အကောင်းဆုံးသောလမ်းညွှန် နှင့် အလှဆုံးသောလူ ကုရ်အာန်သုတေသီ ဦးခင်ဦး (မော်လမြိုင်)
အကောင်းဆုံးသောလမ်းညွှန် နှင့် အလှဆုံးသောလူ
ကုရ်အာန်သုတေသီ ဦးခင်ဦး (မော်လမြိုင်)
အစဉ်ထာဝရချစ်ခင်လေးစားရပါသော ကြွရောက်လာကြတဲ့ မွတ်စလင်မ် အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား။
ယခုလို မြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာဟ် (သောကြာ)နေ့မှာ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်မှာ ကျွန်တော့်အနေနဲ့ ခွတ္တဗာဟ်နဲ့ ဆွလာသ်ကို ဟောကြား ဝတ်ပြုခွင့်ရတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးဥပကာယ တင်ရှိပါတယ်။
“အလ်ဟမ်ဒုလိလ္လာ၊ ဝရှုကူရူလ်လိလ္လာဟ်” ပြီးတဲ့နောက် ကျွန်တော်တို့ ဒီဝတ်ကျောင်းတော်မှာ ခွတ္တဗာဟ် ဟောကြားတင်ပြဖို့ ဖိတ်ကြားခွင့်ပြုပေးခဲ့တဲ့ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဌ မုဖ်သီ ဆရာဦးစန်းအောင် နှင့် အဖွဲ့ဝင်များကိုလည်း အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။ ထို့အတူ ဒီဝတ်ကျောင်းတော်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို လည်းကောင်း၊ မိမိတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဖြတ်တောက်ရပ်ဆိုင်းပြီးတော့ (အိလာဇိကိရီလ္လာဟ်)အလ္လာဟ်ရဲ့ ဒေသနာကို နားထောင်ဖို့ စိတ်ပါဝင်စားစွာနဲ့ ကြွရောက်လာကြကုန်သော မွတ်စလင်မ် အမျိုးသား၊ အမျိုးသမီးများကိုလည်း အထူးဘဲ ကျေးဇူးတင်ရှိပါတယ်။
“အပ်စလားမုအလိုင်းကွန်းမ်၊ ဝရဟမသုလ္လားဟိ၊ ဝဗာရကာသုဟု” ဒီကနေ့ကျွန်တော်တင်ပြမယ့် ခွတ္တဗာဟ်ရဲ့ ခေါင်းစဉ်က “အကောင်းဆုံးသောလမ်းညွှန် နှင့် အလှဆုံးသောလူ” (အလ်ဟူဒန် အဟ်စန်န်၊ ဝအင်န်စန်နုလ် အဟ်စန်န်) ဖြစ်ပါတယ်။ ကျွန်တော် ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး မတင်ပြခင် သုံးသပ်ချက်လေးတစ်ခုကို အကျဉ်းချုံးတင်ပြချင်ပါတယ်။ အလ္လာဟ်အရှင်မြတ်သည် အလ္လာဟ်ရဲ့တာဝန်ကို အလ္လာဟ်ကျေပွန်အောင် ထမ်းဆောင်နေပါတယ်။ လစ်ဟာမှု လုံးဝမရှိပါဘူး။ အလ္လာဟ်ရဲ့တာဝန်ကျေပွန်မှုတွေထဲက တစ်ခုကို (ဝလေကုလ်လိ၊ အွမ္မသီန် ရဆူလ်) ကမ္ဘာပေါ်မှာရှိတဲ့ လူအုပ်စုတိုင်း သို့မဟုတ် မျိုးနွယ်စုတိုင်းအတွက်ကိုတရားအလင်းပေးဖို့အတွက်၊ လမ်းမှန်ကိုရောက်စေဖို့အတွက်၊ရွဲ့စောင်းနေတာတွေကို တည့်မတ်ပေးဖို့အတွက် ရဆူလ်တမန်တော် တစ်ပါး၊ တစ်ပါး ငါအရှင်မြတ်ပို့ထားတော်မူခဲ့တယ်။ ဆိုလိုတာက ကမ္ဘာပေါ်မှာ ရှိနေတဲ့ လူ့အဖွဲ့အစည်းဝင်တွေ ပစ္စုပ္ပါန်ရော၊ အတိတ်ရော၊ ခေတ်တိုင်း ခေတ်တိုင်းမှာ နဗီရဆူလ်တမန်တော် တစ်ပါးပါးနဲ့ မထိတွေ့ခဲ့ဖူးတဲ့ လူ့အနွယ်ဝင် လုံးဝ လုံးဝမရှိဘူးလို့ ကျွန်တော်တို့ ယူဆလို့ရပါတယ်။
ဒီနေရာမှာ (ကုလ်ကွန်န်)ဆိုတဲ့ စာလုံးက ပြပါတယ်။ အားလုံး အားလုံးလို့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီတော့ ကျွန်တော်ရဲ့ သုံးသပ်ချက်က AD 571 မှာ တမန်တော် မုဟမ္မဒ်(ဆွ) ဖွားမြင်တယ်။ ကျွန်တော်က AD 571 ရဲ့အရင် AD 500/400 အဲ့ဒီအပိုင်းလေးကို ယေဘူယျ အကြမ်းဖျဉ်းသုံးသပ်ချက်လေးတစ်ခု တင်ပြချင်ပါတယ်။ အဲ့ဒါက ဘာလဲဆိုတော့ အလ္လာဟ်အရှင်မြတ်သည် အဘယ်ကြောင့် ကုရ်အာန်ကျမ်းမြတ်ကို ကမ္ဘာမြေပြင်လူသားထု တစ်ရပ်လုံးအတွက် ချပေးရသနည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုကုရ်အာန်ကျမ်းမြတ်ကို မချပေးခဲ့ဘဲနဲ့ ရှေးယခင်ချပေးခဲ့ပြီးဖြစ်သော ကျမ်းများနှင့်သာ လူတွေကို ကေယာမသ်အထိ ထိန်းကျောင်းဦးဆောင်ပြီး ခေါ်သွားတဲ့ ကျမ်းများအဖြစ်လုပ်လို့ မရပေဘူးလား။ ဘာကြောင့် ကုရ်အာန်ကျလာရတာလဲ။ ဘာကြောင့် တမန်တော်မုဟမ္မဒ်(ဆွ) ပွင့်လာရတာလဲ။ အရှေ့ပိုင်းမှာလည်း အလ္လာဟ်အရှင်မြတ်က နဗီရဆူလ် တမန်တော်တိုင်းကို လမ်းညွှန်ချက်တွေနဲ့အတူတူ လူ့အနွယ်ဝင်တွေထံကို ပို့ထားပြီးပြီ။ ပို့ထားပြီးဖြစ်ပါရက်နဲ့ ရှိထားပြီးဖြစ်ပါရက်နဲ့ ဘာကြောင့် ကုရ်အာန်ကျလာရတာလဲ။ ဘာကြောင့် ကုရ်အာန်ကို ထုတ်ပြန် ပေးရတာလဲ။
ရှေးယခင်ကျမ်းတွေဟာ အဲ့ဒီကျမ်းနဲ့ သက်ဆိုင်တဲ့ အရပ်ဒေသ လူ့အဖွဲ့အစည်းဝင်တွေအတွက်သာ ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ လူ့အဖွဲ့ဝင်အချို့က ဘာဖြစ်လာသလဲဆိုတော့ ကျမ်းအပေါ်မှာ သစ္စာမဲ့လာကြတယ်။ ကိုယ်ကျိုးစီးပွားအတွက် ဦးစားပေးမှုတွေကို ဇောင်းပေး လာကြတယ်။ (အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ ကွက်ကွက်ကွင်းကွင်း ပြောထားတာ ရှိပါတယ်။) သူတို့က သူတို့ရဲ့ ကိုယ်ကျိုး အကျိုးစီးပွား တိုးတက်ရေးအတွက်ဆိုပြီးတော့ အဲ့ဒီကျမ်းတွေကို လိုရင်လိုသလို ထုတ်တာတွေ၊ ထည့်တာတွေ၊ လုပ်လာကြပါတယ်။ အဲ့ဒီလို လုပ်လာကြတဲ့အတွက် မူရင်းကျမ်းရဲ့ လမ်းညွှန်ချက်ဟာ တဖြည်းဖြည်းနဲ့ လျော့ပါးလာတယ်။ အဲ့ဒါကို အလ္လာဟ်အရှင်မြတ်က ပုံပေါ်အောင်လေး လမ်းညွှန်ဖော်ပြပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂ ၊ အာယသ်အမှတ် ၇၉မှာ “လူတစ်စုရှိပါသည်။ ကျမ်းရပုဂ္ဂိုလ်များ ဖြစ်ပါရက်နဲ့” (ယာက်သုဗူ နလ်ကိသာဗ်) “သူတို့ကျမ်းရေးနေ ကြတယ်” (ဗိ အိုင် ဒီ ဟင်မ်) “သူတို့ရဲ့ လက်တွေနဲ့ ရေးနေကြတယ်” ဒီနေရာမှာ ကျွန်တော်သုံးသပ်မိတာက (လက်တွေနဲ့ ရေးနေကြတယ်) ဆိုတာ သူတို့ရဲ့အယူအဆတွေ၊ သူတို့ရဲ့ အကြိုက်တွေ၊ သူတို့ဖြစ်ချင်တဲ့အရာတွေ (ဥပမာ – လူတွေကို ဘယ်လိုပုံသွင်းရင်ကောင်းမလဲ ဆိုတာတွေ) ထည့်သွင်းရေးဆွဲတယ်လို့ သဘောပေါက်မိပါတယ်။ ဒါနဲ့ မပြီးသေးပါဘူး။
(စွန်းမ်မ၊ ယကူလူန၊ ဟားဇာ မီန် အီန်ဒီလ်လာဟ်) ဒီကျမ်းဟာ အလ္လာဟ်ထံက လာတာပါလို့ လူတွေကို ပြောကြပါတယ်။ အဲဒီလိုပြောပြီးတော့ သူတို့ဘာလုပ်ကြသလဲဆိုတော့ (လိယရှ်သရူဗိဟီ၊ စမနန်၊ ကလီလဲန်) အဲ့ဒီရေးထားတဲ့ ကျမ်းကို သူတို့ဟာ ဈေးပေါပေါနဲ့ ရောင်းဝယ်ဖေါက်ကားနေကြတယ်။ ဒါက အလ္လာဟ်အရှင်မြတ်ကပြောနေတာပါ။ အဲ့ဒီလူတစ်စုက ကျမ်းအပေါ်မှာ ဘယ်လို သစ္စာမဲ့သလဲဆိုတာကို ပုံပေါ်အောင် ပြောနေတာ။ (ဖဝိုင်လွလ်လဟွမ်၊ မီမ်မာ၊ ကသဗသ်) သူတို့တတွေရဲ့ ရေးသား မှတ်တမ်းတင်ချက်တွေဟာ အကျိုးမရှိဘူး။ ပျက်စီးရာပျက်စီးကြောင်းများသာ ဖြစ်ပါတယ်။ ဝိုင်လ် ဆိုတာ အဓိပ္ပါယ်အများကြီး ကျယ်ပြန့်ပါတယ်။ ဂုဏ်သရေပျက်ခြင်း၊ လမ်းကြောင်းအမှန်မှ သွေဖီခြင်း၊ ကိုယ်ကျိုးနဲခြင်း၊ မျက်နှာပန်း မလှခြင်း၊ အောင်မြင်မှုနှင့် ဝေးခြင်းစသဖြင့် အများကြီး ရှိပါတယ်။ ဒါက အရင်က ကိသာဗီတွေ ညွှန်းတယ်ဆိုပေမယ့် ကျွန်တော်တို့လည်း သင်ခန်းစာယူရပါမယ်။ ကျွန်တော်တို့လည်း အဟ်လေကီသဗ်တွေ ဖြစ်ပါတယ်။
ကျွန်တော်ပေးချင်တဲ့ Message က အဲ့ဒါကြောင့် အလ္လာဟ်အရှင်မြတ်က မြတ်တမန်တော်ရဲ့ လူ့အနွယ်ဝင်တွေ အတွက် နောက်ဆုံး လမ်းညွှန်ချက်ကျမ်းတစ်စောင် လိုအပ်နေလို့ လမ်းညွှန်ကျမ်းတစ်စောင်ကို ပေးသနားတော်မူခဲ့ပါတယ်။ အဲ့ဒီ လမ်းညွှန်ကျမ်းသည် (လာရိုင်းဗ ၊ ဖီးဟ်) သံသယကင်းသော ကျမ်းဖြစ်ပါတယ်။ (ဟူ ဒလ် လီးန်၊ နားစ်) ကမ္ဘာ့လူသားတစ်ရပ်လုံးကို လမ်းမှန်ကို ကောင်းကောင်းလမ်းညွှန်နိုင်ရမယ်။ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းလိုနေလို့၊ ဒီအတိုင်းထားလိုက်ရင် အားလုံး (ဝိုင်းလ်) ထဲကို ပါသွားမှာဖြစ်လို့ အလ္လာဟ်အရှင်မြတ်က AD 571 မှာ တမန်တော်လောင်းလျာ မုဟမ္မဒ်ကို ဖွားမြင်စေတော်မူခဲ့ပါတယ်။ ရှေးကကျမ်းတွေဟာ အလ္လာဟ်ချပေးတဲ့ ကောင်းကင်ကျ ကျမ်းတွေဘဲ ဖြစ်ပါတယ်။ လူမျိုးစုတိုင်းအတွက် နဗီ ရဆူလ်တမန်တော်တွေအပေါ် ချပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မူရင်းပျက်ယွင်းနေပြီ ဖြစ်တဲ့အတွက် တမန်တော်မုဟမ္မဒ်ကို ရွေးချယ်ပြီး ကျမ်းတစ်ဆူ ချပေးရတော့မယ်။ အဲ့ဒီကျမ်းဟာ ကမ္ဘာ့တစ်သက်ကျမ်း ဖြစ်ရမယ်။ လူခပ်သိမ်းအတွက် လမ်းညွှန်ချက်ဖြစ်ရမယ်။ အမှား မရှိရဘူး။ သံသယ မပါရဘူး။ အမြဲတမ်း စစ်လိုက်တိုင်း၊ စစ်လိုက်တိုင်း (Top) ထိပ်တန်းဖြစ်နေရမယ်။ သိပ္ပံဆိုတာကတောင် အဲ့ဒီကျမ်းကို ဦးခိုက်နေစေရမယ်။
စူရာဟ် ၃၉ ၊ အာယသ် အမှတ် ၂၃ မှာ (အလ္လာဟ်ဟု) “ အလ္လာဟ် အရှင်မြတ်သည် ” (နဇ္ဇလ) “ ချပေးသနားတော်မူ ခဲ့သည် ” (အဟ်စနာလ် ဟဒီးစ်) “ အကောင်းဆုံးသော ဟဒီးစ် ” (ဟဒီးစ်) တင်ပြချက်၊ အဖြစ်အပျက်၊ စကား၊ လမ်းညွှန်ချက်၊ မိန့်မှာချက်၊ (ကိသာ ဗန်) “ ကျမ်းတစ်အုပ်အဖြစ် ချပေးခဲ့တယ် ” (မုသရှာ ဗိဟာ) “ အဲ့ဒီကျမ်းမှာပါသော အာယသ်များသည် တစ်ခုနှင့်တစ်ခုဆင်တူယိုးမှားလေးများ ဖြစ်နေသည်။” (မဆာနိယာ)အရှေ့မှာပါသောအကြောင်းအရာများ နောက်အာယသ် များ၌ ပြန်လည် တွေ့မြင်ရပေမည်။ အဲ့ဒီအာယသ်တွေကို ဖတ်သံကိုကြားရသောသူသည် (သာက်ရှာအိရ်ရု) ကြက်သီး ထပေမည်။ သူတို့ရဲ့အရှင်သခင်ကို လေးစားကြည်ညိုကြောက်ရွံ့အားထား ကိုးကွယ်တဲ့ပုဂ္ဂိုလ်မှန်ရင် သူတို့ရဲ့ နှလုံးသားတွေ၊ စိတ်တွေဟာ မာကျောခက်ထန် မောက်မာအောက်ခြေလွတ်၊ ဘဝင်မြင့်နေတာတွေဟာ ပျောက်ကွယ်သွားစေလိမ့်မယ်။ ပြီးတော့ လူရဲ့ပကတိ ရုပ်သဏ္ဍာန်ပေါ်လာလိမ့်မယ်။ အေးတိအေးစက် ဘဝကို ပြောတာမဟုတ်ပါ။ လူကိုရုပ်ဆိုးစေတဲ့ ဉာဉ်တွေ၊ မကောင်းမှုတွေ ပျောက်သွားမှာဖြစ်တယ်။ အလ္လာဟ်ရဲ့မိန့်မှာချက်တွေ၊ အလ္လာဟ်ရဲ့သွန်သင်ချက်တွေကြောင့် အဲဒီလို ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒါက အလ္လာဟ်ရဲ့ ဟိဒါယသ်ပါ။ ဒါနဲ့ဘဲ အလ္လာဟ်အရှင်က လူတွေကို လမ်းမှန်ကို ပြသတော် မူပေမည်။ လူတွေကို သူက ဦးဆောင်ပြီး ခေါ်သွားလိမ့်မယ်။ ဒါပေမယ့် ရတဲ့သူက ရမယ်။ မရတဲ့သူက မရပါဘူး။ ဘာကြောင့် မရတာလဲ။ မိမိမှာ အလ္လာဟ်အရှင်မြတ်က ပေးထားတဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ အကောင်းအဆိုး အမှားအမှန်ကို ခွဲခြားနိုင်တဲ့ စွမ်းရည်ကို အသုံးမချနိုင်ဘူးဆိုရင်တော့ သူကတော့ ရမှာမဟုတ်၊ ကျန်ရစ်ခဲ့မှာဘဲ ဖြစ်ပါတယ်။ အသုံးချနိုင်တဲ့ လူကတော့ အောင်မြင်တဲ့ဘက်ကို ပါသွားလိမ့်မယ်။
ဒီအာယသ်မှာပါတဲ့ အဟ်စနာလ် ဟဒီးစ် ဆိုတာကို ကျွန်တော်အဓိက ပြောချင်ပါတယ်။ (အဟ်စနာလ် ဟဒီးစ်) အကောင်းဆုံး ဟဒီးစ်၊ အကောင်းဆုံး တင်ပြချက်။ ဆက်လက်ပြီး ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃၉ ၊ အာယသ် ၅၅ ကိုလေ့လာ ကြည့်မယ်ဆိုရင် စောစောက စူရာဟ် ၃၉း၂၃ မှာက ဖော်ပြချက်အနေနဲ့ဘဲ တင်ပြသွားပါတယ်။ ယခု စူရာဟ် ၃၉း၅၅မှာကြတော့ အမိန့်ပေးချက်ပါလာတယ်။ တိုက်တွန်းချက်ပါလာတယ်။ (ဝသ်သဗိအူ) အသင်တို့ တစ်ထပ်တည်းလိုက်သွားပါ။ အတူနေလိုက်၊ ပေါင်းလိုက်၊ သူငယ်ချင်းဖွဲ့လိုက်လို့ပြောတာပါ။ (အဟ်စန) အကောင်းဆုံး၊ (မာ. . .) အကြင်အရာ(ကုရ်အာန်ကို ညွှန်းတာပါ) အဲ့ဒီ အဟ်စန ဆိုတဲ့ ကျမ်းက အသင်တို့ကို၊လူခပ်သိမ်းကို သွေးခဲလေးဘဝကနေပြီး မိခင်ရဲ့ ဝမ်းကြားသိုက်ထဲမှာ တဖြည်ဖြည်းနဲ့ လူရုပ်သဏ္ဍာန်ပီပြင်လာအောင် လုပ်ပေးတဲ့အရှင်ဆီက လာတဲ့ကျမ်းဖြစ်ပါတယ်။ ဆက်လက်ပြီး ဒီနေရာ မှာတင် မရပ်ထားဘဲ ဆက်လက်ဖော်ပြတာက “အသင်တို့ထံ အသင်တို့နဲ့ ထိပ်တိုက်တွေ့မယ့်၊ ရုတ်တရက် အမှတ်မထင် တွေ့နိုင်တဲ့၊ ပက်ပင်းတိုးနိုင်တဲ့၊ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားမယ့် အဖြစ်အပျက်မျိုးတွေ ရောက်မလာမီ အဲ့ဒီကျမ်းကို အသင်တို့ လိုက်နာကျင့်ကြံကြပါလေ။” ဒီအာယသ်မှာပါတဲ့ ဗါဂ်ဒသန်န် ဆိုတာ ရုတ်တရက်၊ အမှတ်မထင်၊ လျှပ်တပြက်လို့ အဓိပ္ပါယ်ရပါတယ်။ အဲ့ဒီလို ထိပ်တိုက်တွေ့ဖို့ ရှိတယ်ဆိုတဲ့သဘောကို အလ္လာဟ်က ဖော်ညွန်းတာပါ။အဲ့ဒီ ဗါဂ်သသန်န်ရုတ်တရက် ဖြစ်သွားတဲ့အဖြစ်အပျက်တွေ ကမ္ဘာပေါ်မှာ အများကြီး ဖြစ်ခဲ့ပါတယ်။ ဆူနာမီ၊ နာဂစ်၊ မနေ့တစ်နေ့ကဘဲ ပေါင်မြို့နယ် ရဲဗြားကုန်းကျေးရွာမှာ ဖြစ်သွားတဲ့ ဖြစ်စဉ်မျိုးတွေ။ အဲ့ဒီမြင်ကွင်းကို တွေ့ပြီး ဒီအာယသ်ကို ကျွန်တော်ပိုပြီး သဘောပေါက်မိပါတယ်။ ဘာကို သဘောပေါက်လာသလဲဆိုတော့ “အသင်တို့ သဘောမပေါက်နိုင်ဘူး၊ မသိနိုင်ဘူး။” (ဘဂ်ဒသန်) ဆိုတဲ့အဖြစ်အပျက်ဟာ အသင်တို့ဆီကို ပက်ပင်းတိုးတဲ့ အနေအထားမျိုး မရောက်ခင် (အစ်သ် သဗိအူ၊ အဟ်စန၊ မာ အွန်းန်ဇိလ၊ အိလိုင်ကွန်းမ် မင်းန် ရဗ္ဗိကွန်မ်) အသင်တို့ကို ပြုစုပျိုးထောင်တဲ့ အရှင်ထံမှ လာသော (ဟိုက ဒီက လာခြင်းမဟုတ်၊ နိုင်ငံတစ်ခု၊ အဖွဲ့အစည်းတစ်ခု စသဖြင့်) ကျမ်းဖြစ်ပါတယ်။
ဒီအာယသ်မှာ အမိန့်ပေးပုံစံနဲ့ အဟ်စန်န် ကို တွဲပါတယ်။ သဒ္ဒါအမြင်နဲ့ တွဲကြည့်မယ်ဆိုရင် အဟ်စန်န် ရဲ့ စာလုံးက ဂုဏ်ရည်အမြင့်ဆုံးကို ပြတဲ့ပုံစံ၊ သူ့အပေါ်မှာ ဘာမှမရှိတော့ပါဘူး၊ အကောင်းဆုံး၊ အလှဆုံးလို့ အဓိပ္ပါယ်ရပါတယ်။ ကျွန်တော်တို့ လူ့သဘောသဘာဝအရ ကျွန်တော်တို့ဟာ အကောင်းဆုံးကိုဘဲကြိုက်ကြပါတယ်။ စားသောက်မှု၊ ဝတ်စားမှု၊ နေထိုင်မှု စတာတွေမှာ အကောင်းဆုံး အလှပဆုံးကို ရွေးချယ်တာဟာ လူ့ရဲ့မူရင်းသဘောသဘာဝ ဖြစ်ပါတယ်။ နှစ်ဘ၀ အတွက်ဆို အကောင်းဆုံးသောလမ်းညွှန်ကျမ်းကို တစ်ထပ်တစ်သားတည်း လက်တွေ့လိုက်နာဖို့ အရေးကြီးထင်ရှားပါတယ်။
ဆက်လက်ပြီး ကုရ်အာန် စူရာဟ် ၉၅၊ အာယသ် ၄ မှာ (လကဒ် ခလာက်နလ် အင်န်စာန၊ ဖီး အဟ်စနိ သာက်ဝီမ်)(ဝ) ဆိုတာက ကျိန်တွယ်ပြီးပြောတာ၊ ရိုးရိုးပြောတဲ့စကားနဲ့ ကျိန်ပြီးပြောတဲ့စကားကို လူတွေက ကျိန်ပြီးပြောတဲ့စကားကို ပိုပြီးစိတ်ဝင်စားကြပါတယ်။ အလ္လာဟ်က လူ့အကြောင်းကိုသိလို့ ကျိန်ဆိုဒြီကျမ်းဟာ လူခပ်သိမ်းအတွက် လမ်းညွှန်ကျမ်းဆိုတာမှန်ပေမယ့် များသောအားဖြင့် ဒီကျမ်းဟာ မွတ်စလင်မ်တွေရဲ့ လက်ထဲမှာရှိနေပြီး နေ့တဓူဝ ထိတွေ့နေတဲ့အတွက်ကြောင့် ကျွန်တော်က မွတ်စလင်မ်တွေကို ဇောင်းပေးပြီးပြောချင်ပါတယ်။
“မုချဧကန် ငါအလ္လာဟ်အရှင်မြတ်သည် လူသားကို (ဖီး အဟ်စနိ သာက်ဝီမ်) အကောင်းဆုံးသောဟန်ပန် သဏ္ဍာန် ကိုယ်ရည်ကိုယ်သွေးများနဲ့ ဖန်ဆင်းထားတော်မူတယ်။” အဲဒီလူရဲ့ ဗဟိဒ္ဓပိုင်းဆိုင်ရာကို ကြည့်မလား၊ အိဇ္ဇတ္တပိုင်း ဆိုင်ရာကို ကြည့်မလား၊ အရည်အသွေးတွေဟာ (အဟ်စန်န်)ဘဲ ဖြစ်ပါတယ်။ မဲတဲ့လူဘဲ ဖြစ်ပါစေ၊ ညိုတဲ့လူ၊ ဝါတဲ့လူ၊ ဖြူတဲ့လူ ဖြစ်နေပါစေ၊ (အဟ်စန်န်)ရှိနေတယ်။ အဲ့ဒီလူဟာ အကောင်းအဆိုးလည်း သိတယ်၊ အကြောင်းအကျိုးလည်း သူသိတယ်၊ သိနိုင်တဲ့စွမ်းရည်ကို အလ္လာဟ်က ပေးထားပါတယ်။ အမှားအမှန်ကိုလည်း သူသိတယ်၊ အဲဒါ အဟ်စန်န် ဘဲ။
ဒီကနေ့လူဟာ ငှက်တွေလိုအတောင်မပေါက်ပေမယ့် လေကိုစိုးမိုးနေတယ်၊ ငါးတွေလို ပါးဟက်တွေ၊ အမြီးတွေ မပါပေမယ့် ဒီကနေ့ ရေပေါ်ရေအောက်ကို စိုးမိုးနေတယ်။ ကျွန်တော်တို့ ရထားတဲ့ဘွဲ့၊ အလ္လာဟ်ချီးမြှင့်ထားတဲ့ဘွဲ့က (အဟ်စန်န်)၊ ကျွန်တော်တို့ကို ထုတ်ပြန်ပို့ချပေးထားတဲ့ အလ္လာဟ်ကျမ်းက (အဟ်စန်န်)ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နဗီရဆူလ် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ပြခဲ့တဲ့ လမ်းဟာ (အဟ်စန်န်)။ လူသားဟာ အဲ့ဒီလို ဘက်ပေါင်းစုံ အပြင်ပိုင်းဆိုင်ရာ၊ အတွင်းပိုင်းဆိုင်ရာ အရည်အသွေး အရည်အချင်းတွေနဲ့ ဖွဲ့စည်းထားသော လူသားဖြစ်ပါသည်။ အဲဒီအရည်အသွေးကို အလ္လာဟ်အရှင်မြတ်က ဘက်မလိုက်ပါဘူး။ လူသားတိုင်းကိုပေးပါတယ်။ သူ့ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ပေးထားပါတယ်။ အလ္လာဟ်အရှင်မြတ် ဖြစ်စေချင်တာက အဟ်စန်န် ဘွဲ့နဲ့ဖွဲ့စည်းပုံရထားတဲ့လူသားဟာ အဟ်စန်န် ဆိုတဲ့ အမြင့်ဆုံး ဆွေဖသ်နဲ့ ဖွဲ့စည်းထားတဲ့ ကျမ်းနဲ့ ပေးပေါင်းစေချင်တာ။ အဟ်စန်န် (လူသား)နဲ့ အဟ်စန်န် (ကုရ်အာန်)နဲ့ ပေးပေါင်းစေချင်တာ။ ဒါကြောင့် ဒီစာလုံးကို သုံးတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ အဟ်စန်န် နဲ့ အဟ်စန်န် ပေါင်းလိုက်လို့ ရှိရင် ဘာဖြစ်သွားသလဲဆိုတော့ မိုဟ်စီန် ဘက်ကို ရောက်သွားပါတယ်။
(အင်န် နလ် လာဟ၊ ယူဟိဗ် ဗုလ် မုဟ်စီနင်န်) လူအဖွဲ့အစည်းတွေကို၊ လူ့ကမ္ဘာကို၊ လူ့ပတ်ဝန်းကျင်ကို ကောင်းအောင် လိုက်လုပ်တဲ့လူတွေ၊ အလှတန်ဆာဆင်တဲ့လူတွေကို ငါအရှင်မြတ်နိုးတယ်လို့ပြောပါတယ်။ မိုဟ်စီန် ဘယ်သူဖြစ်မလဲ၊ အဲ့ဒီလူကို အလ္လာဟ်ချစ်မယ်။ သွားမမေးနဲ့၊ ခင်ဗျား ခရစ်ယာန်လား၊ ဂျူးလား၊ ကပ္ပလီလား၊ ဒါမလိုတော့ဘူး။ လူတစ်ယောက်မှာ မိုဟ်စီန် အရည်အသွေးတွေ ပါနေပြီဆိုရင် ကျွန်တော်တို့ကြားဝင်လို့ မရပါဘူး။ အလ္လာဟ်ပြောထားတာ ရှင်းရှင်းလေးပါ။ (အင်န် နလ် လာဟ၊ ယူဟိဗ် ဗုလ် မုဟ်စီနင်န်) လူတွေအပေါ်မှာ၊ ကမ္ဘာ့ပတ်ဝန်းကျင်ပေါ်မှာ အကျိုးပြုတဲ့လူ၊ အလှဆင်တဲ့လူ၊ ကောင်းရာကောင်းကြောင်းတွေ ဖန်တီးနေတဲ့လူ၊ မကောင်းရာတွေကို တားဆီးနေတဲ့လူ၊ အဲ့ဒီအလုပ်တွေဟာ မိုဟ်စီန် တွေရဲ့အလုပ်တွေ။ အဲဒီ မိုဟ်စီန် မရှိရင်၊ ကျွန်တော်တို့အားလုံး (အဇဗွန် အာဇွီမ်း) အကြီးအကျယ်ဘေးဒုက္ခ အန္တရာယ် ဖြစ်မယ်။ ဖြစ်လည်း ဖြစ်ခဲ့ပြီးပြီ။ ဖြစ်နေဆဲလည်း ဖြစ်တယ်။ နာဂစ်တို့လို၊ မနေ့တနေ့က ဖြစ်ခဲ့တဲ့ တောင်ပြို၊ ရေကြီးတာတွေလို ဖြစ်ခဲ့တယ်။ ဖြစ်လာလိမ့်မယ်။
အလ္လာဟ်အရှင်မြတ်က လူကို အဟ်စန်န် အရည်အသွေးနဲ့ဖန်ဆင်းထားပါရက်နဲ့ အဲ့ဒီ အဟ်စန်န် အရည်အသွေး၊ ဉာဏ်ရည် ဉာဏ်သွေးကို ထိုက်ထိုက်တန်တန်၊ ပြည့်ပြည့်ဝဝ၊ ဒေါင်ဒေါင်မြည် အသုံးမပြုဘူး၊ အသုံးမချဘူးဆိုရင်၊ လူ့ပတ်ဝန်းကျင်မှာ အသုံးမချဘူးဆိုရင်၊ အလ္လာဟ်အရှင်မြတ်က တစ်ခု ကြိမ်းမောင်းပါတယ်။ ကြောက်ဖို့ကောင်းပါတယ်၊ သတိပေးတာဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၈ ၊ အာယသ် ၂၂ မှာ “အလ္လာဟ် အရှင်မြတ်ရဲ့ ပြဌာန်းသတ်မှတ်ချက်မှာ အဆိုးဆုံးသော သတ္တဝါဆိုတာ သိပါသလား၊ အမှန်ကို နားထောင်နိုင်စွမ်းသော အလ္လာဟ်ပေးထားတဲ့ နားရှိပါရက်နဲ့ အမှန်ကို နားမထောင်နိုင်သောသူ၊ အမှန်ကို ပြောနိုင်စွမ်းသော ပါးစပ်ရှိပါရက်နဲ့ အမှန်ကိုမပြော အ နေသော၊ အက္ကလ် ဉာဏ်ရည်ဉာဏ်သွေး အသုံးမချသော ” လူကို အလ္လာဟ်အရှင်မြတ်က ရှုတ်ချထားတာက အမှန်ကို မကြားသော၊ အမှန်ကိုမပြောနိုင်သောသူဟာ အက္ကလ်မရှိသော အဆိုးဆုံးသော သတ္တဝါ ဖြစ်တယ်လို့ အသိပေး၊ သတိပေးထားတဲ့အတွက် ကျွန်တော်တို့က နှလုံးသွင်းဆင်ခြင်ပြီး၊ အလ္လာဟ်နှစ်သက်တဲ့မိုဟ်စီန် စာရင်းထဲမှာ ပါဖို့အတွက် ကြိုးစားပြီး ဘဝကို တည်ဆောက်နိုင်ကြပါစေလို့ ပြောကြားရင်း ရပ်နားလိုက်ပါတယ်။