ဟဂ်ျအကြောင်း(အပိုင်း- ၅) မုဖ်သီဦးစန်းအောင် (B.Sc)
ဟဂ်ျအကြောင်း(အပိုင်း- ၅)
မုဖ်သီဦးစန်းအောင် (B.Sc)
ဒီကနေ့(၆.၃.၂ဝ၁၅)နေ့မှာ ကျရောက်တဲ့ယောင်မွလ်ဂျုမုအာဟ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား……
အတ်စလာမုအလိုင်းကွန်း(မ်) ဝရဟ်မသွလ်လားဟိ ဝဘရကားသုဟု
ဒီကနေ့ ကျနော်တင်ပြမဲ့ခေါင်းစဉ်ကတော့ ကျနော်အခန်းဆက်အဖြစ် တင်ပြနေတဲ့ `ဟဂ်ျအကြောင်း´(အပိုင်း-၅) ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့အပိုင်းတွေမှာ ဟဂ်ျပြုရာမှာ အဓိကအပိုင်းဖြစ်တဲ့ `ကအ်ဘာ´ကျောင်းတော်ကြီးဖြစ်ပေါ် လာပုံအဆင့်ဆင့်ကို တင်ပြခဲ့ပါတယ်။ ဒီကနေ့တင်ပြမဲ့အပိုင်း(၅)ကစပြီး ဟဂ်ျပြုရခြင်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်အပိုင်း တွေကို ဆက်လက်တင်ပြသွားပါမယ်။
ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ ဟဂ်ျပြုရခြင်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ကို တင်ပြရမယ်ဆိုရင် ကျမ်းမြတ်ကုရ်အာန် (၁၄း၃၅)မှာ ပါရှိတဲ့ ဟဂ်ျရဲ့ဗိသုကာကြီး တမန်တော်အီဘရာဟင်မ်(အ)ရဲ့ အလ္လာဟ်အရှင်မြတ်ထံ ပြုခဲ့တဲ့ ဆုမွန်ဒုအာကို သိရှိထားဖို့ နားလည်သဘောပေါက်ထားဖို့ အဓိကလိုအပ်ပါတယ်။
တစ်ချိန်သောအခါဝယ် အီဘရာဟင်မ်(အ)က ဤသို့လျှောက်ထားတောင်းဆုပြုလေသည်။
`အို- ကျွန်တော်မျိုး၏ အရှင်မြတ်၊ ဤဒေသကို လုံခြုံအေးချမ်းဘေးကင်းစေတော်မူပါ။ ကျွန်ုပ်ကိုသော်လည်းကောင်း၊ ကျွန်ုပ်၏ သားစဉ်မြေးဆက်ကိုသော်လည်းကောင်း၊ `အဆ်ွနားမ်´တည်းဟူသော အရာတို့ကို နာခံခ၀ပ်ရိုကျိုးခြင်းဟူသော အဖြစ်မျိုးမှ ကင်းဝေးစေတော်မူပါ။´ (ကုရ်အာန် – ၁၄း၃၅)
ကျွန်တော်နားလည်သလောက်တော့ ဒီကုရ်အာန်(၁၄း၃၅)ဟာ `ဟဂ်ျပြုရခြင်းရဲ့ ရည်ရွယ်ချက်များအနက် အဓိက အချက်တစ်ချက်ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ဟာ `အဆ်ွနားမ်´လို့ခေါ်တဲ့ အရာတွေကို နာခံကိုးကွယ်ခြင်းမှ ကင်းလွတ်အောင် ဆောင်ရွက်ပြုပြင်ကြရမယ်။
`အဆ်ွနားမ်´ဆိုသည်မှာဘာလဲ—
`အဆ်ွနားမ်´ဆိုတာက အရဗီမူရင်း `ဆွနမ´က ဆင်းသက်လာပြီး၊ အဓိပ္ပါယ်က `ရုပ်ထု´၊ `ပုံရိပ်´၊ `ရုပ်ပုံလွှာ´ဆိုပြီး ထွက်ရှိပါတယ်။ `အဆ်ွနားမ်´ဆိုတာက အများကိန်းပုံစံပါ။ `အဆ်ွနားမ်´ဆိုတဲ့ ဝေါဟာရကို ကုရ်အာန်မှာ(၅)ကြိမ် သုံးထား တာတွေ့ရပါတယ်။ သက်ဆိုင်ရာ အာယသ်တော်တွေအပေါ်မှာလည်းကောင်း၊ အဘိဓါန်အပေါ်မှာလည်းကောင်း၊ `အဆ်ွနားမ်´ ဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပါယ်ဟာ `အလ္လာဟ်အရှင်မြတ်ကို ကျောခိုင်းပြီး သကာလ၊ လူတွေရဲ့ ကိုးကွယ်ဆည်းကပ်အားထား ခြင်း၊ ပူဇော်ပသခြင်း ခံနေရတဲ့ ရုပ်ထုပုံရိပ်(Image) ရုပ်ပုံလွှာအားလုံးကို ရည်ညွှန်းပါတယ်။
ဒီကနေ့ လူသားတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းချက်ကို ကျောခိုင်းပြီး မိမိတို့ကိုယ်တိုင်စီမံ ဖော်ကျူးထားတဲ့ ရုပ်ဝတ္ထုတွေ၊ ပုံရိပ်တွေ၊ အတွေးအခေါ်အယူအဆတွေ၊ ထင်မြင်ယူဆချက်တွေ၊ လမ်းစဉ်တွေ အားလုံးဟာ `အဆ်ွနားမ်´တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီတော့ တစ်ချို့က မေးမေယ်။ ကျနော်ဓါတ်ပုံရိုက်ပြီး အိမ်မှာ ချိတ်ဆွဲထားလို့ရမလား။ ကျွန်တော်သစ်သား ပန်းပုရုပ် တစ်ခုဧည့်ခန်းမှာထားလို့ရမလား။
ဟုတ်ကဲ့။ ဖြေလိုက်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်ရည်ညွှန်းချက်အရ အဲ့ဒီအရာတွေကို လူကြီးမင်းတို့အနေနဲ့ ကိုးကွယ်၊ ဆည်းကပ်အားထားစရာအဖြစ် မဟုတ်ပဲ အမှတ်တရအဖြစ် မှတ်တမ်းမှတ်ရာအဖြစ် မျက်စိပသာဒဖြစ်စရာအဖြစ် အပန်းဖြေစရာအဖြစ်ထားရှိမယ်ဆိုရင် ဒီဓါတ်ပုံ ဒီပန်းချီကား၊ ဒီပန်းပုရုပ်ထုများဟာ `အဆ်ွနားမ်´ဆိုတဲ့ စာရင်းထဲမှာ ပါဝင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ `အဆ်ွနားမ်´ဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ လူသားရဲ့ စိတ်နေစိတ်ထားနှင့်သော်လည်းကောင်း၊ ပြုမူပုံနှင့် သော်လည်းကောင်း သက်ဆိုင်ပါတယ်။ ဒါကရုပ်ပိုင်းဆိုင်ရာ `အဆ်ွနားမ်´တွေပါ။
နာမ်ပိုင်းဆိုင်ရာ `အဆ်ွနားမ်´တွေဟာလည်း ကျွန်တော်တို့ရဲက အတွေးအမြင်တွေထဲမှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်း ကျင်မှာ အများအပြားရှိပါတယ်။ လူတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့လမ်းညွှန်ချက်ကို ကျောခိုင်းပြီး၊ မိမိရဲ့ အတွေးအခေါ်၊ မိမိရဲ့ အယူအဆ၊ မိမိရဲ့ ထင်မြင်ယူဆချက်၊ မိမိရဲ့ ရပ်တည်ချက်ကို သာ အတည်ဆုပ်ကိုင်ထားလေ့ရှိတယ်။ ဒါဟာလည်း ကုရ်အာန်ကရည်ညွှန်းပြဆိုနေတဲ့ `အဆ်ွနားမ်´ကို အိဘာဒသ်လုပ်ခြင်း နာခံရိုကျိုးခြင်းပဲဖြစ်ပါတယ်။
ဒီကနေ့လူအတော်များများဟာ ဟဂ်ျပြုလုပ်ကြပါတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ဟဂ်ျရဲ့ဗိသုကာကြီး တမန်တော်အီဘရာဟင်မ် ရည်ညွှန်းတဲ့ `အဆ်ွနားမ်´ကို နာခံရိုကျိုးခြင်း ၀ဲဂယက်ထဲက မထွက်နိုင်သေးတာ အများအပြား တွေ့ရပါတယ်။ သူတို့ဟာ ဟာဂျီများဖြစ်သွားသော်လည်း အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းချက်နဲ့ မကိုက်ညီတဲ့ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ အကျင့်စရိုက်တွေကို တွယ်ဖက်ထားကြပါတယ်။
ဒီနေရာမှာ မွတ်ဆလင်မ်တွေ အယူလွဲနေသော တစ်ခုကို ထောက်ပြပါရစေ။ ကုရ်အာန်(၃း၉၇)မှာ အလ္လာဟ်အရှင် မြတ်က ဒီလိုပြဌာန်းထားပါတယ်။
`ယင်းအိမ်တော်(ကအ်ဘာ)၌ ထင်ရှားလှစွာသော သက်သေလက္ခဏာတော်များ ရှိလေသည်။ တမန်တော်အီဘရာ ဟင်မ်(အ)၏ ရပ်တည်ချက်သည် ထင်ရှားလှစွာသော သက်သေလက္ခဏာတော်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ယင်းအိမ် တော်သို့ ၀င်ရောက်ခဲ့သည်ရှိသော် ထိုသူသည် လုံခြုံငြိမ်းချမ်းပြီးဖြစ်သည်။
သို့ဖြစ်ရာ လူတို့အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ အလိုတော်အရ ထိုအိမ်တော်သို့ ခရီးစဉ်တစ်ရပ်အဖြစ် သွားရောက်ရန် တတ်စွမ်းနိုင်ခဲ့ပါလျှင် သွားရောက်`ဟဂ်ျ´ပြုရန် တာဝန်ရှိပေသည်။ ပြီးနောက် မည်သူမဆို အလ္လာဟ်အရှင် မြတ်၏ လမ်းညွှန်ချက်များကို မလိုက်နာပဲငြင်းပယ်ခဲ့သည်ရှိသော်၊ အလ္လာဟ်အရှင်မြတ်သည် အနန္တစကြ၀ဠာ၌ လိုလားတောင့် တမှုကင်းမဲ့သည်ဖြစ်ရာ သူ၏ ငြင်းဆန်မှုက သူ့အတွက်သာဖြစ်သည်။´ (ကုရ်အာန် – ၃း၉၇)
ဒီအာယသ်တော်မှာပါရှိတဲ့ ခရီးစဉ်တစ်ရပ်အဖြစ် သွားရောက်ရန် တတ်စွမ်းနိုင်ခဲ့ပါလျှင် ဆိုတဲ့ စကားစုကို ယနေ့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းထဲမှာ `ငွေကြေးတတ်နိုင်လျှင်´ ဆိုတဲ့ သဘောမျိုး၊ ယူဆလိုက်တာတွေ တွေ့ရပါတယ်။ အကယ်၍ အာယသ်တော်ကို ဆက်ဖတ်ကြည့်မယ်ဆိုရင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်ချက်များကို မလိုက်နာ ပဲ ငြင်းပယ်ခဲ့သည်ရှိသော် ဆိုတဲ့ ကျမ်းပိုဒ်အရ ဟာဂျီတစ်ယောက်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်ချက်များကို လုံးဝ လိုက်နာရမယ်ဆိုတဲ့ သဘောမျိုးပေါ်လွင်ထင်ရှားပါတယ်။ ဒါကြောင့် ခရီးစဉ်တစ်ရပ်အဖြစ် သွားရောက်ရန် တတ်စွမ်းနိုင်ခဲ့ပါ လျှင်ဆိုတဲ့ ကုရ်အာန်ရဲ့ဖော်ပြချက်ဟာ ဟဂ်ျပြုနိုင်ဖို့အရေးမှာ ငွေကြေးတတ်နိုင်ရုံမျှမကပဲ၊ အလ္လာဟ်အရှင်မြတ်က ပြဌာန်းပေး အပ်တဲ့ တာဝန်ကိုပါ ကျေပွန်စွာ ထမ်းဆောင်နိုင်လျှင် တစ်နည်းအားဖြင့် ဟာဂျီတစ်ဦးရဲ့ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်မှ သာလျှင် `ဟဂ်ျ´ပြုဖို့ လုပ်ဆောင်သင့်ကြောင်းကို ကုရ်အာန်က ရည်ညွှန်းပြဆိုထားပါတယ်။
ဟဂ်ျကျင့်စဉ်နဲ့ ပတ်သက်ပြီး ကုရ်အာန်(၂၂း၂၆)မှာ ဒီလိုပြဌာန်းထားပါတယ်။
`တစ်ရံတစ်ခါက ငါအရှင်မြတ်သည် တမန်တော်အီဘရာဟင်မ်(အ)အား ထူးမြတ်သော အိမ်တော်၏ နေရာကို ညွှန်ပြပေးအပ်ခဲ့လေသည်။ (ယင်းထူးမြတ်သော အိမ်တော်ကို အကြောင်းခံသောအားဖြင့်) သင်(အီဘရာဟင်မ်)သည် ငါအရှင် မြတ်နှင့် အခြားမည်သည့်အရာကိုမျှ တွဲဖက်ဆည်းကပ်နာခံခြင်း မပြုပါလေနှင့်။
ပြီးနောက် သင်သည် ငါအရှင်မြတ်၏ ထူးမြတ်သော အိမ်တော်ကို `တွဝါးဖ်´လှည့်ဖတ်နေသူများ၊ ဖြောင့်မတ်မှန်ကန် စွာ ရပ်တည်နေကြသူများ(ငါ၏ အမိန့်တော်ကို) ဦးလည်မသုန် နာခံရိုကျိုးသူများအတွက် သောဝ်ဟီးဒ်(၀ါ)တစ်ပါးတည်းသော အရှင်မြတ်ကု `ကွဖ်ရ်´တည်းဟူသော ငြင်းပယ်ခြင်း၊ `ရှရီးက်´တည်းဟူသော တုဖက်နာခံခြင်း `ရစ်ဂျဆွန်´တည်းဟူသော ပါပညစ်ကျူးမှုဟူသော အစွန်းအထင်းများမှ ကင်းစင်အောင် ပြုလုပ်ထားပါလေ။´ (ကုရ်အာန် – ၂၂း၂၆)
အဲဒီတော့ `ဟဂ်ျ´ကျင့်စဉ်ကို ပြုကျင့်သူတစ်ဦးအတွက် ဒီကုရ်အာန်(၂၂း၂၆)ကို လေးလေးနက်နက်နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။
အမှန်တကယ်မှာတော့ မွတ်ဆလင်မ်တစ်ဦးဟာ `ဟဂ်ျ´လုပ်ငန်းစဉ်ကို ဆောင်ရွက်တော့မယ်ဆိုရင် ကျနော်တို့ရဲ့ ရှေးယုံကြည်ချက်ဆိုင်ရာ ဘိုးဘေးများဖြစ်ကြတဲ့ တမန်တော်အီဘရာဟင်မ်၊ တမန်တော် အီစ်မာအီးလ်၊ ဟာဂျရာ သခင်မကြီး နဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)တို့ရဲ့ ၀ိနည်းပိုင်းဆိုင်ရာ ကျင့်သုံးမှုပုံစံတွေကို နာခံလိုက်နာဖို့ လိုအပ်ပါတယ်။ `ဟဂ်ျ´ကျင့်စဉ် ရဲ့ အရေးပါတဲ့ ဆောင်ရွက်မှုတွေ၊ ကြံ့ကြံ့ခံမှုတွေကို `ဟဂ်ျ´ကျင့်စဉ်ဟာ ရုပ်ပိုင်းဆိုင်ရာ သဘောသာမက၊ နာမ်ပိုင်းဆိုင်ရာ သဘောတရားအဖြစ်လည်း လက်ခံကျင့်သုံးဆောင်ရွက်ရပါမယ်။ မွတ်ဆလင်မ်တိုင်းဟာ `ဟဂ်ျ´ရဲ့ ကျင့်စဉ်ဆိုင်ရာပြဌာန်း ချက်တစ်ခုခြင်းတိုင်းကို ဘာကြောင့် ဆောင်ရွက်ရသလဲဆိုတာကို နားလည်သဘောပေါက်ဖို့ လိုအပ်သလို၊ အဲဒီကျင့်စဉ်တစ်ခု စီတိုင်းက ဘယ်လိုသင်ခန်းစာမျိုးကို ရရှိလိုက်သလဲဆိုတာကိုလည်း သုံးသပ်လေ့လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော် အခုဆက်လက်ပြီး တင်ပြမဲ့အပိုင်းဟာ `ဟဂ်ျ´ပြုရာမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး၊ ဒီတင်ပြချက်ထဲက အချက်တစ်ချက်ကို ဖောက်ဖျက်မိမယ်ဆိုရင် `ဟဂ်ျ´ မမြောက်တော့ပါဘူး။
(၁) အဲဟ်ရာမ်ဝတ်ရုံဝတ်ဆင်ခြင်း
ဟာဂျီတစ်ဦးဟာ သတ်မှတ်ရက်အချို့အတွက် `အဲဟ်ရာမ်´၀တ်ရုံကို ၀တ်ဆင်ရပါတယ်။ `အဲဟ်ရာမ်´၀တ်ရုံ ဆိုတာ ဟာ ချုပ်ရိုးမပါတဲ့ နံငယ်ပိုင်းဖြစ်ပြီး၊ ဥပမာပေးရရင် `ကဖန်´ပိတ်စနဲ့ ဆင်တူပါတယ်။
ဟာဂျီလောင်းလျာတစ်ဦးဟာ ဒီ`အဲဟ်ရာမ်´၀တ်ရုံကို ၀တ်ဆင်လိုက်ပြီးဆိုတာနဲ့ လောကစည်းစိမ်အရပ်ရပ်ကို စွန့်လွှတ်လိုက်ပြီလို့ ခံယူထားရပါလိမ့်မယ်။ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာအနေအထား၊ စိတ်ပိုင်းဆိုင်ရာ အနေအထားအရပ်ရပ်ဟာ အမြင့်မားဆုံးသော အသန့်ရှင်းဆုံးသော အခြေအနေမှာ ရှိနေရပြီး၊ မိမိဟာ ကမ္ဘာ့တရားစီရင်မဲ့နေ့မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ရှေ့တော်မှောက်မှာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ကယ်မဲ့သူမရှိဆိုတဲ့ ပုံစုံမျိုးနဲ့ ရောက်ရှိသလို ခံစားမိနေရပါမယ်။ မိမိနှင့် အတူ`အဲဟ်ရာမ်´၀တ်ဆင်ထားသူအားလုံးဟာ အခြေအနေ၊ အဆင့်အတန်း၊ အတူတူဖြစ်ကြပြီး ဘယ်သူကမှ ဘယ်သူထက် မသာဘူး။ မနိမ့်ဘူးဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူထားရမယ်။
ကျမ်းမြတ်ကုရ်အာန် (၂း၁၉၇)မှာ–
`ဟဂ်ျပြုလုပ်ရန် လများသည်ကား၊ သိရှိထားပြီးဖြစ်သည်။ မည်သူမဆို `ဟဂ်ျ´ကာလတွင် `ဟဂ်ျ´ပြုလုပ်ရန် ဆုံး ဖြတ်ပြဌာန်းပြီးလျှင်၊ ညစ်ညမ်းသော အသုံးအနှုံးကို မပြောဆိုရ။ မိုက်မဲဆိုးသွမ်းသော အမှုကို မပြုရ။ ငြင်းခုံရန်ဖြစ်ခြင်းမပြုရ။´ (ကုရ်အာန် – ၂း၁၉၇)
`ဟာဂျီ လောင်းလျာတစ်ဦးဟာ `အဲဟ်ရာမ်´ကို ၀တ်ဆင်လိုက်တာနဲ့ ဒီကုရ်အာန်(၂း၁၉၇)ကို လိုက်နာရပါတော့ တယ်။ ဟဂ်ျကာလမှာ ဟာဂျီများအနေနဲ့ များစွာသောအကြပ်အတည်းတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ရဖွယ်ရှိပါတယ်။ ဒါကြောင့် မိမိရဲ့စိတ်ကို ချုပ်တည်းထားဖို့ အရာရာကို အပြုသဘောဆောင်ပြီး သုံးသပ်ဖို့ အရေးကြီးပါတယ်။ ညစ်ညမ်းသော စကားများကို ပြောဆိုသုံးနှုံးခြင်း၊ မိုက်မဲဆိုးသွမ်းစွာ ပြုမုဆောင်ရွက်ခြင်း၊ ရန်ဖြစ်ခြင်း စတာတွေကို ဟာဂျီတွေအတွက် `အဲဟ် ရာမ်´ ၀တ်လိုက်တာနဲ့ တားမြစ်လိုက်ပြီး ဖြစ်ပါတယ်။ ဟာဂျီတစ်ဦးချင်းအတွက် ဒီအပြုအမူတွေကို `ဟဂ်ျ´ကာလမှာ မပြုလုပ် ရသလို `ဟဂ်ျ´ကာလပြီးဆုံးလို့ မိမိနေရပ်ပြန်ရောက်လာတဲ့ အခါမှာလည်း မပြုလုပ်ပဲ ကိုယ်ကျင့်တရား ကောင်းမွန်စွာ ပြုမူနေ ထိုင်ရပါမယ်။ `ဟဂ်ျ´ကာလ ပြီးဆုံးလို့ `အဲဟ်ရာမ်´ ချွတ်လိုက်တာနဲ့ တစ်ပြိုက်နက် မိမိရဲ့ကောင်းမွန်တဲ့ ကိုယ်ကျင့်တရား တွေကိုပါ ချွတ်ခွာလိုက်မယ်ဆိုရင် ကိုယ်ရောက်ခဲ့တဲ့ `ဟဂ်ျ´ဟာ ဘာထူးမလဲ။ စဉ်းစားပါ။ အဲဒီတော့ ကျမ်းမြတ်ကုရ်အာန် အပေါ်အခြေခံပြီး တိုက်တွန်းလိုတာက `ဟဂ်ျ´ကာလပြီးလို့ `အဲဟ်ရာမ်´ကို ချွတ်လိုက်ပေမဲ့ မိမိရဲ့ ဟဂ်ျကာလမှာ စောင့်ထိန်း ခဲ့တဲ့ ကောင်းမွန်တဲ့ကိုယ်ကျင့်တရားကိုတော့ မချွတ်ခွာလိုက်ကြပါနဲ့။
ဒါကြောင့် `အဲဟ်ရာမ်´၀တ်ဆင်ခြင်းဟာ ဟဂ်ျမှာ ဖရဇ်တာဝန်တစ်ရပ်ဖြစ်တယ်။ `အဲဟ်ရာမ်´မ၀တ်ရင် ဟဂ်ျ မမြောက်ပါဘူး။
(၂) တွဝါဖ်လှည့်ခြင်း
ဟဂ်ျရဲ့မလုပ်မနေရ ဖရဇ်တာဝန်တစ်ရပ်ကတော့ ကအ်ဘာကို ဗဟိုပြုပြီး လမ်းလျှောက်လှည့်ပတ်ခြင်းပဲဖြစ်ပါတယ်။ ဟာဂျီအားလုံးဟာ တန်းစီပြီး တစ်ယောက်ကိုတစ်ယောက်တွဲကာ လှည့်ပတ်လမ်းလျှောက်ခြင်းကို တွဝါးဖ်လှည့်တယ်လို့ ခေါ်ပါတယ်။ ဒီလို တွဝါဖ်လှည့်ပတ်ခြင်းမှာ အင်မတန်မှ လေးနက်တဲ့ အနှစ်သာရနဲ့ ပြည့်စုံတဲ့သဘောတရားတွေ အများကြီးပါ ၀င်ပါတယ်။ အဓိဌာန်တစ်ခုကို ရည်စူးပြီးလူတွေတန်းစီလမ်းလျှောက်ခြင်းဟာ ယနေ့နိုင်ငံရေး လောကမှာ အင်မတန်မှ ထိရောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ `ကအ်ဘာ´ကျောင်းတော်ကြီးရဲ့ ပရ၀ုဏ်မှာ ဟာဂျီတွေဟာ တစ်ဦးကိုတစ်ဦး လက်ချင်း ချိတ်ဆက်ပြီး `တွဝါးဖ်´လှည့်ပတ်လမ်းလျှောက်ခြင်းဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ သဘောကို ပြတယ်လို့ ကျွန်တော်နားလည်မိပါတယ်။ ကျွန်တော်တို့ ဟာဂျီတွေဟာ မတရားမှုအရပ်ရပ်ကို ဆန့်ကျင်ကန့်ကွက် သူများဖြစ်ကြပါတယ်။
`တွဝါးဖ်´ရဲ့ အဓိပ္ပါယ်ကို အချို့သော အရဗီအဘိဓါန်တွေမှာ `လှည့်ပတ်စောင့်ကြပ်ခြင်း´ဆိုတဲ့ အနက်သဘောကို ပေးပါတယ်။ ဒီအနက်သဘောအပေါ်မှာ အချို့သော ကုရ်အာန်ရေးရာ ပညာရှင်များက တွဝါးဖ် ဆိုသည်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်တဲ့အတွက် ဟာဂျီများသည် အများပြည်သူတို့ရဲ့ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးသည့် လုပ်ငန်းစဉ်များမှာ ပါဝင်ရမယ်ဆိုပြီး ပြောဆိုကြတာတွေလည်း ရှိပါ တယ်။
လာမည့်အလှည့်မှာလည်း ဆက်လက်တင်ပြသွားပါမယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။