သက္ကဒီးရ် ကုရ်အာန်သုတေသီ ဦးတင်ဝင်း(LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား
ယခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျူမုအာဟ်မှာ အေးချမ်းတည်ငြိမ်စွာနဲ့ အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြုခွင့် ရရှိတဲ့အပေါ်မှာ ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုရမှာဖြစ်ပါတယ်။ (အလ်ဟမ်ဒုလိလ္လာဟ်) ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ကို အရဗီဘာသာစာပေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို အခြေခံကစပြီး စနစ်တကျ နားလည်တတ်ကျွမ်းလာအောင် ပညာသင်ပေးခဲ့ကြတဲ့ ဆရာများအားလုံးကိုလည်းကောင်း၊ ကြွရောက်ချီးမြှင့်အားပေးကြတဲ့ လူကြီးမင်းများကိုလည်းကောင်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
အတ်စလားမု အလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟု
ကျွန်တော့်အနေနဲ့ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ့် အကြောင်းအရာက ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့ စကားလုံးတစ်လုံးဖြစ်တဲ့ (သက္ကဒီရ်)တိုင်းတာသတ်မှတ်ချက်ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ဒီကနေ့ ကျွန်တော်ဆွေးနွေးတင်ပြတဲ့ ရည်ရွယ်ချက်က ပြီးခဲ့တဲ့ခွတ္တဗာဟ်တွေမှာ ကျွန်တော့်အနေနဲ့ အကီဒါဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြခဲ့ပါတယ်။ အကီဒါဆိုတာက ကျွန်တော်တို့ မွတ်စလင်မ်ဖြစ်ပြီးတော့ရော မွတ်စလင်မ်မဖြစ်ခင်ရော ကျွန်တော်တို့ ရိုက်သွင်းခြင်းခံရတဲ့ အတွေးအခေါ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဘယ်မိဘအသိုင်းအဝိုင်းကနေ မွေးဖွားခဲ့သလဲ။ ဘယ်အစ္စလာမ် အသိုင်းအဝိုင်းမှာ ကြီးပြင်းလာခဲ့သလဲ။ အဲဒီမိဘနှစ်ပါးနဲ့ အဲဒီအသိုင်းအဝိုင်းမှာရှိတဲ့ အတွေး အခေါ်၊ ဓလေ့စရိုက်တွေဟာ ကျွန်တော်တို့ကို အများကြီးလွှမ်းမိုးပါတယ်။
အဲဒါတွေကို ကျွန်တော်အကီဒါတွေနဲ့ ပြောခဲ့ပါတယ်။ သရီကာအသိုင်းအဝိုင်းမှာ ကျွန်တော်တို့မွေးဖွားကြီးပြင်းရင် သရီကာအတွေးအခေါ်ဟာ ကျွန်တော်တို့ ခေါင်းထဲကို သေချာပေါက်ရောက်မယ။် ခေါင်းထဲကိုရောက်ပြီးရင် ဘယ်ကိုရောက် မလဲ၊ ရင်ဘတ်ထဲကိုရောက်မယ်။ ရင်ဘတ်ထဲကိုရောက်ပြီးရင် ကျွန်တော်တို့ အဲဒီအတိုင်းကျင့်သုံးမယ်။ သဗ္ဗလိဂ်အသိုင်းအဝိုင်း မှာ ကျွန်တော်တို့ မွေးဖွားကြီးပြင်းခဲ့ရင် ကျွန်တော်တို့ ဘာလုပ်မလဲ။ သဗ္ဗလိဂ်ရဲ့ အတွေးအခေါ်တွေက ကျွန်တော်တို့ကို သေချာပေါက်လွှမ်းမိုးမယ်။ ဒါက ယေဘူယျဖြစ်စဉ်ဘဲ။ ဒါကို အစ္စလာမ်အသိုင်းအဝိုင်းမှာဘဲ တွေ့ရတာလားဆိုတော့ မဟုတ်ပါ။ အခြားအစ္စလာမ်မဟုတ်သော၊ အသိုင်းအဝိုင်းမှာလည်း တွေ့ရမှာပါ။ ဒါက အကလ်၊ အရဗီလို အကလ်ပေါ်မှာ အခြေမခံဘူး။ လူတွေကို ရှိသမျှယုံကြည်ချက်ဆိုတာတွေကို ရိုက်သွင်းတာ။
ကျွန်တော်တို့က ပညာတစ်ခုကို စဉ်းစားတတ်အောင် သင်တာမဟုတ်ဘူး။ ရှေးကရှိပြီးသား ယုံကြည်ချက်တွေကို စုပေါင်းပြီးထည့်လိုက်တာ။ အဲဒီလို အနေအထားမျိုးမှာ ကျွန်တော်တို့ဟာ ကြီးပြင်းလာခဲ့ကြရတာ။ အဲဒီအတွက် ကျွန်တော်တို့ မှာ အကီဒါဆိုတာတွေဖြစ်ပေါ်လာရတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ မွေးဖွားကြီးပြင်းလာတဲ့ အသိုင်းအဝိုင်းအုပ်စု အတိုင်း အကီဒါတွေဟာ ဖြစ်လေ့ဖြစ်ထရှိကြတယ်။ တစ်ယောက်တလေပြောင်းလဲလာတာကို မပြောလိုဘူး။ ဒါက ဖောက်ထွက်ပြိး ဖြစ်လာတဲ့ကိစ္စ။ ပြောင်းတာကလည်း မှန်ကန်တဲ့ဘက်ကို ပြောင်းလာတာရှိသလို၊ အမှားကနေ အမှားဘက်ကို ဘဲပြောင်းတာလည်းရှိတယ်။ အုပ်စုတစ်ခုက မှားနေလို့ ထွက်လာတယ်။ ဘယ်ကိုရောက်သွားလဲဆိုတော့ နောက်ထပ် မှားနေ တဲ့ အုပ်စုတစ်စုကို ရောက်သွားတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီကနေ့မှာ သက္ကဒီရ်ဆိုတဲ့ခေါင်းစဉ်ကို တင်ပြဖို့ ရွေးချယ် ရခြင်းဖြစ်ပါတယ်။
သက္ကဒီရ်ဆိုတာကို ဟိုမူလကသိထားတဲ့အကြောင်းအရာရှိသလို၊ ကုရ်အာန်က ရည်ညွှန်းထားတဲ့ သက္ကဒီရ်ဆိုတဲ့ အကြောင်းအရာလည်းရှိပါတယ်။ အဲဒီနှစ်ခုကို ကျွန်တော်ယှဉ်ပြီးပြောမှာဖြစ်ပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့ မွတ်စလင်မ် တွေသက္ကဒီရ်ကို ဘယ်လိုနားလည်ထားကြပါသလဲ။ သက္ကဒီရ်ဆိုတဲ့ အဓိပ္ပါယ်ကို နဖူးစာ၊ ကံစီမံရာ၊ ကံကြမ္မာလို့ ပြောကြဆိုကြ ပါတယ်။ ပြီးတော့ နောက်တစ်မျိုးပြောတာက နစီးဗ်၊ ကစ္စမတ် စသဖြင့်သုံးစွဲကြတယ်။ လူတစ်ယောက်ကို အလ္လာဟ်အရှင်မြတ် က ဘာဖြစ်ရမယ်ဆိုပြီးတော့ ပုံသေကားချပ်သတ်မှတ်ထားတယ်ဆိုပြီးတော့၊ အဲဒီလို သတ်မှတ်ထားတာကို သက္ကဒီရ်လို့ ကျွန်တော်တို့ မွတ်စလင်မ်အသိုင်းအဝိုင်းက လက်ခံထားကြတယ်။
ကျွန်တော်တို့ လူဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ ကောင်းခြင်း၊ ဆိုးခြင်း၊ ကျွန်တော်တို့ရဲ့ လုပ်ကိုင်ဆာင်ရွက်ခြင်း အားလုံးဟာ ဘယ်ပေါ်မှာ အခြေခံသလဲ၊ သက္ကဒီရ်ပေါ်မှာ အခြေခံတယ်။ အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားပြီးတဲ့အတိုင်း ဖြစ်လာမယ်လို့ လက်ခံထားကြတယ်။ ဒါကို ကျွန်တော် ကုရ်အာန်နဲ့ချိတ်ဆက်ပြီးတော့ တင်ပြသွားမှာဖြစ်ပါတယ်။ ကုရ်အာန်က ဘာကို ရည်ညွှန်းထားပါသလဲ။ ကျွန်တော်တို့နားလည်လက်ခံထားတာက ဘယ်လိုလဲ။ အမှန်တော့ ဒီလိုကံစီမံရာ၊ ကံကြမ္မာ၊ နဖူးစာဆိုတာက ကုရ်အာန်ထဲမှာ မပြောဘူး။ အဲဒီအယူအဆဘယ်က ပေါ်လာသလဲဆိုတော့ ကုရ်အာန်မကျရောက်ခင်၊ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) နဗူဝသ်မရခင်ကတည်းက အဲဒီအတွေးအခေါ်ရှိခဲ့တယ်။ ဒါက ဟိုးကမ္ဘာဦးကတည်းက ရှိခဲ့တဲ့ အတွေးအခေါ်တစ်ခုဟာ အစ္စလာမ်ပေါ်ထွန်းလာပြီးတဲ့နောက် အစ္စလာမ်ထဲကို ဝင်လာခဲ့တယ်။ ဘယ်လိုဝင်လာသလဲဆိုတော့ လမ်းကြောင်းတွေရှိတယ်။ ကမ္ဘာဦးအစလူသားတွေဟာ မိမိတို့ရဲ့ဘဝကံကြမ္မာနဲ့ပတ်သက်ပြီး မိမိတို့ရဲ့ (Life)ဘဝကြီးတစ်ခုလုံး ကို နတ်ဘုရားတွေအပေါ်မှာ ပုံအပ်ထားကြတယ်။
ဟောဒီ ကမ္ဘာလောကကြီးမှာ ဖြစ်ပျက်ပြောင်းလဲနေတဲ့ သဘာဝရဲ့ဖြစ်စဉ်များရဲ့ အလုံးစုံသော ဖြစ်ပျက်ပြောင်းလဲမှု တွေ အားလုံးဟာ ကြုံကြိုက်တိုက်ဆိုင်ပြီး မတော်တဆပုံစံမျိုးကြောင့် ဖြစ်လာတယ်လို့ လက်ခံထားကြတဲ့ အတွေးအခေါ်တစ်ခု လည်းရှိပါတယ်။ အဲဒီခေတ်ကာလမှာ လူတွေဟာ မိမိရဲ့အကြောင်းနဲ့ မိမိရဲ့ပတ်ဝန်းကျင်အကြောင်းကို ကောင်းစွာသိရှိ နားလည်သဘောပေါက်ခြင်း မရှိသေးတာက အရာရာဟာ အကြောင်းနဲ့အကျိုးဆိုတဲ့ ဥပဒေသနဲ့အညီ ဖြစ်ပျက်ပြောင်းလဲနေ တယ်ဆိုတာကို မသိရှိကြပါဘူး။ ကမ္ဘာကြီးဖွံ့ဖြိုးလာတယ်။ လူသားတွေဖြစ်လာတယ်။ အဲဒီအခြေအနေမှာ လူကသူ့ကိုယ်သူ ဘာမှန်းတောင်မသိသေးတဲ့ အခြေအနေပါ။ အဲဒီအနေအထားမှာ ငလျင်လှုပ်တယ်။ ဒါ ဘာကြောင့်ဖြစ်တာလဲ သူမသိဘူး။ ဒါက နတ်ဘုရားတစ်ပါးပါးက လုပ်တာကြောင့် ဒီလိုဖြစ်တာလို့ ထင်တယ်။ ဒီကနေ့ ကျွန်တော်တို့ အစ္စလာမ်ကို လက်ခံတဲ့ မွတ်စလင်မ်ထဲမှာတောင် ဒီအတွေးအခေါ်မျိုး အချို့မှာ ရှိနေသေးတယ်။ ရေတွေကြီးတယ်။ အလ္လာဟ်လုပ်တာ၊ မိုးခေါင်ရင် လည်း အလ္လာဟ်အဇဗ်ပေးတာ၊ ဘာထူးလဲ နတ်ဘုရားဆိုတဲ့ခေါင်းစဉ်ကို အလ္လာဟ်လို့ပြောင်းလိုက်တာဘဲရှိတယ်။
အဲဒီတော့ သဘာဝရဲ့လောကရဲ့ဖြစ်ပျက်ခြင်းတွေမှာ မြေငလျင်ဆိုတာ ဘာကြောင့်လှုပ်ရသလဲ၊ ဘယ်လိုအခြေအနေ၊ အနေအထားမျိုးမှာ မြေငလျင်လှုပ်သလဲ၊ ရေဘာကြောင့် ကြီးရသလဲ။ မိုးဘာကြောင့် ရွာသလဲ။ မိုးဘာကြောင့် ခေါင်သလဲ ဆိုတဲ့ နည်းပညာတွေကို ကျွန်တော်တို့နားမလည်သေးတဲ့အချိန်၊ သိပ္ပံပညာ မဖွံ့ဖြိုးမတိုးတက်သေးတဲ့ အချိန်မှာ ဒီဖြစ်စဉ်တွေကို နတ်ဘုရားတွေအပေါ်မှာ အပြစ်ပုံချလိုက်ကြတယ်။ ဒါက အခုအချိန်မှာလည်း ရှိနေတယ်။ အချို့ အချို့ပေါ့။ ခေတ်ပညာအားနည်း၍သော်လည်းကောင်း၊ ရင်ဘတ်ထဲမှာရှိနေတဲ့ အချို့ယုံကြည်ချက်တွေကြောင့် ဒီလိုမျိုးခံယူထားသူတွေ ရှိနေပါတယ်။ ဒါကြောင့် ဒီသဘာဝလောကရဲ့ ဖြစ်စဉ်တွေကို သူနားမလည်တဲ့အပေါ်မှာ သူဟာ ဒီသဘာဝကြီးရဲ့ဒဏ်ကို ခါးစည်းခံနေရသူအဖြစ် သူ့ကိုယ်သူလုံးဝမှတ်ယူလိုက်တယ်။ အခြားရွေးချယ်စရာလည်း မရှိဘူး။ ဘာမှလည်း မစွမ်းဆောင်နိုင် ဘူး။ ရုပ်သေးရုပ်ကြိုးဆွဲရာ ကနေရတဲ့အတိုင်း၊ ထားရာနေ စေရာသွားပြီး သဘာဝရဲ့အဖြစ်အပျက်တွေရှေ့မှောက်မှာ လက်မြှောက်အရှုံးပေးဒူးထောက်ရိုကျိုးနေပါတော့တယ်။
တမန်တော် အီဗရာဟင်မ်(အ)နဲ့ ပတ်သက်ပြီး ကုရ်အာန်မှာဖော်ပြထားတာ ကျွန်တော်တို့ တွေ့ရပါတယ်။ နေထွက် လာတယ်။ ဒါက ကိုးကွယ်ရာအရှင်၊ တခါ လထွက်တော့လည်း ဒါက အရှင်။ ကိုးကွယ်စရာအဖြစ်မှတ်ယူတာ။ လူတွေရဲ့ စိတ်ကူးစိတ်သန်းကနေ ပေါ်ပေါက်လာတဲ့ (အရေးကြီးပါတယ်၊ သတိပြုကြပါ) လူတွေရဲ့ စိတ်ကူးစိတ်သန်းကနေ ပေါ်ပေါက်လာတဲ့ ကိုးကွယ်ယုံကြည်မှု တနည်းအားဖြင့် အကီဒါ၊ စိတ်ကူးတွေကို ပုံဖော်ထားတာ။ အစ္စလာမ်ထဲမှာလည်းရှိပါ တယ်။ စိတ်ကူးတွေကို အစ္စလာမ်ရဲ့ အရောင်တွေဆိုးပြိး လက်ခံထားတာ။ စိတ်ကူးစိတ်သန်းတွေကနေ ပေါ်ပေါက်လာတဲ့ ကိုးကွယ်ယုံကြည်မှု ဆည်းကပ်အားထားမှုတွေဟာ သဘာဝလောကကြီးရဲ့ အဖြစ်အပျက်တွေ ဘေးဒုက္ခတွေအပေါ်မှာ အမှန် တကယ်တော့ ဘယ်လိုမှ အကျိုးသက်ရောက်မှုမရှိပါဘူး။
မြေငလျင်လှုပ်တယ်။ အလ္လာဟ်အရှင်မြတ်က အပြစ်ပေးတယ်ဆိုရင် ကျွန်တော်တို့ ကောင်းတာတွေကိုဘဲ လုပ်နေ မယ်ဆိုရင်ရော မြေငလျင်က ငြိမ်သွားမှာတဲ့လား။ မိုးတွေ အရမ်းရွာပြီး ရေတွေကြီးပြီဆိုရင် ဒုအာတောင်းလိုက်ရုံနဲ့ မိုးရပ်သွား မှာလား။ အခြားဘက်တွေ မပြောဘူး။ ကျွန်တော်တို့ အစ္စလာမ်တွေထဲမှာကို ရှိနေကြတာ။ လူကြီးမင်းတို့ ကြားဘူးမှာပါ။ မိုးတိတ်ဒိုအာ၊ မိုးရွာဒိုအာ စသဖြင့် အများကြီး။ စဉ်းစားဖို့နဲ့ ဝေဖန်ဖို့အတွက်ပါ။ သဘာဝလောကကြီးရဲ့ အပြောင်းအလဲတွေ ကြောင့် မီးလောင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း စတာတွေ ကြုံတွေ့လာရပြီဆိုလို့ ရှိရင် အဲဒီအဖြစ်အပျက်ဘေးဒုက္ခအန္တရာယ်တွေကနေ အကာအကွယ်ယူဖို့အတွက် နတ်ဘုရားတွေ တန်ခိုးရှင်တွေရဲ့ ရှေ့မှောက်မှာ ငိုယိုပြီး ညည်းညူလို့ တစ်နည်းအားဖြင့် ဒုအာလုပ်လို့ ရပ်သွားတာ၊ ဒုအာပြည့်သွားပြီလို့ ယုံကြည်လိုက်ကြ တယ်။
ကိုးကွယ်ယုံကြည်မှုနဲ့ သဘာဝဖြစ်စဉ်တွေကို ပေါင်းစပ်လိုက်တာ လူတွေဟာ သဘာဝလောကကြီးရဲ့ဖြစ်ပျက် ပြောင်းလဲမှု အနေအထားတွေ မြင်လာကြရပြီး မိမိတို့ကိုယ်ကို ငါတို့ဟာ ကံစီမံရာအတိုင်း ဖြစ်ပျက်ပြောင်းလဲနေပါတယ်ဆိုပြီး တော့ သတ်မှတ်လက်ခံလိုက်ပါတော့တယ်။ ဒီအတွေးအခေါ် အယူအဆဟာ ရှေးပဝေသဏီကတည်းက ရှိနေခဲ့တာဖြစ်ပါ တယ်။ သမိုင်းဦးခေတ်ကာလစလို့ လူသားမှာရှိတဲ့ ယုံကြည်ချက်တစ်ရပ်ဖြစ်ပါတယ်။ ဒါကို သက္ကဒီးရ်၊ နဖူးစာ၊ ကံကြမ္မာ၊ ကံစီမံ ရာဆိုပြီး ယုံကြည်ကြတဲ့သူတွေရှိပါတယ်။ ဒါပေမယ့် ဒါက ကုရ်အာန်ကပေးတဲ့ သက္ကဒီးရ်ရဲ့အနက်အဓိပ္ပါယ်မဟုတ်ပါဘူး။ နောက်ဆုံး အရဗီကပေးတဲ့ အနက်အဓိပ္ပါယ်လည်းမဟုတ်ပါဘူး။ သက္ကဒီရ်ရဲ့ အရဗီတိုက်ရိုက်အဓိပ္ပါယ်က တစ်ခုခုကို သေချာ စနစ်တကျ သတ်မှတ်ထားတဲ့အရာကို သက္ကဒီရ်လို့ခေါ်တယ်။ အတိုင်းအတာ၊ သတ်မှတ်တိုင်းထွာချက်ကို သက္ကဒီရ်လို့ခေါ် တယ်။ ဒါက အရဗီစကားလုံးရဲ့ အဓိပ္ပါယ်၊ ကုရ်အာန်ရဲ့တွေးခေါ်ချက်မပါသေးဘူး။
ဟိုဘက်မှာ ဖွင့်ဆိုထားတာက ဘာလဲ။ နဖူးစာ၊ ကံကြမ္မာ၊ ကံစီမံရာ။ ဘာမှလည်း မဆိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်တယ်။ သူ့ရဲ့မူလအနက်အဓိပ္ပါယ်က တစ်စုံတစ်ခုသောအရာကို တိတိကျကျပိုင်းခြားထားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၂၅ အာယသ် ၂ မှာ (ဝခလက၊ ကုလ္လာ ရှိုင်းအင်န်၊ ဖကဒ်ဒါရဟု သက္ကဒီးရာ) (ခလက) အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းတော်မူသည်။ (ဆင့်ကဲဖြစ်ထွန်းပေါ်ပေါက်စေတော်မူတယ်။) ပြီးတော့ သက္ကဒီရ် သတ်မှတ် လိုက်တယ်။ ဒီလိုမျိုးဆိုရင် စောစောက စကားလုံးရဲ့ အနက်အဓိပ္ပါယ်က အလ္လာဟ်အရှင်မြတ်က နဖူးစာသတ်မှတ်လိုက်တယ်။ အဲဒီလိုလား။ ကံစီမံရာအတိုင်း၊ ဖြစ်ချင်တာဖြစ်၊ ပျက်ချင်တာပျက်၊ ဒီအတိုင်း အလ္လာဟ်ကလွှတ်ပေးလိုက်တာလား။ အဲဒီလို နားလည်ရမှာလား။ မဟုတ်ပါ။ အရာဝတ္ထုတစ်ခုဖြစ်ထွန်းပေါ်ပေါက်လာပြီဆိုရင် အဲဒီအရာဝတ္ထုမှာ သူ့အတိုင်းအတာနဲ့သူ သတ်မှတ်ချက်တွေရှိပြီးသား။
အက်တမ်ဆိုတဲ့ အသေးဆုံး အရာဝတ္ထုတစ်ခုကို လေ့လာကြည့်ပါ။ အီလက်ထရွန်တွေ၊ နူထရွန်တွေ၊ ပရိုတွန်တွေ၊ သူ့အတိုင်းအတာသတ်မှတ်ချက်တွေ ရှိပြီးသား။ ဒါက သဘာဝဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောထားတာ။ လူနဲ့ပတ်သက်ပြီး ဘာမှ မပြောထားပါ။ သဘာဝလောကဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖြစ်ပျက်နေတာကို အလ္လာဟ်က သက္ကဒီရ်သတ်မှတ် ထားတယ်လို့ ပြောတော့၊ လူကလွဲပြိး အခြားသောရှိရှိသမျှ အရာခပ်သိမ်းအပေါ်မှာ အလ္လာဟ်ကပုံသေကားချပ် သတ်မှတ် ပြဌာန်းပြီးတော့ လူသားကိုတော့ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားပြီးဖြစ်ပါတယ်။ လူသားတွေအပေါ်မှာတော့ အလ္လာဟ် အရှင်မြတ်က သက္ကဒီရ်ဆိုပြီး မသတ်မှတ်ထားပါဘူး။ ဘာကြောင့် လူသားနဲ့ အခြားအရာတွေကို ခွဲထုတ်ရတာလဲ။ ကိုယ့် သဘောနဲ့ကိုယ် ခွဲထုတ်တာလားဆိုတော့ မဟုတ်ပါဘူး။ အလ္လာဟ်က ကုရ်အာန်မှာ ခွဲထားလို့ ခွဲထုတ်ပြရတာပါ။ ကျွန်တော် ပြောမယ်။ အစ္စလာမ်မှာ အုပ်စုကြီးနှစ်ခုရှိတယ်။ စွန္နီနဲ့ရှီအာ။ ဘယ်သူခွဲတာလဲ။ ကုရ်အာန်က ခွဲထားတာလား။ မိမိဘာသာ ခွဲထားကြတာလားပြောလို့ မရပါ။
ဒီနေရာမှာ ကျွန်တော်ပြောချင်တာက သက္ကဒီရ်နဲ့ပတ်သက်လို့ လူသားမပါဘူးလို့ ဘာလို့ခွဲပြီးပြောရတာလဲဆိုတော့ ကုရ်အာန်က သက္ကဒီရ်နဲ့ပတ်သက်လို့ သက်သက်ခွဲပြီး ပြောထားလို့ဖြစ်ပါတယ်။ အရာဝတ္ထုနဲ့အခြားအရာတွေနဲ့ရောပြီး မပြော ထားဘူး။ တနည်းအားဖြင့် စကြဝဠာခပ်သိမ်း သဘာဝလောကကြီးကို အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းဖြစ်ထွန်းပေါ်ပေါက်စေ ထားပြီး သူတို့လိုက်နာရမယ့် စည်းကမ်းဥပဒေလမ်းညွှန်ချက်တွေကို ပုံသေကားချပ်တရားသေ ပြဌာန်းသတ်မှတ်ထားခြင်းကို ဆိုလိုပါတယ်။ စောစောကပြောတဲ့ အက်တမ်နဲ့ပတ်သက်တဲ့ ဥပမာလေးကို စဉ်းစားကြည့်လိုက်ပါ။ အဲဒီအက်တမ်အတွက် သက္ကဒီရ်သတ်မှတ်ချက်ရှိတယ်။ အီလက်ထရွန်ဆိုရင် အီလက်ထရွန်အတွက် သတ်မှတ်ချက်၊ နျူထရွန်ဆိုရင် နျူထရွန်ရဲ့ သတ်မှတ်ချက်၊ ပရိုတွန်ဆိုရင် ပရိုတွန်အတွက် သတ်မှတ်ချက် ရှိပြီးသားဖြစ်ပါတယ်။
သူတို့အတွက် သတ်မှတ်ချက်ရှိပြီးသား ပရမ်းပတာဖြစ်မနေဘူး။ အဲဒါ ဘယ်သူလုပ်တာလဲ။ အလ္လာဟ်အရှင်မြတ်လုပ် တာ။ သဘာဝလောကကြီးမှာရှိတဲ့ အရာဝတ္ထုများရဲ့ လှုပ်ရှားသွားလာမှုတွေဟာ ရုပ်သဘောဆောင်တဲ့ စွမ်းရည်တွေအတွက် အလ္လာဟ်အရှင်မြတ်က အထူးစည်းကမ်းကန့်သတ်ချက်ဘောင်တွေကို ထားရှိထားပါတယ်။ အဲဒီ ကန့်သတ်ထားတဲ့စနစ်ဘောင် တွေကို ကျော်လွန်ပြီးမှ မိမိတို့ဘာသာစိတ်ကြိုက်လှုပ်ရှားသွားလာလို့ မရဘူး။ အီလက်ထရွန်က သူ့အလုပ်ကို သူလုပ်လို့ရမှာ ဖြစ်သလို၊ နျူထရွန်အလုပ်ကို ဖြစ်ဖြစ်၊ ပရိုတွန်အလုပ်ကို ဖြစ်ဖြစ် လုပ်လို့မရပါဘူး။ ကျမ်းမြတ်ကုရ်အနာ် စူရာဟ် ၃၆၊ အာယသ် တော် ၃၈ မှာ (ဝရှ်ရှမ်ဆု၊ သဂျ်ရီး၊ လိမုစ်သကရ်ရိလ်လဟာ၊ ဇာလိက သက္ကဒီးရူလ် အဇီးဇိလ် အလီးမ်) အာယသ်တော်က ရှင်းနေတယ်။
“နေသည် သွားလာလှုပ်ရှားလှည့်ပတ်နေသည်။ သူ၏သတ်မှတ်ထားခြင်းခံရသော လမ်းကြောင်းအတိုင်းသာ ဖြစ်သည်။ (ဇာလိက သက္ကဒီရ်) အဲဒါဟာ သက္ကဒီရ်သာဖြစ်သည်။ ”
ကုရ်အာန်က ဖော်ညွှန်းထားတာက ရှင်းရှင်းလေးပါ။ နေရဲ့နေ့စဉ်သွားလာလှုပ်ရှားနေတာဟာ အလ္လာဟ်သတ်မှတ် ထားတဲ့ သက္ကဒီရ်ဘဲဖြစ်ပါတယ်လို့ အသိပေးနေခြင်းဖြစ်ပါတယ်။ လူတွေက အလ္လာဟ်သတ်မှတ်တဲ့ သက္ကဒီရ်အတိုင်း ငါတို့ဖြစ် ပျက်ကြုံတွေ့နေတာလို့ ပြောကြတယ်။ ကုရ်အာန်မှာတော့ အဲဒီလို လူတွေနဲ့ပတ်သက်ပြိး သတ်မှတ်ပြီးသားပါလို့ မပါဘူး။ ကုရ်အာန်ထဲမှာ လုံးဝမပါဘူး။ မပါတာကို ရှာမနေပါနဲ့။ ဆက်လက်ပြီး စူရာဟ် ၃၆ အာယသ်တော် ၃၉ မှာက
“လကိုလည်း ငါအရှင်မြတ်က (သက္ကဒီရ်) သတ်မှတ်လိုက်ပြီးဖြစ်သည်။ သူသွားရမယ့်လမ်းကြောင်းအတိုင်း၊ ခြောက်သွေ့စွန်ပလွန်ကိုင်းကဲ့သို့ ကွေးဆန့်သွားသည်အထိ” စောစောက နေသွားတဲ့ လမ်းကြောင်းနဲ့ ပုံစံမတူဘူးလို့ပြောတာ။ အဲဒီခေတ်က သိပ္ပံပညာဆိုတာ မထွန်းကားသေးဘူး။ အငြင်းပွားတာတွေ အများကြီးရှိတယ်။ ကုရ်အာန်က ပြောတာ ရှင်းရှင်း လေး။ သိပ္ပံပညာကို သိရင်၊ နားလည်တတ်ကျွမ်းရင် ကုရ်အာန်ကိုနားလည်မယ်။ အသုံးချလို့ရလိမ့်မယ်။ ဖေကာဟ်ကို သိရုံနဲ့ တော့ ကုရ်အာန်ကို နားလည်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကုရ်အာန်ကို နားလည်ချင်ရင် သိပ္ပံပညာကို နားလည်အောင်လုပ်။ ကုရ်အာန်ကို နားလည်သဘောပေါက်လာလိမ့်မယ်။ လက်ကို ဘယ်လိုဆေးရမလဲ။ ကြက်မ ဥ၊ ဥတာ တစ်ပိုင်း အပြင်ရောက် တုန်း ကြက်မသေသွားရင် ဘယ်အပိုင်းက စားပိုင်လဲ။ မပိုင်လဲ အဲဒါတွေလိုက်မရှာနဲ့။ ကုရ်အာန်မှာမပါဘူး။ အဲဒါက ပြဿနာ မဟုတ်ဘူး။ လွယ်လွယ်လေး စားချင်ရင်စား၊ မစားချင်ရင် လွှင့်ပစ်။ နောက်တစ်လုံးဝယ်စား။ ကလေးတောင်ဖြေရှင်းတတ် တယ်။
ကုရ်အာန်ရဲ့ အစမှာကိုက သိပ္ပံပညာနဲ့ စဖွင့်ထားတယ်။ မဆလာနဲ့စဖွင့်ထားတာ မဟုတ်ဘူး။ ကုရ်အာန်ကို စဖွင့်လိုက်တာနဲ့ သိပ္ပံပညာအကြောင်းပြောတယ်။ “အလ်ဟမ်ဒုလိလ္လာဟိ ရဗ္ဗိလ်အားလမီးန်” (၁း၁) စကြဝဠာအကြောင်း စတယ်။ ကျွန်တော်တို့က ဟတ်ချိုး နှာချေလိုက်တာလေးနဲ့ ရွတ်ဖတ်ပြီး ပွဲသိမ်းလိုက်ကြတယ်။ ဘယ်လောက်ဆိုးဝါးကြသလဲ။ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချင်တာ နှာချေလိုက်တာနဲ့ ပွဲသိမ်းလိုက်တယ်။ အာယသ်ကပြောနေတာက ကြီးကျယ်တဲ့ သဘာ၀ စကြဝဠာကြီးအကြောင်းကနေ အစချီထားတာ။ ဒါကို ဂရုမစိုက်ဘူး။ နားမလည်ဘူး။ သိအောင်လည်း မလုပ်ကြဘူး။ တာဝန်ရှိမှန်းလည်းမသိဘူး။ နှာချေတယ်။ အလ္လာဟ်ကို တလိုက်ရုံနဲ့ တာဝန်ကျေသွားပြီလို့ ထင်နေကြတယ်။ ကုရ်အာန်ကို ရောင်းစားနေတာ။ အဲဒါတွေဘယ်ကလာသလဲ။ ကျွန်တော် ကျမ်းတွေမပြောချင်ဘူး။ လူကြီးမင်းတို့ လေ့လာပါ။
စောစောကပြောတဲ့ အကီဒါတွေပါဘဲ။ ကျွန်တော်တို့က မွတ်စလင်မ်ဖြစ်မှန်းမသိတဲ့ အခြေအနေမှာတောင် ရောက်နေ ကြပါပြီ။ အဲဒါကို ဆွဲထုတ်လိုက်ဖို့အတွက် ကျွန်တော်တို့မှာ ဆင်ခြင်ဉာဏ်၊ အမြော်အမြင်လိုအပ်တယ်။ အသိပညာ၊ အတတ် ပညာတွေ ကျွန်တော်တို့မှာ လိုပါတယ်။ ယုံကြည်မှုက သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တခါတရံမှာ အဲဒီလို အသိပညာ၊ အတတ်ပညာတွေ မိုးပျံအောင် တတ်ထားတာတောင်မှ စကြဝဠာသဘာဝလောကကြီးရဲ့အကြောင်းကို ကောင်းစွာနားလည် သဘောပေါက်ထားတာ ဖြစ်ပေမယ့် အဲဒီပုဂ္ဂိုလ် အစ္စလာမ်ကိုလေ့လာပြီးသွားရင် သဘာဝကြီးက ဘယ်လိုတန်ခိုးရှိတာဆိုပြီး သူပြောလိမ့်မယ်။ အဲဒါ အကီဒါကြောင့်ဖြစ်တယ်။ သူလက်ခံယုံကြည်လိုက်တဲ့ အကီဒါက သူ့ရဲ့ပညာကို လွှမ်းမိုးချယ်လှယ် လိုက်တာ။ ကျမ်းမြတ်ကုရ်အာန်မှာ ပြောတဲ့ နေကိုအလ္လာဟ်အရှင်မြတ်က သတ်မှတ်ထားပြီး ဖြစ်တဲ့ လမ်းကြောင်းမှာ သတ်မှတ်ထားတဲ့ အလျင်အတိုင်း တိကျမှန်ကန်စွာနဲ့ သွားလာလှုပ်ရှားနေတယ်။
အဲဒါတွေ ဖိကာဟ်မှာမသင်ဘူး။ ဘယ်ဘာသာရေး စာသင်ကျောင်းမှာမှ မသင်ဘူး။ ဒါတွေ မသိဘဲ ကုရ်အာန်ကို ဘယ်လိုနားလည်မလဲ။ နေဟာ သူ့ကိုသတ်မှတ်ပေးထားတဲ့ လမ်းကြောင်းကနေ တစ်ဆံချည်မျှင်လေးလောက်မှ လွှဲဖယ်တိမ်း စောင်းသွားခြင်း မရှိသလို၊ သတ်မှတ်ထားတဲ့ အချိန်ကနေပြီး တစ်စက္ကန့်လောက်ကလေးတောင် မြန်သွားခြင်း၊ နှေးသွားခြင်း မရှိပါဘူး။ ဒီလိုဘဲ။ လရဲ့ သွားလာလှုပ်ရှားမှုဟာလည်း အလ္လာဟ်အရှင်မြတ်သတ်မှတ်ထားတဲ့အတိုင်း တသဝေမတိမ်း လိုက်နာလျက်ရှိနေပြီး နေနဲ့လမ်းကြောင်းမတူ၊ လှုပ်ရှားပုံမတူတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန် မှာ ဖော်ပြထားတဲ့အတိုင်းနေနဲ့လစန္ဒာတို့ဟာ သူတို့ိုကို အလ္လာဟ်အရှင်မြတ် သတ်မှတ်ပေးထားတဲ့လမ်းကြောင်းအတိုင်း သွားလာလှုပ်ရှားနေတာဖြစ်လို့ နေသည် လကို အမှီလိုက်နိုင်မှာလည်း မဟုတ်သလို၊ ညဉ့်သည်လည်း နေ့ကို ကျော်လွန်နိုင်မှာ မဟုတ်ပါဘူး။
နေနဲ့လ၊ နေ့နဲ့ည တို့ဟာ သူ့အချိန်နဲ့သူ၊ သူ့ကဏ္ဍနဲ့သူ စနစ်တကျ၊ တိကျမှန်ကန်စွာနဲ့ ဝင်ထွက်သွားလာလျက်ရှိနေ ကြပါတယ်။ အဲဒီလိုဘဲ စကြဝဠာမှာရှိနေတဲ့ ဂြိုဟ်၊ နက္ခတာရာအားလုံးဟာ သူ့အချိန်နဲ့သူ၊ သူ့နေရာနဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ လည်ပတ်သွားလာ လှုပ်ရှားလျက်ရှိနေပါတယ်။ တစ်ခုနဲ့တစ်ခု လမ်းကြောင်းလွဲ တိုက်ခတ်ခဲ့မယ်ဆိုရင် ကမ္ဘာကြီးပျက်မယ့်နေ့၊ တစ်နည်းအားဖြင့် ကိယာမသ်နေ့ဆိုတာ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေအကုန်လုံးကို အလ္လာဟ်က ကုရ်အာန်မှာ သက္ကဒီရ်လို့ သုံးနှုံးထားပြီး လူသားတွေမပါဝင်တာတွေ့ရှိရမှာဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄၃ အာယသ်တော် ၁၁ မှာ (ဝလ်လဇီး နဇ္ဇလ မိနပ်စ်စမာအိ၊ မားအာန် ဗိကဒရ်) အလ္လာဟ်အရှင်မြတ်သည် (နဇ္ဇလ) ချပေးတယ်။ ရွာသွန်းစေတော်မူ တယ်။ (မိနပ်စ်စမားအိ) မိုးကောင်းကင်ကနေ (မားအန်) ရေကို၊ (ဗိကဒရ်) သက္ကဒီရ်နဲ့။ အတိုင်းအတာသတ်မှတ်ချက်နဲ့ မိုးကောင်းကင်ကနေ မိုးရေကို အလ္လာဟ်အရှင်မြတ်က ရွာသွန်းစေတော်မူတယ်လို့ အသိပေးထားတာ။ ထိုအရှင်ကဘဲ ခြောက်သွေ့နေတဲ့ မြေဆီလွှာကို မိုးရေဖြင့်ပြန်လည် ရှင်သန်စိုပြေစေတော်မူတယ်လို့ အသိပေးပါတယ်။
မိုးရေကို သက္ကဒီရ်နည်းနဲ့ ရွာချတယ်လို့ အလ္လာဟ်ကပြောတာပါ။ မိုးကို သက္ကဒီရ်နဲ့ရွာသွန်းစေတယ်ဆိုတာ မိုးရွာစေ မယ့် အကြောင်းတရားတွေရှိမှ မိုးရွာမှာဖြစ်ပါတယ်။ မိုးဘယ်လိုရွာမလဲ။ မိုးဘာကြောင့် ရွာသလဲ။ ဒါကို လေ့လာဖို့ ဇလဗေဒ ပညာရပ်လိုတယ်။ ဒါကို တတ်ကျွမ်းရင် ကျွန်တော်တို့ ကုရ်အနာ်ကို လေ့လာဖို့ လွယ်ကူစေမယ်။ ‘ထိုနည်းတူစွာပဲ သင်တို့သည် ပြန်လည်ရှင်သန် ထမြောက်ကြရပေလိမ့်မည်။ ’ ဒါကြောင့် ဒီအာယသ်အရ အလ္လာဟ်အရှင်မြတ်က မိုးရွာသွန်းစေတော်မူတဲ့ အခါ မိုးဘာကြောင့် ရွာသလဲဆိုတာကို ကျွန်တော်တို့သိဖို့ လိုပါတယ်။ နေရဲ့အပူချိန်က ကမ္ဘာမြေပြင်ပေါ်မှာရှိ ပင်လယ်၊ သမုဒ္ဒရာ မြစ်ချောင်းအင်းအိုင်မှာရှိတဲ့ ရေတွေကို ရေခိုးရေငွေ့အဖြစ် စုပ်ယူပြီးထက်ကောင်းကင်မှာ စုစေတယ်။ အဲဒီကနေ တိမ်တောင်၊ တိမ်တိုက်တွေဖြစ်ပြီး လေထုနဲ့ထိတွေ့တဲ့အခါမှာ မိုးရေစက်များအဖြစ် ရွာသွန်းဖြိုးစေတယ်။ ဒါက ကျွန်တော်တို့ ငယ်စဉ်က ပထဝီဘာသာရပ်မှာ သင်ပေးခဲ့တာဘဲ။
အဲဒီလို မိုးရွာသွန်းစေမယ့် ဖြစ်စဉ်ကြီးတစ်ခုလုံးကို အလ္လာဟ်က သက္ကဒီရ်ဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ မိုးရွာစေ မယ့်အကြောင်းတရားကြောင့် မိုးရွာစေတာ။ အဲဒီအကြောင်းတရားမရှိရင် မိုးမရွာဘူး။ ဒါကြောင့် သဘာဝလောကကြီးမှာရှိနေ တဲ့ အရာခပ်သိမ်းအားလုံးဟာ အလ္လာဟ်ရဲ့ စည်းမျဉ်းဥပဒေသနဲ့ အညီ သတ်မှတ်ထားပြီးသား။ ကမ္ဘာလောကကြီးမှာရှိတဲ့ လူမှ အပ ကျန်သက်ရှိသက်မဲ့ အရာတွေ၊ သတ္တဝါတွေအားလုံးအတွက်၊ အလ္လာဟ်အရှင်မြတ်က သတ်မှတ်ထားတဲ့ ဥပဒေသ၊ စည်းမျဉ်းတွေရှိပြီးသား။ သတ္တဝါတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့ ဥပဒေအတိုင်း နေထိုင်သွားလာနေကြတာဖြစ်ပါတယ်။ အဲဒါက အလ္လာဟ်သတ်မှတ်ထားတဲ့ သူတို့ရဲ့သက္ကဒီရ်ဖြစ်ပါတယ်။ ဥပမာ ကျားရဲ့သက္ကဒီရ်မှာ မြက်စားဖို့ မပါသလို၊ နွားရဲ့ သက္ကဒီရ်မှာ လည်း အသားစားဖို့မပါဘူး။ ဒါပေမယ့် လူသားအတွက်တော့ ပုံသေကားချပ်သက္ကဒီရ် သတ်မှတ်ပေးလိုက်တာမရှိဘူး။ အလ္လာဟ်အရှင်မြတ်က လူတစ်ယောက်ကို ဘာဖြစ်ရမယ်။ ဘာမဖြစ်ရဘူးဆိုတဲ့ ပုံသေကားချပ် သတ်မှတ်ပေးလိုက်တာ မရှိဘူး။ အဲဒါနဲ့ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၇ (စူရာဟ် ဗနီအိစ္စရာအီလ်) အာယသ်တော် ၁၃ မှာ –
“ငါအရှင်မြတ်သည် လူတိုင်းလူတိုင်း၏ အပြုအမူကို ၎င်း၏လည်ကုပ်တွင် ခိုင်မြဲစွာ ချည်နှောင်ထားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ကိယာမသ်နေ့တွင် ၎င်းအား မှတ်တမ်းတစ်ခုအား ထုတ်ပေးတော်မူပေမည်။ ၎င်းသည် ထိုမှတ်တမ်းကို ပွင့်လျက်တွေ့ရှိရပေမည်။” (ဝကုလ်လ အင်န်စားန်) လူကို သီးခြားပြောခြင်းဖြစ်တယ်။ လူတစ်ဦးချင်း တစ်ဦးချင်းလို့ ပြောတယ်။ လူတွေအားလုံးလို့ မပြောဘူး။ ကုရ်အာန်က အဲဒီလောက် တိတိကျကျ ရှိတယ်။ (ဝကုလ်လ အင်န် စားန်) လူသားတစ်ဦးချင်းကို (အလ်ဇမ်နားဟု) ငါအရှင်ချည်နှောင်ပေးလိုက်ပြီး (သွားအိရဟု) သူ့ရဲ့လုပ်ပိုင်ခွင့် (ဖီးအုနုကိ) သူ့ရဲ့လည်ကုပ်မှာ။ ဆိုလိုတာက ငှက်တစ်ကောင်လို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်တာမျိုး၊ မိမိစိတ်ကြိုက်၊ မိမိလိုရာ အရှေ့အနောက် တောင်မြောက်လိုရာ အရပ်သို့ လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်တာလို့ ဆိုလိုရင်းဖြစ်ပါတယ်။ လုပ်ပိုင်ခွင့် ပေးလိုက်တာ။ ပြီးတော့ အဲဒီအရာကို အလ္လာဟ်အရှင်မြတ်က ဆွဲထုတ်မယ်။ ဘယ်တော့လဲ။ (ဝနစ်ရေဂျူးလဟု ယောင်မလ် ကိယာမာ) ကေယာမသ်နေ့ကျရင် ဆွဲထုတ်မယ်။ (ကိသားဗန်) မှတ်တမ်းအနေနဲ့။
လူသားမှာ လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ပေးထားခြင်းခံရပြီးဖြစ်တယ်။ သို့သော် တာဝန်ခံရမယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။ လူကို အဲဒါနဲ့ချုပ်ထားတယ်။ လုပ်ချင်တာလုပ်လို့ မရဘူး။ လုပ်ချင်တာလုပ်ပြီးရင် အဲဒီအတွက် တာဝန်ခံရ မယ်။ လူမှာစည်းမျဉ်းနဲ့အညီ အလ္လာဟ်လမ်းညွှန် ဝဟီရှိတယ်။ ကိယာမသ်နေ့မှာ လူသားဟာ သူ့ရဲ့လုပ်ကိုင်ဆောင်ရွက်ခဲ့သမျှ ကို မှတ်တမ်းအနေနဲ့ တွေ့ရမှာဖြစ်ပြိး အဲဒီအတွက် သူ့မှာ တာဝန်ခံရမယ်။ လူကို သက္ကဒီရ်နဲ့ပတ်သက်ပြိး အခြားအရာတွေနဲ့ ရောပြီး မပြောဘူး။ ဘာလို့လဲ။ လူကလွတ်လပ်တယ်။ ပုံသေကားချပ်သတ်မှတ်ထားတာ မရှိဘူး။ ဒါပေမယ့် လုပ်ရပ်တိုင်း အတွက် တာဝန်ခံရမယ်။ ကုရ်အာန်ကပေးတဲ့ အသိတရား။ လူတွေပြောသလို လူဟာ အလ္လာဟ်အရှင်မြတ်သတ်မှတ်လိုက်တဲ့ နဖူးစာ၊ ကံကြမ္မာ၊ ကံစီမံရာ ဖြစ်မယ်ဆိုတာ ကုရ်အာန်မှာမပါဘူး။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဖတ်ရွတ်ခဲ့တဲ့ အခြေခံ အကျဆုံးသော ကလီမာ။ မွတ်စလင်မ်ဖြစ်သွားစေတဲ့ အရာ။
(လာအိလားဟ အိလ္လာဟ်၊ မုဟမ္မဒူရ် ရစူလွလ္လာဟ်) ကလီမာ ၇ ပုဒ်ရှိတယ်။ အဲဒီအခြေခံ အကျဆုံးသော ကလီမာ တောင်မှ (ဝလ်ကဒ်ရေ ခိုင်ရဟီ ဝရှရ်ရဟိ မိနလ်လားဟိ သအ်လာ) ကျွန်တော်တို့ ဆိုခဲ့တယ်။ (ဝလ်ကဒ်ရိ) အလ္လာဟ်က သက္ကဒီရ် သတ်မှတ်လိုက်ပြီတဲ့။ (ခိုင်ရဟီ ဝရှရ်ရဟီသအ်လာ) ကောင်းတာရော၊ ဆိုးတာရော အားလုံးသတ်မှတ်ပြီဖြစ်တယ်။ အလ္လာဟ်ထံက လာတယ်တဲ့။ ကုရ်အာန်က ပြောတာက သဘာဝလောကကြီးမှာရှိတဲ့ လူမှအပ အရာအားလုံး နေ၊ လ၊ ကြယ်၊ နက္ခတ်တာရာ၊ မိုး၊ လေစတာတွေကို အလ္လာဟ်က သက္ကဒီရ်သတ်မှတ်ပြိး ဖြစ်တယ်လို့ ပြောတယ်။ လူမပါဘူး။ ဒါပေမယ့် လူတွေက အကောင်းအဆိုး၊ အလ္လာဟ်ဆီက လာတယ်။ အလ္လာဟ်က လူကို သက္ကဒီရ်သတ်မှတ်ပြီးသားလို့ ပြောတယ်။ ကုရ်အာန်က လူကို လွတ်လပ်ခွင့်ပေးထားပြီး တာဝန်ခံရမယ်လို့ပြောတယ်။
စဉ်းစားကြည့်ပါ။ လူကို သက္ကဒီရ်သတ်မှတ်ပြီး အကောင်းအဆိုး အလ္လာဟ်ဆီကလာတယ်ဆိုရင် အကြမ်းဖက် သမား တစ်ယောက် အကြမ်းဖက်တာမှန်သမျှ အကုန်လုပ်တယ်။ သူလုပ်ချင်လွန်းလို့ မဟုတ်ဘူး။ အလ္လာဟ်က သက္ကဒီရ်သတ်မှတ် ထားခဲ့လို့ လုပ်ရတာ။ မလုပ်ချင်ပေမယ့် သက္ကဒီရ်ကြောင့်လုပ်ရတာ။ သူ့မှာ ရွေးချယ်ခွင့်မှ မရှိတာ။ ဖြစ်နိုင်သလား။ မဖြစ်နိုင် ဘူးလား။ ဒါပေမယ့် ကလေးတွေကို မဒရ်ဆာကျောင်းမှာ ဒီကနေ့အထိ ဒီအတွေးအခေါ်ကို ရိုက်သွင်းနေတုန်းဘဲ။ (ဝလ်ကဒ်ရိ ခိုင်းရဟီ ဝရှရ်ရိဟီ မိနလ္လာဟိသအာလာ) ကုရ်အာန်က ဘာပြောထားလဲ။ အသင့်အပေါ်မှာ သက်ရောက်လာတဲ့ အရာ ကောင်းမွန်လှပတဲ့အရာမှန်သမျှဟာ အလ္လာဟ်ဆီက လာတာဖြစ်တယ်။ ဆိုးကျိုးတွေ သက်ရောက်လာပြီဆိုရင် ဒါ အလ္လာဟ် ထံက မဟုတ်ပါ။ အသင့်လုပ်ရပ်ကြောင့်သာဖြစ်တယ်။
ကုရ်အာန်ကပြောတာ ရှင်းရှင်းလေး။ ဟိုဘက်မှာ သင်ပေးနေတာက (ဝလ်ကဒ်ရိ ခိုင်ရိဟိ၊ ဝရှရ်ရိဟိ မိနလ်္လားဟု သအာလာ) ဆိုးတာရော၊ ကောင်းတာရော အလ္လာဟ်ဆီကလာတာ။ ကုရ်အာန်မှာ အလ္လာဟ်ပြောတာက ကောင်းတာတွေ ငါ့ဆီကလာတာ၊ ဆိုးတာတွေ လူလုပ်တာ။ အလ္လာဟ်အရှင်မြတ်က အကောင်းအဆိုးတွေ ဖန်တီးပေးထားတယ်။ လူတွေရဲ့ လုပ်ရပ်ကြောင့်ဖြစ်လာတဲ့ မကောင်းမှုဆိုးကျိုးတွေဟာ အလ္လာဟ်နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့ရဲ့ အသုံးမကျမှုကြောင့် အလ္လာဟ်စီမံပေးထားတဲ့ မီးကို မကောင်းတဲ့နေရာမှာသုံးရင် လောင်ကျွမ်းမှုကို ခံရမှာဘဲ။ အကျိုးရှိစွာသုံးရင် အကျိုးရှိမှာဘဲ။ ဒါကြောင့် လူကြီးမင်းတို့ စဉ်းစားကြည့်စေလိုပါတယ်။ သဘာဝလောကကြီးမှာရှိတဲ့ အရာမှန်သမျှ အလ္လာဟ်သတ်မှတ်ထားတဲ့ သက္ကဒီရ်အတိုင်း တည်ရှိနေပြီး၊ လူသားဟာ အဲဒီကနေ ကင်းလွတ်နေတယ်ဆိုတာ ကုရ်အာန်က မီးမောင်းထိုးပြထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ငယ်ငယ်လေးကတည်းက ရိုက်သွင်းခံထားရတဲ့ အကီဒါတွေဟာ ကုရ်အာန်ကို ဖုံးလွှမ်းနေရာယူ ထားတဲ့အတွက် ကျွန်တော်တို့ဟာ ကုရ်အာန်ကို မမြင်နိုင်တော့ဘူး။
ဒါကြောင့် စောစောက ကျွန်တော်တင်ပြခဲ့သလို မှားမှန်းသိနေပြီဆိုရင် နောက်ထပ်အမှားတွေထဲကို ပြောင်းမလား။ အလ္လာဟ်ပြောထားတဲ့ အလ္လာဟ့်စကား၊ အလ္လာဟ့်တရား အလ်ဟက်ဖြစ်တဲ့ ကုရ်အာန်နဲ့အညီ ကျွန်တော်တို့ ပြောင်းပြိး ဘဝတည်ဆောက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အီမာန်ယုံကြည်မှုအရ ကျွန်တော်တို့ရဲ့ ဘဝလုံခြုံအေးချမ်းတည်ငြိမ်မှုရှိလာမှာ ဖြစ်ပါတယ်ဆိုတဲ့ အကြောင်း တင်ပြရင်း ရပ်နားလိုက်ပါတယ်။