အစ္စလာမ်ဟူသည် … အပိုင်း(၂) – ကုရ်အာန်သုတေသီဦးခင်မောင်(B.Sc)
အစ္စလာမ်ဟူသည် … အပိုင်း(၂) – ကုရ်အာန်သုတေသီဦးခင်မောင်(B.Sc)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု´
လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား-
ယခင်အပတ်က အစ္စလာမ်ဟူသည် … အပိုင်း(၁)ကို တင်ပြခဲ့ပါတယ်။ အဲဒီလိုတင်ပြရာမှာ ကျမ်းမြတ်ကုရ်အာန် ရဲ့ ဒေသနာတော်တွေကို ကိုးကားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့
“ ကုရ်အာန်သည် အသိတရားနှင့်ပြည့်စုံသော ဒေသနာတော်များ၏ ကျမ်းဂန်ဖြစ်တယ်။ လောကကို အလှဆင် လိုသူများအတွက် လမ်းညွှန်နှင့်ကရုဏာတော်ဖြစ်တယ်။ သူတို့သည် လူ့အကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး ဆင်းရဲချမ်းသာ ကွာဟစေသော အလှူဒါနများပြုကာ၊ ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် အနာဂါတ် အကျိုးကိုပါ မျှော်ကိုး၍ဆောင်ရွက်သူများဖြစ်တယ်။ ၄င်းတို့သည် အလ္လာဟ်၏လမ်းညွှန်ချက် အ၀န်းအ၀ိုင်းထဲတွင် ရှိနေကြပြီး အောင်မြင်ပေါက်မြောက်သူများပင် ဖြစ်ကြပေတယ်။ ” လို့ ကုရ်အာန် ကဏ္ဍ(၃၁) ဒေသနာတော် (၁ မှ ၅) အထိက ဖော်ပြထားပါတယ်။
ဒီနေ့လည်း အစ္စလာမ်ဟူသည် … အပိုင်း(၂)ကို ကုရ်အာန်ကျမ်းမြတ် အကိုးအကားနဲ့ပဲ ဆက်လက်တင်ပြပါ့မယ်။
အစ္စလာမ်ဆိုတာ ငြိမ်းချမ်းမှုဆီသို့ ဖိတ်ခေါ်သောလမ်းစဉ်ဖြစ်ပါတယ် လို့ တင်ပြခဲ့ပါတယ်။ ဒီနေ့မှာတော့ ငြိမ်းချမ်း မှုကို ပျက်ပြားစေသောအရာများကို ဖော်ပြပါ့မယ်။ ငြိမ်းချမ်းမှုကို အဓိကခြိမ်းခြောက်မှုတွေကတော့ ဆင်းရဲချမ်းသာ ကွာဟမှုနဲ့ ပညာရေးနိမ့်ကျမှုများဖြစ်ပါတယ်။
ဒါကြောင့် ကုရ်အာန်က “ ၀ယူးသူးနဇကားသ် ” “ ယူးအ်သိမားလ်လဟူ ” လို့ လူ့ဘောင်ကို ဖွံ့ဖြိုးတိုးတက် အောင် ဆင်းရဲချမ်းသာ ကွာဟမှုကို ကျဉ်းမြောင်းစေသော အလှူဒါနများပြုရန် အကြိမ်ပေါင်းများစွာ တိုက်တွန်းနှိုးဆော် ထားပါတယ်။ အဲဒီထဲက ကုရ်အာန် (၉၂း ၁၈-၂၁)ကို လေ့လာကြည့်ပါမယ်။
“ ဂုဏ်ပေးချီးမြှောက်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါဘဲလျက် အလ္လာဟ်၏မျက်နှာသာပေးမှုကိုသာ မျှော်ကိုးပြီး မိမိ၏ပစ္စည်းဥစ္စာများကို ပေးလှူသူသည် စင်ကြယ်တိုးတက်စေကာ မကြာမီကာလအတွင်း ကျေနပ်နှစ်သက်မှုကို ခံစားရအံ့”
ဆင်းရဲနွမ်းပါးသူနဲ့ ချမ်းသာကြွယ်ဝသူလို့ ရှိရာမှာ ဆင်းရဲသားများက ဥစ္စာပစ္စည်းများကို မျှော်လင့်တောင့်တကြ တယ်။ ပစ္စည်းဥစ္စာ နွမ်းပါးမှုကာလ တာရှည်လာရင် ကြွယ်ဝချမ်းသာသူတွေကို မနာလိုမစ္ဆရစိတ်တွေ ထားတတ်လာ တယ်။ ချမ်းသာသူများကလည်း ဥစ္စာပစ္စည်းတွေကြောင့် မာန်မာနတွေ ရှိနေတတ်တယ်။ ပေးကမ်းပြီဆိုရင်လည်း ယူတဲ့ သူကို ကျေးဇူးကျွန်အဖြစ် ပြုလုပ်ထားတတ်တယ်။ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြတတ်တယ်။ ဒါကြောင့် အများရဲ့ ရွံရှာမုန်းတီးမှုကိုခံရပြီး ကိုယ်ပစ္စည်းနဲ့ကိုယ် သောကပွေရတတ်တယ်။ မိမိရဲ့ဥစ္စာပစ္စည်းပင် ဖြစ်လင့်ကစား လှူတတ်မှ ဒါနမြောက်ပါတယ်။ ကျနော်တို့ အခုလေ့လာခဲ့တဲ့ ကုရ်အာန် (၉၂း ၁၈-၂၁)က ဒါနမြောက်အောင် ဘယ်လို လှူရမယ်ဆိုတာကို လမ်းညွှန်မိန့်ကြားပါတယ်။
လှူဒါန်းတဲ့အခါ ရယူလိုမှုအတွက်မဟုတ်ဘဲ လှူဒါန်းပါ။ ဂုဏ်ပေးချီးမြှောက်ခံရဖို့ဆိုတဲ့ မျှော်ကိုးမှုကိုပယ်ပြီး လှူဒါန်းပါ။ ဒီလိုလှူဒါန်းမှုသည်သာ ဓမ္မကိုပြဌာန်းသောအရှင်ရဲ့ စည်းမျဉ်းဘောင်အတွင်းမှ လှူဒါန်းခြင်းဖြစ်တယ်။ ဒီနေရာ မှာ “ အိဗ်သိဂါးအ ၀ဂျဟုရဗ္ဗ” “ အလ္လာဟ်၏မျက်နှာသာပေးမှုကို ရှာဖွေမျှော်ကိုးလျက် ” ဟု ဆိုခြင်းသည် “ ဓမ္မကို ပြဌာန်းသောအရှင်၏ စည်းမျဉ်းဘောင်အတွင်းမှ ” လို့ နားလည်သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
အဲဒီလိုမျိုးလှူဒါန်းမှသာ လှူဒါန်းမှုပြုသူသည် ပစ္စည်းဥစ္စာကြောင့်ဖြစ်ရသော ဘေးအန္တရာယ်များမှကင်းစင်ပြီး စိတ်အေးချမ်းသာမှု ကျေနပ်ပီတိကို ရရှိခံစားရနိုင်မယ်တဲ့။ ဒါသည်ပင် အစ္စလာမ့်လမ်းစဉ်ဖြစ်ပါတယ်။ ဒီဒေသနာတော်က အစ္စလာမ်ဟူသည် … ဆင်းရဲချမ်းသာကွာဟမှုကို လျော့နည်းစေသောလမ်းစဉ်ဖြစ်တယ်လို့ ကျနော်တို့ကို အသိပေးနေပါ တယ်။
ငြိမ်းချမ်းမှု မပျက်ပြားစေဖို့ ဆင်းရဲချမ်းသာ ကွာဟစေတဲ့အလှူဒါနကို ဘယ်လိုပြုရမယ်ဆိုတာ တင်ပြပြီးတဲ့ နောက် ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍကို ဆက်လက်တင်ပြပါမယ်။
အစ္စလာမ်က ပညာဆိုတာ ဖြစ်ပျက်ပြောင်းလဲနေသော သဘာဝဓမ္မကို ဆည်းပူးလေ့လာပြီး အသိတရားရှိစွာနဲ့ လောကမှာ သဘာဝကျကျ ရှင်သန်နေထိုင်နိုင်ပါမယ်လို့ ဖွင့်ဆိုထားပါတယ်။ အစ္စလာမ်က ပညာနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ ဒေသနာတော်မြောက်များစွာ ထဲက ကျနော်အနှစ်သက်ဆုံးဖြစ်လို့ ခဏခဏကိုးကားတင်ပြတဲ့ ဒေသနာတော်ကတော့ (၃၅း၂၇-၂၈) ဖြစ်ပါတယ်။
“ အလ္လာဟ်က မိုးကောင်းကင်မှမိုးရေကို ရွာသွန်းစေပြီး အရောင်အသွေး၊ အနံ့အရသာအမျိုးမျိုးရှိသော သစ်သီးဝလံ မျိုးကွဲပေါင်းများစွာကို ဖြစ်ထွန်းပေါ်ပေါက်စေထားပေသည်။ တောင်များတွင်လည်း အဖြူ၊ အနီ၊ အရောင် အသွေးများ ကွဲပြားလျက်ရှိသော (ကျောက်၊ သံ၊ ပတ္တမြား ကဲ့သို့ သယံဇာတ) မည်းမှောင်နက်ကြုတ်လျက်ရှိသော (ရေနံ၊ ကျောက်မီးသွေးကဲ့သို့ ဓါတု) အရင်းအမြစ်များ ရှိ၏။ ယင်းသဘာဝနိယာမများကို သင်လူသားတို့ စူးစမ်းလေ့လာမှု ပြုကြပါသလော။ လူ၊ တိရစ္ဆာန်နှင့် ခွာကွဲစမြုံ့ပြန် သတ္တ၀ါတို့သည်လည်း အရောင်အသွေးမျိုးစုံ ကွဲပြားလျက်ရှိ၏။ ဤသို့သော ကွဲပြားခြားနားမှုတို့ကို လေ့လာခြင်းအားဖြင့် ပညာအလင်းရရှိကာ လုံခြုံအေးချမ်းမှု ပေးနိုင်သော ဘုန်းတော်ရှင်၏ ဓမ္မကို ခန့်ညားရိုကျိုးလျက် ရှင်သန်နေထိုင်နိုင်ကြပေမည်။ ”
အခု ကျနော်တို့လေ့လာခဲ့တဲ့ (၃၅း ၂၇-၂၈)က ပထမဆုံး မိုးကောင်ကင်က မိုးရေတွေ ရွာသွန်းကျလာရာကနေ မြေပေါ်မှာ အရောင်အသွေးမျိုးစုံရှိတဲ့ သစ်သီးဝလံမျိုးကွဲပေါင်းများစွာ … ပြီးတော့ တောင်တွေဆီခေါ်သွားပြီး မြေအောက် ရှိ အရောင်အသွေးမျိုးစုံရှိတဲ့ သယံဇာတတွေကို ညွှန်ပြတယ်။ ပြီးတော့ လူသားတွေဘက်ကိုလှည့်ပြီး အသွေးအရောင်မျိုး စုံရှိတဲ့လူတွေ၊ လူ့ဝန်းကျင်က တိရစ္ဆာန်တွေရဲ့ အသွေးအရောင်တို့ရဲ့ ကွဲပြားခြားနားမှုတွေကို အဆင့်ဆင့်တင်ပြတယ်။ ဒီလို အရောင်အသွေးမျိုးစုံရှိတဲ့ လူ့ဘုံကြီးကို လေ့လာဆည်းပူးပြီး အသိတရားပြည့်ဝတဲ့သူတွေ ဖြစ်ကြဆိုပြီး သွန်သင်ညွှန် ပြထားတာဟာဖြင့် အင်မတန်ကို `ရသ´မြောက်လှပါတယ်။
ဘာသာရေးအကြမ်းဖက်မှုတွေဖြစ်နေတဲ့ အခုလိုအခါသမယမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဒီဒေသနာတော်တွေကို လေ့လာရတဲ့အခါ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ရှိ သက်ရှိသက်မဲ့အားလုံးဟာ အသွေးအရောင် ကွဲပြားခြားနား စွာနဲ့ လောကကို အကျိုးပြုနေကြတယ်။ အခြားသက်ရှိသက်မဲ့တွေမှာမရှိတဲ့ အတွေးအမြင်၊ အသိဉာဏ်တွေရှိနေတဲ့ ကျနော်တို့လူသားတွေက ဆင်းရဲချမ်းသာ ကွာဟမှုတွေ၊ အမျိုးအနွယ်ခွဲခြားမှုတွေ၊ ဘာသာရေး၊ လူမျိုးရေးအရ ခြားနားမှု တွေ၊ အသားအရောင် ကွဲပြားမှုတွေကို လက်ခံနားလည်ပေးပြီး မိမိတိုင်းပြည်ရဲ့အကျိုး၊ ကမ္ဘာကြီးရဲ့အကျိုးကို ပူးပေါင်း လက်တွဲပြီး မဆောင်ရွက်နိုင်ကြဘူးလားလို့ မေးခွန်းထုတ်နေမိပါတယ်။
ကမ္ဘာ့သမိုင်းမှတ်တိုင်တွေထဲမှာ လူ့အသားအရောင်ခွဲခြားတဲ့ (apartheid) အပါသိုက်စနစ်။ ဘာသာတရားအား လုံးထဲက ကောင်းနိုးရာရာတွေကို ပေါင်းစုပြီး တစ်ဘာသာထဲဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့ အိန္ဒိယက အက္ကဘာဘုရင်ကြီး ရဲ့ ကမ္ဘာ့ဘာသာစနစ် (ဒီနေအီလာဟီ) တို့ မအောင်မြင်ဘဲ ကျဆုံးခဲ့ရပါတယ်။ လူဆိုတာ လိုရာပုံသွင်းလို့ရတဲ့ ရွှံ့တွေ၊ သစ်သားတွေလို မဟုတ်ပါ။ လူသားတို့ရဲ့ မတူကွဲပြားမှုများကို အတင်းညှိယူဖို့မဟုတ်ဘဲ ကွဲပြားခြားနားမှုကို နားလည် လက်ခံပေးပြီး အသုံးချရန်ဆိုတာကို ကျမ်းမြတ်ကုရ်အာန်ရဲ့ (၃၅း၂၇-၂၈)က သီအိုရီအဖြစ် ပေးထားပါတယ်။ ကျနော်တို့ က လောကရဲ့ သဘောသဘာဝနဲ့ဆိုင်တဲ့ အသိပညာမရှိရင် ဒီသီအိုရီကို apply လုပ် အသုံးချနိုင်မှာ မဟုတ်ပါ။ ဒါဆိုရင် အသွေးအရောင်မျိုးစုံရှိတဲ့ လူတွေကြားမှာ ငြိမ်းချမ်းမှု ဆိတ်သုဉ်းသွားပါလိမ့်မယ်။
လေးစားအပ်ပါသော အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား-
အစ္စလာမ်ဆိုတာ လူတစ်ဦချင်းရဲ့ ကိုယ်ကျင့်သီလ၊ သမာဓိနဲ့ ဆောင်ရွက်ချက်တွေကို ဘာသာရေးဆိုတာထက် အလေးထားတဲ့လမ်းစဉ် ဖြစ်ပါတယ်။ ကိုယ်ကျင့်သီလ ပျက်ပြားမှုကို အရဗီစကားနဲ့ (အစ်သမွန်)လို့ ခေါ်ပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲရင်၊ လောင်းကစားရင်၊ မတရားခေါင်းပုံဖြတ်ရင် (၂း၂၁၉)၊ မတော်မတရား ကာမမှုများ ကျူးလွန်ရင် (၂၅း၆၈)၊ တစ်ပါးသူပစ္စည်းကို အလွဲသုံးစားလုပ်ရင်၊ ခိုးရင် (၂း၁၈၈)၊ လိမ်လည်ပြောဆိုခြင်း၊ မုသာဝါဒကျူး လွန်ရင် (၂း၂၈၃) … စသည်တို့ဟာ ကိုယ်ကျင့်သီလပျက်ပြား (အစ်သမွန်ဖြစ်) စေသော အရာများဖြစ်ပါတယ်။ ဒီလို ကိုယ်ကျင့်သီလတွေ ကျိုးပျက်ရင် လူ့အသိုင်းအ၀ိုင်းမှာ အောက်တန်း၊ နောက်တန်းမှာ ရှိနေမှာဖြစ်ပါတယ်။ ဒီလိုအကျင့် သီလတွေကို မစောင့်ထိန်းရင် ဘယ်လောက်ပဲ သြဇာအာဏာရှိတဲ့သူပဲ ဖြစ်ပါစေ။ ဘယ်လောက်ချမ်းသာကြွယ်ဝသူ ဖြစ်ပါ စေ။ ပညာရှိသူဖြစ်စေ၊ ကြွယ်ဝချမ်းသာသူဖြစ်စေ သူရှင်သန်နေထိုင်တဲ့ဘ၀တစ်လျှောက်လုံး သိက္ခာရှိရှိ ရှင်သန်နေထိုင်မှု မဖြစ်နိုင်ပါဘူး။ သူ့ရဲ့ကွယ်လွန်သေဆုံးမှုဟာလည်း အသုဘကို ခမ်းနားကြီးကျယ်စွာ ကျင်းပစေကာမူ ဂုဏ်ကျက်သရေ ကင်းမဲ့တဲ့ သေဆုံးမှုပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အစ္စလာမ်က ကိုယ်ကျင့်သီလကို အလေးထားပါတယ်။ ဒီကိုယ်ကျင့်သီလ တွေ ကျိုးပျက်အောင် စွဲဆောင်မှုတွေက အလွန်အားကောင်းတယ်။ လူသားတွေအများစုက မကောင်းမှုတွေကို အလွယ်တကူ ကျူးလွန်နိုင်တယ်။ ဒါကြောင့် အပြစ်ကျူးလွန်တဲ့ လူသားတွေကို မဟာကရုဏာတော်ကြီးမားတဲ့အရှင်က ဘယ်လိုလွတ်မြောက်အောင် လုပ်ရမလဲ ဆိုတာ ကုရ်အာန် (၃၉း ၅၃-၅၄)မှာ အခုလိုလမ်းညွှန်ထားပါတယ်။
“ ကိုယ်ကျင့်သီလများကို ချိုးဖျက်၍ မိမိကိုယ်ကို နှိပ်စက်ညှင်းပန်းလျက်ရှိကုန်သော ငါ၏နာခံတော်အပေါင်းတို့ အရှင်၏ကရုဏာတော်အား မက်မကင်းကြကုန်လင့်။ သင်တို့၏လုပ်ရပ်များကြောင့် ဆိုးကျိုးများမကျရောက်မီ မိမိတို့၏ မှောင်မိုက်သောစိတ်ရိုင်းများကို အရှင်၏ပြဌာန်းချက်များဆီသို့ အလင်းဝင်ရောက်ကြကုန်လော့။ သင်တို့၏ပြုစုပျိုးထောင် ရှင်သည် သင်တို့၏ မကောင်းမှုများကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်များမှ လုံခြုံမှုပေးနိုင်စွမ်းရှိသော မဟာ ကရုဏာတော်ရှင်ဖြစ်၏ ”
ကျနော်တို့ မကောင်းမှုတွေမှာ နစ်မွန်းနေရင် မိမိအမှားကိုပြင်ပြီး အမှန်ကို ပြန်ပြင်ပါတဲ့။ ဒါဆိုရင် အရှင့်ကရုဏာ တော်ရဲ့ လုံခြုံအေးချမ်းခြင်းကို ပြန်လည်ခံစားရရှိနိုင်ပါတယ်လို့ လမ်းညွှန်မိန့်ကြားထားပါတယ်။ လူ့အရည်အသွေး ရှိနေသမျှကာလပါတ်လုံး ကျွန်တော်တို့မှာ မျှော်လင့်ချက်ရှိနေပါသေးတယ်။ လူ့အရည်အသွေး ပျက်ယွင်းသွားရင်တော့ အလုံးစုံပျက်စီးသွားခြင်းဖြစ်ပါတယ်။
စကြာဝဠာအပေါင်းနဲ့ ကမ္ဘာဂြိုဟ်၊ အဲဒီမှာရှိနေတဲ့ သက်ရှိသက်မဲ့အရာအားလုံးဟာ လူသားအကျိုးအတွက် အလ္လာဟ်က ဖြစ်ထွန်းပေါ်ပေါက်စေထားသော သဘာဝဓမ္မများဖြစ်ပါတယ်။ လူသားဟာ ခလီဖွါ (စီမံခန့်ခွဲနိုင်သူ) အဖြစ်နဲ့ သဘာဝကို ထိန်းသိမ်းစောင့်ရှောက် အသုံးချပြီး၊ လူ့အကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသူ ဖြစ်ပါတယ်။ သဘာဝကို အသုံးချပြီး လူ့ဘောင်ကို အကျိုးပြုလေ၊ လူ့အရည်အသွေး တိုးတက်လေဖြစ်ပါတယ်။ အဲဒါနဲ့ ဆန့်ကျင်ဘက် သဘာဝဓမ္မနဲ့ သဘာဝအလျောက်ဖြစ်ထွန်းနေတဲ့ သက်ရှိ၊ သက်မဲ့များကို ကိုးကွယ်အားထားရာအဖြစ် သတ်မှတ်လိုက်လျှင် လူ့အရည်အသွေး ပျက်စီးသွားခြင်းလို့ ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။ ကုရ်အာန် (၄း၄၈) မှာ “ … သဘာဝအလျောက် ဖြစ်ထွန်းပေါ်ပေါက်စေထားသောအရာများကို အလ္လာဟ်နှင့် တွဲဖက်အားထား ယုံကြည်ခြင်းသည် လူ့အရည်အသွေး ပျက်စီးဆုံးရှုံးခြင်းပင် ဖြစ်၏။ ” လို့ သတိပေးထားပါတယ်။
တွဲဖက်အားထားယုံကြည်ခြင်းကို အရဗီလို “ ရှစ်ရ်က် ” လို့ သုံးနှုန်းထားပါတယ်။ ကိုယ်ကျင့်သီလ ပျက်ပြားခြင်း ကို “ အစ်(သ)မွန် ” လို့ သုံးနှုန်းပြီး၊ လူ့အရည်အသွေး ပျက်စီးသွားသည်အထိ သီလကျိုးပျက်ခြင်းကို အရဗီလို “ အစ်(သ)မွန်အဇွီးမ် ” လို့ သုံးနှုန်းထားပါတယ်။
အလ္လာဟ်နဲ့ အလ္လာဟ်ဖြစ်ထွန်းစေထားတဲ့အရာတွေကို တွဲဖက်အားထားယုံကြည်ခြင်းဟာ အလ္လာဟ်ရဲ့ဂုဏ်တော် ကို လုံးဝ ထိခိုက်နစ်နာမှုမရှိပေမယ့် လူ့အတွက်တော့ မိမိက အသုံးချရမယ့်အရာတွေကို အသုံးမချဘဲ စင်ပေါ်တင် ကိုးကွယ်သကဲ့သို့ ပြုနေခြင်းကြောင့် လူ့အရည်အသွေး ပျက်စီးသွားပါတယ်။ ဒါကြောင့် အစ္စလာမ်က “ ရှစ်ရ်က် ” (တွဲဖက် အားထားယုံကြည်ခြင်း) လို့ ပြင်းပြင်းထန်ထန်ကို တားမြစ်တာပါ။ လူတွေက ဒီအချက်ကို သဘောပေါက်နားလည်မှု မရှိတဲ့အခါ နအူးဇူဘိလ္လာ အလ္လာဟ်ကပဲ သဘောထားသေးသိမ်သလို စွပ်စွဲမှုတွေ ရှိနေပါတယ်။ အချို့ကျတော့လည်း အစ္စလာမ်က “ ရှစ်ရ်က် ” တားမြစ်တယ်။ ဒါကြောင့် ငါတို့မွတ်ဆလင်မ်တွေက နိုင်ငံတော်အလံကိုတောင် ဦးမညွတ်နိုင်ဘူး လို့ အစွန်းရောက်တဲ့သူတွေ၊ ကိုးကွယ်မိစိုးလို့ဆိုပြီး မိသားစုဓါတ်ပုံတောင် အိမ်မှာမချိတ်တဲ့သူတွေ၊ ဓါတ်ပုံအရိုက်ခံရာမှာ ကြောက်တဲ့သူတွေ ဖြစ်နေကြတယ်။ အဲဒါက “ ရှစ်ရ်က် ” ကို ရှောင်တာမဟုတ်ဘဲ အယူသည်းအစွန်းရောက်တွေ ဖြစ်သွားတာပါ။
တကယ်တော့ အစ္စလာမ်ဟူသည် …
သဘာဝဓမ္မများကို (ကိုးကွယ်အားထားစရာအဖြစ် မသတ်မှတ်တဲ့) သဘာဝကို ထိန်းသိမ်းစောင့်ရှောက် အသုံးချပြီး လူ့ဘောင်ကို အကျိုးပြုတဲ့လမ်းစဉ်ဖြစ်လို့ အလ္လာဟ်နဲ့ တွဲဖက်အားထားယုံကြည်မှု “ ရှစ်ရ်က် ” ကို ရှောင်ကြဉ် ခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ လူ့အရည်အသွေးရပ်တန့်ပြီး တိုးတက်မှုမရှိဘဲဖြစ်နေတာကို ရုပ်တုကိုးကွယ်ခြင်းလို့ ကုရ်အာန်မှ သွန်သင်ထားပါတယ်။ (၂၂း၃၀) မှာ “ … ရုပ်တုများကို ကိုးကွယ်ခြင်းမှ ကင်းကင်းနေလော့ … ” လို့ ပြဌာန်း ထားပါတယ်။
ဒီဒေသနာတော်မှာ သုံးနှုန်းထားတဲ့ အရဗီဝေါဟာရ “ အောက်စ်သားနူးန် ” ဆိုတာ ယေဘုယျအားဖြင့် ရုပ်တု များလို့ အနက်ထွက်ပြီး အများကိန်းဖြစ်ပါတယ်။ သူ့ရဲ့တစ်ကိန်းက “ ၀(စ်)သနူးန် ” ဖြစ်တယ်။ ဒီဝေါဟာရတွေရဲ့ မူလ အဓိပ္ပါယ်က “ တစ်နေရာတည်းတွင် ရပ်တန့်နေပြီး ရွေ့လျားမှုမရှိတော့ခြင်း ” ဆိုတဲ့ အနက်ကနေ ရွေ့လျားနိုင်ခြင်းမရှိတဲ့ ရုပ်တုကိုလည်း “ ၀(စ်)သနူးန် ” လို့ခေါ်ခြင်းဖြစ်ပါတယ်။
ဒါကြောင့် တရားသေ၀ါဒကို ဆုပ်ကိုင်ထားပြီး တိုးတက်ပြောင်းလဲမှု မရှိတော့တဲ့ စနစ်ဇယား၊ ၀ါဒတွေအားလုံးကို ရုပ်တုကိုးကွယ်ခြင်းလို့ ကုရ်အာန်က သုံးနှုန်းပါတယ်။ ဒါကြောင့် ကုရ်အာန် (၂၂း၃၀)ရဲ့ ဆိုလိုရင်းက “ တိုးတက်ပြောင်း လဲမှု မပြုနိုင်ဘဲ ရပ်တန့်နေသော တရားသေ၀ါဒများမှ ကင်းကင်းနေလော့ ” လို့ တားမြစ်ခြင်း ဖြစ်ပါတယ်။
ကျနော်တို့က ကိုယ့်ကိုယ်ကို အစ္စလာမ်လမ်းစဉ်ကို ကျင့်သုံးတဲ့ မွတ်ဆလင်မ်လို့ခံယူပြီး တရားသေ၀ါဒသမားတွေ ဆိုရင် ပြောင်းလဲနေတဲ့ ကမ္ဘာနဲ့ရင်ဘောင်တန်းပြီး တိုးတက်ပြောင်းလဲမှုတွေ မလုပ်နိုင်ရင် ရုပ်တုကိုးကွယ်တဲ့ မွတ်ဆလင်မ်တွေ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ကုရ်အာန် (၂၂း၃၀)ရဲ့ ပြဌာန်းချက်အရ
အစ္စလာမ်ဟူသည် … တရားသေ၀ါဒကို ငြင်းဆန်ပြီး တိုးတက်ပြောင်းလဲမှုကို ကုရ်အာန်နှင့်အညီ ကျင့်သုံးသောလမ်းစဉ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
လေးစားအပ်ပါသော လူကြီးမင်းများခင်ဗျာ-
ကျနော်တို့ရဲ့ တင်ပြချက်တွေကို မရပ်နားခင်မှာ အမှားပြင်ဆင်ချက်တစ်ခုကို တင်ပြလိုပါတယ်။ အစ္စလာမ်ဟူသည်… အပိုင်း(၁)မှာ အစ္စလာမ်မတိုင်မီက မလေးရှားနဲ့ အင်ဒိုနီးရှားတို့ ဟိန္ဒူဘာသာဝင်အများစု နေထိုင်ရာ ဒေသတစ်ခုဖြစ်သည်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အမှန်က အစ္စလာမ်မတိုင်မီက မလေးရှားနှင့် အင်ဒိုနီးရှားတို့ သည် ရိုးရာနတ်ကိုးကွယ်သူအများစု နေထိုင်ရာ နိုင်ငံများဖြစ်သည်လို့ ပြင်ဆင်ဖတ်ရှုရန် တောင်းပန်အပ်ပါသည်။
(၇.၉.၂၀၁၃) တနင်္ဂနွေနေ့က M3 Food Center တွင် Muslim and Buddhist Harmony အခမ်းအနားတစ်ရပ် ကို ကျင်းပခဲ့ရာ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျနော် တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒီအခမ်း အနားမှာ ဧရာဝတီသတင်းဌာနမှ အယ်ဒီတာ ဦးကျော်စွာမိုး၊ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)၊ သံဃာတော် အရှင်ဓမ္မစာရ၊ စာရေးဆရာ ကိုတာနှင့် မလေးရှားနိုင်ငံ လူ့အခွင့်အရေးနယ်ပယ်မှ ဒေါက်တာ ချန်ဒရာမူဇာဖါ တို့က ဦးဆောင်ဆွေးနွေးခဲ့ပါတယ်။ ဒေါက်တာ ချန်ဒရာက မြန်မာပြည်သူများ နားလည်မှုလွဲနေကြသည်ကား အစ္စလာမ်မတိုင်မီ က မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာဒေသဖြစ်သည်ဟူသော အချက်ဖြစ်၏။ အမှန် တကယ်တော့ အစ္စလာမ်မတိုင်မီက မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် ဗုဒ္ဓနှင့် ဟိန္ဒူဘာသာဝင်တို့သည် လူနည်းစု ကိုးကွယ်သော ဘာသာများဖြစ်ပါသည်။ မည်သည့်စစ်တပ်မျှ လာရောက်တိုက်ခိုက်ပြီး သာသနာပြုခြင်းမဟုတ်ဘဲ ပင်လယ်ရပ်ခြားမှလာသော ကုန်သည်များမှတဆင့် အစ္စလာမ့်လမ်းစဉ် ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါတယ်လို့ ပြောကြားသွားတာကို တဆင့်ပြန်လည် တင်ပြလိုက်ပါတယ်။
ယနေ့ ကျနော်တို့လေ့လာခဲ့တဲ့ အစ္စလာမ့်တန်ဖိုးများကို အနှစ်ချုပ်လိုက်ရင် –
– အစ္စလာမ်သည် ဆင်းရဲချမ်းသာကွာဟမှုကို ကျဉ်းမြောင်းစေသော လမ်းစဉ်ဖြစ်သည်။
– အစ္စလာမ်သည် ကွဲပြားခြားနားမှုကို နားလည်လက်ခံပြီး အင်အားအဖြစ်အသုံးချသော လမ်းစဉ်ဖြစ်သည်။
– အစ္စလာမ်သည် သဘာဝကို (ကိုးကွယ်အားထားရာအဖြစ် လက်မခံဘဲ) စောင့်ရှောက်ထိန်းသိမ်းပြီး လူ့ဘောင် အကျိုးအတွက် အသုံးချသော လမ်းစဉ်ဖြစ်သည်။
– အစ္စလာမ်သည် တရားသေ၀ါဒကို ငြင်းဆန်ပြီး တိုးတက်ပြောင်းလဲမှုကို ကုရ်အာန်နှင့်အညီ လက်ခံကျင့်သုံးသော လမ်းစဉ်ဖြစ်သည်။
ကျနော်တို့အားလုံး တစ်ကိုယ်ကောင်းဆန်သူများ၊ လူကို ရွှံ့ရုပ်ကဲ့သို့ ပန်းပုထုဆစ် ပုံသွင်းသူများ၊ သဘာဝဓမ္မကို နားမလည်သူများ၊ အယူသည်းအစွန်းရောက် တရားသေသမားများ၏ ဘေးအန္တရာယ်များမှ ကင်းဝေးစွာ နေထိုင်နိုင်ရန် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရင်း ကျနော့်ရဲ့ ဟောပြောတင်ပြချက်ကို ရပ်နားလိုက်ပါတယ်။