အစ္စလာမ်လူ့အဖွဲ့အစည်းအတွင်းမှ ကွဲပြားခြားနားမှုများ ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)
အစ္စလာမ်လူ့အဖွဲ့အစည်းအတွင်းမှ ကွဲပြားခြားနားမှုများ
ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)
အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု
လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
အခုလိုသောကြာ ဂျုမုအာဟ်ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ် အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုအပ်ပါတယ်။ ပြီးတဲ့နောက် ကျွန်တော်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်ရဲ့ တင်ပြမှု ကို လာရောက်နားသောတဆင်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးများကိုလည်း ကျေးဇူးတင်ရှိပါတယ်။
လူကြီးမင်းများခင်ဗျာ ကျွန်တော်တို့ အစ္စလာမ်ဟာ (သောင်ဝ်ဟီးဒ်)တစ်ပါးတည်းသော အလ္လာဟ်အရှင် မြတ်ကို ကိုးကွယ်အားထားတဲ့သူတွေဖြစ်ပြီးတော့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်ရဲ့ရစူလ်နဗီတမန် တော်အဖြစ် လက်ခံယုံကြည်ပြီး၊ ဒီတမန်တော်ပို့ချခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်အတိုင်း ဘ၀ကိုတည်ဆောက်ကျင့်သုံး တဲ့ သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်ဆလင်မ်တွေထဲမှာ ဒီလိုကျင့်သုံးလိုက်နာရင်းနဲ့ပဲ၊ အကွဲကွဲ အပြားပြားတွေ ဖြစ်နေကြတာကို စိတ်မကောင်းစွာနဲ့ပဲ မြင်တွေ့နေရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာရှိတဲ့ မြန်မာမွတ်ဆလင်မ်တွေမှာလည်း အင်္ကျီအရှည်ဝတ်တဲ့လူ၊ မြန်မာဆန်ဆန်နေတဲ့လူရယ်လို့ ကွဲပြားခြားနားနေတာ တွေ့ရပါတယ်။ အကြမ်းဖက်သမားအုပ်စုတွေကလည်း အစ္စလာမ်အမည်ကို အလွဲသုံးစားလုပ်ပြီးတော့ လုပ်ကြံဖန်တီးနေကြပါတယ်။ ဒါကြောင့် မကြာသေးခင်ကပဲ မွတ်ဆလင်မ်နိုင်ငံဖြစ်တဲ့ ကာတာနိုင်ငံကို မွတ်ဆလင်မ်နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက အဆက်အသွယ်သံတမန်တွေဖြတ်၊ စီးပွားရေးကွန်ယက်တွေဖြတ် တယ်။ အကြောင်းပြချက်ကတော့ အကြမ်းဖက်သမားတွေကို ကူညီအားပေးတယ်ဆိုတာပါ။
တကယ်လို့ ဒီစွပ်စွဲချက်သာ မှန်တယ်ဆိုရင် ကာတာလိုနိုင်ငံကြီးက အကြမ်းဖက်သမားတွေကို ကူညီတယ် ဆိုပြီး ကျွန်တော်တို့ အစ္စလာမ်သိက္ခာကျဖို့ရှိပါတယ်။ တကယ်လို့ စွပ်စွဲချက်မမှန်ဘူးဆိုလည်း ဆော်ဒီလိုနိုင်ငံကြီးက ကာတာနိုင်ငံငယ်လေးကို အနိုင်ကျင့်စွပ်စွဲပြီး ကာတာရဲ့တိုးတက်မှုကို ဟန့်တားနှောင့်ယှက်တယ်ဆိုပြီး အစ္စလာမ် တွေပဲ သိက္ခာကျရမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ဒီဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့အောင်မြင်မှုလည်းဖြစ်ပါ တယ်။ အကြမ်းဖက်သမားတွေက အစ္စလာမ်နိုင်ငံတော် ထူထောင်မယ်ဆိုတဲ့ ကြွေးကြော်ချက်နဲ့ပဲ သူတို့ဟာအစ္စလာမ် လူ့အဖွဲ့အစည်းကို ထူထောင်မယ်ဆိုတဲ့ ကြွေးကြော်ချက်နဲ့ပဲ သူတို့ဟာ အစ္စလာမ် လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေကြတာ ဖြစ်ပါတယ်။
သူတို့ကြောင့် ဆီးရီးယားမှာရှိတဲ့ မွတ်ဆလင်မ်တွေ၊ လစ်ဗျားမှာရှိတဲ့ မွတ်ဆလင်မ်တွေ၊ အီရတ်မှာရှိတဲ့ မွတ်ဆလင်မ်တွေဟာ မိမိတို့ရဲ့တိုင်းနိုင်ငံအမိမြေကို စွန့်ခွာထွက်ပြေးနေကြရပြီး မွတ်ဆလင်မ်တွေပဲ ဒုက္ခရောက် နေကြရတာဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်ရဲ့သင်ကြားချက်ဖြစ်တဲ့အရာတွေကို အကြမ်းဖက်ဝါဒဖြစ်ကြောင်း ပြုမူဆောင်ရွက်ပြပြီးတော့ အစ္စလာမ်ကိုအကြမ်းဖက်ဝါဒအဖြစ် ကမ္ဘာကထင်ယောင် ထင်မှားဖြစ်အောင် ပြုလုပ်ပြသနေကြပါတယ်။ ဂျီဟာဒ်ဆိုတာ အစ္စလာမ်ရဲ့ သင်ကြားလမ်းညွှန်ချက်တစ်ရပ်ဖြစ်ပါတယ်။ ဂျီဟာဒ်ဆိုတာ အစ္စလာမ်ရဲ့ပန်းတိုင်ဖြစ် တဲ့ ငြိမ်းချမ်းရေးကို ရရှိစေဖို့အတွက် မိမိမှာရှိတဲ့ အစွမ်းအစအားလုံး၊ မိမိပိုင်ဆိုင်ရာ ပစ္စည်းဥစ္စာအားလုံး၊ မိမိပိုင်ဆိုင် ထားတဲ့ အသက်အိုးအိမ်ကိုတောင် စွန့်လွှတ်ပြီး၊ မိမိလိုချင်တဲ့ ပန်းတိုင်ကိုရောက်အောင် သွားခြင်းဟာ ဂျီဟာဒ်ဖြစ် ပါတယ်။ ဒါပေမယ့် အကြမ်းဖက်သမားတွေက ဒီဂျီဟာဒ်ဆိုတဲ့ စကားလုံးကို အကြမ်းဖက်လုပ်ရပ်တွေမှာ အသုံးပြု ပြီး (ငါတို့ဂျီဟာဒ်လုပ်နေကြတာလို့ ကြွေးကြော်တယ်။) ဒါတွေကို သံယောင်လိုက်ပြီးတော့ စာနယ်ဇင်းသမားတွေ ကလည်း အကြမ်းဖက်သမားတွေကို ဂျီဟာဒ်ဝါဒီလို့ နာမည်တပ်ပေးကြတတယ်။ ဒီ အကြမ်းဖက်သမားတွေကို အစ္စလာမ်မစ်အကြမ်းဖက်သမားများလို့ ရေးကြတယ်။
တနည်းအားဖြင့် အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်ပေါက်မြောက်အောင် စာနယ်ဇင်းသမားတွေက များ ကူညီနေသလားလို့။ ကျွန်တော်ထင်မြင်မိပါတယ်။ ဒီအကြောင်းအရာတွေကို စဉ်းစားမိရင်းနဲ့ အစ္စလာမ်ဟာ တစ်ပါးတည်းသောအရှင် အလ္လာဟ်ကို လက်ခံယုံကြည်တယ် (သောင်ဝ်ဟီးဒ်) တမန်တော်မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်ရဲ့ရစူလ်တမန်တော်အဖြစ် လက်ခံယုံကြည်တယ်။ ကုရ်အာန်ကိုလက်ကိုင်ထားတဲ့ မွတ်ဆလင်မ်တွေ အချင်းချင်း ဘယ်လိုကြောင့်များ အကွဲအလွဲတွေဖြစ်နေကြတာလဲဆိုတာကို လေ့လာကြည့်မိပါတယ်။ ဒီကနေ့မှာ ကျွန်တော်လေ့လာထားသမျှတွေထဲက အချို့ကို ပြန်လည်မျှေ၀၀တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော်ရဲ့ဒီကနေ့ (၉-၆-၂၀၁၇) ခွတ္တဗာဟ်ခေါင်းစဉ်က “အစ္စလာမ့်လူ့အဖွဲ့အစည်းအတွင်းမှ ကွဲပြားခြားနားမှုများ”ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ ရှေးရိုးစွဲဝါဒီတွေနဲ့ ခေတ်ဆန်းဝါဒီတွေအားပြိုင်နေကြပါတယ်။ ရှေးရိုးစွဲနဲ့၊ ခေတ်ဆန်းဝါဒီတွေဟာ အချင်းချင်းအားမလိုအားမရဖြစ်မှုတွေ ရှိနေကြပါတယ်။ ရှေးရိုးစွဲတွေက ခေတ်နောက် ပြန်ဆွဲပြီး၊ အစ္စလာမ်ကို လွန်ခဲ့တဲ့ (၇)ရာစု၊ (၈)ရာစု ပုံစံအတိုင်းကျင့်သုံးနေကြသူများဖြစ်တယ်လို့ ခေတ်ဆန်း ၀ါဒီတွေက စွပ်စွဲနေကြသလို ခေတ်ဆန်းဝါဒီတွေကိုလည်း ရှေးရိုးစွဲဝါဒီတွေက အနောက်နိုင်ငံများကို အားကျ၊ အတုခိုးနေကြသူတွေလို့ မြင်နေ ကြတာတွေ့ရပါတယ်။
ရှေးရိုးစွဲဝါဒီတွေက (၇)ရာစုပုံစံအတိုင်း အစ္စလာမ်ကို ကြီးမားတဲ့သြဇာအာဏာအဖြစ် ရှုမြင်ကျင့်သုံးနေတာ ပါ။ အဲဒီခေတ်ကာလဆိုတာက တိုင်းနိုင်ငံတွေရဲ့နယ်နိမိတ်တွေဟာ အခုလိုအတည်တကျမရှိသေးတဲ့ အခါသမယ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံရဲ့နယ်နိမိတ်ကို သတ်မှတ်နိုင်ဖို့ ကမ္ဘာအ၀ှမ်းမှာရှိတဲ့ လူမျိုးစုတွေအားလုံးဟာ ရုန်းကန် ကြိုးပမ်းနေတဲ့ အခါသမယလည်းဖြစ်ပါတယ်။ ကမ္ဘာပြည်သူများဟာ လူမျိုးနွယ်တွေကို စုစည်းပြီးယူဝါဒတွေကို အခြေခံတဲ့တိုင်းနိုင်ငံတွေကိုတည်ထောင်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြပါတယ်။ အဲဒီလိုရုန်းကန်လှုပ်ရှားမှုတွေဟာ ကျွန်တော်တို့ ၂၀ ရာစုအထိ ကြာမြင့်ခဲ့ပါတယ်။ အဲဒီလိုနယ်နိမိတ်တွေသတ်မှတ်ဖို့ နယ်မြေတွေကို လုကြရင်းနဲ့ ၂၀ ရာစုအတွင်းမှာ ကမ္ဘာစစ်ကြီးနှစ်ကြိမ်တိုင်ဖြစ်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ဆိုပြီး သမိုင်းတွင်ခဲ့ပါ တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ နယ်နိမိတ်တည်တည်တံ့တံ့နဲ့ တိုင်းနိုင်ငံအသီးသီးပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် AD၊ AD မတိုင်ခင် BC ခေတ်ကတော့ အင်ပါယာတွေမရှိသေးပါဘူး။ အဲဒီအင်ပါယာခေတ်က နယ်နိမိတ်တွေအတိုင်းလည်း ဘယ်နိုင်ငံမှ မရှိတော့ပါဘူး။
အဲဒီအင်ပါယာတွေထဲမှာ ထင်ရှားတဲ့ အင်ပါယာတွေကတော့ ဟိန္ဒူဝါဒကိုအခြေခံတဲ့ အိန္ဒိယအင်ပါယာတွေ ဗုဒ္ဓ၀ါဒကို အခြေခံတဲ့ အိန္ဒိယအာသောကမင်းကြီးရဲ့အင်ပါယာတွေ၊ ခရစ်ယာန်အင်ပါယာတွေ (ဥပမာ ရောမနဲ့ ဗိုင်ဇန်တိုင်အင်ပါယာ) အစ္စလာမ်အင်ပါယာတွေ၊ (အိုမိုင်ယာအင်ပါယာ၊ အဘာစီအင်ပါယာ၊ အော်တိုမန်အင်ပါယာ ဆိုပြီး) ပေါ်ထွန်းခဲ့ပါတယ်။ ဒီအင်ပါယာကြီးတွေဟာ နှစ်အတန်ကြာတည်တံ့ခဲ့ပေမယ့် အခုတော့ ဒီအင်ပါယာကြီး တွေ မရှိတော့ပါဘူး။ အစ္စလာမ်ကလည်း သြဇာအာဏာကြီးမားတဲ့ အင်ပါယာကြီးတစ်ခုက ပိုင်ဆိုင်တဲ့ အယူဝါဒမဟုတ်တော့ဘဲ ကမ္ဘာအနှံ့က နိုင်ငံအများအပြားက လက်ခံကျင့်သုံးနေတဲ့ အယူဝါဒ၊ အယူဝါဒပေါင်းစုံထဲက အယူဝါဒတစ်ခုသာဖြစ်တယ်ဆိုတာကို လက်ခံရပါမယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ တိုင်းနိုင်ငံတွေအမြောက်အများပေါ် ထွန်းခဲ့ပေမယ့် တစ်နိုင်ငံ ခြင်း မရပ်တည်နိုင်ခဲ့ဘဲ၊ အရင်းရှင်အုပ်စုနဲ့ ကွန်မြူနစ်ဆိုတဲ့အုပ်စုတွေဖွဲ့ပြီး အားပြိုင်ခဲ့ပါတယ်။ အခုဆိုရင် ကွန်မြူနစ် စနစ်ကပြိုလဲပြီး၊ အရင်းရှင်စနစ်ထဲမှာလည်း ပြုပြင်ပြောင်းလဲမှုတွေကျင့်သုံးနေကြပါ တယ်။
အခုကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့အာဏာရှင်အုပ်စုဆိုပြီး အုပ်စုခွဲလို့ရပါတယ်။ အာဏာရှင်အုပ်စုလား၊ ဒီမိုက ရေစီအုပ်စုလားဆိုတာ ခွဲခြားပြီး ကမ္ဘာ့ဒေသအလိုက်အုပ်စုတွေဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအုပ်စုကတော့ ဥရောပ သမဂ္ဂ၊ နေတိုး၊ အာဆီယံ၊ အာဖရိကသမဂ္ဂ စတဲ့အုပ်စုမှာတွေပါဝင်တဲ့ နိုင်ငံတွေရှိနေပါတယ်။ ကျွန်တော်ပြောချင်တာက နိုင်ငံ တစ်နိုင်ငံဟာ အခုလို တစ်ကမ္ဘာလုံးဆက်နွယ်နေတဲ့ကာလမှာ နိုင်ငံတစ်နိုင်ငံချင်း သီးခြားရပ်တည်လို့မရဘူးဆိုတာ ကို ကျွန်တော်တို့ခန့်မှန်းနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံချင်း မရပ်တည်နိုင်သလို နိုင်ငံတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစည်းညီညွတ်တဲ့ တိုင်းပြည်တွေဟာ ဖွံ့ဖြိုးတိုးတက်ပြီးတော့၊ လူမျိုးစွဲ၊ ဘာသာစွဲကျင့်သုံးတဲ့ နိုင်ငံ တွေဟာ အာဏာရှင်တွေကြီးစိုးပြီးတော့ ပြည်သူတွေဟာ အဖိနှိပ်ခံဘ၀ဖြစ်နေကြတာကို လေ့လာတွေ့ရှိရပါတယ်။ ဒီမိုကရေစီအုပ်စုနဲ့ အာဏာရှင်အုပ်စုတွေမှာ၊ အာဏာရှင်တွေဟာ ရှေးရိုးစွဲတွေဖြစ်နေပြီးတော့ ဒီမိုကရေစီနိုင်ငံတွေ ဟာ ကမ္ဘာကြီးနဲ့သဟဇာတဖြစ်စွာနေထိုင်နိုင်အောင် ကြိုးစားဆောင်ရွက်နေကြပါတယ်။
ကျွန်တော်တို့ အစ္စလာမ်လူ့အဖွဲ့အစည်းဝင်တွေကို ကြည့်ပြန်ရင်လည်း အိန္ဒိယ၊ ပါကစ္စတန်၊ ယဉ်ကျေးမှုကို ဖက်တွယ်ထားတဲ့ လူတွေနဲ့မြန်မာယဉ်ကျေးမှုနဲ့ လိုက်လျောညီထွေဖြစ်အောင်နေထိုင်ကြသူတွေလို့ ကွဲပြားခြားနား ပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်ယဉ်ကျေးမှုကို တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ ဓလေ့ထုံးတမ်းစွန္နသ်တော်တွေလို့ မှတ်ယူပြီးလိုက်နာကျင့်သုံးတဲ့ လူတွေကမြန်မာနိုင်ငံသား တခြားမွတ်ဆလင်မ်တွေကို တမန်တော်မြတ်ရဲ့ဓလေ့ ထုံးတမ်းစွန္နသ်တော်တွေကို မထီမဲ့မြင်ပြုနေကြသူများလို့ စွပ်စွဲပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့သဟဇာတဖြစ်အောင် နေထိုင်ကြသူတွေကလည်း တခြားမွတ်ဆလင်မ်တွေကို အယူသီးသူများအဖြစ် မြင်နေကြပါတယ်။ တိုင်းတပါး ယဉ်ကျေးမှုကို ကျင့်သုံးတဲ့ မွတ်ဆလင်မ်တွေကို ညွှန်ပြပြီးတော့ တချို့အစ္စလာမ်မုန်းတီးရေးသမားတွေက ငါတို့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ၀ါးမြိုကြမယ့်သူများဖြစ်တယ်လို့ အမြင်စောင်းနေကြပါတယ်။
ကျွန်တော်တို့ မွတ်ဆလင်မ်တွေဟာ မုတ်ဆိတ်ဖွားဖွားနဲ့ မွတ်ဆလင်မ်ပဲဖြစ်ဖြစ်၊ တိုက်ပုံအင်္ကျီကိုမြတ်နိုးစွာ နဲ့ဝတ်ဆင်ထားတဲ့ မွတ်ဆလင်မ်တွေဘဲဖြစ်ဖြစ် မိမိနေထိုင်ရာနိုင်ငံတော်ကို ချစ်မြတ်နိုးခြင်းဟာ ယုံကြည်ချက် (အီမာန်)ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ခံယူထားကြသူများဘဲဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်ရေးမရခင် ဘုရင်ခေတ် ကတည်းကနေထိုင်ခဲ့ကြတဲ့ မွတ်ဆလင်မ်တွေ၊ ကိုလိုနီခေတ်ကနေထိုင်ခဲ့ကြတဲ့ မွတ်ဆလင်မ်တွေ၊ လွတ်လပ်ရေး ရပြီးနေထိုင်ခဲ့ကြတဲ့ မွတ်ဆလင်မ်တွေ၊ တိုင်းကျိုးပြည်ကျိုးဆောင်တဲ့မွတ်ဆလင်မ်တွေကို ကြည့်ရင် ဒီလိုခံယူချက်ရှိ တယ်ဆိုတာ ထင်ရှားပါတယ်။ ဘယ်အယူဝါဒမှာမဆို ဂိုဏ်းဂဏခွဲတွေရှိပါတယ်။ အယူဝါဒတစ်ရပ်ဟာ လူတော်တော်များများ ယုံကြည်သက်ဝင်နေပြီဆိုရင် အဲဒီအယူဝါဒနဲ့ ပတ်သက်ပြီးကောင်းသထက်ကောင်းအောင် လုပ်ရင်းနဲ့ ဂိုဏ်းခွဲတွေအများကြီးပေါ်လာစမြဲပဲဖြစ်ပါတယ်။ အစ္စလာမ် မှာလည်း သဘောထားမတူတဲ့အုပ်စုတွေ ပေါ်ပေါက်လာပြီးတော့ ဂိုဏ်းဂဏတွေ (ဥပမာ စွန္နီ၊ ရှီအာ)ဖြစ်လာရပါ တယ်။ ပြောရရင် ကမ္ဘာမှာပွင့်လေပြီးသမျှသော နဗီတမန်တော်တွေဟာ မွတ်ဆလင်မ်များဖြစ်ကြပါတယ်။ သူတို့ အားလုံးဟာ အစ္စလာမ်ရဲ့အဆောက်အဦးကြီးကို တဖြည်းဖြည်းချင်း တည်ဆောက်ပြီးတော့၊ နောက်ဆုံးတမန်တော် မုဟမ္မဒ်(ဆွ)လက်ထက်မှာ အစ္စလာမ်ရဲ့အဆောက်အအုံဟာ ပြီးပြည့်စုံတဲ့ အဆောက်အဦးဖြစ်ပြီးတော့ အစ္စလာမ်ရဲ့လမ်းစဉ်ဟာ ပြီးပြည့်စုံတဲ့လမ်းစဉ်ဖြစ်လာခဲ့တာပါ။
တမန်တော် အီဗရာဟင်မ်လက်ထက်မှာ အစ္စလာမ်အဆောက်အဦးကြီးဟာ အကြမ်းထည်အဖြစ် ပုံဖော်စ ပြုနေပါပြီ။ တမန်တော် အီဗရာဟင်မ်(အ)တို့ မိသားစုဟာ ကအ်ဗာဟ်ကျောင်းတော်ကို ပြန်လည်ဖော်ထုတ်ပြီးတော့ မက္ကဟ်မြို့ ကို ထူထောင်ခဲ့ကြသူများဖြစ်ပါတယ်။ တမန်တောတ်အီဗရာဟင်မ်(အ)က ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အသွေးအရောင် မျိုးစုံနဲ့ လူသားတွေကို ဟဂ်ျပြုဖို့ မက္ကာဟ်မြို့ကို ဖိတ်ခေါ်လိုက်ခြင်းဖြင့် Globalization ရဲ့ အုတ်မြစ်ကို ချပေးခဲ့သူဖြစ် ပါတယ်။ ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းကပါ။ Globalization ဖြစ်ဖို့ဆိုတာလွန်ခဲ့တဲ့ ၁၀ နှစ်၊ နှစ် ၁၀၀လောက်ကမှ အစပြု ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ နှစ်ထောင်နဲ့ချီပြီး အရှိန်ယူလာခဲ့တာပါ။ တမန်တော်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် ဒီကနေ့ဆိုရင် ကမ္ဘာအ၀ှမ်းကလူမျိုးနွယ်အသီးသီး ဟာ မက္ကာဟ်မှာ သတ်မှတ်ရက်အတွင်းစုရုံးပြီး ကျင့်စဉ်ကျင့်ရပ်များကို ညီညာဖြဖြ ကျင့်သုံးနေတာကို ကြည်နူးပီတိဖြစ်စွာ တွေ့ရမှာဖြစ်ပါတယ်။
တမန်တော် အီဗရာဟင်မ်(အ)ဟာ သားတော် အစ္စမာအီလ်(အ)နဲ့ သားတော် အိစ်ဟာက်(အ)နှစ်ယောက် ကိုဖွားမြင်ခဲ့ပါတယ်။ တမန်တော် အိစ်ဟာက်(အ)ရဲ့မျိုးနွယ်အဆက်ဆက်ကနေ အစ္စရေးလူမျိုးတွေပေါ်ပေါက်လာ ပြီး၊ တမန်တော် အိစ္စမာအီလ်(အ)မျိုးနွယ်ဆက်ထဲကနေ အရဗ်လူမျိုးတွေပေါ်ထွန်းလာခဲ့ကြတယ်။ အစ္စရေးလူမျိုး တွေထဲမှာ တမန်တော်တွေ ဆက်တိုက်ပွင့်ပေါ်ခဲ့ပြီး အစ္စရာအီလ်မျိုးနွယ်အနေနဲ့ မြို့ပြယဉ်ကျေးမှုတွေကို ထူထောင် နေခဲ့ကြတယ်။ ဒီအချိန်အခါမှာအရဗ်တွေဟာ ကန္တာရထဲမှာ လှည့်လည်နေထိုင်ရင်းနဲ့ အရဗီစာပေဖွံဖြိုးတိုးတက် အောင် ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ အစ္စရေးတွေမြို့ပြယဉ်ကျေးမှု ထူထောင်နေတဲ့အချိန်မှာ အရဗ်တွေရဲ့ စာပေဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်ယူနေရတဲ့အခါသမယဖြစ်တယ်။ တမန်တော်တွေ မြောက်များစွာ ပွင့်ပေါ်စေခဲ့ပြီး မြို့ပြ တွေထူထောင်ခဲ့တဲ့ အစ္စရေးတွေဟာ သူတို့ကိုယ်သူတို့ မာန်တက်ပြီး ငါတို့ဟာဘုရားသခင်ရွေးချယ်တဲ့ လူမျိုး (Chosing People) ဆိုပြီး မှတ်ယူပြီးနောက် တမန်တော်ပွင့်ရင် ငါတို့ထဲကပဲပွင့်လိမ့်မှာဖြစ်တယ်။ အခြားအုပ်စုမျိုးနွယ်တွေ ထဲက ပွင့်မှာမဟုတ်ဘူးလို့ မှားယွင်းစွာခံယူ မှတ်ယူခဲ့ကြတယ်။
ဒါကြောင့်ဘဲ အရဗ်လူမျိုးထဲက တမန်တော်မုဟမ္မဒ်(ဆွ)ပွင့်ပေါ်လာတဲ့အခါ သူတို့လက်မခံနိုင်ဖြစ်ရပါ တယ်။ ကမ္ဘာဦးအစ အာဒမ်မျိုးနွယ်တွေကို စတင်ပြုစုပျိုးထောင်ခဲ့တဲ့အခါမှာ အဒမ်မျိုးနွယ်တွေဟာ မိမိတို့မျိုးနွယ်စု ရဲ့ သြဇာအာဏာကိုထူထောင်ခြင်းအပင်က အသီးအပွင့်တွေကို စားမိကြလို့ ကမ္ဘာမြေပေါ်မှာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှုတွေ၊ သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ကြပါတယ်။ အရဗ်နဲ့အစ္စရေးတွေဟာလည်း တမန်တော် အီဗရာဟင်မ်(အ)ကနေ ဆင်းသက်လာတဲ့ အဆက်အနွယ်တွေဖြစ်ကြပေမယ့် မိမိတို့မျိုးနွယ်စုရဲ့ သြဇာအာဏာကို ထူထောင်ဖို့ တည်တံ့ခိုင်မြဲဖို့ဆိုပြီး တိုက်ခိုက်သတ်ဖြတ်နေကြတာဟာ ဒီကနေ့ထိတိုင်ဖြစ်ပါတယ်။ ကျမ်းမြတ် ကုရ်အာန်ဟာ ပြီးပြည့်စုံတဲ့ အစ္စလာမ်ကိုချမှတ်ပေးခဲ့တဲ့ ကျမ်းဂန်ဖြစ်ပါတယ်။ ဒီကျမ်းမြတ်ကုရ်အာန်ရဲ့ စာပေဟာ အရဗီစာပေဖြစ်ပါတယ်။ အရဗီစာပေကို အလ္လာဟ်အရှင်မြတ်က ရည်ရွယ်ချက်ရှိရှိ စာပေကြီးတစ်ရပ်အသွင်နဲ့ အရဗ်တွေအတွင်းမှာ ခိုင်ခန့်တည်မြဲစွာ ပြုစုပျိုးထောင်ခဲ့တာဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ပထမဦးဆုံးပရိသတ်ဟာ အရဗ်တွေပဲဖြစ်ပါတယ်။ စာပေအရာမှာ အမြင့်ဆုံးဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ကို အရဗီစာပေနဲ့ချပေးလိုက်တဲ့အခါမှာ အရဗီစာပေ ပါရဂူများဖြစ်ကြတဲ့ အရဗ်တွေဟာ ကုရ်အာန်ကို သူတို့ကျွမ်းကျင်တဲ့ အရဗ်စာပေထဲမှာ ဖွဲ့ဆိုမှု၊ အမြင့်မြတ်ဆုံးအဖြစ်သတ်မှတ်ခဲ့ရတာပါ။ ဒီတစ်ချက်တည်းနဲ့တင် တမန်တော်မုဟမ္မဒ်(ဆွ)ဟာ အလ္လာဟ်တမန်တော်ဖြစ်တယ်ဆိုပြီး ယုံကြည်ခဲ့တဲ့သူတွေပါ။
တမန်တော်အနေနဲ့ အစ္စလာမ်ကို စတင်ဖြန့်ချိတဲ့အခါ သူ့ရဲ့ဇာတိဖြစ်တဲ့ မက္ကာဟ်မြို့က အရဗ်တွေ၊ အထူး သဖြင့် တမန်တော်ရဲ့ ဆွေတော်မျိုးတော်တေက တမန်တော်မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်ရဲ့တမန်တော်တစ်ပါးအဖြစ် လက်မခံပဲ အမျိုးမျိုးအဖုံဖုံ တိုက်ခိုက်ရန်မူခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုရ်အာန်ရဲ့စာပေအရေးအသားဟာ အင်မတန်ပြောင်မြောက်လွန်းတော့ အရဗ်တွေက အစ္စလာမ်လက်ခံလိုက်မယ်ဆိုရင် သူတို့ရဲ့စီးပွားရေးတွေ၊ သြဇာအာဏာတွေ ကျဆင်းဆုတ်ယုတ်သွားမှာကို သိရှိပြီး လက်မခံနိုင်ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့် တမန်တော်ဟာ သူ့ကိုလက်မခံတဲ့ မက္ကာဟ်မြို့ကိုခေတ္တစွန့်ခွာပြီး မဒီနာမြို့သို့ပြောင်းရွှေ့ခဲ့ပါတယ်။ မဒီနာမြို့မှာတမန်တော်ဟာ အစ္စလာမ်လူ့အဖွဲ့ အစည်းကို ထူထောင်ခဲ့ပါတယ်။ အဲဒီလိုပြောင်းရွှေ့ခြင်းကို ဟစ်ဂျရသ်လို့ခေါ်ပြီးတော့ ပြောင်းရွှေ့သွားသူများကို မူဟာဂျီရ်လို့ခေါ်ပါတယ်။ ပြောင်းရွှေ့လာကြသူများဖြစ်တဲ့ မူဟာဂျီရ်များကို မဒီနာမြို့ပေါ်ရှိ ကူညီပေးသူများကို အန်ဆွာရ်လို့ခေါ်ပါတယ်။
မူဟာဂျီရ်နဲ့ အန်ဆွာတို့ဟာ စည်းလုံးညီညွတ်စွာနဲ့ အစ္စလာမ်ရဲ့အပြီးသတ် အဆောက်အအုံကြီးကို ပြီးပြည့် စုံစွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ဒါက တမန်တော်ရှိစဉ် အခါပေါ့။ တမန်တော် ကွယ်လွန် ၀ဖားသ်ဖြစ်ပြီးနောက်ပိုင်းမှာ တော့ ကြီးထွားကျယ်ပြန့်လာနေတဲ့ အစ္စလာမ်အင်ပါယာကြီးကို ထိန်းသိမ်းစီမံခန့်ခွဲ၊ အုပ်ချုပ်မယ့်ကိစ္စမှာ မူဟာဂျီရ် နဲ့ အန်ဆွာရီတို့ဟာ သဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါပေမယ့် သမ္မတရာထူးကို အဗူဘက္ကရ်(ရ)ကို အပ်နှင်းလိုက် တဲ့အခါ အဗူဘက္ကရ်ရဲ့စွမ်းဆောင်ရည်ကြောင့် အန်ဆွာရ်နဲ့ မူဟာဂျီရ်တို့ရဲ့သြဇာအာဏာရယူမှုဟာ ငြိမ်သက်သွားခဲ့ ပြီး၊ ဟဇရသ်အုမရ်(ရ)ဆက်ခံတဲ့အခါ အုမရ်(ရ)ရဲ့(ဘီလ်ကစ်)သီလ သမာဓိ စွမ်းဆောင်ရည်တို့ကြောင့် အန်ဆွာရီနဲ့ မူဟာဂျီရ်တို့ရဲ့ပြဿနာရပ်တွေဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီခလီဖွာကြီးနှစ်ဦးရဲ့ လက်ထက်မှာ အစ္စလာမ်ဟာ ပါရှန်း၊ ဆီးရီးယားတို့အထိ ပြန့်နှံ့ပြီး တဖြည်းဖြည်းကျယ်ပြန့် လာခဲ့ပါတယ်။
အဲဒီအချိန်မှာ ဒုတိယမြောက်သမ္မတကြီး အုမရ်ကို ပါရှန်းတွေက လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ အဲဒီ နောက် သမ္မတရာထူးကို အွစ္စမာန်(ရ)က ဆက်ခံတယ်။ အွစ္စမာန်(ရ)လက်ထက်ကနေစပြီးတော့ ကြီးမားကျယ်ပြန့် လှတဲ့ အစ္စလာမ်အင်ပါယာကြီးထဲမှာ မြေယာပြဿနာတွေ ပေါ်ပေါက်လာတယ်။ သြဇာအာဏ်ရှိတဲ့လူတွေက မြေတွေသိမ်း၊ ငွေကြေးဥစ္စာရှိတဲ့လူတွေက မြေတွေဝယ်၊ တကယ်အလုပ်လုပ်နေကြတဲ့ စစ်သည်တော်တွေ အလုပ် သမားလူတန်းစားတွေ၊ လက်လုပ်လက်စားတွေ ဆင်းရဲနွမ်းပါးနေကြတယ်။ အဲဒီလိုကနေ ပြဿနာတွေတက်လာ ပြီး ဆူပူအုံကြွမှုတွေဖြစ်လာတဲ့အတွက် သမ္မတကြီးအွစ္စမာန်(ရ)ဟာ သူ့ရဲ့မျိုးနွယ်လည်းဖြစ် အုပ်ချုပ်ရေးကျွမ်းကျင် သူတွေလည်းဖြစ်တဲ့ အူမိုင်ယာမျိုးနွယ်တွေကို အရေးပါတဲ့ရာထူးနေရာတွေမှာ ခန့်အပ်တာဝန်ပေးခဲ့တယ်။ သူတို့ ဟာ အုပ်ချုပ်ရေးကျွမ်းကျင်ပါသော်လည်း တစ်ဖက်က ကူရိုက်ရှ်လူမျိုးကြီးဝါဒကို ရှေ့တန်းတင်လာကြတယ်။ မွတ်ဆလင်မ်ဖြစ်ရုံသာမက ကူရိုက်ရှ်လည်းဖြစ်မည်။ ဒါမှ မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ်တွေ တစ်စတစ်စ ၀င်လာတဲ့အခါကျတော့ အီရတ်၊ ဆီးရီးယား၊ ပါရှန်းနဲ့ အခြားန်ာပယ်ဒေသက လူတွေက မကျေနပ်မှုတွေတိုးပွားလာ ခဲ့ပါတယ်။ အုပ်ချုပ်ရေးအပိုင်းမှာလည်း အပြောင်းအရွှေ့မကြာခဏလုပ်ပေးပေမယ့် မကျေနပ်မှုက ပျောက်ကွယ် မသွားပါဘူး။
နောက်ဆုံး ကူဖာ၊ အီရတ်စတဲ့ နယ်ပယ်အသီးသီးက လူတွေဟာသမ္မတကြီး အွစ္စမာန်(ရ) ရုံးစိုက်ရာ မဒီနာမြို့ကိုလာရောက် ၀ိုင်းထားခဲ့ကြတယ်။ တစ်ရက် နှစ်ရက်ဝိုင်းတာမျိုးမဟုတ်ပဲ ရက်ပေါင်း(၄၀)တိုင်ဝိုင်းထားခဲ့ ကြတယ်။ ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုကြပါတယ်။ သမ္မတအွစ္စမာန်(ရ)က သဘောထားပျော့ပြောင်း လွန်းတော့ ပြဿနာတွေက မပြေလည်ခဲ့ပါဘူး။ ဒီအချိန်မှာ သမ္မတကြီးကို ကယ်တင်ဖို့စစ်တပ်ကြီးတွေ လာနေပြီဆိုတဲ့ ကောလဟာလတွေပါ ပြန့်နှံ့ခဲ့ပြီး သမ္မတအွစ္စမာန်(ရ) ဟာ အသတ်ခံရပါတော့တယ်။ ဒီလိုဝိုင်းထားတဲ့အခါမှာ စစ်သည်အင်အားကောင်းတာက ဆီးရီးယားမှာရှိတဲ့ မူအာဝေရာဖြစ်ပါတယ်။ သူတို့ကဘာမှ လုပ်တာမဟုတ်ဘဲနဲ့ပွဲထိုင်ကြည့်နေကြတယ်။ သူ့မှာလည်းရည်ရွယ်ချက်ရှိ မှာပါ။ လုပ်ကြံတဲ့သူတွေထဲမှာ အဘူဘကရ်(ရ)သားတော်တောင် ပါဝင်တယ်လို့ ဆိုကြတယ်။ အဲဒီလူတွေကပဲ အလီ(ရ)ကို မဒီနာကလူတွေနဲ့ပေါင်းကြီး သမ္မတရာထူးကိုပေးလိုက်ကြပါတယ်။
ဟဇရသ်အလီ(ရ) သမ္မတရာထူးလက်ခံပြီးတဲ့နောက် မူအာဝေယာကို ရာထူးကနေဖယ်ရှားဖို့ ကြိုးစားခဲ့ ပေမယ့် မအောင်မြင့်ခဲ့ပါဘူး။ အဲဒီိအပြင်မူအာဝေယာက အွစ္စမာန်(ရ)ကိုလုပ်ကြံခဲ့တဲ့ လူတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတယ်။ လုပ်ကြံဝါဒဖြန့်မှုတွေ၊ မမှန်မကန်သတင်းတွေနဲ့ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးနေချိန်၊ နိုင်ငံရေး ပရိယာယ်ကြွယ်ဝတဲ့ မူအာဝေယာက သူ့နေရာကို အစားထိုးဝင်ရောက်မယ့် လူကိုလမ်းခုလတ်ကနေ ခြိမ်းခြောက် ပြီး ပြန်လွှတ်လိုက်တယ်။ အွစ္စမာန်(ရ)လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး မူအာဝေယာက အွစ္စမာန်(ရ)လုပ်ကြံခံရစဉ်က ၀တ်ဆင်ထားတဲ့ သွေးစွန်းအင်္ကျီ၊ အွစ္စမာန်(ရ)ရဲ့ဇနီးသည်ရဲ့ဖြတ်ခံထားရတဲ့ လက်ချောင်းလေးတွေကိုပြပြီး ပြည်သူ တွေကိုစည်းရုံးခဲ့တယ်။ ဒီကိစ္စမှာ အလီ(ရ)သခင်ပါပါတယ်လို့ ၀ါဒဖြန့်တယ်။ ဆီးရီးယားပြည်သူတွေက မူအာဝေ ယာဘက်ကို ပါကြတယ်။ နောက်ဆုံး မုဟမ္မဒ်(ဆ)ရဲ့ ကြင်ယာတော် အာအေရှာ(ရ-အ)တော်မှ အလီ(ရ)ကို အထင် လွဲခဲ့ပါတယ်။
ဒီကိစ္စတွေအားလုံးကို နိုင်ငံရေးတည်ငြိမ်သွားရင် ဖြေရှင်းပေးပါမယ်လို့ အလီ(ရ)က ပြောပေမယ့် တစ်ဖက် က လက်မခံဘဲ၊ နောက်ဆုံးအာအေရှာ(ရ.အ)က စတင်ပြီး စစ်ပွဲဆင်နွှဲခဲ့တယ်။ အစ္စလာမ်သမိုင်းမှာ ကုလားအုပ် စစ်ပွဲဆိုပြီးထင်ရှားပါတယ်။ စစ်ပွဲမှာ အာအေရှာ(ရ.အ)ဘက်က စစ်ရှုံးပြီးသမ္မတအလီ(ရ)က အရေးမယူပေမယ့် လည်း၊ နှစ်ဖက်စစ်ပွဲမှာပါဝင်တဲ့ ဆွဟာဗာများစွာရဲ့ အသက်တွေစတေးခဲ့ရပါတယ်။ မူအာဝေယာကလည်း စစ်တိုက်ခဲ့တယ်။ စစ်ပွဲမှာ မုအာဝေယာဘက်က စစ်ရေးနိမ့်ပါးလာတဲ့အခါ ညှိနှိုင်းတောင်းဆိုလာပါတော့တယ်။ ညှိနှိုင်းလို့မလိုဘူး။ မူအာဝေယာဟာ ကောက်ကျစ်သူတစ်ဦးလို့တင်ပြပေ မယ့် အလီ(ရ)က လက်မခံဘဲ၊ မွတ်ဆလင်မ်တွေသွေးမြေမကျစေရဘူးလို့ပြောပြီး ညှိနှိုင်းမှုကိုလက်ခံခဲ့တယ်။ ဒါပေမယ့်ညှိနှိုင်းမှုမလုပ်ပါနဲ့လို့ ပြောသလိုပဲ နောက်ဆုံးဟဇရသ်အလီ(ရ)ခေလာဖသ်ရာထူးကို စွန့်လွှတ်ခဲ့ရတယ်။ ကြားထဲက ညှိနှိုင်းပေးတဲ့လူတွေလည်း တပ်ခေါက်ရတယ်။ ကြားထဲကမကျေနပ်တဲ့လူတွေက ဟဇရသ်အလီ(ရ) လည်းမကောင်းဘူး။ မူအာဝေယာလည်း ယုတ်မာကောက်ကျစ်သူဖြစ်တယ်။ ဒါကြောင့်သူတို့နှစ်ယောက်လုံးကို သတ်ရမယ်လို့ ပြောလာတဲ့အုပ်စုပေါ်လာတယ်။
ဒါဟာ ပထမဦးဆုံး အစ္စလာမ့်အသိုင်းအ၀ိုင်းထဲကနေ ဂိုဏ်းခွဲတစ်ခုပေါ်ပေါက်လာခြင်းဖြစ်တယ်။ ခါရေဂျီးန်လို့ အမည်တွင်ပါတယ်။ ဒါက တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ နောက်ပိုင်း ပထမဦးဆုံးခွဲထွက်ခဲ့တဲ့အုပ်စုဖြစ် ပါတယ်။ ခါရေဂျီးန်တို့ဟာ ယုံကြည်ချက်ကို လုံးဝအတိမ်းအစောင်းမခံတဲ့အုပ်စုဖြစ်ပါတယ်။ လိမ်လည်ပြောဆို လိုက်တာနဲ့၊ အရက်သေစာ သောက်စားလိုက်တာနဲ့ မိစ္ဆာဒိဌိဖြစ်သွားပြီး၊ ပြစ်ဒဏ်အနေနဲ့ သေဒဏ်ပေးရမယ်ဆိုတဲ့ အထိ အယူအဆပြင်းထန်သူတွေဖြစ်ကြတယ်။ ခါရေဂျီးန်တို့ဟာ သူတို့ကလွဲရင် ကျန်တဲ့လူတွေဟာ မွတ်ဆလင်မ် မဟုတ်၊ အတုအယောင်တွေဖြစ်တယ်။ မုနာဖစ်က်တွေဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ထစ်ကနဲဆို သတ်၊ ထစ်ကနဲဆို သတ်လုပ်နေရင်း အစ္စလာမ်အင်အားတွေကို ယုတ်လျော့အောင်လုပ်ခဲ့ကြတယ်။ ဒါက ပထမဦးဆုံး ခွဲထွက်သွားကြသူတွေရဲ့ သမိုင်းဖြစ်ပါတယ်။ သူတို့က ဟဇရသ်အလီ(ရ)နဲ့မူအာဝေယာကို သတ်ရမယ်လို့ပြောပြီး လုပ်ကြံခဲ့တဲ့အတွက် ဟဇရသ်အလီ(ရ)ဟာ ဓါးဒဏ်ရာရပြီး (၃)ရက်အကြာမှာ ကွယ်လွန်သွားခဲ့တယ်။ မူအာဝေယာကတော့ ဓါးဒဏ်ရာရပေမယ့် အသက်မသေခဲ့ဘူး။ လွတ်မြောက်ခဲ့တယ်။ ဟဇရသ်အလီ(ရ) လုပ်ကြံခံ ရပြီးနောက် အလီဘက်တော်သားများဆိုပြီး ရှီအာအလီဂိုဏ်းပေါ်ပေါက်လာတယ်။ ဒါဟာ အစ္စလာမ်ထဲကနေ ပေါ်ပေါက်လာခဲ့တဲ့ ဒုတိယဂိုဏ်းဖြစ်ပါတယ်။ ရှီအာအုပ်စုဟာ ယခုတိုင်ကမ္ဘာမှာရှိနေဆဲဖြစ်တယ်။ ခါရေဂျီးန်တွေ က အိုမာန်နဲ့ဇမ်ဘီယာမှာ အနည်းငယ်ရှိပါသေးတယ်။ ဒါပေမယ့်သူတို့တွေက အရင်ကလောက်အယူအဆ မပြင်း ထန်တော့ပါဘူး။ အယူသီးမှုတွေ နည်းနည်းလျော့သွားပါတယ်။ ဒီလိုနဲ့အုပ်စုတွေပေါ်လာတော့ တစ်ဖက်ကလည်း ငါတို့သည် စွန္နသ်တော်တွေအတိုင်းကျင့်သုံးသူတွေ၊ နောက် အဟ်လေဗိုက်သ်အိမ်တော်သူ အိမ်တော်သားတွေဆို ပြီး ခွဲထွက်မှုတွေကို ဖြစ်လာကြတယ်။
အဲဒီအုပ်စုမှာမှ ဘယ်သူ့ကိုမှ ဝေဖန်ခြင်းမရှိတဲ့အုပ်စုတစ်စုပေါ်လာတယ်။ သူတို့ကမွတ်ဆလင်မ်တွေ သွေး မြေကျတာမကောင်းပါဘူး။ အလ္လာဟ်နဲ့တမန်တော်ကို ယုံကြည်တဲ့လူတိုင်းဟာ မွတ်ဆလင်မ်ဖြစ်တယ်။ မုအ်မင်န် ဖြစ်နိုင်တယ်။ သောင်ဟီးဒ်ကိုဆောင်ပြီးတော့ ရှစ်ရ်က်ကိုရှောင်ရင် ဘယ်သူမဆိုမွတ်ဆလင်မ်ဖြစ်တယ်ဆိုပြီး ခံယူတဲ့ အုပ်စုဖြစ်တယ်။ သူတို့ကိုမူရ်ဂျီယာလို့ခေါ်တယ်။ မူရ်ဂျီယာအုပ်စုတွေထဲမှာ အီမာမ်ဟနီဖာသခင်ကြီးလည်းပါတယ်။ တကယ်တော့ ဒီကွဲလွဲချက်တွေဟာ နိုင်ငံရေးသြဇာအာဏာ လုယက်မှုကနေ ပေါက်ဖွားလာတာဖြစ်တယ်။ ဘာသာရေးအငြင်းပွားမှုကြောင့် ဖြစ်ပေါ်လာတာမဟုတ်ဆိုတာကို သေသေချာချာလေ့လာရင် ရိုးရိုးရှင်းရှင်းသိနိုင်ပါ တယ်။ ဗနီအာဒမ်ကို အလ္လာဟ်ကတားမြစ်ထားတဲ့အပင်ဖြစ်တဲ့ မိမိမျိုးနွယ်များရဲ့သြဇာအာဏ ဖက်တွယ်ထားမှု ကြောင့် ဂိုဏ်းဂနတွေပေါ်ပေါက်ခဲပြီးလူတွေရဲ့ အသက်၊ သွေး၊ ချွေးတွေမြေခခဲ့ရပါတယ်။ အာဒမ်အုပ်စုတွေ အလ္လာဟ်စည်းမျဉ်းဖောက်ဖျက်လိုက်တဲ့အခါ ဂျန္နသ်ပျောက်ပြီး၊ လူသားတွေကမ္ဘာမြေပေါ်မှာ တိုက်ခိုက်သတ်ဖြတ်ပြီး သွေးထွက်သံယိုမှုတွေဖြစ်ခဲ့ရတာပါ။ အလ္လာဟ်က မကပ်နဲ့ဆိုတဲ့ အပင်နားကို ကျွန်တော်တို့က အခုအထိကပ်နေကြဆဲဖြစ်တယ်။ မိမိနဲ့မိမိမျိုးနွယ်ကောင်းစားရေးကို မျက်ကန်း မျိုးချစ်စိတ်ဓါတ်နဲ့ လုပ်နေသမျှကာလပတ်လုံး ဒီလိုတိုက်ခိုက်မှုတွေ၊ သွေးထွက်သံယိုမှုတွေဟာ ကေယာမသ်နေ့အထိရှိနေဦးမှာပါ။
နောက်ပိုင်းမှာ ကျွန်တော်တို့ အုပ်စုကွဲ၊ ၀ါဒကွဲတွေက အမှန်အမှားငြင်းရင်း၊ ကိုယ်မှန်ကြောင်း သက်သေ ပြဖို့အတွက် တမန်တော်ခေတ်က မိန့်ဆိုခဲ့တာတွေ၊ နေထိုင်ပြုမူဆောင်ရွက်ခဲ့တာတွေ၊ သမိုင်းပြန်လှန်ကြရင်းနဲ့ ဖေကာဟ်တွေ၊ ဟဒီးစ်တွေပေါ်လာပါတယ်။ ရှီအာအုပ်စုတွေထဲမှာ အလ်ကာဖီဆိုတဲ့ကျမ်းကို လက်ကိုင်ပြုထား တယ်။ စွန္နီအုပ်စုကလည်း ဟနဖီ၊ ရှာဖီ၊ ဟမ်ဗလီ၊ မာလကီဆိုတဲ့ ကျောင်းတော်ဝါဒတွေကို လက်ကိုင်ပြုထားတယ်။ ဒီလိုနဲ့ လောကီနဲ့အာဏာကို ငြင်းခုံတပ်မက်ရင်း ပေါ်ပေါက်လာတဲ့ ကွဲလွဲမှုတွေကို ဘ၀င်မကျတဲ့အုပ်စုတွေက ဆူဖီ ကျင့်စဉ်ကို ကျင့်သုံးရင်းနဲ့ ဆူဖီဇင်ဝါဒပေါ်လာတယ်။ ဆူဖီဇင်ထဲမှာလည်း ကာဒရီယာ၊ နရှ်ဘန်ဒီယာစတဲ့ အဖွဲ့ ပေါင်းစုံရှိခဲ့ပါတယ်။ အိုမိုင်ယာမင်းဆက်ဟာ ဟဒီးစ်ကိုစုဆောင်းခဲ့ခြင်းဟာ အလီသခင်နဲ့မူအာဝေယာကြားမှာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ သက်သေပြဖို့စုဆောင်းရင်းနဲ့ အစ္စလာမ်လူ့အဖွဲ့အစည်း တည်ဆောက်ရေးမှာ ဒီဟဒီးစ်တွေနဲ့ ကျင့်သုံးတဲ့ဘက်ရောက်သွားတယ်။ နောက်ပိုင်းပေါ်ပေါက်တဲ့ ဂိုဏ်းတွေထဲမှာ ၀ဟာဘီဂိုဏ်း၊ အဟ်မဒီယာဂိုဏ်းတွေက ထင်ရှားပါတယ်။
ဝဟာဘီဝါဒဆိုတာ မွတ်ဆလင်မ်တွေဟာ စဦးအစ္စလာမ်ဝါဒကိုပြန်လည် ကျင့်သုံးလိုက်နာရေးပဲဖြစ်တယ်။ သူတို့ကိုစလ်ဖီလို့လဲခေါ်တယ်။ သူတို့ဟာ အဟ်လေဟဒီးစ်တွေနဲ့လည်း နီးစပ်တယ်။ ၀ဟာဘီဝါဒက AD ၁၇၀၀ လောက်က ပေါ်ပေါက်ခဲ့ပါတယ်။ အဟ်မဒီယာကတော့ အိန္ဒိယနိုင်ငံပန်ကျပ်ပြည်နယ်မှာ ကဒရီယာန်းနယ်သား မိရ်ဇာဂူလာမ်အဟ်မဒ်က သူ့ကိုသူမရှီဖြစ်တယ်။ မဟ်ဒီလည်းဖြစ်တယ်ဆိုပြီး စတင်ခဲ့တယ်။ ၁၈၇၉ ခု အိန္ဒိယ မှာ ပေါ်ပေါက်ခဲ့ပါတယ်။ ခရစ်တော်က လက်ဝါးကပ်တိုင်ကနေ လွတ်မြောက်ပြီး ကရှ်မီးယားဒေသ ကွယ်လွန်မြှုပ်နှံခဲ့ တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့ဟာ တမန်တော်မုဟမ္မဒ်(ဆွ)ကို နဗီပေါင်းချုပ်ရဲ့ မကိုဋ်သရဖူ ဖြစ်တယ်။ နောက်ထပ်အလ္လာဟ်ဝဟီထံက တိုက်ရိုက်ရတဲ့ မူဂျဒစ်တွေလည်းပေါ်လာဦးမယ်။ ဒီ မူဂျဒစ်သ်တွေအားလုံးဟာ တမန်တော်မုဟမ္မဒ်ရဲ့ လမ်းစဉ်အတိုင်းပဲ ကျင့်သုံးဆောင်ရွယ်ကြမယ်ဆိုပြီး ခံယူချက်ရှိတဲ့ အုပ်စုဖြစ်တယ်။
အဟ်မဒီယာရဲ့ ဌာနချုပ်ကတော့ အင်္ဂလန်နိုင်ငံမှာရှိပါတယ်။ အနှစ်ချုပ်တင်ပြချင်တာကတော့ ကျမ်းမြတ် ကုရ်အာန်ရဲ့မိန့်ဆိုခဲ့တဲ့အတိုင်းဘဲ ကျွန်တော်တို့ဟာဂိုဏ်းဂဏတွေ ထူထောင်ပြီးတော့ အလ္လာဟ်ရဲ့ကျမ်းဂန်တွေကို မိမိတို့ရဲ့စိတ်ဆန္ဒရှိတဲ့အတိုင်း ကျင့်သုံးရင်းနဲ့မိမိတို့ဂိုဏ်းရဲ့စည်းမျဉ်းသာလျှင် အမှန်ဖြစ်တယ်လို့ ခံယူရင်း မိမိတို့ ဂိုဏ်းထဲမှာပျော်ပိုက်နေကြပါတယ်။ ဒါကို ကုရ်အာန်စူရာဟ် ၃၀ အာယသ် ၂၉ မှ ၃၂ မှာတင်ပြခဲ့တာကို ပြန်လည်လေ့လာရင် သိနိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း ရပ်နားလိုက်ပါတယ်။