ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက် မုဖ်သီ ဦးသန်းအောင် (LL.B)
ရာသီဥတု ပြောင်းလဲမှု၏ အကျိုးဆက်
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော်အနေနဲ့ အခုလို ဂျုမုအာဟ် ခွတ္တဗာဟ်ပြောကြားခွင့်ရရှိတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ် အား ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့ နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရ၀ပြု ကျေးဇူး တင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ အခုအပါတ် တင်ပြသွားမယ့် ခေါင်းစဉ်ကတော့ `ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်´ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လဆန်းပိုင်းက ကျွန်တော်တို့သိတဲ့အတိုင်း ရာသီဥတုတော်တော် ပူပြင်းခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ ပြီးပြည့်စုံတဲ့ စီမံခန့်ခွဲမှု ရဟ်မသ်တော်ကြောင့် မိုးရွာ သွန်းခဲ့ပါပြီ။ အဲ့ဒီမိုးမရွာခင်မှာ မြန်မာနိုင်ငံ တနံတလျားအရပ်ဒေသ အတော်များများမှာ ရေရှားပါးမှုနဲ့ ကြုံတွေ့ခဲ့ ရကြောင်းကို လူကြီးမင်းများ အသိပဲဖြစ်ပါတယ်။
ဒါကြောင့် ရန်ကုန်မြို့နှင့် အနီးဆုံးဖြစ်ပြီးရေရှားပါးတဲ့ ဒလမြို့နယ်မှာ ရေလှူဒါန်းဖို့ စီစဉ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဘိုင်သုလ် မာလ်ကော်မတီကနေ မတည်အလှူငွေ ကျပ် ၅၀၀၀၀၀/- မတည်ခဲ့ပါတယ်။ မေလ ၉ ရက်နေ့မှာ ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်၊ နောက်ရက်တွေမှာ ရာဇာသင်္ကြန်ရပ်ကွက်၊ ၆ နံပါတ်၊ မင်းရွာဆိပ်ကြီးနှင့် ကျေးရွာနှစ်ခုမှာ ကျွန်တော်တို့ သွားရောက် လှူဒါန်းပေးခဲ့နိုင်ပါတယ်။ စုစုပေါင်း ရေသန့်ဗူး တန်ဖိုး ၃၅၀၀၀၀/-နဲ့ နောက်တစ်ခါ ရေသန့်ဗူးနဲ့ မလုံလောက်လို့ အမြဲတမ်း အသုံးပြုလို့ရတဲ့ စက်ရေတွင်း တစ်တွင်း ၃၀၀၀၀၀/- အကုန်ခံပြီး လှူဒါန်းပေးခဲ့ပါတယ်။
ကျွန်တော်တို့ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်က ဂျမာအသ်သား မိသားစုဝင်တွေရယ်၊ လူငယ်အဖွဲ့တွေရယ် သွားရောက်ပြီး ပါဝင်ကူညီပေးခဲ့ကြပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ မှတ်တမ်းတင် ဖော်ပြ အပ်ပါတယ်။ နောက်စက်ရေတွင်းနဲ့အတူ ဘေးမှာရေကန်ပါတဲ့ ရေတွင်းရေကန်တစ်ခု ထပ်မံလှူဒါန်းဖို့ ကျွန်တော် တို့ စီမံဆောင်ရွက်လျက်ရှိပါတယ်။
အဲ့ဒီဆောင်ရွက်မှုတွေအတွက် ကျွန်တော်တို့ကျေးဇူးတင်ရမှာကတော့ ဒလမြို့နယ် ကြက်ခြေနီအသင်းက ဒုတပ်ရင်းမှူးနဲ့ ကျွန်တော့်မိတ်ဆွေ ဦးမင်းမင်းထိုက်တို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရေအလှူအတွက် အလှူငွေ ၁၄၀၀၀၀၀/- ကျော်ရခဲ့ပြီး၊ တကယ်လှူဒါန်းပြီးတာက ၆၅၀၀၀၀/-ပဲ ဖြစ်ပါတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လှူဒါန်းနေချိန်မှာ မထင်မှတ်ပဲနဲ့ မိုးရွာလာပါတယ်။ တော်တော်အံ့သြစရာကောင်းပြီး ကျွန်တော် တို့ အချင်းချင်းပြောတဲ့ ကိစ္စတစ်ခုရှိပါတယ်။ လူကြီးမင်းများလည်း ခံစားကြရမှာဖြစ်တယ်။ အဲ့ဒါဘာလဲဆိုတော့ တောက်လျှောက်ပူပြင်းလောင်ကျွမ်းနေတဲ့ ကျွန်တော်တို့တတွေ နှစ်ရက်လောက် မိုးရွာလိုက်တဲ့အချိန်မှာ အလ္လာဟ်အရှင်မြတ်ရဲ့`ရဟ်မသ်´ အလ္လာဟ်ပေးထားတဲ့ `ဘရ်ကသ်´တွေ အလ္လာဟ်အရှင်ြမတ်ရဲ့ ပံ့ပိုးကူညီ ထောက်ပံ့မှုတွေနဲ့ ဟိုတုန်းက ပူပါတယ်ဆိုတဲ့အပူ ဘယ်လိုပြေးသွားလိုက်လဲလို့တောင် မေးယူရတဲ့ အနေအထား ကို ရောက်သွားပါတယ်။ အေးမြမှုတွေကို ကျွန်တော်တို့ ခံစားလာရတယ်။ အဲဒီအချိန်မှာ ခမ်းခြောက်နေတဲ့ ကန်ထဲမှာရေတွေ ရောက်ရှိလာပါတယ်။
အခုအခါ မိုးလဲတိတ်သွားရော ပူပြင်းတဲ့ ဒဏ်ပြန်ခံလာရပါတယ်။ အဲ့ဒီပူပြင်းခြောက်သွေ့မှု ဆင့်ကဲဖြစ် စဉ်တွေကြောင့် ရာသီဥတုတွေလည်း ပြောင်းလဲဖြစ်ပေါ်လာပါတော့တယ်။ ရာသီဥတု ပြောင်းလဲမှုက အကောင်း ဘက်ထက် အဆိုးဘက်ကိုသာ ဦးတည်နေပါတယ်။ လူသားတွေဟာ မိမိတို့ရဲ့လောဘနဲ့ အတ္တအကျိုးစီးပွားကို ရှေ့တန်း တင်ပြိး သစ်ပင်သစ်တောတွေကို လိုအပ်တာထက် ပိုပြိး ခုတ်လှဲမှုတွေလုပ်ကြပါတယ်။ ဒါ့အပြင် မြစ်ကြီးတွေကို ပိတ်ဆို့ပြီး တာတမံတွေ ဆည်တွေ တည်ဆောက်ပြီး မြစ်ချောင်းတာတမံတွေ ပိတ်ဆို့တားဆီးပြီး ရေအားလျှပ်စစ် အလွန်အမင်းထုတ်ယူ သုံးစွဲမှုကြောင့် ရာသီဥတု ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါတယ်လို့ ပညာရှင်တွေက သုံးသပ် ထားကြပါတယ်။
`ဥတုရာသီ၊ တောကိုမှီ´ဆိုတဲ့စကားအတိုင်း သစ်ပင်သစ်တောတွေ ရှင်သန်ဖြစ်ထွန်းလာခြင်းဟာ အပူ ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့အပြင် မြေဆီလွှာကိုပါ ထိန်းသိမ်းပေးနိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် သစ်တော၊ သစ်ပင်တွေ ပြုန်းတီးလာသည်နှင့်အမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် လွန်ကဲစွာထုတ်လုပ်မှု၏ ဆိုးကျိုးများ ဖြစ်ပေါ် လာသည်နှင့်အမျှ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု ဖြစ်ပေါ်လာပြန်ပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ကမ္ဘာတစ်ဝှမ်းမိုးခေါင်ရေရှားမှု၊ မုန်တိုင်းများ ကျရောက်မှု၊ ရေကြီးမှုတို့နှင့်ဆက်စပ်တဲ့ သဘာဝ ဘေးအန္တရာယ်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်ကပဲ အမေရိကန်ပြည်ထောင်စုမှာတောင် ရေကြီး၊ မုန်တိုင်းတိုက်ပြီး လူ၁၇ လောက် တပြိုင်နက် သေဆုံးသွားတာကို သတင်းမှာ ဖတ်ရှုသိရှိရပါတယ်။ ဒါကြောင့် လူသားများစွာဟာ သေကြေပျက်စီးခဲ့တဲ့အပြင် စီးပွားရေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာပြီး အဲဒီကတဆင့် ဆာလောင်ငတ်မွတ်မှု ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။
ဒါကို သတိပြုမိမယ်ဆိုရင် ကျွန်တော်တို့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးတဲ့ နောက်မှာ ဧရာဝတီတိုင်း ဒေသကြီးတစ်ခွင်တစ်ပြင်မှာရှိတဲ့ လူတော်တော်များများဟာ စောစောကပြောတဲ့ သေကြေပျက်စီးမှုတွေနဲ့ စီးပွားရေးကပ်ဆိုက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတဲ့အပြင် ဆာလောင်ငတ်မွတ်မှုတွေရဲ့ ဘေးအန္တရာယ်နဲ့ အလုပ် အကိုင်ဆုံးရှုံးမှုတွေရဲ့ အန္တရာယ်ကို ဒီကနေ့အထိ သူတို့တွေ ခံစားနေရဆဲဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၂၀း၅၃)မှ(၅၅)မှာ — “အရှင်မြတ်သည် အသင်တို့အတွက် ကမ္ဘာမြေကို အခင်းအဖြစ် ပြုလုပ်တော်မူခဲ့သည်။ ၎င်းပြင်အသင်လူသားတို့အတွက် ယင်းကမ္ဘာမြေ၌ လမ်းများ ကို ဖောက်လုပ် ပေးခဲ့လေသည်။ ဒီနောက် အာကာသမိုးကောင်းကင်မှ မိုးရေကို ရွာသွန်းစေတော်မူသည်။ ထိုမိုးရေ ဖြင့် အရောင်အဆင်း၊ အနံ့အရသာ ကွဲပြားခြားနားသော အမျိုးအစားစုံလင်သော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ပေါက်ရောက်စေတော်မူခဲ့သည်။´´(၂၀း၅၃) လို့ဖော်ပြထားပါတယ်။ ကမ္ဘာမြေကြီးဟာ ကျွန်တော်တို့ အသုံးပြုဖို့ အတွက် အရှင်မြတ်က စီမံပေးထားပါတယ်။ အဲ့ဒီကမ္ဘာမြေပေါ်မှာ လမ်းအသွယ်သွယ်ရှိပါတယ်။ အာကာသ မိုးကောင်းကင်ကနေ မိုးရွာပါတယ်။ အဲ့ဒီ မိုးရေကြောင့် အရောင်အဆင်း၊ အနံ့အရသာ စုံလင်တဲ့ မျိုးကွဲ ဟင်းသီး ဟင်းရွက်တွေ ပေါက်ရောက်လာပါတယ်။
`အသင်တို့ စားသုံးကြကုန်။ အသင်တို့ရဲ့ တိရစ္ဆာန်တွေကိုလည်း ကျွေးမွေးကြကုန်။ ဧကန်မုချ ထိုအကြောင်းခြင်းရာများတွင် ဆင်ခြင်ဥာဏ်၊ အမြော်အမြင် နှင့် ပြည့်စုံသော ဥာဏ်ကြီးရှင်များအတွက် သက်သေ လက္ခဏာတော်များရှိပြီး ဖြစ်သည်။´ (၂၀း၅၄)
တစ်နည်းအားဖြင့် မိုးရွာတယ်။ မြေပေါ်မှာ ပေါက်နေတဲ့ ပေါက်လာတဲ့ အသီးအနှံ၊ အသီးအရွက်တွေကို လူတွေလည်းစား၊ မွေးထားတဲ့ တိရစ္ဆာန်တွေကိုလည်း ကျွေး၊ လူရယ်လို့ဖြစ်လာရင် သက်ရှိသတ္တ၀ါတွေလို့ ဖြစ်လာရင် ကျွန်တော်တို့ စားသောက်နေတဲ့အရာတွေအားလုံးဟာ မြေကြီးနဲ့ပတ်သက်ပြီးမှရတဲ့ ပစ္စည်းတွေ ဖြစ်နေ ပါတယ်။ အဲ့ဒီမြေကြီးနဲ့ ပတ်သက်ပြီးရလာတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ဈေးကနေ ၀ယ်လာပြီးရင် ချက်ပြုတ်ဖို့ လုပ်တဲ့အခါမှာ အမြဲတမ်း ဘေးထွက်ပစ္စည်းတွေ ထွက်ပါလိမ့်မယ်။ အဲ့ဒီဘေးထွက် ပစ္စည်းတွေအားလုံးကို မြေကြီး ထဲကို ပြန်ပို့လိုက်ရပါတယ်။ လူသားဟာ မြေကြီးနဲ့သူနဲ့ ဘယ်တော့မှကင်းကွာနေလို့မရဘူး။ မြေကြီးထဲက ထွက်လာတဲ့အရာတွေကို စားတယ်။ ပြီးရင် ပိုလျှံပစ္စည်းတွေကို မြေကြီးထဲကို ပြန်ပို့တယ်။ သူ့ခန္ဓာကိုယ်ထဲက ထွက်ပေါ်လာတဲ့ ပိုလျှံပစ္စည်းကိုလည်း မြေကြီးထဲပြန်ပို့တယ်။ နောက်ဆုံးလူသားကိုယ်တိုင် ဘယ်ဆီကို သွားရ မလဲဆိုတာကို လေ့လာကြည့်ရင် အခုလိုတွေ့ရပါတယ်။ ဆူရာဟ် ၂၀း၅၅ မှာ –
`ကမ္ဘာမြေကြီးမှပင် ငါအရှင်သည် အသင်လူသားတို့ကို ဖြစ်ထွန်းပေါ်ပေါက်စေတော်မူလေသည်။ ထိုကမ္ဘာ မြေကြီးအတွင်းသို့ပင် အသင်လူသားတို့အား ပြန်လည်ဝင်ရောက်စေတော်မူသည်။ ထို့ပြင် ထိုကမ္ဘာမြေကြီးမှပင် အသင်လူသားတို့ကို ဒုတိယအကြိမ် (နောက်တစ်ကြိမ်) ထွက်စေတော်မူမည်။´(၂၀း၅၅)
ဒီအာယသ်က ကျွန်တော်တို့ အမျိုးသားတွေ တော်တော်များများအတွက် အလွတ်နီးပါးရတဲ့ အာယသ် ဖြစ်ပါတယ်။ မနေ့က ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး အလ်ဟာဂ်ျ ဦးခင်စိန် ဆုံးသွားတော့ ရေဝေးမှာ ဒဖန်လုပ်ပါတယ်။ အားလုံးပြီးသွားတော့ မြေကြီးထည့်ဖို့လာဆိုတော့ လာကြတာပေါ့။ အဲ့ဒီမှာ မြေကြီးထည့်မယ့် လူက ဒီအာယတ် (၂၀း၅၅)ကို ဖတ်ကြပါတယ်။ အဓိပ္ပါယ်သိ၊ မသိတော့ ဒုတိယပေါ့။ မြေကြီးထည့်သူဟာ အလ္လာဟ်ရဲ့ ကျမ်းမြတ်ကိုဖတ်ပြီး သေဆုံးသူအတွက် ဆောင်ရွက်လိုက်ခြင်းဖြစ်ပါတယ်။ ဒီကမ္ဘာကြီးကနေပဲ သင်လူသားတို့ကို ငါအရှင်ဟာ ဖြစ်ထွန်းပေါ်ပေါက်စေထားတော်မူခြင်း ဖြစ်ပါတယ်။ အချိန်တစ်ခုရောက်လာရင် သေမယ်။ ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်ပုံဘယ်နည်း သေသေ၊ ရေထဲမှာ သေရင်လည်း ရေထုအောက်ခြေမှာ မြေကြီးရှိတယ်။ ဒီတော့ လူသားကို မြေကြီးဆီကို ပြန်လည်ဝင်ရောက်စေ တော်မူမှာလည်း အလ္လာဟ်ပဲဖြစ်တယ်။ အဲ့ဒီမြေကြီးထဲမှာ မြှုပ်နှံထားရာကနေ ဒုတိယအကြိမ် ပြန်လည်ထွက်စေ တော်မူမှာကလည်း အလ္လာဟ်အရှင်ြမတ်ပဲ ဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် လူသားဟာ အာဒမ်ဖြစ်နေတယ်။ အာဒမ်မီယသ်ဆိုတဲ့ လူသားဟာ ကမ္ဘာမြေဆီရဲ့ တန်ဖိုးရှိ တဲ့ အပေါ်ယံမြေလွှာနဲ့ ဖန်ဆင်းခြင်းခံထားရတဲ့အပေါ်မှာ တစ်ဖက်မှာ ရေနဲ့နှီးနွယ်ပတ်သက်နေရသလို တစ်ဖက်မှာ မြေကြီးနဲ့လည်း နှီးနွယ်ပတ်သက်နေရတာကို ဒီအာယသ်မှာ ဖော်ပြနေပါတယ်။
အဲဒီတော့ အလ္လာဟ်အရှင်မြတ်က လူသားတွေကို ဖြစ်ထွန်းစေတော်မူခဲ့တယ်။ ပြီးတော့ သူ့ကိုအကျိုးပြု စေခဲ့တယ်။ အဲ့ဒီအကျိုးပြုစေခဲ့မှုကို လူသားတိုင်း ခံစားရတယ်။ တနည်းမဟုတ်တနည်းနဲ့ ခံစားနေရတယ်။ ဒီနေရာမှာ လူသားဟာ အကျိုးခံစားရင်းနဲ့ နောက်လူသားတွေကို ပြန်လည် အကျိုးပြုဖို့ အလ္လာဟ်က သင်ပေး တယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၂၈း၇၇)မှာ –
`အလ္လာဟ်အရှင်မြတ်၏ ဖြည့်ဆည်းထောက်ပံ့ချီးမြှင့်ပေးမှုကြောင့် အသင်၏ဘ၀ တင့်တယ်လှပ အချိုး အစားကျနနေသကဲ့သို့ အသင်သည် အခြားလူသားတို့၏ ဘ၀လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ပေးခြင်း ဖြင့် လူ့ဘောင်လောကကို အလှဆင်ပါ။ ကမ္ဘာမြေတစ်ခွင် ပျက်စီးရာ ပျက်စီးကြောင်းဖြစ်အောင် မကြိုးစားပါနှင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အဖျက်သမားများကို နှစ်သက်မြတ်နိုးခြင်း အလျင်းမရှိပေ။´
ဆိုလိုရင်းက – အလ္လာဟ်အရှင်မြတ်က ဖြည့်ဆည်းထောက်ပံ့ပေးကမ်း ချီးမြှင့်ပေးကမ်းမှုကြောင့် အသင့်ရဲ့ ဘ၀ တင့်တယ်လှပ အချိုးအစားကျနနေသလို အသင်ကလည်း လူသားတွေရဲ့ ဘ၀လိုအပ်ချက်များကို ဖြည့်ဆည်း ထောက်ပံ့ပေးခြင်းဖြင့် လူ့ဘောင်လောကကို အလှဆင်ပါဆိုပြီးတော့ အလ္လာဟ်က သင်ပေးတယ်။ ဒါကြောင့် မွတ်ဆလင်မ် မှန်ရင်၊ မုအ်မင်န်မှန်ရင် လောကအလှဆင်သူ(ပရဟိတသမား)တွေပဲ ဖြစ်ရမယ်။ လောကနဲ့ လူသားတွေရဲ့ ဘ၀ပျက်စီး ယိုယွင်းသွားအောင် လုပ်ပြီဟေ့ဆိုရင် အဲ့ဒီလူ သူ့ကိုယ်သူပြန်မေးဖို့လိုပြီ။
`ငါ — မွတ်ဆလင်မ် ပီသရဲ့လား။´ `ငါ—- မုအ်မင်န် ပီသရဲ့လား။´
ဘာကြောင့်လဲဆိုရင် အလ္လာဟ်အရှင်မြတ်က ကမ္ဘာမြေတစ်ခွင် ပျက်စီးရာပျက်စီးကြောင်းဖြစ်အောင် မကြိုး စားပါနဲ့လို့ ပြောတယ်။ ဒီကနေ့ ကမ္ဘာပေါ်မျာ ကမ္ဘာမြေကြီး ပျက်စီးရာပျက်စီးကြောင်းကို လုပ်နေပါတယ်ဆိုတဲ့ IS အဖွဲ့ကလူတွေ။ ကလီမာစာတန်း `လာအိလားဟ အိလ္လားဟု´အောက်ကနေ ဓါးတစ်လက်ထည့်လိုက်တဲ့ဟာ ကျွန်တော်တို့ ဆီမှာ ပုဒ်မ ၅၀၅ (ခ)နဲ့ ငြိပြီ။ ကလိမာဟ် စာတန်းပါတဲ့ စာတန်းကိုကားနောက်မှာ စတေကာ ကပ်လိုက်တဲ့ လူတောင် ထောင် ၂ နှစ်ခံလိုက်ရတယ်။ IS အဖွဲ့က အလံနဲ့တူလို့တဲ့။ IS အဖွဲ့က သူ့ဖာသာသူ ဟိုမှာလုပ်တာနဲ့ ဒီမှာမွတ်ဆလင်မ်တွေရဲ့ ယုံကြည်ချက် ကလီမာဟ်နဲ့ တူနေတာနဲ့၊ လူမိုက်တွေက လူမိုက်အလုပ် လုပ်တာနဲ့ ကျန်တဲ့လူတွေ ခံစားကြရတာတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တတို့တွေ သတိထားကြဖို့ပါ။
အလ္လာဟ်ဟာ အဖျက်သမားတွေကို လောကနဲ့ လူသားတွေရဲ့ ညီညွတ်မျှတ အချိုးအစားကျနနေတဲ့ လူ့ဘောင်ကြီးကို ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်တဲ့သူတွေကို ချစ်ခင်နှစ်သက်တော်မူခြင်း အလျဉ်းမရှိလို့ ပြောထားတယ်။ ဒီအာယသ်ကို ပြောရင်းမနက်က ကျွန်တော်ဖတ်ခဲ့ရတဲ့ သတင်းတစ်ခုမှာ IS တွေက နျူကလီး ယားရမဲ့နေရာအထိ တိုက်ခိုက်ဖို့ လုပ်နေပြီးတော့ သူတို့အဲ့ဒီ နျူကလီးယားရအောင်လုပ်ပြီးတိုက်မယ်လို့ ကြောက် မက်ဖွယ်ရာ ဖတ်လိုက်ရပါတယ်။
ကျွန်တော်အရမ်းလန့်သွားတယ်။ ဒါဟာ ကမ္ဘာကြီးအတွက် လူသားတွေအတွက် အလွန်အန္တရာယ်များမယ့် လုပ်ရပ်ဖြစ်ပါတယ်။ ပြီးတော့ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၇း၈၅)မှာ ထပ်ပြောထားတာက —
`၎င်းပြင် အသင်လူသားတို့သည် လူ့ဘောင်လောက ကမ္ဘာမြေတစ်ခွင်တစ်ပြင်ကို တင့်တယ် ကောင်းမွန် စည်ပင်သာယာဖွံ့ဖြိုးတိုးတက်ပြီး သဘာဝပတ်ဝန်းကျင်ကောင်းကို တွေ့ကြုံခံစား ခံစားရပြီး နောက်တွင်မှ၊ ထိုကမ္ဘာ မြေပြင်တစ်လွှား(သဘာဝပတ်ဝန်းကျင်)ကို ပျက်စီးရာ ပျက်စီးကြောင်း လုံးဝမပြုလုပ်ကြလေနှင့်။ အသင်တို့သည် အမှန်တကယ် သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြပါမူ အထက်ဖော်ပြပါအကြောင်းခြင်းရာ (လုပ်ကိုင်ဆောင်ရွက် ချက်) သည် အသင်တို့အတွက် အကောင်းမွန်ဆုံးပင်ဖြစ်သည်။´ (၇း၈၅)
ဆိုလိုတာက လူတွေရဲ့ဘ၀ကိုလည်း မဖျက်ဆီးနဲ့။ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လည်း မလုပ်နဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီသဘာဝပတ်ဝန်းကျင်ဆိုတဲ့နေရာမှာ ကိုယ်နေနေတာကိုး။ ကိုယ့်လူ့အဖွဲ့အစည်းဝင်တွေ နေနေတာကိုး။
`သင်တို့ အမှန်တကယ် သက်ဝင်ယုံကြည်ကြသူ မုအ်မင်န်များဖြစ်ကြမယ်ဆိုရင် အထက်ဖော်ပြပါ အကြောင်းခြင်းရာ (လုပ်ကိုင်ဆောင်ရွက်ချက်)သည် သင်တို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။´
တစ်နည်းအားဖြင့် ကမ္ဘာမြေတစ်ခွင်တစ်ပြင် ကောင်းမွန်လှပအောင် ဆောင်ရွက်တာဟာ အကောင်းဆုံး၊ ကမ္ဘာမြေပျက်စီးရာ ပျက်စီးကြောင်း လုပ်ရပ်တွေကို ရှောင်ကျဉ်တာဟာလည်း အကောင်းဆုံးလို့ ဖော်ပြထားပါ တယ်။ လူတွေထဲမှာ အချို့လုပ်ပိုင်ခွင့်ရှိတဲ့ လူတွေ၊ သူတို့နဲ့နီးစပ်တဲ့ လူတွေ မိမိတို့စီမံခန့်ခွဲခွင့်ရှိနေတဲ့ အချိန်အခါ သမယမှာ `င´ ၄ လုံးကို ရှောင်ဆိုတဲ့ ဆောင်ပုဒ်ကို ဒေသိယစကားနဲ့ `င´၄ လုံးကို ဆောင်ဆိုပြီး ဖြစ်သွားတယ်။ ကော့ကရိတ်ဘက်ကလူတွေ `၀ါရှောင်´ဆိုတဲ့ စကားလုံးကို ပြောတဲ့အခါ `၀ါဆောင်´ဆိုပြီး ပြောသလို။
ဒါကြောင့် `င´၄ လုံးကို မရှောင်ကြတော့ပဲနဲ့။ `င´၄ လုံးကို ဆောင်ကြပြီးတော့ ငါ့အတွက်၊ င့ါမိန်းမ အတွက်၊ ငါ့သားသမီးအတွက်၊ င့ါဆွေမျိုးတွေအတွက် အဲ့ဒီလို ငါ ၄ လုံးကို ဆောင်ထားတဲ့လူတွေက ဘာလုပ်ကြသလဲ ဆိုရင် ကမ္ဘာမြေတစ်ခွင်တစ်ပြင်မှာရှိတဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံး၊ ပျောက်ကွယ် သွားစေမယ့် ကိစ္စတွေကို သူတို့နည်းလမ်းပေါင်းစုံနဲ့ လုပ်ကိုင်ကြတယ်။ အဲ့ဒီထဲမှာ ကျွန်တော်တို့လည်းပါကောင်း ပါမယ်။ သစ်တောတစ်တောလုံး ပြောင်နေအောင်ခုတ်တဲ့အထဲမှာ မပါပေမယ့်၊ အနည်းဆုံးရေမြောင်းပိတ်အောင် အမှိုက်ရေမြောင်းထဲပစ်တဲ့အထဲမှာ ကျွန်တော်ပါတယ်။ အဲ့ဒီမြောင်းပိတ်ပြီးတော့ ရေလျှံလာတော့ ရေလျှံမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးထိခိုက်ဆိုးရွားစေမယ့် ကိစ္စဟာ ကျွန်တော်တို့ မိသားစုလည်း ထိခိုက်စေမှာဖြစ်တယ်။ သစ်ပင်သစ်တောတွေကို ခုတ်မှမဟုတ်ဘူး။ ရေမြောင်းပိတ်အောင် လုပ်တာလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်အောင် လုပ်တာဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အားလုံး တနည်းနည်းဖြင့် သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်တဲ့အထဲမှာ ပါနေရင် ပြင်ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၃၀း၄၁)မှာ –
`လူသားတို့၏ လက်များက ကြံစည်ဆောင်ရွက်ခဲ့ကြသော မကောင်းမှု၊ ဒုစရိုက်တွေကြောင့် ကုန်းမြေနှင့် ပင်လယ်သမုဒ္ဒရာရေပြင်မှာပါ ပျက်စီးမှုတွေ ဖြစ်ပေါ်နေပြီး နောက်ဆုံးတော့ လူသားတွေ နောင်တတရားရပြီး မကောင်းမှုတွေကိုရပ်ပြီး ပြန်လှည့်လာကြရန် အလ္လာဟ်အရှင်မြတ်က သူတို့လုပ်ရပ်ရဲ့ အကျိုးဆက် တုန့်ပြန်မှု ရလဒ်ကို ၎င်းတို့အား ပြန်လည်ထိတွေ့ခံစား မြည်းစမ်းစေတော်မူမည်ဖြစ်သည်။´(၃၀း၄၁)
အလ္လာဟ်က သဘာဝလောဓါတ်ကြိးကို လူတွေအကျိုးဖြစ်ထွန်းဖို့အတွက် အကောင်းဆုံးပုံစံနဲ့ ဖြစ်ထွန်း ပေါ်ပေါက်စေတော်မူထားခဲ့တယ်။ ဒါပေမယ့် လူတွေဟာ သူတို့ရဲ့လက်များနဲ့ ကြံစည်ဆောင်ရွက်ခဲ့ကြတဲ့ မကောင်းမှု ဒုစရိုက် အဖျက်လုပ်ရပ်တွေကြောင့် ကုန်းမြေနဲ့ ပင်လယ်သမုဒ္ဒရာရေပြင်မှာပါ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါပြီ။ ပြန်စဉ်းစားကြည့်ရအောင်။ ကျွန်တော်တို့ လုပ်နေတာဟာ သစ်ပင်သစ်တော ပတ်ဝန်းကျင် ပျက်စီး ဆုံးရှုံးအောင် ပြုန်းတီးအောင်လုပ်နေကြပါတယ်။
ရေနံသဘာဝဓါတ်ငွေ့နဲ့ ကျောက်မျက်ရတနာတွေ ရရှိရေးအတွက် (တောင်တွေဖြို)၊ (မြေဆီလွှာတွေ အလွန်အကျူးတူးဖော်) ပြန်ဖြည့်လို့မရတဲ့ Resource တွေ၊ ကုန်အောင်လုပ်တယ်။ ဓါတ်သတ္တုတွေတူး၊ ဘူမိ ဖြစ်စဉ်တွေ ပျက်သုန်းသွားအောင်လည်း လုပ်ကြတယ်။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သား၊ ငါး၊ ပုဇွန် အပါအ၀င် ရေထွက်ပစ္စည်းမျိုးစုံကို သူ့အချိန်သူ့အခါမဟုတ်ပဲနဲ့ ကိုယ်ရရင်ပြီးရောဆိုပြီး ထုတ်ယူသုံးစွဲတယ်။ ရေအောက်မှာ ဓါတုလက်နက်မျိုးစုံကို စမ်းသပ်မှုတွေလုပ်ကြတယ်။ စက်မှုထွန်းကားလာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံတွေ၊ ယာဉ်ရထားတွေ လောင်စာဆီမျိုးစုံကို သုံးကြပါတယ်။ ပြီးတော့ နေအိမ်တိုက်တာ အဆောက်အဦး တွေထဲက နေ့စဉ်အသုံးပြုနေတဲ့ ဇိမ်ခံပစ္စည်း၊ လူသုံးကုန်ရုပ်ဝတ္ထုပစ္စည်းတွေကြောင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ကြုံနေရပါတယ်။
ပြီးတော့ စစ်လက်နက်ပစ္စည်းမျိုးစုံ ထုတ်လုပ်စမ်းသပ်ဖောက်ခွဲတယ်။ တောမီးရှို့၊ စွမ်းအင်အလွန်အကျူး ထုတ်ပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်လုပ်နေကြပါတယ်။ ဆည်မြောင်း တာတမံကို မြစ်ချောင်း အင်း၊ အိုင်တွေကို ပိတ်ဆို့ပြီး တည်ဆောက်ကြလို့ မြစ်ကြောတွေ ပြောင်းလဲကာ ရေခမ်းခြောက်မှုတွေ တွေ့ကြုံလာရကာ ဂေဟစနစ်ကြီးလည်း ပြောင်းလဲလို့နေပါတယ်။
စက်ရုံအလုပ်ရုံတွေကနေ ထွက်လာတဲ့ အခိုးအငွေ့တွေအပါအ၀င် ဓါတုစမ်းသပ်မှုတွေကြောင့် လေထု ညစ်ညမ်းမှုတွေ တွေ့ကြုံလာပြီး အောက်ဆီဂျင် လျော့နည်းမှုတွေ ဖြစ်ပေါ်လာရပါတယ်။ အသက်ရှုလို့မ၀တဲ့ အနေအထားရောက်လာနေပါတယ်။ ရောဂါဘယပေါင်းစုံ ကြုံတွေ့ခံစားလာရပါတယ်။ ဒါတွေအားလုံးဟာ လူသားတွေရဲ့လုပ်ရပ်၊လက်ချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဖြစ်ပါတယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကတည်းက လူတွေရဲ့လုပ်ရပ် လက်ချက်တွေကြောင့် သဘာဝပတ်ဝန်းကျင် မြေပြင်မှာရော၊ ပင်လယ် သမုဒ္ဒရာရေပြင်မှာရော ပျက်စီးမှုတွေ့ကြုံနေရတယ်။ မလုပ်ကြနဲ့လို့ အလ္လာဟ်အရှင်မြတ်က ဆုံးမထားတာ တွေ့ရ ပါတယ်။
သေသေချာချာ စဉ်းစားလိုက်တော့ `ခေတ်မီ´ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ဟာကြီးကလည်း လူသားကမ္ဘာကို ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေမယ့်ကိစ္စတွေကို တွန်းပို့နေသလို ခံစားနေရပါတယ်။ အဲ့ဒီတော့ အလ္လာဟ့်ပြဌာန်းချက်အရ လူသား မဟုတ်တာတစ်ခုလုပ်၊ အဲ့ဒီ လုပ်ရပ်ရဲ့အကျိုးဆက်ကို သူမြည်းရတယ်။ ကောင်းတာတစ်ခုလုပ်၊ အဲ့ဒီ လုပ်ရပ်ရဲ့ အကျိုးဆက်ကို သူမြည်းရတယ်။
အခုလည်း အလ္လာဟ်က လက်ရှိဖြစ်ပျက်နေတဲ့ ပူလောင်ပြင်းပြနေတဲ့ ရာသီဥတု ဒုက္ခ ကျွန်တော်တို့ခံနေ ရတဲ့ဟာက `ဘယ်သူမပြု၊ မိမိမှု´ဆိုတာကို ဖော်ပြခြင်းဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က အဲ့ဒီလူသားတွေရဲ့ လုပ်ရပ်အကျိုးဆက် တုန့်ပြန်မှုရလဒ် `ကာနူးန် မူကာဖဒ် အမလ်´လို့ ခေါ်တဲ့ Law of Equital ကို သူတို့ကို ပြန်လည်ထိတွေ့ခံစား မြည်းစမ်းစေခြင်းဖြင့် သူတို့ နောင်တတရားရပြီး၊ ရပ်တန်းကရပ်ပြီး ငါတို့တော့ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ဂျူလိုင်လရောက်ရင်သစ်ပင် နည်းနည်းပါးပါးစိုက်ရမှာပေါ့ဆိုပြီး သစ်ပင် အသေးပျိုးပင် တစ်ပင်နှစ်ပင်စိုက် ပြီးရင်တစ်ဖက်မှာ သစ်တောကြီးတစ်တော ပြောင်အောင်ခုတ်။ ဒီလိုနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုးရွားစွာဖြစ်နေတယ်။ အဲ့ဒီရဲ့အကျိုးဆက်ရလဒ်ကို ကျွန်တော်တို့ပဲ ခံစားရမယ်လို့ အလ္လာဟ်က လမ်းညွှန်ထားခြင်းဖြစ်ပါတယ်။
`လူတွေက လုပ်ရင်းလုပ်ရင်းနဲ့ အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်ကို သွေဖီ၊ ငြင်းဆန် ဆန့်ကျင်လိုက် ကြသည်။´ ယုံကြည်ချက်နဲ့ဆိုင်တဲ့ ကာဖိရ်လုပ်တာ မဟုတ်ဘူး။ လူဟာ `ကူဖူရ်´ဆိုတဲ့ အခြေအနေရောက်ဖို့ ပထမ `ဇူလုမ်´လုပ်တယ်။ အလွဲသုံးစားလုပ်တယ်။ အလွန်အကျွံလုပ်တယ်။ အဲ့ဒီကတစ်ဆင့် ထပ်တက်ပြီး သူက`ဖှာစိက်´ ဆိုတဲ့ ဥပဒေချိုးဖောက်မှုကို လုပ်တယ်။ ဥပဒေချိုးဖောက်မှုကို လုပ်ပြီးတဲ့နောက်မှာ မထူးဇာတ် ခင်းပြီး လုပ်ချင်တာ လုပ်လာတယ်။ အဲ့ဒီအချိန်မှာ ဆန့်ကျင်ဖုံးကွယ်တဲ့ ကုဖ်အဆင့်ကို ရောက်သွားတယ်။ ပြီးတဲ့နောက် သူတို့ဟာ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို ပိတ်ဆို့တားဆီးလိုက်တယ်။ အလ္လာဟ်က မည်သို့ပင် ညွှန်ကြားစေကာမူ စောစေကပြောတဲ့ `ငါ ၄ လုံး´သမားတွေ၊ အဆင်ပြေလို့ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ လူတွေ၊ သူတို့အတွက် ပြစ်ဒဏ်သေချာပေါက် ခံစားစေရမယ်။
လွယ်လွယ်လေး စဉ်းစားရင် ကျွန်တော်တို့ ဘာသာရေးစကားနဲ့ ပြောရင် `ဆ၀ါဘေဂျာရီယာ´ရှိတယ်။ ကျွန်တော်ဒီအရှေ့မှာ သစ်ပင်ကြီး အကြီးကြီး စိုက်ခဲ့မယ်။ နှစ်ပေါင်း ၈၀-၁၀၀လောက် လူတွေကို အရိပ်ပေး၊ အေးမြမှုတွေပေးနေသ၍ ကျွန်တော်အဲ့ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ခံစားရမယ်။ တစ်ဖက်က သစ်တောတွေ တောင် ကတုံးတွေလုပ်လိုက်လို့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးပြီး အန္တရာယ် အသွယ်သွယ်ဖြစ်ခဲ့ရင် လူသားတွေ ခံစားရသော ဆိုးကျိုးများကို ကျွန်တော်ခံစားရမယ်။ ဒါဟာ လုပ်ရပ်ရဲ့အကျိုးဆက်ဖြစ်ပါတယ်လို့ အလ္လာဟ်က ဖော်ပြထားခြင်းဖြစ်ပါတယ။် တစ်ခါ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် (၂း၂၅၁)မှာ- အဲ့ဒီလို အဖျက်သမားတွေ ကို တားဆီးဆန့်ကျင်မယ့် အဖွဲ့တွေကိုလည်း ဖြစ်ပေါ်စေအောင် အလ္လာဟ်အရှင်မြတ်က လူသားတွေကို သင်ပေး ထားတယ်။
`အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ထိုလူသားတို့အား ထိုလူသားတို့အနက် အချို့တို့ကို အချို့တို့ဖြင့် တွန်းလှန်တားဆီးခြင်း မပြုခဲ့ပါမူ အသေအချာပင် ဤကမ္ဘာမြေသည် ပျက်ဆီးယိုယွင်းပြီးဖြစ်မည်။´(၂း၂၅၁)
လူသားကမ္ဘာမှာ ကောင်းတာလုပ်တဲ့ လူသားရှိသလို `ငါ – ၄ လုံး´လက်ကိုင်ထားတဲ့ လူယုတ်မာတွေ လည်း ရှိတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က ကျွန်တော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် သူ့နယ်မြေကို သွားရင်းနဲ့ သစ်တောထဲက သစ်ပင်တွေခုတ်လှဲပြီး ပုံထားတာကို မြင်ပြီး သူအသက်ရှူရပ်မလိုဖြစ်သွားပါတယ်တဲ့။ အဲ့ဒီကိစ္စကို လွှတ်တော်မှာ တင်ပြပြီးတဲ့နောက် အခုဆိုရင် အချို့ကို အဖမ်းပြထားတာတောင် သစ်လုံးတင်ကားနဲ့ သစ်လုံး၊ သစ်ပင်တွေဟာ မရေမတွက်နိုင်အောင်ကို ရှိနေပါတယ်။
ဒါက သစ်ပင်ကိစ္စတစ်ခုပဲ ရှိပါသေးတယ်။ တခြားကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။ လူတွေထဲက အချို့လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့အတွက် `ကမ္ဘာမြေချစ်သူများ´ `အစိမ်းရောင်´`Green peace´အဖွဲ့၊ မြန်မာနိုင်ငံမှာဆိုရင် `ဧရာဝတီချစ်သူများ´စတဲ့ အဖွဲ့တွေ၊ လူတွေကသာ အဖျက်အမှောင့် လုပ်ငန်းလုပ်ရပ်တွေကို တားဆီးမှု မလုပ်ဘူးဆိုရင် ဒီကမ္ဘာမြေကြီးဟာ အသေအချာကို ဖျက်ဆီး ယိုယွင်းမှုဖြစ်ပြီး ကုန်သွားလိမ့်မယ်လို့ ဖော်ပြခြင်းဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်အပါအ၀င် လူကြီးမင်းတို့ အပါအ၀င် လူသားတွေက သဘာဝပတ်ဝန်းကျင် မထိခိုက်၊ မပျက်စီး မပျောက်ကွယ်သွားရလေအောင် လုပ်ရမယ့်တာဝန်ရှိပါတယ်။ တစ်နိုင်တစ်ပိုင် သစ်ပင်စိုက်မယ်။ အမှိုက် ကို စည်းကမ်းတကျ စွန့်မယ်။ ကွမ်းစားသူများ ကွမ်းတံတွေးစည်းကမ်းတကျ ထွေးမယ်။ မဟုတ်ရင် ဖျက်ဆီးသူဖြစ် မယ်။ လိုက်နာကျင့်သုံးရင် ထိန်းသိမ်းစောင့်ရှောက်သူဖြစ်မယ်။ စောစောက တင်ပြခဲ့တဲ့ အိဟ်စန်နဲ့ ဖဆားဒ် လောက အလှဆင်တည်ဆောက်မှုနဲ့ အဖျက်လုပ်ရပ်နဲ့ဟာ ကုရ်အာန်အရဆိုရင် ဆန့်ကျင်ဖက်ဖြစ်ပါတယ်။
ဖဆာဒ်ကို အခုကိစ္စလောက်ပဲ မဟုတ်ပဲနဲ့ လူတွေရဲ့ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို ဖျက်ဆီးတာ၊ ပညာသင်ကြားရေးအတွက် လိုအပ်တာတွေကို မစီမံပေးဘဲ ဖျက်ဆီးတာ၊ Educational Institution ကြီးကို ရိုက်ဖျက်လိုက်တာ၊ လူငယ်တွေရဲ့ဘ၀ကို ဖျက်ဆီးတာ၊ အသိဥာဏ်ပညာ အသုံးချမှုကို လွဲမှားသွားအောင် ဖျက်ဆီးတာ လူတွေရဲ့အသက်အိုးအိမ် ပိုင်ဆိုင်မှုတွေ၊ ငြိမ်းချမ်း၊ ဘေးကင်း လုံခြုံမှုတွေ နေထိုင်လို့မရအောင် ဖျက်ဆီးတာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ မပါဝင်တဲ့အပြင် အဲ့ဒီသဘာဝ ပတ်ဝန်းကျင် ကောင်းကို နည်းလမ်းမျိုးစုံနဲ့ ပျက်စီးအောင်ဖျက်ဆီးတာ၊ ကောင်းမွန်စွာ စီးပွားရှာဖွေမှုကို မှန်မှန်ကန်ကန် လုပ်ကိုင် ဆောင်ရွက်လို့မရအောင် ဖျက်ဆီးတာ၊ လူမှုရေးအပါအ၀င် ကိုယ်ကျင့်တရားစံနှုန်းတွေ နိမ့်ကျသွားအောင် ဖျက်ဆီးတာ၊ ဒါတွေ ဒါတွေကို အကျိုးယုတ်စေတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် မွတ်ဆလင်မ်တွေ မလုပ်ရဘူးလို့ ဒီအာယသ်က တားမြစ်ပြီး အသိပေးထားခြင်းဖြစ်ပါတယ။်
အဲဒီတော့ ပညာနဲ့၊ ဆင်းရဲမှုနဲ့၊ ပျက်စီးမှုတွေနဲ့ အသိဥာဏ်ပညာကို အသုံးချလို့ မရတာတွေနဲ့နွယ်ပြီးတော့ စောစောက တင်ပြခဲ့တဲ့ ခေါင်းစဉ်`ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်´ နိဂုံးချုပ်ရမယ်ဆိုရင် အခုလက်ရှိကို ကျွန်တော်တို့ အဲဒီအကျိုးဆက်ကို ခံစားနေရပါတယ်။
လူမှုရေး ရာသီဥတုပြောင်းလဲမှုတွေ၊ နိုင်ငံရေး ရာသီဥတု ပြောင်းလဲမှုတွေ၊ စီးပွားရေး ရာသီဥတု ပြောင်းလဲ မှုတွေရဲ့ အကျိုးဆက်ကိုလည်း ကျွန်တော်တို့ လူသားတွေ ကမ္ဘာတစ်ခွင်မှာ ခံစားနေရပါတယ်။ ဒီရက်ပိုင်းမှာ အင်မတန် ရေပန်းစားတဲ့ `လှေစီးဒုက္ခသည်များ´၊ `ရွှေ့ပြောင်းအခြေချလိုသူများ´`တရားမ၀င်ရွှေ့ပြောင်း သွားလာသူများ´`လူမှောင်ခိုခြင်း လူကုန်ကူးခြင်းခံရသူများ´၊
ကျွန်တော်ရဲ့တင်ပြချက်မှာ သူတို့ဟာ ဘာလူမျိုး၊ ဘယ်နိုင်ငံသားဆိုတာကို တင်ပြမှာမဟုတ်ပါ။ သူတို့ဟာ လူတွေဖြစ်တယ်။ လူသားတွေဖြစ်တယ်။ တစ်ကမ္ဘာထဲမှာ နေထိုင်သူတွေဖြစ်တယ်ဆိုတဲ့ အနေအထားနဲ့ တင်ပြမှာ ဖြစ်ပါတယ်။ အဲဒီဓါတ်ပုံတွေကို ကြည့်လိုက်ရင် ပထမဦးဆုံး ဖော်ပြတဲ့ ဓါတ်ပုံမှာ အဲဒီလှေစီးဒုက္ခသည်တွေရဲ့ လှေအမိုးကို ဖွင့်လိုက်တဲ့အချိန်မှာ သူတို့သွားချင်တဲ့ ဒေသကို ရောက်လို့ ကယ်တင်ရှင်ရောက်လာပြီ ထင်ပြီးတော့ လှေထဲကနေ လက်ပြနှုတ်ဆက်ကြတယ်။ ဖွင့်လိုက်တဲ့လူက ရဲ။
လူကြီးမင်းများနဲ့ ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ပညာရေးဖွံ့ဖြိုးတိုးတက် အောင် မလုပ်ပေးခဲ့ဘူးဆိုရင် နောင်တစ်ချိန်မှာ လူကြီးမင်းတို့ရဲ့မျိုးဆက်နဲ့ ကျွန်တော်တို့မျိုးဆက်တွေဟာ အခုလို လှေမျိုးပေါ်ကို ရောက်နေလိမ့်မယ်။ ဒီလိုပဲ စီးပွားရေး ကောင်းမွန်တဲ့အနေအထားကို မလုပ်ပေးနိုင်ခဲ့ဘူးဆိုရင် မျိုးဆက်သစ်တွေ အဲဒီလှေပေါ်ရောက်သွားလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။ သေချာကြည့်ပါ။ အဲ့ဒီနည်းလမ်းမျိုးစုံနဲ့ ကျွန်တော်တို့က လှေစီးဒုက္ခသည်တွေကို ဓါတ်ပုံတွေနဲ့ ဖော်ပြပြီး သတန်းဌာနတွေမှာ ပေါ်ပြူလာဖြစ်တယ်လို့ သိလိုက်ရတာ။
မြေကြီးပေါ်က ဒုက္ခသည်တွေ လှေစီးဒုက္ခသည်တွေထက် များပါတယ်။ မြေကြီးဒုက္ခသည်တွေ ဒီနေ့ မနက်ပဲ ကျွန်တော် 7 Day သတင်းဂျာနယ်ဖတ်တော့ ကာတွန်းတစ်ပုဒ်တွေ့တယ်။ ကျွန်တော့်အတွက် ကုန်ကြမ်း တစ်ပုဒ်ရတယ်။ ကျွန်တော် ခေါင်းစဉ်နဲ့အကိုက်ပဲ။ ဒုက္ခသည်စခန်းမှာ `ဒုန်း၊ ဒုန်း၊ ဒုန်း´ဆိုပြီး လက်နက်သံတွေ ဆူညံနေတဲ့အချိန်မှာ အမျိုးသမီးက သူ့အမျိုသားကိုပြောတယ်။ ကလေးလေးချီထားတယ်။ `ဟိုလူတွေကမှ စီးစရာ လှေရှိသေးတယ်။´ ဒုက္ခသည်စခန်းမှာ ဒုက္ခရောက်နေတဲ့လူတွေ အများကြီးပါ။ မြေကြီးပေါ်မှာ ဒုက္ခသည်တွေက လှေစီးဒုက္ခသည်ထက် များနေပါတယ်။ အဲဒါတွေ သေချာကြည့်ရင် ပညာရေးနဲ့ပတ်သက်ပြီး ပညာမသင်နိုင်လို့ ပညာမသင်ပေးခဲ့လို့ ၊ ပညာမသင်ယူခဲ့လို့၊ ပညာမတတ်လို့ တနည်းအားဖြင့် ပညာရေး ရေချိန်စံမမှီလို့၊ အဲဒီဒုက္ခ တွေရဲ့ဇစ်မြစ်။
စီးပွားရေးနဲ့ပတ်သက်ပြီး စီးပွားရေး အဆင်မပြေလို့၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလို့၊ မရှိလို့။ စီးပွားရေးနိမ့်ကျလာပြီး ဆင်းရဲမွဲတေမှု နွံထဲကျရောက်ခဲ့လို့၊ အစာရေစာရှားပါးမှုတွေဖြစ်ပေါ်လာပြီး ငတ်မွတ် ခေါင်းပါးမှုလွန်ကဲလာလို့ လှေရရင်လှေစီးမယ်။ လမ်းရှိရင် လမ်းလျှောက်ပြီးသွားမယ်။ ကားစီးလို့ရရင် ကားနဲ့ သွားမယ်။ ရေယာဉ်စီး၊ လေယာဉ်စီး ဒုက္ခသည်တွေ အသေအခြာဖြစ်လာမယ်။
နိုင်ငံရေးနဲ့ ပတ်သက်ရင် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်မက်ဖြစ်ပွားနေမှု၊ မငြိမ်းချမ်းမှုတွေဟာလည်း ဒုက္ခသည် ဆိုတဲ့ ကိစ္စကြီးကို သေချာပေါက်ဖြစ်ပေါ်လာစေပါတယ်။ အထူးသဖြင့် စနစ်ဇယား မှားယွင်းတဲ့ စီမံခန့်ခွဲမှု တစ်နည်းအားဖြင့် စနစ်ရဲ့ သားကောင်တွေဟာလည်း ဒုက္ခသည်စာရင်းဝင်ပြီး ဒီလိုဖြစ်လာနိုင်ပါတယ်။ သေသေ ချာချာကြည့်ရင် ဆင်းရဲမွဲတေမှုဆိုရာမှာ ဆင်းရဲလို့မွဲတာလား၊ တေလို့မွဲတာလား၊ နှစ်ပိုင်းတော့ရှိမှာပေါ့။ တစ်ချို့ လူတွေက အလုပ်ကြိုးစားလုပ်နေရင်းနဲ့ ဆင်းရဲပြီးမွဲတာ။ တေလို့မွဲတဲ့လူက ဒီနေ့အလုပ်လုပ်လို့ သာမန်ထက်ပိုရ ရင် နောက်နေ့ အလုပ်မဆင်းဘူး၊ အဲဒါက ဆင်းရဲတေမွဲတာ။ နောက်တစ်နေ့အတွက် မစဉ်းစား၊ လောင်းကစား၊ အပျော် အပါး အရက်သေစာ စတာတွေလုပ်မယ်။ ဒါတွေဟာ မွဲတေကနေ တေမွဲ အဆင့်ကို ရောက်သွားရော။
ဒါကြောင့် ဆင်းရဲမွဲတေမှု ဆိုတဲ့အပိုင်းမှာ ငွေကြေး၊ ဥစ္စာ၊ ဓန ဆင်းရဲမွဲတွေတယ်ဆိုတဲ့လူဟာ အလုပ် အကိုင်ရှားပါးလို့၊ ကုန်ဈေးနှုန်းမငြိမ်လို့၊ အိမ်ပိုင်ယာပိုင် မရှိလို့ဆိုတဲ့ အပိုင်းမှာရှိတယ်။ ကျွန်တော်က ကျွန်တော့် မိတ်ဆွေတစ်ဦးကို မေးတယ်။ ဒီလောက်ဗျာ၊ ဘုရားပွင့်တဲ့နိုင်ငံတွေမှာပဲ စုတ်ပြတ်သတ်၊ တိုက်ပွဲတွေဖြစ်၊ ဒုက္ခတွေ ဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ အာရှတိုက်တ၀ှမ်းမှာ တမန်တော်တွေပွင့်ခဲ့တယ်။ ခရစ်တော် ပွင့်ခဲ့တယ်။ ဗုဒ္ဓ ဘာသာကကြည့်ရင်လည်း အိန္ဒိယမှာ ဘုရားပွင့်တယ်။ ကြည့်လိုက်ရင် ဘုရားပွင့်တယ် ဘာသာတရားထွန်းကား တယ် ဆိုတဲ့ နိုင်ငံတွေမှာ ပြဿနာပေါင်းစုံ ဒုက္ခပေါင်းစုံရှိနေတယ်။
ဘုရားမပွင့်ဘူး။ လျှပ်ပေါ်လော်လီပြီး မယဉ်ကျေးပါဘူးဆိုတဲ့ လုပ်ချင်တိုင်းလုပ် ဖြစ်ချင်တိုင်းဖြစ်နေပါတယ် ဆိုတဲ့ အနောက်တိုင်းနိုင်ငံတွေက ဘာကြောင့် ဘာမှမဖြစ်ရတာလဲ။ စဉ်းစားကြရမယ်။ ဟိုလူတွေက နောင်တ ရသွားပြီ။ ဥရောပတိုက်သားတွေက နောင်တရသွားပြီ။ ဒီဘက်က လူတွေက နောင်တမရကြသေးဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဥရောပတိုက်သားတွေက စစ်ရဲ့အနိဌာရုံရော၊ မကောင်းမှုတွေကို လုပ်လို့ဘာအကျိုးမှ မရှိဘူး။ ဒါတွေ ကိုစွန့်ပြီး ငါတို့လူတွေကို စီးပွားရေး၊ ပညာရေး၊ ကိုယ်ကျင့်တရား စံနှုန်းတွေ၊ စနစ်ကောင်းတွေနဲ့ ဘ၀ကို မြှင့်တင်မယ်လို့ လုပ်ကြပြီး သူတို့ နောင်တရခဲ့ပြီး ဖြစ်တယ်။
ဒီဘက်ကလူတွေက နောင်တမရသေးဘူး။ နမားဇ်တွေဖတ်၊ ဘုရားတော့ရှိခိုးသလား မမေးနဲ့။ ဘုရားကို ဘုရားဟော တရားစာတွေကို မြန်မြန်ရွတ်ပြနေပြီးတော့ လုပ်ချင်တာတွေလုပ်နေကြတဲ့အခါကျတော့ သူတို့က ဖြစ်ချင်တာတွေ ဖြစ်နေကြတယ်။ လက်တွေ့ကျင့်ကြံ အားထုတ်လုပ်ကိုင်ဆောင်ရွက်မှု မရှိကြလို့ဖြစ်နိုင်ပါတယ်။ သေချာကြည့်ရင် စောစောက ပြောတဲ့ဆင်းရဲမွဲတေမှုလို့ဆိုရာမှာ ငွေကြေးဓနဥစ္စာ ဆင်းရဲမွဲတွေခြင်းထက်၊ အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရား၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမွဲတေနေတဲ့ လူတွေများနေတာ ပိုပြီးရင်နာဖို့ကောင်းပါတယ်ဆိုတာကို ဖော်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။