လူသားလွတ်လပ်မှု ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လူသားလွတ်လပ်မှု

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

                  ယနေ့ (25.9.2015)သောကြာနေ့ဟာ ကျွန်တော်တို့ မွတ်ဆလင်မ်များဟာ အီဒ်ဒွလ်အဿွဟာနဲ့ ဂျွမ္မာဟ်နေ့ ခွတ္တဗာဟ် နှစ်ခုနှင့်ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ မနက်က အီဒ်ခွတ္တဗာဟ်မှာ ဆရာ မုဖ်သီ ဦးသန်းအောင် (LL.B)ကလည်း စွန့်လွှတ်စွန့်စားခြင်းဆိုတဲ့ ကုရ်ဘာနီအကြောင်းကိုတင်ပြရင်းမွတ်ဆလင်များ ပြောင်းလဲဖို့အချိန်တန်ပြီလို့ ပြောသွားသလို ခွတ္တဗာဟ်နှစ်ခုကြား ထိုင်ဝိုင်းဆွေးနွေးပွဲမှာလည်းပဲ အီဒွလ်အဿွဟာ အကြောင်းကို ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ အခုဂျွမ္မာဟ်ခွတ်္တဗာဟ်အနေနဲ့ အီဒ်အကြောင်းကို မပြောတော့ပါဘူး။ `လူသားလွတ်လပ်မှု´အကြောင်းကို တင်ပြလိုပါတယ်။

2015 ခုနှစ်၊ သြဂုတ်လ ခွတ္တဗာဟ်မှာ ကျွန်တော်က သက်ရှိသတ္တ၀ါတွေထဲမှာ လူဟာရွေးချယ်ခွင့်ရှိထားသူ ဖြစ်တဲ့အတွက် လွတ်လပ်သူဖြစ်တယ်လို့ တင်ပြခဲ့ပါတယ်။ လူရဲ့လွတ်လပ်မှုဟာ ဘယ်လိုပုံစံမျိုးလဲ။ အကန့် အသတ် အတိုင်းအတာရှိသလား။ အကန့်အသတ်မဲ့ လွတ်လပ်မှုမျိုး ဖြစ်ခဲ့ပါတယ်လို့ ဆွေးနွေးရာမှာ ကုရ်အာန် အာယသ်တော်တွေကိုလည်း ကိုးကားခဲ့ကြသလို ပညာရှင်တွေရဲ့ အဆိုအမိန့်တွေ၊ လူ့ဘ၀မှာ လက်တွေ့ကြုံတွေ့ နေရတဲ့ ဘ၀ရဲ့အလှည့်အပြောင်းတွေကိုပါ ရောမွှေပြောဆိုခဲ့ရတာပါ။

ကျမ်းမြတ်ကုရ်အာန်(၁၈း၂၉)မှာတော့ – “(အလ်ဟက်) အမှန်ဖြစ်နေသော အရှိတရားဟာ အလ္လာဟ်ထံပါးမှဖြစ်သည်။ လူသားတို့အား လက်ခံယုံကြည်လိုက လက်ခံနိုင်သည်။ ငြင်းပယ်လိုက ငြင်းပယ်နိုင်သည်။”လို့ဆိုထားပါတယ်။ အရှိတရားဖြစ်သော သဘာဝဖြစ်စဉ်ကြီးဟာ အလ္လာဟ်ရဲ့ပြဌာန်းချက်ဖြစ် သလို ဒီသဘာဝစည်းမျဉ်းတွေကို လိုက်နာခြင်း၊ ငြင်းပယ်ခြင်းအတွက်က လူရဲ့ရွေးချယ်မှုပဲဖြစ်တယ်လို့ ပြောထား တာပါ။

ကျမ်းမြတ်ကုရ်အာန် (၂း၂၀၆)မှာလည်း – “အလ္လာဟ်လမ်းစဉ်၌ အတင်းအဓမ္မစနစ်မရှိ။” လို့ပြောထားပါတယ်။ ဒီအာယသ်တော်တွေအရ အစ္စလာမ်က လူသားရဲ့လွတ်လပ်ခွင့်ကို အသိအမှတ်ပြုထားတာဆိုတာ ထင်ရှားပါတယ်။

ငြင်းပယ်ခြင်း၊ လက်ခံခြင်းဆိုတဲ့ လွတ်လပ်စွာရွေးချယ်မှုရဲ့နောက်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကိုတော့ ရှောင်လွဲလို့မရပါဘူး။ လူဟာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်လို့ရတယ်။ အခုခေတ်မှာ ပိုဆိုးတယ်။ ယောက်ကျား အဖြစ် မွေးဖွားလာပြီးနောက်မှာ မိန်းမသဘာဝကို ပြောင်းလဲခံယူကြတယ်။ ဇရာဆိုတဲ့ အိုမင်းရင့်ရော်ခြင်းကို အံ့တုဖို့ ကြိုးစားနေတယ်။ သေခြင်းတရားကိုတောင် ဆန့်ကျင်ဖို့လုပ်ဆောင်နေကြတယ်။ ပုံတူလူသား Clone တွေ ဖန်တီးဖို့ ကြိုးစားနေကြတယ်။ ဒီဟာတွေရဲ့ အကျိုးဆက်တွေ ဘယ်လောက်ဆိုးဝါးမယ်ဆိုတာကို ဂရုမစိုက်ကြ တော့ဘူး။ ဖြစ်လာမည့် အကျိုးဆက်ဆိုတာ လူရဲ့လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ကန့်သတ်ထားတဲ့အရာတွေလို့ လူအများစုက ထင်နေတဲ့အရာတွေပါ။

အကန့်အသတ်တွေ ရှိနေမှုနဲ့ပတ်သက်ပြီးတော့ ဘင်္ဂါလီလူမျိုး စာပေနိုဘယ်ဆုရှင် ကဗျာဆရာကြီး ရာဘင်ဒြာနတ်တဂိုးကလောကမှာ ရှိရှိသမျှ အရာရာတိုင်းမှာ Limit ဆိုတဲ့အကန့်အသတ်တွေရှိနေပါတယ်။ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာဂြိုဟ်ကြီးမျာပင်လျှင် နယ်နိမိတ်အကန့်အသတ်ဘောင် အတွင်း၌ တည်ရှိနေခြင်းဖြစ်ပါတယ်။ အကန့်အသတ်နယ်နိမိတ်ဆိုတာ မရှိရင် ကမ္ဘာဂြိုဟ်ကြီးသည်ပင် မတည်ရှိနိုင်တော့လို့ ပြောခဲ့ပါတယ်။ ဒီလိုအကန့်အသတ်တွေ အပြင် မိမိဖာသာ မိမိပြုလုပ်လိုက်တဲ့ အကန့်အသတ်အချုပ်အချယ်တွေလည်း ရှိပါတယ်။ အဲဒါဘယ်လို အကန့် အသတ်တွေလည်းဆိုတာကို တင်ပြရရင်

ဥပမာ ဆေးလိပ်စွဲနေသူတစ်ဦးဟာ ဆေးလိပ်ကို မသောက်ရမနေနိုင် စွဲစွဲလန်းလန်းဖြစ်နေတယ်ဆိုပါစို့၊ သူ့ကို ဆေးလိပ်သောက်ပါလို့ အတင်းအဓမ္မအမိန့်ပေးတဲ့ သူလည်းမရှိ၊ မသောက်ပါနဲ့လို့ တားမြစ်သူလည်းမရှိ၊ ဒီတော့သူဟာ ဒီဆေးလိပ်ကို သောက်ချင်သောက်နိုင်တယ်။ မသောက်ချင်လည်း နေနိုင်ပါတယ်။ သူ့ဆန္ဒအတိုင်းပါ။ ပြဿနာက သူဟာ ဆေးလိပ်ကို မသောက်ရ မနေနိုင်တဲ့ ဆေးလိပ်ရဲ့ကျေးကျွန်လုံးလုံးဖြစ်နေခြင်းပါ။

ကျွန်တော် ဘာကြောင့် ဒီဥပမာကို ပေးလည်းဆိုရင် လူတစ်ယောက်ဟာ ဘယ်လောက်ပဲ အသိတရားရှိရှိ မိမိရဲ့အသိတရားကို လက်တွေ့နယ်ပယ်မှာ အသုံးချနိုင်လောက်တဲ့ အခြေအနေမရှိတော့ဘူးဆိုရင် သူဟာ လွတ်လပ်သူတစ်ယောက် မဖြစ်နိုင်တော့ဘူးဆိုတာကို ပြောချင်တာပါ။ လွတ်လပ်သူဖြစ်ဖို့အတွက် မိမိရဲ့အရည် အသွေးတွေကို အသုံးချနိုင်စွမ်းရှိရပါမယ်။ မူးယစ်ဆေးစွဲနေသူ၊ တဏှာရာဂနွံထဲနစ်နေသူတွေဟာလည်း မိမိတို့ရဲ့ လွတ်လပ်မှုကို မူးယစ်ဆေးဝါးတွေ တဏှာရမ္မက်တွေနဲ့ လဲလှယ်ကြတဲ့အတွက် လွတ်လပ်မှုဆိုတာမရှိတော့ဘူး။ မူးယစ်ဆေးဝါးအတွက် တဏှာရာဂအတွက် ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောနဲ့ မိမိအတွက်ရော၊ အခြားသူတွေကိုပါ ဆိုးကျိုးဖြစ်စေတာကို လုပ်ကိုင်ဆောင်ရွက် နေကြတယ်။ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့စွမ်းရည် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ စွမ်းရည်တွေ ဆုံးရှုံးနေကြတာပါ။

အခုန ကျွန်တော်တင်ပြခဲ့တဲ့ ကုရ်အာန်အာယတ်တော် (၁၈း၂၉)က (အလ်ဟပ်က်) အမှန်တကယ်ဖြစ်ပေါ်နေသော အရှိတရားဆိုတာ အလ္လာဟ်ရဲ့ပြဌာန်းသတ်မှတ်ချက်ဖြစ်တယ်။ လူသားမှာလည်း လူနဲ့တူတဲ့စွမ်းရည်တွေ ပြဌာန်း ပါတယ်။ အဲဒီစွမ်းရည်တွေထဲမှာ အလ္လာဟ်ရဲ့ပြဌာန်းချက်တွေကို လိုက်နာနိုင်စွမ်း၊ ချိုးဖောက်နိုင်စွမ်းတွေ ပါဝင်နေပါ တယ်။ အလ္လာဟ်ရဲ့ပြဌာန်းချက်တွေထဲက တချို့ကို လူသားတွေ မချိုးဖောက်နိုင်တဲ့ အတွက် မတရားသဖြင့်ပြုထားတဲ့ အကန့်အသတ် အချုပ်အချယ်တွေလို့ ထင်နေတဲ့အရာတွေရှိတယ်။ လူသားတွေက မတောင်းဆိုပဲ မွေးဖွားခံရတာ။ လူသားတွေ မနှစ်မြို့တဲ့ သေခြင်း တရားတွေနဲ့ ရင်ဆိုင်နေရတာတွေဟာ အထင်ရှားဆုံးသော ကန့်သတ်မှုတွေဖြစ်တယ်။ ဒါကြောင့်လည်း မွေးဖွား ခြင်း၊ သေဆုံးခြင်းကို လူသားတွေက ပုံကြီးချဲ့ပြီး စဉ်းစားတွေးခေါ်ကြတယ်။ အဲဒီတော့ မွေးဖွားခြင်းကို မိခင်ဝမ်းမှာ သန္ဓေမတည်မီကတည်းက အတိတ်ကံကြောင့်လို့ စဉ်းစားတွေးခေါ်ကြတယ်။ သေခြင်းဟာ နောက်အနာဂါတ် လူ့လောကမှာ ပြန်လည်လည်ဝင်ရောက်ဖို့လို့ စိတ်ကူးယဉ်လာကြတယ်။

အမှန်တကယ်တော့ လူ့လောကထဲကို မွေးဖွားခြင်းမခံရခင်က မိခင်ရဲ့သားအိမ်ဟာ သန္ဓေသားအတွက် လောကဖြစ်ပါတယ်။ မွေးဖွားခြင်းခံရပြီးတဲ့နောက် ကမ္ဘာဂြိုဟ်ဟာ လူသားရဲ့သောကဖြစ်ပါတယ်။ သေဆုံးပြီးတဲ့ နောက်မှာ လောကထဲကိုပြန်လည် မလာရောက်နိုင်တဲ့ အတားအဆီး(ဘရ်ဇက်ခ်)ထဲကို ရောက်ရှိသွားတာပါ။ မိခင်ရဲ့သားအိမ်၊ လက်ရှိမိမိရှင်သန်နေဆဲ လောကနဲ့ ကွယ်လွန်သေဆုံးခြင်းတို့ဟာ အမှန်မြင်တွေ့နေရတဲံ အရှိတရားတွေဖြစ်ပါတယ်။ လူ့လောကမှာ မွေးဖွားခံရပြီးတဲ့အချိန်မှာ မိခင်ရဲ့သားအိမ်ထဲကို ဘယ်လိုမှ ပြန်လည်သွားရောက်ဖို့ မဖြစ်နိုင်တော့ သလို၊ သေဆုံးပြီးနောက် မိမိရှင်သန်လှုပ်ရှားခဲ့တဲ့ လူ့လောကသို့ပြန်လည်မလာရောက်နိုင်တော့ပါ။ ဒါသည်ပင်လျှင် အမှန်တကယ်ဖြစ်တည်နေသော အရှိတရား(အလ်ဟပ်က်)ဖြစ်ပါတယ်။ ဘရ်ဇက်ခ်ဆိုတာ အလွန်ပါးလွှာပြီး ခိုင်ခန့်တဲ့အတားအဆီးဖြစ်ပါတယ်။ ဒါကို ကုရ်အာန်က ရေချိုနဲ့ရေငန်တို့နဲ့ ဥပမာပေးပြီး မြင်သာထင်သာအောင် ရှင်းပြထားပါတယ်။

ကုရ်အာန် (၂၅း၅၃)မှာ “ အလ္လာဟ်သည် ပင်လယ်နှစ်ခုအား ပေါင်းစည်းစေကာ ရေချိုနှင့်ရေငန်ဟု ဖြစ်စေ၏။ ထိုနှစ်ခုကြား (ဘရ်ဇက်ခ်)အတားအဆီးဖြစ်နေစေရန် စီမံထားတော်မူ၏။”

ကမ္ဘာမှာ ရေချိုနဲ့ရေငန်တို့ ထိစပ်လျက်ရှိပြိး ရေချိုသပ်သပ်၊ ရေငန်သပ်သပ်ဖြစ်ထွန်းနေတဲ့ နေရာတွေ အမြောက်အများရှိနေပါတယ်။ ပင်လယ်ရေအောက်ထဲမှာ ရေချိုစမ်းတွေ စီးဆင်းနေတာကို ရေငုတ်သမားတွေ တွေ့ရှိခဲ့ပါတယ်။ ရေချိုနှင့်ရေငန်ထိစပ်ပြီး မရောနှောပဲရှိနေတာကို မြေထဲပင်လယ်နဲ့ အတ္တလန်တိတ်သမုဒ္ဒရာ နှစ်စင်း ဆုံတွေ့ကြတဲ့နေရာမှာ ပညာရှင်များ တွေ့မြင်ခဲ့ကြပါတယ်။ ဒီနှစ်ခုသော ပင်လယ်ကြားမှာ မမြင်ရသော အတားအဆီး(ဘရ်ဇက်ခ်)ရှိနေတာ ဘယ်သူမှငြင်းလို့မရပါဘူး။ တစ်ခုနဲ့တစ်ခု မရောနှောနိုင်ပါဘူး။ နောက်တခါ အာရေဗျ ပင်လယ်ကွေ့ ပင်လယ်ထဲတွင် ပင်လယ်ရေမျက်နှာပြင်မှ ၄ မီတာနဲ့ ၆ မီတာအကွာမှာ ရေချိုစမ်းတွေရှိနေကြတာပါ။ ပင်လယ်ပြင်မှာ လအကြာကြီး နေကြရသော ပုလဲငုတ်သမားတွေက တွေ့ရှိခဲ့ကြခြင်းဖြစ်ပါတယ်။

သေခြင်းတရားနဲ့ ရှင်သန်ခြင်းကြားမှာလည်း ဘရ်ဇက်ခ်ဆိုတဲ့ အတားအဆီးရှိနေပါတယ်။ တစ်ခုနဲ့တစ်ခု ကူးလူးသွားလာလို့ မရပါဘူး။ ဒီအရှိတရားကို ကျွန်တော်တို့က လက်မခံနိုင်ဘူးဖြစ်နေကြပါတယ်။ သေဆုံးပြီးတဲ့ သူဟာ ခုနစ်ရက်ကြာတဲ့အထိ သူနေထိုင်ခဲ့တဲ့ အိမ်မှာ ရှိနေတတ်တယ်တို့၊ ကြာသပတေးညတိုင်း မိမိနေထိုင်ရာ အိမ်ကို ပြန်လာတယ်တို့ဆိုတဲ့ အတွေးအမြင်တွေ၊ ဆွေမျိုးသားချင်းနဲ့ အိမ်နီးချင်းတွေရဲ့ ၀မ်းဗိုက်မှာ ပြန်လည်ဝင် စားတယ်တို့ဆိုတာ ပြောနေကြတဲ့သူတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ်တွေရဲ့ ကျေးကျွန်ဖြစ်ပြီး လွတ်လပ်မှုမရှိတဲ့ မွတ်ဆလင်မ်များဖြစ်ကြောင်းပြသနေပါတယ်။ ဒါဟာလည်း မိမိဖာသာ မိမိလုပ်ယူထားတဲ့ အချုပ် အနှောင်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကြောင့် အမှန်ဖြစ်ပေါ်နေသော အရှိတရားဟာ မထင်ပေါ်ဘူးဖြစ်နေရတာပါ။

ကုရ်အာန် (၂၃း၉၉-၁၀၀)မှာ လူသားဟာ သေဆုံးပြီးတဲ့နောက်မှာ လူ့လောကကို ပြန်လာချင်လို့မရတော့ ဘူး။ သေဆုံးခြင်းနှင့် ရှင်နေခြင်းကြားမှာ လုံးဝကူးလူသွားလာလို့ မရတော့တဲ့ အတားအဆီး(ဘရ်ဇက်ခ်)ရှိနေပြီလို့ ဆိုထားပါတယ်။ ဒါပေမဲ့ ကုရ်အာန်ကို လက်ခံတဲ့ မွတ်ဆလင်မ်လို့ပြောပြီး သရဲကြောက်တတ်တဲ့သူတွေ ဖြစ်နေကြရတယ်။ သူရဲဆိုတာရှိကို မရှိတဲ့အရာဖြစ်တယ်။ သူရဲခြောက်ခံရတာတို့၊ သူရဲဝင်ပူးတာတို့ဆိုတာတွေဟာ စိတ်ကစဥ့်ကလျားဖြစ်ခြင်းရဲ့ သင်္ကေတတွေပါ။ စိတ်ပညာရှင်များက လူတစ်ယောက်ဝင်ပူးခံရတယ်ဆိုတာ အပူးခံရ တဲ့သူက စိတ်ကစဥ့်ကလျားဖြစ်ပြီး၊ မိမိကိုယ်ကို အခြားသူ(အထူးသဖြင့် သေဆုံးကွယ်လွန်ပြီးဖြစ်တဲ့သူ) တစ်ယောက်လို ပြုမူပြောဆိုလာတ်ာဖြစ်တယ်။ ဒီလို ၀င်ပူးတာဟာ တစ်ဦးနဲ့တစ်ဦးကူးစက်တတ်တယ်။ များသော အားဖြင့် အပျိုဖော်ဝင်စ၊ လူပျိုဖော်ဝင်စ ကလေးတွေမှာ အဖြစ်များတယ်။

ဒီနေရာမှာ စိတ်ရောဂါကုဆရာဝန်ကြီး ဒေါက်တာအုန်းမောင် ကြုံတွေ့ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုလည်း ပြန်လည်မျှဝေချင်ပါတယ်။ ဒေါက်တာ အုန်းမောင်စိတ်ရောဂါဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေဆဲ အချိတ်ကာလတစ်ခုဖြစ်ပါတယ။ ညဂျူတီတာဝန်ကို ထမ်းရွက်နေဆဲ သန်းခေါင်ယံအချိန်မှာ ဆေးရုံတ၀ိုက်ကို တစ်ယောက်တည်း Round လှည့်ကြည့်ပါတယ်။ အဲဒီအချိန်က စိတ်ရောဂါဝေဒနာ ပြင်းပြင်းထန်ထန်ခံစားရတဲ့ လူနာတွေကို အချုပ်ခန်းလို သံတိုင်တွေနဲ့ အခန်းထဲမှာ တစ်ဦးချင်းစီထည့်ထားပြီး ဆေးကုသပေးခဲ့ပါတယ်။ ဆရာဝန်ကြီးက လှည့်ပတ်ကြည့်ရှုနေရင်း အခန်းနံပါတ် ခြောက် ရောက်တော့ မအိပ်ပဲဒူးနှစ်ဖက်ကိုပိုက်လျက် မျက်လုံးပြူးကြောင်ကြောင်နဲ့ လူနာကိုတွေ့လို့ `သားဘာလို့ မအိပ်သေးတာလဲ၊ နေမကောင်းလို့လား´လို့မေးပါ တယ်။ လူနာက စကားတစ်လုံးမှ ပြန်မပြောဘဲ မျက်လုံးပြူးပြီး ဆရာဝန်ကြီးကို ပြန်ကြည့်နေပါတယ်။ မနက်မိုးလင်း တော့ နာစ်မတွေကို အခန်းအမှတ်ခြောက် လူနာက တစ်ညလုံးမအိပ်ဘဲ နေနေတယ်။ သူ့အခြေအနေကို ပြောပြပါ လို့မေးတော့၊ ဆရာမတွေက ဆရာကြီး ဒီအခန်းက သူရဲခြောက်တယ်လို့ နာမည်ကြီးနေလို့ ဘယ်လူနာမှ မထားပါ ဘူးလို့ပြန်ဖြေတယ်။ ဆရာဝန်ကြီးလည်း ဆရာမတွေနဲ့အတူ အခန်းခြောက်ကို သွားကြည့်တော့ ဘယ်သူမှမရှိပါ ဘူး။ ဆရာမတွေက ဆရာကြီးလည်း သူရဲခြောက်ခံရပြီလို့ ၀ိုင်းပြောကြတာပေါ့။ ဒေါက်တာ အုန်းမောင်က ငါသူရဲ ခြောက်ခံရတာမဟုတ်။ အကာလညအချိန် အားလုံးလည်း တိတ်ဆိတ်နေတဲ့အချိန်မှာ ငါတစ်ယောက်တည်း ရှိနေ တော့ ငါ့ရဲ့အာရုံတွေဟာ ကစဥ့်ကလျားဖြစ်ပြီး၊ မရှိတာကို အရှိထင်နေတာ။ ဒါကြောင့် ဘယ်လောက်ပဲ သတ္တိကောင်းပါတယ်ဆိုတဲ့သူဖြစ်ပါစေ၊ တိတ်ဆိတ်ငြိမ်သက်နေတဲ့ အမှောင်ထဲမှာ ဘယ်တော့မှ တစ်ဦးတည်းမနေ သင့်ဘူးလို့ ဆရာမတွေကို ပညာပေးပါတယ်။

ကျွန်တော်တို့တတွေလည်း ကြုံဖူးကြမှာပါ။ တိတ်ဆိတ်နေတဲ့အချိန် အမှောင်ထဲမှာ၊ သစ်ငုတ်ကြီးမှန်းသိ ထားပါလျက်နဲ့ သူရဲတစ်ကောင်ထိုင်နေတယ်လို့ ထင်မှတ်မိတာတွေ မကြာခဏ ကြုံဖူးကြမှာပါ။ ဒီအခါ သူရဲခြောက် ခံရတယ်လို့ မယူဆဘဲ သစ်ငုတ်ကြီးပါဆိုတာ မြင်အောင်ကြည့်ဖို့ လိုအပ်ပါတယ်။ သစ်ငုတ်မဟုတ်လည်း အရာဝတ္ထု တစ်ခုခုဖြစ်မှာပါဆိုတဲ့ အရှိတရားကိုမြင်အောင်ကြည့်ဖို့ လိုပါယတ်။ ဒီအခါ သူရဲလို့ထင်ရတာတွေ ပပျောက်သွားမှာ ပါ။

သူရဲရှိတယ်လို့ လက်ခံထားတဲ့သူတွေမှာသာ၊ သွေးလေခြောက်ခြားပြီး စိတ်ကစဥ့်ကလျားဖြစ်နေသူတွေသာ သူရဲခြောက်ခံရတာတို့ သူရဲဝင်ပူးတာတို့ဖြစ်တတ်တာပါ။ သူရဲကြောက်တတ်တဲ့ မွတ်ဆလင်မ်ကတော့ သူရဲကို ဂျင်န်လို့ခေါ်နေကြတယ်။ ကုရ်အာန်ကပြောတဲ့ ဂျင်န်ဆိုတာ လူ့အဖွဲ့အစည်းနဲ့ ကင်းကွာနေတဲ့သူတွေ။ သာမန် လူသားတွေထက် ထူးကဲတဲ့အမြင်ရှိသူတွေ(ဥပမာ သိပ္ပံပညာရှင်)။ လူသာမန်လို အသိတရားမရှိတော့တဲ့သူ (ဥပမာ အရူး)တွေ၊ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်အရပြောမယ်ဆိုရင် ထူးရင်ထူး၊ မထူးရင်ရူးဆိုတဲ့သူတွေဖြစ်ပါတယ်။ ရှိုင်တွာန်ဆိုတာ ကုရ်အာန်အရပြောမယ်ဆိုရင် မကောင်းသောအတွေးအခေါ်များကို လက်တွေ့အကောင်အထည် ဖော်တဲ့ လုပ်ရပ်တွေကို ပြောတာပါ။ မကောင်းတဲ့အကြံ၊ မကောင်းသော အတွေးအဆင့်မှာပဲ ရှိနေရင် အီဗလီးစ်လို့ နားလည်မိ ပါတယ်။ မကောင်းသောအကြံ၊ မကောင်းသော အတွေးတွေကို လက်တွေ့ဆောင်ရွက်လိုက်တဲ့လူဟာ ရှိုက်တွာန်ဖြစ်သွားတာပါ။ ရှိုက်တွာန်ဆိုတာ အကောင်အထည်ရှိတယ်ဆိုပြီး၊ ပုံစံလုပ်အထိမ်းအမှတ်လုပ်ပြီး၊ အဲဒါကို ခဲနဲ့သွားပေါက်တော့ ခဲနဲ့ပေါက်တဲ့သူတွေပဲ သေကျေဒဏ်ရာရနေတာ မက္ကာဟဂ်ျ ခရီးစဉ်မှာ နှစ်စဉ် ကြုံတွေ့နေရတာပဲလေ။ ဒါတောင် သင်ခန်းစာမယူနိုင်ရင် ဆုံးရှုံးမှုတွေ ကြုံတွေ့နေရဦးမှာပါဘဲ။

ကုရ်အာန်ရဲ့ ပြဌာန်းချက်အတိုင်း မလိုက်နာ မကျင့်သုံးနိုင်တဲ့သူတွေဟာ တစ်စုံတစ်ခု(သို့မဟုတ်) တစ်စုံ တစ်ရာရဲ့ ကျေးကျွန်ဖြစ်နေကြတဲ့သူတွေပါ။ မိမိရဲ့ကံကြမ္မာကို မိမိမပြဌာန်းနိုင်တဲ့သူတွေ ဖြစ်နေကြရမှာပါ။

ကုရ်အာန် (၁၆း၇၅)က အာယသ်တော်ကို လေ့လာကြည့်ပါ။

“ မိမိကြမ္မာကို မိမိမပြဌာန်းနိုင်သူနှင့် အလ္လာဟ်ပေးထားသော အထောက်အပံ့များဖြင့် လျှို့ဝှက်စွာဖြစ်စေ၊ ထင်ရှားစွာဖြစ်စေ၊ မျှဝေပေးကမ်းသူသည် ထပ်တူထပ်မျှဖြစ်နိုင်ပါသလောဟု အလ္လာဟ်ကခိုင်းနှိုင်း မိန့်ကြားတော်မူလေသည်။ချီးမွမ်းထောပနာမှုအပေါင်းသည် အလ္လာဟ်အတွက်ဖြစ်၏။ အများစုသည် မသိနားမလည်ကြချေ။” (၆း၇၅)

ကျွန်တော်တို့က ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရင်ပဲ တော်တော်ထူးချွန်နေပြီမှတ်တာ။ အလ္လာဟ်က မိမိ တစ်ဦးတည်း ကောင်းစားဖို့သာမက လူ့အဖွဲ့အစည်းကြီးတိုးတက်ဖို့လည်း မျှဝေပေးကမ်းကြပါလို့ ဒီအာယသ်တော် က တိုက်တွန်းထားပါတယ်။ အဲဒီအတွက် မိမိဟာလောင်းရိပ်တွေကနေ လွတ်ဖို့၊ အရင်ဦးဆုံးကြိုးစားရမှာပါ။ ကုရ်အာန်(၁၆း၇၆)က ဆက်လက်လမ်းညွှန်ထားတာကိုလည်း လေ့လာကြည့်ကြပါစို့။

“ လူတစ်ဦးသည် ကြားသိနားလည်နိုင်သလောက် စွမ်းဆောင်နိုင်မှုမရှိ။ အခြားအရာများ၊ အခြားသူများ၏ လောင်းရိပ်ကို မှီခိုနေရ၏။ မိမိကံကြမ္မာကို မိမိမဖန်တီးနိုင်၊ သူသည် မည်သည်ကို ဦးတည်သည်ဖြစ်စေ။ ကောင်းကျိုး မဖြစ်ထွန်းနိုင်ပေ။ ထိုသူသည် သမာသမတ်မျှတစွာ စီမံဆောင်ရွက်နိုင်ပြီး မှန်ကန်သော လမ်းစဉ်၌ ရပ်သူနေသူနှင့် ထပ်တူထပ်မျှ ဖြစ်နိုင်ပါမည်လောဟု အလ္လာဟ်က လူနှစ်မျိုးကို ပမာပေးခိုင်းနှိုင်းတော်မူ၏။”

အလ္လာဟ်ကလူသားကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ စွမ်းရည်တွေပေးထားပါတယ်။ ဆင်းရဲသားမိဘက မွေးဖွားသည်ဖြစ်စေ၊ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရသည်ဖြစ်စေ၊ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံသားဖြစ်စေ၊ ဆင်းရဲနိမ့်ပါးသော နိုင်ငံသားဖြစ်စေ၊ လူသားတိုင်းမှာ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ် စွမ်းကိုယ်စတွေ ထည့်သွင်းပေးထားပါတယ်။ ဒီအရည်အသွေး၊ အစွမ်းအစတွေဟာ ဘယ်သူ့ကိုမှ မမှီခိုဘဲ မိမိနဲ့ မိမိ ပတ်ဝန်းကျင်ကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်စွမ်းတွေ ရှိနေပါတယ်။ ဒီလို အရည်အသွေးတွေချီးမြှင့်ထားတော်မူသော အလ္လာဟ်ဟာချို့တဲ့မှုအပေါင်းမှ ကင်းစင်၍ ချီးမွှမ်းခံထိုက်သူဖြစ်ပါတယ်။ အရည်အသွေးတွေကို အသုံးမချနိုင်တဲ့ လူတွေက အများစုဖြစ်နေပါတယ်။

လူဟာ လွတ်လပ်သူဖြစ်ပါတယ်။ ဒါပေမယ့် အချို့အရာတွေဟာ မိမိတို့ဖာသာ ကိုယ်တိုင်လိုလိုလားလားနဲ့ ကန့်သတ်ချုပ်ချယ်နေတာပါ။ အဲဒီထဲမှာ ပတ်ဝန်းကျင်ရဲ့မှားယွင်းနေတဲ့ အတွေးအခေါ်နဲ့ ဓလေ့စရိုက်များ ရဲ့ လွှမ်းမိုးမှုများမှ မရုန်းထွက်နိုင်မှုဆိုတာလည်း ပါဝင်ပါတယ်။ မိမိဟာ ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကနေ ရုန်းထွက် နိုင်ဖို့ဆိုတာ အရှိတရား အမှန်အတိုင်းသိရှိနားလည် လက်ခံရုံနဲ့မလုံလောက်ပါဘူး။ ဆေးလိပ်စွဲနေသူတစ်ဦးလို ဆိုးကျိုးသိရက်နဲ့ မိုက်တွင်းနက်နေသူမဖြစ်ရအောင်၊ အမှားလောင်းရိပ်ကနေ ဦးစွာရုန်းထွက်ရမှာပါ။ သူရဲရှိတယ်။ လူဝင်စားဖြစ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်တွေကို လုံးဝလက်မခံသူဖြစ်အောင် အရင်ဆုံးကြိုးစားကြည့်ပါ။ တဖြည်းဖြည်းနဲ့(အလ်ဟက်)ဆိုတဲ့ အမှန်တကယ်ဖြစ်ပေါ်နေသော အရှိတရားနဲ့ နီးစပ်ပြီး မိမိကံကြမ္မာကို မိမိဖန်တီးနိုင်တဲ့သူဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ လူသားတွေကြောက်ရွံ့နေတဲ့ သေခြင်းတရားဆိုတာလည်း၊ အခန်းတစ်ခုကို စွန့်ခွာပြီး အခြားအခန်းတစ်ခုသို့ ၀င်ရောက်ဖို့ တံခါးတစ်ချပ်ဖွင့်လိုက်တာပဲဆိုတာကို သိမြင်လာပါ လိမ့်မယ်။

လူသားတစ်ဦးရဲ့ဘ၀မှာ လောကဓံတရားရဲ့အဆိုးဝါးဆုံး အခြေအနေတွေနဲ့ပဲ ရင်ဆိုင်နေရတာမဟုတ်။ပျော်ရွှင်ကြည်နူးဖွယ်ရာတွေ၊ နှစ်သက်ဖွယ်ရာတွေ အစရှိတဲ့ လောကဓံ၏ အကောင်းဆုံးအခြေအနေတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် လူဖြစ်ရခြင်းသည် ဒုက္ခဆင်းရဲလို့တွေးမြင်နေခြင်းဟာ အရှိတရားကို လက်မခံနိုင်ခြင်းပဲဖြစ်ပါတယ်။

အချို့သောကန့်သတ်မှုများဟာ လူသားများက အရှိတရားကို နားမလည်မှုကြောင့်ဖြစ်ပေါ်နေရပြီး သဘာဝ တရားရဲ့အကန့်အသတ်များဟာ လူ့လောကတည်တံ့ခိုင်မြဲရေးအတွက် ဖြစ်ပါတယ်။

အဆိုးဝါးဆုံးအခြေအနေတွေဟာ မိမိကံကြမ္မာကို ကောင်းရာကိုဖြစ်စေနိုင်တဲ့ အခွင့်အလမ်းတွေလည်း ဖြစ်နိုင်ပါတယ်။ လူသားအတွက် အတားအဆီး၊ အကန့်အသတ်တွေဟာ မိမိနဲ့လူ့အဖွဲ့အစည်းကြီး ရှင်သန်ရပ်တည် နိုင်ဖို့အတွက် စည်းကမ်းဥပဒေတွေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက်လက်ခံလာနိုင်ရင် လွတ်လပ် တဲ့ လူသားတစ်ဦးအဖြစ် လောကမှာရှင်သန်ရပ်တည်နိုင်မှာဖြစ်ပါတယ် ဆိုတဲ့ အကြောင်း တင်ပြရင်းရပ်နားလိုက် ပါတယ်။