အစ္စလာမ့်ဥပဒေ (ရှရီအာဟ်) အပိုင်း(၆) ဇနီးမောင်နှံ ကွာရှင်းပြတ်စဲခြင်း (DISSOLUTION OF THE MARRIAGE CONTRACT)(30.5.2014) မုဖ်သီ ဦးစန်းအောင် (B.Sc)

ယနေ့ ၂၀၁၄ခုနှစ်၊ မေလ(၃၀)ရက်နေ့မှာ ကျရောက်တဲ့ ယောင်မွတ်လ်ဂျူမုအာဟ်ကို ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော ညီနောင်အပေါင်းတို့ခင်ဗျား….
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီကနေ့ ကျနော်တင်ပြမယ့် ခေါင်းစဉ်ကတော့ ကျနော် အခန်းဆက်တင်ပြနေတဲ့ “အစ္စလာမ့်ရှရီအာဟ် ဥပဒေ” အပိုင်း(၆)ကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာ ကျနော်တင်ပြလို့ မပြီးပြတ်သေးတဲ့ `Dis-solution the Marriage contract ´ ` နိကာဟ်လက်ထပ်စာချုပ်ဖျက်သိမ်းခြင်း´ အကြောင်းကို ဆက်လက်တင် ပြသွားပါမယ်။ ကျမ်းမြတ်ကုရ်အာန်(၂း၂၃၁)မှာ အလ္လာဟ်အရှင်မြတ်က ဒီလိုပြဋ္ဌာန်းထားပါတယ်။
“ သင်တို့သည် ဇနီးများအား ‘တွလားက်’ ကြေညာပြီးနောက် `အစ်ဒသ်´ ရက်သတ်မှတ်စောင့်ဆိုင်းနေစဉ် သတ်မှတ်ကာလသို့ ရောက်ရှိသွားသောအခါ (ရာသီပန်း သုံးကြိမ်ပွင့်ပေါ်ပြီးသည့်အခါ) သူမတို့ကို (ပြန်ပေါင်းလို လျှင်) အသိတရားရှိစွာဖြင့် ပြန်လည်ပေါင်းဖက်လိုက်ကြပါ။ သို့မဟုတ်ပါက (ပြန်မပေါင်းလိုလျှင်) အသိတရားရှိစွာ ဖြင့် စွန့်လွှတ်ခွဲခွာကြရပေမည်။ သို့ရာတွင် သူမတို့အား သင်တို့က အာဃတ အညှိုးအတေးထားပြီး နစ်နာမှုတစ်စုံ တစ်ရာဖြစ်သွားစေရန်၊ နှိပ်စက်ညှင်းပန်းလိုသည့်သဘောနှင့်တော့ ပြန်လည်သိမ်းပိုက်ခြင်း မပြုကြလေနှင့်။ မည်သူ မဆို ယင်းသို့သော အပြုအမူကိုပြုကျင့်လျှင် ထိုသူသည် သူ့ကိုယ်သူနှိပ်စက်ညှင်းပန်းခြင်းသာ ဖြစ်သည်။ ထို့ပြင် သင်တို့သည် သင်တို့အပေါ် သက်ရောက်လျက်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကိုလည်းကောင်း၊ သင်တို့အပေါ် ထုတ်ပြန်ချမှတ်ပေးသောကျမ်း(ကုရ်အာန်)ကိုလည်းကောင်း၊ ထို ကျမ်းဂန်(ကုရ်အာန်)အားဖြင့် သင် တို့အား အလ္လာဟ်အရှင်မြတ်က တရားပြဆုံးမလျက်ရှိရာ ထိုတရားပြမှုကြောင့် ရရှိလာသော အသိထူး(ဟစ်ကမသ်)
ကို လည်းကောင်း သင်တို့ သတိရကြပါလေ။ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းထားသော ရှောင်ရန်တို့ကိုရှောင်၍၊ ဆောင်ရန်တို့ကိုဆောင်ခြင်းအားဖြင့် `သက္က၀ါ´တရားကို လက်ကိုင်ပြုထားကြပါ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းအား အကြွင်းမဲ့သိတော်မူကြောင်းကိုလည်း သင်တို့သိရှိနားလည်ထားကြပါလေ ” (ကုရ်အာန် ၂း၂၃၁)
ဒီအာယတ်တော်အရဆိုလျှင် ခင်ပွန်းသည်တစ်ဦးအတွက် မိမိရဲ့ဇနီးသည်ကို `တွလားက်´ ကြေညာပြီးတဲ့ နောက်မှာ ရာသီပန်း(၃)ကြိမ်ပွင့်ပေါ်ပြီးသည်အထိ `အစ်ဒသ်´စောင့်ဆိုင်းပြီး ကွာရှင်းမှုကို အတည်ပြုရပါမယ်။ အဲဒီ `အစ်ဒသ်´ ကာလအတွင်းမှာ ဇနီးသည်ရဲ့ စားဝတ်နေရေးကို တာဝန်ယူပေးရပါမယ်။ နောက်ဆုံး သတ်မှတ် `အစ်ဒသ်´ ကာလရောက်ရှိသွားပြီဆိုလျှင် ခင်ပွန်းသည်အနေနဲ့ ဇနီးသည်ကို မိမိကြေညာထားတဲ့ `တွလားက်´ ရုပ်သိမ်းပြီး ပြန်လည်ပေါင်းသင်းနိုင်သည်။ သို့မဟုတ်ပါက `တွလားက်´ကို အတည်ပြု၍ စွန့်လွှတ်ခွဲခြားရမည်ဖြစ် သည်။ ထပ်မံ၍ အချိန်ယူခွင့်မရှိတော့ပေ။ အကယ်၍ ခင်ပွန်းသည်တစ်ဦးအနေဖြင့် သတ်မှတ်ကာလ (အစ်ဒသ် ပြီးဆုံးချိန်)သို့ ရောက်ရှိပြီး `တွလားက်´ ကို အတည်ပြုပေးခြင်းမရှိပါက ကွာရှင်းပြတ်စဲမှု အထမမြောက်ပေ။ တစ် နည်းအားဖြင့် ခင်ပွန်းသည်၏ `တွလားက်´ကြေညာမှု ပျက်ပြယ်သည်ဟုသာ သတ်မှတ်ရပေမည်။
အကယ်၍ သတ်မှတ် `အစ်ဒသ်´ ကာလသို့ရောက်ရှိပြီးသော်လည်း `တွလားက်´ ကြေညာမှုကို ရုပ်သိမ်း ၍ ဇနီးသည်ကို ပြန်လည်ပေါင်းသင်းမည်ဆိုလျှင် `နိကာဟ်´ ပြုရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် `တွလားက်´ အထမမြောက်သောကြောင့် ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုရမယ့်အချက်က ခင်ပွန်းသည်အနေနဲ့ ဇနီးသည်အပေါ် `တွလားက်´ ကြေညာထားမှုကို ရုပ်သိမ်းပြီး ပြန်လည်ပေါင်းဖက်ခြင်းဟာ ဇနီးသည်ကို တစ်စုံ တစ်ရာမကျေနပ်မှုကို အကြောင်းပြုပြီး အဃာတထား လက်စားချေဖို့သဘောမျိုး မဖြစ်စေရပါဘူး။
ကွာရှင်းပြတ်စဲမှုဟာ ဘ၀သက်တမ်းတစ်ခုမှာ အကြောင်းကြောင်းကြောင့် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့ အမျိုး သားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ပြန်လည် `နိကာဟ်´ ပြုထိမ်းမြားခွင့်ရှိပါသလား။ ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုပြဋ္ဌာန်းထားပါသလဲ။
ကျမ်းမြတ်ကုရ်အာန် (၂း၂၃၂)မှာ ဒီလိုပြဋ္ဌာန်းထားပါတယ်။
“သင်တို့သည် ဇနီးမယားများကို `တွလားက်´ ကြေညာပြီး ရာသီပန်း(၃)ကြိမ်ပွင့်ပေါ်ပြီးသည်အထိ `အစ်ဒသ်´ စောင့်ဆိုင်းရာ သူမတို့အတွက် သတ်မှတ်ကာလရောက်ရှိသွားသောကြောင့် `တွလားက်´ ကွာရှင်းမှုကို အတည်ပြုလိုက်ကြသည်။ သို့ပါသော်လည်း သူတို့အကြား၌ သဘောတူကျေနပ်မှုရရှိသွားသောကြောင့် အသိ
တရားရှိစွာဖြင့် သူမတို့၏ ခင်ပွန်းများနှင့် ပြန်လည်ပေါင်းဖက်ရန် `နိကာဟ်´ ပြုထိမ်းမြားခြင်းကိုမူ သူမတို့အပေါ် သင်တို့ တားဆီးပိတ်ပင် ထိန်းချုပ်ခြင်းမပြုကြလေနှင့်။ ယင်းသည်ကား သင်တို့အနက်မှ အလ္လာဟ်အရှင်မြတ်ကိုသော် လည်းကောင်း၊ အာခိရသ်ကိုသော်လည်းကောင်း၊ အီမာန်သက်ဝင်ယုံကြည်သူအဖို့ရာ တရားတော်၏ အဆုံးအမ ဖြစ်သည်။ ထိုသည်တို့ကား သင်တို့အတွက် အစစ်မှန်ဆုံးနှင့် စင်ကြယ်သန့်ရှင်းမှုအရှိဆုံးသော ဘ၀တည်ဆောက်မှု လမ်းစဉ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။ သင်တို့သည်ကား အကြွင်းမဲ့သိနိုင်သူများ မဟုတ်ကြချေ” (ကုရ်အာန် – ၂း၂၃၂)
ဒီအာယတ်ရဲ့ပြဋ္ဌာန်းချက်အရ `အစ်ဒသ်´ ရက်ပြည့်သွားလို့ `တွလားက်´ ကွာရှင်းမှုကို အတည်ပြုလိုက် တဲ့အပေါ်မှာ ဇနီးမောင်နှံအကြားမှာ ကွာရှင်းပြတ်စဲမှုဟာ အတည်ဖြစ်သွားပါပြီ။ ဒါဟာ ဒီဇနီးမောင်နှံတို့ရဲ့ ဘ၀ သက်တမ်းမှာ တစ်ကြိမ်သော ကွာရှင်းပြတ်စဲမှုကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်။ အကယ်၍ ဒီလို အပြီးအပိုင် ကွာရှင်းပြတ်စဲလမ်းခွဲပြီးတဲ့နောက်ပိုင်းမှာ နှစ်ဦးနှစ်ဖက်လုံးက သဘောတူညီပြီး ပြန်လည်နိကာဟ်ပြု ပေါင်းသင်း မယ်ဆိုရင် ဒီအာယတ်က ခွင့်ပြုနေတဲ့သဘောကို တွေ့မြင်ရပါတယ်။ ဒီလိုဆောင်ရွက်ခြင်းကို မတားမြစ်ဖို့ ပြဋ္ဌာန်း နေပါတယ်။
ဒါဆိုရင် ဘ၀သက်တမ်းတစ်ခုမှာ အကြောင်းကြောင်းကြောင့် ကွာရှင်းပြတ်စဲမှု တစ်ကြိမ်တစ်ခါဖြစ်ပွားခဲ့ရ တဲ့ ဇနီးမောင်နှံတွေဟာ ကုရ်အာန်(၂း၂၃၂)အရ နှစ်ဦးနှစ်ဖက် သဘောတူမယ်ဆိုရင် ပြန်လည် `နိကာဟ်´ ပြုပြီး ပေါင်းသင်းခွင့်ရှိပါတယ်။ တစ်ခုတော့ရှိပါတယ်။ အဲဒီအချိန်မှာ ကွာရှင်းခံခဲ့ရပြီးတဲ့အမျိုးသမီးဟာ နောက်အိမ် ထောင်နဲ့ လက်ထပ်ထိမ်းမြားခြင်း မရှိစေရပါဘူး။ တစ်နည်းအားဖြင့်ပြောရရင် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး တို့ဟာ သူတို့ရဲ့ဘ၀သက်တမ်းတစ်ခုမှ ဒုတိယအကြိမ်မြောက် အိမ်ထောင်ပြုလိုက်လိုက်ခြင်း ဖြစ်ပါတယ်။
ဒါဆိုရင် အစ္စလာမ့်ဥပဒေအရ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ ဘ၀သက်တမ်းတစ်ခုမှာ ဘယ် နှစ်ကြိမ် `နိကာဟ်´ ထိမ်းမြားမှုပြုခွင့်ရှိပြီး ဘယ်နှစ်ကြိမ်အထိ ကွာရှင်းပြတ်စဲမှုကို ဆောင်ရွက်ခွင့်ရှိပါသလဲဆိုတဲ့ မေးခွန်းတစ်ရပ်ပေါ်လာပါတယ်။
ကျနော် တင်ပြထားခဲ့သလို ကွာရှင်းပြတ်စဲမှုကို အတည်ပြု၊ အထမြောက်သွားတဲ့ လင်မယား၊ တစ်နည်း အားဖြင့် ကွာရှင်းပြတ်စဲလမ်းခွဲသွားပြီးတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ဟာ ကျမ်းမြတ်ကုရ်အာန်(၂း၂၃၂)အရ နှစ်ဦး သဘောတူညီကြမယ်ဆိုရင် `နိကာဟ်´ပြုပြီး ပြန်ပေါင်းခွင့်ရှိပါတယ်။ ဒါဆိုရင် ဒီလင်နဲ့ဒီမယားဟာ သူတို့ရဲ့ဘ၀ သက်တမ်းတစ်ခုမှာ ဒုတိယအကြိမ်မြောက် `နိကာဟ်´ ပြုခြင်း၊ အိမ်ထောင်ပြုခြင်းပါပဲ။
ကောင်းပါပြီ။ ဒီလို ဒုတိယအကြိမ်မြောက် `နိကာဟ်´ ပြုပြီး ပေါင်းသင်းနေတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ အ ကြောင်းမညီညွတ်လို့၊ သဘောထားမတိုက်ဆိုင်လို့ ဒုတိယအကြိမ်မြောက် လမ်းခွဲကြရတော့မယ်။ တစ်နည်းအား ဖြင့် ကွာရှင်းပြတ်စဲကြရတော့မယ်။ အစ္စလာမ့်ဥပဒေအရ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ပြဋ္ဌာန်းချက်အရ ကွာရှင်း ပြတ်စဲခွင့်ရှိပါတယ်။ ဒါဆိုရင် သူတို့(၂)ဦးရဲ့ဘ၀မှာ ဒုတိယအကြိမ်မြောက် ကွာရှင်းပြတ်စဲခြင်းပါ။
ဒီလို ဒုတိယအကြိမ်မြောက် ကွာရှင်းပြတ်စဲလမ်းခွဲလိုက်ကြတဲ့ အမျိုးသားနဲ့အမျိုးသမီးဟာ နှစ်ဦး သဘောတူ ပြန်လည်ပေါင်းသင်းလိုတယ်ဆိုရင်တော့ ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုတာ လေ့လာကြည့်ကြပါစို့။ ကျမ်းမြတ်ကုရ်အာန် (၂း၂၂၉)မှာ ဒီလိုပြဋ္ဌာန်းထားပါတယ်။
“ခင်ပွန်းသည်တစ်ဦးနှင့် ဇနီးသည်တစ်ဦးတို့အနေဖြင့် ဘ၀တစ်သက်တာတွင် ပြုလုပ်ဆောင်ရွက်နိုင်သော ကွာရှင်းပြတ်စဲမှုသည် နှစ်ကြိမ်မျှသာ (ဒုတိယအကြိမ်အထိသာ) ဖြစ်သည်။”
(ကုရ်အာန် – ၂း၂၂၉)
ကျမ်းမြတ်ကုရ်အာန်(၂း၂၃၀)မှာလည်း ဒီလိုပြဋ္ဌာန်းထားပါတယ်။
“ သို့ဖြစ်ရာ အကယ်၍ (နှစ်ကြိမ်တိုင်တိုင် ကွာရှင်းမှုပြုထားပြီးသော) အမျိုးသမီးတစ်ဦးသည် အခြားအမျိုး သားတစ်ဦးနှင့် ‘နိကာဟ်’ ထိမ်းမြားမှုမပြုသေးသည့်ကာလပတ်လုံး သူမကို မူလကွာရှင်းလိုက်သော အမျိုးသား (ခင်ပွန်းဟောင်း)အတွက် ‘နိကာဟ် – ဟရာမ်’ ထိမ်းမြားလက်ထပ်ခွင့်မရှိပေ။ သို့ရာတွင် သူမကို အခြားအမျိုးသား တစ်ဦးက (ထိမ်းမြားလက်ထပ်ပြီးနောက်) ကျမ်းမြတ်ကုရ်အာန်၏ ပြဋ္ဌာန်းချက်နှင့်အညီ ကွာရှင်းပြတ်စဲ ‘တွလားက်’ အထမြောက်ပြီးပါမှ (ယခင် အမျိုးသားနှင့် အမျိုးသမီးတို့သည်) အလ္လာဟ်အရှင်မြတ်၏ သတ်မှတ်ပြဋ္ဌာန်းချက်အတိုင်း အိမ်ထောင်သည်ဘ၀ကို တည်ဆောက်နိုင်ပါလျှင် နှစ်ဦးနှစ်ဖက် သဘောတူပြန်လည်ထိမ်းမြားခြင်းကို အလ္လာဟ် အရှင်မြတ်က အပြစ်ပေးအရေးယူမည်မဟုတ်ပေ။ ယင်းသည်ကား အသိတရားရှိကြသူ လူ့အစုအဖွဲ့အတွက် အလ္လာဟ်အရှင်မြတ်က ရှင်းလင်းထင်ရှားအောင် ပြသထားသော ကန့်သတ်ချက်စည်းဘောင်များပင်ဖြစ်သည် ”
(ကုရ်အာန်- ၂း၂၃၀)
ဒီအာယတ်ရဲ့လိုရင်းကို သုံးသပ်ကြည့်မယ်ဆိုလျှင် ဘ၀သက်တမ်းတစ်ခု၌ (၂)ကြိမ်တိုင်တိုင် ‘တွလားက်’ ကွာရှင်းမှုကို ဆောင်ရွက်ပြီးသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ပြန်လည်ပေါင်းသင်းဖို့ရာ မလွယ် တော့ပါဘူး။ အစ္စလာမ့်ဥပဒေ ပြဋ္ဌာန်းချက်ဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်အရ ခင်ပွန်းသည်တစ်ဦးနဲ့ ဇနီးသည်တစ်ဦး
တို့ရဲ့ ကွာရှင်းပြတ်စဲခြင်းဆိုတာက အခက်အခဲအများကြီးကို ကျော်ဖြတ်ရပါတယ်။ တကယ် မလွယ်ကူပါဘူး။ အ ဆင့်ဆင့် ညှိနှိုင်းမှုတွေ လုပ်ရတယ်။ ခုံသမာဓိလူကြီးတွေ၊ သက်သေလူကြီးတွေနဲ့ အဆင့်ဆင့်ညှိနှိုင်းရတယ်။ `အစ် ဒသ်´ ကာလ အနီးစပ်ဆုံး(၃)လလောက် အတူတူနေပြီး စောင့်ဆိုင်းရတယ်။ ဒါတွေဟာ အလ္လာဟ်အရှင်မြတ်က ကွာရှင်းပြတ်စဲခြင်းဆိုတာကို မနှစ်သက်လို့ အခက်အခဲ၊ အတားအဆီးအဆင့်ဆင့်ကို ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို တတိယအကြိမ်မြောက် ပြန်လည် `နိကာဟ်´ ပြုလိုက်တဲ့ အမျိုးသားနဲ့အမျိုးသမီးတို့ရဲ့ နောက် ကြောင်းရာဇ၀င်ကို ပြန်ကြည့်လိုက်မယ်ဆိုလျှင် သူတို့(၂)ဦးဟာ အလ္လာဟ်အရှင်မြတ် ကန့်သတ်တားဆီးထားတဲ့ အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ပြီးမှ အိမ်ထောင်ရေးပြိုကွဲမှုဇာတ်လမ်းကို (၂)ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြပြီး ဖြစ် တယ်။ ဒီလင်၊ ဒီမယားကြောင့် မိသားစုအတွင်းနဲ့ပတ်ဝန်းကျင်မှာ စိတ်အနှောင့်အယှက်တွေလည်း ဖြစ်ခဲ့ရပြီး၊ ဒါ တောင် ဒီလင်နဲ့ဒီမယားက တတိယအကြိမ် `နိကာဟ်´ ပြန်ဖတ်ချင်သေးတယ်ဆိုရင်တော့ …
“ အလ္လာဟ်အရှင်မြတ်က အမိန့်တော်ချမှတ်လိုက်ပြီ။ ဤလင်နှင့် ဤမယား ပြန်ပေါင်းချင်ရင် ဤမယားကို တစ်ပါးယောက်ျားနှင့် လက်ထပ်ထိမ်းခြားပေးလိုက်ပါ။ တစ်ပါးယောက်ျားက ပြန်ကွာပေးမှ ဤမယားကို ဤလင်က ယူစေသတည်း”
သာမန်အခြေအနေမှာတောင် တစ်ဦးကတစ်ဦးကို ခွင့်မလွှတ်နိုင်လို့ (၂)ကြိမ်တိုင်တိုင် ကွာရှင်းပြတ်စဲခဲ့ကြ ပြီးပြီ။ အခုတစ်ခါ တစ်ပါးသူနှင့် လက်ထပ်ခဲ့တဲ့ ဤမယားကို ဤလင်က သဘောထားကြီးနိုင်ပါ့မလား။ အမြင်ကြည် လင်နိုင်ပါ့မလား။ တကယ်လို့ တစ်ပါးယောက်ျားက လက်ထပ်ပြီး၊ ပြန်မကွာပေးတော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် ကျနော်တို့ နားလည်ဖို့လိုပါပြီ။ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဋ္ဌာန်းချက်က ရှင်းနေပါပြီ။ ဤလင်၊ ဤမယား ပြန် ပေါင်းလို့မဖြစ်နိုင်တော့ဘူးဆိုတာ အလ္လာဟ်အရှင်မြတ်က ရည်ညွှန်းနေခြင်းပဲ ဖြစ်ပါတယ်။
ဒါပေမယ့်ဗျာ။ လူပါး၊ လူနပ်၊ လူလည်တွေကလည်း တစ်ဖက် အသင့်စောင့်နေကြတယ်။ ဒီလိုကိစ္စမျိုးပေါ် လာရင် `ဟလာလဟ်´ ဆိုပြီး မိန်းမတွေကို အသက်ကြီးကြီး အဖိုးကြီးတွေနဲ့ဖြစ်ဖြစ်၊ တစ်ခါတရံ မိမိကိုယ်တိုင်ပဲဖြစ် ဖြစ်၊ ခေတ္တအငှားယောက်ျားအဖြစ်ဝင်ပြီး သရုပ်ဆောင်လိုက်တာတွေလည်း ရှိနေပြန်ပါတယ်။ ၀န်ဆောင်ခအဖြစ်က လည်း ငွေကြေးအချို့ယူလိုက်ပြန်တယ်။ ဒီ့ပြင်မက ကြိုက်သွားပြီဆိုရင်လည်း ပြန်မကွာပေးကြတော့ဘူး။ ဒါမှ မဟုတ် ပြန်ကွာပေးဖို့ ငွေကြေးအမြောက်အမြား တောင်းဆိုငွေညှစ်ကြပါတယ်။ ဒီ့အပြင် ပြောလိုက်ပုံက “ ဤသည် မှာ အစ္စလာမ့်တရားတော်ဖြစ်သည်။ ငါတို့သည် အစ္စလာမ့်တရားတော် တည်တံ့ခိုင်မြဲပြီး ပြန့်ပွားစေရန်အတွက် အနစ်နာခံ ကူညီပေးလိုက်ခြင်းဖြစ်သည် ” တဲ့။
အဲဒီတော့ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဋ္ဌာန်းချက်တစ်ရပ်ကို လက်တစ်လုံးခြားလှည့်ပတ်ပြီး အစ္စလာမ်ကို ရောင်းစားနေတဲ့ လူအုပ်စုတစ်ရပ်ကလည်း အစ္စလာမ့်ပရ၀ုဏ်ထဲမှာ ခေါင်းထောင် ကျင်လည်ကျက်စားနေပါ ကြောင်း အသိပေးပြောကြားရင်းနဲ့ အစ္စလာမ့်ရှရီအာဟ်ဥပဒေ အပိုင်း(၆)ကို နိဂုံးချုပ်လိုက်ရပါတယ်။ ။