အစ္စလာမ်ဟူသည် (အပိုင်း-၁) – ကုရ်အာန်သုတေသီ ဦးခင်မောင်(B.Sc)
အစ္စလာမ်ဟူသည် (အပိုင်း-၁)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု´
လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုးသား/ အမျိုး သမီးအပေါင်းတို့ခင်ဗျား-
ယနေ့သတင်းတွေကိုကြည့်လိုက်ရင် မွတ်ဆလင်မ် အမည်ခံ အစွန်းရောက်များရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အချို့ နိုင်ငံတွေမှာ မွတ်ဆလင်မ်တွေ နှိပ်ကွက်ခံနေရမှုတွေကို ကြားသိ နေရပါတယ်။ ဒီသတင်းတွေကိုကြည့်ရင် ကမ္ဘာနဲ့အ၀ှမ်း မွတ်ဆလင်မ်တွေရဲ့ ကျဆင်းနေတဲ့ပုံရိပ်ကို ခံစားကြရမှာပါ။ ဒီလို မွတ်ဆလင်မ်တွေရဲ့ပုံရိပ်တွေ ကျဆင်းနေရတာဟာ မလိုသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သလို မွတ်ဆလင်မ်တွေကိုယ်တိုင် အစ္စလာမ်ရဲ့သွန်သင်ချက်တွေကို လွဲမှားစွာ ကျင့်သုံးမှုကြောင့် လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ယနေ့ခွတ္တဗါဟ်မှာ အစ္စလာမ်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို သိရှိနားလည်စေဖို့ ရည်စူးပြီး `အစ္စလာမ်ဟူသည် ´ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြမှာဖြစ်ပါတယ်။
အစ္စလာမ်ဆိုတာ အရဗီဝေါဟာရဖြစ်ပြီး ငြိမ်းချမ်းရေး လမ်းစဉ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။ လူ့ဘ၀တစ်လျှောက်လုံးမှာ တစ်ဦးချင်းကနေ့ အဖွဲ့အစည်းအလိုက် ငြိမ်းချမ်းရေးအတွက် ကုရ်အာန်က သတ်မှတ်ပြဌာန်းပါတယ်။ အစ္စလာမ်ဟာ ဘာသာရေး ပုံသဏ္ဍာန်ဖြစ်တဲ့ ကိုးကွယ်ဝတ်ပြုဆုတောင်းတဲ့ ပုံစံထက် ယုံကြည် ချက်တို့၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ စစ်ရေး၊ သဘာဝ ပတ်ဝန်းကျင်ရေး စသည်တို့ကို ကျမ်းမြတ်ကုရ်အာန်က အလေး ပေးဖော်ပြထားပါတယ်။ အခါအားလျော်စွာ လူ့သမိုင်းတစ်လျှောက် လူသားတို့ရဲ့ အနိမ့်အမြင့်၊ အတက်အကျတွေကို မီးမောင်းထိုးပြပြီး သမိုင်းသင်ခန်းစာတွေကို ထုတ်နုတ်ပေးပါတယ်။ လူ့ဘ၀ငြိမ်းချမ်း သာယာရေးအတွက် ဘယ်လိုခံယူကျင့်သုံးရမယ်ဆိုတာကို ပြဌာန်း သတ်မှတ်ပါတယ်။
ကုရ်အာန်ရဲ့ ပြဌာန်းသတ်မှတ်ချက်တွေကို ခံယူကျင့် သုံးတဲ့သူကို မွတ်ဆလင်မ်လို့ခေါ်ပါတယ်။ မွတ်ဆလင်မ်ဆိုတာ လိုက်နာကျင့်သုံးသူလို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုခံယူကျင့်သုံးရင်း ကိုယ်တိုင်လည်း ငြိမ်းချမ်းသူတို့ရဲ့ ငြိမ်းချမ်းမှုကိုပါ ဖော်ဆောင်နိုင် ပြီဆိုရင် မုအ်မင်ဖြစ်ပါတယ်။
အကြမ်းဖက်ဝါဒီတွေက အစ္စလာမ်အမည်ကို ခံယူပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်တဲ့အခါ ငြိမ်းချမ်းရေးဖြစ်တဲ့ အစ္စလာမ်ဟာ အကြမ်းဖက်ဝါဒ၊ မွတ်ဆလင်မ်ဆိုရင် အကြမ်းဖက် သမားလို့ အများက မြင်ယောက်နေပါတော့တယ်။ အစ္စလာမ်ကို မုန်းတီးနေတဲ့သူတွေကလည်း ဒီလိုလွဲမှားတဲ့လုပ်ရပ်တွေကို လက် ညှိုးထိုးပြီး အစ္စလာမ်ကို နာမည်ဖျက်နေပါတော့တယ်။ ဒါကြောင့် အစ္စလာမ်ဟာ ကမ္ဘာမှာ အထင်မှားခံရဆုံးသောလမ်းစဉ် ဖြစ်နေပါ တယ်။
ကျွန်တော့်အနေနဲ့ အခုလို အခါအခွင့်သင့်တဲ့အချိန်မှာ ကုရ်အာန်က ပြဌာန်းထားပေမယ့် မွတ်ဆလင်မ်အမည်ခံ အကြမ်း ဖက်သမားတွေ မသိရှိ နားမလည်ထားတဲ့အချက်တွေ၊ အစ္စလာမ် ကို မနာလို မရှုစိတ်ရှိတဲ့သူတွေက မသိဟန်ဆောင်ထားတဲ့အချက် တွေကို ထုတ်နုတ်ကိုးကားပြီး အစ္စလာမ်ရဲ့တန်ဖိုးတွေကို တင်ပြ သွားပါမယ်။
ပထမဆုံး ကျွန်တော်တင်ပြလိုတဲ့ အချက်ကတော့ အစ္စလာမ်က ငြိမ်းချမ်းရေးအတွက်ပေးဆပ်ခြင်းပြုဖို့ အထူးတလည် တိုက်တွန်းထားတဲ့အကြောင်း ဖြစ်ပါတယ်။ ကုရ်အာန် ကဏ္ဍ (၄၇)၊ ၀ါကျ (၃၈) အစမှာ
“ အသင်တို့သည် အလ္လာ့ဟ်လမ်းစဉ်၌ ပေးဆပ်ခြင်းပြုရန် ဖိတ်ခေါ်ခြင်းခံရသူများ ဖြစ်ကြသည် — ”
ပေးဆပ်ခြင်းဆိုရင် ကျွန်တော်တို့က ငွေကြေးဥစ္စာဓနနဲ့ ပေးဆပ်ဖို့ကိုပဲ သတိရကြတယ်။ အလ္လာဟ်ကတော့ ကုရ်အာန် (၁၆း၉၀)မှာ တရားမျှတမှုအတွက် ချို့တဲ့နေတဲ့ လူတွေရဲ့ဘ၀တွေ ပြည့်စုံဖူလုံပြီး တိုးတက်သာယာလှပဖို့အတွက် မိမိနဲ့နှီးနွယ် ပတ်သက် ယှက်နွယ်နေတဲ့သူတွေကို ပြုစုပျိုးထောင်ပေးဖို့အတွက် မကောင်းမှု ဒုစရိုက်မှာ နစ်မွန်းနေသူတို့ကို ပြန်လည်ပြုစုပျိုးထောင် ပေးဖို့အတွက် ပြဌာန်းသတ်မှတ်ပါတယ်။
ဒီလိုပြုလုပ်ရာမှာ မိမိတို့ရဲ့ ငွေကြေး၊ ဥစ္စာဓနတွေအပြင် မိမိတို့ရဲ့အချိန်တွေ၊ မိမိတို့ရဲ့ပညာဉာဏ်တွေကို အသုံးပြုပေးဆပ် ဖို့ လိုအပ်ပါတယ်။ အစ္စလာမ်က ဒီလိုပြဌာန်းထားပေမဲ့ လူတွေရဲ့ စရိုက်ကိုလည်း (၄၇း၃၈)မှာအခုလိုဆက်လက်ဖော်ပြထားပါတယ်။
“ ပေးဆပ်မှုအတွက် ဖိတ်ခေါ်ခံရသောအခါ လူသားတို့ အနက် အချို့သည် စေးနဲတွန့်တိုကြကုန်၏။ မည်သူမဆို စေးနဲတွန့် တိုလျှင် မိမိတို့၏ကိုယ်ရည်ကိုယ်သွေးများ ဆုတ်ယုတ်ကျဆင်းသွား မည်ဖြစ်ပေသည် ”
ပေးဆပ်မှုပြုခြင်းဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ် သွေးတွေ မြင့်မားတိုးတက်စေပါတယ်။ အဲဒါရဲ့ဆန့်ကျင်ဖက် စေးနဲ တွန့်တိုနေမယ်ဆိုရင်တော့ ကိုယ်ရည်ကိုယ်သွေးတွေ နိမ့်ပါးဆုတ် ယုတ်သွားလိမ့်မယ်လို့ သတိပေးထားပါတယ်။ အဲဒီဝါကျမှာ အလ္လာဟ်နဲ့ လူသားတို့ရဲ့ ခြားနားမှုကိုလည်း အခုလို ဆက်လက် ဖော်ပြထားပါတယ်။
“ အလ္လာဟ်သည် ပြည့်စုံကုံလုံ၍ လိုအပ်ချက်များမှ ကင်း မဲ့သောအရှင်ဖြစ်၍ လူသားတို့သည်ကား လိုအပ်ချက်များရှိနေသူ များ ဖြစ်ကြပေသတည်း ”
ပေးဆပ်ဖို့အတွက် ပြဌာန်းသတ်မှတ်ချက်ဟာ အလ္လာဟ် အတွက်မဟုတ်ပါ။ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝစေဖို့အတွက် လို အပ်နေတဲ့လူသားတွေအတွက် ဖြစ်တယ်။ လူသားဟာ ငြိမ်းချမ်း ရေးဗိမာန်ကို မိမိဘာသာ တည်ဆောက်ရမှာဖြစ်တယ်။ အဲဒီ အတွက် ကိုယ်ရည်ကိုယ်သွေး မြင့်မားဖို့လိုအပ်တယ်။ သုခဘုံဖြစ် တဲ့ ငြိမ်းချမ်းရေးဗိမာန်ဟာ ကိုယ်ရည်ကိုယ်သွေး မြင့်မားတဲ့သူတွေ နဲ့ပဲ ထိုက်တန်တယ်။ ပြည့်စုံ ကုံလုံတော်မူသော အလ္လာဟ်က လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေ၊ လေ၊ မြေတွေကို မိမိရဲ့မဟာဂရုဏာတော်(ရဟ်မသ်)ဖြင့် ပေါများကြွယ်ဝစွာဖြစ်ထွန်း ပေါ်ပေါက်စေထားပါတယ်။ ငြိမ်းချမ်းရေးဘုံဗိမာန်ဖြစ်တဲ့ ဂျန္နသ်ကို တော့ လူသားတစ်ဦးချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေး (နာဖ်စ် အရည် အသွေး) မြင့်မားမှုအပေါ်မူတည်ပြီး မိမိကိုယ်တိုင် တည်ဆောက် ရယူဖို့ ပြဌာန်းထားပါတယ်။
လူအများစုက မွတ်ဆလင်မ်ဖြစ်ရင် အလ္လာဟ့်ထံက မြောက်များစွာသောအခွင့်အရေး ရရှိလိမ့်မယ်လို့ တွေးထင်ထား ကြတယ်။ တကယ်တော့ မွတ်ဆလင်မ်ဆိုတာ အများကောင်းကျိုး အတွက် ပေးဆပ်ရမယ့်သူတွေဖြစ်တယ်။ အစ္စလာမ်ရဲ့ ပြဌာန်းချက် တွေဟာ အများအကျိုးဆောင်ရင်း ကိုယ့်အကျိုးအောင်တဲ့ လမ်းစဉ် ဖြစ်ပါတယ်။ တစ်ကိုယ်ရေ တစ်ကာယသာ အကျိုးကျေးဇူးခံစား ရတဲ့ ကျင့်စဉ်တွေကို ဇောင်းမပေးပါဘူး။
ဒီလိုပေးဆပ်မှုပြုရာမှာလည်း အခက်အခဲတွေရှိနေတတ် ပါတယ်။ ဒီအတွက် စိတ်ဓါတ်ခွန်အားဖြစ်စေတဲ့ ပြဌာန်းသတ်မှတ် ချက်ကို အခုလိုဖော်ပြထားပါတယ်။ ကဏ္ဍ (၂) ၀ါကျ (၁၀၀) မှာပါ။
“ — သင်တို့၏ ကိုယ်ရည်ကိုယ်သွေးအတွက် ပြုလုပ်ခဲ့ သော ကောင်းမှုများ၏အကျိုးကျေးဇူးများကို အလ္လာဟ့်ထံပါး၌ တွေ့ရအံ့ ”
ပေးဆပ်ရခြင်းအတွက် လောလောဆယ်မှာတော့ ကျွန်တော်တို့မျာ နစ်နာဆုံးရှုံးမှုတွေ ရှိပါလိမ့်မယ်။ အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ တချိန်ချိန်မှာတော့ ဒီလိုနစ်နာခဲ့ရတဲ့ အကျိုးကျေးဇူးတွေကို သေချာပေါက် ခံစားရမှာ ပါ။ ဘာကြောင့်လဲဆိုရင် ပေးဆပ်ဖို့အတွက် ပြဌာန်းသတ်မှတ်သူ ဟာ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို အကြွင်းမဲ့သိမြင်တော်မူသော အလ္လာဟ်ဖြစ်နေလို့ပါ။
လေးစားအပ်ပါသော ညီရင်းအစ်ကို မောင်ရင်းနှမများ ခင်ဗျား-
အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကြောင့် ယနေ့ ကျွန်တော်တို့ အကျိုးကျေးဇူးတွေ ခံစားနေရတယ်ဆိုရင် အဲဒါ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ်)နဲ့ သူ့ရဲ့နောက်လိုက်များရဲ့ ပေး ဆပ်ခဲ့မှုကြောင့်ဖြစ်ပါတယ်။ မွတ်ဆလင်မ်ဖြစ်ရတဲ့အတွက် ဆိုးကျိုး တွေ ကျရောက်နေရပြီဆိုရင် အဲဒါ အစ္စလာမ်ရဲ့ စစ်မှန်တဲ့တန်ဖိုး တွေကို ကျွန်တော်တို့ တလွဲအသုံးချနေမှုကြောင့် ဖြစ်ပါတယ်။ အခု ထိ ကျွန်တော်တို့ ပေးဆပ်မှုတွေမပြုကြသေးဘူးဆိုရင် ကျွန်တော် တို့ရဲ့ သားစဉ်မြေးဆက်တွေမှာ ကြီးမားလေးလံလှတဲ့ ၀န်ထုပ် ၀န်ပိုးကြီးတွေ ဖိစီးနေပါလိမ့်မယ်။ ပေးဆပ်မှုတွေဆောင်ရွက်မယ့် အခြားမျိုးဆက်သစ်တွေပေါ်ထွန်းလာပြီး အစ္စလာမ်ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေကို အပြည့်အ၀ ပေးဆောင်ကြပါလိမ့်မယ်။
ကျွန်တော် ယခု ကိုးကားတင်ပြနေတဲ့ ဆူရာဟ်(၄၇) ၀ါကျ (၃၈)ရဲ့အဆုံးမှာ
“ — အကယ်၍ သင်တို့သည် ပေးဆပ်မှုအတွက် ဖိတ်ခေါ်ချက်ကို လက်မခံဘဲ နောက်ကြောင်းပြန်လှည့်ခဲ့သည်ရှိ သော် သင်တို့အစား အခြားမျိုးနွယ်များက အစ္စလာမ်တာဝန်ကို ပြောင်းလဲထမ်းဆောင်ကြပေလိမ့်မည်။ ၄င်းတို့က သင်တို့ထက် သာလွန်သူများ ဖြစ်ကြပေလိမ့်မည် ”
အစ္စလာမ်လမ်းစဉ်ဟာ လူသားတို့ရဲ့လုပ်ရပ်ကြောင့် ကွယ်ပျောက်သွားနိုင်တဲ့ လမ်းစဉ်မဟုတ်ပါဘူး။ နေရာဒေသတစ်ခု မှာဖြစ်စေ၊ လူမျိုးနွယ်တစ်ခုက ဖြစ်စေ၊ အစ္စလာမ့်လမ်းစဉ်ကို မလိုက်နာ၊ မဆောင်ရွက်တော့လျှင်ပဲဖြစ်ဖြစ်၊ လွဲမှားစွာကျင့်သုံးနေ လျှင်ပဲဖြစ်ဖြစ်၊ အမှန်အကန် လိုက်နာကျင့်သုံးမယ့်သူတွေ ပေါ် ပေါက်လာလိမ့်မယ်။ အဲဒီလူတွေရဲ့ ဆောင်ရွက်ချက်တွေဟာ မလိုက်နာ၊ မကျင့်သုံးသူများ လွဲမှားစွာကျင့်သုံးသူများထက် ကွဲပြားခြားနားစွာ သာလွန်ကြလိမ့်မယ်လို့လည်း ကျမ်းမြတ် ကုရ်အာန်မှာ ရှင်းရှင်းလင်းလင်း အသိပေးထားပါတယ်။
အစ္စလာမ်ဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျင့်သီလကို အလေးပေးပါတယ် ဆိုတဲ့အချက်ကို ဆက်လက်တင်ပြပါမယ်။ ကုရ်အာန် ကဏ္ဍ (၂) ၀ါကျ (၆၂) မှာ-
“ မုအ်မင်ဖြစ်စေ၊ ရဟူဒီ (ဂျူး)ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ၊ ရေဖြင့် အပြစ်များကို ဆေးကြောသည့် ဓလေ့ထုံးစံရှိသူများဖြစ်စေ၊ အလ္လာဟ်၏ပြဌာန်းချက် သဘာဝဓမ္မများနှင့် အနာဂတ်တွင်ဖြစ်ပေါ် လာမည့် အကျိုးဆက်များကို ယုံကြည်လျက် လောကတွင် ဖွံ့ဖြိုး သာယာ တိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှင် ၄င်းတို့၏ ဆုလာဘ်သည် အလ္လာဟ့်ထံ၌ ရှိ၏။ ထိုသူများသည် ပူပန်သောက ဖြစ်စရာမရှိပေ ”
ဒီဝါကျမှာပါတဲ့ `ရေနဲ့အပြစ်များကို ဆေးကြောသည့် ဓလေ့ထုံးစံရှိသူများ´ဆိုတာကို အိန္ဒိယတိုက်နယ်က လူမျိုးနွယ် တွေမှာလည်း တွေ့မြင်နိုင်ပါတယ်။ ဟိန္ဒူတွေဟာ ဂင်္ဂါမြစ်ရေနဲ့ သူတို့ရဲ့ အပြစ်တွေကို ဆေးကြောလေ့ရှိသလို မြန်မာတို့၊ ထိုင်းတို့ မှာ သင်္ကြန်ရေနဲ့ နှစ်ဟောင်းကအပြစ်တွေကို ဆေးကြောပြီး နှစ်သစ်ကူးသည့် ဓလေ့ရှိကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
ကုရ်အာန်ဖော်ပြထားတဲ့ ဒီဝါကျ (အာယတ်တော်)ဟာ မည်သည့်ဘာသာတရားကို ကိုးကွယ်ယုံကြည်သူဖြစ်စေ၊ အလ္လာဟ် ရဲ့ပြဌာန်းချက်နှင့် အနာဂတ်ကာလရဲ့ အကျိုးဆက်ကို ယုံကြည်ပြီး၊ ကောင်းမှုတွေကို ပြုမယ်ဆိုရင် ကောင်းကျိုးချမ်းသာကို အသေ အချာခံစားရမယ်လို့ အာမခံထားပါတယ်။ ဒါဟာ ကျွန်တော်တို့ ဆွေးနွေးပွဲတွေမှာ ခဏခဏ အမေးခံရတဲ့မေးခွန်းလည်း ဖြစ်ပါ တယ်။ အစ္စလာမ်မဟုတ်ပါဘဲလျက် လောကလူသားများရဲ့ ကောင်းကျိုးချမ်းသာကို ပြုလုပ်ဆောင်ရွက်ခဲ့တဲ့ လူသားတွေရဲ့ အကျိုးဆက် ဘယ်လိုပါလဲလို့ မေးခွန်းထုတ်တဲ့သူတွေအတွက် အဖြေလည်း ဖြစ်ပါတယ်။
ဘာသာတရားတစ်ရပ်ကို ကိုးကွယ်လို့ ငရဲကျမယ်ဆိုတဲ့ ပြဌာန်းချက် အစ္စလာမ်မှာမရှိပါ။ အစ္စလာမ်လမ်းစဉ်ဟာ ဘာသာ တရားတစ်ရပ်ထက် လူတစ်ဦးချင်းစီရဲ့ အကျင့်စရိုက်၊ သီလသမာဓိ နဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး အလေးပေးပါတယ်။
နောက်တစ်ခု ကျွန်တော် ဆက်လက်တင်ပြလိုတာက ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ အစ္စလာမ်ကို မဟုတ်မတရား စွပ်စွဲတဲ့ သူတွေကိုဖြစ်စေ၊ အစ္စလာမ်ရဲ့ ပြဌာန်းချက်တွေကို တလွဲအသုံးပြု ပြီး အကြမ်းဖက်ဝါဒအသွင် ပုံဖော်နေသူတွေကို ဖြစ်စေ၊ အသိပေး ကြေငြာထားတဲ့ ကုရ်အာန်ထဲက အစ္စလာမ်ပြဌာန်းချက်တစ်ခုပါ။ ကဏ္ဍ (၆၁) ၀ါကျ (၇)မှာ-
“ အစ္စလာမ်လမ်းစဉ်ဟူသော ငြိမ်းချမ်းရေးဘက်သို့ ဖိတ်ခေါ်ခြင်းခံရပါလျက် အလ္လာဟ်နှင့်ပတ်သက်ပြီး မဟုတ်မတရား စွပ်စွဲသူများထက် လွဲမှားချွတ်ချော်သူ မရှိနိုင်တော့။ ထိုသို့ လွဲမှားစွာ ပြုမူပြောဆို၊ ကျင့်ကြံမှုများကြောင့် ၎င်းတို့သည် ဘယ်သောအခါမှ သစ္စာတရားကို မျက်မှောက်ပြုနိုင်ကြတော့မည်မဟုတ် ”
ကျွန်တော်တို့ဟာ မတောင်းဆိုပါဘဲနဲ့ မြင့်မြတ်တဲ့ လူသားဘ၀ကို ရရှိခဲ့ကြတာပါ။ အမှန်ကို မမြင်နိုင်ဘဲ အမှားတွေကို သာ အထပ်ထပ်ကျူးလွန်နေကြမယ်ဆိုရင် လူဖြစ်လျက် ဘ၀ရှုံးရ တဲ့သူတွေ ဖြစ်သွားပါလိမ့်မယ်။ ကျောက်စိမ်းတုံးကို ဖိုခနောက် အဖြစ်သာ အသုံးချတတ်တဲ့သူတွေ၊ စိန်မှန်ကင်းကို ထင်းအဖြစ် သာ အသုံးချတတ်တဲ့သူတွေ ဖြစ်နေရပါလိမ့်မယ်။ ဒီလိုလူတွေဟာ ကိုယ်ရည်ကိုယ်သွေး နိမ့်ပါးတဲ့သူတွေသာ ဖြစ်ပါတယ်။
အစ္စလာမ့်လမ်းစဉ်ရဲ့ ပြဌာန်းချက်မှာ ငြိမ်းချမ်းရေးအ တွက် ပေးဆပ်ခြင်းဖြင့် လူသားတို့ရဲ့ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေပြီး၊ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖျက်လိုဖျက်စီး ပြုနေခြင်းက လူ့အရည်အသွေးတွေ ကျဆင်းဆုတ်ယုတ်စေပါ တယ်လို့ အသိပေးထားပါတယ်။
ဒီလို မွန်မြတ်တဲ့လမ်းစဉ်ဘက်ကို လူသားတွေကို ဖိတ်ခေါ်နေပါတယ်။ ဒီလိုဖိတ်ခေါ်မှုမှာလည်း အတင်းအကြပ် အဓမ္မစနစ်မရှိစေရလို့ အလေးအနက် တိုက်တွန်းထားပါတယ်။ အလ္လာဟ့်ရဲ့ သဘာဝဓမ္မ ပြဌာန်းချက်တွေမှာ အချို့အရာတွေကို အတင်းအကြပ် စီမံပြဌာန်းထားချက်တွေ ရှိပါတယ်။ ဥပမာ ငှက်တွေကို လေထဲမှာပျံသန်းဖို့၊ ငါးတွေကို ရေထဲမှာပဲ ရှင်သန်ဖို့ ဆိုတာ ရွေးချယ်ပိုင်ခွင့်မရှိတဲ့ ပြဌာန်းသတ်မှတ်ချက်တွေပါ။ လူသားကိုတော့ ကုန်းပေါ်မှာ ကျင်လည်ရတဲ့ဘ၀ကို ပေးထားပေမဲ့ စက်ကိရိယာတွေရဲ့ အကူအညီနဲ့ လေထဲမှာ ပျံသန်းနိုင်စွမ်း၊ ရေထဲ မှာသွားလာနိုင်စွမ်းတွေ ပေးထားပါတယ်။
အလ္လာဟ်ပြဌာန်းထားတဲ့ အစ္စလာမ့်လမ်းစဉ်နဲ့ပတ်သက် ပြီး ရွေးချယ်ခွင့် ပြုထားပါတယ်။ ကဏ္ဍ(၂) ၀ါကျ(၂၅၆) မှာ –
“ အမှားနှင့်အမှန်သည် ကွဲပြားခြားနားစွာ ရှင်းလင်းထင် ရှားနေပြီဖြစ်၍ ဖြားယောင်းသွေးဆောင် အတင်းအကြပ် အဓမ္မပြုမှု မရှိစေရ — ”
ဘယ်ဟာက သစ္စာတရားလဲ၊ ဘယ်ဟာက မိစ္ဆာတရား လဲဆိုတာ မှန်ကန်စွာ စဉ်းစားတွေးခေါ်တတ်တဲ့ လူသားတိုင်းအဖို့ ရှင်းလင်းထင်ရှားစွာ၊ ကွဲပြားခြားနားစွာ နားလည်နိုင်ကြပါတယ်။ သစ္စာတရားကို လက်ခံ လိုက်နာကျင့်သုံးဖို့ အတင်းအဓမ္မ လုပ်စရာ မလိုပါဘူး။
တစ်ခုတည်းသော စစ်မှန်တဲ့အမှန်တရားဆိုတာ အလ္လာဟ့် ထံပါးမှာပဲရှိတာပါ။ အခုလို ပို့စ်မော်ဒန်ခေတ်ကြီးမှာ ရှုထောင့်အသီး သီးကနေ တွေးခေါ်နိုင်စွမ်းတွေပေါ်မူတည်ပြီး လူသားတို့အတွက် အမှန်တရားဆိုတာ ထွေပြားေ၀၀ါးစွာနဲ့ မြောက်များစွာရှိနေကြပါ တယ်။ ဒါကြောင့် အစ္စလာမ်က မှန်ခြင်း၊ မှားခြင်း ဆိုတဲ့ကိစ္စထက် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို ပိုပြီးအလေးပေးထားပါတယ်။
အတင်းအကြပ် အဓမ္မမလုပ်နဲ့ဆိုတဲ့ အရဗီဝေါဟာရ `အစ်ကရာ´မှာအတင်းအကြပ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ သွေး ဆောင်ဖြားယောင်ခြင်းဆိုတဲ့ ဆောင်ရွက်မှုတွေလည်း ပါဝင်ပါ တယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီးဖြစ်စေ၊ ဓနကြေးငွေ ပေးကမ်းပြီးဖြစ်စေ၊ လှပချောမောနုပျိုတဲ့ အမျိုးသား၊ အမျိုးသမီး များနှင့်သွေးဆောင်ပြီးဖြစ်စေ၊ အစ္စလာမ့်လမ်းစဉ်ကို လိုက်နာခိုင်း ရင် မြင့်မြတ်ပြီင်္း ချို့တဲ့အားနည်းချက်များမှ လုံးဝကင်းစင်တော်မူ သော အလ္လာဟ်ကို ကဲ့ရဲ့လှောင်ပြောင်ရာ မည်ပါတယ်။ အလ္လာဟ် ပေးထားတဲ့ လူ့အခွင့်အရေးတစ်ရပ်ကို ဖျက်ဆီးရာ မည်ပါတယ်။ အစ္စလာမ်ရဲ့ ပြဌာန်းချက်တစ်ခုကို တင်ပြပါမယ်။ ကဏ္ဍ(၁၈) ၀ါကျ(၂၉) မှာ-
“ သစ္စာတရားဟာ အလ္လာဟ့်ထံက လာပါတယ်။ ယုံကြည် လိုက ယုံကြည်၊ ငြင်းပယ်လိုက ငြင်းပယ်နိုင်ပါတယ် — ”
လူဟာ လွတ်လပ်စွာရွေးချယ်ခွင့် ရှိပါတယ်။ မိမိ၏ရွေး ချယ်မှုအပေါ်မှာ တာဝန်ခံရပါတယ်။ ရွေးချယ်အလျောက် ကောင်း ကျိုးနဲ့ ဆိုးကျိုးကို ခံစားရပါမယ်။ ဒါဟာ အစ္စလာမ်ရဲ့လမ်းစဉ်ပါ။ ဒီနေရာမှာ အစ္စလာမ်ကို ပြီးပြည့်စုံစေခဲ့တဲ့ တမန်တော်မြတ်မုဟမ္မဒ် (ဆွလ်)နဲ့ သူ့ရဲ့နောက်လိုက်တွေရဲ့ နည်းလမ်းတစ်ခုကို ကုရ်အာန် ကဏ္ဍ(၁၂) ၀ါကျ (၁၀၈) မှ အခုလို ဖော်ပြထားပါတယ်။
“ တမန်တော်မြတ်နှင့် သူ၏နောက်လိုက်များသည် အလ္လာဟ်ဘက်တော်သို့ ဖိတ်ခေါ်ရာတွင် ခိုင်မာပြီး ငြင်းဆို၍မရနိုင် သော သက်သေသာဓကများ အသုံးပြု၍ ဖိတ်ခေါ်ကြသည်။ ဤသည် တမန်တော်မြတ်မုဟမ္မဒ်(ဆွလ်)၏ လမ်းစဉ်ဖြစ်သည် ”
ကမ္ဘာ့လူသားတွေကြားမှာ တမန်တော်မြတ်မုဟမ္မဒ် (ဆွလ်)ရဲ့ သြဇာအာဏာဟာ ကြီးမားနက်ရှိုင်းစွာ တည်ရှိနေပါ တယ်။ အစ္စလာမ်ကို မလိုလားသူတွေက လုပ်ကြံသမိုင်းတွေ ဖန်တီးပြီး ဓါးမိုးပြီး ဖြန့်ချိတဲ့အစ္စလာမ်၊ သားဖောက်ပြီး ပျံ့နှံ့နေတဲ့ အစ္စလာမ်ဆိုပြီး ဘယ်လိုပဲစွပ်စွဲ အပုပ်ချနေကြပါစေ။ အစ္စလာမ်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်က ဆက်လက်ချီတက်နေမှာ ဖြစ်ပါတယ်။
ဒီစွပ်စွဲချက်တွေ မဟုတ်ဘူးဆိုတာ စစ်မှန်တဲ့လူ့သမိုင်း တွေက သက်သေခံနေပါတယ်။ သာဓကပြရရင်-အစ္စလာမ်ဘာသာ ၀င် မဂိုမင်းဆက်တွေ အိန္ဒိယကို နှစ်ပေါင်းတစ်ထောင်ခန့် အုပ်ချုပ် ခဲ့ပါတယ်။ သူတို့မအုပ်ချုပ်ခင်က အိန္ဒိယမှာ ဟိန္ဒူဘာသာဝင် အများစုပါ။ ဒီလို ဟိန္ဒူဘာသာဝင်တွေ အားလုံးကို အစ္စလာမ် ဘာသာဝင်မင်းတွေက အစ္စလာမ်ထဲ အတင်းအကျပ် မသွတ်သွင်း ခဲ့ကြပါဘူး။ ဒါကြောင့် မဂိုမင်းတွေလက်ထက်မှာ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး မကွဲခဲ့ကြပါဘူး။
မဂိုဘုရင်တွေဆီကနေပြီး အင်္ဂလိပ်သိမ်းပိုက်ပြီးချိန်က စပြီး ယနေ့အထိ အိန္ဒိယဟာ ဟိန္ဒူဘာသာဝင်အများစုရဲ့တိုင်းနိုင်ငံ အဖြစ်ပဲ ဆက်လက်တည်ရှိနေခဲ့တာပါ။ အင်္ဂလိပ်ရဲ့ သွေးခွဲအုပ်ချုပ် ရေးဗျူဟာကြောင့် ခွဲခြားဆက်ဆံခံရပြီး လူနည်းစုမွတ်ဆလင်မ် တွေက ပါကစ္စတန်အဖြစ် ခွဲထွက်ခဲ့ကြပေမယ့်လည်း အိန္ဒိယရော၊ ပါကစ္စတန်မှာပါ ဟိန္ဒူဘာသာရေးနဲ့ ဗုဒ္ဓဘာသာရေးဆိုင်ရာ စေတီ၊ ပုထိုးများ၊ ယဉ်ကျေးမှုလက်ရာများ ယခုထိရှိနေခြင်းက အခြား ဘာသာဝင်များ စိုးရိမ်နေသကဲ့သို့ Islamization ဟူသည့် အစ္စလာမ့်လမ်းစဉ်ဘက်သို့ အတင်းအကြပ် သွတ်သွင်းမှုများ မရှိခဲ့ ကြောင်း သမိုင်းက သက်သေခံနေပါတယ်။
အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ အစ္စလာမ်မတိုင်ခင်က ဟိန္ဒူ အများစုနေထိုင်ရာဒေသများ ဖြစ်ကြပါတယ်။ အင်ဒိုနီးရှားနဲ့ မလေးရှားသို့ မည်သည့် အစ္စလာမ်စစ်တပ်ကြီးမျှ မရောက်ရှိခဲ့ပါဘဲ လျက် အုပ်ချုပ်သူများနှင့် တိုင်းသူပြည်သားများက ( မြန်မာနိုင်ငံ ပုဂံဘုရင် အနော်ရထာလက်ထက် ထေရ၀ါဒဗုဒ္ဓဘာသာကို လက်ခံ ခဲ့ကြသကဲ့သို့ ) အစ္စလာမ်ကို လိုလားနှစ်သက်စွာ လက်ခံခဲ့ကြခြင်း ကလည်း အစ္စလာမ်သည် အတင်းအဓမ္မစနစ်ဖြင့် ပြန့်ပွားခဲ့ခြင်း မဟုတ်ကြောင်း သမိုင်းသက်သေဖြစ်ပါတယ်။
အစ္စလာမ်ဆိုတာ ပေးဆပ်ခြင်းဖြင့် ငြိမ်းချမ်းရေးကို တည် ဆောက်သောလမ်းစဉ်ဖြစ်တယ်။
အစ္စလာမ်ဆိုတာ ဘာသာတရားပုံစံထက် လူတစ်ဦးချင်း ရဲ့ ကိုယ်ကျင့်သီလ၊ သမာဓိနဲ့ ဆောင်ရွက်ချက်တွေကို အလေး ထားတဲ့လမ်းစဉ်ဖြစ်တယ်။
အစ္စလာမ်ဆိုတာ လူတစ်ဦးချင်း လွတ်လပ်စွာရွေးချယ် ပိုင်ခွင့်နဲ့ တာဝန်အပ်နှင်းထားတဲ့ လမ်းစဉ်ဖြစ်ပါတယ်။
အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ခိုင်မာ သော အထောက်အထားများဖြင့် ဖိတ်ခေါ်သောလမ်းစဉ် ဖြစ်ပါ တယ်။
ပေးဆပ်မှုမပြုဘဲ အခွင့်အရေးကိုသာ တောင်းဆိုတတ် သူများ၊ ကိုယ်ကျင့်သီလ သမာဓိကင်းမဲ့ပြီး ဒုစရိုက်ကျူးလွန်နေသူ များ လူသားတို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို နှောက်ယှက် ဟန့်တားဖျက်ဆီးနေသူများ၊ လောကရှိ သစ္စတရား၏သက်သေ သာဓကများကို လျစ်လျူရှုထားသူများက အစ္စလာမ်ကို မည်သို့ပင် ပုံပျက်ပန်းပျက်ပြုလုပ်နေပါစေ၊ စစ်မှန်သော အစ္စလာမ်ရဲ့တန်ဖိုး များကို လူ့သမိုင်းက သက်သေခံနေမှာပါ။
ကျွန်တော်အပါအ၀င် မွတ်ဆလင်မ်များအားလုံး စစ်မှန် သော အစ္စလာမ်ရဲ့ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက် ခြင်းဖြင့် ငြိမ်းချမ်းသာယာသော လောကကို တည်ဆောက်ကြပါစို့ လို့ အဓိဌာန်ပြုရင်း ဒီနေရာမှာ ခေတ္တရပ်နားလိုက်ပါတယ်။