အစ္စလာမ်၏ ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက် အပိုင်း(၂) မုဖ်သီဦးစန်းအောင်(B.Sc)

အစ္စလာမ်၏ ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ်ကန့်သတ်ချက်

အပိုင်း(၂)

လေးစားချစ်ခင်ရပါသော မွတ်ဆလင်မ် ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ  ၀ဘရကာသုဟု´

        ဒီကနေ့ (၁၅.၁၁.၂၀၁၃) သောကြာခွတ္တဗါဟ်မှာ ကျနော်တင်ပြမယ့် ခွတ္တဗါဟ်ရဲ့ခေါင်းစဉ်ကတော့                   “ အစ္စလာမ်၏ ထိမ်းမြားမှုဆိုင်ရာ အသက်အရွယ် ကန့်သတ်ချက် ” ဆိုတဲ့ခေါင်းစဉ် အပိုင်း(၂)ပဲ ဖြစ်ပါတယ်။ အပိုင်း(၁)ကိုတော့ (၈.၁၁.၂၀၁၃)မှာ ကျနော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။

          ရှေးဦးစွာ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၄) အာယသ်တော်(၁၉)ကို ရှင်းလင်းတင်ပြပါရစေ။ ဒီအာယသ် တော်ကို ခွတ္တဗါဟ်ရဲ့နိဒါန်းပိုင်းမှာ ကျနော် ရွတ်ဖတ်ခဲ့ပြီးဖြစ်ပါတယ်။

          “ ဧကန်အမှန်ပင် ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်သူတို့၏အတွင်း၌ ညစ်ညမ်းယုတ်မာသော အကြောင်းအရာများကို ပြန့်ပွားသွားစေရန် လိုလားနှစ်သက်လျက်ရှိပေသည်။ ထိုသူတို့အတွက် မျက်မှောက်ကာလ၌ လည်းကောင်း၊ အနာဂတ်ကာလ၌ လည်းကောင်း ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်များရှိလေသည်။ အလ္လာဟ် အရှင်မြတ်သည် အကြွင်းမဲ့သိမြင်တော်မူသော အရှင်ဖြစ်၍ သင်တို့သည်ကား အကြွင်းမဲ့ သိမြင်ကြသူများမဟုတ်ပေ”  (ကုရ်အာန် – ၂၄း၁၉)

          ဒီအာယသ်တော်အရဆိုရင် အလ္လာဟ်အရှင်မြတ်သည် မမှန်မကန်ပြောဆိုမှု၊ ညစ်ညမ်းသောပြောဆိုမှု၊ တစ်ဖက်သားကို စိတ်ထိခိုက် နစ်နာမုန်းတီးသွားစေသောပြောဆိုမှု (Hate Speech) အစရှိသည်တို့ကို မလိုလား သလို ဒီလိုပြုမူကျင့်ကြံမှုတွေ၊ မှတ်တမ်းမှတ်ရာတွေကိုလည်း မလိုလားဘူးဆိုတာ ထင်ရှားပါတယ်။ သို့သော် အလ္လာဟ်အရှင်မြတ်က မည်သို့ပင် မလိုလားစေကာမူ ဒီလိုညစ်ညမ်းတဲ့ကိစ္စတွေ၊ အကြောင်းအရာတွေ၊ အပြုအမူ တွေကို အစ္စလာမ်ရဲ့ယုံကြည်ချက်ဆိုင်ရာ ပရ၀ုဏ်ထဲမှာ ပျံ့နှံ့သွားအောင်၊ စွဲထင်နေအောင်၊ ယုံကြည်သက်ဝင်နေ အောင် ပြုလုပ်နေတဲ့ လူတစ်စုရှိနေတာကို ဒီအာယတ်(၂၄း၁၉)က မီးမောင်းထိုးပြနေပါတယ်။

          ဒါပေမဲ့ ကျနော်တို့ဟာ ဖြေရှင်းရ အင်မတန်ခက်ခဲတဲ့ အခြေအနေဆိုးတစ်ရပ်ကို ရင်ဆိုင်နေရပါတယ်။ ဘာကိုရည်ညွှန်းပါသလဲလို့မေးလာရင်တော့  ကျနော်တို့ ဦးထိပ်ပန်ဆင်ထားတဲ့ အစ္စလာမ်၊ ကျနော်တို့ ဦးထိပ်ပန် ဆင်ထားတဲ့ ကျနော်တို့ရဲ့တမန်တော်မုဟမ္မဒ်၊ ဒီအစ္စလာမ်နဲ့ ဒီတမန်တော်ဟာ လုပ်ကြံမှုများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။ ပုံစံအမျိုးမျိုးသော ညစ်ညမ်းမှုတွေရဲ့အောက်မှာ စွပ်စွဲ၊ လုပ်ကြံခံနေရပါတယ်။ အဆိုးဆုံးအခြေအနေ တစ်ရပ်ကတော့ အင်မတန်မှ သန့်ရှင်းစင်ကြယ်လှတဲ့ အစ္စလာမ်ရဲ့မြေဆီလွှာပေါ်မှာ လူယုတ်မာတွေက မကောင်း တဲ့အပင် လာစိုက်တာကို ကျနော်တို့မွတ်ဆလင်မ်တွေက အပင်ရှင်သန်အောင်၊ ကြီးထွားဖွံ့ဖြိုးလာအောင်၊ ရေလောင်းပေးနေရပါတယ်။ ပိုဆိုးတာက ဒီအပင်တွေကို ဖျက်ပစ်ဖို့မပြောနဲ့။ မျက်စောင်းထိုးလိုက်ရုံမျှနဲ့ အစ္စလာမ် ဘာသာရဲ့ပြင်ပကို ချက်ခြင်းရောက်သွားပါတော့တယ်။

          တစ်ချိန်က အင်မတန်မှ စည်းလုံးညီညွတ်ခဲ့တဲ့အစ္စလာမ်၊ အင်မတန်မှ အင်အားကြီးခဲ့တဲ့အစ္စလာမ်၊ အင်မတန်မှ တန်ခိုးသြဇာကြီးမားခဲ့တဲ့အစ္စလာမ်၊ ဒီကနေ့ ဘယ်အခြေအနေကို ရောက်နေသလဲဆိုတာ အားလုံး သိကြပါတယ်။ မမှန်ကန်တဲ့ အယူအစွဲတွေ၊ ဆန္ဒတွေ၊ အာဃာတတွေကြောင့် မွတ်ဆလင်မ်တွေရဲ့ဒေသတွေဟာ မီးလောင်နေပါတယ်။ ဒီကြားထဲ (၇၃)သင်းကွဲသွားရမယ်ဆိုတဲ့ အဆိုတစ်ရပ်ကလည်း ကိုယ်နဲ့ကိုယ့်မိသားစုတေဟာ အတူတကွမှ ရှိကြပါရဲ့လား ဆိုတဲ့ သံသယကို ဖြစ်ပေါ်တိုးပွားစေတဲ့အတွက် `အစ္စလာမ့်မိသားစုဆိုတာ ဘာလဲ´ ဆိုတဲ့မေးခွန်းကို ထုတ်မိပြန်ပါတယ်။

          အစ္စလာမ်သည် လုပ်ကြံခံရမှုများအနက် စာပေအားဖြင့် လုပ်ကြံခံရမှုဟာ အမြင့်မားဆုံးသော အခြေအနေ မှာရှိပါတယ်။ ဘယ်အခြေအနေအထိရှိသလဲဆိုရင် အစ္စလာမ့်ရန်သူတွေရဲ့ စာပေအားဖြင့် လုပ်ကြံမှုဟာ မွတ်ဆလင်မ်တွေရဲ့ ယုံကြည်ချက်ပိုင်းဆိုင်ရာအထိကို လွှမ်းမိုးဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော် တို့ရင်ဆိုင်ဖြေရှင်းနေရတဲ့ `တမန်တော်မြတ်(ဆွ)သည် (၉)နှစ်အရွယ် သမီးပျိုကို လက်ထပ်ထိမ်းမြားခဲ့သည်´ ဆိုတဲ့ ပြဿနာဟာ အစ္စလာမ့်ရန်သူတွေက စာပေအားဖြင့် လုပ်ကြံမှုအပေါ်မှာ ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တစ်ရပ်ပါပဲ။ ဒီလိုအကျိုးဆက်တွေ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းအတွင်းမှာ အများကြီးရှိပါတယ်။

ဥပမာပေါ့ဗျာ။ (၇၃)သင်းကွဲ မယ်ဆိုတဲ့ကိစ္စကို လေ့လာကြည့်ပါ။ ဒီကိစ္စဟာ မွတ်ဆလင်မ်အများစုရဲ့ အီမာန်ယုံကြည်ချက်ထဲမှာ နေရာဝင်ယူ ထားပြီးဖြစ်ပါတယ်။ ဒါဆိုရင် ကျနော်တို့ မွတ်ဆလင်မ်တွေအနေနဲ့ ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်တဲ့ `အွမ္မသေ့ ၀ါဟေဒါဟ်´ တစ်စုတစ်စည်းတည်းသော လူ့အဖွဲ့အစည်း ဆိုတာ ကို ဘယ်လိုဖော်ဆောင်နိုင်တော့မှာလဲ။ `အွမ္မသေ ၀ါဟေဒါဟ်´လို့ခေါ်တဲ့ တစ်စုတစ်စည်းတည်းသော လူ့အဖွဲ့ အစည်းကို တည်ဆောက်ရေးမှာ မတူကွဲပြားခြင်းဆိုတဲ့ Diversity ရဲ့သဘောကို နားလည်အသိအမှတ်ပြု လက်ခံ ပေးရမယ်။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် နားလည်အသိအမှတ်ပြုခြင်း (Mutual understanding) ကို တည် ဆောက်ရမယ်။

ဒါပေမဲ့ ခက်တာက `(၇၃)သင်းကွဲမယ်။ အဲဒီက တစ်သင်းပဲ ဂျန္နသ်အမတသုခဘုံကို ၀င်ရမယ်´ ဆိုတာက ကျန်တဲ့(၇၂)သင်းလုံး ငရဲပြည်ရောက်မယ်။ လမ်းမှားနေတဲ့ အစုအဖွဲ့တွေ၊ ရန်သူစာရင်းသွင်းရမယ့်လူတွေ၊ ဒီလူတွေကို ဆန့်ကျင်ကြ၊ အမြစ်ပြတ် ချေမှုန်းကြ။ ဒါတမန်တော်ရဲ့ ဟဒီးဆ်ဆိုတော့လဲ အစ္စလာမ်သည် လူ့တန်ဖိုး (Human Value) ၊ ပြည်သူ့တန်ဖိုး (Civic Value) တွေကို ဘယ်လိုသဘောထားသလဲဆိုတဲ့ မေးခွန်းနဲ့ ထိပ်တိုက်ရင်ဆိုင် လာရပါတော့တယ်။ လူ့တန်ဖိုးတို့၊ ပြည်သူ့တန်ဖိုးတို့ဆိုတာက ကုရ်အာန်ကရည်ညွှန်းတဲ့ `အွမ္မသေ ၀ါဟေဒါဟ်´ တည်ဆောက်ရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတဲ့ ရည်ညွှန်းကိန်း(Index)တွေပါ။

အဲဒီတော့ မွတ်ဆလင်မ်တွေရဲ့(၇၃)သင်းဇာတ်လမ်းက `မွတ်ဆလင်မ်ဆိုတာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ သဘောထားတဲ့ လူ့အစုအဖွဲ့တစ်ရပ်လား´ဆိုပြီး မေးခွန်းထုတ်ခံရပါလိမ့်မယ်။ ဒါက ခွဲခြားဆက်ဆံခြင်း (Discrimination) သဘောဖြစ်နေပါတယ်။ ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်နေတဲ့ `အွမ္မသေ ၀ါဟေဒါဟ်´ တစ်စုတစ်စည်း တည်းသော လူ့အဖွဲ့အစည်းရဲ့ အနှစ်သဘောက Discrimination လို့ခေါ်တဲ့ ခွဲခြားဆက်ဆံခြင်းဆိုတဲ့ သဘော တရားနဲ့ လုံးဝဆန့်ကျင်ဘက်ပါ။ တမန်တော်မြတ်(ဆွ)ဟာ ကျမ်းမြတ်ကုရ်အာန်နဲ့ ဘယ်တော့မှ မဆန့်ကျင်ပါဘူး။ ဒီတော့ ဒီလိုစကားမျိုးတွေ၊ ဒီလို လုပ်ရပ်မျိုးတွေ၊ ဒီလိုဟဒီးဆ်မျိုးတွေကို တမန်တော်မြတ်က ကုရ်အာန်နဲ့ဆန့်ကျင် ပြီး ဘယ်တော့မှမရည်ရွယ်ဘူး။  ဘယ်တော့မှမပြောဘူး။ ဆိုလိုတာက ဒီအဆိုဟာ တမန်တော်ဟဒီးဆ်မဟုတ်ဘူး လို့ ငြင်းဆိုခြင်းဖြစ်ပါတယ်။ ဒီလို ငြင်းဆိုခြင်းဟာ တမန်တော်မြတ်ကို ငြင်းဆိုခြင်းမဟုတ်ပါဆိုတာကို ခွဲခြားသိမြင်ဖို့ လိုပါတယ်။

ဒီနေရာမှာ သမိုင်းဆိုင်ရာ အချက်အလက်တစ်ရပ်ကို တင်ပြပါရစေ။ အလ္လာဟ်အရှင်မြတ်က ဂျူးတွေကို တစ်ချိန်တုံးက တော်တော်မျက်နှာပေးခဲ့ပါတယ်။ ကူညီခဲ့ပါတယ်။ ရှေ့တမန်တော်အဆက်ဆက်ဟာ ဂျူးလူမျိုးထဲ ကပဲ ပွင့်ပေါ်စေခဲ့ပါတယ်။ ဒီအပေါ်မှာ ဂျူးလူမျိုးတွေဟာ ဘ၀င်မြင့်ပြီး `ဒို့လူမျိုး၊ ဒို့အုပ်စုသည် ဘုရားသခင်၏ ရွေး ချယ်ခံလူမျိုးဖြစ်၍ အမြင့်မြတ်ဆုံးဖြစ်သည်’ ဆိုပြီး ကျန်လူမျိုးတွေကို ခွဲခြားဆက်ဆံ (Discriminate) လုပ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ဂျူးလူမျိုးတွေဟာ ငရဲမီးတွင်းထဲ ကျခဲ့ရပါတယ်။ ဒုက္ခတွေအများကြီး ဖြစ်ခဲ့ရပါတယ်။

အလ္လာဟ်အရှင်မြတ်က ဂျူးတို့ရဲ့ ဒီလိုခွဲခြားဆက်ဆံမှုကို မနှစ်သက်ခဲ့ပါဘူး။ ဒီနောက် တမန်တော်မြတ် (ဆွ)ကို စေလွှတ်ပြီး၊ တမန်တော်မြတ်ရဲ့ အွမ္မသ်ထုတစ်ရပ်ကို ထူထောင်စေခဲ့ပါတယ်။ ဒါပေမဲ့ တမန်တော်မြတ် `၀ဖါးသ်´ကွယ်လွန်ပြီးနောက်မှာ တမန်တော်မြတ်ရဲ့ အွမ္မသ်ဝင်တွေကလည်း `(၇၃)သင်းကွဲမယ်။ အဲဒီမှာ တစ်သင်းပဲ ဂျန္နသ်ဝင်ရမယ်။ ကျန်တဲ့(၇၂)သင်းက ငရဲပြည်သွားရမယ်´ဆိုတဲ့မူဝါဒကို အသက်သွင်းလာမယ်ဆိုရင် ကျနော်တို့လည်း ဂျူးတွေနဲ့ဘာကွာတော့မလဲ။ ကျနော်တို့လည်း ဂျူးတွေသက်ဆင်းခဲ့ရတဲ့ ဒုက္ခတွင်းထဲကို ရောက် ရမှာပါပဲ။

ဒီကနေ့ ကမ္ဘာ့နေရာအနှံ့အပြားမှာ မွတ်ဆလင်မ်တွေရဲ့အခြေအနေ ဘယ်လိုရှိသလဲဆိုတာ လေ့လာကြည့် လိုက်ပေါ့။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ထဲမှာ ကျနော်တို့ကို `မွတ်ဆလင်မ်´လို့ အမည်ပေးထား တယ်။ ကျနော်တို့ကရော မိမိကိုယ်မိမိ ဘယ်လိုအမည်တွေ ခံယူထားသလဲ။ အလ္လာဟ်အရှင်မြတ်က ကျနော်တို့ကို `အွမ္မသေ ၀ါဟေဒါဟ်´ တစ်စုတစ်စည်းတည်းသော လူ့အဖွဲ့အစည်းကို အမည်ပေး တည်ဆောက်ခိုင်းတယ်။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့ကိုယ် ကျနော်တို့ `အဟ်လေ့စွန္နသ် ၀လ်ဂျမာအသ်´ဆိုပြီးတော့ ဂိုဏ်းတစ်ဂိုဏ်းကို ထူထောင်တယ်။ `အဟ်လေသဆနွန်း´တို့ `အဟ်လေသရှအီး´တို့ဆိုပြီး ဂိုဏ်းဖွဲ့ကြတယ်။ ဒီကနေ့ ကျနော်တို့ မွတ်ဆလင်မ်တွေ ကုရ်အာန်ကလမ်းညွှန်တဲ့ `အွမ္မသေ့ ၀ါဟေဒါဟ်´ဆိုတဲ့ တစ်စုတစ်စည်းတည်းသော လူ့အဖွဲ့ အစည်းတစ်ရပ်ကို ထူထောင်ပြလိုက်စမ်းပါ။ မနက်ဖြန်ဆိုရင် ကမ္ဘာ့လူသားထုတစ်ရပ်လုံးက လေးစားကြည်ညိုရ လောက်တဲ့ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါလိမ့်မယ်ခင်ဗျား။

လေးစားအပ်ပါသော ဂျမာအသ်သားများခင်ဗျား-

ဆက်လက်ပြီး ကျနော့်အနေနဲ့ တမန်တော်မြတ်(ဆွ)က အာအေရှာဟ်(ရဒွီ)ကို ထိမ်းမြားလက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး `ဘိုခါရီဟဒီးဆ်´ ကျမ်းမှာ ဘယ်လိုမှတ်တမ်းတင်ထားသလဲဆိုတာ တင်ပြပါရစေ။ ဘိုခါရီဟဒီးဆ် လက်ထပ်ထိမ်းမြားခြင်းကဏ္ဍ အမှတ်စဉ်(၆၄)မှာ

“ အာအေရှာဟ်(ရဒွီ)မှ ဆင့်ပြန်ပြောပြခဲ့သည်။ တမန်တော်မြတ်(ဆွ)သည် သူမအား (၆)နှစ်သမီးအရွယ်တွင် ထိမ်းမြားခဲ့ပြီး (၉)နှစ်သမီးအရွယ်တွင် မင်္ဂလာခန်းဝင်တော်မူခဲ့သည်။ ထို့နောက် ကိုယ်တော်မြတ်နှင့် (၉)နှစ်တိုင်တိုင် အတူရှိခဲ့ကြသည်။ ” 

ဒီဟဒီးဆ်နဲ့ပတ်သက်ပြီး တစ်နည်းအားဖြင့် `မတန် (Text)´အပိုင်းနဲ့ပတ်သက်ပြီး ခေတ်အဆက်ဆက်မှာ ကမ္ဘာနှင့်အ၀ှမ်းရှိ ပညာရှင်တွေ သုတေသီတွေဟာ ဝေဖန်ထောက်ပြမှုများ ရှိခဲ့ပါတယ်။ ဒီဟဒီးဆ်မှာပါရှိတဲ့ အာအေရှာဟ်သခင်မရဲ့ သက်တော် (၆)နှစ်တို့၊ (၉)နှစ်တို့ဆိုတာက ခေတ်အဆက်ဆက်မှာ မှတ်တမ်းတင်လာတဲ့ သမိုင်းသုတေ သီတွေရဲ့မှတ်တမ်းနဲ့ လုံးဝကွဲလွဲနေပါတယ်။ အထူးသဖြင့် ကျနော်အပိုင်း(၁)မှာ တင်ပြခဲ့သလို ကျမ်းမြတ်ကုရ်အာန် နဲ့ဆိုရင်လည်း လုံးဝကွဲလွဲနေပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ဒီကိစ္စဟာ ပေါ့ပေါ့တန် တန် သဘောထားလို့မရပါဘူး။ ဒီကိစ္စမှာ အဓိကပါဝင်နေတာက တမန်တော်မြတ်ကြီးဖြစ်နေပါတယ်။ အာအေရှာဟ်သခင်မဆိုတာကလည်း သက်ဝင်ယုံကြည်သူ `မုအ်မင်န်´အပေါင်းတို့ရဲ့ စံပြမိခင်မွန်ကြီးဖြစ်တယ်။

ဒီကိစ္စမှာ ဦးစီးဦးဆောင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်တဲ့ အာအေရှာဟ်သခင်မကြီးရဲ့ဖခင် `အဘူဘကရ် ဆွဒ္ဒီက်း´ ဆိုတာက အစ္စလာမ်ကို ပထမဦးဆုံးလက်ခံခဲ့တဲ့၊ `အီမာန်´ယူခဲ့တဲ့ပုဂ္ဂိုလ်ကြီး၊ တမန်တော်မြတ်ရဲ့ ငယ်ပေါင်းမိတ်ဆွေကြီး၊ အစ္စလာမ်ရဲ့ပထမဦးဆုံးသော သမ္မတကြီးဖြစ်နေပါတယ်။ တမန်တော်မြတ်(ဆွ)ဟာ အသက်မပြည့်သေးတဲ့ တစ်နည်းအားဖြင့် အရဗီဘာသာနဲ့ `ဆွဗီးယာဟ်´လို့ခေါ်တဲ့ မိန်းကလေးငယ်(Young Girl) တစ်ယောက်ကို ထိမ်းမြားလိုက်တယ်ဆိုတဲ့ ပုံဖော်ချက်က အစ္စလာမ်လူ့အဖွဲ့အစည်းမှာ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့တဲ့ ပုဂ္ဂိုလ်မြတ်ကြီးများရဲ့ပုံရိပ်ကို များစွာထိခိုက်စေပါတယ်။ အစ္စလာမ်ရဲ့ပုံရိပ်ကို ကျဆင်းစေပါတယ်။ ဒါဟာ စနစ်တကျအကွက်ဆင်ထားတဲ့ လုပ်ကြံမှုတစ်ခုလို့ ပြောလို့ရပါတယ်။

ဒီနေရာမှာ ကျနော့်အနေနဲ့ (၁၉၉၆၊ ဇန်န၀ါရီ၊ ဖေဖေါ်ဝါရီ)လထုတ် The Muslim Digest စာအုပ်ထဲက ရှာဟီရ်းနိယာဇီး (Shaheer Niyarzi) ရေးသားတဲ့ What is the real age of Aishah Siddiqh when she married Prophet Muhammad ခေါင်းစဉ်ပါဆောင်းပါးတစ်ပုဒ်ကို မှီငြမ်းတင်ပြပါရစေ။

ပညာရှင်အားလုံး၏ ညီမျှသောမှတ်တမ်းတစ်ခုအရဆိုရင် ကြင်ရာတော် အာအေရှာဟ်သခင်မဟာ တမန်တော်မြတ်ရဲ့သမီးတော် ဖါတွေမာဟ်(ရဒွီ)သခင်မထက် (၅)နှစ်ငယ်ပါတယ်။ ဖါတွေမာဟ်သခင်မသည် ဟစ်ဂျရီ(၁၁)ခုနှစ် သက်တော်(၃၂)နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒါဆိုရင် ဟစ်ဂျရီ(၁)ခုနှစ်မှာ ဖါတွေမာဟ်သခင်မရဲ့သက်တော်ဟာ(၂၁)နှစ်ဖြစ်ပါမယ်။ အသက်(၅)နှစ်ငယ်မယ်ဆိုတဲ့အပေါ်မှာ တွက်ကြည့်မယ်ဆိုရင် ဟစ်ဂျရီ(၁)ခုနှစ်မှာ တမန်တော်မြတ်(ဆွ)ကအာအေရှာဟ်သခင်မကို  နိကာဟ် ထိမ်းမြားမှုပြုတယ်ဆိုတော့ အဲဒီအချိန်မှာ အာအေရှာဟ်သခင်မရဲ့သက်တော်ဟာ (၁၆)နှစ်ဖြစ်ရပါမယ်။ (၆)နှစ် မဟုတ်ပါဘူး။

နောက်ထပ်သက်သေပြချက်တစ်ရပ်က- အာအေရှာဟ်သခင်မဟာ အစ်မတော်ဖြစ်တဲ့ `အဆ်မာဟ်´ သခင်မထက် (၁၀)နှစ်ငယ်ပါတယ်။ `အဆ်မာဟ်´သခင်မဟာ ဟစ်ဂျရီ(၇၃)ခုနှစ်မှာ သက်တော်(၁၀၀)နှစ်တိတိ ပြည့်ခဲ့တယ်ဆိုတော့ တွက်ချက်ကြည့်မယ်ဆိုရင် ဟစ်ဂျရီ(၁)ခုနှစ်မှာ `အဆ်မာဟ်´သခင်မရဲ့အသက်ဟာ (၂၇)နှစ် ဖြစ်ပါတယ်။ ဒါဆိုရင် အသက်(၁၀)နှစ်ငယ်တဲ့ အာအေရှာဟ်သခင်မဟာ ဟစ်ဂျရီ(၁)ခုနှစ် တစ်နည်းအားဖြင့် သခင်မကြီးကို တမန်တော်မြတ်ထိမ်းမြားတဲ့အချိန်မှာ အာအေရှာဟ်သခင်မရဲ့သက်တော်ဟာ (၁၇)နှစ်ဖြစ်ပါတယ်။ ဒါကြောင့် တမန်တော်မြတ်(ဆွ)ဟာ သက်တော်(၆)နှစ်သာရှိသေးတဲ့ အာအေရှာဟ်သခင်မကို ထိမ်းမြားတယ်ဆို တာ ဘယ်လိုမှမဟုတ်ပါဘူး။

သို့ဆိုလျှင် အီမာမ်ဘုခါရီ(ရဟ်)အပါအ၀င် အခြားပညာရှင်ကြီးတို့မှ ဤအမှားအယွင်းကို အသိမဲ့စွာ ထည့်သွင်းရေးသားခြင်းလော ဟူ၍ စဉ်းစားစရာဖြစ်လာနိုင်ပေသည်။ ဖြစ်နိုင်ချေရှိသော အကြောင်းရပ်တစ်ချို့ အပေါ် စဉ်းစားသုံးသပ်ကြည့်လိုက်သော် ဤသို့တွေ့ရပေမည်။

၁။ သမိုင်းကြောင်းများအရ ဟဒီးဆ်များအား ကျမ်းအသွင်ဖြင့် အိမာမ်မာလိက်၏ မုအ်သွာ ကျမ်းဟု သိရသော် လည်း အခန်းကဏ္ဍဖွဲ့စည်းတင်ပြပုံအရ လည်းကောင်း၊ ဟဒီးဆ်များမှ ပညတ်ချက်များထုတ်နိုင်အောင် လမ်းကြောင်းပြရာ၍လည်းကောင်း၊ (အထူးသဖြင့်) လက်ခံပြုစုရာတွင် ခိုင်လုံမှုရှိစေရန် အလွန်တင်းကြပ်စွာ သတ်မှတ်ထားသော စည်းကမ်းချက်ကြောင့် လည်းကောင်း၊ ဟဒီးဆ်ကျမ်းများအနက် ဘုခါရီသည် ထိပ်ဆုံးနေရာ ရောက်ခဲ့သည်။ အခိုင်လုံဆုံးကျမ်းတစ်ဆူ (ကျမ်းမြတ်ကုရ်အာန်ပြီးသည့်နောက် အမှန်ကန်ဆုံးသော လူရေးကျမ်း) အဖြစ် ယနေ့တိုင် သတ်မှတ်ခံရဆဲဖြစ်၏။ ဤသို့နှယ် အစဉ်အလာကြီးမြင့်သည့်ကျမ်းမှ အချက်အလက်ဖြစ်သည့် အတွက် မှားသည်ဟုမပြောဝံ့ခြင်း၊ ဆန်းစစ်ရန် မလိုအပ်တော့ဟု ယူဆကြခြင်းကြောင့် ဖြစ်တန်ရာ၏။

၂။ အခြားကျော်ကြားသည့် ဟဒီးဆ်ကျမ်းဂန်များမှာ ဘုခါရီ၏နောက်ပိုင်း ဆက်တိုက်ထွက်ပေါ်ခဲ့ကြသည်။ လူ့သဘာဝအလျောက် အများက မထိဝံ့သောကျမ်းတစ်စောင်မှ အမှားအယွင်းသည် အခြားကျမ်းများထံသို့ သြဇာ လွှမ်းကာ ကူးစက်ရောက်ရှိ မှတ်တမ်းတင်ခံရဖွယ်ရှိပါ၏။

၃။ အိမာမ်ဘုခါရီသည် ဟဒီးဆ်တော်နှစ်သိန်းအထိ ကျက်မှတ်ခဲ့ပြီး၊ ဟဒီးဆ်တော်တစ်သိန်းကို ရာဝီအစဉ်အဆက် ၏အမည်၊ ရာဇ၀င်နှင့်တကွ မမှားမယွင်း အလွတ်ရွတ်ပြနိုင်သော အံ့ဖွယ်ပါရမီရှင်၊ ထိတ်ထိတ်ကြဲပညာရှင် သဘ္ဘအ် သာဘိအီးန် အဆင့်ဝင်ပုဂ္ဂိုလ်ဖြစ်၏။ အိမာမ်ကြီး၏ထူးကဲသော မှတ်ဉာဏ်နှင့်ကိုယ်ကျင့်သီလ အရည်အသွေးအရ သူ၏မှတ်တမ်းတင်ကျမ်းကြီးမှ ဖော်ပြချက်သည် (သာမာန်အားဖြင့်) ချွတ်ချော်စရာ အကြောင်းမရှိနိုင်။ သို့ဆိုပါက ထိုသံသယဖြစ်ဖွယ်အချက်များသည် အိမာမ်သခင်ကြီး၏ ကိုယ်တိုင်ကိုယ်ကျ ရေးသားဖော်ပြမှုများမှ ဟုတ်ပါ လေစဟု စဉ်းစားဆင်ခြင်ရပေတော့မည်။

၎။ အိမာမ်ဘုခါရီ၏ အတ္ထုပ္ပတ္တိကို လေ့လာရာ၌ (ကျမ်းပြုပြီးနောက်) သခင်ကြီးမှ ကျင်လည်နေထိုင်ခဲ့သည့် ဒေသ သည် အီရန်နိုင်ငံဖြစ်၏။ ထိုခေတ်သမယတွင် ထိုဒေသတစ်ဝိုက်တွင် အာရဗ်အမျိုးသားရေးဝါဒ ဆန့်ကျင်မှု၊ (မုစ်လင်မ်တို့နှင့် ရောထွေးကာ) အစ္စလာမ်နှင့် ကုရ်အာန်ဆန့်ကျင်ရေးလှုပ်ရှားမှုများဖြင့် ရှုပ်ထွေးလျက်ရှိနေခဲ့၏။ ပုံနှိပ်စက်၊ စာကူးစက်များ စသည်တို့မှာမရှိသေး။ ကျမ်းဂန်ကို မိတ္တူပွားလိုက လက်ရေးဖြင့်ကူးယူကြရသဖြင့် စာကူးဆရာတို့၏ အခန်းကဏ္ဍရှိနေသည်။ ၎င်းတို့အားလုံး အရဗီကျွမ်းကျင်သော်လည်း မုစ်လင်မ်ဟုပြောရန် ခဲယဉ်း၏။ မုစ်လင်မ်မဟုတ်သူ စာကူးဆရာတစ်ဦးဦးက (အရဗီစကား – အရှရ) “တစ်ဆယ်” ဟူသောဝေါဟာရကိုချန်လှပ်ပြီး (၁၆/၁၉) အစား၊ (၆/၉)ဟု တမင်ရေးသွင်းလိုက်ခြင်း မဖြစ်နိုင်သလော။ သို့တည်းမဟုတ် လက်ဆင့်ကမ်း မိတ္တူပွားကူးယူကြ ရာမှ တစ်ဆင့်ဆင့်၌ စာကူးဆရာတစ်ဦး၏ ပေါ့လျော့မှားယွင်းမှုကြောင့် ကျန်ရစ်ခဲ့ကာ ထိုမှားယွင်းမှုကိုပင် အစဉ် အဆက် ထိန်းသိမ်းလာကြခြင်းလောဟူ၍ စဉ်းစားလာကြပေသည်။ ဤသို့အဖြေထုတ်ရခြင်းမှာ အိမာမ်ဘုခါရီ၏ မူရင်းလက်ရေးမူကို ယနေ့ထက်တိုင်ရှာမရဘဲ ပျောက်ဆုံးလျက်ရှိနေခြင်းကြောင့်ဖြစ်ပါ၏။

နိဂုံးချုပ်တင်ပြရမယ်ဆိုရင် ဒီကနေ့ အများသူငါစွပ်စွဲနေတဲ့ တမန်တော်မြတ်ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်ကို ထိမ်းမြားလက်ထပ်တယ်ဆိုတာ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ကို မွတ်ဆလင်မ်ထုတစ်ရပ်လုံး က သုံးသပ်ပေးရတော့မှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ `ဟဒီးဆ်´ကျမ်းတွေမှာပါရှိတဲ့ ကုရ်အာန်နဲ့မကိုက်ညီတဲ့ အချက်အလက်များကို ငြင်းပယ်ခြင်းသည် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ငြင်းပယ်ခြင်းမဟုတ်ကြောင်း အသိပေး ရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။