အစ္စလာမ်နှင့်သဘာဝပတ်ဝန်းကျင် ကုရ်အာန်သုတေသီ ဦးမြင့်အောင်

အစ္စလာမ်နှင့်သဘာဝပတ်ဝန်းကျင် ကုရ်အာန်သုတေသီ ဦးမြင့်အောင်

 

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´ ကျွန်တော်ယခုတင်ပြမဲ့ခေါင်းစဉ်ကတော့ အစ္စလာမ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ကျွန်တော့်အနေနဲ့ ဘာကြောင့် တင်ပြရသလဲဆိုတော့ ဒီကနေ့ ဇွန်လ(၅)ရက်နေ့ သောကြာနေ့ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ဖြစ်တဲ့အတွက်ကြောင့် တင်ပြရခြင်းဖြစ်ပါတယ်။ လူသားတိုင်းလူသားတိုင်းဟာ မမြင်ဖူးတဲ့အရာတွေကို မြင်တွေ့ရတဲ့အခါမှာသော်လည်းကောင်း၊ မတွေ့ကြုံ ဖူးတဲ့ အဖြစ်အပျက်အကြောင်းအရာတွေကို တွေ့ကြုံရတဲ့အခါမှာသော်လည်းကောင်း၊ အံ့သြခြင်းတွေ၊ တွေဝေခြင်း တွေဖြစ်ပေါ်လာလေ့ရှိကြတယ်။ အဲဒီအံ့သြခြင်းနှင့်တွေဝေခြင်းတွေဟာ လူသားတွေကို အဲ့ဒီအရာတွေနှင့် အဲ့ဒီ အဖြစ်အပျက်တွေဟာ ဘယ်အရာနှင့် ဘယ်အကြောင်းကြောင့်အဲ့ဒီလို အကျိုးတရားတွေခံစား၊ စံစားနေရသလဲ ဆိုတဲ့ စူးစမ်းလိုတဲ့ အတွေးစီကို ခေါ်ဆောင်သွားပါတော့တယ်။ ဥပမာအားဖြင့် တင်ပြရမယ်ဆိုရင် ဘာကြောင့် မိုးရွာပြီး၊ ဘာကြောင့်မိုးကြိုးပစ်ရသလဲ။ ဘာကြောင့် လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ရသလဲ။ ဘာကြောင့် မီးတောင်တွေ ပေါက်ကွဲရသလဲ။ ဘာကြောင့် မြေငလျင်တွေ လှုပ်ရသလဲ။ ဘာကြောင့် ကွယ်လွန်သေဆုံးရသလဲ။ စသဖြင့် မည်သည့်အကြောင်းတရားတွေကြောင့် အဲဒီလိုမျိုး အကျိုးတရားတွေ ခံစားနေရသလဲဆိုတဲ့ အဖြစ်အပျက် များရဲ့ အကြောင်းတရားတွေကို ရှာဖွေလာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူသားတိုင်းလူသားတိုင်းဟာ မိမိ တို့အသက်ရှင်ရပ်တည်နေရတဲ့ ဘ၀သက်တမ်းနှင့် နောင်လာမည့် သက်တမ်းတစ်လျှောက်လုံးမှာ ငြိမ်းချမ်းသာယာ ၀ပြောမှုနှင့် အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုကို လိုချင်တောင့်တကြလို့ပဲဖြစ်ပါတယ်။ ပူဆွေးသောကနှင့် နစ်နာဆုံးရှုံးမှု တွေကိုတော့ ဘယ်လူသားကမှ မလိုချင်ကြပါဘူး။ ဒါကြောင့် လူသားတွေရဲ့ အာရုံသိမှုနယ်ပယ်မှာ အဲ့ဒီလို ဖြစ်ပျက်၊ ပြောင်းလဲနေတဲ့ အခြေအနေအရပ်ရပ်ရဲ့ အကြောင်းတရားတွေနှင့် အကျိုးတရားတွေကို အသိတရားရှိစွာ နဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့အတွက် စူးစမ်းလေ့လာကြတာဖြစ်ပါတယ်။ အတိတ်ခေတ်မှာရှိခဲ့ကြတဲ့ လူ့အဖွဲ့အစည်းအတော်များများဟာ သူတို့ရဲ့ ဘ၀သက်တမ်းမှာ ငြိမ်းချမ်း သာယာဝပြောမှုနှင့် အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုကို သူ့ခေတ်၊ သူ့အချိန်အခါနှင့် ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ထာဝရတည်မြဲမှု မရှိခဲ့ကြပါဘူး။ အဲ့ဒီအပြင် နှစ်ပရိစေတလည်း မကြာမြင့်ခဲ့ကြဘူး။ သဘာဝဘေးအန္တရယ်တွေ ကြောင့်ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းအတွင်း အသိဥာဏ်နည်းပါးခြင်းတွေကြောင့်ပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့ အင်အားပြိုင်ဆိုမှုတွေကြောင့်ပဲဖြစ်ဖြစ် ကာလကြာမြင့်ခြင်း မရှိပဲ ပျက်ဆီးသွားခဲ့ကြရပါတယ်။ ယခုခေတ်မျက်မှောက်ကာလမှာလည်း သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကျရောက်လာမှုတွေ၊ နယ်မြေ ခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ ဘာသာရေးဂိုဏ်းဂနအယူဝါဒ ခွဲခြားမှုတွေ၊ ပညာရှင် ပညာမဲ့ခွဲခြားမှုတွေ၊ ဆင်းရဲချမ်းသာခွဲခြားမှုတွေ၊ အင်အားကြီးသူတွေက အင်အားနည်းသူတွေကို နိုင်ထက်စီးနင်းပြုမူဆောင်ရွက်မှုတွေ စတဲ့အခြေအနေ အကြောင်းအရာ အရပ်ရပ်တို့ကြောင့် လူသားတွေရဲ့ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့် စေခြင်း၊ နှောင့်နှေးစေခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီအပြင် အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ဖို့ ရုန်းကန်လှုပ်ရှား ကြိုးပမ်းအားထုတ်နေတဲ့ လူ့အဖွဲ့အစည်း အချင်းချင်းညီညွတ်မှု၊ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်း သာယာဝပြောမှုတို့မှာပါ နစ်နာဆုံးရှုံးမှုတွေကို ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ ယခုလို သတိပေးလမ်းညွှန်ထားခြင်း ဖြစ်ပါတယ်။ `လူသားအချင်းချင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း ညီညွတ်မှု၊ သဟဇာတဖြစ်မှု ငြိမ်းချမ်းသာယာဝပြောမှုနှင့် အလ္လာဟ်အရှင်မြတ်၏ ထာဝရအောင်မြင်ဖွံ့ဖြိုးတိုးတက်သော ဥပဒေပြဌာန်းချက်များကို ခိုင်ခံ့ပြန့်ပွားရေးအတွက် အချင်းချင်း ရိုင်းပင်းကူညီကြလေကုန်။ သို့ရာတွင် လူသားအချင်းချင်း၊ လူ့အဖွဲ့အစည်းအချင်းချင်း နစ်နာဆုံးရှုံးရေး နှင့် အလ္လာဟ်အရှင်မြတ်၏ထာဝရ အောင်မြင်ဖွံ့ဖြိုးတိုးတက်သော ဥပဒေပြဌာန်းလမ်းညွှန်ချက်များကို ကျူးကျော် သွေဖည်ဆန့်ကျင်ရေးအတွက် အချင်းချင်း ရိုင်းပင်းကူညီခြင်း မပြုကြလေကုန်နှင့်၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ပြင်းထန်စွာ အပြစ်ပေးတော်မူသော အရှင်ဖြစ်သည်။´ (၅း၂) ဒါကြောင့် လူသားတိုင်း အထူးသဖြင့် မုအ်မင်န် မွတ်စလလင်မ်တိုင်းဟာ မိမိတို့မှာရှိနေတဲ့ အားသာချက် တွေကို မိမိတို့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီး တစ်ရပ်လုံးမှာရှိနေတဲ့ အားနည်းချက်ရှိသူများအတွက် ပစ္စုပန်နှင့် အနာဂါတ် ကာလတစ်လျှောက်လုံးမှာ ပြီးပြည့်စုံပြီး လုံခြုံစိတ်ချရတဲ့ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာ ၀ပြောမှုတွေရရှိလာအောင် ရှေးရှုဖော်ဆောင်ဖို့ တာဝန်ရှိပါတယ်။ လူ့သမိုင်းစာမျက်နှာ အတွေ့အကြုံသင်ခန်းစာများအရ လူသားတွေငြိမ်းချမ်းသာယာဝပြောမှုနှင့် အောင်မြင် ဖွံ့ဖြိုးတိုးတက်မှုတွေကို လွယ်လွယ်လေးနဲ့တော့် ရခဲ့တာ မဟုတ်ပါဘူး။ လူသားတစ်ဦးချင်း၊ တစ်ဦးချင်းမှ စတင် ပြီးတော့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးရဲ့ ကြိုးပမ်းအားထုတ်မှုဖြင့်သာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အလ္လာဟ်အရှင် မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ ယခုလို သတိပေးလမ်းညွှန်ထားခြင်းဖြစ်ပါတယ်။ ဆူရာဟ် (၁၃)၊ အာယသ် (၁၁)မှာ- `ဧကန်မုချ လူမျိုးအုပ်စုတစ်ခု၏ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုဟာ မိမိတို့ကိုယ်တိုင် ကြိုးပမ်းအားထုတ် ရုန်း ကန်လှုပ်ရှားမှု မပြုသမျှ ကာလပတ်လုံး အလ္လာဟ်အရှင်မြတ်က ပြောင်းလဲပေးမည်မဟုတ်။´ ဒါကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ အောင်မြင်ဖွံ့ဖြိုးတိုးတက်နေမှုဟာ အဓိကအားဖြင့် သဘာဝနိယာမ တရား(၀ါ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အသိဥာဏ်ယှဉ်ပြီး ရုန်းကန်လှုပ်ရှားလိုက်နာ ကျင့်သုံးခဲ့ကြလို့ဘဲ ဖြစ်ပါတယ်။ အဲဒီအတွက် မုအ်မင်န် မွတ်ဆလင်မ်များအနေနဲ့ သဘာဝနိယာမတရား(၀ါ) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အသိဥာဏ်နှင့်ယှဉ်ပြီး ဘယ်လိုလိုက်နာကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြမလဲ ဆိုတာနဲ့ပတ်သက်ပြီးတော့ ကျမ်းတော်မြတ်ကုရ်အာန်မှာ လမ်းညွှန် ဖော်ပြထားချက်များအနက် ကျွန်တော်လေ့လာမိသလောက် တင်ပြသွားမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး မုအ်မင်န် မွတ်ဆလင်မ်တိုင်း သတိ ထားရှောင်ရှားရမည့်အချက်နှင့် လိုက်နာကျင့်သုံးရမည့် အချက်အလက်များကို အသိတရားရှိစွာနှင့် လိုက်နာ ကျင့်သုံးနိုင်ကြစေရန် အပိုင်းနှစ်ပိုင်းခွဲခြားတင်ပြသွားပါ့မယ်။ ပထမပိုင်းအနေနဲ့ ဘာတွေကို သတိထားရှောင်ရှားရမလဲ။ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ် အာန်မှာ ယခုလို သတိပေးထားပါတယ်။ ဆူရာဟ် (၂) အာယသ် (၁၂)မှာ- `သတိထားကြကုန်လော့။ ဧကန်အမှန်ထိုသူများသည်သာလျှင် (ကမ္ဘာဂြိုဟ်)ကို ပျက်စီးရာ ပျက်စီး ကြောင်း ပြုလုပ်သူများဖြစ်ကြကုန်၏။ သို့ရာတွင် ထိုသူများသည် မိမိတို့ပြုမူဆောင်ရွက်လျှက်ရှိသော မကောင်းမှု များကို မကောင်းမှုဟူ၍ သိရှိနားလည်မှုမရှိကြပေ။´ နာဂစ်ပြီးတော့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းကို လေ့လာကြည့်မယ်ဆိုရင် မွတ်ဆလင်မ်ဆိုသူတွေ ဘာပြော ကြသလဲဆိုတော့၊ ဘာတတ်နိုင်မှာလဲ အလ္လာဟ်အလိုတော်ပေါ့၊ အလ္လာဟ်လုပ်သမျှ အကောင်းဘဲပေါ့၊ ဟုတ်ပါ တယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ လူသားတွေအတွက် အကောင်းတွေပဲလုပ်ပေးထားတာပါ။ မကောင်းမှုဟာ ကျွန်တော်တို့လူသားတွေဘက်က ပြုမူဆောင်ရွက်ချက်တွေသာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ အနန္တစကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်အပါအ၀င်ရှိရှိသမျှသော အရာခပ်သိမ်းကို မရှိရာမှရှိရာသို့ အဆင့်ဆင့်ဖြစ်ထွန်းပေါ်ပေါက်စေပြီး အချိုးအစား၊ အသွင်သဏ္ဍာန်စတာတွေကိုလည်း မျှတညီညွတ်စေထားပါ တယ်။ အဲ့ဒီအပြင် ဥပဒေသနိယာမတွေကိုလည်း ပြဌာန်းသတ်မှတ်ပေးထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းတော်မြတ်ကုရ်အာန်မှာ ယခုလိုဖော်ပြထားပါတယ်။ ဆူရာဟ် ၈၇ အာယသ် ၂၊၃ တွင်- `အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ဖြစ်ထွန်းပေါ်ပေါက်စေသည်။ ထို့နောက်အချိုးအစား၊ အသွင် သဏ္ဍာန်မျှတ ညီညွတ်စေသည်။ အရှင်မြတ်သည် ဥပဒေသ၊ နိယာမများကို ပြဌာန်းသတ်မှတ်ပေးသည်။ ထို့နောက် လမ်းညွှန်ချက်ကိုလည်း ပြတော်မူ၏။´ အဲ့ဒီလိုမျိုး အလ္လာဟ်အရှင်မြတ်က အရာရာတိုင်းအပေါ်မှာ တိုင်းတာသတ်မှတ်ထားပြီးဖြစ်ပါတယ်။ (တနည်းအားဖြင့်) သဘာဝနိယာမဥပဒေသများကို သတ်မှတ်ပြဌာန်းအတည်ပြုထားပြီး ဖြစ်ပါတယ်။ အလ္လာဟ် အ၇ှင်မြတ်ရဲ့ ပြုစုပျိုးထောင်မှုစနစ်ဇယား ပြဌာန်းသတ်မှတ်ချက်တွေဟာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်သလို အဲဒီပြဌာန်းသတ်မှချက်တွေကိုလည်း မလိုက်နာဘူး၊ ဖောက်လွှဲဖောက်ပြန်လုပ်မယ်၊ ဖျက်ဆီးမယ်ဆိုရင်တော့ တွေ့ကြုံလာရမဲ့ အခက်အခဲပြဿနာတွေ စတဲ့ အကျိုးဆက်တွေကိုလည်း အနာဂတ်ကာလမှာ ရင်ဆိုင်ရမှာဖြစ်ပါ တယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ ယခုလို သတိပေးလမ်းညွှန်ထားပါတယ်။ `ထို့အပြင် အသင်တို့သည် ကမ္ဘာဂြိုဟ်ကို တင့်တယ်လှပ၊ သင့်တင့်လျောက်ပတ်အောင် ပြုလုပ်ထားပြီး သည့်နောက် အသင်တို့ပျက်စီးရာ ပျက်စီးကြောင်း မပြုလုပ်လေနှင့်။ ထို့အပြင် အသင်တို့ အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံစွာဖြင့် မျှော်လင့်ချက်ထား တသကြကုန်။ ဧကန်အမှန် ထိုအရှင်မြတ်၏ ကရုဏာတော်တည်းဟူသော ပြဌာန်းလမ်းညွှန်ချက်သည် လောကအလှဆင်သူများနှင့် အလွန်နီးကပ်စွာ ရှိပေသည်။´ အဲဒီလိုမဟုတ်ပဲ အလ္လာဟ်အရှင်မြတ်ရဲ့ အရာရာကို ပြုစုပျိုးထောင်မှုစနစ်ဇယားပြဌာန်းသတ်မှတ် ချက်တွေကို ချိုးဖောက်ဖျက်ဆီးသူတွေအတွက် အကျိုးဆက်ကတော့ ကျမ်းတော်မြတ်ကုရ်အာန်မှာ ယခုလို ဖော်ပြ ထားပါတယ်။ ဆူရာဟ် (၃၀) အာယသ် (၄၀)တွင်- `လူသားများရဲ့ လက်များဖြင့် ဆည်းပူးခဲ့ကြသော မကောင်းမှုများကြောင့် ကုန်းမြေများ၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်ပြင်များ၌လည်းကောင်း ပျက်စီးမှုဘေးအန္တရာယ်များ ဖြစ်ပေါ်နေပြီးဖြစ်သည်။ ထိုအရှင်မြတ်သည် ၎င်းတို့ ပြုကျင့်ခဲ့ကြသော ပြစ်မှုအချို့၏ အရသာကို ထိုလူသားများအား မြည်းစမ်းစေတော်မူမည်ဖြစ်သည်။ သို့မှ သာလျှင် ၎င်းတို့ပြုကျင့်ခဲ့ကြသော ပြစ်မှုများကို သိရှိပြီး ကောင်းမှုဘက်သို့ ပြန်လှည့်ကြပေမည်။´ ဒါကြောင့် ကျွန်တော်တို့ ယခုတွေ့ကြုံနေရတဲ့ သဘာဝဘေးအန္တရာယ်များနှင့် ဘေးဒုက္ခအမျိုးမျိုးဟာ အမြည်းလောက်ဘဲ ရှိပါသေးတယ်။ ဒါကလည်း အလ္လာဟ်အရှင်မြတ်ရဲ့ ပြုမူဆောင်ရွက်မှု မဟုတ်ပါဘူး။ မကောင်းမှုဟူသမျှဟာ လူသားတွေရဲ့ လက်များနှင့် ဆည်းပူးခဲ့ကြသော ပြုမူဆောင်ရွက်မှုတွေသာဖြစ်ပါတယ်။ အလ္လာဟ် အရှင်မြတ်ဟာ အနန္တစကြ၀ဠာ၊ ကမ္ဘာဂြိုဟ်အပါအ၀င် ရေပေါ်ရေအောက်၊ မြေပေါ်မြေအောက် ရှိရှိသမျှ အရာခပ် သိမ်းကို မှန်ကန်သော ရည်ရွယ်လျက်နှင့်သာ ဖြစ်ထွန်းပေါ်ပေါက်စေထားခြင်း ဖြစ်ပါတယ်။ ကစားရန်၊ အပြစ်ဒုက္ခ ပေးရန် ဖြစ်ထွန်းပေါ်ပေါက်စေထားခြင်း မဟုတ်ပါဘူး။ လူသားတွေကိုလည်း အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်း လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ရင်း လူသားအရင်းအမြစ်တွေ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေဟာ မိမိတို့ကို အမာနသ်အဖြစ် လွှဲအပ်ထားသော ကမ္ဘာဂြိုဟ်ကို ပျက်စီးရာ ပျက်စီးကြောင်းပြုလုပ်ပြီး နယ်မြေခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ ဘာသာရေးဂိုဏ်းဂန အယူဝါဒခွဲခြားမှုတွေ၊ ပညာရှင် ပညာမဲ့ခွဲခြားမှုတွေ ဆင်းရဲချမ်းသာခွဲခြားမှုတွေ၊ အင်အားကြီးလူတွေက အင်အားနည်းသူတွေကို နိုင်ထက် စီးနင်းပြုမူဆောင်ရွက်မှုတွေကြောင့် အချင်းချင်းသတ်ကြ၊ ဖျက်ကြနှင့် သွေးထွက်သံယိုမှုတွေကို ပြုလုပ်လာကြတာ ကို ကမ္ဘာနှင့်အ၀န်းမှာ တွေ့မြင်နေရပါတယ်။ ဒါကြောင့် အကြွင်းမဲ့သိရှိတော်မူသော အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ လူသားတွေ နားလည်သဘောပေါက်အောင် ပြဇာတ်ဆန်ဆန် ဖော်ပြထားပါတယ်။ ဆူရာဟ် (၂)အာယသ် (၃၀)တွင် `ဟိုးတချိန်တုန်းက အသင့်အားပြုစုပျိုးထောင် ပေးကမ်းလမ်းညွှန်တော်မူသော အရှင်မြတ်သည် မလာအိ ကာဟ် (သဘာဝအင်အားစု)များကို အာဒမ်လူသားအား ကမ္ဘာဂြိုဟ်အား ဆက်ခံသူအဖြစ် ပြုလုပ်ဖြစ်ထွန်းစေမည် ဟု မိန့်ကြားတော်မူ၏။ ထိုအခါ မလာအိကာဟ်များက လျှောက်တင်လေသည်။ အို အရှင်မြတ် ကမ္ဘာဂြိုဟ်ကို ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ပြီး အချင်းချင်းသွေးထွက်သံယို ပြုလုပ်ကြမည့်သူများကို ကမ္ဘာဂြိုဟ်ကို ဆက်ခံသူအဖြစ် ရွေးချယ်တင်မြှောက်မည်လော။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ လုံးဝသန့်ရှင်းစင်ကြယ်တော်မူကြောင်း ကျွန်တော်မျိုးတို့သည် အစဉ်အမြဲအောက်မေ့တသပြီး ရုန်းကန်လှုပ်ရှား ကြိုးပမ်းဆောင် ရွက်လျက်ရှိပါ၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်က အသင်တို့မသိသော အကြောင်းအရာများကို ငါအရှင်မြတ်သည် အကြွင်းမဲ့သိတော်မူပေသည်ဟု ဖြေကြားတော်မူ၏။´ ဤအာယသ်တော်အရ ယခုမျက်မှောက်ကမ္ဘာကို ပြန်လည်လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် ကမ္ဘာမြေကြီး ဟာ ရာသီဥတုပြောင်းလဲမှုတွေကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင် နှာမောင်းနှင့် လေပြင်းမုန်တိုင်းများတိုက်ခတ်ခြင်း မြေငလျင်များလှုပ်ရှားခြင်းတွေဟာ လူသားတွေရဲ့ ပြုမူဆောင် ရွက်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ အဲဒီအပြင် လူသားအချင်းချင်း နိုင်ထက်စီးနင်း ပြုမူဆောင်ရွက်မှုတွေကြောင့် သွေးထွက်သံယိုမှုတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပါယတ်။ အဲဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေနဲ့ သွေးထွက် သံယိုမှုတွေကို ဘယ်လို ကာကွယ်တားဆီးပိတ်ပင်ကြမှာလဲ။ ဒါနဲ့ပတ်သက်ပြီးလူသားထုတစ်ရပ်လုံးမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့် မုအ်မင်န် မွတ်ဆလင်မ်တိုင်းမှာ တာဝန်အရှိဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ်းတော်မြတ်ကုရ်အာန်မှာ ယခုလိုဖော်ပြထားပါတယ်။ ဆူရာဟ် (၃) အာယသ် (၁၁၀)တွင် – `အိုမုအ်မင်န်မွတ်ဆလင်မ်အပေါင်းတို့ အသင်တို့သည် လူသားအားလုံးအဖို့ အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းလမ်းညွှန်ချက်တွေကို အသိပေးလမ်းညွှန်ရန်အတွက် အကောင်းဆုံး အွမ္မသ်အုပ်စုဝင်များဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် အသင်တို့သည် ကောင်းမှုများကို ပြုလုပ်ရန် သတိပေးနှိုးဆော်ပြီး မကောင်းမှုများမှလည်း တားမြစ်သူများဖြစ်ကြ၏။ ထို့အပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်ပြဌာန်းလမ်းညွှန်ချက် များကိုလည်း ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ယုံကြည်ကြကုန်၏။ အကယ်၍သာ ရှေးက ကျမ်းဂန်ရရှိခဲ့သူများသည် အသင်တို့ကဲ့သို့ ယုံကြည်ခဲ့ကြလျှင် ထိုသူတို့ ယုံကြည်မှုသည် သူတို့အတွက် အကောင်းဆုံးဖြစ်ပေသည်။ သို့သော် ထိုသူတို့အနက် အချို့သာယုံကြည်ကြ၏။ အများဆုံးသောသူများသည် အလ္လာဟ်အရှင်မြတ်ရဲ့ ပြဌာန်းလမ်းညွှန် ချက်များကို သွေဖီဆန့်ကျင်ပြီး ပျက်စီးရာပျက်စီးကြောင်း ပြုမူဆောင်ရွက်သူများသာ ဖြစ်ခဲ့ကြ၏။´ ဒါကြောင့် မုအ်မင်န် မွတ်စလင်မ်တိုင်းဟာ လူသားတစ်ရပ်လုံးအတွက် စံပြဖြစ်ပါတယ်။ အလ္လာဟ်အရှင် မြတ်ရဲ့ ပြဌာန်းလမ်းညွှန်ချက်တွေနှင့်အညီ လူသားထုတစ်ရပ်လုံးရဲ့ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်း သာယာဝပြောဖို့အတွက် မကောင်းမှုများကို သတိပေးတားမြစ်ရန်၊ ကောင်းမှုများကို အသိပေးလမ်းညွှန်ရန် မပြု မနေရ ဖရဇ်တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ ယနေ့လူ့အဖွဲ့အစည်းကြီးဟာ ယဉ်ကျေးမှုတွေ၊ စက်မှုလက်မှုတွေ၊ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာပေမဲ့ မိမိတို့နေထိုင်သော ကမ္ဘာဂြိုဟ်ကြီးကို မိမိတို့ကိုယ်တိုင်ပျက်စီးရာ ပျက်စီးကြောင်း ပြုမူဆောင်ရွက်နေတာကို သိရှိ နားလည်ခြင်း မရှိသလိုဖြစ်နေပါတယ်။ အစ္စလာမ်က သဘာဝရင်းမြစ်တွေ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးပိတ်ပင်တဲ့ စနစ်ဇယားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သဘာဝအရင်းအမြစ်တွေ ဖြုန်းတီးမှု၊ ဖျက်လိုဖျက်ဆီးလုပ်မှုတွေကိုတော့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ ရှောင်ရှားကာကွယ်ဖို့လိုအပ်ပါတယ်။ ဥပမာ အနေနဲ့ တင်ပြရမယ်ဆိုရင် လူတွေရဲ့ လက်ချက်ကြောင့် ပြုန်းတီး ပျောက်ကွယ်သွားရတဲ့ သစ်တောကြီးတွေ၊ စက်မှုဖွံ့ဖြိုးတိုးတက်လာမှုကြောင့် စက်ရုံကြီးများမှထွက်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ၊ ကာဗွန်ဆာလဖာ အဆိပ်ဓါတ်ငွေ့တွေကြောင့် လေထုညစ်ညမ်းမှုတွေ၊ အိုဇုန်းလွှာပေါက်မှုကြောင့် ပူနွေးလာ ခြင်းတွေ၊ ကမ္ဘာမြေကြီး ပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်ကျလာမှုတွေ၊ ရေထုညစ်ညမ်းမှုကြောင့် ပျောက်ကွယ် သွားရတဲ့ ရေနေသတ္တ၀ါတွေ၊ ပျက်စီးသွားရတဲ့ တောင်တန်းကြီးငယ်တွေ စတာတွေဟာ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းတရားမှ ရရှိသော အကျိုးဆက်တွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေဟာ ဖွံ့ဖြိုးတိုးတက်လာမှုမှ ထွက်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း သတိထားရှောင်ရှားဖို့ လိုအပ်လှပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အလ္လာဟ်အရှင်မြတ်ပြဌာန်းသတ်မှတ်ချက်တွေ ချိုးဖောက်တဲ့ ပြစ်ဒဏ်ကို ခံစားရမှာဖြစ်ပါတယ်။ ဆူရာဟ် (၅၄) အာယသ် (၄၉)မှာ အလ္လာဟ်အရှင်မြတ်က ဘယ်လိုဖော်ပြထားသလဲဆိုတော့- `ဧကန်မုချ ငါအရှင်မြတ်သည် အရာခပ်သိမ်းကို ချင့်ချိန်၍ဖြစ်ထွန်းပေါ်ပေါက်စေတော်မူခဲ့၏။´ ဆိုလိုတာကဘာလဲဆိုတော့ လေထုထဲမှာ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်၊ အာဂွန်၊ နီယွန်၊ ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့် အခြားဓါတ်ငွေ့တွေ ဘယ်လောက်ရာခိုင်နှုန်းပါဝင်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ချင့်ချိန်ပြီး ဖြစ်ထွန်းပေါ်ပေါက်စေထားပြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ အပူကို စုပ်ယူနိုင် စွမ်းရှိတဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထုထဲများလာမယ်ဆိုရင် ကမ္ဘာမြေကြီးဟာ အပူတောင်ချောက် ထဲခုန်ဆင်းသလို ဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုကြောင့် အလ္လာဟ်အရှင်မြတ်ဟာ အရာခပ်သိမ်းကို အချိန်အဆကိုက် ညီအောင် ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဤနေရာမှာ ကျွန်တော့်အနေနဲ့ အလ္လာဟ်အရှင်မြတ်ဟာ မိမိဆန္ဒတော် မရှီရသ်နှင့်အညီ လူသားတွေ ပစ္စုပ္ပန်နှင့် အနာဂါတ်ကာလတစ်လျှောက်လုံးမှာ အေးငြိမ်းချမ်းသာ နေထိုင်စားသောက် ဘ၀တည်ဆောက်ပြီး ထာဝရအောင်မြင်ဖွံ့ဖြိုးတိုးတက်တဲ့ ဘ၀ပန်းတိုင်ကို တက်လှမ်းနိုင်ကြရန်အတွက် သာယာစိုပြေသော သဘာဝ ပတ်ဝန်းကျင်ကို ဖြစ်ထွန်းပေါ်ပေါက်စေထားခြင်းနှင့် ပတ်သက်ပြီး အချိန်ရလောက်တင်ပြလိုပါတယ်။ ကုရ်အာန်ဆူရာဟ် (၂) အာယသ်(၂၉) `အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုး အလို့ငှာ မြေပထ၀ီတွင် ရှိရှိသမျှ အရာခပ်သိမ်းကို ပြုစု ပျိုးထောင်ဖြစ်ထွန်းပေါ်ပေါက်စေထား၏။ ပြီးနောက်ထိုအရှင်မြတ်သည် မိမိဆန္ဒတော်နှင့်အညီ မိုးကောင်းကင် ခုနစ်ထပ်ကိုလည်း နေသားတကျ ပြုလုပ်တော်မူ၏။ ထိုအရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူ သော အရှင်ဖြစ်တော်မူ၏။´ ဒါကြောင့်လူသားတွေရဲ့ လိုအပ်ချက်မှန်သမျှကို အကြွင်းမဲ့သူတော်မူသော အလ္လာဟ်အရှင်မြတ်ဟာ ပထ၀ီ မြေနှင့် မိုးကောင်းကင်တို့တွင် အရာခပ်သိမ်းကို မိမိဆန္ဒတော်နှင့်အညီ လူသားတွေအကျိုးအတွက် ဖြစ်ထွန်းပေါ် ပေါက်စေထားပြီးဖြစ်ပါတယ်။ အဲဒီအပြင် ဆူရာဟ် (၁၅) အာယသ် (၁၉)တွင် ` ထို့အပြင် ငါအရှင်မြတ်သည် ပထ၀ီမြေကြီးကို ဖြန့်ခင်းထားတော်မူပြီး ယင်းပထ၀ီမြေ၌ လေးလံသော တောင်ကြီးများကို ချထားတော်မူလေသည်၊ ထို့အပြင် ယင်းပထ၀ီမြေ၌ သတ်မှတ်ပြီးဖြစ်သော အရာခပ်သိမ်းကို ပေါက်ရောက်ဖြစ်ထွန်းစေတော်မူခဲ့လေသည်။´ အဲဒီလိုအလ္လာဟ်အရှင်ဟာ ပထ၀ီမြေကြီးကို လူသားတွေအတွက် အခင်းပြုလုပ်၍ လေးလံသော တောင်ကြီးများကို ပထ၀ီမြေကြီးပေါ်တွင် သပ်သဖွယ်ပြုလုပ်ပြီး ပထ၀ီမြေကြီးကို တည်ငြိမ်စေတော်မူခဲ့ပါတယ်။ အဲဒီအပြင် လူသားတွေ စားနပ်ရိက္ခာရှာဖွေနိုင်ကြစေရန်နှင့် သက်မွေးဝမ်းကြောင်း ပြုနိုင်ကြစေရန် အပင်ကြီး အပင် ငယ်များကို ပေါက်ရောက်ဖြစ်ထွန်းစေထားပြီ ဖြစ်ပါတယ်။ အဲဒီအပြင် ကုရ်အာန် ဆူရာဟ် (၂၄) အာယသ် (၄၅)တွင်- `အလ္လာဟ်အရှင်ြမတ်သည် သက်ရှိသတ္တ၀ါအားလုံးကို ရေမှဖြစ်ထွန်းပေါ်ပေါက်စေသည်။ ထို့ပြင်သတ္တ၀ါ တို့တွင် မိမိဝမ်းဗိုက်ဖြင့် တွား၍သွားရသော သတ္တ၀ါမျိုးလည်းရှိ၏။ ထို့ပြင် ခြေနှစ်ချောင်းဖြင့်သွားသော သတ္တ၀ါမျိုး လည်းရှိ၏။ ထို့ပြင် ခြေလေးချောင်းဖြင့်သွားသော သတ္တ၀ါမျိုးလည်းရှိ၏။ အလ္လာဟ်အရှင်မြတ်သည် မိမိအလို ရှိတော်မူသောအရာကို ဖြစ်ထွန်းပေါ်ပေါက်စေ၏။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို တိုင်းတာ သတ်မှတ်ထားတော်မူ၏။´ ကုရ်အာန် ဆူရာဟ် (၇၁) အာယသ် (၁၇)တွင် `ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ကမ္ဘာဂြိုဟ်မှ မြေဖြင့်အထူးစီမံဖြစ်ထွန်းပေါ်ပေါက်စေ ထားတော်မူ၏။´ ဆိုလိုတာက အလ္လာဟ်အရှင်မြတ်ဟာ မနုဿလူသားကို မြေအိုး၊ မြေခွက်၊ အိုးခြမ်းကွဲပမာ အသံမြည် သော ရွံ့မြေဖြင့် ဖန်ဆင်းထားတော်မူပါတယ်။ ကုရ်အာန် ဆူရာဟ် (၂) အာယသ် (၂၂)တွင်- `ထို့အပြင် မိုးကောင်းကင်မှ မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံအမျိုးမျိုးကို အသင်တို့အဖို့ စားနပ်ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏။´ ဒါကြောင့်လည်း လူသားတွေဟာ စိုပြည်သန့်ပြန့်ပြီး မြေသြဇာကောင်းမွန်တဲ့ မြေကြီးမှာ စိုက်ပျိုးခြင်း အားဖြင့် ရရှိလာသော ကောက်ပဲသီးနှံသစ်သီးဝလံများကို တိုက်ရိုက်လည်း စားသုံးကြပါတယ်။ သား၊ ငါးများ စားသုံးခြင်းဖြင့် သွယ်ဝိုက်၍လည်း စားသုံးကြပါတယ်။ ဒါမှသာ လူသားမျိုးဆက်ဟာ ရှင်သန်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ ကုရ်အာန် ဆူရာဟ် (၂၃) အာယသ်(၁၈)တွင် `မိုးရေချိန်လက်မ အတိုင်းအတာ၊ အချင်အတွယ်၊ အတိအကျဖြင့် တိမ်တောင်တိမ်တိုက်များမှ ရွာသွန်းချ စေသည်။ ဖြစ်စဉ်ဖြစ်ရပ်ကို ပေါ်ပေါက်စေထားတော်မူသည်။ ပြီးနောက်ယင်းမိုးရေကို မြေကြီးထဲတွင် သိုလှောင် သိမ်းဆည်းထားသည်။ ယင်းမိုးရေ(မြေအောက်ရေ)ကို အပြင်သို့ ထုတ်ယူနိုင်ရန်လည်း နည်းဥပဒေ ပြဌာန်း ထား၏။´ ကုရ်အာန် ဆူရာဟ် (၄၃) အာယသ် (၁၁)တွင်- `မိုးရေချိန်လက်မ အတိအကျဖြင့် တိမ်တောင်၊ တိမ်တိုက်များမှ မိုးရေကို အလီလီ အထပ်ထပ် ရွာသွန်းချ သည့် ဖြစ်စဉ်ဖြစ်ရပ်များကို ပေါ်ပေါက်စေထားသည်။ (Water Cycle) ယင်းမိုးရေဖြင့် ခြောက်သွေ့လှသော မြေဆီလွှာတို့အား ပြန်လည်ရှင်သန်စိုပြေစေသည်။ အလားတူပင် သင်တို့တွေလည်း ပြန်လည်ရှင်ထလာကြရဦး မည်။´ (အလ္လာဟ်အရှင်မြတ်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြဌာန်းချက်တွေနှင့် လူသားတွေရဲ့ ပြဌာန်း ချက်ကို နှိုင်းယှဉ်ဖော်ပြခြင်း။) အဲဒီအပြင် ကုရ်အာန်ဆူရာဟ် (၂၅)အာယသ် (၄၈၊၄၉)တွင် `ထို့အပြင် ထိုအရှင်မြတ်သည်ပင် လေများကို မိမိကရုဏာတော်(သို့) မိုးမရွာမီရှေ့ပြေး သတင်းကောင်း အဖြစ် စေလွှတ်တော်မူခဲ့၏။ ထို့အပြင် ငါရှင်မြတ်သည် မိုးကောင်းကင်မှ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ထား သော မိုးရေကို ချပေးသနားတော်မူခဲ့၏။´ `(အဲဒီလိုမိုးရွာသွန်းစေခြင်းမှာ) ငါအရှင်မြတ်သည် အသက်မရှိသော (၀ါ) ခြောက်သွေ့လျက်ရှိသော မြေများကို ထိုမိုးရေဖြင့် ပြန်ရှင်စေရန် (၀ါ)စိမ်းလန်းစိုပြည်စေရန်လည်းကောင်း၊ ငါအရှင် ဖြစ်ထွန်းပေါ်ပေါက်စေခဲ့ သည့် မြောက်မြားစွာသော ကုလားအုတ်၊ ကျွဲ၊ နွားစသည့် တိရစ္ဆာန်များနှင့် လူသားတို့အား ထိုရေကို တိုက်ကျွေး တော်မူအံ့သောငှာ ဖြစ်တော်မူ၏။´ မိုးမရွာမီ လေများစေလွှတ်ရခြင်းနှင့်ပတ်သက်ပြီး ကုရ်အာန် ဆူရာဟ်(၃၀)အာယသ်(၄၆)တွင် `ထို့အပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာများအနက်မှ မိုးမရွာမီ လေများစေလွှတ်တော်မူခြင်းသည် ရှေ့ပြေးသတင်းကောင်းအဖြစ် လည်းကောင်း၊ ထိုအရှင်မြတ် ကရုဏာတော်၏အရသာကို အသင်တို့အား မြည်စမ်း စေတော်မူအံ့သော်ငှာလည်းကောင်း၊ ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ရွက်သင်္ဘောများ ပင်လယ်သမုဒ္ဒရာ၌ သွားလာနိုင်ကြရန်လည်းကောင်း၊ အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော အကျိုးတရား အလုံးစုံကို ရှာဖွေနိုင်ကြရန်လည်းကောင်း၊ အသင်တို့သည် ငါအရှင်မြတ် ကျေးဇူးတော်ကို သိတတ်ကြစေရန် အတွက်လည်းကောင်း ဖြစ်ပါသည်။´ အဲဒီလိုမျိုးအလ္လာဟ်အရှင်မြတ်ဟာ လူသားတွေအတွက် မြေစိုစို၊ ရေကြည်ကြည်၊ လေသန့်သန့်စတဲ့ သဘာဝပတ်ဝန်းကျင်ကြီးကို ဖြစ်ထွန်းပေါ်ပေါက်စေတော်မူထားတဲ့ အရှင်ဖြစ်ပါတယ်။ အဲဒီအပြင် ကုရ်အာန် ဆူရာဟ်(၂) အာယသ်(၃၄)တွင်- `ငါအရှင်ြမတ်သည် မလာအေကာဟ်(သဘာဝစွမ်းအားစု)များကို အသင်တို့သည် အာဒမ်(လူသား)ရဲ့ အမိန့်ပေးစေခိုင်မှုကို လိုက်နာကြကုန်ဟု မိန့်ကြားတော်မူ၏။ ထိုအခါ အီဗ်လီစ်(အဖျက်အင်အားစု)များမှအပ ကျန် မလာအေကာများသည် အာဒမ်(လူသား)ရဲ့ အမိန့်ပေးစေခိုင်းမှုကို လိုက်နာကြကုန်၏။´ ဆိုလိုတာက မူလအနေအထားမှာ သဘာဝစွမ်းအားစုတွေဖြစ်တဲ့ အပူစွမ်းအင်၊ အအေးစွမ်းအင်၊ အလင်း စွမ်းအင်၊ အသံစွမ်းအင်၊ လျှပ်စစ်စွမ်းအင် စတဲ့ စွမ်းအားစုတွေဟာ လူသားအာဒမ်ရဲ့ ခိုင်းစေမှုအတိုင်း တသွေ မတိမ်းနာခံရပေမဲ့ လူသားတွေရဲ့ ဖောက်လွဲဖောက်ပြန်လုပ်မှုတွေကြောင့် အဖျက်အင်အားစုတွေအဖြစ် လူသား တွေကို ဒုက္ခပေးလာကြခြင်းဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့တဲ့ အာယသ်တွေအရ အလ္လာဟ်အရှင်မြတ်ဟာ အနန္တစကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်အပါ အ၀င် သဘာဝပတ်ဝန်းကျင် တခွင်တပြင်လုံးမှာရှိတဲ့ အရာခပ်သိမ်းကိုလည်းကောင်း၊ သဘာဝစွမ်းအားစုတွေကို လည်းကောင်း လူသားတွေ ကောင်းကျိုးချမ်းသာ ရရှိဖို့အတွက် ဥပဒေသနိယာမတွေနဲ့အညီ သင့်တင့်လျောက်ပတ် အောင်မြင်ဖြစ်ထွန်း ပေါ်ပေါက်စေထားခြင်းဖြစ်ပါတယ်။ လူသားတွေကို ဘေးအန္တရာယ်တွေ၊ အပြစ်ဒုက္ခတွေပေးဖို့ ဖြစ်ထွန်းပေါ်ပေါက်စေထားခြင်း မဟုတ်ပါဘူး။ လူသာေးတွဘက်ကသာ အလ္လာဟ်အရှင်မြတ်ရဲ့ နိယာမ၊ ဥပဒေသ၊ ပြဌာန်းသတ်မှတ်ချက်တွေကို ချိုး ဖောက်ဖျက်ဆီးခဲ့ကြတဲ့အတွက် လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်းတွေ၊ မီးတောင်ပေါက်ကွဲခြင်းတွေ၊ မြေငလျင် လှုပ်ခြင်းတွေစတဲ့ ဘေးအန္တရာယ် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရခြင်းပဲဖြစ်ပါတယ်။