အစ္စလာမ်ကို ဘယ်သူကာကွယ်မလဲ – ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား- အခုလိုမျိုး တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရဲ့ဇိကိရ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အပေါ်မှာ ဦးစွာ ပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင် ချီးမွမ်းမှုပြုအပ်ပါ တယ်။ ပြီးတဲ့နောက် ဟောပြောတင်ပြခွင့်ပြုတဲ့ ၀တ်ကျောင်းတော် အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့တကွ ကျွန်တော့်ရဲ့တင်ပြချက်များကို လာရောက်နားဆင် ကြွရောက်လာတဲ့ လူကြီးမင်းများအားလုံးကို လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ လူကြီးမင်းများ အားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ရဲ့ငြိမ်းချမ်းသာယာမှု အပေါင်း ခညောင်းပါစေကြောင်း ဆုမွန်ဒုအာပြုရင်း နှုတ်ခွန်းဆက် သလိုက်ပါတယ်။ `အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာကဟ်သုဟု´
ဒီနေ့ကတော့ ရမ်ဒွါန်လရဲ့ နောက်ဆုံးဂျွမ္မာဟ်ဖြစ်ပါ တယ်။ ရမ်ဒွါန် (၂၄)ရက်ပေါ့။ ကျွန်တော်တို့ ဒီလမှာ ဘာပဲပြောပြော အေးဆေးတည် ငြိမ်စွာနဲ့ အခုလို ရမ်ဒွန်ရဲ့ရက်တွေ ကုန်ဆုံးခွင့်ရတာကို အလ္လာဟ် ကို ကျေးဇူးတင်ရမယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်ညီနောင်အချို့ တွေ အခုလိုရမ်ဒွါန်လကို အေးဆေးတည်ငြိမ်စွာနဲ့ ကုန်ဆုံးခွင့်မရ ကြတာကို အားလုံးသိထားကြပါတယ်။ ကျွန်တော်တို့ကတော့ တည်ငြိမ်နေပါတယ်။ အဆင်ပြေနေတယ်။ လန်းနေတယ်။ ဒါကြောင့် အဆင်မပြေတဲ့ ကျွန်တော်တို့ရဲ့ညီနောင်တွေအတွက် ကျွန်တော်တို့ စိတ်မကောင်းဖြစ်မိပါတယ်။ ဒုအာလည်း ပြုပါတယ်။ ဒီကနေ့ ကျွန်တော်ဟောကြားမယ့် ခွတ္တဗါဟ်ရဲ့ခေါင်းစဉ် က `အစ္စလာမ်ကို ဘယ်သူကာကွယ်မလဲ´ ဆိုတဲ့ ခေါင်းစဉ်ပါ။ အစ္စလာမ်ကို ဘယ်သူကာကွယ်မလဲ။ ကျွန်တော် ဒီအကြောင်း လေးပဲ နည်းနည်းပြောမှာပါ။
အစ္စလာမ်ကို ဘယ်သူကာကွယ်မလဲ။ ဘယ်သူထိန်း သိမ်းမလဲ။ ဘယ်သူစောင့်ရှောက်မလဲ။ ဘယ်သူက တည်တံ့နေ အောင် လုပ်မှာလဲ။ ဟောဒီ ကမ္ဘာမြေကြီးပေါ်ကနေ အစ္စလာမ် သာသနာမပျောက်ပျက်သွားအောင် ဘယ်သူက တာဝန်ယူ ထိန်း သိမ်းမှာလဲ။ အဲဒီအကြောင်းကို ပြောပါမယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၅) အာယတ်နံပါတ်(၉)။ လူကြီးမင်းများအားလုံး ဒီအာယတ်ကို သိကြပါတယ်။ အလ္လာဟ်အရှင်မြတ်က “ ငါ ကိုယ်တော်တိုင် ကုရ်အာန် ကျမ်းမြတ်ကို ထုတ်ပြန်ပို့ချတယ်။ ငါကိုယ်တော်တိုင် ဟာဖိဇ် (ထိန်းသိမ်းစောင့်ရှောက်) လုပ်တယ် ” ဒီနေရာမှာ `ဇိကိရ်´ ဆိုတဲ့ဝေါဟာရကို ကုရ်အာန်လို့ ကျွန်တော်နားလည်တယ်။ `ဇိကိရ်´ ဆိုတဲ့ဝေါဟာရရဲ့အကျယ်ကို ကျွန်တော် အကျယ်တ၀င့် မရှင်းပြတော့ဘူး။ အချိန်တွေ ကုန်သွား မယ်။ အလ္လာဟ်ရဲ့ဇိကိရ်ဆိုတာ ကျမ်းမြတ်ကုရ်အာန်ကို ရည်ညွှန်းတယ်။
ကျမ်းမြတ်ကုရ်အာန်ဆိုတာ ဘာလဲ။ ကျွန်တော်တို့ရဲ့ Life တစ်ခုလုံးကို ဦးဆောင်လမ်းပြမယ့် ဘ၀တည်ဆောက်မှုစနစ် ဇယားပါပဲ။ အဲဒီကျမ်းသည်သာလျှင် အစ္စလာမ်သာသနာကို တည် တံ့ခိုင်မြဲဖို့အတွက် အရေးအကြီးဆုံးအချက်။ အခြားအခြားသော ကျမ်းရသာသနာတွေ အခုအချိန်မှာ တည်တည်တံ့တံ့ ဘာကြောင့် မရှိတော့တာလဲဆိုတော့ အဲဒီကျမ်းဂန်တွေဟာ မူရင်းအတိုင်း၊ ပုံမှန် အတိုင်း မရှိတော့တဲ့အခြေအနေမှာ အဲဒီသာသနာတွေဟာ ပုံစံ အမျိုးမျိုးနဲ့ ပြောင်းလဲခြင်းခံလိုက်ရတယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ ကျမ်းမြတ်ကုရ်အာန် တည် တံ့နေမှ အစ္စလာမ်တည်တံ့နေမှာ။ ကျမ်းမြတ်ကုရ်အာန် ခိုင်ခန့်နေမှ အစ္စလာမ် ခိုင်ခန့်နေမှာ။ ဒီသဘောကို ပြောချင်တာနော်။ ပြီးတော့ ဒီအာယတ်မှာပါတဲ့ `ဟာဖိဇ်´ `လဟာဖေဇွန်န်´ — နော်။
အလ္လာဟ်က ထိန်းသိမ်းစောင့်ရှောက်မှာတဲ့၊ ထိန်းသိမ်းမယ်၊ စောင့် ရှောက်မယ်၊ ကာကွယ်မယ်၊ တာဝန်ယူမယ်။ တစ်နည်းအားဖြင့် ကျမ်းမြတ်ကုရ်အာန်နဲ့ အစ္စလာမ်သာသနာဟာ ဒီကမ္ဘာတည်သရွေ့ တည်ရှိနေဖို့အတွက် အလ္လာဟ်တာဝန်ယူထားတယ်။ အလ္လာဟ် ထိန်းသိမ်းမှာ၊ အလ္လာဟ် စောင့်ရှောက်မှာ၊ အလ္လာဟ် ကာကွယ်မှာ။ ကျွန်တော်တို့လူသားတွေ မကာကွယ်နိုင်ဘူး။ မထိန်းသိမ်းနိုင်ဘူး။ မစောင့်ရှောက်နိုင်ဘူး။ မပျောက်ပျက်သွားအောင် မလုပ်နိုင်ဘူး။ ကျွန်တော်တို့က သာမန်အားဖြင့် ကုရ်အာန်ကို ဟာဖိဇ် လုပ်တယ်လို့သာပြောတာ။ ဟာဖိဇ်ဆပ် လို့သာပြောတာ။ တကယ် တော့ ကုရ်အာန်ကို အလွတ်ကျက်ထားတာပဲရှိတယ်။ ကုရ်အာန် ကို တော်တော်ကြီး လေ့လာနိုင်ရင် သဖ်ဆီရ်ပညာရှင်ဖြစ်လာမယ်။ ကုရ်အာန်ရဲ့အဓိပ္ပါယ်တွေကို အဓိပ္ပါယ်ဖွင့်ဆိုတာပဲ ရှိမယ်။
ကုရ်အာန်ရဲ့အရည်အသွေးတွေ ထိန်းသိမ်းနိုင်တဲ့စွမ်းအင်၊ စွမ်းအား ကျွန်တော်တို့လူသားတွေမှာ မရှိဘူး။ ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာကြီးများရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကလည်း ရှိသေးတယ်။ ဘာလဲဆိုတော့ ကုရ်အာန်ကို လူသား ဟာဖိဇ်ဆပ်တွေကပဲ ထိန်းသိမ်းထားသလိုလို၊ မော်လ၀ီဆပ်တွေကပဲ ထိန်းသိမ်းထား သလိုလို၊ မူဂျာဟစ်တွေကပဲ ထိန်းသိမ်းထားသလိုလို ပြောလေ့ရှိ တယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှကုရ်အာန်ကျမ်းစာအုပ်အားလုံးကို မီးပုံရှို့လိုက်လို့လည်း အစ္စလာမ်မပျောက်သွားဘူး။ ကုရ်အာန် မပျောက်သွားဘူး။
အဲဒါ ဆူရာဟ် (၁၅) အာယတ်(၉) ကပြောတဲ့ အလ္လာဟ်တာဝန်ယူထားတဲ့ အလ္လာဟ့်စကား၊ အလ္လာဟ့်ကတိဖြစ် တယ်။ ကောင်းပြီ။ အလ္လာဟ် ဘယ်လိုထိန်းသိမ်းမလဲ။ ဆက်ပြောမယ်။ အစ္စလာမ်သာသနာကို ကမ္ဘာမြေပေါ်က မပျောက်ပျက် သွားအောင်၊ ကမ္ဘာတည်သရွေ့တည်ရှိနေအောင် တကယ်ထိန်း သိမ်းမယ့်အရှင်၊ တကယ်ထိန်းသိမ်းမှာ၊ တကယ်ကာကွယ်မှာ၊ တကယ်စောင့်ရှောက်နိုင်တာ အလ္လာဟ်ပဲရှိတယ်။ ကျွန်တော်တို့က ကာကွယ်မစောင့်ရှောက်နိုင်ဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ ကျွန်တော်ပြောမယ်။ ကောင်းပြီ။ ဆူရာဟ်(၈၂) အာယတ်(၁၀)မှာ ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး အာယတ်တစ်ခု ရှိပါတယ်။ ကျွန်တော်တို့က အရဗီဝေါဟာရတွေကို တံဆိပ်ကပ်ခြင်း ခံရတယ်။ ဝေါဟာရတွေ အတော်များများဟာ ကျွန်တော်တို့သိတဲ့ အသိတစ်ခုတည်းနဲ့တင် အသေပိတ်ထားလိုက်ကြတယ်။ `ဆွဗရ်´ ဆိုရင် ဘာ။ `ဆွလာဟ်´ဆိုရင် ဘာ။ `ဇကားသ်´ ဆိုရင် ဘာ။ `မုနာဖိက်´ ဆိုရင် ဘယ်လို။ ကျွန်တော်တို့သိတဲ့ အသိတစ်ခု တည်းနဲ့တင်ပဲ ပိတ်ခြင်းခံထားရတယ်။
ဒီနေရာမှာ `ဟာဖိဇ်´ဆိုရင် ကျွန်တော်တို့ မွတ်ဆလင်မ်တော်တော်များများ သိထားကြတာ ကုရ်အာန်ကို အလွတ်ကျက်တဲ့သူတွေ။ ခလီဖါဟ် ဆိုရင် ဘာ။ အဲဒီလိုမျိုး ကျမ်းမြတ်ကုရ်အာန်မှာ သုံးနှုန်းထားတဲ့ဝေါဟာရတွေ ပေါ့နော်။ ဒီအာယတ် (၈၂း၁၀)မှာ “ လူတွေကိုလည်းပဲ အလ္လာဟ် က ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူထားတယ် ” လူတိုင်း လူတိုင်းအပေါ်မှာ အလ္လာဟ်က ဘယ်လိုထိန်းသိမ်းမလဲ။ လောက ကြီးမှာ မွေးဖွားဖို့၊ စားဖို့၊ သောက်ဖို့၊ နေထိုင်လုပ်ကိုင်ဖို့ ဒါတွေ အများကြီးပေါ့ဗျာ။ အလ္လာဟ်ရဲ့ (ရဟီမီယသ်)ဂုဏ်တော်အရ လူသားကို ပြင်ဆင်ပေးတဲ့ပုံစံမျိုးနဲ့ အလ္လာဟ်က ထိန်းသိမ်းတယ်။ စောင့်ရှောက်တယ်၊ တာဝန်ယူမှုကို ကျွန်တော်ပြောချင်တာ။ အဲဒီတော့ အစ္စလာမ်နဲ့ ဇိကိရ်ဆိုတဲ့ကုရ်အာန်ကို ထိန်း သိမ်းမှာကလည်း အလ္လာဟ်ပဲရှိတယ်။ ဒါဆိုကောင်းပြီ။ အလ္လာဟ် က ဘယ်လိုထိန်းသိမ်းမှာလဲ။ ဘယ်လိုကာကွယ်မှာလဲ။ ဘယ်လို စောင့်ရှောက်မှာလဲ။ အဲဒါလေးက နည်းနည်း စိတ်ဝင်စားဖို့ကောင်း တယ်။ ကျွန်တော်တို့ရဲ့ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းမှာ သေသေချာချာကြည့်မယ်ဆိုလို့ရှိရင် ဒီဟာဖိဇ်တွေ၊ မော်လ၀ီတွေနဲ့ ပတ်သက်ပြီး သူတို့က ဘာပြောကြလဲဆိုရင် သူတို့တွေက အလွတ် ကျက်ပြီး တစ်ဦးနဲ့တစ်ဦး လက်ဆင့်ကမ်း ထိန်းသိမ်းလာကြတယ် ပေါ့။
ဒါက သူတို့ရဲ့ တကယ့်ခံယူချက်ပဲနော်။ အစ္စလာမ်ကို ကုရ်အာန်ကို ထိန်းသိမ်းလာတာဟာ သူတို့ လက်ဆင့်ကမ်း၊ အလွတ်တွေကျက်ပြီး ထိန်းသိမ်းလာကြတာ။ မပျောက်ပျက်သွား အောင် လုပ်လာကြတာလို့ပြောကြတယ်။ ဒီစနစ်တွေ ဒီအကြောင်း တွေကို ကျွန်တော် မဝေဖန်ချင်ဘူး။ သို့သော် အဲဒီလိုပြောနေ တဲ့လူတွေကပဲ မွတ်ဆလင်မ် အချင်းချင်းကိုပင်လျှင် ပုတ်ခတ်ကြ တယ်။ နေရာမပေးချင်ကြဘူး။ ဝေဖန်မယ်။ ကဲ့ရဲ့မယ်။ ရှုတ်ချမယ်။ ပိတ်ပင်တားဆီးမှုတွေကို အမြဲတမ်း သူတို့လုပ်နေကြတယ်။ မွတ်ဆလင်မ် (၇၃)ဂိုဏ်းကွဲမယ်။ တစ်ဂိုဏ်းပဲ ဂျန္နုသ် ရောက်မယ်။ အဲဒီဂိုဏ်းက ငါတို့ဂိုဏ်း။ အမြဲ သူတို့ ဒီလိုပြောနေ ဆိုနေ လုပ်နေကြတယ်။ တကယ်ပဲ အစ္စလာမ်နဲ့ကုရ်အာန်ကို သူတို့ကာကွယ်နိုင် သလားဆိုတာ စဉ်းစားဖို့ပြောနေတာ။ သူတို့က သူတို့စောင့်ရှောက် တာလို့ ပြောနေတာကိုး။ အလ္လာဟ်က ဆူရာဟ်(၈) အာယတ် (၅၃)မှာ – “ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ငါပြုထားတဲ့ကျေးဇူးတွေ (တစ်နည်း) အလ္လာဟ်ပြုထားတဲ့ကျေးဇူးတွေ အများကြီးရှိတယ် ” ကျွန်တော်တို့လူ့အဖွဲ့အစည်းကို အခုပဲ အလ္လာဟ် ကျေး ဇူးပြုထားတာ။
ကျွန်တော်တို့သာ မြန်မာနိုင်ငံရဲ့ ဒုက္ခရောက်နေတဲ့ နေရာကို ရောက်နေရင် ဒုက္ခခံစားရမှာပဲ။ ဟုတ်တယ်နော်။ ကျွန် တော်တို့ ကျေးဇူးခံစားနေရတယ်။ အဲဒီကျေးဇူးတွေကို အလ္လာဟ်က ရုတ်သိမ်းချင်တယ်ဆိုရင် အလ္လာဟ့်ဘက်ကနေ အလ္လာဟ်ရုတ်သိမ်း လိုက်တာမဟုတ်ဘူး။ ကိုယ့်ရဲ့လုပ်ရပ် (တစ်နည်း) ကျွန်တော်တို့ ရဲ့လုပ်ရပ်၊ ကျွန်တော်တို့ရဲ့ ဖန်တီးမှုတွေကနေပြီးတော့ပဲ အလ္လာဟ် ရုတ်သိမ်းမှာတဲ့။ အခု ကျွန်တော်တို့ဆွေးနွေးနေတဲ့ Change နဲ့ပတ်သက် ပြီး ဆွေးနွေးလို့ရရင် ဆူရာဟ်(၃) အာယတ်(၁၁)မှာ အလ္လာဟ် ဘာပြောသလဲဆိုရင် “ လူ့အဖွဲ့အစည်းတစ်ရပ်ကို အလ္လာဟ်ပြောင်းလဲချင်ရင် မိမိကိုယ်မိမိ မပြုပြင်၊ မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာဟ်က ပြောင်းလဲပေးမှာ မဟုတ်ဘူး ” တဲ့။ ဒါကိုပြောတာ။ အကောင်းချည်းပဲမဟုတ်ဘူးနော်။ အဆိုး လည်းပါတယ်။ ဥပမာ အဇါဗ်ကျနေတယ်ဆိုပါတော့။ ဒါ အလ္လာဟ် က ကြည့်မရလို့၊ မုန်းလို့၊ သောက်မြင်ကတ်လို့ လုပ်တာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်လုပ်တာ၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ်တိုင်ဖန်တီး ယူလို့ဖြစ်တာ။ အဲဒီတော့ ဒီကနေ့ မွတ်ဆလင်မ် လူ့အဖွဲ့အစည်း မှာ ဟိုး — အွစ်မာဘင်လာဒင်ကနေ လေ့လာကြည့်ရအောင်။ အမေရိကန်နိုင်ငံ ဝေါလ်ထရိတ်စင်တာကို လေယာဉ်နဲ့ ၀င်တိုက်တယ်။ ၉/၁၁ နော်။ သူလုပ်တာ မလုပ်တာ၊ မှန်တာ မှားတာ ထားလိုက်။ အဲဒါဖြစ်ပြီး ၁၀ နှစ်သက်တမ်းမှာ ဥရောပမှာ မွတ်ဆလင်မ်တွေများလာတယ်။ ဟုတ်တယ်နော်။ ဒါ လက်ရှိ အမှန်တရားပဲ။ ကျွန်တော်က မှန်တာ မှားတာ မပြောချင်ဘူး။ မွတ်ဆလင်မ်တွေ ဘာကြောင့်များလာတာလဲ။
အလ္လာဟ်ထိန်း သိမ်းထားတဲ့ပုံစံကို ပြောမှာနော်။ အလ္လာဟ်က အစ္စလာမ်နဲ့ ကုရ်အာန်ကို ဘယ်လိုထိန်းသိမ်းလဲဆိုတာကိုကြည့်။ ကျွန်တော်တို့ မစဉ်းစားမိဘူး။ အလ္လာဟ်ထိန်းသိမ်းတဲ့ပုံစံ။ ဘယ်လိုဖြစ်သလဲဆိုတော့ သူတို့က ကုရ်အာန်ကို လေ့လာဖို့အတွက် စိတ်ဝင်စားလာတာ။ ဟာ ဒီမွတ်ဆလင်မ်တွေ ဘယ်လိုဖြစ်တာလဲ။ သူတို့အလ္လာဟ်က လူတွေသတ်ခိုင်းသလား။ ဘာလဲ။ ဗုံးတွေ ခွဲခိုင်းသလား။ သိပ် ကြောက်စရာကြီးပါလား။ ဘာလဲ — ကုရ်အာန်မှာပါသလား။ ဘယ်ကျမ်းမှာပါသလဲ။ စိတ်ဝင် စားပြီး ကုရ်အာန်ကို လေ့လာလာကြတယ်။ မကြာခင်ကပဲ ကျွန်တော့် Email ထဲကို စာတစ်စောင် ၀င်လာတယ်။ ဒီကိစ္စတွေ ဒီကိစ္စတွေဖြစ်တယ်။ မွတ်ဆလင်မ်တွေ ရက်စက်တယ်ပေါ့။ အလ္လာဟ်ခိုင်းလို့ လုပ်တယ်ပေါ့။ ကျွန်တော်က မေးတယ်။ ဟုတ်ပါ့မလားပေါ့။ ကျွန်တော့်ကို မွတ်ဆလင်မ်မှန်း တစ်ဖက်က မသိဘူး။ အလ္လာဟ်က ဒီလောက်ရက်စက်ပါ့မလား ပေါ့။ ခင်ဗျား မယုံဘူးလား။ ဒီမှာကြည့် ကုရ်အာန်ကျမ်း။ မျဉ်းတွေ တားပြီး Highlight လုပ်ပြီး ပို့လိုက်တယ်။ Email ထဲမှာနော်။ ကျွန်တော်က ထပ်မေးတယ်။ ခင်ဗျား ဖြတ်ညှပ်ကပ်လုပ်ပြီး ပို့တာ လားလို့။
ဒီတော့ ဘာလုပ်သလဲဆိုရင် ရော့၊ အင့်ဆိုပြီး ကုရ်အာန် တစ်အုပ်လုံး ပို့လိုက်တယ်။ ပြီးတော့ သူက ပြောလိုက်သေးတယ်။ ကုရ်အာန်ကို သူဖြန့်ဝေနေတာ သိန်းနဲ့ချီပြီး ရှိနေပြီတဲ့။ ကောင်းပြီ လူကြီးမင်းများ တစ်ယောက်ချင်းကို ကျွန်တော်မေးမယ်။ လူကြီးမင်းတို့ ကုရ်အာန် ဒါမှမဟုတ် ဘာသာပြန်ပဲဖြစ်ဖြစ်ပေါ့။ ဆယ်ယောက်ပေးဖူးသလား။ လက်ဆောင် ဖြန့်ဝေဖူးသလား။ သဗ်လိဂ် လုပ်ဖူးသလား။ ကျွန်တော်တို့ တစ်ယောက်ချင်း ကိုယ့်ကိုယ်ကို ပြန်မေး ကြည့်လိုက်။ မလုပ်ဖူးဘူး။ ဒါပေမဲ့ လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်ကရှိနေ တယ်။ ကုရ်အာန်ကို သိန်းနဲ့ချီပြီးဝေနေတာ၊ ဖြန့်ချိနေတာ၊ သဗ်လိဂ်လုပ်နေတာ။ သူ့ရည်ရွယ်ချက်က ဘာလဲ။ ကုရ်အာန်မှာ အဆိုးတွေပါတယ်ပေါ့။ အလ္လာဟ်က ရက်စက်ကြမ်းကြုတ်မှုတွေ ထည့်ထားတယ်ပေါ့။ ဒါကြောင့် သူက ဝေတာ။ ဒီတော့မှ ဥရောပမှာဖြစ်တဲ့ သမိုင်းကြောင်းကို လေ့လာ ကြည့်မိတာ။ ဟိုမှာလဲ ဒီအတိုင်းပဲ။ မွတ်ဆလင်မ် လူ့အဖွဲ့အစည်း တစ်ချို့ရဲ့ ဆိုးဝါးကြမ်းကြုတ်တဲ့လုပ်ရပ်တစ်ခုကို Highlight လုပ်ပြီး အစ္စလာမ်မကောင်းကြောင်း၊ ရက်စက်ကြမ်းကြုတ်ကြောင်း၊ မွတ်ဆလင်မ်ကမ္ဘာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ပုံဖော် ချင်တော့ ဘာလုပ်သလဲဆိုတော့ ကုရ်အာန်ကို မီးမောင်းထိုးပြ တယ်၊ ဝေတယ်၊ ဖြန့်တယ်၊ မယုံရင်ကြည့်ဆိုပြီး ကုရ်အာန် သန်းနဲ့ ချီပြီးဖြန့်ဝေပေးတယ်။
ဒါပေမဲ့ သူတို့ မွတ်ဆလင်မ်မဟုတ်ဘူး။ ကုရ်အာန်ကို စိတ်မ၀င်စားသူတွေ၊ မလေ့လာချင်သူတွေ ကို စိတ်ဝင်စားအောင်၊ လေ့လာချင်လာအောင် လုပ်ကြတယ်။ ဒီတော့ ဘာဖြစ်လဲ။ ရှင်းရှင်းလေးပဲ။ ကုရ်အာန်ကို သိန်းနဲ့ချီပြီး စိတ်ဝင်စား လေ့လာကြတယ်။ မွတ်ဆလင်မ် သန်းနဲ့ချီ တိုးပွားလာ ကြတာပေါ့။ အဲဒါ အလ္လာဟ်ထိန်းသိမ်းတဲ့ ပုံစံ။ ဆူရာဟ် (၄၇) အာယတ် (၃၈)မှာ အလ္လာဟ်က “အလ္လာဟ့်ကျေးဇူးတော်တွေကို မသိရင်၊ အလ္လာဟ် ချီးမြှင့်ပေးသနားတော်မှုတွေကို အလ္လာဟ်အလိုရှိရာနေရာမှာ မသုံး စွဲဘူးဆိုရင် အလ္လာဟ်ရဲ့ စနစ်ဇယားတွေကို အကောင်အထည် မဖော်ဘူး၊ မလိုက်နာဘူးဆိုရင် အလ္လာဟ် ဘာလုပ်သလဲဆိုတော့ လူမျိုးစုလိုက် လဲလှယ်ပစ်လိုက်တယ်။ အစားထိုးပစ်လိုက်တယ် ” ကျွန်တော်တို့ ဒီနေရာမှာ အသုံးမကျဘူးလား။ ရိုးရိုး လေးပဲ။ သေကုန်မယ်။ သွားလိုက်မယ်။ ပြီးရင် နောက်လူမျိုးပေါ် လာမယ်။
အစ္စလာမ်ကို လက်ခံကျင့်သုံးမယ့် နောက်မျိုးဆက်၊ မျိုး ဆက်သစ်တွေ ပေါ်လာမှာ။ အစားထိုးမယ်ဆိုတာ အဲဒါ။ ဒီနေ့ အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန် ။ ထင်ထင်ရှားရှားပဲ။ တစ်ဖက်တည်း မကြည့်နဲ့။ နှစ်ဖက်လုံးကြည့်။ အစားထိုးခြင်းခံရတာ။ ဘယ်သူ အသုံးမကျလဲ။ အသုံးမကျတဲ့ဘက် အစားထိုးခြင်းခံရမှာပဲ။ ကျွန်တော်တို့ချည်းပဲမဟုတ်ဘူး။ ဘက်ပေါင်းစုံက လေ့လာကြည့်ပါ။ ဒါဟာ အလ္လာဟ်ထိန်းသိမ်းတဲ့ ပုံစံပဲပေါ့။ ဟိုတလောကဆိုရင် အမေရိကန်သမ္မတဟောင်း ဘုရှ်ရဲ့ သမီး အစ္စလာမ်ကို လက်ခံလိုက်ပြီဆိုပြီး Video ဖိုင် ကြည့်လိုက် ရတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲ။ မွတ်ဆလင်မ်ကမ္ဘာကို ရန်သူ လို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ရဲ့သမီး အစ္စလာမ်ကို လက်ခံပြီး မွတ်ဆလင်မ်အဖြစ်ခံယူတယ်။ ဒါပဲပေါ့ အလ္လာဟ်ထိန်းသိမ်းတယ် ဆိုတာ။ ကျွန်တော့်ကိုလည်း ကြည့်ပါဦး။ ကျွန်တော်ဆိုရင် (၅၉)လမ်းနဲ့ပတ်သက်ပြီး (၅၉)လမ်း ဆုတောင်းပြည့် အစ္စလာမ် ၀တ်ကျောင်းတော်နဲ့ပတ်သက်ပြီး အကြီးအကျယ်ဆဲဆို အပုပ်ချနေ တဲ့ အသိုင်းအ၀ိုင်းကနေ ထွက်လာတာ။ ကျွန်တော် ငယ်ငယ်က အဲဒီလိုကြားခဲ့ရတယ်။ အလကားလူတွေ။ ဘာဖြစ်တယ်။ ညာဖြစ် တယ်ပေါ့။ နောက်ဆုံး ကျွန်တော် ဒီကိုရောက်လာတယ်။ အလ္လာဟ် ပို့လိုက်တာပေါ့။ အလ္လာဟ်ထိန်းသိမ်းတာ သိပ်ကြောက်ဖို့ကောင်း တယ်နော်။ ကျွန်တော်တို့ တလွဲတွေတော့ မလုပ်နဲ့။ အကုန်လုံး၊ အကုန်လုံး ကျွန်တော်တို့ ဂရုစိုက်ရမှာ။ အဲဒီတော့ ကျွန်တော်တို့ ကုရ်အာန်ကို ဖတ်လာမယ်။ ကုရ်အာန်နဲ့ပတ်သက်ပြီး ဒါအ်ဝါ လုပ်လာမယ်ဆိုရင် လူ့အဖွဲ့ အစည်း ပြောင်းလဲလာမယ်။ ကုရ်အာန်ဘာသာပြန် အစအဆုံး မဖတ်ဖူးတဲ့လူကို တစ်ခေါက်ပဲ ဖတ်ခိုင်းကြည့်။ တော်တော်ကို ပြောင်းလဲလာလိမ့်မယ်။ နူးညံ့သိမ်မွေ့လာမယ်။
ဒါပေမဲ့ ကျွန်တော် တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်း ဒီကနေ့ဖြစ်ပျက်နေတဲ့ အခြေ အနေမှာ ကျွန်တော် `မာတင်လူသာကင်း´ရဲ့စကားလေးတစ်ခွန်း ကို တသိတရ ကျွန်တော်ပြောချင်ပါတယ်။ အမေရိကန်နိုင်ငံမှာ လူမည်းတွေကို နှိမ့်ချတဲ့အချိန်၊ နှိပ်ကွပ်တဲ့အချိန်မှာ ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်ကြီး `မာတင် လူသာကင်း´ ဘာပြောသလဲဆိုတော့ `ကျွန်တော်တို့ အသည်းထဲ မှာ စွဲစွဲမြဲမြဲ မှတ်ထားရမှာကတော့ ရန်သူတွေရဲ့ ထိုးနှက်ချက်တွေ မဟုတ်ဘူး။ ကျွန်တော်တို့ မိတ်ဆွေတွေရဲ့ တိတ်ဆိတ်ငြိမ်သက် ခြင်းကိုပဲ´ ဖြစ်တယ်။ နှုတ်ဆွံ့အ နေခြင်းဖြစ်တယ်။ အရမ်းတန်ဖိုး ရှိတဲ့စကား၊ အရမ်းခံစားကြည့်လို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိတ်ဆွေတွေက မသိသလို၊ နေတတ်သလို၊ နှုတ်ဆွံ့အ နေမယ်၊ တိတ်ဆိတ်ငြိမ်သက်နေမယ်၊ အများကြီးပဲ။ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းမှာ အများကြီး။ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းမှာချည်းပဲ မဟုတ်ဘူး။ မွတ်ဆလင်မ် မဟုတ်တဲ့ လူ့အဖွဲ့အစည်းမှာလဲ ရှိတယ်။ ကျွန်တော်တို့ ဘာသာ ခြားအဖွဲ့အစည်းတွေနဲ့အတူ လက်တွဲပြီး အများကြီးလုပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နှုတ်ဆွံ့အ နေတဲ့ မိတ်ဆွေတွေကိုပဲ တွေ့ရ တယ်။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မိတ်ဆွေတွေနဲ့ ကျွန်တော်တို့ အများကြီးတွေ့နေရတယ်။ `မာတင်လူသာကင်း´က အဲဒါကို ပြောတာ။
ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ အကောင်းဘက်ကို ပြန်ရောက်လာအောင် ကျွန်တော်တို့ ကြိုးစားရမယ်။ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းက အစ္စလာမ်သာသနာ မပျောက်ပျက်အောင် ကုရ်အာန် မပျောက်ပျက်အောင် ရှိနေဖို့အတွက် ကြိုးစားရမယ်။ အစ္စလာမ်မရှိဖို့၊ ကုရ်အာန်မရှိဖို့အတွက်လည်း နှောက်ယှက်ဖျက်စီး မယ့် ရှိုင်တွာန်ရဲ့စနစ်ဇယားကလည်း အမြဲတမ်းကြံစည် ကြိုးပမ်း အားထုတ်နေမှာပဲ။ ကြံစည်မယ့်စနစ်ဇယားကိုလည်း ရှိုင်တွာန်က Plan ချပြီး လုပ်နေမှာပဲ။ ဒီဘက်ကလည်း ကာကွယ်ထိန်းသိမ်းဖို့ အလ္လာဟ်ကလည်း အကြံအစည် Plan ရှိထားပြီးသားပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)လောက်က အမေရိကန်နိုင်ငံက အမတ်တစ်ယောက်က သူ အာဏာရရှိရေးအတွက် ပြည်သူလူထု ဆီက မဲရဖို့အတွက် သူ ဆွဲဆောင်စည်းရုံးမှုတစ်ခု လုပ်လိုက်တယ်။ သူ့စကား အရာထင်ဖို့အတွက် သူဘာလုပ်လိုက်သလဲဆိုရင် အဲဒီ အချိန်အခါက ကမ္ဘာပေါ်မှာ အင်မတန်ကြောက်စရာကောင်းတဲ့ ကွန်မြူနစ်စနစ်ပေါ့လေ။ အဲဒီကွန်မြူနစ်တွေဟာ ဒို့ အမေရိကန်က ဘယ်အဖွဲ့အစည်းကဖြင့် ကွန်မြူနစ်တွေ။ ဘယ်လောက် စိမ့်ဝင်နေ ပြီ။ အစိုးရအဖွဲ့မှာဖြင့် ကွန်မြူနစ်တွေ ဘယ်နှစ်ယောက်ရှိနေပြီ။ ဒီလိုမျိုးတွေပြောတာ။ ပြောပြီး စည်းရုံးတာ။ ဒါကို ဒို့ တော်လှန်ရ မယ်။ တွန်းလှန်ရမယ်။ အဲဒီလိုပြောပြီး စည်းရုံးသိမ်းသွင်းပြီး အမေရိကန်နိုင်ငံတစ်နိုင်ငံလုံး ဘာတွေဖြစ်လာသလဲဆိုတော့ အဲဒီ ပုဂ္ဂိုလ်တွေကို မကန့်ကွက်ရဲဘူး။ ကြောက်လာတယ်။ မလုပ်ရဲ မကိုင်ရဲ ဖြစ်လာတယ်။ မပြောရဲ မဆိုရဲ မရေးရဲ မကန့်ကွက်ရဲ ဖြစ်လာတယ်။ ကွန်မြူနစ်လို့အပြောခံရမှာ အစွပ်စွဲခံရမှာ လန့်လာ တယ်။ အဲဒါဘာလဲဆိုတော့ နိုင်ငံရေးအာဏာရယူချင်တဲ့ နိုင်ငံ ရေးပုဂ္ဂိုလ်တွေရဲ့ လှည့်ကွက်တွေ။ အဲဒီလှည့်ကွက်ထဲကို ၀င်သွား တာ။ ဒါ လိုရင်းပဲပြောတာ။ အဖြစ်အပျက်တွေက အများကြီး။
အဲဒီမှာ သတင်းစာဆရာတစ်ယောက်က စွန့်စားပြီး အင်တာဗျူး လုပ်မယ်ပေါ့။ သူ့ကို ဘယ်ဂျာနယ်တိုက်ကမှ လက်မခံရဲဘူး။ လက်ခံရင် မွဲမယ်လေ။ ပြည်သူတွေကိုယ်တိုင်က ရောရောင်ပြီး ပါနေတာကိုး။ ဒါပေမဲ့ သူရဲကောင်း သတင်းစာဆရာက အမှန် တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်နိုင်ခဲ့တယ်။ ဖြေရှင်းနိုင်ခဲ့တယ်။ နောက် ဆုံး ပြည်သူတွေ အမှန်တရားကို မြင်လာကြတယ်။ အဲဒီတော့ အဲဒီလိုအခြေအနေဆိုးတွေ ရောက်ရှိလာပြီ ဆိုရင် သတင်းစာဆရာလို သူရဲကောင်းတွေ လိုလာတယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းမှာလည်း အခြေအနေ ဆိုးတွေ ရောက်လာပြီ။ ကျွန်တော်တို့မှာ သူရဲကောင်းတွေ လိုလာ ပြီ။ နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ခုက သူရဲကောင်းတွေ လိုနေ ပြီဆိုရင် အဲဒီလူတွေ ဒုက္ခရောက်နေပြီလို့သာ မှတ်လိုက်တော့တဲ့။ ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကိုပဲကြည့်။ အဆင် မပြေဘူး။ အမြဲတမ်း အငြင်းအခုံတွေနဲ့ တိုက်ခိုက်နေကြတယ်။ အောင်မြင်မှုရအောင် မလုပ်နိုင်ဘူး။ ဒီတော့ အစ္စလာမ်သာသနာ ကမ္ဘာပေါ်ကနေ မပျောက် ပျက်အောင်၊ ကုရ်အာန် ကမ္ဘာပေါ်ကနေ မပျောက်ပျက်အောင် ကျွန်တော်တို့လူသားတွေအနေနဲ့ မကာကွယ်နိုင်ဘူး၊ မထိန်းသိမ်း နိုင်ဘူး၊ မစောင့်ရှောက်နိုင်ဘူး။
အလ္လာဟ်က ထိန်းသိမ်းမှာ၊ စောင့် ရှောက်မှာ၊ ကာကွယ်မှာ။ ကျွန်တော်တို့က ဘာလုပ်နိုင်သလဲ။ လူတွေ ဘာလုပ်နိုင်သလဲ။ ရှိတာပေါ့။ မွတ်ဆလင်မ်တွေရဲ့ Image တွေကို မြှင့်တင်နိုင်တယ်။ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းရဲ့ Image တွေကို မြှင့်တင်နိုင်သလို ယုတ်လျော့သွားအောင်လည်း လုပ်နိုင် တယ်။ အစ္စလာမ်ကမ္ဘာကြီးတစ်ခုလုံး ရုပ်ပျက်ဆင်းပျက်ဖြစ် သွားအောင် ဘယ်သူလုပ်မှာလဲ။ ကျွန်တော်တို့ပဲ လုပ်နိုင်တယ်။ ကမ္ဘာကြီးကို မပြောနဲ့။ ကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာမွတ်ဆ လင်မ်တွေအနေနဲ့ ကိုယ့်ရဲ့ Image တွေကို ကိုယ်ကပဲ မြှင့်တင်ရ မယ်။ ဟိုတနေ့က အာဇာနည်သူရဲကောင်း ဆရာကြီးဦးရာဇတ် နဲ့ ရဲဘော်ကိုထွေး ဇေရာရသ်လုပ်နေတဲ့ တာမွေဗလီက ဓါတ်ပုံတစ် ပုံ အင်တာနက်မှာ တော်တော်များများ ကျယ်ပြန့်သွားတယ်။ မေးခွန်းတွေ မေးကြတယ်။ ဘာဖြစ်သလဲဆိုတော့ ဒီပုဂ္ဂိုလ်နှစ် ယောက်ကို ဇေရာရသ်လုပ်နေတဲ့ အုပ်စုထဲက အုပ်စုတစ်စုရဲ့ပုံကို Highlight လုပ်ပြီးပြတယ်။ အဲဒီပုံက လန်ဘာကုရ်သာနဲ့ ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားပုံတွေ။ မီဒီယာက တင်ကြတယ်။ ပြီးတော့ မေးခွန်းတစ် ခုမေးတယ်။ အဲဒီအုတ်ဂူက သူရဲကောင်း အာဇာနည် ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးတို့ရဲ့ လန်ဘာကုရ်သာနဲ့ ဦးထုပ်ဆောင်းထားတဲ့ပုံ တစ်ပုံလောက်ထုတ်ပြပါလို့ မေးတယ်။
အဲဒီတော့ မြန်မာမွတ်ဆ လင်မ်တွေရဲ့ Image ကို ပြန်လေ့လာကြည့်လိုက်ရင် ဗမကအဖွဲ့ အာဇာနည်နေ့မှာ အလံကိုင်ပြီးချီတက်လာတာ၊ တမန်တော်နေ့မှာ ချီတက်လာတာ၊ အရမ်းကို Image ကောင်းခဲ့တာ။ ဒီပုံစံတွေ မဟုတ်ဘူး။ အခုတောင် မကြာခင် ၈၈၈၈ အခမ်းအနားတွေ လုပ်ကြမယ်။ ၈၈ မှာပါဝင်ခဲ့တဲ့ မွတ်ဆလင်မ်စစ်ကြောင်းတွေ ထွက် ခဲ့တာ ဓါတ်ပုံတွေရှိနေတယ်။ တော်တော့ကို Image မြင့်ခဲ့တာဗျ။ အခုလက်ရှိ ကျွန်တော်တို့ရဲ့ပုံစံ ကျွန်တော်တို့ရဲ့ Image တွေက ဘာတွေလဲ။ ဘာပုံစံတွေလဲ။ ကျွန်တော်တို့က ဆွေးနွေးပွဲ တွေမှာ Change Chage လို့သာပြောနေတာ။ ဘာ Change ကြမှာ လဲ။ ကျွန်တော်တို့ အသစ် Change ယူရမှာ မဟုတ်ဘူး။ မူလရှိပြီး သား၊ ရှိခဲ့ပြီးသား၊ မူရင်း Image ကို ပြန်ရအောင်၊ ပြန်ရောက် အောင် ယူရမှာ။ ကျွန်တော်တို့က ပြောင်းယူရမှာမဟုတ်ဘူး။ မူလရှိ ပြီးသား အရှိတရားကို ပြန်ယူရမှာ။ အမှန်က ကျွန်တော်တို့က Change ခံလိုက်ရတာ။ စပိန်မှာကြည့်။ မွတ်ဆလင်မ်တွေ နှစ်ပေါင်း မြောက်များ စွာကြာခဲ့တယ်။ အုပ်စိုးခဲ့တယ်။ Change ခံလိုက်ရတာပဲ မဟုတ် လား။
တခြား တခြား အင်ပါယာတွေလည်း Change ခံလိုက်ရ တယ်။ ဒီလိုပဲ ကျွန်တော်တို့လည်း Change ခံလိုက်ရတာပဲ။ ကျွန်တော်တို့ပြန်ပြီး ကြိုးစားယူရမယ်။ အဲဒီလို Image တွေတက် လာအောင် လုပ်နိုင်တယ်။ လုပ်ချင်တယ်ဆိုရင်ပေါ့။ ဆူရာဟ် (၆) အာယတ်(၁၀၈) မှာ – အခြားဘာသာ သာသနာဝင်တွေရဲ့ ဘုရားကျောင်းကန်၊ စေတီပုထိုးတွေကို မကောင်းမပြောနဲ့၊ မပုတ်ခတ်နဲ့။ ကိုးကွယ်ရာ တွေကို မရှုတ်ချနဲ့။ ပြောရင် ဘာဖြစ်မလဲ။ သူတို့က အသိဉာဏ် နည်းစွာနဲ့ ပြန်ပြောလာရင် ဒါဟာ အလ္လာဟ်ကိုပြောတာနဲ့ အတူတူ ပဲ။ အစ္စလာမ်ဘာသာကိုစော်ကားတဲ့ Video ခွေတွေကို အခြား ဘာသာတွေကို သွားပြတော့ သူတို့ကလည်း မင်းတို့အစ္စလာမ်တွေ ဒို့ကို စော်ကားတဲ့ခွေတွေလည်း ရှိတယ်ဆိုပြီး ထုတ်ပြကြတာပဲ။ မွဖ်သီတစ်ယောက် ဟောထားတာ။ ပက်ပက်စက်စက်၊ ရက်ရက် စက်စက်ကို ပြောထားတာ။ အခြားဘာသာ သာသနာဝင်တွေကို စော်ကားတာ။ ဒါဟာ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းရဲ့ Image ကို ကျအောင်လုပ်တာပဲ။ ဒီအနေအထားမျိုးတွေကို ကျွန်တော်တို့ မပြုပြင်နိုင်ဘူး ဆိုရင်၊ ဂရုမစိုက်ဘူးဆိုရင် ကျွန်တော်တို့ Image ကျမှာပဲ။ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းဟာ ကမ္ဘာနဲ့ချီပြီးပြောရရင် Change ခံထားရတယ်။ စောစောက ကျွန်တော်ပြောသွားတဲ့ဝေါဟာရ အလွဲ သုံးစားမှုတွေရှိတယ်။ အလ်ကိုင်ဒါတို့၊ ဟစ်ဇ်ဘွလ္လာတို့၊ မူဂျာဟစ် တို့ ပေါ့။ လမ်းမှာသွားနေတဲ့ မာမူတစ်ယောက်ကိုမေးမယ်။ မာမူ ဟစ်ဇ်ဘွလ္လာ အဖွဲ့ဝင်တစ်ယောက်မဟုတ်ဘူးလား ဆိုရင် ဘယ်လို ဖြေမယ်ထင်သလဲ။ ရှူးတိုးတိုး ဘာတွေပြောနေတာလဲ။ သူများ ကြားသွားမယ်။ ဘာဖြစ်လို့လဲ။ ဟစ်ဇ်ဘွလ္လာဆိုတာ အလ္လာဟ့်အစု အဖွဲ့ပဲလေ။ ကောင်းတာလုပ်တဲ့ အုပ်စု။ သူတော်စင်အုပ်စုပဲလေ။ မကောင်းတာလုပ်၊ လူယုတ်မာအလုပ်လုပ်တဲ့ အုပ်စုက ရှိုင်တွာန် အုပ်စု။
ကျွန်တော် လူကြီးမင်းများတစ်ယောက်ချင်းစီကို မေး မယ်။ ခင်ဗျားတို့ ဟစ်ဇ်ဘွလ္လာ မဟုတ်ဘူးလားလို့။ ဘယ်သူ မဟုတ်ဘူးဖြေမလဲ။ ဒါပေမဲ့ ဟုတ်တယ်လို့လည်း မပြောရဲဘူး။ ဘာဖြစ်လို့လဲ။ ကုရ်အာန်မှာပါတဲ့ ဝေါဟာရခေါင်းစည်းတွေ အလွဲ သုံးစားလုပ်ခြင်း ခံထားရတယ်။ အယ်လ်ကိုင်ဒါလည်း ဒီလိုပဲ။ ကိုင်ဒါ – အခြေခံသဘောတရား၊ အခြေခံသဘောသဘာဝကို ကျေညက်တဲ့လူတွေ၊ နားလည်သဘောပေါက်တဲ့လူတွေ၊ စဉ်းစား သုံးသပ်နိုင်တဲ့လူတွေ၊ ဒီသဘော သက်ရောက်တယ်။ မူဂျာဟစ် – ဟိုမွဖ်သီဆိုတဲ့ ပုဂ္ဂိုလ်ဟောတဲ့ခွေထဲမှာ ပါတယ်။ ခင်ဗျားတို့မှတ်ထားတဲ့ — အစ္စလာမ်ကို ထိန်းသိမ်းနေတာ မူဂျာဟစ်တွေတဲ့။ ခင်ဗျားတို့ မစော်ကားနဲ့တဲ့။ သူပြောနေတဲ့ မူဂျာဟစ်က ဗုံးခွဲ၊ လူသတ်၊ ရက်စက်ယုတ်မာနေတဲ့လူတွေကို ပြောနေတာ။ အဲဒီတော့ လူကြီးမင်းတို့ မူဂျာဟစ်လားဆိုရင် ဟုတ် တယ်လို့ ဘယ်သူပြောရဲမလဲ။ ဘာဖြစ်လို့လဲ နာမည်က မကောင်း ဘူးဖြစ်နေတယ်လေ။ ဂျမား အစ္စလာမီးယား။ ဂျာမီယာ အစ္စလာ မီယာ ပေါ့။ အစ်ခ်ဝါနွလ် မူစလေမင်န် ။ အင်မတန်ကောင်းတယ်။ အနှစ်သာရရှိတဲ့အဓိပ္ပါယ်တွေ။ဒါပေမဲ့ အဲဒါတွေအားလုံး ကျွန်တော် တို့မွတ်ဆလင်မ်တွေ မခံယူရဲဘူး။ ဘာကြောင့်လဲဆိုတော့ နာမည် ဆိုးနဲ့ ကျော်ကြားနေတာကိုး။ ဗမာပြည်မှာ အခု ကူးစက်နေတာတစ်ခုရှိတယ်။ တစ် ဖက်နဲ့တစ်ဖက် ပုတ်ခတ်စော်ကားရှုတ်ချတဲ့ တရားခွေတွေထွက် နေတယ်။
ဗလီထဲမှာလည်း တစ်ချို့ဟောနေကြတယ်။ ဒါတွေက Hate Speech တွေပဲ။ ဘာလုပ်ကြမလဲ။ ပြောတာ၊ ဟောတာ ဘာ ဖြစ်နိုင်သလဲ။ ကျွန်တော်တို့ရဲ့ အစ္စလာမ် Image ကို ကျဆင်းစေ တယ်။ အစ္စလာမ်နဲ့ ကုရ်အာန်ကို အလ္လာဟ်ပဲ ကာကွယ်နိုင်တယ်လို့ ပြောတာနော်။ သူတို့က အစ္စလာမ်နဲ့ကုရ်အာန်ကို ကာကွယ်နိုင် တယ်လည်းပြောသေး။ ပြီးတော့ ဒီအလုပ်မျိုးတွေလည်း လုပ်နေ သေးတယ်။ ကိုယ့် Image တောင် ကိုယ်ပြန်မတည့်မတ်နိုင်ဘူး။ ကျွန်တော် တစ်ခေါက်ကလည်းပြောဖူးတယ်။ ကျွန်တော် တို့ အခုလို မားမားမတ်မတ် ရပ်တည်နိုင်တာ အလ္လာဟ့်ကျေးဇူး ကြောင့်။ အလ္လာဟ့်ကျေးဇူးက ငြင်းဖွယ်ရာမရှိဘူး။ ကျွန်တော် ပြောချင်တာက ရှေးခေတ်က မြန်မာမွတ်ဆလင်မ်တွေရဲ့ Image ရှိနေခဲ့လို့ ကျွန်တော်တို့ရပ်တည်နေနိုင်တာ။ ကျွန်တော်တို့ကို မစော်ကားရဲတာ။ အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌတွေ၊ မွတ်ဆလင်မ်။ ဒီလို Image တွေကြောင့် ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် ရပ်နေနိုင်တာ။ ဒါတွေသာမရှိ ခဲ့ရင် ဒီကနေ့ ကျွန်တော်တို့လုပ်ရပ်တွေနဲ့ဆိုရင် နောင်အနှစ်(၅၀) ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် နည်းနည်းစဉ်းစားကြည့်။
မွတ်ဆလင်မ်ကတော့ နောင်အနှစ်(၅၀)လား၊ မစဉ်းစား ဘူး၊ ဒီနေ့အတွက်ပဲ။ စဉ်းစားကြည့်။ ရင်လေးစရာတွေပဲ။ ကျွန်တော်တို့ဆိုရင် အခု အကြီးအကျယ် ဝေဖန်ခံနေရတယ်။ Online Media မှာ ကျွန်တော်တို့ရဲ့လုပ်ရပ်တွေ၊ ခွတ္တဗါဟ်တွေ တင်ပြတယ်။ အခု ရပ်မလို့တောင် စဉ်းစားနေတယ်။ ဘာလို့လဲ ဆိုတော့ ဆဲလို့၊ မိုက်ရိုင်းလို့၊ လူမပီသလို့၊ လူရမ်းကားတွေဖြစ်နေ လို့။ အဲဒါ ဘာသာခြားမဟုတ်ဘူး။ အစ္စလာမ်ကို ကုရ်အာန်ကို ထိန်း သိမ်းစောင့်ရှောက် ကာကွယ်နေပါတယ်ဆိုတဲ့ မွတ်ဆလင်မ်ဆိုသူ တွေပဲ။ ဒီတော့ မွတ်ဆလင်မ်ရဲ့ Image ကျဆင်းရပြီပေါ့။ မွတ်ဆလင်မ်ရဲ့သိက္ခာကျတယ်။ ပြောလို့ဆိုလို့လည်း မရ။ အဲဒီတော့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းမှာ သူရဲကောင်းလို တယ်။ လူပုဂ္ဂိုလ်တစ်ယောက်တည်းကို ပြောချင်တာမဟုတ်ဘူး။ မွတ်ဆလင်မ်လူ့အဖွဲ့အစည်း၊ မွတ်ဆလင်မ် Community အကြီး ကြီးတွေပေါ့။ ဥပမာ ဘာသာရေးအဖွဲ့ကြီး(၅)ဖွဲ့တို့လိုပေါ့။ အဲဒီလို အဖွဲ့တွေမှာ ခေါင်းဆောင်မှုအရည်အသွေးတွေ လိုလာပြီ။ ကျွန် တော်တို့ မတူညီတာတွေညှိနှိုင်းပြီး (၅)ဖွဲ့မဟုတ်ဘူး တစ်ဖွဲ့တည်း ဖြစ်အောင် လုပ်ဖို့လိုလာပြီ။ နိုင်ငံရေးပါတီတွေတောင် နှစ်ပါတီ၊ သုံးပါတီ ရှိနေတာ ညှိနှိုင်းပြီး၊ တစ်ပါတီတည်းဖြစ်အောင် လုပ်နေ ကြပြီ။ မွန်၊ ကရင်၊ ရခိုင်၊ ရှမ်း အားလုံးလိုလိုပါပဲ။ ကျွန်တော်တို့ကတော့ (၅)ဖွဲ့ရှိတာ (နည်းလို့လားမသိ ဘူး) (၆)ဖွဲ့၊ (၇)ဖွဲ့ဖြစ်ဖို့ စိုင်းပြင်းနေတယ်။ ပေါင်းဖို့ဆိုတာ အဆင် မပြေဘူး။ ဘယ်လိုမှ ပေါင်းလို့မရဘူးဖြစ်နေတယ်။ ငါးယောက်ထိုင် ရင် ငါးမျိုးကွဲတယ်။ ကျွန်တော်တို့မွတ်ဆလင်မ် Community က ဘယ်လိုမှ ပေါင်းစည်းလို့မရဘူး။ လက်တွဲလုပ်ဆောင်လို့ မရဘူး။
အချင်းချင်း ညီညွတ်မှုမရှိဘူး။ တစ်ခြားဘာသာခြား အဖွဲ့အစည်း တွေနဲ့ ဘယ်လိုလက်တွဲ လုပ်ဆောင်ကြမလဲ။ ဥပမာ -(၅၉)လမ်း အ၀န်းအ၀ိုင်းရှိတယ်ဗျာ။ နောက်တစ်ချို့ အဖွဲ့အစည်းလေးတွေ လည်း ရှိတယ်ဗျာ။ လက်တွဲလုပ်ဆောင်နေကြတယ်။ အင်မတန် နည်းပါတယ်။ ဒီနေ့တောင် ဆရာတော်တစ်ပါးနဲ့ အင်တာဗျူးတာ ဖတ်ခဲ့ ရတယ်။ မွတ်ဆလင်မ်တွေက ဘုန်းကြီးနဲ့လက်တွဲတာ မကြိုက်တဲ့ မွတ်ဆလင်မ် တော်တော်များများ ရှိတယ်တဲ့။ သူသိသွားတယ်။ အဲဒီလိုပဲ မွတ်ဆလင်မ်နဲ့ပေါင်းတာကို မကြိုက်တဲ့ ဗုဒ္ဓဘာသာ လည်းရှိတာပေါ့ဗျာတဲ့။ ဒါ ဘုန်းကြီးက ရိုးရိုးလေးပြောတာပဲ။ ကျွန်တော်တို့ သိထားရမှာက သူတို့အကုန်သိနေတယ်။ ဘုန်းကြီး နဲ့တွဲတာ၊ ဘုန်းကြီးနဲ့ပေါင်းတာကို မွတ်ဆလင်မ်တွေ မကြိုက်ဘူး။ မွတ်ဆလင်မ်တွေဟာ လုံးဝ အရမ်းကို မာကျောတယ်ပေါ့။ Flexible မဖြစ်ဘူး။ အင်မတန် မာကျောခက်ထန်တဲ့လူမျိုးတွေလို့ မွတ်ဆလင်မ်တွေကို မြင်သွားတယ်ပေါ့။ ဒါဟာ ကျွန်တော်တို့ရဲ့ Image တွေ ကျဆင်းတာပဲ။ ဒါတွေကို ပြုပြင်နေတဲ့လူတွေက နည်းနည်းလေးရှိတယ်။ အဲဒီတော့ ဘာသာရေးအဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ ခေါင်းဆောင်တွေက အချင်းချင်းစုပေါင်းပြီး မွတ်ဆလင်မ် Community ရဲ့ Image မြင့်တက်အောင် လုပ်နိုင် တယ်။ ကျွန်တော် ပြောစရာတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အချိန်မရတဲ့အတွက် လိုရင်းကိုပဲ ပြောပါ့မယ်။ ပြင်သစ်စာရေးဆရာကြီး ဗောလ်တဲယား ပြောခဲ့တာ ကျွန်တော်တို့မွတ်ဆလင်မ်တွေ ဂရုစိုက်ရမယ်။ `ခင်ဗျားပြောတာ ကို ကျွန်တော် သဘောမတူဘူးတဲ့။ ဒါပေမဲ့ ခင်ဗျားရဲ့ ပြောရေးဆို ခွင့်အတွက် ကျွန်တော်အသက်နဲ့လဲပြီး ကာကွယ်မယ် ´ တဲ့။ သူ မကြိုက်ဘူးနော်။ ဒါပေမဲ့ ပြောရေးဆိုခွင့် — ဒါကို အလေးထား တယ်။ ကျွန်တော်တို့ နံရံတစ်ခုဆေးသုတ်ဖို့ လူ(၁၀)ယောက် ထိုင် ဆွေးနွေးတယ်ဆိုပါစို့။ အနီ၊ အ၀ါ၊ အစိမ်း စသည်ဖြင့် အမျိုးမျိုး တင်ပြကြမှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့မွတ်ဆလင်မ်အဖွဲ့အစည်း နားမထောင်နိုင်ဘူး၊ လက်မခံပေးဘူး၊ ကိုယ်နဲ့ဆန့်ကျင်တဲ့ အယူ အဆတစ်ခုကို နားမထောင်နိုင်ပါဘူး။ ဒါက ကျွန်တော်တို့ Community မှာလိုအပ်နေတဲ့ ကျရှုံးနေတဲ့ Image ပဲ။ ဘယ်လိုမှ စားပွဲဝိုင်းတစ်ခုပေါ်မှာ စုစည်းညီညွတ်စွာနဲ့ Community ကို တည့် မတ်အောင် လုပ်ပေးနိုင်တဲ့ အရည်အသွေး၊ အရည်အချင်းတွေ မရှိဘူးဖြစ်နေတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ဘာသာခြားအဖွဲ့အ စည်းတွေ၊ Community နဲ့ပတ်သက်ဆက်နွယ်ရမယ့် ကိစ္စရပ်တွေ အများကြီးရှိတယ်။ ဘယ်လိုမှ သီးသီးသန့်သန့် နေလို့မရဘူးလေ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာနေပြီးတော့ ဘယ်လိုမှတသီးတသန့် နေလို့မရဘူးလေ။ မဖြစ်နိုင်ဘူးလေ။
အမြဲတမ်းထိတွေ့ ပေါင်းသင်း ဆက်ဆံနေရမှာပဲလေ။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂၂ အာယတ် ၄၀ မှာ အလ္လာဟ်က ဘာပြောထားသလဲဆိုရင် “ အကယ်၍ အလ္လာဟ်က လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု အပြန်အလှန် ထိန်းကျောင်းမှုမပြု ထားဘူးဆိုရင် အဲဒီဂျူးဘုရားကျောင်းတွေ၊ ဂျူးဘုန်းကြီးကျောင်း တွေ၊ ခရစ်ယာန်တို့ရဲ့ချားခ်ျတွေ၊ မွတ်ဆလင်မ်တို့ရဲ့ ၀တ်ကျောင်း တော်တွေရော အကုန်လုံးဖြိုဖျက်ပြီး မီးလောင်တိုက်သွင်း မီးရှို့ ပြီးသား ဖြစ်သွားမယ် ” ပြောချင်တာက ကျွန်တော်တို့ လုပ်နိုင်တာ အဲဒါ။ အလ္လာဟ်က အစ္စလာမ်ကို မပျောက်ပျက်ဖို့ လူစားထိုးလိုက် မှာ။ အင်ဒိုနီးရှားတို့၊ အာဖဂန်တို့ ဘာတို့လို။ ကြိုက်သလိုလုပ်။ ကျွန်တော်တို့ညံ့နေရင် ကျန်ခဲ့မှာ။ အစ္စလာမ်ကတော့ မပျောက် သွားဘူး။ မွတ်ဆလင်မ် မပျောက်သွားဘူး။ ဒါကို ပြောချင်တာ။ ကျွန်တော်တို့လုပ်နိုင်တာ ဘာလဲ။ အချင်းချင်း ကူးလူး ဆက်ဆံရေး၊ သဟဇာတဖြစ်ရေး ဒါတွေ ကျွန်တော်တို့လုပ်နိုင် တယ်။
ဒါက ဘာသာအားလုံးပါတယ်။ အချင်းချင်း ထိန်းကျောင်းမှု တွေနဲ့ လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးကို အလ္လာဟ်အရှင်မြတ် က တည့်မတ်အောင် လုပ်ထားတာတဲ့။ ဒီတော့ မွတ်ဆလင်မ်တွေရဲ့အခြေအနေကို ကျွန်တော် နိဂုံးချုပ်အနေနဲ့ပြောချင်တာက အမှောင်ထဲမှာ ကြောင်တွေဟာ တစ်ရောင်တည်းပဲတဲ့။ စာရေးဆရာတစ်ယောက်ရဲ့ စာတစ်ပုဒ်မှာ ဖတ်ရတာ။ ပြောချင်တာက စနစ်ဆိုးတစ်ခုရဲ့အောက်မှာ အင်မတန် ယုတ်မာရက်စက်၊ ဆိုးဝါးလှတဲ့ အုပ်ချုပ်မှုတွေအောက်မှာ လူတွေ အားလုံးဟာ ညီညွတ်ကြတယ်။ တွဲလက်ညီကြတယ်။ ဘာလို့လဲ ဆိုတော့ စနစ်ဆိုးကို တော်လှန်ဖို့။ မြန်မာနိုင်ငံမှာဆို ဖဆပလခေတ်ပေါ့။ အမှောင်ပျောက် တော့ အရောင်တောက်လာတယ်။ ကြောင်တွေလေ ရွှေဝါ၊ မိနီ၊ မိဝါ စသည်ဖြင့်ပေါ့။ အဲ ဒါပေမဲ့ ကျွန်တော်တို့မွတ်ဆလင်မ်များ ကတော့ အမှောင်ထဲမှာလည်းပဲ အရောင်ကွဲပဲ။ အဆိုးဝါးဆုံးအခြေ အနေ၊ ရုပ်အပျက်ဆုံး အခြေအနေ၊ အသတ်ခံနေရရင်လည်းပဲ ကျွန်တော်တို့က ကွဲလွဲဆဲပဲ။ ဟိုလူပါရင် မဖြစ်ဘူး။ ဒီလူနဲ့ဆို မလုပ် ဘူး။ ဒီလိုမျိုး စုစည်းညီညွတ်၊ နားလည်မှုမရှိစွာနဲ့ပဲ အခြေအနေဆိုး၊ အဖြစ်အပျက်ဆိုးတွေရဲ့ကြားမှာ ကျွန်တော်တို့ ရှိနေတယ်။ နောက်တစ်ခု ကျွန်တော် အဖြစ်အပျက်လေးတစ်ခု တင်ပြပါ့မယ်။ ဆူးလေစေတီနားက တိုက်တစ်ခုပေါ်မှာ အလုပ်တစ် ခုနဲ့ အထပ်အမြင့်မှာ ကျွန်တော်ရောက်နေတုံးမှာ ဘုရားရင်ပြင် တော်ကို မြင်နေရတယ်လေ။ မကြာသေးဘူး။ ဒီလ အတွင်းမှာပဲ။ အမျိုးသမီးနှစ်ယောက်၊ သုံးယောက်။ အူရ်နီခြုံထားတယ်။ (ဘုရ်ခါ တော့ မဟုတ်ဘူး) ဘုရားရင်ပြင်တော်ပေါ်မှာ ဟိုသွားဒီသွား မြင်ရ တော့ ကျွန်တော် ပြာသွားတယ်။ သွေးပျက်သွားတယ်။ ဒုက္ခပဲပေါ့။
အနီးအနားက ဗုဒ္ဓဘာသာသူငယ်ချင်းကို မေးရတာပေါ့။ ဟိုမှာ ဘာဖြစ်တာလဲပေါ့။ သူက ကြည့်ပြီး ဘာဖြစ်လို့လဲ ဘာမှမဖြစ်ဘူး။ မအံ့သြနဲ့။ ဒါဟာ နှစ်ပေါင်းများစွာကတည်းက ဒီမှာရှိနေတဲ့ ဈေး သည်တွေတဲ့။ သူတို့ အားလုံးနဲ့အဆင်ပြေတယ်။ သွားလာလှုပ်ရှား နေကြတာပဲ။ ပုံမှန်ရှိတယ်။ အပေါ့ အလေးသွားတာ၊ အိပ်စက် အနားယူတာ ရှိမှာပေါ့။ အကုန်အဆင်ပြေတယ်။ စိုးရိမ်စရာမရှိဘူး။ မစိုးရိမ်နဲ့တဲ့။ ကျွန်တော် စိတ်အေးသွားတာပေါ့။ ဒါပေမဲ့ တော်တော် စိတ်မကောင်းစရာတစ်ချက်ကို နောက်မှ ကျွန်တော်တွေးမိတယ်။ ဘာလဲသိလား။ အဲဒီဆူးလေဘုရားရဲ့အရှေ့မှာပဲ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီ၊ ဘင်္ဂါလီ ဗလီရှိတယ်။ အဲဒီဗလီ ထဲကို အဲဒီအမျိုးသမီးတွေ (ဆူးလေရင်ပြင်ပေါ်က အူရ်နီခြုံထားတဲ့ မွတ်ဆလင်မ်အမျိုးသမီးတွေ) ၀င်ခွင့်မရဘူးဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ မွတ်ဆလင်မ် Community ကို ဘယ်လို Change မလဲ။ ကျွန်တော်တို့ Image တွေ ဘယ်လိုကာ ကွယ်မလဲ။ အစ္စလာမ်ကို တကယ်တမ်း ကာကွယ်စောင့်ရှောင်မှာ ထိန်းသိမ်းမှာသည် အလ္လာဟ်ပဲဖြစ်တယ်။ ကျွန်တော်တို့ ဘာမှ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာလေးတွေတောင် မလုပ် ဘူး။ လုပ်ရကောင်းမှန်း မသိဘူး။ ကျွန်တော်တို့ မွတ်ဆလင်မ် Community ရဲ့ Image တက်လာအောင် ကြိုးစားရင်း အခြား ဘာသာသာသနာဝင်တွေနဲ့လည်း သဟဇာတဖြစ်အောင် ၀ိုင်းဝန်း ကြိုးစားကြဖို့ တိုက်တွန်းရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်ပါတယ် ။ ။
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး