အစ္စလာမ်နှင့်လွတ်လပ်စွာပြောဆိုခွင့် (Islam and Freedom of Speech) မုဖ်သီဦးစန်းအောင် (B.Sc)
အစ္စလာမ်နှင့်လွတ်လပ်စွာပြောဆိုခွင့် (Islam and Freedom of Speech)
မုဖ်သီဦးစန်းအောင် (B.Sc)
ဒီကနေ့ (၁၁-၁၂-၂ဝ၁၅)၊ ယောင်မွလ်ဂျူမုအာဟ်ဖြစ်တဲ့ သောကြာစုရုံးရာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အိဘာဒသ်ပြုရန် ကြွရောက်လာကြတဲ့ (၅၉)လမ်း၊ ဆုတောင်းပြည့်အစ္စလာမ့်ဝတ်ကျောင်းတော်ကြီးရဲ့ ဂျမာအသ် ဝင် အမျိုးသားနဲ့ အမျိုးသမီးများခင်ဗျား —-
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ်လားဟိ ဝဘရကားသုဟု….
ဒီကနေ့ ကျွန်တော်တင်ြပမဲ့ ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ “အစ္စလာမ်နှင့် လွတ်လပ်စွာပြောဆိုခွင့်” ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ Islam and Freedom of Speech လို့ပြောလို့ရသလို Islam and Freedom of Expression လို့ဆိုရင်လည်းရပါတယ်။ ဒီခေါင်းစဉ်ကို ဒီအပါတ်မှာကျနော်ရွေးချယ်တင်ပြရခြင်းအကြောင်းကတော့ မကြာခင်သောအနာဂါတ်ကာလမှာ ကျနော်တို့မြန်မာနိုင်ငံတော်ဟာ ဒီမိုကရေစီစနစ်ကိုဖေါ်ဆောင်နိုင်တော့မယ်လို့ ကျနော်ယုံကြည်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီနဲ့အတူမွေးဖွားလာမဲ့ “လွတ်လပ်စွာပြောဆို၊ရေးသားခွင့်” ကလည်း ကျနော်တို့ဆီကို ဆိုက်ရောက်လာပါတော့မယ်။ အဲဒီလို လွတ်လပ်စွာပြောဆို၊ရေးသားခွင့်နဲ့အတူ Hate Speech လို့ခေါ်တဲ့ “အမုန်းစကားပြောဆို၊ရေးသားခြင်း” ဆိုတာလည်းကပ်ပြီးလိုက်ပါလာပါလိမ့်မယ်။ ထိပ်တန်း ဒီမိုကရေစီ နိုင်ငံကြီးများမှာပင် လွတ်လပ်စွာပြောဆို၊ ရေးသားခွင့်ဆိုတာကိုအကြောင်းပြုပြီး အမုန်းစကားပြောဆို၊ရေးသားခြင်း ဆိုတာက ပူးကပ်ပြီးရှိနေပါတယ်။ အဲဒီတော့ ဒီမိုကရေစီကိုသွားမဲ့ ကျနော်တို့မြန်မာနိုင်ငံမှလည်း “ လွတ်လပ်စွာ ပြောဆို၊ရေးသားခွင့်” နဲ့အတူ Hate Speech လို့ခေါ်တဲ့ “အမုန်းစကားပြောဆို၊ ရေးသားခြင်း” ဆိုတာကို တစ်ပြိုင် နက် ရင်ဆိုင်ကြုံတွေ့ရပါလိမ့်မယ်။ ဒါတွေနဲ့ပတ်သက်ပြီး အထူးသဖြင့် ကျနော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမယ်။ တိတိကျကျပြောရမယ်ဆိုရင် ကျနော်တို့မွတ်ဆလင်မ် လူ့အဖွဲ့အစည်းဝင် တွေဟာ ပြဿနာတစ်ရပ်နဲ့ပတ်သက်လာရင် ကြိုတင်ပြင်ဆင်မှုအပိုင်းမှာ အားနည်းကြပါတယ်။ ပြဿနာဖြစ်ပြီးမှ အနောက်ကလိုက်ပြီးဖြေရှင်းကြတာပဲ များပါတယ်။
ဒါကြောင့်ကျနော်တို့မွတ်ဆလင်မ်တစ်ဦးချင်းထံမှာ ပြဿနာတစ်ခုဖြစ်လာရင် ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို သိရှိထားဖို့၊ နှိုးဆော်ထားဖို့ လိုအပ်တယ်။ Contact တွေရှိဖို့လိုတယ်။ ဗဟုသုတတွေရှိဖို့လိုတယ်။ ပြီးခဲ့တဲ့ကျနော့ခွတ်ဗါဟ်ဖြစ်တဲ့ “အွမ္မတွန်ဝဆတွန် – မျှခြေရှိသောလူ့အဖွဲ့အစည်း” အကြောင်းတင်ပြစဉ်က ကျနော် တို့ဟာ Community space လို့ခေါ်တဲ့ “လူ့အဖွဲ့အစည်းဝင်ဆိုင်ရာရပ်ဝန်း” တွေကို ကျနော်တို့တည်ထောင်ရမယ် လို့ကျနော်တင်ပြခဲ့ပါတယ်။ အဲဒီ Community space တွေမှာ ကိုယ့်လူ့အဖွဲ့အစည်းဝင်တွေကို အသိပညာတွေ ဖလှယ်ဖြန့်ချိရမယ် လို့ကျနော်တင်ပြခဲ့ပါတယ်။ အထူးသဖြင့် ကျနော်တို့မွတ်ဆလင်မ်လူ့အဖွဲ့အစည်းမှာက ‘ဂျန္နသ်နဲ့ ဂျဟန္နမ်’ အကြောင်းကပဲနေရာယူတာများနေတော့ လတ်တလောပြဿနာတွေကို ဘယ်လိုရင်ဆိုင် ဖြေရှင်းရမလဲ ဆိုတဲ့အပိုင်းမှာ အားနည်းနေပါတယ်။
ကောင်းပြီး၊ ကျနော်တို့ဟာ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေပါ။ အဲဒီတော့ ကိုယ်သက်ဝင်ယုံကြည်တဲ့ အစ္စလာမ်ကဘယ်လိုပြောဆို၊ နေထိုင်ရမယ်ဆိုတာကို လေ့လာသိရှိထားရမှာဖြစ်သလို နိုင်ငံတော်ရဲ့တည်ဆဲဥပဒေက ဘယ်လိုနေထိုင်ပြောဆိုနေထိုင်ရမလဲဆိုတဲ့ ဥပဒေ ပြဌာန်းချက်တွေကိုလည်း သိရှိလေ့လာထားဖို့လိုအပ်ပါတယ်။ ။
ရှေးဦးစွာ ကျမ်းတော်မြတ်ကုရ်အာန်က Freedom of Speech ‘လွတ်လပ်စွာပြောဆိုခွင့်’ နဲ့ပတ်သက်ပြီး ဘယ်လိုပြောဆိုဖို့ သတ်မှတ်ပြဌာန်းထားသလဲ ဆိုတာကို တင်ပြပါရစေ။
“အသင်တမန်တော်သည် ငါအရှင်ြမတ်၏နာခံတော်များအား ကောင်းမွန်လှပတင့်တယ် မျှတမှုအဖြစ်ဆုံး သော စကားကိုသာ ပြောကြားကြရန် လမ်းညွှန်မှာကြားမှုပြုပါလေ။ အမှန်တကယ်ပင် ရှိုင်တွာန်မိစ္ဆာကောင်သည် သူ(လူ)တို့ အကြားတွင် အမုန်းစကားကိုသာ ပြောကြားစေလိမ့်မည်။ ဧကန်မုချ ရှိုင်တွာန်သည် လူသားတို့အတွက် ထင်သာ မြင်သာသော ရန်သူသာဖြစ်သည်။” (ကုရ်အာန် – ၁၇း၅၃)
ဒီအာယသ်ရဲ့ဆိုလိုရင်းကို လေ့လာကြည့်မယ်ဆိုရင် အလ္လာဟ်အရှင်ြမတ်က ယုံကြည်သက်ဝင်သူတွေ၊ နာခံသူတွေကို ဘယ်လိုစကားပဲပြောသည်ဖြစ်စေ၊ ဘယ်အကြောင်းကိုပဲ ပြောဆိုသည်ဖြစ်စေ၊ အကောင်းမွန်ဆုံး အတင့်တယ်ဆုံး၊ မျှတမှုအရှိဆုံး၊ အလှပဆုံး ပြောဆိုဖို့ တမန်တော်မြတ်(ဆွ)ထံမှတစ်ဆင့် လမ်းညွှန်ထားတာကို တွေ့ရပါတယ်။ အဲဒီတော့ ‘ကောင်းမွန်လှပတင့်တယ် မျှတမှုအဖြစ်ဆုံးသောစကား’ ကိုပြောကြားခြင်းဟာ ကုရ်အာန်ကလမ်းညွှန်တဲ့ တမန်တော်မြတ်(ဆွ)ရဲ့ စွန္နသ်တော်တစ်ပါးဖြစ်ပါတယ်။ တစ်ဖက်စောင်းနင်းဖြစ်စေတဲ့ တရားမျှတမှုမရှိတဲ့ တစ်ဖက်သားကို နစ်နာသွားစေတဲ့စကားမျိုး (Hate Speech)တွေ မပြောဆိုဖို့တားမြစ် လိုက်ပါတယ်။ ဒီအာယသ်တော်အရဆိုရင် လှပတင့်တယ်၊ ကောင်းမွန်တဲ့ စကားပြောဆိုခြင်းဟာ `အိဘာဒသ်´ တစ်ရပ်ဖြစ်ပြီး အထက်မှာဖော်ပြခဲ့တဲ့ Hate Speech တွေပြောဆိုခြင်းဟာ ရှိုင်တွာန်မိစ္ဆာကောင်ရဲ့လုပ်ရပ်လို့ ကုရ်အာန်က လမ်းညွှန်လိုက်ခြင်းပါပဲ။ ‘အိဘာဒသ်’ ဆိုတာကမြန်မာလိုပြန်ဆိုရမယ်ဆိုရင် “နာခံရိုကျိုးဘဝ တည် ဆောက်ခြင်း” လို့အဓိပ္ပါယ်ရပါတယ်။ အဲဒီတော့ တမန်တော်မြတ်(ဆွ)ကလည်း သူ့ကိုအလ္လာဟ်အရှင်မြတ် လမ်းညွှန်တဲ့အတိုင်း လိုက်နာဆောင်ရွက်နေသလို တစ်ဖက်က ရှိုင်တွာန်မိစ္ဆာကောင်ကလည်း တမန်တော်မြတ်နဲ့ ဆန့်ကျင်ပြီး သူ့အလုပ်သူလုပ်နေပါတယ်။ ကျနော်တို့ ဘယ်သူ့အနောက်ကိုလိုက်ကြမလဲ။ ဒီကနေ့ဖြစ်ပွားနေတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေမှာ ရှိုင်တွာန်ရဲ့လုပ်ရပ်တွေက အများဆုံးပါဝင်ပါတယ်။
အမှန်တကယ်တော့ ရှိုင်တွာန်ဟာ ညီညွတ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖြိုခွဲတိုက်ခိုက်ဖို့ အမြဲတမ်း အသင့်ပြင်ထားပါတယ်။ ကွဲအက်တော့မဲ့ လူ့အဖွဲ့အစည်းအကြားမှာ တစ်ဖက်ကိုတစ်မျိုးစီပြောပြီး ရန်တိုက်ပေးလေ့ ရှိပါတယ်။ ဒီနေရာမှာ လူ့အဖွဲ့အစည်း လို့ဆိုလိုက်ရင် မွတ်ဆလင်မ်လူ့အဖွဲ့အစည်း သက်သက်ကိုသာ ပြောခြင်းမဟုတ်ပါ။ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံ၊ အသွေးအရောင်ပေါင်းစုံ၊ အသားအရောင်ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တစ်နည်းပြောရရင် မတူစုံလင်တဲ့ (Diversity) အလွှာပေါင်းစုံပါဝင်ပါတယ်။ ဒီကနေ့လူ့အဖွဲ့ အစည်းတွေပြိုလဲ၊ ပြိုကွဲနေရတာက ရှိုင်တွာန်ရဲ့စေ့ဆော်ချက်ကြောင့်ဖြစ်ပါတယ်။ လူတွေဟာ Hate Speech အမုန်းစကားတွေ ပြောနေခြင်းဖြင့် ရှိုင်တွာန်မိစ္ဆာကောင်ရဲ့အကြိုက်ကို လိုက်နာဆောင်ရွက်နေကြပါတယ်။ ရှိုင်တွာန်ကို ညီနောင်ဖွဲ့နေကြတယ်။ ဒီတော့ Hate speech အမုန်းစကားတွေပြောနေကြမယ်ဆိုရင်တော့ ရန်ပွားမှာပါပဲ။ ရန်များနေမှာပါပဲ။ ဒီနေရာမှာ ကျမ်းတော်မြတ်ကုရ်အာန်က “လွတ်လပ်စွာပြောဆို၊ရေးသားခြင်း” ဆိုတဲ့အပိုင်းနဲ့ “အမုန်းစကားပြောဆို၊ရေးသားခြင်း” ဆိုတာကို စည်းခြားပေးလိုက်ပါပြီး။
ကျမ်းတော်မြတ်ကုရ်အာန်အရဆိုရင် `လွတ်လပ်စွာပြောဆိုခွင့် (Freedom of Speech, Freedom of Expression )ဆိုတာက လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးတစ်ရပ်ဖြစ်နေပြီး၊ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ လွတ်လပ်ခြင်း၊ ညီမျှအချိုးကျခြင်းနဲ့ တရားမျှတခြင်းကို အကောင်အထည်ဖော်ဆောင်နေတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ အာဏာရှင်လက်အောက်မှာ နှစ်ပေါင်းများစွာ ဖိနှိပ်၊ နှုတ်ပိတ်ခံခဲ့ရတဲ့အပေါ်မှာ လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့တန်ဖိုးကို နားမလည်သူက အများစုပါ။
ဆက်လက်ပြီး ကျနော်တည်ဆဲဖြစ်တဲ့ (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေကိုတင်ပြပါရစေ။ ကျနော်ဟာ (၂ဝဝ၈)ဖွဲ့စည်းပုံဥပဒေတစ်ရပ်လုံးကို မကြိုက်သူမဟုတ်ပါ။ မျှတမှုမရှိတဲ့အပိုင်းတွေ၊ ခေတ်နဲ့မလျော်ညီတဲ့ အပိုင်းတွေ၊ အရှေ့အနောက်မညီတဲ့အပိုင်းတွေကိုသာ မကြိုက်တာပါ။ ဒီနေရာမှာ ‘(၂ဝဝ၈)တစ်ခုလုံးဟာ ကျနော် တို့ မနှစ်သက်စရာပါ’ လို့အဆိုပြုလာမယ်ဆိုရင်တော့ ပြန်စဉ်းစားရမဲ့အချက်တစ်ချက်က ‘ကျနော်တို့မနှစ်သက်တဲ့၊ မကြိုက်တဲ့ ပါတီတွေကိုကျနော်တို့ (၂ဝဝ၈)ဖွဲ့စည်းပုံဥပဒေနဲ့ပဲ ဖြုတ်ချခဲ့တာကိုတော့ မမေ့လိုက်ပါနဲ့’ လို့ပြောချင် ပါတယ်။
မြန်မာနိုင်ငံ (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁ဝ)၊ပုဒ်မ (၃၅၄)မှာ –
“ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မ ဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းပေးထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ရေးသားဖြန့်ဝေခွင့်။
(ခ) လက်နက်မပါပဲ ငြိမ်းချမ်းစွာစုဝေးခွင်၊့ စီတန်းလှည့်လည်ခွင့်။
(ဂ) အသင်းအဖွဲ့(သို့မဟုတ်)အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်။
(ဃ) တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့်တစ်မျိုး(သို့မဟုတ်) တိုင်းရင်းသားလူမျိုးအချင်းချင်းသော်လည်းကောင်း၊ အခြားဘာသာ၊ သာသနာကိုလည်းကောင်း၊ ထိခိုက်နစ်နာမရှိစေပဲ၊ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့်ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်။”
ဒီဥပဒေပြဌာန်းချက်တွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဥပဒေအရ ခွင့်ပြုထားပေမဲ့ ဥပဒေတစ်ချက်ခြင်း မှာ ပြန်လည်ထိန်းချုပ်ထားတဲ့ သဘောတွေကိုလည်း တွေ့ရပါတယ်။ ဆိုလိုတာက မိမိရဲ့လုပ်ဆောင်ပိုင်ခွင့်ဟာ တစ်ဖက်ကို ထိခိုက်နစ်နာမှုမရှိစေရဆိုတဲ့ သဘောပါဝင်တာကိုတွေ့ရပါတယ်။ တစ်ဦးနဲ့တစ်ဦးအကြား၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့အကြား၊ တစ်ဘာသာနဲ့တစ်ဘာသာအကြားမှာ အပြန်အလှန်လေးစားမှု (Mutual respect)၊ အပြန် အလှန်နားလည်ပေးမှု (Mutual understanding) ထားရှိဖို့ဆိုတာတွေကို ပြဌာန်းထားတဲ့သဘောမျိုး ပါဝင်ပါတယ်။
ဒါပေမဲ့ ဒီကနေ့မြန်မာနိုင်ငံမှာ လူမျိုး၊ ဘာသာကို အစွဲပြုပြီး အမျိုးသားရေးစိတ်ဓါတ်အလွန်အမင်း မြင့်တက်နေချိန်မှာ၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှု၊ မုန်းတီးမှု နဲ့ မုန်းတီးအောင် လှုံ့ဆော်မှုတွေဟာ လူ့အဖွဲ့အစည်းတစ်ခုကို အလွန်ပဲအရုပ်ဆိုး၊ အကျည်းတန်စေပါတယ်။ ဒီလို ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုတွေဟာ ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်တွေနဲ့ မကိုက်ညီသလို ခေတ်သစ်လူသားဝါဒရဲ့ အခြေခံဥပဒေသများနဲ့လည်း ဖီလာ ဆန့်ကျင်ဖြစ်နေပါတယ်။
အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ လူသားကို `စကားပြောဆိုခြင်းဆိုင်ရာ အသိပညာ၊ အတတ် ပညာ´ကို သင်ပေးတယ်လို့ ဆိုထားပါတယ်။ အဲဒီတော့ ကမ္ဘာပေါ်မှာသက်ရှိဖန်ဆင်းခံတွေအနက် စကားပြောဆို ခြင်းဆိုတာကို လူသားတစ်မျိုးတည်းကသာ စွမ်းဆောင်နိုင်ပါတယ်။ တစ်ဆက်တည်းမှာ အလ္လာဟ်အရှင်မြတ်က လူသားကို ဘယ်လိုစကားမျိုးပြောရမယ်။ ဘယ်လိုအပြုအမူမျိုးနဲ့ နေထိုင်ရမယ်ဆိုတာကိုပါ တမန်တော်တွေ အဆက်ဆက်လွှတ်ပြီး သင်ကြားပေးပါတယ်။ ဝဟီကျမ်းတွေပို့ချပေးပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်နဲ့အတူ ရေးသားခွင့်ကလည်းပါလာတယ်ဆိုတော့ ကုရ်အာန် (၉၆း၎)မှာ အလ္လာဟ် အရှင်မြတ်က လူသားကို ရေးသားခြင်းဆိုင်ရာ အသိပညာ၊ အတတ်ပညာကိုလည်း သင်ကြားပေးတယ်လို့ ဆိုထားပြန်ပါတယ်။ ကျနော်နားလည်တာကိုပြောရမယ်ဆိုရင် ‘ရေးသားခြင်း’ ဆိုတာ ‘တိတ်ဆိတ်စွာ စကား ပြောခြင်း’ ပါပဲ။ ဒါကြောင့် သက်ရှိဖန်ဆင်းခံတွေထဲမှာ လူသားကသာလျှင် ရေးသားခြင်းအတတ်ပညာ၊ အသိပညာ ကို စွမ်းဆောင်နိုင်ပါတယ်။ အလ္လာဟ်အရှင်ြမတ်က ရေးသားခြင်းအားဖြင့် လူသားကို ဝဟီထုတ်ပြန်ပို့ချပေးခဲ့ပါ တယ်။
ဒါကြောင့် စကားပြောဆိုခြင်းနဲ့ ရေးသားခြင်း၊ ရွတ်ဖတ်ခြင်းတို့ဟာ အလ္လာဟ်အရှင်မြတ်က လူသားတွေကို ပေးအပ်ထားတဲ့ `အမာနသ်´တစ်ရပ်ပါ။ ဒီ`အမာနသ်´ကို လူသားတွေက တရားမျှတစွာပြောဆိုခြင်း၊ တရားမျှတ စွာ ရေးသားခြင်းစတာတွေနဲ့ ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ အလ္လာဟ်ချီးမြှင့်ထားတဲ့ ‘အမာနသ်’ ကို ‘ခယာနသ်’ လုပ်မယ်ဆိုရင်တော့ Freedom of Speech ဟာ Hate Speech ဖြစ်သွားပါလိမ့်မယ်။
ဒီနေရာမှာ တရားမျှတစွာ ရေးသားခြင်းဆိုတဲ့ အခန်းကဏ္ဍပါဝင်လာတဲ့အပေါ်မှာ ရေးသားခြင်းအားဖြင့် လူအများကို သတင်းဖြန့်ချိနေတဲ့ မီဒီယာအပိုင်းကိုလည်း ဆန်းစစ်ဖို့လိုပါတယ်။ မီဒီယာဆိုတာက မီဒီယာကျင့်ဝတ် စည်းကမ်းနဲ့အညီ ရေးသားတင်ပြရမှာဖြစ်ပြီး၊ လူထုအကြား၊ မတူညီသော ဘာသာဝင်များအကြား၊ တိုင်းရင်းသား များအကြားမှာ၊ ပဋိပက္ခတွေကို လျော့ပါးစေမဲ့ ဦးတည်ချက်နဲ့စေတနာကို ထားရှိပြီး၊ သတင်းရေးသားရမှာဖြစ်ပါ တယ်။ မီဒီယာသမားတွေအနေနဲ့ အချက်အလက်မှားတွေကို မဖော်ပြတာပြဿနာမရှိပေမဲ့ မှန်ကန်တဲ့အချက် အလက်မျိုးကိုတော့ ကိုယ့်ရပ်တည်ချက်နဲ့မကိုက်ညီဘူးဆိုပြီး တမင်ချန်လှပ်ထားခြင်းမျိုးကို မပြုလုပ်မိဖို့ လိုပါ တယ်။ ဥပမာ… “ဒီသတင်းဟာဖြင့် မွတ်ဆလင်မ်ဖက်က အမှန်အတိုင်းပြန်ပြီးရှင်းပြတဲ့သတင်းပဲ။ ဒါပေမဲ့ ဒို့သတင်းဌာနကဖေါ်ပြလိုက်ရင် စာဖတ်သူအများစုက ဒို့သတင်းမီဒီယာ၊ ဒို့ဂျာနယ်ကို ဝယ်မဖတ်တော့ပဲ သပိတ် မှောက်လိုက်ရင် ဒုက္ခရောက်သွားမယ်” ဆိုတဲ့အတွေးမျိုးက ဒီကနေ့မြန်မာ့မီဒီယာလောကမှာ ကိန်းအောင်းနေပါ တယ်။ ပြည်သူလူထုဆိုတာ မှန်ကန်သောအချက်အလက်ကို သိရှိဖို့အခွင့်အာဏာရှိပြီး အဲဒီအခွင့်အရးကို မီဒီယာတွေက ပြန်မချိုးဖောက်မိဖို့ လိုပါတယ်။
အမှန်တကယ်မှာတော့ သတင်းမီဒီယာဆိုတာက ပြည်သူကိုလမ်းပြရှေ့ဆောင်ရမဲ့အစား လူထုရဲ့မျက်စိ တွေ၊ နားတွေအရှေ့မှာ ထပ်ပြီးပိတ်ဆို့တာ မဖြစ်ဖို့၊ မလုပ်ကြဖို့ တောင်းဆိုပါတယ်။ ပဋိပက္ခကို မပြန့်ပွား၊ မကြီးထွား စေရေးအတွက် မိမိရေးသားမှု၊ ဖော်ပြမှုတိုင်းမှာ သတိကြီးစွာထားဖို့ တောင်းဆိုပါတယ်။ မကြာခင်ရက်ပိုင်းက ဂျာနယ်တစ်စောင်မှာ တမန်တော်မြတ်(ဆွ)နဲ့ပတ်သက်ပြီး မှားယွင်းစွာဖေါ်ပြခြင်းမျိုးဟာ သက်ဆိုင်ရာဘာသာဝင် တွေရဲ့ စိတ်နှလုံးမသာမယာဖြစ်ရပါတယ်။ ဂျာနယ်ကလည်းပြန်လည်တောင်းပန်မှုတော့လုပ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် (၃၃း၇ဝ)မှာ ဒီလိုပြဌာန်းထားပါတယ်။
“အို-အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် `သက္ကဝါ´တည်းဟူသော အလ္လာဟ်အရှင်မြတ် ကရှောင်ကြဉ်စေသည်တို့ကို ရှောင်ကြဉ်၍၊ ဆောင်ကျဉ်းစေသည်တို့ကို ဆောင်ကျဉ်းကြပါလေ။ ပြီးနောက် သင်တို့ သည် လေးနက်တည်ကြည်၊ မှန်ကန်သောစကားကိုသာ ပြောကြလေကုန်။ ” (ကုရ်အာန်-၃၃း၇ဝ)
ဒီအာယသ်အရဆိုရင် အစ္စလာမ်ဘာသာဝင်တစ်ဦးအတွက် လေးနက်တည်ကြည်၊ မှန်ကန်သောစကားကို ပြောဆိုခြင်းဟာ ‘သက္ကဝါ’ တရားဖြစ်ပြီး၊ အမုန်းစကား(Hate Speech) ပြောဆိုခြင်းဟာ ခြွင်းချက်မရှိသော တားမြစ်ချက်တစ်ရပ်ပါ။ လူတစ်ယောက်ရဲ့ ပြောစကားလေးနက်တည်ကြည်၊ မှန်ကန်မှုဆိုတာက သူပြောတဲ့ စကား တစ်ခွန်းခြင်းအပေါ်မှာ သူတာဝန်ယူရပါလိမ့်မယ်။ အစ္စလာမ်က လူတစ်ယောက်ရဲ့ `လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်´ဆိုတဲ့အပိုင်းမှာ သူ့ရဲ့ပြောဆိုမှု၊ သူ့ရဲ့ရေးသားမှုကို သူကိုယ်တိုင်တာဝန်ယူရပါလိမ့်မယ်။
ဒီနေရာမှာ ကျနော်ထောက်ပြချင်တဲ့ အချက်တစ်ချက်ရှိပါတယ်။ ဒီအချက်က ကျနော်တို့ အစ္စလာမ် ဘာသာဝင်တွေထဲမှာလည်းရှိသလို၊ အခြားဘာသာဝင်တွေထံမှာလည်းရှိပါတယ်။ ဘာလဲဆိုတော့….
လူတစ်ယောက်က အကြောင်းအရာတစ်ခုကိုရေးလိုက်တယ် ဆိုပါတော့။ အကယ်၍ ဒီအကြောင်းအရာက တစ်စုံတစ်ဦး၊ တစ်စုတစ်ဖွဲ့၊ ဒါမှမဟုတ် ဘာသာတစ်ခုကို စော်ကားသလိုဖြစ်နေပြီးဆိုရင် အဲဒီစာရေးသူက ‘ ဘယ် စာအုပ်၊ ဘယ်ကျမ်းမှာ ဘယ်ပညာရှင်ကြီးရေးထားတာကို ကျွန်ုပ်က ပြန်ကိုးကားပြီး ရေးတာပါ’ ဆိုပြီး တာဝန်မယူပဲ ရှောင်ထွက်လေ့ရှိပါတယ်။ ဟိုတုန်းကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြဿနာဖြစ်ချင်မှဖြစ်ပေမဲ့ ဒီကနေ့မှာ တော့ ပြဿနာဖြစ်သွားပြီးလေ။ မဆင်မခြင်ပြောဆို၊ ရေးသားပြီး ပြဿနာဖြစ်မှ ဟိုကျမ်း၊ ဒီကျမ်းဆိုပြီး တာဝန်မယူ ရဲတဲ့ လုပ်ရပ်မျိုးဟာ (Hate Speech) အမုန်းစကားပြောဆို၊ရေးသားခြင်းပါပဲ။ သူများပြောတိုင်း၊ သူများရေးတိုင်း ကိုယ်ကလက်ခံပြီး ပြန်လည်ဖေါက်သည်ချခြင်းဟာ သူများဆဲတာကို နားထောင်ပြီး ကိုယ်ကပြန်ဆဲတဲ့ လူယုတ်မာ လုပ်ရပ်ဖြစ်ပါတယ်။ ဘာသာရေးပဋိပက္ခဆိုင်ရာလှုံ့ဆော်မှုတွေမှာ ဒီလိုကိစ္စမျိုးတွေအများအပြားတွေ့ရပါတယ်။ အစ္စလာမ်ထဲမှာလည်း မတူညီတဲ့အုပ်စုတွေတိုက်ခိုက်၊ ဝေဖန်မှုမျိုးတွေမှာ ဒီလိုကိစ္စမျိုးတွေ၊ ဒီလို Hate Speech- အမုန်းစကားပြောတာတွေ တွေ့ရပါတယ်။ အချို့မွတ်ဆလင်မ်ဆိုသူတွေ Hate Speech ဘာလဲဆိုတာ မသိကြဘူး။
ဒါကြောင့် အစ္စလာမ်က လမ်းညွှန်တဲ့လွတ်လပ်စွာပြောဆိုရေးသားခွင့် ဆိုတာက အခုကျနော်တင်ပြမဲ့ အချက်အလက်တွေအပေါ်မှာ အဓိကမူတည်ပါတယ်။
သင်သည်လွတ်လပ်စွာ ပြောဆို၊ ရေးသားခွင့်ရပြီိဆိုလျှင် သင်ဘာလုပ်မည်နည်း။
ဒီမေးခွန်းအတွက် ကျနော်တို့မှာ အဖြေကို စဉ်းစားထားဖို့လိုပါလိမ့်မယ်။
… အကယ်၍သင်သည် လွတ်လပ်စွာပြောဆိုရေးသားခွင့်ရှိပြီဆိုလျှင် သင်၏ပြောဆိုရေးသားမှုက သင်၏ တာဝန်သာဖြစ်သည်။ သင်၏လွတ်လပ်စွာ ပြောဆိုရေးသားခွင့်မှာ သင်အကျိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သူတစ်ပါး၏ အကျိုးစီးပွားကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ထိခိုက်နစ်နာမှုရှိပါက သင်သည် သင်ပြုလုပ် ပြောဆိုခဲ့သောလုပ်ရပ်၊ အပြုအမူ၊ အရေးအသားအတွက် သင်ကိုယ်တိုင် တာဝန်ယူရမည်။ သင်၏ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို သင်သိသလို သူတစ်ပါး၏အခွင့်အရေးကိုလည်း သင်သိနားလည်ရမည်။
… သင်သတိထားရန်လိုအပ်သော အချက်မှာ သင့်မှာလွတ်လပ်ခွင့်ရှိ၍ ပြောဆိုရေးသားခွင့်ရှိသလို အခြားသူ အားလုံးမှာလည်း သင့်ကဲ့သို့ရှိပါသည်။
အဲဒီတော့ ခြုံငုံသုံးသပ်ရမယ်ဆိုရင် လွတ်လပ်စွာပြောဆိုရေးသားခွင့်ဟာ လူသားအားလုံးရယူပိုင်ဆိုင် နိုင်တဲ့ မဟာအခွင့်အရေးကြီးတစ်ရပ်ဆိုတာကို သဘောပေါက်နားလည်ထားရပါမယ်။ လူ့အဖွဲ့အစည်း တစ်ရပ် အတွင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ကို အခွင့်ကောင်းယူပြီး ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးစတဲ့အကြောင်းအရာတွေကို မတည်မငြိမ်ဖြစ်စေဖို့ ဖန်တီးမှုတွေကြောင့် အမှိုက်ကစပြီး ပြသာဒ်မီးလောင်ခဲ့ တဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ မြန်မာနိုင်ငံမှာ အထင်အရှားဖြစ်ပေါ်စေခဲ့ပါတယ်။
‘ ဘယ်လိုပုဂ္ဂိုလ်တွေ၊ ဘယ်လိုပါတီတွေ အနိုင်ရသွားရင်ဖြင့် မြန်မာနိုင်ငံကြီး မွတ်ဆလင်မ်နိုင်ငံဖြစ် သွားမယ်ဆိုတာတို့’….
‘ ဘယ်လိုဘာသာဝင်တွေရဲ့ ဈေးဆိုင်တွေမှာ ဈေးမဝယ်ကြနဲ့ဆိုတာတို့’ ….
ဒီလိုလူမျိုးနဲ့ဘာသာကို သီးသန့်ခွဲခြားသတ်မှတ်ဖို့ရာ တိုက်တွန်းနှိုးဆော်တဲ့စကားမှန်သမျှဟာ လွတ်လပ် စွာ ပြောဆိုခွင့်ဆိုတာကို အကာအကွယ်ယူပြီးပြောဆိုနေတဲ့ အမုန်းစကား (Hate Speech) တွေပဲဖြစ်ပါတယ်။
အမှန်တကယ်တော့ မည်သူမဆို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိတယ်ဆိုပေမဲ့ ပုဂ္ဂိုလ်ရေးအရ ခိုင်လုံ တဲ့အကြောင်းယုတ္တိနဲ့သဘောရိုးမဟုတ်ပဲ အခြားသူတစ်ဦးကို၊ ဒါမှမဟုတ် အစုအဖွဲ့ အသင်းအပင်းတစ်ရပ်ကို ပြောဆိုရေးသားမယ်ဆိုရင် ဒါဟာ အသရေဖျက်မှုတစ်ရပ်ဖြစ်သလို (Hate Speech)အမုန်းစကားလည်းဖြစ်ပါ တယ်။ အမုန်းစကား (Hate Speech)ဆိုတာက လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ တစ်စုတစ်ဖွဲ့ကိုဖြစ်စေ၊ ခွဲခြား နှိမ့်ချပြီး တိုက်ခိုက်ပြောဆိုရေးသားမှုဟာ `အမုန်းစကား´ပဲဖြစ်ပါတယ်။ တစ်ချို့သော အမုန်းစကား (Hate Speech) တွေဟာ ကောလဟာလ ပုံစံမျိုးနဲ့ထွက်ပေါ်လာတာကို တွေ့ရပါတယ်။ ဥပမာ ဘယ်မြို့နယ်၊ ဘယ်လမ်း က၊ ဘယ်ဗလီမှာဖြင့် မှတ်ပုံတင်မရှိတဲ့ လူစိမ်းကုလားတွေ အယောက်(၁ဝဝ)လောက် ရောက်နေတယ်ဆိုတာ မျိုးပေါ့။ ဘယ်အရပ်မှာဖြင့် မွတ်ဆလင်မ်တွေ ဗလီခိုးဆောက်နေတယ် ဆိုတာမျိုးတွေပေါ့။ ဒါဟာ လက်ရှိနိုင်ငံရေး အခြေအနေကို မလိုလားသူတွေက ပြည်သူလူထုကြားမှာ စိုးရိမ်စိတ်ဝင်လာအောင်၊ မတည် မငြိမ်ဖြစ်လာအောင် ဦးတည်လှုံ့ဆော်နေတာပါ။ ဒီလို ကောလဟာလထုတ်လွှင့်နေတဲ့အုပ်စုတွေဆီမှာ အကြံအစည်တစ်ရပ်ရှိပါတယ်။ လူမျိုးရေး၊ ဘာသာရေးအက်ကြောင်းတွေရှိနေတဲ့ လူ့အဖွဲ့အစည်းဝင်တွေကြားမှာ၊ ဒီလိုအမုန်းစကားတွေ၊ ဒီလို ကောလဟာလတွေဆိုတာက တော်တော်သတိထားရမဲ့ အရေးကိစ္စတွေပါ။
ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အမုန်းစကားအများစုဟာ မိမိဘာသာ၊ မိမိလူမျိုးကို ချစ်ခင်မြတ်နိုးပြီး၊ ရိုးသားစွာနေထိုင်တဲ့ အများပြည်သူကို လူမျိုးရေး၊ ဘာသာရေးနဲ့ လှုံ့ဆော်ခြင်းအားဖြင့် ပြည်သူတွေရဲ့အညှာကို ကိုင်တွယ်ပြီး အကြမ်းဖက်မှုဖြစ်စေရန် နှိုးဆော်နေခြင်းဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ လူမျိုးရေး၊ ဘာသာရေးကို အခြေပြုပြီး၊ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ နိုင်ငံတွေရှိပါတယ်။ ဒီနိုင်ငံတွေရဲ့ အကြမ်းဖက်မှုကို လေ့လာကြည့်မယ်ဆိုရင်၊ ဘာသာရေးဆရာတွေ၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီး တွေ၊ ရှေ့တန်းကပါဝင်နေတာကို တွေ့ရပါတယ်။ များသောအားဖြင့် ဒီဘာသာရေးဆရာတွေက လူထုအတွင်းမှာ အမုန်းစကား(Hate Speech)တွေကို ဟောပြောပွဲတွေ၊ လူမှုမီဒီယာတွေ၊ လက်ကမ်းစာစောင်တွေနဲ့ ဗီဒီယိုအခွေ တွေကတစ်ဆင့် ဖြန့်ချိကြပါတယ်။ ဒါတင်မက သတင်းမီဒီယာကိုပါ ထိုးဖောက်ဖြန့်ချိကြပါတယ်။ များသောအားဖြင့် ပြောကြတာက ‘ဘယ်ဘာသာကဖြင့် မကောင်းဘူး။ အဲဒီဘာသာဝင်တွေဟာလည်း မကောင်းကြဘူး။ အဲဒီ ဘာသာဝင်တွေဟာလူမဆန်ဘူး။ သူတို့ကို မနှိပ်ကွပ်ထားရင် တိုင်းပြည်ကိုဒုက္ခပေးနိုင်တယ်’ စသဖြင့် အမျိုးမျိုး လှုံ့ဆော်ပြီးဟောပြောရေးသားကြပါတယ်။
အမှန်တကယ်တော့ ဒါမျိုးတွေဟာ `လွတ်လပ်စွာပြောဆိုခွင့်´ကို အကာအကွယ်ယူပြီး၊ အမုန်းစကားတွေ ပြောနေတာပါ။ ဥပမာအားဖြင့် ဘော့စ်နီးယား မွတ်ဆလင်မ်တွေကို ဆာ့ဘ်တွေက `ဒီမွတ်ဆလင်မ်တွေဟာ လူသားအဆင့်အတန်းမှာ မရှိဘူး´ဆိုပြီး Dehumanize လုပ်ခဲ့ကြပါတယ်။ နှိပ်စက်ညှင်းပန်းပြီးသတ်ဖြတ်ခဲ့ကြပါ တယ်။ ဒီလို အမုန်းစကားတွေနဲ့ လူမျိုးတစ်မျိုး၊ ဘာသာဝင်တစ်ခုကို ဒုက္ခပေးနေသူတွေဟာ သူတို့ရဲ့`အမုန်း စကား´တွေကို ပြည်သူအကြားမှာ ပြန့်နှံ့သွားအောင် နည်းလမ်း(၄)မျိုးကို ကျင့်သုံးကြတယ်လို့ ပညာရှင်တွေက သုတေသနပြုထားပါတယ်။ ဒီနည်းလမ်းတွေကို သိထားမယ်ဆိုရင် ကြိုတင်ကာကွယ်မှုမှာ အထောက်အကူဖြစ် စေပါတယ်။
ပထမနည်းလမ်းက မမှန်ကန်တဲ့ သတင်းအချက်အလက် (False Facts)တွေကို လူထုကြားမှာ ဖြန့်ဝေကြ ပါတယ်။ ဥပမာ ဘယ်မြို့နယ်၊ ဘယ်လမ်းရဲ့ ဗလီတစ်လုံးမှာ လူစိမ်း(၁ဝဝ)လောက် ရောက်နေပါတယ်ဆိုတဲ့ အချက်အလက်မျိုးကို ပြည်သူတွေအကြားမှာဖြန့်တာမျိုးပေါ့။
ဒုတိယနည်းလမ်းက မမှန်ကန်တဲ့ အဆို(Flawed Argumentation) တွေ ဖြန့်ဝေကြပါတယ်။ တစ်ဖက်ကို တိုက်ခိုက်ဖို့ မမှန်ကန်တဲ့ ဆင်ခြေတွေပေးတာမျိုးပါ။ ဥပမာ – ဒီဘာသာဝင်တွေဟာ ဒီနိုင်ငံကိုချစ်တဲ့သူတွေ မဟုတ် ဘူး။ ဒီဘာသာဝင်တွေဟာ ဒီနိုင်ငံတော်အလံကို အလေးမပြုဘူး၊ ဆိုတာတွေနဲ့ ဆင်ခြေပေးသတင်းဖြန့်ချိတယ်။
တတိယနည်းလမ်း နှိမ့်ချဆက်ဆံဖို့အတွက် သီးခြားဝေါဟာရစကားလုံးတွေ (Divisive Language)ကို ကိုယ်စားပြုသုံးနှုံးဖြန့်ချိလာကြတယ်။
စတုတ္ထနည်းလမ်းကတော့ အဲဒီဘာသာကို ယုံကြည်သက်ဝင်သူတွေကို လူမှုအဆင့်ကနေပြီး နှိမ့်ချဖော်ပြ လိုက်ခြင်း (Dehumanization)ပဲဖြစ်ပါတယ်။
ဒီလိုနည်းလမ်း(၄)သွယ်ကို အသုံးချလိုက်တဲ့အပေါ်မှာ နောက်ဆုံးမှာတော့ အမုန်းစကားတွေပြန့်နှံ့လာပြီး တစ်ဖက်အုပ်စုကို တိုက်ခိုက်လိုတဲ့ Hate Groups တွေပေါ်လာပါတော့တယ်။ အကျိုးဆက်အားဖြင့် လူမျိုး၊ ဘာသာ မတူညီမှုအပေါ်မှာ အခြေခံတဲ့`အမုန်းရာဇဝတ်မှု´(Hate Crimes)တွေ ဖြစ်လာပါတော့တယ်။ ဒါတွေဟာ ကျနော် တို့ မြန်မာနိုင်ငံအတွင်းမှာဖြစ်ခဲ့တာပါ။
နိဂုံးချုပ်တင်ပြရမယ်ဆိုရင်တော့ လူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိပေမဲ့ ဒီအခွင့်အရေးကို အလွဲသုံးစားလုပ်တာကိုတော့ ကျမ်းမြတ်ကုရ်အာန်က၊ အစ္စလာမ်က လုံးဝလက်မခံကြောင်း၊ ဆန့်ကျင်ကန့်ကွက် ကြောင်း တင်ပြလိုက်ပါတယ်။ ဆလာမ်……