အစ္စလာမ်၏တန်ဖိုး မုဖ်သီဦးစန်းအောင် (B.Sc)
အစ္စလာမ်၏တန်ဖိုး
မုဖ်သီဦးစန်းအောင် (B.Sc)
ဒီကနေ့(၈.၅.၂ဝ၁၅)နေ့မှာကျရောက်တဲ့ယောင်မွလ်ဂျုမုအာဟ်နေ့မှာအလ္လာဟ်အရှင်မြတ်ကိုအေဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား……
အတ်စလာမုအလိုင်းကွန်း(မ်) ဝရဟ်မသွလ်လားဟိဝဘရကားသုဟု
ဒီကနေ့ ကျနော်တင်ပြမဲ့ခေါင်းစဉ်ကတော့ `အစ္စလာမ်၏တန်ဖိုး´(Value of Islam)ပဲ ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကိုဘာကြောင့်တင်ပြရသလဲဆိုတာကိုကျနော် အနည်းငယ်ရှင်းလင်းပြချင်ပါတယ်။
လက်ရှိအနေအထားမှာကမ္ဘာ့မီဒီယာတွေမှာလေ့လာကြည့်လိုက်မယ်ဆိုရင် ကမ္ဘာ့မွတ်ဆလင်မ်တွေရဲ့ သတင်းကထိပ်တန်းကနေရာယူထားတာတွေ့ရပါတယ်။ Isis ပြဿနာ၊ ဘိုကိုဟာရာမ်ပြဿနာ၊ အလ်ကိုင်းဒါပြဿနာကအစပါလက် စတိုင်းပြဿနာ၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီဂျစ်၊ လစ်ဗျား၊ အီရတ်အစရှိတဲ့ ပြဿနာတွေအဆုံးများပြားလွန်းလှတဲ့ ပြဿနာတွေကိုကျတော်တို့ ရင်ဆိုင်နေရပါတယ်။ ဒီလိုနိုင်ငံရေးပြဿနာတွေရှိသလို စွန္နီ၊ ရှီအာ၊ ဟနဖီ၊ ရှာဖီ၊ စလ်ဖီအစရှိတဲ့ ဘာသာတရားနဲ့ ယုံကြည်ချက်တွေ၊ ခံယူချက်အတွေအပေါ်မှာကွဲပြားခြားနား ပြဿနာတွေဖြစ်နေရတာဟာလည်းတစ်ဖက်ကရှိပြန်တယ်။
ဒီလိုမဆုံးနိုင်တဲ့ ပြဿနာတွေအကြားမှာကျနော်တို့ မေးခွန်းတစ်ခုကိုထုတ်ကြည့်ကြပါစို့။ အဲဒီမေးခွန်းက `အစ္စလာမ့်တန်ဖိုး´ဆိုသည်မှာအဘယ်နည်း။
ဒီမေးခွန်းကို အစ္စလာမ်ဘာသာဝင်တိုင်း၊ အစ္စလာမ်အဖွဲ့အစည်းတိုင်း၊ အစ္စလာမ်ဂိုဏ်းဂဏတိုင်းကဖြေဆိုဖို့လိုအပ် လာပါပြီ။ ဒီမေးခွန်းကိုဖြေဆိုနိုင်ဖို့ကအစ္စလာမ်ဆိုတာဘာလဲဆိုတဲ့အပိုင်းကိုနားလည်ပါမှ ဖြေဆိုနိုင်ပါလိမ့်မယ်။ အထက်မှာကျနော်တင်ပြခဲ့တဲ့ ပြဿနာတွေဟာအစ္စလာမ်ဆိုတာဘာလဲဆိုတာကိုနားမလည်လို့ပါ။ အစ္စလာမ့်တန်ဖိုးကိုဘယ်မွတ်ဆလင်မ်ကိုပဲမေးမေးပါ။ တန်ဖိုးအလွန်ရှိပါတယ်လို့ပဲပြောကြမှာပါ။ အကယ်၍ ဆက်ပြီးတော့ အဲဒီတန်ဖိုးကိုဘယ်လိုဖော်ထုတ်ကြမလဲလို့ မေးမယ်ဆိုရင်တော့ အဖြေပေးနိုင်တဲ့ မွတ်ဆလင်မ်ကအင်မတန်မှ လူနည်းစုပဲဖြစ်မှာပါ။
ဒီနေရာမှာရီစရာလေးတစ်ခုလောက်တင်ပြချင်ပါတယ်။ မွတ်ဆလင်မ်တွေ ဘယ်လောက်ကောင်းသလဲဆိုရင် မွတ်ဆလင်မ်တစ်ယောက် ကွယ်လွန်တဲ့အခါမှာသေသူအတွက် ပြင်ဆင်ပေးပုံနဲ့ သက်သေပြကြတယ်။ ဟုတ်ပါတယ်။ မွတ်ဆလင်မ်တစ်ယောက် ကွယ်လွန်သေဆုံးသွားပြီဆိုရင် ကျန်ရစ်သူတွေကအကောင်းဆုံးပြုစု၊ ယုယပြီးလုပ်ဆောင်ပေးကြတယ်။ အင်မတန်မှ သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ် ဆောင်ရွက်ပေးကြတယ်။ မိုင်ယသ်ကိုကိုယ်ကိုယ်တိုင် ဝင်ရောက်ထမ်းပိုးပြီးပို့ဆောင်မြေမြှုပ်ပေးကြတယ်။ သေသူအတွက် အကောင်းဆုံးဆုမွန်ဒုအာပြုပေးကြပါတယ်။ ဒီမြင်ကွင်းကိုလေ့လာသုံးသပ်ပြီး၊ မွတ်ဆလင်မ်တွေရဲ့ အသုဘအခမ်းအနားဟာသိပ်ကောင်းတာပဲလို့ ပြောဆိုချီးကျူးကြပါတယ်။ ဟာ ….ဒါဆိုရင် မွတ်ဆလင်မ်ကသေမှကောင်းတာပေါ့။ သေမှတန်ဖိုးရှိတာပေါ့။ ဒီလိုဆိုတော့ မွတ်ဆလင်မ်တွေ အားလုံးသေသွားရင် အားလုံးကောင်းသွားမယ်ဆိုတဲ့ သဘောလား။
ဒီလိုတော့လည်းမဟုတ်သေးပါဘူး။ လူတစ်ယောက် ကွယ်လွန်သေဆုံးသွားတဲ့အခါမှာတစ်နည်းအားဖြင့် သူ့ရဲ့ နောက်ဆုံးခရီးမှာကျနော်တို့ ကျန်ရစ်သူတွေကလူသားဆန်စွာအကောင်းဆုံးလုပ်ပေးလိုက်တာဆောင်ရွက်ပေးလိုက်တာပါ။ အင်မတန်မှ ကောင်းပါတယ်။
ဒါဆိုရင် စဉ်းစားကြည့်စမ်းပါ။ ဒီလူအသက်ရှင်စဉ်မှာလည်းသူ့ကိုပတ်ဝန်းကျင်ကအကောင်းဆုံးဖေးမကူညီပေးဖို့ ဆိုတာရော၊ လိုအပ်ချက်တစ်ရပ်မဟုတ်ဘူးလား။ သေသွားတဲ့အချိန်မှာစနစ်တကျသန့်ရှင်းရေုးလုပ်ပေးသလိုအသက်ရှိနေတဲ့ အချိန်မှာဒီလူမှာရှိတဲ့ မသန့်ရှင်းမှုတွေကိုဆေးကြောပေးဖို့ လူတွေမှာတာဝန်မရှိဘူးလား။ သေသွားတဲ့အခါမှာသူ့ရဲ့ ခန္ဓာကိုယ် လုံခြုံဖို့က `ကဖန်´ပိတ် အထပ်ထပ်ရစ်ပတ် ဝတ်ဆင်ပေးသလိုဒီလူရှင်သန်နေတဲ့ အချိန်မှာရောသူ့ရဲ့ချို့တဲ့မှု ကြောင့် မလုံမခြုံဖြစ်နေရတဲ့ သူ့ခန္ဓာကိုယ်အတွက်ဝတ်ဆင်ဖို့ အဝတ်အစားဆင်ပေးဖို့မလိုဘူးလား။ ကွယ်လွန်သွားတဲ့အခါမှာသူ့ရဲ့လိုအပ်ရာခရီးကိုဖေးဖေးကူကူနဲ့ လိုက်ပို့သလိုသူရှင်သန်နေစဉ် ကာလမှာရော၊ သူသွားလိုရာခရီးကိုပို့ဆောင်ကူညီပေးဖို့မလိုဘူးလား။
အစ္စလာမ်မှာကသေသူတစ်ယောက်ကိုလေးလေးစားစားတန်ဖိုးထားသလိုရှင်သန်နေသူတစ်ယောက်ကိုလည်းလေးလေးစားစားတန်ဖိုးထားတတ်ရပါလိမ့်မယ်။ ရှင်သန်နေသူတစ်ယောက်ကိုပိုပြီးလေးလေးနက်နက်တန်ဖိုးထားဖို့ကပိုအရေးကြီးတာပေါ့။ ဒါကအစ္စလာမ်ကလမ်းညွှန်ပြနေတဲ့ တန်ဖိုးတစ်ရပ်ပါ။
အစ္စလာမ်ဘာသာဝင်တွေဟာ မိမိတို့အစ္စလာမ်ဘာသာဝင်ဖြစ်ခြင်းကိုဂုဏ်ယူကြပါတယ်။ မိမိတို့အစ္စလာမ် ဘာသာဝင်ဖြစ်ကြောင်းကိုလည်းဂုဏ်ယူဝင့်ကြွားစွာဖော်ထုတ်လေ့ရှိကြပါတယ်။ ကောင်းပါတယ်။ မိမိအစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဂုဏ်ယူလိုတိုင်းဟာအစ္စလာမ့်ရဲ့တန်ဖိုးကိုတော့ သိနားလည်ဖို့တော့ လိုပါလိမ့်မယ်။ အစ္စလာမ်ရဲ့တန်ဖိုးကိုသိမြင်နားလည် ခြင်းဟာအစ္စလာမ်ရဲ့အနှစ်အသားကိုသိမြင်နားလည်ခြင်းပါပဲ။ ဒါဆိုရင် ခွတ္တဗာဟ်ရဲ့ နိဒါန်းပိုင်းမှာကျနော်ရွတ်ဖတ်ခဲ့တဲ့ ကုရ်အာန်အာယသ်တော်(၆၁း၂)နဲ့(၆၁း၃)ကိုရှင်းလင်းတင်ပြပါရစေ။
“အို – အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့မဆောင်ရွက်သည့် ကိစ္စကိုသင်တို့အဘယ်ကြောင့် ထုတ်ဖော် ပြောဆိုနေကြသနည်း။”(ကုရ်အာန် – ၆၁း၂)
“အသင်တို့ မလုပ်ဆောင်သည့် ကိစ္စကိုသင်တို့ထုတ်ဖော်ပြောဆိုခြင်းသည် အလ္လာဟ်အရှင်ထံတော်တွင် ကြီးမားစွာသောမုန်းတီးစက်ဆုပ်မှုဖြစ်သည်။” (ကုရ်အာန် – ၆၁း၃)
ဒီကုရ်အာန်အာယသ်တော် နှစ်ခုဟာလူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ နိုင်ငံရေး ရှုထောင့်ကပဲကြည့် အင်မတန်မှ အကျိုးသက်ရောက်မှုရှိတဲ့ လမ်းညွှန်ချက်တစ်ရပ်ဖြစ်ပါတယ်။ လူတစ်ယောက်(သို့မဟုတ်) လူ့အစုအဖွဲ့တစ်ရပ်ဟာကိုယ်မလုပ် တဲ့ ကိစ္စတစ်ခုကိုကိုယ်လုပ်ဆောင်သလိုပြောဆိုခြင်းကိုအလ္လာဟ်အရှင်မြတ်က ရှုတ်ချ၊ ကန့်ကွက်ထားပါတယ်။ လူမှု ၀န်းကျင်မှာ ကိုယ်မလုပ်တာကိုကိုယ်ကြွားဝါပြီးတော့၊ အမြတ်ထုတ်ပြီးတော့ လုပ်သယောင်ယောင် ပြောဆိုခြင်းကြောင့် လူတွေအလှည့်စားခံရတာ၊ အလိမ်ခံရတာ၊ အကျိုးပျက်စီးခဲ့ရတာတွေ အများကြီးရှိခဲ့ပါတယ်။
နိုင်ငံရေးကိစ္စတွေမှာလည်းဒီကိစ္စဟာ အကျုံးဝင်ပတ်သက်နေပါတယ်။ အစိုးရအဖွဲ့တစ်ဖွဲ့သည်လည်းကောင်း၊ နိုင်ငံရေးပါတီဝင်အမတ်များသည် လည်းကောင်း၊ ကိုယ်မဲရဖို့၊ ကိုယ်အစိုးရဖွဲ့နိုင်ဖို့၊ ရိုးသားတဲ့ ပြည်သူလူထုကိုကိုယ်မလုပ်တာ၊ မလုပ်နိုင်တာတွေကိုလုပ်ဆောင်လေဟန်၊ လုပ်ဆောင်နိုင်လေဟန် စည်းရုံးမဲဆွယ်ကြပါတယ်။ ဟော … ပြည်သူလူထုကယုံကြည်လို့ မဲပေးလိုက်ရော၊ ပေးထားတဲ့ကတိတွေပျက်ပြီးကိုယ်ကြီးပွားဖို့ ၊ ကိုယ်အဆင်ပြေဖို့ပဲကိုယ်လုပ်ကြတော့တယ်။ ပြည်သူကိုပေးထားတဲ့ကတိကမေ့ပျောက်သွားပြီလေ။ ကျနော်တို့ အရပ်ကလွှတ်တော်ကိုယ်စားလှယ်ဆိုရင် မဲမရခင်တုန်းကရပ်ကွက်ထဲခဏခဏဆင်းတယ်။ လွှတ်တော်အမတ်ဖြစ်သွားပြီးကတည်းကဒီနေ့အထိရပ်ကွက်ထဲမဆင်းတော့ဘူး။ အဲဒီတော့ ကိုယ်ပြောခဲ့တာကို၊ကိုယ်ကတိပေးခဲ့တာကိုမလုပ်ဘူး။ အဲ့ဒီလူတွေကိုကုရ်အာန်ပြောထားတဲ့အတိုင်းကျနော်တို့ကသဘောထားရမှာပဲ။ ဒါဆိုရင် ကျနော်နားလည်လိုက်တာကတော့ ပြောတဲ့အတိုင်းလုပ်ဆောင်ခြင်း၊ ကတိက၀တ်တည်ကြည် အောင်စောင့်ထိန်းခြင်းဟာအစ္စလာမ်ကညွှန်ပြနေတဲ့ တန်ဖိုးတစ်ရပ်ပါပဲ။
အစ္စလာမ်ဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီးအနည်းငယ်တင်ပြပါရစေ။ `အစ္စလာမ်´က သူ့ကို မြတ်နိုးလက်ခံသူတွေကို နေ့တစ်ဓူဝမှာ ဘ၀တစ်ခုကို ဘယ်လိုဖြတ်သန်းလျှောက်လှမ်းရမှာလဲဆိုတာကိုလမ်းညွှန်ထောက်ပံ့ပေးပါတယ်။ အစ္စလာမ်ကိုလက်ခံ၊ သက်ဝင်ယုံကြည်သူမွတ်စလင်မ် တစ်ဦးအတွက် ကျမ်းမြတ်ကုရ်အာန်ကအခြားလူတွေနဲ့ ဆက်ဆံရာမှာဘယ်လိုအပြုအမူ၊ ဘယ်လိုအနေအထိုင်၊ ဘယ်လိုအပြောအဆိုနဲ့ ဆက်ဆံရမလဲဆိုတာကိုလမ်းညွှန်ထားပါတယ်။ တစ်နည်းဆိုရရင် ကျမ်းမြတ်ကုရ်အာန်ကလူသားတစ်ယောက်အနေနဲ့ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာတူသည်ဖြစ်စေ၊ ဘာသာမတူသည် ဖြစ်စေ၊ နောက်ဆုံးဘာသာမဲ့သူဖြစ်စေ၊ ဘယ်သူ့ကိုမဆို၊ ဘယ်ပုံဘယ်နည်းနဲ့ အကောင်းဆုံး၊ အကျိုးအရှိဆုံးဆက်ဆံရမယ်ဆိုတာကိုလမ်းညွှန်ထားပါတယ်။ အဲ့ဒီလိုဆက်ဆံလိုက်တဲ့အခါမှာရလာဒ်တစ်ခု၊ အကျိုးဆက်တစ်ခုရရှိလာပါလိမ့်မယ်။အဲဒီရလာဒ၊်အဲဒီအကျိုးဆက်ဟာ `ငြိမ်းချမ်းရေး´ပေါ့။ အဲ့ဒီလိုရရှိလာတဲ့ ငြိမ်းချမ်းရေးကိုအင်္ဂလိပ်လို Peaceလို့ခေါ်ပြီးအရဗီဘာသာစကားနဲ့ Islamလို့ခေါ်ပါတယ်။
ကျမ်းမြတ်ကုရ်အနာ် (၂၅း၃၆)မှာဒီလိုပြဌာန်းထားပါတယ်။
“အနန္တမေတ္တာတော်အရှင်မြတ်၏ နာခံတော်(အီဘာဒီ)များသည်ကား၊ ကမ္ဘာမြေပေါ်လှုပ်ရှားသွားလာရာ၌ ဟီရိသြတပ္ပတရားကိုလက်ကိုင်ပြုထားသူများပင်ဖြစ်သည်။ သူတို့သည် အသိတရားမဲ့သူများနှင့်ပင်ဖြစ်စေ၊ အပြန်အလှန်ပြောဆိုသောအခါ ငြိမ်းချမ်းသော၊ အမုန်းကင်းမဲ့သောစကားကိုသာပြောဆိုကြသည်။” (ကုရ်အာန် – ၂၅း၆၃)
ဒီနေရာမှာတစ်ခုပြောချင်ပါတယ်။ ကုရ်အာန်ကလမ်းလျှောက်သူတွေကိုပဲပြောတာလား။ ကားမောင်းသူတွေကိုရောလမ်းညွှန်ချက်မပေးဘူးလား။ ကားမောင်းသူတွေကိုရောလမ်းညွှန်ချက်မပေးဘူးလားလို့ မေးကောင်းမေးနိုင်ပါတယ်။
ဒီအာယသ်တော်အရဆိုရင် အစ္စလာမ်ကို သက်ဝင်ယုံကြည်သူ မွတ်ဆလင်မ်တစ်ဦးဟာ မိမိရဲ့ပတ်ဝန်းကျင်ကို ဘယ်လောက်ဂရုပြုအလေးထားရမလဲ။ မိမိရဲ့ဂုဏ်သိက္ခာကိုဘယ်လောက်ထိန်းသိမ်းရမလဲ။ မိမိကြောင့် မိမိပတ်ဝန်းကျင် အနှောင့်အယှက်မဖြစ်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုကုရ်အာန်ကတိတိကျကျလမ်းညွှန်နေတာပါ။ အဆုံးစွန်ဗျာ၊လူတိုင်းမလွဲမသွေဆောင်ရွက်ရတဲ့ ‘လမ်းလျှောက်ခြင်း’ဆိုတဲ့ အခြေခံလုပ်ရပ်မှာတောင်မှ ဘယ်လိုလှုပ်ရှားရမလဲဆိုတာကို ပြဌာန်းထားတာပါ။ လူတွေအကြားမှာ နေ့တစ်ဓူဝ လှုပ်ရှားသွားလာတဲ့အခါမှာပင် မွတ်ဆလင်မ်တစ်ယောက်ဟာဟီရိသြတပ္ပ တရားကိုလက်ကိုင်ထားကြရမှာပါ။ အများသူငါသွားလာနေတဲ့လမ်းမှာမိမိကြောင့် တစ်ပါးသူကိုအနှောင့်အယှက် မဖြစ်စေရဘူး။ လမ်းမပေါ်မှာအများသူငါအမြင်မတော်အောင် အော်ဟစ်၊ ဆူပူ၊ ရမ်းကားမှု မရှိစေရဘူး။ အများသူငါ သွားလာလှုပ်ရှားနေတဲ့ လမ်းပေါ်မှာမိမိကြောင့်သော်လည်းကောင်း၊ မိမိရဲ့ပစ္စည်းတွေကြောင့်သော်လည်းကောင်း၊ ပိတ်ဆို့ဟန့်တားမှု မဖြစ်စေရဘူး။ ဒါတွေကိုလိုက်နာနိုင်ခြင်းဟာမွတ်ဆလင်မ်တစ်ယောက်အတွက် အစ္စလာမ့်တန်ဖိုးကိုဖော်ထုတ်ပြသခြင်းပါပဲ။
ဟုတ်ပါတယ်။ ဒီအာယသ်(၂၅း၆၃)ဟာလမ်းအသုံးပြုသူအားလုံးနဲ့ အကျုံးဝင်ပတ်သက်မှုရှိပါတယ်။ လက်တွေ့တစ်ခုကိုတင်ပြရမယ်ဆိုရင် အခုအချိန်မှာရန်ကုန်မြို့ဟာလမ်းမတိုင်းမှာကားတွေကြပ်နေပါတယ်။ အပေါ်ယံကြည့်မယ်ဆိုရင်တော့ ကားစီးနိုင်တာသူဌေးတွေပဲလေ။ လမ်းမမှာကားကြပ်တာသူဌေးတွေနဲ့ပဲဆိုင်တယ်ဆိုပြီးပြောလို့မရတော့ဘူး။ အမှန်ကတော့ သူဌေးတွေနဲ့ ဆိုင်သလိုဆင်းရဲသားတွေနဲ့ တစ်နည်းအားဖြင့် ကိုယ်ပိုင်ကားမစီးနိုင်သူတွေနဲ့ ပိုပြီးတောင် သက်ဆိုင်တယ်လို့ ကျနော့်အတွေ့အကြုံအရပြောပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ ဆင်ခြေဖုံးအရပ်မှာနေထိုင်သူအတော်များများဟာ မြို့လယ်ခေါင်ဖြစ်တဲ့ Down Town မှာအလုပ်ဆင်းရတာများပါတယ်။ ဥပမာလှိုင်သာယာမြို့နယ်ကလူတစ်ယောက်ဟာရန်ကုန်မြို့ထဲကိုအလုပ်ဆင်းမယ်ဆိုရင် အခုယာဉ်ကြောကျပ်တဲ့ ပုံစံနဲ့ဆို (၂)နာရီလောက် အချိန်ယူရပါတယ်။ အလုပ်ပြီးလို့ အိမ်ပြန်မယ်ဆိုရင်လည်း (၂)နာရီကြာမယ်။ အဲ့ဒီတော့ အသွားအပြန် ကားစီးချိန်ဟာ (၄)နာရီရှိသွားပါပြီ။ အဲဒီတော့ လူတစ်ယောက်ရဲ့အလုပ်ချိန်ဟာ (၈)နာရီသတ်မှတ်ထားရာမှာသူ့ရဲ့လမ်းခရီးကြာချိန်ဟာ (၄)နာရီပေါ့။ ဆိုလိုတာကလူတစ်ယောက်ဟာသူရဲ့အလုပ်ချိန်ရဲ့ တစ်ဝက် လောက်ကိုကားပေါ်မှာဒုက္ခရောက်ရပါတယ်။ ဒါဆိုရင် လူတစ်ယောက်ရဲ့လုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့အချိန်ဟာတစ်နေ့ မှာ (၁၂)နာရီဖြစ်မနေဘူးလား။ သူ(၁၂)နာရီအချိန်ပေးလိုက်ရလို့ လုပ်အားခဘယ်သူကပိုပေးမလဲ။
ဒီနေရာမှာယာဉ်ကြောတွေ ဘာကြောင့်ကျပ်ရတာလဲဆိုတဲ့ မေးခွန်းကိုဖြေကြည့်ဖို့လိုပါလိမ့်မယ်။ ကျနော့်ရဲ့အထင် ကတော့ ဒီကနေ့ ယာဉ်ကြောတွေ ကျပ်ရခြင်းမှာအပိုင်း(၂)ပိုင်းရှိပါတယ်။ ပထမအပိုင်းကတော့ အုပ်ချုပ်သူတွေရဲ့ ပေါ်လစီအမှားကြောင့် ဖြစ်ပါတယ်။ အခုတော့ သူတို့လည်းသူတို့လမ်းကြောင်းနဲ့တော့ ဖြေရှင်းနေပါပြီ။
ဒုတိယအပိုင်းကတော့ ယာဉ်မောင်းသူတွေရဲ့ စည်းကမ်းမဲ့မှုပါ။ မိမိရဲ့ယာဉ်ကိုလမ်းဘေးကပ်မရပ်ဘူး။ ဥပဒေအရဆိုရင် မော်တော်ယာဉ်တစ်စီးဟာပလက်ဖောင်းရဲ့ တစ်ပေထက် ခွာပြီးရပ်ထားခွင့် မရှိပါဘူး။ တစ်ပေထက်ပိုခွာပြီးရပ်ခြင်းဟာယာဉ်စည်းကမ်းကိုချိုးဖောက်တာပဲ။ နောက်ပြီးယာဉ်တွေမီးပွိုင့်စောင့်နေတဲ့အချိန်မှာလမ်းပြောင်းပြန်မောင်းပြီးယာဉ်ကြော အတင်းဝင်လုတာ၊ ယာဉ်ကို နှစ်ထပ်၊ သုံးထပ်ရပ်ထားတာ၊ လူကူမျဉ်းကြားပေါ်မှာစည်းမဲ့ကမ်းမဲ့ရပ်ထားတာ၊ မီးပွိုင့်ဧရိယာမှာရပ်ထားတာ၊ အများကြီးပါပဲ။ ဒါတွေအားလုံးဟာအများပြည်သူသွားလာအသုံးပြုနေတဲ့ လမ်းတွေအပေါ်မှာတစ်ပါးသူကိုအနှောင့်အယှက်ဖြစ်စေတာကြောင့် ကျနော်တင်ပြခဲ့တဲ့ ကုရ်အာန်(၂၅း၆၃)က လမ်းညွှန်တဲ့ မိမိကြောင့် တစ်ပါးသူအနှောင့် အယှက်မဖြစ်စေရဘူးဆိုတဲ့ သဘောကိုထင်ဟပ်ပေါ်လွင်စေပါတယ်။ ဒီလိုပြုအမူ၊ အလေ့အထမျိုးတွေကိုကျနော်တို့ အစ္စ လာမ်ဘာသာဝင်တွေက ရှက်စရာ၊ ရွံမုန်းစရာအဖြစ် သဘောထားရပါလိမ့်မယ်။ဒီလိုအလုပ်မျိုးကိုဘယ်သူလုပ်လုပ် ကျနော်တို့ ကျမ်းမြတ်ကုရ်အာန်ကို သက်ဝင်ယုံကြည်တဲ့ အစ္စလာမ်ဘာသာဝင်တွေက် မလုပ်ရဘူး။ ဒါဆိုရင် ကုရ်အာန်ကပြောတဲ့ `အနန္တမေတ္တာတော်ရှင်၏ နာခံတော်များသည်ကား၊ ကမ္ဘာမြေပေါ်၌ လှုပ်ရှားသွားလာရာဝယ် ဟီရိသြတပ္ပတရားကိုလက် ကိုင်ထားသူများဖြစ်ကြသည်။´ ဆိုတဲ့ ကုရ်အာန်အာယသ်တော်တစ်ခုကိုလက်တွေ့အကောင်အထည်ဖော်ဖို့ လိုပါတယ်။
ဒါဟာဟီရိသြတပ္ပတရားကိုလက်ကိုင်ထားခြင်းပါ။ နိုင်ငံကြီးသားပီသခြင်းပါပဲ။ ဒီကနေ့ ကမ္ဘာ့ပညာရှင်များက Citizenship လို့ ခေါ်တဲ့ နိုင်ငံသားဖြစ်ခြင်းသတ်မှတ်ရာမှာဘယ်လောက်နိုင်ငံကြီးသားပီသသလဲဆိုတဲ့အချက်ပေါ်မှာအခြေ ပြုပါတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ဖြစ်မှ နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ခပ်ညံ့ညံ့အယူအဆကိုလက်မခံပါဘူး။ အဲဒီတော့ ကျနော်တို့ မွတ်စလင်မ်တွေ နိုင်ငံကြီးသားပီသအောင် နေထိုင်ပြလိုက်ပါ။ ဒါဟာကျမ်းမြတ်ကုရ်အာန်ကရည်ညွှန်းတဲ့ `အစ္စလာမ့်တန်ဖိုး´ဖြစ်ပါတယ်။
အခုကျနော်တင်ပြနေတဲ့ ကုရ်အာန်(၂၅း၆၃)မှာထပ်မံတင်ပြစရာအချက်တစ်ချက်ကျန်ပါသေးတယ်။ အဲဒါက
`သူတို့သည် အသိတရားမဲ့သူ `ဂျာဟိလ်´များနှင့်ပင်ဖြစ်စေ၊ အပြန်အလှန်ပြောဆိုသောအခါ ငြိမ်းချမ်းသော၊အမုန်းကင်းမဲ့သောစကားကိုသာပြောဆိုကြလေသည်။´
ဒီအပိုင်းကိုကျနော်ဆက်လက်တင်ပြပါမယ်။ ဒီနေရာမှာ `ဂျာဟိလ်´ဆိုတဲ့ သဘောကိုရှင်းပြလိုပါတယ်။ `ဂျာဟိလ်´ ဆိုတဲ့ အရဗီစကားမှာအဓိပ္ပါယ်နှစ်မျိုး၊ သုံးမျိုးရှိတဲ့အထဲမှာ `အစွန်းရောက်သူများ´ဆိုတဲ့ အဓိပ္ပါယ်ဟာ တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ အဲဒီတော့ ဘာသာတရားတိုင်းမှာအစွန်းရောက်သူတွေဆိုတာရှိကြပါတယ်။ အစွန်းရောက်သူတစ်စုကြောင့် ဘာသာတရားတစ်ခုကိုအပြစ်ပုံချမယ်ဆိုတာမဖြစ်သင့်ပါဘူး။ ဘာသာတရားတစ်ခုကိုတိုက်ခိုက်ခြင်း၊ အပုပ်ချပြောကြားခြင်း၊ ဆိုတာဟာအစွန်းရောက်သူတွေရဲ့လုပ်ရပ်ပါ။
ကုရ်အာန်(၂၅း၆၃)က ပြဌာန်းထားတာကတော့ ဘယ်လိုအစွန်းရောက်သူတွေနဲ့ဖြစ်စေ၊ ပြောဆိုဆက်ဆံရာမှာအမုန်းမပွားစေပဲ၊ ငြိမ်းချမ်းမှုကိုသာရှေးရှုပြီးထိရောက်၊ တိကျ၊ မျှတတဲ့ စကားကိုပဲပြောရမယ်လို့ ပြဌာန်းထားပါတယ်။ မွတ်စလင်မ် ဆိုတာကိုယ့်ကိုတစ်ဖက်ကမိုက်မိုက်ရိုင်းရိုင်းပြောပြော၊ ကိုယ်ကမိုက်မိုက်ရိုင်းရိုင်း ပြန်မပြောရဘူး။ ဘယ်လောက်ပဲဆဲဆဲကိုယ်က ပြန်မဆဲရဘူး။ အေးအေးဆေးဆေးပဲ ပြန်ပြောရမယ်။ ရှင်းပြရမယ်။ မရဘူးဆိုရင် လှည့်ထွက်သွားရုံပါပဲ။ ဒီကနေ့ Online အသုံးအနှုံးနဲ့ပြောရရင် Block လိုက်မယ်ပေါ့ဗျာ။ ဒါဟာအစ္စလာမ်ရဲ့တန်ဖိုးပါ။အချိန်ပြည့်သွားပြီဖြစ်လို့ နောက်ထပ်အပိုင်းများကိုနောက်ခွတ္တဗါဟ်တွေမှာဆက်လက်တင်ပြသွားပါမယ်။ ဆလာမ်း…..