အစ္စလာမ်၏ ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက် အပိုင်း(၁) မုဖ်သီဦးစန်းအောင်(B.Sc)
အစ္စလာမ်၏ ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်
အပိုင်း(၁)
အလ္လာဟ်အရှင်မြတ်အား အိဘာဒသ်ပြုရန် ရောက်ရှိလာကြတဲ့ လေးစားအပ်ပါသော မွတ်ဆလင်မ်အမျိုး သား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျာ
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ဒီကနေ့ (၈.၁၁.၂၀၁၃) သောကြာခွတ္တဗါဟ်မှာ ကျနော်တင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်ကတော့ “ အစ္စလာမ်၏ ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ် ကန့်သတ်ချက် ” ဆိုတဲ့ခေါင်းစဉ် အပိုင်း(၁)ပဲ ဖြစ်ပါတယ်။
အမှန်တကယ်မှာတော့ ကျနော်တို့ (၅၉)လမ်း ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်အနေနဲ့ ဒီအကြောင်းအရာကို `အစ္စလာမ်နှင့်ထိမ်းမြားလက်ထပ်ခြင်း´ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြိမ်ကြိမ်တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ ဒါဆိုရင် ဒီလိုအကြိမ်ကြိမ်တင်ပြပြီးတဲ့ အကြောင်းအရာတစ်ခုကို ဘာကြောင့်ထပ်ပြီး တင်ပြဟောကြား ရသလဲဆိုရင်တော့ ဒီကနေ့ ကျနော်တင်ပြမယ့်အပိုင်းမှာ ဘိုခါရီကျမ်းနဲ့ မွတ်ဆလင်မ် ဟဒီးဆ်ကျမ်းတွေမှာပါရှိတဲ့ `တမန်တော်မြတ်(ဆွ)သည် မွတ်ဆလင်မ်တို့ရဲ့ မိခင်မွန်ကြီး အာအိရှာသခင်မကို (၉)နှစ်အရွယ်မှာ လက်ထပ်ထိမ်း မြားတယ်’ ဆိုပြီးမှတ်တမ်းတင်ထားတဲ့အပေါ်မှာ ဒီမှတ်တမ်းတင်ချက် မှန်သည်၊ မှားသည်ကို ပြန်လည်သုံးသပ်နိုင်ပါ ရန်အတွက် ဒီခေါင်းစဉ်ကို ရွေးချယ်တင်ပြရခြင်းဖြစ်ပါတယ်။
ဒီကိစ္စနဲ့၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးလည်း အခြားဘာသာဝင်များသာမက ခေတ်အဆက်ဆက်မှာ ရှိခဲ့တဲ့ မွတ်ဆလင်မ်အချို့သည်ပင်လျှင် စောဒကတက်ခဲ့သည်များ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မည်သို့ပင်ဆိုစေ အမှန် တကယ်သာ တမန်တော်မြတ်(ဆွ)သည် မိခင်မွန် အာအိရှာသခင်မကို (၉)နှစ်သမီးအရွယ်မှာ ထိမ်းမြားခဲ့တယ် ဆိုရင်တော့ ဘယ်သူတွေ ကန့်ကွက်ကန့်ကွက်၊ ဘယ်သူတွေ ဝေဖန်ဝေဖန် ဒီအဆိုကို (Absolute Truth) အမှန်တရား၊ သစ္စာတရားအဖြစ် လက်ခံဖို့ တာဝန်ရှိသွားပါလိမ့်မယ်။
ဒါပေမဲ့ ကျနော့အနေနဲ့ ဒီကိစ္စမှာ ကြိုတင်အသိပေးလိုတာ တစ်ခုရှိပါတယ်။ ကျနော်တို့ (၅၉)လမ်း ဂျမာအသ်သားတွေကို အပြင်မှာ မလိုတမာပြောဆိုမှုတွေ ရှိနေပါတယ်။ ဘာလဲဆိုတော့ “ (၅၉)လမ်းက တမန်တော်ဟဒီးဆ်ကို ငြင်းပယ်နေပါတယ် ” တဲ့။ ဒီစွပ်စွဲချက်ကို ကျနော် လုံးဝငြင်းပယ်လိုက်ပါတယ်။ ရှုံ့ချလိုက်ပါ တယ်။ တမန်တော်ဟဒီးဆ်ကို ငြင်းပယ်ခြင်းသည် တမန်တော်ကို ငြင်းပယ်ခြင်းဖြစ်၍ `ကာဖိရ်´ဖြစ်တယ်ဆိုတာကို ကျနော်တို့ အရင်တုန်းကလည်း ကြေညာခဲ့သလို အခုလည်း ကြေညာပါတယ်။ ဒီကြေညာချက်ကို ကျနော်တို့ ဘယ်တော့မှ ရုပ်သိမ်းမှာမဟုတ်ပါဘူး။ ဒါ ကျနော်တို့ရဲ့ယုံကြည်ချက်ပါ။
အေး။ ဒါပေမဲ့ လူတွေ`ဟဒီးဆ်´လို့ ပြောဆိုလက်ခံထားတဲ့ အချက်တစ်ခုသည် ကျမ်းမြတ်ကုရ်အာန်နဲ့ ဆန့်ကျင်၊ သွေဖည်လာမယ်ဆိုရင်တော့ ဒါဟာ တမန်တော်မြတ်ရဲ့ `ဟဒီးဆ်´တစ်ပုဒ်ဖြစ်ခြင်း၊ မဖြစ်ခြင်းကိုတော့ ကျနော်တို့ စဉ်းစားရတော့မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ တမန်တော်မြတ်(ဆွ)ဟာ ဘယ်သောအခါမှ ကျမ်းမြတ် ကုရ်အာန်ကို တစ်နည်းအားဖြင့် အလ္လာဟ့်ပြဌာန်းချက်ကို မဆန့်ကျင်၊ မသွေဖည်ဘူးလို့ ကျနော်တို့ ယုံကြည်လက်ခံ ထားလို့ပဲဖြစ်ပါတယ်။ ဒီယုံကြည်ချက်ကို ကျနော်တို့(၅၉)လမ်း ဂျမာအသ်သားတွေက ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ဒီနေရာမှာ ကျနော်ပြောချင်၊ တင်ပြချင်တာ တမန်တော်`ဟဒီးဆ်´ကို ငြင်းပယ်ခြင်း နဲ့၊ ဒါဟာ ကုရ်အာန်ကို သွေဖည်နေတဲ့အတွက် တမန်တော်ဟဒီးဆ်မဖြစ်နိုင်ဘူး လို့ စောဒကတက်ခြင်းတို့ဟာ အဓိပ္ပါယ်အရ ရော၊ သဘောတရားအရရော လုံးဝကွာခြားပါတယ်။ ကျနော်တို့က ကုရ်အာန်ကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်ထားတဲ့အပေါ်မှာ ဒါဟာ တမန်တော်မြတ်ရဲ့ ပြောဆိုချက်မဟုတ်ဘူး၊ လုပ်ရပ်မဟုတ်ဘူးလို့ စောဒကတက်နေတာပါ။ ဒီလိုစောဒကတက်မှုတွေဟာ ဒီကနေ့ ဘိုခါရီ၊ မွတ်ဆလင်မ်၊ တိရ်မေဇီ အစရှိတဲ့ ဟဒီးဆ် ကျမ်းတွေကို အကြွင်းမဲ့ယုံကြည်ပါတယ်ဆိုတဲ့ မွတ်ဆလင်မ်အစုအဖွဲ့တွေထဲမှာလည်း ရှိကြပါတယ်။ အစုအဖွဲ့တစ် ခုက လက်ခံထားတဲ့ ဟဒီးဆ်တစ်ရပ်ကို နောက်အစုအဖွဲ့တစ်ရပ်က လက်မခံတာမျိုးပါ။
အမှန်တကယ်မှာတော့ ဒီလိုလက်မခံခြင်းဟာ တမန်တော်မြတ်(ဆွ)ကို လက်မခံခြင်းမဟုတ်ဘဲ ဒီ`ဟဒီးဆ်´ဟာ တမန်တော်မြတ်ရဲ့ ပြောစကား၊ တမန်တော်မြတ်ရဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ငြင်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒီ`ဟဒီးဆ်´တွေကို စုဆောင်းခဲ့သူများကိုယ်တိုင် သူတို့လက်မခံခဲ့တဲ့၊ သူတို့ ငြင်းပယ်ခဲ့တဲ့`ဟဒီးဆ်´ တွေရှိပါတယ်။ အမှန်တကယ်တော့ သမိုင်းအထောက်အထားများအရဆိုရင် သူတို့ပြုစုမှတ်တမ်းတင်ထားတဲ့ `ဟဒီးဆ်´အရေအတွက်ထက် သူတို့ငြင်းပယ်လိုက်တဲ့`ဟဒီးဆ်´အရေအတွက်က ပိုများပါတယ်။ ဒါကိုလေ့လာ ကြည့်မယ်ဆိုရင် ဒီပုဂ္ဂိုလ်ကြီးတွေဟာ တမန်တော်မြတ်ကို ငြင်းပယ်ခြင်းလုံးဝမဟုတ်ဘဲ၊ တမန်တော်မြတ်ရဲ့ `ဟဒီးဆ်´မဟုတ်ဘူးလို့ ငြင်းပယ်ခြင်းသာဖြစ်ပါတယ်။
ဆက်လက်ပြီး ခွတ္တဗါဟ်ရဲ့နိဒါန်းပိုင်းမှာ ကျနော် ရွတ်ဖတ်ပြသွားတဲ့ ဆူရာဟ်(၂၄) အာယတ်(၂၅)ကို ရှင်းလင်းပြပါမယ်။
“ ထိုသောအခါ၌ သင်တို့သည် ယင်းကိစ္စကို သင်တို့၏ နှုတ်လျှာများဖြင့် လက်ခံပြောဆိုနေကြ၏။ ထို့ပြင် သင်တို့သည် သင်တို့၏ပါးစပ်များဖြင့် သင်တို့မသိသည့် အကြောင်းကိစ္စကို ပြောဆိုနေကြခြင်းသာဖြစ်သည်။ ယင်းကိစ္စကို သင်တို့က ပေါ့ပေါ့တန်တန်၊ သာမန်ကိစ္စတစ်ရပ်ဟု ထင်မှတ်နေကြသည်။ အမှန်တကယ်၌ ယင်းကိစ္စ သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ကြီးကျယ်လှသော ကိစ္စပင်ဖြစ်သည် ” ( ကုရ်အာန် – ၂၄း၁၅ )
ဒီအာယတ်တော်ကို လေ့လာကြည်လိုက်မယ်ဆိုရင် လူတွေဟာ ဘာအထောက်အထားမှမရှိဘဲ မိမိတို့ရဲ့ တင်ပြချက်တွေကို မိမိတို့ရဲ့နှုတ်လျှာများနဲ့ အမှန်တရားကို ကျောခိုင်းပြီး ငြင်းခုံပြောဆိုနေခြင်းကို အလ္လာဟ်အရှင် မြတ်က မနှစ်သက်ကြောင်း အတိအကျ ရည်ညွှန်းနေခြင်းပဲ ဖြစ်ပါတယ်။
ဒီကနေ့ မွတ်ဆလင်မ်အတော်များများက လက်ခံယုံကြည်ထားတဲ့ ဘိုခါရီနဲ့ မွတ်ဆလင်မ်ကျမ်းပါ `တမန်တော်မြတ်(ဆွ)သည် မိခင်မွန်ကြီးအာအိရှာသခင်မကို (၉)နှစ်အရွယ်မှာ ထိမ်းမြားခဲ့ခြင်းနဲ့ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်ရဲ့ ပြဌာန်းချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြပါမယ်။ အချို့ကဆိုရင် အာအိရှာသခင်မကို (၆)နှစ်မှာ ထိမ်းမြားပြီး (၉)နှစ်မှာ အခန်းအပ်တယ်လို့တောင် ပြောဆိုကြပါတယ်။ ပိုဆိုးတာပေါ့ဗျာ။
ကျမ်းမြတ်ကုရ်အာန်က ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ်ကန့်သတ်မှုကို ဘယ်လိုသတ်မှတ်ပေးထား သလဲဆိုတာ လေ့လာကြည့်ကြပါစို့။ ကျမ်းမြတ်ကုရ်အာန်မှာ `နိကာဟ်´ ထိမ်းမြားလက်ထပ်မယ့် အမျိုးသမီးတိုင်း ကို `နေဆားအွန်´ လို့ပဲ ရည်ညွှန်းသုံးနှုံးထားတာကို တွေ့ရပါတယ်။ ဥပမာပေါ့ဗျာ။ ကုရ်အာန် ဆူရာဟ်(၄)၊ အာယသ်(၄)မှာ ဒီလိုပြဆိုထားပါတယ်။
“ သင်တို့သည် (မိမိတို့၏) ဇနီးမိန်းမတို့အား သူမတို့၏ `မဟာရ်´ကို ကြည်ဖြူစွာ ပေးကြကုန်လော့ … ” ( ကုရ်အာန် – ၄း၎ )
ဒီကုရ်အာန် (၄း၎)မှာ ဇနီးမိန်းမဆိုတဲ့စကားလုံးကို `နေဆားအွန်´ဆိုပြီး သုံးနှုံးထားတာ တွေ့ရပါတယ်။ တစ်နည်းအားဖြင့် နိကာဟ် – ထိမ်းမြားမယ့်အမျိုးသမီးကို ကြည်ကြည်ဖြူဖြူနဲ့၊ စိတ်ပါလက်ပါနဲ့ `မဟာရ်´ပေးဖို့ ပြဌာန်းထားတာပါ။ အရဗီဝေါဟာရ `နေဆားအွန်´ ဆိုတာက အင်္ဂလိပ်လို Girl -ဆိုတဲ့ မိန်းကလေးကို ရည်ညွှန်းနေခြင်း မဟုတ်ပါ။ Woman – ဆိုတဲ့ အမျိုးသမီးကို ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်က အရဗီဝေါဟာရတွေကို တိတိကျကျ သုံးနှုံးထားပါတယ်။ ကုရ်အာန် ဆူရာဟ်(၄)၊ အာယသ်(၆)မှာဆိုရင် အသက်ပြည့်၊ အရွယ်ရောက်ခြင်း ကို ဒီလိုသတ်မှတ်ထားပါတယ်။
“ ၎င်းပြင် သင်တို့သည် မိဘမဲ့ကလေးများ (၏ အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်၊ အရွယ် ရောက်လာသည့်တိုင်အောင် ထင်ထင်ရှားရှား စီစစ်ကြလေကုန်။ ထိုနောက် အကယ်၍ အသင်တို့သည် ထိုမိဘမဲ့ ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရားရှိသည်ကို တွေ့ရှိသော် သူတို့အား သူတို့ပိုင်ဥစ္စာပစ္စည်းများကို ပေးအပ် ကြလေကုန်။ ” (ကုရ်အာန် – ၄း၆)
ဒီအာယသ်(၄း၆)ဟာ ပိုင်ဆိုင်မှုတစ်စုံတစ်ရာရှိသော မိဘမဲ့ကလေးများနဲ့ပတ်သက်ပြီး ကလေးများ အသက်အရွယ်မပြည့်ခင်မှာ သူတို့ပိုင်ဆိုင်မှုကို တစ်ဦးတစ်ယောက်က ထိန်းသိမ်းထားပြီး၊ အရွယ်ရောက် အသက် ပြည့်သွားတဲ့အချိန်မှာ ပိုင်ဆိုင်မှုတွေကိုပြန်ပေးဖို့ ပြဌာန်းထားတဲ့ပြဌာန်းချက်ပါ။ ကုရ်အာန်ရဲ့ဒီအာယသ်က အသက် ပြည့်ပြီး၊ အရွယ်ရောက်ခြင်းကို ပြဌာန်းတဲ့နေရာမှာ အင်မတန်မှ ရှင်းလင်းပြတ်သားလှပါတယ်။ ဒီအာယသ်တော်မှာ `ဗလဂူး´ ဆိုတဲ့ဝေါဟာရနဲ့ `ရွရှ်(ဒ)´ဆိုတဲ့ အရဗီဝေါဟာရ(၂)ခုကို တွေ့ရပါတယ်။ ဒီအရဗီဝေါဟာရ(၂)ခုက အရွယ်ရောက်၊ အသက်ပြည့်ခြင်းကို တိတိကျကျ ရည်ညွှန်းပြဌာန်းထားပါတယ်။ ဒီအာယတ်တော်မှာပါရှိတဲ့ ဝေါဟာရ(၂)ခုအရ ပညာရှင်ကြီးများက `အစ္စလာမ်၏ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်´ကို ဒီလို သတ်မှတ်ပြုစုပေးခဲ့ပါတယ်။
“ အစ္စလာမ့်တရားတော်အရ အရွယ်ရောက်၊ အသက်ပြည့်ခြင်းကို အောက်ပါအတိုင်း သတ်မှတ်သည် ”
ဆင်းနွလ်ဗုလူဂ်း – The age of puberty
ဆင်းနွလ်ရွရှ်(ဒ်) – The age of discretion (or) age of majority
The age of puberty ဆိုတာက လူလားမြောက်၊ အရွယ်ရောက်ခြင်းကို ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ ဥပမာ- အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးပြီး သဘာဝအတိုင်း ဓမ္မတာစက်ဝန်း လည်ပတ်ရမယ်။ ကိုယ်ဝန်ကို လွယ်ထမ်းပြီး မွေးဖွားနိုင်ရမယ့်အနေအထားပေါ့။
The age of discretion ဆိုတာက စဉ်းစားတွေးခေါ်၊ ပိုင်းဆ ဆုံးဖြတ်နိုင်တဲ့အနေအထားကို ရည်ညွှန်းပါတယ်။ ဒီအပိုင်းမှာတော့ လူတစ်ယောက်ခြင်းရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုမှာ အတွေ့အကြုံဆိုတာက အရေးကြီးတဲ့ အခန်းကဏ္ဍ က ပါဝင်ပါတယ်။ တစ်ဖက်က ကြည့်ပြန်ရင်လည်း အတွေ့အကြုံဆိုတဲ့သဘောမှာ အသက်အရွယ်က အခြေခံဖြစ် ပါတယ်။ အသက်အရွယ်ကြီးလာလေလေ၊ အတွေ့အကြုံပိုများလေလေ ဖြစ်ပါတယ်။ အတွေ့အကြုံအပေါ်မှာ စဉ်းစားဆင်ခြင်နိုင်မှု ရင့်ကျက်လာတဲ့အတွက် အသက်အရွယ် သတ်မှတ်ချက်ကလည်း အရေးကြီးပါတယ်။ အသက်ပြည့်ခြင်းနဲ့ပတ်သက်ပြီး အစ္စလာမ့်ဥပဒေပညာရှင်တွေက အနည်းဆုံး(၁၅)နှစ် သတ်မှတ်ထားတာရှိသလို (၁၈)နှစ်အောက် မဖြစ်စေရဆိုတဲ့ သတ်မှတ်ချက်ကလည်း ရှိပါတယ်။
ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်ရဲ့ပြဌာန်းချက်ကို အခြေပြုပြီး အစ္စလာမ့်ဥပဒေ ထုတ်ပြန်ထားချက်က ထိမ်းမြားလက်ထပ်မှုကိစ္စမှာ သော်လည်းကောင်း၊ ပိုင်ဆိုင်မှုကို ပြန်လည်လွှဲပြောင်းရယူနိုင်ခြင်းကိစ္စမှာ သော်လည်း ကောင်း၊ အမွေခွဲဝေ လက်ခံရယူနိုင်မှုကိစ္စမှာ သော်လည်းကောင်း၊ The age of puberty – လူလားမြောက် အရွယ် ရောက်ခြင်း နဲ့ The age of discretion – တွေးခေါ်မြှော်မြင်နိုင်တဲ့ အသက်အပိုင်းအခြား ဆိုတဲ့ ကဏ္ဍ(၂)ရပ်ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ အရဗီသဒ္ဒါစာပေအရ လူလားမြောက်၊ အရွယ်ရောက်ပြီး အသက်ပြည့်သူ ယောက်ျားကို `ရဂျိုလွန်´လို့ သုံးနှုံးပြီး၊ အမျိုးသမီးကိုတော့ `နေဆားအွန်´လို့ သုံးနှုံးရေးသားပါတယ်။
အဲဒီတော့ ထိမ်းမြားနေကာဟ်ပြုကြမယ့် အမျိုးသားရော၊ အမျိုးသမီးရောဟာ စဉ်းစားတွေးခေါ်နိုင်ဖို့၊ အတွေ့အကြုံရှိဖို့၊ ဆင်ခြင်တုံတရားရှိဖို့၊ လိုအပ်ပါတယ်။ ဥပမာ- အမျိုးသမီး တစ်ယောက်ဆိုပါတော့။ သူမဟာ လူလားမြောက်၊ အရွယ် ရောက်ပြီ။ ကိုယ်ခန္ဓာကလည်း ဖွံ့ဖြိုးနေပြီ။ ဓမ္မတာစက်ဝန်းကလည်း လည်ပတ်နေပြီ။ ဒါပေမဲ့ သူ့ဆီမှာ တွေးခေါ် မြှော်မြင်၊ ခွဲခြမ်းသုံးသပ်နိုင်တဲ့ အသက်အရွယ်မရောက်သေးရင် ကျမ်းမြတ်ကုရ်အာန် သတ်မှတ်ချက်အရ ထိမ်းမြား ခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ပြုတယ်ဆိုတာက အင်မတန်ကြီးလေးတဲ့ တာဝန်တစ်ရပ်ကို ထမ်းဆောင်ရမှာဖြစ်လို့ သူမဟာ စဉ်းစားတွေးခေါ်နိုင်ဖို့၊ အတွေ့အကြုံရှိဖို့ အများကြီးလိုအပ်ပါတယ်။
အလားတူပါပဲ။ အမျိုးသမီးတစ်ယောက်ဟာ အသက်တော့ပြည့်ပါပြီ။ စဉ်းစားတွေးဆနိုင်တဲ့ အနေအထား လည်းရှိတယ်။ ဒါပေမဲ့ သူမဟာ လူလားမမြောက်ဘဲ ခန္ဓာကိုယ်ဟာ သဘာဝလိုအပ်ချက်နဲ့အညီ မဖွံ့ဖြိုးရင်၊ ဓမ္မတာ စက်ဝန်း မလည်ပတ်နိုင်ရင်၊ ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိနေမယ်ဆိုရင်လည်း နိကာဟ်ထိမ်းမြားဖို့ဆိုတာက အဟန့်အတားတစ်ရပ် ရှိနေပါလိမ့်မယ်။
ဒါကြောင့် အစ္စလာမ့်ဥပေဒအရ ထိမ်းမြားလက်ထပ်မည့်သူ နှစ်ဦးနှစ်ဖက်လုံးသည်
(၁) ဆင်းနွလ်ဗုလူဂ်း (The age of puberty) လို့ခေါ်တဲ့ အရွယ်ရောက်၊ လူလားမြောက်ရပါမယ်။
(၂) ဆင်းနွလ်ရွရှ်(ဒ်) (The age of discretion) လို့ခေါ်တဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့အသက် ပြည့်ရပါလိမ့်မယ်။
အဲဒီတော့ တစ်ချို့ကလည်း တမန်တော်မြတ်ဟာ အသက်(၉)နှစ်ပဲရှိတဲ့ အာအိရှာသခင်မကို ထိမ်းမြား တယ်ဆိုတဲ့ `ဟဒီးဆ်´ဟာ အကြွင်းမဲ့မှန်ကန်ပါတယ်။ `ဆွဟီ´ဖြစ်ပါတယ်လို့ စောဒကတက်ကြပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်က အာအိရှာသခင်မဟာ (၉)နှစ်သမီးနဲ့ အပျိုဖြစ်တယ်။ ဓမ္မတာစက်ဝန်းလည်ပတ်တယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အာအိရှာသခင်မနေထိုင်တဲ့ အရပ်ဒေသဟာ ပူပြင်းတဲ့ရာသီရှိလို့ မိန်းကလေးတွေ (၈)နှစ် (၉)နှစ်ဆိုရင် အပျိုဖြစ်ပြီတဲ့။ ဒါကြောင့် အပျိုဖြစ်လို့ တမန်တော်မြတ်က ထိမ်းမြားလိုက်တာတဲ့။ ကျနော်ကတော့ (နအူးဇိုဗိလ္လာဟိ မင်းဇားလိက်) လို့ပဲ ဆိုပါရစေ။ ဒါဆိုရင် အာရဗ်မှာ အခုလဲ ရာသီဥတုပူပြင်းတာပဲ။ အခုရော (၈)နှစ် (၉)နှစ် မိန်းကလေးတွေက အပျိုဖြစ်နေတုန်းပဲလား။
အဲ … တစ်ယောက်ကတော့ ပြောတယ်ဗျ။ အခုတော့ အာရဗ်နိုင်ငံမှာ လေးအေးစက် (Air-con) တွေ တပ်လိုက်လို့ အေးသွားပြီတဲ့။ ဒါကြောင့် (၈)နှစ် (၉)နှစ်နဲ့ အပျိုမဖြစ်တော့ဘူးတဲ့။ ထားလိုက်ပါတော့ဗျာ။ ဒီနေရာမှာ သခင်မကြီး အာအိရှာဟာ (၉)နှစ်မှာ လူလားမြောက်၊ အရွယ်ရောက်ပြီး `ဆင်းနွလ်ဗုလူဂ်း´ ဖြစ်တယ်။ ထားလိုက်ပါ။ ဒါပေမဲ့ `ဆင်းနွလ်ရွရှ်(ဒ)´ လို့ခေါ်တဲ့ အိမ်တော်တစ်ခုကို ထိန်းသိမ်းကြီးကြပ်ဖို့ တွေးခေါ်၊ မြော်မြင်နိုင် စွမ်းရှိပါ့မလားဆိုတဲ့မေးခွန်းက ၀င်လာမှာပါ။ တချို့ စာရေးဆရာတွေကဆိုရင် တမန်တော်မြတ်(ဆွ)က `အာအိ ရှာ´သခင်မနဲ့ လက်ထပ်တဲ့အချိန်မှာ `အာအိရှာ´သခင်မဟာ အရုပ်ကလေးတွေနဲ့ကစားနေလို့ တမန်တော် မြတ် (ဆွ)က တော်တော်စိတ်ရှည်သည်းခံခဲ့ရတယ်လို့ ရေးခဲ့တာတောင်ရှိပါတယ်။
ဒီနေရာမှာ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိပါတယ်။ တမန်တော်မြတ်(ဆွ)ဟာ တမန်တော် တာဝန်သက် တမ်းကာလတစ်ခုလုံးမှာ ရန်သူများနဲ့ ၀ိုင်းပတ်ခံနေရပါတယ်။ ရန်သူတွေဟာ တမန်တော်မြတ်ကို မျက်လုံး ဒေါက် ထောက်စောင့်ကြည့်ခဲ့ပါတယ်။ အမှားကိုစောင့်နေတာပါ။ တမန်တော်မြတ် တစ်ခုတလေမှားတာနဲ့ သူတို့က ထအော်ကြမှာပါ။ ဒါပေမယ့် ရန်သူဘက်က ဘာသံမှ ဒီကိစ္စနဲ့ပတ်သက်ပြီး မထွက်ခဲ့ပါဘူး။ အစ္စလာမ်ကို မလိုလား တဲ့ ဂျူးနဲ့ ခရစ်ယာန်မှာ တမန်တော်မြတ် (၉)နှစ်သမီးကို လက်ထပ်ခဲ့တယ်ဆိုတဲ့ သမိုင်းမရှိခဲ့ပါဘူး။ သူတို့က တမန်တော်မြတ်ကို Child-marriage နဲ့ပတ်သက်ပြီး အပုပ်ချချင်ရင် ဒီဟဒီးဆ်ကိုပဲ ထောက်ပြကိုးကားခဲ့ကြပါ တယ်။
ကျွန်တော် သုံးသပ်ပြချင်တာကတော့ (၉)နှစ်သမီးပျို အာအိရှာသခင်မဟာ ဘိုခါရီနဲ့ မွတ်ဆလင်မ်ဟဒီးဆ် အရ တမန်တော်မြတ်နဲ့ လက်ထပ်ပါတယ်ဆိုတဲ့အချိန်မှာ ကုရ်အာန်က ရည်ညွှန်းသုံးနှုန်းနေတဲ့ `နေဆားအ်´ဆိုတဲ့ ဝေါဟာရနဲ့မကိုက်ညီသေးပါဘူး။ ဒါကို ကျွန်တော်တို့သတိပြုဖို့လိုတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ။ တမန်တော်မြတ် ကြီးရဲ့လုပ်ရပ်တစ်ခုဟာ ကုရ်အာန်နဲ့မကိုက်ညီရင်လည်း ကိစ္စမရှိပါဘူးကွာဆိုရင်တော့ ကျွန်တော်တို့လည်း မတတ် နိုင်ပါဘူး။
( ဆက်လက်ဟောကြားတင်ပြသွားပါမည်။ )