လူသားတို့အတွက် ဆုလာဘ်တော်များ

လူသားတို့အတွက် ဆုလာဘ်တော်များ

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

          အခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဗါဒသ်ပြုရန် ကြွရောက်လာ ကြတဲ့ ဂျမာအသ်သားများခင်ဗျား-

 `အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ယခုခေတ်အခါသမယဟာ ကမ္ဘာတစ်ဝှမ်း ယှက်နွယ်မှုတွေ လျင်မြန်လာပါတယ်။ အဲဒီတော့ ယဉ်ကျေးမှု ပေါင်းစုံ၊ ဓလေ့ပေါင်းစုံကလည်း ရောယှက်လာတယ်။ ဒီတစ်ခါ ဟိုးတစ်ခေတ်တစ်ခါက ရွှေထီးဆောင်းခဲ့ဖူးသူတွေ ကလည်း ကိုယ့်ဂုဏ်ကိုမြှင့်တင်ဖို့၊ ယဉ်ကျေးမှုမခိုင်မာတဲ့သူတွေက ကိုယ့်အမျိုးအနွယ်၊ ကိုယ့်ယဉ်ကျေးမှုကို ကာ ကွယ်ဖို့ မျိုးချစ်စိတ်တွေကို အလွန်အကျူးရှေ့တန်းတင်လာကြတယ်။ အဲဒီကနေ မျက်ကန်းမျိုးချစ်တွေဖြစ်လာပြီး လူမှုအသိုင်းအ၀ိုင်းကို လောကဒုက္ခတွေ ပွားများလာစေပါတယ်။

မျက်ကန်းမျိုးချစ်တို့ရဲ့ ၀န်တိုမစ္ဆေရစိတ်တွေ ကင်းဝေးတဲ့လောကသည် နေချင့်စဖွယ်ဖြစ်တယ်ဆိုတာ ထင် ရှားစေချင်လို့ ပြီးခဲ့တဲ့အပတ်က ဘ၀ရဲ့နှစ်သက်စွဲလန်းဖွယ်ရာများ ဆိုတဲ့ခေါင်းစဉ်နဲ့ ကျမ်းမြတ်ကုရ်အာန်ထဲက အသိတရားတွေကို လေ့လာတင်ပြခဲ့ပါတယ်။ ဒီနေ့(၁၄.၃.၂၀၁၄)မှာလည်း `လူသားတို့အတွက် ဆုလာဘ်များ´ ဆိုတဲ့ခေါင်းစဉ်နဲ့ အလ္လာဟ်ရဲ့ကျေးဇူးတော်တွေကို လေ့လာတင်ပြပါမယ်။ အလ္လာဟ်ရဲ့ကျေးဇူးတော်တွေကို `နေအ်မသ်´`စ(ခ်)ခရ´`ဖဒီးလသ်´ဆိုတဲ့ဝေါဟာရတွေသုံးပြီး ကုရ်အာန်က ဖော်ပြပါတယ်။

အလ္လာဟ်က လူသားတွေကိုချီးမြှင့်ထားတဲ့ ဆုလာဘ်တော်တွေဟာ မရေမတွက်နိုင်အောင် များပြားလှပါ တယ်။ အဲဒီအထဲက ကျွန်တော် ရှေးဦးစွာတင်ပြချင်တဲ့ အလ္လာဟ့်ရဲ့ ဆုလာဘ်တော်တစ်ခုကတော့ လူ့အဖွဲ့အစည်း ၀င်တစ်ခုဟာ မိမိရဲ့ခေတ်ပြိုင်လူ့အဖွဲ့အစည်းတွေထက် သာလွန်မြင့်မားတဲ့အခြေအနေကို ရရှိထားခြင်းပဲဖြစ်ပါ တယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂) အာယတ်(၄၇)မှာ-

“ အို… အစ္စရာအီလ် လူ့အဖွဲ့အစည်းဝင်တို့ သင်တို့သည် ဘ၀၏ကောင်းကျိုးချမ်းသာများကို အပြည့်အ၀ ခံစားခဲ့ကြရသည့်အခါသမယကို သတိရကြလေကုန်။ ထိုကာလက သင်တို့သည် ခေတ်ပြိုင်လူ့အဖွဲ့အစည်းများထက် များစွာ သာလွန်ကောင်းစားခဲ့ကြသည် ”    (၂း၄၇)

အထက်ကအာယတ်တော်က အစ္စရာအီလ်လူ့အဖွဲ့အစည်းကို နမူနာပေးပြီးပြောထားပါတယ်။ အစ္စရာအီလ် တို့ကောင်းစားခဲ့တဲ့ ကာလတစ်ရပ် ရှိခဲ့ဖူးတယ်တဲ့။ သမိုင်းကိုကြည့်ရင် တမန်တော်မြတ်များဟာ အစ္စရာအီလ်တွေ ထဲက အတော်များများပွင့်ပေါ်ခဲ့ကြတယ်။ ကုရ်အာန်ထဲမှ `ယာကူးဗ်´နဗီလက်ထက်ကတည်းက အစ္စရာအီလ်မျိုး နွယ်တွေဟာ အီဂျစ်ကိုရောက်ခဲ့ကြပြီး  အုပ်ချုပ်ရေးအဖွဲ့ထဲမှာ ပါဝင်ခဲ့ကြတယ်။ မွတ်ဆလင်မ်တွေဟာလည်း အင်မ တန်ကြီးကျယ်တဲ့အင်ပါယာကြီးတွေ တည်ထောင်နိုင်ခဲ့ကြတယ်။ အစ္စရာအီလ်တို့ကို အလ္လာဟ်ပေးခဲ့တဲ့ ဆုလာဘ် အရှိန်အ၀ါကြောင့် ကနေ့ထိ သိပ္ပံပညာရှင်တွေ၊ ကမ္ဘာကျော်သူဌေးကြီးတွေအများစုဟာ အစ္စရာအီလ်တွေဖြစ်နေကြ တာကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ မွတ်ဆလင်မ်များရဲ့ အင်ပါယာအရှိန်အဟုန်ကြောင့် ကနေ့ထိ အစ္စလာမ် ဟာ ပါဝါကြီးမားတယ်လို့သတ်မှတ်ပြီး အချို့သူတွေက အစ္စလာမ်နဲ့ထိတွေ့ဆက်ဆံရင် မိမိတို့ယဉ်ကျေးမှု ဓလေ့ထုံး စံတွေ ၀ါးမျိုခံရမယ်ဆိုပြီး ထန်းသီးကြွေတာကို မြေပျိုတယ်လို့ထင်မှတ်တဲ့ ယုန်သူငယ်လို ကြောက်အားပိုနေပါ တယ်။

အခြားလူ့အဖွဲ့အစည်းများက မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကို စိုးရိမ်ထိတ်လန့်နေပြီဆိုရင် မွတ်ဆလင်မ် များ ကျရှုံးနေပါပြီ။ မွတ်ဆလင်မ်များ နိမ့်ကျနေလို့ပါ။  မွတ်ဆလင်မ်လူ့အဖွဲ့အစည်းတွေရဲ့ဘ၀ဟာ သာလွန် ကောင်းမွန်နေတယ်ဆိုရင်၊ မွတ်ဆလင်မ်တွေကို အခြားလူ့အဖွဲ့အစည်းတွေက ယုံကြည်အားကိုးလာကြပြီဆိုရင် အဲဒီမွတ်ဆလင်မ်တွေဟာ အလ္လာဟ်ရဲ့စည်းဘောင်အတွင်းမှာ ရှိနေကြလို့ပါ။ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းတွေရဲ့ ဘ၀ဟာ နိမ့်ကျနေပြီဆိုရင် အလ္လာဟ်ရဲ့စည်းအပြင်ဘက် ရောက်နေကြလို့ပါ။ ကျွန်တော်တို့မှာ ရက်စက်ကြမ်း ကြုတ်တဲ့ အုပ်စိုးသူတွေရှိနေပြီဆိုရင် ငါတို့တော့ အလ္လာဟ်ရဲ့သတ်မှတ်ပြဋ္ဌာန်းချက်တွေကို သွေဖည်မိပြီဆိုတာကို သဘောပေါက်လက်ခံလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အီဂျစ် ဖာရိုဘုရင်တွေက အစ္စရာအီလ်တွေအပေါ် ရက်စက် ကြမ်းကြုတ်စွာ အုပ်စိုးခဲ့တဲ့အခါသမယကို ရည်ညွှန်းပြီးတော့ ဆူရာဟ်(၂) အာယတ်(၄၉) မှာဖော်ပြထားပါတယ်။

` … ၀ဖီဇာလေကွန် ဘလာအွန် မင်ရ်ရဗ္ဗေကွန်(မ်) အဇွီးမ် ´

“ — ဤသို့ဖြစ်ရသည်မှာ သင်လူသားတို့ ပြုပြင်ပြောင်းလဲရေးအတွက် အရည်အချင်းမြှင့်တင်ရန် လိုအပ်နေ ပြီဖြစ်ကြောင်း ပြုစုပျိုးထောင်ရှင်ထံမှ အသိပေးသော ကြီးမားလှသည့် သင်ခန်းစာတစ်ရပ်ပင်ဖြစ်ပေသည် ”  (၂း၄၉)

ယာကူးဗ်နဗီနဲ့ ယူစွဖ်နဗီလက်ထက်က အီဂျစ်မှာ အုပ်ချုပ်ရေးပိုင်းအထိ နေရာရခဲ့တဲ့ အစ္စရာအီလ်မျိုးနွယ် များဟာ မူဆာနဗီမပွင့်ပေါ်ခင်အချိန်မှာတော့ အီဂျစ်ကို အုပ်စိုးနေတဲ့ဖာရိုဘုရင်များရဲ့ အဖိနှိပ်ခံဘ၀ကို ရောက်ခဲ့ကြ တယ်။ ဘာကြောင့်လဲဆိုတော့ အလ္လာဟ်ရဲ့စနစ်ကို လိုက်နာခဲ့စဉ်က ကောင်းစားခဲ့ကြပေမယ့် အလ္လာဟ်ရဲ့စနစ်နဲ့ သွေဖည်လာတဲ့အခါ အဖိနှိပ်ခံ မျိုးနွယ်များဖြစ်ကုန်ကြတယ်။ ဒါကြောင့် မူဆာနဗီက သူတို့ကို အီဂျစ်ကနေ ကယ်ထုတ်ခဲ့ရတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ အဖိနှိပ်ခံတွေ၊ အပယ်ခံတွေဘ၀ ရောက်နေပြီဆိုရင် ကျွန်တော်တို့ရဲ့လုပ်ရပ် တွေကို ပြန်လည်သုံးသပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ဒါက အလ္လာဟ်ပေးထား တဲ့ ဆုလာဘ်များစွာထဲက တစ်ခုသောဆုလာဘ်ဖြစ်တဲ့ မြင့်မားသောလူ့အဖွဲ့အစည်းဖြစ်ရခြင်းနဲ့ ဒီဆုလာဘ်နဲ့လွဲ ချော်ရတဲ့အကြောင်းကို တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

အလ္လာဟ်ရဲ့ကျေးဇူးတော်တွေထဲမှာ သိသာထင်ရှားတဲ့ ဆုလာဘ်တွေရှိနေသလို ကျွန်တော်တို့သဘောမ ပေါက်နိုင်၊ မမြင်နိုင်သေးတဲ့ ဆုလာဘ်တွေလည်းရှိနေပါတယ်။ ကျွန်တော်တို့မသိရှိနိုင်သေးတဲ့ ဆုလာဘ်တော်များ ကို သိပ္ပံပညာထွန်းကားလာလေလေ၊ အလ္လာဟ်ရဲ့ကျေးဇူးတော်များကို ပိုမိုသဘောပေါက်နားလည်လေလေ ဖြစ်မှာ ပါ။ အခု ကျွန်တော်ထပ်မံတင်ပြလိုတဲ့ လူသားတို့အတွက် ဆုလာဘ်တွေကတော့ လူတိုင်းလူတိုင်း အလွယ်တကူ သိလွယ်မြင်လွယ်တဲ့ အလ္လာဟ်ရဲ့ကျေးဇူးတော်အချို့ပါ။ ဆူရာဟ်(၁၄) အာယတ်(၃၂)မှာ-

“ အနန္တစကြာဝဠာနှင့် ကမ္ဘာဂြိုဟ်ကို ဖြစ်ထွန်းပေါ်ပေါက်စေသည်မှာ အလ္လာဟ်ပင်ဖြစ်သည်။ အလ္လာဟ်သည် တိမ်တောင်တိမ်တိုက်များမှ မိုးရေကို ရွာသွန်းစေပြီး သင်တို့စားသုံးရန် သစ်သီးဝလံ၊ ပန်းမာန်များကို ဖြစ်ထွန်းပေါက် ရောက်စေသည်။ အလ္လာဟ်၏စီမံချက်ဖြင့် ပင်လယ်ပြင်၌သွားလာနေသော ရေယာဉ်များသည်လည်း လူသားတို့ အကျိုးကို သယ်ပိုးရန်ဖြစ်သည်။ လူသားတို့အကျိုးအတွက် မြစ်ချောင်းများကို ဖြစ်ထွန်းပေါ်ပေါက်စေထားသည် ” 

မြစ်တွေချောင်းတွေဆိုတာ လူသားတွေအတွက် အလ္လာဟ်ပေးထားတဲ့ ဆုလာဘ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးမှာ  မေခနဲ့မလိခတို့ ပေါင်းစုံပြီးစီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီး၊ ဧရာဝတီ မြစ်ရဲ့ ထင်ရှားလှတဲ့မြစ်လက်တက်ကြီးတစ်ခုလည်းဖြစ်တဲ့ ချင်းတွင်းမြစ်၊ ဒီဘက်မှာ စစ်တောင်းမြစ်၊ ဟိုးတရုတ် ပြည်မှာမြစ်ဖျားခံပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်တို့ဟာ ပြည်သူပြည်သားများကို များစွာအကျိုးပြုနေသော မြစ်ကြီးများဖြစ်ကြပါတယ်။ ဒီလိုမြစ်ကြီးမြစ်ငယ် အသွယ်သွယ် ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွက် အလ္လာဟ်ပေးထားတဲ့ ဆုလာဘ်တော်တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံတော်ကြီးနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်၊ မုတ္တမပင်လယ်ကွေ့ တွေဟာလည်း အဖိုးမဖြတ်နိုင်တဲ့ ပြည်သူများရဲ့ ဆုလာဘ်တွေပဲဖြစ်ပါတယ်။

ဒီမြစ်ချောင်းတွေ၊ ပင်လယ်တွေထဲမှာ လှေသင်္ဘောပေါင်းများစွာ လူတွေ၊ ကုန်စည်တွေကို သယ်ဆောင် သွားလာနိုင်တာ အလ္လာဟ်ရဲ့အစီအမံပါ။ ဒီလိုပြောတော့ လှေ၊ သင်္ဘောတွေ တည်ဆောက်တာက လူတွေပါ။ ဘာကြောင့် အလ္လာဟ်ရဲ့အစီအမံလို့ ပြောရတာလဲလို့ စောဒကတက်နိုင်ပါတယ်။ လှေ၊ သင်္ဘောတွေကို သံတွေ၊ သစ်တွေနဲ့ တည်ဆောက်တာက လူတွေပါ။ ဒီလိုသံတွေ၊ သစ်တွေနဲ့ တည်ဆောက်ထားတဲ့ လှေ၊ သင်္ဘောတွေ ရေပြင်မှာသွားလာနိုင်အောင် ပေါလောပေါ်နိယာမကို ပြဋ္ဌာန်းထားတဲ့အရှင်က အလ္လာဟ်ဖြစ်ပါတယ်။ အလ္လာဟ်ရဲ့ အစီအမံ ပေါလောပေါ်နိယာမကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိပြီး အင်မတန်ကြီးမားလေးလံတဲ့ သံထည်ပစ္စည်း တွေ၊ အင်မတန်ထုထည်ကြီးတဲ့သစ်တွေနဲ့ လှေကြီးတွေ၊ သင်္ဘောကြီးတွေကို ရေပြင်မှာ ပေါ့ပါးလျင်မြန်စွာ သွားလာနိုင်အောင် တည်ဆောက်နိုင်ခဲ့ကြတာပါ။ သိပ္ပံပညာရှင်တွေက အလ္လာဟ်ရဲ့စနစ်ဇယားကို စူးစမ်းရှာဖွေပြီး လူသားတို့အကျိုးအတွက်ဆိုတာကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်ခဲ့ကြတဲ့ လေးစားဂုဏ် ပြုထိုက်သောပညာရှင်များ ဖြစ်ကြပါတယ်။

မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာနဲ့ ကျွန်တော်တို့ရဲ့ကမ္ဘာကြီးကို အလင်းနဲ့စွမ်းအင်တွေပေးနေတာ နေမင်းကြီးပါ။ လနဲ့နက္ခတ်တာရာတွေ၊ နဂါးငွေ့တန်းလို့ခေါ်တဲ့ ဂလက်ဆီတွေမှာ နေစကြာဝဠာပေါင်း မရေမတွက် အောင် ရှိနေတာကိုတွေ့မြင်နေရပါတယ်။ အားလုံးဟာ သူ့ရဲ့ပတ်လမ်းနဲ့ သူရှိနေတာဟာ အလ္လာဟ်ရဲ့ပြဋ္ဌာန်း သတ်မှတ်ချက်တွေပါ။ ဒါတွေအားလုံးဟာ လူသားတို့အတွက် ဆုလာဘ်တွေပါ။

နေတို့၊ လတို့၊ နက္ခတ်တာရာတို့ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ သက်ရှိသက်မဲ့တွေအပေါ်မှာ အကျိုးသက် ရောက်မှုတွေရှိပါတယ်။ နေ၊ လ၊ နက္ခတ်တာရာတွေရဲ့ ရွေ့လျားသွားလာမှုတွေဟာ ကမ္ဘာဂြိုဟ်ရဲ့ ရာသီဥတုတွေ၊ မြေငလျင်လှုပ်မှုတွေ၊ မီးတောင်ပေါက်ကွဲမှုတွေ၊ ဒီရေအတက်အကျတွေ ဖြစ်ပေါ်ပြောင်းလဲစေပါတယ်။ လပြည့်၊ လကွယ်နေ့တွေမှာ  လရဲ့ဆွဲအားကြောင့် ဒီရေအတက်အကျဖြစ်စေတာ အထင်ရှားဆုံး သာဓကပဲဖြစ်ပါတယ်။ အဲဒီလိုရုပ်ဝတ္ထုတွေအပေါ် သက်ရောက်မှုတွေအပြင် လူအပါအ၀င် သက်ရှိသတ္တ၀ါတွေရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ်မှာ လည်း လရဲ့ဆွဲငင်အား သက်ရောက်မှုတွေရှိနေပါတယ်။ စိတ်ဝေဒနာရှင်တွေဟာ လပြည့်၊ လကွယ်အချိန်တွေမှာ စိတ်ဝေဒနာ ပိုမိုပြင်းထန်တတ်ပါတယ်။ ဒါကြောင့် နက္ခတ်ဗေဒပညာရှင်တွေဟာ ဂြိုဟ်သွားလမ်းကြောင်းတွေ၊ နက္ခတ်တာရာတို့ရဲ့ ရွေ့လျားမှုတွေကိုကြည့်ပြီး စစ်မက်ထူပြောမှုတွေ၊ ရာသီဥတုအပြောင်းအလဲကို တွက်ချက်ပြီး ကောက်ပဲသီးနှံထွက်ရှိမှုတွေ၊ မီးဘေးအန္တရာယ်တွေကို ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နေ၊ လ၊ နက္ခတ်တာရာတွေဟာ သက်မဲ့နှင့် အခြားသတ္တ၀ါများကဲ့သို့ လူသားတို့ရဲ့ကံကြမ္မာကို လုံးလုံးလျားလျား စိုးမိုးနိုင်တာတော့မဟုတ်ပါဘူး။ နေ၊ လ၊ နက္ခတ်တာရာတွေရဲ့ အပြောင်းအလဲတွေကြောင့် ဖြစ်ပေါ်လာမယ့်အန္တရာယ်များကို ကြိုတင်ပြီးကာကွယ် နိုင်ပါတယ်။ စိတ်ဝေဒနာရှင်မဟုတ်တဲ့ သာမန်လူသားတွေဟာ ဂြိုဟ်၊ နက္ခတ်တာရာတွေရဲ့ စိတ်ပိုင်းဆိုင်ရာ လှုံ့ ဆော်မှုတွေနောက် မလိုက်ပါဘဲ၊ ကိုယ်ကျင့်သီလ သမာဓိနဲ့ ကြံ့ကြံ့ခံနိုင်ပါတယ်။ မကောင်းမှုဖြစ်စေတဲ့ စိတ်ပိုင်းဆိုင် ရာ လှုံ့ဆော်မှုတွေကို တွန်းလှန်နိုင်လေ လူ့အရည်အသွေး တိုးတက်လေဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၁၀) အာယတ်(၅၇)မှာ `… ရှီဖားအွန် လိမားဖိ စူဒူးရိ …´

“ ကုရ်အာန်က ပြဋ္ဌာန်းတဲ့စနစ်ဇယားဟာ လူသားတို့ရဲ့စရိုက်ဆိုးများကို ပြေပျောက်ပေးတဲ့အရာဖြစ်တယ် ”  လို့ (၁၀း၅၇)မှာဖော်ပြထားပါတယ်။ ကုရ်အာန်က လူသားတို့တွေ့ကြုံရတဲ့ အခက်အခဲ၊ အကြပ်အတည်းဆိုတာ လူရဲ့ အရည်အသွေးတွေ ဖွံ့ဖြိုးတိုးတက်စေတဲ့ အကြောင်းတရားဖြစ်ပါတယ်လို့ (၂း၁၅၆-၁၅၇)မှာ သတင်းကောင်းပေး ထားပါတယ်။ ဆူရာဟ်(၁၄) အာယတ်(၃၃)မှာ အခုလို ဆက်လက်ဖော်ပြပါတယ်။

“ နေနှင့်လ၊ နေ့နှင့်ညတို့သည် လူသားတို့အတွက် အသုံးခံများဖြစ်ကြ၏ ”  (၁၄း၃၃)

နေဟာ ကမ္ဘာမြေအတွက် အလင်းကိုဖြစ်စေသလို ကမ္ဘာမြေအတွက် စွမ်းအင်ဟူသမျှ နေက ရပါတယ်။ လသည်ပင်လျှင် နေကတစ်ဆင့်ရတဲ့ အလင်းနဲ့ညအခါမှာ ကမ္ဘာကို လင်းစေပါတယ်။ နေ့နဲ့ည တစ်လှည့်စီဖြစ်ပေါ် စေခြင်းဖြင့် ရက်၊ လ၊ နာရီတွေကို ရေတွက်နိုင်ပါတယ်။ စာရင်းဇယားတွေ တွက်ချက်နိုင်ပါတယ်။ ဒါကြောင့် နေနဲ့ လ၊ နေ့နဲ့ညတို့ဟာ လူသားတို့အတွက် ဆုလာဘ်တွေပါ။ အဲဒီနောက် ဆူရာဟ်(၁၄) အာယတ်(၃၄)မှာ-

“ လူသားတို့လိုအပ်သမျှကို အလ္လာဟ်သည် ဖြည့်ဆည်းပေးထားတော်မူ၏။ အလ္လာဟ်ချီးမြှင့်ထားသော ဆုလာဘ်တော်များသည် မရေမတွက်နိုင်အောင် များပြားလှပေသည်။ ဧကန်ပင် လူသားများသည် မိုက်မဲလှသူများ၊ သစ္စာတရားကို ဖုံးကွယ်ငြင်းဆန်နေသူများ ဖြစ်နေကြ၏ ”  (၁၄း၃၄)

လူသားတွေနေထိုင်ဖို့ မြေ၊ ရှူဖို့ လေ၊ သောက်ဖို့ ရေတွေဟာ ကျွန်တော်တို့ မမွေးဖွားခင်ကတည်းက အလ္လာဟ်က အဆင့်ဆင့်ပြင်ထားပြီးသားပါ။ အဲဒီလိုရေတွက်မယ်ဆိုရင် အလ္လာဟ်ရဲ့ကျေးဇူးတော်များဟာ ကျွန် တော်တို့ဆီမှာ ရေတွက်မကုန်အောင် များပြားလှပါတယ်။ ဒါပေမဲ့ အချို့သောလူများဟာ အလ္လာဟ့်ရဲ့ကျေးဇူးတော် တွေကို ဖုံးကွယ်ငြင်းဆန်နေသူတွေ ဖြစ်နေကြတယ်။ အလ္လာဟ်ရဲ့ဆုလာဘ်တော်တွေကို အသုံးချရကောင်းမှန်း မသိသူများရှိနေသလို အလ္လာဟ်ရဲ့ကျေးဇူးတော် ရေ၊ မြေ၊ လေတွေကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးပြီး အခြား သူများ၏အခွင့် အရေးများကို ပိတ်ဆို့ဟန့်တားနေကြသူ အမိုက်ကောင်များ (ဇွာလင်များ)လည်းရှိနေကြပါတယ်။

ဒီလို အလ္လာဟ်ရဲ့ကျေးဇူးတော်တွေဖြစ်တဲ့ နေ၊ လ၊ နက္ခတ်တာရာနဲ့ မြစ်ချောင်းအင်းအိုင်၊ ပင်လယ် သမုဒ္ဒရာတွေဟာ လူသားတွေအသုံးချရမယ့် ဆုလာဘ်တော်တွေပါ။ ဒီအရာတွေကိုအသုံးချပြီး လူ့လောက ငြိမ်းချမ်းသာယာဖွံ့ဖြိုးမှုကို မဆောင်ရွက်ဘူးဆိုရင် အလ္လာဟ်ကို ကျေးဇူးကန်းသူ၊ သစ္စာတရားကိုဖုံးကွယ်ငြင်းဆန် သူ ကာဖိရ်ဖြစ်တယ်။ အဆိုးဆုံးက လူရဲ့အသုံးချခံဖြစ်တဲ့ နေ၊ လ၊ နက္ခတ်တာရာတွေ၊ ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်းအင်းအိုင်တွေကို ပူဇော်ပသခြင်းဟာ လူ့အရည်အသွေး ပျက်ပြားသွားခြင်းပဲဖြစ်ပါတယ်။ ဒါကို ကုရ်အာန် က `မုရှ်ရိက်´လို့သတ်မှတ်ပါတယ်။ နောက်တစ်ချက်က လူသားအားလုံးအသုံးချဖို့ အလ္လာဟ်ရဲ့ဆုလာဘ်တော်တွေ ဖြစ်တဲ့ တော၊ တောင်၊ ရေ၊ မြေ၊ လေ၊ ပင်လယ်သမုဒ္ဒရာတွေကို တစ်ဦးတည်း၊ တစ်ဖွဲ့တည်းက မောင်ပိုင်စီးထားပြီး အခြားသူတွေကို အသုံးချခွင့်တွေ ကန့်သတ်ပိတ်ပင်ထားခြင်းဟာလည်း အမိုက်ကောင် (ဇွာလင်မ်)များရဲ့လုပ်ရပ် လို့ ကုရ်အာန်မှာ သတိပေးထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၁၆) အာယတ်(၁၁၂)မှာ-

“ အလ္လာဟ်က ဥပမာဆောင်၏။ အဘက်ဘက်တွင် စားရေးရိက္ခာပေါများလျက် ဘေးကင်းလုံခြုံသည့် အရပ် တစ်ခုရှိ၏။ ထိုအရပ်ရှိလူတို့သည် အလ္လာဟ်ကျေးဇူးတော်များကို ဖုံးကွယ်ငြင်းဆန် ကျေးဇူးကန်းကြ၏။ ထို့ကြောင့် အလ္လာဟ်သည် သူတို့၏အပြုအမူများအရ ငတ်မွတ်ခေါင်းပါးမှု၊ စိုးရိမ်ကြောက်လန့်ရမှု၊ ဘေးဒုက္ခများကို မြည်းစမ်း စေတော်မူ၏ ”  (၁၆း၁၁၂)

လေးစားရပါသော လူကြီးမင်းများခင်ဗျား-

ကျွန်တော်တို့နိုင်ငံသည် တော၊ တောင်၊ ရေ၊ မြေ၊ မြစ်ချောင်းအင်းအိုင်များကြောင့် စားရေရိက္ခာတွေ အလျှံပယ်ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်ပါတယ်။ ထူးခြားတဲ့ပထ၀ီအနေအထားအရ မုန်တိုင်းများအန္တရာယ်မှကင်းဝေးပြီး မုန်တိုင်းရဲ့အကျိုးကျေးဇူးတွေဖြစ်တဲ့ မိုးရေများကိုရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တရားမျှတမှု၊ စာနာနားလည်မှု၊ တစ်ပါးသူတို့ရဲ့ကောင်းစားခြင်းများကို ၀မ်းမြောက်ဝမ်းသာဖြစ်မှုတွေ ပျက်ပြားလာတဲ့အခါ ငတ်မွတ်ခေါင်းပါးမှုတွေ၊ စိုးရိမ်ကြောက်လန့်ရမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်။ နာဂစ်လိုမုန်တိုင်းဒဏ်တွေ၊ ရေကြီး ရေလျှံမှုတွေ၊ မိုးခေါင်ရေရှားမှုတွေ၊ ခရမ်းလွန်ရောင်ခြည်ရဲ့ ဘေးဒဏ်တွေကို မြည်းစမ်းလာနေကြပါပြီ။

မည်သည့်လူမျိုးနွယ်မဆို၊ မည်သည့်ဘာသာစကားကို ပြောဆိုနေသူဖြစ်စေ၊ မည်သည့်ဘာသနာလမ်းစဉ် ကို လိုက်နာနေသူတွေဖြစ်ပါစေ၊ လူသားတွေကို ချီးမြှင့်ထားတဲ့ဆုလာဘ်တော်များကို အသုံးချ၍ လောကကောင်း ကျိုးကို သယ်ပိုးမယ်။ ငြိမ်းချမ်းသောလူမှုဝန်းကျင်ကို ဖန်တီးမယ်ဆိုရင် စိုးရိမ်သောကကင်းဝေးပြီး စားရေရိက္ခာ အလျှံပယ် ကြွယ်ဝပါမယ်ဆိုတာကို ကုရ်အာန်မှာ ယခုလို အာမခံထားပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် (၅) အာယတ်(၆၉)မှာ-

“ မည်သည့်သာသနာဝင်ပင်ဖြစ်စေ၊ အလ္လာဟ်၏ပြဋ္ဌာန်းချက် သဘာဝဓမ္မများကို နားလည်လက်ခံပြီး အနာဂါတ်ကာလ၏ အကျိုးဆက်များကိုယုံကြည်လျက် လောက အေးချမ်းသာယာဖွံ့ဖြိုးမှုကိုဆောင်ရွက်လျှင် စိုးရိမ် သောကများမှ ကင်းဝေးကြမည်သာဖြစ်၏ ”  (၅း၆၉)

အလ္လာဟ်ကို ယုံကြည်သက်ဝင်တယ်ဆိုတာ အလ္လာဟ်ပြဋ္ဌာန်းထားတဲ့ သဘာဝဓမ္မကို နားလည်လက်ခံခြင်း၊ အာခေရသ်ကို ယုံကြည်ခြင်းဆိုတာ ယခု မိမိရဲ့လုပ်ရပ်သည် နောင်အနာဂါတ်ကာလမှာ အကျိုးပေးမယ်ဆိုတာကို လက်ခံခြင်းလို့သဘောပေါက် နားလည်ကြမယ်လို့ မျှော်လင့်မိပါတယ်။ အလ္လာဟ်ချီးမြှင့်ထားတဲ့ ဆုလာဘ်များအား လုံးကို လူသားတိုင်းခံစားရယူနိုင်ပြီး အေးချမ်းသာယာသော လောကကို တည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ရပ်နားလိုက်ပါတယ် ။     