အစ္စလာမ်ဥပဒေ(ရှရီအာဟ်) အပိုင်း – ၁

အစ္စလာမ်ဥပဒေ(ရှရီအာဟ်)

မုဖ်သီဦးစန်းအောင်(B.Sc)

အလ္လာဟ်အရှင်မြတ်ကို `အေဗါဒသ်´ပြုရန် ကြွရောက် လာကြသောဂျမာအသ်သူ/သားများခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ ကားသုဟု´

          ဒီကနေ့(၁၃-၁၂-၂၀၁၃)မှာကျနော်တင်ပြမယ့် ခွတ္တဗါဟ် ရဲ့ခေါင်းစဉ်ကတော့ `အစ္စလာမ်ဥပဒေ (ရှရီအာဟ်)’ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် တစ်ဦးအနေနဲ့ ကျမ်းမြတ်ကုရ်အာန်က ပြဌာန်းရည်ညွှန်းထားတဲ့ `ရှရီအာဟ်´ဆိုတာကို အသက်တမျှ တန်ဖိုးထားရပါတယ်။ `ရှရီအာဟ်´ကို နားမလည်ရင်၊ မကျင့်သုံး ရင် လူ့ဘ၀ ခရီးတစ်ခုကို အစ္စလာမ့်နည်းကျ လျှောက်လှမ်းဖို့ရာ မဖြစ်နိုင်ပါဘူး။ အစ္စလာမ်ဘာသာဝင် တစ်ဦးအတွက် `ရှရီအာဟ်´ ဆိုတာ အဲဒီလောက်အထိ အရေးကြီးပါတယ်။

            ဒါပေမဲ့ ဒီနေ့ကမ္ဘာ့လူ့အဖွဲ့အစည်းများအတွင်းမှာ အထူး သဖြင့် မွတ်ဆလင်မ်မဟုတ်သူ လူ့အဖွဲ့အစည်းတွေ (Non-muslim community) မှာ `ရှရီအာဟ်´ဆိုတဲ့ ဝေါဟာရဟာ အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းတဲ့ အရာတစ်ခုလို့ သတ်မှတ်ခံနေရပါတယ်။              `အစ္စလာမ့်ရှရီအာဟ်´လို့ပြောလိုက်တာနဲ့ လူတွေက ကြောက်လန့် သွားကြတယ်။ တုန်လှုပ်သွားကြပါတယ်။ ရှောင်ခွာ သွားကြပါတယ်။ ဒီနေရာမှာ စဉ်းစားစရာက အလ္လာဟ်အရှင်မြတ် က ဒီလောက်အရုပ်ဆိုးအကျည်းတန်တဲ့ `ရှရီအာဟ်´ဆိုတာကြီးကို လူသားတွေအတွက် လျှောက်လှမ်းရမယ့်လမ်း စဉ်တစ်ရပ်အနေနဲ့ ဘာကြောင့်များချပေးရတာလဲ။ (နအူးဇိုဘိလ္လာဟ်) ဒီမေးခွန်းဟာ မေးဖို့ဖြစ်လာပါတော့တယ်။

            ဒီမေးခွန်းကိုမဖြေရှင်းခင်မှာ `ရှရီအာဟ်´ဆိုတဲ့ အရဗီ ဝေါဟာရရဲ့ မူလရင်းမြစ်အသုံးကို ရှင်းလင်းတင်ပြပါရစေ။ ရှေးဘီဒူအင်အရဗ်တွေဟာ အင်မတန်မှ ပူပြင်းလှတဲ့သဲကန္တာရထဲ မှာ နေထိုင်သွားလာကြပါတယ်။ သဲကန္တာရဆိုတာက ရေအင်မတန် ရှားပါးတဲ့ဒေသပါ။ ဘီဒူအင်တွေက `ရှရီအာဟ်´ဆိုတဲ့စကားလုံးကို `ရေရှိရာသို့သွားသော လမ်း´ The road to the watering place ကို ရည်ညွှန်းသုံးစွဲပါတယ်။ တစ်နည်းအားဖြင့် သဲကန္တာရထဲမှာ နေထိုင် သူ အရဗ်ဘီဒူအင်တစ်ဦးအတွက် `ရှရီအာဟ်´ကိုသိခြင်း ဆိုတာဟာ `ရေရှိရာကိုသွားသောလမ်း´ကို သိခြင်းပဲဖြစ်ပါတယ်။ သဲကန္တာရထဲမှာ ရေရှိရာကိုသွားတဲ့လမ်း မသိရင်တော့ အသက် ဆုံး၊ ဘဝဆုံးရုံပဲရှိပါလိမ့်မယ်။

            ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က လူသား တွေအတွက် ဒီသဘောကိုဆောင်ပြီး `ရှရီအာဟ်´ဆိုတဲ့ ဝေါဟာရ ကို သုံးနှုံးထားပါတယ်။ လူ့ဘဝမှာ နေထိုင်တဲ့လူသားတစ်ဦးဟာ `ရှရီအာဟ်´ကိုမှ မသိနားမလည်ရင် သူ့ရဲ့ဘဝခရီးကို ရှေ့မဆက် နိုင်တော့တဲ့အနေနဲ့ တင်စားသုံးနှုံးမှုတစ်ရပ်ပါ။ အဲဒီတော့ ကျမ်း မြတ် ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က လူသားတွေအတွက် `ရှရီအာဟ်´ နဲ့ပတ်သက်ပြီး ဘယ်လိုလမ်းညွှန်ထားသလဲဆိုတာ လေ့လာကြည့်ပါစို့။ ကုရ်အာန် (၄၅း၁၈) မှာ-

            “ ပြီးနောက် ငါအရှင်မြတ်က အရေးအရာကိစ္စနှင့် ပတ်သက်၍ အသင်(တမန်တော်)အား ဥပဒေလမ်းကြောင်း (ရှရီအာဟ်)အပေါ်၌ ချမှတ်ရပ်တည်စေတော်မူခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ သင်တမန်တော်သည် ယင်း(ရှရီအာဟ်) ဥပဒေ လမ်းကြောင်းကိုသာ ဖ၀ါးခြေထပ်လိုက်နာပါလေ။ အသင်သည် အသိပညာကင်းမဲ့သူတို့၏ အလိုဆန္ဒများ အနောက်သို့မလိုက်ပါ လေနှင့်။ ”   ကုရ်အာန်-(၄၅း၁၈)

            ဆက်လက်ပြီး ကုရ်အာန် (၄၅း၂၀)က `ရှရီအာဟ်´လို့ ခေါ်တဲ့ လူသားတို့လိုက်နာရမယ့် ဥပဒေလမ်းကြောင်းသည် ဘယ် ဟာလဲဆိုတာကို ရှင်းပြလမ်းညွှန်ထားပါတယ်။

            “ ဤကျမ်းမြတ်ကုရ်အာန်သည် လူသားတို့အတွက် ထင်သာမြင်သာရှိလှပြီး မှန်ကန်သောခံယူချက်ရှိသူ လူ့အဖွဲ့ အစည်းဝင်တို့အတွက် လမ်းညွှန်ချက်ဖြစ်သလို လိုအပ်သည်များကို လိုလေသေးမရှိအောင် အလ္လာဟ်အရှင်မြတ်မှ စီရင်ထားသော `ရဟ်မသ်´တော်ကြီးတစ်ပါးလည်းဖြစ်သည်။”  ကုရ်အာန်-(၄၅း၂၀)

            ဒါဆိုရင်`အစ္စလာမ်ရှရီအာဟ်´နဲ့ပတ်သက်ပြီး ကျမ်းမြတ် ကုရ်အာန်က ဘယ်လိုပြဌာန်းထားတယ်ဆိုတဲ့ အခြေခံသဘောကို နားလည်လောက်ပါပြီ။ ကုရ်အာန် (၄၂း၁၁)၊ (၄၂း၁၃)၊ (၇း၁၆၃) နဲ့ (၅း၄၈) တို့မှာလည်း `ရှရီအာဟ်´ နဲ့ပတ်သက်ပြီး ဖော်ပြထားတာ ကို လေ့လာနိုင်ပါတယ်။ ဒီနေရာမှာ ကမ္ဘာ့ဥပဒေရှင်ကြီးတွေ၊ အတွေး အခေါ်ပညာရှင်ကြီးတွေကရော အစ္စလာမ့်ရှရီအာဟ်နဲ့ ပတ်သက်ပြီး ဖွင့်ဆိုထားချက်များကိုလည်း လေ့လာထားသင့်ပါ တယ်။ (၁၉၆၈) ခုနှစ်ထုတ် ဥပဒေပညာရှင် E.J. Coulson ရေး သားတဲ့ ` Islamic Law ´ ဆိုတဲ့ကျမ်း၊ စာမျက်နှာ (၅၄)မှာ ဆို ရင် `အစ္စလာမ့်ရှရီအာဟ်´ နဲ့ပတ်သက်ပြီး ဒီလိုဖွင့်ဆိုထားပါတယ်။

            “ အစ္စလာမ်တရားဥပဒေသည် မွတ်ဆလင်မ်များ၏ ဘာသာတရားဆိုင်ရာ ယုံကြည်ချက်၊ ရည်မှန်းချက်များ နှင့် ဘ၀တစ်လျှောက်တွင် လိုက်နာကျင့်ဆောင်ရမည့် လမ်းညွှန်ချက် များကို လက်တွေ့ကျကျဖော်ပြထားသော ဥပဒေစည်းကမ်းချက် များ၏ အစုအဝေးဖြစ်သည်။ တစ်ဆူတည်းသောဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်အရ ပြုမူနေထိုင်ကျင့်ကြံရန် ချမှတ်ထားသော ဥပဒေစည်းကမ်းများပင်ဖြစ်သည် ”

            (၁၉၅၃) ခုနှစ်ထုတ်ပညာရှင် H.B.R.Gibb ရေးသားတဲ့ Mohammedanism ; A Historical Survey  ကျမ်းမှာ `အစ္စလာမ့် တရားဥပဒေသည် မွတ်ဆလင်မ်တို့၏ လူမှုရေးပုံသဏ္ဍာန်နှင့် နေထိုင်မှုဘဝကို အထိရောက်ဆုံးနှင့် အစွမ်းဆောင်နိုင်ဆုံး လမ်းညွှန်ချမှတ်ထားသော ဥပဒေစည်းမျဉ်းများပင်ဖြစ်သည်´ လို့ ဖေါ်ပြထားပါတယ်။

            (၁၉၇၈)ခုနှစ်မှာ ဒုတိယအကြိမ်ထုတ်ဝေတဲ့ ပညာရှင် Rene David နှင့် J.E.C Brierley တို့ပြုစုတဲ့ Major Legal System in the World Today ကျမ်းမှာ `အစ္စလာမ်တရား ဥပဒေသည် အခြားတရားဥပဒေများနှင့်မတူ တစ်မူထူးခြားသည့် သီးခြားဥပဒေ စနစ်တစ်ရပ်လည်းဖြစ်သည်။ ယနေ့ကမ္ဘာ၏ ထင်ရှားသောဥပဒေစနစ်များအနက် တစ်ခုအပါအ၀င်ဖြစ်သည်´ လို့ ရေးထားပါတယ်။

          `ရှရီအာဟ်´ နဲ့ပတ်သက်ပြီး ကမ္ဘာ့ပညာရှင်ကြီးများရဲ့ အနက်ကောက်ယူဖွင့်ဆိုချက်များအနက် အနည်းငယ်ကို ကျနော့် အနေနဲ့ တင်ပြခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျမ်းမြတ်ကုရ်အာန် ရဲ့ဖော်ပြဖွင့်ဆိုချက်အရရော ကမ္ဘာ့ပညာရှင်ကြီးများရဲ့ ဖွင့်ဆိုချက် များ အရပါဆိုလျှင် `အစ္စလာမ့်ရှရီအာဟ်´ဆိုသည်မှာ အခြားသော တရား ဥပေဒများကဲ့သို့ ပြစ်မှုဆိုင်ရာ ပြဌာန်းချက်များသာ မဟုတ် ဘဲ ဘာသာတရား၏ ယုံကြည်ချက်ပိုင်းဆိုင်ရာနှင့် တိုက်ရိုက်ပတ် သက်လျက်ရှိပါတယ်။ လူ့ဘဝခရီးလမ်းတစ်လျှောက် လူသားများ နှင့် ဆက်ဆံရာတွင်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ခုကို တည် ဆောက်ရာတွင်လည်းကောင်း၊ လူတစ်ဦးချင်း၏ထားရှိရမည့် စိတ် နေသဘောထားကိုပါ ဆက်စပ်ပြဌာန်း လိုက်နာစေလျက်ရှိပါတယ်။

            ယေဘုယျသဘောအရ အစ္စလာမ်ကို သက်ဝင်ယုံကြည် သူ မွတ်ဆလင်မ်၊ မုအ်မင်န်တစ်ဦးအနေနဲ့ `ရှရီအာဟ်´ကို ပုံစံ(၂) မျိုးအားဖြင့် လိုက်နာကျင့်သုံးရပါတယ်။ ပထမတစ်မျိုးမှာ ဘာသာ ရေးဆိုင်ရာယုံကြည်ချက် အပေါ်တွင် ယုံကြည်လိုက်နာခြင်း ဖြစ်ပါ တယ်။ ဥပမာ- ဘာသာရေးဆိုင်ရာယုံကြည်ချက်နဲ့ ကျင့်စဉ်များဖြစ် တဲ့ `သောဝ်ဟီးဒ်´တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ကို ယုံ ကြည်သက်ဝင်ခြင်း၊ တမန်တော်မြတ်(ဆွ)ကို သက်ဝင်ယုံကြည် ခြင်း၊ ဆွလားသ်တည်ဆောက်ခြင်း၊ ဇကားသ်ပေးဆောင်ခြင်း၊ ဆွီ ယာမ်တည်ဆောက်ခြင်း၊ ဟဂ်ျပြုလုပ်ခြင်းစတဲ့ ကိစ္စတွေမှာ`အစ္စ လာမ့် ရှရီအာဟ်´ နဲ့အညီပဲ ဆောင်ရွက်ရပါတယ်။ ဒီယုံကြည်ချက် နဲ့ ကျင့်စဉ်တွေကို `ရှရီအာဟ်´ဆိုင်ရာ ပြဌာန်းချက်များနဲ့အညီ ယုံကြည်ဆောင်ရွက်ရပါတယ်။ မိမိစိတ်ကြိုက်ပုံစံမျိုးနဲ့ ယုံကြည်လို့ မရပါဘူး။ ဥပမာပေါ့ဗျာ၊ အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည် ခြင်း ဆိုတဲ့အပိုင်းမှာ “အလ္လာဟ်အရှင်ကို ငါကြိုက်တဲ့ပုံစံနဲ့ ငါကြိုက် သလိုယုံကြည်မယ်”  ဆိုပြီးတော့ လုပ်လို့မရပါဘူး။ ကျမ်းမြတ်ကုရ် အာန်ကလမ်းညွှန်ထားတဲ့အတိုင်းပဲ သက်ဝင်ယုံကြည်ရပါမယ်။

            ဒုတိယတစ်မျိုးကတော့ မွတ်ဆလင်မ်တစ်ဦးအနေနဲ့ နေ့ တစ်ဓူဝ ဖြေရှင်းနေရတဲ့ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍတွေမှာလည်း `အစ္စလာမ့်ရှရီအာဟ်´ ရဲ့ပြဌာန်းချက်နဲ့အညီပဲ လုပ်ကိုင်ဆောင်ရွက်ရပါတယ်။ ဥပမာ- အရောင်းအ၀ယ် ပြုလုပ်တဲ့ အခါမှာ၊ ထိမ်းမြားလက်ထပ်တဲ့အခါမှာ၊ ကွာရှင်းပြတ်စဲတဲ့အခါမှာ၊ အမွေခွဲဝေတဲ့အခါမှာ အစရှိတဲ့ ဒီလိုကိစ္စအားလုံးမှာ မွတ်ဆလင်မ် တစ်ယောက်က အစ္စလာမ့်ရှရီအာဟ်နဲ့အညီပဲ ဆောင်ရွက်ရပါ တယ်။အဆုံးအစွန်အားဖြင့် မွတ်ဆလင်မ်တစ်ဦးဟာ လမ်းလျှောက် တဲ့အခါမှာဖြစ်စေ၊ စကားပြောတဲ့အခါမှာဖြစ်စေ၊ ဇနီးမောင်နှံ ဆက်ဆံတဲ့ အခါမှာဖြစ်စေ၊ `ရှရီအာဟ်´က ပြဋ္ဌာန်းထားတဲ့ ဘောင် စည်းမျဉ်းကို ကျော်လွန်လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါက အစ္စလာမ့်ရှရီ အာဟ်ရဲ့ ထူးခြားတဲ့အရေးပါမှုပါ။

နာမည်ကျော် စာရေးဆရာတစ်ဦးဖြစ်သူ ဆရာ မောင်သာချိုက ပြောဖူးပါတယ်။ လူ့လောကမှာ လူသတ်ခြင်း၊ လိမ် လည်လှည့်ဖြားခြင်း၊ မတရားကာမရယူခြင်း အစရှိတဲ့ ကိစ္စတွေမှာ ကျူးလွန်သူကို ပြစ်ဒဏ်ပေးဖို့ဥပဒေရှိတယ်။ ဒါပေမဲ့ လူအများစား နေတဲ့ လက်ဖက်ဝိုင်းတစ်ခုမှာ ပုဇွန်ခြောက်တွေကိုပဲ ရွေးပြီးစား သွားတဲ့လူတစ်ယောက် အတွက်တော့ ပြစ်ဒဏ်မရှိဘူးတဲ့။ အမှန် တကယ်မှာတော့ ဒီလူဟာလည်း လူမှုရေးဆိုင်ရာပြစ်မှုတစ်ရပ်ကို ကျူးလွန်တာပဲဖြစ်တယ်။ ဒါပေမဲ့ သူ ကျူးလွန်တဲ့ပြစ်မှုအတွက် ပေး ဖို့ အပြစ်ဒဏ်ဟာ တရားဥပဒေမှာမရှိဘူးတဲ့။ သို့သော်လည်း အစ္စ လာမ့်ရှရီအာဟ်အရတော့ ဒီလူအတွက် ပြစ်ဒဏ်ရှိတယ်။ သူဟာ လူလူချင်းအပေါ်မှာ မတရားသောအားဖြင့် အပေါ်စီးက ဆက်ဆံ တာ၊ လူလူချင်း လူလည်ကျတာ၊ လူ့အခွင့်အရေးကို ချိုးဖောက် တာပဲဖြစ်တယ်။ အစ္စလာမ့်ရှရီအာဟ်က ဒီလိုလူမျိုးကို ပြစ်ဒဏ်ပေး တဲ့ အနေနဲ့ `ဖာဆစ်ခ်´ စည်းဖောက်သူ၊ လွန်ကျူးသူ၊ လူမဆန်သူ၊ ယုတ်မာသူဆိုပြီး သတ်မှတ်တယ်။ ပြီးရင် ဒီလူကို သူကိုယ်တိုင် လူ့ကျင့်ဝတ်ကို လိုက်နာလာသည်အထိ လူအစုအဖွဲ့ကဖယ် ရှောင်ပြီး ပြစ်ဒဏ်ခတ်ပါတယ်။ ဒီလိုကိစ္စမျိုးက လူ့ဘောင်တရားရုံး ရဲ့ ပြဌာန်းဥပဒေက အပြစ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ `အစ္စလာမ့် ရှရီ အာဟ်´ကတော့ ဒီလိုလူမျိုးကို နောင်ကြဉ်သွားအောင် ဖိအားပေး နိုင်ပါ တယ်။ အဲဒီတော့ အစ္စလာမ့်ရှရီအာဟ်ဆိုတာက လူတစ်ဦး ချင်းမှသည် လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ Ethic လို့ခေါ်တဲ့ နီတိတွေ၊ ကျင့်ဝတ်တွေကိုပါ ထိန်းချုပ်ပြဌာန်းထားတဲ့ သဘောရှိပါတယ်။ ဥပမာအားဖြင့် ကုရ်အာန် (၁၇း၃၇)မှာ ဒီိလိုပြဌာန်းထားပါတယ်။

“ အသင်သည် ပထ၀ီမြေပေါ်၌ ကြွားဝါဟိတ်ဟန်ထုတ်၍ လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်ပင် သင်သည် ကမ္ဘာမြေကို မြေလျှိုးမိုးပျံ ထိုးဖောက်သွားမည်မဟုတ်သလို တောင်တန်းကြီး များကို ကျော်ဖြတ်သွားနိုင်ရန် သင့်ခန္ဓာ ကိုယ်ကိုလည်း ဆွဲဆန့် ထုတ်နိုင်မည်မဟုတ်ပေ ”   ကုရ်အာန်- (၁၇း၃၇)

ဒီအာယသ်ကိုလေ့လာမယ်ဆိုရင် `အစ္စလာမ့်ရှရီအာဟ်´ ဆိုတာက လူတစ်ယောက်ရဲ့ ပြုမူနေထိုင်ပုံ (Behaviour) တစ်ရပ် အနက်ကဖြစ်တဲ့ လမ်းလျှောက်ခြင်းကိုပင် မောက်မာပလွှားစွာ မပြု လုပ်ဖို့ပြဌာန်းထားပါတယ်။ မွတ်ဆလင်မ်တစ်ဦးဟာ အများသူငါ အမြင်မှာ အနှောင့်အယှက်ဖြစ်အောင်၊ စိတ်ကသိကအောက်ဖြစ် အောင် ပြုလုပ်ခွင့်မရှိပါဘူး။ လူအများရှေ့မှောက်မှာ အပြစ်မဲ့သူ ဓါးစာခံတစ်ယောက်ကို လည်လှီးသတ်ဖြတ်ပြတာတို့၊ လူတစ် ယောက်ကို ခဲနဲ့ဝိုင်းပေါက်ပြီးသတ်တာတို့ဟာ အစ္စလာမ့်ရှရီအာဟ် မဟုတ်ပါဘူး။ ကုရ်အာန် (၁၇း၃၃) မှာဆိုရင်လည်း ဒီလိုပြဌာန်း ထားပါတယ်။

“ သင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ချက် ထုတ်ပြန်ထားပြီးသော မည်သည့်သက်ရှိ တစ်စုံတစ်ရာကိုမျှ ခိုင်လုံ သောအကြောင်းပြချက်မရှိဘဲ သတ်ဖြတ်အဆုံးစီရင်ခြင်း မပြုကြ လေနှင့်။ မတော်မတရား သတ်ဖြတ် အဆုံးစီရင်ခံရသူဘက်မှလိုက် ပါ အရေးဆိုနိုင်သည့် အခွင့်အာဏာကို ငါအလ္လာဟ်အရှင်မြတ်က စီမံပြဌာန်းပေးခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ အဆုံးစီရင်ခြင်း နှင့် ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကမျှ တရားမျှတမှုကို ကျောခိုင်းပြီး အလွန်အကျွံ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါစေနှင့်။ ဧကန်အမှန်ပင် မတော်မတရား ဖိနှိပ်သတ်ဖြတ်ခံရသူတစ်ဦး အတွက် လုပ်ပိုင်ခွင့်ဆိုင်ရာ အခွင့်အလမ်းများ ပေါ်ထွန်းလာမည် ဖြစ်သည် ”   ကုရ်အာန်-(၁၇း၃၃)

ဒီအာယသ်တော်ဟာဆိုရင် အင်မတန်မှ တိကျတဲ့၊ ကောင်းမွန်တဲ့၊ တရားမျှတတဲ့ အစ္စလာမ့်ရှရီအာဟ် ပြဌာန်းချက် တစ်ရပ်ပဲဖြစ်ပါတယ်။ ဒီကနေ့ လူတစ်ယောက်ကို တရားရုံးက သော်လည်းကောင်း၊ အမှန်တကယ် အခွင့်အာဏာရှိသူ တစ် ယောက်ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘဲသော်လည်းကောင်း၊ တစ်ဦး တစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့သဘောနဲ့ သတ်ဖြတ်အဆုံး စီရင် ခြင်းဟာ အစ္စလာမ့်ရှရီအာဟ်ကို ဆန့်ကျင်ခြင်းပဲဖြစ်ပါတယ်။ ဒါဆို ရင် ဒီနေရာမှာ မေးခွန်းမေးစရာ အချက်တစ်ခုရှိပါတယ်။ ဒီလောက် ကောင်းတဲ့၊ တရားမျှတတဲ့၊ တိကျခိုင်လုံတဲ့၊ အာမခံချက်အပြည့် ရှိတဲ့၊ ကျိုးကြောင်းဆီလျော်တဲ့ အစ္စလာမ့်ရှရီအာဟ်ကို ယနေ့ကမ္ဘာ ပေါ်မှာရှိတဲ့လူတွေက ဘာကြောင့်များ ကြောက်လန့်နေရပါသ နည်း။ ခါးခါးသီးသီး ငြင်းဆန်နေကြပါသနည်း။

ဒီမေးခွန်းကို ကျွန်တော်တို့အနေနဲ့ တိတိကျကျ သုံးသပ် လေ့လာဖို့လိုပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာဖြစ်ပွားနေတဲ့ အကြမ်း ဖက် မှုတွေ၊ ဗုံးခွဲမှုတွေ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ ပြန် ပေး ဆွဲမှုတွေကို မွတ်ဆလင်မ်မဟုတ် သူတွေ လုပ်ဆောင်နေတာ ရှိသလို မွတ်ဆလင်မ်တွေကိုယ်တိုင် ပါဝင်ပတ်သက်နေတာတွေ လည်းရှိနေပါတယ်။ ဥပမာ-လေယာဉ်ပေါ်မှာ အကြမ်းဖက်ဗုံးခွဲတာ တို့၊ လေယာဉ်ပြန်ပေးဆွဲတာတို့၊ တောင်းဆိုချက်မရလို့ ဓါးစားခံကို လူမြင်ကွင်းမှာသော်လည်းကောင်း၊ ဗီဒီယို ရိုက်ကူးပြီးသော်လည်း ကောင်း၊ လည်ပင်းလှီးဖြတ်ပြတာတို့၊ မတရားကာမ ကျူးလွန်တယ် ဆိုပြီး အမျိုးသမီးတစ်ယောက်ကို ကျောက်ခဲနဲ့ထုသတ်တာတို့၊ ဦးခေါင်းကို နောက်ကနေပြီး သေနတ်နဲ့ပစ်တာတို့၊ သူခိုးဆိုပြီး လူ မြင်ကွင်းမှာ လက်ကို ဓါးနဲ့ခုတ်ဖြတ်ပြတာတို့ ဒီလိုလုပ်ရပ်တွေဟာ သာမန်ပြည်သူတွေအတွက် မကြည့်ရဲတဲ့၊ မကြည့်ရက်တဲ့သွေး ပျက် စရာမြင်ကွင်းတွေပါ။ နောက်ပြီး ဒီကိစ္စကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ် တွေက အင်္ကျီရှည်တွေ၊ မုတ်ဆိတ်တွေနဲ့ဆိုတော့ မြင်ရတာ အမြင်မကောင်းပါဘူး။ ဒီပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ကိစ္စ တစ်ခုကို ဆောင်ရွက်တဲ့အခါမှာ `အလ္လာဟ်ဟုအက္ကဘရ်´ (အလ္လာဟ်အရှင် မြတ်သည် အကြီးဆုံးဖြစ်သည်)ဆိုပြီး ရေရွတ်ကြတယ်။ ပြီးတော့ ဒီလိုလုပ်ခြင်းကို အစ္စလာမ့်ရှရီအာဟ်ပါလို့ ဟစ်ကြွေးကြတယ်။ ဒီလိုကိစ္စတွေကို လူမြင် ကွင်းမှာလုပ်တယ်။ ဗီဒီယိုရိုက်ကူးပြီး ကမ္ဘာ ကိုပြတယ်။ အသတ်ခံရသူအများစုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက် မရှိဘူး။ ဒီလိုလုပ်ရပ်တွေကို လူတွေတော်တော်များများက သွေး ပျက်ကြတယ်ဗျ။ မကြည့်ရဲကြဘူး၊ မကြည့်ရက်ကြဘူး။ အနောက် နိုင်ငံ မီဒီယာတွေကလည်း ဒီလိုသတင်းတွေ၊ ဒီလိုပုံတွေဆိုရင် ပုံကြီးချဲ့ပြီး ရေးသားကြတယ်။ ဓါတ်ပုံတွေ ဝေဝေဆာဆာပြကြ တယ်။ ဒီလိုလုပ်တာ သူတို့မှာ အကြံအစည်ရှိပါတယ်။ မွတ်ဆ လင်မ်တွေ သိပ်ရက်စက်တယ်ပေါ့ဗျာ။ မွတ်ဆလင်မ်တွေကို လူ့ ပတ်ဝန်းကျင်ထဲ အဝင်မခံသင့်ဘူးပေါ့ဗျာ။ အစ္စလာမ့်ရှရီအာဟ် ဆို တာ ကြောက်စရာကြီးပေါ့ဗျာ။ အမှန်တကယ်ပါပဲ။ သူတို့ရဲ့ ထိုး နှက်ချက်တွေဟာ အင်မတန်မှ ထိရောက်မှုရှိပါတယ်။ အနောက် နိုင်ငံတွေမှာ မုတ်ဆိတ်နဲ့မွတ်ဆလင်မ်တစ်ယောက် လေယာဉ်ပျံ ပေါ်တက်လာရင် မလိုလားတဲ့သဘောတွေ ပြလာတာ၊ စောင့် ကြည့်ခံရတာကို တွေ့ရပါလိမ့်မယ်။ အဲဒီတော့ အစ္စလာမ့်ရှရီ အာဟ်ဆိုတာ ပုံဖျက်ခံလိုက်ရပါပြီ။ လူတွေစိုးရိမ်ထိတ်လန့်ရတဲ့ အနေအထားကို ရောက်သွားရပါပြီ။

ဒီနေရာမှာ ကျနော် သုံးသပ်ပြချင်တာလေး တစ်ခုရှိပါ တယ်။ ဒါကတော့ မွတ်ဆလင်မ်တွေရဲ့ ဝတ်စားဆင်ယင်ပုံနဲ့ ပတ်သက်ပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့မွတ်ဆလင်မ်တွေဟာ အင်္ကျီရှည်ဝတ်ပါတယ်။ မုတ်ဆိတ်ရှည်ထားပါတယ်။ ဒီအပေါ်မှာ ကျနော်တို့မွတ်ဆလင်မ်တွေကို အမြင်မကြည်ကြပါဘူး။ ဒါပေမဲ့ ပြန်ကြည့်လိုက်ပါ။ ဂျူးတွေလည်း မုတ်ဆိတ်ရှည်ထားတယ်။  အင်္ကျီရှည် ဝတ်တယ်။ ခရစ်ယာန်မှာလည်း သင်းအုပ်ဆရာတွေက အင်္ကျီရှည်ဝတ်ကြတယ်။ ခရစ်ယာန်သီလရှင်တွေ ခေါင်းပေါ်မှာ အဝတ်ခြုံပြီး အင်္ကျီရှည်ဝတ်တယ်။ ဟိန္ဒူမှာလည်း ဘာသာရေး ဘုန်းကြီးတွေ မုတ်ဆိတ်အရှည်ကြီးထားတယ်။ အင်္ကျီအရှည်တွေ ဝတ်ဆင်တယ်။ ဘာဖြစ်လို့ ဂျူးတွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ အင်္ကျီရှည်ဝတ်ပြီး မုတ်ဆိတ်ရှည်ထားတာကို ပြဿနာမရှာဘဲ၊ မွတ်ဆလင်မ်တွေ အင်္ကျီ ရှည်ဝတ်ပြီး မုတ်ဆိတ်ရှည်ထားတာကို ပြဿနာ ရှာနေကြတာလဲ။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာသာခြားမိတ်ဆွေတွေနဲ့ ကျနော်ဆွေးနွေးကြည့်ပါတယ်။ သူတို့ဖက်က သုံးသပ်ပြတာကို ပြန်လည် တင်ပြပါရစေ။

သူတို့ပြောတာက သူတို့အနေနဲ့ အစ္စလာမ့်ရှရီအာဟ် ဆိုပြီး အကြမ်းဖက်၊ လူသတ်၊ ဗုံးခွဲနေတာက အင်္ကျီ ရှည်ဝတ်ပြီး မုတ်ဆိတ်ရှည်ထားတဲ့ မွတ်ဆလင်မ်ဖြစ်နေတာကို သူတို့အနေနဲ့ မီဒီယာမျက်နှာစာမှာ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရပါတယ်တဲ့။ ဒီပုံ တွေဟာ သူတို့ရဲ့နှလုံးသားထဲမှာ၊ ရင်ထဲမှာ စွဲမှတ်၊ ထင်ဟပ် ကျန်ရစ်ခဲ့ပါတယ်တဲ့။ အမှန်တကယ်မှာတော့ သူတို့ဟာအင်္ကျီရှည် ၀တ်ခြင်း၊ မုတ်ဆိတ်ရှည်ထားခြင်းကို မမုန်းပါဘူးတဲ့။ မီဒီယာမှာမြင် နေရတဲ့အင်္ကျီရှည်နဲ့ မုတ်ဆိတ်ရှည်နဲ့မွတ်ဆလင်မ်တွေကို ကြောက် လန့်ရင်းနဲ့ ဒီနိုင်ငံက ပုံစံတူ၊ အင်္ကျီရှည်၊ မုတ်ဆိတ်ရှည်တွေကို ကြောက်လန့်မိတာပါတဲ့။ အဲဒီတော့သူတို့ဘက်ကပြောတဲ့ အချက် ဟာ ဘယ်လောက်မှန်တယ်၊ မမှန်ဘူးဆိုတာကတော့ ကျနော်တို့ သုံးသပ်ဖို့ လိုအပ်လာပါပြီ။ နိဂုံးချုပ်အနေနဲ့ ယနေ့ ဆော်ဒီ အာရေဗျနိုင်ငံရဲ့ မွဖ်သီချုပ်ဖြစ်တဲ့ ‘ရှိုက်အဗ်ဒွလ် အဇီဇ်းဗင် အဗ် ဒွလ္လာဟ်အလ်ရှိုက်’ ကိုယ်တိုင်က ဒီလိုဗုံးခွဲအကြမ်းဖက်ခြင်း ဆိုင် ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ဓမ္မသတ် (ဖတ္တဝါ) ထုတ်လိုက်တာကို အများလေ့လာနိုင်အောင် ထပ်ဆင့်တင်ပြရင်း ဒီမှာပဲနိဂုံးချုပ် လိုက် ပါတယ်။

http://www.geo.tv/article-130036-Saudi-grand-mufti-calls-suicide-bombers-criminals#sthash.eGEzmkFK.dpuf