သန့်ရှင်းစင်ကြယ်ခြင်း မကောင်းမှုများ၊ ညစ်ညမ်းမှုများမှ ဝေးစွာရှောင်ရှားခြင်း 10.10.2014ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
သန့်ရှင်းစင်ကြယ်ခြင်း
မကောင်းမှုများ၊ ညစ်ညမ်းမှုများမှ ဝေးစွာရှောင်ရှားခြင်း
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား-
ကျနော့်အနေနဲ့ ယခင်ခွတ္တဗာဟ်တွေမှာ ခုံမင်နှစ်သက်ဖွယ် အစ္စလာမ်ရဲ့တန်ဖိုးများကို တင်ပြခဲ့ပါတယ်။ ယနေ့မှာလည်း အစ္စလာမ်ရဲ့ မြတ်နိုးဖွယ်တန်ဖိုးတစ်ခုဖြစ်တဲ့ သန့်ရှင်းစင်ကြယ်ခြင်း(မကောင်းမှုများ၊ ညစ်ညမ်းမှု များမှ ဝေးစွာရှောင် ရှားခြင်း)ဆိုတဲ့ `တွဟာရသ်´အကြောင်းကို ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားမှုတွေ ထဲကနေ လေ့လာတင်ပြလိုပါတယ်။
သန့်ရှင်းစင်ကြယ်မှုဟာ ကျန်းမာရေးအတွက် အခြေခံကျတဲ့ အဓိကလိုအပ်ချက်ဖြစ်သလို အစ္စလာမ်ရဲ့ အခြေခံမဏ္ဍိုင်တစ်ခုလည်းဖြစ်ပါတယ်။ သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခြင်းဖြင့် ရောဂါဘယအတော်များများကို ဝေးစွာရှောင်ရှားနိုင်ပါတယ်။ ကမ္ဘာမှာလူဦးရေတွေ တနေ့တခြားတိုးတက်လာတာနဲ့အမျှ ရောဂါဘယတွေလည်း ထူပြောများပြားလာပါတယ်။ ဒါကြောင့် ခေတ်မှီတိုးတက်တဲ့ မြို့ပြတွေမှာ သန့်ရှင်းရေးကို ဦးစားပေးဆောင်ရွက် ကြပါတယ်။ ဒီနေ့ခွတ္တဗာဟ်မှာ သန့်ရှင်းစင်ကြယ်ခြင်းဆိုတဲ့ အစ္စလာမ်တန်ဖိုးကို တင်ပြမှာဖြစ်ပါတယ်။
သန့်ရှင်းစင်ကြယ်ခြင်းကို ကုရ်အာန်မှာ သွာ ၊ ဟာ ၊ ရာ ဆိုတဲ့ ရင်းမြစ်စာလုံး သုံးလုံးနဲ့ဖော်ပြထားပါတယ်။ သွာ ၊ ဟာ ၊ ရာ ရဲ့ အခြေခံအဓိပ္ပါယ်ကတော့ စင်ကြယ်ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ဆင့်ပွားအဓိပ္ပါယ်ကတော့ ဝေးကွာ သွားခြင်းဖြစ်ပါတယ်။ ကုရ်အာန်မှာ သွာ ၊ ဟာ ၊ ရာ နဲ့ ဆက်နွယ်ပတ်သက်သော အရဗီဝေါဟာရ (၃၁)ကြိမ် ပါရှိပါ တယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၉း၁၀၈)မှာ-
`သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်သူများကို အလ္လာဟ်နှစ်သက်တော်မူပေသည်။´လို့ ဖော်ပြထားချက် ကလည်း သန့်ရှင်းစင်ကြယ်မှုဟာ အစ္စလာမ့်ရဲ့အခြေခံမဏ္ဍိုင်ဖြစ်ကြောင်းညွှန်ပြနေပါတယ်။
သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ရာမှာ ရုပ်ပိုင်းရော၊ စိတ်နှလုံးပိုင်းရော ပါဝင်ရမှာဖြစ်ပါတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်းနှစ်ခုလုံး သန့်ရှင်းမှသာ အလ္လာဟ်ရဲ့လမ်းစဉ်မှာ ရပ်တည်နိုင်သူဖြစ်မှာပါ။ မိမိကိုယ်တိုင်က မကောင်းမှုကို ကျူးလွန်နေသူ သစ္စာတရားကို ဆန့်ကျင်နေသူဖြစ်ရင် ကောင်းသော အသိုင်းအ၀ိုင်း၊ ကောင်းတဲ့သူတွေနဲ့ ဝေးကွာ နေမှာလို့ အသိပေးထားပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၃း၅၅)မှာ-
`အို- အီဆာ(အ)သင့်အား ကွယ်လွန်သေဆုံးစေတော်မူမည်။ ငါ့ထံတော်၌ မြှောက်စားတော်မူမည်။ သစ္စာ တရားကို ငြင်းဆန်ဖုံးကွယ်ထားသူများမှ သင့်အား သန့်စင်(ဝေးကွာ)စေတော်မူမည်။´ တမန်တော် အီဆာ(အ) က အလ္လာဟ်သည်လူသားအပေါင်း ပြုစုပျိုးထောင်ရှင်ဖြစ်သည်ဆိုတဲ့ သစ္စာတရားကို ဖြန့်ချိတဲ့အခါ မလိုက်နာလိုတဲ့ လူတွေက ဆန့်ကျင်လာပါတယ်။ ကူညီတဲ့သူတွေလည်းရှိတယ်။ ကူညီတဲ့သူတွေကို ဟ၀ါရီများ၊ ဆန့်ကျင်တဲ့သူ တွေကို ကာဖိရ်များလို့ ကုရ်အာန်ကဖော်ပြထားပါတယ်။
သစ္စာတရားကို လက်ခံတဲ့သူတွေက `ကျွန်ုပ်တို့ဟာ အလ္လာဟ်ရဲ့လမ်းညွန်ချက်တွေ အကောင်အထည် ပေါ်လာအောင် ကူညီသူများဖြစ်ပါတယ်။ အလ္လာဟ်သည်သာ ကျွန်ုပ်တို့ပြုစုပျိုးထောင်ရှင်ဖြစ်တယ် ဆိုတာကို ယုံကြည်သက်ဝင်ပါတယ်။ ကျွန်ုပ်တို့ကို ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာဆောင်ရွက်သူ(မွတ်ဆလင်မ်)များအဖြစ် လက်ခံတော်မူပါ။ `အို – ပြုစုပျိုးထောင်ရှင် ကျွန်ုပ်တို့သည် အရှင်၏ချမှတ်ပေးထားသော လမ်းညွှန်ချက်များကို ယုံကြည်သက်ဝင်ပြီး တမန်တော်၏လမ်းစဉ်ကိုလိုက်နာပါမည်။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ကို သစ္စာတရားအား သက်သေ ခံသူများစာရင်းတွင် မှတ်တမ်းတင်တော်မူပါ။´လို့ ကြွေးကြော်ချက်ကို (၃း၅၂-၅၃)တို့မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ တမန်တော်အီဆာရဲ့ လူ့အဖွဲ့အစည်းမှာ သူ့ကိုဆန့်ကျင်တဲ့သူတွေက အင်အားများပါတယ်။ တမန် တော်အီဆာ သက်တမ်းတလျှောက်လုံးမှာ ဆန့်ကျင်သူတွေက အမျိုးမျိုးအဖုံဖုံဒုက္ခပေးခဲ့ပါတယ်။ ကားစင်တင်ပြီး သတ်ဖြတ်ဖို့ကြံစည်ခဲ့ပါတယ်။ ဒီအကြံအစည် မအောင်မြင်ခဲ့ပါဘူး။ ဒါကို`မုသ၀ဖီးက´ဆိုတဲ့ စကားလုံးက ပြဆိုနေ ပါတယ်။ `မုသ၀ဖီးက´ဆိုတာကို ၀ဖာ့သ်ဖြစ်သွားတယ်လို့ပြောရင် ကျွန်တော်တို့အားလုံး နားလည်ပါတယ်။ ကွယ် လွန်သေဆုံးတယ်လို့ သဘောပေါက်ကြပါတယ်။ လောကတွင် သက်တမ်းစေ့နေထိုင်၍ သဘာဝအလျောက် ကွယ် လွန်သွားခြင်းဖြစ်ပါတယ်။ ကားစင်တင် အသတ်ခံရရင် `ကုတိလ´ဆိုတဲ့ အသုံးအနှုံးဖော်ပြမှာပါ။
ဆက်ပြီးမိန့်ဆိုချက် (၃း၅၄)မှာ ဒီအချက်ကို ပိုပြီးထင်ရှားစေပါတယ်။
`လူတို့သည် ကြံစည်ကြကုန်၏။ အလ္လာဟ်သည်လည်း ကြံစည်တော်မူ၏။ အလ္လာဟ်သည် ကြံစည်သူတို့ အနက် အကောင်းဆုံးကြံစည်သူဖြစ်တော်မူ၏´။ လို့ မိန့်ဆိုထားချက်ကလည်း အီဆာ(အ)ကို ကားစင်တင်တာ မအောင်မြင်ကြောင်း ဖော်ပြနေပါတယ်။ ဒီအာယသ်(၃း၅၄)မှာ ကြံစည်သည်ဆိုတဲ့ စကားလုံး မ.က.ရ ဆိုတာကို လူတွေအတွက်ရော၊ အလ္လာဟ်အတွက်ရော သုံးနှုံးထားပါတယ်။ လူတွေကြံစည်တာမှာ ကောင်းတာလည်းပါမယ်။ ဆိုးတာတွေလည်းပါမယ်။ အလ္လာဟ်ရဲ့ကြံစည်မှုကတော့ ကောင်းတာတွေကိုပဲဖြစ်စေတာပါ။ အလ္လာဟ်ဖြစ်နေလို့ ပါ။ အဆိုးကိုဖြစ်စေတယ်ဆိုရင် အလ္လာဟ်ရဲ့ကြံစည်မှုမဟုတ်တော့ပါ။ ကြံစည်သူဟာ အလ္လာဟ်မဟုတ်နိုင်ပါ။ လူတွေက ကောင်းတာတွေကို ဘယ်လောက်ပဲကြံစည်သည်ဖြစ်စေ၊ အလ္လာဟ်ရဲ့ကြံစည်မှုကိုတော့ မမှီနိုင်ပါဘူး။ အဆိုးတွေကို ကြံစည်ရင်လည်းကြာကြာ မတည်တံ့နိုင်ပါဘူး။
အာယသ်တော် (၃း၅၅)အရ အီဆာ(အ)ဟာ သက်တမ်းစေ့နေပြီး ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ပြီး နောက်ပိုင်းမှသာ တမန်တော်အီဆာ(အ)ရဲ့ ဂုဏ်သတင်းဟာ ပိုပြီးကျော်ကြားခဲ့ရပါတယ်။ သူအသက်ရှင်စဉ်ကာလ မှာ တမန်တော်အီဆာ(အ)ရဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ တမန်တော်ကြီးနဲ့ဝေးကွာခဲ့ရပါတယ်။ ဒီအာယသ်တော် တွေကို လေ့လာသုံးသပ်ကြည့်ရင် အလ္လာဟ်ရဲ့ပြဌာန်းချက်ရဲ့ အကျိုးဟာတိရစ္ဆာန်တွေနဲ့၊ သက်မဲ့တွေ၊ အပင်တွေ ပေါ်မှာ လုံးဝအကျိုးသက်ရောက်မှုရှိပါတယ်။ ဂြိုဟ်၊ နက္ခတ်တာရာတွေ၊ ရေ၊ မြေ၊ တောတောင် သစ်ပင်ပန်းမာလ်နဲ့ တိရစ္ဆာန်တွေအားလုံးဟာ ကြိုက်သည် မကြိုက်သည်ကိုတောင် ဆန်းစစ်နိုင်ခြင်းမရှိဘဲ အလ္လာဟ်ပြဌာန်းချက်ကို ချွင်းချက်မရှိနာခံနေကြရပါတယ်။ ဒါပေမဲ့ လူတွေအပေါ်မှာတော့ လူသားတို့ရဲ့လိုလားမှု၊ မနှစ်မြို့မှုအပေါ် မူတည် ပြီးတော့ အကျိုးသက်ရောက်မှုရှိပါတယ်။ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာ အလ္လာဟ်အမိန့်ကိုချွင်းချက်မရှိ လက်ခံနေရပေမဲ့ လူရဲ့စိတ်က နာခံမှုရောငြင်းဆန်မှုကိုရော ဆောင်ရွက်နိုင်ပါတယ်။
အလ္လာဟ်ရဲ့ပြဌာန်းချက်တွေကို လူသားတွေလိုလားနှစ်သက်စွာ လိုက်နာကျင့်သုံးရင် ကောင်းကျိုးကိုခံစား ရမှာဖြစ်တယ်။ အလ္လာဟ်ရဲ့ ပြဌာန်းချက်တွေကို ဆန့်ကျင်ရင်ဆိုးကျိုးတွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ အလ္လာဟ် ရဲ့ပြဌာန်းချက်တွေကို မှန်ကန်စွာနားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးရင် အေးချမ်းသာယာသော လောက နိဗ္ဗာန်ကို ရရှိမှာဖြစ်ပါတယ်။ လွဲမှားစွာကျင့်သုံးရင် ဒါမှမဟုတ် ဆန့်ကျင်ရင် မကောင်းသောအသိုင်းအ၀ိုင်းရဲ့ လွှမ်း မိုးမှုကိုခံရပြီး ပူပင်သောကတွေနဲ့ လောကငရဲထဲမှာ ကျရောက်မှာဖြစ်ပါတယ်။ (၃း၅၅)က အသိပေးချက် တစ်ခု ဖြစ်တဲ့ “၀မုသွဟ်ဟိရုက မင်နလ်လဇီးန ကဖရူး´´ သစ္စာတရားကို ငြင်းဆန်ဖုံးကွယ်ထားသူများထံမှ သင့်အား သန့်စင်(ဝေးကွာ)စေတော်မူမည်။ ဆိုတဲ့အသိပေးချက်ကို ကျနော်တို့အလေးဂရုပြုဖို့ လိုပါတယ်။
ကုရ်အာန်(၅၆း၇၉)မှာ `ဤသည် မဖျောက်ဖျက်နိုင်သော မှတ်တမ်း၌ရှိသည့် ဂုဏ်ကျက်သရေနှင့်ပြည့်စုံ သော ကုရ်အာန်ဖြစ်သည်။ ဤကုရ်အာန်ကို ဖြူစင်သန့်ရှင်းသူတို့သာလျှင် သဘောပေါက်လက်ခံနိုင်စွမ်း ရှိပေမည်။ ဤကုရ်အာန်သည် လောကခပ်သိမ်းကို ပြုစုပျိုးထောင်ရှင်ထံမှ ချမှတ်ပေးခြင်းဖြစ်သည်။ သို့ပါလျက် သင်တို့သည် ဤဟဒီးစ်(ကုရ်အာန်)ကို မထီမဲ့မြင်ပြုကြသလော။´
အီဆာနဗီရဲ့ လူ့အသိုင်းအ၀ိုင်းက သစ္စာတရားကို ဖုန်းကွယ်ငြင်းဆန်လို့ အီဆာနဗီနဲ့ဝေးကွာခဲ့ရတယ်။ ယခု တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ လူ့အသိုင်းအ၀ိုင်းဖြစ်တဲ့ ကျနော်တို့ကလည်း ကုရ်အာန်ကို မထီမဲ့မြင်ပြုနေကြလို့ ကုရ် အာန်နဲ့ဝေးကွာနေကြရပါပြီ။ ကမ္ဘာပေါ်မှာကုရ်အာန်ဟာ ဖတ်ရွတ်သူအများဆုံးကျမ်းဖြစ်ပေမဲ့ နားလည်သဘော ပေါက်သူတွေကတော့ အင်မတန် အင်မတန်ကိုနည်းပါလှပါတယ်။ ဒါကြောင့် ယနေ့ လူအများစုသိနေတဲ့ အစ္စလာမ် ဟာ ကုရ်အာန်ကိုအခြေခံတဲ့ အစ္စလာမ်မဟုတ်တဲ့ လူသားတို့တီထွင်ထားတဲ့ လမ်းစဉ်နဲ့အစ္စလာမ်ဖြစ်နေပါပြီ။ ရန် လိုမှုနဲ့ အစွန်းရောက်မှုရဲ့ ဘာသာသာသနာအဖြစ် ရှုမြင်ခံနေရပါပြီ။
သစ္စာတရားကို လက်ခံနိုင်ဖို့ဆိုတာ သန့်ရှင်းစင်ကြယ်တဲ့နှလုံးသားရှိဖို့ လိုအပ်ပါတယ်ဆိုတာကို တင်ပြခဲ့ တာပါ။ ယခုအခါ အမျိုးသမီးများ၊ အထူးသဖြင့် ဦးဆောင်ကဏ္ဍတွေမှာ ပါဝင်လှုပ်ရှားနေတဲ့အမျိုးသမီးတွေရဲ့ သန့် ရှင်းစင်ကြယ်မှုရှိအောင် ဆောင်ရွက်ရမှုတွေကို လေ့လာတင်ပြပါဦးမယ်။ ကုရ်အာန် (၃၃း၃၂)မှာပါ။
`အို – နဗီတမန်တော်၏ အမျိုးသမီးတို့သင်တို့သည် အခြားအမျိုးသမီးတစ်ဦးတစ်ယောက်ကဲ့သို့ မဟုတ် ချေ။ သင်မတို့သည် စည်းစောင့်လျက်နှလုံးသား၌ ရောဂါရှိနေသူတို့အား အထင်အမြင်မှားနိုင်သည့် စကားများ မပြောမဆိုကြလေနှင့်။ တရားမျှတစွာပြောခဲ့ကြကုန်လော့။
နောက် ကုရ်အာန်(၃၃း၃၃)မှာ
`သင်မတို့သည် အိမ်များ၌ မြဲမြံစွာနေထိုင်ကြလော့။ အမိုက်ခေတ်ကကဲ့သို့ မိမိကိုယ်ကိုမပြုကြကုန်လင့်။ လူ့ဘောင်ဘ၀တိုးတက်မှု(ဆွလာဟ်)တည်ဆောက်ကြလော့။ လိုအပ်သူများကို မိမိတို့စွမ်းအားဖြင့် ဖြည့်ဆည်း (ဇကားသ်)ပေးကြကုန်လော့။ အလ္လာဟ်နှင့် တမန်တော်အား နာခံကြကုန်လော့။ အလ္လာဟ်သည် သင်မတို့၏ အတိတ်ကာလက ပြစ်မှုများကို ရုပ်သိမ်းရန်ရည်ရွယ်၏။ အို – အိမ်တော်သူ အိမ်တော်သားတို့ သင်တို့ကို ဖြူစင် သန့်ရှင်းစေလို၏။´
ပြီးတဲ့နောက် ကုရ်အာန်(၃၃း၃၄)မှာ
`သင်တို့၏ အိမ်များ၌ အလ္လာဟ်၏ဒေသနာတော်နှင့် ဓမ္မသတ်များကို ဆည်းပူးလေ့လာကြကုန်လော့။….´
နဗီတမန်တော်၏ အမျိုးသမီးတွေဆိုတာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)နဲ့ နိကာဟ်ပြုထားသူများဖြစ်ပါ တယ်။ တမန်တော်မြတ်နှင့် လက်ထပ်ထိမ်းမြားထားသူများအနက် မိခင်မွန်ကြီးခတီဂျာသခင်မတစ်ဦးတည်းနှင့်သာ လင်နှင့်မယားဆက်ဆံရေးရှိပြီး ကျန်အမျိုးသမီးတွေနဲ့ကတော့ အမတွေ၊ နှမတွေလို တမန်တော်မြတ်ရဲ့ စောင့် ရှောက်ခံဘ၀နှင့် နေထိုင်ခဲ့ကြသူတွေပါ။ သူတို့ဟာ တခြားသူတွေနဲ့လည်း အိမ်ထောင်မပြုကြတော့ဘဲ စွန့်လွှတ် အနစ်နာခံပြီး အစ္စလာမ့်ရေးရာများကို ဆောင်ရွက်ခဲ့ကြသူတွေပါ။ အစ္စလာမ့်လူ့ဘောင်ရဲ့ ဦးဆောင်ဦးရွက်ပြုသူ များဖြစ်ပါတယ်။ ဒါကြောင့် အစ္စလာမ့်အသိုင်းအ၀ိုင်းက သူတို့ကို မိခင်မွန်များလို့ခေါ်ဝေါ်ကြပါတယ်။ ၎င်းတို့ဟာ မျိုး နွယ်စုအသီးသီးက ဂုဏ်သရေရှိ အမျိုးသမီးများလည်းဖြစ်ကြပါတယ်။ တမန်တော်မြတ်နဲ့ လာရောက်ပူးပေါင်းတဲ့ မျိုးနွယ်စုတွေထဲမှာ တချို့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေထက် စီးပွားရေးအခွင့်အလမ်းတွေ၊ ရာထူးဂုဏ်သိမ်နှင့် သြဇာအာဏာတွေအတွက် မျှော်ကိုးသူတွေလည်း ပါဝင်နိုင်ပါတယ်။ ဒါကြောင့် ကုရ်အာန်က သူတို့ကိုနှလုံးသား တွင် ရောဂါရှိသူများဟု ၀ိသေသပြုထားပါတယ်။ ဒီအတွက် မျိုးနွယ်စုတစ်ခုကို ဘက်လိုက်သော၊ အထင်အမြင် လွဲမှားစေသော စကားများမပြောဆိုမိဖို့၊ တရားမျှတစွာ ပြောဆိုနိုင်ဖို့အတွက် အလ္လာဟ်ရဲ့ဒေသနာတော်တွေ လေ့ လာမှတ်သားရမယ်လို့ သွန်သင်ထားပါတယ်။
အိမ်များ၌ မြဲမြံစွာနေဖို့ဆိုတာဟာ အိမ်တွင်းပုန်းလုပ်ဖို့ မဟုတ်ပါ။ လူ့ဘောင်တိုးတက်ရေး လုပ်ငန်းတွေ လုပ်ကြ(ဆွလာသ်တည်ဆောက်ကြ)၊ လိုအပ်နေသူများကို ထောက်ပံ့ကြေး(ဇကားသ်ပေးကြ)၊ မိမိတို့အိမ်များတွင် အလ္လာဟ်၏ ဒေသနာတော်များကို ဆည်းပူးလေ့လာကြဆိုတဲ့ တိုက်တွန်းချက်တွေက အိမ်တွင်းပုန်းလုပ်ဖို့ မဟုတ် ကြောင်း ထင်ရှားစေပါတယ်။ နဗီတမန်တော်ရဲ့ အမျိုးသမီးတွေလိုပဲ မွတ်စလင်မ်အမျိုးသမီးတွေ၊ အထူးသဖြင့် လူမှု ရေး လုပ်ငန်းလုပ်ဆောင်နေတဲ့ အမျိုးသမီးတွေက ကျင့်ကြံအားထုတ်ရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ မမြင်သင့်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို လုံခြုံစွာဖုံးအုပ်ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ခေါင်းမှာပုဝါ အုပ်မှ၊ ဟိဂျာဗ်ဝတ်မှ၊ ဗုရ်ခါဝတ်မှမဟုတ်၊ မိမိ၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စွာထားပြီး အခြားသူများကို ပြသ ဆွဲဆောင် မှုမလုပ်မိဖို့ အရေးကြီးပါတယ်။ ကျနော်တို့က ဗုရ်ခါဝတ်ဖို့မလိုဘူး။ ဟိဂျာဗ်ဝတ်ဖို့မလိုဘူးလို့ ပြောတော့ တချို့မိန်းကလေးတွေက လည်ဟိုက်အင်္ကျီတွေ၊ လက်ပြတ်အင်္ကျီတွေ၊ ခါးပေါ်၊ ပေါင်ပေါ်၊ ဒူးပေါ်အ၀တ်တွေ ၀တ် လာတာမျိုးဟာလည်း ဒီအာယသ်တော်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။ မြန်မာဆန်ဆန် လက်ဇက(သို့)လက်ရှည် အင်္ကျီနဲ့ထမိန်နဲ့ဆိုရင်လည်း ကျနော်တို့ မွတ်ဆလင်မ်အမျိုးသမီးလေးတွေဟာ ကျက်သရေရှိရှိလှပနိုင်ပါတယ်။ တစ်ဦးတစ်ယောက်ကို တစ်စုတစ်ဖွဲ့ကို ဘက်လိုက်တဲ့အပြောအဆိုတွေကို ရှောင်ရှားပြီး တရားမျှတစွာပြောဆို ခြင်းဖြင့် သန့်ရှင်းစင်ကြယ်သော အမျိုးသမီးများအဖြစ်ခံယူနိုင်ပါတယ်။ မကောင်းမှုများ၊ ညစ်ညမ်းမှုများမှ ဝေးစွာ ရှောင်ရှားနိုင်သော အမျိုးသမီးများဖြစ်ကြရပါမယ်။
သန့်ရှင်းစင်ကြယ်မှုနဲ့ပတ်သက်ပြီး အသိပေးလိုတဲ့နောက်တစ်ချက်ကတော့ ကျန်းမာရေးကဏ္ဍပါ။ ကျနော် တို့ ကမ္ဘာကြီးမှာ ရောဂါဘယတွေက အတော်ကို စုံလင်ပါတယ်။ ကူးစက်ရောဂါတွေမှာ တီဘီတို့၊ HIV တို့ ၊ အခု နောက်ဆုံးပေါ်ကူးစက်ရောဂါကတော့ အီဘိုလာရောဂါပါ။ အီဘိုလာကတော့ ယခုအချိန်ကထိ လူပေါင်း ၃၅၀၀ လောက်သေဆုံးပြီးဖြစ်ပါတယ်။ ယခုစပိန်နိုင်ငံ သူနာပြုတစ်ဦးကူးစက်ခံရကြောင်း သတင်းရတဲ့အတွက် ဥရောပကို ရောက်လာပြီလားလို့ စိုးရိမ်နေကြရပါတယ်။ အီဘိုလာရောဂါရှင်တွေမှာ လက္ခဏာအများစုကတော့ ဖျားနာခြင်းနဲ့ မောပန်းနွမ်းလျခြင်း ဖြစ်ပါတယ်။ ရောဂါသည် ၁၈%ခန့်မှာ နားလည်ရခက်တဲ့ သွေးယိုထွက်မှုများ ဖြစ်ပေါ်လေ့ရှိပါ တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရောဂါဖြစ်သူနဲ့ ခန္ဓာကိုယ်ချင်းထိတွေ့မှုရှိပါက ရောဂါကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး ၀န်ထမ်းများနှင့် အနီးကပ်ပြုစုစောင့်ရှောက်သူများကို ပို၍ကူးစက်တတ်ပါတယ်။ ၎င်းတို့အသုံးပြုသော ၀တ်ရုံများကို ချွတ်တဲ့အခါ ခန္ဓာကိုယ်နဲ့ထိမိရင်လည်း ကူးစက်ခံရတတ်ပါတယ်။ စပိန်သူနာပြုမှာ ၎င်းနည်းဖြင့် ကူးစက်ခံခဲ့ရတယ် လို့ ထင်မြင်ယူဆနေကြပါတယ်။
လူထူထပ်တဲ့ ဘတ်စ်ကားများ၊ မီးရထားများ၊ ပွဲခင်းများတွင် ရောဂါရှိသူနှင့်ခန္ဓာကိုယ်ချင်း ထိမိလျှင်ရောဂါ ကူးစက်နိုင်ပါတယ်။ ရောဂါဝင်နေချိန်မှာ ၂ ပါတ် ၃ပါတ်အထိ ရောဂါလက္ခဏာ မပြသေး။ ရောဂါလက္ခဏာပြနေသူ (ဥပမာ ဖျားနာပြီး မောပန်းနွမ်းလျနေသူ)နဲ့ ထိတွေ့မိမှသာ ရောဂါကူးစက်နိုင်ပါတယ်။ အာဖရိကသားတစ်ဦးသည် အီဘိုလာဖခင်အား အနီးကပ်ပြုစုပေးပြိး ရောဂါကူးစက်ခံရပါတယ်။ ဆေးရုံသို့အချိန်မီသွားပြ၍ ကုသနိုင်ခဲ့သဖြင့် ၁ ပတ်အတွင်း အီဘိုလာလက္ခဏာများ ပျောက်ကင်းသွားကြောင်းတွေ့ရပါတယ်။
အာရှဒေသသို့ မရောက်သေးပါ။ စိုးရိမ်စရာမရှိသေးပါ။ သို့သော်သတိတော့ထားရမှာပ။ါ မြန်မာပြည်မှာ တော့ လောလောဆယ် အီဘိုလာထက် တီဘီရောဂါနှင့်HIV တို့ကို ကူးစက်မှုမြန်သော ရောဂါအဖြစ် တွေ့မြင်ရပါ တယ်။ အခုရာသီ အကူးအပြောင်းမှာ ၀မ်းရောဂါကိုလည်း သတိထားရမှာပါ။ ဘယ်ကူးစက်ရောဂါကိုမဆို သန့်ရှင်း စင်ကြယ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဆေးပညာရှင်တစ်ဦးက မိမိလက်ကို သန့်ရှင်းစင်ကြယ်စွာထားခြင်းဖြင့် ကူးစက်ရောဂါများကို အများအားဖြင့် ကာကွယ်နိုင်ပါတယ်လို့ အကြံပြုထားပါတယ်။ ဘယ်အလုပ်ကိုမဆို လုပ်ကိုင် ပြီးရင် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာဆေးပါ။ အထူးဆပ်ပြာတွေမလိုပါဘူး။ ရိုးရိုးသာမန်ဆပ်ပြာနှင့်ပင် လုံ လောက်ပါတယ်လို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ကလည် လောကကောင်းကျိုးကို ဆောင်ရွက်ရတဲ့(ဆွလာသ်တည်ဆောက်မှု) လုပ်ငန်းစဉ်မှာ ရှေးဦးစွာသန့်ရှင်းစင်ကြယ်မှုရှိဖို့ ညွှန်ကြားထားပါတယ်။ စိတ်ရောကိုယ်ပါ သန့်ရှင်းစင်ကြယ်မှသာ ဆွလားသ်တည်ဆောက်မှုကို ဆောင်ရွက်နိုင်ပါတယ်။ ကျွန်တော်တို့ ဗလီမှာ ၀ူဇူပြုတဲ့နေရာမှာ အိမ်သာတက်တဲ့ နေရာတွေမှာပါ ဆပ်ပြာများထားပေးပါတယ်။ အမျိုးသားဘက်မှရော၊ အမျိုးသမီးတွေဘက်မှာပါ အိမ်သာတက်ပြီး လို့ ကိစ္စပြီးတဲ့ရေလောင်းချဖို့မလိုပဲ ဘားလေးတွေလှည့်လိုက်ရုံနဲ့ ရေဆွဲချပြိးဖြစ်အောင် ဆောင်ရွက်ထားပါတယ်။ ဒါတောင်တချို့က ဒီအတိုင်းထားပြီး ထလာခဲ့ကြတာတွေကို စိတ်ညစ်စရာကောင်းလောက်အောင် တွေ့မြင်နေရပါ တယ်။
သွဟာရသ်ဆိုတဲ့ သန့်ရှင်းစင်ကြယ်မှုဟာ အစ္စလာမ်ရဲ့အခြေခံမဏ္ဍိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ အစ္စလာမ် အသိုင်းအ၀ိုင်းက သန့်ရှင်းစင်ကြယ်မှုကို ပထမဆုံးဦးစားပေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းအပြင် သန့်ရှင်းမှုသာမက စိတ်နှလုံးသား ဖြူစင်သန့်ရှင်းဖို့လည်း လိုအပ်ပါတယ်။ ဆင်းရဲချမ်းသာမခွဲ သူစိမ်းဆွေမျိုးမခွဲ မိမိ စိတ်အလိုဆန္ဒနောက်မလိုက်ဘဲ အမှန်တရားဘက်မှာ ရပ်တည်နိုင်စွမ်းရှိမှလည်း သန့်ရှင်းစင်ကြယ်သူ ဖြစ်ပါလိမ့် မယ်။
အစ္စလာမ်က သတ်မှတ်ထားတဲ့ သန့်ရှင်းစင်ကြယ်မှုဟာ အလွန်ကျယ်ဝန်းလှပါတယ်။ ယနေ့ (၁၀.၁၀. ၂၀၁၄) ခွတ္တဗာဟ်မှာတော့ သစ္စာတရားကို သန့်ရှင်းစင်ကြယ်တဲ့နှလုံးသားပိုင်ရှင်များသာ လက်ခံနိုင်စွမ်းရှိတယ် ဆိုတဲ့အကြောင်း၊ ဦးဆောင်ဦးရွက် အခန်းကဏ္ဍမှာပါဝင်ဆောင်ရွက် နေကြတဲ့ အမျိုးသမီးများရဲ့ ကိုယ် ရောစိတ်ပါ သန့်ရှင်းစင်ကြယ်မှုကို လိုအပ်ကြောင်းနဲ့ ကူးစက်ရောဂါများအတွက် အကောင်းဆုံး ကာကွယ်ခြင်းဟာ သန့်ရှင်း စင်ကြယ်စွာ နေထိုင်ခြင်းပင်ဖြစ်ကြောင်းသာ တင်ပြနိုင်ခဲ့ပါတယ်။ အင်ရှာအလ္လာဟုသအာလာ နောင်အခွင့်သာရင် သန့်ရှင်းစင်ကြယ်မှုကို ဒီထက်ကျယ်ကျယ်ပြန့်ပြန့် တင်ပြဖို့ကြိုးစားပါ့မယ်လို့ ပြောကြားရင်း ယနေ့ခွတ္တဗာဟ်ကို ရပ်နားလိုက်ပါတယ်။