ဟက်က် နှင့် ဗါတွိလ် ၊ ဟလာလ် နှင့် ဟရာမ် အပိုင်း(၄)
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ ယခုလို ယောင်မွလ်ဂျူမုအာမှာ ကျမ်းတော်မြတ်ကုရ်အာန်မှာ ကျွန်တော်လေ့လာတွေ့ရှိချက်များ ကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းမြတ်ကုရ်အာန်ကို သင်ကြား ပို့ချ ကူညီပံ့ပိုးခဲ့တဲ့ဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ် သင်တန်း ကျောင်းတော် မတ်စ်ဂျိဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြွရောက်လာ ကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တင်ပြမယ့်အကြောင်းအရာရဲ့ ခေါင်းစဉ်ကတော့ “ ဟက်က်နှင့် ဗါတွိလ်၊ ဟလာလ် နှင့် ဟရာမ် ” အပိုင်း(၄) ဖြစ်ပါတယ်။ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးများခင်ဗျား- ကျွန်တော်ရဲ့တင်ပြ မှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဆွလားသ်အပြီးမှာ သီးခြားဆွေးနွေးနိုင်ပါတယ်။ `အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´ `ဟလာလ်၊ ဟရာမ်´ပိုင်းခြားပြဋ္ဌာန်းချက်ကို သေသေချာချာ နားလည်သဘောပေါက်ဖို့ အခြေခံအချက် အနေနှင့် မသိမဖြစ် ရှေးဦးစွာ နားလည်ထားရမည့် အခြေခံအချက်ကတော့ လူ့သိက္ခာ၊ လူ့တန်ဖိုးကို အစဉ်အမြဲ လေးစားဖို့၊ မထိပါး မညှိုးနွမ်းစေဖို့၊ စောင့်ရှောက်ဖို့၊ လူတိုင်းလူတိုင်း အထူးသဖြင့် မွတ်ဆလင်မ်တိုင်း သိရှိနားလည် လိုက်နာကျင့်သုံးရန် တာဝန်ရှိတယ်။ လူဟာ နိုင်ငံသားဖြစ်တာ မဖြစ်တာထက် လူသားဖြစ်ခြင်းကို အဓိကထားရ မည်။ လူသားတိုင်း လူဖြစ်နေတဲ့အတွက်ကြောင့် ဂုဏ်ဒြပ် လေးစားတန်ဖိုးထားခြင်းဟာ လူသားတိုင်းအတွက် အခြေခံလူ့အခွင့်အရေး Fundamental Human Rights ဖြစ်တယ်။ မွေးရာပါဇာတိ လူဖြစ်ခြင်းမှာ ဂုဏ်အားဖြင့်တူ ညီကြသူဖြစ်တယ်။ ဒါကြောင့် အုပ်ချုပ်သူဖြစ်စေ၊ နဗီတမန်တော်ဖြစ်စေ၊ မိမိရဲ့အမိန့်ကို အခြားအခြားလူတွေကို နာခံသူအဖြစ် လုပ်ပိုင်ခွင့်မရှိကြောင်း ကုရ်အာန်ဆူရာဟ်(၃) အာယတ်(၇၉)မှာ အလ္လာဟ်အရှင်မြတ်က “ စည်းမျဉ်းဥပဒေကိုလည်းကောင်း၊ အုပ်ချုပ်မှုအာဏာကိုလည်းကောင်း၊ တမန်တော်အဖြစ် ရွေးချယ်ခြင်းကို လည်းကောင်း ရရှိထားတဲ့ အဲဒီလူသားဟာ မည်သူတစ်ဦးတစ်ယောက်မျှပင်ဖြစ်စေ၊ အခြားအခြားလူတွေကို အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်ပြီး (တစ်နည်း) အလ္လာဟ်မှလွဲပြီး သူ့ရဲ့သြဇာအမိန့်ပြဋ္ဌာန်းချက်တွေကို လိုက်နာရ မည်လို့ ပြုလုပ်ပြောဆိုပိုင်ခွင့် လုံးဝမရှိကြောင်း လမ်းညွှန်ထားပါတယ် ” (၃း၇၉) ဒီအာယတ်ရဲ့သဘောတရားကတော့ လူတွေကို အုပ်ချုပ်စီမံခန့်ခွဲရေးအတွက် လိုအပ်တဲ့စည်းမျဉ်းဥပဒေ ကို သိရှိနားလည်ထားသူ ပညာရှိဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ် တိုင်းပြည်၊ မြို့ရွာကို မိမိရဲ့အာဏာပါဝါနှင့် စိုးမိုးနိုင်သူ ဖြစ်ချင်ဖြစ်မည်။ ဒါမှမဟုတ် ဘာသာ သာသနာရေးမှာ အလ္လာဟ်အရှင်မြတ်က ရွေးချယ်စေလွှတ်ခဲ့တဲ့ အလင်းပြ၊ လမ်းပြပုဂ္ဂိုလ် နဗီတမန်တော်ဖြစ်ချင်ဖြစ်မည်။ ဘယ်လူသားတစ်ဦးတစ်ယောက်က အခြားလူသားတွေကို အလ္လာဟ် အရှင်မြတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကိုဘေးဖယ်ပြီး မိမိရဲ့သြဇာအာဏာနှင့် လွှမ်းမိုးချုပ်ကိုင်မှုပြုလုပ်ခြင်းအတွက် အခွင့်အာဏာပြဋ္ဌာန်းပိုင်ခွင့် လုံးဝမရှိပေ။ လေးစားအပ်ပါသော အမျိုးသား၊ အမျိုးသမီးများခင်ဗျား- ဒါကြောင့် အလ္လာဟ်အရှင်မြတ်က လူသားတွေကို ပကတိပြည့်စုံတဲ့ အလုံးစုံသောလွတ်လပ်ခွင့်ကို ပေး ထားပါတယ်။ နှောင်ကြိုးဟူသမျှ ဘာဆိုဘာမှ လူသားတစ်ယောက်က အခြားလူသားတစ်ယောက်ကို ချည်နှောင် ခွင့်၊ ချုပ်ကိုင်ခွင့်၊ ချယ်လှယ်ပိုင်ခွင့် လုံးဝမရှိပါဘူး။ အလားတူ `ဟလာလ်၊ ဟရာမ်´ဟူသောပညတ်ကို အလ္လာဟ်က လွဲလို့ ဘယ်သူကမျှ သတ်မှတ်လို့မရဘူး။ ယုတ်စွအဆုံးပြောရရင် အဲဒီပြဋ္ဌာန်းချက်ကို တမန်တော်မြတ်များကပင် မိမိတို့ရဲ့ဆန္ဒနှင့်အညီ သတ်မှတ်ဆုံးဖြတ်ရန် အခွင့်အာဏာမရှိခဲ့ဘူး။ ဒါကတော့ ကုရ်အာန်မှာ အလ္လာဟ်ရဲ့ပြဋ္ဌာန်း ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ ယခု မွတ်ဆလင်မ်အများစုရဲ့ပြောဆိုချက်မှာ လက်ဆင့်ကမ်းသယ်ဆောင်လာသော အကြောင်းပြ ချက်တစ်ရပ်မှာ မည်သည့်ကိစ္စမျိုးကိုဆောင်ရွက်ခြင်း၊ မည်သည့်ပစ္စည်းတွေကို သုံးစွဲခြင်း၊ မည်သည့်အစားအ သောက်တွေကိုစားသုံးခြင်းဟာ`ဟရာမ်´ ၊ တရားတော်မှတားမြစ်ပိတ်ပင်ထားတယ်လို့ ယုံမှတ်စွဲယူကျင့်သုံးပြီး တော့ တဆင့်စကား တဆင့်နားမှ မွတ်ဆလင်မ်အများစုက အဲဒီအကြောင်းအရာ ကိစ္စရပ်တွေကို မျက်စိမှိတ် နားပိတ်ပြီး အသေစွဲယူလိုက်နာကျင့်သုံးနေကြတာ မဟုတ်ဘူးလား။ ဒီထက်တဆင့်တိုးပြီး ယုံကြည်ထားတာက တော့ အဲဒီတားမြစ်ထားတဲ့ကိစ္စကို ကျူးလွန်ဖောက်ဖျက်သူဟာ လောကီလောကုတ္တရာ နှစ်ဋ္ဌာနစလုံးမှာ အပြစ်ငရဲ ကြီးကြီးထိုက်သူသာ ဖြစ်မည်တဲ့။ ဒီမျှကြီးမားတဲ့ တားမြစ်ပိတ်ပင်ခြင်း၊ `ဟရာမ်´ဆိုတဲ့အရာအတွက် ထင်ရှားခိုင်မာ သော အထောက်အထားကို တိတိကျကျ ထုတ်ဖော်အသိပေးရန် မလိုဘူးလား။ လိုတယ်။ ကျမ်းတော်မြတ်ကုရ် အာန်အရ ဒီလိုအလားတူကိစ္စများအတွက် ပြဋ္ဌာန်းနိုင်တဲ့အခွင့်အာဏာ Authority `ဆန္နသ်´မည်သို့ရှိမည်နည်း၊ မည်သူ့ထံ ရှိမည်နည်း။ အဲဒီတော့ လူ့ဘ၀တည်ဆောက်မှုအတွက် အဓိကကျမ်းဖြစ်တဲ့ လူ့ဘ၀တက္ကသိုလ်ကျောင်းတော်ရဲ့ ထာဝရ ပြဋ္ဌာန်းချက် ကုရ်အာန်မှာပါတဲ့ သက်သေအထောက်အထားမဟုတ်ဘဲ အစဉ်အလာအရ ကျောင်းတော်ဝါဒ School of thought ကို ဘာသာရေးခေါင်းဆောင်များမှ လက်ဆင့်ကမ်းသယ်ဆောင်လာသော ကောလဟာလ `ဟလာလ်၊ ဟရာမ်´ကို လိုက်နာသူတွေနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၂) အာယတ်(၁၇၂)မှာ အလ္လာဟ်က မုအ်မင်န်တွေ ကို အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။ “ အို… အီမာန်သက်ဝင်ယုံကြည်သူတို့ အကယ်၍ အသင်တို့က တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ပြဋ္ဌာန်းချက်ကို လိုက်နာကြမည်ဆိုလျှင် အရှင်မြတ်က အသင်တို့ကို ပေးသနားချီးမြှင့်ထားတဲ့ ဘ၀ရဲ့လိုအပ် ချက်၊ စားသုံးစရာရိက္ခာ အာဟာရများအနက်မှ သန့်ရှင်းစင်ကြယ်ပြီး၊ အရသာရှိသော ကျန်းမာရေးကောင်းမွန်ပြီး အင်အားဖြစ်စေမည့်အရာတွေကို စားသုံးပြီး အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရမည် ” (၂း၁၇၂) လူ့အသုံးအဆောင် အဆင်တန်ဆာ၊ အလှအပ အရာပစ္စည်းအားလုံးကို လူသားရဲ့အကျိုးကျေးဇူးအတွက် အလ္လာဟ်အရှင်မြတ်က စီရင်ဖြစ်ထွန်းစေထားပြီးတော့ အဲဒီအရာတွေဟာ အရှင်မြတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေနှင့်အညီ သုံးစွဲခြင်းအားဖြင့် လူ့ဘ၀တည်ဆောက်မှုမှာ လုံးဝအနှောင့်အယှက်၊ အဟန့်အတား မဖြစ်နိုင်ကြောင်း အလ္လာဟ် အရှင်မြတ်က ဘယ်သူကများ အဲဒီအရာတွေကို `ဟရာမ်´အဖြစ်တားမြစ်ပိတ်ပင်နိုင်မှာလဲ ဆိုတဲ့မေးခွန်း မေးထား ပါတယ်။ အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၇) အာယတ်(၃၂)မှာ အလ္လာဟ်အရှင်မြတ် က ဘာပြောထားလဲ။ “ ငါအရှင်မြတ်ပြုစုပျိုးထောင်ထားသော လူသားတွေကို အကျိုးဖြစ်ထွန်းစေဖို့အတွက် ငါအရှင်မြတ် စီရင်ဖြစ် တည်စေထားတဲ့ လှပတင့်တယ်သော အသုံးအဆောင်၊ အဆင်တန်ဆာများနှင့် သန့်ရှင်းစင်ကြယ် အင်အားပြည့်ဖြိုး ပြီး ကျန်းမာစေတဲ့ရိက္ခာအာဟာရ၊ စားစရာ သောက်စရာတွေကို ဘယ်သူက ဟရာမ်ဆိုပြီး ပိတ်ပင်တားမြစ်မှာလဲ။ (တစ်နည်း) အလ္လာဟ်က ဟလာလ်အဖြစ်ခွင့်ပြုထားတဲ့အရာတွေကို မည်သူတစ်ဦးတစ်ယောက်မှ ပိတ်ပင်တားမြစ် ပိုင်ခွင့်မရှိကြောင်း အသင်တမန်တော် လူတွေကို အသိပေးကြေငြာလိုက်ပါ ” (၇း၃၂) ဆက်လက်ပြီး အာယတ်(၃၃)မှာ “ အို… တမန်တော် အသင်လူတွေကို အသိပေးကြေငြာလိုက်ပါ။ ကျွန်ုပ်ရဲ့အဆင့်ဆင့် ပြုစုပျိုးထောင် ကာကွယ်စောင့်ရှောက်လမ်းညွှန်ရှင်ဖြစ်တဲ့ အလ္လာဟ်က ဟရာမ်အဖြစ် ပိတ်ပင်တားမြစ်ထားတဲ့အရာဟာ ဒီဟာပါပဲ။ (၁) အရှက်အကြောက်ကင်းမဲ့သော စက်စုပ်ရွံရှာဖွယ်ရာတွေဟာ အထင်အရှားဖြစ်စေ၊ ဖုံးအုပ်ဖုံးကွယ်တာဖြစ်စေ (လုပ်ကိုင်ခြင်းသော်လည်းကောင်း၊ ကြံစည်စိတ်ကူးခြင်းသော်လည်းကောင်း) ပြောဆိုပြုမူဆောင်ရွက်ခြင်းသည် လည်းကောင်း ဟရာမ်အဖြစ်တားမြစ်ထားတာဖြစ်တယ်။ (၂) လူ့အစွမ်းအစ၊ ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအား၊ စာရိတ္တစွမ်းအားတွေကို သေးသိမ်ညံ့ဖျင်းစေ တဲ့အရာတွေကို ဟရာမ်အဖြစ် တားမြစ်ထားတယ်။ (၃) မတရားပုန်ကန်ခြားနား၊ ဆန့်ကျင်သွေဖည်မှုကို ဟရာမ်အဖြစ် တားမြစ်ထားတယ်။ (၄) အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာကို တုဖက်နှိုင်းယှဉ် ကိုးကွယ်အားထားမှုပြုခြင်း၊ အဲဒီကိစ္စနှင့်ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က တစ်စုံတစ်ရာ ခွင့်ပြုထားတာလုံးဝမရှိဘူး။ (၅) အလ္လာဟ်အရှင်မြတ်ရဲ့ဂုဏ်တော် ဆွေဖတ်တော်များနှင့်ပတ်သက်ပြီး မိမိနားမလည်သော အကြောင်းအရာတွေ ကို နှိုင်းယှဉ်လက်ခံပြီး ပြောဆိုယုံကြည်ခြင်း စတာတွေကို ဟရာမ်ဆိုပြီး လုံးဝတားမြစ်ပိတ်ပင်ထားတာဖြစ်ပါတယ် ” လေးစားအပ်ပါသော အမျိုးသား၊ အမျိုးသမီးများခင်ဗျား- အထက်ပါတင်ပြပြီးသော အာယတ်တော်ရဲ့ တရားသဘောနှင့် သဘောတရားကို သေသေချာချာ လေ့လာမည်ဆိုလျှင် နောက်ထပ်တင်ပြမည့် အချက်အလက်တွေကို ထင်ထင်ရှားရှား သိရှိနားလည်သဘောပေါက် မှာဖြစ်တယ်။ (၁) တစ်စုံတစ်ရာကို ဟရာမ်အဖြစ် တားမြစ်ပိတ်ပင်နိုင်ခွင့် အမိန့်အာဏာ Authority ဟာ အလ္လာဟ် အရှင်မြတ်သာလျှင် ပိုင်ဆိုင်တာဖြစ်တယ်။ (၂) အလ္လာဟ်အရှင်မြတ်မှလွဲလို့ အခြားမည်သူတစ်ဦးတစ်ယောက်မျှ တစ်စုံတစ်ရာကို ဟရာမ်တားမြစ်ပိတ်ပင်နိုင်ခွင့် Authority အာဏာလုံးဝမရှိပါဘူး။ (၃) လှပတင့်တယ်တဲ့ အဆင် တန်ဆာ၊ အသုံးအဆောင်ပစ္စည်းတွေမှာ မည်သည့်အရာကိုမျှ ဟရာမ်အဖြစ် တားမြစ်ပိတ်ပင်ထားတာမရှိပေ။ တစ်ခုတော့ရှိတယ်။ တရားမ၀င် ဟရာမ်နည်းလမ်းနှင့် ရှာဖွေထားသော ငွေကြေးဥစ္စာပစ္စည်းနှင့် ၀ယ်ယူမည်ဆိုလျှင် အဲဒီအသုံးအဆောင်ပစ္စည်းဟာ ဟရာမ်ဖြစ်သွားမှာဖြစ်တယ်။ (၄) စားစရာ၊ သောက်စရာ အာဟာရရိက္ခာများ အနက် ဟရာမ်ဆိုပြီး တားမြစ်ပိတ်ပင်ထားသောအရာတွေကို ကျမ်းတော်မြတ်ကုရ်အာန်မှာ တိတိကျကျ ရှင်းရှင်း လင်းလင်း လမ်းညွှန်ထားပါတယ်။ အဲဒီတော့`ဟလာလ်၊ ဟရာမ်´ပြုလုပ်နိုင်တဲ့ အခွင့်အာဏာဟာ အလ္လာဟ်တစ်ပါးတည်းသာလျှင် စိုးပိုင်တာ ဖြစ်တယ်။ အလ္လာဟ်ရဲ့ပြဋ္ဌာန်းချက်ကို လူသားတစ်ယောက်ချင်းအလိုက် ၀ဟီပေးခဲ့တာမဟုတ်ဘူး။ တမန်တော် မြတ်မုဟမ္မဒ်(ဆွလ္လ)ဆီကို ၀ဟီထုတ်ပြန်ပို့ချအသိပေးပြီး အဲဒီအကြောင်းအရာတွေကို တမန်တော်မြတ်မုဟမ္မဒ် (ဆွလ္လ)ဆီကို အလ္လာဟ်က အသိပေးကြွေးကြော်ပါလို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၆) အာယတ်(၁၄၆)မှာ အလ္လာဟ်အရှင် မြတ်က ဘာပြောထားလဲ။ “ အို… တမန်တော် အသင်လူတွေကို အသိပေးကြေငြာလိုက်ပါ။ အလ္လာဟ်က ဟရာမ်ဆိုပြီး တားမြစ်ထား သောအရာတွေဟာ အသေကောင်ရဲ့အသား၊ နောက်ပြီးတော့ ယိုစီးထွက်သောသွေး၊ နောက်ပြီးတော့ ၀က်ရဲ့အသား ဟာ အမှန်ပင် အဲဒီအရာတွေဟာ မသန့်စင် ညစ်ထေးသောအရာတွေဖြစ်တယ်။ နောက်ပြီးတော့ သတ်မှတ်ပြဋ္ဌာန်း ချက်ဥပဒေကို ကျူးလွန်တဲ့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားတစ်စုံတစ်ခု၊ တစ်စုံတစ်ရာ၊ တစ်စုံတစ် ယောက်ကို ရည်စူးခဲ့လျှင် အဲဒီအရာတွေဟာ ဟရာမ်ပိတ်ပင်တားမြစ်ထားတဲ့အရာတွေဖြစ်တယ်။ ဒီအရာတွေမှလွဲလို့ စားသုံးသူတွေရဲ့ ရိက္ခာအစာအာဟာရတွေဟာ ဟရာမ်မဟုတ်ကြောင်း အကျွန်ုပ်တမန်တော်ဆီကို ပို့ချခြင်းခံရသော ၀ဟီအားဖြင့် သိရှိရကြောင်း အလ္လာဟ်အရှင်မြတ်က အကျွန်ုပ်တမန်တော်ကို အသိပေးကြေငြာခိုင်းတာဖြစ်တယ် ” ကျွန်ုပ်တို့က ကျမ်းတော်မြတ်ကုရ်အာန်မှာ စီကုံးနှိုင်းဖွဲ့တင်ပြလမ်းညွှန်မှုရဲ့ ထူးခြားပုံကို အထူးပြုလေ့လာ မှတ်သားဖို့လိုအပ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ထံတော်မှ ၀ဟီထုတ်ပြန်ပို့ချမှုဖြင့် ပြဋ္ဌာန်းထားတဲ့အကြောင်းအရာ အရေးကိစ္စ၊ လမ်းညွှန်ချက်များမှာ ရံဖန်ရံခါ အလ္လာဟ်အရှင်မြတ်ကိုယ်တိုင်ပြုလုပ်ကြောင်း၊ ရံဖန်ရံခါ အလ္လာဟ်ရဲ့ ရစူလ်ကိုယ်တိုင်ပြုလုပ်ကြောင်း (အကြောင်းက အလ္လာဟ့်အမိန့်ပြဋ္ဌာန်းချက်လမ်းညွှန်ကို လူသားတို့ထံ တမန်တော် မှတဆင့်သာ ပေးပို့ပြီး သိရှိနားလည်သဘောပေါက် ကျင့်သုံးလိုက်နာစေရန်အတွက်ပင်ဖြစ်တယ်)။ တစ်နေရာမှာ အလ္လာဟ်၊ အခြားတစ်နေရာမှာ တမန်တော်ဖြစ်နေလင့်ကစားနှစ်နေရာစလုံးမှာ (`၀ဟီ´မှာ `ကုရ်အာန်´မှာ) တစ် မျိုးတည်းသာဖြစ်ပါတယ်။ သက်သေအထောက်အထားအရ ကုရ်အာန်ဆူရာဟ်(၂) အာယတ်(၈၉ နှင့် ၁၀၁) အာယတ်နှစ်ခုကို တင်ပြပါမည်။ “ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျမ်းစာတစ်စောင် (တစ်နည်း) ကျမ်းတော်မြတ်ကုရ်အာန်ဟာ သူတို့ဆီကို ရောက်ရှိခဲ့တယ်။ အဲဒီကျမ်းစာဟာ သူတို့ဆီမှာရှိတဲ့ကျမ်းစာကို အမှန်ပင်ဖြစ်ကြောင်း ပြသထောက်ခံတာဖြစ်တယ်။ (တစ်နည်း)ပြောရရင် ကျမ်းတော်မြတ်ကုရ်အာန် မကျရောက်မီအရင် ပို့ချခဲ့တဲ့ကျမ်းစာတွေကို ကျမ်းတော်မြတ်ကုရ် အာန်က အမှန်ပင်ဖြစ်ကြောင်း ထောက်ခံလျက်ရှိတယ် ” (၂း၈၉) ဆိုလိုတာက အချိန်ချိန်ပြုပြင်ပြောင်းလဲထားသော ကျမ်းစာတွေကို ပြောတာမဟုတ်ဘူး။ ကုရ်အာန်မကျ ရောက်မီအလျင် ရှိခဲ့သောကျမ်းစာတွေကို ပြောနေတာဖြစ်ပါတယ်။ ဒါကြောင့် `အဟ်လေကိတားဘ်´အုပ်စုတွေ ဟာ ကျမ်းတော်မြတ်ကုရ်အာန်ကို ယုံကြည်လိုက်နာမည်ဆိုလျှင် `သောဝ်ရသ်´`အီန်ဂျိလ်´နှင့်`ဇဗူရ်´ကျမ်းစာတွေ ကို လိုက်နာခြင်းသာဖြစ်မည်။ အဲဒီတော့ ကုရ်အာန် ဆူရာဟ်(၂) အာယတ်(၁၀၁)မှာကတော့ “ အလ္လာဟ်အရှင်မြတ်ထံတော်မှ ရစူလ်တစ်ပါး (တစ်နည်း)အားဖြင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)ဟာ သူတို့ဆီကိုရောက်ရှိခဲ့တယ်။ အဲဒီတမန်တော်က သူတို့ဆီမှာရှိခဲ့ပြီးသော ကျမ်းစာဟာ အမှန်အကန်ဖြစ်ကြောင်း ပြသ ထောက်ခံလျက်ရှိတယ် ” (၂း၁၀၁) ဒီအာယတ်တော်နှစ်ခုမှာပါတဲ့စကားလုံးဟာ အာယတ်(၂း၈၉)မှာ `ကိသားဗွန်´ ဖြစ်ပြီး အာယတ်(၂း၁၀၁) မှာကတော့ `ရစူလွန်´ဖြစ်နေခြင်းမှလွဲ၍ အတူတူပင်ဖြစ်ပါသည်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်ပြဋ္ဌာန်း ချက်၊ လမ်းညွှန်ချက်နှင့်ပတ်သက်ပြီး အလ္လာဟ်ဟု တစ်နေရာမှာဖော်ပြထားပြီး အခြားတစ်နေရာမှာ ၀ဟီဟု ဖော်ပြ ထားပါတယ်။ နောက်တစ်နေရာမှာ ကျမ်းစာဟုလည်းကောင်း၊ နောက်တစ်နေရာမှာ ရစူလ်ဟုလည်းကောင်း၊ အချင်းချင်းနှီးနွယ်ဆက်စပ်ပြီး အရင်းအမြစ်တစ်ခုတည်းရဲ့ ရှုထောင့်အမျိုးမျိုးမှ ပိုမိုထင်ရှားပြီး သိမြင်ထိရောက်မှုကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်တယ်။ ဒီသဘောတရားအတိုင်း အလားတူ ကုရ်အာန်ဆူရာဟ်(၇) အာယတ်(၁၅၇)မှာ တမန်တော်မြတ်က လူတွေအတွက် စင်ကြယ်သန့်ရှင်းသောအရာတွေကို `ဟလာလ်´တရားဝင်ခွင့်ပြုပြီး မစင်ကြယ်မသန့်ရှင်းသော အရာတွေကို `ဟရာမ်´အဖြစ် တားမြစ်ပိတ်ပင်ထားတာဖြစ်တယ်။ ကျွန်ုပ်တို့မွတ်ဆလင်မ်အများစုက စားစရာ၊ သောက်စရာကိစ္စမှာပဲ စားပိုင်ခွင့်၊ လုပ်ပိုင်ခွင့် `ဟလာလ်´နှင့် မစားရ၊ မလုပ်ရ ပိတ်ပင်တားမြစ်မှု`ဟရာမ်´ကို သတ်မှတ်ထားတယ်လို့ ထင်နေကြတယ်။ အချို့ဆိုလျှင် `ဟလာလ်´ဆိုတာ လည်လှီးထားသောသားကောင်ရဲ့ အသားကိုပဲ ထင်နေကြတယ်။ အဲဒီလိုဆိုရင် ခွေးတစ်ကောင်ကို လည်လှီးလိုက်တာနှင့် အဲဒီခွေးသား `ဟလာလ်´ ဖြစ်သွားရောလား။ အလ္လာဟ်အရှင်မြတ်က လူသားတွေရဲ့ကောင်းကျိုးကောင်းရာအတွက် စားတာသောက်တာ၊ နေတာထိုင် တာ၊ ပြောတာဆိုတာ (တစ်နည်း)ပြောရရင် နိုင်ငံရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေး၊ လူ့လောကရဲ့ ကဏ္ဍဟူဟူသမျှမှ စည်းကမ်းဘောင်လုပ်ပိုင်ခွင့် `ဟလာလ်´နှင့် မလုပ်ရ `ဟရာမ်´ဆိုပြီး ပိတ်ပင်တားမြစ်ထားပါ တယ်။ အလ္လာဟ်အရှင်မြတ်ကိုယ်တိုင် `ဟလာလ်နှင့် ဟရာမ်´အကြောင်း `၀ဟီ´ထုတ်ပြန်ပို့ချပြီး ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ နေရာပေါင်းမြောက်များစွာမှာ သတ်မှတ်ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ အထက်ပါအကြောင်းအရာ တွေနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၉) အာယတ်(၂၉)မှာ မုအ်မင်န်တွေကို ဘာပြောထားလဲ။ ဒီအာယတ်တော်ကို အခြားအခြားဘာသာပြန်မှာ ကုရ်အာန်ကျမ်းမြတ်ရဲ့ စာသားအတိုင်းပြောရရင် “ (ကျမ်းရပုဂ္ဂိုလ်များအနက်မှ) (တစ်နည်း)အားဖြင့် ရဟူဒီနှင့် နဆွရာနီများအနက်မှ အလ္လာဟ်အရှင်မြတ်ကို အာခေရသ်ကို မယုံသူတွေဖြစ်တယ်။ နောက်ပြီးတော့ အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်စေလွှတ်ခဲ့သော တမန်တော် က ဟရာမ်ဆိုပြီး တားမြစ်ထားသောအရာတွေကို ဟရာမ်အဖြစ် လက်မခံသူများကို အသင်တို့ စစ်တိုက်ခိုက်ကြ ” ဆိုပြီး ပါရှိပါတယ်။ အထက်ပါအာယတ်တော်မှာ အခြားဘာသာပြန်ကျမ်းများအရ ဟရာမ်ပြုပိုင်ခွင့်ကို အလ္လာဟ်နှင့် အလ္လာဟ့် ရစူလ်နှစ်ဦးစလုံး ပြုလုပ်နိုင်တယ်လို့ အဓိပ္ပါယ်ကောက်ထားတာတွေ့ရပါတယ်။ အမှန်မှာတော့ အထက်ပါစာသား အတိုင်းပြောရရင် ဟရာမ်အဖြစ် တားမြစ်ခဲ့တာမဟုတ်ဘူး။ အလ္လာဟ်နှင့် အလ္လာဟ်ရဲ့ရစူလ်က ဟရာမ်လုပ်ထားတဲ့ ဆိုတဲ့ကိစ္စဟာ လူတွေကို တာဝန်တစ်ရပ်အနေနှင့် လိုက်နာစေခြင်းဟု အနက်အဓိပ္ပါယ်ရတယ်။ အဲဒီတာဝန်တွေကို မလိုက်နာဘဲ အစ္စလာမ့်လူနေမှုစနစ်ကို ကျင့်သုံးခဲ့တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခဲ့တဲ့သူတွေကို တာဝန်ပျက်ကွက်ခြင်း ကြောင့် စစ်ကြေငြာပြီး တိုက်ခိုက်ရန်သာဖြစ်တယ်။ ဒီရှင်းလင်းချက်တွေဟာ ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ အချက်အလက်တွေအရ ထင်ရှားလျက်ရှိပါ တယ်။ ဒါတွေကို အသေးစိပ်ရှင်းလင်းဖို့အတွက် အခြားလူ စိတ်ကူးနှင့်ရေးသားထားတဲ့ ကျမ်းစာအုပ်တွေရဲ့ အကူ အညီမလိုဘူးဆိုတာ ပိုပြီးတော့ ထင်ရှားပါတယ်။ (၁) အဲဒီတော့ `ဟလာလ်၊ ဟရာမ်´ကို သတ်မှတ်ပြဋ္ဌာန်းနိုင်တဲ့ အခွင့်အာဏာဟာ အလ္လာဟ်တစ်ပါးတည်းထံမှာသာ ရှိပါတယ်။ (၂) အလ္လာဟ်အရှင်မြတ်က `ဟရာမ်´ဆိုပြီး ပြဋ္ဌာန်းလိုက်တဲ့အကြောင်းအရာ၊ အရေးကိစ္စကို ကုရ်အာန်ထဲမှာသာလျှင် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ ကုရ် အာန်ကလွဲလို့ အခြားအခြားစာအုပ်တွေမှာပါတဲ့ အကြောင်းအရာတွေဟာ လူတွေရေးသားထားသောအရာတွေသာ ဖြစ်တယ်။ (၃) ဒါကြောင့် အဲဒီလိုလုပ်ပိုင်ခွင့်အာဏာဟာ အလ္လာဟ်အရှင်မြတ်မှလွဲလို့ မည်သူတစ်ဦးတစ်ယောက် ထံမျှမရှိဘူး။ အလ္လာဟ်အရှင်မြတ်က `ဟလာလ်´အဖြစ်ခွင့်ပြုပြီး ပြဋ္ဌာန်းထားသောအရာ ဒါမှမဟုတ် `ဟရာမ်´အဖြစ် ပိတ်ပင်တားမြစ်ထားခြင်းမရှိသောအရာကို `ဟရာမ်´အဖြစ် တားမြစ်ထားပါတယ်လို့ ပြောဆိုသူဟာ အလွန်တရာ ကြီးလေးသောပြစ်မှုကို ကျူးလွန်ခြင်းဖြစ်ကြောင်း ကုရ်အာန်ဆူရာဟ်(၅) အာယတ်(၈၇)မှာ အလ္လာဟ်က မုအ်မင်န် တွေကို ဘာပြောထားလဲ။ “ အသင်တို့အတွက် အလ္လာဟ်အရှင်မြတ်က ဟလာလ်ဆိုပြီး ခွင့်ပြုထားတဲ့ သန့်ရှင်းစင်ကြယ်သောအရာတွေ ကို အသင်တို့ ဟရာမ်ဆိုပြီး ပိတ်ပင်တားမြစ်ခြင်းမလုပ်နှင့်။ နောက်ပြီးတော့ အလ္လာဟ်က ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေစည်းမျဉ်းကိုလည်း ဖောက်ဖျက်ကျူးလွန်ခြင်းမလုပ်နှင့်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်က ပြဋ္ဌာန်းသတ်မှတ် ထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ကျူးလွန်သူတွေကို နှစ်သက်မြတ်နိုးမှာမဟုတ်ဘူး ” (၅း၈၇) ဒီအာယတ်တော်အရ အလ္လာဟ်အရှင်မြတ် ချမှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို ဖောက်ဖျက်ကျူး လွန်သူတွေကို အလ္လာဟ်က နှစ်သက်မြတ်နိုးမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။ ဒါကြောင် ကျွန်ုပ်တို့ရဲ့လုပ်ရပ် တိုင်းဟာ အလ္လာဟ်နှစ်သက်တဲ့ အလ္လာဟ်မြတ်နိုးတဲ့လုပ်ရပ်ဖြစ်မည်ဆိုလျှင် အဲဒါ `ဟက်က်´အမှန်တရား၊ အောင် မြင်တဲ့လုပ်ရပ်ဖြစ်မည်။ အကယ်၍ ကျွန်ုပ်တို့ရဲ့ `အမာလ်´လုပ်ကိုင်ဆောင်ရွက်မှုဟာ အလ္လာဟ်ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းရဲ့ ဆန့်ကျင်ဘက်ဖြစ်မည်ဆိုလျှင် အဲဒါ `ဗါတွိလ်´အကျိုးမဲ့အချည်းနှီးဖြစ်ပြီးတော့ နစ်နာဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်။ အဲဒီတော့ အလ္လာဟ်က လုပ်ပိုင်ခွင့်ပေးထားသောဥပဒေ၊ အလ္လာဟ်က ပိတ်ပင်တားမြစ်ထားတဲ့ ဥပဒေစည်း မျဉ်းတွေကို မလိုက်နာဘဲ အလ္လာဟ်အရှင်မြတ်ကိုတောင် လိမ်လည်စွပ်စွဲပြီး ဟောဒီဟာ `ဟလာလ်´၊ ဟောဒီဟာ `ဟရာမ်´ဆိုပြီး ဖသ်ဝါရောင်းစားမယ့်လူတွေနှင့်ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၁၆) အာယတ်(၁၁၆)မှာ ပြင်းထန် လေးနက်တဲ့စကားလုံးနှင့် ဘာပြောထားလဲ။ “ အလ္လာဟ်အရှင်မြတ်ပေါ်မှာ (တစ်နည်း)အားဖြင့် အလ္လာဟ်ချမှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေစည်းမျဉ်းတွေကို မဟုတ်မမှန် လိမ်လည်ပြောဆိုရန်အတွက် မဟုတ်မမှန်တာကို တီထွင်ဖန်တီးပြီး ဟောဒီဟာက ဟလာလ်ပါ၊ ဟိုဟာ က ဟရာမ်ဖြစ်ပါတယ်လို့ အသင်တို့က မိမိတို့ရဲ့ နှုတ်လျှာပါးစပ်နှင့်လိမ်လည်ပြီး သတ်မှတ်ပိုင်းခြား၊ ဟောပြော ပြောဆိုခြင်းမလုပ်နှင့် ” (တစ်နည်း)ပြောရရင် ဖသ်ဝါရောင်းမစားနဲ့လို့ပြောနေတာ။ “ နောက်ပြီးတော့ အသင်တို့ရဲ့ နှုတ်လျှာပါးစပ်နှင့် အလ္လာဟ်ပေါ်မှာ အလ္လာဟ်ရဲ့ပြဋ္ဌာန်းချက်တွေကို မဟုတ်မမှန် လိမ်လည်လီဆည်ပြီး စွပ်စွဲမည်ဆို လျှင် ဧကန်အမှန် အလ္လာဟ်အရှင်မြတ်ပေါ်မှာ မဟုတ်မမှန်လိမ်လည်စွပ်စွဲသူတွေ ဘယ်တော့မှ အောင်မြင်ကြမှာ မဟုတ်ဘူး ” (၁၆း၁၁၆) ဆက်လက်ပြီး အာယတ်(၁၁ရ)မှာတော့ “ အဲဒီလူတွေ ဒီမျက်မှောက်ဘ၀ရဲ့ စည်းစိမ်ချမ်းသာမှု အနည်းငယ် မျှ အကျိုးခံစားပေးမယ့် အဲဒီလူတွေအတွက် နာကျင်ဖွယ်ရာ အပြစ်ဒဏ်ရှိတယ် ” အထက်ပါအာယတ်တော်တွေရဲ့တင်ပြမှုနှင့် ဒီကနေ့ ဘာသာရေးလောကမှာ ရှေ့ဆောင်လမ်းပြဆိုသူ အကြီးအကဲ ဆရာ့ဆရာကြီးအချို့က ပြုလုပ်နေကြတဲ့လုပ်ရပ်ကို ကွင်းကွင်းကွက်ကွက် ထုတ်ဖော်ပြသပြီး အဲဒီလို မလုပ်ရန် တားမြစ်ထားပါတယ်။ ဒါပေမဲ့ အဲဒီဆရာ့ဆရာကြီးတွေက လိမ်လည်လှည့်ဖြားပုံမှာလည်း သူတို့က `ဟလာလ်၊ ဟရာမ်´ဆိုပြီး သတ်မှတ်ပိုင်းခြားလိုက်တယ်လို့ပြောလိုက်လျှင် ဘာသာဝင်တွေက ယုံကြည်ပြီး လေး နက်စွာလိုက်နာကြတယ်မဟုတ်လား။ ဒါကြောင့် ပညာသားပါပါ အလ္လာဟ်ပြတဲ့ ရှရီအသ်တရားတော်အရလို့ အလ္လာဟ်ကိုရည်ညွှန်းပြောဆိုပြီး သူတို့က ပြဋ္ဌာန်းလိုတာတွေကို ပြဋ္ဌာန်းနေတာဖြစ်တယ်။ ဒီကနေ့ မွတ်ဆလင်မ်လောကမှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး၊ အထူးသဖြင့် အိမ်ထောင်ရေးကို လေ့လာကြည့်လိုက်။ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ နှစ်ပေါင်း(၁၄၀၀)ကတည်းက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေအမိန့် ဖသ်ဝါတွေကို မွတ်ဆလင်မ်လူများစုက မလိုက်နာကြဘဲ ဆရာ့ဆရာကြီးများ (တစ်နည်း)ပြောရရင် ဘာသာရေးပွဲစားများထုတ်တဲ့ ဖသ်ဝါတွေကိုတော့ မွတ်ဆလင်မ်အများစုက လိုက်နာတာတွေ့ရပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က အဲဒီလိုလုပ်ကြံဖန်တီးပြီး ဖသ်ဝါရောင်းစားတဲ့ ဘာသာရေးပွဲစားတွေနှင့် ပတ်သက်ပြီး ကုရ်အာန်ဆူရာဟ်(၁၀) အာယတ်(၅၉)မှာ “ အို… တမန်တော် အသင်လူတွေကို အသိပေးကြေငြာလိုက်ပါ။ အလ္လာဟ်အရှင်မြတ်က အသင်တို့ရဲ့ အကျိုးကျေးဇူးအတွက် စားနပ်ရိက္ခာနှင့်ပတ်သက်ပြီး ဖြစ်ထွန်းပေါ်ပေါက်စေထားသောအရာတွေကို အသင်တို့ စူးစမ်း လေ့လာပြီးပြီလား။ နောက်ပြီးတော့ အလ္လာဟ်က အသင်တို့ကိုပေးထားတဲ့ စားနပ်ရိက္ခာများအနက်မှ အသင်တို့က အချို့ကို ဟလာလ်စားသုံးပိုင်ခွင့်ရှိတဲ့၊ အချို့ကိုကျတော့ ဟရာမ်စားသုံးပိုင်ခွင့်မရှိဆိုပြီးတော့ သတ်မှတ်ထားတာကို အသင်တို့ စဉ်းစားဆင်ခြင်သုံးသပ်ပြီးပြီလား။ အို… တမန်တော် အသင် အဲဒီလူတွေကိုမေးကြည့်ပါ။ (ဘာလဲ) အလ္လာဟ်အရှင်မြတ်က အသင်တို့အတွက် အဲဒီလိုလုပ်ပိုင်ခွင့်ပေးထားသလား။ ဒါမှမဟုတ် အသင်တို့က အလ္လာဟ် အရှင်မြတ်ပေါ်မှာ မဟုတ်မမှန် လုပ်ကြံလီဆည်ပြီး စွပ်စွဲနေတာမဟုတ်လား ” (၁၀း၅၉)