အစ္စလာမ်၏ လောကအမြင် ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အစ္စလာမ်၏ လောကအမြင်
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ယနေ့(၁၉.၂.၂၀၁၆)နေ့သောကြာ ဂျူမုအာဟ်ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုအပ်ပါတယ်။ ဒီကနေ့ ကျွန်တော်တင်ပြမယ့်ခေါင်းစဉ်ကတော့ အစ္စလာမ်ဟာ လောကကို ဘယ်လိုမြင်လဲဆိုတာနဲ့ပတ်သက်ပြီး တင်ပြသွားမှာဖြစ်ပါတယ်။ လောကအမြင်လို့ပြောတဲ့အတွက် ဒီလောကမှာရှိတဲ့ လူသားတွေနဲ့ပတ်သက်ပြီး အစ္စလာမ်ကဘယ်လိုမြင်သလဲ။ လူ့ဘ၀မှာကြုံတွေ့ရတဲ့ ဒုက္ခအခက် အခဲတွေနဲ့ပတ်သက်ပြီး အစ္စလာမ်က ဘယ်လိုမြင်လဲဆိုတာတွေကို ကျွန်တော်တင်ပြမှာဖြစ်ပါတယ်။
အစ္စလာမ်ရဲ့ လောကအမြင်ဟာ အင်မတန်မှကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့ ကျမ်းတော်မြတ်ကုရ်အာန် တစ်ခုလုံးဟာ အစ္စလာမ်ရဲ့လောကအမြင်ကို တင်ပြထားတာဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ အစ္စလာမ်ရဲ့လောကအမြင်ကို သောင်ဟီးဒ်ရဲ့ သဘောတရားနဲ့ စတင်ခဲ့ပါတယ်။ သောင်ဟီးဒ်ဆိုတာက အလ္လာဟ်တစ်ပါးတည်းကဘဲ ဒီလောကရဲ့ သဘာဝတရားကြီးကို စီမံချက် ချပြီးဆောင်ရွက်လုပ်ကိုင်နေတယ်ဆိုတဲ့ သဘောတရားပါ။ ဒီကုရ်အာန်ဟာ သောင်ဟီးဒ်သဘောတရားတစ်ခုလုံး ကို သင်ကြားပြသတဲ့နေရာမှာ ကျွန်တော့်အနေနဲ့ အခုလူသားတွေကို အစ္စလာမ်ကဘယ်လိုမြင်လဲဆိုတာကို စပြီးတင်ပြပါမယ်။
အစ္စလာမ်က လူသားတွေကို လူဖြစ်ခြင်း၊ တစ်ခုတည်းနဲ့ဂုဏ်သိက္ခာပေးပြီးသားဖြစ်ပါတယ်။ လူဖြစ်တာခြင်း အတူတူဖြစ်ပေမဲ့ တစ်ဦးကတစ်ဦးထက်ပိုပြီးမြင့်မြတ်တယ်ဆိုတာ တကယ့်အရှိတရားတွေပါ။ အဲဒီလိုမြင့်မြတ်မှုကို အစ္စလာမ် က ဆင်းရဲချမ်းသာနဲ့တိုင်းတာမဟုတ်၊ လူသားမျိုးနွယ်ရဲ့ ဇာတိကနေလည်း တိုင်းတာတာမဟုတ်၊ လူ့အသားရောင် နဲ့ တိုင်းတာတာလည်း မဟုတ်၊ ကျားမဆိုပြီး လိင်ခွဲခြားပြီးတိုင်းတာတာလည်းမဟုတ်ပါဘူး။ ကျမ်းမြတ်ကုရ်အာန် အရ သက္က၀ါ(သက္က၀ါဆိုတာကို အနီးစပ်ဆုံးပြောရရင် အကျင့်သီလ) အကျင့်သီလ အကောင်းဆုံးသူသာ အမြင့် မြတ်ဆုံးလူသားဖြစ်တယ်လို့ အစ္စလာမ်က သတ်မှတ်ထားပါတယ်။
လူတွေရဲ့ကျင့်ကြံ၊ ပြောဆို၊ နေထိုင်သွားလာမှုမှာ မူတည်ပြီးတော့ တစ်ဦးကတစ်ဦးထက် မြင့်မြတ်တာဖြစ် ပါတယ်။ အကျင့်အမူတွေအရ ကျမ်းတော်မြတ်ကုရ်အာန်မှာ လူတွေကို မုအ်မင်န်ရယ်၊ ကာဖိရ်ရယ်၊ မုနာဖိက်ရယ် ဆိုပြီးတော့ အမျိုးအစား(၃)မျိုးခွဲခြားထားပါတယ်။ လူရယ်လို့ဖြစ်လာရင် လူ့သဘာဝကို လေ့လာရင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရင် ကိုယ်ပေါင်းသင်းဆက်ဆံမယ့်လူက မုအ်မင်န်လား၊ ကာဖိရ်လား၊ မုနာဖိက်လားဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် မုအ်မင်န်ဖြစ်ချင်ရင် မုအ်မင်န်ရဲ့ အရည်အသွေးတွေကို လိုက်နာကျင့်ကြံဖို့ လိုအပ်သလို၊ ကာဖိရ်ဖြစ်တဲ့အတွက်လည်း သူ့ကိုပစ်ပယ်ထားဖို့ မဟုတ်ပါဘူး။ မုနာဖိက်ဖြစ်တဲ့အတွက်လည်း သူ့ကို ရှောင်ရှားဖို့မလိုပါဘူး။ ဒီလူတွေအားလုံးဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ အွမ္မသ်တွေဖြစ်တယ်။ အွမ္မသ်လို့ပြောလိုက်ရင်၊ တမန်တော်မြတ်နဗူဝသ်ရတဲ့ အချိန်ကနေစပြီးတော့ တစ်ကမ္ဘာလုံး မှာရှိတဲ့ လူသားအားလုံးဟာ တမန်တော်မြတ်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ် စေ၊ လက်မခံသည်ဖြစ်စေ လူသားအားလုံးဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်အဖွဲ့အစည်းဖြစ်ပါတယ်။ ကျမ်းမြတ် ကုရ်အာန်မှာ ဘယ်လောက်အထိပြောထားလဲဆိုရင် ငှက်တွေ၊ သဘာဝပတ်ဝန်းကျင်တွေသည်ပင်လျှင် အွမ္မသ်ဝင်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
လူသားကို အလ္လာဟ်အရှင်မြတ်က ခလီဖွာဆိုတဲ့တာဝန်ကို အပ်နှံထားပါတယ်။ ခလီဖွာဆိုတာ ကျွန်တော်တို့လူသားတွေ ထမ်းဆောင်ရမယ့် တာဝန်ဖြစ်ပါတယ်။ ဒါကို တချို့လူသားတွေက ငါတို့ဟာ ကမ္ဘာဂြိုဟ် ရဲ့ ခလီဖွာဖြစ်တဲ့အတွက် ကမ္ဘာဂြိုဟ်မှာ ငါတို့ကြိုက်သလို လုပ်ခွင့်ရှိတယ်။ လုပ်နိုင်စွမ်းရှိတယ်။ မှန်ပါတယ်။ လုပ်ခွင့်ရှိတယ်။ လုပ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် တာဝန်နဲ့တပါတည်း တာဝန်ယူမှုပါရှိလာတဲ့အတွက် အကျိုးဆက်တွေကိုလည်း ခံစားစံစားရမှာလည်းဖြစ်တယ်။ လူကလွဲရင် ကျန်တဲ့သက်ရှိသက်မဲ့တွေမှာ တာဝန်ယူမှု တာဝန်ခံမှု လုံးဝမရှိဘူး။ လူသားမှာပဲရှိတယ်။ လူသားဟာ မိမိနေထိုင်ရာ ကမ္ဘာမြေကြီးအတွက်ပင်လျှင် တာဝန်ယူရတယ်။ မိမိရဲ့သဘာဝ ပတ်ဝန်းကျင်မှာရှိတဲ့ တောတောင်ရေမြေ၊ နေ၊ လ၊ နက္ခတ်၊ တာရာတွေ အားလုံးအတွက်လည်း လူသားမှာ တာဝန်ရှိတယ်။
ဒီနေရာမှာ သမ္မတကြီးအုမရ်(ရ)ရဲ့ သမိုင်းဝင်စကားတစ်ခွန်းကို တင်ပြချင်ပါတယ်။ သမ္မတကြီးအုမရ်(ရ)သခင် သမ္မတတာဝန်ထမ်းဆောင်နေစဉ်မှာ ပြောခဲ့တာက ယူဖရေးတီးမြစ်ဝှမ်းမှာ ခွေးတစ်ကောင် အစာငတ်ပြီးသေသွားခဲ့မယ်ဆိုရင် ငါအုမရ်မှာတာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာအုပ်ချုပ်သူ ခလီဖွာဟ်တစ်ပါး ရဲ့ တာဝန်ကို ညွှန်းဆိုနေခြင်းဖြစ်ပါတယ်။ လူသားတိုင်းလူသားတိုင်း အလ္လာဟ်အပ်နှင်းထားတဲ့ ခလီဖွာဆိုတဲ့ တာဝန်ကို ထမ်းဆောင်ရတဲ့အတွက် ကမ္ဘာလောကကြီးရှင်သန်ရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့ရေး၊ ကျေးငှက် တိရစ္ဆာန်တွေ နေထိုင်ရှင်သန်ရေးတွေကို တာဝန်ယူရပါတယ်။ လူတွေရဲ့အဲဒီလို ထမ်းဆောင်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မုအ်မင်န်လို့သတ်မှတ်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ထင်နေတာက မုအ်မင်န်ဆိုတာ အလ္လာဟ်ကို ယုံကြည်ပြီးတော့ တမန်တော်မြတ်ကို ယုံကြည်ရင် မုအ်မင်န်လို့ခံယူထားကြတယ်။ ဒါက တကယ်လိုအပ်ပါတယ်။ အစ္စလာမ်ဖြစ်မှ မုအ်မင်န်ဖြစ်မယ်။ စစ်မှန်တဲ့အစ္စလာမ်ဖြစ်မှ မုအ်မင်န်ဖြစ်မယ်။ ဒါပေမယ့် တချို့တချို့လူတွေဟာ ငါမုအ်မင်န်ဖြစ်တယ်ဆိုပြီး ဒီလိုတာဝန်တွေကို ထမ်းဆောင်ရမှန်းမသိကြဘူး။ ဒါပေမယ့် တချို့တချို့လူတွေဟာ ငါမုအ်မင်န်ဖြစ်ပါတယ်လို့ မကြွေးကြော်ပဲနဲ့ မုအ်မင်န်တစ်ယောက်ထမ်းဆောင်ရမဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့လူတွေလည်းရှိပါတယ်။
မုအ်မင်န်ဆိုတာက မိမိကြောင့် မိမိပတ်ဝန်းကျင်ကို ငြိမ်းချမ်းသာယာစေရမယ်။ အဲဒီငြိမ်းချမ်းသာယာမှုကို မိမိလည်းခံစားရတဲ့လူကို မုအ်မင်န်လို့ခေါ်တယ်။ မုအ်မင်န်ဖြစ်ပါတယ်လို့ ကြွေးကြော်ပြီး မိမိကြောင့် မိမိ အိမ်နီးနားချင်းတွေ ဒုက္ခရောက်စေတယ်။ မိမိကြောင့်ရပ်ကွက်ဒုက္ခရောက်မယ။် မိမိကြောင့် မိမိတိုင်းပြည် ဒုက္ခရောက်မယ်ဆိုရင် သူဟာ မုအ်မင်န်တစ်ယောက် မဟုတ်နိုင်တော့ဘူး။ ဒါဟာ မိမိကိုယ်မိမိ မုအ်မင်န်တစ်ယောက်ဟုတ်၊ မဟုတ်၊ ဆန်းစစ်ရမယ့်အချက် ဖြစ်ပါတယ်။ ကျွန်တော်ကြောင့် တစုံတစ်ဦး ဒုက္ခရောက်နေတယ်ဆိုရင် ကျွန်တော်မုအ်မင်န်မဟုတ်သေးဘူး။
မုအ်မင်န်ဆိုတာက သူ့ရဲ့လုပ်ကိုင်ဆောင်ရွက်မှုအားလုံးဟာ ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေတယ်။ မွတ်ဆလင်မ်ကတော့ ဒီလိုငြိမ်းချမ်းရေးကိုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်နေတဲ့လူကို မွတ်ဆလင်မ်လို့ခေါ်ပါတယ်။ မုအ်မင်န်အုပ်စုထဲမှာ မွတ်ဆလင်မ်ပါမယ်။ ဆွာဒီကီန်ပါမယ်။ သူတို့တွေရဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာလောကကြီး ဟာ ငြိမ်းချမ်းသာယာနေမယ်။ ကမ္ဘာလောကကြီးမှာရှိတဲ့ သက်ရှိသက်မဲ့တွေရဲ့ ငြိမ်းချမ်းမှုကိုဖြစ်စေတယ်ဆိုရင် သူဟာမုအ်မင်န်ဖြစ်တယ်။ နောက်ဒုတိယလူတန်းစားက ကာဖိရ်။ ကာဖိရ်ဆိုတာ ကျွန်တော်တို့က မိစ္ဆာဒိဌိလို့ပြော တယ်။ ဒါဟာ အနီးစပ်ဆုံးမှန်ပါတယ်။ ဒါပေမယ့် ကုရ်အာန်ရဲ့ဆိုလိုချက်နဲ့တော့ တထပ်တည်းမကျဘူး။ မုအ်မင်န် ဆိုတာက အရှိတရားတွေကို ကောင်းကောင်းသိတယ်။ ကမ္ဘာလောကကြီးရဲ့ သဘာဝဓမ္မတွေကိုသိရှိပြီး အဲဒီ အတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့် အားလုံးကို ငြိမ်းချမ်းစေတယ်။ ကာဖိရ်က အရှိတရားကို ငြင်းဆန်သူ။ အရှိတရား ကို ဖုံးကွယ်သူ။ ဖုံးကွယ်ငြင်းဆန်ရင်းနဲ့သူ့ရဲ့လုပ်ရပ်တွေဟာ အဖျက်သဘောဆောင်တယ်။ ဒါပေမယ့် သူ့လုပ်ရပ်ဟာ အဖျက်လုပ်ငန်းတွေဖြစ်ပါတယ်ဆိုတာကို မသိတဲ့အပြင် သူကောင်းတာတွေလုပ်နေတာပါလို့တောင် ထင်နေ၊ ပြောနေတာဖြစ်တယ်။
ဒါကြောင့် အဖျက်လုပ်ရပ်ကို လက်မခံတဲ့လူ၊ အရှိတရားကို ငြင်းဆန်သူဟာ ကာဖိရ်ပဲဖြစ်တယ်။ နောက် တတိယအမျိုးအစားကတော့ မုနာဖိက်။ မုနာဖိက်ကတော့ ဘာယုံကြည်ချက်မှမရှိဘူး။ မုအ်မင်န်က ယုံကြည်ချက် ခိုင်မာတဲ့လူဖြစ်တယ်။ မုနာဖိက်က လောလောလတ်လတ် အကျိုးရှိဖို့ကိုဘဲ သူကြည့်တယ်။ ဟန်ဆောင်တယ်။ ဟန်ဆောင်လိမ်ညာပေါင်းစားမယ်။ သူ့ကြောင့် ဂိုဏ်းဂနကွဲမယ်။ သွေးကွဲသွားစေမယ်။ ဒါဆိုရင် အဲဒီလိုလူဟာ မုနာဖိက်ဘဲဖြစ်တယ်။ အဲဒီလို လူတန်းစား ၃ မျိုးကို အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထား တာကို တွေ့ရပါတယ်။
လူတွေကို အဲဒီလိုလူတန်းစား ၃ မျိုးခွဲခြားထားပေမယ့် ဘယ်သူဟာ ငြိမ်းချမ်းရေးဖော်ဆောင်သူ မုအ်မင်န် ဖြစ်တယ်။ ဘယ်သူဟာ အဖျက်လုပ်ရပ်ကို လုပ်နေတဲ့ကာဖိရ်ဖြစ်တယ်။ ဘယ်သူကတော့ ဟန်ဆောင်လိမ်ညာသူ မုနာဖိက်ဖြစ်တယ်ဆိုတာကို ထင်ရှားပေါ်လွင်မှုမရှိဘူး။ တခါတခါ ကိုယ်ကိုယ်တိုင်ပင်လျှင် ကိုယ့်ရဲ့လုပ်ရပ်ဟာ မုအ်မင်န်တို့ရဲ့လုပ်ရပ်၊ ကာဖိရ်တို့ရဲ့လုပ်ရပ်၊ မုနာဖိက်တို့ရဲ့လုပ်ရပ်ဖြစ်နေတတ်တယ်။ ဒါကြောင့် ကာဖိရ်လား၊ မုအ်မင်န်လား၊ မုနာဖိက်လားဆိုတာ ထင်ရှားပေါ်လွင်အောင် အချိန်ကာလတစ်ခုကို သတ်မှတ်ထားတယ်။
အဲဒီအချိန်ကာလက ဘာလဲဆိုတော့ သေခြင်းနှင့်ရှင်ခြင်းဆိုတဲ့ ကြားကာလအချိန်တစ်ခုကို သတ်မှတ် ထားတယ်။ ဒီသဘောတရားကို ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုဖော်ပြထားလဲဆိုရင် ကျမ်းမြတ်ကုရ်အာန် ၆၇း၁-၂ မှာ `အချုပ်အခြာအာဏာကို စိုးပိုင်တော်မူသောအရှင်ဟာ ကောင်းချီးမင်္ဂလာကို ဖြစ်စေတော်မူတဲ့အရှင်ဖြစ်တယ်။ အဲဒီအရှင်ဟာ အရာရာရဲ့စွမ်းအင်(သက္ကဒီရ်)တွေကို သတ်မှတ်ပိုင်းခြားထားတယ်။ သက္ကဒီရ်ကို သတ်မှတ်ထားတယ်။ အရာရာတိုင်းရဲ့ စွမ်းဆောင်နိုင်မှုတွေကို သတ်မှတ်ထားတော်မူတယ်။ အဲဒီအရှင်ဟာ ဘယ်သူသည် အကျင့်သီလ အားဖြင့် အကောင်းဆုံးဖြစ်တာကို ထင်ရှားပေါ်လွင်စေဖို့အတွက် (မောက်သ်နဲ့ဟယားသ်)သေခြင်းနဲ့ရှင်ခြင်း ဖြစ်ထွန်း ပေါ်ပေါက်စေထားတော်မူတယ်။´
ဒီအာယသ်တော်မှာပါတဲ့ ထင်ရှားပေါ်လွင်စေခြင်းဆိုတဲ့ဟာကို အရဗီက ဘယ်လိုပြောလဲဆိုရင် လိယသ်လုကွန်မ်လို့ ပြောထားတယ်။ အဲဒီစကားလုံးရဲ့ ရင်းမြစ်ဝေါဟာရက ဘ-လ-၀ဖြစ်တယ်။ ကျွန်တော်တို့ သိတယ်။ ဘလာ။ ကျွန်တော်တို့ပြောနေကြဖြစ်တဲ့ `ဘလာ မုစီဘသ်´ဆိုရင်တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တဲ့အရာ၊ ဘေးဒုက္ခအန္တရာယ် ဆိုးရွားစွာကျရောက်နေပြီဆိုရင် ကျွန်တော်တို့ ဘာလာမူစီဘသ်တွေ ကျရောက်နေပြီလို့ ပြောကြတယ်။ ဒါကြောင့် ကျွန်တော်တို့ မွေးဖွားချိန်မှစလို့ သေဆုံးကွယ်လွန်ချိန်ကြားကာလဟာ ကျွန်တော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ထင်ရှားပေါ်လွင်စေဖို့ သတ်မှတ်ထားခြင်းဖြစ်တယ်။ ဒါကို တချို့က အလ္လာဟ်အရှင်မြတ် က စမ်းသပ်တော်မူရန် အလို့ငှာရှင်ခြင်း၊ သေခြင်းကို သတ်မှတ်ပြဌာန်းတော်မူသည်လို့ ဘာသာပြန်ထားပါတယ်။
အဲဒီဘာသာပြန်ချက်ဟာ အလ္လာဟ်ရဲ့ဂုဏ်တော်ဖြစ်တဲ့ `အလ်လာမာ အူယုဗ်´ကို ဆန့်ကျင်သလိုဖြစ် တယ်။ ကျမ်းမြတ်ကုရ်အာန်ထဲက ဆူရာဟ်တွေထဲမှ ဆူရာဟ် ၅း၁၀၉ မှာ `အလ်လာမာ အူယုဗ်´ `အလ္လာဟ်အရှင်မြတ်သည် လျှို့ဝှက်၊ သိပ်သည်းနက်နဲ ဖုံးကွယ်နေတဲ့ အရာအားလုံးကို ချွင်းချက်မရှိသိရှိတော်မူသောအရှင်´လို့ ဖော်ပြထားပါတယ်။ အဲဒီလို အရာရာကို ချွင်းချက်မရှိ သိရှိတော်မူသောအရှင်က စမ်းသပ်တော်မူတယ်ဆိုပြီး သုံးစွဲမယ်ဆိုရင် အလ္လာဟ်ရဲ့ ဂုဏ်တော်ကို ကျွန်တော်တို့ နားမလည်ရာ မယုံကြည်ရာရောက်မယ်။ အလ္လာဟ်ဟာမည်သူ့ကို မဆို၊ မည်သည့်ကိစ္စကိုမဆို စမ်းသပ်နေရန်မလို၊ အကြွင်းမဲ့သိရှိတော်မူသော အရှင်ဖြစ်တယ်။
ဒါကြောင့် ဒီနေရာမှာ ကျွန်တော်က အဘိဓါန်သုတေသီတွေရဲ့ စကားလုံးကို ကိုးကားပြီးတော့ `ထင်ရှား ပေါ်လွင်စေရန် အလို့ငှာ´လူသားကို သေခြင်း၊ ရှင်ခြင်းကို သတ်မှတ်ပြဌာန်းထားတယ်လို့ ဘာသာပြန်ဆိုခြင်းဖြစ် ပါတယ်။ အဘိဓါန်သုတေသီ ရာဂီဘ်က ဘလာဆိုတဲ့ စကားလုံးကိုလူတို့၏ အရည်အသွေးကို ထင်ရှားပေါ်လွင်လာ စေရန် အခက်အခဲ အကြပ်အတည်းများကြုံတွေ့စေခြင်းလို့ ဖော်ပြထားပါတယ်။ ဒါက နံပါတ် ၁၊ နံပါတ် ၂ အဓိပ္ပါယ် က `ဟောင်းနွမ်းဆွေးမြည့်သွားခြင်း´လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် `အသင်တို့အနက် မည်သူသည် အကျင့် သီလကောင်းမွန်သည်ကို ထင်ရှားပေါ်လွင်စေရန် အလို့ငှာ ရှင်ခြင်းနှင့်သေခြင်းကို ပြဌာန်းထားသည်လို့ဖော်ညွှန်း နေပါတယ်။
လူတွေဟာ အခက်အခဲအကျပ်အတည်းကြုံလာမှ မိမိရဲ့အရည်အသွေး အစစ်အမှန်ပေါ်လာမှာဖြစ်တယ်။ လူတိုင်းလူတိုင်း ပြဿနာတွေကို နိစ္စဓူဝ ရင်ဆိုင်နေကြရတယ်။ ပြဿနာတစ်ခုရှင်းလိုက်တာနဲ့ ပြီးမသွားဘဲ နောက်ထပ် နောက်ထပ် ပြဿနာအသစ်တွေနဲ့ ကြုံရစမြဲဖြစ်တယ်။ အဲဒီလို ဆင်းရဲ၊ ဒုက္ခတွေကို ရင်ဆိုင်ရတဲ့အခါ မှာ သူ့ရဲ့အရည်အသွေးပြည့်ဝမှု၊ သို့မဟုတ် အရည်အသွေးညံ့ဖျင်းမှုတွေဟာ ပေါ်လာမှာဖြစ်ပါတယ်။ ဒီဆင်းရဲ၊ ဒုက္ခ၊ ပြဿနာတွေကို သူဘယ်လိုဖြေရှင်းလဲဆိုတဲ့အပေါ်မျာ သူဟာအရည်အသွေး ပြည့်ဝတဲ့သူလား၊ အရည် အသွေးညံ့ဖျင်းတဲ့ သူလားဆိုတာထင်ရှားပေါ်လွင်စေပါတယ်။
ဒါကြောင့် လောကမှာ ကြုံတွေ့ရတဲ့ ဒုက္ခ၊ ဆင်းရဲတွေကြောင့် လူ့ဘ၀ကြီးကို စိတ်ပျက်ဖို့၊ စိတ်နာကျည်းဖို့ မလိုဘူး။ လူဖြစ်ရတာ မကောင်းပါဘူးလို့ ညည်းငြူနေရန် မလိုဘူး။ ဒီအခက်အခဲတွေဟာ လူတစ်ယောက်ရဲ့ (နာဖ်စ်)ကိုယ်ရည်ကိုယ်သွေးကို တောက်ပြောင်လာအောင် သွေးပေးနေတဲ့အရာတွေဖြစ်ပါတယ်ဆိုတဲ့ အစ္စလာမ်ရဲ့ အမြင်ကို တင်ြပနေခြင်းဖြစ်ပါတယ်။ ဒီလို အခက်အခဲ၊ အကျပ်အတည်းတွေဟာ ကျွန်တော်တို့ လူသားတွေ သာမက အလ္လာဟ်ရဲ့တမန်တော်များဖြစ်တဲ့ တမန်တော် အီဘရာဟင်မ်(အ)၊ တမန်တော် မူဆာ(အ)၊ တမန်တော် မုဟမ္မဒ်(ဆွ) အပါအ၀င် တမန်တော်များဟာ ဒုက္ခ၊ သုခ မြောက်များစွာကို ခါးစည်းရင်ဆိုင်ကြုံတွေ့ခဲ့ကြရတယ်။ အဲဒီအချိန်မှာ သူတို့ဟာ မုအ်ဂျီဇာတွေကို မသုံးဘဲ၊ သာမန်လူသားတစ်ယောက်လို ဖြေရှင်းခဲ့ကြတယ်။ အဲဒီလိုဖြေရှင်းရင်း၊ ဖြေရှင်းရင်းနဲ့ တမန်တော်တွေရဲ့ အရည်အသွေးဟာ တောက်ပြောင်လာတာ ဖြစ်တယ်။
ဖိရ်အောင်န်ရဲ့ လက်ထက်မှာ တမန်တော်မူဆာအပါအ၀င် ထက်မြက်တဲ့လူတွေကို နှိပ်ကွပ်ပြီးတော့ အရည်အချင်းအစွမ်းအစမရှိသူတွေကို ချီးမြှောက်တဲ့ကာလတစ်ခု ရှိခဲ့တယ်။ အာဏာရှင်တွေဟာ ဒီအတိုင်းဘဲ၊ အရည်အသွေးအစွမ်းအစရှိသူတွေကို နှိပ်ကွပ်ပြီးတော့ အရည်အသွေးမရှိတဲ့သူတွေ၊ သူခိုင်းသမျှလုပ်မယ့်သူ၊ စော ဒကမတက်မဲ့ သူတွေကို မြှောက်စားကြတယ်။ အဲဒီအချိန်မှာ အရည်အသွေးရှိတဲ့လူတွေအတွက် တကယ့်ကို ဘလာမူစီဘသ်အချိန်အခါပဲဖြစ်တယ်။ အကျပ်အတည်းဒုက္ခဘဲဖြစ်တယ်။ အဲဒီလို အကျပ်အတည်းကို တမန်တော် မူဆာ ရင်ဆိုင်ခဲ့ရတယ်။ အဲဒါကို ကျမ်းမြတ်ကုရ်အာန်မှာ ဘယ်လိုဖော်ပြထားလဲဆိုရင်
`ဒီလိုအဖြစ်အပျက်အကြောင်းအရာတွေထဲမှာ အသင့်ကိုပြုစုပျိုးထောင်တော်မူသော အရှင့်ထံပါးမှ အသင့် ရဲ့အရည်အသွေးတွေကို ထင်ရှားပေါ်လွင်လာစေရန် လေ့ကျင့်ပြုစုပျိုးထောင်ပေးတဲ့ အစီအစဉ်တွေရှိနေပါတယ်။´ ကျွန်တော်တို့ လူသားတွေက ဘေးဒုက္ခအသွယ်သွယ်အကျပ်အတည်းဖြစ်ပြီဆိုရင် ဂြိုဟ်ဆိုးဝင်တယ်လို့ သတ်မှတ် ပြီး၊ မိမိတို့ကောင်းရာမွန်ရာများပြုမူနေပါလျက် အလ္လာဟ်အရှင်က အဘယ်ကြောင့် ဘလာမူစီဘသ်တွေပေးရတာ လဲလို့ ညည်းငြူကြတယ်။ တမန်တော်များဟာ အဲဒီလိုဘယ်သောအခါမှ မညည်းငြူခဲ့ကြပါဘူး။ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းပြီး သူတို့ရဲ့နာဖ်စ် ကိုယ်ရည်ကိုယ်သွေးကို တောက်ပြောင်စေခဲ့ကြတယ်။ ဒါကြောင့် အစ္စလာမ်ရဲ့ အမြင်က လူ့လောကမှာ ဒုက္ခဆင်းရဲဆိုတာနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ မြေကြီးလက်ခတ်မလွဲ ကျိန်းသေဖြစ်တယ်။ ဒုက္ခဆင်းရဲနဲ့ ရင်ဆိုင်ရတိုင်းမိမိရဲ့အရည်အသွေးတွေကို ထင်ရှားအောင် ပြသရမှာက လူသားတွေရဲ့တာဝန်ဖြစ်ပါ တယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၆၂ အာယသ် ၂ မှာပါတဲ့ ဟယားသ်နဲ့မောဝ်သ်ဆိုတဲ့ စကားလုံးအကြောင်း တင်ပြပါမယ်။ မောဝ်သ်ဆိုတာ သေခြင်းနဲ့ဟယားသ်ဆိုတာ ရှင်သန်ခြင်းဖြစ်ပါတယ်။ သေခြင်းနှင့်ရှင်ခြင်းဟာ ဒီလောကအတွက်ပဲဖြစ်ပါတယ်။ ဟရာသ်ဆိုတာ လှုပ်ရှားတယ်။ ထိတွေ့တယ်။ အာရုံခံနိုင်တယ်။ မောဝ်သ်ဆိုတာ က လှုပ်ရှားမှုရပ်တန့်သွားတယ်။ ထိတွေ့အာရုံခံနိုင်မှုတွေ ရပ်ဆိုင်းသွားတယ်။ ဒါဟာ ဒီလောကမှာဘဲ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီလောကမှာ ကျွန်တော်တို့ဟာ သေသွားပြီဆိုပြီးတော့ ခန္ဓာကို မြေမြှုပ်၊ မီးရှို့၊ ရေမျှောလိုက်ပေမယ့် ကျွန်တော်တို့ရဲ့ နာဖ်စ်က ဘယ်တော့မှ မသေပါဘူး။ နာဖ်စ်ကို သေခြင်းရဲ့အရသာကို မြည်းစမ်းခိုင်းလိုက်ခြင်းသာ ဖြစ်ပါတယ်။ အမြည်းလေးပဲ ကျွေးလိုက်တာပါ။ အ၀မကျွေးဘူး။ (ဆရာဦးမြတ်သူ ပြောခဲ့တဲ့စကားပါ။)
`ကုလ်လုနာဖ်စေ၊ ဇာအိကသုလ်မောဝ်သ်´နာဖ်စ်အားလုံးဟာ သေခြင်းဆိုတဲ့အရသာကို မြည်းစမ်းရမယ် တဲ့။ အဲဒီလိုခိုင်းလိုက်တာ ကျွန်တော်တို့ရဲ့ ဒွန္နယာမှာရှိတဲ့ခန္ဓာကိုယ်ကြီးဟာ လုံးဝပျက်စီးသွားတယ်။ ကျွန်တော်တို့ ရဲ့ နာဖ်စ်ဟာ ရှေ့ခရီးကိုဆက်သွားပါတယ်။ အခုလောလောဆယ် ဒီမှာရှိနေတဲ့ကာလကို ကျွန်တော်တို့က ဒွန္နယာ လို့ခေါ်ပါတယ်။ အင်မတန်နီးကပ်နေတဲ့ အနီးစခန်းဖြစ်တယ်။ ပြီးတော့ ဒွန္နယာရဲ့သဘောမှာ အချိန်အားဖြင့် အင်မ တန်တိုတောင်းတယ်။ ဒွန္နယာနဲ့ဆန့်ကျင်ဘက်ကို အာခေရသ်လို့သုံးတယ်။ အခုလက်ရှိအချိန်ကနေ နောက်ဖြစ်လာ မယ့် စက္ကန့်တိုင်း စက္ကန့်တိုင်းဟာ အာခေရသ်ဖြစ်တယ်။ ဒီဒွန္နယာလောကကြီးပြီးတဲ့နောက် နောက်ထပ်လာမယ့် ခရီးဟာ အာခေရသ်တမလွန်လောကဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂၉ အာယသ် ၆၄ မှာ ဒွန္နယာနဲ့ အာခေရသ်ရဲ့သဘောကို အလ္လာဟ်အရှင် မြတ်က ဘယ်လိုမိန့်ဆိုထားသလဲဆိုရင် `လောကီသက်တမ်းဟာ အနှစ်သာရ နည်းပါးပြီးတော့ ကစားခုန်စားမှုရဲ့ သက်တမ်းသာဖြစ်တယ်။ နောင်တမလွန်ဘ၀ရဲ့ ဘ၀သက်တမ်းသည်သာ ရှင်သန်လှုပ်ရှားထက်မြက်မယ့် သက် တမ်းဖြစ်သည်။´လို့သတိပေးထားပါတယ်။ ကျွန်တော်တို့ လူ့လောကမှာ အချို့က နောင်တမန်လွန်သက်တမ်း မရှိဘူးလို့ ယုံကြည်သူတွေလည်းရှိပါတယ်။ အချို့က အတိတ်ဘ၀ဆိုတာရှိ၊ ဒါပေမယ့် အစ္စလာမ်ရဲ့အမြင်ကတော့ ဒီဒွန္နယာဘ၀နဲ့အာခေရသ် တမလွန်ဘ၀ဆိုပြီး နှစ်ပိုင်းရှိပါတယ်။ ဒီဒွန္နယာရဲ့ဘ၀အစဟာ ကျွန်တော်တို့ မိခင်ဝမ်းကြာသိုက်မှာ သန္ဓေတည်တဲ့ အချိန်ကစပြီး လူ့ဘ၀အဆုံးဟာသေခြင်းတရား ဆိုက်ရောက်လာချိန်ဖြစ် တယ်။
သေခြင်းဆိုတာ ဒီလောကီနဲ့ပတ်သက်ပြီး ခံစားချက်တွေ၊ အထိအတွေ့တွေ ခံစားချက်တွေ ရပ်တန့်သွားတဲ့ အချိန်ဖြစ်တယ်။ သေပြီးတဲ့နောက်ဖြစ်လာမယ့် ဘ၀ဟာ သစ်လွင်တဲ့ဖြစ်ထွန်းမှု၊ (ခလက ဂျဒီးဒ်)လို့သုံးထားပါ တယ်။ သစ်လွင်တဲ့ဘ၀၊ သဘောကတော့ ကျွန်တော်တို့မသိ၊ မမြင်နိုင်တဲ့ဘ၀၊ ကျွန်တော်တို့လက်ရှိဘ၀နဲ့ လုံးဝ မဆိုင်တဲ့ဘ၀။ ဒါကို ဘာနဲ့ဥပမာယူနိုင်သလဲဆိုရင် ကျွန်တော်တို့ မိခင်ဝမ်းဗိုက်ထဲမှာရှိနေစဉ်ကဘ၀နဲ့ မွေးပြီး နောက် လူ့လောကထဲရောက်လာတဲ့ဘ၀ဟာ ဘယ်လိုကွာခြားသွားသလဲ၊ လုံးဝမဆိုင်တော့တာကို တွေ့ရမှာဖြစ်ပါ တယ်။ မိခင်ဝမ်းဗိုက်ထဲမှာရှိနေတဲ့အချိန်မှာ ဒီလိုလောကကြီးထဲကို ရောက်မယ်လို့မထင် မခံစားနိုင်သလို၊ ဒီလောကကြီးကနေ တမလွန်ဘ၀ကို သွားရမယ်ဆိုတာလည်း ဘယ်လိုမှ ခံစားကြည့်လို့မရပါဘူး။ ဒါပေမယ့် အာခေရသ်ဟာ ဒီဒွန္နယာလောကနဲ့ တဆက်တည်းဖြစ်တယ်။ ဒါပေမယ့် အာခေရသ်မှာ အချိန်ကာလဆိုတာ ရှိချင်မှရှိမယ်။ အချိန်ကာလဆိုတာ ဒီဒွန္နယာအတွက်သာဖြစ်တယ်။ အချိန်ကာလမရှိပဲနဲ့ ကျွန်တော်တို့ဘယ်လိုမှ မစဉ်းစားတတ်ဘူး။
အဲဒီအာခေရသ်ကို ကျွန်တော်တို့က ဒီဒွန္နယာလောကမှာနေပြီး ကျွန်တော်တို့ရဲ့အကျင့်အမူတွေနဲ့ တည် ဆောက်နေခြင်းဖြစ်တယ်။ ကျွန်တော်တို့ ပြောနေ၊ ဆိုနေ၊ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ အာခေရသ်အတွက် ဖြစ်တယ်။ ဒီဘ၀မှာ ကောင်းသောအကျင့်ကိုကျင့်ရင် အာခေရသ်မှာ ကောင်းမယ်၊ မကောင်းသော အကျင့်ကိုကျင့် ရင် မကောင်းတာရမယ်။ အဲဒီလောက်ပဲ ကျွန်တော်တို့ပြောနိုင်မယ်။ ဘယ်လောက်ကောင်းမယ်။ ဘယ်လိုကောင်း မယ်။ ဘယ်လောက်မကောင်းဘူး။ ဘယ်လိုမကောင်းဘူးဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ အာခေရသ် နောင်တမ လွန်ဘ၀ဆိုတာကို ထပ်မံပြီးတင်ပြရရင် လူတစ်ဦးချင်းရဲ့ဘ၀မှာ အခုအချိန်ကစပြီး ရှေ့မှာဆက်ဖြစ်လာမယ့် စက္ကန့် တိုင်း စက္ကန့်တိုင်းဟာ အာခေရသ်ဖြစ်ပါတယ်။ သားသမီးတွေဟာ မိဘတွေအတွက် အာခေရသ်ဖြစ်ပါတယ်။ လူသားမျိုးနွယ်အတွက် နောင်လာမယ့်လူသားမျိုးဆက်သစ်တွေဟာ အာခေရသ်ဖြစ်ပါတယ်။
လူသားအားလုံးအတွက် ဒီဒွန္နယာလောကကြီးပြီးပြီးနောက် ကြုံတွေ့ရမယ့်ကာလဟာ တမလွန်အာခေရသ် ဖြစ်ပါတယ်။ ဒါကြောင့်လူသားတိုင်းဟာ မိမိတို့ရဲ့ ဒွန္နယာလောကမှဆောင်ရွက်ချက်ဟာ တမလွန်ဘ၀မှာလည်း အကျိုးခံစားရမှာဖြစ်တယ်။ ဒါကြောင့် လူသားတိုင်းဟာ မိမိတို့ရဲ့ဆောင်ရွက်ချက်ကို ဒီဒွန္နယာလောက တစ်ခုတည်းအတွက် မကြည့်ဘဲနဲ့ လာမယ့်အာခေရသ်အတွက်ပါ ရေရှည် အကျိုးအမြတ်ကိုကြည့်ပြီး ထည့်သွင်း၊ စဉ်းစားဆောင်ရွက်ရမှာဖြစ်တယ်။ နောင်ဆက်ခံမယ့် မျိုးဆက်သစ်အတွက်ပါ ကြိုတင်၊ ကြိုးစားစီမံ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဘ၀တစ်ခုဆိုတာဟာ ဒွန္နယာလောကရဲ့လက်ရှိသက်တမ်းသာ မဟုတ်ဘဲနဲ့ တမလွန်ဘ၀အတွက်ကိုပါ ယုံကြည်ချက်ထားပြီး တရားသဖြင့် နေထိုင်ကျင့်ကြံဆောင်ရွက်ရမှာဖြစ်ပါ တယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ဘ၀နဲ့ပတ်သက်တဲ့ အစ္စလာမ်ရဲ့အမြင်ကို ကျွန်တော်တင်ပြနေခြင်းဖြစ်ပါတယ်။
ဒွန္နယာသက်တမ်းကို မိခင်ဝမ်းကြာသိုက်မှာ သန္ဓေတည်စကစပြီး သေဆုံးချိန်အထိ သတ်မှတ်လို့ရပါတယ်။ ကျွန်တော်တို့ သန္ဓေမတည်ခင်က လူသားဟာဘာရယ်လို့ သတ်မှတ်လို့မရပါဘူး။ ဒါကို ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၇၆း၁ မှာ `လူသားမှာ ဘာရယ်လို့ မဖော်ပြနိုင်တဲ့ အချိန်ကာလတစ်ရပ်ရှိတယ်။´ ဆိုလိုတာက လက်ရှိ လူသားဘ၀ မတိုင်မီအတိတ်ဘ၀ဆိုတာ မရှိပါဘူး။ အတိတ်ဘ၀ဆိုတာ ကျွန်တော်တို့ရဲ့ထင်ယောင်ထင်မှားမှု သာဖြစ်ပါတယ်။ အလ္လာဟ်ကတော့ မင်းတို့အတိတ်ဘ၀ ဘာမှမရှိဘူးလို့ဖော်ပြပါတယ်။ မင်းတို့ လူသားတွေရဲ့ ဘ၀အစဟာ မိခင်ဝမ်းကြာသိုက်မှာ သန္ဓေတည်တဲ့အဆင့်က စတယ်လို့ပြောပါတယ်။ ဆူရာဟ် ၇၆း၂ က ဒီအချက် ကို ပိုပြီးသဘောပေါက်စေပါတယ်။
`ဧကန်အမှန် ငါအလ္လာဟ်အရှင်မြတ်ဟာ လူသားကို အဖိုမျိုးပွားသုတ်ကောင် နှင့် မမျိုးဥတို့ ပေါင်းစပ်ခြင်း ဖြင့်ဖြစ်ထွန်းပေါ်ပေါက်စေခဲ့တယ်။ ၎င်းမှ သူ့ရဲ့အရည်အသွေးများ ထင်ရှားလာစေပြီးတော့ အကြားအာရုံတွေ၊ အမြင်အာရုံတွေကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့တာဖြစ်တယ်။ ဒီအာယသ်တော်မှာ အရည်အသွေးတွေ ထင်ရှားလာ စေခဲ့တယ်လို့ ဖော်ညွှန်းထားပါတယ်။ ကျွန်တော်တို့ကို ဖခင်ရဲ့သုတ်ရည်မှာပါတဲ့ မျက်စိဖြင့်မမြင်နိုင်တဲ့ spermatozoa ကောင်ရေသန်းပေါင်းများစွာဟာ မိခင်ရဲ့ဝမ်းကြာသိုက်ထဲမှာ မမျိုးဥနဲ့တွေ့ဖို့ အပြင်းအထန် ကြိုးစားကြတယ်။ အဲဒီ သန်းပေါင်းများစွာထဲကမှ တစ်ကောင်တည်းသော သုတ်ကောင်သာလျှင် မမျိုးဥနှင့် တွေ့ကြခြင်းဖြစ်တယ်။ တခါတရံ နှစ်ကောင်ဝင်လို့ရတဲ့အတွက် အမြွှာပူးဆိုတာဖြစ်တယ်။ ကျန်အကောင်များဟာ လူဖြစ်ခွင့်မရကြဘူး။
သန်းပေါင်းများစွာထဲက တစ်ကောင်တည်းသာ အောင်မြင်တာဖြစ်လို့ သူတို့ဘယ်လောက်ကြီးမားတဲ့ အခက်အခဲ အတားအဆီးတွေနဲ့ ကြုံရသလဲဆိုတာ ကျွန်တော်တို့ ခန့်မှန်းလို့ရတယ်။ သန္ဓေတည်လိုက်ပြီဆိုတာနဲ့ အဲဒီသန္ဓေသားလေးဟာ အခက်အခဲအကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိတွေရှိပြီး ဖြစ်တယ်။ ဒါမှသာ သူဟာ မိခင်ဝမ်းကြာသိုက်မှာ သန္ဓေတည်ခွင့်ရတာဖြစ်တယ်။ လူ့လောကကို မရောက်ခင် ကတည်းက အလ္လာဟ်အရှင်မြတ်က သူ့ကိုဒီဒုက္ခတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အသွေးတွေ ထည့်ပေးပြီးသား ဖြစ်တယ်။ အဲဒီအရည်အသွေးမရှိတဲ့ သန်းပေါင်းများစွာဟာ လူဖြစ်ခွင့်မရခဲ့ကြဘူး။ ဒါကြောင့် စောစောက ကျွန်တော်တင်ပြခဲ့သလို ကျွန်တော်တို့ဟာ မိခင်ဝမ်းကြာသိုက်ထဲကဘ၀၊ ယခုလက်ရှိဘ၀၊ အာခေရသ်ဘ၀၊ ဘ၀သုံးခုကို တွေ့ရမှာဖြစ်ပြီး လက်ရှိ ဒီဒွန္နယာဘ၀ဟာ အင်မတန်အချိန်ကာလတိုတောင်းပြီး ကျွန်တော်တို့အတွက် ကစားခုန်စားမျှသာဖြစ် တယ်လို့ဆိုပေမယ့်၊ အလွန်အင်မတန် အရေးပါတဲ့ ဘ၀ဖြစ်ပါတယ်။ ဒီဘ၀မှာကြိုးပမ်းအားထုတ်ပြီးတော့ မိမိစံမြန်းရမယ့် တမလွန်ပုံရိပ်ကို ကျွန်တော်တို့ ထုဆစ်နေရမှာဖြစ်ပါတယ်။ ဒါဟာ လူတစ်ဦးချင်းစီအတွက် အစ္စလာမ်၏ လောကအမြင်ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအလိုက်ပြောရမယ်ဆိုရင် လူသားတွေကို အလ္လာဟ်အရှင်မြတ်က ဘရှရ်ဖြစ်တယ်။ အင်န်ဆာန်ဖြစ်တယ်။ အာဒမ်ဖြစ်တယ်ဆိုပြီး ကိုယ်စီကိုယ်စီ၊ အရည်အသွေးအလိုက် ခေါ်ဝေါ်သုံးစွဲထားတာကို ကျမ်းမြတ်ကုရ်အာန်မှာ တွေ့ရမှာဖြစ်ပါတယ်။ ဘရှရ်ဆိုတာ သေမျိုးလူသား။ ရိုးရိုးသာမန် သက်ရှိလူသားတိုင်းကို သုံးတယ်။ အင်န်ဆာန်ဆိုတာကတော့ နည်းနည်းကွဲပြားသွားပြီ။ တိရစ္ဆာန်တွေလို မရိုင်းစိုင်းတော့ပဲနဲ့ ယဉ်ကျေးတဲ့သတ္တ၀ါအဆင့် ကို ရောက်လာပြီလို့ ညွှန်းဆိုပါတယ်။ အာဒမ်ဆိုတာကတော့ လောကမှာရှိတဲ့စနစ်ဇယားတွေကို အလ္လာဟ်ချီးမြှင့်ပေးထားတဲ့ လေ့လာစူးစမ်း၊ သုတေသနပြုနိုင်တဲ့ အစွမ်းသတ္တိ ရှိတဲ့ အလ္လာဟ်ချီးမြှင့်ပေးထားတဲ့ လူသားကို ခေါ်ဝေါ်ခြင်းဖြစ်တယ်။ လူသားဟာ အင်န်စန်အဆင့်ကနေ အာဒမ်အဆင့်ကို ရောက်ရှိလာတဲ့အခါမှာ လူ့အစုအဝေးနဲ့ နေလာတတ်ကြတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာတွေကို ပြုလုပ်လာကြတယ်။ ဒါကြောင့် အာဒမ်ရဲ့ပထမဦးဆုံးဘ၀ကို ဂျန္နသ်ရဲ့ အဆင့်အတန်းကို အလ္လာဟ်ကပြောတယ်။ ဂျန္နသ်ဆိုတာက တမလွန်မှာ တွေ့ကြုံရမယ့် ဂျန္နသ်ကို ပြောခြင်းမဟုတ်ပါ။
တမလွန်ဘ၀မှာရမယ့် ဂျန္နသ်ဟာ ကျွန်တော်တို့အတွက် ထာဝရဖြစ်တယ်။ ဒါပေမယ့် အာဒမ်ဟာ ဂျန္နသ် အခြေအနေကနေ ဆင်းပေးခဲ့ရတယ်။ ဘာလို့လဲဆိုတော့ လူ့လောကမှာရှိတဲ့ ဥယျာဉ်ဘုံနန်းအဆင့်ကို ရခဲ့တယ်။ အဲဒီမှာ အလ္လာဟ်ကစားကြ၊ သောက်ကြ၊ မင်းတို့နေရာအနှံ့ကိုသွားကြဆိုပြီး ပြောထားပေမယ့် အရာတစ်ခုကိုတော့ တားမြစ်ထားတယ်။ ဘာလဲ အပင်နားကို မကပ်နဲ့။ အဲဒီအပင်နားကို မကပ်နဲ့ဆိုတာ သစ်ပင်ကိုပြောတာမဟုတ်ဘူး။ ဒီသစ်ပင်လိုပဲ တစ်နေရာတည်းမှာ ရပ်တည်နေပြီး၊ မိမိရဲ့အကိုင်းအခက်အရွက်များအတွက်သာ အသီးသီးပေးတဲ့ အပင်လိုမကျင့်ကြံနဲ့။ အာဒမ်တို့ဟာ အလ္လာဟ်ရဲ့တားမြစ်ချက်ကို သူဟာဖောက်ဖျက်ခဲ့တယ်။ ဒီလိုပဲ လူသားများ ဟာ ကိုယ့်မိသားစု၊ ဆွေမျိုးမိတ်ဆွေများ၊ ကိုယ့်အဖွဲ့အတွက်ပဲလုပ်ပြီး၊ ပတ်ဝန်းကျင်အတွက် နိုင်ငံအတွက် ကမ္ဘာလောကကြီး အတွက် အကျိုးမပြုဘူးဆိုရင် ဂျန္နသ်မှာရှိတဲ့အပင်နားကို ကပ်ပြီးအသီးကိုပါစားလိုက်တဲ့ အာဒမ်လိုပုံစံမျိုးဖြစ်တယ်။
ဒီကနေ့ ကမ္ဘာမှာ မျိုးချစ်စိတ်ဓါတ်ဆိုပြီးတော့ စစ်ပွဲတွေများစွာဖြစ်တယ်။ လူတွေများစွာ သေကြေပျက်စီး တယ်။ ISIS ကလည်း အစ္စလာမ်နိုင်ငံထူထောင်ရမယ်ဆိုပြီး မွတ်ဆလင်မ်တွေကိုပါ သတ်ဖြတ်လိုက်ကြတယ်။ မြောက်ကိုရီးယားကလည်း မျိုးချစ်ကိုးရီးယား စိတ်ဓါတ်ဆိုပြီး ကမ္ဘာကို ရန်စနေကြတယ်။ ဒီလိုပဲ အကြမ်းဖက်အုပ်စု များကလည်း မျိုးချစ်စိတ်ဓါတ်ဆိုပြီး မီးမွှေးနေကြတယ်။ အလ္လာဟ်တားမြစ်ထားတဲ့ အပင်နားကို လူတွေချဉ်းကပ် နေကြတယ်။ အသီးတွေကို စားသုံးနေကြတယ်။ ဒါကြောင့် ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှုကင်းမဲ့နေတာဖြစ်တယ်။ လူ့ရဲ့ ဗီဇကိုက မိမိရဲ့သြဇာအာဏာကို အင်မတန်မှ ထူထောင်ချင်တယ်။ ဒီသြဇာအာဏာကို ဘယ်တော့မှငါတို့လက် လွှတ်ဆုံးရှုံးမခံနိုင်ဘူး။ ငါတို့မိသားစုကို လက်ဆင့်ကမ်းပေးချင်တယ်။ သားစဉ်မြေးဆက် တည်တံ့စေချင်ကြတယ်။
ဒီဗီဇကို အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်မှာ ရှိုင်သွာန်လို့ပြောထားတယ်။ ဆူရာဟ် ၂၀း၁၂၀ မှာ သြဇာအာဏာကို ရှိုင်သွာန်က `၀ဆ်ဝဆာ´လုပ်တယ်။ သွေးထိုးတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့ဗီဇမှန်သမျှ ရှိုင်သွာန်ဘဲဖြစ်တယ်။ ငါတို့ရထားတဲ့ အာဏာကို လက်မလွှတ်ရအောင် ဘယ်လိုလုပ်ရမ လဲဆိုတာကို ကျွန်တော်တို့အမြဲကြံစည်နေကြတယ်။ အလ္လာဟ်တားမြစ်ထားတဲ့ ငါနဲ့ငါ့အမျိုးအနွယ်အတွက်ပဲဆိုတဲ့ အတ္တစိတ်ဓါတ်တွေဝင်လာတဲ့အခါမှာ အုပ်စုတွေဖွဲ့လာကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်ဖြစ်ပြီးတော့ ဂျန္နသ်ဥယျာဉ်ဘုံ ဟာ ပျောက်ဆုံးခဲ့ကြတယ်။ ဒါကြောင့် အစ္စလာမ်ရဲ့ လောကအမြင်ဟာ မျိုးချစ်စိတ်ဓါတ်ကို ဘယ်သောအခါမှ အားပေးမှာ မဟုတ်ဘူး။ အစ္စလာမ်နိုင်ငံတည်ထောင်ရမယ်ဆိုတာ မျိုးချစ်စိတ်ဓါတ်ကို အရင်းခံတယ်။ အလ္လာဟ် တားမြစ်ထားခြင်းဖြစ်တယ်။ ဒီအပင်နားကို ကျွန်တော်တို့မကပ်ကြပါနဲ့။
ကျွန်တော်တို့ဟာ ဘယ်နိုင်ငံမှာပဲ နေထိုင်နေသည်ဖြစ်စေ၊ ကျွန်တော်တို့ကို အလ္လာဟ်တားမြစ်ထားတဲ့ အရာတွေကို ရှောင်ကျဉ်ပြီး အလ္လာဟ်ပြုကျင့်ခိုင်းတဲ့အရာတွေကို ပြုလုပ်ဆောင်ရွက်ပြီး ကျွန်တော်တို့ အဖွဲ့အစည်း (မွတ်ဆလင်မ်အဖွဲ့အစည်းတစ်ခုတည်းမဟုတ်) တနည်းအားဖြင့် လူသားအားလုံးရဲ့ အဖွဲ့အစည်းအတွက် တမန်တော်မုဟမ္မဒ်ရဲ့ အွမ္မသ်အတွက် တိုးတက်ရာတိုးတက်ကြောင်းကို ကြိုးပမ်းဆောင်ရွက်ရင်း မုအ်မင်န်ဖြစ်အောင် ကျင့်ကြံရမှာဖြစ်တယ်။ ဒါဟာ အစ္စလာမ်ရဲ့ လောကအမြင်ဖြစ်ပါတယ်လို့ တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။