လမြတ်ရမဿွာန် တွက်ချက်ရန် ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လမြတ်ရမဿွာန် တွက်ချက်ရန်
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
ယခုလို မွန်မြတ်လှတဲ့ သောကြာနေ့ ဂျွမ္မာဟ်အချိန်ကာလမှာ
ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ဖို့ ရောက်ရှိနေကြတဲ့ အမျိုးသား၊ အမျိုးသမီး
အပေါင်းတို့ခင်ဗျား။
`အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု´
အခုလို ဆွလားသ်နဲ့ခွတ္တဗာဟ်ကို ဟောကြားတင်ပြခွင့်ရတဲ့အတွက် ဦးစွာ
အလ္လာဟ်အရှင်မြတ်ကို ကျေးဇူး တင်ချီးမွမ်းမှုပြုပါတယ်။
ဒီတစ်ပတ်ကျွန်တော် ဟောပြောတင်ပြမဲ့ အကြောင်းအရာက `လမြတ်ရမဿွာန်
တွက်ချက်ရန်´ဖြစ်ပါ တယ်။ ကျွန်တော်တို့ အရင်နှစ်တွေဆိုရင် မေ့နေတတ်ကြတယ်။
ရမဿွာန်ရောက်မှ ဒါမှမဟုတ် ရမဿွာန်လ အလယ်၊ အထူးသဖြင့် ကဒရ်ညရောက်မှပဲ
ဒီအကြောင်းတွေကို ပြောဖြစ်တာ။ တကယ်ပြောရမယ်ဆိုရင် ကျော်သွားတာပေါ့။
ရမဿွာန်ပြီးပြီ။ အမှန်က အခုလိုအချိန်ရမဿွာန် မ၀င်ခင်၊ ၀င်ခါနီးအချိန်မျိုးမှာ ပြောရမှာလေ။
ဒါကြောင့် ဒီခေါင်းစဉ်ကို ဒီနေ့ပြောဖို့ ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
တကယ်တမ်း ပြောရမယ်ဆိုရင် ကျွန်တော်တို့က
တစ်ပတ်တောင် နောက်ကျနေပါသေးတယ်။ ကျွန်တော်ပြီးခဲ့တဲ့ လေး ငါးရက်အတွင်း
အခုတင်ပြမည့် စလိုက်တွေ Online ပေါ်တင်တယ်။ စောစောက
အခမ်းအနားမှူးကြေညာသွားတယ်။ လာမယ့်ဇွန်လ ၁၈ ရက်နေ့ဟာ ရမဿွာန်လရဲ့
ပထမခွတ္တဗာဟ်ဖြစ်မယ်။ ၁၇ ရက်နေ့ညကို စဲဟ်ရီစားရမယ်ပေါ့။ ဒါကျွန်တော်တို့
ဒီနေ့မှ ကြေညာသလို ဖြစ်နေတယ်။
လွန်ခဲ့တဲ့ လေးငါးရက်က ကျွန်တော့်အနေနဲ့ ဒီကိစ္စကို အပြင် Public သိအောင်
internet ကနေတစ်ဆင့် ကြေညာပေးခဲ့ပါတယ်။ ဝေဖန်ထိုးနှက်ချက်
တစ်ချက်၊ နှစ်ချက်လောက်ပဲရှိတယ်။ တစ်ချို့က ပြောတာက `ဟာ- ကြေညာ ပြီးပြီလေ။
ရမဿွာန် ၁ ရက်က ဇွန်လ ၁၈ရက်နေ့ အီဒ်နေ့က ဇူလိုင် ၁၇ ရက်နေ့´
အဲဒီလိုတောင်ပြောကြတယ်။ အိဒ်ဆွလားသ်တော် ၁၀ နာရီ ဖတ်မယ်တဲ့။ ဒါကနိုင်ငံခြား
တိုင်းပြည်တွေက် အကုန်လုံး တကမ္ဘာလုံး ကြေညာပြီးပြီ။
ကျွန်တော်တို့ပဲ နောက်ကျနေတာ။ သေသေချာချာလေ့လာကြည့်ရင်
ကျွန်တ်ာတို့နောက် မကျသေးဘူး။ ကျွန်တော်တို့ဆီမှာ ဘယ်ဗလီ ၊ ဘယ်အဖွဲ့အစည်းကမှ
မကြေညာသေးဘူး။ အခြေအနေအရ ၁၇ ရက် ညမှာ လကြည့်ဦးမှာ။
ကျွန်တော်တို့ နေနေတဲ့တိုင်းပြည်မှာ နဲ့ အခြားကမ္ဘာနဲ့ မတူတဲ့ပုံစံပေါ့။
အဲဒီကိစ္စနှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်က ဘယ်လို
တွန်းအားပေးဖော်ညွှန်းထားသလဲ။ ဒါကို ကျွန်တော်ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါ တယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၁၀း၅)မှာ-
`အလ္လာဟ်အရှင်မြတ်သည် နေလုံးကြီးကို အင်မတန်လင်းဝင်းတောက်ပစွာ
ဖန်တီးထားတော်မူထား သည်။ လမင်းကြီးကိုလည်း လင်းဝင်းတောက်ပစွာ
ဖန်တီးထားတော်မူလေသည်။´
ဒီနေရာမှာ ကျွန်တော်တစ်ခုပြောချင်တာက အလ္လာဟ်အရှင်မြတ်က နေကိုလည်း
လင်းဝင်းတောက်ပစွာ ဖန်တီးထားတယ်။ ဒီလိုပဲ`လ´ကိုလည်း လင်းဝင်းတောက်ပစွာ
ဖန်တီးထားတယ်။ ဘာထူးခြားလို့လည်း။ ဒီနေရာ မှာ သုံးထားတဲ့ ဝေါဟာရတွေက
ထူးခြားတယ်။ နေကို `ရှမ်းဆာ ဒွီယားအန်း´လို့ သုံးပြီးလကို`ကမရာ နူးရောင်´လို့သုံးတယ်။
လင်းဝင်းတောက်ပတာခြင်းတူပေမယ့် သုံးထားတဲ့ ဝေါဟာရက မတူဘူး။ ဒါဟာကိုယ်ပိုင်
အလင်းရောင်ရှိခြင်းနဲ့ တစ်ဆင့်ခံ အလင်းရောင်ရှိခြင်းဆိုတာ ပေါ်လွင်စေတယ်။
ကျွန်တော်အကျယ်ချဲ့ပြီး မပြော တော့ဘူး။ ဒီခေါင်းစဉ်နဲ့သက်ဆိုင်မှာ
မဟုတ်တော့ဘူး။ လေ့လာကြဖို့တော့ ကောင်းတယ်။ ဝေါဟာရတွေကို သုံးထားတဲ့နေရာမှာ
အလ္လာဟ်အရှင်မြတ်က ဖြစ်သလို မသုံးထားဘူး။ အဆင်ပြေ သလို
သုံးလိုက်တာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အရင်ကလည်းပြောဖူးတယ်။
အရဗီဘာသာစကားနဲ့ ထုတ်ပြန်ပို့ချခဲ့တဲ့ ကျမ်းမြတ် ကုရ်အာန်ကို ကြိုက်တဲ့ဘာသာနဲ့
ဘာသာပြန်၊ (မြန်မာ၊ အင်္ဂလိပ်၊ ဖါရ်စီ၊ အူရ်ဒူ၊ ဟိန္ဒီဘာသာ) ကြိုက်နှစ်သက်ရာ
ဘာသာတစ်ခုခုနဲ့ပြန်လိုက်။ ဘာသာပြန်ပြီးတဲ့ ဘာသာပြန်စာအုပ်သက်သက်ကို
အရဗီဘာသာ ပညာရှင်ကြီးတစ်ယောက်ဖြစ်စေ၊ အများဖြစ်စေ၊
မူလအရဗီစာပေနဲ့ ပြန်ရေးခိုင်းလိုက်ကြည့်။ ဘယ်လောက်ပဲ တော်တတ်လွန်းပါတယ် ဆိုတဲ့
အာရဗီစာပေပညာရှင်ရဲ့ အရဗီဘာသာပြန်စာအုပ်ဟာ `ကုရ်အာန်´ဖြစ်မလာဘူး။
ဘယ်တော့မှ `ကုရ်အာန်´ဖြစ်မလာနိုင်ဘူး။
ဘာဖြစ်လို့လဲဆိုရင် ရွေးချယ်တဲ့ စကားလုံးတွေက အရေးကြီးတယ်။
ဘာသာပြန်ဖတ်ကြည့်လိုက်ရင် နေကို လည်းလင်းဝင်းစွာ ထွန်းလင်းထား၊ လကိုလည်း
လင်းဝင်းစွာ ထွန်းလင်းထား၊ ဘာကွာလို့လဲ။ ဘာမှမကွာဘူး။ ဆက်လက်ပြီး
အလ္လာဟ်က ပြောထားသေးတယ်။ လနဲ့ပတ်သက်ပြီး `လသည် စခန်းများ
လှည့်လည်သွားလာရာ နေရာဌာနများကို ငါအရှင်သတ်မှတ်ထားပြီးဖြစ်တယ်။ ဒါဟာ
ရက်လတွေတွက်မယ်၊ နှစ်တွေတွက်ရန်ဖြစ်တယ်။ ရက်တွေ
လတွေ နှစ်ကာလအပိုင်းအခြားတွေ တွက်ချက်ရန် ဖြစ်တယ်။
ရှေးခေတ် အာရဗ် ကလူတွေကသိတယ်။ နေတွေလတွေကို ကြည့်ပြီး ကြယ်တွေ
နက္ခတ် တာရာတွေကိုကြည့်ပြီး ခရီးသွားတယ်။ အမျိုးမျိုးတွက်ချက် အသုံးပြုခဲ့ကြတယ်။
အချိန်ကာလ၊ နယ်မြေဒေသတွေ သတ်မှတ်ခဲ့ကြတယ်။ ပြက္ခဒိန်တွေ
သတ်မှတ်တွက်ချက်ခဲ့ကြ မှတ်တမ်းတင်ခဲ့ကြတယ်။ နေတွေ လတွေရဲ့
တစ်ခြား`နိအ်မသ်´တွေလည်းရှိတယ်။ နေက ခရမ်းလွန်ရောင်ခြည်ကို
ဘယ်လိုကာကွယ်တယ်။ နေရောင်ခြည် က ဘယ်လိုအစွမ်းရှိတယ်။ ဒါတွေကတစ်ပိုင်း။
ဒီနေရာမှာ အဓိကပြောချင်တာက နေတွေလတွေဟာ သူတို့ ကိုယ်ပိုင်လမ်းကြောင်းမှာ
အလကားသွားနေတာ မဟုတ်ဘူး။ ရက်တွေ၊ လတွေ၊ နှစ်တွေ တွက်ချက်သတ်မှတ်ဖို့
အတွက် အလ္လာဟ်အရှင်မြတ်က ဖန်တီးပေးထားခြင်းဖြစ်တယ်လို့ ကုရ်အာန်မှာ
လမ်းညွှန်ပြနေတာ။
ဒါပေမယ့် ဒီကိစ္စရပ်တွေက မှန်မှန်ကန်ကန် တိတိကျကျ
သွားလာလှုပ်ရှားနေခြင်းဖြစ်ပြီး အလွဲအစောင်း အတိမ်းအစောင်း၊ နှေးခြင်း၊ မြန်ခြင်းမရှိဘူး။
ဒါကြောင့် ဒီကိစ္စတွေကို အသိဥာဏ်ရှိသော၊ ဦးနှောက်ကို အသုံးချနိုင် စွမ်းရှိသော
အမြော်အမြင်၊ အတွေးအခေါ်မြင့်မားသောသူများအတွက်မူ အလ္လာဟ်အရှင်မြတ်၏
နိအ်မာသ် သက်သေလက္ခဏာ ကျေးဇူးတော်များ ဖြစ်သည်လို့ ပြောတာ။ `နားရှိလျက်
ပင်းနေသူ၊ မျက်စိရှိလျက် ကန်းနေသူ၊ ပါးစပ်ရှိလျက် အနေသူများ´အတွက်မူ
အချည်းအနှီးသာဖြစ်တယ်။
အကယ်၍ ကိုယ်က ဥာဏ်ပညာကို အသုံးမပြုဘူး၊ အသိပညာကို မယုံကြည်ဘူးဆိုရင်
ဘာမှလက်ခံလာမှာ မဟုတ်ဘူး။ ရှေးခေတ် အာရဗ်တွေက တကယ်တော်ခဲ့ကြပါတယ်။
နက္ခတဗေဒတို့လို ပညာ တွေမှာ ထူးခြားထူး ချွန်ခဲ့ကြတယ်။ မှန်ပြောင်းမရှိ၊
မည်သည့်မိုးလေ၀သတိုင်းထွာတဲ့ ကိရိယာမှမရှိ၊ ဘာသိပ္ပံဆိုင်ရာ ပစ္စည်းမှ
မရှိဘဲနဲ့၊ ကောင်းကင်ကို မော့ကြည့်ပြီး ခရီးသွားကြတယ်။ ရာသီဥတု၊ မိုးလေ၀သ
စတဲ့ပညာတွေကို တတ်မြောက်ခဲ့ကြတယ်။
သူတို့မိုးပေါ်ကိုဘာလို့ မော့ကြည့်ကြတာလဲ။ တွက်ချက်ဖို့၊ ရက်လနှစ်ကာလ
အပိုင်းအခြား၊ ရာသီဥတု မိုးလေ၀သ စတာတွေကို
တွက်ချက်ဖို့အတွက် မော့ကြည့်တာ။ ပြောချင်တာက မိုးပေါ်ကို မော့ကြည့်တာ ပျော်လို့
မဟုတ်ဘူး။ လက အေးတယ်။ နေလုံးကြီးကလင်းတယ်ဆိုပြီး ကြည့်ကြတာမဟုတ်ဘူး။
တွက်ချက်ဖို့ ကြည့်တာ။ ရမဿွာန်တစ်လပဲ ကြည့်တာမဟုတ်ဘူး။ တစ်သက်လုံးကြည့်တာ။
သူတို့ဘာလို့ကြည့်နေတာလဲ၊ အလကား ကြည့်နေတာ မဟုတ်ဘူး။ သူတို့
တွက်ဖို့ကြည့်နေတာ။
အဲ့ဒီလို တွက်ချက်ဖို့ ဥာဏ်ပညာကိုအသုံးချတာ။ ဒီအတွက်ကြောင့်မိုးပေါ်ကို
ကြည့်တာ။ အခု အရဗ်တွေ လည်းကြည့်တယ်။ နဲနဲတော့ ကွာသွားတာပေါ့လေ။
အခုအရဗ်က ဘယ်လိုကြည့်သလဲဆိုတော့ ခေတ်မှီနည်းပညာ တွေနဲ့ အကုန်တွက်ချက်ပြီး
တိတိကျကျထုတ်ပြန်ကြေညာပေးတာပေါ့။ သူတို့ကလည်း အမှန်တကယ် ပြောရမယ်
ဆိုရင် ကြောက်နေတာပေါ့။ လူလုပ် ကျမ်းကြီး။ ကျမ်းငယ်အသွယ်ကပဲကြည့်ရမယ်၊ မြင်မှ
လဆန်း ၁ရက်ဖြစ်မယ် လို့ဆိုထားတာကိုး။ သူတို့က
တွက်ချက်ပြီးကာမှ ပြန်ပြန်ကြည့်နေရတယ်။ ပြောင်းပြန်ဖြစ်နေတယ်။
ကမ္ဘာကနေကို တစ်နှစ်မှာ တစ်ကြိမ်ပတ်တယ်။ ဒီလိုပဲ နေစကြ၀ဠာထဲမှာ
လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကထဲက တည်ရှိလည်ပတ်နေတဲ့ ဂြိုဟ်တွေကို ဒီကနေ့
သိပ္ပံပညာရှင်တွေ တွက်ချက်ဖော်ထုတ်နိုင်ခဲ့ကြပြီ။ ဒါကြောင့် ကျွန်တော်တို့ ဒီကနေ့ နေတွေ
လတွေရဲ့ လည်ပတ်မှုနှုန်း၊ ပတ်လမ်း၊ ၀င်ချိန်၊ ထွက်ချိန် ကမ္ဘာနဲ့အကွာ အဝေး စတာတွေကို
တိတိကျကျ သေသေချာချာ တွက်ချက်လို့ ရနေပြီဖြစ်ရက်သားနဲ့ ဘာဖြစ်လို့ အပြင်မှာ
ထွက်ကြည့်နေကြသေးသလဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ဘယ်နေရာက ဘယ်အချိန်၊
ဘယ်လောက်ကြာကြာ ရှိနေမလဲဆိုတာလည်း မသိပဲနဲ့ ကြည့်နေတာ၊ အရဗ်က
တိတိကျကျထွက်မယ့်နေရာပါ သိပြီးမှကြည့်တာ။
ကျွန်တော်တို့က ဘာကိုမှ ရေရေရာရာ သေသေချာချာကို
မသိတာ။ တောင်ကြည့်၊ မြောက်ကြည့်။ ကမ်းနာကိုသွားပြီး ဟိုလျှောက်ကြည့် ဒီလျှောက်
ကြည့်နဲ့ ဘာမှသိတာမဟုတ်၊ မိုးတွင်းရာသီဥတုဆို ပိုပြီးတောင် ဆိုးသေးတယ်။
ကျွန်တော်တို့က ကြည့်ပြီးတွက်တာ လည်းမဟုတ်။ တွက်ပြီး ကြည့်နေတာလည်းမဟုတ်။
ဘယ်အနေအထားမှန်းကို ရောက်နေမှန်းကို မသိတာ။ ကြည့်ရုံသက်သက်ဖြစ်နေတယ်။
(မမြင်ရင် မတွေ့ရင် မယုံဘူးလို့ ဖြစ်နေတယ်။ ဒါဆိုရင် လူသားမျက်စိနဲ့ မမြင်ရတဲ့
အလ္လာဟ်အရှင်မြတ်ကို ယုံပါတယ်ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်။)
အမှန်တကယ်တော့ ဒီလိုခေတ်မီတဲ့ နည်းစနစ်တွေရနေပြီဆိုရင်
ဒါကိုအားကိုးရမှာပဲ။ နောက်မှ အရဗ်တွေ လို ကြည့်လို့ရတယ်။ တွက်ချက်လိုက်ပေါ့။
ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန်မှာ ဘာဖြစ်မယ်ပေါ့။ တစ်ကမ္ဘာလုံးပဲ တွက်ချက်နေကြပြီပဲ။
တွက်ချက်ပြီးမှ ဘယ်လောင်ဂျီတွဒ်၊ လတ္တီတွဒ် ဘယ်လောက်မှာ ဘယ်အချိန် နာရီမိနစ်
စက္ကန့်မှာ မြင်ရမယ်။ ပြီးမှ လကြည့်ဖို့ အမြင့်ဆုံး အကာအကွယ်မဲ့ နေရာမှ မှန်ပြောင်းတွေ
တယ်လီစကုတ်တွေ စီစဉ်ပြီး ကြည့်ကြပေါ့။
အဲ့ဒီလို တွက်ချက်တာတွေကို ပြချင်လို့ ဒီကနေ့ ပရိုဂျက်တာနဲ့
စီစဉ်ထားခြင်းဖြစ်ပါတယ်။ ဒါကို ကျွန်တော် တင်ပြပါ့မယ်။ အဲဒီတော့ ကျွန်တော်
ပထမဦးဆုံး ပြောချင်တာက ကျွန်တော်တို့တွက်ရမယ်။ ခေါင်းမာလို့မရဘူး။ တွက်ကိုတွက်ရ
မယ်။
ကျွန်တော် ဥပမာလေး တစ်ခုပြောမယ်။ အမေရိကားမှာ Taxi တစ်စီးကို
မွတ်ဆလင်မ်တစ်ယောက်က တားလိုက်တယ်။ ငှားစီးတယ်ပေါ့။ စီးသွားတော့ ကားပေါ်မှာ
Radio Music တစ်ခုဖွင့်ထားတယ်။ ဒီမွတ်စလင်မ်က
ဘာပြောလည်းဆိုတော့(ကားမောင်းသူကို) Music ကို ပိတ်လိုက်ပါ။
နားထောင်လို့မရဘူးပေါ့။ ကားဆရာက `ဘာဖြစ်လို့လဲ´ပေါ့၊ ပြန်မေးတယ်။
ကျွန်တော်တို့ရဲက တမန်တော်မြတ်ကြီးခေတ်မှာ ဒါတွေမရှိဘူး။ နားလည်း မထောင်ဘူးပေါ့။
ဒါကြောင့် ခင်ဗျားပိတ်ထားပေးပါလို့ ပြောတာပေါ့။
ဒီအချိန်မှာ Taxi Driver က ပိတ်လိုက်တယ်။ ကားလည်းရပ်၊ တံခါးဖွင့်လိုက်တယ်။ ကဲ
ခင်ဗျားဆင်းတော့။ တမန်တော်ခေတ်မှာ Taxi မရှိဘူး။ ဒီနေရာမှာ
ခင်ဗျားရပ်နေ။ သေချာပေါက်နောက်မှာ ကုလားအုတ်တစ်ကောင် လာလိမ့်မယ်။
ခင်ဗျားအဲ့ဒီကုလားအုတ်ကိုစီး၊ ခင်ဗျားမှာ အဲဒီတာဝန်ရှိတယ်လို့ ပြောပြီး
ထားခဲ့လိုက်တယ်။ ပြောချင်တာက တစ်ချို့ကိစ္စတွေမှာ ကျွန်တော်တို့က ရှေ့ကိုတိုးရမယ်။
ရပ်နေလို့တော့ မရဘူး။ အရင် မဆလ ခေတ်က မော်လမြိုင်သွားရင် မုတ္တမမှာဆင်း
စက်လှေစီး၊ ဒါမှမဟုတ် `ဇက်´စီး၊ စက်လှေတို့ သင်္ဘောတို့က အန္တရာယ်ရှိတယ်။ `ဇက်´က
အန္တရာယ်မရှိဘူး။ အခုတံတားထိုးလိုက်ပြီ။ သမရိုးကျ ငါတို့ ဘိုးဘွားမိဘ
ဇက်စီး လှေစီးနေကျဆိုပြီး ဘယ်သူမှမစီးဘူး။
ကျွန်တော်တို့ ဒီလောက်နည်းပညာတွေ တိုးတက်လာနေတဲ့ခေတ်ကြီးမှာ
တမန်တော်မြတ်နဲ့ အဆွဟဘ် တွေက ကြည့်ခဲ့တယ်ဆိုတာ တွက်ချက်ဖို့အတွက် ကြည့်တာ။
ကြည့်ပြီးတွက်ချက် တွေ့ရှိချက်တွေကို နောင်အွမ္မသ် အတွက် ထားခဲ့ကြတာ။ ဒါကြောင့်
ဒီကနေ့မှာ ကြည့်စရာမလိုဘူး။ တွက်ချက်လို့ ရနေပြီ။ ကြည့်စရာမလိုဘူးဆိုတာ
လမ်းမပေါ်ထွက်ကြည့်တာကိုပြောတာ။ ဂြိုဟ်တုတွေကနေကြည့်လို့ ရတယ်။
စတလိုက်တွေကနေ ကြည့်လို့ရ တယ်။ (ဆော့ဖ်ဝဲလ်)တွေကနေ ကြည့်လို့ရတယ်။ ဒါတွေကို
ကွက်တိ၊ မှန်မှန်ကန်ကန်၊ တိတိကျကျ ကြည့်လို့ရ တယ်။ ဖုန်းထဲကနေ ကြည့်လို့ရတယ်။
အဲ့ဒီလောက်ခေတ်မှီနေတဲ့ အချိန်မှာ ကျွန်တော်တို့ အနောက်ဘက်ကောင်းကင်ယံမှာ
လမြင်မှဖြစ်မယ်လို့ အငြင်းပွားနေရရင် မေးခွန်းတစ်ခုမေးလိုက်ချင်ပါတယ်။ မဂ္ဂရစ်ဗ်
အာဇန်ပေးနီး နေ၀င်ချိန်ကို ဘယ်သူ မိုးကောင်းကင်မှာ
ထွက်ကြည့်ပါသလဲ။ မြန်မာတစ်နိုင်ငံလုံးမက ကမ္ဘာပေါ်ရှိ ဗလီတွေအားလုံးကို
ကျွန်တော်မေးခွန်း မေးမယ်။ မဂ္ဂရစ်ဗ်အာဇန်ပေးဖို့
မိုးကောင်းကင်ယံကိုထွက်ပြီး နေ၀င်သွားပြီလားဆိုတာ ကြည့်ကြပါရဲ့လား။ ဗလီ တိုင်းက
Time Table က ကပ်ထားပြီးသား။ ဖဂျရ်အချိန် ဘယ်သူထွက်ကြည့်သလဲ။
အဆွာရ်အချိန်ဘယ်သူ ထွက်ကြည့်သလဲ။ အိရှရက် အချိန် ဘယ်သူထွက်ကြည့်သလဲ။
ဟိုခေတ်က ဆွာဟ်ဘာတွေ ကြည့်ခဲ့ရတယ်။ ကြည့်ခဲ့ပြီးမှ တွက်ချက်ထားတာ။
ကျမ်းမြတ်ကုရ်အာန်မှာ တွက်ချက်မှုနဲ့ပတ်သက်တဲ့ သက်သေတွေရှိတယ်။ ဆူရာဟ် ၁၇း၁၂
ကို လေ့လာကြည့်ပါ။ ဆူရာဟ် (၂း၁၈၅)မှာ ကြည့်ပါ။ ဆူရာဟ် (၉း၃၆)ကိုကြည့်ပါ။
ဒီဆလိုက်ကိုလေ့လာကြည့်ပါ။
ဒါက ရန်ကုန်မြို့၊ ၁၆.၆.၂၀၁၅ ရက်နေ့ည။
နေ၀င်ချိန်က ၆း၃၉။ လ၀င်ချိန်က ၆း၂၅။
လသည် နေထက်ပိုစောပြီး ၀င်သွားတယ်။ ဒါဆိုရင် ဘာမှစဉ်းစားစရာမလိုဘူးလေ။
ယှာအ်ဗန်လ ကို ၃၀ ဖြည့်။ရမဒွန် လဆန်းအဖြစ်သတ်မှတ်လို့မရပါဘူး။
၁၇.၆.၂၀၁၅
၁၇.၆.၂၀၁၅ ရက်နေ့ နေ၀င်ချိန် (၆း၃၉) လ၀င်ချိန်
(၇း၀၈)နာရီ၊ နေ၀င်ပြီး နောက်လကျန်နေတဲ့ အချိန်(၃၉)မိနစ်၊ ဒါဆိုရင် နောက်တစ်နေ့သည်
လဆန်း ၁ ရက်နေ့ သေချာပြီ။ ဒါကြောင့် ၁၈ ရက်နေ့သည် တကမ္ဘာလုံးနီးပါး ရမဿွာန်လ ၁
ရက် ဆွီယာမ်ဆောက်တည်ကြရမှာဖြစ်တယ်။
ကောင်းပြီ။ အဲ့ဒီ ဇွန်လ(၁၇)ရက်နေ့မှာ ကျွန်တော်တို့ အကြောင်းကြောင်းသော
အကြောင်းကြောင်းတွေ ကြောင့် လမမြင်ခဲ့ရင် ကျွန်တော်တို့ အကြီးအကျယ် ဒုက္ခရောက်ပြီ။
၁၉ ရက်နေ့မှစပြီး ဆွီယာမ်တည်ဆောက်မယ့် လူတွေကို သတိပေးချင်တာက
ဇွန်လ(၁၈)ရက်နေ့မှာ နေ၀င်ပြီးရင် လဟာ (၁ နာရီ ၂၉ မိနစ်)ကျန်နေမယ်။ အဲ့ဒီ လဟာ
ဘယ်အချိန်မှာ ပျောက်မလဲဆိုတော့ ည အေရှာ အချိန်မှ ပျောက်မယ်။ အဲ့ဒါဘယ်လိုလုပ်
ရမဿွာန် ၁ ရက်နေ့အဖြစ် သတ်မှတ်ကြမှာလဲ။ အဲဒီနေ့ဟာလလာလည်း
ကြည့်စရာမလိုဘူး။ နှစ်တိုင်းလိုလို ဒီလိုပဲ။ လကလည်း သာရာဝီပြီးတဲ့အချိန်အထိ
မ၀င်သေး။
၁၈-၆-၁၅ ပုံကိုလဲလေ့လာကြည့်ပါ။
နောက်တစ်ခုက စင်္ကာပူနိုင်ငံ။
လူကြီးမင်းတို့ထဲမှာလည်း ကျွန်တော်တို့ ပိုပြီးတွက်ချက်နိုင်တဲ့လူရှိကောင်းရှိမယ်။
ကျွန်တော်တို့ နဲ့ဆက်သွယ်ပါ။ ကျွန်တော်တို့ကို ပညာတွေပေးပါ။ ဒီထက်ပိုကောင်းတဲ့
ပို၍တိကျတဲ့ ပညာတွေ ကျွန်တော်တို့ရမှာ ပေါ့။ Welcome ပါ။ ကြိုဆိုပါတယ်။
မှားနေတယ်လို့ ထင်ရင်လည်း ထောက်ပြလို့လည်း ရပါတယ်။စင်္ကာပူ
စင်္ကာပူ – နေ၀င်ချိန် ၇ နာရီ ၁၁ မိနစ် လ၀င်ချိန် ၇ နာရီ ၅၅ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက်
လ ကျန်ရှိချိန် ကတော့
၄၄ မိနစ် ဖြစ်ပါတယ်။ ဒါကြောင့် ၁၈ ရက်နေ့ ဟာ ရမဒါန် ၁ ရက်နေ့ ဖြစ်ပါတယ်။
နောက်တစ်ခုက စအူဒီနိုင်ငံ။
စအူဒီ – နေ၀င်ချိန် ၇ နာရီ ၄ မိနစ် လ၀င်ချိန် ၇ နာရီ ၄၉ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ
ကျန်ရှိချိန် ကတော့
၄၅ မိနစ် ဖြစ်ပါတယ်။ ဒါကြောင့် ၁၈ ရက်နေ့ ဟာ ရမဒါန် ၁ ရက်နေ့ ဖြစ်ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ဇွန်လ၁၈ရက်နေ့သည် ရမဿွာန်(၁)ရက်နေ့ဖြစ်သည်။
လကြည့်ချင်ကြည့်၊ မကြည့်ချင်နေ၊ လကို မျက်စိနဲ့မမြင်လို့ လက်မခံရင်လည်းသဘော။
ဒါကလွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်။
နောက်တစ်ခါ ၀ါဖြေချိန်ကိစ္စ။ ကျွန်တော်တို့ မပြောမပြီး၊ မတီးမမြည်တဲ့ကိစ္စ။
ကျွန်တော်တို့က လူစွာတွေလုပ်ပြီးတော့ မင်းတို့မှားတယ်။
တစ်ကမ္ဘာလုံးမှားနေတယ်လို့ ပြောနေခြင်းလုံးဝမဟုတ်။ ကျွန်တော်တို့ ပြောနေတာက
ကုရ်အာန် အာယသ်က (ဆရာ ဃာဇီ-ဘာသာပြန်မှာလည်းပါ)။
ညရောက်သည်အထိ စောင့်ထိန်းကြပါလို့ပါတယ်။ အဲ့ဒီည ဆိုတာကို အငြင်းပွားနေကြတာ။
ကောင်းပြီး။ နေ၀င်တာတဲ့ ညရောက်ပြီလား။ တစ်ချို့က ဟုတ်တယ်။
တစ်ချို့ကမဟုတ်ဘူး။ မှောင်မှ ညရောက်မှ။ အဲဒီအာယသ် (၂း၁၈၇)ရဲ့ ရှေ့ပိုင်းကို
ကြည့်လိုက်ရင် ( ချည်မျှင် အဖြူကို မမြင်ရတော့လောက် အောင်ဖြစ်သွားသည်အထိ)
သဘောက အခု လူကြီးမင်းတို့ ကျွန်တော့်ကို ဘာလို့မြင်နေကြတာလဲ။ သာမန်ဆိုရင်
မျက်စိပါလို့ပေါ့။ ဒါပေမယ့် သိပ္ပံနည်းကျဆိုရင် ကျွန်တော့်အပေါ်
အလင်းရောင်ကျရောက်နေပြီး အဲဒီအလင်းပြန်တဲ့ အတွက်
ကျနော့်ကိုလူကြီးမင်းတို့ မြင်ရတာ။ အဲဒီအလင်းမပြန်ရင် မမြင်ရတော့ဘူး။ ဒါက
အလ္လာဟ်က ဒီအာယသ်မှာ ပညာရပ်တွေပေးနေတာ။ အလ္လာဟ်က
အဲဒီလောက်ကြီးကျယ်တော်မူသော အရှင်ဖြစ် တယ်။ ဒါက
ဘာကိုပြောနေသလဲဆိုရင် မှောင်သွားသည်အထိလို့ ပြောနေတာ။
ဟဇရသ်ဘီလာလ်က မဂရစ်ဗ်အာဇန်ကို ဘယ်အချိန်မှာ ပေးတာလည်း၊
မဂ္ဂရစ်ဗ်ဖတ်တဲ့ အချိန်ဟာ လင်းထိန်နေသလား။
မဂ္ဂရစ်ဗ်ဖတ်တဲ့ နိုင်ငံတိုင်း နိုင်ငံတိုင်းလင်းနေသလား။ အဲဒါတွေကို ကျွန်တော်တို့ လေ့လာ
ကြည့်ရမှာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀က ဟဇရသ်ဘီလားလ်က မဂ္ဂရစ်ဗ်အာဇန်ကို
(ဥပမာ နေ၀င်ချိန် ၇နာရီ ၄မိနစ်) ကွက်တိပေးခဲ့သလား။ ပေးနိုင်ပါသလား။
သူတို့တွက်ချက်နိုင်ခဲ့ပြီးပြီလား။
အခုခေတ် ကျွန်တော်တို့ ဗလီအပါအ၀င်
ကမ္ဘာ့အနှံ့ဗလီက မော်ဇင်တွေအတွက် အေးအေးဆေးဆေးပဲ။ ကျောက်သင်ပုန်း (Time
Table)ကြည့်ရင်ပြီးပြီ။ ဘယ်သူမှလည်း စောဒကမတက်ဘူး။ ဖြစ်နိုင်ပါ့မလားလဲ မပြော ဘူး။
ကောင်းပြီ။ တစ်ချို့က စောဒကတက်တယ်။ တမန်တော်မြတ်က
မဂ္ဂရစ်ဗ်အချိန်ဝါဖြေတယ်ပေါ့။ ဟုတ်ပြီ အဲ့ဒီ တမန်တော်မြတ်ဝါဖြေခဲ့တဲ့ မဂ္ဂရစ်ဗ်က
ဘယ်အချိန်လဲ။ အဲ့ဒီမှာပွိုင့်ဘဲ။ ဟိုခေတ် ဟိုအခါက လူတွေက မဂ္ဂရစ်ဗ်ကို
ကွက်တိမတွက်နိုင်ဘူး။ ဒါကြောင့် အနည်းဆုံး မဂ္ဂရစ်ဗ်ကို ၁၅ မိနစ် မိနစ်
၂၀ နောက်ဆုတ်မှ ဖတ်နိုင်မှာပါ။
ဒီပုံလေးကိုလေ့လာကြည့်ပါ။
ပထမပုံတွေနဲ့ ယှဉ်ပြီးလေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။ shining
colour ပျောက်သွားတဲ့အနေအထားကို။ နောက်ပြီး civil twilight
ကုန်ဆုံးချိန်ကို သေသေချာချာ တွက်ချက်ထားတာလဲ လေ့လာကြည့်ပါ။ နေ၀င်ပြီး နောက်
အလင်းရောင် ကျန်ရှိချိန် (civil twilight) ကုန်ဆုံးချိန် (၂၄ မိနစ်) ခန့် စောင့်ပြီးမှ ၀ါဖြေတာပါ။
ကျွန်တော်တို့က ခေတ်မီလာတော့ တွက်ချက်လို့ရပြီ။ ဒါပေမယ့် လိုချင်တာကို
ယူပြီးမလိုချင်တာကျတော့ အငြင်းပွားကြတယ်။ အမေရိကားမှာဆိုရင် ည ၈
နာရီမှာနေ၀င်တာ။ ဒါတွေကို ကျွန်တော်တို့ သေသေချာချာလေ့လာဖို့ လိုနေပါပြီး။
ကုရ်အာန်မှာ ပြောတာက (လိုင်းလ်)။ အဲဒီ(လိုင်းလ်)က ဘယ်လို(လိုင်းလ်)လဲ။ အပ်ချည်ဖြူကို
မမြင်ရတဲ့။ အလင်းရောင်မရှိတဲ့ (လိုင်းလ်)။ နေ၀င်ချိန် ၆း၄၀ နောက်ထပ် ၂၄ မိနစ်
အလင်းရောင်ရှိသေးတယ်။ ဒါဟာ ကျွန်တော်တို့ တွေ့ရှိချက်၊ အငြင်းပွားတာ မဟုတ်ပါဘူး။
ကမ္ဘာတစ်ခုလုံး မဂ္ဂရစ်ဗ်မှာဖြေတယ်ဆိုပြီး ငြင်းနေမယ့်အစား ကမ္ဘာတစ်ခုလုံး
မဂ္ဂရစ်ဗ် ဘယ်အချိန်လည်း ဆိုတာ လေ့လာဖို့လိုပါတယ်။ ဟဇရသ် ဘီလား
မဂၢရစ္ဗ္ဘယ္အခ်ိန္ဖတ္လဲ။ ကျွန်တော်လုံးဝယုံကြည်တယ်။ သူတို့ လင်းနေရင်
မဂ္ဂရစ်ဗ်ဖတ်မှာ မဟုတ်သေးဘူး။ ဇုဟိုရ်ကို နေ့လည် ၂း၀၀နာရီမှ ဖတ်ရင်ဘာဖြစ်မလဲ။
မပိုင်ဘူးလား။ ဇုဟိုရ်အချိန် မကုန်မချင်းဖတ်လို့ရတယ်။ အဆွရ်ကို မဂ္ဂရစ်ဗ်မရောက်ခင်
အချိန်မကုန်မချင်းဖတ်လို့ရတယ်။
အခုခေတ်မှာ အားလုံးကွက်တိ၊ အတိအကျတွက်ချက်ပြီးသား။ ကျွန်တော်တို့ကတော့
ကျွန်တော်တို့ တွက်ချက်မှုအရ ရောက်တဲ့နေရာကနေ ဆက်သွားမယ်။ ကမ္ဘာကြီးမှာ
လင်းနေတဲ့အချိန် ၀ါဖြေတယ်ဆိုတာ ကျွန်တော်တို့ သိပ်လက်မခံချင်ဘူး။ ဒါကြောင့်
ကျွန်တော့်ဆီက တွက်ချက်မှုအရ ပုံစံတွေကို ရယူနိုင်တယ်။
ကျွန်တော်တို့ကိုလည်း ပြန်လည်မျှဝေပေးရင် ကြိုဆိုပါမယ်ဆိုတာ ပြောကြားရင်း
နိဂုံးချုပ်လိုက်ပါတယ်။