အစ္စလာမ့်ဟူသည် အပိုင်း(၉) 15.8.2014 ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အစ္စလာမ့်ဟူသည် အပိုင်း(၉)
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
ကျွန်တော် အစ္စလာမ်ဟူသည် ဆိုတဲ့ခေါင်းစဉ်နဲ့ အစ္စလာမ်ရဲ့နှစ်လိုဖွယ် တန်ဖိုးများကို တင်ပြခဲ့တာ အပိုင်း(၈)အထိ ပြီးခဲ့ပါပြီ။ ယနေ့(၁၅-၈-၂၀၁၄)မှာလည်း အစ္စလာမ်ရဲ့တန်ဖိုးတစ်ခုဖြစ်တဲ့ `အသိပညာကိုယ်ခံ အားကောင်းခြင်း´ ဆိုတာကို အစ္စလာမ်ဟူသည်…. အပိုင်း(၉)အဖြစ် လေ့လာတင်ပြသွားပါ့မယ်။
အစ္စလာမ်ဟူသည် — အပိုင်း(၈)မှာ အွမ္မသ်ဆိုတဲ့ လူ့အဖွဲ့အစည်းဟာ မွတ်ဆလင်မ်တွေချည်းဘဲရှိနေ တာမဟုတ်ဘူးဆိုတာကို ပြောခဲ့ပါတယ်။ ပွင့်လေပြီးသမျှသော တမန်တော်အားလုံးဟာ လူ့အဖွဲ့အစည်းကို ပြုစုပျိုး ထောင်ခဲ့ကြတာဖြစ်တယ်။ တမန်တော်မုဟမ္မဒ်(ဆွ)အလျင်က တမန်တော်များရဲ့(အွမ္မသ်)လူ့အဖွဲ့အစည်းဟာ နေရာ၊ ဒေသ၊ ကာလ အပိုင်းအခြားရှိခဲ့ပါတယ်။ တကမ္ဘာလုံးမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေ မဖြစ်ခဲ့ကြပါဘူး။ သာဓကပြရလျင် တမန်တော်ကြီးအိဗ်ရာဟင်မ်(အ)နဲ့ လူးသ်နဗီ(အ)တို့ဟာ ခေတ်ပြိုင်ဖြစ်ပေမဲ့ နေရာဒေသချင်း မတူညီခဲ့ကြဘူး။ တမန်တော်ကြီး မူဆာ(အ)နဲ့ ဟာရွန်နဗီတို့ဟာ ခေတ်ပြိုင်လည်းဖြစ်ခဲ့တယ်။ သူတို့ရဲ့ အွမ္မသ်ဟာ လည်း ဗနီအိစ်ရာအီးလ် တွေဖြစ်ခဲ့ကြတယ်။ သို့သော် တကမ္ဘာလုံးမှာရှိတဲ့ လူအားလုံးကို ကိုယ်စားမပြုခဲ့ကြပါ။
ဒါပေမဲ့ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ အစ္စလာမ်ကတော့ တကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံးပဲဖြစ်ပါတယ်။ တမန်တော်မြတ်ကို နဗူဝသ်ကို ချီးမြှင့်ပြီး အလ္လာဟ်ထံက သတင်းစကား(၀ဟီ)ကို စတင်ခဲ့တဲ့ အချိန်ကစပြီး ကေယာမသ်အထိဖြစ်ထွန်းလာမဲ့ လူသားအားလုံးဟာ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်တွေချည်းဘဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ လွဲချော်မှုတစ်ခုကိုလည်း အသိပေးလိုပါတယ်။ တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်ဟာ တကမ္ဘာလုံးမှာရှိတဲ့လူသားတွေအားလုံးဖြစ်တဲ့အတွက် အခြားနဗီရစူလ်တွေထက် တမန်တော်မြတ်က ပိုပြီးမြင့်မြတ်တယ်လို့တော့ အတွေးမရောက်သင့်ပါ။ အရင့်အရင်က နဗီရစူလ်တွေ ဖောက်လုပ်ခဲ့တဲ့လမ်းကြောင်း အတိုင်း တမန်တော်မုဟမ္မဒ်(ဆွ)က ဆက်လက်ဖောက်လုပ်ခဲ့တာ၊ အရင်တမန်တော်တွေ ဖောက်လုပ်ခဲ့တဲ့ လမ်းပေါ်မှာ လူသားတွေကြောင့်ပေါ်ပေါက်လာခဲ့တဲ့ ဆူးညောင့်ခလုတ် အမှိုက်သရိုက်တွေ၊ ချိုင့်တွေ၊ ကျင်းတွေကို ဖယ်ရှားပြုပြင်ပြီး ဖြောင့်မတ်မှန်ကန်ပြီး ကမ္ဘာ့လူသားအားလုံးအတွက် ပြည့်စုံတဲ့လမ်းကို ဖောက်လုပ်နိုင်ခဲ့တာပါ။ အခြားနဗီရစူလ်တွေ မပွင့်ပေါ်ခဲ့ရင် တမန်တော်မုဟမ္မဒ်(ဆွ)လည်း ပွင့်ပေါ်ဖို့မရှိပါဘူး။ ကျွန်တော်တို့ရဲ့အတွေး ကတော့ ပြောင်းပြန်၊ တမန်တော်မုဟမ္မဒ်သာပွင့်ပေါ်ခဲ့ရင် အခြားနဗီတွေလည်း ပွင့်ပေါ်ဖို့မရှိ အစွန်းဆုံးအထိ ဘယ်လောက်တောင်ပြောလဲဆိုရင် လူသားတွေနဲ့ လူ့လောကကြီးတောင် ဖြစ်ထွန်းပေါ်ပေါက်လာဖို့ မရှိဆိုတဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေ အစ္စလာမ်အသိုင်းအ၀ိုင်းမှာ ရှိနေပါတယ်။
လူသားတွေရဲ့ အတွေးအမြင်တွေကလည်း တိုးတက်ပြောင်းလဲနေတာပါ။ လူသားတို့ရဲ့ အတွေးအမြင် တိုးတက်လာတာနဲ့အတူ ကမ္ဘာလောကကြီးကလည်း ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ။ နူးဟ်နဗီခေတ်က လူသားတွေရဲ့ အတွေးအမြင်ထက် အိဗ်ရာဟင်မ်နဗီလက်ထက် လူသားတို့ရဲ့ အတွေးအမြင်ကပိုပြီး တိုးတက်ကောင်းမွန်ပါတယ်။ အဲဒီခေတ်လူသားတွေထက် အီဆာနဗီခေတ်မှာ လူ့အတွေးအမြင်နဲ့ ကမ္ဘာလောကရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပိုပြီးမြင့် မားပါတယ်။ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ခေတ်မှာ လူသားတွေရဲ့အတွေးအခေါ်မြင့်မားလာမှုက စာပေထွန်းကားပြီး ကမ္ဘာကြီးဟာလည်း ရွာကြီးတစ်ရွာသဖွယ်ဥဒဟို သွားလာဖို့လွယ်ကူခြင်းက သက်သေဖြစ်ပါတယ်။ အဲဒီ အကြောင်းကြောင်းတွေကြောင့် အစ္စလာမ်လမ်းစဉ်နဲ့အညီ လူ့အဖွဲ့အစည်းကို ထူထောင်ဖို့၊ ကမ္ဘာပေါ်ရှိလူသား အားလုံးကို သတင်းကောင်းပါးဖို့၊ သတိပေးနှိုးဆော်ဖို့ဆိုတဲ့ မဟာတာဝန်ကြီးကို တမန်တော်မြတ်မုဟမ္မဒ်(ဆွ)က ထမ်းဆောင်နိုင်ခဲ့တာပါ။
ဒါကြောင့် ကနေ့ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ခုနှစ်ထောင်ကျော်ဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ် တွေပဲဖြစ်ပါတယ်။ ဒီအွမ္မသ်တွေထဲမှာ ကျား၊ မ မရွေး၊ အသားအရောင်မရွေး၊ လူမျိုးဘာသာမရွေး၊ နေရာဒေသ မရွေး၊ လူသားအားလုံးပါဝင်နေသလို ဖာဆစ်ခ်တွေ(အသိတရားကင်းမဲ့သူတွေ)၊ ဂျာဟစ်လ်(ပညာမဲ့တွေ)၊ အလွဲသုံး စားလုပ်တဲ့(ဇွာလင်မ်တွေ)၊ ခြံစည်းရိုးခွထိုင်နေတဲ့ မုနာဖစ်က်တွေအားလုံးပါဝင်ပါတယ်။
ဒီနေရာမှာလည်း လူမျိုးဘာသာမရွေး လူသားအားလုံး တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်ဆိုတာ ဟုတ်ပါ့မလားလို့ မေးမယ်ဆိုရင် ကျမ်းတော်မြတ်ကုရ်အာန် တစ်ချက်လောက်လေ့လာကြည့်လိုက်ပါ။
ကုရ်အာန်(၁၀း၄၇)မှာ –
`လူ့အဖွဲ့အစည်းတိုင်းတွင် ရစူလ်တမန်တော်များ ပွင့်ပေါ်ခဲ့ကြသည်……´
တမန်တော်မုဟမ္မဒ်အလျင် ဘာသာတရားအားလုံးဟာ ပွင့်လေပြီးသမျှသော တမန်တော်မြတ်များနှင့် ဆက်စပ်ပတ်သက်နေတယ်ဆိုတာ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့လက်ခံကြရပါမယ်။ မှန်ခြင်း၊ မှားခြင်းကိစ္စကတော့ တစ်ကဏ္ဍပါ။ တမန်တော်မြတ်နောက်ပိုင်းမှ ပေါ်ထွန်းလာသမျှ ဘာသာတရားတွေကိုလည်း ကျွန်တော်တို့ လေးစား ကြရပါမယ်။ ဘာကြောင့်လဲဆိုတော့ ကုရ်အာန်(၆း၁၀၈)မှာ –
`အခြားကိုးကွယ်ရာများကို ကဲ့ရဲ့ရှုတ်ချမှုမပြုကြကုန်လင့်။ အခြားသူများက မသိနားမလညကြဘဲ အလ္လာဟ်အရှင်မြတ်အား ကဲ့ရဲ့ရှုတ်ချခြင်းပြုကုန်ကြပေလိမ့်မည်။ လူ့အဖွဲ့အစည်းတိုင်းရဲ့လုပ်ရပ်တိုင်းဟာ သူတို့ အမြင်နှင့်သူတို့ လှပတင့်တယ်နှစ်လိုဖွယ်ဖြစ်နေကြတယ်။ မကြာမီ မိမိလုပ်ရပ်၏အကျိုးကို သိရှိနားလည်ခံစားကြရ မှာဖြစ်ပါတယ်။ ´
ဒီအာယသ်တော်တွေက ဘာသာတရားတိုင်းကို အပြန်အလှန်လေးစားသမှုပြုဖို့ အစ္စလာမ်လူ့အဖွဲ့အစည်း ၀င်တွေကို လမ်းညွှန်ထားချက်ဖြစ်ပါတယ်။ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်အဖွဲ့အစည်းမှာပါဝင်တဲ့ အစ္စလာမ့် လူ့အဖွဲ့အစည်းဝင်တွေက လူမျိုးတိုင်း၊ ဘာသာတိုင်းရဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးပြီး အစ္စလာမ် မဟုတ်တဲ့ အခြားလူ့အဖွဲ့အစည်းဝင်တွေကို လူ့အရည်အသွေး မပြည့်မီတဲ့ဖာစစ်ခ်တွေ၊ ဇွာလင်မ်တွေ၊ ဂျာဟစ်လ်တွေ၊ မုနာဖစ်က်တွေရဲ့ ဆိုးကျိုးတွေကနေ ကာကွယ်ပေးထားရပါမယ်။ ဒီလိုပြောလို့ ဖာစစ်ခ်၊ ဇွာလင်မ်၊ ဂျာဟစ်လ်၊ မုနာဖစ်က်တွေကို ဘေးဖယ်ထားရမှာမဟုတ်ပဲ သူတို့လည်း လူ့အဖွဲ့အစည်းရဲ့ အသုံးဝင်တဲ့ လူတွေဖြစ်အောင်လည်း အတတ်နိုင်ဆုံးပြုစုပျိုးထောင်တဲ့ လုပ်ငန်းစဉ်တွေထားရှိရပါမယ်။
တမန်တော်မြတ်ရဲ့ အွမ္မသ်တွေအတွက် အစ္စလာမ်နိုင်ငံတော် မလိုအပ်ပါဘူး။ မိမိတို့ရဲ့ အရပ်ဒေသမှာ မွတ်ဆလင်မ်များသည် လူများစုဖြစ်စေ၊ လူနည်းစုဖြစ်စေ အခြားလူ့အဖွဲ့အစည်း အမျိုးမျိုးနဲ့သဟဇာတဖြစ်အောင် နေထိုင်ပြီး အဖျက် လုပ်ရပ်တွေကို ၀ိုင်းဝန်းပူးပေါင်းတားဆီးနိုင်တဲ့ စွမ်းရည်တွေဘဲလိုအပ်ပါတယ်။
Islamic State ဆိုတဲ့ အစ္စလာမ်နိုင်ငံတော် တည်ဆောက်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်ဟာ ကုရ်အာန်ရဲ့ ဘယ်နေရာမှာမှ မပါပါဘူး။ အစ္စလာမ့်လူ့ဘောင်မှာ နေထိုင်သူတစ်ဦးအတွက် ကျမ်းမြတ်ကုရ်အာန်ဟာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ပဓါနဥပဒေသဖြစ်ပါတယ်။ ဒီရည်မှန်းချက်ကို ရောက်ဖို့အတွက် အကြမ်း ဖက်နည်းနဲ့ အကောင်အထည်ဖော်တယ်ဆိုတာ အစ္စလာမ့်အရေခြုံ အကြမ်းဖက်သမားများရဲ့ ၀ါဒသာဖြစ်ပါတယ်။ စစ်မှန်တဲ့အစ္စလာမ်တစ်ဦးဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဥပဒေသတွေကို အကောင်အထည်ဖော်ဖို့အတွက် အကြမ်း ဖက်တဲ့နည်းရော၊ သွေးဆောင်ဖြားယောင်းတဲ့နည်းကိုရော အသုံးပြုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကုရ်အာန် ရဲ့ဥပဒေသက “ အစ္စလာမ်လမ်းစဉ်မှာ အတင်းအဓမ္မစနစ် မရှိရ….´´ဆိုတာ လမ်းညွှန်ထားပါတယ်။ (၂း၂၅၆)
အကြမ်းဖက်တာကို အဓမ္မစနစ်ဆိုတာ လူတိုင်းလက်ခံကြပေမဲ့ သွေးဆောင်ဖြားယောင်းတာကို အဓမ္မ စနစ်လို့ နားလည်သူမရှိသလောက်ပါ။
ဒါပေမဲ့ အယူဝါဒတစ်ခုကို အကြမ်းဖက်၍ဖြစ်စေ၊ သွေးဆောင်ဖြားယောင်း၍ဖြစ်စေ သွတ်သွင်းခဲ့ရင် ကြာရှည်မတည်တံ့ပါဘူး။ အစ္စလာမ်လမ်းစဉ်ဟာ အဓမ္မသွတ်သွင်းရလောက်အောင်လည်း ချိနဲ့ချို့တဲ့တဲ့ လမ်းစဉ် မဟုတ်ပါဘူး။
မိမိတို့အယူဝါဒဟာ မကြာခင်ပျောက်ကွယ်သွားနိုင်တယ်။ ချိနဲ့ပျော့ညံ့တယ်လို့ ထင်နေတဲ့သူတွေကသာ အကြမ်းဖက်တဲ့နည်း၊ ဂျောင်ပိတ်တဲ့ နည်းတွေနဲ့ သိမ်းသွင်းစည်းရုံးနေကြတာပါ။ အစ္စလာမ်လူ့အဖွဲ့အစည်းက အွမ္မသ်လူ့အဖွဲ့အစည်းထဲမှာ အယူဝါဒမတူသူများနဲ့လည်း ပူးပေါင်းဖွဲ့စည်း ဆောင်ရွက်ပါတယ်။ လူ့အရည်အသွေး မပြည့်မီတဲ့သူတွေကိုလည်း အွမ္မသ်ထဲမှာ ပါဝင်စေပြီး အရည်အသွေးတွေ တိုးတက်မြင့်မားလာဖို့ ဆောင်ရွက် ပါတယ်။ အွမ္မသ်အဖွဲ့အစည်းတစ်ခုလုံးကို ရန်ပြုလာရင် ဖြစ်စေ၊ အခြားအယူဝါဒရှိသူတွေကို အန္တရာယ်ပြုလာရင် ဖြစ်စေ၊ အကာအကွယ်ပေးနိုင်တဲ့ အရည်အသွေးတွေကိုလည်း စီမံဆောင်ရွက်ထားရပါတယ်။ ဒီသဘောတရား တွေကို ကုရ်အာန်ထဲမှာလည်း လမ်းညွှန်ထားသလို အစ္စလာမ့်သမိုင်းကို လေ့လာကြည့်ရင် တမန်တော်ခေတ် မဒီနာလူ့အဖွဲ့အစည်းမှာလည်း လက်တွေ့ကျင့်သုံးပြသခဲ့တာကို တွေ့ရမှာပါ။ ( အစ္စလာမ်ဟူသည်…. အပိုင်း(၈) မှာ အသေးစိတ် ဖော်ပြထားပါတယ်။)
ငြိမ်းချမ်းရေးကို ကြိုးပမ်းတည်ဆောက်ဖို့ ကြိုးစားအားထုတ်နေသူကို မွတ်ဆလင်မ်၊ ငြိမ်းချမ်းရေးဝါဒီကို မုအ်မင်န်လို့လည်း တင်ပြခဲ့ပြီးပါပြီ။ မုအ်မင်န်ဆိုတာ မိမိကိုယ်တိုင်နဲ့ အခြားသူများကိုပါ သန္တိသုခဆိုတဲ့ ငြိမ်းချမ်းရေး အရသာကို ခံစားစေတဲ့သူပါ။
ကုရ်အာန်မှာ မုအ်မင်န်တို့ `အာမနူ´တို့ကိုလည်း သုံးနှုန်းဖော်ပြထားပါတယ်။ သူတို့ရဲ့အခြေခံစကားလုံး (root)ကတော့ အ-မ-န ဖြစ်ပါတယ်။ မုအ်မင်န် အဓိပ္ပါယ်ထဲမှာ ငြိမ်းချမ်းမှုကိုဆောင်ကြဉ်းပေးသူ။ `အာမနူ´ဆိုရင် ယုံကြည်ချက်ခိုင်မာသူလို့ အဓိပ္ပါယ်ရပါတယ်။
ကုရ်အာန်(၄း၁၃၆)မှာ- `ယုံကြည်ချက်ခိုင်မာသူ (အာမနူ)တို့သည် အလ္လာဟ်၊ အလ္လာဟ်ရဲ့ တမန်တော် များ၊ အလ္လာဟ်ချမှတ်ပေးရာ ကျမ်းမြတ်ကုရ်အာန်၊ ကုရ်အာန်အလျင်က အလ္လာဟ်ချမှတ်ပေးရာ ကျမ်းဂန်များ၊ (မလာအိကာဟ်)သဘာဝစွမ်းအားစုများ၊ အနာဂါတ်ကာလကို ယုံကြည်ကြရမယ်။ ဒါတွေကို မယုံကြည်သူတွေဟာ လမ်းလွဲနေသူ များဖြစ်သည်´လို့ဖော်ပြထားပါတယ်။
အထက်ဖော်ပြပါ အာယသ်တော်မှ အလ္လာဟ်၏တမန်တော်များ၊ အလ္လာဟ်ချမှတ်ပေးရာ ကျမ်းဂန်များ၊ သဘာဝစွမ်းအားစု(မလာအိကာဟ်)များ၊ အနာဂါတ်ကာလ(သို့) ကေယာမသ်ကို ယုံကြည်ရခြင်းသည် အစ္စလာမ့် ယုံကြည်ချက်ဖြစ်ပါတယ်။ `အာမနူ´ဟုခေါ်ဆိုပြီး အစ္စလာမ်ယုံကြည်ချက်များ ယုံကြည်ခိုင်းခြင်းသည် `အာမနူ´ သည် အစ္စလာမ် မဟုတ်သူများလည်းဖြစ်နိုင်သည်ဟူသော အချက်ကို ဖော်ပြနေပါသည်။ ထို့ကြောင့်၎င်းနှင့် အခြေ ခံစကားလုံးတူ မုအ်မင်န်(ငြိမ်းချမ်းမှုကို ဆောင်ကြဉ်ပေးသူ(သို့) ငြိမ်းချမ်းရေးဝါဒီသည်လည်း အစ္စလာမ်မဟုတ်သူ များကိုလည်း ဆိုနိုင်ကြောင်း ကောက်ချက်ချလိုပါသည်။ အစ္စလာမ်မဟုတ်ဘဲ ယုံကြည်ချက်ခိုင်မာသူ၊ ငြိမ်းချမ်းရေး ၀ါဒီများလည်း ရှိနေကြောင်း ကျွန်တော်တို့နားလည်လက်ခံရပါမယ်။
သို့သော်အစ္စလာမ့်ယုံကြည်ချက်များကို လက်ခံခြင်းမရှိသော ငြိမ်းချမ်းရေးဝါဒီတို့သည်လည်းကောင်း၊ ယုံကြည်ချက်ခိုင်မာသူတို့သည်လည်းကောင်း လမ်းလွဲနေသူပင်ဖြစ်နေကြောင်း အထက်ပါအာယသ်တော်တွင် ဖော်ပြထားပါသည်။
စစ်မှန်သော ငြိမ်းချမ်းရေးဝါဒီများ၊ ယုံကြည်ချက်ခိုင်မာသူများဟူသည် ကုရ်အာန်(၈း၂နှင့်၃) အရ-
`အလ္လာဟ်နှင့်တမန်တော်တို့၏ လမ်းညွှန်ချက်များကို ကြားနာရသောအခါ နှလုံးသားတွင် ရိုက်ခတ်ခံစားရ ပြီး၊ ယုံကြည်ချက်တိုးပွားလာသူများ အလ္လာဟ်၏လမ်းစဉ်ကို ယုံပုံကိုးစားသူများ၊ ဆွလာဟ် (လူ့ဘောင်ကောင်းကျိုး ကို)တည်ဆောက်သူ၊ ဇကားသ်(လိုအပ်ချက်များကိုဖြည့်ဆည်း) ပေးသူများသည်သာ စစ်မှန်သူများဖြစ်ကြသည်။´ ကုရ်အာန်(၈း၂-၃)
အလ္လာဟ်နဲ့တမန်တော်မြတ်ရဲ့ လမ်းညွှန်ချက်ကိုကျောခိုင်းလျှင် အသိတရားကင်းမဲ့သူများဖြစ်ကုန်ကြမယ် လို့လည်း သတိပေးထားပါတယ်။ ကုရ်အာန်(၈း၂၀-၂၁-၂၂)တွင်-
`ယုံကြည်ချက်ခိုင်မာသူတို့ အလ္လာဟ်နှင့်အလ္လာဟ်တမန်တော်ကို နာခံကြလော့။ သင်တို့သည် ကြားနာရ ပါလျက် ကျောခိုင်းမသွားကြလေနှင့်။ ကျွန်ုပ်တို့ကြားပါသည်ဟုဆိုလျက် မနာခံသူများကဲ့သို့ မဖြစ်ကြလေနှင့်။ ဧကန်အမှန် အလ္လာဟ်ထံ၌ အဆိုးဝါးဆုံးသူများကား ဆွံ့အ၊ နားပင်းနေသူများ၊ ဦးနှောက်အသိတရားကင်းမဲ့ နေသူများ ဖြစ်ကြလေသည်။´ အသိတရားကင်းမဲ့လျှင် ကိုယ်ခံစွမ်းအား နိမ့်ပါးသူများကဲ့သို့ ဖြစ်သွားလိမ့်မယ်။ ဥပမာပေးရရင် လူနေထူထပ်တဲ့နေရာတွေ ဘတ်စ်ကားပေါ်မှာ ရထားတွေပေါ်မှာ ပွဲလမ်းသဘင် ကျင်းပရာ နေရာတွေမှာ အသက်ရှုလမ်းကြောင်းကနေ ရောဂါပိုးတွေပျံ့နှံ့နေပါတယ်။ ဒီရောဂါပိုးတွေဟာ ကိုယ်ခံအားကောင်း သူတွေအတွက်တော့ ကာကွယ်ဆေးထိုးလိုက်သလိုဖြစ်ပြီး ရောဂါပြီးစေပါတယ်။ ကိုယ်ခံအားမကောင်းသူတွေ အတွက်တော့ ကာကွယ်ဆေးထိုးလိုက်သလိုဖြစ်ပြီး ရောဂါပြီးစေပါတယ်။ ကိုယ်ခံအားမကောင်းသူတွေကတော့ ရောဂါသည်အဖြစ် ရောဂါဝေဒနာကို ခံစားရပါတယ်။
ယနေ့မွတ်ဆလင်မ်များကို မြန်မာအပါအ၀င် တကမ္ဘာလုံးက အကြမ်းဖက်သမားများ၊ အဖျက်သမားများ အဖြစ်လုပ်ကြံပြောဆိုနေတာတွေကို ခံနေရပါတယ်။ ဒီလိုလုပ်ကြံစွပ်စွဲ ခံနေရအောင်လည်း မွတ်ဆလင်မ်အမည်ခံ အကြမ်းဖက်သမားများ၊ မွတ်ဆလင်မ်အမည်ခံ အာဏာရှင်များ ပေါ်ပေါက်နေပါတယ်။ အစ္စလာမ်ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေရှိမနေရင် အသိပညာ ကိုယ်ခံအားနည်းမယ်ဆိုရင် သစ္စာတရားရဲ့ဘောင်အပြင်ဘက်ကို ရောက်သွား နိုင်ပါတယ်။ အသိပညာကိုယ်ခံအား ကောင်းသူတွေအတွက်ကတော့ ဒီလိုလုပ်ကြံစွပ်စွဲမှုများကြောင့် အစ္စလာမ့် သစ္စာတရားကို ပိုမိုကာကွယ်နိုင်စွမ်းတွေ တိုးတက်လာနိုင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံတော်ရဲ့ယနေ့အခြေအနေဟာ အာဏာရှင်များနဲ့ပြုပြင်ရေးသမားများ အားပြိုင်နေတဲ့ ကာလဖြစ်ပါတယ်။ အာဏာရှင်များဟာ တိုင်းရင်းသားမျိုးနွယ်များ၊ မွတ်ဆလင်မ်များကို ခုတုံးလုပ်ပြီး နိုင်ငံရေး တိုက်ကွက်တွေ အမျိုးမျိုးဖန်တီးနေပါတယ်။ ကျွန်တော်တို့နိုင်ငံသားအားလုံး လူမျိုးဘာသာမရွေး စုပေါင်း ညီညာစွာနဲ့ အာဏာရှင်တွေကျဆုံးသွားအောင် ပြုပြင်ပြောင်းလဲရေးသမားများကို မိမိတတ်နိုင်တဲ့နည်းနဲ့ အားပေး ကြရပါမယ်။ အာဏာရှင်တွေပြိုလဲမှ ကျွန်တော်တို့နိုင်ငံရဲ့ စစ်မှန်တဲ့လူ့အဖွဲ့အစည်း ပေါ်ပေါက်လာပြီး ဖွံ့ဖြိုး တိုးတက်အေးချမ်းသာယာမှာပါ။ အခုအခြေအနေမှာ တိုင်းရင်းသားတွေကိုရော၊ မွတ်ဆလင်မ်တွေကိုရော ဖိနှိပ် ချုပ်ချယ်မှုတွေ လုပ်ကြံစွပ်စွဲမှုတွေခံနေရပါတယ်။ နိုင်ငံသားတိုင်းသည် မိမိနှင့်ထိုက်တန်သော အစိုးရကိုပဲ ရရှိ ကြတာပါ။ အသိပညာရင့်ကျက်တဲ့ နိုင်ငံသားတွေအပေါ်မှာ အာဏာရှင်အစိုးရတွေ မရှိနိုင်ပါဘူး။
ဒီအချိန်မှာ ကျွန်တော်တို့အားလုံးဟာ အသိတရားကို ဥာဏ်မြေကတုတ်လုပ်ပြီး မိမိကိုယ်ကိုနဲ့ နိုင်ငံတော် ကို ကာကွယ်စောင့်ရှောက်ရမှာပါ။ အသိတရားကင်းမဲ့သွားရင် အာဏာရှင်များရဲ့ထောင်ချောက်ထဲကျပြီး ကျွန်တော်တို့ ကိုယ်တိုင်အဖျက်သမားတွေ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ကိုယ်တိုင်နှင့် ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်များကို အသိပညာကိုယ်ခံ စွမ်းအား မြင့်မားတိုးတက်အောင် စွမ်းဆောင်ကြပါစို့လို့ တိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်။