အချိန်က လူကိုမစောင့်ပါ 20.6.2014 ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်

အချိန်က လူကိုမစောင့်ပါ
ကုရ်အာန်သုတေသီ ဦးနူးရ်ခင်မောင်
ဒီကနေ့ ယခုလို ယောင်မွလ်ဂျူမုအာဟ်မှာ ကျမ်းတော်မြတ်ကုရ်အာန်မှ ကျွန်တော် လေ့လာတွေ့ရှိချက် များကို တင်ပြခွင့်ရတဲ့အတွက် ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ပြီး တော့ ကျွန်တော့်ကို မွေးဖွားပြုစုစောင့်ရှောက်ခဲ့တဲ့ ကွယ်လွန်သူမိဘနှစ်ပါးနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို သင်ကြားပို့ချ ကူညီပံ့ပိုးခဲ့သောဆရာများနှင့် ကျမ်းတော်မြတ်ကုရ်အာန်အကြောင်း တင်ပြခွင့်ပေးထားတဲ့ ဒီအစ္စလာမ်သင်တန်းကျောင်းတော် မတ်စ်ဂျိဒ်ရဲ့လိုအပ်ချက်တွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးတဲ့ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများကို အထူးပဲကျေးဇူးတင်ပါတယ်။
ကျွန်တော်တင်ပြမယ့် အကြောင်းအရာရဲ့ခေါင်းစဉ်ကတော့ “အချိန်က လူကိုမစောင့်ပါ” ဖြစ်ပါတယ်။ လေး စားအပ်ပါသော အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ ကျွန်တော့်ရဲ့တင်ပြမှုကို မရှင်းလင်းခဲ့ရင် ဂျူမုအာဟ်ဆွလာသ် အပြီး သီးခြားဆွေးနွေးနိုင်ပါတယ်။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
နာရီလက်တံတရွေ့ရွေ့ တရွေ့ရွေ့ ထောက်ထောက်သွားနေသလို တက်လာတဲ့ ဒီရေကလည်း တဖြည်းဖြည်း တဖြည်းဖြည်း နီးကပ်လာနေပြီ။ နာရီလက်တံနဲ့ ကျွန်ုပ်တို့ရဲ့နှလုံးဟာလည်း စက္ကန့်မလပ် ဒေါက် ဒေါက် ဒေါက်ဒေါက်နဲ့ အလုပ်လုပ်နေကြတယ်။ နာရီဓာတ်ခဲအားကုန်သွားမယ်ဆိုရင် ဓာတ်ခဲလဲကြတယ်။ ကျွန်ုပ်တို့ ရဲ့နှလုံးမှာ ရောဂါဝေဒနာတစ်ခုခုဝင်ပြီဆိုရင် နှလုံးဖောက်ပြန်တာနဲ့တူတယ်၊ နှလုံးရောဂါဖြစ်တယ်ဆိုပြီး ဆရာဝန် သွားပြကြတယ်။ ဆရာဝန်က စမ်းသပ်ပြီးတော့ နှလုံးသွေးကြောကျဉ်းရင် သွေးကြောကျယ်အောင်၊ နှလုံးသွေး ကြောကျယ်ရင် နှလုံးသွေးကြောကျဉ်းအောင် ဒါမှမဟုတ် နှလုံးရောဂါဖြစ်ရင် နှလုံးခုန်နှုန်းသက်သာအောင် နှလုံး ရောဂါသက်သာအောင် ကုပေးတယ်။
အဲဒီတော့ နာရီနဲ့နှလုံး စည်းချက်ကျကျ အလုပ်မလုပ်တော့ နာရီမှာ ဓာတ်ခဲပြန်လဲထည့်တယ်။ နှလုံးက တော့ သိတဲ့အတိုင်းပဲနော်။ အမေမွေးဖွားလာကတည်းက ဒေါက်ဒေါက် ဒေါက်ဒေါက်သွားနေတာ။ တစ်ခုတည်းမှ တစ်ခုတည်းဆိုတော့ ဟောဒီနှလုံးရပ်သွားရင် ဘာဖြစ်မှာလဲ။ ဇီဝိန်ချုပ်သွားတယ်။ ဘ၀နိဂုံးချုပ်သွားတယ်။ သေ သွားတယ်။ မိုင်ယသ်ဖြစ်သွားတယ်လို့ ပြောကြမယ်။ လူတစ်ယောက် သေဆုံးသွားတယ်ဆိုတာ ခေတ္တခဏအတွက်
အလည်အပတ်ခရီးထွက်တာမဟုတ်ဘူးနော်။ မသွားချင်ပေမယ့် သွားရတယ်။ ပြန်မလာနိုင်တော့ဘူး။ ဒီနေ့အထိ ပြန်လာနိုင်ခဲ့တယ်ဆိုတာ တစ်ယောက်မှမရှိဘူး။ လေးစားအပ်ပါသော အမျိုးသား/အမျိုးသမီးများခင်ဗျား။ အဲဒီ တော့ နာရီတွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေ တဖြည်းဖြည်းကုန်ဆုံးသွားပြီ။ ကျွန်ုပ်တို့တွေလည်း တစ်နေ့ထက်တစ် နေ့ အသက်တွေကြီးလာပြီမဟုတ်လား။ လွန်ခဲ့တဲ့နှစ်များက ကျွန်ုပ်တို့တွေဟာ ဒီနေ့ ကျွန်ုပ်တို့တွေမဟုတ်တော့ ဘူး။ အရင်နှစ်တွေနဲ့မတူတော့ဘူး။ နောင်နှစ်တွေမှာ ဒီထက်တစ်မျိုးပြောင်းလဲနိုင်တယ်။ အိုမင်းရင့်ရော်ခြင်းဆိုတာ ရှောင်လွဲလို့မရဘူး။ လူတိုင်း ရင်ဆိုင်ရမယ်။ လူတိုင်းသွားရမယ်။ ဘယ်လိုပဲတားတား၊ ဘယ်လိုပဲ ကုစားကုစား အားလုံးသွားရမယ်။ ဒါကြောင့် အချိန်ရှိတုန်း လုံ့လစိုက်ဆိုသလို ရှေ့ဆက်သွားရမယ့်ခရီးအတွက် အလုပ်လုပ်ရ မယ်။ အရေးကြီးတဲ့ လိုအပ်တာတွေကို စုဆောင်းရမယ်။ တစ်နည်းပြောရရင် အလ္လာဟ်အရှင်မြတ် နှစ်သက်မြတ်နိုး တဲ့အတိုင်း လိုက်နာကျင့်သုံးရမယ်။
ကျူလီယာမွတ်ဆလင်မ်ညီနောင်တစ်ယောက်က တမီလ်ဘာသာစကားနဲ့ တမန်တော်နေ့အခမ်းအနားတစ် ခုမှာ ဘာပြောခဲ့လဲဆိုရင် `မူဆာကုသရိုမရုဇာနမားဇ် အိလ်လေဂျန္နသ်ဖောဒိလ်လေ´ သူ့ရဲ့တင်ပြမှုကတော့ အလ္လာဟ်အရှင်မြတ်က တမန်တော်မူဆာ(အ)ကို သိနတောင်မှာပို့ချပေးခဲ့တဲ့ `၀ဟီ´မှာ ဆွလားသ်နှင့် ဆွီယာမ် မတည်ဆောက်ရင် ဂျန္နသ်မရဘူး။ ဂျန္နသ်မရရင် ဘယ်ကိုရောက်မှာလဲ။ ဂျဟန္နမ်ကို ရောက်သွားမယ်။ အဲဒီတော့ လူ ငယ်တစ်ယောက်ရဲ့အကြောင်းကို တင်ပြမယ်။ လူငယ်တစ်ယောက် ကလေးဘ၀မှာ မလိမ်မိုး မလိမ္မာ ကိုယ်လိုချင် တာတစ်ခုပဲသိတယ်။ မရရင်ငိုတယ်။ ဂျီတိုက်မယ်။ ကျန်တာ စိတ်မ၀င်စားဘူး။ မိဘညီအစ်ကိုမောင်နှမတွေ ဘာ အခက်အခဲဖြစ်နေလဲ သူမသိဘူး။ တစ်ဘို့တည်းကြည့်တယ်။ ပညာသင်ချိန် လူလတ်ပိုင်းအရွယ်ရောက်လာတော့ ခေါင်းကြီးလာပြီး မိဘ၊ ဆရာသမားတွေရဲ့ ဆိုဆုံးမမှု၊ ဦးနှောက်ရဲ့အသိဥာဏ်ဖွံ့ဖြိုးလာမှုကြောင့် စဉ်းစားတတ်လာ တယ်။ နားလည်လာတယ်။ ဒါတောင် မိဘက ရှာဖွေကျွေးမွေးနေတာ။ သူတို့ကြောင့် မပူမပင် ငွေကြေးတန်ဖိုး နားမလည်၊ လူငယ်တွေသဘာဝက ပျော်မယ်၊ ခုံမင်မယ်၊ သာယာနေမိမယ်။ မိဘတွေက ငွေရှာနိုင်မယ်၊ ချမ်းသာ မယ်ဆိုရင် သားသမီးတွေ သွေးနားထင်ရောက်၊ စည်းလွတ်ဝါးလွတ်တွေဖြစ်၊ မိဘအားကိုးနဲ့ မိုက်ကြတယ်။ ပညာ သင်ရမယ့်အချိန်မှာ ပညာကိုကောင်းကောင်းမသင်ကြဘဲ ဥစ္စာပစ္စည်းနောက်ကိုလိုက်ပြီး အားကိုးတစ်ခုနဲ့ မိုက်ကြ တယ်။ ပိုဆိုးတာကတော့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုညံ့ဖျင်းရင် ပိုလို့တောင်မိုက်ကြတယ်။ အသိဥာဏ်ရှိတဲ့ မိဘ၊ သွန်သင်ဆုံးမမှုကောင်းတဲ့ မိဘ၊ သွန်သင်ဆုံးမှုကောင်းတဲ့ ဆရာသမားတွေ၊ နားလည်မှုလမ်းကြောင်းအမှန်ကို ပို့ ဆောင်မယ့် မိတ်ဆွေအပေါင်းအသင်းဆိုတာလည်း လိုအပ်ပါတယ်။ အဲဒါမှ လူငယ်တွေ လမ်းမှန်ကိုရောက်တော့ မယ်။ လူငယ်ဘ၀ကျော်လွန်ပြီး အိမ်ထောင်ရက်သားကျပြီးတော့ ကိုယ်လုပ်စားတဲ့ ကိုယ်နေထိုင်စားသောက်တဲ့
အခါကျမှ ငွေကြေးရဲ့တန်ဖိုးကို နားလည်တတ်ရော။ မိတ်ဆွေအပေါင်းအသင်းနဲ့ ဘယ်လိုသဟဇာတဖြစ်အောင် နေမယ်ဆိုတဲ့ အသိအလိမ္မာလေးတွေ၊ လူမှုရေးနဲ့ပေါင်းသင်းဆက်ဆံရေးဆိုတာ လိုအပ်လာကြောင်း သိလာကြ မယ်။ ဒါတောင် လူကြီးသူမရဲ့မစမှုကြောင့် ဘ၀ရဲ့အခြေခံတွေ နားမလည်ခဲ့ဘဲ ကောင်းစားနေရင် ယဉ်ကျေးမှုနီတိ နဲ့ လူ့ဘ၀ဆိုတာ ဘာလဲလို့မေးစရာဖြစ်လာရော။ အဲဒီအခါ ကိုယ်ချင်းစာစိတ်ဆိုတာ သိကြမှာမဟုတ်တော့။ အနိုင် ရရင်ပြီးရော၊ အပိုင်ကြံလိုက်ရင် ပြီးရော။ ဘယ်သူတွေကပဲ ကဲ့ရဲ့ကဲ့ရဲ့ ဂရုမစိုက်ကြ။ ဘ၀မှာ လူမဖြစ်ဘဲ လူးနေကြ ပါရော။ ဘာကြောင့်လဲဆိုတော့ ခံစားကြတာမဟုတ်တော့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်သိမှာလဲ။ ခံရဖူးမှ ကိုယ် ချင်းစာစိတ်ဆိုတာ ရှိလာကြတာ။ အညွန့်အဖူးတွေနဲ့ စည်းစိမ်ယစ်မူးနေရာမှ အချိန်တွေ တရွေ့ရွေ့နဲ့ ရွေ့လျား ပြောင်းလဲနေတာတောင် သတိမမူမိကြတော့ဘူး။ ဇရာထောင်းလာတဲ့ဝေဒနာကို သက်သာရလေအောင် ဆေးဝါး ကောင်းအမျိုးမျိုးတွေနဲ့ ဘယ်လောက်ပဲ ကျားကန် ကျားကန် တစ်နေ့မှာတော့ မရဏသေမင်း၊ တစ်နည်း သေခြင်း တရားနဲ့ စစ်ခင်းရတာမဟုတ်လား။
အဲဒီတော့ နောက်ဆုံးသွားရာလမ်းက နီးသည်ထက်နီးလာပြီး ရာထူး၊ ဥစ္စာဓန၊ စည်းစိမ်ချမ်းသာမှုကလည်း ကောင်းနေတယ်ဆိုတော့ မသွားချင်ပါဘူးဆိုပြီးတော့ ခွင့်စာတင်လို့မရဘူး။ ခဏနေပါရစေဦး။ နောင်နှစ်မှ၊ ရှေ့နှစ် မှဆိုပြီး တောင်းပန်လို့မရဘူး။ မသွားချင်ရင်လည်း သွားရမယ်။ ဒီနေရာမှာ (ကုရ်အာန် ဆူရာဟ် ၁၀၁၊ အာယတ် ၁-၂-၃)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။ အဲဒီဘေးကြီးဆိုက်ရောက်ခြင်း၊ (တီးခေါက်တဲ့အရာဟာ) ဘယ်အရာလဲ။ အသင်သိလား။ တစ်နည်းပြောရရင် အဲဒီဘေးကြီးဆိုက်ရောက်မယ့် တီးခေါက်တဲ့အခါ ခေါင်း လောင်းအသံဟာ ရေခဲချောင်းရောင်းတဲ့ ခေါင်းလောင်းအသံမဟုတ်သလို၊ စာသင်ကျောင်းရဲ့ ခေါင်းလောင်းအသံ မဟုတ်သလို၊ အမှိုက်သိမ်းတဲ့ကားရဲ့ ခေါင်းလောင်းအသံလည်းမဟုတ်ဘူး။ ဒါဆိုရင် ဘယ်ကလာတဲ့အသံလဲ။ အဲဒီ ဘေးကြီး ဆိုက်ရောက်မယ့် တီးခေါက်တဲ့အသံဟာ သေခြင်းတရားက တီးခေါက်တဲ့သတိပေး ခေါင်းလောင်းအသံ ဖြစ်ပါတယ်။ သေခြင်းတရား၊ အဇ်ရာအီလ်မှာ နားရတဲ့အချိန်ဆိုတာမရှိဘူးတဲ့။ (၂၄)နာရီ အလုပ်လုပ်နေရတယ်တဲ့။ သူ့ရဲ့အလုပ်ကို ဥပမာပေးပြောရရင် Music Director က သူ့ရဲ့အဖွဲ့ဝင်တွေကို လက်ဟန်ပြလုပ်သလို အဇ်ရာ အီလ် သေမင်းကလည်း သူ့ရဲ့လက်နှစ်ဖက်နဲ့ အသက်တွေကိုဆွဲနှုတ်ပြီး အလ္လာဟ်အရှင်မြတ်ဆီကို ပို့ပေးတယ်တဲ့။ ဒါကတော့ ကြားဖူးနားဝစကား ဖြစ်ပါတယ်။
အဲဒီတော့ နှစ်တွေ၊ လတွေ တရွေ့ရွေ့ကုန်ဆုံးနေပြီး သေမင်းကလည်း တံခါးဝဆီကို တစ်လှမ်းချင်းလှမ်း နေပြီး ကဲ ဘာလုပ်ချင်လဲ၊ လုပ်ချင်တာမလုပ်ရဘူး။ လုပ်သင့်တာတွေကိုလုပ်ရမယ်။ နောင်လာနောက်သားတွေ ဖြစ်ချင်တာဖြစ်၊ ဒုက္ခရောက်ချင်တာရောက်ဆိုပြီး လုပ်လို့မရဘူး။ မိမိတို့မှာရှိတဲ့ အသိပညာ၊ အတတ်ပညာတွေ
အစွမ်းအစတွေကို မိမိတို့ရဲ့မျိုးဆက်တွေကို ဝေငှပေးမယ်ဆိုရင် ဆင်းရဲသားတွေကို ကူညီလိုက်ရင် ရေငတ်နေတဲ့ လူ ရေတွင်းထဲကျရင် ဘယ်လိုခံစားရမှာလဲဆိုပြီး စဉ်းစားကြည့်လိုက်။ ကိုယ်လည်း ပီတိဖြစ်ရတယ်။ သူတို့တတွေ ပျော်နေတာကိုကြည့်ပြီး ၀မ်းသာရတယ်။ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရာရောက်မယ်။ တိုင်းပြည်နိုင်ငံတွေ ကို အုပ်ချုပ်သူတွေပဲဖြစ်ဖြစ်၊ ဒေသမြို့ရွာတွေကို အုပ်ချုပ်သူတွေပဲဖြစ်ဖြစ် မိမိတို့ရှာဖွေရယူထားသော ဥစ္စာပစ္စည်း တွေကို မိမိတို့ပိုင်ဆိုင်ထားသော ဥစ္စာပစ္စည်းဆိုပြီးတော့ သုံးချင်တိုင်းသုံး၊ ပြုံးချင်တိုင်းပြုံးလို့မရဘူး။ ဒါမှမဟုတ် မိမိတို့ရဲ့သားမယား၊ ဆွေမျိုးသားချင်း အပေါင်းအဖော် ခရိုနီများအတွက်ဆိုပြီး အပိုင်သိမ်းထားလို့မရဘူး။ အဲဒီဥစ္စာ ပစ္စည်းတွေမှာ မရှိဆင်းရဲသားတွေ အများသူငှာရဲ့ ပိုင်ဆိုင်ခွင့်တွေရှိတယ်။
လေးစားအပ်ပါသော အမျိုးသား၊ အမျိုးသမီးများခင်ဗျား
အဲဒီတော့ ကျွန်တော် စောစောကတင်ပြခဲ့သလို အချိန်ကာလက လူကို မစောင့်သလို သေခြင်းတရားက လည်း အချိန်အခါကိုမရွေးဘူးနော်။ ဘယ်အချိန်မို့လို့၊ ဘယ်သူတော်စင်မို့လို့ သနားစရာဆိုတာ ဘယ်သူမှမရှိဘူး။ လူကြီး၊ လူငယ်၊ ကလေးသူငယ်မရွေးဘူး၊ ဆင်းရဲချမ်းသာမရွေးဘူး၊ အသားအရောင်မရွေးဘူး၊ လူမျိုးဘာသာမရွေး ဘူး၊ သမ္မတ၊ ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဆိုပြီး မျက်နှာမလိုက်ဘူး။ ဒါဆိုရင် မြေအောက်ဘန်ကာထဲမှာ၊ ရဲတိုက်ထဲမှာ ပုန်းနေလို့ရော ရမှာလား။ အဲဒီလိုပုန်းနေလို့ တစ်ဦးတစ်ယောက် အသက်ရှင်နေတယ်ဆိုတာ ဒီကနေ့အထိမကြား ဘူး။ ဘန်ကာထဲမှာ ပုန်းနေခဲ့တဲ့ ဆက်ဒမ်ဟူစိန်တစ်ယောက် သေခါ နီးမှာ အပေါ်ကိုတက်လာခဲ့တယ်လေ။
ကျမ်းတော်မြတ်ကုရ်အာန်က ဒီလူ့လောကသက်တမ်းနှင့်ရှေ့လာမယ့် အနာဂတ်ကာလ အာခေရသ်ရဲ့ သက်တမ်းလောက်ကို စူးစူးစိုက်စိုက်လမ်းညွှန်ပြနေရုံမျှသာမဟုတ်ဘဲ တစ်ချိန်တည်းမှာပင် သက်တမ်းကာလမှာ သေနေခြင်း၊ ရှင်နေခြင်းနှင့်ပတ်သက်ပြီး ထင်ထင်ရှားရှား လမ်းညွှန်ပြလျက်ရှိနေပါတယ်။ မျိုးဆက်တစ်ဆက်၊ လူမျိုးတစ်မျိုး၊ အုပ်စုတစ်စု ဒါမှမဟုတ် အသိုင်းအ၀ိုင်းတစ်ခုရဲ့ရှင်သန်မှု၊ လှုပ်ရှားရုန်းကန်မှု၊ ထက်မြက်တိုးတက် မြင့်မားနေခြင်းဟာ သူတို့ရဲ့အသက်ရှင်နေခြင်းနှင့် အတူတူပင်ဖြစ်တယ်။ အဲဒီတော့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးမှာ ရှင်သန်ဖွံ့ဖြိုးတိုးတက်နေသော အနောက်ဥရောပနိုင်ငံတွေကို သွားမကြည့်နဲ့ အလှမ်း ဝေးနေသေးတယ်။ ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်က နိုင်ငံအချို့ကို လေ့လာကြည့်လိုက်။ ဘာကြောင့် ရှင်သန်ဖွံ့ဖြိုးတိုး တက်နေတာလဲ။ လူကြီးမပြောနဲ့၊ ကလေးတွေတောင်သိတယ်။ အဲဒီတော့ လူမျိုးအုပ်စု၊ အသိုင်းအ၀ိုင်းတွေရဲ့ ပျင်း ရိဖင့်နွဲ့မလှုပ်မယှက်၊ မရုန်းမကန်၊ သေးသိမ်ညံ့ဖျင်းမှုကြောင့် ကျဆင်း၊ နိမ့်ကျနေခြင်းဟာ သူတို့ အသက်မဲ့ သေနေ ခြင်းနဲ့အတူတူပင်ဖြစ်တယ်လို့ ကျမ်းတော်မြတ်ကုရ်အာန်က ဖွင့်ဆိုအသိပေးလမ်းညွှန်နေတာ ဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ နေရာပေါင်းမြောက်မြားစွာမှာ မျိုးဆက်တစ်ဆက်၊ လူမျိုးတစ်မျိုး၊ အုပ်စုတစ် စု၊ အသိုင်းအ၀ိုင်းတစ်ခုကို အသက်ဝင်လှုပ်ရှား ထက်မြက်ရှင်သန်စေမည့် အကြောင်းရင်းခံ သဘောတရားကား ဘယ်သို့ရှိသနည်း။
အဲဒီတော့ မျိုးဆက်သစ်တစ်ဆက်။ လူမျိုးတစ်မျိုး။ အုပ်စုတစ်စု။ အသိုင်းအ၀ိုင်းတစ်ခုကို မလှုပ်မယှက်၊ မှေးစက်ငြိမ်သက်၊ ညံ့ဖျင်းသေးသိမ်တဲ့ဘ၀နဲ့ နိမ့်ကျနေစေတဲ့အကြောင်းရင်းခံ သဘောတရာတွေကား အဘယ် သို့ရှိသနည်းဆိုတာ ထင်ထင်ရှားရှားဖွင့်ဟ အသိပေးလမ်းညွှန်ပြသလျက် ရှိနေပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ရဲ့ နေရာပေါင်းမြောက်မြားစွာမှာ ထပ်ခါတလဲလဲ ရှေးလူမျိုးအုပ်စုဝင်တွေရဲ့ ရှင်သန်တိုးတက်မြင့်သထက်မြင့်နေမှု အကြောင်းနဲ့ ပျင်းရိဖင့်နွဲ့ သွေးအေးနိမ့်ဆင်းအောက်ကျပြီး ကျွန်သပေါက်မက သေးသိမ်နေခြင်းတွေကို ဖော်ပြ ထားတဲ့အတွက် ကျမ်းတော်မြတ်ကုရ်အာန်ဟာ သမိုင်းဆိုင်ရာစာအုပ်တစ်အုပ်သက်သက်တော့ မဟုတ်ပါဘူး။ ရှေး မျိုးဆက်တွေဟာ သူတို့ရဲ့ဘ၀တည်ဆောက်မှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သူ တို့ကိုယ်တိုင် တွေ့ကြုံခံစားမှုနှင့် စံစားခဲ့ခြင်းဆိုင်ရာ သဘောတရားသင်ခန်းစာတွေကို ညွှန်ပြနေခြင်းသာ ဖြစ် ပါတယ်။ ဒါကြောင့် ကုရ်အာန် ဆူရာဟ်(၆၇)၊ အာယတ်(၁-၂)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။
“ မင်္ဂလာအပေါင်းနှင့် ပြီးပြည့်စုံမြင့်မြတ်တော်မူသော အရှင်မြတ်က သူ့လက်ထဲမှာရှိတဲ့ အချုပ်အခြာသြဇာ အမိန့်အာဏာနှင့် မည်သည့်တစ်စုံတစ်ရာမကျန် အရာရာတိုင်းအပေါ်မှာ အတိုင်းအတာ၊ စည်းနဲ့ကမ်းနဲ့ ဥပဒေသတ် မှတ်ပြဋ္ဌာန်းပြီး ထိန်းချုပ်ထားတဲ့ အရှင်ဖြစ်ပါတယ် ”
အလ္လာဟ်အရှင်မြတ်က အဲဒီလို စည်းနဲ့ကမ်းနဲ့ ဥပဒေသနဲ့အလုံးစုံကို အချိုးအစကျနစွာ ပြုလုပ်ထားတာ တွေကို သင်ယူဆည်းပူးရယူနိုင်တယ်၊ သိရှိနားလည်သဘောပေါက်နိုင်တယ်။
“ ဧကန်စင်စစ် အရှင်မြတ်က ရှင်စေခြင်း၊ ရှင်သန်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် အသက်မဲ့သေခြင်း၊ ရှင်သန်ဖွံ့ဖြိုး တိုးတက်မှုရပ်ဆိုင်းသွားခြင်းဟာ အသင်တို့ထဲမှာ အလ္လာဟ်ပြ ကုရ်အာန်ပါလမ်းညွှန်ချက်အတိုင်း လောကအကျိုး၊ လူသားအကျိုးကို အကောင်းဆုံး၊ အလှပဆုံး၊ အတင့်တယ်ဆုံး ဘယ်သူဘယ်ဝါ၊ ဘယ်လူမျိုး၊ ဘယ်အုပ်စု၊ ဘယ် အသိုင်းအ၀ိုင်းက ပြုလုပ်တာကို စစ်ဆေးရန် အရည်အချင်းကိုမြင့်တက်စေဖို့ရန်အတွက်သာ ဖြစ်တယ်။ အဲဒီ အရှင် မြတ်ရဲ့ကုရ်အာန်ပါ လမ်းညွှန်ချက်ကို ဆန့်ကျင်သူကို ကုရ်အာန်ပါဥပဒေက နိုင်နှင်းလွှမ်းမိုးတော်မူမည်။ အလ္လာဟ်ပြ ကုရ်အာန်ပါလမ်းညွှန်ချက်ကို လိုက်နာကျင့်သုံးသူကို အလ္လာဟ်ပြဥပဒေသက လုံခြုံမှုပေးမှာဖြစ်တယ် ”
ဒီနေရာမှာ ဥပမာပေးတင်ပြရရင် ကျွန်ုပ်တို့ရဲ့ညီနောင် ဘာသာခြားလူအများစုက ငါးပါးသီလခံယူတယ်လို့ ကြွေးကြော်ကြတယ်မဟုတ်လား။ အဲဒီအတိုင်း လိုက်နာကျင့်သုံးမှုရောရှိလား။ အကယ်၍ အဲဒီလူအများစုက ငါးပါး သီလခံယူတဲ့အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင် အခြားအခြားဘာသာဝင်တွေကို တိုက်ခိုက်သတ်ဖြတ်မီးရှို့ဖျက် ဆီးမှာလား။ အလားတူ မနှိုင်းကောင်းမဆိုကောင်း ဥပမာ ကျွန်ုပ်တို့မွတ်ဆလင်မ်တွေရော ကုရ်အာန်မှာပါတဲ့ ငါးပါး သီလကို ယုံကြည်ရဲ့လား။ ကုရ်အာန် ဆူရာဟ်(၂)၊ အာယတ်(၁၇၇)မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောထားလဲ။
“ မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် အလ္လာဟ်အရှင်မြတ်ကို၊ အာခေရသ်အနာဂတ်ကာလကို၊ အလ္လာဟ်ရဲ့ မလာအေကာဟ်တွေကို၊ အလ္လာဟ်ရဲ့ကျမ်းစာကုရ်အာန်ကို၊ အလ္လာဟ်ရဲ့တမန်တော်တွေကို သက်ဝင်ယုံကြည်သူ ဖြစ်ရမည် ”
အဲဒီတော့ အလ္လာဟ်ရဲ့ကျမ်းစာ ကုရ်အာန်ပါ ငါးပါးသီလကို သက်ဝင်ယုံကြည်ပြီး လိုက်နာကျင့်သုံးမယ်လို့ ခံယူမယ်ဆိုရင် အာဖဂန်၊ အီရတ်၊ ဆီးရီးယား၊ ဆိုမာလီယာ၊ နိုင်ဂျီးရီးယားနိုင်ငံများနဲ့ ပါကစ္စတန်နိုင်ငံတွေမှာ ရိက္ခာ အတွက် တန်းစီနေတဲ့လူတွေ၊ အမျိုးသမီး၊ ကလေးသူငယ်တွေကို ဗုံးဖောက်ခွဲပြီး သတ်ဖြတ်ဖျက်ဆီးမှာလား။ ဒါက တော့ နိမ့်ကျ၊ ဆင်းသက်၊ ကျဆင်းမှုမဟုတ်လား။ အဲဒီတော့ နိမ့်ကျဆင်းသက်သောလူတွေဟာ အလ္လာဟ်အရှင် မြတ် ချမှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေသတွေကိုမယုံကြည်၊ မလိုက်နာ၊ မကျင့်သုံးတဲ့အတွက်ကြောင့်သာ ဖြစ်တယ်။ ရှင်သန်ထက်မြက်၊ တိုးတက်မြင့်မားသောလူတွေဟာ အလ္လာဟ်အရှင်မြတ် ချမှတ်ပြဋ္ဌာန်းထားသော ဥပဒေသတွေ ကို လက်တွေ့လိုက်နာကျင့်သုံးတဲ့အတွက်ကြောင့်သာ ဖြစ်တယ်။ ဒါကြောင့် နိမ့်ကျဆင်းသက် ဘ၀သေစေတဲ့ လုပ် ကိုင်ဆောင်ရွက်မှုကို မိမိကိုယ်တိုင်ကျင့်သုံးပြီး မိမိကိုယ်ကို နိမ့်ကျဆင်းသက်ပြီး မိမိဘ၀ကိုသေစေခြင်းသာ ဖြစ် တယ်။ ရှင်သန်ထက်မြက်တိုးတက်မြင့်မားမှုကိုဖြစ်စေသော လုပ်ကိုင်ဆောင်ရွက်မှုကို မိမိကိုယ်တိုင်ကျင့်သုံးပြီး၊ မိမိ ကိုယ်ကို ရှင်သန်ထက်မြက်တိုးတက်မြင့်မားစေခြင်းသာ ဖြစ်တယ်။
လေးစားအပ်ပါသော အမျိုးသား၊ အမျိုးသမီးများခင်ဗျား
အရာရာတိုင်းဟာ အကျိုးမဲ့၊ အကြောင်းမဲ့ အလိုလိုပျက်ပြားနေတာ လုံးဝမဟုတ်။ ဆင့်ကဲဖြစ်ထွန်းပေါ် ပေါက်မှုမှာလည်း အထင်အရှားနိယာမဥပဒေသရဲ့ အကြောင်းရင်းခံတွေကြောင့် ဆင့်ကဲဖြစ်ထွန်းပေါ်ပေါက်လာရ ခြင်းဖြစ်တယ်။ ယိုယွင်းပျက်စီးရခြင်းလည်း အထင်အရှားနိယာမဥပဒေသရဲ့ အကြောင်းရင်းခံတွေကြောင့်သာ ပျက်စီးယိုယွင်းရခြင်း ဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၈)၊ အာယတ်(၄၂)မှာ အလ္လာဟ်အရှင်မြတ်က
“ မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ်၊ သေကြေပျက်စီးမည့်သူဟာ သက်သေအထောက်အထားကို အထင်အရှား တွေ့မြင်ပြီးနောက် သေကြေပျက်စီးခြင်းသာဖြစ်တယ်။ အသက်ထင်ရှားရှိနေမည့်သူ မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ်၊ သက်သေအထောက်အထားကို အထင်အရှားတွေ့မြင်ပြီးနောက် အသက်ထင်ရှားရှိနေခြင်းသာ ဖြစ်တယ်။ ဧကန် အမှန် အလ္လာဟ်အရှင်မြတ်က အကြွင်းမဲ့ကြားသိတော်မူသော အရှင်ဖြစ်ပါတယ် ”
ဆိုလိုတာက ပျက်စီးယိုယွင်းဆင်းသက်နိမ့်ကျသော လူတွေ အထင်အရှားနိယာမဥပဒေသအရ ပျက်စီးယို ယွင်းဆင်းသက်နိမ့်ကျရခြင်းဖြစ်တယ်။ အလားတူ ရှင်သန်ထက်မြက် တိုးတက်မြင့်မား စည်ပင်ဝပြောသူတွေဟာ အထင်အရှား နိယာမဥပဒေသအရ ရှင်သန်ထက်မြက် တိုးတက်မြင့်မား စည်ပင်ဝပြောရခြင်းသာ ဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က လူတွေရဲ့လုပ်ကိုင်ဆောင်ရွက်မှုအလုံးစုံကို ဧကန်အမှန် အကြွင်းမဲ့တွေ့မြင်သိရှိတော်မူ သောအရှင်ဖြစ်ပါတယ်။
ဒါကြောင့် လူ့ဘ၀ရဲ့ ထာဝရပြဋ္ဌာန်းချက်ဖြစ်တဲ့ ကျမ်းတော်မြတ်ကုရ်အာန်က လူသားတွေကို စဉ်ဆက်မ ပြတ် တိုးတက်မြင့်မားမှုရဲ့ အခြေခံနိယာမဥပဒေတွေကို ရှုထောင့်အမျိုးမျိုးနဲ့ လမ်းညွှန်ပြသလျက်ရှိနေပါတယ်။ ဒါ ကြောင့် ဒီလူ့ဘောင်လောကမှာ ဆက်လက်ရှင်သန် တိုးတက်စည်ပင် ၀ပြောနေဖို့ရန်အတွက် အစွမ်းအစ အရည် အသွေးရှိဖို့မလိုဘူးလား။ လိုတယ်။ အစွမ်းအစ၊ အရည်အချင်း၊ အရည်အသွေးမရှိရင် ယိုယွင်းပျက်စီးနစ်နာဆုံးရှုံး မှုနဲ့ ဆင်းသက်နိမ့်ကျသွားမယ်။ အဲဒီတော့ အစွမ်းအစ၊ အရည်အချင်း၊ အရည်အသွေးဆိုတာ လုံ့လစိုက်ထုတ်ပြီး ယုံကြည်မှုအပြည့်အ၀နှင့် ကြံ့ကြံ့ခံရပ်တည်ပြီး လက်တွေ့လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖော်ကြမယ့်သူ တို့အတွက် ဧကန်မလွဲ ရရှိနိုင်မှာဖြစ်တယ်။
ဒါကြောင့် ကောင်းမြတ်တဲ့လုပ်ကိုင်ဆောင်ရွက်မှုဆိုတာ လူ့ဘ၀မှာ ရှင်သန်ထက်မြက်အောင်မြင်စေမည့် လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့်ပင် ဖြစ်တယ်။ မည်သူမဆို ဘယ်သူပဲဖြစ်ဖြစ် ရှေ့ကိုစဉ်ဆက်မပြတ် ရှင်သန် ထက်မြက်တိုးတက်မြင့်မားစေနိုင်တဲ့ အရည်အချင်း၊ အရည်အသွေးအစွမ်းအစရှိမှသာ ရှေ့ကိုတိုးတက်မြင့်မားမှုဆီ ကို ရောက်နိုင်မှာဖြစ်တယ်။ အနန္တစကြ၀ဠာများနဲ့ လူ့လောကကမ္ဘာဂြိုဟ်ကို အဆင့်ဆင့်ပြုစုပျိုးထောင်ထိန်း ကျောင်းလမ်းညွှန်တဲ့ (ရက်ဗ်)အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ပို့ချခဲ့တဲ့ ကျမ်းတော်မြတ်ကုရ်အာန်မှာ သူ့ရဲ့စီရင်ပြု စုပျိုးထောင်မှုတွေကို လူတွေအား ရှာဖွေမွှေနှောက်စေချင်တယ်။ လေ့လာဆည်းပူးစေချင်တယ်။ သုတေသနလုပ် စေချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် လူတွေ မိမိတို့အတွက် ရာသက်ပန်အကျိုးစီးပွားဖြစ်ထွန်းစေပြီး ရှင်သန်ထက်
မြက် တိုးတက်ဖွံ့ဖြိုးဖို့အတွက် ရှာဖွေမွှေနှောက်ရမယ်၊ လေ့လာဆည်းပူးရမယ်၊ သုတေသနလုပ်ရမယ်။ အဲဒီလိုလုပ် မှသာလျှင် ရှင်သန်ထက်မြက်ဖွံ့ဖြိုးတိုးတက်မြင့်မားစေမှာ ဖြစ်တယ်။
အဲဒီတော့ အသက်မဲ့ သေခြင်း၊ ရှင်သန်လှုပ်ရှားဖွံ့ဖြိုးမှုမဲ့ခြင်း၊ `မော့သ်´နှင့်ရှင်ခြင်း၊ ရှင်သန်လှုပ်ရှား ရုန်း ကန်မှုအပြည့်အ၀ရှိခြင်း၊ `ဟယာသ်´မှာလည်းပဲ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိတယ်ဆိုတာ သိမြင် နားလည်ဖို့အတွက် လူသားတစ်ရပ်လုံးကို ကျမ်းတော်မြတ်ကုရ်အာန်က လမ်းညွှန်နေတာဖြစ်ပါတယ်။ လူသားတစ် ရပ်လုံးဆိုတာ လူသားတွေ အချိန်ကာလ ခေတ်အခါသယမကိုလိုက်ပြီး ပေါက်ဖွားလာပြီး ကမ္ဘာမြေပြင်ပေါ်ဝယ် နေရာ၊ ဒေသအလိုက် နေထိုင်ကြတယ်မဟုတ်လား။ ဒါကြောင့် လူသားတွေဟာ လူမျိုးအုပ်စု၊ မျိုးနွယ်စုတွေ၊ သင်းပင်းအရောင်အသွေးအမျိုးမျိုးနဲ့ အသိုင်းအ၀ိုင်းအလိုက် ရှိနေကြတယ်။ အဲဒီလူမျိုးအုပ်စု၊ အသိုင်းအ၀ိုင်းတိုင်း အားလုံးအတွက် အလ္လာဟ်ရဲ့လမ်းညွှန်ချက်သည်အကျိုးပြု အသုံးတည့်သဖြင့် အလ္လာဟ်အရှင်မြတ်က `အွမ္မသွန်´ nation tribe community မျိုးနွယ်တိုင်း၊ လူမျိုးတိုင်း၊ အသိုင်းအ၀ိုင်းတိုင်းအတွက် ရည်ညွှန်းပြောဆိုလိုက်သဖြင့် ကုရ်အာန် ဆူရာဟ်(၇)၊ အာယတ်(၃၄)မှာ လူသားမျိုးနွယ်အုပ်စု၊ အသိုင်းအ၀ိုင်းတိုင်းအတွက် ပိုင်းခြားသတ်မှတ် ထားတဲ့ အချိန်ကာလ သက်တမ်းတစ်ရပ်တော့ရှိတယ်။
“ အဲဒီလိုသတ်မှတ်ပိုင်းခြားထားတဲ့ အချိန်ကာလရောက်လာတဲ့အခါ တစ်နာရီ၊ တစ်စက္ကန့်၊ တဒင်္ဂ နောက် ဆုတ်ရွှေ့ဆိုင်းပေးမှာမဟုတ်သလို တစ်နာရီ၊ တစ်စက္ကန့် တဒင်္ဂရှေ့တိုးဆွဲဆန့်ပေးမှာလည်း မဟုတ်ဘူး ”
ဒီလောက သက်တမ်းကာလရဲ့ပိုင်းခြားထားတဲ့ အချိန်ကာလမှာ လူမျိုးတိုင်း၊ အုပ်စုတိုင်းဟာ သူတို့ရဲ့ ကိစ္စ ရပ်တွေကို အကောင်း၊ ဒါမှမဟုတ် အဆိုးပြုလုပ်ကြတယ်မဟုတ်လား။ အဲဒီလို ပြုလုပ်ကြတဲ့ကိစ္စရပ်တွေရဲ့ အကျိုး ရလဒ်ကြောင့် ထိုက်သင့်တဲ့အကျိုးကျေးဇူး ဒါမှမဟုတ် ပြစ်ဒဏ်ကိုခံစားတွေ့ကြုံရမည့်အခါကျတော့ အဲဒီလူတွေ ပြန်လည်ပြုပြင်နိုင်ဖို့အတွက် အချိန်ကာလ ရှေ့တိုး၊ ဒါမှမဟုတ် နောက်ဆုတ်ပေးပါရန် တောင်းဆိုနိုင်မှာမဟုတ်ဘူး။
ဒါကြောင့် ဆက်လက်အသက်ရှင်နေထိုင်ကြတဲ့ လက်ရှိအချိန်ကာလမှာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ထာဝရတိကျတဲ့လမ်းညွှန်ချက်အတိုင်း လက်တွေကအကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အချိန် ပိုပြီးတော့ တောင်းဆိုခြင်း၊ အချိန်မကျရောက်မီရပ်ဆိုင်းခြင်းမျိုး လုံးဝမရှိတဲ့အတွက်ကြောင့် အလ္လာဟ်က သတ်မှတ် ပြဋ္ဌာန်းချက်ဥပဒေတစ်ရပ်ကို ချမှတ်ပြဋ္ဌာန်းပြီး သွန်သင်ဆုံးမနေခြင်းသာ ဖြစ်ပါတယ်။