သမိုင်းထဲက သင်ခန်းစာများ(၁-၂) – သမ္မတကြီး အုမ္မရ် ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
သမိုင်းထဲက သင်ခန်းစာများ – သမ္မတကြီး အုမ္မရ်
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ချီးမွမ်းထောပနာပြုအပ်ပါတယ်။`အလ်ဟမ်ဒုလိလ္လာဟ်´
ကြွရောက်လာကြတဲ့ လူကြီးမင်းများ အပေါ်သို့လည်း ရဟ်မသ်၊ ဘရ်ကသ်မင်္ဂလာအဖြာဖြာ ကျရောက်ပါစေ ကြောင်း ဆန္ဒပြုရင်းဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု —
ဒီကနေ့ ကျွန်တော်တင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ `သမိုင်းထဲက သင်ခန်းစာများ´ဖြစ်ပါ တယ်။
“ယူဖရေးတီးမြစ်ကမ်းမှာ လူမဆိုထားနဲ့ ခွေးတစ်ကောင်ပင် လျှင် အစာငတ်သေဆုံးခဲ့သည်ရှိသော် အုပ်ချုပ်မင်းလုပ်နေတဲ့ ငါ့ တာဝန်မကင်းဘူး။ ဒီတာဝန်မဲ့မှုနဲ့ ပတ်သက်ပြီးတော့ ကေယာမသ်နေ့မှာ အစစ်ဆေးခံရမှာကို ငါစိုးရိမ်တယ်။ “
ဒီကမ္ဘာကျော်အဆိုအမိန့် (မွတ်ဆလင်မ်များနှင့်သာပတ်သက်သည်မဟုတ်ပေ)။ ကမ္ဘာ့နိုင်ငံအများစုက ကျောင်းသင်ခန်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ Quote လုပ်ခဲ့ကြတဲ့အဆိုအမိန့်တစ်ခုဖြစ်တယ်။ ဒီအဆိုအမိန့်ကို ပြောခဲ့သူက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က အာရေဗီးယားတစ်ခွင်ကို မင်းလုပ်အုပ်ချုပ်ခဲ့တဲ့ ဒုတိယခလီဖာကြီး ဖြစ်တဲ့ သမ္မတကြီးအုမ္မရ် ဖြစ်ပါတယ်။ ကျွန်တော်က သူ့အကြောင်းကို ပြောမယ်ဆိုတော့ ကျမ်းမြတ်ကုရ်အာန်မှာ ဘယ်လိုမျိုးသမိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာလိုက်စားဖို့ ကျွန်တော်တို့အတွက် လိုအပ်တယ်ဆိုတာ ကို ကျွန်တော်အရင်ပြောပြပါမယ်။
သမိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာဖို့ အတွက် ကျမ်းမြတ်ကုရ်အာန်မှာ များစွာသော အာယသ်တွေရှိတယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၉း၇၀ မှာ ဖော်ပြထားတာက တစ်ချို့ကုရ်အာန်ထဲမှာပါတဲ့ အကြောင်းအရာ တွေ ဆိုရင် ကျွန်တော်တို့ကြားတောင် မကြားဖူးဘူး။ ဒီအာယသ်မှာဆိုလို့ရှိရင် `အသင်တို့အရင်ရှိခဲ့ကြသော နူးဟ် အမျိုးသားများ၊ အာဒ်အမျိုးသားများ၊ စမုဒ်အမျိုးသားများ၊ အီဗရာဟင်မ်၏ အမျိုးသားအကြောင်း၊ မယ်ဒရန်မြို့သား များ၏ သတင်းများနှင့်ပတ်သက်၍ သူတို့ဘာတွေဖြစ်သွားလဲဆိုတာကို အသင်တို့မမြင်မတွေ့ကြဘူးလား။´
ဒီလိုမျိုးဘဲ — `အလမ်သရကိုင်းဖ ဖအာလာရဗ်ဗုက –´(ကုရ်အာန် စူရာဟ် ၁၀၅) စူရာဟ် ဖီးလ်မှာဆိုရင် `ဆင်တပ်ကြီးကို ငါအလ္လာဟ် ဘယ်လိုလုပ်လိုက်သလဲဆိုတာ အသင်တမန်တော် မမြင်ဘူးလား။´လို့မေးထားပါ တယ်။ ဘယ်လိုလုပ် တမန်တော်မြင်မှာလဲ။ တမန်တော်မှ မမွေးသေးတာ။ အမှန်က အလ္လာဟ်အရှင်မြတ်က တမန်တော်ကို သမိုင်းဆိုင်ရာအချက်အလက်တွေကို ဘယ်လိုဘယ်ပုံဖြစ်ပျက်ခဲ့တယ်ဆိုတာကို လေ့လာစေချင်တဲ့ ဆန္ဒ(အလ္လာဟ်ရဲ့ မရှီယသ်)ကို ပေါ်လွင်စေတာဖြစ်တယ်။
နောက်ထပ် အာယသ်တစ်ခုက စူရာဟ် ၃း၁၃၇-၁၃၈ မှာ
`အသင်တို့ အရင်အမျိုးမျိုးသော အယူဝါဒ၊ ထုံးတမ်းဓလေ့များ လိုက်စားခဲ့ကြသူများ ကမ္ဘာ့မြေပြင်ဝယ် မဟုတ်မမှန်လိမ်ညာမုသားပြောဆိုခဲ့ကြပြီး သူတို့မည်သို့မည်ပုံ ဘ၀ပျက်ခဲ့ကြသနည်းဆိုတာကို အသင်တို့လေ့လာ လိုက်စားမှု မပြုကြဘူးလား။ အသင်တို့ မသိကြဘူးလား။´လို့ မေးထားပါတယ်။
နောက် စူရာဟ် ၅၀း ၁၂-၁၄ မှာ
(ရာစ်) အရပ်၌ နေထိုင်သူများ။ ဒါဆိုရင် ကျွန်တော်တို့မသိခဲ့ကြဘူး။ တော်တော်လေး လေ့လာသူမှသာ သိချင်မယ်။ (နူးဟ် အမျိုးသားများ) ဒါကိုတော့ တော်တော်များများသိကြမယ်။ သင်္ဘောကြီးဆောက်၊ ရေလွှမ်းခဲ့ တာနဲ့ ပတ်သက်လို့သိကြတယ်။ (စမူးဒ်အမျိုးသားများ၊ ဖိရ်အောင်န်၏အကြောင်း) ဒါကိုလည်း တော်တော်များများ သိကြပါတယ်။ (လူးသ်၏ ညီအစ်ကိုတော်တော်များများ အကြောင်း) ဒါလည်း ကျွန်တော်တို့သိနေသေးတယ်။ လိင် တူဆက်ဆံရေးကြောင့် ဘယ်လိုဖျက်ဆီးခြင်းကို ခံခဲ့ကြရတယ်ဆိုတာ သိတယ်။
(အိုင်ကာတောအုပ်အကြောင်း) ကျွန်တော်တို့ မသိခဲ့ဘူး။ ကုရ်အာန်မှာပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ သိဖို့လိုတာပေါ့။ မသိလို့ရော ဘာဖြစ်လဲဆိုရင် ဘာမှမဖြစ်ဘူးလို့ပြောရမလား။ ဒါပေမယ့် ကုရ်အာန်မှာ အလ္လာဟ်က သိစေချင်လို့၊ လေ့လာစေချင်လို့ထည်ထားတာလေ။ ဒီလူတွေ၊ ဒီအမျိုးနွယ်အုပ်စုဝင်တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ လုပ်ရပ်တွေ၊ လုပ်ရပ်ရဲ့အကျိုးဆက်အဖြစ် အလ္လာဟ်ရဲ့ တုန့်ပြန်မှုတွေကို ကျွန်တော်တို့ကို သိစေချင်လို့ ကုရ်အာန်မှာ ရည်ညွှန်းပြီးမေးထားတာဆိုတော့ ကျွန်တော်တို့ သိသအောင်လေ့လာဖို့လိုတာပေါ့။ ကုလားအုပ်အကြောင်းကို မသိဘူးလား။ မလေ့လာဘူးလားလို့ မေးထားတာ ကုရ်အာန်မှာရှိတယ်။ ကုလားအုတ်ဘယ်လိုဖန်ဆင်းခြင်းခံထားရသလဲ။ မတွေ့ဘူးလားလို့ မေးထားပါတယ်။ အလ္လာဟ်က ကျွန်တော်တို့ကို လေ့လာစေချင်တာ၊ သိစေချင်တာပေါ့။ (သွဗ္ဗာအ်) အမျိုးသားတို့အကြောင်း အဲဒီ အာယသ်မှာပါတယ်။ ကျွန်တော်ပြောချင်တဲ့အေကြာင်းက သမိုင်းဆိုင်ရာအချက်အလက်တွေကို လေ့လာစူးစမ်းစေချင်တယ် ဆိုတာပါ။
တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့ အဆွေတော်တွေနဲ့ ပတ်သက်ပြီးတော့ ကျမ်းမြတ်ကုရ်အာန်မှာ အာယသ် တစ်ခုရှိပါတယ်။ ကုရ်အာန် စူရာဟ် ၄၈း၂၉ မှာပါတယ်။ ပညာရှင်အများစုက ဒီအာယသ်သည် တမန်တော် မြတ် မုဟမ္မဒ်(ဆွ)၏ အဆွေတော်တွေကို ရည်ညွှန်းတာပါလို့ပြောတယ်။ တစ်ချို့ပညာရှင်တွေက မွတ်ဆလင်မ်အားလုံး ကို ရည်ညွှန်းတယ်လို့ပြောတယ်။ စူရာဟ် ၄၈း၂၉ မှာ
`မုဟမ္မဒ်သည် အလ္လာဟ်အရှင်ြမတ်၏ ရစူလ်တမန်တော်မြတ်ဖြစ်သည်။ ၎င်းပြင် ထိုမုဟမ္မဒ်နှင့်အတူအကွ ရှိကြကုန်သောသူတို့သည် သွေဖည်ငြင်းဆန်၊ ဆန့်ကျင်တဲ့လူတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တုန့်ပြန်လေ့ ရှိကြပေမယ့် သူတို့တတွေအချင်းချင်းကြားမှာဆိုရင် မေတ္တာတရား ထောက်ထားညှာတာမှု သနားကြင်နာမှုတွေက လွန်စွာရှိခဲ့ကြတယ်။´
ဒါဟာ တမန်တော်မုဟမ္မဒ်နှင့်ပထမဆုံးရှိခဲ့တဲ့ Community အစုအဖွဲ့အတွင်းမှာရှိခဲ့ကြတဲ့ အခြေအနေကို ကုရ်အာန်က မီးမောင်းထိုးပြထားခြင်းဖြစ်ပါတယ်။ ဒါကို အခြေခံပြီး ကျွန်တော့်အနေနဲ့ဟဇရသ်အုမရ်အကြောင်းကို ပြောချင်ပါတယ်။ ပြောရတဲ့အကြောင်းရင်းကလည်း ကာတာ TV ကနေပြီးတော့ စီးရီးလွှင့်ပေးနေပါတယ်။ ဆော်ဒီ၊ အိုမန် တော်တော်များများနိုင်ငံမှာ လွှင့်ပေးနေတယ်။ ဟဇရသ်အုမရ်အကြောင်း စီးရီး ၃၀ ရှိတယ်။ ကျွန်တော်မသိ တဲ့ သမိုင်းတွေ အများကြီးပဲ။ ကျွန်တော်တို့အရင်က ကြားဖူးနားဝတွေနဲ့ တော်တော်လေးလွဲနေတာကိုလည်း တွေ့ရ ပါတယ်။ သမိုင်းဆိုင်ရာ အချက်အလက်တွေကိုပဲ ရိုက်ထားတာပါ။ စွန္နီတွေပဲရိုက်ထားတာပါ။ မကြာမီခွေအနေနဲ့ ဖြန့်ဖို့ မြန်မာစာတမ်းထိုးပြီးလုပ်နေတာရှိပါတယ်။
ဒါကို ကြည့်နေရင်းနဲ့ ကျွန်တော် ဒေါက်တာသန်းထွန်းရဲ့စာတွေ၊ ၀ါးခယ်မ မောင်မင်းနိုင်ရဲ့စာအုပ်တွေ၊ ဆရာဂျာဝိဒ်ရေးတဲ့ စာအုပ်တွေဖတ်တယ်။ ဟဇရသ် အုမရ်ရဲ့သမိုင်းထဲမှာ သူဟာ ကုရ်အာန်ကို ဘယ်လိုလက်ခံ ခဲ့သလဲ၊ ကုရ်အာန်နဲ့ပတ်သက်ပြီး ဘယ်လိုကျင့်သုံးအကောင်အထည်ဖော်ခဲ့သလဲ၊ ကျွန်တော်တို့ဘာတွေ Message ရသလဲဆိုတာကို ကျွန်တော်သိခဲ့ရပါတယ်။ ခေတ်သစ်သမိုင်းပညာရှင်တွေရဲ့ လက်ထက်မှာကို (Micheal H.Hart) ဒေါက်တာသန်းထွန်းဘာသာပြန်တယ်။ ဆရာ ၀ါးခယ်မမောင်မင်းနိုင်လည်း ဘာသာပြန်တယ်။ အဲဒီ ကျော်စွာ ၁၀၀ စာအုပ်မှာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို နံပါတ် (တစ်) ထားတယ်။ စာရင်းထဲမှာဟဇရသ် အုမ္မရ်အိဗ်နေအလ်ခပ်သွာဗ် နံပါတ်(၅၁)မှာရှိနေတယ်။ ဘယ်လိုမျိုးအင်ပါယာကို ချဲ့ထွင်ခဲ့တယ်ဆိုတာ ရေးထား တယ်။ ချဲ့ထွင်တယ်လို့ဆိုရာမှာလည်း မတရားသောနည်းနဲ့မဟုတ်ပဲ အပြုသဘောနဲ့ရေးထားတာကို တွေ့ရပါ တယ်။ အစ္စလာမ်သာသနာဟာ ဟဇရသ်အုမ္မရ်လက်ထက်မှာ နယ်ပယ်အသီးသီးကို ရောက်ရှိခဲ့တယ်ဆိုတဲ့ အကြောင်းကို သမိုင်းဆိုင်ရာအချက်အလက်အနေနဲ့ ဖော်ပြထားပါတယ်။
ဒီသမိုင်းဆိုင်ရာ အချက်အလက်တွေ၊ အထောက်အထားတွေဆိုတာကို ကျွန်တော်တို့က ကျမ်းမြတ်ကုရ် အာန်နဲ့ ချိတ်ဆက်ပြီး လေ့လာတဲ့အခါမှာ အများကြီးအသိတိုးပွားစရာတွေရတယ်။ နောက်ထပ်ဘာတွေရသေးလဲ ဆိုရင် တမန်တော်မုဟမ္မဒ်(ဆွ)နဲ့ သူ့ရဲ့နောက်လိုက်တွေခေတ် အစောဆုံးအခြေအနေ၊ အစ္စလာမ်လူ့အဖွဲ့အစည်းရဲ့ လူနေမှုအခြေအနေ၊ ယဉ်ကျေးမှုတွေ၊ အများကြီးသိရတယ်။ အဗ္ဗဒွလ္လာဟ်တို့ စလင်းမ်တို့ စသဖြင့်။ တမန်တော်က အလ္လာဟ်ဝဟီကိုပြောနေတဲ့အချိန်မှာ တစ်ဖက်မှာ အဗ္ဗဒွလ္လာဟ်တို့ ဘာတို့ ကပြဿနာရှာနေတယ်။ ဒါကြောင့် နာမည်တွေက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ဘူး။ ဒါကစဉ်းစားရမယ့်အချက်။ အဲဒီနာမည်ကြောင့် အလ္လာဟ်အရှေ့မှာ အလုပ်မဖြစ်ဘူး။ အလုပ်မလုပ်ဘူး။
ဝတ်စားဆင်ယသ်မှုကို ကြည့်ပြန်တော့လည်း ဒီအတိုင်းပဲ။ အာရဗ်တွေအားလုံး သူတို့ဝတ်စုံကိုပဲ ၀တ်ကြ တယ်။ အဗူဂျာဟီလ် ဒါဘဲဝတ်တာလေ။ ဒါတွေဟာ တမန်တော်မုဟမ္မဒ် တမန်တော်မဖြစ်ခင်ကတည်းက နဗူဝသ် မရခင်ကတည်းက ရှိနှင့်ပြီးသားယဉ်ကျေးမှု၊ နဗူဝသ်ရပြီးတော့လည်း ဒီပုံစံဘဲ ဘာမှလည်းမပြောင်းလဲသွားဘူး။ တစ်ချို့ဆိုရင် မုတ်ဆိတ်မထားတာလည်းရှိတယ်။ ယီမင်ကနေလာတဲ့လူ၊ အဘီဆီးနီးယားကလာတဲ့လူတွေ၊ သူတို့ဟာအစ္စလာမ်ကို ကိုလက်ခံပြီးတဲ့အခါမှာလည်း သူတို့စတိုင်ဘာမှမပြောင်းလဲခဲ့ဘူး။ အခုထိလည်း အီဂျစ်တို့ ဘာတို့မှာလည်း အစ္စလာမ်ကို လက်ခံပေမယ့် ကိုယ့်စတိုင်နဲ့ကိုယ်ဘဲရှိဆဲပါ။ ကျွန်တော်က ဝေဖန်ထိုးနှက်နေတာမဟုတ်ပါဘူး။ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာရင်ဒါတွေကို သတိထားမိမယ်လို့ပြေတာ။ ဒါကိုလေ့လာရင် အစ္စလာမ်ဆိုတာ ဘာကအဓိကကျလဲဆိုတာ ကုရ်အာန်က ရည်ညွှန်းသလဲဆိုတာ သိလာမယ်။
ဟဇရသ် အုမ္မရ်ဟာ မွတ်ဆလင်မ်မဖြစ်ခင်ကတညးက သူဟာ မျိုးနွယ်စုအကြီးအကဲ။ လူငယ်လူရွယ်။ အသက် ၂၃ နှစ်ခန့်သာရှိသေးတယ်။ ရဲရင့်တယ်။ ပြတ်သားတယ်။ ပညာ တတ်တယ်။ ကိုရိုက်ရှ် မှာ မျိုးရိုးစပ်တဲ့ပညာကို တော်တော်ကျွမ်းကျွမ်းကျင်ကျင် တတ်တာ နှစ်ဦးရှိတယ်။ နှစ်ယောက်လုံးက အုမ္မရ်ဘဲ။ အုမ္မရ် တစ်ယောက်က ဟဇရသ်အုမရ်၊ နောက်တစ်ယောက်က အဘူဂျာဟီလ်၊ အဘူဂျာဟီလ်ရဲ့နာမည်လည်း အုမ္မရ်ဘဲ။ အဲဒီ နှစ်ယောက်လုံးက တကယ်တော်တယ်။ လူကို မဆိုထားနဲ့ ကုလားအုတ်ကိုတောင် မျိုးစပ်တာတော်တယ်။ ဒီပညာရပ်အပြင် အခြားပညာရပ်တွေလည်း အများကြီးရှိတယ်။ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ လမ်းခရီးသွားတဲ့ ပညာ၊ နက္ခတပညာတွေ။ ဟဇရသ်အုမ္မရ်ဟာ လူမှုဆက်ဆံရေးအရမ်းကောင်းတယ်။ အခြားနယ်မြေတွေကို ကိုယ်စားလှယ်လွှတ်တော့မယ်ဆိုရင် ဟဇရသ်အုမ္မရ်ကို လွှတ်တယ်။
မှန်ကန်ပြတ်သားမှုရှိတဲ့ နေရာမှာလည်း တမန်တော်မြတ် မုဟမ္မဒ်(ဆွ) (နဗီမဖြစ်ခင်ကတည်းက) လိုဘဲ ဟဇရသ်အုမ္မရ် ကိုလည်း လေးစားကြတယ်။ အဲဒီလောက် နာမည်ကျော်တယ်။ ပြီးတော့အမျိုးကို စောင့်ရှောက်တယ်။ အာရဗ်တွေရဲ့ ဂုဏ်သိက္ခာကို လုံးဝအထိမခံဘူး။ အဲဒီမှာ ထူးခြားချက်က တမန်တော်မြတ်က ၀ဟီကိုစတင်ကြေညာတဲ့အချိန်မှာ အစ္စလာမ်ကိုလက်မခံချင်တဲ့လူတွေက ပြတ်ပြတ်သားသားဆန့်ကျင်ကြတယ်။ ဒုနဲ့ဒေးနဲ့ ဆန့်ကျင်ကြတယ်။ ဒီိအချိန်မှာ တမန်တော်မြတ်နဲ့တကွ ကနဦးမွတ်ဆလင်မ်တွေက ပုန်းလျှိုးကွယ်လျှိုး နေရတယ်၊လုပ်ကြံရတယ်။ တမန်တော်မြတ်ရဲ့ မျိုးရိုးဟာ ဗနီဟာရှင်မ်မျိုးနွယ်။ တကယ့်ကို အကာအကွယ်ရှိတယ်။ အဗူသွာလိဗ်တို့က လုံးဝကာကွယ်ပေးတာ။ အဗူသွာလိဗ်မဆုံးခင် အချိန်ထိ တမန်တော်မြတ်ကို ဘယ်သူမှ အန္တရာယ် မပြုရဲဘူး။ အာရဗ်မှာ ကိုယ့်မျိုးရိုးထဲကသူကို စွန့်လွှတ်လိုက်တဲ့ လူတွေလောက် ဂုဏ်သိက္ခာမဲ့တာဘာမှ မရှိဘူး။ တမန် တော်မြတ်ကို အဗူဂျာဟိလ်တို့အုပ်စုက ဘယ်လိုစည်းရုံးခဲ့သလဲဆိုတော့ မိန်းမ၊ ဥစ္စာ၊ ရာထူး၊ ငွေ ဘာလိုချင်လဲ။ ပေးမယ်။ ကုရ်အာန်ကို မပြောနဲ့။ မဟောနဲ့။ ဒါပေမယ့်တမန်တော်မြတ်က လက်မခံဘူး။
ဒါကြောင့် တမန်တော်ကို အသက်အန္တရာယ်ရန်မရှာခင် ပထမအဆင့် အစည်းအဝေးမှာ တမန်တော်မြတ်ကို စည်းရုံးဖို့တိုင်ပင်ကြတယ်။ အဲဒီအခါမှာ ဘယ်လို စည်းရုံးရမလဲဆိုတာကို ဟဇရသ်အုမ္မရ်က အကြံပေးထားတယ်။ တမန်တော်ဦးလေး အဗူသွာလိဗ်ကနေတဆင့် စည်းရုံးဖို့ပြောတယ်။ အဲဒီအကြံအတိုင်း အဗူသွာလိဗ်ကို သွားပြောတော့။ အဗူသွာလိဗ်က `ငါလည်း မတတ်နိုင်။ ငါလည်း ငါ့ဘာသာငါကိုးကွယ်တယ်။ သူလည်း သူကြိုက်တာသူကိုးကွယ်တယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိ တယ်။´ လို့ပြန်ပြောတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုတာ အဲဒီကတည်းက လူမှန် လူကောင်း တွေမှာရှိခဲ့တယ်။ အဗူသွာလိဗ် က မွတ်စလင်မ်မဖြစ်ခဲ့ဘူးလေ။
ဒီလို ဘယ်လိုမှစည်းရုံးလို့မရတဲ့အခါ အဗူဂျာဟိလ်တို့အုပ်စုက အဗူသွာလိဗ်ကို `ဒါဆိုရင်လည်း မင်းမျိုးနွယ်ထဲကနေ မုဟမ္မဒ်ကို စွန့်လွှတ်လိုက်´လို့ပြောပါတယ်။ သူတို့အပြတ်ရှင်းလိုက်မယ်လို့ ပြောပါတယ်။ အဗူ သွာလိဗ်က ဒါကိုလည်း လက်မခံခဲ့ဘူး။ ဒါကို ဟဇရသ်အုမ္မရ်ကြားတော့ ဒေါသဖြစ်တယ်။ `ခင်ဗျားတို့က သက် သက် မနာလိုဝန်တိုဖြစ်တာ။ အကယ်၍ အဗူသွာလိဗ်ဆိုတဲ့ ပုဂ္ဂိုလ်ဟာမုဟမ္မဒ်ကို စွန့်လွှတ်ခဲ့မယ်။ အကာအကွယ် မပေးဘူးဆိုရင် အဲဒီလူလောက် အာရဗ်သမိုင်းမှာ ယုတ်ညံ့တဲ့လူရှိလာမှာမဟုတ်ဘူး။ ကျုပ်ကိုယ်တိုင် မလေးစား တော့ဘူး´ လို့ပြောခဲ့ပါတယ်။ သူဖြစ်စေချင်တာက အဘူသွာလစ်ဗ် ကနေတဆင့်နားချပြီး တမန်တော်ကို သူတို့ ဘာသာဘက်ကိုပြန်ပြောင်းလာစေချင်တာလေ။ စွန့်လွှတ်စေချင်တာမဟုတ်ဘူး။
ဒါဟာ သူ(အုမ္မရ်)မွတ်ဆလင်မ်မဖြစ်ခင်က အခြေအနေပါ။ လူသားတစ်ယောက်မှာ ရှိတဲ့ Mindset ကို ပြောပြတာ။ ဒါကို မြင်စေချင်တယ်။ ကုရ်အာန်မှာပြောတာက လူတစ်ယောက်မှာ ရှိသင့်ရှိထိုက် တဲ့ လူသားစိတ်ဓါတ်ရှိရမယ်။ လူသားတွေထဲမှာ ဘယ်သူအမြင့်မြတ်ဆုံးလဲဆိုတာကို
ကျမ်းမြတ်ကုရ်အာန် ၄၉း၁၃ မှာ ဖော်ပြထားတာက
`လူသားတွေအနက် အမြင့်မြတ်ဆုံးသော၊ အဆင့်အတန်းမြင့်မားသောသူမှာ (အသ်ကားကွန်မ်) သက္က၀ါ တရားရှိသူသာဖြစ်သည်။´
သက္က၀ါတရားဆိုတာက ညီညွတ်မျှတပြီး၊ မှန်ကန်သောစိတ်ဖြင့် လူ့အဖွဲ့အစည်းအတွင်း ဘယ်လိုပုံစံနဲ့ အပြစ်တွေကို ရှောင်ပြီး ဘယ်လိုပုံစံနဲ့ မကောင်းမှုဆိုတာတွေကို သိပြီးရှောင်မယ်။ ဘယ်လိုပုံစံနဲ့ကောင်းမှုတွေကို သိပြီးလုပ်မယ်။ ဒါမျိုးကို သက္က၀ါလို့ရည်ညွှန်းတယ်။ ဥပမာ ဆိုပါစို့။ မာသာထရီစာလို ပုဂ္ဂိုလ်မျိုး။ သူ့ကို ကျွန်တော်တို့ သက္က၀ါရှိတယ်လို့ သတ်မှတ်လို့ရတယ်၊ မရဘူး။ ဒါက အလ္လာဟ်အရေး၊ အလ္လာဟ်ကိစ္စ။ အဲဒီလို အစ္စလာမ် မဟုတ်ပေမယ့်၊ လူကောင်းသူကောင်းတွေ အများကြီး။ ဒီလိုမျိုး အရည်အချင်းတွေဟဇရသ်အုမ္မရ်မှာရှိ ခဲ့တယ်။ အဗူသွာလိဗ်မှာလည်း ရှိခဲ့တယ်။ တမန်တော်မုဟမ္မဒ်မှာလည်းရှိခဲ့တယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) တမန်တော်မဖြစ်ခင်က အဲဒီလို အရည်အသွေးမျိုးရှိခဲ့တယ်။ ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်ကျရောက်လာတဲ့ အခါမှာ အာယသ်တစ်ခုရှိပါတယ်။
`တစ်ချို့လူတွေက ကုရ်အာန်ကြောင့် လမ်းလွဲသွားတယ်။ တစ်ချို့လူတွေက ကုရ်အာန်ကြောင့် လမ်းမှန်သွားကြတယ်။´ ကုရ်အာန်ကလည်း လမ်းလွဲအောင်လုပ်တာပါလားလို့ ကျွန်တော်အံ့သြနေတယ်။ ဒါက ကုရ်အာန်ရောက်လာတဲ့အခါ သူတို့အစ္စလာမ်ကို လက်မခံတဲ့အတွက် လမ်းလွဲသွားတာလို့ပြောတာ။ ကုရ်အာန် မရောက်လာခင်မူလက သူတို့လူကောင်း။ သူတို့ဟာ လူ့အဖွဲ့အစည်းမှာ မတရားတာတွေ၊ ညှင်းပန်းနှိပ်စက်တာ တွေ ဘယ်သူ့ကိုမှ မလုပ်ဘူး။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့စိတ်နေစိတ်ထား၊ အခြေခံလူ့ယဉ်ကျေးမှုရှိတဲ့ လူတွေ အများကြီးရှိခဲ့တယ်။
ဟဇရတ်အုမင်္ရက မျိုးရိုးကိုစွန့်လွှတ်တဲ့သူကို လုံးဝလက်မခံနိုင်တာ။ သူနဲ့ဘာသာ တူတူမတူတူ။ အဲဒီအချက်ကလေးကို ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ မြန်မာမွတ်ဆလင်မ် အသိုင်း အ၀ိုင်းအနေနဲ့ ဂရုပြုသင့်တယ်။ ကျွန်တော်တို့ မြန်မာမွတ်ဆလင်မ်အသိုင်းအ၀ိုင်းနဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအတာအထိ ကာဗာလုပ်ပေးနိုင်သလဲ။ မွတ်ဆလင်မ်အားလုံးနဲ့ သက်ဆိုင်သလို၊ မွတ်ဆလင်မ် ဘာသာရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေပါ ဒါကို ဂရုပြုသင့်ပါတယ်။ အမိုက်ခေတ် ဂျာဟီလိယာသ်ခေတ် ကလူတွေတောင်မှ လူသားတန်ဖိုးတစ်ခုတည်းနဲ့ အဲဒီလိုမျိုး တာဝန်ယူတယ်ဆိုရင် ကျွန်တော်တို့ခေတ်လို ကုရ်အာန်နဲ့ အစ္စလာမ်နဲ့ ဖြစ်နေတဲ့အချိန်မျိုးမှာ ဘာကြောင့်များ မျက်နှာလွဲခဲပစ်လုပ်ကြမှာတဲ့လဲ။ ဒီလိုတာဝန်ယူမှုဆိုတဲ့ အချက်တစ်ချက်ကို ကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်။
ဟဇရသ်အုမ္မရ် မွတ်ဆလင်မ်မဖြစ်သေးဘူး။ တမန်တော်ကိုသတ်ဖို့ရည်ရွယ်တာဟာ တကယ်တော့ အာရဗ်မျိုးနွယ်အချင်းချင်း စစ်ပွဲတွေ မဖြေစေချင်ဘဲ သူနဲ့ နှစ်ယောက်ထဲ အသက်ချင်းလဲ ဖို့ လုပ်တာပါ။ မုဟမ္မဒ်ကို ဓါးနဲ့ခုတ်သတ်လိုက်ရင် ဟာရှင်မျိုးနွယ်တွေနဲ့ထိပ်တိုက်တွေ့မယ်။ မုဟမ္မဒ်ကို ငါဘဲသတ်မယ်။ သတ်ရတဲ့ အကြောင်းကဘာလဲ။ သူနဲ့ငါနဲ့ မတူတာတစ်ချက်ဘဲရှိတယ်။ ငါတို့ရဲ့ ကိုးကွယ်ရာ ဘုရားအဆက်ဆက် ကို သူယုံကြည်ချက်အသစ်နဲ့အစားထိုး လွှင့်ပစ်တဲ့အချက်တစ်ချက်ပဲရှိတယ်။ ငါ့မှာ ဘာမှ မနာလိုတာတွေ ဘာတွေ မရှိဘူး။ သူ့ကိုသတ်ပြီးရင် ငါ့ကိုယ်ငါ ဟာရှေမီတွေဆီကိုသွားပြီး င့ါအသက်ပေးလိုက်မယ်။ သင်တို့ ပြန်ဂလဲ့စားမချေကြနဲ့။ ဒါဆို ပြီးပြီ။ အသက်တစ်ခုချင်းပဲ လဲမယ်။ စစ်ပွဲတွေကို ရှောင်မယ်။ ဒီလိုပြောခဲ့တယ်။
အဲဒီတော့ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ မျိုးရိုးစဉ်ဆက်ထိန်းသိမ်းခြင်း နှစ်ခုကြားမှာ သူဟာအမြဲတမ်း ဗျာများတွေဝေနေတယ်။ သူ မွတ်ဆလင်မ်ဖြစ်လာတဲ့ ပုံစံကို လေ့လာကြည့်မယ်ဆိုရင် တမန်တော်မြတ်ဟာ ဟဇရသ်အုမ္မရ်(ရ-သွ)ကို စည်းရုံးခဲ့တယ်။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မွတ်ဆလင်မ်အသိုင်းအ၀ိုင်းမှာ သိထားတာက ဒုအာတောင်းခဲ့တယ်ဆိုပြီး သိထားတယ်။ `ယာ အလ္လာဟ် အုမ္မရ်နှစ်ယောက်ထဲက တစ်ယောက်ကို အလ္လာဟ်လက်ခံတော်မူပါ။ အဲဒါကို အလ္လာဟ်ကဗူလ် လုပ်လိုက်တယ်ပေါ့။ ဒါက ဘာသာရေးအ၀န်းအ၀ိုင်းထဲက မြင်တဲ့အမြင်။ နိုင်ငံရေးရှုထောင့်ကကြည့်ရင် တကယ် စည်းရုံးခဲ့တယ်။
ဟဇရသ် အုမ္မရ် အစည်းအဝေးတွေထဲက ထွက်လာပြီးပြဿနာရှာတဲ့အချိန် မွတ်ဆလင်မ်ဖြစ်နေတဲ့ သူ့သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါပြောတယ်။ `အုမ္မရ် မင်းတစ်ကယ်ပြတ်သားတယ်။ မင်းရဲ့ရပ်တည်ချက်တွေ အရမ်းပြတ်သားတယ်။ အဲဒီလို ပြတ်သားတဲ့လူ ဒီလောကမှာ မင်းနဲ့မုဟမ္မဒ်နှစ်ယောက်ပဲရှီတယ်။ ဒါတွေလာမပြော နဲ့လို့ အုမ္မရ်ကပြောပေမယ့် တွေဝေနေတယ်။ ဒါပေမယ့် ဒါဟာ အမှန်တရား၊ အစ္စလာမ်နဲ့ပတ်သက်ပြီး ကျရောက် လာတဲ့အမှန်တရားဆိုတာ သူသိတယ်။ နောက်ဆုံး ဒါးဆွဲပြီး တမန်တော်ကို ခုတ်မယ်ဆိုပြီး ထွက်လာတာ လူကြီး မင်းတို့ သိမှာပါ။
ဒါအရေးကြီးပါတယ်။ ရည်ရွယ်ချက်ဘာလဲဆိုတော့ စစ်မဖြစ်ချင်တာ။ တမန်တော်မြတ်မှာက အဲဒီအချိန်မှာ Cover ရှိနေတယ်။ ကျွန်တော်တို့သမိုင်းဆရာတွေကလည်း နည်းနည်းကွန့်ကြတယ်။ တမန်တော် ဒုက္ခအများကြီးခံရတယ်။ သနားစရာအဖြစ် ပုံဖော်ကြတာ။ အမှန်က အဲဒီခေတ် အဲဒီအခါက တမန်တော်မြတ်မှာ Cover အများကြီးရှိတယ်။ ဗနီဟာရှင်မ်ဖြစ်တဲ့အတွက်။ တကယ်ဒုက္ခခံနေရတာက ဘီလားလ်တို့လို မွတ်ဆလင်မ် အဖြစ်ခံယူထားသူတွေ။ အစာအဖြတ်ခံ၊ နေပူလှန်းခံ အရိုက်ခံခဲ့ရတာ။ တမန်တော်မြတ် အဲဒီလိုမခံခဲ့ရဘူး။ ဘာလို့ လဲဆိုတော့ မျိုးရိုးက ကာကွယ်ပေးထားတယ်။
ဟဇရသ်အုမ္မရ်က ဒါးကိုင်ပြီး ထွက်အလာ လမ်းမှာ လူတစ်ယောက်နဲ့တွေ့တော့ အဲဒီလူကမေးတယ်။ ဟဇရသ်အုမ္မရ်က `ငါမုဟမ္မဒ်ကို ရှင်းလိုက်တော့မယ်။´ဘာကြောင့်လဲဆိုတော့ `အေးသွားမယ်´လေလို့ ပြန်ပြော မိတယ်။ ` ဟ-မင်းရှင်းလိုက်ရင် ဗနီဟာရှင်မျိုးနွယ်နဲ့ မင်းတို့စစ်ဖြစ်မှာ မကြောက်ဘူးလား။ သူတို့ ငြိမ်ခံနေမယ်လို့ မင်းထင်လား´လို့ အုမ္မရ်ကိုမေးပါတယ်။ `မထင်ပါဘူး။ ငါသိတယ်။ ငါအခု မုဟမ္မဒ်ကို ရှင်းပြီးတာနဲ့ ဗနီဟာရှင်မ်တွေ ဆီသွားပြီး ငါ့ကိုယ်ငါအသေခံလိုက်မယ်။´လို့ အုမ္မရ်ကပြောပါတယ်။ တစ်ယောက်၊ တစ်ယောက်ချင်း အသက်လဲ လိုက်မယ်။ စစ်ဖြစ်စရာလည်း မလိုတော့ဘူး။ အရဗ်လည်းမူလအခြေအနေအတိုင်း အေးအေးဆေးဆေးဖြစ်သွား မယ်လို့ ပြောပါတယ်။ သူ့ရဲ့ စိတ်အခြေအနေကို ဒီနေရာမှာ ပြနေတယ်။ သူက စစ်ပွဲ တွေ ဘာတွေကိုမဖြစ်ချင်တာ။ ကျွန်တော်တို့က ဟဇရသ်အုမ္မရ်မွတ်ဆလင်မ်မဖြစ်ခင်က အယုတ်တမာ လူဆိုးကြီး ၊ လူမိုက်၊ လူရမ်းကားကြီးလို့ ပုံဖော်ကြတယ်။ ဒါပေမယ့် တကယ်လေ့လာကြည့်တဲ့အခါ မဟုတ်ဘူး။ သူက အရဗ်မှာ လူတွေနှိပ်စက်ခံနေရတာတွေကိုကြည့်ပြီး မမြင်ချင်တာ။ ဒါတွေဟာ မုဟမ္မဒ်ကြောင့်ဖြစ်ရတာ။ သူ့ကိုရှင်းလိုက်ရင် ကောင်းသွားမယ်လို့တွေးတာ။ ဒါကြောင့် နှစ်ယောက်သေသွားရင် အရဗ် ငြိမ်းချမ်းသွားမယ်လို့တွေးတာ။
တကယ်တမ်းက သူတွေးသလိုမဖြစ်ပဲ၊ သူ့ညီမနဲ့ယောက်ဖ အစ္စလာမ်ကို ကူးပြောင်းသွားမှန်းကြားသိရပြီး အဲဒီအိမ်ကို ဒေါသနဲ့အသွားကုရ်အာန်ဖတ်သံကြားရပြီးပြောင်းလဲသွားတာပဲ။ ထူးခြားတာက သူကုရ်အာန်ကို ယူဖတ်တယ်။ စူရာဟ် (သွဟာ)။ သူဖတ်ပြီးတာနဲ့ ချက်ချင်းမွတ်စလင်မ်ဖြစ်တာ။
ကုရ်အာန် စူရာဟ် ၅၆း၇၉ မှာ – `ကုရ်အာန်ကို သန့်ရှင်းစင်ကြယ်မှု မရှိတဲ့လူ ထိတွေ့နိုင်မှာ မဟုတ်ဘူး။´ ဒါက အမိန့်ပေးတာလည်း မဟုတ်ဘူး။ တားမြစ်ချက်လည်းမဟုတ်ဘူး။ မသန့်ရင်မကိုင်နဲ့လို့ တားတာ မဟုတ်ဘူး။ ဆိုလိုတာက နှလုံး သားမှာ အညစ်အကြေးတွေရှိနေရင် အဲဒီကုရ်အာန်ကို ထိတွေ့နိုင်မှာမဟုတ်ဘူး။ သိနိုင်မှာ မဟုတ်ဘူး။ လက်ခံနိုင် စွမ်းရှိမှာ မဟုတ်ဘူးလို့ပြောတာ။ ဟဇရသ်အုမ္မရ်က ကုရ်အာန်ဖတ်တာနဲ့ဘာကြောင့် မွတ်ဆလင်မ်ဖြစ်တာလဲ။ သူ့နှလုံးသားကဖြူစင်လို့။ အဲဒါ သူကြီးဘဲမဟုတ်ဘူး။ အဘီဆီးနီးယား (အီသီယိုးပီးယား)နိုင်ငံကို သွားကြတဲ့ တမန်တော်မြတ်စေလွှတ်လိုက်တဲ့ မွတ်ဆလင်မ်တွေ သွားတဲ့အခါ အဲဒီကဘုရင်က စူရာဟ် မရ်ယမ်ကို နားထောင် ပြီးနောက် မျက်ရည်ကျတယ်။ သူတို့ဟာ ခရစ်ယာန်တွေ၊ နဆွာရာနီတွေဖြစ်တဲ့အတွက် ဒီသမိုင်းတွေကို မြင်တယ်။ နား လည်တယ်။ ခံစားလို့ရတယ်။
ဒီအာယသ်အရ ကျွန်တော်တို့ နားလည်သဘောပေါက်ရမှာက ကျွန်တော်တို့ရဲ့နှလုံးသား သန့်ရှင်းစင် ကြယ်မှုအပိုင်းကသာလျှင် ကုရ်အာန်ကိုထိတွေ့မှာ။ ကုရ်အာန်အာယသ်တွေဖတ်ဖတ်ပြီး နှလုံးသား မစင်ကြယ်ရင် ဘာဖြစ်လာမှာလဲ။ အဘူဂျာဟိလ်လောက် ကုရ်အာန်ဖတ်တတ်တဲ့လူရှိမလား။ မော်လာနာဖြစ်ဖြစ်၊ မုဖ်သီ၊ မုဖ်သီချုပ်ဖြစ်ဖြစ်၊ အဘူဂျာဟီလ်လောက် အရဗီကျွမ်းကျင်ပါ့မလား။ ဒါပေမယ့် သူကုရ်အာန်ကို မထိတွေ့ခဲ့ဘူး (မဖတ်ဖူးတာမဟုတ်ဘူးနော်၊ အရဗ်မှာ ကုရ်အာန်ဖတ်ဖတ်ပြီး မွတ်စလင်မ် မဖြစ်တဲ့သူတွေအများကြီး)။ ဘာလို့လဲနှလုံးသားမသန့်လို့။ နှလုံးသားသန့်ရှင်းစင်ကြယ်တဲ့ ဟဇရသ်အုမ္မရ်က ချက်ချင်းမွတ်ဆလင်မ်ဖြစ်ခဲ့ တယ်။
တမန်တော်မြတ်ဆီကို ဟဇရသ်အုမ္မရ်ရောက်လာတယ်။ အဲဒီမှာလည်း ထူးခြားတာက တမန်တော်မြတ်ကို သမိုင်းဆရာတွေ ရေးတာက ကွန့်တာတွေများနေတယ်။ ဟဇရသ်အုမ္မရ်က ရို့ကျိုး၊ ခြေတော်ရင်းမှာ ဦးညွတ်တယ် ဘာညာဆိုပြီး ရေးကြတယ်။ တကယ့်သမိုင်းအမှန်မှာက တမန်တော်မြတ်နဲ့ အဆွာဗ်တော်တွေက လက်ရည်တပြင်တည်းထိုင်တာ။ ကျွန်တော် တို့က အပေါ်ယုံတွေကိုဘဲကြည့်တယ်။ အနှစ်သာရ အပိုင်းကို မကြည့်ဘူး။
ကုရ်အာန်စူရာဟ် ၁၂း၂ မှာ
`ဤကုရ်အာန်ကျမ်းမြတ်ကို အရဗီဘာသာစာပေနှင့်(ငါအရှင်) ချပေးခဲ့ တာ အက္ကလ်ရှိသူများ အတွက်သာ´ဖြစ်ပါတယ်။ မစဉ်းစားချင်ဘူး။ တစ်ဖက်ပိတ်မဇ်ဟဗ်တွေ၊ သက္ကလီးဒ်တွေ ဘာတွေ လုပ်နေ ရင် အဲဒီလူတွေ၊ လူ့အဖွဲ့အစည်းတွေအတွက် ကုရ်အာန်ဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ အလ္လာဟ်အရှင်မြတ်က ရည်ညွှန်းပြောဆိုထားခြင်းဖြစ်တယ်။ ဟဇရသ်အုမ္မရ်ဘာကြောင့်ဖြစ်လဲ။ စဉ်းစားတယ်။ တွေးတယ်။ စူရာဟ် ၂၀ ၊ လူကြီးမင်းများဖတ်ကြည့်ပါ။
ဟဇရသ်အုမ္မရ်မွတ်ဆလင်မ်ဖြစ်မှ အာရဗ်သမိုင်းမှာလက်ဖျားခါရတဲ့အချိန်ဖြစ်လာ တယ်။ အာရဗ်ကမ္ဘာမှာ တမန်တော်မြတ်ကို ဒုက္ခပေးမယ့်အထဲမှာ အုမ္မရ်လည်းထိပ်သီးခေါင်းဆောင်တစ်ယောက်ပါ။ မွတ်ဆလင်မ် ဖြစ်သွားပြီး အုမ္မရ်ဟာ တမန်တော်ကို ဒုက္ခပေးမယ့်အစည်းအဝေးလုပ်တဲ့နေရာကို ချက်ခြင်း သွားရောက်ခဲ့ တယ်။ ပြီးတော့သူ မွတ်ဆလင်မ်ဖြစ်သွားကြောင်း ကြေညာခဲ့တယ်။ ဒီအတိုင်းကြီးသွားပြောတာ။ ပြီးတော့ သူလှည့် ထွက်သွားပြီးကာမှ ပြန်လှည့်ပြီးလက်ထဲမှာကိုက်ထားတဲ့ တုတ်(အဆွာ)ကို လွှင့်ပစ်လိုက်တယ်။ (အဆွာ)က အခု ပလီတိုင်းမှာရှိတယ်။ မော်လ၀ီဆပ်တွေ ခွတ္တဗာဟ်ဟောရင် များသောအားဖြင့်ကိုင်ကြတယ်။ အမှန်တကယ်တော့ အဆွာဆိုတာ လူမျိုးစုခေါင်းဆောင်၊ အကြီးအကဲတို့ကိုင်ကြတာ။ တမန်တော်မြတ်ကလည်း ဒူးမကောင်းလို့အဆွာ ကိုင်တာမဟုတ်။ အကြီးအကဲခေါင်းဆောင်အနေနဲ့ကိုင်တာ။ ဒါကို မွတ်ဆလင်မ်တွေနားလည်ဖို့လိုတယ်။ အဲဒါကိုပဲ အဆွာမကိုင်ရင်ပဲ ခွတ္တဗာဟ်မပိုင်သလိုလို ပြောနေတာတွေကြားနေရတယ်။ မျိုးနွယ်စုနဲ့ပတ်သက်ပြီး အစုအဖွဲ့နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အခွင့်အာဏာရှိသူတွေ အဆွာကိုင်ခြင်းဟာ အရဗ်ယဉ် ကျေးမှုဓလေ့တစ်ခုသာဖြစ်တယ်။
ဟဇရသ် အုမ္မရ်က တမန်တော်မြတ်ကို အများကြီးအကာအကွယ်ပေးတယ်။ ဟဇရသ် အုမ္မရ်မှာလည်း အကာအကွယ်ရှိတယ်။ သူ့မျိုးနွယ် အဒီးမျိုးနွယ်စုဟာ သူ့ရဲ့အကာအကွယ်ဖြစ်တယ်။ တမန်တော် မြတ်နဲ့ပတ်သက်ပြီး တမန်တော်မြတ်ရဲ့မျိုးနွယ်ဖြစ်တဲ့ ဗနီဟာရှင်မ်မျိုးနွယ်ရှိတယ်။ အဲဒီအချိန်မှာ ဟဇရသ်အုမ္မရ်က ဘက်ပြောင်းလာတော့ ပိုပြီးအင်အားတောင့်လာတယ်။ အခြေအနေတွေကလည်း တစ်နေ့တစ်ခြားဆိုးလာတယ်။ အဲဒီအခါမှာတော့ အလ္လာဟ်ဘက်က ဟစ်ဂျရသ်လုပ်ဖို့ ညွှန်ကြားလာတယ်။
အစ္စလာမ့်သမိုင်းမှာ ဟစ်ဂျရသ်လုပ်တဲ့အခါမှာလည်း ပုန်းလျှိုးကွယ်လျှိုးလုပ်တယ်လို့ရေးကြတယ်။ တမန်တော်မြတ်နဲ့ ဟဇရသ်အဗူဘက္ကရ်လည်း အဲဒီလိုသွားကြတယ်။ ကုရ်အာန်အာယသ်ရှိပါတယ်။
ဟဇရသ် အုမ္မရ် ဘယ်လိုသွားလဲ။ ကအ်ဗာကျောင်းတော်ကိုသွားပြီး ရန်သူတွေအစည်းအဝေး လုပ်နေချိန်မှာ ကြေညာခဲ့ တယ်။ အို — ကိုရိုက်ရှ်သားတို့ ငါ (အုမ္မရ်)နဲ့အတူ မွတ်ဆလင်မ်အယောက် ၂၀ မဒီနာကို ယခုပင်ဟစ်ဂျရသ် ထွက်တော့မယ်။ မင်းတို့ရဲ့ ဇနီးမယားတွေမုဆိုးဖြစ်စေချင်တဲ့သူတွေ၊ မင်းတို့ရဲ့သားသမီးတွေ ရသီမ်(မိဘမဲ့)အဖြစ်နဲ့ထားခဲ့ချင်တဲ့သူတွေ ငါ့နောက်ကလိုက်ခဲ့ကြ။ ငါ့နောက်ကိုလိုက်ပြီး အန္တရာယ်ပြုမယ်ဆိုရင်တော့ မင်းတို့မိန်းမတွေ မုဆိုးမဖြစ် သွားမယ်။ မင်းတို့ကလေးတွေရသိင်မ်ဖြစ်သွားမယ်။ အဲဒီလို တစ်ခါတည်း ကြေညာပြီး နေ့ခင်းကြောင်တောင်ထွက်သွားတာ။ သမိုင်းဆရာတွေ အဲဒီလိုပဲမှတ်တမ်းတင်ထားကြတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ အမှန်တရားကရှိနေခဲ့ရင်၊ အမှန်တရားကို အမြဲလက်ကိုင်ထားမယ်ဆိုရင် အမိုက်မှောင်ဟာ ဝေးလွင့်သွားမယ်။
ဟစ်ဂျရသ်က အမှန်တော့ မက္ကာဟ်မှာနေထိုင်နိုင်တော့လို့ မဒီနာကို ပြေးတာလို့ ယူဆလို့မရဘူး။ မက္ကာဟ်မှာ ဆက်နေရင် တိုးတက်ထူးခြားမှုရှိလာမှာမဟုတ်တဲ့အတွက် တိုးတက်အောင်မြင်မှုကို ရလာမယ့် အရပ်ကို ပြောင်းရွှေ့လုပ်ကိုင်ဆောင်ရွက်ခြင်းသာဖြစ်တယ်။ ဟဇရသ်အုမ္မရ်ကဘဲ ဒီနေ့ပေးနေတဲ့ အာဇန်ရဲ့ပုံစံကို အကြံပေး ခဲ့ခြင်းဖြစ်တယ်။ အစ္စလာမ်ပြက္ခဒိန် ဟစ်ဂျရီခုနှစ်သတ်မှတ်ဖို့ကိုလည်း သူအကြံပေးခဲ့တာရှိတယ်။ မွတ်ဆလင်မ် အင်ပါယာကြီး ကြီးမားကျယ်ပြန့်လာတာဟာ တကယ်တမ်းပြောရင် လူတွေကိုယ်တိုင် လက်ခံလာကြခြင်းကြောင့်ဖြစ်တယ်။ ပြီးတော့ ဟဇရသ်အုမ္မရ်ဟာ မဒီနာကို ဟစ်ဂျရသ်လုပ်ပြီးတဲ့နောက် ဂျူးဘာသာရေးကျမ်းတွေကို လေ့လာဖတ်ရှုခဲ့တယ်။ ခရစ်ယာန်တွေနဲ့ပတ်သက်ပြီးအသိတရားတွေ ကြွယ်ဝအောင် လုပ်တယ်။ ကျွန်တော်တို့ တောင် ဂျူးကျမ်းမမြင်ဖူးဘူး။ ဖတ်ဖို့တော့ ဝေလာဝေး။ ကျွန်တော်တို့က စွန္နသ်တော်တွေ လေ့လာတယ်။ တမန်တော်မြတ် ထမင်းဘယ်လိုစားတယ်။ ဒုအာဘယ်လိုတောင်းတယ်။ ဇနီးမယားတွေနဲ့ဘယ်လိုဆက်ဆံတယ်။ ဒါတွေကိုပဲ လေ့လာတယ်။ သူတို့အစ္စလာမ်သမိုင်းမှာ လူနဲ့လူ့ပတ်ဝန်းကျင် တိုးတက်ရေး အတွက် ဘာတွေကို ဘယ်လိုလုပ်ခဲ့သလဲဆိုတာကို စိတ်မ၀င်စားဘူး။ လူနဲ့လူ့အဖွဲ့အစည်းကို အုပ်ချုပ်မင်းလုပ်မယ့်လူတွေမှာ ရှိသင့် ရှိထိုက်တဲ့ အရည်အသွေးတွေကို ဒီသမိုင်းဆိုင်ရာ အချက်အလက် အထောက် အထားတွေမှာ ပြဆိုထားတယ်။
ဘရူနိုင်း နိုင်ငံကိုကြည့်။ ရှရီအာဟ်ဥပဒေကျင့်သုံးမယ်ဆိုပြိး ခရစ္စမတ်ပွဲတော်ကျင်းပခွင့်ကို ပိတ်လိုက် တယ်။ ကုရ်အာန်ကပြောတဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ဘယ်မှာလဲ။ ဟဇရသ်အုမ္မရ်က ဂျူးဘာသာကိုလေ့လာ ခရစ်ယာန်ကျမ်းတွေလေ့လာပြီး သူအုပ်ချုပ်ခဲ့စဉ်မှာ ဘယ်လိုကျင့်သုံးရမလဲလို့ စဉ်းစားတွေးတောခဲ့တယ်။ ကျွန်တော်တို့ ခေတ်သစ်မှာ မွတ်ဆလင်မ်တွေကတော့ နောက်ပြန်ဆွဲတယ်ပြောရမလား။ အစွန်းရောက်တယ် ပြောရမလား။ မဟာလူမျိုးကြီးဝါဒ ထူထောင်ချင်နေတယ် ပြောရမလားမသိဘူး။
နိဂုံးချုပ်ပြောရမယ်ဆိုရင် နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုကို ပြောင်းလဲမယ်ဆိုလို့ရှိရင် ဆိုရှယ်(လူမှုအဖွဲ့အစည်း) ကို ပြောင်းရမယ်။ ဥပဒေတွေပြဌာန်းလိုက်ရုံနဲ့ မလုံလောက်ပါဘူး။ လူတွေလက်ခံ ကျင့်သုံး မှရမယ်။ ဒါကို လက်မခံရင် ပြဿနာတက်နေမှာပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ မွတ်ဆလင်မ်တွေလည်း ဆိုရှယ်ကို ပြောင်းဖို့လိုနေပါတယ်။ မကြာခင်မှာ ဘဲ ကျွန်တော်တို့ပလီမှာ အမျိုးသမီးဖိုရမ်တစ်ရပ်ကျင်းပဖို့ ရှိပါတယ်။ အမျိုးသမီးတွေကိုယ်တိုင်က ငါ့ယောက်ျား ခြေထောက်အောက်မှာ ဂျန္နသ်ရှိတာလေဆိုရင် သွားပြီး။ (ဘဟေစဇိဝေးရ်) စာအုပ်ထဲမှာပါတယ်လေ။ ယောက်ျားက မိန်းမကို (ဒီတောင်ပေါ်တက်သွား၊ ခဲလုံးတစ်လုံးကောက်၊ ပြန်ဆင်း) (နောက်တတောင်ပေါ်တက်၊ ခဲကောက်၊ ပြန်ဆင်း) (နောက်ထပ်တောင်ပေါ်တက်၊ ခဲကောက်၊ ပြန်ဆင်း) ဘာလုပ်တာလဲရှင့်လို့ မမေးနဲ့တဲ့။ ယောက်ျား ခိုင်းရင် ခိုင်းတာလုပ်။ မေးရင်ဂိုနာထိုက်တယ်။ အဲဒါရှရီအသ်ပဲ။ အမျိုးသမီးတွေကိုယ်တိုင်က အဲဒီလိုမျိုးယုံကြည် ထားတယ်ဆိုတော့ ဘယ်လိုဥပဒေတွေနဲ့ ပြုပြင်မလဲ။ ကျွန်တော်မွတ်ဆလင်မ် အချင်းချင်းကြားမှာ ဆိုရှယ်ကိုပြောင်းလဲမယ်ဆိုခဲ့ရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ သာယာငြိမ်းချမ်းလာမှာဖြစ်ပါ တယ်။ မွတ်ဆလင်မ်လူ့အဖွဲ့အစည်း ငြိမ်းချမ်းလာအောင် ကျွန်တော်တို့ ပညာရေးကလည်း အဓိကကျပါတယ်။ ပညာရေးကဏ္ဍမှာ စွမ်းစွမ်းတမံရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်။ နေရာမရဘူးလို့ပြောနေမယ့်အစား ရောက်နေတဲ့ နေရာကနေပြီး ရသလောက်လုပ်ရမှာဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစား၊ အခုပညာဘက် တွေမှာ ဘက်ပေါင်းစုံကနေ ကြိုးစားမယ်ဆိုရင် အထိုက်အလျောက်ပြောင်းလဲလာပြီး ရေရှည်မှာ အများကြီး အဆင်ပြေတိုးတက်လာမယ်လို့ မျှော်လင့်ရင်း ရပ်နားလိုက်ရပါတယ်။
သမိုင်းထဲက သင်ခန်းစာများ (၂) – သမ္မတကြီး အုမ္မရ်
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ချီးမွမ်းထောပနာပြုအပ်ပါတယ်။`အလ်ဟမ်ဒုလိလ္လာဟ်´
ကြွရောက်လာကြတဲ့ လူကြီးမင်းများ အပေါ်သို့လည်း ရဟ်မသ်၊ ဘရ်ကသ်မင်္ဂလာအဖြာဖြာ ကျရောက်ပါစေ ကြောင်း ဆန္ဒပြုရင်းဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု —
ဒီကနေ့ ကျွန်တော်တင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ ကျွန်တော်အလှည့်ကျစဉ်အပတ်က တင်ပြ ခဲ့တဲ့ခေါင်းစဉ်ရဲ့အဆက်ဖြစ်ပါတယ်။ `သမိုင်းထဲကသင်ခန်းစားများ´ဆိုတဲ့ခေါင်းစဉ်ရဲ့ ခေါင်းစဉ်ကွဲအောက်မှာ သမ္မတကြီး အုမရ်ဆိုပြီးတင်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ အစ္စလာမ်သမိုင်းများရဲ့ဖြစ်ရပ် တော်တော်များများကို ကျွန်တော်စာအုပ်တွေဖတ်ပြီး လေ့လာထားတာတွေရှိပါတယ်။ ဆက်ပြီးတင်ပြသွားဖို့ရှိပါတယ်။ ပြီးခဲ့တဲ့အပါတ်က ကျွန်တော် သမ္မတကြီး အုမရ်ဆိုတဲ့အပိုင်းကို ဘာတွေတင်ပြခဲ့သလဲဆိုတာ အနှစ်ချုပ်ပြန်လည်တင်ပြရမယ်ဆိုရင် မွတ်ဆလင်မ်များအနေဖြင့် သမိုင်းကြောင်းတွေကို လေ့လာဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကို ကျမ်းမြတ်ကုရ်အာန် အထောက်အထားတွေနဲ့ လေ့လာသုံးသပ်တင်ပြခဲ့ပါတယ်။
ကျွန်တော်တို့ မဒရ်ဆာပညာရေးပဲပြောပြော၊ ဘာသာရေးဆိုင်ရာ ပညာရေးပေါ့နော်၊ ဘယ်လိုပဲ ခေါင်းစဉ် တပ်တပ်၊ အဲဒီမှာ ကျွန်တော်တို့ သမိုင်းဆိုင်ရာ အချက်အလက်တွေ ဘယ်လောက်ထိသင်ခဲ့ရပါသလဲ။ အဦးဆုံး မြန်မာ့သမိုင်းပဲကြည့်။ မြန်မာ့သမိုင်းဆိုလို့ ဟိုးအရင်ဘုရင့်နောင်၊ အနော်ရထာ ခေတ်ကိုထားလိုက်ဥိး။ မြန်မာမွတ် ဆလင်မ်တွေ မြန်မာပြည်မှာ ဘယ်ခေတ်ကတည်းက ရှိနေခဲ့သလဲ။ လွန်ခဲ့တဲ့ နှစ်လေးငါးဆယ်လောက်က ဆရာ ကြီး ဦးရာဇာတ်တို့ ဦးရရှစ်တို့၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ဘယ်မွတ်ဆလင်မ်တွေပါခဲ့သလဲဆိုတာ ဘာသာ ရေးဆိုင်ရာ ရှုထောင့်က ပညာသင်ကြားရေးစနစ်ထဲမှာ လုံးဝမပါဘူး။ အဲဒါ ကျွန်တော်တို့ ငြင်းလို့မရဘူး။ ဘယ် ကျောင်းသွားသွား၊ မုဖ်သီ မော်လ၀ီ၊ မော်လနာ ဖြစ်ချင်ဖြစ်မယ်။သမိုင်းတော့မသိဘူး။ သမိုင်းသိချင်ရင်တော့ အစိုးရကျောင်းတွေတက်။ ဒါမှမဟုတ် ကိုယ့် ဘာသာကိုယ် စာအုပ်တွေဖတ် လေ့လာ၊ အခု Internet Website တွေပေါ်လာတော့၊ အဲဒီကနေ ကြည့်ရှုလေ့လာ။
တကယ်တော့ ကုရ်အာန်ထဲမှာ ဒီလိုသမိုင်းဆိုင်ရာ အချက်အလက်တွေ လေ့လာရမယ်ဆိုတဲ့ အကြောင်း ပြီးခဲ့တဲ့ အပတ်မှာ ကျွန်တော်ဆွေးနွေးတင်ပြခဲ့ပါတယ်။ အဲဒီလို သမိုင်းဆိုင်ရာ အချက်အလက်တွေတင်ြပရင်းနဲ့မှ တမန်တော်မြတ်ခေတ်က အခြေအနေလေးတွေကို ဆွေးနွေးခဲ့ပါတယ်။ တမန်တော်မြတ်နဲ့ အဆ်ွဟာဘ်တော်တွေ ဘယ်လိုပုံစံနဲ့ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်လာခဲ့တယ်။ ဒုက္ခတွေကို ဘယ်လို ကျော်လွှားခဲ့ရတယ်။ အဲဒီမှာ အရေးကြီးတဲ့အချက်တစ်ချက်ကို ဘာထောက်ပြခဲ့သလဲဆိုရင် ကျွန်တော်တို့ Muslim Scholar ပညာရှင်တွေအနေနဲ့ အစ္စလာမ်သမိုင်းကို မီးမောင်းထိုးပြတဲ့အခါ ဘာသာရေး အ၀န်းအ၀ိုင်းထဲကနေ တင်ပြတာများတယ်။ ၁၀၀ % လို့ ကျွန်တော်မပြောဘူး။ သို့သော် တော်တော်များများက ဘာသာရေး အ၀န်းအ၀ိုင်းထဲကနေ တင်ပြတာများတယ်။
တမန်တော်မြတ်ဆိုလည်း ဘာသာရေးခေါင်းဆောင်ကြီးဆိုပြီး ကျွန်တော်တို့ကမြင်တာ။ တမန်တော်မြတ် ရဲ့ နိစ္စဓူဝ လှုပ်ရှားမှုတွေဟာ ဘာသာရေးအ၀န်းအ၀ိုင်းထဲမှာပဲရှိတယ်။ မနက်ဖဂျရ်ဖတ်တယ်။ ဘယ်လို အစ်ရှ်ရတ် ဖတ်တယ်။ ကုရ်အာန်အကြောင်းဆွေးနွေးတယ်။ ဂျန္နသ်ကိုဘယ်လိုရမယ်။ ဆွဟဗာတွေကမေးတယ်။ ဘာဒုအာ တွေဖတ်ရမယ်။ ဒါတွေနဲ့ပဲ ကျွန်တော်တို့က ပြီးသွားတယ်။ ဒါပေမယ့် အနောက်တိုင်းပညာရှင်၊ မွတ်ဆလင်မ် မဟုတ်သော ပညာရှင်တွေ ဘာတွေပြောခဲ့သလဲ။ ဘာတွေရေးသားမှတ်တမ်းတင်ခဲ့သလဲ။
အမေရိက၊ ဥရောပတို့လို အနောက်တိုင်း Scholar တွေနဲ့ ပညာရှင်တွေက တမန်တော် မုဟမ္မဒ်ရဲ့ အကြောင်းကို ရေးတဲ့အခါမှာ ဘယ်လိုမျိုးပုံစံနဲ့ ပုံဖော်သလဲဆိုတော့၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေးစတဲ့ ရှုထောင့်ပေါင်းစုံကနေပြီးတော့ တမန်တော်ရဲ့ဆောင်ရွက်ခဲ့တာတွေကို သူတို့မှတ်တမ်းတင်ဖော်ထုတ် တယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း (Civil Society) တစ်ခုကို ဘယ်လိုတည်ထောင်ခဲ့တာ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ ဘယ်လိုရှိတယ်။
မဒီနာကို ရောက်တဲ့အခါမှာ Constitution ဆွဲခဲ့တယ်။ မဒီနာ Constitution ကမ္ဘာကျော်ခဲ့တယ်။ အဲဒီမှာ ဂျူးတွေနဲ့လည်း လက်မှတ်ထိုးခဲ့တယ်။ ဂျူးတွေ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်။ အစ္စလာမ်ကို အတင်းအကျပ်လက်ခံစရာ မလိုဘူး။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြမယ်။ ပြင်ပကရန်သူတွေ အစ္စလာမ်ကို လာတိုက်ခဲ့ရင် ဂျူးတွေလည်း ပူးပေါင်းကာကွယ်ရမှာ ဖြစ်သလို ဂျူးတွေကို ရန်သူလာတိုက်ခဲ့ရင် အစ္စလာမ်ကလည်း ပူးပေါင်းကာကွယ်ပေးရမယ်။ ဒီလိုစစ်ရေးအမြင်၊ ငြိမ်းချမ်းရေးအမြင်တွေရှိတာတွေကို ကျွန်တော်တို့ မွတ်ဆလင်မ် Scholar တော်တော်များများက မဖော်ပြဘူး။ ဖော်ပြတဲ့ပညာရှင်တွေကလည်း အတော်နည်းပါတယ်။ ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါမှာဆို ပိုဆိုးတယ်။ အခုန ကျွန်တော်ပြောတဲံ အစ္စလာမ်နဲ့ပတ်သက်ပြီး သင်ကြားနေတဲ့ နေရာတွေမှာဆို (မြန်မာပြည်မှာ) မရှိသလောက်ကို ရှားတယ်လို့ ပြောလို့ ရတယ်။ မြန်မာမွတ်ဆလင်မ် သမိုင်း လည်းမသိဘူး။ ကမ္ဘာ့မွတ်ဆလင်မ်သမိုင်းလည်း မသိဘူး။
ဒါကြောင့် ကျွန်တော်တို့ အဲဒါတွေကို လေ့လာရမယ်လို့ ပြောတာပါ။ မှတ်သားရမယ့်အချက်အနေနဲ့ ကျမ်းမြတ်ကုရ်အာန် စူရာဟ ၅၆း၇၉ မှာ `လာယမတ်စ်ဆုဟု အိလ္လလာဟ် မုသွဟ်ဟရူးန်´ ဒီအာယာသ်ကို မွတ်ဆလင်မ်အများစုသိပြီး သဘောပေါက်ထားတာက (၀ူဇူ မရှိဘဲ ကုရ်အာန်ကို မကိုင်ရ)ဆိုပြီး နားလည်ထားကြ တယ်။ အခုချိန်အထိလည်း ပြောနေကြတယ်။ မင်းတို့ ၀ူဇူမရှိဘဲ ကုရ်အာန်မကိုင်ရဘူးလို့ ပြောနေကြတုန်း။ ဘယ်လို အထောက်အထားနဲ့ ပြောသလဲဆို ဒီအာယသ်ကို ထောက်ပြကြတယ်။
ဒီနေရာမှာ ကျွန်တော်က ဘာပြောချင်တာလဲဆိုတော့ ကုရ်အာန်အာယသ်တွေ တမန်တော်ခေတ်မှာ ကျရောက်လာတဲ့အခါမှာ ပထမဦးဆုံး အစ္စလာမ်ကို လက်ခံယုံကြည်တာက တမန်တော်နဲ့ အပေါင်းအပါဟာ ဘာမှ အရေအတွက်မရှိသေးဘူး။ ၁၃ နှစ်ကြာလာတာတောင် လူ ၂၀၀ မပြည့်သေးဘူးလေ။ အဲဒီတော့ ကျန်တဲ့ မွတ်ဆလင်မ်မဟုတ်သူတွေကို ဖိတ်ခေါ်တဲ့အချိန်မှာ ဒီ ကုရ်အာန်အာယသ်တွေကို သူတို့ကိုပေးကိုင်လို့ မရဘူး လား။ စဉ်းစားစရာပေါ့။ သူတို့မဖတ်ဘူးလား။ သူတို့မကြည့်ဘူးလား။ မသိဘူးလား။ သိပ်သိတာပေါ့်။ အဘူဂျာဟီလ်တို့ဆိုရင် ဒီနေ့ ကုရ်အာန်အာယသ်တစ်ခုကျခဲ့ရင် မနက်ဖြန် သူဖတ် ပြီးသွားပြီ။ သူ့ဘာသာသူ လက်မခံချင်လို့ လက်မခံတာ။ ပြောချင်တာက ဟဇရသ် အုမရ်အကြောင်းပြောချင်တာ။
ဟဇရသ်အုမရ်ဟာ တမန်တော်ကို အပြတ်ရှင်းမယ်ဆိုပြီး လာနေတဲ့အချိန်မှာ သူ့ညီမအိမ်ကို ရောက်သွား ပြီး အဲဒီအချိန် သူ့ညီမကဖတ်နေတဲ့ ကုရ်အာန်အာယသ်တစ်ခုကို အတင်းယူပြီး ဖတ်တယ်။ အဲဒီကုရ်အာန်အာယသ်ကို ဖတ်ပြီး ချက်ချင်းမွတ်ဆလင်မ်ဖြစ်သွားတယ။ လက်ခံလိုက်တာ။ နှလုံးသားဖြူစင်တာ။ အခုန အာယသ် (၅၆း၇၉)ကို ဒီနေရာမှာထောက်ပြချင်တာ။ အဲဒီအချိန်မှာ သူဟာ တမန်တော် မုဟမ္မဒ်ဘယ်မှာလဲ မေးတယ်။ ငါသွားမယ်။
ဟဇရသ်အုမရ်က တမန်တော်မုဟမ္မဒ်ဆီ ခေါ်သွားလို့ပြောပြီး၊ ဟိုရောက်တော့ ချက်ချင်းပဲ `လာအိလားဟ အိလ္လလ္လားဟ် မုဟမ္မဒူရ် ရစူလ်လွလ္လာဟ်´ဖတ်ပြီး အလ္လာဟ်ကိုယုံကြည်တယ်။ အသင့်ကိုလည်း ရစူလ်အဖြစ်လက်ခံတယ်လို့ ကြေညာခဲ့တယ်။ ကျွန်တော်ပြောချင်တာက စူရာဟ ၅၆း၇၉ က အဲဒီအချိန် အဲဒီကာလက ဟဇရသ်အုမရ်ရဲ့အခြေအနေနဲ့ ချိန်ထိုးလေ့လာကြည့်။ အဗူဂျာဟိလ်ကလည်း နေ့တိုင်းကုရ်အာန် အာယသ် ကျတိုင်း ဖတ်နေတာ။ ခင်ဗျားတို့ ကျွန်တော်တို့သာ ၀ူဇူမရှိရင်မကိုင်နဲ့ပြောနေတာ။
အမှန်တကယ် ကုရ်အာန်လေ့လာလိုသူကိုမှ ခင်ဗျားတို့က ၀ူဇူမရှိမကိုင်နဲ့ ၀ူဇူရှိမှကိုင်ဆိုရင် အဲဒီလူကို ကုရ်အာန်နဲ့ဝေးသွားအောင် လုပ်တဲ့တရားခံဟာ အဲဒီလိုပြောတဲ့လူပဲ။ တမန်တော်ခေတ်အခါမှာရှိနေတဲ့ ကာဖိရ်တွေ မုရှ်ရစ်က်တွေက၊ ကုရ်အာန်ကို နိစ္စဓူဝ ဝေဖန်၊ စော်ကားနေပြီး သူတို့ကမွတ်ဆလင်မ်မဖြစ်လာဘူး။ တမန်တော်ကို ဒုက္ခပေးဖို့ သက်သက်လုပ်နေတယ်။ ဒါပေမယ့် ဟဇရသ်အုမရ်က ဖတ်တာနဲ့ မွတ်ဆလင်မ်ဖြစ်လာတယ်။ အဲဒါမှ နှလုံးသားထဲမှာ သန့်ရှင်းစင်ကြယ်မှုအပြည့်အ၀ရှိနေလို့။
မင်းနှလုံးသားထဲမှာ သန့်ရှင်းစင်ကြယ်မှုမရှိရင် ကုရ်အာန်ကို ဖတ်ရုံမဟုတ်၊ အမှုန့်ကြိတ်ဝါးပြီး မျိုချလည်း မွတ်ဆလင်မ်မဖြစ်ဘူး။ ပြောချင်တာက ဖတ်တာနဲ့ နှလုံးသားကိုထိတာ။ ဒီအာယသ်ကို ဒီနေရာမှာတွေ့ရတယ်။
တစ်ခါ ကုရ်အာန် စူရာဟ် ၁၂း၂ မှာ ဘာတွေ့ရသလဲဆိုရင် အရဗီလို ကုရ်အာန်ကို ချပေးခဲ့တာ။ တမန်တော် ကလည်း အာရဗ်အမျိုးသားလေ။ ကုရ်အာန်မှာ အာယသ်တစ်ခုရှိတယ်။ တမန်တော်တွေကို အလ္လာဟ်က စေလွှတ် ခဲ့ပြီးရင် ၀ဟီကို အဲဒီဒေသကလူတွေ နားမလည်တဲ့ဘာသာစကားနဲ့ပဲချပေးတာ။ (ကျွန်းမ် ကျွန်းမ်တို့ ဘာတို့)နဲ့ ချမပေးခဲ့ဘူး။ ကျွန်တော်တို့ သိထားရမှာ။ တမန်တော်နဲ့ အလ္လာဟ်နဲ့တိုက်ရိုက် စီနာ၊ ပစီနာ နှစ်ယောက်တည်းပြောတဲ့ နှစ်ယောက်ထဲပဲသိတဲ့ ဘာသာစကားနဲ့ ဘာကျမ်းမှချမပေးခဲ့ဘူး။ အာရဗ်အ၀န်းအ၀ိုင်းထဲမှာ တမန်တော် မွေးဖွား ကြီးပြင်းတမန်တော်ဖြစ်ခဲ့တယ်။ ဒါကြောင့် ကုရ်အာန်ကို အရဗီဘာသာစာပေနဲ့ ချပေးခဲ့တယ်။ ပြောချင်တာက စဉ်း စားဆင်ခြင်လို့ရအောင် ဖတ်ပါ။ ပြီးရင် စဉ်းစားဆင်ခြင်နိုင်တဲ့ အခြေအနေအထားမျိုးတွေရောက်အောင် အလ္လာဟ်က စီမံပေးထားခြင်းခြင်းဖြစ်တယ်။ ဒါဆိုရင် ကျွန်တော်တို့က အရဗီဘာသာစာပေကို သင်ယူနိုင်တယ်ဆိုရင် ကျွန်တော်တို့ကလည်း ကုရ်အာန်အပေါ်မှာ စဉ်းစား၊ ဆင်ခြင်၊ ဝေဖန်ပိုင်းခြားသုံးသပ်နိုင်စွမ်း တွေရှိရမယ်။ မျက်စိမှိတ်ပြီး ဆရာသခင်၊ အကြီးအကဲအဆင့်ဆင့် လက်ဆင့်ကမ်းပြီး ကုရ်အာန်ကို အ၀တ်လှလှ လေးနဲ့ ဖုံးအုပ်ပြီး စင်ပေါ်တင်၊ ရင်ဝယ်ပိုင်၊ ကျွမ္မာပေးတဲ့ အဆင့်လောက်ပဲထားဖို့ပြောတာ မဟုတ်ဘူး။ ဒီအာယသ် ကပြောတာက ဖွင့်ရမယ်။ ကျွန်တော်တို့ရဲ့နှလုံးသားနဲ့ ကုရ်အာန်အာယသ်ထိတွေ့အောင်လုပ်ရမယ်။
တစ်ခါ ကုရ်အာန် စူရာဟ် ၄၉း၁၃ မှာပြောတာက
အလ္လာဟ့်ထံပါးမှာ ဘယ်သူက အမြင့်မြတ်ဆုံးလည်း၊ ဘယ်သူက အမြင့်ဆုံးလည်း ဆိုတာက အလ္လာဟ် ကသတ်မှတ်တဲ့အခါမှာ လူမျိုးတွေ၊ တစ်ခြားအဆင့်အတန်းတွေ၊ ဂုဏ်ပကာသနချမ်းသာကြွယ်ဝမှုတွေနဲ့ သတ်မှတ် နိုင်မှာမဟုတ်ဘဲ သက္က၀ါနဲ့သတ်မှတ်မှာ ဖြစ်တယ်။ ဘယ်သူသက္က၀ါရှိလဲ။ အဲဒီလူသည် အလ္လာဟ့်ထံပါးမှာ အမြင့် မြတ်ဆုံးဖြစ်တယ်။ ဒါဆိုရင် သက္က၀ါကိုလည်း အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုတာပေါ့။ သက္က၀ါကို ကျွန်တော်တို့သိတာက အပြစ်တွေရှောင်၊ ကုသိုလ်ကောင်းမှုတွေလုပ်၊ မျက်စိကို ပရ်ဒါချ၊ ၀တ်စားဆင်ယင်မှုကိုပဲ ရှေ့တန်းတင်ထားတာ လောက်ကိုပဲ သက္က၀ါလို့သိတာလေ။ ဒါပေမယ့် သက္က၀ါနဲ့ပတ်သက်ပြီး အာယသ်တွေအများကြီးရှိပါတယ်။ ဒါတွေ ကို ကျွန်တော်တို့လေ့လာဖို့လိုအပ်ပါတယ်။
ဟဇရသ်အုမ္မရ်က တမူထူးတာက နည်းနည်းစိတ်ဓါတ်ပြင်းထန်တယ်။ မဟုတ်မခံစိတ်ဓါတ်ရှိ တယ်။ နည်းနည်းမာကျောတယ်။ ဒေါက်တာသန်းထွန်းရဲ့ ကျော်စွာ ၁၀၀ ဘာသာပြန်စာအုပ်မှာ ဟဇရသ်အုမရ်ဟာ အမှတ်စဉ် ၅၁ မှာရှိတယ်။ လေ့လာကြည့်လို့ရပါတယ်။ သူဟာလွယ်လွယ်ကူကူနဲ့ အလျှော့မပေးတတ်ဘူး။ ဆူဟီးလ် ဆိုတဲ့ ပုဂ္ဂိုလ်ဆိုရင် ဟဇရသ်အုမ္မရ်က ကြည့်မရဘူး။ တစ်ချိန်က ဆူဟီးလ်က မွတ်ဆလင်မ်တွေကို တော်တော် ဒုက္ခ ပေးခဲ့တာ။ တစ်ချိန်မှာ ဟဇရသ်အုမ်မရ်က တမန်တော်မြတ်ကိုပြောတယ်။ ကျွန်တော် ဒီလူ့ကို ရှင်းလိုက်ချင်တယ်။ ဒီလူ ကာဖိရ်၊ မုရှ်ရစ်က်။ အဲဒီအခါမှာ တမန်တော်မြတ်က စကားတစ်ခွန်းပြန်ပြောခဲ့တယ်။ `မလုပ်နဲ့၊ လူတစ်ယောက်ကို မင်းမထင်မှတ်ထားတဲ့ အခြေအနေတစ်ရပ်ကို ရောက်အောင် အလ္လာဟ်ပို့လိုက်နိုင်တယ်။´လို့ ပြောခဲ့တယ်။ တကယ်ပဲ တမန်တော် ၀ဖသ်ဖြစ်ပြီး မကြာခင်မှာပဲ မုနာဖိက်တွေ ဖောက်လွဲဖောက်ပြန်လုပ်ကြတယ်။ အဲဒီလိုပဲ မက္ကာဟ်မှာလည်း အုပ်စုတစ်စုကပြဿနာရှာတယ်။ အဲဒီပြဿနာကို စောစောက ဟဇရသ်အုမ်မရ် ရှင်းချင်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်(ဆူဟီးလ်)က ဖြေရှင်းခဲ့တယ်တဲ့။ ဒါကို ဟဇရသ်အုမ်မရ် မျက်ဝါးထင်ထင်မြင်ခဲ့ရပြီး သူနောင်တရခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက် သင်ခန်းစာယူရမှာ။ ကျွန်တော်တို့ကို ဒီကနေ့ ဒုက္ခပေးနေတဲ့ လူတွေ သိပ်စိတ်မဆိုးနဲ့။ အလ္လာဟ်က အစ္စလာမ်ကို ထိန်းသိမ်းတဲ့အနေအထားက ဒီလူ့အဖွဲ့အစည်း အသုံးမကျရင် အခြားလူ့အဖွဲ့အစည်းနဲ့ပြင်ပြီး ကုရ်အာန်နဲ့ အဲဒီအစ္စလာမ်ကို ထိန်းသိမ်းခိုင်းလိမ့်မယ်။
ကျွန်တော်တို့ အသုံးမကျရင် ကျွန်တော်တို့မျိုးဆက်ပျောက်သွားမယ်။ နောက်ထပ်မျိုးဆက်တစ်ခုက တာဝန်ယူထိန်းသိမ်းလိမ့်မယ်။ အဲဒီလူတွေဘယ်သူတွေဖြစ်နိုင်လည်းဆိုတာ ကျွန်တော်တို့ ကြိုတွေးကြည့်။ ကျွန်တော်အရင်က ခွတ္တဗာဟ်ပြောဘူးပါတယ်။ အစ္စလာမ်ကို ဘယ်သူထိန်းသိမ်းမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ပေါ့။ မွတ်ဆ လင်မ်ကို ဒုက္ခပေးခဲ့ပါတယ်ဆိုတဲ့ အမေရိကန်က ပုဂ္ဂိုလ်တစ်ယောက်၊ သူ့သမီးက အစ္စလာမ်ကို လက်ခံခဲ့တယ်။ အဲဒါ အလ္လာဟ်ရဲ့ ကုရ်အာန်နဲ့အစ္စလာမ်ကို ထိန်းသိမ်းတဲ့ပုံစံ။ အလ္လာဟ်ကုရ်အာန်ကို ဟာဖိဇ်ဆပ်တွေ မော်လ၀ီဆပ်တွေ နဲ့ ထိန်းသိမ်းတာတစ်ပိုင်းပေါ့။ ဒါပေမယ့်မျိုးဆက်အလိုက်ကို ကုရ်အာန်နဲ့ အစ္စလာမ်ကို ထိန်းသိမ်းဖို့အတွက် တာဝန် ယူထားတာ အလ္လာဟ်ကိုယ်တိုင်ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ပူစရာမလိုဘူး။ ကျွန်တော်တို့ပူရမှာက ကျွန်တော်တို့ အသုံးကျဖို့ဖြစ်တယ်။ ကျွန်တော်တို့ အသုံးမကျရင် ကိုယ်ကဘေးရောက်သွားမှာ၊အစ္စလာမ်က ပျောက်သွားမှာမဟုတ်ဘူးဘိုင်။ အစ္စလာမ်ကို ဒုက္ခပေးနေတဲ့ မျိုးဆက်တွေထဲက ထိန်းသိမ်းကာကွယ်သွားလိမ့် မယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၈း၃၀ မှာ ဟစ်ဂျရသ်နဲ့ပတ်သက်ပြီး `၎င်းပြင် အို – နဗီတမန်တော် အသင်သည် ပြန်လည်၍သတိရပါလေ။ အကြင်အခါ၌ ကာဖိရ်မယုံကြည်သွေဖည်ငြင်းပယ်သော သူတို့သည် အသင်နှင့် ပတ်သက်၍ အသင့်အား ဖမ်းဆီးချုပ်နှောင်ကြရန်သော်လည်းကောင်း၊ အသင့်အား သတ်ဖြတ်ကြရန် သော်လည်းကောင်း၊ အသင့်အား (မက္ကာဟ်မြို့မှ) နှင်ထုတ်ကြရန်သော်လည်းကောင်း၊ လျှို့ဝှက်စွာ ကြံစည်လျက် ရှိကြကုန်၏´
တမန်တော်မြတ်က ၀ဟီရပြီးနောက် မက္ကာဟ်မှာ ၁၃ နှစ်နေပြီးတဲ့နောက် လူ တစ်ရာကျော်ပဲ ရတယ်။ ဒါက သေသေ ချာချာ လေ့လာကြည့်ရင် စိတ်ပျက်စရာကြီးလို့ထင်ရတယ်။ ကျွန်တော်တို့ဆို မလွယ်ဘူး။ ၁၃ နှစ်ကြာအောင် စည်းရုံးတာ လူ တစ်ရာကျော် နဲ့ ဘယ်လိုများရပ်တည်နေထိုင်ခဲ့သလဲပေါ့။ မြို့ကြီးတစ်မြို့၊ လူတွေက အများကြီး။ ဒုက္ခတွေ ရောက်၊ အသတ်ခံရတာတွေလည်းရှိ။ ကျွန်တော်တို့လိုဆို မအောင်မြင်တဲ့အလုပ်ဆိုပြီး တစ်လ နှစ်လလောက် လုပ်ပြီး ရပ်လိုက်ပြီပေါ့။ ကျွန်တော်တို့က Change လုပ်မယ်။ တမန်တော်က မလုပ်ဘူး။ အဲဒီအတိုင်း ဆက်လုပ်ခဲ့ တယ်။ အဲဒီအခါမှာ ဟစ်ဂျရသ်လုပ်ရတယ်။ ဒီအခါမှာလည်း ဟဇရသ်အုမ်မရ်က ပြောင်ပြောင်တင်းတင်းပဲနော်။ ငါ သွားပြီ။ မင်းတို့ထဲကသတ္တိရှိတဲ့လူတွေလိုက်ခဲ့ဆိုပြီး စိန်ခေါ်ပြီးတော့ကိုသွားတာ။ တမန်တော်မြတ်တောင် ညမှာ ဟဇရသ်အဘူဘကရ်နဲ့အတူသွားတာ။
ဟစ်ဂျရသ်ရဲ့အနှစ်သာရကဘာလဲ။ မက္ကာဟ်ကနေ မဒီနာကိုသွားတဲ့ လမ်းခရီး၊ ခရီးထွက်ခြင်းလောက်ကို ဟစ်ဂျရသ်လို့ပြောတာမဟုတ်ဘူး။ တမန်တော်မြတ်နဲ့အပေါင်းအပါတွေ မက္ကာဟ်မှာ နေလို့မရတော့လို့ မဒီနာကိုသွားတာ မဟုတ်ဘူး။
တမန်တော်မှာ အကာအကွယ်တောင်ရှိတယ်။ ဟဇရသ်အုမရ်အကာအကွယ်ရှိတယ်။ တကယ်ဒုက္ခရောက် တာက ဟဇရသ်ဘီလာလ်တို့လို့ အခြေခံလူတန်းစားတွေဘဲ။ ပြောချင်တာက ဒီနေရာမှာ နေလို့မရလို့ ဟိုကိုသွား တာမဟုတ်ဘူး။ ဒီနေရာမှာ နေလို့ရတယ်။ သို့သော် ဒီနေရာမှာ ဆက်နေမယ်ဆိုရင် အစ္စလာမ်ရှင်သန်စရာ အကြောင်းမရှိဘူး။ ဒီနေရာမှာ အစ္စလာမ့်လူ့အဖွဲ့အစည်းတိုးတက်အောင် လုပ်လို့မရတော့ဘူး။ ဒီနေရာမှာ လူညွန့် တုံးစေတဲ့အရာတွေဘဲရှိတယ်။ အဲဒါတွေကို တို့မျိုးဆက်က မကျော်လွှားနိုင်တော့ဘူး။ ဒီလိုမျိုးအတွေးအခေါ် အယူအဆတွေကို ရရှိလာတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကလည်း လမ်းညွှန်တဲ့အတွက် မဒီနာကို သွားတာ။ မဒီနာကို ရောက်တဲ့အခါမှာမှ တမန်တော်မြတ်က အမိုက်ခေတ်ဓလေ့စရိုက်အယူအဆ အမူအကျင့်တွေကို ဖြတ်တောက်စေခဲ့တာဖြစ်တယ်။ ဟစ်ဂျရသ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ယူစရာတွေအများကြီးရှိတယ်။ ဟိုနေရာ ကနေ ဒီနေရာပြောင်းမှ ဟစ်ဂျရသ်ရဲ့အနှစ်သာရ မဟုတ်ဘူး။
မဒီနာကို ရောက်ပြီး ဆက်လက်လုပ်ဆောင်ချက်တွေကသာ ဟစ်ဂျရသ်ရဲ့အနှစ်သာရဖြစ်တယ်။ အဲဒီ အလုပ်တွေကို ကျွန်တော်တို့လုပ်ရင် (ဆိုလိုတာက ရန်ကုန်ကနေ မော်လမြိုင်သွားမှာလား၊ မော်လမြိုင်ကနေ ရန်ကုန်ကိုလာမှာလား။ မဟုတ်ဘူး) လုပ်ရမှာက အဲဒီဟစ်ဂျရသ်ရဲ့အနှစ်သာရတွေကို ကျွန်တော်တို့ လုပ်ယူရမယ် လို့ပြောတာ။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းတိုးတက်အောင် မြှင့်တင်ရမှာ။ အမေရိကန်ကို ဥပမာယူကြည့်။ တစ်ချိန်က ကျွန်သဘောက်ဖြစ်ခဲ့တဲ့ လူမည်းတွေ ဒီနေ့ကမ္ဘာကျော်တွေဖြစ်ပြီး အမေရိကန်သမ္မတတောင်ဖြစ်နေပြီ။ သူတို့က ဘယ်နယ်ကနေ ဘယ်နယ်ကိုသွားပြီး ဟစ်ဂျရသ်လုပ်ခဲ့လို့လဲ။ ဘယ်မှမသွားခဲ့ဘူး။ ဒါပေမယ့် တမန်တော် မဒီနာမှာ ကျင့်သုံးခဲ့တဲ့ Life Style အတိုင်း အမေရိကန်လူမည်းတွေ အတုယူကျင့်သုံးခဲ့တာတွေကို တွေ့ရတယ်။ ပညာရေးမှာ တိုးတက်အောင် လုပ်ခဲ့တယ်။ ဂီတဆိုလည်း ကမ္ဘာကျော်မိုက်ကယ်ဂျက်ဆင်လိုလူမျိုးတွေ၊ အားကစား မှာလည်း လူမည်းတွေကြီးစိုးနေတယ်။ ဒါက သူတို့ကြိုးစားတည်ဆောက်ခဲ့တာဖြစ်တယ်။ ဖြစ်အောင်လုပ်ယူခဲ့တာ ဖြစ်တယ်။
ကျွန်တော်တို့က စိတ်ပျက်ပြန်တယ်။ အလကား ငါတို့ ဘွဲ့ရပညာတတ်ဖြစ်လည်း ဘာမှလည်း ထူးမှာ မဟုတ်ပါဘူးလို့ ခံယူနေကြတယ်။ တမန်တောတ် ၁၃ နှစ်တိတိစိတ်မပျက်ခဲ့ဘူး။ ဒီနေရာမှာ လုပ်လို့မရလို့ ဟိုမှာ ဆက်လုပ်တယ်။ မဒီနာရောက်တော့ လူ့အဖွဲ့အစည်းကို တိုးတက်အောင် ဦးဆောင်ခဲ့တယ်။ ဗလီတော့ တည်ဆောက်တာပေါ့။ ဒါပေမယ့် အဲဒါတစ်ခုတည်း မဟုတ်ဘူး။ နိုင်ငံရေးအတွေးအခေါ်တွေကို အဲဒီကနေ သင်ကြားပေးတာ။ စီးပွားရေးကိစ္စရပ်တွေ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတွ မဒီနာရောက်မှ ဆောင်ရွက်နိုင်တာ။ ပြီးတော့ မဒီနာရောက်တဲ့အခါ အန်ဆွာရ်နဲ့မူဟာဂျီရ်ဆိုတဲ့ လူ့အဖွဲ့နှစ်ဖွဲ့ကိစ္စကလည်း မဒီနာရောက်တဲ့အခါ လူ့အဖွဲ့ အစည်းချင်းဆက်ဆံမှု ပုံစံကို ထင်ထင်ရှားရှားမြင်တွေ့ရမှာဖြစ်တယ်။ မွတ်ဆလင်မ်အချင်းချင်း ဘယ်လိုပုံစံထိတွေ့ ဆက်ဆံပေါင်းသင်းရမလဲဆိုတာ အဲဒီိမှာပြသခဲ့တယ်။
ကျွန်တော်တို့မှာ အဲဒီလူ့အဖွဲ့အစည်းရဲ့ အရည်အသွေး၊ အရည်အချင်းတွေလိုတယ်။ ရှိရော ရှိရဲ့လား။ ရှိနိုင် ပါ့မလား။ စဉ်းစားရမယ်။ ဟိုဘက်ရပ်ကွက် ဒီဘက်ရပ်ကွက်မှာရှိတဲ့ မွတ်ဆလင်မ်တွေဆီကို ဟစ်ဂျရသ်လုပ်လာ မယ်ဆိုရင် ဘယ်လိုနေကြမလဲ။ ဘယ်လိုတုန့်ပြန်ကြမလဲ။ ဘယ်လိုကြိုဆိုကြမလဲ။ တမန်တော်ကို ချစ်တဲ့ တမန် တော်ရဲ့ စွန္နသ်ကို အကောင်အထည်ဖော်နေပါတယ်ဆိုတဲ့ ကျွန်တော်တို့ မွတ်ဆလင်မ်တွေ တကယ်ပဲ တမန်တော် ခေတ်ကလို လက်တွေ့ကျကျလေးစားလိုက်နာကျင့်သုံးနိုင်ကြမလား။ အဲဒါတကယ်တော့ လက်တွေ့လိုက်နာရတာ က ခက်ခဲတယ်။ ခဲယဉ်းတယ်။ နမားဇ်ဖတ်ဖို့လွယ်တယ်။ အလ္လာဟ့်အမိန့်နဲ့ပတ်သက်ပြီး ထင်ထင်ရှားရှားရှိနေတဲ့ အရာတွေလိုက်နာရတာလွယ်ကူပေမယ့် ကျွန်တော်တို့ မသိတဲ့ အခုနလို အနှစ်သာရအပိုင်းတွေကျတော့ တကယ် လက်တွေ့လိုက်နာဖို့ခက်ခဲတာတွေ ရှိတယ်။
မဒီနာရောက်ပြီဆိုတာနဲ့ ချန်လှပ်ထားလို့မရတဲ့ မပြောမဖြစ်တဲ့ စစ်ပွဲတွေအကြောင်းပြောပါမယ်။ အစ္စလာမ် နဲ့ပတ်သက်ပြီး အဝေဖန်ခံရဆုံးက စစ်ကိုအားပေးတယ်။ စစ်ဝါဒီတွေ၊ စစ်သွေးကြွတွေ လို့စွပ်စွဲချက်တွေပဲ
စစ်ပွဲနဲ့ပတ်သက်ပြီး ကုရ်အာန်စူရာ ၂း၁၉၀ မှာ `အသင်တို့ကိုစစ်မက်တိုက်ခိုက်ရန်ပြုသူတို့ကို အသင်တို့က အလ္လာဟ်အရှင်မြတ်၏ မူဝါဒလမ်းစဉ်ကုရ်အာန်နှင့်အညီ ပြန်လည်တိုက်ခိုက်ကြပါလေ။ သို့သော်အသင်တို့ မကျူးလွန်ကြလေနှင့်။ ဧကန် အမှန်အလ္လာဟ်အရှင်မြတ်သည် ကျူးကျော်ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည်မဟုတ်ချေ။´
ဆိုလိုတာက စစ်ပွဲနဲ့ပတ်သက်ပြီး ခွင့်ပြုချက်ရှိတယ်ဆိုတာက ကျွန်တော်တို့တိုက်ခိုက်ခံလာရတဲ့အခါမှာ ညှင်းပန်းနှိပ်စက်ခံလာရတဲ့အခါမှာ ကျွန်တော်တို့မှာ ကာကွယ်ခုခံပိုင်ခွင့်ရှိတယ်ဆိုတာကို ပြောခြင်းဖြစ်တယ်။ အစ္စလာမ်က ကျူးကျော်စစ် ဆင်နွှဲလို့မရပါဘူး။
စူရာဟ် ၂း၁၉၂ မှာလည်း `မတရားညှင်းပန်းခြင်း၊ ဖိနှိပ်ခွဲခြားဆက် ဆံခြင်းတို့က သတ်ဖြတ်လိုက်ခြင်းထပ်ပင် ပို၍ပြင်းထန်စွာခံရ၏။ အလ္လာဟ်အိမ်တော်ဖြစ်သော မတ်စ်ဂျစ်ဒေဟရာမ် ၌သူတို့က အသင်တို့ကို မတိုက်ခိုက်သမျှကာလပတ်လုံး အသင်တို့ကလည်း သူတို့ကို မတိုက်ခိုက်နဲ့။ အကယ်၍ သူတို့က အသင်တို့ကို တိုက်ခိုက်လာပြီဆိုရင် အသင်တို့ကလည်း တိုက်ခိုက်ပါ။ ယင်းကဲ့သို့ တိုက်ခိုက်ခြင်းသည်ပင် ကာဖိရ်တို့အတွက် တူညီသောတုန့်ပြန်မှုကို ရရှိလိုက်ခြင်းပင်။´
ဒီအာယသ်မှာပါတဲ့ ကာဖိရ်ဆိုတာ ကျွန်တော်တို့သိသလို အစ္စလာမ်ကို မယုံကြည်တာနဲ့ ဒီလူကို ကာဖိရ်လို့ ခေါ်တာလို့ သာမန်အားဖြင့် သိတဲ့အတိုင်း အသိနဲ့မလုံလောက်တော့ဘူး။ ကာဖိရ်ဆိုတာ အစ္စလာမ်ကို လက်တွေ့ ကျကျသိထားပြီးတော့ လက်တွေ့ကျကျ ဒုက္ခပေးနေတဲ့ ကျွန်တော်တို့အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ ရန်သူတွေကို ပြောနေတဲ့ သဘောမှာရှိတယ်။ ဒီတော့ ကျွန်တော်တို့ကို တိုက်ခိုက်လာပြီ၊ ဖိနှိပ်လာပြီ ညှင်းပန်းလာပြီဆိုရင် ကျွန်တော်တို့မခံနိုင်တော့ဘူးဆိုရင် အလ္လာဟ်က ကျွန်တော်တို့ကို ပြန်လည်တွန်းလှန်ခွင့်အနေနဲ့ ခွင့်ပြုချက်ပေး ထားတာ။ အဲဒါကို အခြေပြုပြီး ဂျီဟာဒ်ဆိုပြီး ဒီကနေ့တွေ့ရာနေရာ ဗုံးခွဲနေတာကိုအစ္စလာမ်က ခွင့်ပြုလုပ်ခိုင်းနေ တယ်လို့ ပြောလို့မရပါဘူး။
ဂျီဟဒ်ဆိုတာကလည်း လူတစ်စုတစ်ဖွဲ့ကလာပြီး ကြေညာလို့လည်းမရဘူး။ ဂျီဟဒ်လုပ်ဖို့အတွက်ဆို ဟစ်ဂျရသ်လုပ်ရတာတို့၊ လူ့အဖွဲ့အစည်းမြှင့်တင်ရတာတို့ အများကြီးပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါတွေအားလုံး လုပ် ပြီးမှသာ ဂျီဟဒ်ဆိုတာဖြစ်လာတာ။ ဂျီဟဒ်ဆိုတာ လွယ်လွယ်ကူကူပါးစပ်က အော်ပြီး ဓါးကိုင်လိုက်ခုတ်ရတာ မဟုတ်ဘူး။ ဂျီဟဒ်ဆိုတာ လူတစ်ယောက်ရဲ့ life တစ်ခုလုံးကို ရှင်သန်ရုန်းကန်လှုပ်ရှားပြီး ဘ၀အောင်မြင်မှု ရအောင်လုပ်တာ။ ဥပမာ လူတစ်ယောက်ဟာ ရေထဲ တွန်းချခံရတယ်ဆိုပါစို့။ အဲဒီလူရေနစ်မသေအောင် ခြေ၊ လက်၊ လှုပ်ရမယ်။ ဒီနေရာမျာ ပရမ်းပတာစနစ်မကျ လှုပ်ရှားရင် (ဥပမာ ရေမကူးတတ်ရင်) သေမှာဘဲဖြစ်တယ်။ အဲဒီအခြေအနေကို ဂျီဟဒ်လုပ်တယ်လို့ခေါ်တယ်။ ပညာရေး၊ စီးပွားရေးစတာတွေအားလုံး ထဲမှာမှ အသက်အန္တရာယ်အတွက် ဂျီဟဒ်ထဲမှာမှစစ်ပွဲဆိုတာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့သာပါဝင်တာဖြစ်တယ်။ ဒါပေမယ့် ဒီကနေ့မွတ်ဆလင်မ်တွေကို စစ်လိုလားသူတွေလို့ စွပ်စွဲခံနေလျက်ပဲရှိတယ်။ ဒါကလည်း ရည်ရွယ်ချက် အမှန်နဲ့ အစ္စလာမ်ကို လေ့လာနေသူတွေမဟုတ်ဘဲ အစ္စလာမ်ကို တိုက်ခိုက်ဖို့တစ်ခုတည်းသော ရည်ရွယ်ချက်နဲ့ ပုတ်ခတ်စော်ကားနေသူတွေဆိုတော့ ရှင်းပြလို့လည်း ရမှာမဟုတ်။
ကုရ်အာန် စူရာဟ် ၈း၅၇ မှာဆိုရင်
`သို့ဖြစ်ပေရာ အသင်သည် အကယ်၍ ၎င်းတို့အား စစ်ပွဲတွင်(လက်ရ)ဖမ်းမိသည်ရှိသော် အသင်သည် ၎င်းတို့အားဖြင့် ၎င်းတို့အပြင်၌ရှိကြကုန်သော(ရန်သူ)တို့အား ဖရိုဖရဲကစဥ့်ကလျားဖြစ်အောင်ပြုလေလော့။ သို့မှ သာလျှင် ၎င်းသူတို့သည် သတိရကြလတ္တံ့။(တနည်း) နောင်ကြဉ်ကြလတံ္တ့။´
ပြောချင်တာက ရန်သူတွေနဲ့စစ်မြေပြင်မှာ တွေ့ပြီဆိုရင် ရန်သူကို မိသွားတာနဲ့ ရှင်းပစ်ပါလို့မပြောဘူး။
စူရာဟ် ၈း၅၈ မှာ ဆက်ပြော ထားတာက `၎င်းပြင် အသင်သည် လူမျိုးတစ်မျိုးထံမှ ကတိသစ္စာဖောက်ဖျက်မည်ကို စိုးရိမ်မကင်းဖြစ်ပါမူ အသင် သည် ၎င်းတို့နှင့် ဖွဲ့ဆိုထားသည့် ပဋိညာဉ်စာချုပ်ကို ၎င်းတို့ထံပြန်လည်၍အပ်ပါလေ။ ပဋိညာဉ်စာချုပ်ရုပ်သိမ်းပြီ ဖြစ်ကြောင်းကို သိရှိရာတွင် အသင်နှင့်၎င်းတို့သည် တန်းတူဖြစ်ရှိသွားမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သစ္စာဖောက်ဖျက်သူတို့အား (လုံးဝ) နှစ်သက်တော်မူသည်မဟုတ်ချေ။´
စစ်ပွဲတွေဖြစ်တဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် စာချုပ်တွေရှိမယ်။ ဒါမှမဟုတ် နှုတ်ကတိတွေရှိမယ်။ အဲဒီလို လုပ်ထားပြီးမှ တစ်ဖက်က စာချုပ်ပါ ကတိက၀န်အတိုင်းမဟုတ်ဘဲ ဖောက်လွဲဖောက်ပြန်လုပ်မယ်လို့ စိုးရိမ်လာရပြီဆိုရင် အလျင်စလို စစ်တိုက်ဖို့ မဟုတ်ဘဲ မူလချုပ်ဆိုကတိပြုထားတဲ့ စာချုပ်ကိုဖျက်သိမ်းကြောင်း တဖက်ကို အသိပေးရမယ်။ ဒါမှတစ်ဖက်နဲ့တစ်ဖက် ဘာစာချုပ်ကတိက၀တ်မှ မရှိဘဲတန်းတူညီမျှဖြစ်သွားမယ်လို့ ပြောတာ။ ဒီနေရာမှာလည်း ကျွန်တော်တို့အတွက် ယူစရာတွေအများကြီးရှိတယ်။ တမန်တော်မြတ်နဲ့ ဆွဟာဗာ တွေက ဒီနည်းလမ်းအတိုင်းကျင့်သုံးခဲ့တာ ဖြစ်တယ်။ အထင်ရှားဆုံးကတော့ `ဟူဒိုင်ဗီယာ´စာချုပ်ပေါ့။ နောက်ပြီး စစ်ပွဲတွေရှိသေးတယ်။ စစ်ပွဲတွေအများကြီးဖြစ်ပြီး ဟစ်ဂျရီ ၆ ခုလောက်ရောက်တဲ့အခါမှာ တော်တော်စစ်ပန်းနေပြီ။ ကာဖိရ်တွေလည်းတော်တော်စိတ်ညစ်နေပြီ။ ဒါပေမယ့် ဒီဘက်က တမန်တော်နဲ့ လူ့အဖွဲ့အစည်းကတော့ မြင့်မား လာတယ်။ Capacity က အရမ်းမြင့်လာတယ်။ နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့ ပညာရှင်တွေထွန်းပေါက်လာ တယ်။ နိုင်ငံတကာနဲ့ဆက်ဆံနိုင်တဲ့ စီးပွားရေးသမားတွေထွက်လာတယ်။ ပညာရှင်တွေအများကြီးပေါ်ပေါက်လာ တယ်။ မြို့ပြဟာ အများကြီးတိုးတက်လာတယ်။ Constitution တွေခိုင်မာလာတယ်။ တော်တော်များများ နယ်ပယ် နိုင်ငံတွေနဲ့ တမန်တော်နဲ့ ညှိနှိုင်းဆောင်ရွက်တာတွေရှိလာပြီ။
အဲဒီအချိန်မှာဘဲ မက္ကာဟ်က အုပ်စုတွေနဲ့လည်း ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ အားလုံးသိတယ်။ အဲဒီစာချုပ်ကိုကြည့်ရင် လုံးဝတစ်ဖက် သတ်ချုပ်ထားတာကို တွေ့ရမယ်။ ဟဇရသ်အုမ်မရ်က မေးခွန်းတောင်မေးတယ်။ ကိုယ်တော် ကျွန်တော်တို့ အစ္စ လာမ်က မမှန်ဘူးလား။ မှားနေလို့လား။ ဒါဆိုရင် ဒီမက္ကာဟ်သားကာဖိရ်၊ မုရှ်ရစ်က်တွေကို တစ်ဖက်သတ်အရှုံးခံ၊ အနစ်နာခံ၊ အောက်ကျနောက်ကျခံပြီး ဒီစာချုပ်ကို ဘာကြောင့် ချုပ်ရမှာလဲ ကိုယ်တော်လို့ပြောခဲ့တယ်။ ဘာဖြစ်လို့လဲ။ အဲဒီအချိန်က မက္ကာဟ်ဝင်တိုက်ခိုက်ရင်နိုင်မယ်ဆိုတာသိတယ်လေ။ တမန်တော်က မတိုက်ခိုက်ခဲ့ဘူး။ စာချုပ်ချုပ်ခဲ့ တယ်။
စာချုပ်ချုပ်ပြီးတဲ့နောက် မက္ကာဟ်ကိုအစ္စလာမ်ရဲ့ဒအ်ဝါရောက်ခဲ့တယ်။ တစ်ဖက်သတ် အရှုံးခံအောက်ကျခံချုပ်တဲ့ ဟုဒိုင်ဗီယာစာချုပ်ရဲ့အစွမ်းအစက ကုရ်အာန်မှာ အလ္လာဟ်ပြောထားတယ်။ အဲဒီရဲ့ အောင်မြင်မှုကို သေသေချာချာလေ့လာမယ်ဆိုရင် သွေးထွက်သံယိုလူတွေ သေကြေပျက်စီးမယ့်စစ်ပွဲတစ်ပွဲ ရှောင်လွဲနိုင်တာ။ အစ္စလာမ့်ရဲ့ပုံရိပ်စစ်မှန်ကို လူအများသိရှိသဘောပေါက်သွားတာတွေကို တွေ့ရတယ်။
ငြိမ်းချမ်းရေးစာချုပ်တစ်ခုချုပ်တယ်ဆိုတာ ကျွန်တော်တို့နိုင်ငံမှာလည်းလုပ်နေတာပဲလေ။ ဟုဒိုင်ဗီယာငြိမ်းချမ်းရေးစာချုပ်ကို ကြည့်ရင် ဘာမြင်ရသလဲဆိုရင် Give and Take ပေါ့။ အပေးအယူ။ စာချုပ်ချုပ်ပြီဆိုရင် ပါမှာပဲ။ မင်းတို့က ဘာလုပ် ရမယ်။ ငါတို့က ဘာလုပ်ရတယ်။ မင်းတို့က ဘာကိုစွန့်။ ငါတို့က ဘာကိုစွန့်မယ်။ ဒါတွေအဆင်မပြေရင် ငြိမ်းချမ်းရေးဖြစ်မလာဘူး။ လုံးဝကျေကျေနပ်နပ်ခွဲတမ်းချပြီး စာရွက်ပေါ်မှာ မလုပ်နိုင်ရင် အလုပ်ဖြစ်မှာ မဟုတ်ပါ ဘူး။ ဒါကြောင့် ယုံကြည်မှုတစ်ခုထဲတည်ဆောက်လို့မရဘူး။ အပေးနဲ့အယူ မျှတရမယ်။ ကျွန်တော်တို့ မွတ်ဆလင်မ် တွေမှာဆိုလည်း အလုပ်တစ်ခုပူးပေါင်းဆောင်ရွက်ရင်ရအောင်ဆိုရင် စာချုပ်ပေါ်မှာ ရေးထားတဲ့စာချုပ်မဟုတ် တောင် Gentlemen Agreement ပေါ့။ လူကြီးလူကောင်းဆန်ဆန် ညှိနှိုင်းစကားပြောကြတဲ့အခါကျရင် မမျှတရင် ဘယ်တော့မှ ပူးပေါင်းပြီးလုပ်လို့မရဘူး။ ငါးဖွဲ့ဖြစ်ဖြစ် ၁၀ ဖွဲ့ဖြစ်ဖြစ် မအောင်မြင်ဘူး။ မျှတမှလုပ်လို့ရမယ်။ မဟုတ် ရင် ပူးပေါင်းလို့မရဘူး။ တကယ်တမ်းတော့ ကျွန်တော်တို့ကတခြားလူ့အဖွဲ့အစည်းကလူတွေကို အောက်ကျနောက် ကျခံပြီး ဆက်ဆံပေးနေရတယ်။ ဒါပေမယ့် မွတ်ဆလင်မ်အချင်းချင်းကျတော့ နည်းနည်းလေးမှ မလျော့ပေးဘူး။ ဘာပေးရမလဲဆို။ မပေးချင်ဘူး။ ကျွန်တော်တို့ဘဲ အထက်စီးကနေ ယူချင်တယ်။
ဟုဒိုင်ဗီယာမှာ တမန်တော်မြတ်က အားလုံးပေးတယ်။ အဲဒီလိုပေးပြီးလုပ်တာက နောက်တစ်နှစ်၊ နှစ်နှစ် မှာ အောင်မြင်မှုရလာမယ်ဆိုတဲ့ အခြေအနေတွေကို မြင်တယ်။ လက်တွေ့လည်း လုပ်ယူတယ်။ ကျွန်တော်တို့က လူတစ်ယောက်ယောက်နဲ့ သဘောတူညီမှုလုပ်တဲ့အခါကျတော့ ကျွန်တော်တို့ဘက်က ဘာပေးနိုင်မလဲဆိုတာ အရင်စဉ်းစားရင်အလုပ်မဖြစ်ဘူး။ ဒါကြောင့် ကျွန်တော်တို့က လူ့အဖွဲ့အစည်းတစ်ရပ် အောင်မြင်အောင်တည် ဆောက်ဖို့ ကြိုးစားမယ်ဆိုရင် ကိုယ်ကဘာပေးရမလဲဆိုတာ မစဉ်းစားရင် အောင်မြင်ဖို့ ခဲယဉ်းနေမှာဘဲဆိုတာကို ပြောကြားရင်းနိဂုံးချုပ်ပါတယ်။