ယနေ့လူငယ် နောင်ဝယ်လူကြီး မုဖ်သီ ဦးသန်းအောင် (LL.B)
ယနေ့လူငယ် နောင်ဝယ်လူကြီး
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျူမုအဟ်ခွတ္တဗာဟ်ပြောကြားခွင့် ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ချီးမွမ်းမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့နဲ့ တိုက်ဆိုင်လျက်ရှိတဲ့ သောကြာနေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့ အဖြစ်လည်း နှစ်ပေါင်းများစွာ သတ်မှတ်ပြုလုပ် ခဲ့ပါတယ်။ ဒီကနေ့ကျွန်တော် ပြောကြားမယ့်ခေါင်းစဉ်ကတော့—-
`ယနေ့လူငယ် နောင်ဝယ်လူကြီး´ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ ကလေးများဟာ လူသား တွေရဲ့ အလွန်တန်ဖိုးရှိတဲ့ ရတနာတွေဖြစ်ပါတယ်။ ကလေးများဟာ မိဘများရဲ့အမှန်သုခချမ်းသာ တစ်ခုလည်း ဖြစ်ပါတယ်။ ကလေးများဟာ မိဘနှစ်ပါးရဲ့အလွန်ရင်းနှီးတဲ့ မိတ်ဆွေရင်းချာများလည်း ဖြစ်ပါတယ်။ ကလေးရှိတဲ့ မိဘတွေဟာ ၎င်းတို့ရဲ့ကလေးတွေကြောင့် ပျော်ရွှင်မှုပီတိသုခကို ရရှိခံစားကြရပါတယ်။ ကြီးသူတွေရဲ့ ချစ်ခြင်း မေတ္တာ၊ ကရုဏာ၊ ကြင်နာယုယမှုရရှိတဲ့ ကလေးသူငယ်တွေဟာ လှုပ်ရှားရှင်သန်လျက်ရှိတဲ့ အင်အားစုတစ်ခုဖြစ်ပြီး တော့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ တန်ဖိုးမဖြတ်နိုင်သော ရတနာတွေဖြစ်ပါတယ်။
ကလေးသူငယ်များသည် အမှန်စင်စစ်မြက်နုကဲ့သို့ နူးညံ့ပျော့ပြောင်း၍ ကြွေလွယ်သောပန်းများကဲ့သို့ လှပ ၍ နူးညံ့လှပလျက်ရှိနေပါတယ်။ ဒါကြောင့် လူကြီးများသည် မိမိတို့၏ မျက်လုံးများကို အထူးဂရုစိုက်၍ ပြုစုယုယ စောင့်ရှောက်သကဲ့သို့ ကလေးသူငယ်များကို အထူးပြုစုစောင့်ရှောက်ခြင်းဖြင့် ကလေးသူငယ်များ ၎င်းတို့၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၍ ပျော်ရွှင်ချမ်းသာသော ဘ၀သို့ဦးတည်စေမယ့် ကိစ္စတွေဖြစ်ပေါ်လာအောင် လူကြီးတွေ က ပြုစုပျိုးထောင်ပေးလျက်ရှိပါတယ်။
ကမ္ဘာ့ဘာသာတရားအသီးသီးမှာလည်း ကလေးသူငယ်များအတွက် ရပိုင်ခွင့်တွေ တာဝန်နှင့်ဝတ္တရားများ ကို အခြားအကြောင်းတရားများနှင့် ရောနှော၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဟောကြားတင်ပြညွှန်ကြား လမ်းညွှန်ထားပါတယ်။ အစ္စလာမ်သာသနာတော်မှာလည်း ထာဝရအရှင် အလ္လာဟ်အရှင်မြတ်က ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက် မဟာကရုဏာတော်တစ်ရပ်အဖြစ် ပွင့်ပေါ်တော်မူခဲ့သော ကမ္ဘာ့စံပြအန္တိမတမန်တော် မုဟမ္မဒ်(ဆွ)အပေါ် ထုတ်ပြန်ပို့ချပေးတော်မူခဲ့သော၊ ပြီးပြည့်စုံ၍ တိကျပြတ်သားစွာ ရှင်းလင်းထားပြီးဖြစ်သော တုနှိုင်းမမီသည့် ကျမ်းတော်မြတ်ကုရ်အာန်တွင် ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့အကြောင်းချင်းရာတွေကို ဖော်ပြထားပါတယ်။
အရဗီစာပေတွင် ကလေးသူငယ်ဟူသော ဝေါဟာရအဓိပ္ပါယ်ရရှိသော စကားလုံးအများအပြားရှိတဲ့အနက် ကျွန်တော်လေ့လာမိသလောက် – သွေဖ်လွန် (အများကိန်း) အသ်ဖားလွန်။ ၀လဒွန် (အများကိန်း) အောင်ဝ်လား ဒွန်။ ယသီးမွန် (အများကိန်း) ယသားမာ။ ဂူလားမွန် (အများကိန်း) ဂီလ်မာန်းဆွဘီးယွန်ဆိုတဲ့ အသုံးအနှုံးတွေကို ဖော်ပြထား တာကို လေ့လာတွေ့ရှိရပါတယ်။
`သွေဖ်လွန်´ ဆိုတဲ့ဝေါဟာရစကားလုံးကို မွေးကင်းစကလေးအရွယ်ဆိုပြီးတော့ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၂း၅)နဲ့ ဆူရာဟ်(၄၀း၆၇)မှာလည်းကောင်း၊ အရွယ်မရောက်သေးသောအရွယ်၊ ဆူရာဟ် (၂၄း၅၉)နှင့် အမျိုးသမီးများ၏ အတွင်းရေးလျှို့ဝှက်ချက်ကို မသိသေးသောအရွယ်ဆိုပြီးတော့ ဆူရာဟ် (၂၄း၃၁)မှာ ဖော်ပြအသုံးပြုထားပါတယ်။
`၀လဒွန်´- အောင်ဝ်လားဒွန် ဆိုတဲ့ဝေါဟာရကိုတော့ မွေးကင်းစအရွယ်ကနေ သားသမီးဆိုတဲ့ အသုံးအနှုံး နဲ့ ခြုံငုံထားပြီး ကလေးရယ် လူငယ်ရယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဖော်ပြထားတာကို နေရာအများကြီးမှာ တွေ့ရပါတယ်။
`ယသီးမ်´ ဆိုတဲ့ ဝေါဟာရကိုတော့ မိဘမဲ့ကလေး၊ အခွင့်အရေးတန်းတူမရရှိသူ၊ ဘက်မညီမယှဉ်သာသော တပါးသူ၏ ကူညီထောက်မမှုကို ခံယူနေရသူဆိုပြီး ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၄း၁၂၇)မှာ ဖော်ပြထားပါတယ်။ နောက်တစ်ခါ ခိုကိုးရာမဲ့၊ အားကိုးရာမဲ့အဖြစ် ဆူရာဟ်(၉၃း၆)မှာ ဖော်ပြထားသလို၊ အထီးကျန်ဖြစ်နေပြီး တစ်ဦး တည်း တစ်ကောင်ကြွက်ဆိုပြီး အဘိဓါန်မှာ သုံးနှုံးထားပါတယ်။ နောက်တခါ ထိမ်းမြားလက်ထပ်ရန်အရွယ်သို့ မရောက်သေးသည့် အရွယ်ဆိုပြီး ဆူရာဟ်(၄း၆)မှာ အသုံးပြုဖော်ပြထားတာ တွေ့ရပါတယ်။
`ဂူလာမ်´ ဆိုတဲ့ဝေါဟာရကို ကလေးသူငယ်အဖြစ် ဆူရာဟ်(၁၈းရ၄၊ ၈၀၊ ၈၂)မှာ သားကောင်းရတနာ၊ လုလင်ပျိုဆိုတဲ့ အသုံးနဲ့လည်း သုံးထားပါတယ်။ `ဆွဘီးယွန်´ဆိုတဲ့ ဝေါဟာရကို ဆူရာဟ်(၁၉း၁၂နှင့်၂၉)မှာ အရွယ်ကောင်း၊ လူငယ်ဆိုပြီး ဖော်ပြထားပါတယ်။
မိဘများသည် ကလေးသူငယ်များ၏ အစပြုရာစခန်း၊ မွေးမြူရာဌာနဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ် အာန်မှာ ကလေးသူငယ်တွေနဲ့ ပတ်သက်လာရင် အိမ်ထောင်မပြုခင်ကထဲက အိမ်ထောင်ပြုပြီး မိဘနှစ်ပါးဖြစ်လာ မဲ့ လူငယ်လူရွယ်တွေကစပြီး ကလေးသူငယ်တွေကို ပြုစုပျိုးထောင်တတ်မဲ့အလေ့အထတွေကို ကုရ်အာန်က သင်ကြားပေးထားပါတယ်။ ပြီးတဲ့နောက်မှာ အဲ့ဒီကလေးတွေ မိခင်ဝမ်းကြာသိုက်မှာ သန္ဓေတည်တဲ့အချိန်ကစပြီး၊ မွေးဖွားလာချိန် မွေးဖွားလာတဲ့ကလေးကို မိခင်နို့ချိုတိုက်ကြွေးပြီး ကလေးရဲ့ကျန်းမာရေး၊ လုံခြုံဘေးကင်းရေး၊ ကြီးထွားရှင်သန်ရေး လိုအပ်ချက်များကို မိဘနှစ်ပါးက ပံ့ပိုးကူညီထောက်ပံ့ပေးရပါတယ်။
ပြီးတဲ့နောက် ကလေးကျောင်းနေအရွယ်ရောက်လာတဲ့အခါမှာ ကျောင်းကိုပို့ပေးပြီး ပညာတွေသင်ကြား ပေးရပါတယ်။ ပြီးတဲ့နောက် ကလေးများတဖြည်းဖြည်းကြီးလာတဲ့အခါမှာ သူတို့ကို အလုပ်အကိုင်အခွင့်အလမ်း တွေ၊ သူတို့ဘ၀မှာ ဘယ်လိုရှင်သန်နေထိုင် အသက်ရှင်ပြီး လူတွေနဲ့ဘယ်လို ပေါင်းသင်းဆက်ဆံ နေထိုင်ကျင့်သုံး သွားလာရမလဲဆိုတာကို လူကြီးမိဘတွေက သင်ကြားပေးကြဖို့ ကုရ်အာန်ကလမ်းညွှန် သင်ကြားပေးနေပါတယ်။ အရွယ်ရောက် လူလားမြောက်လာတဲ့အခါမှာ အဲ့ဒီကလေးတွေကို ထိမ်းမြားလက်ထပ်ပေးတဲ့ကိစ္စတွေကို ဆောင်ရွက်ပေးပြီး သူတို့ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်မည့်အနေအထားရောက်အောင် မိဘတွေ လူ့အဖွဲ့ အစည်း အသိုင်းအ၀ိုင်းတွေက မြေတောင်မြောက်ပျိုးထောင် ပေးရမယ့် တာဝန်ရှိတယ်လို့ ကျွန်တော်တို့တွေကို ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်ဆုံးမထားပါတယ်။
ဒါပေမယ့် ကမ္ဘာပေါ်မှာ ကိုယ်ကိုယ်တိုင် မပြုလုပ်ပေမယ့်လည်း ပတ်ဝန်းကျင်(သို့) စနစ်ဆိုးတွေရဲ့ ဒဏ်ကြောင့် ကလေးသူငယ်တွေ၊ လူငယ်တွေဟာ ပျက်စီးဆုံးရှုံးမှု၊ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေရဲ့ကြား မှာ ကြောက်ရွံ့ထိတ်လန့်ပြီးတော့ နေထိုင်အသက်ရှင်သန်နေရတဲ့ ကလေးတွေကျွန်တော်တို့ မြန်မာနိုင်ငံ အပါ အ၀င် ကမ္ဘာအရပ်ရပ်မှာ အများကြီးရှိနေပါတယ်။
အဲ့ဒီတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကမ္ဘာ့ဒေသအရပ်အသီးသီးက ဒီကလေးသူငယ်တွေ လူငယ်တွေရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာ ကမ္ဘာ့ညီလာခံကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ ညီလာခံကြီးကို တက်ရောက်လာခဲ့ကြတဲ့ ကမ္ဘာ့ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆာင်များနဲ့ နိုင်ငံရေးနယ် ပယ်မှ ခေါင်းဆောင်များ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုကို ရှေ့တန်းတင်တဲ့ Civic Society က ပုဂ္ဂိုလ်တွေ တက်ရောက်ပြီးတော့ ၀ိုင်းဝန်းဆွေးနွေးညှိုနှိုင်းတိုင်ပင်ပြီးတော့ ကမ္ဘာ့ကလေးသူငယ်တွေအတွက် ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး ကျရာအခန်းကနေ ပါဝင်ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့ ဆုတောင်းပတ္တနာပြုကြပါတယ်။
ကျွန်တော်တို့ရဲ့ ဆရာကြီးမုဖ်သီချုပ် ဦမြတ်သူပြောတဲ့ စကားနဲ့ပြောရရင်တော့ မွတ်ဆလင်မ်တွေအတွက် ဒုအာ(တစ်နည်း)ဒို့အားစိုက်ပြီးလုပ်ဖို့ ညွှန်ပြတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ အဲ့ဒီမှာဖော်ပြထားတဲ့ ဖော်ပြချက် ကို မျှဝေချင်ပါတယ်။
ကလေးသူငယ်တွင် ရှူသောအသက်နှင့် နာမ်ဝိညာဉ်တွေရှိသည်။ ပစ္စုပ္ပန်အခိုက်တွင် တည်ရှိသော ကလေးသူငယ်သည် ကိုယ်ရုပ်ဆောင်သော အတိတ်ဖြစ်သကဲ့သို့ ဖြစ်ထွန်းမည့်အနာဂါတ်လည်းဖြစ်သည်။ ကလေးသူငယ်သည်ရှင်သန်လိုသည်။ ကာကွယ်စောင့်ရှောက်ခြင်းခံလိုသည်။ ဖွံ့ဖြိုးလိုသည်။ ကလေးသူငယ်သည် တရားမျှတမှု လွတ်လပ်မှုရှိသော ငြိမ်းချမ်းရေးကို ရလိုသည်။
ဒါကြောင့် လူတိုင်းလူတိုင်း ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ၊ ဆာလောင်ခြင်း၊ ရေငတ်ခြင်းဖြင့် နှိပ်စက် ခြင်းခံရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ၊ ကာကွယ်နိုင်သောရောဂါတို့ဖြင့် ဖိစီးခြင်းခံရသော ကလေးသူ ငယ်တို့ကို ကယ်ဆယ်ပါ။ ရက်စက်သော ထုံးဓလေ့များဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။ အကြမ်းဖက်ခြင်းကို ကြမ္မာငင်ခံနေရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။ ချယ်လှယ်စေခိုင်းခြင်းဖြင့် အညွန့်တုံးနေကြရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။ ဗြဟ္မစိုရ် တရားမဲ့သော အကျင့်ဖြင့် ထိတ်လန့်တုန်လှုပ်နေရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။
မူးယစ်ဆေးဝါးတို့ဖြင့် ဘ၀ပျက်ခြင်းခံရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။ ပတ်ဝန်းကျင် ညစ်ညမ်ခြင်းကြောင့် အဆိပ်သင့်ခြင်းခံရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းကြောင့် အဆိပ်သင့်ခြင်းခံရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။ ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ ဆင်းရဲဒုက္ခဖြင့် သိမ်လှီလှသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ အမည်မရှိ၍ အပယ်ခံရသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ ပါဝင်ခြင်း ငြင်းပယ်ခံရသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ မျှော်လင့်ခြင်းကင်းမဲ့ နွမ်းနယ်သော ကလေးသူငယ် တို့ကို စောင့်ရှောက်ပါ။ အမျိုးဘာသာအရွယ် လိင်ဇာတ် ကန့်သတ်ချက်ဖြင့် အဟန့်အတားခံရသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ သိက္ခာသမာဓိရှိခွင့်မရသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။
အလှအရွှင်အရယ် လက်မဲ့ဖြစ်နေသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ စစ်ဘေးအငတ်ဘေး အဖျက်ဘေးကြောင့် အခြေမဲ့၊ အနေမဲ့နေသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ ယခင်မျိုးဆက်တို့၏ အကြွေးဝန်ထုတ်ကို ထမ်းနေရသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ ပျိုနုချိန်မရောက်မီ အိုမင်းနေကြရသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ လွတ်လပ်မှု တရားမျှတမှု ညီမျှမှု ငြိမ်းချမ်းမှုရခွင့် မရှိသော ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။ ကလေးသူ ငယ်တို့ကို ပြုစုပါ။ မေတ္တာဖြင့် အာဟာရဖြည့် လမ်းညွှန်မှုဖြင့် ထောက်ပံ့နားလည်မှုဖြင့် မြှင့်တင်ကာ ကလေးသူငယ် တို့ကို ပြုစုပါ။ အစာရေစာ သန့်ရှင်းသော နေရာထိုင်ခင်း အ၀တ်အစားကျန်းမာရေး ဆေးဝါးများ ပေးကမ်းကာ ကလေးသူငယ်များကို ပြုစုပါ။
သန့်ရှင်းစိတ်ချရသော ပတ်ဝန်းကျင်ဖြင့် ကြွယ်ဝစေသော ကလေးသူငယ်တို့ကို ပြုစုပါ။ ပညာဖြင့် စွမ်းအားသုံး၊ အခွင့်အလမ်းဖြင့် အစွမ်းအစဖော် ပြည့်စုံသော ရပိုင်ခွင့်ဖြင့် အားအင်ဖြည့်ကာ ကလေးသူငယ်တို့ကို ပြုစုပါ။ အနာဂါတ်ကို ဖန်တီးသည့် နိုင်ငံရေး၊ စီးပွားရေးတွင် ပါဝင်ကြဖို့အားပေးကာ ကလေးသူငယ်တို့ကို ပြုစုပါ။ ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မသွေရစေကာ ကလေးသူငယ်တို့ကို ပြုစုပါ။ ကွဲပြားမှုကြောင့် ကြွယ်ဝ သော ကမ္ဘာ့မိသားစုတွင် နေရာရ၍ ပွားစီးစေကာ ကလေးသူငယ်တို့ကို ပြုစုပါ။ လွတ်လပ်မှု တရားမျှတမှု ငြိမ်းချမ်း မှုဖြင့် ဖွံ့ဖြိုးစေကာ ကလေးသူငယ်တို့ကို ပြုစုပါ။
ကလေးသူငယ်ဆိုသည်မှာ ဘ၀အသက်နှင့် အံ့ဖွယ်အမြင်အလှနှင့် နက်နဲကုန်သောအရာ ပြီးပြည့်စုံမှုနှင့် အလားအလာဖြစ်သည်။ ကလေးသူငယ်ကို ကယ်ဆယ်ပါ။ ကလေးသူငယ်ကို စောင့်ရှောက်ပါ။ ကလေးသူငယ်ကို ပြုစုပါဆိုပြီးတော့ ကမ္ဘာ့ဘာသာရေးနှင့် ငြိမ်းချမ်းရေး ညီလာခံမှာ ဖော်ညွှန်းထားတာကို မျှဝေပေးလိုပါတယ်ခင်ဗျာ။
အခုဆက်လက်ပြီးတော့ အဲ့ဒီကလေးများနေ့ဆိုပြီး သတ်မှတ်ခြင်းခံရတဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွေးနေ့ ရှင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပူးပေါင်းပါဝင်ခံတဲ့ မွတ်ဆလင်မ်တွေရဲ့ အခန်းကဏ္ဍ ကိုလည်း ကျွန်တော်မှတ်သားမိသလောက် တင်ပြသွားပါ့မယ်။
ဗိုလ်ချုပ်အောင်ဆန်းလို့ ကျွန်တော်တို့သိနေတဲ့ ပုဂ္ဂိုလ်ဟာ တကယ်တော့ သူလုပ်ကြံခံရတဲ့ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ သူဟာ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ပါဘူး။ သူဟာ ဦးအောင်ဆန်းပါ။ သူ့ရဲ့ ဘ၀၊ ၃၂ နှစ်တာကာလကို ၅ပိုင်း၊ ပိုင်းပြီးကြည့်လိုက်ရင် သူဟာ မောင်အောင်ဆန်းဆိုတဲ့ အခြေအနေ၊ တက္ကသိုလ် ကျောင်းသား ကိုအောင်ဆန်းဆိုတဲ့ အခြေအနေ၊ သခင်အောင်ဆန်းဆိုတဲ့ အခြေနေ၊ တပ်မတော် ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ အခြေ အနေနဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အမတ်ဦးအောင်ဆန်းဆိုတဲ့ အခြေအနေကို တွေ့ရမှာဖြစ်ပါတယ်။
မောင်အောင်ဆန်းဆိုတဲ့ အခြေအနေကို ကျွန်တော်တို့ လက်လှမ်းမမီလို့ ခဏထားခဲ့လိုက်ရင်၊ ကိုအောင် ဆန်းဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘ၀ အခြေအနေကို ကျွန်တော်တို့ ဖတ်ထားမှတ်သားမိတဲ့ထဲက တင်ပြရမယ် ဆိုရင် သူဟာဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်မှာ တက္ကသိုလ်ကျောင်းသာဘ၀ ရောက်နေတဲ့ အခါမှာ ကျောင်းသားသမဂ္ဂမှာ ရတဲ့နေရာကနေ စတင်ပါဝင် ဆောင်ရွက်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အံ့သြစရာ ကောင်းတဲ့အချက်တွေကို လူကြီးမင်းများကို မျှဝေချင်ပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)ရဲ့ ပထမဦးဆုံး ဥက္ကဌဟာ ဦးကျော်ခင်လို့ အမည်ရတဲ့ မွတ်ဆလင်မ် တစ်ဦးဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်လောက်ရောက်တော့ ဗကသ ဥက္ကဌရွေးချယ်ပွဲလုပ်တဲ့ အခါမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရတဲ့ ပုဂ္ဂိုလ်ဟာ မစ္စတာရာရှစ်လို့ခေါ်တဲ့ မွတ်ဆလင်မ်ဖြစ်ပါတယ်။ သူ့သမိုင်း ဟာ တော်တော်အံ့သြဖို့ကောင်းပါတယ်။ သူဟာ ကုန်သည်မိဘကပေါက်ဖွားလာတဲ့ အိန္ဒိယသားပါ။ သူက အိန္ဒယ နိုင်ငံဖွား မြန်မာနိုင်ငံသားပါ။ သူ့ရဲ့အစ်ကိုက မြန်မာနိုင်ငံဖွား၊ အိန္ဒိယနိုင်ငံသားပါ။ အဲ့ဒီ ဦးရာရှစ်နဲ့ပတ်သက်ပြီး အံ့သြစရာကိစ္စတစ်ခု ရှိပါတယ်။ ဆရာကြီး ဒဂုံတာရာရေးတဲ့ အောင်ဆန်း(သို့မဟုတ်) အရိုင်းဆိုတဲ့ စာအုပ်ထဲမှာ အဲ့ဒီအကြောင်းပါပါတယ်။
မနေ့တစ်နေ့ကထွက်တဲ့ သတင်းစာမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် အိုးဝေညိုမြဆိုပြီး ဓါတ်ပုံတစ်ပုံပါလာပါ တယ်။ အဲ့ဒီပုံဟာ ဖော်ပြခြင်းခံရတိုင်း အလယ်က အဓိပတိလို့ခေါ်တဲ့ ဥက္ကဌနေရာမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ပုဂ္ဂိုလ် ရဲ့အမည်ကို ချန်လှပ်ထားလေ့ရှိပါတယ်။ အဲ့ဒီပုဂ္ဂိုလ်ဟာ ဗကသဥက္ကဌ ဦးရာရှစ်ပါ။ သူ့ညာဖက်ဘေးမှာ ထိုင်နေတာ က ကိုအောင်ဆန်း ဟိုဘက်ထောင့်မှာ ဦးညိုမြရှိပါတယ်။ အဲ့ဒီဓါတ်ပုံ ဖော်ပြခြင်းခံရတိုင်း ကိုအောင်ဆန်းနှင့် ဦးညိုမြဆိုပြီး ဖော်ပြပြီး အလယ်က၊ အဓိပတိဥက္ကဌ ဦးရာရှစ်ဆိုပြီး ဖော်ပြဖို့ဝန်လေးနေတဲ့ တိုင်းပြည်ရဲ့စတုတ္ထ မဏ္ဍိုင်ပါလို့ ဟစ်ကြွေးနေတဲ့ မီဒီယာတွေရှိနေတာကတော့ ကျွန်တော်တို့အတွက် စိတ်မကောင်းစရာပေါ့။ အဲ့ဒီ ကိုရာရှစ်နဲ့ပတ်သက်ပြီး ဗကသအစည်းအဝေးတစ်ခုမှာ အံ့သြစရာဖြစ်ရပ်တစ်ခု တကယ်ဖြစ်ခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် ပြီးတော့ ဒုတိယကျောင်းသား သပိတ်ဖြစ်ပါတယ်။ ပြီးတော့ ကျောင်းသားသပိတ်နှစ်ပတ်လည် ဗကသအစည်းအဝေးလုပ်တော့ အဲ့ဒီ အချိန်မှာ ဗကသ ဥက္ကဌတာဝန်ယူထားသူက ကိုအောင်ဆန်းပါ။
အဲဒီအခမ်းအနားမှာ ပုဂ္ဂိုလ်တစ်ယောက်က ကိုရာရှစ်ကို ဝေဖန်ရာမှာ စကားလုံးတွေကြမ်းလာတဲ့အတွက် ဥက္ကဌဖြစ်တဲ့ ကိုအောင်ဆန်းက ကိုရာရှစ်ဆိုတဲ့လူကိုထိလို့ စားပွဲကိုလက်နဲ့ရိုက်ပြီး သတ္တိရှိရင်ထွက်လို့ စိန်ခေါ်လိုက် တယ်။ အဲ့ဒီအချိန်မှာ အားလုံးငြိမ်သွားတယ်။ သူတို့ကို စိတ်ထဲမှာ ကိုအောင်ဆန်းဆိုတဲ့ လူဟာ ဒေါသတော်တော် ကြီးတတ်သလားမသိ။ ဒါမှမဟုတ် စိတ်လိုက်မာန်ပါလုပ်တတ်တာလားမသိဘူးလို့ ထင်ကြတယ်။ တစ်ချို့ကတော့ ကိုအောင်ဆန်းဟာ မှန်ရာကိုလုပ်ရဲပြောရဲတဲ့ သတ္တိရှိခြင်းဖြစ်တယ်။ သူ့အရှေ့မှာ လူကောင်းတစ်ယောက်ကို မမှန် မကန်ပုတ်ခတ် ပြောဆိုဝေဖန်နေတာ သိပ်လွန်လာတဲ့အတွက်ကြောင့် ဖြစ်တယ်လို့သတ်မှတ်ကြတယ်။ ဒါဟာ ကိုအောင်ဆန်းနဲ့ ကိုရာရှစ်တို့ရဲ့ ပတ်သက်ဆက်နွယ်မှု အနေအထားပါ။ ဗကသမှာ ဦးကျော်ခင်၊ ဦးထွန်းစိန်၊ ဦးရာရှစ်၊ ဦးဝေဇင်တို့ဟာ ထင်ရှားတဲ့ မွတ်ဆလင်မ်တွေပါ။
တစ်ခါ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်ကို စာချုပ်ချုပ်ဖို့သွားတဲ့အခါမှာလည်း အိန္ဒိယခေါင်းဆောင် နေရူးနဲ့ ဆက်သွယ်ပြီး အိန္ဒိယကတဆင့် အင်္ဂလန်သွားမည့် ကိစ္စမှာလည်း ကိုရာရှစ်အပါအ၀င် မစ္စတာရာဂျန်တို့က ဆက်သွယ်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကို ဦးရာရှစ်က လေဆိပ်ကိုလိုက်ပို့ခဲ့ပါတယ်။ လေဆိပ်မှာ ဗိုလ်ချုပ်က ဦးရာရှစ် ကိုပြောခဲ့တဲ့စကားက သမိုင်းတွင်သွားတယ်။
I hoped for the best but I am prepared for the worst. ။ `အကောင်းဆုံးကို ကျွန်တော် မျှော်လင့်ထားပါတယ်။ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပြီးဖြစ်တယ်။´ နောက်ထပ်အံ့သြစရာအချက်တွေလည်းရှိပါတယ်။
သခင်အောင်ဆန်းဖြစ်လာတဲ့အချိန်၊ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာတဲ့အချိန် ၊ ဦးအောင်ဆန်းဖြစ်လာတဲ့ အချိန်တွေမှာ ပတ်သက်ဆက်နွယ်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေ၊ ဗမာမွတ်ဆလင်မ်ကွန်ဂရက်ရဲ့ ဒုတိယဥက္ကဌ ဦးဖေခင်ဆို တာရှိပါတယ်။ ပထမပြောတဲ့ အစီအစဉ်အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဟာ အိန္ဒိယနိုင်ငံမှာ မစ္စတာနေရူးနဲ့တွေ့ပြီး အင်္ဂလန်ကို ရောက်သွားခဲ့တယ်။ အဲ့ဒီမှာ အောင်ဆန်းအက်တလီစာချုပ်ချုပ်ဖြစ်ခဲ့တယ်။
ပြန်လာတော့ ရန်ကုန်ကိုမလာဘဲ တိုက်ရိုက်တောင်ကြီးကို သွားခဲ့တယ်။ အဲ့ဒီအခါမှာ ဦးဖေခင်ရဲ့သမိုင်းဝင် စွမ်းဆောင်ချက်တစ်ခုဖြစ်လာခဲ့တယ်။ ရှမ်းပြည်မှာ ရှမ်းစော်ဘွားတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်နယ် ပြည်မ မခွဲခြားဘဲ တပြေးညီလွတ်လပ်ရေး ရရှိရေးအတွက် ဆွေးနွေးညှိုနှိုင်းတော့ အပေးအယူကြောင့် မအောင် မမြင်ဖြစ်နေခဲ့တယ်။ တောင်တန်းပြည်မ ပေါင်းစည်းရေး မလုပ်ရသေးဘူး။ ငါတို့ ဘယ်နှစ်နှစ်နေရင် ခွဲထွက်မယ် ဆိုတာက စနေတော့ ဗိုလ်ချုပ်အောင်ဆန်းက `စုစည်းမှုတောင် မလုပ်ရသေးဘူး´၊ `အခုကတည်းက ခွဲရေးစကား ပြောတာက နည်းနည်းလွန်နေပြီထင်တယ်။´လို့ပြောပြီး စိတ်မကောင်းဖြစ်တယ်။ သိပ်လွန်လာတော့ စိတ်ဆိုးသွား တယ်။ စိတ်ဆိုးပြီး ဆွေးနွေးပွဲကပြန်လာတော့ သူ့ရဲ့အပါးတော်မြဲ ဗိုလ်ထွန်းလှ(စာရေးဆရာ တက္ကသိုလ် နေ၀င်း) ကို မနက်ဖန် ငါတို့ပြန်မယ်။ လေယာဉ်ပြင်ဆင်လိုက်တော့ လို့ပြောတယ်။ အဲ့ဒီနေ့က ၁၁-၂-၁၉၄၇ခုနှစ်၊ အဲဒီလို ပြောတဲ့အချိန်မှာ ဗိုလ်ထွန်းလှနဲ့အတူ ဦးဖေခင်လည်းရှိနေခဲ့တယ်။ ဗိုလ်ချုပ်ကို အနားယူလိုက်ပါဦးလို့ပြောပြီး ဦးဖေခင်နဲ့ ဗိုလ်ထွန်းလှက တောင်ကြီးမြို့အပါအ၀င် အနီးအနားမှာရှိနေတဲ့ လူငယ်တွေကို ဗိုလ်ချုပ်စိတ်ဆိုးပြီး ပြန်မယ့်အကြောင်းနဲ့ စော်ဘွားတွေရဲ့ကိစ္စကိုလည်း ပြောပြလိုက်ကြတယ်။ တောင်တန်းဒေသနဲ့ ပြည်မစုစည်း ညီညွတ်မှသာ တစ်နိုင်ငံလုံး လွတ်လပ်ရေးရမှာဖြစ်ကြောင်း ပြောပြလိုက်တယ်။
ဒါကြောင့် အဲ့ဒီဒေသက လူငယ်တွေနဲ့ ပြည်သူတွေက သူတို့ရဲ့စော်ဘွားတွေ တိုက်တွန်းပြောဆိုခဲ့လို့ ၁၂-၂-၁၉၄၇ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းပြည်မ အတူတကွပူးပေါင်းရေး စာချုပ် (တစ်နည်း) ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့ကြတယ်။ ဒါကြောင့် ပင်လုံစာချုပ်ဖြစ်ပေါ်လာရတဲ့ တစ်နည်းအားဖြင့် ပြည်ထောင်စုနေ့ဆိုတာ ဖြစ်ပေါ်လာရခြင်းရဲ့ အကြောင်းရင်းခံတွေထဲမှာလည်း ကျွန်တော်တို့ရဲ့အထက်ဘိုး၊ ဘေးတွေဖြစ်သော ဗမာမွတ်ဆလင်မ် ကွန်ဂရက်ရဲ့ ဒုတိယဥက္ကဌကြီး ဦးဖေခင်လည်း ပါပါတယ်။ နောက်ဆုံး န.၀.တ လက်ထက်မှာ သူ့ကို ပင်လုံဦးဖေခင်ရယ်လို့ ဂုဏ်ပေးခြင်းကိုခံခဲ့ရတာ ဖြစ်ပါတယ်။
အဲ့ဒီ ဗမက ကွန်ဂရက်က လူနည်းစုအခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေကို ညီလာခံမှာတင်ပြပြီး ၁၉၄၆ ခုနှစ်မှာ ဒီးဒုတ်ဦးဘချိုက ထောက်ခံပြီး ဆွေးနွေးခဲ့ပေးတယ်။ အဲ့ဒီမှာ ဘယ်သူတွေပါသလဲဆိုရင် ဗမက ဥက္ကဌ အာဇာနည်ခေါင်းဆောင်ကြီး အမျိုးသားကျောင်းအုပ်ဆရာကြီး ပညာရေးဝန်ကြီးဖြစ်တဲ့ ဆရာကြီး ဦးရာဇာတ် လည်းပါခဲ့ပါတယ်။ အဲ့ဒီညီလာခံမှာ `ဗမက´ က တင်သွင်းတဲ့မူတစ်ခုဟာ ဖဆပလရဲ့ မူလည်းဖြစ်ခဲ့တယ်။ အဲ့ဒီမှာ အရမ်းလှတဲ့ စကားတစ်ခွန်းက `နယ်ခြားဒေသမပါတဲ့ လွတ်လပ်ရေးဟာ အဆီအနှစ်ကင်းမဲ့တဲ့ အောင်မြင်မှုသာဖြစ်သည်။´ဆိုတဲ့ ကိစ္စကို ဗမက က အဆိုတင်သွင်းခဲ့လို့ အားလုံးကထောက်ခံဆွေးနွေးခြင်းခံရပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့ကြီးကပါ ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြောင်း ကျွန်တော်မှတ်သားမိပါတယ်။
ဒီတော့ သေသေချာချာ လေ့လာကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် စောစောက ပုဂ္ဂိုလ်တွေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ရေး၊ အသိဥာဏ်ပညာစိတ်ဓါတ်ခိုင်မာမှု၊ ကိုယ်ကျိုးစွန့်၊ အနစ်နာခံမှု၊ အသက်အိုးအိမ်စည်းစိမ် သွေး၊ ချွေး တွေပေးဆပ် စတေးခဲ့ကြတာ တွေ့ရမှာဖြစ်တယ်။ အဲ့ဒီအထဲမှာ မွတ်ဆလင်မ်တွေဖြစ်တဲ့ ပုဂ္ဂိုလ်တွေအများကြီး ပါတဲ့အတွက် ကျွန်တော်တို့အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီးတော့ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ထုတ်ဝေတဲ့ ကြေးမုံ သတင်းစာပါ ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့ဂုဏ်ပြုဆောင်းပါးဖြစ်တဲ့ ချစ်နိုင်(စိတ်ပညာ)ရေးတဲ့ `စာရိတ္တစွမ်းအား´ ဆိုတဲ့ဆောင်ပါးပါအချက်အလက်အချို့ကို ကျွန်တော်တင်ပြပါ့မယ်။
ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူက ယုံကြည်၏။ အားကိုး၏။ အဘယ်ကြောင့်နည်း။ ကိုယ်ကျင့်တရား ဖြူစင်ဖြောင့်မတ်ခြင်းကြောင့် အဓိကဖြစ်၏။ ဥာဏ်ပညာ အမြော်အမြင်ကြီးခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သတ္တိရှိခြင်း၊ ရဲရင့်ခြင်း၊ ခွင့်လွှတ်အနစ်နာခံတတ်ခြင်း၊ ရဲဘော်ရဲဘက် စိတ်ပြည့်ဝခြင်းစသည့် အရာရာတို့တွင်လည်း သာမန်လူ တို့ထက် ထူးကဲထူးချွန်သူဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရည်ကိုယ်သွေး အင်္ဂါရပ်များ ကောင်းမွန် ခြင်း အားလုံးတို့သည် သူ၏စာရိတ္တကောင်းခြင်းအုတ်မြစ်ပေါ်တွင် ခိုင်မာစွာ တည်ဆောက်ထားခြင်းက အခြေခံ အကျဆုံဖြစ်၏။ စာရိတ္တက ခိုင်မာလှ၏။ ကာနယ်ဆူဇူကီး၊ ဗိုလ်ချုပ်ဆာဝီလျံဆလင်း၊ ဗိုလ်ချုပ်ကြီး မောင့်ဘက်တန် စသည်တို့က သူ၏စာရိတ္တတရားကို လေးစားယုံကြည်ကြ၏။
ကြီးမြတ်သော ပုဂ္ဂိုလ်များကို လူတွေကကြည်ညိုအားကျကြ၏။ မှန်ပါ၏။ ချမ်းသာကြွယ်ဝသူများကို မနာလို၊ မရှုစိတ်ဖြစ်တတ်ကြ၏။ မုဒိတာ ထားနိုင်သူက နည်းပါး၏။ အာဏာရှိသူ၊ အာဏာပြသူများကို လူတွေ ကြောက်ရွံ့တတ်ကြ၏။ စကားပင် ကျယ်ကျယ်မပြောဝံ့။
ကိုယ်ကျင့်တရားကောင်းသူများကိုမူ လူတွေက ယုံကြည်အားကိုးကြပေသည်။ ကြည်ညိုလေးမြတ်မဆုံးပါ။ `စာရိတ္တဟူသောအရာသည် သန့်ရှင်းလျှင်သန့်ရှင်းသလောက် တောက်ပြောင်ဝင်းပစမြဲဖြစ်သည်။´ဟု ဗြိတိသျှ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ လော့ဒ်ချတ်စတာဖီးလ်(၁၆၉၄-၁၇၇၃)က ရေးသားခဲ့ဖူး၏။ မှတ်သားလောက်သည့် စကားဖြစ်၏။
`ဤကမ္ဘာ၌ ပြည်သူတို့၏ လွတ်မြောက်ရေး၊ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးတို့အတွက် တိုက်ပွဲဝင်ရင်း အသက်ကို စွန့်လှူရခြင်းထက် ပို၍မွန်မြတ်သော အလုပ်နှင့်ကြီးမားသောဂုဏ်သည် မရှိပြီ။´ လို့ရေးသားခဲ့ပါတယ်။
နောက်တစ်ခါ ကျွန်တော်နဲ့သဘောခြင်းမျှတတဲ့ ကိစ္စလေးတွေပေါ်လာပါတယ်။ ဒီဆောင်းပါးရေးတဲ့ စာရေး ဆရာကြီး အပါအ၀င် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်လောက်က မွေးတဲ့ကလေးတွေထဲမှာ ဘယ်သူတွေကများ သူတို့ ကလေးတွေကို မောင်အောင်ဆန်းလို့ပေးခဲ့ဘူးလို့လဲ။ ကိုယ့်ကိုယ်ကို နတ်မောက်မှာမွေးပြီး ငါနတ်မောက်သားပါလို့ မပြောရဲ မဆိုရဲတဲ့ခေတ်ကြီးကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို ပါးစပ်ကပြောဖို့ဝေးစွ၊ သူဟာဘာမှမဖြစ်ခဲ့ဘူးတဲ့ လူလိုနေခဲ့ရပါတယ်။ ဒီနေ့ ခေတ်မှာတော့ ဗိုလ်ချုပ်နဲ့လုပ်စားတဲ့ လူတွေအများကြီးရှိပါတယ်။ ဗိုလ်ချုပ်ဓါတ်ပုံချိတ်ထားရင် အလုပ်ဖြစ်မယ်လို့ထင်ပြီး ချိတ်ထားတဲ့လူတွေလည်း ရှိပါတယ်။ အခုတောင် ဗိုလ်ချုပ်နဲ့လုပ်စားတဲ့လူတွေ အများကြီးပေါ်လာပါတယ်။ အဲ့ဒီလို လူတွေအတွက် ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလ ရ ရက်နေ့ထုတ် ဒီမိုကရေစီသတင်းစာပါ `ဗိုလ်ချုပ်နှင့်တွေ့ဆုံခြင်း´ အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ကို ဆောင်းပါးရှင် မောင်သန်းနိုင်ကရေးခဲ့ပါတယ်။
ဆောင်းပါးရှင်ဟာ မနက်ခင်းတိုင်းလမ်းလျှောက်တယ်။ လမ်းလျှောက်တဲ့အခါ ဗိုလ်ချုပ်ပန်းခြံရှေ့ရောက် တိုင်း ဗိုလ်ချုပ်ကြေးရုပ်ကို တလေးတစား အမြဲကြည့်တယ်။ တစ်ရက်တော့ ဘာမပြောညာမပြောနဲ့ ဗိုလ်ချုပ်က သူ့ကိုစကားထပြောတယ်။ ဗိုလ်ချုပ်ကိုကြည့်ရတာ ရွှင်ရွှင်ပျပျဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅ ဇန်န၀ါရီ လ လဆန်းထဲက ဗိုလ်ချုပ်ရဲ့အနေအထားဟာ ပုံစံပြောင်းလာတယ်။ ဘာဖြစ်လို့လဲ၊ အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်က ပြန် ပြောတယ်။ `အခု ငါဝမ်းသာတယ်ကွ။ ဒါပေမယ့် ငါအရမ်းလည်းဝမ်းနည်းတယ်။´
ဘာဖြစ်လို့လဲ ဗိုလ်ချုပ်လို့ မေးတော့။` ၀မ်းသာရတဲ့ အကြောင်းရှိတယ်ကွ၊ ငါ့ကိုမြန်မာနိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကြီးရာထူးပေးတယ်ကွာ။ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံး ချစ်ကြတယ်ကွာ။ ကလေးကအစ လူကြီးအဆုံး ငါ့ကို ချစ်ကြတယ်ကွာ။ အဲ့ဒီအတွက် ၀မ်းသာတယ်၊ ဂုဏ်ယူတယ်။´
`၀မ်းသာတာထက် ၀မ်းနည်းတာက ပိုများတယ် မောင်ရင်ရဲ့။ ဘာဖြစ်လို့လဲသိလား´လို့ ကျွန်တော့်ကို မေးခွန်းပြန်ထုတ်ပါတယ်။ `လက်ရှိမြန်မာနိုင်ငံ အရေးကိစ္စတွေအပေါ် ငါ့အမြင်ကို ပြောပြရမလား။ မင်းငါပြောတာ ကိုရော ကြားရဲ့လား။ မင်းတို့လူငယ်တွေရဲ့ အနေအထားကို ကြည့်လိုက်ရင် အတွေးတွေထဲမှာ မျောနေကြတာကိုး၊ အပြင်မှာ လက်တွေ့ဘာတွေဖြစ်နေလဲဆိုတာ ပညာမျက်စိ၊ ဥာဏ်မျက်စိနဲ့ ကြည့်ကြ၊ တွေးကြပါဦးကွာဆိုပြီး´ဗိုလ်ချုပ်က သူ့ကိုပြောပါတယ်။
ဗိုလ်ချုပ်ဆက်ပြောတာက – `ငါဝမ်းနည်းရတဲ့ အကြောင်းက ပြည်သူတွေ ငါ့ကိုချစ်တာကိုတော့ ၀မ်းသာ တယ်။ ဒါပေမယ့် တချို့ငါ့ကိုရောင်းစားနေကြတယ်။ ငါ့ကို အကြောင်းပြုပြီး လုပ်စားနေကြတယ်။ အခုလိုမင်းတို့ ခေတ်ပြောင်းလာတော့ ပိုလုပ်စားကြတာပေါ့။ အရင်ခေတ်တုန်းကဆိုရင် ငါ့ကိုရှိတယ်လို့တောင် ထင်ကြတာ မဟုတ်ဘူး။ ဘယ်သူမှလည်း ငါ့အကြောင်းကို မင်းတို့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်မှာတောင် မပြောရဲကြဘူး။ ယုတ်စွအဆုံးကွာ ငါနဲ့နာမည်တူတဲ့ ဆင်တဲ့သူတောင် မတွေ့မိဘူး။ မမြင်မိဘူး။ အခုကျမှ မင်းတို့တစ်ခုခု အဆင် မပြေတာနဲ့ ငါ့ဓါတ်ပုံကိုယူတယ်။ မြို့တော်ခန်းမနားသွားတယ်။ ဘာဖြစ်တယ်။ ညာဖြစ်တယ် ဆိုပြီး လုပ်ကြတယ်။ အခုဆိုရင် ရုပ်ရှင်ထဲလဲငါပါတယ်။ အငြိမ့်ပွဲလဲငါပါတယ်။ လူရွှင်တော်ထဲလဲ ငါပါတယ်။ ငါ့ကိုအကြောင်းပြုကြတာ ပေါ့ကွာ။ ထားပါ။ အကယ်ဒမီစင်မြင့်မှာတောင် ငါပြောခဲ့တဲ့စကားဆိုပြီး အငှားသုံးသေးတယ်ကွာ။ အရင်တုန်းကဆို ရင် သူတို့ပဲ ဟိုဘက်ကပ်လိုက် ဒီဘက်ကပ်လိုက်နဲ့ တော်တော်လေးလဲ တတ်နိုင်ကြတယ်ကွာ။ ငါနဲ့သာအပြင်မှာ တွေ့လို့ကတော့ ထားဝယ်ကြိမ်လေးနဲ့ရိုက်ပြီး ငါ့နာမည်ကို အကြောင်းပြပြီးလုပ်စားဦးမလားဆိုပြီး မေးမေးပြီး ရိုက်လိုက်ချင်သေးတယ်။´ ဆိုပြီး ရေးထားပါတယ်။
ဗိုလ်ချုပ်က `ငါ့ကိုချစ်တော့ ချစ်ပါ။ ခုတုံးတော့ မလုပ်ပါနဲ့လို့။ ငါ့ကိုချစ်တာက နည်းနည်းရယ်။ မိမိကိုယ် မိမိထင်ပေါ်ချင်တယ်။ ကျော်ကြားချင်တယ်ဆိုရင်တော့ တခြားနည်းလမ်းကို သုံးကြပါ။ ငါ့ကိုဆွဲမထည့်ပါနဲ့´လို့ ဆက်ပြောပါတယ်။ ဗိုလ်ချုပ်ကဆက်ပြီး `မင်းတို့အခုသုံးနေတဲ့ ဘာဘုတ်ဆိုလား(facebook) အဲ့ဒီမှာ အဖဗိုလ်ချုပ် ကိုချစ်တယ်။ အဖဗိုလ်ချုပ်လိုမျိုးပဲဆိုပြီး စာတွေရေးကြတယ်။ ငါကတော့ ပြောချင်တာတစ်ခုပဲရှိတယ်။ ငါ့ကို အဖ ဗိုလ်ချုပ်လို့ သတ်မှတ်ရင် စည်းကမ်းရှိပါ။ လူ့ကျင့်ဝတ်၊လူ့တရားကို လိုက်နာစောင့်ထိန်းပါ။ အစွန်ဆုံးကွာ။ ကိုယ့်အိမ်က မိခင်ဖခင်တို့ကိုလည်းချစ်ပါလို့ ပြောချင်ပါတယ်။
ဒါတွေကို ဆောင်းပါးရှင် မောင်သန်းနိုင်က သူနဲ့ဗိုလ်ချုပ်အိပ်မက်မှာတွေ့ပြီး ပြောဆိုခဲ့မှုတွေကို ရေးထား တာပါ။ သေသေချာချာကြည့်ရင် မောင်အောင်ဆန်း၊ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း။ အင်မတန် အံ့သြစရာကောင်းတဲ့တစ်ခု မျှဝေပေးချင်ပါတယ်။ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင် ဆန်း၊ ဦးအောင်ဆန်းဖြစ်လာတဲ့ အချိန်မှာ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုလွှတ်တော် ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးမရမီ တစ်နှစ်၊ လွတ်လပ်ရေးရပြိး ၆၇ နှစ်ပေါင်း ၆၈ နှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃ခု ပြဌာန်းခဲ့တဲ့ နိုင်ငံကြီးတစ်ခုဖြစ်တယ်ဆိုရင် မမှားပါဘူး။ အဲ့ဒီ ၁၉၄၇ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို လေ့လာကြည့်ရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာပါတဲ့ နိုင်ငံသား၊ နိုင်ငံသား အခွင့်အရေး၊ ရပိုင်ခွင့်များနဲ့ တာဝန်ဆိုတဲ့ အခန်းကဏ္ဍအပိုဒ် ပါဝင်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀က လူတွေရဲ့ ဦးနှောက်က မြန်မာနိုင်ငံသားတွေရဲ့အကျိုးကို ဘယ်လောက်အကျိုးပြုသလဲဆိုရင် အဲ့ဒီ၁၉၄၇ ဖွဲ့စည်းပုံမှာ နိုင်ငံသား၊ အခွင့်အရေး၊ ရပိုင်ခွင့် တာဝန်တွေမှာ လူ့အခွင့်အရေးကိစ္စရပ်တွေ ပါဝင်ရေးဆွဲထားတာ တွေ့ရမှာဖြစ်ပါ တယ်။
မြန်မာနိုင်ငံက ၁၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့မှာ လွတ်လပ်ရေးရတော့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ က အတည်ဖြစ်တယ်။ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့ကျတော့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းဆိုပြီး ကုလသမဂ္ဂကနေ ထုတ်ပြန်ကြေညာတယ်။ အဲ့ဒီအထဲမှာပါတဲ့ လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းတွေဟာ ၁၉၄၇ ခုနှစ်ကတည်းက ပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သူ့ထက်တစ်နှစ်စောပြီး ရေးသား ပြဌာန်းအတည်ပြုခဲ့ပြီး ဖြစ်တာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ ဂုဏ်ယူစရာကောင်းတဲ့ အချက်တစ်ချက်ပါ။
သို့သော် လက်တွေ့ကျသော ကိစ္စရပ်များကို စောစောက ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်း၊ ဦးအောင်ဆန်း ပြောခဲ့သလို လက်တွေ့ကျသောကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်ရာမှာ မှားယွင်းသောစနစ်တွေနဲ့ အကောင်အထည်ဖော်ခဲ့တဲ့အတွက် ကောင်းမွန်သင့်မြတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြချက်တွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေ အပြည့်အ၀ခံစား စံစားလို့မရနိုင်သေးတာကိုတော့ဖြင့် ဗိုလ်ချုပ်နဲ့ထပ်တူ ကျွန်တော်ဝမ်းနည်းမိပါတယ်လို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။