အစ္စလာမ်လူ့အဖွဲ့အစည်းအကြောင်း တစေ့တစောင်း

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့ခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ  ၀ဘရကာသုဟု´

        အစ္စလာမ်ဟာ ကမ္ဘာဦးအစ လူ့ယဉ်ကျေးမှု ထွန်းကားစအချိန်ကတည်းက တည်ရှိလာခဲ့တာပါ။ လွန်ခဲ့သော နှစ်(၁၄၀၀)ကျော်အချိန်မှာတော့ ပြီးပြည့်စုံတဲ့လမ်းစဉ် ဖြစ်လာခဲ့ရပါတယ်။ လူဟာ `အင်စာန်´အဆင့်၊ `အာဒမ်´ အဆင့်ဆိုပြီး ရှိခဲ့တာပါ။ အင်စာန်မတိုင်မီက အခိုးမထွက်သော မီးဓါတ်ကဲသော ဂျင်(န်)အဆင့်ရှိခဲ့ပါတယ်။ ကုရ်အာန်က ဒီအကြောင်းတွေကို `အင်စာန်´(မြေဓါတ်ကဲသော) လူသားမတိုင်မီက ဂျင်န်(မီးဓါတ်ကဲသော) လူသားကို ပေါ်ပေါက်စေခဲ့၏။ (၁၅း၂၆-၂၇)လို့ဖော်ပြပါတယ်။ အဲဒီနောက် လူ့အသိုင်းအ၀ိုင်းကို တည်ဆောက်နိုင် တဲ့ပညာတွေကို တတ်သိနားလည်လာတဲ့အခါ အာဒမ်အဆင့်ကို ရောက်ရှိလာလို့ သဘာဝစွမ်းအားစု (မလ္လာအေကာ)များက ဦးချရပါတယ်။ (၂း၃၂-၃၄)

          ဒီအကြောင်းတွေကို ကမ္ဘာဂြိုဟ်ဖြစ်ထွန်းလာတဲ့ အချိန်ကစပြီးပြောပြရရင် ကမ္ဘာဂြိုဟ်ဖြစ်လာမယ့် အပိုင်းအစလေးဟာ နေမင်းကြီးကနေ ပဲ့ထွက်စမှာ အလွန်ပူပြင်း တောက်လောင်လျက်ရှိပါတယ်။ နောက်မှ တဖြေးဖြေးအေးခဲလာတာပါ။ ကမ္ဘာမျက်နှာပြင်က မာကျောစအချိန် အလွန်ပူပြင်းနေတဲ့အခါသမယမှာ မီးဓါတ်ကဲ သော ဂျင်(န်)လူသားတို့ရှိနေပါတယ်။ ကမ္ဘာမြေမျက်နှာပြင် လုံးဝအေးခဲသွားတဲ့အခါ မြေဓါတ်ကဲသော `အင်စာန်´ လူသားများဖြစ်လာကြပါတယ်။

ဒီအဆင့်မှာ လူသားများဟာ တိရစ္ဆာန်များနဲ့ သိပ်မထူးခြားတဲ့ သက်ရှိတွေပါ။ အပင်တွေ၊ ဂူတွေမှာ နေထိုင်တယ်။ တောတွေ၊ တောင်တွေမှာ အသီးအရွက်တွေ၊ သစ်ဥသစ်ဖုတွေ ရှာဖွေစားသောက်တယ်။ အခြား သားရဲတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်ပြီး အစိမ်းစားပါတယ်။ လူအုပ်စုအချင်းချင်းတွေ့ရင်လည်း တိုက်ခိုက်သတ် ဖြတ်နေကြတာပါ။ ထို့နောက် လူသားဆန်သောအသိုက်အမြုံ တည်ဆောက်နိုင်သောပညာရပ်များ (ဥပမာ- စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် မီးကိုအသုံးချနိုင်သော ပညာရပ်များ … စသည်)  ကို ရရှိလာသောအခါ အာဒမ်လူသားလို့ ဖြစ်လာခဲ့ပါပြီ။ ဒီအဆင့်မှာတော့ လူနဲ့အခြားသက်ရှိများဟာ သိသာထင်ရှားစွာ ကွဲပြားလာခဲ့ရပါပြီ။ အဲဒီအတွက် လူသားဟာ ဘဘာဝစွမ်းအားစုများကို အသုံးချနိုင်လာပါပြီ။ သဘာဝဟာ လူသားအတွက် ဖြစ်ခဲ့ရပါပြီ။ သဘာဝကို လည်း လူက ထိမ်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်လည်း ရှိလာခဲ့ပါပြီ။ တချိန်တည်းတပြိုင်တည်းမှာ လူသား အတွက် အဖျက်စွမ်းအားစုတွေလည်း ပေါ်ပေါက်လာခဲ့ပါပြီ။ လူသားတွေဟာ စိုက်ပျိုးမွေးမြူရေးတွေ လုပ်တတ်လာ တာနဲ့အမျှ ကမ္ဘာမြေအနှံ့ ပျံ့နှံ့နေထိုင်လာကြပါတော့တယ်။ ဒီလိုနဲ့ နေရာဒေသအလိုက် အသွေးအရောင်တွေ၊ ပြော ကြားတဲ့ဘာသာစကားတွေ၊ နေထိုင်စားသောက်မှု ဓလေ့စရိုက်တွေ စတဲ့ယဉ်ကျေးမှုတွေလည်း ကွဲပြားခြားနားခဲ့ရပါ တယ်။ ဒါကြောင့် လူသားမျိုးနွယ်အားလုံးဟာ တစ်ခုတည်းသော အသိုက်အ၀န်းမှ ဖြစ်လာခဲ့ရတယ်လို့ ကုရ်အာန် က သွန်သင်ညွှန်ပြခဲ့ပါတယ်။

“ လူသားအားလုံးသည် အသိုက်အ၀န်းတစ်ခုတည်းမှဖြစ်၏ ” (ကုရ်အာန် – ၂း၂၁၃)

“ အို… လူသားအပေါင်းတို့ သင်တို့အား အဖိုနှင့်အမမှ ပေါက်ဖွားစေတော်မူခဲ့၏။ သင်တို့အချင်းချင်း မှတ်မိ စေရန်အတွက် လူမျိုးနွယ်များ၊ လူမျိုးစုများအဖြစ် ပြုလုပ်တော်မူခဲ့၏ ” (ကုရ်အာန် – ၄၉း၁၃)

တစ်ခုတည်းသောအမျိုးအနွယ်မှ ဖြစ်ပေါ်လာပြီး မတူကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့ ဓလေ့ထုံးစံတူရာမျိုးနွယ်တွေက မိမိတို့သည် အခြားမျိုးနွယ်များထက် မြင့်မြတ်တယ်။ မိမိတို့သာလျှင် ဘုရားသခင်ရွေးချယ်ချီးမြှောက်တဲ့ မျိုးနွယ်တွေဖြစ်တယ်။ မဟာဆီ၊ မဟာသွေးတွေ ဖြစ်တယ်လို့ မျိုးနွယ်စုဝင်တိုင်းလိုလိုက ယူဆလာကြတယ်။ ကုရ်အာန်ကတော့ ဆူရာဟ်(၄၉) အာယတ်(၁၃)မှာ   “ … လူသားတို့အနက် ဂုဏ်ရည်အမြင့်မားဆုံးသူကား သီလသမာဓိကြီးမားသူသာဖြစ်၏ ” လို့ဆိုထားပါတယ်။

မည်သည့်မျိုးနွယ်မှဖြစ်စေ၊ အကျင့်သီလနှင့်ပြည့်စုံပြီး အခြားသူများကို အကျိုးပြုနိုင်သူသာလျှင် အမြင့် မြတ်ဆုံးဖြစ်ပါတယ်။ ဒီအချက်တွေကို သိရှိနားလည်ဖို့အတွက် ကမ္ဘာဦးအစ အာဒမ်လူသားအဆင့်မှာကတည်းက လူမျိုးစုတိုင်းအတွက် တမန်တော်များပွင့်ပေါ်စေပြီး မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က သွန်သင်ညွှန်ပြခဲ့ တာပါ။

ဆူရာဟ်(၃၅) အာယတ်(၂၅)မှာ “ သတိပေးလမ်းညွှန်သူမရှိသော လူမျိုးဟူသည်မရှိ ” လို့ ဖော်ပြထားပါ တယ်။ ဒီဖော်ပြချက်ဟာ ဘာသာအသီးသီးတို့ရဲ့ ဦးစီးခေါင်းဆောင်များကို လေးစားစွာ လက်ခံအတည်ပြုထားခြင်း ဖြစ်ပါတယ်။

အမျိုးမျိုးသော ဘာသာတရားတို့ရဲ့ အန္တိမပန်းတိုင်ဟာ အစ္စလာမ်လမ်းစဉ်ထူထောင်ဖို့ပဲဖြစ်ပါတယ်။ ဘာသာတရားတိုင်းမှာ အစ္စလာမ်ရဲ့မျိုးစေ့ သန္ဓေတည်ခဲ့ပါတယ်။ တကယ်တော့ အစ္စလာမ်ဆိုတာ လူ့ဘ၀ထူ ထောင်မှုလမ်းစဉ်ပါ။ လူသားမျိုးနွယ်များရဲ့ အတ္တကြီးမှု၊ ခွဲခြားဆက်ဆံလိုမှုတွေကြောင့် ဘာသာရေးအသွင်ပြောင်း ခဲ့ရတာပါ။ အာဏာရှင်တွေက ဘာသာရေးကို လက်နက်သဖွယ်အသုံးပြုပြီး ခေတ်အဆက်ဆက်ပြည်သူတွေကို စိုးမိုးအုပ်ချုပ်ခဲ့ကြတာပါ။ ခေတ်အဆက်ဆက် ပွင့်ပေါ်ခဲ့တဲ့ တမန်တော်တွေရဲ့ ရေလောင်းပေါင်းသင်ခဲ့မှုတွေကြောင့် အစ္စလာမ်မျိုးစေ့ဟာ ရှင်သန်နေခဲ့ပေမယ့် အပင်အဖြစ် မဖြစ်ပေါ်နိုင်ခဲ့ပါဘူး။ လူသားမျိုးနွယ်များ၏ ရင့်ကျက်မှုအား နည်းခြင်း၊ စာပေခိုင်မာမှုမရှိသေးခြင်းကလည်း အစ္စလာမ်မရှင်သန်နိုင်သော အကြောင်းအချက်များဖြစ်ပါတယ်။

အေဒီ ခြောက်ရာစုအနောက်မှာတော့ လမ်းပန်းဆက်သွယ်ရေးများ ထွန်းကားလာစအချိန်၊ စာပေထွန်း ကားမှုများ ခိုင်မာစပြုလာချိန်ဖြစ်ပါတယ်။ အေဒီ (၅၇၁)မှာ အာရေဗီးယားမှ တမန်တော်မုဟမ္မဒ်(ဆွလ္လ)ပွင့်ပေါ်လာ တဲ့အခါသမယလည်းဖြစ်ပါတယ်။ ဒီအခါ အစ္စလာမ်မျိုးစေ့သည် အခက်အလက်စုံလင်သော အပင်ငယ်လေးအဖြစ် ပေါ်ထွန်းလာခဲ့ပါတော့တယ်။ ဒါပေမဲ့ အတွင်းက လှိုက်စားသော အပင်ဖျက်ပိုးများကြောင့် တမန်တော်မုဟမ္မဒ် (ဆွလ္လ) ကွယ်လွန်ပြီးမကြာခင်မှာပဲ အစ္စလာမ်သည် ဘာသာရေးအသွင် ဆောင်လာပါတော့တယ်။ အစ္စလာမ်ပြင်ပ က အန္တရာယ်များက ၀ိုင်းဝိုင်းလည်ရှိနေပါတယ်။

ဖက်ဆစ်စနစ်၊ ကွန်မြူနစ်စနစ်တို့သည် ကမ္ဘာ့လူ့အဖွဲ့အစည်းများရဲ့ အန္တရာယ်အသွင်ဆောင်ခဲ့ပါတယ်။ ထိုစနစ်များ ပြိုလဲပြီးတဲ့နောက်ပိုင်းမှာ ကမ္ဘာ့လူ့အဖွဲ့အစည်းများက အစ္စလာမ်အသိုင်းအ၀ိုင်းများကို အန္တရာယ် ကောင်များအဖြစ် ရှုမြင်နေကြပါတယ်။ အစ္စလာမ်ဟုခံယူထားကြသော အယူသီး၊ အစွန်းရောက်များ၏ လုပ်ဆောင် ချက်များကလည်း အစ္စလာမ်အပင်ကို ညှိုးနွမ်းအောင်ပြုမူပြီး ကမ္ဘာ့လူသားများ၏ စိုးရိမ်သောကကို မြင့်မားစေပါ တယ်။ ကျွန်တော်ကသာ အစ္စလာမ်ကို ရှင်သန်ပွင့်လန်းဆဲအပင်အဖြစ် နှိုင်းယှဉ်တင်ပြတာပါ။ ကုရ်အာန်မှာ အစ္စလာမ်ကို ဘယ်တော့မှမငြိမ်းနိုင်တဲ့ အလ္လာဟ်ရဲ့ ရောင်ခြည်တော်အဖြစ်သတ်မှတ်ပြီး၊ အစဉ်အမြဲ ကွန့်မြူးနေမှာ ဖြစ်တယ်လို့ အလ္လာဟ်အရှင်မြတ်က ကတိပြုထားပါတယ်။ ကုရ်အာန် (၆၁) အာယတ်(၇-၈)မှာ

“ ငြိမ်းချမ်းရေးလမ်းစဉ် (အစ္စလာမ်)ဘက်သို့ ဖိတ်ခေါ်ခြင်းခံရပါလျက် အလ္လာဟ်နှင့်ပတ်သက်ပြီး လုပ်ကြံ မုသားဖန်တီးသူထက် မည်သူကပို၍ လွဲမှားချွတ်ချော်နေဘိသနည်း။ လွဲမှားချွတ်ချော်သူတို့ကား သစ္စာတရား၏ အလင်းကို ခံစားကြရမည်မဟုတ်။ သူတို့သည်ကား အလ္လာဟ်၏ရောင်ခြည်တော် (အစ္စလာမ်)ကို ပါးစပ်ဖြင့်မှုတ်ငြိမ်း လိုကြ၏။ သစ္စာတရားကို ဖုံးကွယ်သူတို့ မည်မျှပင်မုန်းတီးနေသော်ငြားလည်း အလ္လာဟ်၏ရောင်ခြည်တော် (အစ္စလာမ်)ကား တည်တံ့ခိုင်မြဲနေမည်သာဖြစ်ပေ၏   လို့ လေးလေးနက်နက် အသိပေးဖော်ပြထားတာပါ။

အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးလမ်းစဉ်ပါ။ အစ္စလာမ်က လူမှုရေးလုပ်ငန်းတွေကိုလည်း ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်တာပါ။ စီးပွားရေးလုပ်ဆောင်ခြင်းသည်လည်း ငြိမ်းချမ်းရေးကို အထောက်အကူပြုဖို့အတွက် ပါ။ စစ်ပွဲများဆင်နွှဲရခြင်းသည်ပင် ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ပါ။ ငြိမ်းချမ်းရေးလမ်းစဉ်(အစ္စလာမ်)ကို အကြမ်းဖက် လမ်းစဉ်အဖြစ် ၀ါဒဖြန့်တာ၊ အစ္စလာမ်အမည်ခံပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ပြီး ငြိမ်းချမ်းရေးကို ဖျက်ဆီးတာဟာ အလ္လာဟ်နဲ့ပတ်သက်ပြီး လုပ်ကြံမုသား ဖန်တီးသူပဲဖြစ်ပါတယ်။ သူတို့ဟာ ရောင်ခြည်တော်နဲ့ တူတဲ့အစ္စလာမ်ကို ပါးစပ်ဖြင့်ငြိမ်းသတ်လိုကြသူများဖြစ်ပါတယ်။ သူတို့တတွေ ဘယ်လိုကြိုးစားပါစေ။ အလ္လာဟ့်ရဲ့ ရောင်ခြည်တော် အစ္စလာမ်ဟာ ထာဝရ ကွန့်မြူးတည်တန့်နေမှာသာဖြစ်ပါတယ်။

အလ္လာဟ့်ရောင်ခြည်တော်(အစ္စလာမ်)ကို ခေတ်အဆက်ဆက်က တမန်တော်များက လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြပါတယ်။ နူးဟ်(အ)၊ မူဆာ(အ)၊ အီဆာ(အ) … [သူတို့ကို နောဧ၊ မိုးဇက်၊ ယေရှုခရစ်တော်လို့ အများက သိထားကြပါတယ်] စတဲ့ တမန်တော်အချို့ကို ကျမ်းမြတ်ကုရ်အာန်မှာ အမည်နာမနဲ့တကွ ဖော်ပြထားပါ တယ်။ အမည်ဖော်ပြခြင်းမပြုထားတဲ့ တမန်တော်များလည်း များစွာကျန်ရှိနေပါသေးတယ်။ သေချာတာကတော့ မျိုးနွယ်တိုင်းမှာ တမန်တော်တွေ ပွင့်ပေါ်ခဲ့ကြပါတယ်။ တမန်တော် မုဟမ္မဒ်(ဆွလ္လ)လက်ထက်မှာတော့ အလ္လာဟ့် ရောင်ခြည်တော်(အစ္စလာမ်)ဟာ ခိုင်မာတည်တံ့စွာ ကွန့်မြူးလျက်ရှိနေပါပြီ။ ဒါကြောင့် တမန်တော်မုဟမ္မဒ်(ဆွလ္လ) ရဲ့နောက်ပိုင်း ဘယ်တမန်တော်မှ ပွင့်ပေါ်ဖို့မရှိတော့ပါ။ အစ္စလာမ့်လမ်းစဉ်ကို ပြီးပြည့်စုံစွာဖော်ပြထားတဲ့ ကျမ်းမြတ် ကုရ်အာန်လည်း ရှိနေပြီဖြစ်တဲ့အတွက် ဘယ်ကျမ်းမှလည်း နောက်ထပ်မလိုတော့ပါ။ ဒါကြောင့် တမန်တော်မုဟမ္မဒ် (ဆွလ္လ)အရင်က ပွင့်ပေါ်ခဲ့ကြသော ကရစ်ရှန၊ ဂေါတမဗုဒ္ဓ စသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကိုလည်း မွတ်ဆလင်မ်များက ဂုဏ်ပေးလေးစားကြပါတယ်။ ဒီလို ပုဂ္ဂိုလ်မြတ်တွေကို အစွန်းရောက်လို့ သတ်မှတ်ခံထားရတဲ့ တာလီဘန်တွေကလည်း အလေးထားပါတယ်လို့ပြောရင် အံ့သြကြပါလိမ့်မယ်။ သူတို့ဟာ ဘာမီဟန်မှ ဗုဒ္ဓရုပ်ပွား တော်ကို ဖျက်ဆီးခဲ့ကြသူများဖြစ်ကြပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ကို ဖျက်ဆီးဖို့ပြင်ဆင်နေချိန်မှာ မွတ်ဆလင်မ်အများစု က မဖျက်ဆီးရန် တာလီဘန်များကို ဖျောင်းဖျနားချခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ဒီအခါ တာလီဘန်တို့ပေးခဲ့သော အကြောင်းပြချက်က စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ သူတို့က ဗုဒ္ဓသည် လေးစားဖွယ် ပုဂ္ဂိုလ်မြတ်တစ်ပါးဖြစ်နိုင်ပါတယ်။ သို့သော် ရုပ်တုပြုလုပ်ကိုးကွယ်ခြင်းကို ဗုဒ္ဓမလိုလားခဲ့ပါ။ ဗုဒ္ဓပရိနိဗ္ဗာန်စံပြီး နှစ်(၁၀၀၀)ကျော်လောက်မှာ ဂရိဒေသမှစတင်၍ ဗုဒ္ဓရုပ်ပွားဆင်းတုများ ထုလုပ်ကိုးကွယ်လာကြ ပါတယ်။ ဤသို့ဖြင့် ဗုဒ္ဓဘာသာဝင်များကြား ဆင်းတုတော်များ ထုလုပ်ကိုးကွယ်သောအလေ့ တွင်ကျယ်လာ ခြင်းဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမလိုလားသောကိစ္စဖြစ်သော ရုပ်တုများကို ဖျက်ဆီးရခြင်းဖြစ်ပါသည်လို့ အကြောင်းပြ ဖျက်ဆီးခဲ့ကြပါတယ်။ မွတ်ဆလင်မ်ထုအများစုက ၀မ်းနည်းပက်လက်ဖြစ်ခဲ့ကြရပါတယ်။

တာလီဘန်တို့သည် အလ္လာဟ်က လူသားတို့အားပေးအပ်ထားသော လွတ်လပ်ခွင့်ကို လျစ်လျူရှုခဲ့ကြသူ များဖြစ်ပါတယ်။ မှန်ခြင်း၊ မှားခြင်းဆိုသောအရာထက် လူသားတို့အား လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို အစ္စလာမ်က ပိုမိုအလေးထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၅) အာယတ်(၄၈)မှာ

“ … အလ္လာဟ်သည် အသင်တို့လူသားအားလုံးကို တစ်ခုတည်းသော အသိုင်းအ၀ိုင်းအဖြစ် ပြုလုပ်နိုင်၏။ သို့သော် သင်လူသားများသည် အလ္လာဟ်ပေးအပ်ထားရာ စွမ်းရည်များဖြင့် ကောင်းကျိုးများကို သတ်မှတ်ဆောင်ရွက် ပါလေ… ”    ကုရ်အာန် ဆူရာဟ်(၁၈) အာယတ်(၂၉)မှာလည်း “ သစ္စာတရားရှိနေချေပြီ။ မည်သူမဆို ယုံကြည်လို က ယုံကြည်၊ မည်သူမဆို ငြင်းပယ်လိုက ငြင်းပယ်နိုင်၏ ”  လို့ ဆိုထားပါတယ်။

ဒီလမ်းညွှန်ချက်တွေကို အယူသည်း၊ အစွန်းရောက်မွတ်ဆလင်မ်လို့ ဆိုသူတွေက လုံးဝလျစ်လျူရှုထားပါ တယ်။ သူတို့ဟာ အလ္လာဟ်ကို လုပ်ကြံမုသားနဲ့ မတော်မတရားစွပ်စွဲသူများပဲဖြစ်ကြပါတယ်။ ကုရ်အာန်မှာ ကမ္ဘာအနှံ့လှည့်လည်ပြီး အရင်က လူသားတွေရဲ့အနိမ့်အမြင့်၊ အတက်အကျတွေကိုလေ့လာပြီး သင်ခန်းစာယူဖို့ နေရာအတော်များများမှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။ အဲဒီလိုလေ့လာနိုင်ဖို့အတွက် ရုပ်တုတွေ၊ အဆောက် အအုံတွေဟာ များစွာ အထောက်အကူပြုပါတယ်။ ဒီလိုရုပ်တုတွေကို ဖျက်ဆီးခြင်းဟာ သမိုင်းကိုဖျောက်ဖျက်သူ များ၊ လူ့ယဉ်ကျေးမှုကို လွန်လွန်ကျူးကျူး စော်ကားသူများဖြစ်ကြပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် မွတ်ဆလင်မ်တွေဟာ အခြားဘာသာဝင်တွေရဲ့ သာသနာရေးဆိုင်ရာ အဓမ္မ အနှစ်တွေကို ဖျက်ဆီးသူများဖြစ်တယ်လို့ အထင်မှားခံနေကြရပါတယ်။ ဗုဒ္ဓတက္ကသိုလ် နာလန္ဒာအကြောင်းကို ထပ်ပြီးပြောချင်ပါတယ်။ နာလန္ဒာတက္ကသိုလ်ကြီးကို တူရကီမွတ်ဆလင်မ်စစ်သူကြီး Bater Phigi က (၁၁၉၃)မှာ ဖျက်ဆီးပြီး ဗုဒ္ဓဘာသာကို အမြစ်ဖြုတ်အောင် ဖျက်ဆီးတယ်ဆိုပြီး Wikipaedi က ရေးထားပါတယ်လို့ ဆရာတော် ကြီးတစ်ပါးက ပြောပါတယ်။

နလန္ဒာတက္ကသိုလ်ကြီးကို တူရကီစစ်သူကြီးမတိုင်မီ AD (၄၅၅-၄၆၇) မှာ ဟန်တရုတ်များက ပထမအကြိမ် ဖျက်ဆီးခဲ့ပါတယ်။ AD (၅)ရာစုမှာပါ။ ဒုတိယအကြိမ် ဖျက်ဆီးခံရတာကတော့ ဟိန္ဒူဘုရင် Gandas လက်ထက် AD (၇)ရာစုမှာပါ။ ဟိန္ဒူဘုရင် Harsha Vardhana (၆၀၆-၆၄၈)က ပြန်လည်ပြုပြင်ပြီး ဟိန္ဒူဓမ္မကို နလန္ဒာမှာ ပို့ချခဲ့ ပါတယ်။ ပထမအကြိမ်ဖျက်ဆီးခံရစဉ်က အာရေဗျမှာ အစ္စလာမ်တောင် မပေါ်ထွန်းသေးပါဘူး။ ဒုတိယအကြိမ် ဖျက်ဆီးခံရစဉ်မှာလည်း အိန္ဒိယကို အစ္စလာမ်မရောက်သေးပါဘူး။ တူရကီစစ်သူကြီးရဲ့ဖျက်ဆီးမှုဟာ ပထမ(၂) ကြိမ်ကလောက် မပြင်းထန်ခဲ့ပါဘူး။ တိဘက်ဘာသာပြန်ဆရာ ချက်လော့ဆ၀ ဟာ AD (၁၂၃၅)ခုနှစ် နာလန္ဒာ တက္ကသိုလ်သို့ရောက်ရှိခဲ့စဉ် ရဟန်းအချို့နဲ့ နလန္ဒာတက္ကသိုလ် ဆက်လက်တည်ရှိနေကြောင်း မှတ်တမ်းတင်ခဲ့ပါ တယ်။

နလန္ဒာတက္ကသိုလ်ကို ၀င်ရောက်ဖျက်ဆီးခဲ့တဲ့ တူရကီစစ်သူကြီးရဲ့လုပ်ရပ်ကို ရှုံ့ချပြစ်တင်ခဲ့တဲ့ Behagi Shira က ပါရှန်းမွတ်ဆလင်မ် သမိုင်းဆရာဖြစ်ပါတယ်။ သူ့ရဲ့ဖော်ပြချက်တစ်ခုတည်းကိုသာ ကိုးကားပြီး Wikipaedia က ဖော်ပြထားတာပါ။ (၁၉၅၁)ခုနှစ်မှာ နလန္ဒာတက္ကသိုလ်အသစ်ကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ မြေလှူဒါန်းခဲ့သူက မွတ်ဆလင်မ်သူဌေးကြီးဖြစ်တယ်ဆိုတာကို ဆရာမောင်စူးစမ်းက (မေ/၂၀၀၅) ထုတ် နွယ်နီ မဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက မွတ်ဆလင်မ်သမ္မတတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ဒေါက်တာ အဗ္ဗဒူလ်ကလာမ်က နလန္ဒာတက္ကသိုလ်ကြီးရဲ့ ပညာရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေပါတယ်လို့ ၁၂ရက် ဇွန်လ၊ ၂၀၀၇ ထုတ် News Post India မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် ပါရှန်းမွတ်ဆလင်မ်သမိုင်းဆရာရဲ့ သမိုင်းကျမ်းတစ်ခုတည်းကို ကိုးကားပြီး၊ နလန္ဒာတက္ကသိုလ် ကြီးကို မွတ်ဆလင်မ်တွေဖျက်ဆီးပြီး ဗုဒ္ဓဘာသာကို အမြစ်ပြတ်အောင်လုပ်ခဲ့တယ်လို့ ပြောကြတာဟာ ဗုဒ္ဓဘာသာ ၀င်တွေနဲ့ မွတ်ဆလင်မ်တွေကို အမုန်းပွားအောင် ရန်တိုက်ပေးရာရောက်ပါတယ်။ ယခုလက်ရှိ နလန္ဒာတက္ကသိုလ် ကြီးရဲ့ တိုးတက်ရာတိုးတက်ကြောင်းမှာ မွတ်ဆလင်မ်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေလည်း ပါဝင်နေပါတယ်ဆို တာကို ဗုဒ္ဓဘာသာညီနောင်များ သိစေချင်ပါတယ်။ အခုဆိုရင် နာလန္ဒာတက္ကသိုလ်ဟောင်းကြီးကို ပြန်လည်တူး ဖော်ဖို့ ဆောင်ရွက်နေကြပါပြီ။ ဒီတက္ကသိုလ်ဟောင်းကြီးကို တူးဖော်နိုင်ခဲ့ရင် သမိုင်းကြောင်းအမှန်တွေကို ကျွန်တော်တို့ ပိုမိုသိရှိလာကြမှာပါ။

ဒါတွေကို ကျွန်တော်တင်ပြတဲ့ ရည်ရွယ်ချက်ကတော့ သမိုင်းတလျှောက် ဗုဒ္ဓနဲ့အစ္စလာမ်တို့ရဲ့ ပွတ်တိုက်ခဲ့ မှုများအကြောင်းကို အမှန်အတိုင်း နားလည်စေချင်လို့ပါ။ ဒီလိုပွတ်တိုက်ခဲ့မှုတွေက အိန္ဒိယမှာ ဗုဒ္ဓဘာသာကိုးကွယ် ရတဲ့ အဓိကအကြောင်းအချက်အလက်တွေ မဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အိန္ဒိယမှာ ဗုဒ္ဓပေါ်ထွန်းလာ တော့ ယခင်ကတည်းကရှိခဲ့ပြီးဖြစ်တဲ့ ဟိန္ဒူတွေနဲ့လည်း ပွတ်တိုက်မှုတွေဖြစ်ခဲ့ပါတယ်။ ခရစ်ယာန်ပေါ်ပေါက်လာတဲ့ အခါ ယဟူဒီတွေနဲ့ ပွတ်တိုက်မှုတွေဖြစ်ခဲ့ပါတယ်။ အစ္စလာမ်ဟာ ခရစ်ယာန်တို့နဲ့ ခရူးစိတ်စစ်ပွဲတွေတောင် ဖြစ်ပွား ခဲ့ရတာပါ။ ဒါဟာ ဘာသာတရားတို့ရဲ့ လောကဓံပါ။

မွတ်ဆလင်မ်ညီနောင်များကိုလည်း ဘာသာတရားအသီးသီး၊ ယဉ်ကျေးမှုအထိမ်းအမှတ်တွေဟာ လူ့သမိုင်းရဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အမွေအနှစ်တွေဆိုတာကို သိရှိပြီး မိမိတို့ကိုယ်တိုင် လေးစားတန်ဖိုးထား တတ်ဖို့ပါ။ ဘာမီဟန်မှ ရုပ်ပွားတော်များ၊ အီဂျစ်မှ ပိရမစ်ကြီးများ၊ အင်ဒိုနီးရှားမှ ဘောရောဗုဓုစေတီတော်ကြီး၊ ကမ္ဘောဒီးယားမှ အန်ကောဝပ်ကျောင်းတော်ကြီး … စသည်တို့ဟာ ဒေသဆိုင်ရာ သမိုင်းတန်ဖိုးများဖြစ်ကြသလို ကမ္ဘာ့အမွေအနှစ်များလည်း ဖြစ်ကြပါတယ်။ စာပေကျမ်းဂန်တွေဆိုရင် ဝေဒကျမ်းတွေ၊ ပိဋကတ်ကျမ်းတွေ၊ ဘိုင်ဘဲလ်ကျမ်း၊ ကုရ်အာန်ကျမ်းတွေဟာ သက်ဆိုင်ရာဘာသာအသီးသီးက အထွဋ်အမြတ်ထားကြသလို၊ အခြား ဘာသာဝင်များအတွက်လည်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တွေဖြစ်ပါတယ်။ ဒီကျမ်းဂန်တွေဟာ ဘာသာဝင် အသီးသီးရဲ့ စိတ်နေစိတ်ထားတွေအပေါ် သြဇာညောင်းလှပါတယ်။ ဘာသာဝင်အသီးသီးရဲ့ အတွေးအခေါ်၊ ဆင် ခြင်တုံတရားတွေကို ဖော်ပြနေပါတယ်။

ကျွန်တော်တို့မွတ်ဆလင်မ်တွေအတွက် ကုရ်အာန်ကျမ်းဟာ အလ္လာဟ့်ထံက တမန်တော်မုဟမ္မဒ်(ဆွလ္လ) မှတဆင့် ပို့ချပေးခဲ့တဲ့ကျမ်းဖြစ်တယ်။ ပါဒပေါင်း(၃၀)၊ ကဏ္ဍပေါင်း(၁၁၄)ခု ပါဝင်တယ်။ ကုရ်အာန်ကျမ်းမြတ်ဟာ တမန်တော်မုဟမ္မဒ်(ဆွလ္လ) သက်ရှိထင်ရှားရှိစဉ်ကတည်းကနေ ယနေ့ထိ တစ်လုံးတည်းတစ်ပါဒမျှမလွဲဘဲ တည်ရှိ နေသောကျမ်းဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ကိုယ်ကျင့်တရား၊ လူမှုရေး၊ စီးပွားရေး၊ စစ်ရေးဆိုင်ရာ ပညာပေးလမ်းညွှန်မှုများပါရှိပါတယ်။ ကုရ်အာန်ကျမ်းဟာ တမန်တော်မြတ်ရဲ့ အတ္ထုပတ္တိမဟုတ်သလို အာရဗ်လူမျိုး များရဲ့ သမိုင်းလည်းမဟုတ်ပါဘူး။ တမန်တော်မုဟမ္မဒ်ရဲ့အမည်သည်ပင် (၄)ကြိမ်ပဲပါဝင်ပါတယ်။ ကုရ်အာန်ရဲ့ မုက္ခပါတ်တော်တွေဟာ အလွယ်တကူ ကျက်မှတ်နိုင်ပါတယ်။ ဒါကြောင့် ကုရ်အာန်ကို အာဂုံဆောင်နိုင်တဲ့သူတွေ အလွန်များပြားလှပါတယ်။

အခြားကျမ်းဂန်တွေနဲ့နှုင်းယှဉ်ကြည့်ရင် ကုရ်အာန်ဟာ အရွယ်ပမာဏ အလွန်သေးငယ်ပါတယ်။ သို့သော် လူ့ဘ၀တည်ဆောက်မှုဆိုင်ရာအတွက် ပြီးပြည့်စုံတဲ့ကျမ်းဖြစ်ပါတယ်။ ကုရ်အာန်ကျမ်းရဲ့ဖော်ပြချက်တွေဟာ ခေတ်တိုင်း၊ စနစ်တိုင်းအတွက် သစ္စာတရားဖြစ်ပါတယ်။ ဒီကုရ်အာန်ကျမ်းကို တဆင့်ပြန်လည်ပို့ချခဲ့တဲ့ တမန်တော် မုဟမ္မဒ်(ဆွလ္လ)ဟာ ကမ္ဘာဥိးကတည်းက မျိုးစေ့ချခဲ့တဲ့၊ အစ္စလာမ်ကို ပြီးပြည့်စုံစေခဲ့တဲ့သူ၊ အစ္စလာမ်ကို စတင်ထူ ထောင်သူမဟုတ်ပါ။ တမန်တော်ဆိုတဲ့ နဗူဝသ်ကို အဆုံးသတ်ခဲ့သူဖြစ်ပါတယ်။ နောက်ထပ် ဘယ်တမန်တော်မှ ပွင့်ပေါ်စရာမရှိတော့ပါ။ မုဟမ္မဒ်(ဆွလ္လ)သည် တမန်တော်တစ်ပါးမျှသာ ဖြစ်ပါတယ်။ အလ္လာဟ့်ထံက ကုရ်အာန်ကို လက်ခံရရှိခဲ့တာကလွဲရင် သူဟာ သာမန်လူသားတစ်ဦးမျှသာဖြစ်ပါတယ်။ သူ့ရဲ့ကြီးကျယ်မြင့်မြတ်မှုဟာ အလ္လာဟ့် ထံ ကုရ်အာန်ကိုလက်ခံရရှိပြီး ၏၊ သည် မလွဲ ပြန်လည်ပို့ချခဲ့ခြင်းပဲဖြစ်ပါတယ်။ တမန်တော်မြတ်သည် သတင်း ကောင်းကို ယူဆောင်လာသူနဲ့ သတိပေးနှိုးဆော်သူသာဖြစ်ပါတယ်။  သူဟာ လူသားတွေကို စေလိုရာစေ ဆောင် ရွက်နိုင်သူမဟုတ်ပါ။

ကုရ်အာန်ရဲ့သင်ကြားချက်တွေမှ အချက်အချို့ကို တင်ပြပါ့မယ်။

(၁) မည်သူမဆို မိမိပြုမူဆောင်ရွက်မှုတွေပဲ မိမိနှင့်သက်ဆိုင်တယ်။ အခြားမည်သူမျှ ထိုတာဝန်ကို ယူမည်မဟုတ်၊ တစ်ဦး၏၀န်ကို တစ်ခြားတစ်ဦးက ထမ်းရွက်မည်မဟုတ်။ “ လူသားသည် မိမိအားထုတ်မှုမှတပါး အခြားအရာကို ရမည်မဟုတ် ”   (ကုရ်အာန် – ၅၃း၃၉) 

          အခြားသူက ပေးဝေတဲ့အရာတွေ၊ အခြားသူတို့ရဲ့ ကောင်းမှုတွေ၊ မကောင်းမှုတွေကို ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး။

(၂) အမှားတွေကို ဆောင်ရွက်နေမိရင်လည်း မျှော်လင့်ချက်မကင်းနဲ့ အမှားကို အမှန်ပြုပြင်ဖို့ မကောင်းမှုကို ကောင်းမှုနဲ့အစားထိုးဖို့ လမ်းဖွင့်ပေးထားပါတယ်။ “ … ဧကန်အမှန် ကောင်းမှုသည် မကောင်းမှုကို ချေဖျက်၏ ”  (ကုရ်အာန် – ၁၁း၁၁၄) လို့ဖော်ပြထားပါတယ်။

          မကောင်းမှုတွေကျူးလွန်မိရင် ကောင်းမှုတွေများများလုပ်လိုက်ပါ။ မိမိကျူးလွန်ခဲ့ဖူးတဲ့ အမှားမျိုးတွေ ထပ်မလုပ်ပါစေနဲ့။

(၃) ကျင့်သုံးတဲ့ဥပဒေဟာ တရားမျှတရမယ်။ ဘယ်အခါမဆို အစွန်းမရောက်ဖို့ ချိန်ခွင်လျှာညီအောင်ဆောင်ရွက်ဖို့ အစ္စလာမ်က သွန်သင်ဆုံးမပါတယ်။ ပြစ်မှုအတွက်ပေးသော ပြစ်ဒဏ်သည် ကျူးလွန်သောအတိုင်းအတာနှင့် ညီမျှ ရမည်။ အကြင်သူသည် မိမိအပေါ်ကျူးလွန်ခဲ့သောသူအား ခွင့်လွှတ်၏။ ကျူးလွန်သူကလည်း ပြုပြင်ပြောင်းလဲ ခဲ့သော် ခွင့်လွှတ်သူအတွက်ရော ခွင့်လွှတ်ခံရသူအတွက်ရော ဆုလာဘ်ရှိ၏။ “ အမှန်ပင် အလ္လာဟ်သည် စည်း ဖောက်သူများကို မနှစ်သက်ချေ ” (ကုရ်အာန်- ၄၂း၄၁)

          ယနေ့တင်ပြခဲ့တာဟာ အစ္စလာမ်လူ့အဖွဲ့အစည်းအကြောင်း တစေ့တစောင်း (Glimps of Islamic Community) ဖြစ်ပါတယ်။ မွတ်ဆလင်မ်များဟာ မိမိတို့ရဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းအကြောင်းကို သိရှိနားလည် ပါမှ အခြားလူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မိမိဒေသရဲ့ လူမှုပတ်ဝန်းကျင်ကို ငြိမ်းချမ်းသာယာအောင် ပြုလုပ်နိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျာ ။     