အစ္စလာမ်သည် ဘ၀တည်ဆောက်မှုလမ်းစဉ် ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အစ္စလာမ်သည် ဘ၀တည်ဆောက်မှုလမ်းစဉ်
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျား စောစောက အခမ်းအနားမှူးက ကြေညာသွားတဲ့အတိုင်း ဒီကနေ့ (၂၂-၄-၂၀၁၆)နေ့ သောကြာနေ့ဓမ္မသဘင်ဆိုတဲ့အတိုင်း အစ္စလာမ်လူ့အဖွဲ့အစည်းဝင်တွေအတွက် လောကမှာ ဖြစ်ပျက် နေတဲ့ အခြေအနေတွေကို ကုရ်အာန်ရဲ့မီးမောင်းအောက်မှာ ကျွန်တော်တို့က လေ့လာသုံးသပ်တဲ့ အခမ်းအနား ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အစ္စလာမ်ဆိုတာကို လေ့လာသုံးသပ်လိုပါတယ်။ အစ္စလာမ်ဆိုသည်မှာ ကိုယ်ကျင့်တရားပါဝင်သော ဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကို ဖော်ပြထားတဲ့ ကျမ်းဂန်ဟာ ကုရ်အာန်ဖြစ်ပါတယ်။ ကုရ်အာန်ဟာ မွတ်ဆလင်မ်တို့အတွက်သာမဟုတ်၊ မွတ်ဆလင်မ်တွေသာ ဆိုင်တဲ့ကျမ်းဂန် မဟုတ်ဘဲ လူသားခပ်သိမ်းအတွက် လမ်းညွှန်တဲ့ကျမ်းဂန်ဖြစ်ပါတယ်။ ကုရ်အာန်ဟာ အသိတရားရှိတဲ့လူများ အတွက် အရဗီဘာသာနဲ့ချပေးတဲ့ ကျမ်းဂန်ဖြစ်ပါတယ်။ အဲဒီကျမ်းဂန် ကုရ်အာန်ရဲ့ လမ်းညွှန်အတိုင်း လိုက်နာသူ တွေအတွက် သတင်းကောင်းဖြစ်ပြီးတော့ လမ်းညွှန်နဲ့လွဲချော်နေသူတွေအတွက်တော့ သတိပေးနှိုးဆောင်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် လူသားအများစုကတော့ ကုရ်အာန်ကို ကျောခိုင်းထားတာဖြစ်ပါတယ်။
ကုရ်အာန်ဟာ လူသားတို့အား လူမှုကျင့်ဝတ်ကျင့်ရပ်များလောက်သာ ညွှန်ပြနေတာမဟုတ်ဘဲနဲ့ လူ့ဘ၀ တစ်လျှောက်လုံး ရင်ဆိုင်ကြုံတွေ့ရမယ့် အခြေအနေအရပ်ရပ်နဲ့၊ ကဏ္ဍအသီးသီး၊ အနေအထားအမျိုးမျိုးအတွက် လိုလေသေးမရှိ ပြည့်စုံအောင် ပေးထားသော အခြေခံဘ၀လမ်းညွှန်ဖြစ်ပါတယ်။ ကုရ်အာန်မှာ ဖော်ပြထားတဲ့ စည်းမျဉ်းဥပဒေသများသည် အခြေခံအကျဆုံး၊ အခိုင်မာဆုံးဥပဒေသများဖြစ်တဲ့အတွက် ပြောင်းလဲဖောက်ပြန် သွားမယ့် ဥပဒေသများ လုံးဝမဟုတ်ပါ။ ကျမ်းမြတ်ကုရ် အာန်ကို ပြင်ဆင်ဖြည့်စွက်ဖို့ လုံးဝမလိုအပ်ပါဘူး။
ကျွန်တော်တို့လူသားတွေ ရေးဆွဲတဲ့ဥပဒေသတွေလို အချိန်နဲ့အမျှပြုပြင်ပြောင်းလဲဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့ လူမှုဘ၀အနေအထားများကတော့ ပြောင်းလဲတိုးတက်နေပါတယ်။ ဘ၀အခြေအနေများကလည်း ပြောင်းလဲတိုးတက်နေပါတယ်။ ဒီပြောင်းလဲတိုးတက်နေတဲ့ လူမှုဘ၀တွေကို ရင်ဆိုဖြေရှင်းကြရာမှာ ကုရ်အာန်ပါ အခြေခံဘောင်ကို မကျော်လွန်စေဘဲ ကုရ်အာန်ပါဥပဒေသများကို ခေတ်နဲ့အညီ ဆွဲဆန့်အသုံးပြုနိုင်ပါတယ်။ ကုရ်အာန်ကို လုံးဝပြုပြင်ဖို့မလိုပါဘူး။ အစ္စလာမ်ရဲ့ ထူးခြားချက်က လောကီတာဝန်နဲ့ လောကကောင်းကျိုးကို ဆောင်ရွက်ရင်းနဲ့ အနာဂါတ်လောကုတ္တရာကိုပါ အကျိုးရှိစေမယ့် ပြဌာန်းချက်တွေကို ကုရ်အာန်မှာ ပြဌာန်းထားခြင်း ဖြစ်ပါ တယ်။
ဒီလိုဆောင်ရွက်ဖို့အတွက် လူကို လူလိုမြင်တတ်ခြင်းဆိုတာကို နားလည်ဖို့ အလွန်အရေးကြီးလှပါတယ်။ အစ္စလာမ်က လူမျိုး၊ ဘာသာ၊ သာသနာ၊ အသားအရောင်၊ ဆင်းရဲချမ်းသာ၊ လိင်ခွဲခြားမှုမပြုဘဲ အပြန် အလှန်အသိအမှတ်ပြုဖို့ ကုရ်အာန် ဆူရာဟ် ၄၉း၁၃ မှာ သင်ကြားပြသထားပါတယ်။ ဘယ်လို လူမျိုးဘဲဖြစ်ဖြစ်၊ ဆင်းရဲတဲ့ လူဘဲဖြစ်ဖြစ်၊ ချမ်းသာတဲ့လူဘဲဖြစ်ဖြစ်၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသားမဲတဲ့သူဖြစ်စေ၊ အသား ဖြူတဲ့သူဖြစ်စေ၊ အလ္လာဟ်အရှေ့မှာတော့ ကိုယ်ကျင့်သီလကောင်းသူသာလျှင် အမြင့်မြတ်ဆုံးသူဖြစ်တယ်လို့ မိန့်ဆိုထားပါတယ်။ ဒါကို ကျွန်တော်တို့ ဂျမာအသ်သူ ဂျမာအသ်သားများအားလုံး နားလည်သိရှိထားပြီးဖြစ်ပါ တယ်။
ကျွန်တော်တို့ အစ္စလာမ်လူ့အဖွဲ့အစည်းဆိုတာကို (အွမ္မသန်ဝ(စ်)သွန်)ဆိုပြီးတော့ ကုရ်အာန်မှာဖော်ပြ ထားပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်ပေါ်ထွန်းခဲ့တဲ့ လူမျိုးနွယ်ခွဲခြားခြင်း အသားရောင်ခွဲခြားခြင်းကို နိဌိတံစေတဲ့ စံပြလူ့အဖွဲ့အစည်းဖြစ်တယ်။ ဒီလိုစံပြလူ့အဖွဲ့အစည်းကြီးဖြစ်လာဖို့ တမန်တော်နူးဟ်(အ)လက်ထက်ကနေစပြီး၊ တမန်တော် အီဗရာဟင်မ်(အ)နဲ့ သူ့ရဲ့အဆက်အနွယ် တမန်တော် အစ္စမာအီလ်(အ) ၊ တမန်တော် အစ္စဟာက် (အ)၊ တမန်တော် ယာကူးဗ်(အ)၊ တမန်တော် မူစာ(အ) နှင့် တမန်တော် အီစာ(အ)နဲ့ ပွင့်လေပြီးသမျှသော တမန်တော်အပေါင်းတို့က လမ်းဖောက်ခဲ့ကြရတာ ပါ။ ဒီလမ်းစဉ်ကို တမန်တော်မုဟမ္မဒ်(ဆွ)က လုံးဝ ပြီးပြည့်စုံစေခဲ့တာပါ။ ဒီတမန်တော်တွေအားလုံးဟာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ အစ္စလာမ်ကို ဖော်ဆောင်ခဲ့ကြတဲ့ မွတ်ဆလင်မ်တွေဖြစ်ကြပါတယ်။ သူတို့အားလုံးအပေါ် အလ္လာဟ်ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်ကို အစ္စလာမ်လူ့အဖွဲ့အစည်းက လက်ခံကြပါတယ်။ တမန် တော်တိုင်း တမန်တော်တိုင်း ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တယ်ဆိုတာကို အစ္စလာမ်လူ့ အဖွဲ့အစည်းက လက်ခံကြပါတယ်။ တမန်တော် နူးဟ်(အ)ကစပြီး နောက်ဆုံး တမန်တော် မုဟမ္မဒ်(ဆွ)အပါအ၀င် ပွင့်လေပြီးသမျှသော တမန်တော်အားလုံးကို ခွဲခြားမှုမပြုဘဲ အစ္စလာမ်က လက်ခံထားပါတယ်။
ကျွန်တော်တို့ မွတ်ဆလင်မ်တွေအနေနဲ့ နဗီတမန်တော် မုဟမ္မဒ်(ဆွ)သည် တမန်တော် အားလုံးထက် အမြင့်မြတ်ဆုံးလို့ ခံယူသတ်မှတ်ခွင့်မရှိပါဘူး။ တမန်တော် မုဟမ္မဒ်(ဆွ)လို့ဘဲ အခြားအခြားသော တမန်တော်များသည်လည်း အလ္လာဟ်ရဲ့နဗီရစူလ်တွေဖြစ်ကြပါတယ်။ သူတို့ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်ဟာလည်း အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့နားလည်လက်ခံမှသာ အစ္စလာမ်လူ့အဖွဲ့ အစည်းဝင် ပီသပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကုရ်အာန် စူရာဟ် ၂း၁၃၆ မှာ ဘယ်လို မိန့်ဆိုထားသလဲဆိုတော့
`ကျွန်ုပ်တို့သည် အလ္လာဟ်နှင့် အလ္လာဟ့်ထံမှ ချမှတ်ပေးသော လမ်းစဉ်များ တမန်တော်အီဘရာဟင်မ်၊ အစ္စမာအီလ်၊ အစ္စဟာက်၊ ယာကူးဗ် နှင့် လူမျိုးစုများထံ ချမှတ်ပေးသော၊ မူစာ၊ အီဆာတို့ထံ ချမှတ်ပေးသော လမ်းစဉ်များနှင့် တမန်တော်အပေါင်းတို့ထံ ချမှတ်ပေးသောလမ်းစဉ်များကို ယုံကြည်ပါ၏။ ထိုတမန်တော်များအား ခွဲခြားမှုမပြုကြပါ။ ကျွန်ုပ်တို့သည် အလ္လာဟ်ပြဌာန်းသော ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်သူ (မွတ်ဆလင်မ်) များဖြစ်ကြ၏ဟု ကြေညာလော့။´ လို့ ကုရ်အာန် စူရာဟ် ၂း၁၃၆ မှာ သင်ပြထားပါတယ်။
လေးစားရပါသော လူကြီးမင်းများခင်ဗျား ဒီအာယသ်တော်ကို စဉ်းစားသုံးသပ်ကြည့်လိုက်ရင် ကုရ်အာန်က ဘာသာတရားတစ်ခုကို ထူထောင်နေတာ မဟုတ်ဘဲ ဘ၀တည်ဆောက်ရေးလမ်းစဉ် Code of Life ကို သင်ပြနေ တာ ဖြစ်ပါတယ်။ ဒီနေ့လူသားတွေဟာ ကုရ်အာန်ကပြောတဲ့အတိုင်းသာ ကျင့်ကြံနေထိုင်ကြမယ်ဆိုရင် ဘက်မလိုက်သော၊ သမာသမတ်ကျသော၊ စံပြဖြစ်သော၊ လူ့အဖွဲ့အစည်းကြီးကို ထူထောင်နိုင်မှာပါ။ ပွင့်လေပြီး သမျှသော တမန်တော်တိုင်းကို လက်ခံဖို့ ကုရ်အာန်ကတောင်းဆိုထားပါတယ်။ လူမျိုးတိုင်း၊ လူမျိုးတိုင်းထံ တမန် တော်စေလွှတ်ခဲ့ပါတယ်။ (ကုရ်အာန် ၁၆း၃၆)။ ကုရ်အာန်မှာ အချို့သော တမန်တော်များ၏ အမည်ကိုဖော်ပြခဲ့ပြီး၊ အချို့၏အမည်များကို ဖော်ပြထားခြင်းမရှိပါဘူး။ (ကုရ်အာန် ၄၀း၇၈)။ ကမ္ဘာပေါ်မှာ သတိပေးနှိုးဆော်သူ တမန် တော်များမပွင့်ပေါ်ခဲ့သော လူမျိုးနွယ်ဆိုတာမရှိပါဘူး။ (ကုရ်အာန် ၃၅း၂၄)။ ဒါကို တချို့တွေက တမန်တော်ပေါင်း တစ်သိန်းနှစ်သောင်းလေးထောင်ကျော် ပွင့်ပေါ်ခဲ့ပါတယ်လို့ ဥပမာစကားနဲ့ပြောကြပါတယ်။ အမှန်တော့ တစ်သိန်း နှစ်သောင်းလေးထောင်မကသော မြောက်များစွာသော တမန်တော်များပွင့်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အစ္စလာမ်များအနေနဲ့ ကမ္ဘာပေါ်မှာ ပွင့်ပေါ်ခဲ့တဲ့ ဘာသာတရားတွေနဲ့ ဆက်နွယ်နေတယ်လို့ ကောက်ချက်ချလို့ရပါတယ်။ ဒါပေမယ့် အဲဒီဘာသာတရားတွေဟာ အလ္လာဟ်ချမှတ်ပေးတဲ့လမ်းစဉ်အတိုင်းတော့ ရှိမနေတော့ပါဘူး။ ဒီတမန် တော်တွေအားလုံးဟာ သူ့အရပ်၊ သူ့ဒေသအလျောက် ငြိမ်းချမ်းရေးလမ်းစဉ်တွေ (အစ္စလာမ်)ကိုပုံဖော်ခဲ့ကြတာပါ။ သူ့အရပ် သူ့ဒေသအလျောက် ပုံဖော်ခဲ့တဲ့အစ္စလာမ်လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။ တမန်တော် မုဟမ္မဒ်(ဆွ)လက်ထက် ရောက်တဲ့အခါ ကမ္ဘာကြီးဟာ တော်တော်ပြောင်းလဲနေပါပြီ။ ဖွံ့ဖြိုးတိုးတက်မှုတွေ လျင်မြန်စပြုလာတဲ့အချိန် (AD- 6 ရာစု)မှာ တမန်တော် မုဟမ္မဒ်(ဆွ) ပွင့်ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ အစ္စလာမ်လမ်းစဉ်ဟာ ကမ္ဘာလုံးဆိုင်ရာ အသွင်နဲ့ပြီးပြည့် စုံစွာပေါ်ထွက်လာတာပါ။ ဘယ်လိုအခြေအနေ ဘယ်လိုအချိန်အခါမှာမဆို ပြည့်စုံတဲ့အခြေခံလမ်းညွှန်အဖြစ် အလ္လာဟ်က တမန်တော် မုဟမ္မဒ်(ဆွ)ထံကို ချမှတ်ပေးခဲ့တာပါ။ ဒါကြောင့် ယနေ့ကာလမှာ တမန်တော်များရဲ့ အခန်းကဏ္ဍဟာ နိဂုံး ချုပ်အဆုံးသတ်ခဲ့ပြီး လူသားများကိုယ်တိုင် ငြိမ်းချမ်းရေးလမ်းစဉ်(အစ္စလာမ်)ကို ကျမ်းမြတ်ကုရ်အာန်ကို လက်ကိုင် ပြုပြီး အကောင်အထည်ဖော်နေတဲ့ အခါသမယဖြစ်ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကတည်းက အစ္စလာမ်ဟာ ပြီးပြည့်စုံတဲ့ အစ္စလာမ်အဖြစ် တည်ရှိခဲ့ပေမယ့် လူတွေရဲ့ဗီဇအတိုင်း အစ္စလာမ် လမ်းစဉ်ကို ကျင့်သုံးတဲ့အခါ လွဲမှားချွတ်ချော်မှုတွေ အများအပြား ရှိနေ ဆဲပါ။ ဟိုး အရင့်အရင် တမန်တော်များရဲ့ ခေတ်ကာလကလိုဘဲ လူတွေဟာ အလ္လာဟ်ချပေးတဲ့လမ်းစဉ်ကို ၀တ်ပြု၊ ကိုးကွယ်၊ ရှိခိုး၊ ပူဇော်ပသတဲ့ အလေ့အကျင့်တွေနဲ့ ဘ၀တည်ဆောက်မှုလမ်းစဉ်ကို ဘာသာရေးအသွင်သဏ္ဍာန်နဲ့ အစားထိုးကျင့်သုံးလာခဲ့ကြပါတယ်။ ဒီလိုနဲ့ အလ္လာဟ်ချမှတ်ပေးခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ခေတ်အဆက်ဆက် ဘာသာတရားအသီးသီးအဖြစ် ၀တ်ြပုပူဇော်မှုကို ဦးဆောင်တဲ့ လူတန်းစားတစ်ရပ်ကိုလည်း တီထွင်ခဲ့ကြပါတယ်။ ဒီဦးဆောင် လူတန်းစားတွေက လူ့လောကရဲ့ အမြင့်ကနေ လူ့မလိုင်အလွှာတွေအဖြစ် လူသားတွေကို ချယ်လှယ်ပြီး အလ္လာဟ်ချမှတ်ပေးတဲ့ လမ်းစဉ်ကနေ လွဲမှားတဲ့လမ်းစဉ်ကို ဦးဆောင်သွားနေကြပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။
ကျွန်တော် ပထမပိုင်းမှာ ပြောခဲ့သလိုဘဲ အစ္စလာမ်ဟာ ကိုယ်ကျင့်တရားပါဝင်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့လမ်းစဉ်ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်းတို့အတွက် မိမိ တို့ရဲ့ အသက်၊ သွေး၊ ချွေး၊ စည်းစိမ်ဥစ္စာများနဲ့ လူသားတွေကပုံဖော်ကျင့်သုံးကြဖို့ ပြီးပြည့်စုံတဲ့ အစ္စလာမ် လမ်းစဉ်ကုရ်အာန်ကို ချမှတ်ပေးခဲ့ပြီဖြစ်တယ်။ ဟိုးအရင်တမန်တော်တွေ အဆက်ဆက်စေလွှတ်ပြီး ပုံဖော်ရင်း ပုံဖော်ရင်းနဲ့ AD ၆ ရာစုလောက်မှာ ပြီးပြည့်စုံတဲ့ အစ္စလာမ့်လမ်းစဉ်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပါတယ်။ ဒီလမ်းစဉ်ကို ဆက်လက် အကောင်အထည်ဖော်ရမှာက ကျွန်တော်တို့လူသားတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အဲဒီလူသားတွေရဲ့ တာဝန်ဖြစ်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ လက်ကိုင်ပြုရမှာက ကျမ်းမြတ်ကုရ်အာန်ဖြစ်ပါ တယ်။
ကျမ်းမြတ်ကုရ်အာန်ရဲ့ ပြဌာန်းချက်တွေဟာ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ဖို့ ဖြစ်ပေမယ့် လူသား တွေဟာ ဘယ်လောက်ထိ လွဲမှားစွာကျင့်သုံးခဲ့သလဲဆိုတာ ကျွန်တော်ကြိုးစားပြီးတင်ပြပါမယ်။ ငြိမ်းချမ်းရေးကို မိမိ ရဲ့ အသက်၊ သွေး၊ ချွေး၊ စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ကြိုးပမ်းတည်ဆောက်ခြင်းကို ကုရ်အာန်က ဂျီဟဒ်လို့ သတ်မှတ်ပါတယ်။ ဂျီဟဒ်ဆိုတာ အယူသည်းခြင်း၊ အကြမ်းဖက်ခြင်းနဲ့ လားလားမှ မသက်ဆိုင်ပါ။ မပတ်သက်ပါ။ လူတွေရဲ့ ကျင့်ကြံပုံလွဲမှားမှုကြောင့်သာ ဂျီဟဒ်ဆိုတာ အကြမ်းဖက်လမ်းစဉ်အဖြစ် ကျွန်တော်တို့လူလောကမှာ နာမည်ကျော်ကြားနေပါတယ်။
လူသားတို့ဟာ မိမိသက်တမ်းတစ်လျှောက် နိုးကြားစွာ၊ ကြိုးစားစွာနဲ့ သစ္စာတရားကို ကာကွယ်စောင့် ရှောက်ခြင်းသည်ပင်လျှင် ဂျီဟဒ်ဖြစ်ပါတယ်။ အဲဒီဂျီဟဒ်ဟာ မိမိကိုယ်တိုင်လည်း ဂျီဟဒ်လုပ်ရမယ်၊ မိမိရဲ့စိတ်ကို လည်းဂျီဟဒ်လုပ်ရမယ်၊ မိမိရဲ့ပြင်ပမှာဖြစ်ပေါ်နေတဲ့ မတရားမှုတွေကိုလည်း ခုခံတွန်းလှန်ရာမှာလည်း ဂျီဟဒ်လုပ် ရမယ်။ မိမိရဲ့စိတ်သဏ္ဍာန်မှာရှိတဲ့ မနာလိုဝန်တိုခြင်းတွေ၊ ဒေါသကြီးခြင်းတွေ၊ တဏှာရာဂကြီးခြင်း၊ လောဘလွန် ကဲခြင်း၊ ဥပေက္ခာတရားကို မကျင့်သုံးနိုင်ခြင်းစသော စိတ်ဆိုး၊ စိတ်ယုတ်များကို တွန်းလှန်ဖယ်ရှားပြီး၊ အများကောင်းကျိုးကို သယ်ပိုးနိုင်တဲ့ လောကဓံကိုကြံ့ကြံ့ခံနိုင်သော စိတ်ကောင်းစိတ်မြတ်များကို မွေးမြူ၍ မိမိ၏ နာဖ်စိတ်တွင်း၌ တည်ငြိမ်အေးချမ်းအောင် ကျင့်ကြံခြင်းဟာ ဂျီဟဒ်ဖြစ်ပါယတ်။ ဒါက မိမိကိုယ်မိမိ ကာကွယ်စောင့် ရှောက်ခြင်း ဖြစ်ပါတယ်။ ဒီလို မိမိကိုယ်မိမိ ကာကွယ်စောင့်ရှောက်ရသလို မိမိရဲ့လူ့အဖွဲ့အစည်းအတွင်းမှာလည်း ပေါ်ပေါက်လာတဲ့ မတရားမှုတွေကို ခုခံတွန်းလှန်ရတဲ့ အချိန်အခါတွေနဲ့လည်း ကျွန်တော်တို့ ရံဖန်ရံခါ ကြုံတွေ့ရ တတ်ပါတယ်။ ဒီအခါမှာ တိုက်ပွဲတွေ၊ စစ်ပွဲတွေဆင်နွဲရလေ့ရှိပါတယ်။ ဒါဟာ ဂျီဟဒ်ရဲ့အစိတ်အပိုင်းမျှသာ ဖြစ်ပါ တယ်။
ဒီလိုတိုက်ပွဲတွေ၊ စစ်ပွဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလ္လာဟ်အရှင်မြတ်က စည်းကမ်းချက်တွေ ချမှတ်ထားပါ တယ်။ ဒီတိုက်ပွဲတွေ၊ စစ်ပွဲတွေနဲ့ ရင်ဆိုင်ရရင် ဘယ်လိုကျင့်ကြံရမလဲဆိုတဲ့ စည်းကမ်းချက်တွေ ချမှတ်ထားပါ တယ်။ `မိမိကို ကျူးကျော်စော်ကားသူများကိုသာ တိုက်ခိုက်ပါ။ ဒါပေမယ့် အပြစ်မဲ့သူများကို မထိခိုက်စေရ။´ သတ်မှတ်ပြဌာန်းထားပါတယ်။ စစ်ပွဲတွေဖြစ်တဲ့အခါမှာ ရန်သူဘက်က မိမိဘက်ကို ခိုလှုံလာသူတွေရှိမယ်။ ဒီအခါ မှာ မိမိဘက်ကို ခိုလှုံလာသူတွေကို ဘယ်လိုသဘောထားရမလဲဆိုတာကိုလည်း အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ် ကုရ်အာန်မှာပြဌာန်းထားပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၉း၆) မှာ
`ရန်သူဘက်မှ ခိုလှုံခွင့်တောင်းခံလာသူများကို လက်ခံပြီး အလ္လာဟ်၏သစ္စာတရားကို သူတို့ကို ရှင်းပြ၍ ဘေးကင်းရာသို့ ပို့ပေးပါ။´ လို့ပြဌာန်းထားပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၉း၅ မှာ
`ရန်သူများနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် တိုက်ခိုက်ကြ၊ ဖမ်းဆီးချုပ်နှောင်ကြ၊ သူတို့ကို စောင့်ကြည့်ကြ။ သူတို့သည် နောင်တရပြီး လောကကောင်းကျိုးကို ဆောင်ရွက်သူ၊ အလှူဒါနပေးသူများ ဖြစ်လာကြလျှင် သူတို့ကို သွားလိုရာ သွားခွင့်ပြုကြ။´ လို့ပြဌာန်းထားပါတယ်။
ဒီအာယသ်တော်တွေက အစ္စလာမ်တွေအတွက် တခြားသူတွေက ပြဿနာရှာလို့ကောင်းတဲ့ အာယသ်တော် တွေဖြစ်တယ်။ ကျွန်တော်တို့ အစ္စလာမ်ထဲမှာကိုက နားလည်မှုလွဲမှားစွာ ကျင့်သုံးနိုင်တဲ့အာယသ်တော်တွေလည်း ဖြစ်ပါတယ်။ ဒီဟာက ကျွန်တော်တို့စစ်ပွဲအတွင်းမှာ ပြဿနာတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြဌာန်းချက်တွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးကတော့ ငြိမ်းချမ်းရေးလိုချင်တယ်။ ငြိမ်းချမ်း ရေးမရှိပဲ တိုက်ခိုက်နေရင် ဒါဟာ အကြမ်းဖက်တာပဲ။ စစ်ပွဲမှန်သမျှဟာ တရားသောစစ်ပွဲမဟုတ်ဘူး။ တရားသော စစ်ပွဲဆိုတာ မရှိဘူး။ ကျွန်တော်တို့ကြားဖူးမှာပါ။ အချစ်နဲ့စစ်မှာ မတရားဘူးဆိုတာမရှိလို့၊ လူသားတွေက ပြောဆိုကျင့်သုံးနေကြတယ်။ အလ္လာဟ်အရှင်မြတ်ကတော့ လူသားတွေကို မင်းတို့ မလွှဲမရှောင်သာ စစ်ပွဲတွေနဲ့ ကြုံတွေ့ရ မှာဖြစ်တယ်။ လူ့ရဲ့ဗီဇအရ စစ်ပွဲတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ သင်ပေးထားပါတယ်။ ဒီအခါ တရားသောစစ်ပွဲအဖြစ် ကျင့်သုံးနိုင် တဲ့ စည်းကမ်းနည်းလမ်းတွေကို လမ်းညွှန်ထားတာပါ။
လူသားတွေကို ခလီဖဟ်အဖြစ် ခန့်အပ်မယ်လို့ အလ္လာဟ်ကကြေညာတော့ ကန့်ကွက်ခဲ့ကြတဲ့ မလာအိ ကာဟ်တွေရဲ့ ကန့်ကွက်ချက်က အင်မတန်မှမှန်ပါတယ်။ ဒီလို လောကမှာ သွေးထွက်သံယိုတွေနဲ့ တိုက်ကြ ခိုက်ကြမဲ့လူတွေကို အလ္လာဟ်အရှင်မြတ်က ဘာဖြစ်လို့ ခလီဖဟ်အဖြစ် တာဝန်ပေးရတာပါလဲ။ အလ္လာဟ်အရှင် မြတ်က မလာအိကာဟ်တွေကို မင်းတို့မသိတာတွေကို ငါအရှင်သိတော်မူတယ်။ လူသားတွေရဲ့ ဗီဇမှာဘယ် လောက်ပဲ ငြိမ်းချမ်းရေးကို လိုချင်တယ်ပြောပြော ကျွန်တော်တို့ ကမ္ဘာပျက်တဲ့နေ့အထိ စစ်ပွဲတွေရှိလို့ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဖြစ်နေလို့ပါ။ တိုက်မယ်၊ ခိုက်မယ်၊ ပြီးရင် စည်းလုံးညီညွတ်စွာလည်း လောကကောင်းကျိုးကို ဆောင်ရွက်သူတွေဖြစ်တယ်။ စစ်ပွဲတွေကြုံတွေ့ရတဲ့အခါ ဘယ်လိုကျင့်ကြံရမလဲဆိုတာ စောစောက အာယသ်တွေမှာ ပြဌာန်းထားခြင်းဖြစ်တယ်။
ကျွန်တော်တို့ တည်ငြိမ်အေးချမ်းစွာရှိနေတဲ့ လူ့အဖွဲ့အစည်းတွေကို သွေးထိုးလှုံ့ဆော်မယ်၊ ဖျက်လို ဖျက်ဆီးလုပ်မယ်။ တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို မေတ္တာထားပါ။ သူတို့တိုက်ခိုက်ရင် ငါတို့ ရှောင်ပေးကြပါလို့တော့ အစ္စလာမ်ကမပြောဘူး။ ဒီလိုကျူးကျော်စော်ကားတိုက်ခိုက်လာသူတွေကို ကျွန်တော်တို့ စေ့စပ်ဆွေးနွေးညှိနှိုင်းရမယ်။ ဘာကြောင့် ကျူးကျော်လာရသလဲ။ အမှားတွေ ဘာတွေရှိသလဲ။ မဟုတ်က ဟုတ်ကတွေတောင်းဆိုပြီးတော့ လာပြီးတိုက်ခိုက်နေမယ်ဆိုရင် ကျွန်တော်တို့က ဒီအဖျက်သမ်ားတွေကို ပြန်လည် တွန်းလှန်ရမယ်။ တည်ငြိမ်တဲ့ လူ့အဖွဲ့အစည်းကို နှောင့်ယှက်ဖျက်ဆီးသူတွေကို ကျွန်တော်တို့ ဒီအတိုင်း ကြည့်နေ လို့ကတော့ မရဘူး။ ဒီအခါမှာ ကျွန်တော်တို့အတွက် လက်ကိုင်ပြုရမယ့်အရာတွေရှိတယ်။ အဲဒါဟာ ကျွန်တော်တို့ လူသားတွေအတွက် အင်မတန်မှ မလွယ်ဘူး။ ဘာဖြစ်လို့လဲ။
စစ်ပွဲမှာ တရားမျှတစွာ ဆောင်ရွက်ပါလို့ ပြောထားတယ်။ အပြစ်မဲ့သူတွေကို မထိခိုက်စေရ။ တိုက်ခိုက်တဲ့ လူတွေကိုသာ ပြန်တိုက်ခိုက်မယ်။ မိမိတို့ ဘက်လာရောက်ခိုလှုံသူတွေကို လက်ခံထားပေးရတယ်။ ပြီးရင်သူတို့ကို အစ္စလာမ်အကြောင်းကို ရှင်းပြရမယ်။ လောကကောင်းကျိုးအတွက် တည်ဆောက်ရမယ့် ဆွလားသ်ဆိုတာကို မတည်ဆောက်လို့ အဖျက်သမားဖြစ်နေတာ။ အလှူဒါန (ဇကားသ်)လုပ်ဖို့ ဒီအဖျက်သမားတွေမှာ မရှိဘူး။ ဒါပေမယ့် သူတို့နောင်တရပြိး လောကကောင်းကျိုးတွေကို ဆောင်ရွက်မယ်။ အလှူဒါနတွေ လုပ်တော့မယ်လို့ပြောရင် သူတို့ကို သွားလိုရာသွားခွင့်ပြုရမယ်။ အဲဒီသင်ကြားချက်တွေကို အခွင့်ကောင်းယူပြီးတော့ အစ္စလာမ်ကို နာမည် ပျက်အောင်လုပ်၊ အစ္စလာမ်အဖွဲ့အစည်းဝင်တွေကို အကြမ်းဖက်သမားတွေ ဖြစ်အောင်လုပ်နေကြခြင်းဖြစ်ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ အစ္စလာမ်ဆိုတာကို ဘာသာရေးတစ်ခုအနေနဲ့ လက်ခံထားလို့ပါ။ အစ္စလာမ်ဟာ ဘာသာရေး မဟုတ်ဘူး။
အလ္လာဟ်က ခေတ်အဆက်ဆက် တမန်တော်တွေစေလွှတ်ခဲ့တာ ဘာသာတရားတွေ တည်ဆောက်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် လူသားတွေက ဘာလုပ်လဲ။ ငါတို့ဝတ်ပြုကိုးကွယ်ရမယ့် အရှင်သခင်လိုတယ်။ ငါတို့ ဒီအရှင် ကို ၀တ်ပြုကိုးကွယ်၊ ပူဇော်ပသလိုက်ရင် ငါတို့လုပ်ချင်တာလုပ်၊ ဒီအရှင်သခင် ငါတို့ကို ခွင့်လွှတ်လိုက်ရင် ပြီးရောလို့ ဆိုတဲ့ အတွေးအခေါ်တွေ လူသားတိုင်းမှာရှိတယ်။ တမန်တော်တွေ အများကြီး စေလွှတ်ခဲ့တာ ငြိမ်းချမ်းရေးလမ်းစဉ် အစ္စလာမ်ကို သင်ကြားဖို့အတွက်ဖြစ်တယ်။ ဒါကို လူသားတွေက အလ္လာဟ်ပြဌာန်းချက်ဟာ မလုံလောက်ဘူး။ အလ္လာဟ်ကို ၀တ်ပြုကိုးကွယ်ဖို့အတွက်ဆိုပြီး နည်းပေါင်းမြောက်များစွာကို တည်ဆောက်ရင်းနဲ့ ကမ္ဘာပေါ်မှာ ဘာသာအသီးသီးပေါ်ပေါက်ခဲ့တယ်။ ယခုအခါ ဘာသာတရား သုတေသီတွေရဲ့ သုတေသနပြုချက်အရ ကမ္ဘာပေါ် မှာ ဘာသာတရားပေါင်း (ငါးသိန်း) လောက်ရှိနေတယ်။ လူတွေရဲ့ မှားယွင်းချွတ်ချော်နေတဲ့ အကြံအစည်၊ အတွေးအခေါ်တွေ ဘယ်လောက် ထိအောင်များနေလဲဆိုတာ သက်သေ သာဓကတွေပါ။
ဒီအတွေးအခေါ်ကလည်း ဘယ်ဘက်ကို ဦးတည်နေသလဲ။ သူတို့ကို အရှင်သခင်ကို ရှိခိုး၊ ပူဇော်၊ ပသဖို့ ဖြစ်တယ်။ ဒီလို ရှိခိုး၊ ပူဇော်ပသရင် သူတို့လုပ်တဲ့ အလုပ်တွေမှန်သမျှအောင်မြင်မယ်။ သူတို့ဘာလုပ်လုပ် ခွင့်လွှတ် မယ်။ မတရားလုပ်ရင်လည်း အောင်မြင်မယ်။ ကမ္ဘာလောကကြီးကို စိုးမိုးမယ်။ ကမ္ဘာလောကကြီးကို စိုးမိုးနိုင်တဲ့ အာဏာတွေရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ဘာသာတရားအသီးသီးမှာရှိတယ်။ အစ္စလာမ်ဘာသာဝင်ဆိုသူ တွေမှာလည်း ရှိတယ်။ ဒါကြောင့် ISIS တို့လို့ တာလီဘန်တို့လို အယ်လ်ကိုင်ဒါလို အကြမ်းဖက်သမားတွေ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်။ ဒါဟာ ဘာလဲဆိုရင် အလ္လာဟ်ချမှတ်ထားတဲ့လမ်းစဉ်ကို ကျွန်တော်တို့က ဘာသာရေး အသွင်ပြောင်း လိုက်တယ်။ ဘာသာရေးအသွင်ပြောင်းလိုက်တဲ့အခါမှာ ငါတို့ဘာသာသာလျှင်၊ အမြင့်မြတ်ဆုံးဖြစ်တယ်။ ငါတို့ဟာ အလ္လာဟ်ကို လက်ခံတဲ့လူတွေဖြစ်တယ်။ အလ္လာဟ်ရွေးချယ်တဲ့ လူတွေဖြစ်တယ်။ ငါတို့လုပ်တဲ့အလုပ်မှန်သမျှ အလ္လာဟ်က လက်ခံတယ်။ အလ္လာဟ်ကို လက်မခံတဲ့သူတွေကို တိုက်ခိုက်သတ်ဖြတ်ဖို့ ငါတို့မှာတာဝန်ရှိတယ်။ အဲဒီလို တိုက်ခိုက်သတ်ဖြတ်ပြီး ငါတို့ရဲ့အသက်၊ သွေး၊ ချွေးတွေကို အလ္လာဟ်လမ်းမှာပေးဆပ်လိုက်ရင် ငါတို့ဟာ မြင့်မြတ်တဲ့ ဘုံဌာနကို ရောက်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ကျွန်တော်တို့ အစ္စလာမ်ထဲကို သွတ်သွင်းပေးနေကြ တယ်။
ဒီအာယသ်တွေထဲမှာ အလ္လာဟ်ရဲ့ သစ္စာတရားကို ကြားနာခွင့်ရသည်အထိ သူတို့ရဲ့လုံခြုံမှုကိုပေးပါလို့ ပြထားပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့ အစ္စလာမ်အကြောင်းကို ရှင်းပြရမယ်။ အလ္လာဟ်ရဲ့ သစ္စာတရားဟာ ဘာလဲဆိုတာကို သင်ယူလေ့လာနိုင်တဲ့ လုံခြုံတဲ့နေရာအထိ သူတို့ကို ပို့ဆောင်ပေးရမယ်။ ပြီးရင် အဲဒီအဖျက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့လူတွေဟာ (အကီးမွတ်ဆွလားသ်၊ ၀အားသု ဇကားသ်) ဆွလားသ် ကို တည်ဆောက်မယ်၊ ဇကားသ်ကို ပေးဆောင်မယ်ဆိုရင် သူတို့ကိုလွှတ်လိုက်ပါ။ ဘာသာရေးဆန်ဆန် တွေးခေါ် မယ်ဆိုရင် ဆွလားသ်ကို တည်ဆောက်ခိုင်း၊ ဇကားသ်ပေးခိုင်းတာဟာ သူတို့ကို အစ္စလာမ်ထဲဝင်ခိုင်းလိုက်တာ ဆိုတဲ့ အတွေးမျိုးအထိ ကျွန်တော်တို့က တွေးမြင်ကြတယ်။ အမှန်က ဆွလားသ်တည်ဆောက်ခိုင်းတယ်ဆိုတာ ယေဘူယျအားဖြင့် ပြောရရင် လောကကောင်းကျိုးကို တည်ဆောက်ခိုင်းတာ။ ဇကားသ်ပေးခိုင်းတယ်ဆိုတာ အလှူအတန်းတွေလုပ်ခိုင်းတာ၊ အစ္စလာမ်ထဲဝင်ခိုင်းတာ မဟုတ်ဘူး။
အဲဒီလို လုပ်ရပ်တွေလုပ်ပြီဆိုရင် သူ့ဘာသာသူ မည်သည့်ဘာသာကို ယုံကြည်ကိုးကွယ်သူဖြစ်ပါစေ၊ ဘာသာမဲ့ဖြစ်ပါစေ၊ သူ့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါလို့ ပြောတာပါ။ ဒါကြောင့် ကျွန်တော်တို့က သုံ့ပန်းတွေ ကို လောကကောင်းကျိုးတွေ တည်ဆောက်ဖို့ အလှူဒါနပြုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာအောင်သူတို့ကို ပြုစုပျိုး ထောင် ပေးရမယ်။ သူတို့က အဲဒီစိတ်တွေဖြစ်ပေါ်လာပြီဆိုရင် ကျွန်တော်တို့က သူတို့ကို လွှတ်ပေးရမယ်။ ဒါမှသာ တကယ့်လောက ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်တယ်။ အခုတော့ ကျွန်တော်တို့က ခိုးလာတယ်။ ထောင်ထဲထည့်။ လုယက်လာတယ်။ ထောင်ထဲထည့်။ ထောင်ထဲမှာ အားလုံးပေါင်းပြီး ခိုး၊ ဆိုးလုယက်တဲ့ အကျင့် တွေ ပိုမိုတတ်မြောက်ကုန်ကြတယ်။ အပြင်ရောက်ရင် ပိုဆိုးလာကြတယ်။ ဒါဟာ ဘာလဲဆိုရင် အစ္စလာမ်ရဲ့ပြုပြင်တဲ့ သင်ကြားချက်တွေနဲ့ လွဲချော်နေလို့ ဖြစ်တယ်။ အစ္စလာမ်ရဲ့ သင်ကြားချက်တွေနဲ့ လွဲချော်နေလို့ဖြစ်တယ်။ အစ္စလာမ်ရဲ့ သင်ကြားတဲ့အတိုင်းသာ အဲဒီလူဆိုး၊ လူမိုက်တွေကို ပညာပေးတဲ့ အစီအစဉ်တွေလုပ်ရင် လောကမှာ လူဆိုးလူမိုက်တွေ တဖြည်းဖြည်းလျော့နည်း ပပျောက်သွားမှာဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာသာရေး ဆန်ဆန် ဒီအာယသ်တော်တွေကို နားလည်ဖွင့်ဆိုပြီး အစ္စလာမ်ထဲမ၀င်ရောက်သေးသူ မှန်သမျှကို တိုက်ခိုက်နေ ရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ပေါ်ပေါက်စေပြီးတော့ အစ္စလာမ်ဟာ အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုတဲ့ ပုံရိပ်တွေကို ပိုမိုခိုင်မာစေခဲ့ကြတယ်။
တခြားဘာသာဝင်တွေကလည်း အစ္စလာမ်မှာစစ်ပွဲတွေပါတယ်။ စစ်တိုက်ဖို့ပါတယ်။ အင်မတန် ကြီးကျယ် တဲ့ဘာသာတရားလို့ ပြောပြီးတော့ စစ်တိုက်၊ အိမ်ထောင်သားမွေး၊ အမွေခွဲဝေဖို့ စတာတွေပါပြီးတော့ အစ္စလာမ် ဘာသာဟာ အကြမ်းဖက်တဲ့ဘာသာ သာသနာလို့ စွပ်စွဲပြစ်တင်ကြတယ်။ ဘာကြောင့်လဲ။ အစ္စလာမ်ကို ဘာသာ ရေးအမြင်နဲ့ကြည့်လို့။ ကုရ်ဘာနီလုပ်ပါ ဆိုတော့လည်း ကျွန်တော်တို့က နွားကို ဇဗာဟ်လုပ်လိုက်တယ်။ အလ္လာဟ် ကျေနပ်အောင် နွားကိုသတ်ဖြတ်ပြီး ကုရ်ဘာနီဆိုပြီး အလ္လာဟ်အတွက်စွန့်လွှတ်တာလို့ ပြောကြတယ်။ ဘာမဆိုင် ညာမဆိုင်နွားကို လှီးပြီး အလ္လာဟ်ဟုအက္ကဘရ် အော်ရာကနေ လူတွေကိုလည်ပင်းဖြတ်တော့လည်း အလ္လာဟ်ဟု အက္ကဘရ်အော်တဲ့ အဆင့်ကိုရောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလ္လာဟ်ချပေးတဲ့လမ်းစဉ်ကို ကျွန်တော်တို့ ကဘာသာရေး အသွင်ပြောင်းလိုက်လို့ ဖြစ်တယ်။
ကျွန်တော်တို့ ကျင့်သုံးနေတဲ့အစ္စလာမ်ဟာ ဘယ်လောက်ပဲလွဲမှားနေပါစေ၊ (နှစ်ပေါင်း ၁၀၀၀ ကျော် လောက်ကစပြီး လွဲမှားစွာ ကျင့်သုံးနေကြတာဖြစ်ပါတယ်။) ဒါပေမယ့် အစ္စလာမ်ရဲ့ အစစ်အမှန်သင်ကြားချက်ဖြစ်တဲ့ ကုရ်အာန်က တမန်တော် မုဟမ္မဒ်(ဆွ) လက်ထက်ကနေ စလို့ ယနေ့ထက်တိုင် တလုံးတပါဒမျှ မလွဲဘဲနဲ့ရှိနေတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အားသာချက်ပဲ။ ဘယ်လောက်ပဲ လွဲမှားနေပါစေ။ ကုရ်အာန်ကို ပြန်လည်ကျင့်သုံးမယ်ဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး လမ်းစဉ်ကို တည်ဆောက်နိုင်မှာ ဧကန်အမှန် ဖြစ်တယ်။ အခုတော့ ကျွန်တော်တို့က စူရာဟ် ၄၁ မှာပါတဲ့အတိုင်း ကုရ်အာန်ကို ကျောခိုင်းနေကြတယ်။ အစ္စလာမ်တွေဟာ ကုရ်အာန်ကို လက်ဝယ်ရရှိထားပါလျက်နဲ့ ကျောခိုင်းစွန့်ခွာထားကြပါတယ်။ ဒါဟာ အဆိုးဝါးဆုံး ပြစ်ချက်ဖြစ်ပါတယ်။ ဒီပြစ်ချက်ကြောင့် အစ္စလာမ်တွေဟာ လောကအလယ်မှာ အကြမ်းဖက်သမားဆိုတဲ့ အခြေ အနေတွေကို ရင်ဆိုင်နေရတာဖြစ်တယ်။
ကျွန်တော်ယနေ့တင်ပြတဲ့ ခေါင်းစဉ်က `အစ္စလာမ်သည် ဘ၀တည်ဆောက်မှုလမ်းစဉ်´ဖြစ်ပါတယ်။ အစ္စလာမ်သည် ဘာသာတရားမဟုတ်ဘူးလို့ပြောရင် အတော်များများပုဂ္ဂိုလ်တွေကတော့ လက်ခံနိုင်ကြမှာ မဟုတ် ပါဘူး။ ဘာကြောင့်လဲဆိုရင် အစ္စလာမ်ရဲ့ သင်ကြားချက်ထဲမှာ အလ္လာဟ်ကိုယုံဖို့၊ တမန်တော်များကို ယုံကြည်ဖို့၊ အာခေရသ်ကိုယုံဖို့၊ မလာအိကာဟ်တွေကို ယုံကြည်ဖို့စတဲ့ ယုံကြည်မှုတွေကို တည်ဆောက်ရပါတယ်။ ဘာသာ ရေးအမြင်နဲ့ ကြည့်ရင်တော့ ယုံကြည်ဖို့ လွယ်ကူပါတယ်။ အလ္လာဟ်ကိုယုံလား။ ယုံတာပေါ့။ တမန်တော်တွေကို မလာအိကာဟ်ကို အာခေရသ်ကို ယုံတယ်။ ဘာသာရေးအမြင်နဲ့ ကြည့်ရင်ယုံဖို့ အဓိက။ ဘာကြောင့်ယုံရသလဲ ဆိုတာ မလိုဘူး။ ဒါပေမယ့် ဘ၀တည်ဆောက်မှုလမ်းစဉ်အဖြစ် ယုံကြည်ဖို့အင်မတန်ခက်ပါတယ်။ အလ္လာဟ်တကယ်ရှိလား။ တမန်တော်တွေ တကယ်ရှိလားစတဲ့ အထောက်အထားတွေကို ရှာဖွေဖော်ထုတ်ပြီး မိမိရင်ထဲမှာ ခိုင်မာတဲ့ယုံကြည်ချက်ကို တည်ဆောက်ရမှာဖြစ်တယ်။
လူတွေဟာ ချွေးတွေသွေးတွေနဲ့ အင်မတန်ပင်ပန်းတဲ့အလုပ်ကို လုပ်နိုင်ကြပေမယ့် စဉ်းစားဝေဖန်သုံးသပ် ပါဆိုရင် အင်မတန်ကြောက်ရွံ့ကြတယ်။ မစဉ်းစားချင်ဘူး။ လူတွေက ငါ့ကိုစားချင်တာစား၊ ဦးနှောက်တာ့ လာမစား နဲ့လို့ ပြောလေ့ရှိကြတယ်။ အမှန်က ကျွန်တော်တို့ အစ္စလာမ်နဲ့ပတ်သက်ပြီး ဦးနှောက်စားရမယ်။ အလ္လာဟ်ဆိုတာ တကယ်ရှိလား။ တွေးရဲရမယ်။ အလ္လာဟ်ကို ယုံတယ်ဆိုတာ ဘယ်လိုအထောက်အထားနဲ့ ယုံတယ်ဆိုတာ၊ ကုရ်အာန်ကို ယုံကြည်ဖို့၊ တမန်တော်တွေကို ယုံကြည်ဖို့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ခိုင်မာတဲ့သက် သေတွေ အများကြီးရှိနေတယ်။ ဒီအထောက်အထားတွေနဲ့ ယုံကြည်မှသာ အစ္စလာမ့်လမ်းစဉ်အတိုင်း မှန်မှန် ကန်ကန် ကျင့်သုံးနိုင်တဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းဝင်တွေဖြစ်မယ်။
ဘာသာရေးအရယုံမယ်ဆိုရင်တော့ ကုရ်ဘာနီလုပ်ပါပြောလို့ နွားလည်လှီးလိုက်မယ်။ ဆွီယာမ်တည် ဆောက်ပါပြောလို့ မနက်နေထွက်က နေ၀င်အထိ အစာငတ်ခံရေမသောက်ဘဲ နေလိုက်မယ်။ ဆွလားသ်တည် ဆောက်ပါလို့ပြောရင် မုဆွလာပေါ်မှာနမားဇ်ဖတ်လိုက်တယ်။ ဟဂ်ျလုပ်ပါလို့ပြောရင် ဟိုးမက္ကာဟ်က ကျောက်တုံး နက်ကို တိုးဝှေ့ပြီးလူအုပ်ကြီးထဲမှာ နမ်းရှုံ့မယ်။ ရှိုင်ဿွန်လို့ပြောတဲ့ အရုပ်ကြီးကို အသက်အသေခံပြီးခဲနဲ့ သွားပေါက်မယ်။ ပြီးရင် အစ္စလာမ်ကွလို့ ကြွေးကြော်မယ်။ ဒါကြောင့် အစ္စလာမ် မဟုတ်သူတွေရော၊ အစ္စလာမ်တွေရော အစ္စလာမ်ဟာ ဘာသာတရားမဟုတ်ဘူးလို့ ပြောရင်ယုံဖို့ တော်တော်ခဲယဉ်းတယ်။
ဘ၀တည်ဆောက်မှုလမ်းစဉ်အဖြစ် ကြည့်ရင်တော့ မိမိရဲ့အသိပညာအခြေခံပေါ်မှာ ခိုင်မာတဲ့ အထောက် အထားတွေကို လက်ကိုင်ပြုနိုင်မှ ယုံကြည်လို့ရပါမယ်။ ဒီနေရာမှာ ကျွန်တော်ပြောတဲ့ အသိပညာက ကျောင်းတွေ တက်ပြီး ရလာတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေကို ပြောတာမဟုတ်ပါဘူး။ အဲဒီဘွဲ့တွေ ဒီဂရီတွေ မည်မျှပင်ရှိစေ၊ မိမိ ပတ်ဝန်းကျင်မှာရှိနေတဲ့ အလ္လာဟ်ရဲ့သက်သေလက္ခဏာတွေကို လေ့လာစူးစမ်း မသုံးသပ်ဘူးဆိုရင် ဒီပညာတတ် ကလည်း အသိတရားမရှိသူသာ ဖြစ်တယ်။
အသိတရားရှိသူမှသာ ကျွန်တော်တို့ ဆွလားသ်၊ ဆွီယာမ်၊ ဇကားသ်၊ ဟဂ်ျဆိုတဲ့ ကျင့်စဉ်ကျင့်ရပ် တွေကို အနှစ်သာရရှိရှိ မှန်မှန်ကန်ကန် အလ္လာဟ်အလိုတော်အတိုင်း ဆောင်ရွက်နိုင်မှာ ၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ် (အစ္စလာမ်)ကို တည်ဆောက်နိုင်ကြမှာပါလို့ ပြောကြားရင်းရပ်နားလိုက်ပါတယ်။