မျှဝေခံစားခြင်း မုဖ်သီ ဦးသန်းအောင် (LL.B)
မျှဝေခံစားခြင်း
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော် ဒီတစ်ပါတ် တင်ပြမယ့်ခေါင်းစဉ်ကတော့ `မျှဝေခံစားခြင်း´ ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အရဗီပြက္ခဒိန်ရဲ့ အဌမမြောက်လဖြစ်တဲ့လ ရှအ်ဗာန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မကြာခင် လာမယ့် ၁၀ ရက်ခန့်မှာ ကျွန်တော်တို့အားလုံး အရဗီလရဲ့ န၀မမြောက်လ(ရမဿွန်)ကို ရောက်ရှိကြတော့ မှာဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန်ပို့ပေးခြင်း မခံရခင်ကတည်းက ရမဿွန်ဆိုတဲ့လဟာ ပြက္ခဒိန်မှာ ရှိနေပြီးဖြစ်ပါတယ်။ ရမဿွန်ရဲ့ အဓိပ္ပါယ်က ပူပြင်းခြင်း၊ လောင်ကျွမ်းခြင်း ဆိုတဲ့ အဓိပ္ပါယ်ရရှိပါတယ်။ သူဘာသာသူ န၀မမြောက်လအဖြစ် တည်ရှိနေတဲ့လ၊ နောက်ဆုံးနဲ့ အန္တိမတမန် တော်မြတ် မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်အရှင်မြတ်က နောက်ဆုံးတမန်တော်အဖြစ် ရွေးချယ်ခန့်အပ်ပြီးတဲ့နောက်၊ နောက်ဆုံးနဲ့ အပြီးပြည့်စုံဆုံးဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို ၀ဟီအားဖြင့် ထင်ထင်ရှားရှား ထုတ်ပြန်ပို့ချ လိုက်တဲ့အခါမှာ အဲဒီပုံမှန်အတိုင်း န၀မမြောက်လမှာ တည်ရှိနေတဲ့ ရမဿွန်လဟာ `ရမဿွန်မူဘာရတ်က်´ ဆိုတဲ့ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့ ကျွန်တော်တို့စကားနဲ့ပြောရရင် ရမသွာန်ကရီးမ်မြင့်မြတ်တဲ့ ရမသွာန်လမြတ် ဖြစ်လာပါတယ်။
ဒါဟာ ကျမ်းမြတ်ကုရ်အာန်ထုတ်ပြန်ပို့ချလိုက်ခြင်းကြောင့် တဖက်က`လ´ဆိုတဲ့ ရမဿွန်ကလည်း မြင့် မြတ်နေသလို တစ်ဖက်မှာ မုဟမ္မဒ်ဘင် အဗ်ဒုလ္လာဟ်ဆိုတဲ့ လူတစ်ယောက်ကလည်း အလ္လာဟ်ထံကနေ ကျမ်း မြတ်ကုရ်အာန်ကို ၀ဟီအဖြစ် ထင်ထင်ရှားရှားထုတ်ပြန်ပို့ချခြင်း ခံလိုက်ရတဲ့အတွက် သူကလည်း မုဟမ္မဒူရ် ရစူလွလ္လာဟ်ဆိုပြီးတော့ ရစူလွလ်ကရီးမ်ဆိုပြီး မြင့်မြတ်တဲ့ ရစူလ်တမန်တော်မြတ်လည်း ဖြစ်လာပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာနေသူတွေ ထင်ထင်ရှားရှားတွေ့ရတဲ့အချက်က ကျမ်းမြတ်ကုရ်အာန်မှာ ကုရ်အာန် ဆိုတဲ့ စကားလုံး ပထမဦးဆုံး ပါဝင်နေတဲ့ အာယသ်ကလည်း လမြတ်ရမဿွန်နဲ့ပတ်သက်တဲ့ စူရာဟ် ၂ အာယသ် ၁၈၅ မှာမှစပြီးပါလာတာပါ။ သူ့အရှေ့မှာ အလ်ကီသာဗ်ဆိုတဲ့ စကားလုံးနဲ့ပဲ သုံးထားတာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
အဲဒီ ရမဿွန်လမှာပဲ ကျမ်းမြတ်ကုရ်အာန်ကို လူသားခပ်သိမ်းအတွက်လမ်းညွှန်ချက်အဖြစ် ထုတ်ပြန်ပို့ချ ပေးခြင်းခံခဲ့ရပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ စူရာဟ်အမှတ် ၄၄ အာယသ် အမှတ် ၂ ကို လိုင်လာသွလ်ကဒရ်ကို အတုလုပ်ချင်တဲ့၊ ရှဗေဗရသ်ကို တမန်တော်မြတ်မုဟမ္မဒ်(ဆွ) ၀ဖသ် (ကွယ်လွန်) ပြီး သည့်နောက် နှစ်ပေါင်း၄၀၀ ကျော်ကြာတော့မှ အသစ်တီထွင်ဗေဒအသ်လုပ်တဲ့လူတွေက ရှဗေဗရသ်ကို လုပ်နေတာကို အရဗီမှုပြုပြီး လိုင်လသွလ်ဗရသ်ဆိုပြီး ခပ်တည်တည်နဲ့ ထိုးသွင်းလာပါတယ်။ အဲဒီနောက်မှာ ပိုပြီး ယုတ္တိရှိအောင် ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄၄ အာယသ် ၂ မှာပါတဲ့ လိုင်လသွလ်မုဘာရကသွန်န်ဆိုတာကို ယူပြီးတော့ ကျမ်းမြတ်ကုရ်အာန်ကို လိုသလို ဘာသာပြန်တဲ့လူတွေက မိမိတို့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ရှဗေဗရသ်ကို လိုင်လသွလ်မုဘာရကသွန်နဲ့ တထပ်တည်းကျသလိုလို လူတွေကို တရားဓမ္မဟောတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညကပေါ့။
အဲဒီအာယသ်ရဲ့အရှေ့မှာပါတဲ့။ `အင်န်နာ အန်ဇလ်ဟု ဖီးလိုင်လသင်းန် မုဘာရကသင်န်´ ကျတော့ လိုချင်တဲ့ လမ်းကြောင်းကို ရဖို့အတွက် မိုးကောင်းကင် ခုနှစ်ထပ်ကို စချလိုက်တာဆိုပြီးတော့ လုပ်လိုက်ကြပါ တယ်။ အဓိပ္ပါယ်က`ဧကန်မုချ ငါအရှင်မြတ်သည် ထိုကုရ်အာန်ကို ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော ညဥ့်တွင် ထုတ်ပြန်ပို့ချပေးတော်မူခဲ့သည်။ ကျမ်းမြတ်ကုရ်အာန်မှာတော့ `အင်န်န အန်ဇလ်နာဟု ဖီးလိုင်လသွလ်ကဒရ်´ဆိုပြီး လိုင်လသွလ်ကဒရ်နဲ့ပတ်သက်တဲ့ဟာကို အခြားနာမည်ဖြစ်သော လိုင်လသွလ်မုဘရကဆိုတဲ့ ကျက်သရေ မင်္ဂလာ နဲ့ပြည့်စုံတဲ့ ညကာလဆိုပြီးတော့ ဖော်ပြတာကို ဘယ်မှာရှိနေလဲဆို အဲဒီလဟာ အဲဒီရက်ဟာ လမြတ်ရမဿွန်မှာပဲ ရှိနေတာပါ။ ရှအ်ဗာန်လမှာ မရှိဘူး။ မရှိတာကို အရှိလုပ်တဲ့လူတွေအကြောင်းလဲ အနည်းငယ်တင်ပြရခြင်းဖြစ်ပါတယ်။
အဲဒီတော့ ကုရ်အာန်ဟာ (၀ဘိုင်ယေနာသီန်၊ မိနလ်ဟုဒါ၊ ၀လ်ဖုရ်ကာန်)အမှန်ထင်ရှားလှတဲ့ သက်သေ လက္ခဏာတော်တွေလည်း ပါဝင်ပြီးဖြစ်တယ်။ တရားလမ်းမှန်ကို ရစေတဲ့အပြင် ဘယ်အရာက ဓမ္မ၊ ဘယ်အရာက အဓမ္မဖြစ်လဲ၊ ဘယ်အရာက ကောင်းပြီး၊ ဘယ်အရာက မကောင်းဘူးလဲ။ ဘယ်အရာက အမှန်တရားလဲ ဘယ်အရာက မှားနေတာလဲ၊ ဘယ်အရာက သစ္စာတရားလဲ၊ ဘယ်အရာက မိစ္ဆာအမှားလဲဆိုတာကို ဒီမှတ် ကျောက်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ကနေ လူသားခပ်သိမ်းကို လမ်းညွှန်မှုပေးနေတယ်လို့ သွန်သင်ဆုံးမထားပါ တယ်။
အဲဒီရမဿွန်လာတော့မယ်ဆိုတဲ့အချိန်မှာ ကျွန်တော်တို့အားလုံးဟာ ရမဿွန်နဲ့ပတ်သက်ပြီး အမြဲတမ်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ အဲဒီကြိုတင်ပြင်ဆင်မှုလုပ်စေတဲ့ စကားလုံးကိုလည်း အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၈၃ မှာ အခုလိုမိန့်ပါတယ်။ အဲဒီစကားလုံးက ဘာလဲဆိုရင် (ယာအိုင်ယူဟလ် လဇီး အာမနူ ကုသိဘ)(ကုသိဘ)ဆိုတဲ့ စကားလုံးပါ။ အဲဒီ က သ ဘ ဆိုတဲ့ စကားလုံး ရေးသားမှတ်တမ်းတင် သည်ကနေ ပြဌာန်းသတ်မှတ်သည် ဆိုတဲ့ စကားလုံးသို့ ရောက်လာတဲ့အခါမှာ အဲဒီစကားလုံးဟာ အမြဲတမ်း ကြိုတင်ပြင်ဆင်မှုလုပ်ရပါတယ်။ ရမဿွန်နဲ့ပတ်သက်ရင် လူကြီးမင်းများအားလုံးအပါအ၀င် ကမ္ဘာ့တနံတလျားမှာ ရှိနေကြတဲ့ ကျွန်တော်တို့ ညီနောင်မွတ်ဆလင်မ်တွေအားလုံးဟာ အခုအချိန်မှာ ရမဿွန်အတွက် ကြိုတင်ပြင် ဆင်မှုလုပ်နေတာ အထင်အရှားပါ။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၈၃ ကို ဘာသာပြန်အားဖြင့် ကြည့်မယ်ဆိုရင်
`အို အီမာန်သက်ဝင်ယုံကြည်ပြီးသူအပေါင်းတို့၊ ထိုအရှင်မြတ်သည် အသင်တို့အလျင်ရှိခဲ့ကြသူတို့အပေါ် ပြဌာန်းသတ်မှတ်ခဲ့သကဲ့သို့ အသင်တို့အပေါ်တွင်လည်း ဆွီယာမ်တည်ဆောက်ရန် အမိန့်တော်ကို ပြဌာန်းသတ် မှတ်တော်မူခဲ့လေပြီ။ သို့မှသာလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ပြဌာန်းထားသော လမ်းညွှန် သတ်မှတ်ချက်ဘောင်အတွင်းနေထိုင်သူ၊ အလ္လာဟ်အရှင်မြတ်၏ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ထိုက်တန်သူများ ဖြစ်တန်ကြရာသည်။´လို့ဖော်ပြထားပါတယ်။
ဒီနေရာမှာ (သက္က၀ါ)ကို ကျွန်တော်နားလည်သလို ဘာသာပြန်ထားတာဖြစ်ပါတယ်။ အဲဒီအာယသ်ပါ ဆွီယာမ်ကိုကြည့်လိုက်ရင် မိမိကိုယ်ကို မိမိမှားယွင်းစေသော ကိစ္စရပ်များမှ တားမြစ်ရပ်တန့်လိုက်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။ ပြီးတော့မှ ဆိုင်းငံ့ခြင်း၊ ရပ်တန့်ခြင်းဆိုတာ ရပါတယ်။ အဲဒီတော့မှ ကျွန်တော်တို့က မူလ ၃၆၅ ရက်မှာ ၃၃၄/၃၃၅ ရက်ခန့် ကျွန်တော်တို့ နေ့စဉ်စားသောက်နေထိုင်ကျင့်သုံး မျိုးဆက်ပြန့်ပွားနေတဲ့ ကိစ္စ ရပ်များကို အလ္လာဟ်အရှင်မြတ်ရဲ့ ဥပဒေပြဌာန်းသတ်မှတ်ချက်နဲ့အညီ လုပ်ချင်တာတွေ အားလုံးကို ရပ်လိုက်တာ။
အဲဒီမှာ အစားအသောက်ရပ်တာပါတယ်။ မျိုးဆက်ပြန့်ပွားရေးကိစ္စဆောင်ရွက်တာ ပါသလို အခြားသော အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားတဲ့ လမ်းညွှန်သတ်မှတ်ချက်နဲ့ ဆန့်ကျင်တဲ့ကိစ္စရပ်များအားလုံးမှ ဆိုင်းငံ့ရပ်တန့်လိုက်ခြင်းကို ဆွီယာမ်လို့ခေါ်ပါတယ်။ မြန်မာမှုမှာ အလွယ်တကူနားလည်အောင် ဥပုသ်သီလ ဆောက်တည်တယ်လို့ဘဲ ပြန်ဆိုနေတာကိုလည်း ကျွန်တော်တို့က အသိအမှတ်ပြုပြောဆိုနေရတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် စားတာရယ်၊ သောက်တာရယ်၊ မျိုးဆက်ပြန့်ပွားတာရယ် ၃ ခုဘဲ ရပ်တန့်ဆိုင်းငံ့လိုက်တာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့အားလုံး သဘောပေါက်ထားဖို့ လိုပါတယ်။ အဲဒီ ရမဿွန်လမှာ ချပေးလိုက်တဲ့ ကျမ်း၊ လူသားအားလုံးကို လမ်းညွှန်တဲ့ကျမ်း၊ တကယ်ရရှိလိုက်မယ့် လူကတော့ လူတိုင်းမဖြစ်နိုင်ဘူး။ ဒါကို ဘယ်မှာပြသလဲဆိုရင် ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၂ မှာ
`ဒီကျမ်း(ကုရ်အာန်)၊ ဒီကျမ်းထဲမှာ စိတ်ဒွိဟ သံသယဖြစ်စရာ၊ မသေချာမှုတွေ၊ မရေရာမှုတွေ၊ မရှင်းလင်းမှုတွေ၊ ၀ိဝါဒကွဲပြားမှုတွေ၊ အရှေ့ကတစ်မျိုးပြောပြီး အနောက်မှာတစ်မျိုးဖြစ်တာတွေ စတဲ့အရာခပ်သိမ်း ကနေလုံးဝကင်းရှင်းတဲ့ ကျမ်း၊ ဒီကျမ်းဟာ အဲဒီလို ကျမ်းမျိုးဖြစ်ပါတယ်။´လို့ ဆိုပါတယ်။ ပြီးတော့ မိမိဘ၀ သက်တမ်းတစ်လျှောက်မှာ ဘေးဒုက္ခအန္တရာယ်၊ အခက်အခဲအကျပ်အတည်း၊ ဆင်းရဲမှုအသွယ်သွယ်ကနေ ကင်းဝေးရှင်းလင်းလိုပြီး ခလုတ်မထိ၊ ဆူးမငြိတဲ့ လူ့ဘ၀ခရီးလမ်း ပန်းတိုင်ကို အရောက်လှမ်းလိုသူ မွတ်သကီးန် တွေအတွက် တရားလမ်းမှန် အလင်းရောင်လည်းဖြစ်ပါတယ်။ ဒီနေရာမှာ မွတ်သ်သကီးန်ကို အခုနဖွင့်ဆိုချက်ကို ယူမယ်ဆိုရင် အနီးစပ်ဆုံးယူလို့ရမယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီ မွတ်သ်ကီးန်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အကွယ်မှာ ရှိတဲ့အရာတွေကို ယုံတယ်။ အဲဒီမှာ အရိုးရှင်းဆုံးက အလ္လာဟ်ပေါ့။ အလ္လာဟ်အကွယ်မှာရှိတယ်။ မျက်စိနဲ့ တပ်အပ် မမြင်နိုင်ဘူး။ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်အရ ယုံတယ်။ ဘီလ်ဂိုက်ဗ်နဲ့ ပတ်သက်ပြီး လေ့လာလိုက်ရင် အရိုး ရှင်းဆုံးက လယ်သမားနဲ့ဥပမာပြပါတယ်။ လယ်သမားတစ်ယောက်က သူထွန်ယက်စိုက်ပျိုးရမယ့် အချိန်မှာ သူ့မှာ ရှိနေတဲ့ မျိုးစပါးက အနည်းငယ်ဘဲ။ အဲဒီ အနည်းငယ်သောမျိုးစပါးကို စိုက်ပျိုးထွန်ယက်လိုက်ရင် အချိန်တန်ရင် မျိုးကြဲလိုက်တဲ့စပါးစေ့ကနေ စပါးပင်ပေါက်လာပြီး တစ်ချိန်မှာ စပါးတွေကနေ စပါးနှံတွေအများကြီး သီးပွင့် ဝေဆာလာမယ်လို့ အဲဒီလယ်သမားမှာ ယုံကြည်ချက်ရှိတယ်။ အဲဒါဟာ `ဂိုက်ဗ်´ဖြစ်တယ်။
အဲဒီလိုပဲ ကျွန်တော်တို့ အလ္လာဟ်အပေါ်မှာ ယုံကြည်တဲ့ ယုံကြည်ချက်ဆိုတာဟာလည်း လက်တွေ့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ပြီး အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ အိဗာဒသ်တွေကို လုပ်ကိုင်ဆောင် ရွက်ရင် အဲဒီရဲ့ အကျိုးဆက်ရလဒ်ကို ကျွန်တော်တို့သေချာပေါက်ရရှိခံစားရမယ်လို့ ယုံတာ။ ဆွလားဟ်ဆိုတဲ့ လူနဲ့ လူ့ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေခဲ့တဲ့အတွက် ကုရ်အာန်နည်းကျ တမန်တော် မုဟမ္မဒ်(ဆွ)ပုံဖော်ခဲ့တဲ့ လမ်းစဉ်အတိုင်း အဲဒီလမ်းစဉ်ကို ဦးထိပ်ပန်ဆင်ပြီး လူတွေရဲ့အကျိုးဖြစ်စေမယ့်ကိစ္စတွေ ၀ိုင်းဝန်းဆောင်ရွက် အကောင်အထည်ဖော်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အချိန်နဲ့လုပ်တဲ့ ဆွလားဟ်ကလည်း အခုလို စုစည်းမှုအတွက် ပါတာ ပေါ့။ ဒါကိုလည်း သူတို့တည်ဆောက်ကြတယ်။ ပြီးတဲ့နောက်မှာ သူတို့ကို အလ္လာဟ်အရှင်မြတ်ချီးမြှင့်အပ်နှင်း ပေးသနားတော်မူထားတဲ့ အရင်းအမြစ်အရည်အသွေး၊ ပစ္စည်းဥစ္စာတွေထဲက အခြားသူတွေကို မျှဝေသုံးစွဲလျက် ရှိနေကြတယ်။
သူတစ်ပါးကို မျှဝေသုံးစွဲမှုပြုမယ့်လူဟာ ပထမဦးဆုံး သူ့ဆီမှာ ရှိနေဖို့လိုပါတယ်။ အရည်အချင်း၊ အရည် အသွေး၊ ဥစ္စာပစ္စည်း၊ လုပ်ပိုင်ခွင့်တစ်စုံတစ်ရာရှိနေဖို့ လိုပါတယ်။ အဲဒီတော့ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ် ကုရ်အာန် စူရာဟ် ၂၉း၁၇ မှာ-
`အလ္လာဟ်အရှင်မြတ်ထံတော်မှ ချီးမြှင့်သည့် စားနပ်ရိက္ခာ၊ အကျိုးကျေးဇူး အထောက်အပံ့ရရှိရေး အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်ရှာဖွေဆည်းပူးကြလေကုန်။´ လို့ အလ္လာဟ်က တိုက်တွန်းနှိုးဆော် ထားတယ်။ ကုရ်အာန်အရ ဘိုင်းအ် လို့ခေါ်တဲ့ အရောင်းအ၀ယ်ပြုလုပ်ခြင်းကို အလ္လာဟ်အရှင်မြတ်က ခွင့်ပြုပါ တယ်။ အံ့သြစရာကောင်းတာက ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်ထဲက ရိဇ်က်ကို ရှာလို့ပြောတဲ့အချိန်မှာ မွတ်ဆလင်မ်ဆိုတဲ့ လူတွေအနေနဲ့ ရတဲ့နည်းနဲ့ ရတဲ့အလုပ်လုပ်ပြီး စီးပွားရှာခွင့်မရှိပါဘူး။ မွတ်ဆလင်မ်က အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌားန်ထားတဲ့ ဟလာလ်လို့ ခွင့်ပြုထားတဲ့ လုပ်ငန်းများ(တစ်နည်း အများနားလည် သလို ပြောရရင် ဟလာလ်ရိုဇီ)ကိုပဲ ရှာဖွေလို့ရပါတယ်။
ငွေတိုးချစားတဲ့ မွတ်ဆလင်မ်သူဌေးကြီးမရှိပါဘူး။ အပေါင်ဆိုင်တွေဖွင့်ပြီး ဆင်းရဲသားတွေရဲ့ ဂုတ်ကို အများဆုံးချိုးနေတဲ့ မွတ်ဆလင်မ်သူဌေးကြီးမရှိပါဘူး။ အဲဒီလိုပဲ လူတွေရဲ့ ငွေကြေးတွေဖြုန်းတီးမှုကို အလွယ် တကူဖြစ်စေမယ့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ (စိတ်ကြွရူးသွပ်ဆေး) ရောင်းချခြင်း၊ ဘီယာဆိုင်၊ အရက် ဆိုင်၊ KTV မာဆတ်စတဲ့ ဆောင်ကြာမြိုင်လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက် ထုတ်လုပ်ဖြန့်ဖြူး သုံးစွဲခြင်းဆိုတဲ့ အလုပ်တွေကို မွတ်ဆလင်မ်တွေ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိပါဘူး။ မလုပ်ကြပါဘူး။
ဒါပေမယ့် တစ်ချို့လူနည်းစု စုန်းပြူးအချို့တော့ လုပ်ကောင်းလုပ်မှာပါ။ ဒါက သူတို့ရဲ့ပုဂ္ဂလိကလုပ်ရပ် သာဖြစ်ပြီး တရားတော်အရ ခွင့်ပြုထားခြင်းမဟုတ်ပါဘူး။ မွတ်ဆလင်မ်နိုင်ငံလို့ပြောနေတဲ့ မလေးရှားလို နိုင်ငံမှာတောင် မွတ်ဆလင်မအစိုးရထုတ်တဲ့ အရက်ချက်စက်ရုံမရှိပါဘူး။ ဒါကို ကျွန်တော်တို့ သိနားလည်သဘော ပေါက်လိုက်တဲ့အချိန်မှာ မမှန်ကန်တဲ့နည်းနဲ့ မလုပ်ဖို့လည်း တစ်ခါတည်း တားမြစ်လိုက်ပါတယ်။ ကျမ်းမြတ် ကုရ်အာန် စူရာဟ် (၄း၂၉) မှာ
`အို အီမာန်သက်ဝင်ယုံကြည်ပြီးသူအပေါင်းတို့ အသင်တို့အချင်းချင်းရဲ့စပ်ကြား၊ လူတွေရဲ့ စပ်ကြားမှာ မမှန်ကန်တဲ့ နည်းနဲ့အသင်တို့ တစ်စုံတစ်ရာကို ရယူသုံးစွဲ၊ အကျိုးခံစားခြင်း၊ ဘယ်တော့မှ မလုပ်ကြနဲ့။ အသင်တို့ အချင်းချင်းကြားမှာ နှစ်ဦးနှစ်ဖက် သဘောတူညီထားသော ငွေကြေးသတ်မှတ် ဆောင်ရွက်ချက်မှလွဲ၍ (ဘာတွီလ်) ဆိုတဲ့ မမှန်ကန်သောနည်းဖြင့် စီးပွားရှာစားမယ်ဆိုရင် အဲဒီလူရဲ့စီးပွားရေးဟာ ကျဆင်းလိမ့်မယ်။ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လိမ့်မယ်။´
အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်နေတဲ့ လူတွေရဲ့စီးပွားရေးကောင်းသတင်းကျော်စောမှု ကျဆင်းမယ်။ မှန်မှန်ကန်ကန် ပြောဆိုပြုလုပ်ဆောင်ရွက်တဲ့ လူတွေရဲ့စီးပွားရေးဟာ အောင်မြင်မယ်။ အဲဒီအခါမှာ လူ့သဘာဝ အရ ဘာဖြစ်လာသလဲဆိုရင် မှန်မှန်ကန်ကန်လုပ်ကိုင်ဆောင်ရွက်မှုကြောင့် အောင်မြင်လာတဲ့ လူတွေကို မမှန် မကန်လုပ်တဲ့လူတွေက မိစ္ဆရိယစိတ်ဝင်လာရော။ ဒါကြောင့် ကိုယ့်ကိုယ်ကို မသတ်နဲ့၊ ကိုယ့်နာမည်ပျက်အောင် ကိုယ်မလုပ်နဲ့။ ကိုယ့်ကိုယ်ကို ပျက်စီးဆုံးရှုံးသွားအောင် ကိုယ်ကိုယ်တိုင် မလုပ်နဲ့လို့ သင်ပေးနေပါတယ်။
`အလ္လာဟ်အရှင်မြတ်က သင်တို့နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို ဖြည့်တင်းထောက်ပံ့ပေးနေတော် မူသောအရှင် အသေအချာဘဲဖြစ်တယ်။´ ဆိုပြီး ကုရ်အာန်က ဖော်ပြထားပါတယ်။
ကျွန်တော်တို့ သမ္မာအာဇီဝနည်းနဲ့ ရှာဖွေပြီး(ရိုးဖြောင့်မှန်ကန်သော၊ တရားသဖြင့် ဖြစ်သောနည်းဖြင့်) ရရှိလာတဲ့ ပစ္စည်းတွေကို ကျန်တဲ့လူတွေကို မျှဝေရမယ်။ ဘယ်လိုပစ္စည်းတွေကို မျှဝေပေးမှာလဲ။ ကျမ်းမြတ် ကုရ်အာန် စူရာ ၂း၂၆၇ မှာ `အို အီမာန်သက်ဝင်ယုံကြည်ပြီးသူအပေါင်းတို့ အသင်တို့သည် မိမိတို့ကြိုးပမ်း ရှာဖွေ လုပ်ကိုင်၍ ရရှိလာသော သန့်စင်မွန်မြတ်သော ဥစ္စာပစ္စည်း(အရင်းအမြစ်၊ အထောက်အပံ့)များအနက်မှ လည်းကောင်း၊ ငါအရှင်မြတ်၏ ကျေးဇူးတော်ဖြင့် အသင်တို့အတွက် မြေမှထွက်ပေါ်စေသော (လယ်ယာထွက်ကုန်) (ဥယျာဉ်ခြံမြေထွက်ကုန်မျိုးစုံ)အနက်မှလည်းကောင်း၊ မျှဝေသုံးစွဲကြလေကုန်။ သို့ရာတွင် အသင်တို့သည် သေးနုပ် ညံ့ဖျင်းသော၊ မသန့်ရှင်းသော မကောင်းသော (ကိုယ်မကြိုက်နှစ်သက်သော) ဥစ္စာပစ္စည်း (အရင်းအမြစ်၊ အထောက်အပံ့)ကို မျှဝေသုံးစွဲရန် စိတ်ကူးပင်မထည့်ကြလေနှင့်၊ စင်စစ်အသင်တို့ ကိုယ်တိုင် အဆိုပါ ဥစ္စာပစ္စည်း (အရင်းအမြစ်၊ အထောက်အပံ့)ကို လက်ခံရယူကြမည့်သူများ မဟုတ်ကြချေ။ သို့ရာတွင် လက်ခံရယူသူတို့ကို ထိုအရာများကို မလွဲမရှောင်သာ မျက်စိမှိတ်၍သာ လက်ခံရယူကြမည့်သူများဖြစ်ပေမည်။´
ဒီအာယသ်မှာပါတဲ့ လယ်ယာထွက်ကုန်ကို ပြုလုပ်ဆောင်ရွက်သူ လယ်သမားတွေ ကျွန်တော်တို့ တိုင်း ပြည်မှာတော့ နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးလို့ နလံမထူနိုင်ဖြစ်နေတယ်။ ကုရ်အာန်အရဆိုရင် လယ်သမားတွေ ကလည်း ကျန်လူတွေကို ပြန်လည်မျှဝေပေးနိုင်သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ငွေချေးဖို့တောင် အနှိမ်ခံ၊ အပြောခံနေရတယ်။ ဘာဖြစ်လို့လဲဆိုရင်လယ်သမားတွေ စိုက်ပျိုးရေး စတင်မယ်။ အချိန်ကျရင် ပစ္စည်းတွေဈေး တက်ပြီ။ သူတို့လယ်ယာကနေ သီးနှံတွေအောင်မြင်ဖြစ်ထွန်းလာတဲ့အချိန်လည်း ရောက်ရော ဒေါ်လာဈေးလည်း ကျမယ်။ ပစ္စည်းဈေးလည်း ကျမယ်။ နည်းမျိုးစုံနဲ့ ကုန်သည်ပွဲစားက အမြတ်ကြီးစားမယ်။ အဲဒီတော့ အဲဒီလယ်သမား မသေရင် ဘယ်သူသေမလဲ။ လယ်သမားကို ဒုက္ခပေးတယ်။ လယ်သမားကို ဒုက္ခပေးရင် အခုနပြောတဲ့ (ဘာသွိလ်) ဖြစ်ပြီး အဲဒီ ဘာသွိလ်တွေ စားတဲ့ဘ၀က ဘယ်လိုအောင်မြင်မလဲ။ ဒါက ကျွန်တော်တို့ကို အစ္စလာမ်က သင်ပေးနေတာ။ ကုရ်အာန်အရဆို ရင် လယ်သမားလည်းမျှဝေပေးသူတွေဖြစ်တယ်။ ဒီက လယ်သမားတွေကတာ့ စနစ်ရဲ့လွဲမှားအံမ၀င်မှုတွေ ကြောင့် ဒုက္ခရောက်နေကြရတယ်။ အပျော်အပါးများနဲ့ ၁၂ လရာသီ ပွဲတော်တွေနဲ့ လောင်းတမ်းကားခြင်းနှင့် ဖြုန်းတီးပစ်ခြင်းတွေကြောင့် ရှာဖွေလို့ရထားတဲ့ ငွေကြေးတွေ ဆုံးရှုံးလျက်ရှိနေတာလည်း လေ့လာတွေ့မြင်နိုင်ပါတယ်။
မျှဝေသုံးစွဲတဲ့ နေရာမှာ အသင်တို့ ကိုယ်တိုင်မကြိုက်နှစ်သက်တာကို သူများကို ပေးဖို့စိတ်တောင် မကူးနဲ့ လို့ ကုရ်အာန်က သင်ပေးပါတယ်။ အသင်တို့ကိုယ်တိုင်ပင်လျှင် လက်ခံရယူချင်တဲ့ စိတ်မရှိတဲ့အရာတွေကို မပေးနဲ့ လို့ သင်ပေးပါတယ်။ ဆင်းရဲတဲ့ လူတွေကတော့ ဘာလေးပဲရရ သူ့အိမ်ကလက်သုတ်ပုဝါထက်တော့ ကောင်းသေး တာပဲဆိုပြီးတော့ (ကြိတ်မှိတ်ပြီး မလွှဲမရှောင်သာ ယူသွားတယ်။) `အလ္လာဟ်သည် လိုအပ်ချက်အ၀၀မှ ပြည့်စုံ တော်မူတဲ့အရှင် ဖြစ်တဲ့အပြင် ချီးမွမ်းခြင်းခံထိုက်တော်မူသော အရှင်ဖြစ်ကြောင်းလည်း အသင်တို့ အသေအချာ သိထားပါ။´
တနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးပြုမှုအပေါ်မှာ ရရှိလာတဲ့ အရင်းအမြစ်၊ အရည်အသွေး၊ ဥစ္စာပစ္စည်းတွေကို ကျွန်တော်တို့က အခြားသူတွေကို မျှဝေပေးခြင်းသာ ဖြစ်တယ်ဆိုတာကို နားလည် သဘော ပေါက်ဖို့လိုပါတယ်။ ဒါကို ပိုပြီးထင်ရှားစေဖို့အတွက် စူရာဟ် (၃း၉၂) မှာ
`အသင်တို့သည် မိမိတို့နှစ်သက်မြတ်နိုးတန်ဖိုးထားကြသော အရာများအနက်မှ မျှဝေသုံးစွဲခြင်း မပြုသမျှ ကာလပတ်လုံး မြင့်မြတ်သော အကျင့်တရားအစစ်အမှန်၏အကျိုးကို မည်သို့မျှရယူနိုင်ကြမည်မဟုတ်ပေ။ ၎င်းပြင် မည်သည့်အရာမဆို အသင်တို့ မျှဝေသုံးစွဲကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော် မူသော အရှင်ဖြစ်တော်မူသည်။´
ကောင်းတဲ့ပစ္စည်းတွေများများ မျှဝေသုံးစွဲကြရမယ်။ ကောင်းတဲ့ပစ္စည်းဥစ္စာတွေ အရည်အသွေးတွေ၊ အရည်အချင်းတွေ မျှဝေပေးခြင်းသည်သာ ကိုယ်ကျင့်တရား အစစ်အမှန်ကို ဖြစ်စေတယ်။ ကျွန်တော်တို့ မျှဝေ သုံးစွဲတယ်လို့ ပြောတဲ့နေရာမှာ ခေါင်းစဉ်တွေ ပါလာပါတယ်။ အဲဒီခေါင်းစဉ်တွေထဲမှာမှ ပထမဦးဆုံး ခေါင်းစဉ် ကတော့ ဖီးစဘီးလိလ္လာဟ် ဆိုတာကို တွေ့ရမှာပါ။ ဖီးစဘီးလိလ္လာဟ်ကို ရိုးရိုးလေးပြန်လိုက်ရငိ အလ္လာဟ်အရှင် မြတ်၏ လမ်းစဉ်၌ (အလ္လာဟ်အရှင်မြတ်၏ စည်းမျဉ်းဥပဒလမ်းညွှန်ပြဌာန်းချက်များကို တိကျစွာ လိုက်နာကျင့်သုံး စေရေးအတွက် သတ်မှတ်ထားသောလမ်း) အလ္လာဟ်ပြဌာန်းထားရာလမ်း။ ကျမ်းမြတ်ကုရ်အာန်ဟာ လူကြီးမင်းတို့ သိရှိပြီးဖြစ်တဲ့အတိုင်း အစ္စလာမ်ဘာသာဝင်များအတွက် ဘာသာရေးကျင့်စဉ်ကျင့်ဖို့သာဖြစ်သော ကျမ်းမဟုတ်ပါ ဘူး။ ကျမ်းမြတ်ကုရ်အာန်ဟာ လူ့အဖွဲ့အစည်းဝင်တွေရဲ့ ဘ၀တည်ဆောက်မှုအတွက် ဘ၀တည်ဆောက်မှု လမ်းစဉ်ကို ပြဌာန်းတဲ့ ဥပဒေလမ်းညွှန်ပြဌာန်းချက်ဖြစ်ပါတယ်။ ဒါကြောင့် လူ့အဖွဲ့အစည်းဝင်တွေရဲ့ ဘ၀ရှင်သန် ရေးအတွက် လူ့အဖွဲ့အစည်း၊ နိုင်ငံတစ်နိုင်ငံမှာ ဘဏ္ဍာငွေကြေးမပါရင် ဘာမှလုပ်လို့မရဘူး။ အဲဒီ ဘဏ္ဍာငွေကြေး ပါဖို့အတွက် အဲဒီနိုင်ငံသားဆိုတဲ့ လူတိုင်းမှာတာဝန်ရှိပါတယ်။ အဲဒီလူတိုင်း လူတိုင်းကသာ မိမိတို့မှာရှိသော မိမိတို့တတ်စွမ်းနိုင် သော အရည်အသွေး၊ အရည်အချင်းနဲ့အညီ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာပြီး လူတိုင်းဟာ အခွန်ထမ်း ဆောင်သူ အခွန်ထမ်းများ ဖြစ်လာမှာဖြစ်တယ်။ လူတိုင်းဟာ ဖီးစဘီးလိလ္လာဟ်ဆိုတဲ့ စာရင်းထဲမှာ မျှဝေပေးသူတွေအဖြစ် ပါလာမှာဖြစ်တယ်။
ဒါဟာ အလ္လာဟ့်လမ်းညွှန်ပြဌာန်းချက် ခိုင်မာစေရေးအတွက် အဲဒီငွေတွေကို အဲဒီအရပ်ဒေသနိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေ အကျိုးရှိစေမယ့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေမယ့် ကိစ္စတွေမှာ အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါဟာ ဖီးစဘီးလိလ္လာဟ်ဖြစ်ပါတယ်။ အဲဒီကတဆင့်ထပ်ပြီးကြည့်ရင် ကျွန်တော်တို့ ရင်းနှီးပြီးသားဖြစ်တဲ့ ဆွလားဟ်နဲ့အကြိမ်များစွာပါနေတဲ့ ဇကားဟ်ဖြစ်ပါတယ်။ ကျွန်တော်တို့ မွတ်ဆလင်မ် လောကအမြင်အရ ကြည့်လိုက်ရင် ဇကားသ်ဆိုတာမကောင်းဘူး။ ဒီလိုတွေကလေ ဇကားဟ်စားတဲ့လူတွေ။ ငါတို့က ဇကားဟ်မစားတဲ့ ဆယဒ်အမျိုးတွေ။ ဘယ်ကဆယာဒ်အမျိုးလဲဆိုရင် တမန်တော်ရဲ့အမျိုးပေါ့။ တမန်တော်ရဲ့အမျိုးက မြန်မာပြည်တောင် ရောက်လာပြီလား။ ဘယ်လိုလုပ်ပြီး ဆယာဒ်အမျိုးက တမန်တော် မုဟမ္မဒ်ရဲ့အမျိုးဖြစ်နိုင်မလဲ။
ဒါကဇကားဟ်ယူတဲ့လူကို ခွဲခြားဆက်ဆံ၊ နှိမ့်ချတဲ့ပုံစံပြောဆိုနေတာတွေက မှားယွင်းနေပါတယ်။ ဘာကြောင့်လဲဆိုရင် ဇကားဟ်က သန့်ရှင်းစင်ကြယ်ဖွံဖြိုးတိုးတက်မှုကို ဖြစ်စေခြင်း၊ တိုးပွားစေခြင်း၊ တည်ငြိမ်၍ ပျော်ရွှင်ဝမ်းမြောက်မှု ချမ်းမြေ့မှု ဖြစ်စေတာပါ။ ဇကားဟ်ပေးလိုက်တဲ့ လူတွေရဲ့ဘ၀ဟာ စင်ကြယ်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြပြီး၊ လက်ခံရယူသူက ကြိုးပမ်းလုပ်ကိုင်လာတဲ့အတွက် သူတို့အကျိုးကိုလည်း ကာကွယ်ရာရောက်ပါတယ်။ ဒါကြောင့် ဇကားဟ်က တာဝန်အရဆောင်ရွက်ချက်ဖြစ်ပါတယ်။ နောက်စကားလုံး တစ်လုံးက ဘာလဲဆိုတော့ ဆွဒကာဖြစ်ပါတယ်။ ဆွဒကာက ဘာလဲဆိုရင်တာဝန်မဟုတ်သော အလှူဒါနပြုမှု၊ မျှဝေသုံးစွဲမှုဖြစ်ပါတယ်။ တာဝန်အရ ဆောင်ရွက်ချက်အပေါ်မှာ မစွမ်းဆောင်နိုင်၍ အစားဆောင်ရွက်ခြင်းလို့ လည်း အဓိပ္ပါယ်ရပါတယ်။ နောက်တခါ ကြွေးမြီများကို လျှော်ပစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။ ဒီလူကို ဆွဒကာ ပေးလိုက်တယ်လို့ ပြောတာဟာလည်း ရရန်ရှိတဲ့ ကြွေးမြီကို လျှော်လိုက်တယ်လို့ ပြောတာနဲ့ အတူတူပါဘဲ။
နောက်တစ်ခါ ခိုင်ရာသ်လို့ ကျွန်တော်တို့ပြောပါတယ်။ ခိုင်ရာသ်ရဲ့ အဓိပ္ပါယ်က နှစ်လိုဖွယ်ရာ၊ အကျိုးကျေးဇူးပြုစရာ၊ ကောင်းမြတ်ခြင်း၊ သာယာချမ်းမြေ့မှုဖြစ်စေခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ပြပါတယ်။ အဲဒီတော့ ကျွန်တော့အနေနဲ့ ကျွန်တော်တို့ဆီမှာ ပိုလျှံနေတဲ့အရင်းအမြစ်တွေ၊ အရည်အသွေးတွေ၊ အရည်အချင်းတွေ ဥစ္စာဓနငွေကြေးတွေကို ကျွန်တော်တို့ မျှဝေသုံးစွဲဖို့ လိုလာပြီဆိုတာ သိလာရပါပြီ။ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းစဉ်မှာ မိမိတို့ပိုလျှံတဲ့ အရည်အသွေး၊ အရင်းအမြစ်၊ အရည်အချင်း၊ ဥစ္စာဓနငွေကြေးတွေကို လှူဒါန်းမျှဝေ သုံးစွဲမှုပြုရာမှာ ငါရှာထားတဲ့ ပစ္စည်းဥစ္စာတွေ ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတာ သဘောဆန္ဒနဲ့ လုပ်ချင်တိုင်း လုပ်လို့မရပါဘူး။ အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်းထားတဲ့ စည်းကမ်းနည်းလမ်းဥပဒေသနဲ့အညီသာ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
မျှဝေပေးရမယ့်လူတွေစာရင်းရှိတယ်။ အချိန်မလုံလောက်မှုကြောင့် အညွှန်းပြောရမယ်ဆိုရင် ကုရ်အာန် စူရာဟ် ၉း၆၀၊ စူရာဟ် ၂း၂၇၂-၂၇၃ မှာရှိပါတယ်။ တစ်ချို့လူတွေက မျက်နှာကို ကြည့်လိုက်ရုံနဲ့ သူဟာလိုအပ် ချက်ရှိ သူတစ်ယောက်ဖြစ်မှန်းကို လုံးဝမသိရပါဘူး။ အဲဒီလို ဂုဏ်သိက္ခာအပြည့်နဲ့နေထိုင်၊ အလုပ်ကြိုးစားလုပ်ကိုင်နေပေမယ့် တိုးတက်သင့်သလောက် မတိုးတက်နိုင်သေးတဲ့ လူမျိုးဘယ်သူ့ဆီမှာလဲ တွယ်ကပ်ပြီးတောင်းစားတဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ အဲဒီလိုလူမျိုးကို ရှာပြီးပေးဖို့ ကုရ်အာန်က သင်ပေးပါတယ်။ ရှာပြီးပေးဖို့ ဆိုတာကို လူကြီးမင်းများကို ကျွန်တော်ထပ်မံပြောကြားလိုပါတယ်။ မိမိတို့ထံ လက်ဖြန့်လာတောင်းတဲ့ လူတန်းစားကိုပဲ စောင့်နေရင်တော့ ကျွန်တော်တို့ကိုယ်တိုင်က (စကားလုံး ရင့်သီးသွားရင် ခွင့်လွှတ်ပါ) တောင်းစားတဲ့ လူများပြားလာရေး ဒို့အရေး အားပေးသူတွေ ဖြစ်လာမှာပါ။
ဖြစ်နိုင်ရင် တစ်ယောက်ချင်းပေးတာထက်စာရင် စုပေါင်းဇကားဟ်ရန်ပုံငွေထူထောင်ပြီး လူ့ဘ၀ရပ်တည် မှုအတွက် စားဝတ်နေရေး ပညာသင်ကြားရေး၊ အိမ်ယာအိုးအိမ်ထူထောင်ရေး၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရေးစတဲ့ ပြဿနာတွေရှိနေ၊ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲသား ညီအစ်ကို တော်တွေရဲ့ လူမှုဒုက္ခအ၀၀ကို ဖြူစင် သန့်ရှင်းတဲ့ စိတ်ရင်းစေတနာကောင်းနဲ့ ဖေးမကူညီထောက်ပံ့ ဖြေရှင်းပေး ရင်းနဲ့ သူတို့ရဲ့ဘ၀တွေကို မြှင့်တင်ပေးခဲ့မယ်ဆိုရင် ပတ်ဝန်းကျင်မှာ တွေ့ရှိနေရတဲ့ လူနေမှုစနစ်ကွာဟချက်၊ စီးပွားရေးဆိုင်ရာ ကွာဟချက်တွေ လျော့နည်းပပျောက်သွားပါလိမ့်မယ်။ ကျွန်တော်နောက်ဆုံး ပြောချင်တဲ့ အာယသ်တစ်ခုကတော့ (လူတန်းစား ညီမျှသွား မှာစိုး၍ မျှဝေသုံးစွဲမှု မပြုချင်တဲ့ လူတွေရှိတယ်။) ဆိုတဲ့ အကြောင်း ကုရ်အာန်(၁၆း၇၁)မှာ ပါပါတယ်။
တချို့လူတွေက မပေးချင်ကြပါဘူး။ သူ့ကိုငါပေးလိုက်လို့ကတော့ သူထောင်တက်သွားရင် ငါဘယ်လို လုပ်မလဲ။ သူ့ကိုမူးပေး မတ်ပေး ပေးပြီးတော့ပိတ်ထား။ ဒါမှ သူ ငါ့စကားနားထောင်လိမ့်မယ်။ ဒါမျိုး အများကြီး ရှိတယ်နော်။ တကယ်ပံ့ပိုးကူညီပေးလိုက်ရင် ကြိုးစားပြီး အောင်မြင်သွားမယ့်လူတွေလည်း ရှိပါတယ်။
နိဂုံးချုပ်တင်ပြရရင် ဇကားဟ်၊ ဆွဒကဟ်ရဲ့ အကျိုးသက်ရောက်မှုတွေ လူ့အဖွဲ့အစည်းဝင်တိုင်းမှာ ရှိပါတယ်။ လိုအပ်ချက်ရှိတဲ့ လူတွေကိုပေးရင် ပေးတဲ့လူတွေ အကျိုးရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီလူတွေရဲ့ ဥစ္စာ၊ ပစ္စည်း ချို့တဲ့မှုကြောင့် စာပေမသင်ကြားနိုင်ပဲနဲ့ အသိပညာခေါင်းပါးမယ်။ ကိုယ်စိတ်ကျန်းမာရေး ထိခိုက်မယ်။ အဲဒီက တဆင့် လိမ်ညာ၊ ခိုးယူ၊ အလွဲသုံးစားလုပ်။ လုယက်တိုက်ခိုက်သတ်ဖြတ်မှုတွေ ပေါ်လာလိမ့် မယ်။ လူ့အဖွဲ့အစည်း အတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာစေမှာဖြစ် ပါတယ်။ အဲဒီ လူမှုဒုက္ခဆိုင်ရာ ရောဂါဝေဒနာများကို ကုစားနိုင်ဖို့အတွက် အစ္စလာမ်က လွန်ခဲ့သောနှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ထံ ထုတ်ပြန်ပို့ချပေးခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်ထဲမှာ အခုလိုမျှဝေ သုံးစွဲမှုကို ပြုခြင်းအားဖြင့် လူတွေရဲ့ဘ၀တွေ စင်ကြယ်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကို အသေအချာရရှိနိုင်ပြီးတော့ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့် ကွာဟချက် ကျဉ်းမြောင်းနိုင်သမျှ ကျဉ်းမြောင်းသွားလိမ့်မယ်လို့ သွန်သင်ဆုံးမထား တဲ့အကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။