ဟန်ဆောင်ကောင်းကြသူများ ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

ဟန်ဆောင်ကောင်းကြသူများ

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

လေးစားအပ်ပါသော ကြွရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား

ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ကျေးဇူးတင်ရှိကြောင်းနဲ့ ချီးမွမ်းထောပနာပြုအပ်ပါတယ်။`အလ်ဟမ်ဒုလိလ္လာဟ်´

ကြွရောက်လာကြတဲ့ လူကြီးမင်းများ အပေါ်သို့လည်း ရဟ်မသ်၊ ဘရ်ကသ်အဖြာဖြာ ကျရောက်ပါစေ ကြောင်း  ဆန္ဒပြုရင်း အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု —

ဒီကနေ့ ကျွန်တော်ဆွေးနွေးတင်ပြမယ့် ခေါင်းစဉ်လေးကတော့ `ဟန်ဆောင်ကောင်းကြသူများ´ဖြစ်ပါ တယ်။  အရင်က ဆရာ မုဖ်သီဦးသူရက ဒီအာယသ်တွေကို ဒီစင်မြင့်ပေါ်ကနေ အကြိမ်ကြိမ်ဆွေးနွေးဟောပြောတင်ပြခဲ့ ပါတယ်။ ဒီလို အမြဲတင်ပြခဲ့တဲ့ အာယသ်တွေကို ဒီကနေ့ခေတ်နဲ့ လျော်ညီစွာနဲ့ ကျွန်တော်နားလည်သဘောပေါက်တာနဲ့ရယ် လက်တွေ့လူ့အဖွဲ့အစည်းမှာ ဖြစ်နေပျက်နေတာတွေကို နှိုင်းယှဉ်လို့ရအောင် တင်ပြသွားမှာဖြစ်ပါတယ်။ လိုရင်းကို ပြောရရင် ကျွန်တော်ပထမ ရွေးထားတဲ့ ခေါင်းစဉ်က `မွတ်ဆလင်မ် အသွင်ဆောင်သူများ´၊ ဘာသာရေးဆိုင်ရာ အရဗီအသုံးအနှုန်းနဲ့ ပြောရရင် `မုနာဖစ်က်`ပေါ့။ ခေါင်းစဉ်ကြီးက နည်းနည်းဆိုးတယ်။ ကြောက်စရာကြီး။ ကျွန်တော်တို့ မွတ်ဆလင်မ် လူ့အဖွဲ့ အစည်းမှာကလည်း အဲဒီလို မုနာဖစ်က်တို့ မုရှရစ်က်တို့ ကာဖိရ်တို့ပြောရင် သူတို့နဲ့မဆိုင်ဘူးလို့ ထင်ထားကြတယ်။

ကျွန်တော်အမြဲတမ်း ပြောခဲ့သလိုပဲ `ယာအိုင်ယူဟလ် လဇီးနအာမနူး´ဆိုမှ `ငါတို့ကို ပြောတာ´လို့ မှတ်ယူကြတယ်။ `ယာအိုင်ယုဟလ် ကာဖိရူန်´ဆိုရင် (ဟာ ဒါ ငါတို့နဲ့မဆိုင်ဘူး) ငါတို့ကို ပြောတာမဟုတ်ဘူး။ ဟိုလူတွေ ဒီလူတွေကို ပြောတာလို့ ထင်ပြီး မဆိုင်သလို နေနေကြတယ်။ အမှန်ကတော့ အလ္လာဟ်အရှင်မြတ်က ဘယ်သူရယ်လို့ ရည်ညွှန်းပြီးခွဲခြား ပြောခြင်းမဟုတ်ဘူး။ သူ့ရဲ့ရည်ရွယ်ချက်တွေ၊ အကြံအစည်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ လုပ်ကိုင်ဆောင်ရွက်ချက်တွေကို ကြည့်ပြီးမှပဲ ဒီလိုဆုံးဖြတ်တာဖြစ်တဲ့အတွက် အခု (မုနာဖိက်) ဟန်ဆောင်ကောင်းကြသူများဆိုတဲ့ ခေါင်းစဉ်ကို ရွေးရခြင်းဖြစ်ပါတယ်။

ဒီကနေ့ လူ့ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ကျွန်တော်အပါအ၀င် ၅၉လမ်းပါမကျန် ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်း ၀န်းကျင်တစ်ခုလုံးကို လေ့လာသုံးသပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဘာတွေဟန်ဆောင်ကြပါသလဲ။ မုနာဖိက် ဆိုတဲ့ ဝေါဟာရကြီးကတော့ ကြောက်စရာကြီးပေါ့။ ကျွန်တော်ကတော့ ဒီဝေါဟာရကို သိပ်မသုံးဘူး။ ဒါပေမယ့် ကျွန်တော်တင်ပြမယ့် အကြောင်းအရာက အဲဒီခေါင်းစဉ်အောက်မှာရှိတယ်လို့ လူကြီးမင်းတို့ မှတ်ထားပေးပါ။ ကျွန်တော်တို့ ဘာသာရေးဆိုင်ရာ ဝေါဟာရတွေက အဓိပ္ပါယ်ရှင်းလင်းဖို့လိုတယ်။ ဥပမာ ကာဖိရ်ပေါ့။ ကာဖိရ်ကို အလ္လာဟ်ကရန်သူလို ဆက်ဆံခိုင်းတယ်။ ကာဖိရ်ကို တွေ့ရင်လည်ဂုတ်ကခုတ်ဖြတ်လို့ ပါတာလဲအမှန်ပဲ။ ဒါဆိုကာဖိရ်က ဘယ်သူလဲ။ ဒါကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ပဲလိုတာ။

ကျွန်တော်တို့ အဓိပ္ပါယ်ဖွင့်ဆိုတာက မွတ်ဆလင်မ်မဟုတ်ရင် ကာဖိရ်ဆိုတော့ သွားရော။ ပြဿနာက အဲဒီကစတာ။ အခုလည်း ဒီလိုပဲ။ မုနာဖိက်ဆိုတာ ကျွန်တော်တို့ နားလည်ထားတဲ့ ပုံစံတစ်မျိုးရှိမှာပေါ့။ အဲဒီတော့ မုနာဖိက်ဆိုတဲ့ ဝေါဟာရရဲ့ မူရင်းအဓိပ္ပါယ်လေးကစပြီး ကျွန်တော်တင်ပြပါမယ်။ အဲဒီအထဲမှာ ကျွန်တော်တို့တစ်ဦးချင်း တစ်ယောက်ချင်းစီပါနေသလားလို့ သုံးသပ်ကြရမှာပေါ့။

မုနာဖိက်ဆိုတဲ့ ဝေါဟာရက (နဖ်ကွန်)ဆိုတဲ့ ဝေါဟာရကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ သူ့အဓိပ္ပါယ်က လှိုဏ်ခေါင်း၊ လှိုဏ်ဂူ၊ သစ်ခေါင်းပေါက်စတာတွေပါ။ ဥပမာ လှိုဏ်ဂူဆိုရင် ကြည့်လိုက်ရင် တောင်တန်းကြီးက အကြီးကြီး။ ဒါပေမယ့် အတွင်းထဲမှာ ဟောင်းလောင်းကြီး။ ဒီသဘောကို ပြောချင်တာ်။ လှိုဏ်ဂူ အကျိုးရှိခြင်း၊ မရှိခြင်းက တစ်ပိုင်း၊ ပြောချင်တာက အပြင်ပန်းကကြည့်လိုက်ရင် ထုကြီးထည်ကြီးနဲ့ မြင်ရပေမယ့် အထဲမှာဟောင်းလောင်းကြီး။ ဒီသဘောကို ပြောတာ။ နောက်အဓိပ္ပါယ်တစ်မျိုးက မြေကြွက်တွင်းတစ်တွင်း၊ အခြားတစ်ဖက်မှာလည်း အပေါက်ရှိနေတယ်။ အပေါက်နှစ်ပေါက်ပါတဲ့မြေကြွက်တွင်း။ မြွေတွင်းနဲ့ မတူဘူး။ မြွေတွင်းက ၀င်ပေါက်ထွက်ပေါက် တစ်ပေါက်တည်း။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာလည်း ဒါမျိုးရှိတယ်။ ဘယ်နေရာကိုရောက်ရောက် ချောက်မကျအောင် ထွက်ပေါက် ကို အစဉ်သင့်ရှာထားပြီးဖြစ်တယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဘာလုပ်လုပ် ဒီလိုအရည်အသွေး လူတွေမှာရှိတယ်။ ထွက်ပေါက်ကို အမြဲတမ်းရှာထားတဲ့ သဘောကို (နဖ်ကွန်)လို့ သတ်မှတ်ခြင်းဖြစ်တယ်။ ပြီးတော့ အ၀င်နဲ့အထွက်သဘောကို ဆောင်တဲ့ဈေးကိုလည်း ရည်ညွှန်းတယ်။ လူ့အဖွဲ့အစည်းမှာ မုနာဖိက်ဆိုတာကို နားလည်ထားတဲ့ စကားလုံးအသုံးအနှုန်းနောက် တစ်ခု က ကြောင်သူတော်။ သူတော်ကောင်းယောင်ဆောင်သူ။ တမန်တော်ခေတ်မှာ ကျွန်တော်တို့ သိထားတာက တမန်တော်ဘေး မှာ ဟန်ဆောင်ပန်ဆောင် မွတ်ဆလင်မ်ယောင်ဆောင်နေနေတဲ့ လူတွေကို ခေါ်တယ်လို့ သိထားကြတယ်။ ဒီဘက်ခေတ်ဆိုရင် သူ့လူကိုယ့်ဘက်သား။ လူတစ်ယောက် ဥပမာ မောင်ဖြူပေါ့။ မောင်ဖြူက ကျွန်တော်တို့ အဖွဲ့အစည်းကလူ။ အလုပ်တွေ တွဲလုပ်ကြတယ်။ အဟုတ်ပဲပေါ့။ ဒါပေမယ့် ကျွန်တော်မသိတာက မောင်ဖြူဟာ ကျွန်တော့်ဘက်သားမဟုတ်ဘဲ အခြားဘက် သားတစ်ဦး ဖြစ်နေခြင်းဖြစ်တယ်။ သူဟာ ကျွန်တော်တို့ အဖွဲ့ပျက်စီးရာ ပျက်စီးကြောင်း၊ ဒုက္ခရောက်ရာ ရောက်ကြောင်း လုပ်ကောင်းလုပ်နေမှာဖြစ်တယ်။ နိုင်ငံအနေနဲ့ စဉ်းစားရင်လည်း နိုင်ငံပျက်စီးရာ ပျက်စီးကြောင်း လုပ်ကောင်းလုပ်နေနိုင်တယ်။ အစ္စလာမ် ဘာသာပျက်စီးရာ ပျက်စီးကြောင်း လုပ်ကောင်းလုပ်နေနိုင်တယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ပြောထားတာက

`လူတွေအနက် အချို့လူတွေက အလ္လာဟ်ကို ယုံတယ်လို့ပြောတယ်။ အာခေရသ်ကို ယုံတယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့ မုအ်မင်န်မဟုတ်ကြပါ။´ ဘာသာရေးအ၀န်းအ၀ိုင်းထဲကပဲ ကြည့်မယ်ဆိုရင်တော့် အလ္လာဟ်ကို၊ ရစူလ်ကို အာခေရသ်ကို ယုံတယ်ပြောပြီး စိတ်ရင်းအမှန်က ဟန်ဆောင်လိမ်ညာနေသူပေါ့။ နောက် အာယသ်တစ်ခုမှာတော့

`အဲဒီလူတွေဟာ အလ္လာဟ်ကိုလည်းကောင်း၊ အလ္လာဟ်ကို သက်ဝင်ယုံကြည်ကြသူ မုအ်မင်န်တွေကို လည်းကောင်း၊ လိမ်လည်လှည့်ဖြားဖို့ ကြိုးစားနေကြတယ်။ အမှန်ကသူတို့ဟာ အလ္လာဟ်နှင့် အလ္လာဟ်ကို ယုံကြည်သူမုအ်မင်န်များကို လှည့်ဖြားနိုင်ခြင်း အလျဉ်းမရှိဘဲ သူတို့ကိုယ်သူတို့ လှည့်ဖြားနေကြခြင်းသာဖြစ်သည်။ ဒါပေမယ့် သူတို့ မသိရှိကြပေ။

ပြောချင်တာက မုနာဖိက်တွေက သူတို့ဟန်ဆောင်နေကြတာ သိတယ်။ ဒီနေရာမှာကုရ်အာန်ကသုံးတဲ့သူတွေက သူတို့ကိုယ်တိုင်သူတို့မသိဘူး။ သူတို့လုပ်ရပ်ကို သူတို့အမှန်လို့ထင်နေကြတယ်။ အနှစ်သာရက ဘာလဲဆိုတော့။ ကျွန်တော်တို့သိတဲ့ မုနာဖိက် က ဟန်ဆောင်ပြီး တမန်တော်အနားမှာရှိနေတာ။သူက သူ့ကိုယ်သူ မုနာဖိက်ဆိုတာ၊ သူဟန်ဆောင်နေတယ်ဆိုတာ သိတယ်။ ကုရ်အာန်က ပြောချင်တာက သူတို့ဟာသူတို့မသိဘူး။ သူတို့ရဲ့လုပ်ရပ်တွေ၊ လုပ်ဆောင်ချက်တွေဟာ အမှန်လို့ မှတ်ယူနေကြ တာ။ ဒီအထဲမှာ ကျွန်တော်တို့ရော မပါနိုင်ဘူးလား။ ဒါကတော့ ပြန်လည်သုံးသပ်ရမှာပေါ့။ ထင်သာမြင်သာရှိတဲ့ ဟန်ဆောင်တဲ့ ကိစ္စတစ်ခုကျွန်တော်တင်ပြပါမယ်။ ကျွန်တော်တို့ ဒီကနေ့ မြန်မာပြည်မှာရှိတဲ့ အချို့မွတ်ဆလင်မ်တွေ ဟန်ဆောင်နေကြရတယ်။ ကျွန်တော်တို့ စိတ်ထဲမှာမရှိတာကို ဟန်ဆောင်နေကြရတယ်။ ဆိုကြပါစို့။ မွတ်ဆလင်မ် တော်တော်များများက ရှရီအသ်(အများမွတ်စလင်မ်တွေပြောတဲ့ရှရီအတ်)ကို လက်ခံကြတယ်။ ကောင်းပြီ ကျွန်တော်မေးမယ်။ ဒါဆို သီချင်းနားထောင်လို့ရလား(အများမွတ်စလင်မ်တွေပြောတဲ့ရှရီအတ်မှာမရပါ)။ ဒါပေမယ့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး သီချင်းကိုတော့ အော်ဆိုတယ်။ ရှရီအသ်က သီချင်းနားထောင်လို့မရဘူးဆိုရင် ငြိမ်းချမ်းရေးသီချင်းလည်း မဆိုနဲ့။ Music ကို မဖန်တီးနဲ့တော့။ တာပလာလဲ မတီးနဲ့။ သို့သော် ကျွန်တော်တို့ ဟန်ဆောင်ပန်ဆောင် လက်ခံတယ်။

ဗလီထဲကို အမျိုးသမီး ၀င်လို့ရလား။ ဘာသာခြား ၀င်လို့ရလား။ ဘုန်းကြီးဝင်လို့ရလား။(အများမွတ်စလင်မ်တွေပြောတဲ့ရှရီအတ်မှာမရပါ) ရှရီအသ်မှာ မရဘူးမဟုတ် လား။ ခင်ဗျားတို့ ဟန်ဆောင်ပန်ဆောင် မလုပ်နဲ့။ ပြတ်ပြတ်သားသားရပ်တည်လိုက်။ ဒါပေမယ့် ကျွန်တော်တို့ ဟန်ဆောင် ကောင်းကြတယ်။ အခြေအနေအရ၊ အခွင့်အရေးအရ လုပ်ကြတယ်။ ရမဒွါန်လရောက်ရင် တီဗွီကို ပါရ်ဒါချထားတယ်။ ဘာဖြစ် လို့လဲ တီဗွီကြည့်တာ ငရဲကြီးတယ်လို့ ရှရီအသ်ကပြောတယ်။ ခင်ဗျားက ယုံလို့လက်ခံတယ်။ ဒါပေမယ့် ကြည့်ခဲ့ရင်လည်း အသံတိုးပြီး ခိုးကြည့်တယ်။ ဘေးကသိသွားကြားသွားရင် `ဘေအီဇ္ဇက်သ်´ဖြစ်မယ်လေ။ မုနာဖိက်ဆိုတာ အဲဒါပဲ။ ကြီးကြီး ကျယ်ကျယ်အစ္စလာမ်ထဲ လှိုက်စားပြီး ပြိုကွဲပျက်စီးမယ့်သူဆိုတာက အဝေးကြီး။ ဟန်ဆောင်တယ်ဆိုတာ ဒီကစတာ။ ယုံလည်း မယုံကြည်ဘူး။ လုပ်လည်း လုပ်နေတယ်။ ဟိုတစ်နေ့က ကာတွန်းဆရာတစ်ယောက် ဆွဲထားတဲ့ ကာတွန်းပုံက ကလေးလေးယောက်ပါတယ်။ ကိုရင်လေးတစ်ပါး၊ နောက်ခရစ်ယာန်ကလေးတစ်ယောက် ဂစ်တာတီးနေတယ်၊ နောက် တာပလာတီးနေတဲ့ ဟိန္ဒူကလေးတစ်ယောက် နောက်မွတ်ဆလင်မ်ကလေးတစ်ယောက် ဆူဖီ(ဦးထုတ်)လေးနဲ့ သူက နားထောင်နေတယ်။

ကျနောတို့ကတော့ရှင်းတယ် ရတယ်။ ဒါကြောင့် လုပ်မြဲအတိုင်းလုပ်နေတာပဲလေ။ မရဘူးဆိုတဲ့သူတွေ ဟန်မဆောင်ကြပါနဲ့။

ရှရီအသ်မှာ မွတ်ဆလင်မ်သီချင်းနားထောင်လို့ မရဘူးလေ။ ဟန်ဆောင်တယ်ဆိုတာ အဲဒါကို ပြောတာ။ ကိုယ့်ရင်ထဲ မှာ တကယ်မရှိပဲ လက်တွေ့လုပ်တာ။ တကယ်က အမှန်တော် ရှရီအသ်မှာသီချင်းနားထောင်လို့ ရတယ်။ စက္ကူဖြူတစ်ရွက်၊ ဘာတန်ဖိုးမှမရှိသေးဘူး။ အသုံးချလို့ရမယ့် Use Value တော့ ရှိတာပေါ့။ အဲဒီ စက္ကူပေါ်မှာ ကျွန်တော်က ကုရ်အာန် အာယသ် တစ်ခုရေးလိုက်ပြီး အောက်ကိုပစ်ချလိုက်ရင် လူကြီးမင်းတို့ ဒီအတိုင်း တည်တည်ငြိမ်ငြိမ်ထိုင်မနေရဲတော့ဘူး။ ပြေးကောက်ပြီး စင်ပေါ်တင်မယ်။ ဒါမှမဟုတ် သိမ်းထားမယ်။ အဲဒီစက္ကူပေါ်မှာ မဟုတ်တရုတ်ပုံဆွဲမယ်။ ဒါမှမဟုတ် ဆဲဆိုရုန့်ရင်းတာတွေ ရေးမယ်။ ဒါမှမဟုတ်လည်း အဓိပ္ပါယ်ရှိသော စာဖြစ်ရင်လည်း  ဥပမာ ဖိနပ်ချွတ်ရန်လို့ ရေးလိုက်မယ်။ အဲဒီအခါ လူကြီးမင်းတို့ ကောက် မှာမဟုတ်ဘူး။ ဒီလိုပဲ သီချင်းလည်း ဒီလိုပဲ ရုပ်ရှင်လည်း ဒီလိုပဲ။ ဘာတစ်ခုမှ ကျွန်တော်တို့အတွက် မတားထားဘူးလို့ ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်း ကိုယ်လုပ်တာ။ အခုန နဖ်ကွန် ဆိုတဲ့ဝေါဟာရက ကိုယ်လည်းမယုံကြည်ဘူး။ ဒါပေမယ့် ဟန်ဆောင်ပန်ဆောင်လုပ်တာ။

ကျမ်းမြတ်ကုရ်အာန် စူရာဟ ၄ အာယသ် ၁၄၁-၁၄၂-၁၄၃ မှာ –

`စစ်ပွဲတစ်ပွဲမှာ အောင်မြင်လာတဲ့အခါ ဟန်ဆောင်ကြတဲ့သူတွေဟာ (တစ်နည်း) အယောင်ဆောင်သူတွေဟာ အောင်မြင်သူများနဲ့ တစ်အုပ်စုတည်းဖြစ်ကြောင်း ကြွေးကြော်ကြပြီး ရလာတဲ့အကျိုးအမြတ်ကို ရယူကြတယ်။ သူတို့တစ်တွေ ဟာ အကယ်၍များ စစ်ပွဲ ရှုံးနိမ့်သွားခဲ့တဲ့အခါမျိုးမှာ နိုင်သွားတဲ့ ရန်သူအုပ်စုဘက်ကိုသွားပြီး သူတို့ဟာတစ်ဖက် အုပ်စုမှာ ရှိပေ မယ့် သင်တို့အတွက် ဘယ်လို ဘယ်ပုံအကူအညီပေးခဲ့သူများသာ ဖြစ်ကြောင်းပြောပြီး ဝေစုဝေပုံရယူကြသူများဖြစ်ပါတယ်။´

ဒီကနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာလည်း ဒီလို လူတွေရှိမရှိ၊ မိမိကိုယ်တိုင်ကရော ဒီလိုလူတွေထဲမှာ ပါနေသလား။ မပါ ဘူးလားဆိုတာ နှိုင်းယှဉ်လေ့လာသုံးသပ်ရမှာဖြစ်ပါတယ်။ ကျွန်တော် ဥပမာတွေ ဘာတွေတော့ မပြတော့ ပါဘူး။ တစ်စုံတစ်ရာ တစ်စုံတစ်ယောက်ကို ရည်ရွယ်ပြောတယ်လို့ ထင်နေမယ်။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဆိုတဲ့ စကားဥပမာကလည်း ရှိခဲ့ပြီးသား ရယ်ဒီပဲလေ။ အဲဒီလို ဟန်ဆောင်ကောင်းကြသူတွေဟာ သူတို့လုပ်ရပ်တွေဟာ၊ အလ္လာဟ် အတွက်၊ အလ္လာဟ်လမ်းအတွက်ဆိုပြီး ဟစ်ကြွေးလေ့ရှိကြတယ်။ အလ္လာဟ်အတွက်ဆိုပြီး `အလ္လာဟ်ဟု အက္ကဘရ်´ အလ္လာဟ် သည်သာ အကြီးကျယ်ဆုံးပါဆိုပြီး ဗုံးခွဲချင်ခွဲမယ်။ သေနတ်နဲ့ လူအုပ်ကြားထဲ ပစ်ချင်ပစ်မယ်။ ကလေးတွေ၊ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေကို သတ်မယ်။

ဟစ်တလာကလည်း ဂျူးတွေရဲ့ အသက်ပေါင်းများစွာကို သတ်ခဲ့သလို အမေရိကန်ကလည်း ဟီရိုရှီးများမှာ အနုမြူဗုံး ကွဲပြီး လူသန်းပေါင်းများစွာ သတ်ခဲ့တာပဲ။ ဒါကို ခရစ်ယာန်တွေကို အပြစ်မပြောကြဘူးလို့ သူတို့ကပြောလေ့ရှိကြပါတယ်။ ကျွန်တော်မေးချင်ပါတယ်။ ဟစ်တလာ ဂျူးတွေကိုသတ်တုန်းက ခရစ်တော်ရဲ့အလိုသဘောအရလို့ ဒါမှမဟုတ် ခရစ်တော် သည် အကြီးကျယ်ဆုံး အမြင့်မြတ်ဆုံးလို့ အော်အော်ပြီး သတ်ခဲ့ပါသလား။ ယေရှုက ဒီလိုလုပ်ရမယ်လို့၊ ဒါဟာ အမှန်တရားလို့ ဟစ်တလာ ပြောခဲ့သလား။ အမေရိကန်ကလည်း ဟီရိုရှီးမားနဲ့ နာဂါဆာကီမှာ ဗုံးကျဲတုန်းက အဲဒါမျိုးဟစ်ကြွေး ကြေညာခဲ့သ လား။ ကျွန်တော်တို့ မွတ်ဆလင်မ်ဆိုသူတွေက ဘာလုပ်လုပ် ကြွေးကြော်ပြီးလုပ်တယ်။ အလ္လာဟ်ကို ခေါင်းစဉ်တပ်လိုက်ကြ တယ်။ တစ်ဖက်လူ့အဖွဲ့အစည်းက `အလ္လာဟ်ဟုအက္ကဘရ်´လို့ ကြားလိုက်ရင် `နာရာအီ သက္ကဘီရ်´လို့ ကြားလိုက်ရင် ငါတို့ကို သတ်ဖို့လာနေပြီလို့ ထင်နေကြောက်နေရတဲ့အနေအထားဖြစ်နေတယ်။ Image ထိခိုက်လာတဲ့သဘောကို သက်ရောက်နေတယ်။

ဥပမာ မွတ်ဆလင်မ်တစ်ယောက်ကို မေးကြည့်။ ခင်ဗျား ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်လားလို့ မေးရင် ဟုတ်ပါတယ်လို့ ဘယ်သူ ပြောရဲသလဲ။ ကျမ်းမြတ်ကုရ်အာန်က ပြောထားတာက လူတွေမှာ အုပ်စု ၂ စုပဲရှိတယ်။ တစ်စုက (ဟစ်ဇ်ဘိုလာ) အုပ်စု၊ နောက်တစ်ခုက (ဟစ်ဇ်ဘိုရှိုင်ဿွာန်)။ ဟစ်ဇ်ဘိုလာဆိုတာ အလ္လာဟ့်အုပ်စုဝင်၊ လူကောင်းတွေ။ ဟစ်ဇ်ဘိုရှိုင်ဿွာန် ဆိုတာက ရှိုင်ဿွာန်နောက်လိုက်လူဆိုး၊ လူမိုက်၊ လူယုတ်မာတွေကို ပြောတာ။ ဒါပေမယ့် ဒီကနေ့ ကျွန်တော်တို့ ဟစ်ဇ်ဘိုလာ လို့ မပြောရဲ၊ မဆိုရဲ့ ဖြစ်နေတာဘာကြောင့်လဲ။

ဟစ်ဇ်ဘိုဘာရဲ့ လုပ်ရပ်၊ လုပ်ဆောင်ချက်၊ Image က မကောင်းဘူးလား။ အဖျက်လုပ်ရပ်၊ လူသတ်ဝါဒ၊ အကြမ်း ဖက်လုပ်ရပ်တွေလုပ်နေတဲ့အတွက် ကျွန်တော်တို့မှာက ဒုက္ခရောက်ရော။ ဒါကြောင့် ဒီကနေ့ ကျွန်တော်ပေးချင်တဲ့ Message ဘာလဲဆိုတော့ ကျွန်တော်တို့ မုနာဖိက်လို့ပြောလိုက်ရင် သူတို့ဟာ ဟန်ဆောင်ကြတဲ့လူတွေ၊ သိရက်နဲ့ ဟန်ဆောင်နေသူတွေ လို့ ထင်ကြတယ်။ အမှန်က မဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ လုပ်ရပ်ဟာ အမှန်တရားနဲ့ဝေးနေတယ်ဆိုတော့ မသိပဲနဲ့လည်း မုနာဖိက်ဖြစ်နေနိုင်ပါတယ်။ သူတို့က သူတို့ကိုယ်သူတို့ အဟုတ်မှတ်နေကြတာ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၁ မှာ ဖော်ပြထားတာက မုနာဖိက်တွေဟာ သူတို့လုပ်ရပ်ဟာ မကောင်းတာမဟုတ်။ သူတို့ဟာ ကောင်းတာတွေကို လုပ်နေတာဖြစ် တယ်လို့ ပြောနေပေမယ့် သူတို့လုပ်ရပ်ဟာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်ကြောင်းကို သူတို့ကိုယ်တိုင်မသိကြဘူးလို့ ကုရ်အာန် မှာဖော်ပြထားပါတယ်။

ဟိုးလွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်မှာ အိုစမာဘင်လာဒင် အာဖဂန်နစ္စတန်ကို ပြေးလာတဲ့အချိန်မှာ ဖသ်ဝါတစ်ခုထုတ်တယ်။ ဘာထုတ်တာလဲဆိုတော့ (အမေရိကန်ကို ဂျေဟာဒ်လုပ်ရမယ်။)အမေရိကန်နိုင်ငံရဲ့ ယန္တရားကို လည်ပတ်အောင်လုပ်နေတဲ့ လူတွေအားလုံးကို သတ်ပစ်ဖို့တာဝန်ရှိတယ်။ လူတစ်ယောက်အမေရိကန်နိုင်ငံထုတ် သကြားလုံးတစ်လုံးဝယ်စားရင် အဲဒီ ၀ယ်စားတဲ့လူကို သတ်ပစ်ရမယ်။ ဘာလို့လဲ အဲဒီသကြားလုံးတစ်လုံးရဲ့ဝင်ငွေဟာ အမေရိကန်နိုင်ငံရဲ့ ယန္တရားလည်ပတ်မှုကို အထောက်အကူပြုတယ်။ ဒါကြောင့် သတ်ရမယ်။ ဒါကြောင့် အမေရိကန်က ပညာသင်ကြားနေတဲ့ လူမမယ်ကလေးတွေကို ဗုံးခွဲသတ်တာပိုင်တယ်။ လုပ်ရမယ့်တာဝန်ဖြစ်တယ်လို့ ဖသ်ဝါထုတ်ခဲ့တယ်။ ပြီးတော့ အဲဒီအမေရိကန်ကို တိုက်ဖို့အတွက် အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်၊ ဘိန်းထုတ်ရောင်းခြင်း၊ ပိုင်တယ်။ လုပ်ပိုင်ခွင့်ရှိတယ်လို့ ထုတ်တယ်။ အဲဒါက စောစောက ကျွန်တော်ပြောခဲ့တဲ့ ရှရီအသ်ဖြစ်တယ်။ ကာဖိရ်၊ မုရှ်ရိက်အားလုံးကို တော်လှန်ဖို့ ဘိန်းစိုက်တာပိုင်တယ်။ ဒါတွေကို သူတို့က မှားနေမှန်းသိရက်နဲ့ လုပ်နေတာ မဟုတ်ဘူး။ ဒီလိုလုပ်ရပ်တွေဟာ မှန်တယ်လို့ ယုံကြည်ပြီး လုပ်နေတာ။ ပေးချင်တဲ့ Message က အဲဒါဘဲ။

မကြာခင်ကဘဲ ဖေ့စ်ဘုတ်ပေါ်မှာ ဗွီဒီယိုဖိုင်တစ်ခုတက်လာတယ်။ မော်လ၀ီဆပ်တစ်ယောက်ရဲ့ တရားဟောချက်။ ကာဖိရ်တွေ မုရှ်ရိက်တွေကို သတ်ပစ်ရမယ်။ ခေါင်းဖြတ်ပစ်၊ ဒါဟာ မလုပ်မနေရ တာဝန်ဖြစ်တယ်ပေါ့။ သူ့တရားနားထောင် ကြည့်။ တကယ်ကို feeling နဲ့ကို ပြောနေတာ။ တကယ်ယုံကြည်ခံစားပြီးပြောနေတာ။ ဒါကို ကုရ်အာန်က ညွှန်ပြနေတာ။ သိရက်နဲ့ ဟန်ဆောင်နေတဲ့လူတွေရှိသလို၊ မသိနားမလည်ဘဲနဲ့ လုပ်နေပြီး လုပ်ရပ်ဟာမှန်ကန်တယ်လို့ ယုံကြည်နေသူတွေကို လည်း ကုရ်အာန်က ဟန်ဆောင်နေသူမုနာဖိက်တွေလို့ ညွှန်းဆိုနေပါတယ်။ ကုရ်အာန်က ပြောတာက ရှင်းပါတယ်။ လူ့အဖွဲ့ အစည်းရဲ့ ပျက်စီးရာပျက်စီးကြောင်းကို မလုပ်ရဘူးလို့ တားမြစ်တယ်။ ကျွန်တော်တို့က ဘယ်လိုရည်ရွယ်ချက်ကောင်းကောင်း တွေနဲ့ လုပ်သည်ဖြစ်ပါစေ။ ကျွန်တော်တို့ရဲ့ လုပ်ရပ်ကြောင့် လူ့အဖွဲ့အစည်းပျက်စီးရာ ပျက်စီးကြောင်းတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဒါဟာ အလ္လာဟ်ပြောတဲ့စနစ် မဟုတ်တော့ဘူး။ ဒါကို ကျွန်တော်တို့နားလည်ရမယ်။ သဘာဝလောကကြီးရဲ့ ဖြစ်စဉ်တွေ၊ ရာသီ ဥတုပြောင်းလဲမှုရဲ့ ဖြစ်စဉ်တွေ လူ့အဖွဲ့အစည်းကြီး သဟဇာတဖြစ်စေမယ့် ဖြစ်စဉ်တွေကို ဟန်ချက်ပျက်သွားအောင် ဘယ်လို နည်းနဲ့လုပ်သည်ဖြစ်စေ၊ ရည်ရွယ်ချက်ဘယ်လိုကောင်းပါသည် ပြောပြော ဒါဟာ အလ္လာဟ်ကြိုက်နှစ်သက်တဲ့ အလုပ်မဟုတ် ဘူး။ အလ္လာဟ်အလိုတူတဲ့ အလုပ်မဟုတ်ဘူး။ ဒီကိစ္စမျိုး မဖြစ်အောင် ရှောင်ရှားရမယ်ဆိုတဲ့အသိကို ကျွန်တော်တို့ လက်ခံထား ရမယ်။

ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂း၁၀မှာ `သူတို့ရဲ့ ရင်ထဲမှာ ရောဂါတွေရှိတယ်။ အဲဒီရောဂါတွေကို အလ္လာဟ်အရှင် မြတ်က တိုးစေတော်မူတယ်။´ ဒါက ကျွန်တော်တို့အတွက် ပြဿနာဘဲ။ ယေရှုခရစ်ကလည်း လူတွေကိုလာပြီး ကယ်တယ် ဗျာ။ အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ ငါသည် ဤလောကသို့ ကြွလာတော်မူသည်တဲ့။ ဂေါတမမြတ်စွာဘုရားက လည်း လူတွေကို ငြိမ်းအေးအောင်၊ အေးချမ်းအောင် နိဗ္ဗါန်ရောက်ကြောင်း တရားပြတယ်။ အလ္လာဟ်ကတော့ ဖြစ်နေတဲ့ရောဂါ ကို တိုးအောင်လုပ်ပလိုက်တယ်။ ဒီအာယသ်အရ ပြောတာနော်။ ဘယ်လိုကြီးလဲ ကုရ်အာန်အာယသ်ကတော့ ရိုးရိုးလေးပဲ။ အဲဒီတော့ ဆက်ပြီးလေ့လာဖို့လိုတာပေါ့။ တစ်ချို့ကတော့ ကျွန်တော်တို့ကိုရိတယ်။ မင်းတို့ကုရ်အာန်ကို သုတေသန လုပ်မလို့ လားတဲ့။ ကုရ်အာန် သုတေသီဆိုတာဘာလဲတဲ့။ ကုရ်အာန်သုတေသီဆိုတာ ကုရ်အာန်ထဲက အရှိတရားတွေကို ရှာဖွေမွှေ နှောက် သုတေသနလုပ်တာပဲလေ။ ကုရ်အာန်ထဲမှာ မရှိတာတွေကို ပြင်ပကဆွဲယူပြီး ကုရ်အာန်ထဲထည့်တာတော့ မဟုတ်ဘူး။

ကုရ်အာန်ထဲမှာရှိတာတွေကို ကျွန်တော်တို့ လူကြီးမင်းတို့ အားလုံးသိကြပြီလား။ ကုရ်အာန်ထဲမှာပဲ တစ်နေရာမှာ အလ္လာဟ်က `ငါအရှင်မြတ် ရှရိက်လုပ်တဲ့လူတွေကို ခွင့်မလွှတ်ဘူး။´လို့ပါတယ်။ နောက်တစ်နေရာမှာကျတော့ `ငါခွင့်လွှတ် လိုက်ပြီ။´လို့ပြောတယ်။ ဒါမျိုးတွေ ကုရ်အာန်ထဲမှာ အများကြီးရှိတယ်။ အခုလည်း ဒီကိစ္စကို ကျွန်တော်တို့ လေ့လာရမယ်။ ဘာပြောချင်တာလဲ။

`ဖီးကုလူးဘိဟင်မ် မရဒွန်´ သူတို့ထဲမှာ ရောဂါရှိတယ်။ `ဖဇားဒ ဟုမုလ်လားဟုလ် မရဒွါ´ အဲဒီရောဂါကို ငါအရှင် တိုးအောင်လုပ်တယ်။ တော်တော်ခက်တာပဲ။ စစ်ဆိုလည်း တိုက်ကြလို့ပြောတယ်။ ခုခံစစ်တိုက်ကြ။ ယေရှုခရစ်ကတော့ `ပါးတစ်ဖက်ကို ရိုက်ရင် ကျန်ပါးတစ်ဖက်ကို ထိုးပေးလိုက်´လို့ပြောတယ်။ ပြန်မရိုက်နဲ့။ ဒီလိုမေတ္တာကြီးမားတယ်။ မွတ်ဆလင်မ်တွေရဲ့ အလ္လာဟ်က ဘယ်လိုဖြစ်တာလဲ။ မေးကြပြီ။ အလ္လာဟ်ကအဲဒီလိုပြောတာ မဟုတ်ပါဘူး။ ဘာညာ ဝေ့၀ိုက် ပြန်ဖြေကြရော။ ဒါလည်း ဟန်ဆောင်ကြတာပဲ။ အလ္လာဟ်က ခေါင်းမဖြတ်ခိုင်းပါဘူး။ အလ္လာဟ်က စစ်မတိုက်ခိုင်းပါဘူးပြော တယ်။ အဲဒီလိုပဲ ကျွန်တော်တို့က ဟန်မဆောင်ကြနဲ့။

အလ္လာဟ်က စစ်တိုက်ခိုင်းထားတာ အမှန်အကန်ကုရ်အာန်မှာပါတယ်။ ဆရာ မုဖ်သီဦးစန်းအောင် ပြောဘူးတယ်လေ။ စစ်မြေပြင်မှာ ရန်သူနဲ့တွေ့လို့ရှိရင် ရန်သူဘက်က ဗိုလ်ချုပ်ကို အာပွားပေးမှာလား။ ဓါးနဲ့ခုတ်မှာလား။ အခုခေတ်တော့ သေနတ် ပေါ့။ ခင်ဗျားသူ့ကို မခုတ်ရင် သူခုတ်တာ ခင်ဗျားခံပေါ့။ စစ်တိုက်နေတာလေ။ ကလေးတွေ အပျင်းပြေဆော့နေတာမှ မဟုတ်ပဲ။ ဒါမျိုးလေးတွေ ကျွန်တော်တို့ ပြတ်ပြတ်သားသားနားလည်ဖို့လိုတယ်။ ဒီဝေါဟာရရဲ့ အလိုသဘောကို နားလည်အောင် လိုရင်း ကိုပဲ ပြောပါမယ်။

ငယ်သူငယ်ချင်း နှစ်ယောက်ရှိတယ်ဆိုပါစို့။ ကြီးပြင်းလာတဲ့အခါ တစ်ယောက်က အောင်မြင်သွားတယ်။ အခြားတစ် ယောက်က မအောင်မြင်ဘူးပေါ့။ လူဆိုးပေါ့။ ငယ်ငယ်ထဲက ဒုက္ခပေးတဲ့သူပေါ့။ အဲဒီတော့ နဂိုထဲက ဒုက္ခပေးတဲ့သူ့မှာ ရောဂါရှိ တယ်။ အဲဒီရောဂါဆိုတာ လောဘ၊ ဒေါသ၊ မောဟ၊ မနာလိုဝန်တိုခြင်း စတာတွေပေါ့။ အဲဒီလို ရောဂါရှိနေတဲ့လူဟာ တစ်ဖက်က လူအောင်မြင်လာလေလေ သူ့ရောဂါတိုးလာလေလေဘဲ။ အလ္လာဟ်က တကူးတက သူ့ကို မီးရှို့စရာမလိုဘူး။ တကယ်လက်တွေ့ကျကျ ကြိုးစားနေသူတွေကို အောင်မြင်သည်ထက်အောင်မြင်အောင် အလ္လာဟ်ပံ့ပိုးပေးလိုက်တယ်။ တစ်ဖက်က မနာလိုသူ နေရင်းထိုင်ရင်း မီးတက်လာတယ်။ မီးခဲတွေရဲလာတယ်။ မိုက်တယ်နော်။ ကုရ်အာန်အာယသ်။

နောက်တစ်နေရာမှာ ရှိသေးတယ်။ လောကမှာ အသင်တို့အောင်မြင်လာတာ မှန်သမျှ ငါအလ္လာဟ်ပေးသနားတော် မူတာတဲ့။ ဆိုးတာတွေ ဆုံးရှုံးတာတွေမှန်သမျှ မင်းတို့လက်နဲ့လုပ်တာတဲ့။ တစ်မျိုးကြီးလို့ ထင်စရာပဲ။ ဘက်လိုက်တယ်လို့ ထင်စရာ။ အောင်မြင်တာမှန်သမျှ အလ္လာဟ်ပေးတာ။ ဆိုးတာတွေကျတော့ ကိုယ့်လက်နဲ့ကိုယ်လုပ်တာ။ အောင်မြင်လာတာက နဂိုကတည်းက အောင်မြင်ချင်တဲ့စိတ်ရှိနေတော့ အလ္လာဟ်က လမ်းတွေဖွင့်ပေးတယ်။ အောင်မြင်ရေးလမ်းတွေပေါ့။ သူ့ကိုမနာ လိုလို့ ဒေါသထွက်စိတ်ရိုင်းဝင်တဲ့ နှောက်ယှက်နေသူဟာ ရောဂါပိုကြီးလာတယ်။ ကိုယ့်ဒုက္ခကိုယ်ရှာဆိုသလိုပေါ့။ ကြာလေ ကြာလေမှားယွင်းလေပေါ့။ ပြစ်မှုတစ်ခုပြီးတစ်ခု ကျူးလွန်တော့တာပေါ့။ အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေကို ဥပမာ ထားကြည့်။ အာဏာတည်မြဲရေးအတွက် ဘာမဆိုပြစ်မှုကျူးလွန်ကြတယ်။ အမှားပေါ်အမှားဆင့်ပြီး အမှားနွံထဲက ရုန်းမထွက် နိုင်တော့ဘူး။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အလ္လာဟ်အလိုမတူတာဆိုရင် မလုပ်မိဖို့လိုတယ်။ ဟို သဗ်လီးဂ်ဂျမ္မာအသ်မှာဆိုရင် ကောင်းတာလေးတွေရှိတယ်။ မြန်မာတစ်နိုင်ငံလုံး မွတ်ဆလင်မ်တွေစုပြီး ဖိုရမ်လုပ်ကြရအောင်ဆိုတော့ သဗ်လီးဂ်ဂျမ္မအသ်က ခေါင်းဆောင်ပိုင်းတွေလည်း တက်လာတယ်။ အခြားအဖွဲ့က အမျိုးမျိုးဆွေးနွေးကြတာပေါ့။ အစီအစဉ် ဘယ်လိုလုပ်မယ်။ ၆လ ကြာမယ်။ တစ်နှစ်ကြမယ်ပေါ့။ သဗ်လီးဂ်ဂျမ္မာအသ်က ဘိုင်ကြီးအလှည့်ကျတော့ သူကပြောတက ကျွန်တော်ကတော့ သိပ်အများကြီးမကူညီနိုင်ဘူး။ ပရိုဂရမ်တွေ၊ ဒီဇိုင်းတွေ အဲဒါတွေ ဘိုင်တို့လုပ်ကြပါ။ ကျွန်တော်ကူညီနိုင်တာက တစ်နိုင်ငံလုံး မှာရှိတဲ့ ကိုယ်စားပြုတဲ့လူတွေ ဒီပွဲကို တက်လာအောင် ကျွန်တော်တို့ အချိန် ၂ ပတ်ပဲပေး။ သေချာပေါက် ကျိန်းသေ နယ်ကလူတွေရောက်လာအောင် ကျွန်တော်ဆောင်ရွက်ပေးမယ်။ မြို့နယ်အလိုက် အမှန်အကန်လူတွေ ရောက်လာအောင် ကျွန်တော်တာဝန်ယူပေးမယ်။ ဒီလိုပြောတယ်။ အမှန်ဘဲ။ ဒီလိုကောင်းကွက်ကလေးတွေ သူတို့မှာ Link ရှိတယ်။ ဒါကို ကျွန်တော်တို့နားလည်သဘောပေါက်ပြီး အတုယူသင့်တယ်လို့ ထင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့က မုနာဖိက်တွေမှာရှိတဲ့ အရည်အသွေးတွေကို သေချာနားလည်သဘောပေါက်ပြီး ကျွန်တော်တို့ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဘက်ပြောင်းသူများ၊ သူ့လူကိုယ့်ဘက်သားဆိုတဲ့ အပိုင်းမှာလဲ တစ်ဖက်ဖက်ရဲ့ အားသာ ချက်ရအောင် လုပ်နေတဲ့လူတွေရှိတယ်။ ကုရ်အာန် စူရာဟ် ၂း၁၇ မှာ ဆိုလိုရင်းက မုနာဖိက်တို့ဟာ တိုင်ပတ်နေတယ်ပေါ့။ ဘာကို ပြောတာလဲ။ လူတစ်ယောက်ဆိုပါစို့။ တစ်နေရာကနေ ခြေတစ်လှမ်း(တစ်ပေလောက်ပေါ့) လှမ်းပြီးခရီးတစ်ခု ထွက်သွားတယ်ဆိုရင် ခြေလှမ်းပေါင်း တစ်သောင်းလောက်ရောက်ရင် ခရီးတော်တော်တွင်သွားပြီ။ လူနှစ်ယောက်ဆိုပါတော့။ တစ်ယောက် စောစောကအတိုင်း ရှေ့တူရူကို လှမ်းပြီးသွားတယ်။ တစ်ယောက်က တိုင်တစ်တိုင်ကို ပတ်နေတယ်ဆိုပါတော့။ ထွက်ခွာချိန်လည်း အတူတူ၊ ခြေလှမ်းလဲ ညီတူ၊ လှမ်းနေတဲ့အချိန်လည်း အတူတူ၊ ဒါဆို အချိန်၊ ခြေလှမ်းထွက်ရာ အတူတူပေ မယ့် ခရီးရောက်တာခြင်း ဘယ်လိုကွာသွားပြီလဲ။ ပထမလူက သူဦးတည်ရာ လိုရာပန်းတိုင်ရောက်သွားမယ်။ ဒုတိယ တိုင်ပတ် သူက ခြေလှမ်းတစ်သောင်း၊ တစ်သိန်းဖြစ်နေပါစေ။ ဘယ်မှမရောက်ဘူး။ တိုင်ပတ်လျက်ပဲရှိတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ မုနာဖိက်တွေရဲ့ ပမာက ဒုတိယလူလိုပဲ။ သူတို့ရဲ့ အကြံအစည် စိတ်ကူးစိတ်သန်း၊ လုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ ကျွန်တော်တို့  လူ့အဖွဲ့အစည်းကို ဘာမှအကျိုးမပြု ရှေ့ရောက်အောင် မလုပ်နိုင်ဘူးဆိုတာတွေကို သိရှိနားလည်ရှောင်ရှားနိုင်ဖို့အတွက် ဒီခေါင်းစဉ်ကို ရွေးချယ်တင်ပြရခြင်းဖြစ်ပါတယ်လို့ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။