အစ္စလာမ့်လမ်းစဉ်၌ ကြံ့ကြံ့ခံရပ်တည်ခြင်း ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အစ္စလာမ့်လမ်းစဉ်၌ ကြံ့ကြံ့ခံရပ်တည်ခြင်း
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ အခုလို သောကြာဂျူမု အဟ် ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုအပ်ပါတယ်။
ကျွန်တော် ဒီကနေ့တင်ပြမယ့် ခေါင်းစဉ်ကတော့ အစ္စလာမ်လမ်းစဉ်၌ ကြံ့ကြံ့ခံရပ်တည်ခြင်း ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃ အာယသ် ၁၃၇ နဲ့ ၁၃၈ တို့မှာ အလ္လာဟ်အရှင်မြတ်က ဘယ်လိုမိန့်ဆိုထားလဲဆိုရင် —
`သင်တို့အလျင်က အယူဝါဒ၊ ဓလေ့ထုံးစံ(စုနူးန်)အသီးသီး ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာမြေအနှံ့ လှည့်လည်သွားလာ၍ သစ္စာတရားကို မဟုတ်မမှန်ဟု ယိုးစွပ်ခဲ့ကြသူတို့ မည်သို့ဖြစ်ပျက်ခဲ့သည်ကို ကြည့်ရှု လေ့လာသုံးသပ်ကြကုန်လော့။ ဤသည်ကား လူသားတို့အဖို့ အမှား၊ အမှန်ခွဲခြားပေးသော ဖော်ပြချက်ဖြစ်၍ ကိုယ်ကျင့်သီလကောင်းသော မွတ္တကီများအတွက် အဆုံးအမနှင့် လမ်းညွှန်မှုဖြစ်ပေသည်။´ဆိုပြီးတော့ မိန့်ဆိုထား ပါတယ်။
ကျွန်တော်တို့ကမ္ဘာပေါ်မှာ မြောက်များစွာသော အယူဝါဒတွေ ဓလေ့ထုံးစံတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပျောက်ကွယ်ခဲ့ပါတယ်။ ရှိနေတာတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ အသစ်အသစ်တွေလည်း ထွက်ပေါ်လျက်ရှိနေ ပါတယ်။ အာဒမ်ခေတ်ကစပြီး အသစ်တွေလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။ အာဒမ်ခေတ်ကစပြီး ခေတ် အဆက်ဆက်မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်ပေါင်းမြောက်များစွာကို စေလွှတ်ခဲ့ပြီး သောင်ဟီးဒ် သဘော တရားကို လူ့အဖွဲ့အစည်းတွေကို တည်ထောင်စေခဲ့ပါတယ်။ AD ၆ရာစု ရောက်တဲ့အခါမှာ လူသားတို့ရဲ့ အသိတရားများဟာ အလျင်အမြန်ဖွံ့ဖြိုးလာပြီဖြစ်တဲ့အတွက် ပြီးပြည့်စုံတဲ့ ကျမ်းမြတ်ကုရ်အာန်ကို နောက်ဆုံး တမန်တော်မုဟမ္မဒ်(ဆွ)အပေါ် ချမှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ခေတ်အဆက်ဆက် အလ္လာဟ်ချပေးခဲ့တဲ့ အစ္စလာမ်လမ်းစဉ်ကိုရော၊ ပြီးပြည့်စုံပြီဖြစ်တဲ့ နောက်ဆုံးကျမ်းဂန်မြတ်ကုရ်အာန်ကိုရော၊ လူသားတွေဟာ အတ္တ၊ မာနတွေနဲ့ အလ္လာဟ်ချပေးတဲ့လမ်းစဉ်ကို ပြင်ဆင်၊ ဖြည့်စွက်၊ နှုတ်ပယ်မှုတွေ ပြုလုပ်ခဲ့ကြတဲ့အတွက် လမ်းကြောင်းမှန်ကနေ လွဲဖယ်ပြီး ပြဿနာပေါင်း မြောက်များစွာနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လက်ဝယ်မှာရောက်ရှိနေတဲ့ ကုရ်အာန်အားဖြင့် အချိန်မရွေးလမ်းကြောင်းမှန်ကို ပြည်လည်သွားလို့ရနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် တို့ထံမှာ အလ္လာဟ်ချပေးထားတဲ့ ကုရ်အာန်၊ အလ္လာဟ်ထိန်းသိမ်းစောင့်ရှောက်ထားပြီး တမန်တော်မုဟမ္မဒ်(ဆွ) လက်ထက်ကနေ ယနေ့ထက်တိုင် တစ်လုံးတစ်ပါဒမျှ မလွဲတဲ့ကုရ်အာန်ရှိနေလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျမ်းမြတ် ကုရ်အာန်ကို လေ့လာတဲ့နေရာမှာ ဒီကုရ်အာန်ထဲမှာပါတဲ့ အာယသ်တော်တွေကို လောကမှာရှိနေတဲ့ အထောက် အထား(အာယသ်)တွေနဲ့ လေ့လာမှသာလျှင် အလ္လာဟ်ပြောတဲ့ သစ္စာတရားကို ကျွန်တော်တို့နားလည်သဘော ပေါက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကုရ်အာန် စူရာဟ် ၃ အာယသ်တော် ၁၃၇ က `ကမ္ဘာမြေအနှံ့လှည့်လည်သွား လာ၍ ကြည့်ရှုလေ့လာ သုံးသပ်ကြပါ´လို့ တိုက်တွန်းထားပါတယ်။
ကျွန်တော်တို့အရင် မသိနားမလည်ကြသေးတဲ့ အချိန်ကပြောခဲ့ပါတယ်။ ကုရ်အာန်တစ်အုပ်တည်းနဲ့ လုံလောက်တယ်။ ကုရ်အာန်သာရှိရင် ကျွန်တော်တို့ လောကအကြောင်း အကုန်လုံးသိရှိနားလည်လိမ့်မယ်။ ဒီကုရ် အာန်ဟာ ပြီးပြည့်စုံတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကုရ်အာန်ရဲ့ အာယသ်တော်တွေဟာ အလ္လာဟ်က လောကသဘာဝတရားတွေနဲ့ ချိတ်ဆက်ထားပါတယ်။ လောကမှာ ဖြစ်ပျက်တဲ့အဖြစ်အပျက်တွေကိုလည်း သင်ခန်း စာယူ လေ့လာပြီးတော့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ခေတ်စနစ်ရဲ့ အခြေအနေတွေကို ကျမ်းမြတ်ကုရ်အာန်နဲ့ ဖြေရှင်းဆောင်ရွက်ပြီးတော့ ကျမ်းမြတ်ကုရ်အာန်အားဖြင့် ဘ၀ကို တည်ဆောက်လို့ရပါတယ်။
ဒါကြောင့် ဒီကုရ်အာန်ဟာ လူသားတွေအတွက် (ရိုးရိုးလူသာမန်တွေ) ရှင်းလင်းပြထားပြီးတော့ အကျင့် သီလကောင်းမွန်တဲ့လူတွေအတွက်တော့ အဆုံးအမနဲ့ လမ်းညွှန်ဖြစ်တယ်။ ကမ္ဘာအနှံ့လှည့်လည်သွားလာပြီးတော့ သုံးသပ်ဖို့ကိုလည်း လမ်းညွှန်ထားခြင်းအားဖြင့် ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ပြီးတော့ ကမ္ဘာလောကမှာ ဖြစ်ပျက်နေ တဲ့ အကြောင်းအရာတွေကို လေ့လာသုံးသပ်ပြီး ကုရ်အာန်ကပေးတဲ့ အသိတရားတွေနဲ့ ပေါင်းစပ်ပြီးတော့ အလ္လာဟ်ပြောချင်တဲ့ တရားသဘောကို ကျွန်တော်တို့ လက်တွေ့ကျင့်သုံးဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒီိအာယသ်တော်မှာ အရင်ကအယူဝါဒ အသီးသီးဟာ ပျောက်ကွယ်သွားပြီး ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ ပျောက်ကွယ်သွား ပြီးဖြစ်တဲ့ အယူဝါဒတွေအကြောင်းကိုလည်း ကျွန်တော်တို့ သိရှိနားလည်ဖို့လိုပါတယ်။ ဒီအယူဝါဒတွေ ဘာကြောင့် ပျောက်ကွယ်သွားရသလဲဆိုတာကို ကျွန်တော်တို့လေ့လာသုံးသပ်ဖို့လိုပါတယ်။ ကျွန်တော်အနေနဲ့ ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ အယူဝါဒတွေအကြောင်းကို ကျွန်တော်တစေ့တစောင်း လေ့လာမိသလောက်တင်ပြသွားမှာဖြစ်ပါ တယ်။ ဟိုးကမ္ဘာဦးအစ အာဒမ်တို့ခေတ် မတိုင်မီက လူ့သမိုင်းကိုလေ့လာကြည့်ရင် သမိုင်းဦးဘုံမြေစနစ်ဆိုတာ ရှိခဲ့ တယ်။ အဲဒီကာက လူတွေအားလုံးဟာ အလုပ်အတူတူလုပ်ကြတယ်။ ဥပမာ အမဲလိုက်တဲ့ လုပ်ငန်းဆို အတူတူ အမဲလိုက်ကြတယ်။ မိန်းမယောက်ျား အတူတူလုပ်ကြတယ်။ ရလာတဲ့ပစ္စည်းတွေကို ခွဲဝေစားသောက်ခဲ့ကြတယ်။ အဲဒီလို ဖြစ်နေရာကနေ အလ္လာဟ်အရှင်မြတ်က လူသားကို အာဒမ်အဆင့်တိုးမြှင့်ပေးလိုက်တယ်။ အာဒမ်အဆင့် မတိုးပေးခင်က လူသားတွေရဲ့ ပုံသဏ္ဍာန်၊ သဘောသဘာဝဟာ တခြားတရိစ္ဆာန်တွေနဲ့ ဘာမှမထူးခြားပါဘူး။ ကျောက်ဂူတွေမှာ နေတယ်။ အစားအသောက်ကို အမဲလိုက်ပြီးစားကြတယ်။ သဘာဝအလျောက် အသီးအနှံတွေကို ခူးယူစား သောက် ကြတယ်။
အလ္လာဟ်အရှင်မြတ်က လူသားကို ကမ္ဘာမြေပေါ်ရှိသက်ရှိသက်မဲ့တွေရဲ့ ခလီဖှာအဖြစ် တိုးမြှင့်ပေးတဲ့အခါ မှာ အဲဒီအခြားသက်ရှိသက်မဲ့တွေကို စီမံခန့်ခွဲနိုင်မယ့်အသိတရားကို အလ္လာဟ်က လူသားကို ထည့်သွင်းပေးခဲ့ တယ်။ အဲဒီအသိတရားကြောင့် လူဟာတခြားသတ္တ၀ါတွေနဲ့မတူဘဲနဲ့ အရာရာကို စူးစမ်းလေ့လာချင်တဲ့ ဆန္ဒတွေ ရှိလာသလို လေ့လာနိုင်တဲ့စွမ်းအားတွေလည်း ရရှိသွားတယ်။ ဒါကြောင့် မလာအိကာဟ်တွေကို အလ္လာဟ်အရှင်မြတ်က လူသားတွေကို ခလီဖှာအဖြစ်ခန့်အပ်မယ်လို့ ပြောတော့ မလာအိကာဟ်တွေက စောဒကတက်ခဲ့ကြတယ်။ `ယာ-အလ္လာဟ် ကျွန်တော်မျိုးတို့ဟာ အလ္လာဟ်အမိန့်တွေကို တသွေမတိမ်းနာခံလျက်ရှိနေပါတယ်။ ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက် သွေးထွက်သံယိုဖြစ်စေမယ့် ခုတ်ကြ၊ ထစ်ကြ၊ သတ်ဖြတ်ကြမဲ့ လူသားတွေကို ခလီဖွာ အဖြစ် ခန့်အပ်ရတာလဲ´လို့ စောဒကတက်မေးခဲ့ကြတယ်။ အဲဒီအခါ အလ္လာဟ်အရှင်မြတ်က လောကရဲ့အသိ တရားတွေအကြောင်းကို မလာအိကာဟ်တွေကို တင်ပြစေခဲ့တယ်။ ဒီအခါ မလာအိကာဟ်တွေက `ယာ အလ္လာဟ် ကျွန်တော်တို့ကတော့ အလ္လာဟ်ပေးတဲ့အသိတစ်ခုပဲသိတယ်။ ဥပမာ မလာအိကာဟ်ဆိုတာ ကျွန်တော်တို့နားလည် ထားတာက (ကျမ်းမြတ်ကုရ်အာန်အရ) စွမ်းအားတွေဖြစ်တယ်။ ဥပမာ အပူစွမ်းအင်၊ အလင်းစွမ်းအင်၊ အသံစွမ်း အင် ရှိတယ်။ ဒါတွေဟာ မလာအိကာဟ်တွေဖြစ်တယ်။ ဥပမာ အလင်းစွမ်းအင်ရှိတဲ့ မလာအိကာဟ်တွေက အလင်းကိုပဲ နားလည်တယ်။ အပူစွမ်းအင်ရှိတဲ့ မလာအိကာဟ်တွေက အပူစွမ်းအင်ကိုသာနားလည်တယ်။ လူသား ကတော့ အဲဒီလိုမဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ ချီးမြှင့်ပေးသနားမှုကြောင့် အလင်းဘာကြောင့် ထွက်ရတာ လဲ။ အသံဘာကြောင့် ထွက်တာလဲ။ အပူဘာကြောင့် ထွက်တာလဲဆိုတဲ့ စူးစမ်းလေ့လာနိုင်တဲ့ ပညာရပ်တွေရှိတာ ကို မလာအိကာဟ်တွေက သိရှိခဲ့ပြီး လူသားတွေကို စဂ်ျဒါလုပ်ဦးညွတ်နေခြင်းဖြစ်ပါတယ်။
အဲဒီလို အာဒမ်အဆင့်ကို ရောက်လာတဲ့လူသားတွေဟာ စိုက်ပျိုးမွေးမြူတတ်လာကြသလို မီးကိုလည်း အသုံးပြုတတ်လာကြတယ်။ အဲဒါဟာ လူ့သမိုင်းမှာ အလွန်အင်မတန်ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်တယ်။ အဲဒီလို အာဒမ်ကို ဂျန္နသ်အဆင့်မှာထားတယ်ဆိုတာ ပန်းဥယျာဉ်သဖွယ်ရှိတဲ့ လောကကြီးကို အာဒမ်လူသားက ဖန်တီးနိုင် ခြင်းဖြစ်တယ်။ အဲဒီအချိန်မှာ အလ္လာဟ်အရှင်မြတ်က အာဒမ်လူသားကို `အသင်လူသား ဒီအပင်နားကို မကပ်နဲ့လို့ ပြောတဲ့အချိန်´ အပင်နားမကပ်နဲ့ဆိုတာက အပင်ဆိုတာ မိမိအသီး၊ မိမိအပွင့်ကို ကိုယ်တိုင်ပွင့်စေ သီးစေနိုင်ပေ မယ့်၊ အခြားအပင်တွေကို ပွင့်စေသီးစေနိုင်ခြင်းမရှိပေ။ မိမိအောက်မှာ ရှိတဲ့အရာတွေကိုဘဲ အရိပ်ပေးတယ်။ တခြားနေရာကို အရိပ်မပေးနိုင်ဘူး။ ဘာလဲဆိုတော့ လူတွေဟာ မိမိအတ္တမာန်မာနတွေနဲ့ မိမိအုပ်စုကောင်းစားရေး ဆိုတဲ့ ကိစ္စတွေကို မလုပ်ကြနဲ့။ အများကောင်းစားရေးကို လုပ်ပါလို့ ပြောခြင်းဖြစ်တယ်။ ဒါပေမယ့် လူတွေဟာ မိမိ အုပ်စုကောင်းစားရေးကို လုပ်ရင်းနဲ့ လောဘသက္ကယ ကြီးလာပြီး တခြားအုပ်စုတွေ ဘယ်လိုနေနေဆိုတဲ့ အတွေး အခေါ်တွေရောက်လာတဲ့ အချိန်မှာ ဂျန္နသ်ရဲ့အခြေအနေဟာ ပျောက်ကွယ်ပြီးတော့ လူတွေဟာ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်တဲ့ စစ်ပွဲတွေပေါ်ပေါက်လာတယ်။ ဂျန္နသ်ရဲ့အခြေအနေ ကျဆင်းသွားတယ်။
အဲဒီအချိန်ကစပြီး လူတွေဟာ အုပ်စုလိုက် အုပ်စုလိုက် ရန်ပွဲတွေဖြစ်နေရင်းနဲ့ ဖမ်းဆီးခံရတဲ့ လူတွေကို လည်း တိရစ္ဆာန်သဖွယ်ခိုင်းရင်းနဲ့ ကျေးကျွန်စနစ်တွေ ပေါ်ပေါက်လာကြတယ်။ အဲဒီကနေတဆင့် အုပ်စုခေါင်း ဆောင်တွေက ဘုရင်တစ်ပါးအဖြစ် ကျင့်သုံးရာကနေပြီး မြေရှင်ပဒေသရာဇ်စနစ်ဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ မြေရှင်ပဒေသရာဇ်ခေတ်မှာ နယ်မြေချဲ့ထွင်နိုင်ဆုံးဘုရင်တွေဟာ ဧကရာဇ်တွေ၊ ဘုရင်တကာ့ဘုရင် ရာဇာဓိရာဇာ တွေဖြစ်လာကြတယ်။ မြေရှင်ပဒေသရာဇ်ခေတ်မှာလည်း ဘုရင်ကလွဲရင် ကျန်တဲ့လူတွေအားလုံးဟာ ဘုရင်ရဲ့ ကျေးကျွန်တွေပဲဖြစ်တယ်။ ဘုရင်ရဲ့အမတ်တွေပင်လျှင် ဘုရင်ရဲ့ကျေးကျွန်တွေဖြစ်တယ်။ လယ်သမားတွေအနေနဲ့ လည်း စိုက်ပျိုးသီးနှံတွေကို ဘုရင်ကိုဆက်သပြီး ကျန်တော့မှ သူတို့သုံးစွဲစားသောက်ကြရတယ်။
ဘုရင်တွေဟာ မိမိအာဏာကို ချဲ့ထွင်ဖို့ နယ်မြေတွေကို သိမ်းပိုက်လာရာကနေ မိမိနိုင်ငံရဲ့ လိုအပ်တဲ့ သယံဇာတတွေကိုပါ သိမ်းပိုက်လာကြတဲ့နောက် ကိုလိုနီနယ်ချဲ့ဝါဒ ထွန်းကားလာပါတယ်။ ကိုလိုနီ နယ်ချဲ့စနစ် ကနေ ပေါက်ဖွားလာတဲ့ ကုန်သည်လူတန်းစားတွေကြောင့် အရင်းရှင်ဝါဒ ပေါ်ပေါက်လာပါတယ်။ တစ်ချိန်တည်းမှာ ပဲ အရင်းရှင်ဝါဒရဲ့ဆန့်ကျင်ဖက် ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒတွေပါ တပြိုင်တည်း ပေါ်ပေါက်ခဲ့ပါတယ်။ အရင်းရှင် တို့၊ ဆိုရှယ်လစ်တို့၊ ကွန်မြူနစ်တို့၊ ဖက်ဆစ်ဝါဒတွေဟာ ၁၈ရာစု ၁၉ရာစု ၂၀ ရာစုအတွင်းမှာ အားကောင်းလာပြီး အချင်းချင်းပြိုင်ဆိုင်ရာကနေပြီး ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေဖြစ်ပွားခဲ့ရပါတယ်။
ဒါဟာ လူမှုအဖွဲ့အစည်းတွေရဲ့ အခင်းအကျင်းအရ ပေါ်ပေါက်ခဲ့တဲ့ အယူဝါဒနဲ့ ပတ်သက်ပြီး အကြမ်းဖျဉ်း လေ့လာတင်ပြတာပါ။ ဘာသာရေးဘက်ကို ကြည့်ရင် ဘာသာရေးနဲ့အယူဝါဒ သိန်းဂဏန်းအထိရှိခဲ့ပေမယ့် အထင် ကရ ဘာသာကြီးများကတော့ ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်ဆိုတာတွေကိုပဲ လူအများရဲ့ ကိုးကွယ် ယုံကြည်မှုအဖြစ်ရှိနေခဲ့တာ တွေ့ရပါတယ်။ ကျန်ကိုးကွယ်ယုံကြည်မှုတွေရှိကြပေမယ့်လည်း လူဦးရေအားဖြင့် မပြောပလောက်သော အရေအတွက်သာရှိနေပါတော့တယ်။ တကယ်တော့ အစ္စလာမ်ဆိုတာ ကျွန်တော်က ဘာသာတရားတစ်ခုအနေနဲ့ ထည့်သွင်းပြောကြားပေမယ့် အစ္စလာမ်ဟာ ဘာသာတရားတစ်ခုမဟုတ်ဘဲ၊ ဘ၀နေ နည်းလမ်းစဉ်တစ်ရပ်သာဖြစ်ပါတယ်။ ဒါပေမယ့် အများစုကတော့ ဘ၀နေနည်းလမ်းစဉ်ပါလို့ မည်မျှပင်ဆိုစေကာမူ အစ္စလာမ်ကို ဘာသာတရားတစ်ခုအဖြစ်ပဲ သိရှိနေကြတာပါ။ ဘယ်လိုပဲ ဘာသာတရားအနေနဲ့ အသိအမှတ်ပြုပါ စေ။ ကျွန်တော်တို့က ဘာသာတရားတစ်ခုအနေထက် မိမိရဲ့ဘ၀နေထိုင်နည်း လမ်းစဉ်အဖြစ် ကျင့်သုံးပြီး အောင် မြင်တဲ့အစ္စလာမ့်လမ်းစဉ်ကို ထူထောင်နိုင်ကြရမှာဖြစ်ပါတယ်။
စောစောကတင်ြပခဲ့တဲ့ အယူဝါဒများစွာနဲ့ အစ္စလာမ်ရဲ့လမ်းညွှန်မိန့်ကြားချက်တွေကို ကျွန်တော်နှိုင်းယှဉ် တင်ပြလိုပါတယ်။ တစ်ချိန်က ကမ္ဘာပေါ်မှာ အထင်ကရပေါ်ထွန်းလာခဲ့တာဟာ ကျေးပိုင်၊ ကျွန်ပိုင်စနစ်ဖြစ်ပါတယ်။ ကျေးပိုင်၊ ကျွန်ပိုင်စနစ်မှာ ကျွန်တွေဟာ တိရစ္ဆာန်သဖွယ်ခိုင်းစေခြင်းခံခဲ့ရပါတယ်။ တိရစ္ဆာန်တွေကို ရောင်းဝယ် သလိုမျိုး ရောင်းဝယ်ခြင်း ခံခဲ့ရပါယတ်။ မြေရှင်ပေဒသရာဇ်စနစ်ရောက်တော့လည်း ဘုရင်ကလွဲရင် ကျန်လူတွေ ဟာ ကျွန်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်ပိုင်ရှင်ခေတ်က ကျွန်တွေလောက်တော့ ညှင်းပန်းနှိပ်စက်ခြင်း မခံရပါ ဘူး။ တိုင်းသူပြည်သားတွေဟာ တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ဘုရင်ရဲ့ကျေးကျွန်တွေသာဖြစ်ပါတယ်။ ဒီကနေ့အထိ လူကုန်ကူးမှုဆိုတဲ့ ကိစ္စရပ်ကြီးဟာ လူသားတွေကို တိရစ္ဆာန်များသဖွယ် ရောင်းဝယ်နေခြင်းသာဖြစ်ပါတယ်။ ကျွန် စနစ်ကို တစ်နည်းတစ်ဖုံ ကျင့်သုံးကြခြင်းဖြစ်တယ်။
အစ္စလာမ်ကတော့ လူသားတွေကို အင်န်စန်ဆိုတဲ့ သာမန်လူသားအဆင့် အာဒမ်ဆိုတဲ့ အသိပညာ အတတ်ပညာများနဲ့ပြည့်စုံနေတဲ့အဆင့်ဆိုပြီး ခေါ်ဝေါ်သုံးစွဲပါတယ်။ ကျေးကျွန်စနစ်ကို အားပေးအားမြှောက်ပြုတာ မရှိဘဲနဲ့ အားနည်းတဲ့သူတွေဘက်ကနေ ရပ်တည်ပြီးတော့ ဒီလူသားတွေလွတ်မြောက်အောင် ဆောင်ရွက်ပေးတဲ့ သာဓကတွေကို တွေ့ရပါတယ်။ အဆင့်အတန်းခွဲခြားခြင်းမရှိပါဘူး။ အဆင့်အတန်ုးခွဲခြားခြင်းမရှိဘူးလို့ ပြောပေမယ့် ကုရ်အာန်အရ လူသား တွေကို ကိုယ်ကျင့်တရားအရ အဆင့်အတန်းခွဲခြားထားတာ တွေ့ရပါတယ်။် အလ္လာဟ် အရှင်မြတ်ရဲ့ ရှေ့တော်မှောက်မှာ ကိုယ်ကျင့်သီလအကောင်းဆုံး၊ သက္က၀ါရှိသောသူသာလျှင် အမြင့်မြတ်ဆုံးဖြစ် တယ်လို့ ကုရ်အာန်ကသင်ကြားပေးပါတယ်။ ဒီတော့ ကျွန်တော်တို့ လူသားတွေကို ကျေးကျွန်သဖွယ်ခိုင်းစေဖို့ မဆိုထားနဲ့၊ လူသားတစ်ဦးမြင့်မြတ်ခြင်း၊ နိမ့်ကျခြင်းဆိုတာကို ပညာတတ်ခြင်း၊ မတတ်ခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်းဆိုတာတွေနဲ့ တိုင်းတာဆုံးဖြတ်လို့ မရပါဘူး။ ကိုယ်ကျင့်သီလ အကောင်းဆုံးသောသူသာလျှင် အမြင့်မြတ်ဆုံးဖြစ်တယ်လို့ ပြောထားပါတယ်။
ကိုယ်ကျင့်တရားအရသာ လူ့အဆင့်အတန်းကို အစ္စလာမ်ကတိုင်းတာသတ်မှတ်ပါတယ်။ ဘယ်လိုအခြေ အနေဆိုးမှာပဲဖြစ်ပါစေ။ အလ္လာဟ်အရှင်မြတ်ဟာ ကိုယ်ကျင့်သီလကောင်းမွန်တဲ့သူတွေကို တနည်းအားဖြင့် သက္က၀ါရှင်တွေကို အစွမ်းအစတွေပေးပြီးတော့ ခေတ်ဆိုး၊ စနစ်ဆိုးတွေကို ပြောင်းလဲစေခဲ့တာပါ။ ဒီအကြောင်းကို တမန်တော်ကြီး ယူစွဖ်(အ.စ)နဲ့ တမန်တော်ကြီး မူစာ(အ.စ)တို့ရဲ့အကြောင်းကို ကုရ်အာန်ကျမ်းမြတ်ရဲ့သင်ကြား ချက်အတိုင်း လေ့လာခြင်းဖြင့် သိရှိနိုင်ပါတယ်။ ကျွန်တော်ပြောတာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သင်ကြားချက်သာ ဖြစ်ပါတယ်။ တခြား တခြားသော ပုံပြင်ဒဏ္ဍာရီသဖွယ် ရေးသားမှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတွေ မဟုတ်ပါ။ ပညာရှင်ကြီးများရေးတဲ့ အထုပတ္တိအကြောင်းတွေဟာ ပုံပြင်ဒဏ္ဍာရီများသာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန် စူရာ ၁၂ မှာဆိုရင် တမန်တော်ယူစွဖ်(အ.စ)ရဲ့ အကြောင်းကို အသေးစိတ်နီးပါး ဖော်ပြထားပါတယ်။ တမန်တော်ယူစွဖ်(အ.စ)ဆိုရင် ကလေးဘ၀မှာ သူ့ရဲ့ညီအကိုတွေက သူ့ကို ရေတွင်းပျက်ကြီး ထဲမှာ စွန့်ပစ် ပစ်ချထားခြင်းကို ခံခဲ့ရပါတယ်။ ခရီးသွားတွေကနေ ရေတွင်းပျက်ကြီးထဲက ကယ်တင်ပြီး၊ ကယ်တင် ပြီးဆိုတာထက် ဆယ်ယူပြီးတော့ ကျွန်အဖြစ် ရောင်းစားခြင်းကို ခံခဲ့ရပါတယ်။ ကျွန်အဖြစ်နဲ့ ရောင်းစားခံခဲ့ရပြီး အီဂျစ်နန်းတော်ထဲကို ရောက်သွားခဲ့ပါတယ်။ အီဂျစ်နန်းတော်ထဲရောက်သွားတဲ့အခါမှာလည်း အမျိုးမျိုး မတော် မတရားစွပ်စွဲခံရ၊ ထောင်သွင်းအကျဉ်းကျခံရနဲ့ အခက်အခဲအများကြီးကို ရင်ဆိုင်ကျော်လွှားခဲ့ရပါတယ်။ တမန် တော်ယူစွဖ်(အ.စ) ဒီလိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာဘဲ အလ္လာဟ်အရှင်မြတ်က နှစ်ပေါင်းများ စွာ ထောင်ထဲမှာဘဲနေစေခဲ့တယ်။ အလ္လာဟ်အရှင်မြတ်က ကယ်တင်လို့ရပါလျက်နဲ့ သာမန်လူတစ်ဦးလို တမန် တော်တွေဟာ ဘ၀ကိုရင်ဆိုပြီးတော့ လူ့အဖွဲ့အစည်းကို ထူထောင်စေခဲ့တာပါ။ တမန်တော် ယူစွဖ်(အ.စ)ရဲ့ သက္က၀ါ အရ တနည်းပြောရရင် သူ့ရဲ့အစွမ်းအစအရဘဲ ထောင်ထဲကနေ လွတ်မြောက်လာပြီးတော့ အီဂျစ်နန်းတွင်းမှာ အင်မတန်ကြီးမားတဲ့ ရာထူးကို ရရှိခဲ့ပါတယ်။
ဒီလိုဘဲ တမန်တော်မူစာ(အ.စ)ရဲ့ အကြောင်းကို လေ့လာမယ်ဆိုရင်လည်း ကုရ်အာန်စူရာဟ် ၂၀ နဲ့ စူရာဟ် ၂၈ အရ ပြောရမယ်ဆိုရင် တမန်တော် မူစာ(အ.စ)ဟာ ကလေးငယ်အရွယ်မှာ ဖွေရ်အောန်ဘုရင်က ကလေးငယ်တွေကို လိုက်သတ်နေတဲ့အချိန်ဖြစ်တယ်။ ဒါကြောင့် မူစာ(အ.စ)ကို ဖိရ်အောင်န်ရန်က လွတ်အောင် ဆိုပြီးတော့ သူ့အမေအဖေက မြစ်ထဲကို မျှောချခဲ့တယ်။ အဲဒီလိုမြစ်ထဲမျှောချခဲ့တဲ့ တမန်တော်မူစာ(အ.စ)ဟာ ဖိရ် အောင်န်ရဲ့ နန်းတွင်းသူ နန်းတွင်းသားတို့ရဲ့ ဆယ်ယူခြင်းခံရပြီး နန်းတွင်းထဲကိုရောက်သွားခဲ့ပါတယ်။ နန်းတော်ထဲ မှာပဲ ကြီးပြင်းခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာ အဖိနှိပ်ခံ အစ္စရာအီလ်တွေဘက်ကနေ ရပ်တည်ဆောင် ရွက်ခဲ့လို့ နန်းတော်ထဲကနေ ထွက်ပြေးတိမ်းရှောင်ပြီး ကျေးလက်တောရွာကို ရောက်သွားခဲ့ပါတယ်။ ငယ်စဉ်က တည်းက နန်းတော်ထဲမှာနေပြီး ရရှိခဲ့တဲ့ အသိတွေ၊ ကျေးလက်ဒေသမှာနေပြီး ရလာတဲ့အသိတွေ ပေါင်းစပ်ပြီး ရင့်ကျက်မှုရှိလာတဲ့အချိန်မှာ တမန်တော်မူစာ (အ.စ)ကို အလ္လာဟ်အရှင်မြတ်က နဗူဝသ်အပ်နှင်းပြီးတော့ ဖိရ်အောင်န်ဘုရင်ကို ပြုပြင်ဖို့ တနည်းအားဖြင့် ဒအ်ဝသ်ပေးဖိတ်ခေါ်ဖို့ ဖိရ်အောင်န်ရှိရာနန်းတော်ကို စေလွှတ်ခဲ့ပါ တယ်။
ဖိရ်အောင်န်က တမန်တော်မူစာ(အ.စ)ရဲ့ ဖိတ်ခေါ်ချက်ကို လက်မခံခဲ့ပါဘူး။ ဒီအခါမှာ တမန်တော် မူစာ (အ.စ)ဟာ အဖိနှိပ်ခံအစ္စရာအီလ်မျိုးနွယ်များကို ဖိရ်အောင်န်ရဲ့လက်တွင်းကနေ ကယ်ထုတ်ခဲ့ပါတယ်။ တမန်တော် ယူစွဖ်(အ.စ)နဲ့ တမန်တော်မူစာ(အ.စ)တို့ရဲ့အကြောင်းကို ကစွာစ်ဆိုပြီးတော့ ကျမ်းမြတ်ကုရ်အာန်က ပြောထား ပါတယ်။ ကစွာစ်ဆိုတာက ပုံပြင်ဒဏ္ဍာရီမဟုတ်ဘူး။ တကယ့်အဖြစ်အပျက်အမှန်တွေသာဖြစ်တယ်လို့ ပြောတာ ပါ။ အဖြစ်အပျက်အမှန်တွေဟာ ပုံပြင်ဒဏ္ဍာရီတွေနဲ့ တော်တော်ကြီးကွဲလွဲပါတယ်။ ကုရ်အာန်က အဖြစ် အပျက်အမှန်ကိုပဲ ပြောတာပါ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ယူစွဖ်ရဲ့နောက်ဆုံးအာယသ်တော်မှာ ပြောထားတာက ဒီအဖြစ်အပျက်တွေမှာ `အုလီလ်အလ်ဘာဗ်´စဉ်းစားတွေးခေါ်နိုင်တဲ့လူတွေအတွက် သင်ခန်းစာ တွေ မြောက်များစွာ ရှိနေပါတယ်တဲ့။
ဒီအဖြစ်အပျက်တွေကိုကြည့်ရင် လူသားတွေရဲ့မှားယွင်းစွာကျင့်သုံးနေတဲ့စနစ်ကို အရာရာကို စွမ်းဆောင် နိုင်တော်မူသော အလ္လာဟ်အရှင်မြတ်က မိမိရဲ့ ဘုန်းတန်ခိုးအာနုဘော်နဲ့ ရုပ်ချည်းပြောင်းလဲချေဖျက်နိုင်ပေမယ့် မပြောင်းလဲဘဲ ခေတ်ဆိုးစနစ်ဆိုးကြီးထဲမျာ လူစွမ်းလူစရှိနေသူတွေကို ပေါ်ထွန်းစေတော်မူပြီး ခေတ်ဆိုးစနစ်ဆိုးကို ပြုပြင်တာ၊ အဖိနှိပ်ခံတွေကို ကူညီကယ်တင်တာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီနေရာမှာ အရာရာကို စွမ်းဆောင်နိုင်တော်မူသော အလ္လာဟ်အရှင်မြတ်က သူ့ရဲ့တန်ခိုးတွေနဲ့ ကူညီခြင်းမဟုတ်ပဲ လူသားဆန်စွာ သာမန်လူသားတစ်ယောက်ကို ရုန်းကန်လှုပ်ရှားစေပြီး ခေတ်ဆိုးစနစ်ဆိုးကို ပြုပြင်စေခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီတော့ ဘယ်လိုပဲခေတ်ဆိုး စနစ်ဆိုးကြီးပဲဖြစ်နေပါစေ။ အဲဒီလို ဖိနှိပ်နေတဲ့ခေတ်ဆိုးစနစ်ဆိုးကြီးထျဲာ လူစွမ်းလူစရှိတဲ့လူတွေလည်း ပေါ်ပေါက်လာနိုင်တယ်ဆိုတာကို ကုရ်အာန်က မီးမောင်းထိုးပြနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ မိမိရဲ့ညံ့ဖျင်းမှုတွေဟာ ခေတ်ဆိုးစနစ်ဆိုးကြောင့်ပါလို့ လွှဲချလို့မရပါဘူး။ `သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ´ဆိုတာတို့ `အများမိုးခါးရေသောက်လို့ လိုက်သောက်ရပါတယ်´ဆိုတဲ့ ဆင်ခြေတွေကို အစ္စလာမ်က လက်မခံပါဘူး။ သင်မကောင်းရင်လဲ ကျွန်ုပ်ကောင်းရပါမယ်။ မိုးခါးရေသောက်ပြီး ရူးနေတဲ့သူတွေကြားမှာလည်း လူကောင်းတစ်ဦးအဖြစ် ကြံ့ကြံ့ခံရပ်တည်နိုင်ရပါတယ်။ ဒါကို သက္က၀ါလို့ခေါ်ပါတယ်။ သင်မကောင်းလို့ ကျွန်ုပ်ဆိုးရပါတယ်။ အများရူးလို့ ကိုယ်ကလိုက်ရူးရပါတယ်ဆိုတာ ရေသာခိုအချောင်လိုက်တဲ့သူ ဒက်စွာဖြစ်တဲ့သူ ဖြစ်တယ်။ ဒါကို ကျမ်းမြတ်ကုရ်အာန် စူရာဟ ၉၁း၇ -၁၀ မှာဘယ်လိုပြောထားသလဲဆိုရင် –
`အလ္လာဟ်အရှင်မြတ်က နဖ်စ်ကို ပြီးပြည့်စုံစွာနဲ့ပြုလုပ်ထားတယ်။ အဲဒီနဖ်စ်ထဲမှာ သက္က၀ါလည်းရှိတယ်။ ဖူဂျူးရ်လည်းရှိတယ်။´
သက္က၀ါဆိုတာ လိုက်နာစောင့်ထိန်းနိုင်တဲ့ စွမ်းအား၊ ဖူဂျူးရ်ဆိုတာက သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး တွေးတောလုပ်ဆောင်နိုင်တဲ့စွမ်းအား၊ ကျွန်တော်အနီးစပ်ဆုံး ပြောရရင် တီထွင်နိုင်တဲ့စွမ်းအားပေါ့။ သက္က၀ါမှာလည်းရှိပြီး ဖုဂျူးရ်လည်းရှိမှ လူ့ရဲ့နဖ်စ်ကပြီးပြည့်စုံတဲ့ နဖ်စ်ဖြစ်တယ်ဆိုပြီး အလ္လာဟ်အရှင်မြတ်က ပြောတယ်။ စည်းကမ်းတွေကို လိုက်နာစောင့်ထိန်းနိုင်ရုံနဲ့ ကျွန်တော်တို့ လူသားတွေမှာ တိုးတက်မှုမရှိဘူး။ ဥပမာ ပြောရရင် စာကလေးတွေဆိုပါတော့။ သူတို့ဟာ အင်မတန်မှ သက္က၀ါရှိတယ်။ အလ္လာဟ်သတ်မှတ်ထားတဲ့ အသီး အနှံတွေကိုပဲစားတယ်။ အပင်တွေအပေါ်မှာ အသိုက်ဆောက်နေကြတယ်။ အဲဒီစာကလေးတွေရဲ့ သက္က၀ါဟာ ဟိုကျောက်ခေတ်ထဲက ဒီကနေ့ထိမပြောင်းလဲဘူး။ လူသားတွေကတော့ ဖုဂျူးရ်ဆိုတဲ့ စိတ်အခံရှိထားတော့ ကျောက်ဂူတွေထဲနေတဲ့အဆင့်ကနေ၊ ရွှံ့အိမ်၊ သစ်သားအိမ်၊ ၀ါးအိမ် တဖြည်းဖြည်းနဲ့ ဒီကနေ့ခေတ်၊ ခေတ်မီ အဆောက်အအုံထဲနေတဲ့အဆင့်ထိ ပြောင်းလဲတိုးတက်နေလာကြတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ် ထည့်ပေး ထားတဲ့ သက္က၀ါရော ဖုဂျူးရ်ရောရှိမှသာလူသားတွေရဲ့ နဖ်စ်က ပြီးပြည့်စုံမှာဖြစ်တယ်။ အဲဒီလိုပြီးပြည့်စုံအောင်တဲ့ နဖ်စ်ဖွံ့ဖြိုးအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကိုလည်း အလ္လာဟ်ကသင်ပေးထားပါတယ်။
အဲဒီသက္က၀ါရော ဖူဂျူးရ်ကိုရော ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် အဲဒီလူဟာ အောင်မြင်မှာ ဖြစ်ပါတယ်။ ဒီလိုဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်ပဲနဲ့ မိမိဆန္ဒရှိသလိုပဲ နေထိုင်သွားလာမယ်ဆိုရင် အဲဒီလူဟာ ဆုံးရှုံးမှာဖြစ်တယ်လို့ အလ္လာဟ်က ပြောထားပါတယ်။ အဲဒါဟာ လူမှာရှိတဲ့အရည်အသွေးပါ။ အဲဒီအရည်အသွေး တွေနဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ခေတ်ရဲ့ဆိုးဝါးတဲ့ အခြေအနေတွေကို ရင်ဆိုင်ကျော်လွှားဖြတ်သန်းရမှာ ဖြစ်တယ်။ ဘုရင်တစ်ပါးဖြစ်ပါစေ။ ဧကရာဇ်တစ်ပါးဖြစ်နေပါစေ။ သူဟာအခက်အခဲတွေ တွေ့နေရမှာသာဖြစ်တယ်။ ဒီအခက်အခဲတွေဟာ ကျွန်တော်တို့အတွက် အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။ ဒီအခက်အခဲအခွင့်အလမ်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရင် ကျွန်တော်တို့ဟာ အောင်မြင်တဲ့သူတွေဖြစ်တယ်။ ဒီအခက်အခဲအကြပ်အတည်းတွေကို ရင်ဆိုင်ဖြေရှင်း မကျော်လွှားဘဲနဲ့ ရေသာခိုအချောင်လိုက်(ဒက်စွာလုပ်)နေမယ်ဆိုရင် ဆုံးရှုံးတဲ့သူသာဖြစ်တယ်။
ကျွန်တော့်အနေနဲ့ (စုနူးန်)ဆိုတဲ့ အယူဝါဒကိုပြန်လည် လေ့လာသုံးသပ်လိုပါသေးတယ်။ စောစောတင်ပြခဲ့ သလို ၁၉ ရာစုနဲ့ ၂၀ ရာစုမှာ အယူဝါဒ အမျိုးမျိုးပေါ်ပေါက်ခဲတဲ့အထဲက အယူဝါဒတစ်ခုက သိပ္ပံပညာနဲ့လူသားတို့ ၏ ဆင်ခြင်တုံတရားကသာ လူသားတွေရဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်ဆိုတဲ့ အသိ အမြင်တွေကို ရလာခြင်းဖြစ်ပါတယ်။ ဒါကို အခြေခံပြီးတော့ အရင်းရှင်ဝါဒနဲ့ ကွန်မြူနစ်ဝါဒတို့ ပေါ်လာခြင်းခြင်း ဖြစ်တယ်။ ကွန်မြူနစ်ကတော့ လူသားတို့ရဲ့အရည်အသွေးတွေကို ဖွံ့ဖြိုးတိုးတက်ခွင့်မပေးဘဲနဲ့ အုပ်စုလိုက်အဖြစ် ရပ်တည်စေခဲ့တယ်။ ဥပမာ လူတစ်ယောက်ဟာ အလုပ်သမားလူတန်းစား(သို့မဟုတ်) လယ်သမားလူတန်းစား ဖြစ်ရမယ်။ လူတစ်ဦးချင်းရဲ့ စိတ်ခံစားမှု၊ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဆက်ဆံမှု၊ နှောင်ဖွဲ့မှုတို့ကို လျစ်လျူရှုထားခဲ့ကြတယ်။
အရင်းရှင်စနစ်မှာကျတော့ လူတစ်ဦးချင်းရဲ့ လွတ်လပ်မှုကို အရမ်းအလေးထားတယ်။ လူတွေဟာ အလွန် အကျွံ လွတ်လပ်မှုတွေကို တောင်းဆိုလာကြတယ်။ ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုပြောသလဲဆိုတော့ `အကီး မုစ်ဆွလားဟ် ၀အ်သုဇ်ဇကားသ်´ဆိုတဲ့ အုပ်စုလိုက်ဖွံ့ဖြိုးတိုးတက်စေတဲ့ ဆွလားသ်စနစ်ကို ပြဌာန်းပေးပြီးတော့ ဒီအုပ်စုအတွင်းက တစ်ဦးချင်းဖွံ့ဖြိုးတိုးတက် စေဖို့အတွက် ဇကားသ်စနစ်ကိုပြဌာန်းထားပါတယ်တဲ့။
ဒါပေမယ့် ကျွန်တော်တို့ဟာ ဆွလားသ်နဲ့ဇကားသ်ကို လွဲမှားစွာကျင့်သုံးမှုကြောင့် အစ္စလာမ့်လူ့အဖွဲ့ အစည်းဟာ ဒီကနေ့အကျဖက်ကို ရွေ့လျားနေတယ်။ ဒါကြောင့် အစ္စလာမ်ဆိုရင် အကြမ်းဖက်သမားတွေဖြစ်တယ် လို့ လူတွေကသတ်မှတ်လာကြတယ်။ အစ္စလာမ် အမည်ခံ အကြမ်းဖက်သမားတွေဟာ (ဂလိုဘယ်လိုက်ဇေးရှင်း) ကမ္ဘာလုံးပတ်ဆက်နွယ်မှုရှိလာတဲ့အခါကျတော့ သူတို့ဖက်တွယ်ထားတဲ့ အယူသီးမှုတွေတော့ ပျက်စီးပျောက်ကွယ်တော့မှာပဲ။ ငါတို့ အလေးထားတဲ့ စံတွေရဲ့တန်ဖိုးကျဆင်းတော့မှာပဲဆိုပြီး ၀မ်းနည်းပက်လက် ဖြစ်နေတဲ့ လူတွေရှိတယ်။ ဒါကို အစ္စလာမ်ကိုမလိုမုန်းထားသူတွေက အားပေးအားမြှောက်ပြုပြီး အစ္စလာမ် အကြမ်းဖက်သမားတွေဖြစ်အောင် ကူညီပံ့ပိုးပေးနေကြတာတွေကို တွေ့ရမှာဖြစ်တယ်။
အရင်းရှင်စနစ်မှာ လူတွေရဲ့ လွတ်လပ်မှုတွေကို အရမ်းအလေးပေးလာတဲ့အခါ စည်းမဲ့ကမ်းမဲ ဖြစ်လာတဲ့ အချိန်မှာ ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်မှုဖြစ်လာပြီး ဖက်ဆစ်စနစ်ပေါ်လာပါတယ်။ ဒါတွေကို ကုစားဖို့ အတွက် ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာတဲ့အခါ အရင်းရှင်စနစ်ဟာ နည်းနည်းခံသာသွားတယ်။ ဒါပေမယ့် ဒီမိုကရေစီ စနစ်ရဲ့အားနည်းချက်ကတော့ အမှန်တရားဆိုတာထက် အများစုရဲ့ဆန္ဒကို ဦးစားပေးခြင်းဖြစ်တယ်။ ဘယ်လောက် ပဲ အမှန်တရားဖြစ်ပါစေ။ အများစုက သဘောမတူရင် အမှန်တရား အတိုင်းမကျင့်သုံးနိုင်ဘဲ အများအလိုကျပဲ ကျင့်သုံးရမှာဖြစ်ပါတယ်။ အစ္စလာမ်ကတော့ လူအများစုထက် သစ္စာတရားကို အလေးထားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ပေးပါတယ်။ လူ အများစုကြီးက မသိနားမလည်တဲ့သူတွေဖြစ်တယ်လို့ ခံယူထားပါတယ်။ ဒါကြောင့် လူအများစုဆိုတာထက် ပညာရှင်အများစုရဲ့ ဆုံးဖြတ်ချက်ကို လက်ခံရပါတယ်။ ဒါပေမယ့် အခုအစ္စလာမ်လောကမှာ ကျင့်သုံးနေတဲ့ အစ်ဂျမာဆိုတာဟာ အစ် ဂျမာအဖွဲ့ဝင်တွေဟာ အုလုလ်အလ်ဘာဗ်ဖြစ်ရဲ့လား။ အသိတရားရှိသူတွေဖြစ်ရဲ့လား။ လောကီလောကုတ္တရာ နှစ်ဌာနလုံးကို ကျွမ်းကျင်တဲ့ ပညာရှင်တွေဖြစ်ရဲ့လားဆိုတာ ဆက်လက်လေ့လာသုံးသပ်ရပါမယ်။
လွဲမှားတဲ့ ကျင့်သုံးမှုတွေကြောင့် အစ္စလာမ်ဘာသာဝင်တွေက စိတ်ဓါတ်တွေကျလာတယ်။ အစ္စလာမ်ဆိုရင် အကြမ်းဖက်သမားဖြစ် တယ်။ အစ္စလာမ်ရဲ့လုပ်ရပ်ဟာ သူများတွေကို သတ်ဖြတ်နှိမ်နင်းပြီး အစ္စလာမ်ကို ထူထောင်ရမယ်ဆိုတာမျိုး ဖြစ်လာရတဲ့အခါ လူငယ်တွေဟာ အကြမ်းဖက်မှုဘက်ကိုပိုပြီး စိတ်ဝင်စားလာကြတယ်။ တကယ်တော့ ဒီလို အဖြစ် အပျက်တွေဟာ တမန်တော်မြတ်ကို လုပ်ကြံတဲ့အဖြစ်အပျက်ဖြစ်တယ်။ တမန်တော်မြတ်နဲ့ အစ္စလာမ်ကို လုပ်ကြံ တာပါ။ တော်တော်များများနေရာတွေမှာ တမန်တော်မြတ်ကို ပုံတွေဆွဲပြီး မဟုတ်မတရား လှောင်ပြောင်သရော် ကြတာတွေ့ရမှာပါ။ ဒါကို အစ္စလာမ်အများစုက မခံမရပ်နိုင်ဖြစ်ကြတယ်။ အစ္စလာမ်ရဲ့စနစ်အရဆို သူတို့ဘယ်လို လှောင်ပြောင်နေပါစေ။ ကျွန်တော်တို့ဂရုစိုက်စရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ အလ္လာဟ်အရှင်မြတ်က စူရာဟ် ၆၁း၈ မှာ ဘယ်လိုမိန့်ဆိုလဲဆိုရင်
`ဘယ်သူတွေ ဘယ်လောက်ပဲ အပုတ်ချနေပါစေ၊ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်ရဲ့ လင်းရောင်ခြည် ကို ပြီးပြည့်စုံအောင် ထွန်းညှိမှာဖြစ်တယ်။´လို့ ကတိတော်ပေးထားပြီးဖြစ်တယ်။ ဒါကြောင့် စိတ်ဓါတ်ကျပြီး အကြမ်း ဖက်နေတဲ့ မွတ်ဆလင်မ်တွေဟာ ကုရ်အာန်ပါ အလ္လာဟ်ကတိတော်ကို မယုံကြည်ရာရောက်တယ်။ ကျွန်တော်တို့ သဘောအရဆိုရင် ဘယ်သူတွေ ဘယ်လောက်ပဲ ကဲ့ရဲ့ရှုတ်ချနေပါစေ။ မိမိရဲ့သက္က၀ါကို မြှင့်တင်အောင် မိမိရဲ့ နဖ်စကို မြှင့်တင်အောင် ကြိုးစား၊ စောစောက ကျွန်တော်တို့မှာရှိနေတဲ့ သက္က၀ါနဲ့ဖုဂျူးရ်ကို အသုံးချပြီး မိမိရဲ့ စိတ်ဓါတ်တွေ တိုးတက်ထွန်းကားအောင် ဆောင်ရွက်ခြင်းဖြင့် လူ့လောကအကျိုးတွေကို ပြုနိုင်တဲ့သူတွေ ဖြစ်အောင်ကြိုးစားရမှာဖြစ်တယ်။ ဝေဖန်တာ၊ ရှုတ်ချတာ၊ ကဲ့ရဲ့ပြစ်တင်တာ သူတို့အလုပ်။ ဒီလိုဝေဖန်တာ ရှုတ်ချ တာရှိပေမယ့် အလ္လာဟ်အရှင်မြတ်အဖို့ရာ တစ်စိုးတစ်စိမျှ ထိခိုက်နစ်နာလျော့ပါးစရာ တစ်ခုမျှမရှိ။ အစ္စလာမ် အတွက်လည်း ဘာမှထိခိုက်စရာမရှိဘူး။ တမန်တော်အတွက်လည်း ဘာမှထိခိုက်စရာမရှိဘူး။
ဒီလိုပြောတဲ့သူတွေ၊ အဲဒါကိုယုံကြည်လက်ခံတဲ့သူတွေသာလျှင် ဆုံးရှုံးနစ်နာမှာဖြစ်ပါတယ်။ ဒီလိုအီမာန်ယုံကြည်ချက်ကို ကျွန်တော်တို့ရင် ၀ယ်ပိုက်ထားရင် ဘယ်သူတွေဘယ်လိုစွပ်စွဲ စွပ်စွဲ ကျွန်တော်တို့ ဂရုစိုက်စရာမလိုတော့ဘူး။ မိမိကိုယ်ကို မိမိ ကောင်းအောင်ကြိုးစားပြီး၊ လူ့ဘောင်အကျိုးကို သယ်ပိုးနိုင်ဖို့ ကြိုးစားရမှာပါ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃း၁၄၄ မှာ
`မုဟမ္မဒ်(ဆွ)သည် အလ္လာဟ်၏သတင်းစကားကို ဆင့်ပြန်သူတစ်ဦးသာဖြစ်သည်။ အကယ်၍ တမန်တော် အသတ်ခံရသော်(သို့မဟုတ်) ကွယ်လွန်သေဆုံးခဲ့သော သင်တို့သည် အစ္စလာမ်ကို ကျောခိုင်းစွန့်ခွာသွားကြမည် လော။ မည်သူက အစ္စလာမ်ကို စွန့်ခွာသွားသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်အား စိုးစဉ်းမျှ ထိခိုက်စေမည်မဟုတ်။ အလ္လာဟ်သည် ကျေးဇူးသိတတ်သူများကို အကျိုးထူးစေတော်မူမည်ဖြစ်သည်။´ (၃း၁၄၄)
အလ္လာဟ်ကျေးဇူးသိတတ်တယ်ဆိုတာဟာ `အလ္လာဟ်ဟုအက္ကဘရ်၊ ဆွဗ်ဟာနလ္လာဟ်၊ အလ်ဟမ်ဒု လိလ္လာဟ်´ ရွတ်ဆိုနေဖို့ ပြောတာမဟုတ်ပါ။ အလ္လာဟ်ပေးထားတဲ့ ရဟ်မသ်တွေ၊ ရေတို့၊ လေတို့၊ နေတို့ကို အသုံး ချပြီး လူ့လောကကြီး သာယာဝပြောစည်ပင်တိုးတက်အောင် ဆောင်ရွက်တည်ဆောက်ခြင်းဟာ အလ္လာဟ်ကို ကျေးဇူးတင်ခြင်းဖြစ်တယ်။ အဲဒီလို ကျေးဇူးသိတတ်တဲ့သူတွေအတွက် အကျိုးစ၀ါဗ်တွေရှိတယ်။ ဆက်လက်ပြီး စူရာဟ် ၃း၁၄၅ မှာ
`လူတိုင်းသည် သတ်မှတ်ထားသောအချိန် သက်တမ်းကုန်ဆုံးလျှင် ကွယ်လွန်သေဆုံးကြရမယ်။ လောကီ အကျိုးကို မျှော်ကိုးပြီးလုပ်ရင် လောကီအကျိုးရမယ်။ အနာဂါတ်အာခေရသ်ကို မျှော်ကိုးပြီးလုပ်ရင် အာခေရသ်မှာ အကျိုးခံစားရမယ်။ အလ္လာဟ်သည် ကျေးဇူးသိတတ်သူများအား အကျိုးထူးစေတော်မူမည်။´ (၃း၁၄၅)
မြောက်များစွာသော နဗီတမန်တော်တွေ သူတော်စင်သူတော်ကောင်း ကိုယ်ကျင့်သီလကောင်းမွန်သူတွေ အလ္လာဟ်လမ်းစဉ်အပေါ်၌ ဘေးအန္တရာယ်များကို ခံစားခဲ့ကြရပေမယ့် သူတို့ဟာ ဘယ်သူ့ကိုမှ ဒူးမထောက်၊ လက်မ မြှောက်ခဲ့ကြဘူး။ စိတ်ပျက်အားလျော့ခြင်း မရှိကြဘူး။ အဲဒီလို ကြံ့ကြံ့ခံတဲ့လူတွေကိုပဲ အလ္လာဟ်အရှင်မြတ်က နှစ်သက်မြတ်နိုး သဘောကျတော်မူတယ်။
သူတို့ဓိဌာန်တာက (အို- အလ္လာဟ်၊ ကျွန်တော်မျိုးတို့ရဲ့ ချွတ်ယွင်းအားနည်းချက်တွေကို ဖြည့်ဆည်းပေး တော်မူပါ။ အခက်အခဲ အကြပ်အတည်းတွေကြားမှာ ကြံ့ကြံ့ခံရပ်တည်နိုင်တဲ့ စွမ်းအားတွေကို ပေးသနားပါ။)လို့ အလ္လာဟ်ထံမှာ တောင်းဆိုကြတယ်။ အဲဒီလို ကြံ့ကြံ့ခံရပ်တည်တဲ့ လူတွေကို အလ္လာဟ်အရှင် နှစ်သက်တော်မူ တယ်။ အဲဒီလို လူတွေဟာ မုဟ်စင်န်တွေပဲဖြစ်တယ်။ လောကကောင်းကျိုးကို သယ်ပိုးနိုင်တဲ့ လူတွေပဲဖြစ်တယ်။ အဲဒီလို လူတွေကို ဒွန္နယာမှာလည်း အကျိုးကျေးဇူးတွေ ချီးမြှင့်မှာဖြစ်သလို နောင်အာခေရသ်မှာလည်း ပိုမိုကောင်း မွန်တဲ့ အကျိုးကျေးဇူးတွေကို ချီးမြှင့်မှာဖြစ်ပါတယ်လို့ တင်ပြထားပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ ဘယ်လောက်ပဲ အခက်အခဲအကြပ်အတည်းတွေ တွေ့နေပါစေ။ တစ်ကမ္ဘာလုံးက ဘယ်လိုပဲ စွပ်စွဲပြစ်တင်နေပါစေ။ မတော်မတရား ပြောနေပါစေ။ မိမိရဲ့နဖ်စ်ကို တိုးတက်အောင် ကျင့်ကြံရင်းနဲ့ အစ္စလာမ်ပေါ်မှာ ကြံ့ကြံ့ခံရပ်တည်ရင်းနဲ့ လောကအကျိုးကို သယ်ပိုးနိုင်တဲ့ လူတွေဖြစ်ပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။