အစ္စလာမ့်ဟူသည် အပိုင်း(၈) 4.7.2014 ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

အစ္စလာမ့်ဟူသည် အပိုင်း(၈)
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
ပြီးခဲ့တဲ့ ကျနော်ရဲ့ ခွတ္တဗာဟ်မှာ အစ္စလာမ်ဟူသည်… အပိုင်း(၇)ကို လူ့အဖွဲ့အစည်းတွေရဲ့မြင့်မားမှု၊ နိမ့်ကျမှုတွေဟာ လောကသဘာဝကို ဆင်ခြင်သိရှိနားလည်သော ပညာရှင်များနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အကြောင်းကို တင်ပြခဲ့ပါတယ်။
ဒီနေ့ ၄.၇.၂၀၁၄နေ့မှာတော့ လူ့အဖွဲ့အစည်းထဲမှာပါဝင်တဲ့သူတွေ ၎င်းတို့၏ခံယူချက်အကြောင်းကို အစ္စလာမ့်သမိုင်းနှင့်ယှဉ်ပြီး တင်ပြပါမယ်။ လူ့အဖွဲ့အစည်းဆိုတာကို ကုရ်အာန်က (အွမ္မာဟ်)လို့ခေါ်ဆိုထားပါ တယ်။ ကျွန်တော်တို့မွတ်ဆလင်မ်တွေက အွမ္မသ်လို့ နားလည်ထားကြပါတယ်။ နောက်ပြီး မှားနေတာတစ်ခုက အွမ္မသ်လို့ပြောရင် မွတ်ဆလင်မ်များသာပါဝင်သော လူ့အဖွဲ့အစည်းလို့ နားလည်မှုလွဲမှားနေတာပါ။ ကုရ်အာန် ၃း၁၀၄မှာ ၃း၁၀၅ နှင့် ၃း၁၁၀တို့မှာ တရားမျှတမှုကို အလေးထားသော လူ့အဖွဲ့အစည်း၊ မကောင်းမှုများကို တား ဆီးပြီး ကောင်းမှုများဘက်သို့ ဖိတ်ခေါ်သော လူ့အဖွဲ့အစည်း စည်းလုံးညီညွတ်မှုရှိသော လူ့အဖွဲ့အစည်းသည် အ ကောင်းဆုံးလူ့အဖွဲ့အစည်းလို့ အလ္လာဟ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ၃း၁၁၀မှာ ဆက်ပြီးပြောထားတာက `အလ္လာဟ်ကို ယုံကြည်ကြမယ်ဆိုရင် ပို၍ကောင်းတယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ ငြိမ်းချမ်းရေးကို ဖော်ဆောင် လိုတဲ့သူ(မုအ်မင်)တွေလည်းရှိပါတယ်။ ဒါပေမဲ့ လူယုတ်မာ(ဖာဆစ်ခ်)တွေက အများစုဖြစ်တယ်လို့´ အသိပေးထား ပါတယ်။
ဒီအာယတ်တော်ကို ဆက်လက်သုံးသပ်တင်ပြရမယ်ဆိုရင် အွမ္မသ်လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းမှာ မွတ်ဆ လင်မ်တွေချည်းပဲရှိနေတာ မဟုတ်ဘူး။ ဒါကြောင့် အလ္လာဟ်ကို ယုံကြည်လျှင် ပို၍ကောင်းမယ်လို့ ကုရ်အာန် ၃း၁၁၀မှာ တိုက်တွန်းထားပါတယ်။ ပြီးတော့ “လူ့အဖွဲ့အစည်းတစ်ခုမှာ ငြိမ်းချမ်းရေးကိုဖော်ဆောင်လိုသူတွေ ရှိနေ ပေမယ့် အများစုကတော့ ယုတ်မာသူတွေဖြစ်တယ်”လို့ လူ့အသိုင်းအ၀ိုင်းရဲ့ သဘောသဘာဝကိုလည်း ဓမ္မဓိဋ္ဌာန် ကျကျ ဖော်ပြထားပါတယ်။
အစ္စလာမ်ရဲ့ခံယူချက်က လူတိုင်းသည် တစ်ခုတည်းသော အသိုင်းအ၀ိုင်းသာဖြစ်တယ်။ မနာလိုမှုတွေ ကြောင့်သာ အချင်းချင်းကွဲပြားတဲ့အတွေးအခေါ်၊ အယူအဆတွေကို ပြုလုပ်သည်။ ကံကြောင့်ဖြစ်ပေါ်လာသည့်
အကျိုးတရားများကို သတ်မှတ်ပြီးဖြစ်တယ်။ မည်သူမဆို မိမိရဲ့ယုံကြည်ချက်အရ ဆောင်ရွက်လို့ဖြစ်ပေါ်လာတဲ့ အကျိုးကို ခံစားရမှာသာဖြစ်တယ်။
“လူသားသည် တစ်မျိုးတည်းသော အသိုင်းအ၀ိုင်းမှဖြစ်၏။ ထို့နောက် ငြင်းခုံကွဲပြားကြကုန်၏။ အကယ်၍ အလ္လာဟ်ထံမှ သတ်မှတ်ပြဋ္ဌာန်းချက်သာမရှိခဲ့လျှင် သူတို့၏ကွဲလွဲမှုများကို အဆုံးအဖြတ်ပေးပြီး ဖြစ်လိမ့်မည်”
(၁၀း၁၉/၂၀)
ကောင်းမှုအတွက် ကောင်းကျိုး၊ မကောင်းမှုအတွက် ဆိုးကျိုးသက်ရောက်မည့်ကာလကို သတ်မှတ်ပြဋ္ဌာန်း ပြီးဖြစ်တယ်။ လူသားတို့ပြုပြင်ရန် အချိန်လည်းရစေရန်ဖြစ်တယ်။ အဆိုးတစ်ခုပြုလုပ်မိတိုင်း ချက်ချင်း အကျိုးသက် ရောက်လျှင် လောက၌ လူတို့ရှိတော့မည်မဟုတ်။
“သူ့ထံသို့ အလ္လာဟ်ထံမှ သက်သေလက္ခဏာတစ်ခု အဘယ်ကြောင့်မချမှတ်ပေးသနည်းဟု မေးသူအား ပြောလော့။ အနာဂတ်တွင် ဖြစ်ပေါ်လာမည့်အကြောင်းအရာသည် ဘုရားသခင်ထံတော်၌သာ ရှိ၏။ ထို့ကြောင့် စောင့်ကြည့်နေကြလော့။ ကျွန်ုပ်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေသူပင် ဖြစ်၏”
ဒီအာယတ်တော်ကို သေချာဆင်ခြင်ကြည့်လျှင် အလ္လာဟ်ရဲ့ဓမ္မကို သဘောပေါက်နိုင်ပါတယ်။ ဒီလို သဘောပေါက်ရင် အစ္စလာမ့်လူ့အဖွဲ့အစည်းမှာ မွတ်ဆလင်မ်တွေချည်းပဲ ပါဝင်တာမဟုတ်ဘူးဆိုတာ သေချာ နားလည်နိုင်ပါလိမ့်မည်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ)ရဲ့ မဒီနာမြို့က လူ့အဖွဲ့အစည်း(အွမ္မသ်)အကြောင်းကို လည်း တင်ပြလိုပါတယ်။
တမန်တော်မြတ် မက္ကာဟ်မှာ အစ္စလာမ့်လူ့အဖွဲ့အစည်းကို ထူထောင်ဖို့ကြိုးစားခဲ့တာ (၁၃)နှစ်ကြာခဲ့ပါ တယ်။ ၎င်းတို့ဓလေ့ထုံးစံအရ ဟဂ်ျပြုရန်လာသူတို့ကို တမန်တော်မြတ်က ကျမ်းမြတ်ကုရ်အာန်လာ အာယတ် တော်များကိုတင်ပြခဲ့ပါတယ်။ အဗူလဟဗ်နှင့် အဗူဂျာဟရ်တို့သည် လူရမ်းကားများကို တမန်တော်မြတ်အား နှောင့် ယှက်သရော်စေရန် စေလွှတ်လေ့ရှိ၏။ ၎င်းတို့က တမန်တော်မြတ်ကို အရူး၊ အရူးဟု အော်ဟစ်ခဲ့ကြတယ်။ ခဲများ၊ အမှိုက်များနှင့် ပစ်ပေါက်ကြဲချကြတယ်။ တစ်ခါတရံ အညစ်အကြေးများကို တမန်တော်မြတ်ပေါ်သို့ လောင်းချကြ တယ်။ စောင်ကို လည်ပင်းတွင်ကြိုးပမာရစ်ပတ်ဆွဲချကာ အသက်ရှူမရအောင် ညှင်းပန်းနှိပ်စက်ခဲ့တယ်။ တစ်ခါက ဓားဖြင့်ခုတ်သည်ကို ဟာဗစ်ဆင်အဘီဟာလာသခင်က ကြားဝင်ခံကာကွယ်ရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဗီလာလ်သခင်ကိုဆိုရင် ပူပြင်းနေတဲ့ သဲသောင်တွင် ကျောက်တုံးများဖြင့်ဖိကာ ညှင်းပန်းခံခဲ့ရသည်။ အချို့
ဆွဟာဗာဟ်တွေ၊ ဆွဟာဗီမတွေကို ကြိုးတုတ်၊ မီးရှို့၊ လှံနဲ့ပစ်ပေါက်အသတ်ခံခဲ့ကြရတယ်။ ဒါဟာ တမန်တော် မြတ်ရဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းတည်ထောင်ကာစ ကြုံရတဲ့သာဓကအချို့သာ ဖြစ်ပါတယ်လို့ သမိုင်းဆရာများ က တင်ပြခဲ့ကြပါတယ်။
ကျွန်တော်တို့ဆီက စွမ်းအားရှင်များပုံစံတွေဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ခေတ်အဆက်ဆက် လူ့အဖွဲ့အစည်းမှာ ဒီလို သူယုတ်မာတွေလည်းပါဝင်နေကြတယ်ဆိုတာကို high light လုပ်ပြတာပါ။ တမန်တော် မြတ်နဲ့ ဆွဟာဗာအနည်းစုက ဒီလိုဒုက္ခတွေကို ကြံ့ကြံ့ခံပြီး ကုရ်အာန်ကို ဆက်လက်ဖြန့်ချိတဲ့အခါ အင်မတန်နည်း ပါးတဲ့လူအချို့သာ အစ္စလာမ်ကိုလက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ မက္ကာသားတွေဟာ တမန်တော်မြတ်နဲ့ ဆွဟာဗာတို့ ရဲ့ အလွန်သေးငယ်တဲ့ လူ့အဖွဲ့အစည်းကို ကြောက်သည်ထက်ကြောက်လာခဲ့တယ်။ တမန်တော်မြတ်ကိုလည်း ကုရ်အာန်ဖြန့်ချိတဲ့ လုပ်ငန်းစဉ်တွေကို ရပ်စဲလိုက်မယ်ဆိုရင် ရာထူး၊ အာဏာတွေ၊ စည်းစိမ်ဥစ္စာတွေနဲ့ အချောဆုံး၊ အလှဆုံးသမီးကညာတွေပေးမယ်လို့ ဖြားယောင်းခဲ့တယ်။ ဒါပေမဲ့ တမန်တော်မြတ်က အလ္လာဟ်ပေးတဲ့တာဝန်ကို ထမ်းဆောင်ခြင်းသာဖြစ်ပြီး စည်းစိမ်ဥစ္စာတွေကို မက်မောလို့မဟုတ်ကြောင်းပြောပြီး ငြင်းပယ်ခဲ့တယ်။
ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ခြိမ်းခြောက်လို့မရ။ ဥစ္စာပစ္စည်းတွေနဲ့ ဖြားယောင်းလို့မရတဲ့အခါ မက္ကာမြို့သား ခေါင်းဆောင်တွေက အစ္စလာမ့်လူ့အဖွဲ့အစည်းနဲ့ ဆက်နွယ်နေသူတွေကိုလည်း စီးပွားရေး၊ လူမှုရေး အဆက် အသွယ်ဖြတ်ပြီး အထီးကျန်ဖြစ်အောင် လုပ်ခဲ့ကြတယ်။ ဒီလို အထီးကျန်(၃)နှစ်ကာလမှာ အစ္စလာမ်လူ့အဖွဲ့ အစည်းဟာ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး ငတ်မွတ်ခေါင်းပါးမှုတွေကို အလူးအလဲခံခဲ့ကြရတယ်။ ဒါ ကြောင့် နဗူဝသ်(၅)နှစ်ခန့်မှာ အမျိုးသား၊ အမျိုးသမီး အယောက်(၁၀၀)ခန့်ဟာ အာရေဗျကနေပြီး အာဖရိကရှိ အဗီ ဆီးရီးယားနိုင်ငံကို ဟစ်ဂျရသ်ပြုခဲ့ကြရတယ်။
တမန်တော်မြတ်ရဲ့ အစ္စလာမ်လူ့အဖွဲ့အစည်းတွေအကြောင်း အနယ်နယ်အရပ်ရပ်ကို ပျံ့နှံ့သွားနေပါ တယ်။ ဒီလိုနဲ့ နဗူဝသ် (၁၂)ခုနှစ်ကစပြီး ယခု မဒီနာဟ်လို့သိထားတဲ့ ယသ်ရိဗ်မြို့ကလူအချို့ အစ္စလာမ်ကို လက်ခံ လာခဲ့တော့တယ်။ တမန်တော်မြတ်ကို ဖိနှိပ်ချုပ်ခြယ်နေရတဲ့ မက္ကာကိုစွန့်ခွာပြီး ယသ်ရိဗ်မြို့မှာ လာရောက်နေထိုင် ဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။ ခရစ်သက္ကရာဇ် (၆၂၂)ခုနှစ်ကစပြီး မွတ်ဆလင်မ်တို့သည် တမန်တော်မြတ်၏ ခွင့်ပြုချက် ဖြင့် ယသ်ရိဗ်သို့ ဟစ်ဂျရသ်ပြုခဲ့ကြတယ်။ မက္ကာမှာ တမန်တော်မြတ်၊ အဗူဗကရ်သခင်နဲ့ အလီသခင်တို့သာ ကျန် ရစ်ခဲ့တယ်။ မွတ်ဆလင်မ်များ ယသ်ရိဗ်တွင် အစ္စလာမ်ရေးရာများကို ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်နိုင်ခဲ့ကြတယ်။ ဒီ အခြေအနေကို မနှစ်သက်သော မက္ကာသားများက တမန်တော်မြတ်ကိုလုပ်ကြံသတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြတယ်။
ဒီအကြံအစည်ကို တမန်တော်မြတ်သိရသောအခါ အဗူဗကရ်သခင်နှင့်အတူ မက္ကာကို ဟစ်ဂျရသ်ပြုပြီး ယသ်ရိဗ်မြို့သို့ စတင်ထွက်ခွာခဲ့တယ်။ မက္ကာမှာ အလီသခင်ကိုချန်ရစ်ခဲ့ပြီး သူတစ်ပါးအပ်နှံထားသော ပစ္စည်းဥစ္စာ များကို ပြန်လည်ပေးအပ်ရန် တာဝန်ပေးအပ်ခဲ့တယ်။ လုပ်ကြံသတ်ဖြတ်သူတွေက တမန်တော်မြတ်နောက်ကို လိုက်လံရှာဖွေခဲ့ကြပေမယ့် တမန်တော်မြတ်နဲ့ အဗူဗကရ်သခင်တို့ဟာ လွတ်မြောက်သွားပြီး ယသ်ရိဗ်မြို့ကို ရောက်ခဲ့ကြတယ်။ အဲဒီနောက် အလီသခင်ကလည်း ရောက်ရှိခဲ့ပြီး တမန်တော်မြတ်တို့အပါအ၀င် မွတ်ဆလင်မ် များနှင့် ယသ်ရိဗ်မြို့ ကူဗာအရပ်တွင် ဆုံဆည်းခဲ့ကြတယ်။
ဟစ်ဂျရသ်သည် အစ္စလာမ့်သမိုင်းတွင် ကြီးမားသောအလှည့်အပြောင်းများကို ဖြစ်စေခဲ့သည်။ တမန်တော် မြတ်သည် ကုရိုက်ရှ်မျိုးနွယ်စုအတွက်သာမဟုတ်ဘဲ လောကလူသားအားလုံးအတွက် ပွင့်ပေါ်လာသော တမန် တော်မြတ်ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။ မက္ကာသားတို့အရေးထက် ကမ္ဘာလူသားတို့၏အရေးကို စီမံပေးခဲ့ သော တမန်တော်အဖြစ် ဆောင်ရွက်ခွင့်ရခဲ့သည်။ အမျိုးသားအရေးထက် လူသားအရေးကို ထမ်းဆောင်ခဲ့သော တမန်တော်မြတ်အဖြစ် ထင်ရှားစေခဲ့သည်။
ယသ်ရိဗ်သို့ရောက်စက တမန်တော်မြတ်ကို အများစုက တရားသူကြီးအဖြစ်သာလက်ခံပြီး အလ္လာဟ်၏ တမန်တော်မြတ်အဖြစ် လက်မခံကြသေးပေ။ ယသ်ရိဗ်သို့ တမန်တော်မြတ်သည် အနိုင်ရစစ်တပ်ကြီးနှင့် ရောက် လာတာမဟုတ်။ ဒုက္ခသည်အဖြစ် ယသ်ရိဗ်သို့ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် ယသ်ရိဗ်မြို့သားတို့က သိက္ခာ ရှိသူ၊ အရိုအသေပေးထိုက်သူအဖြစ် ဆက်ဆံခဲ့ကြပေသည်။ ဟစ်ဂ်ျရသ်သည် အစ္စလာမ်သမိုင်းတွင် အဓိပ္ပာယ်များ စွာရှိပေသည်။ မျိုးနွယ်စုစိတ်ဓာတ်ကိုခ၀ါချပြီး လူသားဝါဒကို စတင်ပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်ပြက္ခဒိန်သည် ဟစ်ဂျရသ် စတင်ခဲ့သည့် အေဒီ(၆၂၂)ခုနှစ်မှစတင်၍ ဟစ်ဂျရီ(၁)ခုနှစ်အဖြစ် သတ်မှတ်ခဲ့ ပေသည်။
မဒီနာမြို့သည် ပထ၀ီနိုင်ငံရေးအရ အချက်အခြာကျသည့်နေရာတွင်ရှိသည်။ မက္ကာမြို့နှင့် မိုင် (၂၀၀)ကွာဝေးသည်။ အာရဗ်ဒေသတစ်ခုလုံး၏ ကုန်သွယ်ရေးလမ်းမကြီးသည် မဒီနာမြို့အနီးတွင် တည်ရှိသည်။ ပင်လယ်နီနှင့် (၇၅)မိုင်ကျော်မျှဝေးကွာသည်။ အလျား(၁၀)မိုင်၊ အနံ(၁၀)မိုင်မျှသာရှိသော မဒီနာမြို့နယ်မြေ၏ ဘေးပတ်လည်တွင် လူမျိုးစုအသီးသီးတို့သည် ကွဲပြားစွာအုပ်စုဖွဲ့နေထိုင်ခဲ့ကြသည်။ မဒီနာတွင်ရှိသော မျိုးနွယ်စု အသီးသီးနှင့်ပူးပေါင်းပြီး အစ္စလာမ်လူ့အဖွဲ့အစည်းကို တည်ထောင်နိုင်ခဲ့လေသည်။ ရဟူဒီများ၊ ခရစ်ယာန်များအပါ အ၀င် မဒီနာဒေသရှိ မျိုးနွယ်စုအသီးသီးနှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ စာချုပ်ပါအချက်အလက်များမှာ –
(၁) မဒီနာဟ်မြို့ကို ပြင်ပမှ ရန်ပြုလာလျှင် မွတ်ဆလင်မ်များ၊ ဂျူးများ၊ အခြားမျိုးနွယ်စုများအားလုံးလည်း ပူးပေါင်း တားဆီးဖြေရှင်းရမည်။
(၂) လူမျိုးစုတိုင်းသည် သူတို့၏အမှုပြဿနာများကို သူတို့ကိုယ်တိုင် ဥပဒေအရ ဖြေရှင်းခွင့်ရှိသည်။
(၃) မဒီနာရှိ မည်သည့်လူမျိုးစုကမျှ ပြင်ပလူမျိုးစုများနှင့် သီးခြားစာချုပ်ချုပ်ဆိုခြင်းမပြုရ။
(၄) မဒီနာပြင်ပတွင် ဖြစ်ပွားသော စစ်ပွဲများတွင် မည်သည့်လူမျိုးစုကိုမျှ အတင်းအကျပ်ပါဝင်အောင် သွေးဆောင် ခြင်းမပြုရ။
(၅) မဒီနာဒေသရှိ ပြဿနာရပ်အားလုံး၏ ဖြေရှင်းမှုကို အဆင့်မြင့်ဆုံးအားဖြင့် တမန်တော်မြတ်မုဟမ္မဒ်က ဖြေရှင်း ပေးမည်။
ဤစာချုပ်အားဖြင့် ယင်းဒေသရှိ လူမျိုးစုဝင်တို့သည် ပေါင်းစည်းမိပြီး ဒေသအတွင်းတွင် အေးချမ်းသာယာ မှုကို ရရှိစေခဲ့သည်။ နှစ်ပေါင်းများစွာကတည်းက ရန်သူများဖြစ်နေကြသော လူမျိုးစုဝင်များ ပေါင်းစည်းချစ်ခင်လာ ကြသည်။ ဤစာချုပ်သည် မတူကွဲပြားသော လူမျိုးစုများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သော မြို့ပြနိုင်ငံတော် တစ်ခု၏ ပထမဆုံးဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလည်းဖြစ်သည်။
ယခင်က ယသ်ရိဗ်မြို့တွင် စီးပွားရေးအင်အားကြီးမားသူတို့မှာ ယဟူဒီများဖြစ်ကြသည်။ ထို့ကြောင့် ယသ်ရိဗ်မြို့တွင် ယဟူဒီတို့က သြဇာအာဏာလွှမ်းမိုးနေခဲ့ကြသည်။ အခြားမျိုးနွယ်စုများမှာ ဆင်းရဲတွင်းနက်လျက် ရှိနေပေသည်။ မက္ကာမှ ပြောင်းရွှေ့လာသောသူများကို မုဟာဂျီရင်များ၊ ယသ်ရိဗ်မြို့မှ လက်ခံကြိုဆိုသောသူများကို အန်ဆွာရီများဟု အစ္စလာမ်သမိုင်းက မှတ်တမ်းတင်ထားပေသည်။ မုဟာဂျီရင်များသည် မက္ကာမြို့မှ ကုန်သည်များ ဖြစ်၍ ကူးသန်းရောင်းဝယ်ရေးကို ကျွမ်းကျင်ကြသည်။ အန်ဆွာရီများသည် ဥယျာဉ်ခြံမြေစိုက်ပျိုးသူ တောင်သူများ ဖြစ်သည်။ ၎င်းတို့၏ စိုက်ပျိုးရေးထွက်ကုန်များကို ယခင်က ယဟူဒီတို့က လက်ဝါးကြီးအုပ်ဝယ်ယူနေခဲ့ကြသည်။ တမန်တော်မြတ်နှင့် ဆွဟာဗာများရောက်လာသောအခါ အန်ဆွာရီများ၏ စိုက်ပျိုးရေးထွက်ကုန်များကို ကုန်သည် များဖြစ်သော မုဟာဂျီရင်များက ရောင်းဝယ်ရေးပြုလုပ်ပေးသဖြင့် ဆင်းရဲသား တောင်သူအန်ဆွာရီများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခဲ့၏။ ယသ်ရိဗ်မြို့သည် စီးပွားရေးဖွံ့ဖြိုးသောမြို့အဖြစ်သို့ ရောက်ရှိလာခဲ့ပေတော့သည်။ ယသ် ရိဗ်မြို့တော်ကိုလည်း မဒီနသွန်နဗီ တမန်တော်မြတ်၏မြို့တော်ဟု အမည်တွင်လာခဲ့ပေသည်။ ယခုတိုင် မဒီနာဟု
အတိုကောက်ခေါ်တွင်လျက်ရှိနေပေသည်။ ထို့ကြောင့် ယခင်က စီးပွားရေးအရ လွှမ်းမိုးခဲ့သော ယဟူဒီတို့က မကျေမနပ်ဖြစ်ကာ မွတ်ဆလင်မ်များကို မုန်းတီးလျက်ရှိနေပေသည်။
ဟစ်ဂျရီပထမနှစ်အထိ မက္ကာမြို့သားများက မွတ်ဆလင်မ်များကို (၃)ကြိမ်မျှ နှောင့်ယှက်တိုက်ခိုက်သည်မှ လွဲ၍ အခြားကြီးကျယ်သောဖြစ်ရပ်များ မဖြစ်ပွားခဲ့ပါ။ နောက်ပိုင်းတွင် မွတ်ဆလင်မ်တို့အားလည်း အလ္လာဟ်ထံ တော်မှာ တိုက်ခိုက်ခံရပါက ပြန်လည်တိုက်ခိုက်ရန် ခွင့်ပြုမိန့်ကျရောက်လာခဲ့သည်။ ဟစ်ဂျရီ ဒုတိယနှစ်တွင် မဒီနာ မြို့ရှိ မွတ်ဆလင်မ်များကိုတိုက်ခိုက်ရန် မက္ကာမြို့က အင်အား(၁၀၀၀)ခန့်ရှိသောတပ်ဖြင့် ချီတက်လာခဲ့သည်။ မွတ် ဆလင်မ်တို့က အင်အား(၃၁၃)ဦးဖြင့် ဗဒရ်အရပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပေသည်။ ဗဒရ်စစ်ပွဲတွင် မွတ်ဆ လင်မ်တို့နိုင်ခဲ့ပြီး မက္ကာမြို့သားတို့ အရှုံးနှင့်ရင်ဆိုင်ခဲ့ရပေသည်။ ဗဒရ်စစ်ပွဲသည် ယခုခေတ် စစ်ပွဲများနှင့်နှိုင်းယှဉ် ပါက လူအနည်းဆုံးပါဝင်သည့်စစ်ပွဲဖြစ်သည်။ သို့သော် အစ္စလာမ်သမိုင်းအတွက် အရေးကြီးသောစစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲတွင် မွတ်ဆလင်မ်(၃၁၃)ဦးသာချေမှုန်းခံခဲ့ရပါက အစ္စလာမ်လူ့အဖွဲ့အစည်းသည် ကမ္ဘာပေါ်တွင် ပျောက် ကွယ်သွားမည်ဖြစ်သည်။ မွတ်ဆလင်မ်တို့ အနိုင်ရခဲ့၍ မက္ကာသားတို့အပေါ် စိတ်ဓာတ်ရေးရာအရ များစွာ လွှမ်းမိုးမှု ရှိသွားတော့သည်။ အခြားအာရဗ်မျိုးနွယ်များကလည်း အလ္လာဟ့်တမန်တော် အစစ်အမှန်ဟု ယုံကြည်လက်ခံလာ ကြပေတော့သည်။ ဗဒရ်စစ်ပွဲအပြီး မဒီနာရှိ ယဟူဒီတို့ကလည်း မက္ကာသားတို့ စစ်ရှုံးရခြင်းမှာ စစ်မှုရေးရာကို နားမလည်၍ဖြစ်သည်။ ၎င်းတို့နှင့်သာ ရင်ဆိုင်ရပါက မွတ်ဆလင်မ်တို့ မျိုးပြုတ်သွားစေရမည်ဟု အထင်ရောက်ပြီး တမန်တော်မြတ်နှင့်ချုပ်ဆိုထားသော စာချုပ်ကိုဖျက်သိမ်းလိုက်ပေတော့သည်။ ဤသို့ဖြင့် မွတ်ဆလင်မ်တို့နှင့် မဒီနာရှိ ယဟူဒီတို့ကြား စစ်ဖြစ်ခဲ့ရပြန်သည်။ စစ်ပွဲပြီးသွားသောအခါ ယဟူဒီတို့ စစ်ရှုံးပြီး မဒီနာမှ နယ်နှင်ဒဏ်ပေး ခံခဲ့ရပေသည်။
မက္ကာသားတို့ကလည်း ဗဒရ်စစ်ပွဲရှုံးကြွေးကိုဆပ်ရန် တစ်နှစ်နီးပါးလေ့ကျင့်နေခဲ့ကြသည်။ ကုန်ကူးသန်း ရောင်းဝယ်မှု၏ အမြတ်အစွန်းများကိုစုဆောင်း၍ အစစအရာရာသေချာပြင်ဆင်ပြီး ဒုတိယအကြိမ် တိုက်ခိုက်လာ ရာ အုဟွဒ်စစ်ပွဲဖြစ်ပွားခဲ့ရပေသည်။ အုဟွဒ်စစ်ပွဲတွင် နှစ်ဖက်စလုံးအကျအရှုံးများပြားပြီး နှစ်ဖက်လုံး အနိုင်အရှုံးဟု တိတိကျကျမပြောနိုင်ခဲ့ကြပေ။ သို့သော် အစ္စလာမ်မဟုတ်သေးသော မျိုးနွယ်စုများက မွတ်ဆလင်မ်တို့ အလူးအလဲ ချေမှုန်းခံလိုက်ရပြီဟု အထင်ရောက်ခဲ့ကြသည်။ အပေါ်ယံအားဖြင့် ပူးပေါင်းထားသော မျိုးနွယ်များက ဆန့်ကျင်မှု များ ထင်ရှားစွာပြုလုပ်လာခဲ့သည်။ မဒီနာမြို့မှ ယဟူဒီအုပ်စုဝင်တစ်စုက တမန်တော်မြတ်အား လုပ်ကြံသတ်ဖြတ် ရန် ကြိုးစားခဲ့ကြသည်။ သို့သော် အကြံမအောင်သဖြင့် ၎င်းအုပ်စုဝင်တို့အားလည်း နယ်နှင်ဒဏ်ပေးခဲ့ရသည်။ ဤသည် ယဟူဒီတို့အား ဒုတိယအကြိမ် နယ်နှင်ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ နယ်နှင်ဒဏ်ခံရသော ယဟူဒီများနှင့်
ခိုင်ဆရ်အရပ်တွင်စုရုံးပြီး မက္ကာသားတို့နှင့် မဟာမိတ်ဖွဲ့ကာ မွတ်ဆလင်မ်တို့အားချေမှုန်းရန် အင်အား (၁၀၀၀၀) ရှိသောတပ်ကြီးဖြင့် မဒီနာမြို့သို့ ချီတက်လာခဲ့သည်။
တမန်တော်မြတ်နှင့် ဆွဟာဗာတို့သည် မဒီနာကို မြောင်းများတူးပြီး ကာကွယ်ခဲ့ရသဖြင့် အစ္စလာမ်သမိုင်း တွင် ခန်ဒပ်စစ်ပွဲဟုကျော်ကြားခဲ့ရပေသည်။ ရန်သူတို့က မဒီနာကို (၁)လနီးပါး ၀ိုင်းထားခဲ့ကြလေသည်။ မြောင်းကို ကျော်ဖြတ်ရန်ကြိုးစားသော ရန်သူများကို မွတ်ဆလင်မ်တို့က အလွယ်တကူချေမှုန်းနိုင်ခဲ့ကြသဖြင့် ၀ိုင်းရုံသာ ၀ိုင်းထားနိုင်ခဲ့သည်။ မိုးသည်းထန်မှုနှင့် ဆောင်းနှင်းကျမှုဟူသော သဘာဝဘေးဒဏ်များကို မခံစားနိုင်တော့ဘဲ မဒီနာပိတ်ဆို့မှုကို လက်လွှတ်ဆုတ်ခွာခဲ့ရသည်။ မဒီနာအရှေ့ဘက်ရှိ ယဟူဒီတို့က ၀ိုင်းရံထားသော ရန်သူများနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ မွတ်ဆလင်များက သိသွားသောအခါ ယဟူဒီတို့ကို ၀ိုင်းရံပိတ်ဆို့ထားပြီး ချေမှုန်း ခဲ့ပေသည်။ မိန်းမသားများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများကိုသာ ချန်လှပ်ပြီး ကျန်ယဟူဒီများကို သေဒဏ် ပေးခဲ့ပေသည်။ သေဒဏ်ပေးခံရသော ယဟူဒီအရေအတွက် (၈၀၀)ခန့်ရှိသည်ဟု ဘီဘီစီက ပြုစုသော life of mohammad တွင် ဖော်ပြထားပါသည်။
မွတ်ဆလင်မ်တို့ဘက်က ဤသို့သေဒဏ်ပေးရန် လုံလောက်သောအကြောင်းပြချက်များ ရှိနေပါသည်။ ယခင်က ပြင်ပရန်သူများနှင့် ရင်မဆိုင်ရမီက ဤသို့သစ္စာဖောက်ဖျက်မှုနှစ်ကြိမ်တိုင်တိုင်တွင် အသက်ချမ်းသာပေး ၍ နယ်နှင်ဒဏ်သာပေးခဲ့သည်။ ယခု ရန်သူအ၀ိုင်းခံရသောကာဖြစ်သည်။ နယ်နှင်ဒဏ်ပေးခဲ့ပါက ၀ိုင်းထားသော ရန်သူများနှင့်ပူးပေါင်း၍ မဒီနာမြို့ကို အကြီးအကျယ်ဒုက္ခပေးနိုင်သည်။ ထို့ကြောင့် ၍တစ်ကြိမ်တွင်တော့ သေဒဏ်မှလွဲ၍ အခြားမရှိပြီ။ အာရဗ်လောက၏ ထုံးတမ်းစဉ်လာအရလည်း သစ္စာဖောက်တို့အတွက် သေဒဏ်သာ လျှင် ဖြစ်ပေသည်။ ယဟူဒီတို့ဘက်ကလည်း ၎င်းတို့သည် မိမိတို့ဆုံးရှုံးသွားသော သြဇာအာဏာကို ပြန်လည်ရယူ ရန်ဖြစ်သဖြင့် မွတ်ဆလင်မ်တို့နှင့်ချုပ်ဆိုထားသော စာချုပ်ကိုဖောက်ဖျက်ရခြင်းသည် ၎င်းတို့အတွက် လုပ်သင့်လုပ် ထိုက်သော အလုပ်ဖြစ်သည်။ လောကကိုအလင်းဆောင်ရန် ကြွလာသော တမန်တော်တစ်ပါးက ဤသို့ သေဒဏ် ပေးခြင်းသည် ယဟူဒီတို့အား ရက်စက်စွာဖိနှိပ်ချေမှုန်းမှုဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။ ဤသေဒဏ်ပေးမှုအပြီး တမန်တော်မြတ်ဘ၀တွင် မည်သူ့ကိုမျှ သေဒဏ်ပေးအပ်ခြင်းမရှိတော့ပေ။ မက္ကာမြို့ကို အောင်မြင်သောအခါ အားလုံးကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့လေသည်။
၎င်းယဟူဒီ(၈၀၀)ကို သတ်ဖြတ်ပြီးနောက် မဒီနာဝန်းကျင်သည် အတွင်းရန်များ နောက်ထပ်မပေါ်ပေါက် တော့ဘဲ လုံးဝအေးချမ်းသောမြို့တော်အဖြစ် ယနေ့တိုင်တည်ရှိနေပေသည်။ မက္ကာကိုလည်း အောင်မြင်ခဲ့သည်။
မက္ကာကို ဗဟိုပြုသောအစ္စလာမ်လူ့အဖွဲ့အစည်းမှာ ကမ္ဘာသို့ သစ္စာတရားကိုဖြန့်ချိမှု ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ဤအဖြစ်အပျက်အတွက် ဆိုးကျိုးသက်ရောက်မှုကို ယဟူဒီများရော၊ မွတ်ဆလင်မ်များပါ ယခုထိခံစားနေရ ပေသည်။
ယဟူဒီတို့က မွတ်ဆလင်မ်တို့သည် ရက်စက်ကြမ်းကြုတ်သူများဟု အထင်ရောက်ခဲ့ပေသသည်။ မွတ်ဆ လင်မ်တို့ကလည်း ယဟူဒီများနှင့်အတူယှဉ်တွဲနေထိုင်ရေးကို ဘယ်သောအခါမှ မဖြစ်နိုင်ဟူသောအတွေးများ ၀င် ရောက်နေပေတော့သည်။ တမန်တော်မြတ်သည် ယဟူဒီများကို စာချုပ်ချိုးဖောက်မှု၊ နိုင်ငံတော်ကို သစ္စာဖောက်၍ သာ နယ်နှင်ဒဏ်ပေးခြင်း၊ သေဒဏ်စီရင်ခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ယဟူဒီဘာသာဝင်ဖြစ်ခြင်းကြောင့် ဤသို့ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဆိုသည့်အချက်ကို နှစ်ဖက်လူ့အဖွဲ့အစည်းဝင်တို့သည် လျစ်လျူရခဲ့ကြပေသည်။ ဤ အကျိုးဆက်က အစ္စလာမ်နိုင်ငံများတွင် ဘာသာကူးပြောင်းပါက သစ္စာဖောက်ဟု သတ်မှတ်ပြီး သေဒဏ်ပေးခြင်း၊ ပါလက်စတိုင်းဒေသတွင် အစ္စရေးနိုင်ငံထူထောင်သောအခါ အာရပ်နိုင်ငံများက လက်မခံနိုင်ခြင်းများစသည့် မွတ်ဆလင်မ်များ စိတ်ခံစားမှုများကို ဖြစ်ပေါ်စေခဲ့ပါသည်။ အစ္စရေးများကလည်း မွတ်ဆလင်မ်များကို အကြမ်းဖက် သမားဟုမြင်ပြီး ပါလက်စတိုင်းနိုင်ငံကို အိမ်နီးချင်းနိုင်ငံအဖြစ်လက်ခံရန် ခဲယဉ်းနေပေသည်။ ဤသည် ပါလက်စ တိုင်းဒေသ ငြိမ်းချမ်းမှုမရှိခြင်း၏ အဓိကအကြောင်းတရားဖြစ်ပါသည်။
အလ္လာဟ်အရှင်မြတ်က အစ္စလာမ်လူ့အဖွဲ့အစည်းဆိုသည်မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော လူ့အဖွဲ့အစည်းဟု လမ်းညွှန်ထားပါသည်။ ဤသို့သောအဖွဲ့အစည်းတွင် ငြိမ်းချမ်းရေး ကို ဖော်ဆောင်လိုသူလည်းရှိမည်။ အများစုမှာ သူယုတ်မာများဖြစ်ကြသည် ဆိုသည်ကိုလည်း သတိပေးထားပါ သည်။
တမန်တော်မြတ်သည် အမျိုးသားရေးကို စွန့်လွှတ်ပြီး လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်သော အစ္စလာမ်လူ့အဖွဲ့အစည်းကို မဒီနာမြို့မှာ စံပြထူထောင်ခဲ့ပါသည်။ အများစုဖြစ်သော သူယုတ်မာများကို ဖွဲ့စည်း အုပ်ချုပ်ပုံအရ ပါဝင်ခွင့်ပေးထားပြီး လွန်ကျူးလာပါက ထိုက်သင့်သောပြစ်ဒဏ်ကိုခံစားစေပါသည်။ ဤကဲ့သို့သော လူ့အဖွဲ့အစည်းကို မက္ကာမြို့၌ တည်ထောင်ရန်ကြိုးစားခဲ့သော်လည်း အခွင့်မသာခဲ့ပါ။ မဒီနာသို့ပြောင်းရွှေ့ထူ ထောင်သောအခါလည်း တိုက်ခိုက်ချေမှုန်းရန် ကြိုးစားခဲ့ကြသည်။ ထိုသို့သော ဖိနှိပ်မှုများကို ကြံ့ကြံ့ခံတွန်းလှန်ပြီး အစ္စလာမ်လူ့အဖွဲ့အစည်းကို ခက်ခက်ခဲခဲထူထောင်ခဲ့ကြပါသည်။ ဒါကြောင့် ၂း၂၁၄မှာ
“သင်တို့သည် သုခဘုံသို့ဝင်ရလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည်။ အမှန်မှာ သင်တို့အလျင် လူများထံသို့ သက်ရောက်ခဲ့သော ဆင်းရဲကျပ်တည်းမှု ဘေးအန္တရာယ်များနှင့် တုန်လှုပ်ရမှုများ သင်တို့မခံစားရသေးပေ။ တမန်တော်မြတ်နှင့် အပါးတော်မှ ရှိနေသူများပင် အလ္လာဟ်၏ကူညီစောင်မမှုသည် မည်သည့်အခါ ရောက်ရှိမည်နည်း ဟု တ,သခဲ့ကြရ၏။ ဧကန်ပင် အလ္လာဟ်၏အကူအညီသည် နီးကပ်လျက်ရှိနေချေပြီ”
သေချာသောအချက်မှာ ဒုက္ခများကို ကြံ့ကြံ့မခံဘဲလျက် သုခကိုခံစားရမည်မဟုတ်၊ မွတ်ဆလင်မ်ဟူသည် ကွဲပြားခြားနားသော လူမျိုးများနှင့်အတူ ယှဉ်တွဲနေထိုင်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ရမည်။ ဖိနှိပ်ချုပ်ချယ်လာ သည့် မတရားမှုများကိုလည်း ခေါင်းငုံ့မခံဘဲ တော်လှန်ဝံ့သော လူမျိုးဖြစ်သည်ဟူသည့် အစ္စလာမ့်စိတ်ဓာတ်ကို တင်ပြလိုက်ပါသည်။ ။