အစ္စလာမ်နှင့် ‘မ’ ဝါဒ Islam and Feminism မုဖ်သီ ဦးစန်းအောင် (B.Sc)
အစ္စလာမ်နှင့် ‘မ’ ဝါဒ
Islam and Feminism
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့ (၂၁.၆.၂ဝ၁၉) သောကြာနေ့မှာကျရောက်တဲ့ ယောဝ်မွလ်ဂျုမုအာဟ်ရဲ့ ခွတ္တဗါဟ်မှာ ကျနော်ဟောကြား တင်ပြခွင့်ရတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။ ဒီကနေ့ကျနော်တင်ပြမဲ့ ခေါင်းစဉ်ကတော့ “ အစ္စလာမ်နှင့် ‘မ’ ဝါဒ” (Islam and Feminism) ဖြစ်ပါတယ်။
ဒီခေါင်းစဉ်ကို ကျနော်တင်ပြဖို့ရွေးချယ်လိုက်ရခြင်းကတော့ ဒီကနေ့အစ္စလာမ်နှင့်ပတ်သက်လာရင် အစ္စလာမ်မှာ အမျိုးသမီးအအခွင့်အရေး မရှိသယောင်ယောင်၊ ဆုံးရှုံူးနေသယောင်ယောင် ပြောဆို ရေးသားနေကြလို့ပါ။ တစ်ဖက်က ကြည့်ပြန်တော့လည်း Feminism (‘မ’ ဝါဒ) လို့ဆိုလိုက်ပြန်တော့ ဒီစကားလုံး၊ ဒီဝေါဟာရအပေါ်မှာ ဘာသာရေးကို အထူးလိုက်စားသူ အစ္စလာမ်အမျိုးသားတွေ၊ အစ္စလာမ်ဘာသာရေးဆရာတွေက နည်းနည်တော့ ပြဿနာရှိပါတယ်။ အချို့တွေရဲ့အမြင်က Feminism လို့ပြောလိုက်ရင် လူ့အဖွဲံအစည်းတစ်ခုကို အမျိုူသမီးတွေက ဦးဆောင်ချယ်လှယ် တော့မှာလား ဆိုတဲ့ အတွေးမျိုးဝင်သွားတဲ့အပေါ်မှာ စိုးရိမ်ကြောင့်ကြမှုဖြစ်ရတဲ့ သဘောပါ။ ဒီလိုအတွေးမျိုးက အမျိုးသမီးတွေနှင့်ပတ်သက်လာရင် မှန်ကန်သင့်လျော်တဲ့ အနေအထားတစ်ရပ်ကို မစဉ်းစား ပေးနိုင်ခြင်းတစ်ရပ်လို့ မြင်ပါတယ်။ အဲဒီတော့ ကျနော့အနေနှင့် ဒီနေ့ခွတ္တဗါဟ်မှာ အစ္စလာမ်က တစ်နည်းအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်က အမျိုူသမီးတွေရဲ့ အခန်းကဏ္ဍကို လူ့အဖွဲ့အစည်းတစ်ရပ်အတွက် ဘယ်လို ဖေါ်ဆောင် လမ်းညွှန်ထားသလဲ ဆိုတဲ့ အပိုင်းကို တင်ပြဟောကြားသွားမှာဖြစ်ပါတယ်။
ရှေးဦးစွာ ကျနော့အနေနှင့် Gender role နှင့်ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုညွှန်ကြား ပြသနေသလဲဆိုတာကို ကုရ်အာန် (၄း၁၂၄) နှင့် (၄း၁၂၅) ကို အထောက် အထားပြု တင်ပြ ပါရစေ။
“ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အကြင်မည်သူမဆို ကောင်းမွန်သော ကိုယ်ကျင့် တရားများဖြင့် လောကကိုအလှဆင်ကြမည်ဆိုလျှင် သူသည် Faith တည်းဟူသော အီမာန်ယုံကြည်ချက်ကို နှလုံးသွင်းထားသူ ‘မုအ်မင်န်’ တစ်ယောက်ပင်ဖြစ်သည်။ သူတို့သည် အေးချမ်းသာယာသော ဂျန္နသ်အမတသုခဘုံသို့ ဝင်ရောက်ကြရမည်ဖြစ်ပြီး သူတို့အပေါ် မည်သို့သော မတရားဖိနှိပ်မှုများက စိုးစဉ်းမျှ ထိတွေ့နိုင်မည်မဟုတ်ပေ။” (ကုရ်အာန် – ၄း၁၂၄)
ကျမ်းမြတ်ကုရ်အာန်ရဲ့ ဒီအာယသ်တော်မှာ ရည်ညွှန်းဖေါ်ပြထားတာကတော့ လူ့အဖွဲ့ အစည်းအတွင်းမှာ လို့ခါ်တဲ့ ‘အဖို’ (Masculine gender) နှင့် ‘အမ’ လို့ခေါ်တဲ့ (Feminine gender) တို့ရဲ့ Equal value တန်းတူ တန်ဖိုးတစ်ရပ်ကို အလ္လာဟ်အရှင်မြတ်က ဖေါ်ထုတ်လမ်းညွှန်ပြနေခြင်းဖြစ်ပါတယ်။ ဒါဟာ အမျိုးသားနှင့် အမျိုးသမီးဟာ အစ္စလာမ်မှာ Spiritual equal ရှိခြင်းကို ရည်ညွှန်းပြဆိုနေတာပါ။ ဒါပေမဲ့ ကုရ်အာန်က မည်သို့ပင် ပြောဆိုညွှန်ပြနေစေကာမူ Laws in Muslim-based institutions လို့ဆိုရမဲ့ ‘အစ္စလာမ့်ဥပဒေရေးရာ အခြေပြုလူ့အစုအဖွဲ့အစည်း’ တွေမှာတော့ ဒီအာယသ်တော်ဟာ မေ့လျော့ခံနေရတဲ့သဘောအသွင် ဆောင်နေ ပါတယ်။ ဒီလိုခွဲခြားခံနေရတဲ့ အနေအထားတစ်ရပ်ဟာ ဘယ်အပေါ်မှာ မူတည်သလဲဆိုတော့ အစ္စလာမ့်ဥပဒေအရ အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် မတူညီတဲ့ခွဲဝေရရှိမှုသတ်မှတ်ချက်နှင့် ယဉ်ကျေးမှုဆိုင်ရာ စံနှုံးတွေကြောင့် ဖြစ်တယ်လို ယူဆနိုင် ပါတယ်။
(၁၉၅ဝ) ကျော်လောက်သောနှစ်တွေမှာ ‘Muslim Broterhood’ အဖွ့ဲဝင်တစ်ဦးဖြစ်သူ အီဂျစ်နိုင်ငံသား နာမည်ကျော်အစ္စလာမ့်ရှင်တစ်ဦးဖြစ်သူ ‘ဆိုင်ယဒ်ကုတွဗ်’ က သူ့ရဲ့အမြင် တစ်ခုကိုတင်ပြဆွေးနွေးခဲ့ပါတယ်။ သူက ကုရ်အာန် (၄း၃၄) မှာပါတဲ့ အပိုဒ်တစ်ပိုဒ်ကို ထုတ်နှုတ်တင်ပြအမြင်ဖွင့်ဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအာယသ်အပိုဒ်က –
“ အလ္လာဟ်အရှင်မြတ်သည် ယောက်ျားနှင့်မိန်းမတို့အနက် အချို့ကိုအချို့ထက် အရည်အချင်း၊ အဆင့်အတန်းတို့အားဖြင့် သာလွန်စေတော်မူခဲ့လေသည်။ သို့ဖြစ်ရာ ယောက်ျား များက မိမိတို့၏ဥစ္စာပစ္စည်းများကို (ပိုင်ဆိုင်မှုများကို) ထောက်ပံ့သုံးစွဲထားသောကြောင့် ယောက်ျားများသည် မိန်းမတို့အပေါ် ကြီးကြပ်အုပ်ထိန်း သူများဖြစ်ကြသည်…….” (ကုရ်အာန် – ၄း၃၄)
ဒီအာယသ်အပေါ်မှာ ပညာရှင် ‘ဆိုင်ယဒ် ကုတွဗ်’ အမြင်ထားရှိပုံက –
ကျမ်းမြတ်ကုရ်အာန်က အကြင်လင်မယားတို့အကြားမှာ ခင်ပွန်းသည်အနေနှင့် ဇနီးသည် အပေါ်မှာ ‘အုပ်ထိန်းခွင့်’ (Guardianship) သို့မဟုတ် ‘ပိုမိုသာလွန်ထူးကဲခြင်း’ (Superiorty) အခွင့်အာဏာ ရရှိထားပြီးဖြစ်ရာ အိမ်ထောင်ရေးပြဿနာအပေါ် မကျေနပ်ချက် ဖြစ်ခြင်း၊ ဆန့်ကျင်ပွတ်တိုက်မှုများဖြစ်ခြင်း (Friction) တို့ကို ဦးစီးဦးဆောင် ဆုံးဖြတ်ပေးရမည် ဖြစ်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က ဤစနစ်အားဖြင့် မိသားစုအတွင်း အားဖြည့် တည်ဆောက်နိုင်ရန် အမျိုးသားကို လိုအပ်သောထိန်းကျောင်းနိုင်မှုဆိုင်ရာ (Guardianship) အရည်အချင်းများနှင့် ကျွမ်းကျင်မှု (Skills) ဟူသောအခြေအနေ (၂) ရပ်စလုံးကို အသိပေး ထည့်သွင်းထားပေးပြီး ဖြစ်သည်။ ခင်ပွန်းသည်ဟူသော အမျိုးသားကို အလ္လာဟ်အရှင်မြတ်က အိမ်ထောင်မှုကို မပြိုကွဲအောင် ထိန်းသိမ်းထားနိုင်သည့်အခွင့်အာဏာကိုလည်း ပေးအပ်ထားပြီးဖြစ်သည် ၊
ဆိုပြီး ဖွင့်ဆိုထားပါတယ်။
ပညာရှင် ‘ဆိုင်ယဒ် ကုတွဗ်’ ၏ ဤအယူအဆက မွတ်ဆလင်မ်လူ့အဖွဲ့အစည်းများအတွင်း၌ ယနေ့အချိန်အထိ နက်နက်ရှိုင်းရှိုင်းထိုးဖေါက်နေရာယူထားပါတယ် လို့ သုတေသီအချို့က တင်ပြ လာကြပါတယ်။ ဒီနေရာမှာ ဖနီးအပေါ်မှာ ‘အုပ်ထိန်းခွင့်’ (Guardianship) ဆိုတာကို နားလည်မှု လွဲမှားသွားမယ်ဆိုရင်တော့ အနက်ကောက်ယူမှုလွဲမှားသွားမယ်ဆိုရင်တော့ Patriarchy လို့ခေါ်တဲ့ ‘ဖခင်ကြီးစိုးအုပ်ချုပ်တဲ့ လူမှုစနစ်’ တစ်ရပ်ကို အစ္စလာမ်ကပြဌာန်းထားတာဖြစ်လို့ အစ္စလာမ်သည် Masculinity ဆိုတဲ့ ‘ဖိုဝါဒကိုအလေးထားခြင်း’ ဆိုတဲ့ အနေအထားဖက်ကို ဦးတည်နေပါတယ်လို့ ဝေဖန်ထောက်ပြမှုတွေ ရှိလာမှာဖြစ်ပါတယ်။ နောက်တစ်ချက်က အလ္လာဟ်အရှင်မြတ်သည် အိမ်ထောင်အုပ်ထိန်းခွင့် (Guardianship) ဆိုင်ရာကျွမ်းကျင်မှုနှင့် အခွင့်အာဏာကို ယောက်ျား ဖြစ်သူခင်ပွန်းသည်ကိုပဲ ပေးထားတဲ့အပေါ်မှာ အမျိုးသမီးတွေဖြစ်တဲ့ ဇနီးသည်တွေကို အလ္လာဟ်အရှင်မြတ်က ဒီအရည်အချင်းနှင့် အခွင့်အာဏာကို မပေးထားတဲ့ အပေါ်မှာ အမျိုးသမီးများ ရှေ့တန်းထွက်ခွင့်မရှိဘူး ဆိုတဲ့အတွေးအမြင်ကလည်း ဝင်ရောက်လာပါ တော့တယ်။
ဒီအာယသ်အပေါ်မှာ ပညာရှင်ကြီး ‘ဆိုင်ယဒ် ကုတွဗ်’ နှင့် အချို့အပိုင်းတွေမှာ ကွဲပြားတဲ့အမြင်မျိုးနှင့် ဖွင့်ဆိုထားတာတွေလည်းရှိပါတယ်။ ကုရ်အာန် (၄း၃၄) ရဲ့ အထက်ပါ အပိုဒ်နှင့်ပတ်သက်ပြီး သူတို့ရဲ့ဖွင့်ဆိုပုံက –
ခင်ပွန်းသည်အမျိုးသားများသည် ဇနီးသည်အမျိုးသမီးများအဖို့ရာ ကာကွယ်စောင့်ရှောက်ပေးသူ (Protector) နှင့် ထိန်းသိမ်းစောင့်ရှောက်ပေးသူ (Mantainer) များသာဖြစ်သည်။ တိတိကျကျဖွင့်ဆိုရမည်ဆိုလျှင် ခင်ပွန်းသည်အမျိုးသားများသည် အိမ်ထောင်မှုတစ်ခု၏ ဦးစီးခေါင်းဆောင်များသာဖြစ်သည်။ အမျိုးသားများ အနေဖြင့် အိမ်ထောင်စုတစ်ခု၏ အိမ်ထာင်ဦးစီး တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ရာ ကုရ်အာန် (၄း၃၄) ၏ရည်ညွှန်းချက်သည် ခင်ပွန်းသည် အမျိုးသားများအတွက် မိမိတို့၏အိမ်ထောင်စုကို လုံလောက်သော အထောက်အပံ့ပြုရန် ကြိုးပမ်းအားထုတ်ရေးအတွက် လမ်းညွှန်နေခြင်းသာဖြစ်သည်။ ဇနီးသည်အပေါ်အုပ်ထိန်းခွင့် (Guardianship) ထိန်းချုပ်ခွင့်ပေးထားသည့်သဘောမျိုးမဟုတ်သလို Patriarchy လို့ခေါ်တဲ့ ‘ဖခင်ကြီးစိုး အုပ်ချုပ်တဲ့ လူမှုစနစ်’ တစ်ရပ်ကို ဖေါ်ဆောင်လမ်းညွှန်နေခြင်းလည်းမဟုတ်ပါ။ အစ္စလာမ်သည် Masculinity ဆိုတဲ့ ‘ဖိုဝါဒကိုအလေးထားခြင်း’ ဆိုတဲ့ အနေအထားဖက်ကို ဦးတည်နေခြင်းလည်းမဟုတ်ပါ
ဆိုပြီး အနက်ပြန်ဆို ဖွင့်ဆိုကြပါတယ်။
ဒီနေရာမှာ နာမည်ကျော်ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့အမြင်ကို ကျနော်တင်ပြချင်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးကတော့William Montgomery Watt (1909 – 2006) ဖြစ်ပါတယ်။ သူဟာ စကော့တ်(ရှ်)လူမျိုး သမိုင်းပညာရှင်ကြီးတစ်ဦဖြစ်ပြီး အီဒင်ဘာဂ့် တက္ကသိုလ်မှာ (၁၉၆၄) ခုနှစ်ကနေ (၁၉၇၉) ခုနှစ်အထိ အရဗီဘာသာဗေဒနှင့် အစ္စလာမ့်ရေးရာသမိုင်းကြောင်းကို သင်ကြားပေးခဲ့တဲ့ ပရော်ဖက်ဆာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
မုဟမ္မဒ်ကို အမျိုးသမီးအခွင့်အရေးဖေါ်ဆောင်ပေးသူ၊ တိုးတက်ဖွံ့ဖြိုးလာအောင် ကိုယ်စားပြု ဆောင်ရွက်ပေးသူတစ်ဦးအဖြစ်မြင်ရပါတယ်။ အမှန်တကယ်တော့ အစ္စလာမ်ရဲ့ခေတ်ဦးအစပိုင်းမှာ အမျိုးသမီးတွေရဲ့ဘဝဟာ ကြောက်မက်ဖွယ်ရာပါ။ သူမတို့မှာ ဥစ္စာပစ္စည်းပိုင်ဆိုင်မှုဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမဲ့သူမတို့ကိုယ်တိုင်ကတော့ ယောက်ျားတွေရဲ့ ပိုင်ဆိုင်မှုပစ္စည်းတစ်ခု ဖြစ်နေပါတယ်။ အမျိုးသမီး တစ်ယောက်အနေနှင့် သူ့ရဲ့ခင်ပွန်းသည်ကွယ်လွန်သွားပြီဆိုတာနှင့် ခင်ပွန်း သည်ရဲ့ပိုင်ဆိုင်မှုအားလုံးဟာ သားဖြစ်သူတွေထံ ဆင်းသက်သွားပါတော့တယ်။ ဇနီးသည်ကတော့ လက်မဲ့ဘဝရောက်သွားရပါတယ်။ဒီအနေအထားကနေပြီးတော့ မုဟမ္မဒ်ဟာ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးတွေ၊ အမွေဆက်ခံမှုတွေ၊ လင်မယားကွာရှင်းမှုအရေးကိစ္စတွေ၊ ပညာရေးဆိုင်ရာ အခန်းကဏ္ဍတွေ၊ အမျိုးသမီးများအပေါ် အကာအကွယ်ပေးမှုဆိုင်ရာ အခြေခံမူဝါတွေကို ဥပဒေ ပြုပေးခဲ့ပါတယ်။ (Esposito, John L. Islam: The Straight Path. New York: Oxford UP, 1998. Print)
Islam; The Straith Path ကိုရေးသားပြုစုသူ John Luois Esposito ဆိုသူဟာ Washinton D.C. မှာတည်ရှိတဲ့ Gorgetown University ရဲ့ Religion and International Affairs and Islamic Studies ရဲ့ Professor တစ်ယောက်ဖြစ်ပါတယ်။ ဒီစာအုပ်ကိုရေးသားတဲ့ အခါမှာ သူကိုယ်တိုင်လည်း ဒီလိုမှတ်ချက်တစ်ခုကို ရေးသားထားတာတွေ့ရပါတယ်။
“Muhammad granted women rights and privileges in the sphere of family life, marriage, education, and economic endeavors, rights that help improve women’s status in society.”
မုဟမ္မဒ်သည် အမျိုးသမီးများ၏အခွင့်အရေးများနှင့် အထူးအခွင့်အာဏာများကို မိသားစုရဲ့ ဘဝတည်ဆောက်မှုဖြစ်တဲ့ အိမ်ထောင်ပြုခြင်း၊ ပညာသင်ကြားခြင်း၊ စီးပွားရေးဆိုင်ရာကြိုးပမ် အားထုတ်ခြင်း စတဲ့အခန်းကဏ္ဍတွေမှာ ခွင့်ပြုအပ်နှံပေးခဲ့ပါတယ်။ ဒီလိုခွင့်ပြုထားခြင်းအားဖြင့် အမျိုးသမီးဆိုင်ရာအခွင့်အရေး ရရှိမှုတွေဟာ လူမှုအဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေရဲ့ တိုးတက်မြင့်မားမှုဆိုင်ရာ အဆင့်အတန်းတစ်ရပ်ကို ဖြစ်ထွန်းစေခဲ့ပါတယ်။
ဒါပေမဲ့ Feminism လို့ပြောလိုက်တာနှင့် ဒီကနေ့မွတ်ဆလင်မ်တွေအများစုရဲ့ နားလည်လက်ခံလိုက်ပုံက ‘မိန်းမဝါဒကြီးစိုးရေး’ လို့ အရိုးစွဲနားလည်ထားလိုက်ကြပါတယ်။
အမှန်တကယ်တော့ Feminism ဆိုတာက အနီးစပ်ဆုံးအနက်ကောက်ယူရမယ်ဆိုရင်တော့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ခြေခံလူ့အခွင့်အရေးတွေနှင့်ပတ်သက်ပြီး အမျိုးသားတွေနှင့် အမျိုးသမီးတွေအကြားမှာ Equity ဆိုတဲ့သာတူညီမျှမှုကို ဖေါ်ဆောင်နိုင်ဖို့ လှုပ်ရှားစည်းရုံးမှုတွေ၊ အသိပေးဆွေးနွေးမှုတွေ ဆောင်ရွက်တဲ့ လှုပ်ရှားမှုကြီးတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမဲ့ သတိပြုရမဲ့အချက်က Feminism ဆိုတာက အတွေးအခေါ်၊ အယူအဆချည်းသက်သက်မဟုတ်သလို လှုပ်ရှားမှုသက်သက်ချည်းလည်း မဟုတ်ပါဘူး။ အတွေးအခေါ်ပါဝင်တဲ့ လူမှုတရားမျှတမှုအပေါ် အခြေခံထားတဲ့ လှုပ်ရှားမှုတစ်ရပ်လို့ သတ်မှတ်ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ဖြစ်နေတဲ့အနေအထားတစ်ခုက လူတွေဟာ မိမိကိုယ်တိုင်သေသေခြာခြာမသိသေးတဲ့ အယူအဆ တစ်ရပ်ကို သိနားလည်ဖို့မကြိုးစားရုံမက လွယ်လွယ်ကူကူနှင့်ပဲငြင်းပယ်လိုက်တဲ့ ဓလေ့စရိုက်က အသစ်အသစ်သောဖြစ်စဉ်တွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ အမြင်တွေစတာတွေကို ကြုံဆုံလိုက်ရတဲ့အခါမှာ အသာတကြည်ပဲငြင်းပယ်လိုက်ကြပါတော့တယ်။ ကျနော်နိဒါန်းအပိုင်းမှာ တင်ပြခဲ့တဲ့ ကျမ်းတော်မြတ်ကုရ်အာန် (၄း၁၂၄) အပေါ်မှာအခြေပြုသုံးသပ်လိုက်မယ်ဆိုရင် တရားမျှတမှုကိုမြတ်နိုးတဲ့စိတ်၊ လုံခြုံလွတ်လပ်မှုကို လူသားပီပီ ခံစားချင်တဲ့စိတ်ဆန္ဒတွေ၊ အာသီသတွေဟာ ကုရ်အာန်က ယောက်ျားဖြစ်ခြင်း (ဇကရ် )၊ မိန်းမဖြစ်ခြင်း ( အွန်းစ်) အပေါ်မှာ မှီတည်နေတာမဟုတ်ပါဘူး။ ကုရ်အာန်ကရည်ညွှန်းနေတာက ကျိုးကြောင်းဆီလျော်တဲ့ လူ့ဆင်ခြင်တုံတရားကို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ပိုင်ဆိုင်ခွင့်ရှိတယ်၊ အသုံးချခွင့်ရှိတယ် ဆိုတာကို ရည်ညွှန်းနေတာပါ။ တမန်တော်မြတ် (ဆွ)ကလည်း ဒီလိုကုရ်အာန်ရဲ့ လမ်းညွှန်ချက် အပေါ်မှာပဲ ဆောင်ရွက်ပြသခဲ့တာပါ။
ဒီနေရာမှာကျနော်တစ်ခုတင်ပြပါရစေ။ အစ္စလာမ့်ခေတ်ဦးပိုင်းမှာရှိတဲ့ ဘီဒူအင်အရဗ်ဆိုင်ရာ လူမျိုးစု တွေမှာ အခုပြောနေကြတဲ့ ‘မဟာရ်’ ဆိုတာဟာ သတိုးသားကသတိုးသမီးကို ပေးတာမဟုတ်ပဲ သတိုးသမီးရဲ့ ဖခင်ကို ပေးရတာပါ။ ဒီအခြေအနေကို တမန်တော်မြတ်ကြီးက ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက် နှင့်အညီ မင်္ဂလာချီးမြှင့်တန်ဖိုးတစ်ရပ်ကို သတိုးသမီးရဲ့ လုံးဝပိုင်ဆိုင်မှုအဖြစ် ဥပဒေပြုပြဌာန်းပေးခဲ့ခြင်း ဖြစ်ပါတယ်။
နောက်တစ်ချက် အစ္စလာမ့်ဥပဒေရ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ပေါင်းဖက်ကြဖို့ နိကာဟ်စာချုပ်ပြုလုပ်ရေးသားခြင်းဟာ Contract တစ်ရပ်ကို သဘောတူစာချုပ် ချုပ်နေတယ်ဆိုတာ ကျနော်တို့ သိနားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ သဘောတူ စာချုပ်တစ်ရပ်ပြုလုပ်နေတာဖြစ်လို့ အမျိုးသားရဲ့ သဘောဆန္ဒကို ထည့်သွင်းအသိအမှတ်ပြုသလို အမျိုးသမီးရဲ့ သဘောဆန္ဒကိုလည်း ထည့်သွင်း အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ အစ္စလာမ်အမျိုးသမီးတွေနှင့်ပတ်သက်ပြီး အင်တာဗျူးလုပ်ထားတဲ့ သုတေသနစာတမ်းပါ အချက်တစ်ရပ်ကို ကျနော်တင်ပြပါရစေ။
သူတေသနစာတမ်းပြုစုမဲ့ ပညာရှင်တွေက အလယ်အလတ်အဆင့်ရှိ မွတ်ဆလင်မ် အမျိုးသမီးတွေကို အင်တာဗျူးပြီး မေးခွန်းထုတ်ပါတယ်။
‘အစ္စလာမ်ဘာသာမှာ မွတ်ဆလင်မ်အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက အဘယ်သို့ ရှိပါသလဲ။ ဒီအမျိုးသမီးတွေကို ဘယ်လိုပုံစံနှင့် လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ပိုင်ခွင့် (Women empowerment) တွေကို အမြင်ဖွင့်ပေးရမလဲ။’
အမျိုးသမီးတွေရဲ့အဖြေကတော့ –
‘ အစ္စလာမ်မှာရော အစ္စလာမ်ရဲ့သင်ကြားမှုမှာရော ပြဌာန်းပေးထားတာက အမျိုးသမီး တွေဟာ လူမှုအဖွဲ့အစည်းတစ်ရပ်အတွင်းမှာ အမျိုးသားများနည်းတူ ခြေချခွင့်ကို (Giving women an equal footing in society to men) ပေးထားပါတယ်။ အမှန်တကယ်တော့ အစ္စလာမ်မှာ အမျိုးသမီးတွေကို တစ်သီးတစ်သန့်နှင့် ကန့်သတ်ဖယ်ထုတ်ထားတာမရှိပါဘူး။ ဒါပေမဲ့ ကျမတို့တစ်ခုတော့တွေ့ကြုံခံစားနေရတာရှိပါတယ်။ အဲဒါကတော့ အချို့သော မွတ်ဆလင်မ်အမျိုးသားများဟာ ကျမတို့မွတ်ဆလင်မ်တွေရဲ့သင်ကြားချက်တွေ၊ ပြဌာန်းချက် တွေကို တစ်လွဲတစ်ချော်လုပ်ခြင်းအားဖြင့် ကျမတို့အမျိုးသမီးတွေရဲ့ အစ္စလာမ်ဆိုင်ရာ မူလပြဌာန်းချက်တွေကို မျက်နှာ လွှဲထားကြပါတယ်။ အစ္စလာမ်ဟာ အမျိုးသမီးတွေရဲ့စီမံခန့်ခွဲပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ (Empowerment of women)ကို အရင်းအမြစ်တစ်ရပ်လို ပြဌာန်းပေးထားပြီးဖြစ်ကြောင်းကို ကျမတို့အခိုင်အမာယုံကြည် ထားပြီးသားပါ။’
ဒီနေရာမှာအလျဉ်းသင့်လို့တင်ပြချင်တာတစ်ခုရှိပါတယ်။ အစ္စလာမ်မဟုတ်သူတွေက မွတ်ဆလင်မ်တို့ရဲ့ Culture မှာ ‘ဖိုဝါဒ’ (Masculinity) ကို အရင်းအမြစ်ပြုထားတဲ့ တမန်တော်မုဟမ္မဒ်ရဲ့ လုပ်ဆောင်ပြချက် တစ်ရပ်ရှိပါတယ်ဆိုပြီး ရည်ညွှန်းထောက်ပြနေတာ တစ်ခုရှိပါတယ်။ သူတို့ထောက်ပြတာက –
မုဟမ္မဒ်ရဲ့ ပထမဦးဆုံးသောအိမ်ထောင်ကို ခတီဂျာဆိုတဲ့အမျိုးသမီးနှင့် တစ်လင် တစ်မယားစနစ်အားဖြင့် (၂၅) လောက်နေခဲ့ပါတယ်။ ခတီဂျာ ကွယ်လွန်ပြီး နောက်ပိုင်းမှာ မုဟမ္မဒ်ဟာ ဇနီးသည် (၁၄)ယောက်လောက်ကို လက်ထပ်ခဲ့ပါတယ်။ အထောက်အထား တစ်ရပ်ပေးရမယ်ဆိုရင် ဘုခါရီဟဒီစ်း (ရး၆၂း၁၄၂) ဆိုရင် မုဟမ္မဒ်သည် အချို့သောအချိန်တွေမှာ သူ့ရဲ့ဇနီးသည်အားလုံးကို တစ်ညတည်းနှင့် သံဝါသပြုခဲ့တယ်လို့ ရေးထားပါတယ်။ ထို့ပြင် ဘုခါရီဟဒီစ်း (၁း၅း၂၆၈) မှာဆိုရင် မုဟမ္မဒ်သည် ယောက်ျား (၃ဝ) အားနှင့်ညီမျှတဲ့ စွမ်းအားတွေ ရှိတယ်ဆိုပြီရေးသားထားပါတယ်။ ဒါဟာ တစ်ဖက်တစ်လမ်းက ‘မဟာဖိုဝါဒ’ ကိုအားပေး နေကြောင်း၊ အစ္စလာမ်ဘာသာရေးဆိုင်ရာအရ မွတ်ဆလင်မ်တစ်ဦးသည် တမန်တော်မြတ်ကို ဖဝါးခြေထပ်လိုက်နာကျင့်သုံး ရမည်ဆိုတဲ့ သင်ကြားချက်အပေါ်မှာ ဒီအချက်ဟာ မွတ်ဆလင်မ် အမျိုးသားတွေအတွက် ဖိုဝါဒီတွေ အင်အားကြီးလွှမ်းမိုးနိုင်တယ်ဆိုတဲ့ သင်ကြားချက်တစ်ရပ်ကို အမြင်ဖွင့် (Awareness) လုပ်နေကြောင်း ထောက်ပြ နေပါတယ်။ (တမန်တော်မြတ်ရဲ့ ဆွဟာဘာ တွေကလည်း တမန်တော်တော်မြတ်ရဲ့ အိပ်ခန်းထဲကိုတောင် ဝင်ရောက်ပြီး မှတ်တမ်းယူနေတဲ့ သဘောဖြစ်နေပါတယ်)
ကျနော့အနေနှင့် ပြောရမယ်ဆိုရင် မွတ်ဆလင်မ်တစ်ယောက်ဟာ တမန်တော်ဟဒီစ်းကို ငြင်းပယ်ခွင့် မရှိဘူးဆိုတာ ကျနော်လက်ခံပါတယ်။ နောက်တစ်ချက်က အစ္စလာမ့်ပညာရှင်ကြီးတွေ တစ်ညီတစ်ညွတ်တည်း လက်ခံအတည်ပြုထားကြတဲ့ ယနေ့တည်ရှိနေသော ဟဒီစ်းများသည် ကျမ်းမြတ်ကုရ်အာန်ကို အကျယ်ဖွင့် ရှင်းလင်းချက်များဖြစ်သည်ဆိုပါလျှင် ကျနော်အမှန်တကယ်မသိလို့ မေးချင်တာတစ်ခုက-
ဒီလိုမျိုးတမန်တော်မြတ်ဟာ ဇနီးသည်(၁၄)ယောက်နှင့် တစ်ညတည်းသံဝါသပြုနိုင်တာတို့၊ တမန်တော်မြတ်ဟာ ယောက်ျား (၃ဝ) အားနှင့်ညီမျှတာတို့ဟာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ဘယ်အာယသ်ကို အခြေပြုပြီး အကျယ်ဖွင့်ချက်လည်းဆိုတာ သိချင်ပါတယ် လို့ မေးခွန်းထုတ်ရင်း ဒီနေခွတ္တဗါဟ်ကို နိဂုံးချုပ်လိုက်ပါတယ်။
……………………………………………………….