သန့်ရှင်းစင်ကြယ်ခြင်း (အပိုင်း-၃) ဇနီးမောင်နှံတို့၏ သန့်ရှင်းစင်ကြယ်မှု ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

သန့်ရှင်းစင်ကြယ်ခြင်း (အပိုင်း-၃)

ဇနီးမောင်နှံတို့၏ သန့်ရှင်းစင်ကြယ်မှု

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

        ဘာသာရေးခေါင်းဆောင်များက မိမိတို့၏ဘာသာ၊ သာသနာကို သဘာဝနှင့်ကိုက်ညီသော ဘာသာ သာသနာဖြစ်တယ်လို့ ညွှန်းဆိုလေ့ရှိကြတယ်။ သဘာဝကို လေ့လာကြည့်တဲ့အခါ သဘာဝတွင် သက်ရှိ၊ သက်မဲ့နှစ်မျိုးရှိတယ်လို့ အများအားဖြင့် လက်ခံပြောဆိုသုံးနှုံးကြပါတယ်။ ပညာရှင်အနည်းငယ်ကတော့ လောကတွင်ရှိရှိသမျှအားလုံးသည် သက်ရှိများသာဖြစ်တယ်လို့ ခံယူထားကြပါတယ။် ကျွန်တော်ကတော့် အများခံယူထားတဲ့အတိုင်း သက်ရှိ၊ သက်မဲ့ ဟူသော ရှုထောင့်ကနေတင်ပြပါ့မယ်။ သက်ရှိသက်မဲ့လို့ လက်ခံထားကြတဲ့သူတွေက ကြီးထွားဖွံ့ဖြိုးတယ်။ မျိုးပွား နိုင်စွမ်းရှိတယ်ဆိုရင် သက်ရှိ၊ ကြီးထွားဖွံ့ဖြိုးမှုမရှိ။ မျိုးပွားနိုင်စွမ်းမရှိရင် သက်မဲ့လို့သတ်မှတ်ကြပါတယ်။ ကြီးထွားဖွံ့ဖြိုးမှုရှိပြီး မျိုးပွားနိုင်စွမ်းရှိတဲ့ သက်ရှိတွေအကြောင်းကို လေ့လာရင် သက်ရှိတွေမှာ အပင်တွေပါဝင်တဲ့ (ရုက္ခလောက)၊ တိရစ္ဆာန်တွေပါဝင်တဲ့ သတ္တလောကနှင့် လူသားတွေပါဝင်တဲ့(မနုဿလောက)လို့ အဓိကအုပ်စု ကြီး(၃)မျိုးရှိနေပါတယ်။ အဲ့ဒီမှာ မနုဿလူသားတွေကတော့ တွေးတောဆင်ခြင်နိုင်မှု၊ ဘာသာစကားများဖြင့် ပြောဆိုဆက်ဆံနိုင်မှုတွေအရ ကမ္ဘာလောကကို လွှမ်းမိုးထားပါတယ်။ ဒါကြောင့် ကမ္ဘာလောကကြီးကို လူ့လောကရယ်လို့ တင်စားခေါ်ဝေါ်နေကြပါတယ်။

အဲဒီတော့ကာ သဘာဝကျတယ်ဆိုတာ အပင်တွေရဲ့သဘာဝလား၊ တိရစ္ဆာန်တွေရဲ့သဘာဝလား လူ့သဘာဝလားလို့ မေးခွန်းထုတ်စရာရှိနေပါတယ။် နှိုင်းယှဉ်ကြည့်ရင် အပင်တွေရဲ့သဘာဝနဲ့တိရစ္ဆာန်တွေရဲ့ သဘာဝကများစွာ ခြားနားတယ်။ အပင်တွေက တစ်နေရာထဲမှာဘဲ ရပ်တည်ပြီးကြီးထွားရှင်သန်ကြတယ်။ မျိုးပွား ကြတယ်။ တိရစ္ဆာန်တွေကတော့ လှုပ်ရှားသွားလာပြီး ကြီးထွားရှင်သန်ကြတယ်။ မျိုးပွားကြတယ်။ တိရစ္ဆာန်နဲ့လူမှာ ကြတော့ လှုပ်ရှားသွားလာနိုင်ကြပါတယ်။ မျိုးပွားနိုင်ကြပါတယ်။

ဒါပေမယ့် တိရစ္ဆာန်တွေရဲ့သဘာဝက မျိုးပွားလုပ်ငန်းဆောင်ရွက်ရာမှာ သားနဲ့အမိ၊ အဖနဲ့သမီး၊ မောင်နဲ့နှမ စည်းခြား ခြင်းမရှိပါ။ လူ့သဘာဝက မိဘနဲ့သားသမီး၊ မောင်ရင်းနှမရင်းတွေအပေါ်မှာ စည်းတွေတားထားပါတယ်။ ဒီလိုစည်းတွေ တားထားမှုသည်ပင် လူသားဆန်မှုဖြစ်ပါတယ်။ ဒီလိုစည်းတွေ မရှိရင် လူတွေဟာ တိရစ္ဆာန်တွေနဲ့ ဘာမှခြား နားတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ဘာသာ၊ သာသနာတစ်ခုကို သဘာဝဆိုတဲ့ပေတံနဲ့ တိုင်းတာထက် လူ့သဘာဝဆိုတဲ့ ပေတံနဲ့ တိုင်းတာတာက ပိုပြီး သင့်မြတ်လျော်ကန်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အယူဝါဒဆိုတာ လူသားတွေနဲ့ သက်ဆိုင်နေလို့ပါ။ အပင်တိရစ္ဆာန်တွေနဲ့ သက်မဲ့တွေက အယူဝါဒတွေ မလိုအပ်ပါ။ လူသားတွေကလည်း လူသား ဆန်တဲ့ စည်းစနစ်တွေကို စောင့်ထိန်းလိုက်နာဖို့ လိုအပ်ပါတယ်။ ဒီလိုစည်းတွေ မစောင့်ထိန်းရင် အဖေကသမီး အရင်းအပေါ်မှာ ကျူးလွန်တာ မောင်ရင်းနှမရင်းတို့ ထိမ်းမြားလက်ထပ်တာ မိထွေးတွေနဲ့ သားယောက်ကျားတို့ ထိမ်းမြားတာ ယောက်ခမ(ယောက်ကျားသူ)နှင့်ချွေးမ၊ ယောက်ခမ(မိန်းမသူ)နှင့် သမက်တို့ ဖောက်ပြန်တဲ့ ဇာတ်လမ်း တွေဟာ လူ့စည်းကျိုးပေါက်ပြီး တိရစ္ဆာန်ဘ၀ကို ရောက်ခဲ့ကြတဲ့ အဖြစ်အပျက်တွေပါ။ ဒါမျိုးတွေက အတိတ်ခေတ် ကလည်းဖြစ်ပျက်ခဲ့တယ်။ ယခုတိုင်အောင် မကြားဝံ့၊ မနာသာ ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းတွေပါ။ ဖိုနဲ့မ(သို့မဟုတ်) အထီးနဲ့အမဆိုတဲ့ ရှုထောင့်ကကြည့်ရင် ဒီလိုမကြားဝံ့မနာသာသော အဖြစ်အပျက်တွေသည်ပင်လျှင် သဘာဝကျနေတာပါ။ဒီသဘာဝကတော့ လူသားဆန်မှု စည်းကျိုးပေါက်ပြီး တိရစ္ဆာန်အဖြစ်ရောက်ရှိသွားမှုပါ။ လူ့သဘာဝမှာတော့ ဒါမျိုးတွေကို လက်မခံနိုင်ပါဘူး။

ဒါကြောင့် အယူဝါဒတစ်ခုကို သဘာဝကျသည်၊ မကျသည်လို့ ဝေဖန်ဆန်းစစ်တာထက် လူ့သဘာဝနဲ့ ကိုက်ညီမှုရှိ၏၊ မရှိ၏လို့ဆိုတဲ့ ဝေဖန်ဆန်းစစ်မှုက ပိုမိုသင့်လျော်ပါလိမ့်မယ်။ ဒါပေမယ့်လည်း လူတွေကြား မှာ တိရစ္ဆာန်တွေတောင် မလုပ်တဲ့အကျင့်အမူတွေလည်းရှိပါတယ်။ ယခုခေတ်မှာ ထင်ရှားစွာပေါ်ပေါက်နေတဲ့ အပြု အမူတွေကတော့ ယောက်ကျားများအချင်းချင်း၊မိန်းမအချင်းချင်းအိမ်ထောင်ပြုတဲ့ အလေ့အထပါဘဲ။ ဒီလိုမျိုးကို တိရစ္ဆာန်တွေ တောင်မကျင့်သုံးကြပါဘူး။ ဒီလိုမျိုးအလေ့အထမျိုးတွေအနက် ယောက်ကျားသားအချင်းချင်း အိမ်ထောင်ပြုခြင်းဟာ တမန်တော်လူးသ်(အ)ရဲ့ လူ့အဖွဲ့အစည်းက စတင်ကျင့်သုံးခဲ့ကြတာလို့ ကုရ်အာန်မှာဖော်ပြထားပါတယ်။ ဒါဟာလူ့အဖွဲ့အစည်းမှာ သန့်ရှင်းစင်ကြယ်မှုကင်းမဲ့တဲ့လုပ်ရပ်လို့ သတ်မှတ်ပါတယ်။

သန့်ရှင်းစင်ကြယ်ခြင်းဆိုတာ အစ္စလာမ့်လမ်းစဉ်ရဲ့ အခြေခံမဏ္ဍိုင်လို့ တင်ပြခဲ့ပြီးပါပြီ။ ယခုသန့်ရှင်းစင် ကြယ်ခြင်း အပိုင်း(၃)အနေနဲ့ `ဇနီးမောင်နှံတို့၏ သန့်ရှင်းစင်ကြယ်မှု´ကိုတင်ပြမှာဖြစ်ပါတယ်။ ဒီလိုတင်ပြရာမှာ လူ့ယဉ်ကျေးမှု ကင်းမဲ့တဲ့အသုံးအနှုံးများပါခဲ့ရင် တရားသဘောနဲ့ ကြားနာဖတ်ရှုပေးဖို့ ဦးစွာမေတ္တာရပ်ခံအပ်ပါ တယ်။ ဇနီးမောင်နှံတို့၏ သန့်ရှင်းစင်ကြယ်မှုအတွက် လိင်တူချင်းဆက်ဆံတာကို ရှောင်ကြဉ်ခြင်းဟာ အစ္စလာမ်ရဲ့လမ်းစဉ်ဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၇)၊ အာယသ်တော်(၈၀)မှာ မိန့်ဆိုထားတာက

`လူးသ်နဗီက သူ၏မျိုးနွယ်များအား အသင်တို့အလျင် ခေတ်အဆက်ဆက်က ရှေးလူတစ်စုံတစ်ယောက်မျှ မပြုကျင့်ခဲ့ဖူးသည့် မကြားဝံ့မနာသာသော မကောင်းမှုကို အသင်တို့ပြုကြမည်လော။´ (ကုရ်အာန် – ၇း၈၀)

`အသင်တို့သည် အမျိုးသမီးများကို စွန့်ပစ်၍ ယောက်ကျားသားများထံ၌ ကာမဂုဏ်ကျူးလွန်ရန် ပြုလုပ် ၏။ အမှန်မှာအသင်တို့သည် လူ့စည်းကိုချိုးဖောက်သူများဖြစ်ကြလေသည်ဟု ပြောသောအခါ ´ (ကုရ်အာန် – ၇း၈၁)

`သူ၏ မျိုးနွယ်များက ထိုသန့် ရှင်းစင်ကြယ်သည့် လူသားများအား သင်တို့၏ရပ်ရွာများမှ မောင်းထုတ် ပြစ်ကြဟုသာလျှင် အဖြေပေးကြလေသည်။´ (ကုရ်အာန် – ၇း၈၂)

အဲဒီခေတ်အခါက ယောက်ကျားသားအချင်းချင်းအပေါ်မှာ ကာမဂုဏ်အမှုကျူးလွန်ကြတယ်။ ဒီနေ့ခေတ် မှာတော့ ယောက်ကျားအချင်းချင်းသာမက၊ မိန်းမသားအချင်းလည်း ကာမဂုဏ်အမှုကျူးလွန်နေကြပါတယ်။ ဒီလို လူသားဆန်မှုစည်းကို ချိုးဖောက်တဲ့သူတွေဟာ အပျက်စီးကြီးပျက်စီးရပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၁၁) ၊ အာယသ်တော်(၈၂၊၈၃)မှာ

`အလ္လာဟ်၏ စီမံချက်ဆိုက်ရောက်လာသောအခါ သူတို့အားသည် ဦးဇောက်မှောက်ခုံဖြစ်လျက် ကန့်မိုး များအဆက်မပြတ် ရွာချခြင်းခံရလေသည်။ ကျူးလွန်စော်ကားသူများအတွက် ပြစ်ဒဏ်ကိုသတ်မှတ်ပြဌာန်းထား ရှိပြီး ဖြစ်လေသည်။´(ကုရ်အာန် ၁၁း၈၂၊၈၃)

လိင်တူချင်းဆက်ဆံတာကို မကြားဝံ့မနာသာသော မကောင်းမှုလို့ ကုရ်အာန်က သတ်မှတ်ထားပါတယ်။

မကြားဝံ့မနာသာသော မကောင်းမှုကို ရှောင်ကြဉ်ခြင်းဟာ ဆွလားသ်ပါဘဲလို့ (၂၉း၄၅)မှာ မိန့်ဆိုထားပါ တယ်။ `ဧကန်မုချ ဆွလားသ်သည် မကြားဝံ့မနာသာသော မကောင်းမှုများနှင့် ဒုစရိုက်မှုများကို တားဆီးပေးသည်။ အလ္လာဟ်၏ ကြီးမြတ်မှုကို ဖော်ပြပေး၏´(ကုရ်အာန် – ၂၉း၄၅)

မကြားဝံ့မနာသာသော မကောင်းမှုတွေထဲမှာ အသဘာဝဖြစ်သော ကာမလိုက်စားခြင်း၊ တရားမ၀င် ကာမ မှုကျူးလွန်ခြင်းတို့လည်း ပါဝင်ပါတယ်။ ဒါကြောင့် လိင်တူချင်းဆက်ဆံမှုကို ရှောင်ရှားခြင်းသည် ဆွလားသ်တည် ဆောက်မှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အလ္လာဟ်သည်ကြီးမြတ်အထွဋ်အထိပ်ဖြစ်ကြောင်း ဖော်ပြချက်တစ်ရပ်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့က အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်သည်လို့ ကြွေးကြော်အော်ဟစ်နေမဲ့အစား အလ္လာဟ်တားဆီးထားမှုများကို လက်ခံပြီးရှောင်ကြဉ်ခြင်းဟာလည်း အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်ကြောင်း အကောင်းဆုံးဖော်ပြချက်ဖြစ်သည်။

အလ္လာဟ်ဟုအက္ကဘရ်(အလ္လာဟ်သည် အကြီးမြတ်ဆုံး)လို့ အော်ဟစ်ပြီး လူတွေကြားထဲ ကားမောင်းပြီး သတ်ဖြတ်နေတဲ့ ယောက်ကျားသားအရူးတွေကို လုပ်မဲ့အစား အလ္လာဟ်ဟုအက္ကဘရ်လို့ ရွတ်ဆိုပြီး လူရမ်းကား ယောက်ကျားသားတွေကို လိင်ဖျော်ဖြေမှုပေးတဲ့ အမျိုးသမီးအရူးမတွေကို လုပ်မဲ့အစား အလ္လာဟ်တားမြစ်ထားတဲ့ မကောင်းမှုတွေကို ရှောင်ကြဉ်ခြင်းဟာ အကြီးမြတ်ဆုံး(အလ္လာဟ်ဟုအက္ကဘရ်)ဖြစ်သည်ဆိုတာကို အကောင်းဆုံး ဖော်ပြချက်ပဲ ဖြစ်ပါတယ်လို့ ဒီကဏ္ဍ ၂၉ မုက္ခပတ်တော် ၄၅က တင်ပြနေတာပါ။

ဒီကနေ့ အချိန်အခါမှာ အလ္လာဟ်ရဲ့တားမြစ်ချက်တွေကိုပဲ အစ္စလာမ်ဥပဒေ ရှရီအာဆိုပြီး အာဏာရှင် အစိုးရတွေ အကြမ်းဖက်သမားတွေက ပုံဖော်နေကြပါတယ်။ အဲဒီလိုပုံဖော်မှုကို လူငယ်(အမျိုးသား၊ အမျိုးသမီး) တွေက အဟုတ်ကြီးမှတ်ပြီး ယုံကြည်လုပ်ဆောင်နေကြတယ်။ အထူးသဖြင့် အယ်လ်ကေဒါတို့၊ တာလီဘန်တို့၊ ဘိုကိုဟာရမ်တို့ IS တို့လို အကြမ်းဖက်အဖွဲ့တွေက ရှရီအာဥပဒေဆိုပြီး ရက်စက်ကြမ်းကြုတ်မှုတွေကိုပဲ အစ္စ လာမ်ကပြဌာန်းသလို ယုံမှားမိကြတဲ့ တချို့သောလူငယ်များကို စိတ်ကစဉ့်ကလျားတွေဖြစ်ပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်စေတယ်။ အစ္စလာမ်နဲ့ဝေးရာဆီကို တွန်းပို့နေပါတယ်။

ကျမ်းမြတ်ကုရ်အာန်မှာ အမွေဆက်ခံမှု၊ ထိမ်းမြားလက်ထပ် ကွာရှင်းပြတ်စဲမှု၊ စစ်မက်အချိန်အခါမှာ လိုက်နာဆောင်ရွက်ရမှုနဲ့ ပတ်သက်တဲ့ပြဌာန်းချက်တွေ ပါဝင်ပါတယ်။ ဒီပြဌာန်းချက်တွေကို အကြောင်းပြုပြီး အစ္စလာမ့်နိုင်ငံတော် တည်ထောင်ရမယ်ဆိုတဲ့ လွဲမှားတဲ့အတွေးအခေါ်တွေကို အာဏာရှင်တွေ၊ အကြမ်းဖက် အဖွဲ့ အစည်းတွေ၊ အစ္စလာမ်ကို ထိုးနှက်တိုက်ခိုက်လိုသူတွေက မွတ်ဆလင်မ်များကို သွတ်သွင်းပေးနေပါတယ်။ ဒီပြ ဌာန်းချက်တွေဟာ အစ္စလာမ့်လူ့အဖွဲ့အစည်းမှာ ကျင့်သုံးရမှာဖြစ်ပါတယ်။ နိုင်ငံတော်အဖြစ်ပုံဖော်ဖို့ အစ္စလာမ်ရဲ့ ကျမ်းစာကုရ်အာန်မှာ လုံးဝပြဌာန်းထားခြင်းမရှိပါဘူး။အနန္တစကြာဝဠာနှင့် ကမ္ဘာကြီးသည်ပင်လျှင် (အလ္လာဟ်ရဲ့ပြဌာန်းချက်တွေကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ) အလ္လာဟ်ရဲ့နိုင်ငံတော်ဖြစ်ပြီးသားပါ။ နိုင်ငံတော်တစ်ခုဆိုတာ ဘာသာစုံ၊ လူမျိုးစုံ၊ အသွေးအရောင်စုံတဲ့ လူ့အဖွဲ့အစည်းတွေပါဝင်နေမှာပါ။ အဲဒီလိုနိုင်ငံမျိုးမှာ အစ္စလာမ့်လူ့အဖွဲ့အစည်းက နိုင်ငံတော်ကြီးတိုးတက် ကြီးပွားအောင် တစ်ဒေါင့်တစ်နေရာက ပါဝင်ဆောင်ရွက်ရန်ဖြစ်ပါတယ်။

ကုရ်အာန်က မပြဌာန်းထားတဲ့ ဥပဒေတွေကို ကျင့်သုံးစေခြင်းဖြင့် အစ္စလာမ်ဆိုတာ လူမဆန်တဲ့ အယူဝါဒ အဖြစ် အထင်အမြင်လွဲမှားအောင် ဆောင်ရွက်နေကြတာပါ။ ဥပမာ IS လိုအကြမ်းဖက် အဖွဲ့အစည်းမှာ နိုင်ငံ တကာက အစ္စလာမ်ဘာသာဝင် (ကုရ်အာန်ရဲ့ပြဌာန်းချက်တွေကို လွဲမှားစွာနားလည်လက်ခံသူ)တွေ ပါဝင်နေခြင်းကိုက အစ္စလာမ်ကို လူအများက အထင်လွဲနေတာပါ။

အစ္စလာမ်မှာ ဘာသာရေးအာဏာပိုင်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ လူတွေက ကုရ်အာန်ရဲ့ပြဌာန်းချက်တွေကို တလွဲအသုံးချပြီး တမန်တော်မုဟမ္မဒ်ရဲ့ ဟောကြားချက်ဆိုပြီး အကြမ်းဖက်နည်းလမ်းတွေကို ရိုက်သွင်းသင်ကြားပို့ချပေးနေကြပါတယ်။ ဒီလိုသင်ကြားချက်တွေကို လက်ခံနာယူနေကြတဲ့သူတွေထဲမှာ ပါကစ္စတန်ကို ပါလက်စတိုင်းလို ဆော်ဒီလိုလစ်ဗျားလို ဆီးရီးယားလို ယီမင်လို တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံလို ဆိုးဝါးလှတဲ့ စီးပွားရေးနဲ့နိုင်ငံရေးအခြေအနေတွေအောက်မှာ နေနေကြတဲ့ မွတ်ဆလင်မ်တွေ အများစုပါဝင်ပါတယ်။

အာဏာရှင်နိုင်ငံတွေက အုပ်စိုးသူအစိုးရများ ဘာသာရေး၊ အာဏာပိုင်တွေ၊ အကြမ်းဖက်သမားတွေက မွတ်ဆလင်မ်တွေကို ဆန်းစစ်ဝေဖန်တဲ့ အလေ့အကျင့်နဲ့ ကုရ်အာန်နဲ့ပတ်သက်ပြီး ပိုမိုလျော်ကန်သင့်လျော်တဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ငြင်းပယ်ထားကြတာဖြစ်ပါတယ်။ ဒီလိုအာဏာရှင်တွေ ဘာသာရေး၊ အာဏာပိုင်တွေ အကြမ်းဖက်သမားတွေကို မွေးထုတ်ပေးနေတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းများရဲ့ သင်ရိုးညွှန်းတမ်းတွေ ကို ပြောင်းလဲပြင်ဆင်နိုင်ရင် အစ္စလာမ်အမည်ခံ အကြမ်းဖက်သမားတွေ တော်တော်များများ လျော့နည်းသွားပါ လိမ့်မယ်။ အစ္စလာမ်လမ်းစဉ်ဟာ အကြမ်းဖက်ဥပဒေများပြဌာန်းတဲ့ နိုင်ငံတော်ကို ထူထောင်ဖို့မဟုတ်ဘဲ သန့်ရှင်း စင်ကြယ်တဲ့ ကိုယ်ကျင့်သီလနဲ့ပြည့်စုံတဲ့ လူ့အဖွဲ့အစည်းအားဖြင့် ငြိမ်းချမ်းရေးကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။

ဒါကြောင့် အစ္စလာမ့်ရဲ့အခြေခံမဏ္ဍိုင်ဖြစ်တဲ့ သန့်ရှင်းစင်ကြယ်ခြင်းအကြောင်းကို တင်ြပခဲ့တာ ယခုဆိုရင် အပိုင်း(၃)ရောက်နေပါပြီ။ ဇနီးမောင်နှံတို့၏ သန့်ရှင်းစင်ကြယ်မှုအပိုင်းမှာ ရာသီသွေးဆင်းနေတဲ့အချိန်မှာ လင်နှင့် မယားဆက်ဆံရေးကို ရှောင်ကြဉ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကုရ်အာန်(၂း၂၂၂)မှာ-

`ဓမ္မတာရာသီပန်းအကြောင်းမေးမြန်းသူတို့အား ပြောလော့။ ၎င်းသည် အနည်းငယ်ကိုယ်လက်မအီမသာမှု ဖြစ်၏။ ရာသီပန်းပွင့်ချိန်၌ ဇနီးမယားများနှင့် ခွဲခွာနေကြလော့။ ရာသီပန်းပွင့်ခြင်းမှ ဝေးကွာ(သန့်စင်)သော အချိန်ထိ မချဉ်းကပ်ကြလေနှင့်။ သန့်စင်သွားသောအခါ အလ္လာဟ်၏ပြဌာန်းချက်နှင့်အညီ သူမတို့ထံ ချဉ်းကပ်နိုင်ပေသည်။ အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် သစ္စာတရားဘက်သို့ ပြန်လှည့်သူများကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်သူများကိုလည်းကောင်း၊ နှစ်သက်မြတ်နိုးတော်မူပေသည်။´ (ကုရ်အာန် ၂း၂၂၂)

ဆူရာဟ် (၂း၂၂၂)ကို သမန်ကာလျှံကာ လေ့လာတဲ့သူတွေက မွတ်ဆလင်မ်တွေက ဓမ္မတာလာတဲ့ အကြောင်းကိုမေးတော့ အလ္လာဟ်တမန်တော်က ဓမ္မတာ(ရာသီသွေး)ဟာ မသန့်ရှင်းတဲ့အကြောင်း ပြောပြနေတာလို့ထင်နေကြပါတယ်။ အဲဒီလိုထင်မြင်ပြီး တမန်တော်ကပြောပြမှ ရာသီသွေးဟာ မသန့်ရှင်းပါလားလို့ မွတ်ဆလင်မ် တွေက သိကြတာလား။ အတော်ရယ်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းကြီးပါလား၊ လူတကာသိပြီးသားကိစ္စကို တခမ်းတနားပြောနေရလားလို့ ဝေဖန်သုံးသပ်နေကြလို့ပါ။ သေသေချာချာ ဖတ်ကြည့်ရင် ဒီအာယသ်တော်က ရာသီသွေးဟာ မသန့်ရှင်းဘူးဆိုတဲ့ အကြောင်းကို ပြောနေတာမဟုတ်ဘဲ မသန့်ရှင်းသောရာသီသွေးဆင်းနေချိန်မှာ လင်မယားဆက်ဆံမှု မလုပ်နဲ့လို့ တားမြစ်တာပါ။ အပေါ်ယံဖတ်ပြီး အလ္လာဟ်ရဲ့အာယသ်တော်တွေကို လှောင် ပြောင်နေကြတာကို စိုးရိမ်စိတ်နဲ့ သတိပေးတာပါ။ ဆက်လက်ပြီးတော့ ကုရ်အာန် (၂း၂၂၃)မှာ –

`ဇနီးမယားများသည် သင်တို့အဖို့ လယ်ယာမြေများပင်ဖြစ်လေသည်။ လယ်ယာမြေများသို့ သင်တို့ အလို ဆန္ဒအတိုင်းသွားလာကြကုန်။ မိမိ၏ မနက်ဖန်အတွက် ပြင်ဆင်ကြကုန်။ အလ္လာဟ်အပေါ်စည်းစောင့်ကြကုန်။ ထို အရှင်နှင့် ဆုံတွေ့ရမည်ကို သဘောပေါက်နားလည်ကြကုန်လော့ဟု ယုံကြည်သူများကို သတင်းကောင်းပေးပါ လော့။´ (ကုရ်အာန် ၂း၂၂၃)

 

ကုရ်အာန် (၂း၂၂၃)မှာ ပြဆိုထားတာက ဇနီးမယားဆိုတာ လယ်ယာမြေဖြစ်ပါသတဲ့။ လယ်ယာမြေများသို့ သင်တို့အလိုဆန္ဒအတိုင်း သွားလာကြကုန်လို့ ပြောထားတာကို ငါထွန်ချင်တဲ့အချိန်မှာ ထွန်ချင်သလိုထွန်လို့ရတယ်။ ရိတ်သိမ်းချင်တဲ့အချိန် ရိတ်သိမ်းလို့ရတယ်။ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက်ဆိုတဲ့ စည်းလွတ်ဝါးလွတ်ဖြစ်ချင်တာဖြစ် ငါဆန္ဒပြည့်ဝဖို့သာ အဓိကလို့မထင်လိုက်ပါနဲ့။ လယ်ယာမြေကို မြေဆီသြဇာကုန်ခမ်းမသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရပါတယ်။ ရာသီအလိုက်ထွန်ယက် စိုက်ပျိုးရပါတယ်။ ဆက်ပြီးတော့ “မိမိရဲ့နက်ဖန်အတွက် ပြင်ဆင်ကြလေကုန်။ အလ္လာဟ်အပေါ် စည်းစောင့်ကြကုန်။ အလ္လာဟ်နှင့် ဆုံတွေ့ရမည်ကို သဘောပေါက်နားလည်ကြကုန်”လို့ ပြောထားတာကို တွေ့ရမှာပါ။ အလ္လာဟ်က လွတ်လပ်မှုကို ပေးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းကိုပါ တပါတည်းပြဌာန်းထားတာပါ။

ဒီအာယသ်က ကိုယ့်စိတ်ကြိုက်ဘာမဆိုလုပ်လို့ရပါတယ်။ ဖြစ်လာတဲ့အကျိုးဆက်(ကောင်းကျိုး၊ ဆိုးကျိုး) တွေကိုလည်း ခံယူရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတာပါ။ ဒီတော့ ကျွန်တော်တို့သိထားရမှာက ဇနီးမယား တွေဟာ လယ်ယာမြေတွေဖြစ်တယ်။ လယ်ယာမြေများမှာ သစ်သီးဝလံ၊ သစ်ပင်၊ ပန်းမန်များ ဖွံဖြိုးကြီးထွားကြ တယ်။ သားသမီးများအတွက် မိခင်ရင်ခွင်သည်လယ်ယာမြေဖြစ်တယ်။ ဖခင်ဖြစ်သူက လယ်ယာမြေကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပြီး အချိန်အခါနှင့် လျော်ညီစွာထွန်ယက် စိုက်ပျိုးရပါတယ်။ သားသမီးများဘ၀အတွက်ပါ လယ်သမားဖခင်နဲ့မိခင်လယ်ယာမြေတို့က ပြုစုပျိုးထောင်ပေးရပါတယ်။

လယ်သမားများကို အရဗီဝေါဟာရနဲ့ ဖလားဟွန်း(သို့မဟုတ်)မုဇာရေအွန်း လို့ခေါ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ကတော့ (၆၈း၁၇)မှာ (အဆ်ွဟာဗုလ်ဂျန္နသ်) ဂျန္နသ်ဥယျာဉ်ကို ပြုစုပျိုးထောင်ပေးသူများလို့ ဂုဏ်ပြုခေါ်ဝေါ်ထားပါတယ်။ မိဘနှစ်ပါးက သားသမီးများဘ၀ကို ပြုစုပျိုးထောင်မှု မှန်ကန်ရင် ဂျန္နသ်ဥယျာဉ်သဖွယ် အခြေအနေတွေ ဖြစ်ပေါ်လာမှာပါ။ မှားယွင်းလွဲချော်စွာ ပြုစုပျိုးထောင်ရင် သားသမီးများဘ၀ ပျက်သုန်းသွားနိုင်တယ်လို့ ကြုံလှီပျက်စီးသွားတဲ့ သီးနှံတွေနဲ့ ဥပမာဆောင်ပြီး မိန့်ဆိုထားပါတယ်။ ကဏ္ဍ ၆၈ မုက္ခပါတ်တော် ၁၇ ကနေ ၃၃အထိမှာပါ။

လယ်သမားကောင်းဖခင်နဲ့ လယ်ယာမြေကောင်းမိခင်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် သစ်သီးဝလံ သစ်ပင်ပန်းမန်များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် လူဘောင်အကျိုးကို လျစ်လျူရှုခြင်း၊ လိုအပ်ချက်များ ရှိနေသူများကို ဝေမျှလိုစိတ်မရှိခြင်းတို့ကြောင့် ပုတ်ပဲ့ကြုံလှီသွားရသည်လို့ သာဓကဆောင် ဖော်ပြထားပါတယ်။ အလ္လာဟ်က လင်ယောက်ကျားတွေကို လယ်ယာမြေကို ပြုစုပျိုးထောင်ပေးသူများ၊ ဇနီးမယားတွေကို လယ်ယာမြေများ၊ သားသမီးတွေကို သစ်သီးဝလံ သစ်ပင်ပန်းမန်များအဖြစ် ပမာပြုထားပါတယ်။ ဖခင်လယ်သမားကြီး၊ မိခင်မြေကြီးတို့ရဲ့ သားသမီးမြေးမြစ်တို့ဖြစ်တဲ့ သစ်သီးဝလံသစ်ပင်ပန်းမန်တွေနဲ့ လူ့ဘ၀ကိုဥယျာဉ်ဘုံနန်းသဖွယ်တည်ဆောက်ရမှာပါ။

ဒီလိုဆောင်ရွက်ရာမှာ ဇနီးမောင်နှံတို့ရဲ့အခန်းကဏ္ဍဟာ အရေးပါလှပါတယ်။ ဇနီးမောင်နှံဆိုရင် ယောက် ကျားချင်းမဟုတ်ရဘူး။ မိန်းမသားချင်း မဟုတ်ရဘူး။ ယောက်ကျားနဲ့မိန်းမပဲဖြစ်ရမယ်။ ဇနီးသည်မှာ ဓမ္မတာလာနေ တဲ့အချိန်မှာ လင်နဲ့မယားမဆက်ဆံရဘူး။(မတို့ရ၊ မထိရ၊ တစ်အိပ်ယာတည်း အတူမအိပ်ရဟုပြောတာမဟုတ်) အထက်ပါအချက်များသည် မကောင်းမှုများ၊ ညစ်ညမ်းမှုများဖြစ်နေ၍ တားမြစ်ခြင်းဖြစ်တယ်။ ဤတားမြစ်ချက် များကို လိုက်နာရှောင်ကြဉ်ခြင်းသည် ဆွလားသ်၏အစိတ်အပိုင်းဖြစ်တယ်။ ဇနီးမောင်နှံ(၂)ဦးမှာ ပေါက်ဖွားလာတဲ့ သားသမီးများကို လူ့ဘောင်ကောင်းကျိုးကို ဆောင်ရွက်တတ်၊ အရည်အသွေး၊ အရည်အချင်းတွေမျှဝေတတ်တဲ့ သူတွေအဖြစ် ပြုစုပျိုးထောင်ရမယ်ဆိုတဲ့ ကုရ်အာန်ကျမ်းမြတ်ရဲ့ ပြဌာန်းချက်များကို အစ္စလာမ်ရဲ့တန်ဖိုးများအဖြစ်တင်ပြလိုက်ပါတယ်။