အစ္စလာမ်ဟူသည် … အပိုင်း(၃) – ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)
အစ္စလာမ်ဟူသည် … အပိုင်း(၃)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု´
လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား-
ပြီးခဲ့တဲ့ခွတ္တဗါဟ်မှာ အစ္စလာမ်ဟူသည် အပိုင်း(၂)အထိကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီမှာ အစ္စလာမ်ဟူသည် ဘာသာတရားဆိုတာထက် ကိုယ်ကျင့်သီလ သမာဓိနဲ့ဆောင်ရွက်ချက်တွေကို အလေး ထားတဲ့လမ်းစဉ်လို့ ပါဝင်ခဲ့တဲ့အတွက် ကာဖွေရ်ဆိုတာ ကုရ်အာန်က ဘယ်လိုဖွင့်ဆိုလဲဆိုတာ လေ့လာချင်ပါ တယ်လို့ မိတ်ဆွေတစ်ချို့က စူးစမ်းလာပါတယ်။
ကာဖွေရ်ဆိုတာ ဖုံးကွယ်ခြင်းလို့ အဘိဓါန်အဓိပ္ပါယ်ရပြီး ကုရ်အာန်ကတော့ လူသားတစ်ဦးဟာ ရုပ်ပိုင်း၊ နာမ်ပိုင်းရှိ အရည်အသွေးအားလုံးကို ဖုံးကွယ်ကာရံ ပိတ်ဆို့ထားရင် ကာဖွေရ်ဖြစ်ပါတယ်လို့ သုံးနှုံး ပါတယ်။ လူ့အရည်အသွေးဖြစ်တဲ့ အကြား၊ အမြင်၊ ဆင်ခြင်ဉာဏ်တွေနဲ့ လူ့လောကကောင်းကျိုးကို မဆောင် ရွက်တဲ့အတွက် တိရစ္ဆာန်နဲ့မခြားတဲ့ ဘ၀ပိုင်ရှင်တွေကိုလည်း ကာဖွေရ်လို့သတ်မှတ်ထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၄၇) အာယတ် (၁၂) မှာ-
“ ကာဖွေရ်တို့သည် လောကီစည်းစိမ်တွင် နစ်မွန်းပြီး တိရစ္ဆာန်များကဲ့သို့ စားသုံးသူများဖြစ်ကြ၏ ” လို့ ဖော်ပြထားပါတယ်။
တိရစ္ဆာန်တွေဆိုတာ မွေးလာတယ်၊ ရှာဖွေစားသောက်တယ်၊ မျိုးပွားတယ်၊ ပြီးတော့ သေသွားတယ်။ လူကလည်း မွေးဖွားလာတယ်။ ကြီးပြင်းလာတော့ သက်မွေးဝမ်းကြောင်းပညာတွေ သင်ပြီး ရှာဖွေစားသောက်တယ်။ အိမ်ထောင်သားမွေးလုပ်တယ်။ ပြီးတော့ သေသွားတယ်။ အဲဒီလူတွေဟာ လောကီစည်းစိမ်တွင် နစ်မွန်းနေတဲ့သူများ၊ တိရစ္ဆာန်များကဲ့သို့ စားသုံးသူများဖြစ်ပါတယ်။ တိရစ္ဆာန်နဲ့ လူတို့ရဲ့ အရည်အသွေး ခြားနားချက်ကို ကုရ်အာန်က ဆူရာဟ်(၇) အာယတ် (၁၇၉) မှာ-
“ — နှလုံးသားက ခံစားနားလည်မှု မရှိသူများ၊ သိမြင်စူးစမ်းမှု မပြုသူများ၊ ကြားနာမှတ်သားမှု မရှိသူ များသည် တိရစ္ဆာန်များကဲ့သို့ ဖြစ်၏ —“ လို့ သတ်မှတ်ဖော်ပြထားပါတယ်။
လူတစ်ဦးရဲ့နှလုံးသား၊ မျက်စေ့၊ နားတို့ဟာ တိရစ္ဆာန်မှာရှိတဲ့ နှလုံးသား၊ မျက်စေ့၊ နားတို့ရဲ့ လုပ် ဆောင်ချက်ထက် များစွာသာလွန်ပါတယ်။ လူရဲ့နှလုံးသားက ခံစားချက်ကို၊ လူ့မျက်စေ့က အမြင်ကို၊ လူ့နားက ကြားသိတာကို စူးစမ်းလေ့လာပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တယ်။ တိရစ္ဆာန်တွေမှာ ကြောက် စိတ်ရယ်၊ ပြန်လည်တိုက်ခိုက်လိုစိတ်ပဲ ရှိတယ်။ ဒါဟာ ကုရ်အာန်က ညွှန်ပြတဲ့ လူနှင့်တိရစ္ဆာန်တို့ရဲ့ အဓိက ခြားနားချက်ပဲဖြစ်ပါတယ်။
လူတွေဟာ အရာရာကို စူးစမ်းလေ့လာ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အရည်အသွေးတွေကို အသုံးမပြုရင် တိရစ္ဆာန်တွေလို ကြောက်စိတ်နဲ့ တိုက်ခိုက်လိုစိတ်တွေက လွှမ်းမိုးသွားလိမ့်မယ်။ ဒီလိုလွှမ်းမိုးခံရတဲ့သူတွေ ဟာ လူ့အရည်အသွေးတွေ ပိတ်ဆို့ဖုံးကွယ်ထားသူ ကာဖွေရ်များပဲဖြစ်တယ်လို့ ကုရ်အာန်က ညွှန်းဆို ပါတယ်။ ဒါကြောင့်
`အစ္စလာမ်ဟူသည် ကြား၊ မြင်၊ သိမှတ်၊ ခံစားရသမျှကို စူးစမ်းလေ့လာပြီး အမှား၊ အမှန်ကို ဝေဖန် ပိုင်းခြားသော လမ်းစဉ်ဖြစ်သည်´ လို့ တင်ပြလိုပါတယ်။
လူ့အခွင့်အရေးကို တားဆီးပိတ်ပင်သူများဟာလည်း ကာဖွေရ်ဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၄၇) အာယတ် (၂၂/၂၃/၃၂) တို့အရ
“ လူသားတို့၏ မွေးရာပါအခွင့်အရေးများကို တားဆီးပိတ်ပင်သူများသည် နားပင်းနေသူ၊ ကန်းနေသူများ ဖြစ်၏။ ၎င်းတို့သည် အလ္လာဟ်၏ဂရုဏာတော်နှင့် ဝေးကွာနေသူများ ဖြစ်၏။ ကာဖွေရ်များ ဖြစ်၏ ” လို့ မိန့်ဆိုထားပါတယ်။
ကုရ်အာန်ကသုံးတဲ့ နားပင်းသူ၊ မျက်စေ့ကန်းနေသူဆိုတာ အမှန်တကယ်ပဲ နားမကြားသူ၊ မျက်စေ့ အမြင်ကွယ်နေသူများ မဟုတ်ပါဘဲ၊ ကြားပါလျက်၊ မြင်ပါလျက်၊ ခွဲခြမ်းစိတ်ဖြာနိုင်သော လူ့အရည်အသွေး များကို အသုံးမချသူများကို ဆိုလိုတာဖြစ်ကြောင်း ကုရ်အာန်ကို ရိုးသားစွာ လေ့လာသူတိုင်း သဘောပေါက် ကြပါတယ်။
ဒါကြောင့် `အစ္စလာမ်ဟူသည် လူသားတို့၏ မွေးရာပါအခွင့်အရေးများကို လေးစားလိုက်နာရသော လမ်းစဉ်ဖြစ်သည်´လို့လည်း ဖော်ပြလိုပါတယ်။ မွေးဖွားလာသော ကလေးတိုင်းသည် ကျားသဘာဝ၊ မသဘာဝအလျောက် ရှင်သန်ဖွံ့ဖြိုးခွင့်၊ ပညာသင်ကြားခွင့်တွေ ရှိကြပါတယ်။ လူသားမျိုးနွယ် မပပျောက်ရေး အတွက် အိမ်ထောင်သားမွေး ပြုကြရပါမယ်။ ကျားနဲ့မ အိမ်ထောင်ပြုခြင်းရဲ့ အဓိကရည်ရွယ်ချက်ဟာ လူသားမျိုးနွယ်တည်တံ့ရေးအတွက် ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ လိင်တူအိမ်ထောင်ပြုခြင်းကို ကျင့်သုံးမယ် ဆိုရင် ကာမဆန္ဒကို ဦးစားပေးရာ၊ အလ္လာဟ်ပြဌာန်းထားတဲ့ သဘာဝဓမ္မကို ကဲ့ရဲ့လှောင်ပြောင်ရာ ကျပါတယ်။ လူသားတို့ရဲ့ မွေးရာပါအခွင့်အရေးကို ချိုးဖောက်ရာ မည်ပါတယ်။
ယောက်ျားတစ်ဦးအဖြစ် မွေးဖွားခံရရင်လည်း တာဝန်နဲ့အခွင့်အရေးကို ယောက်ျားပီပီ ရယူရပါမယ်။ မိန်းမတစ်ဦးအဖြစ် မွေးဖွားလာရင်လည်း တာဝန်နဲ့အခွင့်အရေးကို မိန်းမပီပီ ရယူကြရပါမယ်။ ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ လူအဖြစ်ရခြင်းကို ကျေနပ်နှစ်သက်စွာဖြင့် ခံယူပြီး၊ လောကီတာဝန်များကို ဆောင်ရွက် ရပါမယ်။ ယောက်ျားအဖြစ် မွေးဖွားခံရပါလျက် မိန်းမဖြစ်လိုခြင်း၊ မိန်းမအဖြစ် မွေးဖွားခံရပါလျက် ယောက်ျား ဖြစ်လိုခြင်းတို့သည် အလ္လာဟ်ချီးမြှင့်ထားသော အရည်အသွေးများကို ငြင်းပယ်ဆန့်ကျင်၍ ကျေးဇူးကန်းသူ ကာဖွေရ်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ကျေးဇူးကန်းသူများ မဖြစ်ဖို့လိုအပ်ပါတယ်။ အထူးသဖြင့် အလ္လာဟ် ပေးထားတဲ့ အရည်အသွေးတွေ မှန်ကန်စွာအသုံးချပြီး အလ္လာဟ်ကို ကျေးဇူးတင် ကြောင်း ပြသရမယ်။ မိဘနှစ်ပါးရဲ့ ကျေးဇူးတရားကိုလည်း သိတတ်ရပါမယ်။
မိခင်ဟာ ကျွန်တော်တို့အားလုံးကို (၁၀)လလောက် ၀မ်းမှာလွယ်ပိုးထားရတယ်။ လပေါင်း (၃၀)လောက် နို့ချိုတိုက်ကျွေးခဲ့ရတယ်။ ဖခင်ဖြစ်သူက မိခင် ဒီလိုပြုစုနိုင်အောင် လိုအပ်တာတွေ ကို ပံ့ပိုးပေးခဲ့တယ်။ ဒါကြောင့် မိဘကျေးဇူးသိတတ်တဲ့ သားသမီးတွေဖြစ်ဖို့ လိုအပ်ပါတယ်။ မိမိတို့ကိုယ်တိုင် မိဘဘ၀ ရောက်ခဲ့ပြီဆိုရင်လည်း မိမိရဲ့သားစဉ်မြေးဆက်ကို လောကကောင်းကျိုးကို သယ်ပိုးနိုင်စွမ်းရှိအောင် ပြုစုပျိုး ထောင်ပေးရမယ်။ ဒီလိုပြုစုပျိုးထောင်နိုင်အောင် မိမိကိုယ်တိုင်လည်း အရည်အသွေးပြည့်မီတဲ့ လူသားတစ် ဦးဖြစ်အောင် ပြုစုပျိုးထောင်နေရပါမယ်။ မိဘဆိုတာ ကျွန်တော်တို့ရဲ့ အတိတ်၊ ကျွန်တော်တို့ကိုယ်တိုင် သည် လက်ရှိပစ္စုပ္ပန်၊ ကျွန်တော်တို့၏ သားစဉ်မြေးဆက်သည် ကျွန်တော်တို့၏ အနာဂါတ်ဖြစ်ပါတယ်။ ဒါကြောင့် “ မိဘနှစ်ပါးရဲ့ ကျေးဇူးတရားကို သိတတ်နိုင်စွမ်းရှိရပါမယ်။ မိမိရဲ့ သားစဉ်းမြေးဆက်ကိုလည်း လောကကောင်းကျိုး သယ်ပိုးသူများအဖြစ် ပြုစုပျိုးထောင်ပေးရမယ် ” လို့ ကုရ်အာန် ဆူရာဟ်(၄၆) အာယတ် (၁၅)က ညွှန်းဆိုပါတယ်။
ထို့ကြောင့် `အစ္စလာမ်ဟူသည် ဓမ္မ၏အရှင်နှင့် မိဘတို့၏ကျေးဇူးတရားကို အလေးထားရသော အနာဂါတ်၏သားသမီးရတနာများကို ပြုစုပျိုးထောင်ပေးရသော လမ်းစဉ်ဖြစ်၏´ ဆိုတာကိုလည်း မီးမောင်း ထိုးပြလိုပါတယ်။
လေးစားအပ်ပါသော အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား-
လူ့ဘ၀ဟာ ပြသနာအတော်များများနဲ့ ပြည့်နှက်နေပါတယ်။ ဒီလိုပြသနာတွေထဲမှာ စားဝတ်နေရေး ပြသနာဟာ ကြီးမားလှတဲ့ ရေရှည်ပြသနာကြီးတစ်ခုဖြစ်ပါတယ်။ အစ္စလာမ်က ဒီစားဝတ်နေရေးပြသနာကို ချဉ်းကပ်ရာမှ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံပြီး လက်တွေ့ကျလှပါတယ်။ အစ္စလာမ်က လူသား မျိုးနွယ်ကို စိုးရိမ်ကြောက်ရွံ့ရမှု၊ ငတ်မွတ်ခေါင်းပါးမှုကနေ ကာကွယ်ပေးတဲ့ လူမှုရေးစနစ်တစ်ခု တည် ဆောက်ပေးဖို့ လမ်းညွှန်ပါတယ်။ `ဆူရာဟ်ကိုရိုက်(ခ်ျ)´ လို့ခေါ်တဲ့ ဆူရာဟ်ကဏ္ဍ (၁၀၆)ကို ကိုးကားတင်ပြပါမယ်။
“ ကိုရိုက်(ခ်ျ)တို့သည် ရာသီမရွေး ခရီးသွားလာတတ်သော ဓလေ့စရိုက်ရှိကြ၏။ ကအ်ဗါဟ်ကျောင်း တော်ရဲ့ အရှင်သခင်ဖြစ်သော အလ္လာဟ်ကို နာခံရိုကျိုးသူများ ဖြစ်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် စိုးရိမ်ထိတ် လန့် သောကဖြစ်ရခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့မှ ကင်းဝေးကြရ၏ ” လို့ ဖော်ပြထားပါတယ်။
တမန်တော်မုဟမ္မဒ်(ဆွလ္လ) မပွင့်ပေါ်မီက အာရဗ်မျိုးနွယ်တစ်ခုဖြစ်သော ကိုရိုက်(ခ်ျ)တွေထဲမှာ ရိုးရာနတ်ကိုးကွယ်ကြသူများ ရှိကြပေမဲ့ ကအ်ဗါဟ်ကျောင်းတော်ရဲ့ အရှင်သခင်ဖြစ်သော အလ္လာဟ်သည် အခြားကိုးကွယ်ခံများထက် ပို၍ မြင့်မြတ်သည်လို့ ခံယူချက်ရှိထားကြတယ်။ ဒီလိုခံယူပြီး တမန်တော်မြတ်မတိုင်မီကတည်းက ကအ်ဗါဟ်ကို ကာကွယ်စောင့်ရှောက်ကြသူများ ဖြစ်နေခဲ့ကြတယ်။ သူတို့ဟာ ရာသီမရွေး ခရီးထွက်လေ့ရှိတဲ့အတွက် အသိအမြင် ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြတယ်။ သူတို့ဝန်းကျင်မှာ အခြားအာရပ်မျိုးနွယ်များအချင်းချင်း တိုက်ခိုက်ပြီး ပြည်တွင်းစစ်သဖွယ် ဖြစ်နေချိန်မှာ ကအ်ဗါဟ်ပရ၀ုဏ်အတွင်းမှာ တိုက်ခိုက်ခွင့်မပြု၊ ဟဂ်ျရာသီ မှာ ဟဂ်ျပြုရန်လာသော ခရီးသည်များကို တိုက်ခိုက်ခြင်းမပြုကြပါဘူး။ အနယ်နယ်အရပ်ရပ်မှ ဟဂ်ျပြုရန် လာရောက်သူများ၏ ကုန်ကူးသန်းရောင်းဝယ်မှုများကြောင့် ကုရိုက်(ခ်ျ)တို့ အတွက် စီးပွားဖြစ်ထွန်းခဲ့ကြရတယ်။
ကိုရိုက်(ခ်ျ)တို့ဟာ ကအ်ဗါဟ်ကျောင်းတော်ကို ဘေးကင်းငြိမ်းချမ်းရာ နယ်မြေအဖြစ် ကာကွယ် စောင့်ရှောက်ထားနိုင်ခဲ့ကြတယ်။ စစ်တလင်းဖြစ်နေသော အာရဗ်တို့၏ဒေသရှိ ကအ်ဗါဟ်ကျောင်းတော် ပရ၀ုဏ်မှာ တမန်တော်မုဟမ္မဒ်(ဆွလ္လ) မပွင့်ပေါ်မီကတည်းက ငတ်မွတ်ခေါင်းပါးမှုနှင့် စိုးရိမ်ထိတ်လန့်မှုတွေကို ကာကွယ်ပေးထားတဲ့ လူမှုရေးစနစ်တစ်ခု သန္ဓေတည်ရှိနေပြီးဖြစ်တယ်။ တမန်တော်မြတ် မက္ကာဟ်ကို သွေးမြေမကျ သိမ်းပိုက်ပြီးချိန်မှာတော့ အာရဗ် တစ်မျိုးသားလုံးရဲ့ စည်းလုံးညီညွတ်မှုကို ထူထောင်ပြီး အာရဗ်ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းခဲ့ရပါ တယ်။ တမန်တော်မြတ်(ဆွလ္လ) ကွယ်လွန်သေဆုံးပြီးတဲ့အချိန်မှာ အာရဗ်ဒေသတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ပြီး လူမဆိုထားနဲ့ တိရစ္ဆာန်တွေတောင် ငတ်မွတ်မှုမရှိအောင် အုပ်ချုပ်သူများက စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကို ဒုတိယမြောက် ခလီဖါသမ္မတကြီး အုမရ်သခင်ရဲ့ သမိုင်းဝင်စကားတစ်ခွန်းနဲ့ သက်သေထူနိုင်ပါတယ်။
သမ္မတကြီး အုမရ်သခင်က `ယူဖရေးတီးမြစ်ကမ်းရဲ့ တစ်နေရာမှာ ခွေးတစ်ကောင် အစာငတ်ပြီး သေသွားရင်တောင် အုမရ်က ဒီအတွက် အဖြေပေးရမှာပါတဲ့´ ။ နိုင်ငံတစ်ခုရဲ့ အစိုးရ ကောင်း၊ မကောင်း ဆိုတာ ဒီနိုင်ငံရဲ့ နယ်နိမိတ်ဘောင်အတွင်းရှိ နိုင်ငံသားတိုင်းသာမက တိရစ္ဆာန်များရဲ့ စားရေး၊ သောက်ရေး၊ လုံခြုံရေးကို မည်မျှတာဝန်ယူနိုင်ပါသလဲဆိုတာနဲ့ အဓိက တိုင်းတာနိုင်ပါတယ်။
ကိုရိုက်(ခ်ျ)မျိုးနွယ်တွေက သူတို့ရဲ့ အရည်အသွေးတွေ မှန်ကန်စွာ အသုံးချပြီး စစ်တလင်းဖြစ်နေ တဲ့နယ်မြေမှာ တမန်တော်မုဟမ္မဒ်(ဆွလ္လ) မပွင့်မီကတည်းက ကအ်ဗါဟ်ကို စစ်မဲ့နယ်မြေ၊ ငြိမ်းချမ်းရေးနယ်မြေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလို့ သူတို့ မှာ စိုးရိမ်သောကတွေ ကင်းဝေးပြီး စားသောက်ဖွယ်ရာများ အလျံပယ် ကြွယ်ဝခဲ့ကြတယ်လို့ ကုရ်အာန်က ဖော်ပြထားပါတယ်။
ဒါကြောင့် ` အစ္စလာမ်ဟူသည် နိုင်ငံအတွင်းရှိ ပြည်သူပြည်သားများသာမက တိရစ္ဆာန်များ၏ စား သောက်ရေး၊ လုံခြုံရေးတို့ကို တာဝန်ယူနိုင်သော အုပ်ချုပ်သူများ ပေါ်ထွန်းစေသောလမ်းစဉ် ဖြစ်သည်´လို့ ပြောနိုင်ပါတယ်။ စားဝတ်နေရေး၊ လုံခြုံရေးတို့ရဲ့ အခြေခံအရင်းအမြစ်ဟာ ကမ္ဘာဂြိုဟ်ဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ်(၅၅) အာယတ် (၁၀) မှာ –
“ ကမ္ဘာဂြိုဟ်သည် သတ္တ၀ါတို့အတွက် ပြည့်စုံ၏ ” လို့ဖော်ပြထားပြီး ဆူရာဟ်(၄၁) အာယတ် (၁၀) မှာ – “ လိုအပ်သူ များအတွက် ဖူလုံစေထား၏ ” လို့ ဖော်ပြထားပါတယ်။
ကမ္ဘာမြေကြီးဟာ သက်ရှိအားလုံးရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တယ်။ လူသားတွေရဲ့ လောဘကတော့ ကမ္ဘာဂြိုဟ်ကို ပျက်စီးစေတယ်။ အလ္လာဟ်က ကမ္ဘာဂြိုဟ်ကို စားဝတ်နေရေးအတွက် ဖူလုံ စေရုံသာမက လုံခြုံရေးအတွက်လည်း စီမံထားပါတယ်။ နေမင်းကြီးက ကမ္ဘာဂြိုဟ်အတွက် လိုအပ်တဲ့စွမ်း အင်တွေကိုပေးနေတဲ့ အဓိက ရင်းမြစ်ပါ။
ဒါပေမဲ့ နေရောင်ခြည်မှာ လူကို ဒုက္ခပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အစရှိတဲ့ အန္တရာယ်ရှိတဲ့အရာ တွေကိုလည်း အိုဇုန်းလွှာ အစရှိတဲ့ လေထုနဲ့ ကာကွယ်ပေးထားပါတယ်။ အမေရိကန်တို့ဟာ တချိန်တခါက အာကာသမှာ နျူကလီးယား ဖောက်ခွဲစမ်းသပ်ခဲ့ဖူးတယ်။ အာကာသ နျူကလီးယားဖေါက်ကွဲမှုကြောင့် ကမ္ဘာပေါ်ကို ဘယ်လိုဆိုးကျိုးတွေမှ မသက်ရောက်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေဒီယိုသတ္တိကြွ ဓါတ်ပစ္စည်းတွေဟာ ကမ္ဘာရဲ့ တောင်မြောက်ဝင်ရိုးရှိ သံလိုက်စီးကြောင်းတွေထဲ ၀င်ရောက်သွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ အဲဒါ ဟာ ကမ္ဘာကြီးရဲ့ လုံခြုံရေးအတွက် အလ္လာဟ်ရဲ့စီမံထားချက်တွေထဲက ဥပမာတစ်ခုပါ။ ဒါဆိုရင် ကမ္ဘာမှာပေါ်ပေါက်နေရတဲ့ ရာသီဥတုဖောက်ပြန်မှု၊ ရေ၊ မြေ၊ လေတို့၏ ညစ်ညမ်းမှုတွေဟာ ဘာကြောင့်လဲ။
“ လူသားတို့၏ (လောဘရမ္မက်ဖြင့်) ဆောင်ရွက်မှုများကြောင့် (ကမ္ဘာဂြိုဟ်၏) ကုန်းမြေနှင့် ရေပြင်တို့တွင် ဘေးအန္တရာယ်များ ပေါ်ထွန်းလာရ၏ ” လို့ ဆူရာဟ် (၃၀) အာယတ် (၄၁)မှာ ဖော်ပြထားပါတယ်။
လူသားတွေက လိုအပ်ချက်ထက် ပိုလျှံတဲ့သုံးစွဲမှုတွေကြောင့် အိုဇုန်းလွှာပေါက်ပြဲမှုတွေ၊ သစ်တော ပြုန်းတီးမှုတွေ၊ မျိုးသုဉ်းသွားသော တိရစ္ဆာန်တွေ၊ ညစ်ညမ်းသော လေပြင်၊ ရေပြင်တွေ စတဲ့ အန္တရာယ်များ ကျရောက်နေရပါတယ်။
အလ္လာဟ်က လူတိုင်းအတွက် မြေကမ္ဘာဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားပေမဲ့ လူသားတွေက မြေကမ္ဘာရဲ့ သဘာဝသယံဇာတတွေ ကုန်ထုတ်လုပ်မှု အရင်းအနှီးတွေဖြစ်တဲ့ ရေတွေ၊ မြေတွေကို တစ်ဦးတည်းနဲ့ မြောက်များစွာ မောင်ပိုင်စီးထားရင် ဒီရည်ရွယ်ချက်ကို ရောက်မှာမဟုတ်ပါဘူး။ အလ္လာဟ်ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ အားလုံး အတွက် ကမ္ဘာမြေဖြစ်အောင် လူသားဖြစ်တဲ့ ကျွန်တော်တို့က မိမိရဲ့ကန့်သတ်ချက်ဘောင်အတွင်းမှ ဖြည့် ဆည်းပေးရမှာ ဖြစ်ပါတယ်။ လူသားတွေအနေနဲ့ ဖြည့်ဆည်းဆောင်ရွက်ရမယ့်အချက်တွေ မြောက်များစွာအတွက် ပြဌာန်းထားပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့အချက်တွေထဲက တစ်ချက်ကိုဖော်ပြရရင် “ အလှူဒါနနှင့်ပတ်သက်ပြီး စူးစမ်းမေးမြန်းသူများအား ပိုလျှံတာအားလုံး လှူဒါန်းပါလို့ ကြေညာလိုက်ပါ ” တဲ့။ (ကုရ်အာန် – ၂း၂၁၉)
` အစ္စလာမ်ဟူသည် ဥစ္စဓနကို လွတ်လွတ်လပ်လပ် အကန့်အသတ်မဲ့ ရှာဖွေပိုင်ဆိုင်ခွင့်ပေးထားပြီး သက်ရှိတွေအားလုံးရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် သုံးစွဲရသောလမ်းစဉ်ဖြစ်ပါတယ် ´
ဆူရာဟ်(၅၉) အာယတ်(၇) မှာ-
“ — ဥစ္စာဓနများသည် ပြည့်စုံကုံလုံသူများထံတွင်သာ စုပြုံမရှိစေရ — ” လို့ ဖော်ပြထားပါတယ်။
ဥစ္စဓနပြည့်စုံသူများက လှူဒါန်းတဲ့အခါမှာလည်း သူတောင်းစား လူတန်းစားများ ပေါများစေတဲ့ နည်းလမ်းတွေကို ရှောင်ကြဉ်ရမယ်။ ဥစ္စာဓနပြည့်စုံသူတွေက လုပ်ငန်းအသစ်တွေ တည်ထောင်ပြီး ပါဝင် လုပ်ကိုင်သူအားလုံးကို လုပ်အားအချိုးကျ ခွဲဝေပေးတဲ့စနစ် စတဲ့ အလုပ်လုပ်တဲ့သူတိုင်း အကျိုးခံစား ခွင့်ရှိတဲ့စနစ်တွေ တည်ထွင်ဆောင်ရွက်ရပါမယ်။ အဲဒါမှသာ အလုပ်လုပ်ချင်တဲ့ တွန်းအားတွေဖြစ်ပြီး အလုပ်လုပ်တဲ့လူတန်းစားတွေ ပေါ်ပေါက်လာမှာပါ။ ဒါ့အပြင် လူအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေ၊ ခေါင်းပုံ ဖြတ် ဂုတ်သွေးစုတ်မှုတွေ၊ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေ ကင်းစင်တဲ့ လူနေမှုစနစ်ကိုလည်း တည်ထောင်ပေး ရပါမယ်။
အဲဒါမျိုး ညှင်းပန်းနှိပ်စက်မှုတွေ၊ ဂုတ်သွေးစုတ် ချယ်လှယ်မှုတွေ ခွဲခြားနှိမ့်ချဆက်ခံမှုတွေကို တတ် အားသမျှ တွန်းလှန်ရပါမယ်။ ဒီလိုတွန်းလှန်ရာမှာ တွေ့ဆုံဆွေးနွေးမှုတွေကနေ တဆင့်ဖြစ်စေ၊ လူထု ဆက်သွယ်ရေးလမ်းစဉ်ဖြစ်သော မီဒီယာများမှတဆင့်ဖြစ်စေ မတရားမှုများကို အင်တိုက်အားတိုက် တွန်းလှန်နိုင်ရပါမယ်။ ဒီလိုငြိမ်းချမ်းသော နည်းလမ်းတွေနဲ့မရတဲ့အခါ မိမိအသက်ကို ပေးဆပ်ပြီး တိုက်ပွဲဝင် ရပါသည်။ ခုခံစစ်များ ဆင်နွှဲသင့်လျှင် ဆင်နွှဲရပါမည်။ စစ်ပွဲတိုင်းဟာ တရားမျှတမှုမရှိ၍ ကျွန်တော်တို့ မနှစ်ခြိုက်ကြသော်လည်း စစ်ပွဲဆင်နွှဲ၍ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းရသည့် အချိန်အခါများလည်း လူ့သမိုင်းတလျှောက် ရှိခဲ့ဖူး၊ ရှိနေဆဲ ဖြစ်ပါတယ်။ အချို့လူတွေက ခေါင်းငုံ့သည်းခံနေရင် ပိုပြီး ရောင့်တက် တတ်တယ်။ ဒါကြောင့် ဆူရာဟ် (၂) အာယတ် (၂၁၆)မှာ-
“ သင်လူသားတို့ မနှစ်မြို့သော်လည်း ခုခံစစ် ဆင်နွှဲခွင့်ကို သတ်မှတ်ပြဌာန်းလိုက်လေပြီ။ သင်တို့ အော့နှလုံးနာသော အရာသည် သင်တို့အတွက် အကောင်းဖြစ်နိုင်၍ သင်တို့ခုံမင်သောအရာသည် သင်တို့ အတွက် အဆိုးဖြစ်နိုင်၏။ အလ္လာဟ်သည် အကြွင်းမဲ့သိမြင်တော်မူသော အရှင်ဖြစ်၏။ သင်တို့ကား သိနိုင်ကြသည်မဟုတ် ” လို့ ဖော်ပြထားပါတယ်။
စစ်တိုက်ရမှာကို ဘယ်သူမှ မနှစ်မြို့ကြပါဘူး။ ဖိနှိပ်ညှင်းပန်းခံနေရတဲ့အချိန်မှာ သူရဲဘောကြောင် နေပါက သေရတာထက် ပိုမိုဆိုးဝါးသော အခြေအနေမျိုးကို ရောက်ရှိသွားမှာဖြစ်တယ်။ အစ္စလာမ်က ခုခံစစ်ကို ပြဌာန်းရတဲ့ရည်ရွယ်ချက်ကို ကုရ်အာန် ဆူရာဟ် (၂၂) အာယတ် (၄၁)မှာ အခုလို ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်။
“ မိမိတို့၏ ပြုစုပျိုးထောင်ရှင်သည် အလ္လာဟ်ဖြစ်သည်ဟု ပြောဆိုမှုကြောင့် လူသားတို့သည် မိမိတို့၏နေရင်းဒေသများမှ မတရားနှင်ထုတ်ခံနေကြရသည်။ အကယ်၍ အလ္လာဟ်သည် လူတစ်ချို့ကို လူတစ်ချို့ဖြင့် မခုခံ မတားဆီးခဲ့ပါလျှင် ဘုန်းတော်ကြီး ကျောင်းများ၊ ခရစ်ယာန်ကျောင်းများ၊ ဂျူးဘုရားကျောင်းများ၊ အစ္စလာမ်ဝတ်ကျောင်းတော်များသည် ဖျက်ဆီး ခံရပြီး ဖြစ်လတ္တံ့ — ”
မည့်သည့်သာသနာဝင်တို့၏ သာသနိက အဆောက်အအုံများဖြစ်စေ၊ မတရားဖျက်ဆီးခံရခြင်း ယုံကြည် ချက်ကြောင့် နေရပ်မှ မောင်းထုတ်ခံရခြင်းဖြစ်လျှင် ခုခံတော်လှန်ခွင့် ပြုထားပေသည်။ ဒီလိုခုခံရာမှာ မိမိထံ လာရောက်ကျူးကျော်စော်ကားသူများကို ခုခံတိုက်ခိုက်ရမှာဖြစ်ပြီး မိမိက ကျူးကျော်တိုက်ခိုက်သူ မဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ မိမိ၏ယုံကြည်ချက်ကိုသာမက အခြား ယုံကြည်ချက်များကိုပါ အလေးထားတဲ့ အစ္စလာမ်ရဲ့ပြဌာန်းချက်ကို ဂရုပြုမိကြမယ်လို့ မျှော်လင့်ပါတယ်။
မိမိအသက်ပေးဆပ်လိုက်ရ၍ အများငြိမ်းချမ်းပါက သေရကျိုးနပ်ပါတယ်။ မိမိအသက် အသေခံရ ပြီး သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၏ဘ၀ လုံခြုံမှုကင်းမဲ့မည်ဆိုရင်၊ လူတို့၏ ယုံကြည်ချက်အရ တန်ဖိုးထားတဲ့ မည်သည့်သာသနိက အဆောက်အအုံကိုဖြစ်စေ အန္တရာယ်ပြုလာမယ်ဆိုရင်၊ ငုတ်တုတ် အသေခံမည့်အစား ပြန်လည်ခုခံ၍ အသေခံခြင်းက မြတ်တယ်လို့ အစ္စလာမ်က သွန်သင်ပါသည်။
ဒီနေရာမှာ `အစ္စလာမ်ဟူသည် အခြားဘာသာဝင်အသီးသီးတို့အား အသိအမှတ်ပြု လေးစားပြီး ၎င်းတို့ အထွတ် အမြတ်ထားသော သာသနိက အဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ပေးရသော လမ်းစဉ်ဖြစ် သည်´ ဆိုတဲ့ အစ္စလာမ်တန်ဖိုးတစ်ခုကိုလည်း တင်ပြရင်း နိဂုံးချုပ်ပါတော့မယ်။
ကျွန်တော်တို့အားလုံး မိမိအတွက်သာ ကြည့်တတ်သောသူများ၊ တစ်ပါးသူ၏အခွင့်အလမ်း၊ အခွင့်အရေးများကို တားဆီး ပိတ်ပင်သူများ၊ မိဘကျေးဇူးကို မသိတတ်သူများ၊ မိမိ၏သားသမီးများကို မပြုစု မပျိုးထောင်တတ်သူများ၊ စိုးရိမ်သောကဖိစီးနေသူများ၊ အာဏာရှင်များလက်အောက်ရှိ အဖိနှိပ်ခံပြည်သူများ၊ လိုအပ်ချက်ထက် ပို၍ အသုံးအဖြုန်းကြီးသူများ၊ သူရဲဘောကြောင်သူများ၊ အခြားဘာသာသာသနာကို အထင်မြင်သေးသူများအဖြစ် မှ ကင်းဝေးစေပြီး အစ္စလာမ်၏ စစ်မှန်သော တန်ဖိုးများအတိုင်း လိုက်နာကျင့်ကြံနိုင်သူများ ဖြစ်နိုင်ကြပါစေလို့ ဆုမွန်တောင်းရင်း `အစ္စလာမ်ဟူသည် —´ အပိုင်း(၃)ကို ဒီနေရာမှာ ရပ်နားလိုက်ပါတယ် ။ ။