေမှာသေချာပါတယ်” ဆိုတာကို တင်ပြရင်း ကျွန်တော့ရဲ့ခွတ်ဗါဟ်ကို နိဂုံးချုပ်လိုက်ပါတယ်။ ဆလာမ်း…..